အခန်း (၄၇၁-၄၇၂)
Vol. 48 Ch. 471-472
အခန်း (၄၇၁) - ငါ တကယ်ပဲ အိုမင်းသွားခဲ့ပြီလား
ကျောက်စိမ်းနှင်းစက်ဆေးလုံးကို စတင်ဖော်စပ်ခဲ့စဉ်က လော့ချန် မရေမတွက်နိုင်အောင် ကျရှုံးခဲ့ဖူးသည်။ စမ်းသပ်ဖော်စပ်ရင်း ထွက်ပေါ်လာခဲ့သော အမှိုက်ဆေးလုံးများပင်လျှင် ထောင်သောင်းချီအထိ ရှိခဲ့ဖူးသည်။ သို့သော် ထိုအမှိုက်များကို တန်ဖိုးကြီးပေး၍ ဝယ်ယူလိုသူ တစ်ယောက်မျှပင် မရှိခဲ့ချေ။
စင်မြင့်ပေါ်တွင် ရှိနေသော ထောင်ရိရှန်း၏ မျက်နှာမှာ တဖြည်းဖြည်း ဖြူဖျော့လာခဲ့သည်။ ဤရလဒ်ကို သူ လက်မခံနိုင်သလို ထောင်ဝမ်လည်း လက်မခံနိုင်ချေ။
"ငါ့အမြင်အရ...."
ထောင်တောက်နန်၏ အသံ ဆက်လက် ထွက်ပေါ်လာခဲ့သည်။
“ရိရှန်းကတော့ ဘာပဲဖြစ်ဖြစ် ငယ်လွန်းသေးတယ်.... မျိုးနွယ်စုခေါင်းဆောင် ရာထူးနေရာကိုတော့ အတွေ့အကြုံ ကြွယ်ဝပြီး တည်ငြိမ်ရင့်ကျက်တဲ့ အီချန်ကိုပဲ ပေးရလိမ့်မယ်"
ထောင်အီချန်မှာ သူ၏ မြေးအရင်းဖြစ်သည်။ ထိုသူကို မျိုးနွယ်စုခေါင်းဆောင်အဖြစ် တင်မြှောက်လိုက်ခြင်းသည် ထောင်တောက်နန်အတွက် မိမိကိုယ်တိုင် မျိုးနွယ်စုကို ဆက်လက် အုပ်ချုပ်နေခြင်းနှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။
ထောင်ဝမ် အေးစက်စွာ ရယ်မောလိုက်ပြီး ထောင်ရိရှန်းကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"မအောင်မြင်ရင် ကျရှုံးတာပဲလို့ အဘိုး ပြောခဲ့တယ်မဟုတ်လား.... ဒါဆိုလည်း ဆက်ပြီး ယှဉ်ပြိုင်ကြတာပေါ့.... ဒီနေ့ ဘယ်လိုပဲဖြစ်ဖြစ် ရလဒ်တစ်ခုတော့ ထွက်ရမယ်"
"ဝမ်ဝမ်.... ငါထင်တာက ဒီလိုလုပ်ဖို့ မလိုအပ်…."
"မဟုတ်တာ.... သိပ်လိုအပ်ပါတယ်"
ထောင်ဝမ်က ပတ်ဝန်းကျင်ရှိ လူအားလုံးကို တစ်ချက် လှည့်ကြည့်ပြီး အေးစက်သော အသံဖြင့် ပြောလိုက်သည်။
"အဘိုးက နောင်တစ်ချိန်မှာ ကျွန်မတို့ ထောင်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ဟာ ကျရှုံးသူနှစ်ယောက်ထဲကနေ ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့သူဆိုတဲ့ စကားမျိုး ထွက်လာတာကို ကြားချင်တာလား"
ကျရှုံးသူနှစ်ယောက်ထဲမှ ရွေးချယ်ခံရသူဆိုသည်မှာ နောက်ဆုံးတွင် ကျရှုံးသူတစ်ယောက်ပင် မဟုတ်ပါလော။
ထောင်ဝမ်၏ အေးစက်လှသော အကြည့်အောက်တွင် လူတိုင်း ခဏတာအတွင်း ပြန်လည်ငြင်းဆိုရန် စကားလုံး ရှာမတွေ့နိုင်တော့ချေ။
အမှန်တွင် ထောင်ဝမ်ဘက်မှ အခြေတည်ကျင့်ကြံသူများသည် မူလကတည်းက ကန့်ကွက်ရန် ဆန္ဒမရှိခဲ့ကြပေ။ သူတို့ တစ်ပြိုင်နက်တည်း ဆေးဖော်ပြိုင်ပွဲကို ဆက်လက်လုပ်ဆောင်ရန် ထောက်ခံလိုက်ကြသည်။
ထောင်တောက်နန်ဘက်မှ လူများပင်လျှင် ဆန့်ကျင်ရန် အကြောင်းပြချက် မရှာနိုင်ခဲ့ကြချေ။
မျိုးနွယ်စုခေါင်းဆောင်နှင့် မျိုးနွယ်စုအကြီးအကဲတို့၏ တာဝန်မှာ မတူညီပေ။ မျိုးနွယ်စုအကြီးအကဲသည် ကိုးကွယ်ယုံကြည်မှု၊ မျိုးဆက်ဆက်ခံမှုနှင့် စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းရသူဖြစ်သဖြင့် အများအားဖြင့် အသက်အရွယ်ကြီးရင့်ပြီး ဂုဏ်သိက္ခာမြင့်မားသူများက တာဝန်ယူကြသည်။ သို့သော် မျိုးနွယ်စုခေါင်းဆောင်မှာမူ အတွင်းပိုင်းသာမက ပြင်ပရေးရာများကိုပါ တာဝန်ယူရသူဖြစ်သည်။ လိုအပ်သည်မှာ ငယ်ရွယ်သူ၊ လုပ်ရည်ကိုင်ရည်ရှိသူနှင့် စွမ်းအားကြီးမားသူ ဖြစ်သည်။ ထိုသူသည် မျိုးနွယ်စုတစ်ခုလုံးကို ကိုယ်စားပြုသူ ဖြစ်သည်။ အပြင်လူများက သူ့ကို မြင်လိုက်သည်နှင့် သူ၏နောက်တွင် အင်အားကြီးမားသော မျိုးနွယ်စုတစ်ခု ရပ်တည်နေကြောင်း ခံစားနိုင်ရမည့်ပုဂ္ဂိုလ်မျိုးပင်။
ထိုကဲ့သို့သော လူမျိုးသည် ကျရှုံးသူ ဟူသော အမည်းစက်ကို သယ်ဆောင်ထား၍ မရပေ။
အားလုံး တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ထောင်ဝမ် စကားဆက်လိုက်သည်။
"အားလုံး အနားယူလို့ ဝပြီလား...."
"ဆေးဆက်ဖော်ကြစို့...."
"သက်တံ့ဂန္ဓမာဆေးလုံးကို မဖော်စပ်နိုင်မချင်း ဘယ်သူမှ ရပ်နားခွင့်မရှိဘူး.... ဘယ်သူက အောင်မြင်အောင် ဖော်စပ်နိုင်မလဲ.... အဲ့ဒီလူကပဲ ငါတို့ ရှောင်နန်ထောင်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်အသစ် ဖြစ်လာမယ်"
မည်သူမျှ ဝင်ရောက်စွက်ဖက်ခြင်း မရှိတော့ပေ။
ထောင်ရိရှန်းသည် ချက်ချင်းပင် ဆေးဖော်ဆရာငယ်များကို အမိန့်ပေးကာ ကုန်ကြမ်းအသစ်များ ပြင်ဆင်စေခဲ့သည်။ မြေအောက်မီးတောက်လမ်းကြောင်းများကို ရှင်းလင်းစေပြီး ယခင်ဖော်စပ်မှုကြောင့် ညစ်ပတ်နေသော ဆေးမီးဖိုကြီးကိုလည်း သန့်ရှင်းစေခဲ့သည်။
သူ၏ လှုပ်ရှားမှုများသည် အလွန်ကျွမ်းကျင်ပြီး တည်ငြိမ်နေသည်။ ဤကဲ့သို့သော အခြေအနေမျိုးကို သူ အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ဖူးသကဲ့သို့ပင်။ အကြောင်းရင်းမှာ လွန်ခဲ့သော တစ်နှစ်အတွင်း သူသည် လော့ချန်၏ စေခိုင်းမှုအောက်တွင် လော့ထျန်းအဖွဲ့၌ အလုပ်ကြမ်းသမားတစ်ဦးကဲ့သို့ လေ့ကျင့်ခံခဲ့ရသောကြောင့်ပင်။
တစ်ဖက်တွင်လည်း ထောင်အီချန်သည် စိတ်ဓာတ်ကို ပြန်လည်မြှင့်တင်ကာ အလားတူ ပြင်ဆင်မှုများကို လုပ်ဆောင်နေခဲ့သည်။
မကြာမီ မြေအောက်မီးတောက်များသည် တစ်ဖန် ပြန်လည်တောက်လောင်လာခဲ့ပြီး ဆေးဖော်စပ်ခြင်းလုပ်ငန်းလည်း ပြန်လည်စတင်ခဲ့သည်။
ထိုအချိန်မှသာ ထိပ်တိုက်ရင်ဆိုင်မှုများကြောင့် တင်းမာနေခဲ့သော အခြေအနေမှာ တဖြည်းဖြည်း ပြေလျော့လာခဲ့သည်။
တစ်ဖက်တွင် ထောင်ဝမ်မှာမူ လော့ချန်အား အကြိမ်ကြိမ် ခိုးကြည့်နေခဲ့သည်။ ယနေ့ ဖြစ်ပေါ်လာခဲ့သော မျိုးနွယ်စုခေါင်းဆောင် ရွေးချယ်ပွဲသည် ထောင်ရိရှန်း၏ မကြာသေးမီက ပြောင်းလဲတိုးတက်လာမှုကို မြင်တွေ့ခဲ့ရပြီးနောက် သူမ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့သော အကြံအစည်တစ်ခုသာ ဖြစ်သည်။ သို့သော် ထိုအကြံအစည်အတွင်း၌ အခြားရည်ရွယ်ချက်တစ်ခုလည်း ပါဝင်နေခဲ့သည်။ ၎င်းမှာ လော့ချန်၏ စွမ်းရည်ကို အမှန်တကယ် စမ်းသပ်ကြည့်လိုခြင်း ဖြစ်သည်။ လော့ချန်၏ ဆေးဖော်ပညာအဆင့်အတန်းနှင့် ပတ်သက်၍ မောင်ဖြစ်သူထံမှ ချီးမွမ်းပြောဆိုသံများကိုသာ သူမ ကြားဖူးခဲ့သည်။ ထို့အပြင် ထန်ထိုက်ကျင်းကလည်း လော့ချန်အား အလွန်အမင်း ချီးကျူးခဲ့ဖူးသည်။ နောက်ပိုင်းတွင် သူမသည် လော့ချန်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို စုဆောင်းခဲ့ရာ ထိုလူတွင် ‘တန်ချန်ဇီ’ ဟူသော ဘွဲ့နာမည်တစ်ခုပင် ရှိနေကြောင်း သိရှိခဲ့ရသည်။
