အခန်း (၄၇၉-၄၈၀)
Vol. 48 Ch. 479-480
အခန်း (၄၇၉) - ပါရမီရှင်နှစ်ဦး ထိပ်တိုက်တွေ့ခြင်း
ထက်သန်လှသော တိုက်ပွဲဝင်လိုစိတ်နှင့်အတူ ကျယ်လောင်လှသည့် ဟိန်းသံကြီးတစ်ခု ကောင်းကင်ထက်သို့ ထိုးဖောက်ထွက်ပေါ်လာခဲ့သည်။ ထိုအသံကြီးသည် လှိုင်းထန်လှသော ချီစွမ်းအင်များ၏ ထောက်ပံ့မှုဖြင့် ရေလှိုင်းကြီးတစ်လှိုင်းအလား အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်ပျံ့နှံ့သွားခဲ့တော့သည်။
ထိုစင်မြင့်ကြီးထက်တွင်မူ ခေါင်းငုံ့လျက် ဆေးနည်းကို အာရုံစိုက်လေ့လာနေသော လူငယ်အမျိုးသားတစ်ဦးသည် ဖြည်းဖြည်းချင်း ခေါင်းမော့လာခဲ့ပြီး ချူခွေးအား စူးစိုက်ကြည့်လိုက်သည်။
သူ၏အသွင်အပြင်မှာ ကျင့်ကြံသူတစ်ဦးတို့၏ ကျောက်စိမ်းကဲ့သို့ ဖြူစင်နူးညံ့သည့် အလှမျိုး မရှိချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏မျက်နှာတစ်ခုလုံးသည် နီရဲတောက်ပနေပြီး မျက်ခုံးနှစ်ခုအကြား၌ ခရမ်းရောင်အမှတ်အသားတစ်ခု ထင်ရှားစွာ တည်ရှိနေကာ မီးလျှံတစ်ခုလုံး ထွန်းလင်းလောင်ကျွမ်းနေသကဲ့သို့ ထူးဆန်းတောက်ပလှသည်။
ထိုသူသည် မည်သည့်စကားမှ မဆိုဘဲ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရုံဖြင့်ပင် လက်ရည်စမ်းစင်မြင့်ထက်သို့ တစ်ဟုန်ထိုး ဆင်းသက်လာခဲ့သည်။ ထိုခဏ၌ ချူခွေး၏ မျက်ဝန်းအတွင်းတွင်မူ ကောင်းကင်ထက်မှ မီးတောင်ကြီးတစ်ခ ကျဆင်းလာသကဲ့သို့ ပြင်းထန်လှသော ဖိအားတစ်ခု င်ရောက်လာခဲ့တော့သည်။
ချူခွေး၏ အော်ဟစ်သံကြီးကြောင့် ဆေးလုံးစိမ်းချိုင့်ဝှမ်းတစ်ခုလုံးမှ လူအားလုံး၏ အကြည့်များသည်လည်း ထိုနေရာသို့ တစ်ပြိုင်နက်တည်း ကျရောက်လာခဲ့ကြသည်။ ထိုအထဲတွင် လုံရှို့တောင်မှ ရောက်ရှိလာခဲ့သော ရွှေအမြုတေအဆင့် အကြီးအကဲတစ်ဦးလည်း ပါဝင်နေခဲ့သည်။ သူ လက်ကို ဖြည်းညင်းစွာ ဝှေ့ယမ်းလိုက်သည့်အခါ၌ ကြီးမားလှသည့် အလင်းအကာအကွယ်ကြီးတစ်ခုသည် စင်မြင့်တစ်ခုလုံးကို ချက်ချင်းပင် ဝန်းရံဖုံးလွှမ်းသွားခဲ့တော့သည်။
လူတိုင်း၏ စိတ်အတွင်း၌ ဤတိုက်ပွဲသည် သာမန်ထက် ပြင်းထန်မည်ဟူသော အတွေးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထို့ကြောင့်သာ လုံရှို့တောင်မှ အကြီးအကဲသည် ဤမျှတည်ငြိမ်လေးနက်စွာ ကြိုတင်ကာကွယ်ရေးစနစ်ကို ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပေသည်။
ထောင်မျိုးနွယ်စု စင်မြင့်၏ နောက်ဘက်တွင် ရပ်နေသော လော့ချန်သည်လည်း ထိုမြင်ကွင်းကို ကြည့်ရင်း မသိမသာပင် သွေးပူလာခဲ့သည်။ အခန်းအတွင်းမှ ထွက်လာလာချင်း ထိပ်သီးပညာရှင်နှစ်ဦး၏ တိုက်ပွဲကြီးကို မျက်မြင်တွေ့ခွင့်ရလိမ့်မည်ဟု သူ မထင်မှတ်ထားချေ။ ထို့အပြင် တစ်ဦးမှာ သူ၏သူငယ်ချင်းဟု ဆိုနိုင်သော ချူခွေး ဖြစ်နေသည်။
“အတော်ပဲပေါ့....”
