အခန်း (၄၇၃-၄၇၄)
Vol. 48 Ch. 473-474
အခန်း (၄၇၃) - မာနခဲ ရှန်ကွမ်းယန်နှင့် သစ္စာဖောက် ဆရာကြီး
ဆေးဖော်လမ်းစဉ်ဟူသည်ကား ပါရမီတစ်ခုတည်းဖြင့် အောင်မြင်နိုင်သော လမ်းစဉ်မဟုတ်ပေ။ ထိုလမ်းကြောင်းအတွင်းသို့ ဝင်ရောက်နိုင်ရန်အတွက် သာမန်လူတို့ မလုပ်နိုင်သော များပြားလှသည့် ထပ်ခါထပ်ခါ လေ့ကျင့်ဖော်စပ်မှုများ၊ မရေတွက်နိုင်သော အတွေ့အကြုံများ လိုအပ်လှပေသည်။
အလေ့အကျင့်က ကျွမ်းကျင်မှုကို ဖြစ်ပေါ်စေသည်။
ကျွမ်းကျင်မှုက စိတ်ကူးသစ်များကို မွေးဖွားစေသည်။
စိတ်ကူးသစ်များက အံ့အားသင့်ဖွယ် အောင်မြင်မှုများကို ဖြစ်ပေါ်စေသည်။ ထိုအံ့အားသင့်ဖွယ်များမှတစ်ဆင့်သာ လမ်းစဉ်ထဲသို့ ထဲထဲဝင်ဝင် ဝင်ရောက်နိုင်ပေသည်။
ဆေးဖော်လမ်းစဉ်တွင် ပါရမီတစ်ခုတည်းသာရှိပြီး ကြိုးစားအားထုတ်မှု မရှိပါက ထိုသူသည် အမည်သာရှိ၍ အနှစ်သာရမဲ့သော လူတစ်ဦးသာ ဖြစ်ပေလိမ့်မည်။ ထိုသို့သောသူတို့သည် အောင်မြင်မှုကြီးကြီးမားမားကို မည်သို့မျှ မရယူနိုင်ကြပေ။ ထို့အတူ ကြိုးစားအားထုတ်မှုသာရှိပြီး ပါရမီကင်းမဲ့နေပါကလည်း ဤလမ်းကြောင်းပေါ်တွင် ပန်းတိုင်နှင့်ဆန့်ကျင်ဘက်သို့သာ တစ်လှမ်းပြီးတစ်လှမ်း တိုးဝင်သွားခြင်း ဖြစ်ပေလိမ့်မည်။
ဤသည်မှာ ဆေးဖော်လမ်းစဉ်တစ်ခုတည်းအတွက်သာ မဟုတ်ဘဲ ကျင့်ကြံခြင်းလောက၏ အတတ်ပညာအများစုအပေါ်တွင်လည်း အလားတူပင်ဖြစ်၏။
အဆင့်မြင့် ဆေးဖော်ဆရာတစ်ဦး ဖြစ်လာလိုပါက မရေတွက်နိုင်သော ဆေးဖော်စပ်မှု အတွေ့အကြုံများမှာ မရှိမဖြစ် လိုအပ်လှပေသည်။ သို့သော်လည်း လူတစ်ဦးတည်း၏ အင်အားမှာ အမြဲ ကန့်သတ်ချက်ရှိနေသည်သာ ဖြစ်သည်။
ထို့ကြောင့် အစောပိုင်းအဆင့်များတွင် ဆေးဖော်ဆရာအများစုသည် မိမိ၏ အလေ့အကျင့်များကို နားလည်သော လက်ထောက်ကျင့်ကြံသူများ၏ အကူအညီကို ရယူထားတတ်ကြသည်။ မဟုတ်ပါက ဆေးဖော်စပ်ခြင်းမတိုင်မီ ပြင်ဆင်မှုများနှင့် ဆေးဖော်ပြီးနောက် သန့်ရှင်းသိမ်းဆည်းမှုလုပ်ငန်းများသည်ပင် လမ်းစပျိုးစ ဆေးဖော်ဆရာတစ်ဦးကို ပင်ပန်းနွမ်းနယ်သေဆုံးလုနီးအထိ တွန်းပို့နိုင်လောက်သည်။
လော့ချန်သည်လည်း ယခင်က ဆေးဖက်ဝင်ပစ္စည်းများ ဝယ်ယူခြင်း၊ သန့်စင်ခြင်း၊ ဆေးအိုးသန့်ရှင်းခြင်း၊ ဆေးလုံးရောင်းချခြင်း စသည့် လုပ်ငန်းစဉ်များအားလုံးကို သူတစ်ဦးတည်း ဒိုင်ခံလုပ်ခဲ့ရသဖြင့် နေ့ညမပြတ် ပင်ပန်းနွမ်းနယ်ခဲ့ရသည်။ ထို့ကြောင့် ဒုတိယအဆင့်နှင့် ထို့အထက် ဆေးဖော်ဆရာ အများစုမှာ တစ်ကိုယ်တော် ကျင့်ကြံသူများ မဟုတ်ကြတော့ပေ။ သူတို့သည် ဂိုဏ်း သို့မဟုတ် မျိုးနွယ်စုများ၏ အရင်းအမြစ်များဖြင့် ပျိုးထောင်ခံထားရသူများ သို့မဟုတ် မိမိကိုယ်ပိုင် လက်အောက်ခံအဖွဲ့အစည်းတစ်ခု ရှိနေသူများ ဖြစ်ကြသည်။
ယခုအခါ လော့ချန်က “တစ်ယောက်တည်း လုံလောက်ပါတယ်” ဟု ပြောဆိုလာသည့်အတွက် ထောင်ဝမ်နှင့် ချူဟွိုင်တို့ အံ့အားသင့်သွားရသည်။
သို့သော် လော့ချန် မည်သည့်ရှင်းလင်းချက်မျှ မပေးခဲ့ပေ။ သူ စိတ်အာရုံကို အပြည့်အဝ စုစည်းကာ ပုလဲမျိုးဆက်ဆေးအိုးနှင့် ရင်းနှီးကျွမ်းဝင်အောင်သာ စတင်လုပ်ဆောင်နေခဲ့သည်။ အဆင့်မြင့် မှော်ရတနာဖြစ်သည့်အလျောက် ထိုဆေးအိုး၏ အရှိန်အဝါမှာ မတည်ငြိမ်သလို ဆက်တိုက် လှုပ်ရှားပြောင်းလဲနေသည်။ သာမန်အခြေအနေတွင် အဆင့်မြင့် မှော်လက်နက်အဆင့်သာ ရှိသော်လည်း လော့ချန်၏ ချီစွမ်းအင် ထည့်သွင်းမှုအောက်တွင် အတွင်းရှိ အစီအရင်နှစ်ခုက တဖြည်းဖြည်း နိုးထလာခဲ့သည်။
တစ်ခဏအတွင်းမှာပင် ၎င်း၏ အဆင့်အတန်းသည် ထိပ်တန်း မှော်လက်နက်အဆင့်သို့ တက်လှမ်းသွားခဲ့သည်။
ချူဟွိုင်၏ ရှင်းလင်းချက်အရ မိခင်ဆေးအိုးသာ ဤနေရာတွင် ရှိနေပါက ဤပုလဲမျိုးဆက်ဆေးအိုးများသည် အဆင့်နိမ့်မှော်ရတနာအဆင့်သို့ပင် တက်လှမ်းနိုင်သည်ဟု ဆိုသည်။ ထိုအယူအဆမှာ အမှန်တကယ်ပင် လွန်စွာ ထူးဆန်းလှပေသည်။
ထိုအချိန်တွင် ထောင်ဝမ်ကလည်း စကားစပ်၍ ပြောလာသည်။
"အခု ကျောက်စိမ်းအိုးနယ်မြေထဲမှာ မှော်ရတနာတွေက နေရာတိုင်းမှာရှိတယ်၊ ဒါပေမယ့် တကယ်နာမည်ကြီးတဲ့ ရတနာတွေကတော့ သိပ်မများဘူး….”
“ပုလဲပြာဆေးအိုး၊ မီးလျှံမဟာမိတ်ရဲ့ မီးလျှံယပ်တောင်၊ ရေခဲခံတပ်ရဲ့ လရောင်ကြေးမုံ၊ အိုက်လောင်တောင်ရဲ့ ကောင်းကင်တိုင်းပေတံ.... ဒါတွေ အားလုံးက အဆင့်မြင့် မှော်ရတနာတွေပဲ"
သူမ၏ အသံတွင် ဂုဏ်ယူမှုတစ်ရပ် မသိမသာ ပါဝင်နေသည်။
"တချို့မှော်ရတနာတွေက ဂိုဏ်းတစ်ခုရဲ့ အတက်၊အကျကိုတောင် ဆုံးဖြတ်ပေးနိုင်တယ်…. ပြီးတော့ တိုက်စစ်စွမ်းရည်ပါ ပိုင်ဆိုင်ထားကြတယ်၊ ကြားတာတော့ ကျောက်စိမ်းအိုးဓားဂိုဏ်းမှာလည်း အဆင့်မြင့်မှော်ရတနာ ဓားအမြုတေတွေရှိသလို၊ တောင်ခြေမှာ တစ်နှစ်ပတ်လုံး ဖုံးကွယ်ထားတဲ့ နတ်ဘုရားဆေးအိုးကြီးတစ်အိုးလည်း ရှိနေတယ်တဲ့"
လော့ချန်သည် ထိုထူးခြားလှသော အကြောင်းအရာများကို စိတ်ဝင်တစားဖြင့် နားထောင်နေမိသည်။ နားထောင်ရင်းနှင်းပင် သူ၏ အတွေးများမှာ တဖြည်းဖြည်း ဝေးလံလှသော အတိတ်တစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်။
တာဟဲဈေးမြို့တော်၌ ပေါ်ထွက်ခဲ့ဖူးသော ထိုမြင့်မားလှသည့် မျှော်စင်ကြီးကို သူ မသိမသာ ပြန်လည် တွေးတောမိလာခဲ့သည်။ ထိုအရာကား နတ်တစ္ဆေတောင်ကြားဂိုဏ်း၏ ယခင်က ဂိုဏ်းထိပ်သီးရတနာဖြစ်ခဲ့သော မိစ္ဆာချုပ်နန်းဆောင် ဖြစ်သည်။ ထိုရတနာသည်လည်း အဆင့်မြင့် မှော်ရတနာများထဲတွင် ထူးခြားလှသည့် အရာတစ်ခုဖြစ်ပြီး ယခုအခါ တိမ်ပြိုဂိုဏ်း၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ဝိညာဉ်သန္ဓေတည်အဆင့်သို့ တက်လှမ်းသွားသော ထိုဂိုဏ်းအကြီးအကဲနှင့် ပေါင်းစပ်လိုက်ပါက ၎င်း၏ စွမ်းအားသည် ယခင်ထက် မည်မျှအထိ မြင့်တက်သွားမည်ကို ခန့်မှန်းရခက်လှသည်။
အတွေးနက်နေစဉ်မှာပင် လော့ချန်သည် ပုလဲမျိုးဆက်ဆေးအိုးကို သုံးကာ သာမန်ဆေးဖက်ဝင်ပစ္စည်းအနည်းငယ်ဖြင့် စမ်းသပ်ဖော်စပ်ကြည့်ခဲ့သည်။ ထူးခြားဆန်းပြားသော လုပ်ဆောင်ချက်များ မရှိသော်လည်း အတွင်းပိုင်းရှိ အစီအရင်များသည် အလွန်တိကျစွာ လှုပ်ရှားနေပြီး ဆေးဖော်စပ်ခြင်းလုပ်ငန်းစဉ်ကိုသာ အဓိကကူညီပေးနေကြောင်း သူ ချက်ချင်း သဘောပေါက်လိုက်သည်။ ထိုသဘောတရားအရ မျိုးဆက်ဆေးအိုးသုံးဆယ့်ခြောက်အိုးသည် မိခင်ဆေးအိုးနှင့် ပူးပေါင်းကာ ဆေးလုံးတစ်လုံး ပုံပေါ်လာရန် တစ်ပြိုင်နက် အားဖြည့်ပေးနေခြင်းဖြစ်ပေမည်။ အခြားထူးဆန်းသော လုပ်ဆောင်ချက်များကို ဖယ်ရှားထားပြီး ဆေးဖော်စပ်ခြင်းတစ်ခုတည်းအတွက်သာ ရည်ရွယ်ထားသည့် ရတနာဖြစ်သည့်အတွက် လော့ချန်ကဲ့သို့ ဒုတိယအဆင့် ဆေးဖော်ဆရာတစ်ဦးအတွက် အံဝင်ခွင်ကျဖြစ်လှသည်။