သို့သော် ထိုအရာများကြောင့်ပင် သူမ၏ စိတ်ထဲရှိ သံသယများမှာ ပျောက်ကွယ်သွားခြင်း မရှိခဲ့ပေ။ အကြောင်းမှာ ထိုဂိုဏ်းမျိုးဆက်ရာထူးကို ရရှိရန်မှာ လွယ်ကူသော ကိစ္စတစ်ခု မဟုတ်သောကြောင့်ပင်။ ပွဲစဉ် သုံးပွဲအနက် တစ်ပွဲတွင် ရှုံးနိမ့်သွားခဲ့လျှင်ပင် အရာအားလုံး အဓိပ္ပာယ်မဲ့သွားပေလိမ့်မည်။
အကယ်၍ လော့ချန်သာ မှန်းချက်နှင့် နှမ်းထွက်ကိုက်မနေပါက သူမ လူစားလဲရန် ဝန်လေးမည် မဟုတ်ပေ။ ဟွမ်ဟယ်ဇီထက် အနည်းငယ်သာ အားနည်းသော ဒုတိယအဆင့် ဆေးဖော်ဆရာတစ်ဦးနှင့် လဲလှယ်လိုက်ရုံပင် ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ဖြစ်ပေါ်လာခဲ့သော အခြေအနေများက သူမ၏ အမြင်ကို တဖြည်းဖြည်း ပြောင်းလဲစေခဲ့သည်။ ထောင်မျိုးနွယ်စုအတွင်းရှိ ဆေးဖော်ပညာပြိုင်ပွဲတွင် လော့ချန်သည် အဆင့်မြင့် ဆေးဖော်ဆရာကြီးတစ်ဦးနှင့်ပင် တူညီသော အမြင်စွမ်းအားကို ပြသခဲ့သည်။ လူတိုင်းက ထောင်ရိရှန်း အောင်မြင်လိမ့်မည်ဟု ယုံကြည်နေကြချိန်တွင် သူကမူ တစ်ဖက်လူ၏ ကျရှုံးမှုကို ကြိုတင် ခန့်မှန်းနိုင်ခဲ့သည်။ ထိုအရာသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော ဆေးဖော်စပ်ခြင်း အမြင်တစ်ခု ဖြစ်သည်။
‘ငါတို့က ဆေးဖော်လမ်းစဉ်ကို မျိုးဆက်ပေါင်းများစွာ လေ့လာခဲ့တဲ့ ထောင်မျိုးနွယ်စုက လူတွေပါ၊ ငါတို့ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲခဲ့တဲ့ အရာကို သူက အလွယ်လေး မြင်နိုင်ခဲ့တယ်.... ဒီလို ထူးခြားတဲ့ အမြင်စွမ်းအားရဲ့ နောက်ကွယ်မှာ ဘယ်လောက်အထိ မြင့်မားတဲ့ ဆေးဖော်ပညာအဆင့်အတန်း ရှိနေလဲဆိုတာ စဉ်းစားလို့တောင် မရဘူး၊ ဒီလိုဆိုရင်.... ရိရှန်း အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ ငါ့ရဲ့ ရည်ရွယ်ချက်ကတော့ အောင်မြင်ပြီးသားပဲ’
ထိုအတွေးများ ဖြတ်သန်းသွားပြီးနောက် ထောင်ဝမ်၏ မျက်နှာပေါ်ရှိ အမူအရာမှာ ပိုမိုတည်ငြိမ်လာခဲ့သည်။
ထိုမြင်ကွင်းအား မျက်နှာချင်းဆိုင်ရှိ ထောင်တောက်နန် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ချက်ချင်းပင် သူ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုတစ်ခု မသိမသာ ပေါ်ပေါက်လာခဲ့သည်။
"ဒီလိုပဲ ဆက်သွားနေမယ်ဆိုရင်.... အီချန်တော့ အနှေးနဲ့အမြန် ရှုံးနိမ့်သွားတော့မှာပဲ"
....
ထောင်မျိုးနွယ်စုအတွင်း ဆေးဖော်ပြိုင်ပွဲအား ဆက်လက်ကျင်းပနေဆဲ ဖြစ်သည်။
ပထမအကြိမ် ကျရှုံးပြီးနောက် ဒုတိယအကြိမ် ကျရှုံးမှုလည်း မကြာမီ ရောက်ရှိလာခဲ့သည်။
သို့သော် ထောင်ဝမ်၏ တင်းကျပ်သော တောင်းဆိုမှုအောက်တွင် အားလုံး ဆက်လက် ကြိုးစားနေခဲ့ကြရသည်။ အနားယူရန် တစ်ရက်နှစ်ရက်ခန့် အချိန်ပေးထားသော်လည်း သက်သက်သာသာ နေထိုင်လာခဲ့ကြသည့် မျိုးနွယ်စုကျင့်ကြံသူများအတွက် အချိန်ကြာမြင့်စွာ ဆေးဖော်စပ်နေရခြင်းမှာ အလွန်ခက်ခဲလှသည်။
အထူးသဖြင့် ထောင်အီချန်တစ်ယောက် နောက်ထပ်တစ်ကြိမ် ကျရှုံးမှုကို မြင်တွေ့လိုက်ရချိန်တွင် သူ၏ မျက်လုံးများထဲရှိ အလင်းရောင်ပင် ပျောက်ကွယ်သွားခဲ့သည်။ စိတ်ဓာတ်ကျဆင်းမှုက သူ့အား လုံးဝ ဖုံးလွှမ်းသွားခဲ့သည်။
သို့သော် ထောင်ရိရှန်းမှာမူ ထိုသို့မဟုတ်ပေ။ ချီစွမ်းအင်များ အလွန်အကျွံ အသုံးပြုခဲ့ရခြင်းကြောင့်ဖြစ်စေ၊ ဝိညာဉ်အာရုံကို အလွန်အမင်း အသုံးချခဲ့ရခြင်းကြောင့်ဖြစ်စေ သူ၏ မျက်နှာမှာ ဖြူဖျော့နေခဲ့သည်။ သို့သော် သူ၏ မျက်လုံးများထဲတွင်မူ ပိုမိုတောက်ပသော အလင်းတန်းတစ်ခု ရှိနေခဲ့သည်။
လုပ်ငန်းစဉ်တစ်ခုလုံးကို အာရုံစိုက်စောင့်ကြည့်နေခဲ့သော ထောင်ဝမ်၏ နားထဲသို့ အသံတစ်သံ ရောက်ရှိလာသည်။ သူမ မသိမသာဖြင့် လော့ချန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
လော့ချန် သူမအား တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။
ထောင်ဝမ်၏ မျက်လုံးများမှာ ချက်ချင်းဆိုသလိုပင် လင်းလက်သွားခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ ထောင်ရိရှန်း အောင်မြင်တော့မည် ဖြစ်သည်။
ဆက်လက်တင်းမာနေခဲ့သော အခြေအနေကြောင့် ထောင်တောက်နန်၏ သည်းခံနိုင်စွမ်းသည်လည်း နောက်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့သည်။ သူ့အတွက် ထိုအရာသည် သူ၏ အာဏာကို စိန်ခေါ်နေခြင်းနှင့် မခြားနားတော့ပေ။
"တော်လောက်ပြီ.... ဒီပြဇာတ်ကို ဆက်ပြီး ကနေဖို့ မလိုတော့ဘူး"
ထောင်ဝမ်က သူ့အား အေးစက်စွာ ကြည့်လိုက်သည်။
"အနိုင်အရှုံး မပေါ်သေးဘူး၊ ဘာလို့ ဆက်မလုပ်နိုင်ရမှာလဲ၊ ပြီးတော့.... ပြဇာတ်တဲ့လား၊ အဘိုးက ကျွန်မတို့ ထောင်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင် ရွေးချယ်ပွဲကို ပြဇာတ်တစ်ခုလို့ ထင်နေတာလား"
ထောင်တောက်နန်၏ မျက်နှာမှာ ချက်ချင်း အုံ့မှိုင်းသွားခဲ့သည်။
"ဝမ်ဝမ်.... စကားတွေနဲ့ ငါ့ဒေါသကို လာမဆွနဲ့၊ မင်း ဒီအကွက်ကို ခင်းလိုက်တာက မျိုးနွယ်စုရဲ့ အင်အားတွေကို စုစည်းပြီး အဲ့ဒီဂိုဏ်းမျိုးဆက်ရာထူးကို လုယူချင်လို့ မဟုတ်ဘူးလား"
ထောင်ဝမ်က မျက်ခုံးပင့်လိုက်ရင်း တုံ့ဆိုင်းခြင်းမရှိ ဝန်ခံလိုက်သည်။
"ဟုတ်တယ်…. အဲ့တော့ ဘာဖြစ်လဲ"
ထောင်တောက်နန် တိတ်ဆိတ်သွားခဲ့သည်။ ထောင်ဝမ် ဤမျှ ပွင့်ပွင့်လင်းလင်း ဝန်ခံလာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ သူ့အနေဖြင့် ဆက်လက် ဖိအားပေးရန် စကားလုံးများပင် ရှာမတွေ့တော့ချေ။ ထိုအခိုက် သူ၏ အကြည့်များမှာ ဆေးလုံးဖော်စပ်နေဆဲဖြစ်သော ထောင်ရိရှန်းထံသို့ ရောက်ရှိသွားခဲ့သည်။
"ငါက မျိုးနွယ်စုအကြီးအကဲပဲ၊ ငါ့မှာ မျိုးနွယ်စုခေါင်းဆောင်ကို ခန့်အပ်နိုင်တဲ့ အာဏာရှိတယ်၊ ဒီပြဇာတ်က ဒီမှာပဲ အဆုံးသတ်သင့်ပြီ"
စကားဆုံးသည်နှင့် တစ်ပြိုင်နက် သိပ်သည်းလှသော ချီစွမ်းအင်လှိုင်းတစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ထောင်ဝမ်၏ ခန္ဓာကိုယ်မှလည်း အားကောင်းလှသော ချီစွမ်းအင်တစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
နှစ်ဦးစလုံး၏ အရှိန်အဝါများသည် တစ်ခဏအတွင်း ထိပ်တိုက် တွေ့သွားသည်။
ဤသည်မှာ အခြေတည်အဆင့် ကျင့်ကြံသူနှစ်ဦးကြားရှိ အင်အားပြိုင်ဆိုင်မှု ဖြစ်သည်။ တိုက်ကွက်များ မပါဝင်သလို ဆန်းကြယ်သော အတတ်ပညာများလည်း မပါဝင်ချေ။ ယှဉ်ပြိုင်နေကြသည်မှာ မည်သူ၏ ကျင့်ကြံခြင်းအဆင့်က ပိုမိုမြင့်မားသည်၊ မည်သူ၏ ချီစွမ်းအင်က ပိုမိုသန့်စင်ပြီး အားကောင်းသလဲ ဆိုသည်သာ ဖြစ်သည်။
အသက်ရှူကြိမ်သုံးကြိမ်ခန့် ကြာမြင့်ပြီးနောက်....။
ဘုန်းးး….