လော့ချန် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။ ချူခွေး၏ တိုက်ခိုက်ရေးစွမ်းရည် မည်မျှအထိ ရောက်ရှိနေသည်ကို သူကိုယ်တိုင်လည်း တိတိကျကျ သိလိုစိတ် ပြင်းပြနေခဲ့သည်။ သာမန်အချိန်များတွင် ထိုသူ တောင်းဆိုလေ့ရှိသည့် အဖိုးအခများမှာလည်း မနည်းလှသောကြောင့် သူ့တွင် တကယ့်အရည်အချင်းများ ရှိရမည်ဟု လော့ချန် ယူဆနေခဲ့သည်။
သူ မသိမသာဖြင့် မေးမြန်းလိုက်သည်။
“အခု ငါတို့အဆင့်က ဘယ်နေရာမှာ ရှိနေတာလဲ”
ထောင်ရိရှန်းက ချက်ချင်းပင် ပြန်ဖြေသည်။
“အဘိုးနဲ့ အစ်ကိုချီတို့ ဝင်တိုက်ပေးနေတာဆိုတော့ လက်ရှိ အဆင့် (၅) မှာ တည်ငြိမ်နေပြီ၊ နောက်ပိုင်း စိန်ခေါ်လာတဲ့သူတွေလည်း တဖြည်းဖြည်းနည်းလာနေပြီ၊ အဓိကရင်ဆိုင်ရမှာကတော့ တခြားရွေးချယ်ခံမျိုးဆက်တွေရဲ့ စိန်ခေါ်မှုတွေပါ”
လော့ချန်က ဆက်လက်စူးစမ်းလိုစိတ်ဖြင့် မေးလိုက်ပြန်သည်။
“ဒါဆို မင်းတို့ရဲ့ အစ်ကိုကြီး တန်ရန်ဇီနဲ့ ယွီရွှမ် ဟယ်မျိုးနွယ်စုကကော အဆင့်ဘယ်လောက်မှာ ရှိနေကြတာလဲ”
“အစ်ကိုကြီးကတော့ လက်ရှိ ပထမအဆင့်မှာ ရှိနေတယ်”
“ဟင်....”
လော့ချန်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားခဲ့သည်။
“စစ်ကူခေါ်ခွင့်မရှိဘူးမဟုတ်လား.... ဒါတောင်မှ ပထမအဆင့်ကို ထိန်းထားနိုင်သေးတာလား”
ထောင်ရိရှန်း ခပ်လေးလေး သက်ပြင်းချလိုက်သည်။
“ဒါပေမဲ့ သူက အစ်ကိုကြီးပဲလေ....”
ထိုစကားတစ်ခွန်းထဲတွင်ပင် အဓိပ္ပာယ်များစွာ ပါဝင်နေခဲ့သည်။
လော့ချန် မျက်မှောင်ကို အနည်းငယ်ကြုတ်လိုက်သော်လည်း မကြာမီတွင် သေချာ သဘောပေါက်သွားခဲ့သည်။ တန်ရန်ဇီသည် မည်သို့သော အမှားမျိုးကို ကျူးလွန်ခဲ့၍ ဂိုဏ်းမျိုးဆက်နေရာမှ လျော့ကျခဲ့ရသည်ဖြစ်စေ၊ သူသည် ဆေးလုံးစိမ်းချိုင့်ဝှမ်းအတွင်း၌ နှစ်ပေါင်းများစွာ ဂိုဏ်းတူအစ်ကိုကြီး ဟူသော အမည်နှင့် ရပ်တည်လာခဲ့သူတစ်ဦး ဖြစ်သည်။ သူ၏စွမ်းရည်၊ သူ၏ဂုဏ်သတင်းနှင့် သူ၏အာဏာအရှိန်အဝါတို့သည် အချိန်ကြာမြင့်စွာတည်ဆောက်ထားခဲ့သည့် အုတ်မြစ်တစ်ခုကဲ့သို့ ဖြစ်နေပြီး မည်သူမဆို လွယ်ကူစွာ ထိခိုက်ဖျက်ဆီးနိုင်သည့်အရာ မဟုတ်ချေ။
ထိုထက်ပို၍ နက်ရှိုင်းစွာ တွေးကြည့်ပါက ဤဂိုဏ်းမျိုးဆက်ပြိုင်ပွဲကြီးဟူသည်မှာ အထက်လူကြီးများဘက်မှ တန်ရန်ဇီအား သေးငယ်သော ပြစ်ဒဏ်တစ်ခု ပေးအပ်ခြင်းဖြစ်နိုင်သလို၊ တစ်ဖက်တွင်လည်း သူ့အား အမှားကို ပြန်လည်ပြင်ဆင်ပြီး မူလနေရာသို့ ပြန်လည်တက်လှမ်းနိုင်မည့် အခွင့်အရေးတစ်ခုကို ဖန်တီးပေးထားခြင်းလည်း ဖြစ်နိုင်သည်။
ထိုအမြင်မှာ အပြင်ပန်းအားဖြင့် ရိုးရှင်းသော်လည်း အမှန်စင်စစ် အလွန်နက်ရှိုင်းလှပေသည်။ သာမန်တပည့်များ၏ မျက်စိထဲတွင် ဤသို့သော အခြေအနေများသည် များစွာ မျှတမှုမရှိသကဲ့သို့၊ အာဏာနှင့်အကျိုးစီးပွားများ ရောယှက်နေသည့် ပူးပေါင်းကြံစည်မှုတစ်ခုကဲ့သို့ပင် ထင်မြင်မိကြမည်မှာ သေချာလှသည်။