"ဘာပြဿနာမှ မရှိတော့ဘူးမလား"
ထောင်ဝမ်က မေးမြန်းလိုက်သည်။
လော့ချန် ခေါင်းကို ဖြည်းညှင်းစွာ ညိတ်ပြလိုက်သည်။
ထို့နောက် ချူဟွိုင်က သူတို့နှစ်ဦးကို ခေါ်ဆောင်ကာ နာမည်စာရင်းသွင်းရန် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ အပြင်စည်းနန်းဆောင်သို့ ဦးတည်လိုက်သည်။
ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ဂိုဏ်းမျိုးဆက်အာဏာလုပွဲသည် ရာစုနှစ်များစွာတိုင်အောင် တည်ရှိလာခဲ့သဖြင့် လုပ်ငန်းစဉ်များမှာ အလွန်တိကျပြီး စနစ်တကျရှိလှသည်။ ပထမပွဲစဉ်တွင် ပြိုင်ပွဲဝင်တစ်ဦးစီသည် စင်မြင့်ကို ကာကွယ်ရန်အတွက် ကူညီမည့် လူသုံးဦးသာ ခေါ်ဆောင်ခွင့်ရှိသည်။ ဒုတိယပွဲစဉ်ဖြစ်သော ဆေးဖော်ပြိုင်ပွဲကိုမူ အပိုင်းသုံးပိုင်းဖြင့် ခွဲခြားထားသည်။
လမ်းခရီးတစ်လျှောက်တွင် ချူဟွိုင်က လော့ချန်အား အသေးစိတ် ရှင်းပြနေသည်။
"ပထမပိုင်းကတော့ အခြေခံကျွမ်းကျင်မှုကို စမ်းသပ်တာပါ၊ အားလုံးကို တူညီတဲ့ ဆေးဖက်ဝင်ကုန်ကြမ်းတွေ ပေးမယ်၊ အဲဒီကုန်ကြမ်းတွေကို ဘယ်လောက်မြန်မြန်နဲ့ ဘယ်လောက်သန့်စင်အောင် ပြုလုပ်နိုင်လဲဆိုတာနဲ့ အဆင့်သတ်မှတ်မယ်"
"ဒုတိယပိုင်းမှာတော့ ပထမအဆင့် ဆေးလုံးကို ဖော်စပ်ရမယ်၊ တတိယပိုင်းမှာတော့ ဒုတိယအဆင့် ဆေးလုံးကို ဖော်စပ်ရမယ်"
သူ ခဏရပ်ကာ ဆက်ရှင်းပြသည်။
"ဒီဆေးလုံးနှစ်မျိုးရဲ့ ဆေးနည်းတွေက အပြင်လောကမှာ မတွေ့ရလောက်တဲ့ အရာတွေပါ၊ အဲ့ဒါတွေကို ကျွန်တော်တို့ဂိုဏ်းရဲ့ တတိယအဆင့် ဆေးဖော်ဆရာကြီးတွေက တီထွင်ထားကြတာ၊ ပြိုင်ပွဲမစခင်မှာတော့ အပြင်လူတွေက ကတိကဝတ်စာချုပ်ကို ချုပ်ဆိုရမယ်၊ အဲဒါကတော့ ဒီဆေးနည်းတွေကို ပြင်ပကို ပေါက်ကြားအောင် မလုပ်ပါဘူး၊ စီးပွားရေးအရလည်း အသုံးမပြုဘူးဆိုတာပါ"
လော့ချန် ခေတ္တမျှ ဆွံ့အသွားခဲ့သည်။ ပြိုင်ပွဲမေးခွန်းအဖြစ် အသစ်ဖန်တီးထားသော ဆေးနည်းများကို အသုံးပြုခြင်းမှာ သူ မျှော်လင့်မထားသည့် အရာတစ်ခု ဖြစ်သည်။
သူ၏ အံ့အားသင့်နေသော အမူအရာကို မြင်သည်နှင့် ချူဟွိုင်က ပြုံး၍ ရှင်းပြလာသည်။
"ဒါက ကျွန်တော်တို့ဂိုဏ်း တည်ထောင်သူ ဘိုးဘေးကြီး ချမှတ်ထားတဲ့ စည်းကမ်းပါ၊ အဆင့်နိမ့်မေးခွန်းတွေကိုပဲ အမြဲအသုံးပြုနေတာမျိုး မဖြစ်စေချင်ဘူး၊ အနည်းဆုံးတော့ ပြိုင်ပွဲတိုင်းမှာ ဆေးနည်းအသစ်တစ်ခုတော့ ပါဝင်ရမယ်"
ထောင်ဝမ်ကလည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
"ဘိုးဘေးကြီးက ငါတို့ကို ဒီနေရာမှာပဲ ရပ်မနေစေချင်ဘူး၊ ဆေးဖော်လမ်းစဉ်မှာ အမြဲ တိုးတက်ပြောင်းလဲနေစေချင်လို့ ဒီစည်းကမ်းကို ချမှတ်ခဲ့တာပဲ"
ဤစကားများကို ကြားလိုက်ရသည့်အခါ လော့ချန် မချီးကျူးဘဲ မနေနိုင်တော့ပေ။ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ တည်ထောင်သူ ဘိုးဘေးကြီးကား အမှန်တကယ်ပင် စိတ်ကူးဉာဏ်ထက်မြက်လှသူတစ်ဦး ဖြစ်ပေသည်။
ရွှေအမြုတေ ဂိုဏ်းကြီးများစွာတို့သည် အမျိုးမျိုးသော အကြောင်းရင်းများကြောင့် သမိုင်း၏ မြစ်ရေစီးကြောင်းအတွင်း တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကြရသည်ကို လော့ချန် မကြာခဏ ကြားဖူးခဲ့သည်။ သို့ရာတွင် ဆေးလုံးစိမ်းချိုင့်ဝှမ်းကမူ ထိုကဲ့သို့သော လေပြင်းမုန်တိုင်းများကို အကြိမ်ကြိမ် ဖြတ်သန်းခဲ့ရသော်လည်း ပို၍ပို၍ပင် စည်ကားတိုးတက်လာခဲ့သည်။ တွေးကြည့်လျှင် ထိုအရာအားလုံးသည် ဘိုးဘေးကြီး ချမှတ်ထားခဲ့သော စည်းကမ်း၊ အခြေခံမူများနှင့် မကင်းနိုင်သည်မှာ သေချာပေသည်။
မကြာမီအချိန်အတွင်း၌ပင် စာရင်းသွင်းခြင်းနှင့် ကတိကဝတ်စာချုပ် ချုပ်ဆိုခြင်း လုပ်ငန်းစဉ်များအားလုံး ပြီးစီးသွားခဲ့သည်။ ချူဟွိုင်ကို အံ့အားသင့်စေခဲ့သည်မှာ လော့ချန်၏ ဘွဲ့နာမည် ‘တန်ချန်ဇီ’ ပင် ဖြစ်သည်။
“ဟောဗျာ…. လမ်းစဉ်ဘွဲ့ ပိုင်ဆိုင်ထားတဲ့ ဆေးဖော်ဆရာတစ်ဦးလား၊ ကြည့်ရသလောက်တော့ အစ်မထောင်က သာမန်မဟုတ်တဲ့ ဆေးဖော်ဆရာကြီးတစ်ဦးကို ဖိတ်ခေါ်နိုင်ခဲ့တာပဲ”
သူ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်ပြီးနောက် လော့ချန်အား အပြင်ဘက်သို့ ကိုယ်တိုင်လိုက်လံပို့ဆောင်ခဲ့သည်။ လမ်းလျှောက်လာရင်းပင် နောက်တစ်လအတွင်း ကျင်းပမည့် ပြိုင်ပွဲမတိုင်မီ သတိထားရမည့် အသေးစိတ်အချက်အလက်များကိုလည်း တစ်ဆင့်ချင်း ပြောပြပေးနေခဲ့သည်။
“ဒုတိယပွဲစဉ်က ပထမပွဲစဉ်ပြီးမှ ကျင်းပမှာမို့လို့ ကျွန်တော်တို့မှာ တစ်လလုံးလုံး အချိန်ရှိပါသေးတယ်.... ဒါပေမယ့် ပထမပွဲစဉ် မစခင်မှာကတည်းက ဂိုဏ်းအကြီးအကဲတွေက ပါဝင်ယှဉ်ပြိုင်မယ့် ဆေးဖော်ဆရာတွေကို ဆေးနည်းတွေ ကြိုပေးထားပါလိမ့်မယ်၊ အဲ့လိုမှ ပြင်ဆင်ချိန်ရမှာ ဖြစ်လို့ပါ”
“ဆေးဖော်ပြိုင်ပွဲသုံးပွဲမှာ တစ်ပွဲနိုင်ရင်တောင် လုံလောက်ပါတယ်.... နှစ်ပွဲနိုင်နိုင်မယ်ဆိုရင်တော့ အစ်မထောင်ရဲ့ ရွေးချယ်ခံဂိုဏ်းမျိုးဆက်အဆင့် သတ်မှတ်ချက်အတွက် အတော်လေး အကျိုးရှိပါလိမ့်မယ်”
သူ ခေတ္တရပ်ကာ ဆက်ပြောပြန်သည်။
“ပြောရမယ်ဆိုရင်.... သုံးပွဲစလုံးရဲ့ စုစုပေါင်းရလဒ်က ထိပ်ဆုံးသုံးယောက်ထဲ ဝင်နိုင်ခဲ့မယ်ဆိုရင်တော့ အစ်မထောင်ဝမ်ရဲ့ ရွေးချယ်ခံမျိုးဆက် အဆင့်သတ်မှတ်ချက်ကလည်း အနည်းဆုံး ထိပ်ဆုံးသုံးယောက်ထဲ သေချာပေါက် ဝင်သွားမှာပါ”
အခြေအနေများကား အလွန်အမင်း အသေးစိတ်ကျသလို တစ်ဖက်တွင်လည်း ရှုပ်ထွေးလွန်းလှသည်။
ထောင်ဝမ်၏ မျက်နှာအမူအရာမှာ မသိမသာလေးနက်သွားခဲ့သည်။ သူမ၏ လှပသော မျက်ဝန်းအစုံက လော့ချန်ဘက်သို့ ခဏခဏ လှည့်ကြည့်နေမိသည်။ သို့သော် သူမအတွက် စိတ်သက်သာရာရစေသည့်အရာမှာ လော့ချန်၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု သို့မဟုတ် ကြောက်ရွံ့မှု အရိပ်အယောင် စိုးစဉ်းမျှ မတွေ့ရခြင်းပင်။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏အမူအရာမှာ အလွန်တည်ငြိမ်အေးဆေးလွန်းသဖြင့် မကြာမီ တစ်လအကြာတွင် ကျင်းပမည့် ပြိုင်ပွဲကြီးအပေါ်တွင်ပင် မည်သည့်ဖိအားမျှ မရှိနေသကဲ့သို့ ထင်ရသည်။
သူတို့သုံးဦး စကားတပြောပြောဖြင့် တံခါးဝသို့ ရောက်ရှိလာသည့်အချိန်မှာပင် လှောင်ပြောင်သရော်သည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ခစ်ခစ်.... ကြည့်စမ်း၊ အဲ့တာ ဘယ်သူများလဲ.... ထောင်ဝမ် မဟုတ်လား”
ထိုအသံကို ကြားလိုက်ရသည်နှင့် ထောင်ဝမ်၏ မျက်နှာထားမှာ ချက်ချင်းအေးစက်တင်းမာသွားသည်။
“ရှန်ကွမ်းယန်....”