ထောင်တောက်နန်၏ မျက်နှာမှာ ရုတ်ချည်း ဖြူဖျော့သွားခဲ့သည်။ သူ၏ မုတ်ဆိတ်မွေးများနှင့် ဝတ်စုံရှည်ကြီးသည် လေပြင်းတစ်ခု တိုက်ခတ်သွားသည်အလား အနောက်ဘက်သို့ လွင့်ပျံသွားခဲ့သည်။
ထောင်ဝမ် ရှေ့သို့ တစ်လှမ်းတိုးကာ ယုံကြည်ချက်အပြည့်ရှိသော အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။
"အဘိုး အသက်ကြီးနေပါပြီ၊ ဘာလို့ ဒီလောက်ထိ အာဏာကို မလွှတ်ချချင်သေးတာလဲ၊ ရာထူးကနေ စောစောဆင်းပြီး လူငယ်တွေကို နေရာပေးလိုက်ပါ၊ အဘိုးသာ ဆက်ပြီး ဦးဆောင်နေမယ်ဆိုရင် ကျွန်မတို့ ထောင်မျိုးနွယ်စုက အနာဂတ်မှာ ပျက်စီးသွားလိမ့်မယ်၊ အခုအချိန်က ကျွန်မတို့ မောင်နှမနှစ်ယောက်ရဲ့ ဦးဆောင်မှုအောက်မှာ ထောင်မျိုးနွယ်စုကို ထိပ်ဆုံးကို ပြန်တင်ရမယ့် အချိန်ရောက်ပြီ"
ထိုစကားလုံးများသည် မိုးကြိုးသံများကဲ့သို့ ထောင်တောက်နန်၏ နှလုံးသားကို အဆက်မပြတ် ရိုက်ခတ်သွားခဲ့သည်။
ဝုန်းးး….
ထောင်တောက်နန်၏ ချီစွမ်းအင်လှိုင်းသည် ချက်ချင်း ပြိုကွဲသွားခဲ့သည်။ သူကိုယ်တိုင်လည်း အရှက်ရဖွယ် အခြေအနေဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားခဲ့ရသည်။
ထိုအချိန်တွင် ဆေးဖော်ခန်းအတွင်းမှ လန်းဆန်းမွှေးကြိုင်သော သက်တံ့ဂန္ဓမာဆေးလုံး၏ ရနံ့များ ပျံံ့လွင့်ထွက်ပေါ်လာခဲ့သည်။
မျှော်လင့်ချက်မဲ့နေသော ထောင်အီချန်၏ အကြည့်အောက်တွင် ထောင်ရိရှန်းသည် လေထဲသို့ ခုန်တက်ကာ ဆေးမီးဖိုကြီးထံ လက်လှမ်းလိုက်သည်။ ဆေးလုံးသုံးလုံးသည် သူ၏ လက်ဖဝါးပေါ်သို့ တဖြည်းဖြည်း ကျရောက်လာခဲ့သည်။ အစိမ်း၊ အဝါ၊ အဖြူ ဟူသော အရောင်သုံးမျိုးသည် တောက်ပနေပြီး ဒုတိယအဆင့် အဆင့်နိမ့်ဆေးလုံးအဖြစ် သတ်မှတ်နိုင်ခဲ့ပြီ ဖြစ်သည်။
"အစ်မ...."
"ကျွန်တော် အောင်မြင်သွားပြီ...."
"နောက်ဆုံးတော့ အောင်မြင်သွားခဲ့ပြီ...."
ထောင်ရိရှန်း၏ ဖြူဖျော့နေသော မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် ဝမ်းမြောက်မှုများ ပြည့်နှက်နေခဲ့သည်။
ထောင်ဝမ်သည် လူအများနောက်သို့ တိတ်တဆိတ် ဆုတ်ခွာနေသော လော့ချန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျယ်လောင်စွာ ပြောလိုက်သည်။
"ဂုဏ်ယူပါတယ်….”
“ကဲ.... အားလုံးပဲ ထောင်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်အသစ်ကို လာဂါရဝပြုကြပါ"
ထောင်ဝမ်၏ အသံကျယ်လောင်စွာ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူမဘက်မှ အခြေတည်ကျင့်ကြံသူများ ချက်ချင်းပင် တုံ့ပြန်လိုက်ကြသည်။
"မျိုးနွယ်စုခေါင်းဆောင်ကို ဂါရဝပြုပါတယ်…."
အသံများသည် တစ်ချိန်တည်းတွင် ထွက်ပေါ်လာပြီး ဆေးဖော်ခန်းကြီးတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။
အခြားဘက်ရှိ အခြေတည်ကျင့်ကြံသူများမှာမူ အချင်းချင်း မျက်လုံးချင်းဆုံကာ တိတ်ဆိတ်နေကြဆဲ ဖြစ်သည်။ သူတို့၏ စိတ်ထဲတွင် မကျေနပ်ချက်အချို့ ရှိနေသေးသော်လည်း ထောင်ဝမ်၏ စူးရှသော အကြည့်တစ်ချက် ကျရောက်လာပြီးနောက် ထိုစကားလုံးများကို မပြောချင်ပြောချင် ပြောလိုက်ရသည်။
"မျိုးနွယ်စုခေါင်းဆောင်ကို ဂါရဝပြုပါတယ်…."
ထောင်ဝမ် ထိုမြင်ကွင်းကို ကြည့်ရင်း တောက်ပသော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။ ထို့နောက် မျက်နှာချင်းဆိုင်ရှိ ထောင်တောက်နန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"မျိုးနွယ်စုအကြီးအကဲ၊ အခုဆိုရင် ကျွန်မတို့ ထောင်မျိုးနွယ်စုမှာ မျိုးနွယ်စုခေါင်းဆောင်အသစ် ထွက်ပေါ်လာပြီဆိုတော့ မျိုးနွယ်စုညီလာခံကြီး ကျင်းပပြီး ဒီကိစ္စကို တရားဝင် ကြေညာသင့်ပြီ မဟုတ်ဘူးလား"
ထောင်တောက်နန်၏ မျက်နှာမှာ ရေခဲတုံးတစ်တုံးကဲ့သို့ အေးစက်မှောင်မိုက်နေခဲ့သည်။ သူသည် မုန်းတီးမှုအပြည့်ရှိသော အကြည့်ဖြင့် ထိုမောင်နှမနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။
"မနက်ဖြန် ကျင်းပမယ်"
ထိုစကားတစ်ခွန်းသာ ချန်ထားခဲ့ပြီးနောက် သူ လက်ကို ခါကာ လှည့်ထွက်လာခဲ့တော့သည်။ ဤမျိုးနွယ်စုခေါင်းဆောင် အားပြိုင်ပွဲတွင် သူ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။ သို့သော် သူ ရှုံးနိမ့်ခဲ့သည်မှာ ထောင်ရိရှန်းတစ်ဦးတည်းထံတွင် မဟုတ်ပေ။ ထောင်ဝမ်ကိုပါ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ ထောင်ဝမ် ဤမျှအထိ အင်အားကြီးမားလာလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။ ယခုပင် တိုက်ရိုက်အားပြိုင်ခဲ့သော်လည်း သူမ၏ ချီစွမ်းအင်ကို သူ လုံးဝ မဖိနှိပ်နိုင်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူကိုယ်တိုင်သာ ပြင်းပြင်းထန်ထန် ဖိနှိပ်ခံခဲ့ရသည်။ သူ ရှုံးနိမ့်သွားခဲ့ကြောင်း လူတိုင်း သိရှိသွားခဲ့ကြပြီ ဖြစ်သည်။ ယနေ့မှစ၍ သူ၏ အရှိန်အဝါသည် ထောင်မျိုးနွယ်စုအတွင်း လုံးဝ မှေးမှိန်သွားတော့မည် ဖြစ်သည်။
ဆေးဖော်ခန်းအတွင်းမှ လမ်းလျှောက်ထွက်လာသောအခါ စူးရှတောက်ပသော နေရောင်ခြည်သည် သူ၏ မျက်နှာပေါ်သို့ တိုက်ရိုက်ကျရောက်လာခဲ့သည်။
ထောင်တောက်နန် မသိမသာ မျက်လုံးမှိတ်လိုက်မိသည်။ အချိန်အနည်းငယ်ကြာပြီးနောက် မျက်လုံးပြန်ဖွင့်လိုက်သောအခါ သူ၏ စိတ်မှာ အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။
သူ ရှေ့ရှိ ကောင်းကင်ကို ငေးကြည့်ရင်း တိတ်တဆိတ် ရေရွတ်လိုက်မိသည်။
"ငါ...."