မည်သည့်အကြောင်းပြချက်မျိုးဖြင့်ဖြစ်စေ၊ အနာဂတ်တွင် ဂိုဏ်းတစ်ခုလုံးကို ဦးဆောင်မည့် ဆက်ခံသူတစ်ဦးအား ရာထူးမှ ချွတ်ချလိုက်ခြင်းဟူသည်မှာ သာမန်မဟုတ်သော အဖြစ်အပျက်တစ်ခုသာ ဖြစ်သည်။ အောက်ခြေတပည့်များအနေဖြင့် မည်သို့မည်ပုံ တွေးတောမိကြမည်ကို ခန့်မှန်းရန် မခက်ခဲတော့ပေ။
ဤကဲ့သို့သော အခြေအနေမျိုးအောက်တွင် သာမန်တပည့်ရင်းများအနေဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ လှုပ်ရှားဝံ့မည်မဟုတ်ပေ။ သို့သော် ရွေးချယ်ခံမျိုးဆက်နေရာကို အခိုင်အမာရရှိထားပြီးသော ကျန်ရှိနေသည့် လူရှစ်ဦးကမူ ထိုသို့သော တွေးခေါ်မှုမျိုးကို လက်ခံမည်မဟုတ်ချေ။ ဂိုဏ်းမျိုးဆက်ပြိုင်ပွဲကြီးနှင့် ဆက်နွှယ်နေသည့်အတွက် အဆင့်အတန်းသတ်မှတ်ချက်တိုင်းသည် အလွန်အမင်း အရေးပါလှပေသည်။ အဆင့်ကိုးမှ အဆင့်တစ်အထိ တိုက်ခိုက်တက်လှမ်းရန်ဟူသည်မှာ တိုတောင်းလှသော အချိန်ကာလအတွင်း မည်မျှ ခက်ခဲကြမ်းတမ်းမည်ကို ခန့်မှန်းရခက်ပေသည်။ ထို့ကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ အလွယ်တကူ စမ်းသပ်တိုးဝင်လိုခြင်း မရှိကြချေ။
အဆင့်မြင့်သူများကမူ သဘာဝအလျောက် အေးအေးဆေးဆေး စောင့်ဆိုင်းနိုင်သည့် ကြီးမားသော အားသာချက်များကို ပိုင်ဆိုင်ထားကြသည်။ ထိုသူတို့၏ လက်အောက်တွင်လည်း သစ္စာခံများ၊ အထောက်အပံ့ပေးနိုင်သော အင်အားစုများ ရှိနေကြသေးသည်။ ထိုအင်အားများကို အသုံးချလျက် တန်ရန်ဇီ၏ စွမ်းအင်များကို တဖြည်းဖြည်း လျော့ပါးကုန်ခမ်းစေရန်သာမက သူ၏ အဆင့်အတန်းကိုပါ အောက်သို့ ဆွဲချနိုင်ရန် အစီအစဉ်များကို တိတ်တဆိတ် ရေးဆွဲထားကြသည်။ ဖြစ်နိုင်ပါက သူ၏ ချီစွမ်းအင်များကိုပါ အဆုံးထိ ကုန်ခမ်းသွားစေလိုကြသည်။
ယခုအချိန်တွင် ဒုတိယအဆင့်၌ ရှိနေသော ဟယ်ယွမ်ချင်းကလည်း ထိုကဲ့သို့သော အစီအစဉ်မျိုးကို လက်တွေ့အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသူတစ်ဦးဖြစ်သည်။ သူတစ်ဦးတည်းသာ မဟုတ်ပေ။ ဂိုဏ်းမျိုးဆက်နေရာကို ရယူလိုသော မည်သူမဆို တန်ရန်ဇီကို အကြီးမားဆုံးသော ရန်သူအဖြစ် သတ်မှတ်ထားကြမည်မှာ မလွဲမသွေပင် ဖြစ်၏။
ချူခွေး၏ တိုက်ခိုက်မှု ပြီးဆုံးသွားသည်နှင့်အမျှ နောက်ထပ်လူများကလည်း တစ်ဦးပြီးတစ်ဦး စေလွှတ်ဝင်ရောက်လာမည့် အလားအလာမှာ သေချာသလောက် ရှိနေသည်။ သို့သော် ထိုအရာများအားလုံးသည် နောက်မှ ဖြစ်လာမည့် အခြေအနေများသာ ဖြစ်ပေသည်။ လော့ချန်၏ အာရုံစိုက်မှုမှာမူ ယခုအချိန်တွင် ပထမဆုံး စင်မြင့်ထက်သို့သာ အပြည့်အဝ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