လော့ချန်လည်း ချက်ချင်းပင် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်မိသည်။
ထိုနေရာတွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရှိနေသည်။ ရှေ့ဆုံး၌ ရပ်နေသူမှာ ဝတ်ရုံဖြူဝတ် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမထံတွင် လော့ချန် ပထမဆုံးအကြိမ် ထောင်ဝမ်ကို တွေ့ခဲ့စဉ်ကကဲ့သို့ မာနထောင်လွှားသော အငွေ့အသက်တစ်မျိုး ထင်ထင်ရှားရှား ရှိနေသည်။ သို့သော် ထိုမာနအောက်တွင်မူ ပိုမိုပြင်းထန်လှသော အရှိန်အဝါတစ်မျိုး ပုန်းကွယ်နေသကဲ့သို့ လောကတစ်ခုလုံးကို သူမတစ်ဦးတည်း ပိုင်ဆိုင်ထားသည့်အလား အမူအရာမျိုး ပေါ်လွင်နေသည်။ အခြေတည်အဆင့် (၉) အရှိန်အဝါသည်လည်း မည်သို့မျှ ဖုံးကွယ်ထားခြင်းမရှိဘဲ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပြင်းထန်စွာ လွင့်ပျံနေသည်။
ဆေးလုံးစိမ်းချိုင့်ဝှမ်းသို့ မလာမီ ထောင်ရိရှန်း ပြောခဲ့ဖူးသည့်အတိုင်း ဤရှန်ကွမ်းယန်ဆိုသည့် မိန်းမသည် ထောင်ဝမ်၏ ဂိုဏ်းမျိုးဆက်နေရာကို လုယူမည့် အခြေအနေတွင် အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရပ်တည်နေသူဖြစ်သည်။ ယခုကြည့်ရသလောက် အခြားအရာများကို ချန်လှပ်ထားလျှင်ပင် ကျင့်ကြံခြင်းအဆင့်တစ်ခုတည်းအရ သူမသည် ထောင်ဝမ်ထက် မနိမ့်ကျကြောင်း ထင်ရှားနေသည်။
သူမသည် လော့ချန်၏ အကြည့်များကို သတိပြုမိသွားသည်အလား ခပ်ယဲ့ယဲ့ပြုံးကာ
“ဒီလူက ဟွမ်ဟယ်ဇီ နင်ကို သစ္စာဖောက်သွားပြီးတဲ့နောက် အစားထိုးဖို့ လူမရှိတော့လို့ ထျန်းလန်နတ်ဘုရားမြို့တော်အထိ သွားပြီး ခေါ်လာတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူလား”
ထိုစကားတစ်ခွန်းတည်းဖြင့် ထောင်ဝမ်ကို အများရှေ့တွင် စော်ကားလိုက်သလို လော့ချန်၏ အတိတ်ကိုပါ လှောင်ပြောင်သရော်လိုက်ခြင်းဖြစ်သည်။
ထောင်ဝမ်၏ မျက်နှာမှာ ပို၍ပင် အေးစက်တင်းမာသွားခဲ့သည်။
“ရှန်ကွမ်းယန်.... နင့်နှုတ်လျှာကတော့ အရင်အတိုင်း ထက်နေတုန်းပဲနော်၊ စင်မြင့်ပေါ်မှာလည်း နင့်ဓားက အဲ့လိုပဲ ထက်နေဦးမလားဆိုတာ ငါ သိချင်မိတယ်”
ရှန်ကွမ်းယန်ကမူ တဟားဟား ရယ်မောလိုက်ရင်း
“ဟွမ်ဟယ်ဇီတောင် မရှိတော့တဲ့အချိန်မှာ ဒီတစ်ကိုယ်တော်ကျင့်ကြံသူလေးကို အားကိုးပြီး နင် ဘယ်အဆင့်ထိ တက်နိုင်မလဲဆိုတာ ငါသိချင်မိတယ်.... ငါ့ရှေ့ကို မရောက်ခင် လမ်းတစ်ဝက်မှာ လဲကျသွားမှာကိုပဲ စိုးရိမ်မိတယ်”
ထောင်ဝမ် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သူမ၏ အကြည့်များသည် ရှန်ကွမ်းယန်၏ နောက်တွင် ရပ်နေသော သက်ကြီးပိုင်း အမျိုးသားထံ ရောက်သွားသည်။ ထိုသူကား သူမ၏ အကြည့်များကို ဆက်တိုက် ရှောင်ဖယ်နေခဲ့သည်။
“ကတိဖျက်ပြီး သစ္စာဖောက်သွားတဲ့ လူယုတ်မာပဲ…. ဒီလိုလူယုတ်မာက ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ ပါရမီရှင်ခုနစ်ဦးထဲက တစ်ဦးတဲ့၊ ဒါတောင် တန်ချန်ဇီနဲ့ ယှဉ်ချင်နေသေးတယ်…. ရယ်ရသားပဲ”
ထိုစကားကို ပြောပြီးနောက် ထောင်ဝမ်သည် လော့ချန်အား ခေါ်ဆောင်ကာ ထိုနေရာမှ လှည့်ထွက်သွားခဲ့တော့သည်။
အပြင်စည်းနန်းဆောင် တံခါးရှေ့တွင်မူ ဤဖြစ်ရပ်ကို သတင်းကြားသိ၍ လာရောက်ကြည့်ရှုနေကြသော ဆေးလုံးစိမ်းချိုင့်ဝှမ်း တပည့်များသည် ဟွမ်ဟယ်ဇီအား စူးစိုက်ကြည့်လိုက်ကြသည်။
ဟွမ်ဟယ်ဇီ၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့သည်။ ဒေါသကြောင့် သူ၏ မုတ်ဆိတ်မွှေးများပင် တုန်ခါနေခဲ့ရသည်။ သူ၏ တစ်သက်တာတွင် ယခုကဲ့သို့ လူအများရှေ့တွင် အရှက်ခွဲခံရခြင်းမျိုးကို တစ်ကြိမ်မျှ မကြုံဖူးခဲ့ပေ။
ရှန်ကွမ်းယန်၏ မျက်နှာအမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
တစ်ဖက်လူသည် သူမနှင့် အဓိပ္ပာယ်မဲ့သော စကားများ ပြောကာ အချိန်ဖြုန်းမနေခဲ့ပေ။ ထိုအစား လှံဦးကို ဟွမ်ဟယ်ဇီထံသို့ တိုက်ရိုက် ပစ်လွှတ်ခဲ့သည်။ ထိုလုပ်ရပ်က သူမ၏ အားနည်းချက်ကို အတိအကျ ထိမှန်သွားခဲ့သည်။
အကယ်၍ ဟွမ်ဟယ်ဇီသာ ထိုစကားများကြောင့် စိတ်ဓာတ်ကျဆင်းသွားခဲ့မည်ဆိုပါက သို့မဟုတ် ဂုဏ်သိက္ခာကို အလွန်အမင်း အလေးထားနေခဲ့မည်ဆိုပါက ပြိုင်ပွဲအတွင်း သူမအတွက် အင်အားအပြည့်ဖြင့် တိုက်ပွဲဝင်ပေးနိုင်တော့မည် မဟုတ်ပေ။ ထိုအခြေအနေမျိုး ဖြစ်လာပါက သူမ၏ အဆင့်သတ်မှတ်ချက်အပေါ် သက်ရောက်မှုရှိလာနိုင်သည်။
“ဆရာကြီး.... အဲ့မိန်းမရဲ့ စကားတွေကို စိတ်ထဲမထားပါနဲ့၊ သူက ဆရာကြီးအပေါ် အရင်ဆုံး သံသယဝင်ခဲ့တာပါ၊ အဲ့ဒါကြောင့် ဆရာကြီးက သစ္စာဖောက်ခဲ့တယ်ဆိုတဲ့ စကားက လုံးဝ မမှန်ပါဘူး”
ဟွမ်ဟယ်ဇီ၏ မျက်နှာထက်မှ ဒေါသရိပ်များမှာ အနည်းငယ် လျော့ပါးသွားခဲ့သည်။
ရှန်ကွမ်းယန်က ဆက်ပြောလိုက်သည်။
“ပြီးတော့ ကျွန်မကို နှုတ်လျှာကြမ်းတယ်လို့ ပြောခဲ့ပေမဲ့ အခုနက သူပြောသွားတဲ့ စကားတွေကရော နှုတ်ကြမ်းတာ မဟုတ်လို့လား…. ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ ပါရမီရှင်ခုနစ်ဦးထဲမှာ ဆရာကြီးက တကယ်ကို တော်တဲ့သူတစ်ယောက်ပါ…. ဒီတန်ချန်ဇီဆိုတဲ့လူက အသက်ငယ်ငယ်လေး ရှိသေးတာ…. မိခင်ဝမ်းထဲကတည်းက ဆေးဖော်နေခဲ့တယ်ဆိုရင်တောင် ဆရာကြီးနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”
ထိုစကားများကို ကြားရသောအခါ ဟွမ်ဟယ်ဇီ မသိမသာ ခေါင်းညိတ်လိုက်မိသည်။ သူ၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသည့် အမူအရာများ ပြန်လည်ပေါ်ထွက်လာခဲ့သည်။ ဆေးဖော်ပညာနှင့် ပတ်သက်လျှင် သူ့တွင် အမှန်တကယ်ပင် ခေါင်းမော့ရင်ကော့ပိုင်ခွင့် ရှိနေသည် မဟုတ်ပါလော။
ဟွမ်ဟယ်ဇီ၏ စိတ်အခြေအနေ ပြန်လည်ကောင်းမွန်လာသည်ကို မြင်လိုက်ရသောအခါ ရှန်ကွမ်းယန် မသိမသာ သက်ပြင်းချလိုက်မိသည်။ ဤအဘိုးကြီးသည် အမှန်တကယ်ပင် ကိုင်တွယ်ရ ခက်ခဲလှသည်။ ထောင်ဝမ် ဤအဘိုးကြီးအား မထိန်းသိမ်းနိုင်ခဲ့ခြင်းမှာလည်း အကြောင်းမဲ့မဟုတ်ပေ။ ယခုမှစ၍ မိမိအနေဖြင့် သူနှင့် ဆက်ဆံရာတွင် အနည်းငယ် သည်းခံပေးရပေလိမ့်မည်။ အထူးသဖြင့် ပြိုင်ပွဲကြီးအတွင်း ဤအဘိုးကြီး ပျော့ညံ့နေမည်ကို သူမ မည်သို့မျှ ခွင့်မပြုနိုင်ပေ။
ထိုကဲ့သို့သော အခြေအနေမျိုး ဖြစ်မလာစေရန် အကောင်းဆုံးနည်းလမ်းမှာ ကတိကဝတ်စာချုပ် အမြန်ဆုံး ချုပ်ဆိုထားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ရှန်ကွမ်းယန်သည် ချက်ချင်းပင် ဟွမ်ဟယ်ဇီကို ခေါ်ဆောင်ကာ အပြင်စည်းနန်းဆောင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
သူတို့ ထွက်ခွာသွားပြီးနောက် အနီးအနားတွင် ရပ်ကြည့်နေကြသော ကျင့်ကြံသူများလည်း တဖြည်းဖြည်း လူစုခွဲကာ ထွက်ခွာသွားကြတော့သည်။
သို့သော် မကြာမီပင် တိတ်တဆိတ် တီးတိုးပြောဆိုသံများက နေရာအနှံ့ ပျံ့နှံ့လာခဲ့သည်။
“အစ်မရှန်ကွမ်းက အစ်မထောင် ပြောခဲ့သလိုပဲ.... တကယ်ကို နှုတ်လျှာထက်လွန်းတယ်နော်”
“စကားနည်းနည်းလေးနဲ့တင် ဆက်ဆံရခက်တဲ့ အဘိုးကြီးဟွမ်ဟယ်ဇီကို ချက်ချင်း စိတ်ပြောင်းအောင် လုပ်နိုင်ခဲ့တာပဲ”
“တကယ်လို့ သူမသာ ဂိုဏ်းမျိုးဆက်ရာထူးကို ရယူနိုင်ခဲ့ပြီး ရွှေအမြုတေအဆင့်ကို ရောက်သွားမယ်၊ ပြီးတော့ ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ ဂိုဏ်းချုပ်ဖြစ်လာခဲ့မယ်ဆိုရင် ဘယ်လိုပုံစံမျိုး ဖြစ်လာမလဲ မသိဘူးနော်”
“ငါကတော့ အစ်မထောင်ကို ပိုသဘောကျတယ်၊ သူမက မာနကြီးပေမဲ့ စွမ်းရည်ကိုတော့ လျှော့တွက်လို့မရဘူး”
“ဟားဟား.... သူတို့နှစ်ယောက်လုံး မျှော်လင့်ချက် သိပ်မရှိပါဘူး၊ အစ်ကိုကြီးတန်ရန်ဇီက ဒီတစ်ကြိမ်လည်း ဝင်ပြိုင်ဦးမှာလေ၊ ဒီဆေးလုံးစိမ်းချိုင့်ဝှမ်းတစ်ခုလုံးမှာ သူ့ရဲ့ပြိုင်ဘက် ဘယ်သူရှိနိုင်မှာလဲ”
“မင်းပြောတာလည်း မှန်တယ်၊ ငါလည်း အစ်ကိုကြီးတန်ရန်ဇီဘက်ကပဲ”
....