"ငါ တကယ်ပဲ အိုမင်းသွားခဲ့ပြီလား"
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၄၇၂) - စီရင်စုသခင်နန်ရှန်း၏ သက်တံ့ဂန္ဓမာဆေးနည်း
နောက်တစ်နေ့ နံနက်ခင်းရောက်သောအခါ ရှောင်နန်တောင်တစ်ခုလုံးမှာ လူသူများပြားလှပြီး ပျားပန်းခတ်မျှ လှုပ်ရှားသက်ဝင်နေခဲ့သည်။ စိတ်လှုပ်ရှားဖွယ်ရာ အငွေ့အသက်များက နေရာအနှံ့ ပျံ့နှံ့နေကာ တောင်ပေါ်တွင် စုဝေးရောက်ရှိနေကြသော ကျင့်ကြံသူများ၏ စကားသံများကလည်း မရပ်မနား ဆူညံလျက်ရှိသည်။
ရာနှင့်ချီသော ကျင့်ကြံသူများသည် အစောကြီးကတည်းက ရောက်ရှိနေကြပြီး ဖြစ်သည်။ ထို့ကြောင့် ရှောင်နန်တောင်တစ်ခုလုံးမှာ ယခင်ထက်ပင် ပိုမို စည်ကားသိုက်မြိုက်နေခဲ့သည်။
တစ်ညလုံး အနားယူပြီးနောက် အသစ်စက်စက် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် ထောင်ရိရှန်းသည် ယုံကြည်ချက်အပြည့်ရှိသော အမူအရာဖြင့် လူအများ၏ရှေ့မှောက်သို့ ထွက်ပေါ်လာခဲ့သည်။
သူ၏ မျက်နှာထက်တွင် ပျော်ရွှင်ကြည်နူးမှုနှင့် စိတ်လှုပ်ရှားမှုများကို အထင်းသား တွေ့မြင်နိုင်သည်။ လူအများ၏ ဝန်းရံဂုဏ်ပြုမှုများကြားတွင် ထောင်ရိရှန်း ဖြည်းဖြည်းချင်း လျှောက်လာကာ မျိုးနွယ်စုခေါင်းဆောင် ပလ္လင်ထက်တွင် နေရာယူလိုက်သည်။
ထို့နောက် စည်ကားခမ်းနားလှသော ဂုဏ်ပြုစားပွဲကြီးကို စတင်ကျင်းပခဲ့ကြသည်။ စားပွဲကြီးအတွင်း၌ပင် လူအများ၏ရှေ့မှောက်တွင် ထောင်ရိရှန်း အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။
"ဒီနေ့ကစပြီး ဆရာတန်ချန်ဇီဟာ ငါတို့ ထောင်မျိုးနွယ်စုရဲ့ ကာကွယ်စောင့်ရှောက်သူ ဖြစ်လာပြီ၊ အားလုံး သူ့ကို လေးစားသမှုနဲ့ ဆက်ဆံကြပါ"
စကားဆုံးသွားသည်နှင့် လူအများ၏ အကြည့်များက လော့ချန်ထံသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြသည်။
လော့ချန်ကမူ တည်ငြိမ်အေးဆေးစွာဖြင့် ရှေ့သို့ တိုးလာကာ ထူးခြားလှသော အမိန့်ပေးတံဆိပ်ပြားတစ်ခုကို လက်ခံယူလိုက်သည်။ ထိုတံဆိပ်ပြား၏ နောက်ကျောဘက်တွင် ဆေးလုံးစိမ်းချိုင့်ဝှမ်း တိမ်တိုက်ကိုးခု အမှတ်အသားကို ထုဆစ်ထားပြီး ရှေ့ဘက်တွင်မူ ရွှေရောင်ဂန္ဓမာပန်းတစ်ပွင့်ကို ထုဆစ်ထားသည်။ အဓိပ္ပာယ်မှာ ပြောစရာမလိုအောင် ရှင်းလင်းလှသည်။ ယနေ့မှစ၍ သူသည် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ထောင်မျိုးနွယ်စုကိုယ်စားပြု ကာကွယ်စောင့်ရှောက်သူတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သည်။
ဤအခြေအနေမျိုး ဖြစ်ပေါ်လာခြင်းအပေါ် လော့ချန်အနေဖြင့် အံ့အားသင့်ခြင်း မရှိခဲ့ပေ။ အကြောင်းမှာ ဤအဆင့်အတန်းသည် ဂိုဏ်းမျိုးဆက်ပြိုင်ပွဲအတွင်း ထောင်ဝမ်ကို ကူညီပေးနိုင်ရန်အတွက် လိုအပ်သော အရည်အချင်းတစ်ခုဖြစ်သလို၊ အနာဂတ်တွင် အကယ်၍ ထောင်ဝမ်က ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ရွှေအမြုတေဂိုဏ်းမျိုးဆက် ဖြစ်လာခဲ့ပါက သူ့ထံသို့ အဆင့်မြင့်ဆေးလုံးများ ရောင်းချနိုင်ရန်အတွက်လည်း တရားဝင် အကြောင်းပြချက်တစ်ခု လိုအပ်နေသောကြောင့် ဖြစ်သည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ အဆင့်မြင့်ဆေးလုံးများသည် သာမန်အချိန်များတွင် အပြင်လောကသို့ လွယ်လွယ်ကူကူ ရောက်မလာတတ်ကြပေ။ ၎င်းတို့ကို အများအားဖြင့် ဂိုဏ်းအတွင်း အသုံးပြုရန် သို့မဟုတ် အခြားသော အင်အားကြီးဂိုဏ်းများနှင့် အဖိုးတန်အရင်းအမြစ်များ လဲလှယ်ရန်အတွက်သာ အသုံးပြုကြသည်။ ကျင့်ကြံခြင်းလောကတွင် အဆင့်နိမ့်ဆေးလုံးများသည် နေ့စဉ်သုံးပစ္စည်းများသာ ဖြစ်ကြသော်လည်း အဆင့်မြင့်ဆေးလုံးများမှာမူ မဟာဗျူဟာမြောက် အရင်းအမြစ်များ ဖြစ်ကြသည်။ ယခု လော့ချန်သည် ထောင်မျိုးနွယ်စု၏ ကာကွယ်စောင့်ရှောက်သူ ဖြစ်လာခဲ့ပြီဖြစ်သဖြင့် နာမည်အားဖြင့်ပင် သူတို့ဘက်မှလူတစ်ဦးဟု သတ်မှတ်နိုင်ပေသည်။ ထိုအခြေအနေတွင် ဆေးလုံးများကို ပြင်ပသို့ ရောက်ရှိစေသည်ဟု သတ်မှတ်၍ မရတော့ချေ။ ထောင်ဝမ်အနေဖြင့်လည်း ဂိုဏ်းစည်းမျဉ်းများ ချိုးဖောက်မိမည်ကို စိုးရိမ်ပူပန်စရာ မလိုတော့ပေ။
သို့သော် ကာကွယ်စောင့်ရှောက်သူတစ်ဦးအဖြစ် ရရှိလာမည့် အကျိုးခံစားခွင့်များကိုမူ လော့ချန် အလွန်အမင်း မျှော်လင့်မထားခဲ့ပေ။ အကြောင်းမှာ ထိုရာထူးတွင် ဝိညာဉ်ကျောက်တုံးများ မပါသလို၊ ကျင့်စဉ်များလည်း မပါဝင်ပေ။ အခြားသော အဖိုးတန်ပစ္စည်းများပင် မရှိခဲ့ချေ။ ထို့အပြင် အနာဂတ်တွင် ထောင်မျိုးနွယ်စုက အန္တရာယ်တစ်စုံတစ်ရာနှင့် ကြုံတွေ့ခဲ့လျှင်ပင် သူ့အနေဖြင့် လက်မခံဘဲ နေပိုင်ခွင့် ရှိနေသေးသည်။ ထို့ကြောင့် ဤနှစ်ဦးနှစ်ဖက် ဆက်ဆံရေးမှာ အလွန်အမင်း လိုက်လျောညီထွေရှိလှသည်ဟု ဆိုနိုင်သည်။
ဤကဲ့သို့သော မျိုးနွယ်စုခေါင်းဆောင်အသစ် တင်မြှောက်သည့် ညီလာခံကြီးအတွင်း လော့ချန် အလွန်အမင်း ဝင်ပါခြင်း မရှိခဲ့ပေ။ ကာကွယ်စောင့်ရှောက်သူ တံဆိပ်ပြားကို လက်ခံရရှိပြီးနောက် အချိန်မဖြုန်းတော့ဘဲ မော့ဟယ်ခြံဝင်းဆီသို့ ချက်ချင်း ပြန်လာခဲ့သည်။
ခြံဝင်းတံခါးကြီးကို သေချာပိတ်လိုက်ပြီးနောက် သူ့ရှေ့တွင် ပစ္စည်းငါးခုကို စီရီချထားလိုက်သည်။
‘ကျောက်စိမ်းပုလင်း သုံးပုလင်း၊ စက္ကူချပ်တစ်ချပ်နှင့် စာအုပ်တစ်အုပ်’
ဤအရာများအားလုံးမှာ ယနေ့ ထောင်ဝမ် သူ့အား အထူးတလည် ပေးအပ်ခဲ့သော အဖိုးအခများပင် ဖြစ်သည်။ သူ၏ အကူအညီကို ရယူရန်အတွက် ကြိုတင်ပေးချေထားသော အဖိုးအခများ ဖြစ်ပေသည်။ ကျောက်စိမ်းပုလင်း သုံးပုလင်းအတွင်းတွင် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ အထူးထွက်ကုန်ဖြစ်သော တတိယအဆင့် နဂါးအသွင်ပြောင်းဆေးလုံး၊ ရေခဲခံတပ်၏ အထူးထွက်ကုန်ဖြစ်သော တတိယအဆင့် နှင်းဖီးနစ်ဆေးလုံးနှင့် ထောင်ရိရှန်း မနေ့ကမှ အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သော ဒုတိယအဆင့် သက်တံ့ဂန္ဓမာဆေးလုံးတို့ ပါဝင်နေခဲ့သည်။