ထိုစဉ် ချူခွေးက ဦးစွာလှုပ်ရှားလာသည်။ သူ၏ လက်ထဲရှိ တုတ်ရှည်ကြီးသည် ကြီးမားလှသော တုတ်ရိပ်အဖြစ် ပြောင်းလဲသွားကာ တန်ရန်ဇီ၏ ဦးခေါင်းထက်သို့ တိုက်ရိုက် ဖိနှိပ်ရိုက်ချလိုက်တော့သည်။ ထိုတိုက်ခိုက်မှုတွင်ပါဝင်သော စွမ်းအားအရှိန်အဝါသည် လုံးဝဖုံးကွယ်ထားခြင်းမရှိဘဲ ထွက်ပေါ်နေသည်။
တန်ရန်ဇီ၏ မျက်နှာမှာ ချက်ချင်းပင် ခက်ထန်တင်းမာသွားသည်။ သူ လက်တစ်ချက် လှုပ်ရှားလိုက်သည်နှင့် ဓားတစ်လက် တောက်ပစွာဖြင့် အရှိန်အဟုန်ပြင်းထန်စွာ ထွက်ပေါ်လာသည်။ ထိုဓားအလင်းသည် ရေတံခွန်တစ်ခု ပြောင်းပြန်စီးဆင်းသွားသကဲ့သို့ ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး ကြီးမားသော တုတ်ရိပ်ကြီးကို တစ်စစီအဖြစ် ချိုးဖျက်ပစ်လိုက်သည်။ ထိုမျှမက ဓားအလင်း၏ စွမ်းအင်သည် မကုန်ဆုံးသေးဘဲ ချူခွေးထံသို့ ဆက်လက်တိုးဝင်သွားသေးသည်။
တန်ရန်ဇီသည် ဆေးလုံးနှင့် ဓားသိုင်းနှစ်ခုလုံးတွင် ထူးချွန်ထက်မြက်သူအဖြစ် နာမည်ကျော်ကြားသူဖြစ်သည်။ သူသည် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ပါရမီရှင် ခုနစ်ဦးအနက် ထိပ်ဆုံးနေရာကို ရယူထားသူဖြစ်ပြီး ဆေးဖော်ပညာရပ်သာမက ဓားကိုထိန်းချုပ်အသုံးပြုရာတွင်လည်း အလွန်ကျွမ်းကျင်လှသည်။
ချူခွေးသည်လည်း သူ့အား လုံးဝလျှော့မတွက်ဝံ့ချေ။ သူသည် ခန္ဓာကိုယ်ကို အလျင်အမြန်နောက်ဆုတ်ကာ တုတ်ရှည်ကြီးဖြင့် တစ်ချက်ပြီးတစ်ချက် ဆက်တိုက်ထိုးနှက်တိုက်ခိုက်လိုက်သည်။ ထိုတိုက်ခိုက်မှုတိုင်းသည် သာမန်အခြေတည်နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားကိုပင် ကျော်လွန်နေခဲ့သည်။
လက်ရည်စမ်းပွဲကို ထိန်းချုပ်နေသော လုံရှို့တောင်အကြီးအကဲပင် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤချူခွေးသည် မည်သည့်အထောက်အပံ့မရှိဘဲ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးသာ ဖြစ်သော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ မမျှော်လင့်စွာပင် ရွေးချယ်ခံမျိုးဆက်များနှင့် ယှဉ်နိုင်သည့်အဆင့်သို့ ရောက်ရှိနေသည်။ အထူးသဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အခြေတည်အဆင့် (၈) သာ ရှိသေးသည်ကို ထည့်သွင်းစဉ်းစားလျှင် အလွန်အမင်း ထူးခြားလှပေသည်။
နောက်ခံအထောက်အပံ့မရှိဘဲ ကိုယ်တိုင်ရုန်းကန်တက်လှမ်းလာသူများသည် တိုက်ခိုက်ရေးစွမ်းရည်တွင် အားနည်းခြင်းမရှိကြသည်မှာ ထင်ရှားပေသည်။ ထို့ကြောင့် တန်ရန်ဇီအနေဖြင့် ဤတိုက်ပွဲကို လျင်မြန်စွာ အဆုံးသတ်နိုင်ရန်မှာ မလွယ်ကူတော့ချေ။
ကြီးမားကျယ်ပြန့်လှသော စင်မြင့်ထက်တွင် လူနှစ်ဦး၏ ပုံရိပ်များသည် ယခင်ကဲ့သို့ တည်ငြိမ်မနေတော့ဘဲ အပြန်အလှန်တိုက်ခိုက်မှုအရှိန်အဟုန်နှင့်အတူ ပိုမိုပြင်းထန်လာခဲ့သည်။