လော့ချန်တို့လူစုသည် ယွမ်ဟွာတောင်ကို ကျော်ဖြတ်ကာ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြသည်။
ခဏကြာပြီးနောက် လော့ချန်က တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။
“အခုနက ကိစ္စအတွက် ကျေးဇူးတင်ပါတယ်”
ထောင်ဝမ်က သူ့ဘက်သို့ လှည့်ကြည့်လာသည်။
“ဘာအတွက် ကျေးဇူးတင်နေတာလဲ.... ငါ မင်းဘက်ကနေ ဝင်ပြောပေးခဲ့တာကိုလား”
သူမ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ဒါက ငါနဲ့လည်း သက်ဆိုင်တဲ့ ကိစ္စပဲလေ”
ထောင်ဝမ်က တည်ငြိမ်အေးဆေးသော အသံဖြင့် ပြန်ဖြေလိုက်သည်။
လော့ချန် ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသော်လည်း ထပ်မံ၍ စကားမဆိုတော့ပေ။ ရှောင်နန်တောင်နှင့် နီးကပ်လာသည့်အချိန်တွင်မှ သူ ရုတ်တရက် မေးမြန်းလိုက်သည်။
“အစ်မထောင်တို့ မျိုးနွယ်စုမှာ သက်တံ့ဂန္ဓမာဆေးလုံးတွေ ရှိသေးလားဗျ”
ထောင်ဝမ် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ရှိတာပေါ့.... ဒီဆေးလုံးက ငါတို့ ရှောင်နန်တောင်ရဲ့ အဓိကစီးပွားရေးတွေထဲက တစ်ခုပဲလေ၊ ဒါပေမဲ့ ဟိုတလောက ရိရှန်း မင်းကို ဆေးလုံးသုံးလုံး ပေးထားတာ မဟုတ်ဘူးလား”
“အဲ့ဒါ မဟုတ်ပါဘူး၊ ကျွန်တော် လိုချင်တာက အဆင့်လတ် ဒါမှမဟုတ် အဆင့်မြင့် သက်တံ့ဂန္ဓမာဆေးလုံးတွေပါ၊ တကယ်လို့ ထိပ်တန်းအဆင့် သက်တံ့ဂန္ဓမာဆေးလုံး ရှိနေခဲ့မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့”
ထောင်ဝမ်၏ မျက်ခုံးအစုံ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။ ခဏမျှ စဉ်းစားပြီးနောက် သူမ ဖြည်းညင်းစွာ ပြောလိုက်သည်။
“ဘိုးဘေးကြီး ဆုံးပါးသွားပြီးတဲ့နောက်ပိုင်းမှာ ငါတို့ထောင်မျိုးနွယ်စုထဲကနေ အားကောင်းတဲ့ ဆေးဖော်ဆရာတစ်ဦးမှ မပေါ်ထွက်လာခဲ့ဘူး၊ ထိပ်တန်းအဆင့် သက်တံ့ဂန္ဓမာဆေးလုံးဆိုတာလည်း တစ်ခါမှ ဖော်စပ်နိုင်ခဲ့တာ မရှိဘူး”
ထိုစကားကို ကြားလိုက်ရသည့်အခါ လော့ချန်၏ မျက်နှာထက်တွင် နှမြောတသသည့် အမူအရာတစ်ရပ် မသိမသာ ပေါ်လာခဲ့သည်။ သူ ထိုသက်တံ့ဂန္ဓမာဆေးလုံးသုံးလုံးကို သောက်သုံးခဲ့သည်။ သို့သော် ဆေးစွမ်းမှာ သူမျှော်လင့်ထားသလောက် မမြင့်မားခဲ့ပေ။ ၎င်းသည် ကျောက်စိမ်းအမြုတေဆေးလုံးနှင့် ချီစုစည်းဆေးလုံးတို့၏ ကွာခြားချက်နှင့် အနည်းငယ် ဆင်တူသည်။ နှစ်မျိုးလုံးသည် ပထမအဆင့် ကျင့်ကြံခြင်းဆေးလုံးများဖြစ်သော်လည်း ကျောက်စိမ်းအမြုတေဆေးလုံး၏ အာနိသင်မှာ ချီစုစည်းဆေးလုံးနှင့် နှိုင်းယှဉ်လျှင် အလွန်ပင် နိမ့်ကျနေသည်။ အဆင့်မြင့် ကျောက်စိမ်းအမြုတေဆေးလုံး ဖြစ်လာမှသာလျှင် အဆင့်နိမ့် ချီစုစည်းဆေးလုံးနှင့် အနီးစပ်ဆုံး ယှဉ်ပြိုင်နိုင်စွမ်း ရှိလာနိုင်သည်။
သက်တံ့ဂန္ဓမာဆေးလုံးအချို့ကို စမ်းသပ်အသုံးပြုခဲ့သဖြင့် လော့ချန်သည် အဆင့်နိမ့် သက်တံ့ဂန္ဓမာဆေးလုံး၏ ဆေးစွမ်းမှာ ဆေးလုံးစိမ်းချိုင့်ဝှမ်းရှိ နဂါးပျံဆေးလုံး၏ ထက်ဝက်ခန့်သာ ရှိနိုင်မည်ဟု အကြမ်းဖျင်း ခန့်မှန်းထားပြီးဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူ သိချင်နေသည်မှာ အဆင့်မြင့် သို့မဟုတ် ထိပ်တန်းအဆင့် သက်တံ့ဂန္ဓမာဆေးလုံး၏ အာနိသင်ပင် ဖြစ်သည်။ ထိုအချက်ကို သိရှိရမှသာ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ပြိုင်ပွဲကြီး ပြီးဆုံးသွားသည့်နောက်တွင် ဤဆေးလုံးကို အာရုံစိုက်ကာ အကြီးအကျယ် ဖော်စပ်သင့်၊ မသင့် ဆုံးဖြတ်နိုင်မည် ဖြစ်သည်။
ထောင်ဝမ်သည် လော့ချန်၏ မျက်နှာထက်ရှိ နှမြောတသနေသည့် အမူအရာကို သတိပြုမိသွားသည်။
သူမ အနည်းငယ် တွေးတောပြီးနောက်
“ငါ ပြန်ရောက်သွားရင် ထောင်မျိုးနွယ်စုရဲ့ ရတနာတိုက်ကို သေချာသွားရှာကြည့်မယ်၊ နန်ရှန်းဘိုးဘေးကြီးက အဆင့်မြင့် သက်တံ့ဂန္ဓမာဆေးလုံးတွေ ချန်ထားခဲ့သလားဆိုတာ စစ်ကြည့်မယ်၊ တကယ်လို့ ရှိနေခဲ့ရင် မင်းဆီ ပို့ပေးလိုက်မယ်”
လော့ချန်၏ မျက်ဝန်းများ ချက်ချင်း တောက်ပလာခဲ့သည်။
“ဒါဆိုရင်တော့ အစ်မထောင်ကို ဒုက္ခပေးရတော့မှာပဲ”
....
ဆေးလုံးစိမ်းချိုင့်ဝှမ်းသို့ သွားရောက်ခဲ့သည့် ခရီးစဉ် ပြီးဆုံးသွားပြီးနောက် လော့ချန်သည် ထောင်မျိုးနွယ်စု၏ မော့ဟယ်ခြံဝင်းအတွင်း၌သာ နေထိုင်ခဲ့သည်။ ခြံဝင်းတံခါးအပြင်ဘက်သို့ပင် ခြေတစ်လှမ်း မထွက်ခဲ့ပေ။
နေ့စဉ်ကျင့်ကြံခြင်းအပြင် သူ၏အချိန်အများစုကို သက်တံ့ဂန္ဓမာဆေးလုံး၏ ဆေးနည်းစာကို လေ့လာခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းများတွင်သာ အသုံးပြုခဲ့သည်။ ထိုဆေးလုံးအတွက် လိုအပ်သော ဆေးဖက်ဝင်ပစ္စည်းများအားလုံးကိုလည်း သူ အသေးစိတ် စစ်ဆေးပြီးဖြစ်သည်။
“အဓိကဆေးပစ္စည်းတွေက မျှော်လင့်ထားသလိုပဲ.... ဂန္ဓမာပန်းမျိုးကွဲသုံးမျိုး ဖြစ်နေတယ်…. ဒါတင်မကဘူး၊ အားလုံးက ရှောင်နန်တောင်ရဲ့ အထူးထွက်ကုန်တွေလည်း ဖြစ်နေသေးတယ်....”