ပထမ ဆေးလုံးနှစ်မျိုးမှာ ထောင်ဝမ် သူ့အား ပေးမည်ဟု ကတိပြုထားခဲ့သော ပစ္စည်းများ ဖြစ်ကြသည်။ ထန်ထိုက်ကျင်း ပေးထားသော နဂါးဖီးနစ်ရွှေအမြုတေဖွဲ့စည်းနည်းနှင့် ပေါင်းစပ်အသုံးပြုမည်ဆိုပါက ရွှေအမြုတေဖွဲ့စည်းရာတွင် အောင်မြင်နိုင်ခြေကို ဆယ်ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ ထိုအရာကြောင့်ပင် နောင်တစ်ချိန်တွင် မည်သည့်အခက်အခဲများနှင့် ရင်ဆိုင်ရပါစေ၊ လော့ချန်၏ စိတ်ထဲတွင် ရွှေအမြုတေဖွဲ့စည်းနိုင်မည့် မျှော်လင့်ချက်တစ်စုံတစ်ရာ ရှိနေပြီ ဖြစ်သည်။
သက်တံ့ဂန္ဓမာဆေးလုံးများမှာမူ သူကိုယ်တိုင် ထောင်ရိရှန်းထံမှ အထူးတလည် တောင်းဆိုထားခြင်း ဖြစ်သည်။ ထောင်ရိရှန်းသည်လည်း မည်သည့်ငြင်းဆန်မှုမျှ မပြုဘဲ ချက်ချင်းပင် သူ့အား ပေးခဲ့သည်။
ထောင်ရိရှန်းဘက်မှ ကြည့်ပါက မျိုးနွယ်စုခေါင်းဆောင်နေရာ လုယူသည့် ပြိုင်ပွဲအတွင်း အောင်မြင်မှုကို ရရှိနိုင်ခဲ့ခြင်းမှာ လော့ချန်၏ ကျေးဇူးနှင့် မကင်းကြောင်း ကောင်းစွာ နားလည်ထားသည်။ မဟုတ်ပါက ယနေ့ကဲ့သို့ ထောင်မျိုးနွယ်စု ကျင့်ကြံသူများအားလုံး စုဝေးနေသည့် ခမ်းနားလှသော အခမ်းအနားကြီးအတွင်း လော့ချန်အား အထူးတလည် မိတ်ဆက်ပေးမည် မဟုတ်ပေ။ ထိုဆက်ဆံရေးမှာ မိတ်ဆွေသူငယ်ချင်း သို့မဟုတ် ကာကွယ်စောင့်ရှောက်သူနှင့် သက်ဆိုင်သည့် သံယောဇဉ်မျှသာ မဟုတ်တော့ပေ။ မသိမသာဖြင့် ထောင်ရိရှန်းသည် လော့ချန်အား ဆရာတစ်ဦးကဲ့သို့ပင် သဘောထားနေခဲ့ပြီ ဖြစ်သည်။
လော့ချန် သက်တံ့ဂန္ဓမာဆေးလုံး သုံးလုံးကို လိုချင်ရခြင်းမှာ ရှေ့တွင်ရှိနေသည့် စက္ကူချပ်နှင့် တွဲဖက်အသုံးပြုရန်အတွက် ဖြစ်သည်။ စက္ကူချပ်ပေါ်တွင် ရေးသားထားသည်မှာ သက်တံ့ဂန္ဓမာဆေးလုံး၏ ဆေးဖော်နည်း ဖြစ်သည်။ ဤဆေးနည်းမှာ ထောင်မျိုးနွယ်စု၏ ဘိုးဘေးဖြစ်သူ စီရင်စုသခင်နန်ရှန်းက လွန်ခဲ့သော နှစ်ပေါင်းများစွာက တီထွင်ဖန်တီးခဲ့သော ကျင့်ကြံခြင်းဆိုင်ရာ ဆေးနည်းတစ်ခု ဖြစ်သည်။ ၎င်းကို ဆေးလုံးစိမ်းချိုင့်ဝှမ်းသို့ လွှဲပြောင်းပေးအပ်ထားခြင်း မရှိသောကြောင့် ဂိုဏ်း၏ စည်းမျဉ်းစည်းကမ်းများအောက်တွင် ပါဝင်ခြင်း မရှိခဲ့ပေ။
စာအုပ်မှာမူ စီရင်စုသခင်နန်ရှန်း ချန်ထားရစ်ခဲ့သော ရွှေအမြုတေဖွဲ့စည်းခြင်းဆိုင်ရာ အတွေ့အကြုံမှတ်တမ်းကို ကူးယူထားသည့် စာအုပ်တစ်အုပ် ဖြစ်သည်။
ရှေ့ရှိ ပစ္စည်းငါးခုကို စိုက်ကြည့်ရင်း လော့ချန် မသိမသာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ယခင်က ထောင်ဝမ်ဘက်မှ သူ၏ ဆေးဖော်ပညာအပေါ် အပြည့်အဝ ယုံကြည်မှု မရှိခဲ့သလို သူကိုယ်တိုင်လည်း တစ်ဖက်လူက အဖိုးအခများကို အမှန်တကယ် ပေးအပ်မည် မပေးအပ်မည်ကို စိုးရိမ်နေခဲ့ရသည်။ အမှန်အတိုင်းဆိုရလျှင် သူ လုပ်ပေးနိုင်သည်မှာ ဒုတိယပွဲစဉ်အတွင်း ကူညီပေးရန်သာ ဖြစ်သည်။ ဂိုဏ်းမျိုးဆက်ရာထူးကို အမှန်တကယ် ရယူနိုင်မနိုင်မှာ ထောင်ဝမ်၏ ကိုယ်ပိုင်စွမ်းရည်အပေါ်တွင်သာ မူတည်နေသေးသည်။ အကယ်၍ ထောင်ဝမ် ရှုံးနိမ့်ခဲ့ပါက အဆင့်မြင့်ဆေးလုံးများ ရရှိနိုင်မည့် အခွင့်အရေးသည် သဘာဝကျစွာပင် ပျောက်ဆုံးသွားမည် ဖြစ်သည်။ ထိုအချိန်ရောက်မှ တစ်ဖက်လူက စိတ်ပြောင်းသွားပြီး ဒေါသတကြီးဖြင့် အဖိုးအခများကို မပေးတော့လျှင် သူ့အဖို့ မည်သည့်နေရာတွင်မှ သွားရောက် တိုင်ကြားနိုင်မည် မဟုတ်ပေ။
ယခုမူ ဤကဲ့သို့ ကြိုတင်ပေးအပ်ထားခြင်းကြောင့် သူ စိတ်အေးသွားခဲ့ပြီ ဖြစ်သည်။
လော့ချန်တစ်ယောက် ဆေးလုံးများကို သေသေချာချာ သိမ်းဆည်းပြီးနောက် ရွှေအမြုတေဖွဲ့စည်းခြင်းဆိုင်ရာ အတွေ့အကြုံမှတ်တမ်းစာအုပ်ကိုလည်း သိမ်းဆည်းလိုက်သည်။ လောလောဆယ်တွင် ဤပစ္စည်းများကို အသုံးပြုရန် မလိုအပ်သေးပေ။ အားလပ်ချိန် ရရှိသည့်အခါမှသာ ဖြည်းဖြည်းချင်း စူးစမ်းလေ့လာသွားရန် ဆုံးဖြတ်လိုက်သည်။
ယခုအချိန်တွင် သူ၏ အာရုံအားလုံးသည် သက်တံ့ဂန္ဓမာဆေးလုံး၏ ဆေးနည်းစာပေါ်သို့သာ ရောက်ရှိနေခဲ့သည်။ ကျင့်ကြံခြင်းဆိုင်ရာ ဆေးလုံးများကို ကိုယ်တိုင်ဖော်စပ်နိုင်ခြင်းမှာ သူ့အတွက် မဖြစ်မနေ လိုအပ်သည့် အရာတစ်ခု ဖြစ်သည်။ ပထမအချက်မှာ ထောင်ဝမ် ရှုံးနိမ့်ခဲ့ပါက နောင်တွင် အဆင့်မြင့်ဆေးလုံးများ ဝယ်ယူနိုင်မည့် နေရာမရှိတော့မည့် အခြေအနေကို ကြိုတင်ပြင်ဆင်ထားရန် ဖြစ်သည်။ ဒုတိယအချက်မှာ မကြာမီ မလွဲမရှောင်သာ ရင်ဆိုင်ရတော့မည့် ပြဿနာတစ်ခုဖြစ်သော ဆေးယဉ်ပါးမှုအတွက် ကြိုတင်ပြင်ဆင်ထားရန်ပင် ဖြစ်သည်။
သူသည် ချီသန့်စင်အဆင့်တွင် ရှိစဉ်က ချီစွမ်းအင်ဖြည့်ဆေးလုံးများကို အလွန်အကျွံ သောက်သုံးခဲ့ဖူးသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဆေးယဉ်ပါးမှု ပြဿနာနှင့် ရင်ဆိုင်ခဲ့ရသည်။ အခြေတည်အဆင့်သို့ ရောက်ရှိလာပြီးနောက် ဒုတိယအဆင့် ဆေးလုံးများ၏ အာနိသင်မှာ ယခင်ထက် များစွာ ပြည့်စုံကောင်းမွန်လာခဲ့သော်လည်း သူ သောက်သုံးခဲ့သည့် အရေအတွက်နှင့် အကြိမ်ရေမှာမူ အလွန်အမင်း များပြားလွန်းနေခဲ့သည်။ ဆေးယဉ်ပါးမှု မဖြစ်စေရန်အတွက် သူသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း နဂါးပျံဆေးလုံးနှင့် ချီစုစည်းဆေးလုံးတို့ကို အလှည့်ကျ သောက်သုံးခဲ့ရသည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းကြောင့်ပင် သူ၏ ကျင့်ကြံခြင်းအရှိန်အဟုန်မှာ အနည်းငယ် နှေးကွေးသွားခဲ့ရသည်။
သူ့အတွက် အစိုးရိမ်ရဆုံးအရာမှာ ဆေးလုံးတစ်မျိုးမျိုးက အချိန်မတိုင်မီ ဆေးယဉ်ပါးမှု ဖြစ်ပေါ်လာစေမည်ကိုပင် ဖြစ်သည်။ သို့သော် ထိုနေ့ရက်သည် အနှေးနှင့်အမြန် ရောက်ရှိလာမည်မှာ မလွဲမသွေ ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရမည် ဖြစ်သည်။ ထိုအခက်အခဲကို ဖြေရှင်းနိုင်မည့် နည်းလမ်းမှာ ယခု သူ့ရှေ့တွင် ရှိနေသော သက်တံ့ဂန္ဓမာဆေးလုံးပင် ဖြစ်သည်။
"ကြည့်ရသေးတာပေါ့.... တတိယအဆင့် ဆေးဖော်ဆရာကြီးတစ်ဦးဖြစ်တဲ့ စီရင်စုသခင်နန်ရှန်း ကိုယ်တိုင် တီထွင်ထားတဲ့ ဒုတိယအဆင့် ကျင့်ကြံဆေးနည်းက ဘယ်လောက်အထိ ထူးခြားကောင်းမွန်မလဲဆိုတာ...."
သူ့ရှေ့ရှိ ပါးလွှာသော စက္ကူချပ်လေးကို စိုက်ကြည့်ရင်း လော့ချန် အချိန်မဆွဲတော့ချေ။ သူ ချီစွမ်းအားအားလုံးကို စုစည်းလိုက်ပြီး ဆေးနည်းကို စတင် စူးစမ်းလေ့လာတော့သည်။
....