ပတ်ဝန်းကျင်ရှိ တန်ရန်ဇီကို အားပေးနေသော ဆေးလုံးစိမ်းချိုင့်ဝှမ်းတပည့်များသည်လည်း ချူခွေး၏ နောက်ခံကို သိလိုစိတ်ဖြင့် စူးစမ်းလာကြသည်။ ထိုကဲ့သို့ အင်အားကြီးသော တိုက်ခိုက်နိုင်စွမ်းရှိသည့်သူသည် မည်သည့်အရပ်မှ ရောက်လာသူဖြစ်မည်နည်းဟု အံ့အားသင့်နေကြသည်။ နောက်ဆုံးတွင် သူသည် ထျန်းလန်နတ်ဘုရားမြို့တော်မှ ရောက်ရှိလာသော ထျန်းခွေးကျီဟု နာမည်ကျော်ကြားသည့် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း သိလိုက်ရသောအခါမှသာ အားလုံး၏ စိတ်အတွင်း မသက်မသာဖြစ်နေမှုများ လျော့ကျသွားခဲ့ကြတော့သည်။
ကျယ်ပြောလှသော ကျင့်ကြံခြင်းလောကကြီးအတွင်း၌ မမျှော်လင့်ဘဲ ထက်မြက်လှသည့် တစ်ကိုယ်တော်ကျင့်ကြံသူများ ထွက်ပေါ်လာခြင်းသည်ကား သဘာဝတရားတစ်ခုကဲ့သို့ပင် ဖြစ်လေသည်။ သို့ရာတွင် ယခုအခါတွင်မူ ထိုကဲ့သို့သော ပါရမီရှင်တစ်ဦးသည် ယွီရွှမ်ဟယ်မျိုးနွယ်စု၏ လက်အောက်သို့ သိမ်းသွင်းခံလိုက်ရလေပြီ။ ထိုအခိုက်အတန့်၌ ဟယ်ယွမ်ချင်းအတွက် မည်မျှအထိ အဖိုးတန်လှသော အရာများကို ပေးဆပ်ခဲ့ရမည်နည်းဟူသော အတွေးသည်လည်း စိတ်ဝင်စားဖွယ်ကောင်းစွာ ထွက်ပေါ်လာခဲ့သည်။
အများသူငါတို့က အနိုင်အရှုံးဟူသည့် ရလဒ်တစ်ခုတည်းကိုသာ အာရုံစိုက်နေကြသော်လည်း၊ ထိုရွှေအမြုတေအဆင့် အကြီးအကဲများ၏ မျက်ဝန်းများအတွင်း၌မူ လေးနက်မှုတို့ လွှမ်းခြုံနေခဲ့သည်။ အောက်ဘက်တွင် အရှိန်အဟုန်ပြင်းထန်စွာဖြင့် ပေါက်ကွဲနေသော တိုက်ခိုက်မှုများကို ကြည့်ရှုရင်း တစ်ဦးချင်းစီ၏ မျက်ခုံးများမှာ မသိမသာ တွန့်ကွေးသွားကြလေသည်။
“ဒီလိုအင်အားပြင်းထန်လွန်းတဲ့ တိုက်ခိုက်မှုမျိုးက.... အခြေတည်အဆင့် တိုက်ပွဲထဲမှာ ပေါ်ပေါက်လာသင့်တာ မဟုတ်ဘူး”
ထိုစကားကို ထုတ်ဖော်ပြောဆိုလိုက်သူကား ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ဂိုဏ်းချုပ်ကြီး ချင်ယွင်ဇီပင် ဖြစ်လေသည်။ ဤနေရာ၌ သူ၏ အဆင့်အတန်းသည် အမြင့်ဆုံးဖြစ်သော်လည်း ရွှေအမြုတေအဆင့်သို့ တက်လှမ်းခဲ့သည့် ကာလမှာမူ အခြားသူများနှင့်နှိုင်းယှဉ်လျှင် အတော်လေး နောက်ကျခဲ့သည့် အနေအထားဖြစ်သည်။
ထိုအခါ အသက်အရွယ်အရ အလွန်အမင်း ရင့်ကျက်နေပုံရသည့် ယွမ်မျိုးနွယ်စုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးတစ်ဦးက မသိမသာ နှာခေါင်းတစ်ချက်ရှုံ့ကာ လှောင်ပြောင်သလို ပြောလိုက်လေသည်။
“ဒါက ဈေးကွက်ထဲပြန့်နေတဲ့ စျေးပေါမှော်ရတနာတွေကြောင့် မဟုတ်ဘူးလား.... ဒီလို အရည်အသွေးနိမ့်တဲ့ မှော်ရတနာတွေက သက်တမ်းမရှည်ပေမဲ့ ပေါက်ကွဲချိန်မှာတော့ မထင်မှတ်နိုင်လောက်အောင် စွမ်းအားပြင်းထန်တတ်တယ်၊ အခြေတည်ကျင့်ကြံသူတွေလို ခံစစ်အားနည်းသူတွေအတွက်ဆိုရင် သေစေနိုင်တဲ့အထိတောင် ဖြစ်နိုင်တယ်.... လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းကဆိုရင် ဒီလိုအခြေအနေမျိုးက လုံးဝမတွေးဝံ့စရာပဲ....”