လော့ချန် ဆေးနည်းစာကို ကြည့်ရင်း တွေးတောနေမိသည်။
“တကယ်လို့ နောင်တစ်ချိန်မှာ ဒီဆေးလုံးကို အမြောက်အမြား ဖော်စပ်ချင်တယ်ဆိုရင် ထောင်မျိုးနွယ်စုဆီကနေ ဆေးပစ္စည်းတွေ ဝယ်ယူရမှာပဲ၊ ဒီလိုဆိုရင် ငါနဲ့ အစ်မထောင်တို့ရဲ့ ဆက်ဆံရေးက ပိုပြီး နီးကပ်လာရတော့မယ်၊ ဒါက.... အစ်မထောင်ရဲ့ ရည်ရွယ်ချက်များ ဖြစ်နေမလား”
ထိုသို့တွေးပြီးနောက် လော့ချန်သည် ဆေးနည်းစာကို ဘေးသို့ ချထားလိုက်ပြီး နားထင်ကို ဖြည်းညင်းစွာ နှိပ်နယ်လိုက်သည်။
သို့သော် ထိုအချိန်တွင် ရုတ်တရက် သူ၏နားစည်များ လှုပ်ခတ်သွားခဲ့သည်။
အပြင်ဘက်မှ အလျင်စလို ပြေးလာသည့် ခြေသံများ ထွက်ပေါ်လာခြင်းကြောင့်ပင်။
မကြာမီပင် ထောင်ရိရှန်း အလျင်အမြန် ဝင်ရောက်လာခဲ့သည်။
သူ၏လက်ထဲတွင် သေတ္တာငယ် နှစ်ခုကို ကိုင်ဆောင်ထားသည်။
ခြံဝင်းအတွင်း စာဖတ်နေသော လော့ချန်ကို မြင်လိုက်သည်နှင့် သူ အဝေးမှပင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
“အစ်ကိုလော့.... အစ်ကို လိုချင်တဲ့ အဆင့်မြင့် သက်တံ့ဂန္ဓမာဆေးလုံးတွေ ရောက်လာပြီဗျ”
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် လော့ချန်၏ မျက်ဝန်းအစုံမှာ ချက်ချင်း တောက်ပသွားခဲ့တော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၄၇၄) - ဆေးလုံးစိမ်းဈေးကွက်ဆီသို့ ဦးတည်ခြင်း
လော့ချန်သည် ထောင်ရိရှန်း၏လက်ထဲမှ သေတ္တာငယ်လေးကို လှမ်းယူလိုက်ပြီးနောက် မဆိုင်းမတွပင် ဖွင့်ကြည့်လိုက်သည်။
အတွင်းတွင် အဆင့်လတ် သက်တံ့ဂန္ဓမာဆေးလုံး ဆယ်လုံး၊ အဆင့်မြင့် သက်တံ့ဂန္ဓမာဆေးလုံး သုံးလုံးအပြင် ဆေးတိမ်တိုက် ခြောက်ကြောင်းခန့် ရစ်ဝိုင်းနေသည့် ထိပ်တန်းအဆင့် သက်တံ့ဂန္ဓမာဆေးလုံး တစ်လုံးပင် ရှိနေခဲ့သည်။
ထိုမြင်ကွင်းကြောင့် လော့ချန် အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
“မမျှော်လင့်ထားဘူး.... ဒီလောက်အထိ စုံစုံလင်လင် ရှိနေမယ်လို့ မထင်ထားခဲ့ဘူး”
ထောင်ရိရှန်းသည် သူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး ရင်းနှီးနေကျ အမူအရာဖြင့် ရေနွေးကြမ်းကို ငှဲ့ပေးလိုက်သည်။ ထို့နောက် မျက်ခုံးများကို ပွတ်သပ်ရင်း ဖြည်းညင်းစွာ ပြောလာသည်။
“ဒါတွေက ကျုပ်တို့ ထောင်မျိုးနွယ်စုရဲ့ နန်ရှန်းဘိုးဘေးကြီး ချန်ထားခဲ့တဲ့ အရာတွေပါ၊ ဘာပဲပြောပြော ဒီဆေးနည်းစာကို ကိုယ်တိုင် ဖန်တီးခဲ့တာလည်း သူပဲ၊ တစ်ချိန်တုန်းက ဒီဆေးလုံးကို ထိပ်တန်းအဆင့်အထိတောင် တွန်းတင်နိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ နှမြောစရာကောင်းတာက အခြေခံဆေးဖက်ဝင်ပစ္စည်းတွေရဲ့ ကန့်သတ်ချက်ကြောင့် ဆေးစွမ်းက ဒီထက်ပိုပြီး တိုးတက်မလာနိုင်ခဲ့ဘူး၊ နောက်ဆုံးမှာတော့ ကျုပ်တို့ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ နဂါးပျံဆေးလုံးကို မယှဉ်နိုင်ခဲ့ပါဘူး၊ တကယ်တော့ မျိုးနွယ်စုရဲ့ ရတနာတိုက်ထဲမှာ ဒီဆေးတွေကို ရှာမတွေ့ခဲ့ပါဘူး၊ ကျုပ်အစ်မက အဘိုးကြီးဆီကို ကိုယ်တိုင်သွားပြီး တောင်းယူလာခဲ့တာပါ”
လော့ချန်သည် ထောင်ရိရှန်း၏ စကားများကို နားထောင်ရင်း လက်ထဲရှိ ဆေးလုံးကိုသာ အာရုံစိုက်ကြည့်နေခဲ့သည်။ သူ၏ အကြည့်ထဲတွင် စိတ်ဝင်စားမှုများ ပြည့်နှက်နေသည်။ ဤဆေးလုံးသည် အနာဂတ်တွင် သူ၏ ကျင့်ကြံခြင်းတိုးတက်မှုနှင့် တိုက်ရိုက်သက်ဆိုင်နေသည့် အရာပင် ဖြစ်သည်။ ဆေးစွမ်းအရ နဂါးပျံဆေးလုံးထက် နိမ့်ကျနေမည်ကို လော့ချန် ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူ သိချင်နေသည်မှာ အဆင့်မြင့် သို့မဟုတ် ထိပ်တန်းအဆင့် သက်တံ့ဂန္ဓမာဆေးလုံး၏ အာနိသင်က သာမန်နဂါးပျံဆေးလုံးကို ကျော်လွန်နိုင်ခြင်း ရှိ၊ မရှိပင် ဖြစ်သည်။ ထိုအဖြေကို သိရှိရမှသာလျှင် နောင်တွင် ဤဆေးလုံးကို အာရုံစိုက်ဖော်စပ်သင့်၊ မသင့် ဆုံးဖြတ်နိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် ထောင်ရိရှန်းက ရုတ်တရက် မကျေနပ်သည့် အမူအရာဖြင့်
“အဲ့အဘိုးကြီးက တကယ်ကို လွန်လွန်းပါတယ်၊ ဒီဆေးလုံး နည်းနည်းလေးတောင် လွယ်လွယ်နဲ့ ထုတ်မပေးချင်ဘူး၊ ဒီလိုအရာလေးတွေ တောင်းယူရတာတောင် အတော်ခက်ခဲခဲ့တယ်၊ အဆိုးဆုံးကတော့.... ကျုပ်အစ်မက အဲ့ဒီမဟာမိတ်လက်ထပ်ပွဲကို တကယ်ကြီး သဘောတူလိုက်တာပဲ”
“ဟင်”
လော့ချန် ခေါင်းကို ချက်ချင်းမော့လိုက်ပြီး ထောင်ရိရှန်းအား အံ့အားသင့်စွာ ကြည့်လိုက်သည်။
“ဒီဆေးလုံးနည်းနည်းလေးရဖို့အတွက် မဟာမိတ်လက်ထပ်ပွဲ လုပ်ရတာလား”
မိမိပြောလိုက်သည့်စကားတွင် အမှားပါသွားကြောင်း သတိပြုမိလိုက်သည်နှင့် ထောင်ရိရှန်း လက်နှစ်ဖက်ကို အလျင်အမြန် ဝေ့ယမ်းလိုက်သည်။
“မဟုတ်ပါဘူး…. ဆေးလုံးတွေကြောင့်ချည်းပဲတော့ မဟုတ်ပါဘူး၊ ထောင်တောက်နန်က အကြောင်းပြချက်တစ်ခုအနေနဲ့ အသုံးချခဲ့တာပါ၊ ဒါပေမဲ့ ကျုပ် မမျှော်လင့်ထားတာက.... အစ်မ တကယ်ကြီး သဘောတူလိုက်တာပဲ”
လော့ချန် မျက်မှောင်အနည်းငယ်ကြုတ်ကာ ထောင်ရိရှန်းကို စိုက်ကြည့်လိုက်သည်။ နောက်ထပ်ရှင်းပြချက်ကို စောင့်ဆိုင်းနေသည့်အလား ဖြစ်သည်။
ထောင်ရိရှန်းက သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီး ကုလားထိုင်နောက်မှီပေါ်သို့ စိတ်ပျက်လက်ပျက် မှီချလိုက်သည်။
“လက်ထပ်ရမယ့်လူက ဖူမျိုးနွယ်စုက ဖူလီတဲ့၊ ဂိုဏ်းမျိုးဆက်ပြိုင်ပွဲမှာ ကျုပ်အစ်မ အနိုင်ရခဲ့မယ်ဆိုရင် ဒီလက်ထပ်ပွဲအစီအစဉ်က ပျက်ပြယ်သွားမှာပါ၊ အဲ့ဒီအစား ဖူမျိုးနွယ်စုရဲ့ သမီးပျိုတစ်ယောက်က ကျုပ်နဲ့ တရားဝင် လက်ထပ်ရမှာပါ၊ ဒါပေမဲ့ ဖူလီသာ အောင်မြင်သွားခဲ့မယ်ဆိုရင် ဒါမှမဟုတ် နှစ်ဖက်စလုံး ကျရှုံးခဲ့မယ်ဆိုရင်တော့ ဒီလက်ထပ်ပွဲက ဆက်ရှိနေမှာ ဖြစ်ပြီး ကျုပ်အစ်မက ဖူမျိုးနွယ်စုဆီကို လက်ထပ်ဝင်ရမှာပါ”
ဤသည်မှာ အလွန်ရှုပ်ထွေးသော မဟာမိတ်လက်ထပ်ပွဲ အစီအစဉ်တစ်ခု ဖြစ်သည်။
လော့ချန်သည် ထိုစကားများ၏ အဓိပ္ပာယ်ကို ခဏမျှ စဉ်းစားပြီးနောက် အဖြေတစ်ခုကို ချက်ချင်းနားလည်သွားခဲ့သည်။
“ဒါက မင်းအစ်မနဲ့ အဘိုးကြီးတို့ နှစ်ဦးသား ဆွေးနွေးပြီး ဆုံးဖြတ်ထားတဲ့ အစီအစဉ် ဖြစ်လိမ့်မယ်၊ ငါသိထားသလောက်တော့ ဖူမျိုးနွယ်စုမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ရှိနေတယ်၊ ဒါပေမဲ့ သူ့ရဲ့ သက်တမ်းက အများကြီး မကျန်တော့ဘူး၊ ဒါကြောင့် ဘယ်သူပဲ အောင်မြင်ပါစေ၊ ဒါမှမဟုတ် နှစ်ဖက်စလုံး ကျရှုံးသွားပါစေ.... ဒီလက်ထပ်ပွဲက နှစ်ဖက်စလုံးအတွက် အကျိုးရှိနေမှာပဲ”
ထောင်ရိရှန်းက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ် အစ်ကိုလော့…. တကယ် အဲ့လိုပါပဲ”