လော့ချန် ဆေးနည်းကို လေ့လာနေသည့် အချိန်အတွင်းမှာပင် ဆေးလုံးစိမ်းချိုင့်ဝှမ်းအတွင်း၌ လေပြင်းမုန်တိုင်းများ စတင် တိုက်ခတ်လာခဲ့ပြီ ဖြစ်သည်။ တိတ်ဆိတ်နေခဲ့သော အခြေအနေများမှာလည်း တဖြည်းဖြည်း လှုပ်ခတ်ပြောင်းလဲလာခဲ့သည်။
ဂိုဏ်းမျိုးဆက်အာဏာလုပွဲသည် နောက်ဆုံးတွင် မျက်စိရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ပိုမိုများပြားသော အခြေတည်အဆင့် ကျင့်ကြံသူများသည်လည်း တစ်ဦးပြီးတစ်ဦး လူရှေ့ထွက်ပေါ်လာကြပြီး ဂိုဏ်းအတွင်းနှင့် အပြင်ဘက်တွင် သွားလာနေကြသော အလင်းတန်းများမှာလည်း ယခင်ထက် ပိုမိုများပြားလာခဲ့သည်။
ယခင်က တိမ်ပြိုဂိုဏ်းနှင့် ကျောက်စိမ်းအိုးဓားဂိုဏ်းတို့၏ စစ်ပွဲအတွင်း ပါဝင်ခဲ့ကြသော ကျင့်ကြံသူများမှာလည်း တစ်ယောက်ပြီးတစ်ယောက် ဆေးလုံးစိမ်းချိုင့်ဝှမ်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။ ထို့အပြင် လော့ချန်ကဲ့သို့သော ပြင်ပမှ ကျင့်ကြံသူအချို့မှာလည်း အတွင်းစည်းတပည့်များ၏ ဖိတ်ကြားမှုအောက်တွင် ဂိုဏ်းအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။
ဤကာလအတွင်း ထောင်ဝမ် အချိန်လုကာ လော့ချန်ထံသို့ အကြိမ်ကြိမ် လာရောက်ခဲ့သည်။
သူမသည် သူမ စုစည်းထားသော မဟာမိတ်များနှင့် လော့ချန်အား မိတ်ဆက်ပေးလိုခဲ့သော်လည်း လော့ချန်က ယဉ်ကျေးစွာပင် ငြင်းပယ်ခဲ့သည်။ အကြောင်းမှာ ဤကဲ့သို့ ကျော်ကြားလှသည့် ဂိုဏ်းကြီးများ၏ အတွင်းစည်းတပည့်များနှင့် အရောတဝင်မနေလိုသောကြောင့် ဖြစ်သည်။
ထိုကဲ့သို့သော တပည့်များမှာ အများအားဖြင့် မိမိတို့၏ နောက်ခံနှင့် အဆင့်အတန်းကို အားကိုးကာ တစ်ဖက်သားကို မသိမသာ အထင်သေးတတ်ကြသည်။ အပြင်ပန်းတွင် မည်မျှပင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေပါစေ၊ သူတို့၏ အတွင်းစိတ်ထဲတွင် တစ်ကိုယ်တော်ကျင့်ကြံသူများကို အထင်သေးသည့် အတွေးအခေါ်မှာ အမြဲရှိနေတတ်သည်။ ထောင်ရိရှန်းကဲ့သို့ စိတ်ရင်းမှန်ဖြင့် လူတိုင်းကို ဆက်ဆံတတ်သောသူမျိုးမှာ အမှန်တကယ်ပင် ရှားပါးလှသည်။
ထောင်ဝမ်သည်လည်း အတင်းအကြပ် မတောင်းဆိုခဲ့ပေ။ ထိုအစား ရက်အနည်းငယ်ကြာပြီးနောက် ပြိုင်ပွဲကျင်းပမည့် နေရာသို့ သွားကြမည်ဟုသာ ပြောခဲ့သည်။
ထိုနေရာမှာ ဒုတိယပွဲစဉ်ဖြစ်သည့် ဆေးဖော်ပြိုင်ပွဲကြီး ကျင်းပမည့် ကွင်းပြင် ဖြစ်သည်။
….
ရက်အနည်းငယ်ကြာပြီးနောက် အလင်းတန်းနှစ်ခုသည် ရှောင်နန်တောင်မှ ပျံသန်းထွက်ခွာလာကာ ယွမ်ဟွာတောင်ဘက်သို့ တိုက်ရိုက် ဦးတည်သွားခဲ့ကြသည်။
လေပြင်းများက မျက်နှာကို ပြင်းထန်စွာ တိုးဝှေ့တိုက်ခတ်လာခဲ့သော်လည်း လော့ချန်၏ ရှေ့သို့ ရောက်ရှိလာသည့်အခါတိုင်း ထူးဆန်းစွာပင် ဘေးနှစ်ဖက်သို့ ခွဲထွက်သွားကြသည်။
ထိုထူးခြားသော မြင်ကွင်းကြောင့် ဘေးနားတွင် ပျံသန်းနေသော ထောင်ဝမ် မသိမသာ အံ့အားသင့်သွားခဲ့သည်။
"မိတ်ဆွေလော့က မှော်အတတ်ပညာပိုင်းမှာ အတော်ကျွမ်းကျင်တယ်လို့ သတင်းကြားဖူးပါတယ်၊ ဒီလို သေးငယ်တဲ့ လေခွင်းအတတ်ကိုတောင် ဒီအဆင့်အထိ အသုံးချနိုင်မယ်လို့ ကျွန်မ မျှော်လင့်မထားမိခဲ့ဘူး...."
လော့ချန် နှိမ့်ချစွာ ပြုံးလိုက်သည်။ ထို့နောက် ရှေ့တွင် မိုးထိအောင် မြင့်မားနေသော တောင်ကြီးကို ကြည့်ရင်း အံ့ဩစွာ မေးလိုက်သည်။
"ပြိုင်ပွဲက ဒီတောင်ပေါ်မှာ ကျင်းပမှာလား"
"မဟုတ်ဘူး"
ထောင်ဝမ်က ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။
"ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ အတွင်းပိုင်းမှာ ကျင်းပမှာပါ"
"ဗျာ...."
လော့ချန် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။ သူတို့ ယခုရောက်ရှိနေသည့်နေရာသည် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ အတွင်းပိုင်းသို့ မရောက်သေးသည်ဟု ဆိုလိုနေသလော။
မကြာမီအချိန်အတွင်းမှာပင် သူသည် ဆေးလုံးစိမ်းချိုင့်ဝှမ်း ဟူသော အမည်၏ အဓိပ္ပာယ်ကို အမှန်တကယ် နားလည်သဘောပေါက်သွားခဲ့တော့သည်။
ယွမ်ဟွာတောင်ကို ကျော်ဖြတ်လိုက်သည့်အခါတွင် လောကတစ်ခုလုံး ပြောင်းလဲသွားသကဲ့သို့ သူ ခံစားလိုက်ရသည်။ မျက်စိတစ်ဆုံး မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်မှာ ကြီးမားကျယ်ပြန့်လှသော ချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်သည်။
ထိုနိမ့်ဆင်းလျက်ရှိသော မြေမျက်နှာသွင်ပြင်ကြီးကို မြင်လိုက်ရသည့်အခါ သူ မျက်လုံးများပင် ပြူးကျယ်သွားခဲ့ရသည်။
"တကယ်ပဲ ဒီလိုမျိုးကြီးလား...."
ထောင်ဝမ်က ခပ်တိုးတိုး ပြုံးလိုက်ရင်း "အင်း.... ဒီလိုမျိုးပဲ" ဟု ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။
မျက်စိတစ်ဆုံး မြင်တွေ့နေရသည်မှာ အရပ်မျက်နှာ ငါးခုစီတွင် တည်ရှိနေသော မြင့်မားလှသည့် တောင်ကြီးငါးလုံးပင် ဖြစ်သည်။ ထိုတောင်ငါးလုံးသည် အလယ်ဗဟိုကို ဝန်းရံထားသကဲ့သို့ တိတိကျကျ စီမံတည်ဆောက်ထားသည့် ပုံစံမျိုးဖြင့် တည်ရှိနေကြသည်။
အလယ်ဗဟိုတွင်မူ နန်းတော်အဆောက်အဦးအစုအဝေးများ များပြားစွာ တည်ရှိနေကြသည်။ ပြာသာဒ်များ၊ မျှော်စင်များ၊ ကြာရေကန်များနှင့် ဥယျာဉ်များမှာ နေရာအနှံ့အပြားတွင် ပြန့်ကျဲတည်ရှိနေကြ၏။
အလင်းတန်းများမှာလည်း ထိုတောင်ငါးလုံးကြားတွင် အဆက်မပြတ် ဝင်ထွက်သွားလာနေကြပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသည့် လှိုင်းလုံးများကဲ့သို့ လှုပ်ရှားနေသည်။ ထို့အပြင် ချိုင့်ဝှမ်းအတွင်း၌ ချီစွမ်းအင်များမှာ အခိုးအငွေ့သဖွယ် ထူထပ်စွာ ပြည့်နှက်နေပြီး အစီအရင်တစ်ခုက ပိတ်ဆို့ထားသကဲ့သို့ အတွင်း၌သာ စုစည်းကိန်းအောင်းနေသည်။ ချီစွမ်းအင်၏ သိပ်သည်းဆမှာ လွန်စွာအံ့ဩဖွယ်ကောင်းလှသည်။
"တကယ်ပဲ ဂိုဏ်းကြီးတွေဆိုတာ ဒီလိုမျိုးကိုး...."