သူ၏ စကားလုံးများ ထိုနေရာသို့ ရောက်လာချိန်တွင် ချင်ယွင်ဇီ၏ မျက်နှာထားမှာ မသိမသာ ပြောင်းလဲသွားလေသည်။
“အစ်ကိုယွမ်.... စကားကို ဆင်ခြင်ပါဦး”
ထိုအခါ ယွမ်မျိုးနွယ်စုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူသည် နှာခေါင်းတစ်ချက် ထပ်မံရှုံ့ကာ မည်သည့်စကားမျှ ဆက်မပြောတော့ပေ။ ထိုအကြောင်းအရာသည် အားလုံးအတွက် တားမြစ်ထားသကဲ့သို့ ဖြစ်နေခဲ့သည်။ အနီးအနားရှိ အခြားအကြီးအကဲများလည်း တစ်ဦးနှင့်တစ်ဦး မသိမသာ လှမ်းကြည့်မိကြသော်လည်း မည်သူမျှ စကားဆက်မဆိုကြတော့ချေ။
ထိုအချိန်တွင် ဘုရင်မပန်းဂိုဏ်းမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူ မာလာဒေဝီက နူးညံ့သိမ်မွေ့စွာ ရယ်မောလိုက်ရင်း
“ကျွန်မတို့အားလုံး ပျံလွှားဂိုဏ်းအကြောင်းကို သိပြီးသားပါ.... မီးလောင်ရာ လေပင့်လုပ်စရာ မလိုပါဘူး”
ထိုသို့ ပြောနေစဉ် သူမ၏ အကြည့်များသည် ရေခဲခံတပ်နှင့် ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ ကျင့်ကြံသူကြီးများထံသို့ အခါခါ ရောက်ရှိသွားလေသည်။
ကရုဏာမဲ့နတ်သမီးဟု အမည်တွင်သူကား မည်သည့်စကားမျှ မဆိုဘဲ ရေခဲတုံးကဲ့သို့ အေးစက်တည်ငြိမ်နေသည်။ သူမ၏ မျက်နှာသည် နှစ်ပေါင်းသောင်းချီ ရေခဲပြင်ကြီးတစ်ခုကဲ့သို့ အရည်ပျော်နိုင်စွမ်းမရှိသည့်အလား မတုန်လှုပ်ဘဲ တည်ငြိမ်နေခဲ့သည်။
ချင်ယွင်ဇီသည် လက်တစ်ဖက်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီး နောက်ဆုံးတွင် သက်ပြင်းတစ်ချက်သာ ချလိုက်မိသည်။
“လူတိုင်းက ကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်း မရှိကြတာပဲ ဖြစ်မှာပါ....”
ထို့နောက် သူ ဆက်၍ ပြောလိုက်သည်။
“မာလာဒေဝီ.... ကျုပ်တို့ဂိုဏ်းက ပါရမီရှင်တွေရဲ့ တိုက်ပွဲကိုပဲ အာရုံစိုက်ကြရအောင်”
သို့သော် မာလာဒေဝီက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး
“အစ်ကိုကြီးပွဲက ကြည့်လို့မှ မကောင်းတာ.... အဲ့ဒီတစ်ကိုယ်တော်ကျင့်ကြံသူလေးက စွမ်းအားတွေကို တမင်ချုပ်တည်းထားသေးတယ်ဆိုတာ အသိသာကြီး…. အစ်ကိုကြီးတို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းက ကျင့်ကြံသူတွေက ဆေးဖော်စပ်တာနဲ့ပဲ အချိန်ကုန်နေကြတာဆိုတော့ တိုက်ခိုက်ရေးဘက်မှာ အားနည်းနေတာ မဖြစ်နိုင်ဘူးလား”
ချင်ယွင်ဇီ၏ မျက်ခုံးများ တွန့်ကွေးသွားလေသည်။
“အဲ့ဒီစကားရဲ့ အဓိပ္ပာယ်က ဘာလဲ.... တန်ရန်ဇီလည်း အစွမ်းအပြည့်မထုတ်သေးဘူးလေ၊ ဒါပေမဲ့ သူ အသာစီးရနေတာပဲ”
မာလာဒေဝီက ခပ်အေးအေး ပြုံးလိုက်ပြီး
“ဒီ စင်မြင့်ထက်က တိုက်ပွဲကတော့ သာမန်လက်ရည်စမ်းပွဲလေးပဲ…. တကယ်လို့ အသက်လုတိုက်ပွဲဆိုရင်တော့ ဘယ်သူအောင်နိုင်မလဲဆိုတာ ပြောဖို့ခက်သွားမှာပေါ့”
ချင်ယွင်ဇီက ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်ရင်း
“စည်းမျဉ်းတွေက ရှိပြီးသား၊ အသက်လုတိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး…. မင်း ဒီပြိုင်ပွဲရဲ့ အနှစ်သာရကို လာဖျက်နေတာပဲ”
မာလာဒေဝီက တောက်ပစွာ ပြုံးလိုက်ပြီး မည်သည့်စကားမျှ ထပ်မဆိုတော့ပေ။ တိုက်ပွဲကိုမူ သူမစိတ်မဝင်စားတော့သည်မှာ ထင်ရှားလှသည်။
....