“ဂိုဏ်းမျိုးဆက်နေရာကို လုယူဖို့အတွက် ကျုပ်အစ်မက ဆေးလုံးစိမ်းချိုင့်ဝှမ်းထဲက လူအများကြီးနဲ့ ရန်ငြိုးတွေ ဖွဲ့ပြီးဖြစ်နေပြီ…. နောင်တစ်ချိန်မှာ စာရင်းရှင်းခံရမှာကို စိုးရိမ်တာကြောင့် ဒီမဟာမိတ်လက်ထပ်ပွဲကို စီစဉ်ခဲ့တာပါ၊ ဒါပေမဲ့ အဲ့ဒါတွေက နောင်ကိစ္စတွေပါ၊ လက်ရှိအခြေအနေအရ ကြည့်မယ်ဆိုရင် ကျုပ်တို့က အဘိုးဘက်က လူတွေရဲ့ ထောက်ခံမှုကို အပြည့်အဝ ရထားပြီးပြီ၊ နောင်တစ်ချိန်မှာ သူတို့က ကျုပ်ကို မျိုးနွယ်စုခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာအောင် အင်တိုက်အားတိုက် ကူညီပေးကြမှာပါ၊ ဒါတင်မကသေးဘူး.... ပြိုင်ပွဲရဲ့ ပထမပွဲစဉ်မှာ အဘိုးကိုယ်တိုင် ဝင်ပါပြီး အစ်မအတွက် ထိပ်ဆုံးကိုးယောက်ထဲမှာ နေရာတစ်နေရာ ယူပေးမှာပါ”
ထိုစကားများကို ကြားလိုက်ရသည့်အခါ လော့ချန် မသိမသာ လျှာသပ်လိုက်မိသည်။ ကြည့်ရသလောက် ကျင့်ကြံခြင်းလောကအတွင်း မျိုးနွယ်စုတစ်ခုကို ဦးဆောင်ရခြင်းမှာ လွယ်ကူသည့် ကိစ္စမဟုတ်ပေ။ နေရာတိုင်းတွင် အကျိုးစီးပွားများ အပြန်အလှန် ချိန်ညှိနေရပြီး နေရာတိုင်းတွင်လည်း အပေးအယူများဖြင့်သာ ရပ်တည်နေရသည်။ ယခင်က ထသတ်တော့မည်အလား အငြင်းပွားနေခဲ့ကြသည့် လူများသည် အချိန်တိုလေးအတွင်း တစ်ဖက်တည်းအဖြစ် ပူးပေါင်းသွားခဲ့ကြသည်။ ထို့အပြင် မကြာမီ သက်တမ်းကုန်ဆုံးတော့မည့် ထောင်တောက်နန်ကဲ့သို့ အဘိုးအိုတစ်ဦးပင် မျိုးနွယ်စုအတွက် ကိုယ်တိုင်တိုက်ခိုက်ပေးမည်ဟု ဆိုသည်။
ထောင်ရိရှန်းသည် လော့ချန်အား စူးစိုက်ကြည့်လိုက်သည်။
“အစ်ကိုလော့.... ကျုပ် ထောင်မျိုးနွယ်စုကို လွှဲပြောင်းယူခဲ့တာ တစ်လတောင် မပြည့်သေးပါဘူး၊ အရာရာက အရမ်းခက်ခဲလွန်းတယ်.... စွမ်းအားလည်း မလုံလောက်ဘူး၊ အတွေ့အကြုံလည်း မရှိဘူးဆိုတာကို တကယ်ခံစားနေရတယ်”
သူ၏ အသံထဲတွင် မရေရာမှုများနှင့် ပူပန်မှုများ ရောနှောနေသည်။
“ကျုပ် တကယ်စဉ်းစားမရတာက.... အရင်က ဘာမှမရှိတဲ့ အခြေအနေကနေ အစ်ကိုလော့က ဘယ်လိုလုပ်ပြီး လော့ထျန်းအဖွဲ့လို ကြီးမားတဲ့ အင်အားစုတစ်ခုကို ထူထောင်နိုင်ခဲ့တာလဲဆိုတာပဲ”
သူ၏ မျက်ဝန်းများတွင် မျှော်လင့်ချက်အလင်းရောင်များ လင်းလက်နေသည်။
“အစ်ကိုလော့.... ကျုပ်ကို အတွေ့အကြုံတွေ ဝေမျှပေးပါဦးဗျာ”
လော့ချန် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သာမန်ကာလျှံကာဖြင့် ပြန်ဖြေလိုက်သည်။
“အစကတော့ အဲ့လိုပါပဲ…. မင်း အတွင်းပိုင်းကိစ္စရပ်တွေနဲ့ အသားကျလာရင် တဖြည်းဖြည်း အဆင်ပြေလာမှာပါ”
ထောင်ရိရှန်း ခါးသက်သက်ပြုံးလိုက်ပြီး ခေါင်းကို ဖြည်းညင်းစွာ ခါလိုက်သည်။
“အသားကျရုံနဲ့ မလုံလောက်ဘူး.... အဲ့ဒါက အခြေခံအဆင့်ပဲ၊ ကျုပ် အဆင်မပြေသေးလို့ အစ်မက အဘိုးနဲ့ အပေးအယူလုပ်ခဲ့ရတာ၊ ဒါကြောင့်ပဲ အဘိုးဘက်က လူတွေက ကျုပ်ကို ထောက်ခံလာကြတာ”
သူ၏ အသံမှာ ပို၍ပင် လေးလံလာသည်။
“ဒါပေမဲ့ နောင်တစ်ချိန်မှာ အပြင်ရန်သူတွေ ဝင်လာခဲ့ရင်.... ကျုပ် ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူး”
ထိုစကားများထဲတွင် ကြောက်ရွံ့မှုနှင့် ဝေဝါးမှုများ ထင်ရှားစွာ ပါဝင်နေသည်။
လော့ချန် ထိုအချိန်တွင်မှ ထောင်ရိရှန်း၏ အပြောင်းအလဲကို သတိပြုမိခဲ့သည်။ ယခင်က ပျော်ပျော်ပါးပါး နေတတ်သည့် လူငယ်တစ်ဦးသည် တစ်လအတွင်းမှာပင် မျိုးနွယ်စုတစ်ခု၏ အလေးအနက်တာဝန်ကို ထမ်းဆောင်နေသည့် ပုံစံသို့ ပြောင်းလဲသွားခဲ့သည်။ ယခင်က မည်သည့်အရာကိုမှ မစိုးရိမ်ခဲ့သည့် ထောင်ရိရှန်းသည် ယခုအခါတွင် မျိုးနွယ်စုတစ်ခုလုံးအတွက် စိုးရိမ်ပူပန်နေရပြီဖြစ်သည်။
လော့ချန်၏ စိတ်ထဲတွင် တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ ထောင်ရိရှန်းတစ်ယောက် သူ့အား ခေါ်ဆိုသည့်အမည်မှာလည်း အချိန်နှင့်အမျှ ပြောင်းလဲလာခဲ့သည်။
အစောပိုင်းတွင် မိတ်ဆွေလော့၊ ထို့နောက် တန်ချန်ဇီ၊ နောက်ပိုင်းတွင် အစ်ကိုကြီးလော့၊ ယခုအခါတွင်မူ ရင်းနှီးမှုနှင့် ယုံကြည်မှုအပြည့်ဖြင့် အစ်ကိုလော့ ဟု ခေါ်ဆိုနေခဲ့ပြီဖြစ်သည်။ ထိုပြောင်းလဲမှုများသည် သူ့အပေါ်ထားရှိသော ယုံကြည်မှု တဖြည်းဖြည်း တိုးလာခြင်း၏ သက်သေပင် ဖြစ်သည်။
ထို့ကြောင့် လော့ချန်သည် မသေချာသည့် စကားမျိုးဖြင့် မတုံ့ပြန်နိုင်တော့ပေ။ သူ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် တည်ငြိမ်လေးနက်သော အမူအရာဖြင့် စတင်ပြောဆိုလိုက်သည်။
“အခြေအနေတိုင်းက မတူဘူး၊ မင်း ဘယ်လိုတုံ့ပြန်မလဲဆိုတာက အခြေအနေနဲ့ အချိန်အခါ ပေါ်မှာ မူတည်တယ်၊ ဒါပေမဲ့ အရေးအကြီးဆုံးတစ်ချက်ကတော့.... မင်းရဲ့ အမြင်ကို မပိတ်မိထားစေဖို့ပဲ”
ထောင်ရိရှန်း အာရုံစိုက်နားထောင်နေသည်။
“အစ်ကိုလော့.... အသေးစိတ် ရှင်းပြပေးနိုင်မလား”
လော့ချန် သူ၏ဝတ်စုံကို ပြင်ဆင်လိုက်ပြီး မတ်မတ်ထိုင်လိုက်သည်။ သူ၏ အသံမှာ ပို၍လေးနက်လာသည်။
“မင်းရဲ့ အစွမ်းက အရမ်းမြင့်တဲ့အဆင့်ကို မရောက်သေးသရွေ့.... မင်းတစ်ယောက်တည်းရဲ့ စွမ်းအားက မျိုးနွယ်စုတစ်ခုလုံးရဲ့ အရင်းအမြစ်တွေကို ဘယ်တော့မှ မကျော်နိုင်ဘူး၊ အခု မင်းက အခြေတည်အဆင့်မှာပဲ ရှိသေးတယ်၊ ဒါကြောင့် အတွင်းပိုင်းဖိအားနဲ့ ပြင်ပအန္တရာယ်တွေကို တစ်ယောက်တည်း ခံစားရတာ မဆန်းပါဘူး”
သူ ခဏရပ်လိုက်သည်။
“ဒါပေမဲ့ အဝေးကြီးကနေ ကြည့်ရင်တော့ မင်းမှာ အားသာချက်တွေ အများကြီးရှိတယ်၊ မင်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးရဲ့ မျိုးနွယ်ဆက်ဖြစ်တယ်၊ မျိုးနွယ်စုထဲမှာလည်း အခြေတည်အဆင့် ကျင့်ကြံသူတွေ အများကြီးရှိတယ်၊ မင်းရဲ့ အစ်မလို အခြေတည်အဆင့် နှောင်းပိုင်းတောင် ပါသေးတယ်၊ အဲ့ဒါအပြင် မင်းကိုယ်တိုင်က ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ တပည့်ဆိုတဲ့ အဆင့်အတန်းလည်း ရှိတယ်၊ ဒါတွေအားလုံးကို သုံးတတ်ရင် မင်းတစ်ယောက်တည်း တိုက်စရာမလိုဘူး၊ ရန်သူကို တိုက်ဖို့ မင်းကိုယ်တိုင် ရှေ့ထွက်စရာ မလိုဘူး.... မင်းဘေးက အင်အားတွေကို သုံးရမယ်၊ မဟာမိတ်တွေ ဖန်တီးရမယ်”
ထို့နောက် သူ၏ အသံမှာ ပို၍တည်ငြိမ်သွားသည်။
“နောက်တစ်ဆင့်က.... မင်း အုပ်စု၊ အဖွဲ့တွေကို ချိန်ညှိရမယ်…. ဘယ်သူက ဘာပေးနိုင်လဲ၊ ဘယ်သူက ဘာလိုချင်လဲ၊ အဲ့ဒါတွေကို မျှတအောင် ထိန်းချုပ်ရမယ်”
သူ ခဏရပ်ကာ ထောင်ရိရှန်းကို တည့်တည့်ကြည့်လိုက်သည်။
“အဆုံးမှာတော့.... သူတို့ကို တိုက်ခိုက်အောင် ထားပြီး မင်းက အဆုံးအဖြတ်ပေးမဲ့ နေရာမှာ နေလိုက်၊ သူတို့တိုက်နေတာက မင်းကို မဟုတ်ဘူး.... မင်းလက်ထဲက အကျိုးစီးပွားကိုပဲ”
ပတ်ဝန်းကျင်မှာ တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
ထောင်ရိရှန်း စကားလုံးတိုင်းကို တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။
လော့ချန် ခဏမျှ ရပ်လိုက်ပြီးနောက် တစ်ခွန်းသာ ထပ်ဖြည့်လိုက်သည်။
“ပြီးတော့....”