လော့ချန် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ သူ့အထင် မမှားပါက ဤချိုင့်ဝှမ်းအတွင်းရှိ ချီစွမ်းအင်သိပ်သည်းဆသည် ဒုတိယအဆင့် ဝိညာဉ်ကြော၏ အဆင့်အတန်းကိုပင် ကျော်လွန်နေခဲ့သည်။ ထျန်းလန်တောင်ရှိ သာမန်ဒုတိယအဆင့် ဂူဗိမာန်များနှင့် နှိုင်းယှဉ်လျှင် ဤနေရာသည် အဆများစွာသာလွန်နေသည်။ ထို့အပြင် ပတ်ဝန်းကျင်ရှိ တောင်ငါးလုံးတွင် ချီစွမ်းအင်မှာ ဆယ်ဆမက ပိုမိုသိပ်သည်းနေပြီး တောင်တစ်လုံးချင်းစီသည် သီးခြား တတိယအဆင့် ဝိညာဉ်ကြောတစ်ခုနှင့် များစွာ မကွာခြားလှပေ။
"ငါတို့ဂိုဏ်းရဲ့ အခြေတည်ကျင့်ကြံသူတွေက တစ်နှစ်ပတ်လုံး ဒီချိုင့်ဝှမ်းထဲမှာပဲ နေထိုင်ကြတာ"
ထောင်ဝမ်က ဆက်လက်ရှင်းပြလိုက်သည်။
"ယွမ်ဟွာတောင်၊ လုံရှို့တောင်၊ ချင်ယွင်တောင်၊ တန်ရန်တောင်နဲ့ လော့ကျားတောင်.... ဒီတောင်ငါးလုံးထဲမှာ တတိယအဆင့် ဝိညာဉ်ကြောတွေ ကိန်းအောင်းနေကြတယ်"
"ဒါကြောင့် ရွှေအမြုတေဖွဲ့စည်းပြီးသား ဆရာကြီးတွေမှသာ ဒီနေရာတွေမှာ နေထိုင်ခွင့်ရှိတာ"
"သဘာဝကျကျ ပြောရရင် သူတို့ရဲ့ တပည့်အဖြစ် သတ်မှတ်ခံရရင်တော့ တစ်ခါတလေ ဒီတတိယအဆင့် ဝိညာဉ်ကြောထဲ ဝင်ပြီး ကျင့်ကြံခွင့်ရတယ်"
ထောင်ဝမ်၏ အသံထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ ရောယှက်နေသည်။
လော့ချန်သည် အနားကပ်၍ သေချာစွာ ကြည့်လိုက်ရင်း အမှန်တကယ်ပင် အံ့အားသင့်သွားခဲ့သည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ သိမ်းပိုက်ထားသည့် ဤဝိညာဉ်ကြောမြေသည် ကျယ်ပြန့်ရုံသာမက ဖွဲ့စည်းပုံပါ လွန်စွာ စနစ်ကျလှသည်။ ပြင်ပရှိ ရှောင်နန်တောင်ကဲ့သို့ ကွဲကြေနေသော ဝိညာဉ်ကြောငယ်များကို ထည့်မတွက်လျှင်ပင်၊ ဤတောင်ငါးလုံးတည်းကပင် များစွာသော အရင်းအမြစ်များကို နှစ်စဉ်နှစ်တိုင်း ရှာဖွေပေးနိုင်မည်မှာ သေချာသည်။ ထိုတောင်ငါးလုံးကြောင့် ဤချိုင့်ဝှမ်းအတွင်းရှိ ချီစွမ်းအင်သိပ်သည်းဆမှာလည်း အချိန်နှင့်အမျှ မြင့်မားလာမည်မှာ မလွဲမသွေပင် ဖြစ်သည်။
ထောင်ဝမ်က ဆက်လက်၍ ရှင်းပြလာသည်။
"လွန်ခဲ့တဲ့ နှစ်လေးရာက နယ်မြေချဲ့ထွင်စစ်ပွဲမှာ ငါတို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ အကြီးအကဲတွေ ဒီနေရာကို သိမ်းပိုက်ခဲ့ကြတာ၊ သူတို့က လျှို့ဝှက်အတတ်ပညာတွေကို သုံးပြီး တောင်တန်းနဲ့ မြေကမ္ဘာရဲ့ အရှိန်အဝါတွေကို ချိတ်ဆက်လိုက်တယ်၊ တောင်တွေကိုရွှေ့ ပင်လယ်တွေကို ဖို့ပစ်ပြီး ဒီတောင်ငါးလုံးနဲ့ ဝန်းရံထားတဲ့ ချိုင့်ဝှမ်းကို ဖန်တီးခဲ့ကြတာ၊ အခု နှစ်ပေါင်းရာချီ ကြာပြီးသွားပြီမို့ ဒီနေရာက ဒုတိယအဆင့် အကန့်အသတ်ကို ရောက်နေပြီ"
သူမ၏ မျက်လုံးထဲတွင် မျှော်လင့်ချက်အလင်းတန်းလေးတစ်ခု ထွက်ပေါ်လာသည်။
"နောင်နှစ်ပေါင်းထောင်ချီကြာလာရင်တော့ စတုတ္ထအဆင့် ဝိညာဉ်ကြောအဖြစ် အဆင့်တက်သွားနိုင်တယ်၊ အဲ့ဒီအချိန်ကျရင် ငါတို့ဂိုဏ်းမှာ ဝိညာဉ်သန္ဓေတည်ကျင့်ကြံသူကြီးတစ်ဦးပေါ်လာရင်တောင် တခြားနေရာတွေကို သွားပြီး ဝိညာဉ်ကြောရှာစရာမလိုတော့ဘူး"
ထိုမျှကြီးမားလှသော အနာဂတ်ရည်မှန်းချက်များနှင့် အစီအစဉ်များကို နားထောင်လိုက်ရသည့်အခါ လော့ချန်သည်ပင် အလွန်အမင်း တုန်လှုပ်သွားခဲ့ရသည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ ဘိုးဘေးများ၏ ရည်မှန်းချက်ကား အမှန်တကယ်ပင် ကြီးမားလွန်းလှပေသည်။ သူတို့သည် တောင်များကို ရွေ့ပြောင်းကာ ပင်လယ်များကို ဖို့ပစ်ခဲ့ကြသည်။ ထို့နောက် တောင်ငါးလုံးဖြင့် ဝန်းရံထားသော ဤကြီးမားလှသည့် ချိုင့်ဝှမ်းကြီးကို တည်ဆောက်ခဲ့ကြသည်။ ထိုမျှမက သူတို့၏ ရည်မှန်းချက်မှာ ဤဒေသတစ်ခုလုံးကို စတုတ္ထအဆင့် ဝိညာဉ်ကြောအဖြစ် ပြောင်းလဲနိုင်ရန်ပင် ဖြစ်သည်။
ရုတ်တရက် လော့ချန်၏ စိတ်ထဲတွင် ချင်ယွမ်ဇီကျမ်းစာမှ ဆေးဖော်ပညာရပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဒီဆေးလုံးစိမ်းချိုင့်ဝှမ်းကြီးကိုလည်း ဆေးလုံးတစ်လုံးလို မသတ်မှတ်နိုင်ဘူးလား....”
တတိယအဆင့် ဝိညာဉ်ကြောများဖြင့် တည်ဆောက်ထားသော ထိုတောင်ငါးလုံးသည် မီးဖိုတစ်ခုကဲ့သို့ လုပ်ဆောင်နေကြသည်။ ၎င်းတို့သည် အဆက်မပြတ် ချီစွမ်းအင်ကို ထုတ်လွှတ်ပေးနေကြပြီး ချိုင့်ဝှမ်းကြီးတစ်ခုလုံးကို ပိုမိုမြင့်မားသော အဆင့်သို့ တဖြည်းဖြည်း မြှင့်တင်ပေးနေသည်။
နောက်ဆုံးတွင် ဤတောင်ငါးလုံးသည် ကန့်သတ်ချက်ကို ကျော်လွန်ပြီး စတုတ္ထအဆင့် ဝိညာဉ်ကြောအဖြစ် ပြောင်းလဲသွားနိုင်မည်ဟု လော့ချန် ခံစားလိုက်ရသည်။
ထိုအတွေးကြောင့် သူ၏ စိတ်ဝိညာဉ်ပင် တုန်လှုပ်သွားခဲ့ရသည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ဆေးဖော်ပညာရပ်သည် သာမန်ဆေးလုံးဖော်ခြင်းအဆင့်ကို ကျော်လွန်နေခဲ့ပြီဖြစ်သည်။ ၎င်းတို့သည် ဝိညာဉ်ကြောတစ်ခုလုံးကိုပင် ဖော်စပ်နေခြင်း ဖြစ်သည်။
အတွေးများထဲတွင် နစ်မြောနေစဉ်မှာပင် နှစ်ဦးသား၏ ပျံသန်းနှုန်းသည် အလွန်လျင်မြန်လှသဖြင့် မကြာမီအချိန်အတွင်း၌ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ အလယ်ဗဟိုသို့ ရောက်ရှိသွားခဲ့သည်။
အောက်သို့ ဆင်းသက်လိုက်သည်နှင့်တစ်ပြိုင်နက် မြေပြင်သည် လွန်စွာကျယ်ပြန့်ပြန့်ပြူးလှသော စင်မြင့်ကွင်းပြင်တစ်ခု ဖြစ်နေသည်ကို တွေ့ရသည်။
လော့ချန် အံ့အားသင့်စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်။ ဝေးကွာလှသောနေရာများတွင် အရပ်မျက်နှာအသီးသီး၌ ကွဲပြားစွာ တည်ရှိနေသော မြင့်မားလှသည့် စင်မြင့်ကိုးခုကို တွေ့လိုက်ရသည်။ ထိုစင်မြင့်များ၏ အပေါ်ပိုင်းတွင် ဝိညာဉ်အလင်းတန်းများ ထူထပ်စွာ ဖုံးလွှမ်းနေသဖြင့် အတွင်းပိုင်းအခြေအနေကို မည်သို့မျှ မမြင်နိုင်ပေ။
"ဒါက...."
ထောင်ဝမ်သည် ထိုစင်မြင့်များကို တစ်ချက်မျှကြည့်ရင်း
"ဒါက ဂိုဏ်းမျိုးဆက်ပြိုင်ပွဲ ကျင်းပမယ့် စင်မြင့်တွေ…. တကယ်လို့ ဂိုဏ်းမျိုးဆက်ရာထူးကို ယူချင်တယ်ဆိုရင် အရင်ဆုံး ဒီစင်မြင့်တစ်ခုကို ရွေးပြီး ကိုးရက်တိုင်တိုင် ကာကွယ်ထားနိုင်ရမယ်၊ အဲ့ဒီလိုမှသာ ရွေးချယ်ခံမျိုးဆက်ဆိုတဲ့ အဆင့်ကို ရနိုင်မှာ"
ရွေးချယ်ခံမျိုးဆက်ဟူသော အဆင့်သည် ဂိုဏ်းမျိုးဆက်အာဏာလုပွဲ ကျင်းပနေစဉ်အတွင်းသာ ပေါ်ပေါက်လာသည့် ယာယီအဆင့်အတန်းတစ်ခု ဖြစ်သည်။ သို့သော် ထိုအဆင့်သို့ ရောက်ရှိရန်မှာ မလွယ်ကူလှချေ။ ရွေးချယ်ခံမျိုးဆက်အဆင့်သို့ ဝင်ရောက်နိုင်ခြင်းသည်ပင် ဂိုဏ်းရှိ အထက်လူကြီးများ၏ အာရုံစိုက်မှုကို ရရှိစေပြီး နောက်ပိုင်းတွင် ရှုံးနိမ့်ခြင်းမရှိသရွေ့ အရင်းအမြစ်များ ပိုမိုရရှိနိုင်သည့် အခွင့်အရေးတစ်ခု ဖြစ်လာသည်။ အမှန်စင်စစ် ဆေးလုံးစိမ်းချိုင့်ဝှမ်းရှိ ရွှေအမြုတေအဆင့် ကျင့်ကြံသူအများစုသည် ဤနည်းလမ်းမှတစ်ဆင့် အဆင့်တက်လာခဲ့ကြခြင်း ဖြစ်သည်။ မျိုးဆက်ရာထူးကို တိုက်ရိုက်ရယူခြင်းမှ မဟုတ်ဘဲ ရွေးချယ်ခံအဆင့်မှ တဖြည်းဖြည်း အထက်သို့ တက်လှမ်းခဲ့ကြခြင်း ဖြစ်သည်။
ထောင်ဝမ်သည် ဆက်လက်ရှင်းပြနေရင်း အသံလွှင့်မှော်စာရွက်တစ်ခုကို ထုတ်ယူလိုက်လေသည်။
ခဏအကြာတွင် ကျင့်ကြံသူတစ်ဦး ပျံသန်းရောက်ရှိလာခဲ့သည်။
"အစ်မထောင်"
ထောင်ဝမ်က အမိန့်ပေးလိုက်သည်။
"ချူဟွိုင်၊ မြေအောက်မီးတောက်ကို ချိတ်ဆက်လိုက်…. ပြီးတော့ စမ်းသပ်အသုံးပြုမယ့် ဆေးအိုးကို ထုတ်ပေးဦး၊ ငါ ဖိတ်ကြားထားတဲ့ ဆေးဖော်ဆရာကို ဒီကွင်းပြင်နဲ့ ရင်းနှီးအောင် အရင်လုပ်ဖို့လိုတယ်"
ချူဟွိုင်ဆိုသူသည် လော့ချန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ၏ သိုလှောင်အိတ်ထဲမှ အစိမ်းရောင် ဆေးအိုးငယ်တစ်လုံးကို ထုတ်ယူလိုက်၏။ ချီစွမ်းအင် ထည့်သွင်းလိုက်သည့်အခါ ထိုဆေးအိုးသည် ချက်ချင်းပင် လူတစ်ရပ်ခန့်အထိ ကြီးထွားလာခဲ့သည်။
လော့ချန်ပိုင်ဆိုင်သော နှင်းဧကရာဇ်ဆေးအိုးနှင့် နှိုင်းယှဉ်လျှင် ၎င်းသည် အလွန်သေးငယ်လှသော်လည်း ထွက်ပေါ်လာသော အရှိန်အဝါကမူ လော့ချန်အား ချက်ချင်း မျက်မှောင်ကြုတ်စေခဲ့သည်။
“အဆင့်မြင့် မှော်လက်နက်လား.... ဒါမှမဟုတ် ထိပ်တန်းအဆင့်လား”
သူ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပိုမိုအံ့အားသင့်သွားခဲ့သည်။
“မဟုတ်ဘူး....”