အောက်ဖက်ရှိ တိုက်ပွဲကြီးကား နောက်ဆုံးတွင် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့တော့သည်။ အချင်းချင်း အပြန်အလှန် ထိုးနှက်တိုက်ခိုက်ခဲ့ကြပြီးနောက် တန်ရန်ဇီ၏ ဓားချက်တစ်ချက်ကို ချူခွေး တိုက်ရိုက်ခံယူကာ ခုခံလိုက်ရ၏။ ထိုအခိုက်အတန့်၌ သူ၏ ခန္ဓာကိုယ်သည်လည်း အနည်းငယ် ပင်ပန်းနွမ်းနယ်လာပြီး နောက်သို့ အသာအယာ ဆုတ်ခွာလိုက်ရတော့သည်။
“အစ်ကိုကြီး.... ခဏရပ်ပါ.... ကျုပ် အရှုံးပေးပါတယ်”
ထိုစကားသံ ထွက်ပေါ်လာသည့်အခိုက် တန်ရန်ဇီသည် ချူခွေးကို မျက်တောင်မခတ် စိုက်ကြည့်လိုက်သည်။ သူ၏ လက်ထဲမှ ဓားသည် တုန်ခါသံသဲ့သဲ့ ထွက်ပေါ်နေပြီး သူ၏ မျက်နှာပေါ်တွင်လည်း မကျေမနပ်မှု အရိပ်အယောင်တစ်ခု ထင်ဟပ်နေ၏။
“မင်းက ချူခွေး မဟုတ်လား.... ငါ မင်းနာမည်ကို မှတ်မိသွားပြီ”
စကားအဆုံးတွင် သူ ခန္ဓာကိုယ်ကို လှည့်လျက် စင်မြင့်ကြီးထက်သို့ ပျံသန်းတက်သွားခဲ့တော့သည်။ သူ ချီစွမ်းအင်ကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းရင်း ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေခဲ့တော့သည်။ ဆေးနည်းကို လေ့လာရန်အတွက်ပင် သူ့တွင် အချိန်မကျန်တော့ပေ။
ချူခွေး ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီးနောက် ကွင်းပြင်မှ ချက်ချင်း ထွက်ခွာလာခဲ့သည်။ ဒုတိယစင်မြင့်ထက်သို့ ခြေချလိုက်ရုံမျှရှိသေး၊ ဟယ်ယွမ်ချင်း၏ မကျေမနပ်သံကြီး ထွက်ပေါ်လာတော့သည်။
“ဟာကွာ…. မင်းမှာ စွမ်းအင်တွေ ကျန်နေသေးတာကို.... ဘာဖြစ်လို့ ဒီလောက်လွယ်လွယ်နဲ့ အရှုံးပေးလိုက်တာလဲ”
ချူခွေးက လက်နှစ်ဖက်ကို အသာဖြန့်ပြလိုက်ပြီး အပြစ်ကင်းစင်လှသည့် အပြုံးတစ်ခုကို ထုတ်ဖော်ကာ ပြောလိုက်၏။
“ဟေ့.... မင်း တကယ်ပဲ ငါ့ကို စင်မြင့်ထက်မှာ လူသတ်စေချင်တာလား၊ ငါသာ ဆက်တိုက်နေခဲ့ရင် မင်းတို့ဂိုဏ်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးတွေ ပြုံးပြုံးကြီး ထိုင်ကြည့်နေမယ် ထင်တာလား”
ဟယ်ယွမ်ချင်း ရယ်မောလိုက်မိသည်။
“ဟဲဟဲ.... မင်းမှာ အဲ့ဒီလို စွမ်းရည်ရှိနေခဲ့ရင်တော့ တစ်မျိုးပေါ့”
ချူခွေးက ပုခုံးတစ်ချက်တွန့်လျက် ဆက်ပြောလိုက်သည်။
“ဒါဆိုလည်း ပြီးတာပဲ…. ငါ့မှာ အဲ့ဒီလို စွမ်းရည်မရှိသေးတဲ့အတွက် အသက်ကိုလောင်းပြီး တိုက်ခိုက်နေလို့ ဘာထူးမလဲ၊ ပြီးတော့ မင်းက ငါ့ကို တန်ရန်ဇီရဲ့ အင်အားကို ကုန်ခမ်းအောင်ပဲ လုပ်ခိုင်းခဲ့တာလေ၊ အဲဒီတာဝန်ကိုတော့ ငါ အကောင်းဆုံး လုပ်ပြီးသွားပြီ”