....
မော့ဟယ်ခြံဝင်းအတွင်းမှ ထိုစကားဝိုင်းမှာ တစ်မွန်းလွဲခင်းလုံးလုံး ကြာမြင့်ခဲ့သည်။
လော့ချန် မျှဝေပေးခဲ့သည့် အကြောင်းအရာများမှာ နက်ရှိုင်းလှသည့် သီအိုရီများ မဟုတ်ဘဲ အခြေခံသဘောတရားများသာ ဖြစ်ပေသည်။ သူသည် စနစ်တကျ သင်ကြားခံယူခဲ့ဖူးသူ မဟုတ်ချေ။ အရာအားလုံးမှာ ယခင်ဘဝ၏ အတွေ့အကြုံနှင့် ယခုဘဝ၏ လက်တွေ့စမ်းသပ်မှုများကို ပေါင်းစပ်ကာ တဖြည်းဖြည်းချင်း ဖန်တီးထုတ်ယူထားသည့် ကိုယ်ပိုင်နည်းလမ်းများသာ ဖြစ်သည်။ ထို့ကြောင့် သူ၏ စကားများမှာ သီအိုရီထက် လက်တွေ့အတွေ့အကြုံများနှင့် ပိုမိုနီးစပ်လှသည်။ မည်သို့အသုံးချရမည်ကိုမူ အခြေအနေအပေါ် မူတည်၍ ချိန်ညှိရမည်သာ ဖြစ်၏။ သူ အထူးတလည် ထပ်မံမှာကြားခဲ့သည်မှာ အမြင်တစ်ခုတည်းဖြင့် မဆုံးဖြတ်ဘဲ၊ အရာရာကို သေချာ စိစစ်ပြီးမှသာ နောက်ဆုံးဆုံးဖြတ်ချက်ချရန် ဖြစ်သည်။
သို့သော် အနည်းဆုံး ထိုတစ်မွန်းလွဲခင်းလုံးအတွင်း ထောင်ရိရှန်း အတွေးအမြင်အသစ်များ ရရှိလာခဲ့သည်မှာ သေချာလှသည်။ နောင်အနာဂတ်တွင် မျိုးနွယ်စုအုပ်ချုပ်ရေးအတွေ့အကြုံများ တဖြည်းဖြည်း တိုးပွားလာသည်နှင့်အမျှ ယနေ့ရရှိထားသည့် အယူအဆများသည် သူ၏ ဦးနှောက်ထဲသို့ တဖြည်းဖြည်း စိမ့်ဝင်သွားမည်မှာ မလွဲမသွေပင်။
ကျင့်ကြံခြင်းလောကကြီးသည် အမြဲ ဤသဘောတရားအတိုင်းသာ လည်ပတ်နေခဲ့သည်။ ပါရမီရှင်များအတွက် ငယ်ရွယ်စဉ်ကတည်းက သင်ကြားပေးရသည်မှာ ကျင့်ကြံခြင်းနည်းလမ်းများနှင့် စွမ်းအားတိုးတက်မှုသာ ဖြစ်သည်။ သို့သော် လူမှုဆက်ဆံရေး၊ အုပ်ချုပ်မှုနှင့် အရင်းအမြစ်စီမံခန့်ခွဲမှုတို့ကိုမူ သင်ကြားပေးမည့်သူ အလွန်နည်းပါးသည်။ ကျင့်ကြံခြင်းအဆင့်သာ လုံလောက်မြင့်မားပါက အရာရာကို အင်အားဖြင့် ဖိနှိပ်နိုင်သည်ဟု ယုံကြည်ထားကြသည်။ သို့သော် ထိုအမြင်မှာ မမှန်ကန်လှပေ။ ဤလောကတွင် အမြင့်ဆုံးအဆင့်သို့ ရောက်နိုင်သူများမှာ အလွန်နည်းပါးလှသည်။
ထောင်ရိရှန်းအတွက်မူ ယခုရရှိသည့် အကြံဉာဏ်များသည် သူ၏ အနာဂတ်အုပ်ချုပ်ရေးလမ်းကြောင်းအတွက် အုတ်မြစ်တစ်ခုအဖြစ် ဖြစ်လာပေလိမ့်မည်။
နှမြောစရာကောင်းသည်မှာ တစ်ခုသာ ရှိသည်။ သူ၏ ဆေးဖော်စပ်ခြင်းဆိုင်ရာ ပါရမီသည် မျိုးနွယ်စုအုပ်ချုပ်ရေး၏ ရှုပ်ထွေးလှသည့် လုပ်ငန်းစဉ်များအတွင်း တဖြည်းဖြည်း နစ်မြုပ်သွားနိုင်ခြင်းပင်။ လူတစ်ဦး၏ စွမ်းအားသည် အကန့်အသတ်ရှိသည်။ အရာရာကို တစ်ပြိုင်နက်တည်း ကျွမ်းကျင်ရန် မဖြစ်နိုင်ပေ။
လော့ချန်ကိုယ်တိုင်ပင်လျှင် ယခင် ချီသန့်စင်အဆင့်တွင်ရှိစဉ်ကတည်းက အုပ်ချုပ်ရေးအာဏာများကို လက်အောက်ငယ်သားများထံ လွှဲအပ်ထားခဲ့ရသည် မဟုတ်ပါလော။ သူကမူ အဓိကဆုံးဖြတ်ချက်များသာ ချမှတ်ပြီး လက်တွေ့အကောင်အထည်ဖော်မှုများကိုမူ အခြားသူများထံ အပ်နှံထားခဲ့သည်။
ထောင်ရိရှန်း ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ သူ၏ မျက်ဝန်းများတွင် အတွေးသစ်များ လင်းလက်နေပြီး အနာဂတ်အပေါ် မျှော်လင့်ချက်နှင့် တာဝန်ယူမှုတို့ကို တစ်ပြိုင်နက် သယ်ဆောင်သွားခဲ့သည်။
လော့ချန်ကမူ မော့ဟယ်ခြံဝင်းအတွင်း တစ်ကိုယ်တည်း ကျန်ရစ်ခဲ့သည်။ သူ ညစာကို မြိန်ယှက်စွာ စားသုံးပြီးနောက် ကျင့်ကြံခန်းအတွင်းသို့ ဝင်ရောက်ခဲ့သည်။ ထို့နောက် အဆင့်လတ် သက်တံ့ဂန္ဓမာဆေးလုံးတစ်လုံးကို ထုတ်ယူကာ မျိုချလိုက်သည်။ အခြေတည်အဆင့် (၅) သို့ ရောက်ရှိပြီးနောက်ပိုင်းတွင် ချီစွမ်းအင်လိုအပ်ချက်မှာ သိသိသာသာ မြင့်တက်လာခဲ့သည်။ ယခင်အဆင့်များနှင့် နှိုင်းယှဉ်လျှင် နှစ်ဆကျော်မက ပိုမိုများပြားလာသည်။ သာမန်အဆင့်နိမ့်ဆေးလုံးများကိုသာ အားကိုးနေရပါက အဆင့်တက်ရန် အနည်းဆုံး ဆယ်နှစ်ကျော် ကြာမြင့်မည်မှာ မလွဲမသွေပင်။ သို့သော် ယခုအခါ သွေးမိစ္ဆာဆေးလုံး၏ အကူအညီနှင့် ထာဝရနုပျိုစိမ်းလန်းကျင့်စဉ်တို့ကို ပေါင်းစပ်ထားနိုင်ခဲ့ပြီဖြစ်သည်။ ထို့အပြင် အဆင့်မြင့် ကျင့်ကြံခြင်းဂူဗိမာန်၏ အထောက်အပံ့ပါ ထပ်တိုးလာပါက ခြောက်နှစ်အတွင်း အခြေတည်အဆင့် (၆) သို့ တက်ရောက်နိုင်မည်ဟု သူ ယုံကြည်ထားသည်။ ထိုယုံကြည်ချက်မှာ အကြောရာပေါင်းကို ဖောက်ထွင်းနိုင်ခဲ့ပြီးနောက် သူ၏ စွမ်းအားတိုးတက်မှုအပေါ် အခြေခံထားခြင်းဖြစ်သည်။
သို့သော် လော့ချန်သည် ထိုမျှဖြင့် တင်းတိမ်မနေခဲ့ပေ။ ဆေးလုံးစိမ်းချိုင့်ဝှမ်းတစ်ခုလုံးတွင် အခြေတည်အဆင့်နှောင်းပိုင်း ကျင့်ကြံသူများ ရာနှင့်ချီရှိနေသည်။ ထို့အထဲတွင် အခြေတည်အဆင့် (၇)၊ (၈) တို့တွင် ရပ်တန့်နေသူများလည်း များပြားလှသည်။ ထောင်တောက်နန်ကဲ့သို့ အသက်အရွယ်ကြီးရင့်ပြီး အခြေတည်အဆင့် (၉) တွင် ရောက်ရှိနေသူများလည်း မနည်းလှပေ။ ကျင့်ကြံခြင်းလမ်းစဉ်တွင် အဆင့်မြင့်လာလေလေ တိုးတက်မှုမှာ ပိုမိုနှေးကွေးလာလေလေ ဖြစ်သည်။ အဆင့်တစ်ခုချင်းစီတိုင်းသည် ကျော်ဖြတ်ရန် ခက်ခဲလှသည့် တောင်တန်းကြီးများကဲ့သို့ ဖြစ်နေသည်။ အခြေတည်အဆင့် (၅) မှ (၆) သို့ တက်ရောက်ရန်ပင် ငါးနှစ်မှ ခြောက်နှစ်အထိ လိုအပ်နိုင်သည်။ ထိုသို့ဆိုလျှင် အခြေတည်နှောင်းပိုင်းသို့ ရောက်ရှိပြီးနောက် မည်မျှကြာမည်နည်းဆိုသည်မှာ မတွေးဝံ့စရာပင်။ လော့ချန်သည် ထောင်တောက်နန်ကဲ့သို့ အသက်နှစ်ရာကျော်မှသာ ရွှေအမြုတေအဆင့်သို့ တက်ရောက်ရမည့် လမ်းကို မလိုလားပေ။ သူ၏ ရည်မှန်းချက်မှာ ထောင်ဝမ်၊ ရှန်ကွမ်းယန်တို့ကဲ့သို့ လူငယ်ပါရမီရှင်များ ဖြစ်သည်။ အသက် ၁၅၀ မတိုင်မီတွင် အခြေတည်အဆင့် (၉) သို့ ရောက်ရှိပြီး ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် အချိန်အလုံအလောက်ရှိနေသူများသာ ဖြစ်သည်။
“ငါ့ရဲ့ ရည်မှန်းချက်က ပေါ့သေးသေးတော့ မဟုတ်ဘူး....”
လော့ချန်၏ မျက်ဝန်းများ တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။
“ငါ လိုက်မှီရမယ့်သူတွေက သူတို့လို လူတွေပဲ”
ထိုအတွေးနှင့်အတူ သူ၏ စိတ်အာရုံများ တဖြည်းဖြည်း တည်ငြိမ်အေးချမ်းသွားသည်။ သူ စိတ်အာရုံကို စုစည်းကာ အဆင့်လတ် သက်တံ့ဂန္ဓမာဆေးလုံး၏ ဆေးအာနိသင်ကို ဖြည်းဖြည်းချင်း ချေဖျက်လိုက်သည်။
လက်ရှိအဆင့်မှာ သူ့အတွက် မလုံလောက်သေးပေ။ ပိုမိုမြန်ဆန်သော တိုးတက်မှုအတွက် အားကိုးစရာမှာ ဆေးလုံးများသာ ဖြစ်သည်။
ဆေးဖော်စပ်ခြင်းလမ်းစဉ်သည် သူအယုံကြည်ဆုံးသော လမ်းတစ်လမ်းအဖြစ် တဖြည်းဖြည်း ခိုင်မာလာနေခဲ့သည်။
....