“ဒါက.... မှော်ရတနာရဲ့ အရှိန်အဝါမျိုးနဲ့တောင် နီးစပ်နေတယ်....”
ဤမငြိမ်မသက်လှုပ်ရှားနေသော မှော်လက်နက်၏ အရှိန်အဝါကို ခံစားမိလိုက်သည့်အခါ လော့ချန်၏ အာရုံမှာ တစ်ခဏအတွင်း စုစည်းသွားခဲ့ရသည်။ ထိုအခိုက်အတန့်တွင် ချူဟွိုင်ကလည်း လက်ထဲရှိ လုပ်ငန်းစဉ်ကို မရပ်တန့်ဘဲ မြေအောက်မီးတောက်၏ လမ်းကြောင်းကို ဆက်လက် ချိတ်ဆက်နေရင်း လော့ချန်ဘက်သို့ လှည့်ကာ ရှင်းပြလာသည်။
"မိတ်ဆွေ သိထားဖို့ကတော့ ဒီဆေးအိုးက ကျွန်တော်တို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ ဂိုဏ်းထိပ်သီးရတနာတစ်ခုပါ"
ထိုစကားကို ကြားလိုက်ရသည့်အခါ လော့ချန် ခဏတာ ဆွံ့အသွားခဲ့သည်။ ဤသို့သော ဂိုဏ်း၏ အထွတ်အထိပ်ရတနာကို အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးက လွယ်လင့်တကူ ကိုင်တွယ်ထိန်းချုပ်နေရသည်ဆိုသည်မှာ အမှန်တကယ် ဖြစ်နိုင်ပါသလော။
‘ဒါက ငါ့ကို နောက်နေတာလား....’
ထိုအတွေးပင် မဆုံးခင် ထောင်ဝမ်က ခေါင်းကို ဖြည်းညှင်းစွာ ယမ်းလိုက်ပြီး ဝင်ပြောလာသည်။
"ဒါက တကယ်ပဲ ဂိုဏ်းထိပ်သီးရတနာပါ၊ ပုလဲပြာဆေးအိုးရဲ့ မျိုးဆက်ဆေးအိုးတွေထဲက တစ်အိုးပေါ့"
‘မျိုးဆက်ဆေးအိုး....’
လော့ချန်၏ မျက်ခုံးများ တွန့်သွားရသည်။ သူ သိထားသလောက် ဆေးလုံးစိမ်းချိုင့်ဝှမ်းတွင် ထိပ်တန်းအဆင့်ရှိသော ဆေးအိုးတစ်အိုး ရှိသည်။ ထိုဆေးအိုးသည် နတ်တစ္ဆေတောင်ကြားဂိုဏ်း၏ မိစ္ဆာချုပ်နန်းဆောင်နှင့်ပင် တန်းတူနီးပါး အစွမ်းထက်သည့် ရတနာတစ်ခု ဖြစ်သည်။
သို့သော် မျိုးဆက်ဆေးအိုး ဆိုသည့် အယူအဆကိုမူ လော့ချန် တစ်ခါမျှ မကြားဖူးခဲ့ပေ။ ထို့ထက် ပို၍ စိတ်ဝင်စားစရာကောင်းသည်မှာ မျိုးဆက်ဆေးအိုးရှိနေသည်ဆိုလျှင် မိခင်ဆေးအိုးလည်း ရှိရမည်မဟုတ်ပါလော။
ထောင်ဝမ်သည် လော့ချန်၏ သံသယကို ရိပ်မိသွားသည်အလား ရှင်းပြလာသည်။
"ငါတို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းမှာ လွန်ခဲ့တဲ့ နှစ်ထောင်ချီကတည်းက အမွေဆက်ခံလာတဲ့ အဆင့်မြင့် မှော်ရတနာတစ်ခု ရှိတယ်၊ အဲဒါကို မိခင်နဲ့ သားသမီး ချိတ်ဆက်ဖန်တီးထားတဲ့ နည်းလမ်းနဲ့ ပြုလုပ်ထားတာ၊ မိခင်ဆေးအိုး ပုလဲပြာဆေးအိုးကြီးတစ်အိုး၊ နောက်ပြီး ပုလဲမျိုးဆက်ဆေးအိုး သုံးဆယ့်ခြောက်အိုးအဖြစ် ခွဲထားတာ"
သူမ၏ အသံထဲတွင် မိမိဂိုဏ်းအပေါ် ဂုဏ်ယူမှုတစ်စုံတစ်ရာ ထင်ဟပ်နေသည်။
"အတိတ်တုန်းက ငါတို့ အကြီးအကဲတွေက အဲ့ဒီရတနာကို သုံးပြီး ရွှေအမြုတေအဆင့်မှာပဲ စတုတ္ထအဆင့် ဆေးလုံးတွေကို ဖော်စပ်နိုင်ခဲ့ကြတယ်၊ အဲဒါကြောင့် တစ်ခေတ်တစ်ခါမှာ နာမည်ကြီးခဲ့ဖူးတာပဲ”
“အခု ဒုတိယပွဲစဉ် ဆေးဖော်ပြိုင်ပွဲမှာတော့ မျှတမှုရှိစေဖို့ အားလုံးကို တူညီတဲ့ မျိုးဆက်ဆေးအိုးနဲ့ တူညီတဲ့ မြေအောက်မီးတောက်ပဲ အသုံးပြုခိုင်းတယ်၊ တန်ရန်ဇီလို လူမျိုးတောင် သူ့ကိုယ်ပိုင် မီးလျှံကို မသုံးနိုင်ဘူး"
လော့ချန် တိတ်တဆိတ် ခေါင်းညိတ်လိုက်မိသည်။ ထိုစည်းမျဉ်းသည် ကွာခြားချက်ကို အနည်းဆုံးအထိ လျှော့ချထားသည့် စည်းမျဉ်းတစ်ခုဖြစ်ကြောင်း သူ ချက်ချင်း နားလည်သွားခဲ့သည်။
ထိုအချိန် ချူဟွိုင်ကလည်း ဝင်၍ ဖြည့်စွက်ပြောလိုက်သည်။
"အစ်မထောင် ပြောတာ မှန်ပါတယ်၊ ပုလဲပြာဆေးအိုးက အရှေ့ပိုင်းလွင်ပြင်ရဲ့ နယ်မြေ ၃၆ ခု ထဲမှာ နာမည်ကြီးတဲ့ ရတနာတစ်ခုပါ၊ ဆေးဘုရင်ဂိုဏ်းရဲ့ နေလဆေးအိုးနဲ့ ဖုန်းဟွာနန်းတော်ရဲ့ ရှန်ဖုန်းဆေးအိုးတို့အောက်မှာပဲ ရှိတာ"
"ဒါပေမယ့် စွမ်းဆောင်ရည်ကတော့ လုံးဝ မနိမ့်ပါဘူး"
လော့ချန်သည် အတွေးထဲတွင် ထိုမြင်ကွင်းကို ပုံဖော်မိသည်။ တစ်ဖက်တွင် မိခင်ဆေးအိုးကြီးတစ်အိုး၊ အခြားတစ်ဖက်တွင်မူ သုံးဆယ့်ခြောက်အိုးသော ဆေးအိုးများ တစ်ပြိုင်နက် လှုပ်ရှားနေပြီး ဆေးဖော်ဆရာများက ချီစွမ်းအင်ကို တစ်ပြိုင်နက်တည်း ထည့်သွင်းနေကြသည်။ ထိုမြင်ကွင်းက စနစ်တကျ ဖွဲ့စည်းပုံတစ်ခုကို ပြသနေသည်။
"ဒီနေ့တော့ တကယ်ပဲ အမြင်ကျယ်သွားပြီ"
လော့ချန် တိတ်တဆိတ် ရေရွတ်လိုက်ပြီးနောက် ချူဟွိုင် ပေးလာသော ကျောက်စိမ်းပြားကို လက်ခံလိုက်သည်။ ထိုအခိုက်အတန့်တွင် မြေအောက်လိုဏ်ဂူအတွင်းမှ မီးတောက်လေးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ချူဟွိုင်က လော့ချန်အား ကြည့်ရင်း
"မိတ်ဆွေ.... ဒီလုပ်ငန်းစဉ်အတွက် လက်ထောက်တွေ၊ မီးထိန်းသူတွေ မလိုတော့ဘူးလား"
ထောင်ဝမ်လည်း တိတ်တဆိတ် စောင့်ကြည့်နေသည်။ သူမ၏ မျက်ဝန်းထဲတွင် စိုးရိမ်စိတ်နှင့် စူးစမ်းလိုစိတ်များ ရောယှက်နေသည်။
"လော့ချန်.... ငါတို့ ထောင်မျိုးနွယ်စုမှာ ပထမအဆင့် ဆေးဖော်ဆရာတွေ အများကြီးရှိတယ်၊ မင်းကို ကူညီနိုင်ပါတယ်၊ မလုံလောက်သေးရင် ထောင်ရိရှန်းကိုတောင် ခေါ်ပေးလို့ရတယ်"
သို့သော် ထိုစကားများအားလုံးကို နားထောင်ပြီးနောက် လော့ချန်၏ မျက်နှာပေါ်တွင် ယုံကြည်ချက်အပြည့်ရှိသော အပြုံးတစ်ခုသာ ပေါ်လာခဲ့သည်။
သူ ခေါင်းကို ဖြည်းညှင်းစွာ ယမ်းရင်း ပြောလိုက်သည်။
"မလိုပါဘူးဗျာ”
“ကျွန်တော် တစ်ယောက်တည်းနဲ့ လုံလောက်ပါတယ်"