သုံးရက်အကြာတွင် လော့ချန် ကျင့်ကြံအခန်းအတွင်းမှ ပြန်ထွက်လာသည်။ ထိုသုံးရက်တာအတွင်း သူသည် သက်တံ့ဂန္ဓမာဆေးလုံးများ၏ ဆေးစွမ်းကို အသေးစိတ် စမ်းသပ်ပြီးသုံးသပ်ခဲ့ပြီး ဖြစ်သည်။
အဆင့်နိမ့် သက်တံ့ဂန္ဓမာဆေးလုံး၏ အာနိသင်မှာ အဆင့်နိမ့် နဂါးပျံဆေးလုံး၏ ထက်ဝက်ခန့်သာ ရှိသည်။ အဆင့်လတ် သက်တံ့ဂန္ဓမာဆေးလုံးကမူ အဆင့်နိမ့် နဂါးပျံဆေးလုံးနှင့် မျှတစွာ ယှဉ်ပြိုင်နိုင်သည့် အနေအထားသို့ ရောက်ရှိနေသည်။ အဆင့်မြင့် သက်တံ့ဂန္ဓမာဆေးလုံးသည် အဆင့်နိမ့် နဂါးပျံဆေးလုံးထက် သာလွန်သော်လည်း အဆင့်လတ် နဂါးပျံဆေးလုံး၏ ဆေးစွမ်းကိုမူ မမီသေးချေ။ ထိပ်တန်းအဆင့် သက်တံ့ဂန္ဓမာဆေးလုံးမှာမူ အဆင့်လတ် နဂါးပျံဆေးလုံးထက်ပင် အနည်းငယ်သာလွန်သော အနေအထားတွင်သာ ရှိနေသည်။
အကယ်၍ လော့ချန်သာ အခြေတည်အစောပိုင်းအဆင့်တွင် ရှိနေသေးပါက ဤရလဒ်မျိုးသည် သူ့အား အလွန်အမင်း စိတ်လှုပ်ရှားစေခဲ့မည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ အဆင့်လတ် နဂါးပျံဆေးလုံးနှင့် ညီမျှသော အာနိသင်ဆိုသည်မှာ အဆင့်မြင့် ကျင့်ကြံခြင်းဂူဗိမာန်အတွင်း တစ်ရက်တာကျင့်ကြံခြင်းနှင့် မကွာလှပေ။ ဆေးလုံးတစ်လုံးသည် တစ်ရက်၏ ချီစီးဆင်းမှုကို အစားထိုးနိုင်သည်ဟု ဆိုလျှင်ပင် လွန်ကဲခြင်း မရှိပေ။ သို့သော် ယခုအချိန်တွင် လော့ချန်သည် အခြေတည်အဆင့် (၅) သို့ ရောက်ရှိနေပြီဖြစ်ရာ သူမျှော်လင့်ထားသည်မှာ အဆင့်မြင့် နဂါးပျံဆေးလုံးနှင့် ယှဉ်နိုင်မည့် အာနိသင်မျိုးသာ ဖြစ်ပေသည်။ ထိုအခြေအနေနှင့်နှိုင်းယှဉ်လျှင် ယခုရလဒ်များမှာ သာမန်ကာလျှံကာသာ ထင်ရလေသည်။
သက်တံ့ဂန္ဓမာဆေးလုံး၏ ဆေးနည်းကို သူ အသေးစိတ် လေ့လာပြီးဖြစ်သည်။ ဆေးဖော်စပ်ခြင်း၏ ခက်ခဲမှုကို မသိသေးသော်လည်း ဆေးပစ္စည်းတစ်သုတ်၏ ကုန်ကျစရိတ်ကိုမူ သူ၏ ဗဟုသုတဖြင့် ခန့်မှန်းနိုင်ခဲ့သည်။ တစ်သုတ်စာလျှင်ပင် ဝိညာဉ်ကျောက်တုံး တစ်ရာခန့် ကုန်ကျနေပြီး ကျောက်စိမ်းနှင်းစက်ဆေးလုံးနှင့် ယှဉ်နိုင်သော အဆင့်ဖြစ်နေသည်။ ထိပ်တန်းအဆင့် သက်တံ့ဂန္ဓမာဆေးလုံးကို ဖော်စပ်မည်ဆိုပါကအစောပိုင်း လေ့ကျင့်စရိတ်များကို ထည့်မထွက်လျှင်ပင် အောင်မြင်မှုနှုန်းမှာ ဆယ်ရာခိုင်နှုန်းခန့်သာ ရှိသည်။ ထို့ကြောင့် ထိပ်တန်းအဆင့် ဆေးလုံးတစ်လုံးရရှိရန်ပင် ဝိညာဉ်ကျောက်တုံး တစ်ထောင်ခန့် ကုန်ကျမည်ဟု တွက်ချက်နိုင်သည်။ ထိုစျေးနှုန်းဖြင့် ဒုတိယအဆင့် အဆင့်လတ် ဆေးလုံးများကို တိုက်ရိုက်ဝယ်ယူနိုင်သည်။ ထို့အပြင် ထွက်ရှိနှုန်းမှာလည်း မမြင့်မားသဖြင့် တစ်ကြိမ်ဖော်စပ်လျှင် ခုနစ်လုံး၊ ရှစ်လုံးထက် မပိုနိုင်ချေ။ ထို့ကြောင့် အမြတ်တွက်ချက်လျှင် ကိုယ်တိုင်ဖော်စပ်ခြင်းမှာ မသင့်တော်လှပေ။
လော့ချန်သည် လူမိုက်မဟုတ်ပေ။ သူသည် အမြဲ တွက်ချက်တတ်သူတစ်ဦးဖြစ်သည်။ တွက်ချက်ပြီးနောက် သူ နားလည်လာသည်မှာ ထိပ်တန်းအဆင့် သက်တံ့ဂန္ဓမာဆေးလုံးကို ဖော်စပ်ခြင်းသည် အရှုံးသာ ဖြစ်မည်ဟူ၍ ဖြစ်သည်။ အချိန်နှင့် အားထုတ်မှု ကုန်ဆုံးရုံသာ ရှိပေလိမ့်မည်။
သူ ခါးသက်သက် ပြုံးလိုက်မိသည်။
“အေးလေ…. နဂါးလုံဆေးလုံးထက် မလျော့နည်းတဲ့ ဆေးနည်းစာသာဆိုရင်တော့ ထောင်မျိုးနွယ်စုက ဒီလောက်လွယ်လွယ်နဲ့ ဘယ်ထုတ်ပေးမလဲ.... ကျောက်စိမ်းအမြုတေဆေးလုံးလို အဆင့်နိမ့်ဆေးနည်းတွေကတော့ ပြင်ပမှာ ပျံ့နှံ့နိုင်ပေမဲ့ တကယ့်အရေးကြီးတဲ့ ဆေးနည်းတွေကိုတော့ ဂိုဏ်းကြီးတွေက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာပဲ....”
ဤအတွေးဖြင့် လော့ချန်၏ မျက်နှာထက်ဝယ် ခါးသက်သော အရိပ်အယောင်တစ်ခုသာ ကျန်ရစ်ခဲ့သည်။ သက်တံ့ဂန္ဓမာဆေးလုံး၏ ဆေးနည်းမှာ အကျိုးအမြတ်အတွက် သုံးမရသည့် အရာတစ်ခုလိုပင် ထင်ရတော့သည်။ သို့သော် လုံးဝ အသုံးမဝင်ဟု မဆိုနိုင်ပေ။ နောင်တစ်ချိန် နဂါးလုံဆေးလုံးအပေါ် ဆေးယဉ်ပါးမှု ဖြစ်ပေါ်လာပါက သို့မဟုတ် အခြားရွေးချယ်စရာ မရှိတော့ပါက ထိုဆေးနည်းသည် အရေးပေါ်အရန်တစ်ခုအဖြစ် အသုံးဝင်နိုင်မည် ဖြစ်သည်။ သို့သော် ထိုအရန်ပင် အနည်းငယ်အားနည်းလွန်းနေသေးသည်။
လော့ချန် ခေါင်းကို ဖြည်းညှင်းစွာယမ်းလိုက်ပြီး မော့ဟယ်ခြံဝင်းအတွင်းမှ ထွက်ခွာလာခဲ့သည်။ ထောင်မျိုးနွယ်စု၏ အိမ်ရာဘက်သို့ မသိမသာ လှမ်းကြည့်လိုက်ရင်း သူ၏ မျက်ဝန်းများတွင် အတွေးတစ်ခု ခဏတာ ဖြတ်သန်းသွားခဲ့သည်။ ဖြစ်နိုင်သည်မှာ ထောင်ဝမ်ကိုယ်တိုင်ပင် သူ၏ ဆေးလုံးလိုအပ်ချက် ဤမျှအထိ မြင့်မားနေမည်ဟု ထင်မှတ်မထားခဲ့ခြင်း ဖြစ်နိုင်သည်။ သာမန်တစ်ကိုယ်တော် ကျင့်ကြံသူများအတွက်မူ မိမိကိုယ်တိုင် ဆေးလုံးဖော်စပ်၍ အသုံးပြုနိုင်ခြင်းသည်ပင် ကံကောင်းမှုကြီးတစ်ခု ဖြစ်နေလေပြီ။ သို့သော် လော့ချန်၏ လိုအပ်ချက်က ထိုအဆင့်ထက် အလွန်ကျော်လွန်နေပြီ ဖြစ်သည်။
“ထားလိုက်တော့.... ငါ ရောင့်ရဲတင်းတိမ်မှု မရှိတာပဲ ဖြစ်မယ်"
သူ တိမ်တိုက်များကို စီးနင်းရင်း အဝေးသို့ ထွက်ခွာလာခဲ့သည်။ ထောင်ရိရှန်း ပြောခဲ့ဖူးသည့် ဆေးလုံးစိမ်းချိုင့်ဝှမ်းဈေးကွက်၏ စည်ကားမှုကို သူ သွားရောက်ကြည့်ရှုရန် ရည်ရွယ်ထားသည်။ ဂိုဏ်းမျိုးဆက်ပြိုင်ပွဲ နီးကပ်လာသည်နှင့်အမျှ အပြင်လူများ၊ ဂိုဏ်းတပည့်များနှင့် ကုန်သည်မျိုးစုံ စုဝေးနေကြမည်မှာ မလွဲမသွေပင်။
လော့ချန်၏ မျက်ဝန်းများတွင် တောက်ပသော အလင်းတန်းတစ်ခု မသိမသာ ပေါ်ထွက်လာသည်။
“ဆေးဖော်လမ်းစဉ်မှာ မထင်သလို ဖြစ်သွားပေမဲ့.... တခြားနေရာတွေမှာတော့ ကံကောင်းမှုတစ်ခုခု ရနိုင်မလား မသိဘူး"
ထိုအတွေးနှင့်အတူ လော့ချန်သည် တိမ်တိုက်များကို စီးနင်းကာ ဆေးလုံးစိမ်းချိုင့်ဝှမ်းဈေးကွက်အတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်သွားခဲ့တော့သည်။