ဟယ်ယွမ်ချင်းသည် ခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲ၌မူ တစ်စုံတစ်ရာ မှားယွင်းနေသကဲ့သို့ ခံစားနေရဆဲဖြစ်သည်။ တစ်ဖက်လူသည် အလုပ်ကို လုပ်ခဲ့သော်လည်း အစွမ်းကုန် ထုတ်မသုံးသလို တမင်တကာ အားလျော့ထားသည့်ပုံစံမျိုးပင် ရှိနေ၏။ ထိုအတွေးများကြောင့် သူ၏ မျက်နှာပေါ်တွင် မကျေမနပ် အရိပ်အယောင်တစ်ခု ပို၍ထင်ရှားလာခဲ့သည်။
ထိုအခိုက်တွင် ချူခွေးသည် သူ၏ မကျေနပ်မှုကို သတိပြုမိသွားသကဲ့သို့ ချက်ချင်းပင် အမူအရာကို ပြောင်းလဲလိုက်သည်။ ယခင်ကဲ့သို့ ပေါ့ပေါ့ပါးပါး ပုံစံမရှိတော့ဘဲ တည်ငြိမ်လေးနက်သွား၏။
“မင်း ငါ့ကို အသက်နဲ့ရင်းပြီး တိုက်ခိုက်စေချင်တယ်ဆိုရင် ငါ လုပ်ပေးနိုင်ပါတယ်၊ ဒါပေမဲ့ အဲဒီအတွက် ထိုက်တန်တဲ့ အဖိုးအခကို ထပ်ပေးရလိမ့်မယ်၊ နောက်ပြီးတော့ ရွေးချယ်ခံမျိုးဆက် ခုနစ်ယောက်လုံးကိုလည်း ငါတစ်ယောက်တည်း ရင်ဆိုင်ပေးနိုင်တယ်၊ ဒါပေမဲ့ အခြေအနေ နှစ်ခုတော့ ရှိတယ်၊ ပထမတစ်ခုက နောက်ပိုင်းမှာ ငါ့အပေါ် ဘာအကျိုးဆက်မှ မဖြစ်စေရဘူးလို့ အာမခံပေးရမယ်၊ ဒုတိယတစ်ခုကတော့ အဖိုးအခကို တိုးပေးရမယ်၊ သဘောတူရင် ငါ မင်းကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်တယ်”
ထိုစကားများကြောင့် ဟယ်ယွမ်ချင်း တစ်ခဏမျှ ဆွံ့အသွားခဲ့ရ၏။ သူ၏ အတွေးများပင် ခဏရပ်တန့်သွားသကဲ့သို့ ဖြစ်သွားပြီးနောက် အလိုအလျောက် အဖိုးအခကို မေးမြန်းလိုက်မိသည်။ သို့သော် ကြားလိုက်ရသည့် စကားကြောင့် သူ၏ မျက်နှာမှာ ချက်ချင်းပင် ပုပ်သိုးသွားခဲ့ရတော့သည်။
“မင်း.... မင်း တကယ်ပဲ လွန်လွန်းနေပြီ၊ ဘယ်သူမှ မင်းလောက်ကြီး တောင်းရဲမှာ မဟုတ်ဘူး….”
ချူခွေးက ခေါင်းကို အသာခါယမ်းလိုက်သည်။
“သူတို့အားလုံးက မင်းရဲ့ အချစ်ဆုံး ဂိုဏ်းတူအစ်ကိုတွေ၊ ဂိုဏ်းတူညီတွေ မဟုတ်ဘူးလား၊ သူတို့အတွက် အဲ့ဒီလောက်တောင် မတန်ဘူးလား”
ထိုစကားကြောင့် ဟယ်ယွမ်ချင်း၏ မျက်နှာမှာ ပိုမို၍ မည်းမှောင်သွားခဲ့သည်။
ချူခွေးက လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ပေါ့ပါးစွာ ပြုံးလိုက်သည်။
“ဒီလောက်နဲ့ မျက်နှာကြီး ပျက်မနေနဲ့၊ မင်းဘက်ကလည်း ပေးနိုင်တဲ့ ဈေးတစ်ခု ပြန်ပြောလိုက်ပေါ့၊ ငါ စဉ်းစားပေးမယ်”
ဟယ်ယွမ်ချင်းမှာ အံ့အားသင့်လွန်းသဖြင့် တစ်ခဏအတွင်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။ သူ၏ တစ်သက်တာတွင် ဤမျှလောက် မျက်နှာပြောင်လှသည့် ကျင့်ကြံသူကို မတွေ့ဖူးခဲ့ပေ။ ကာကွယ်စောင့်ရှောက်သူအဖြစ် ပါဝင်နေသည့်တိုင် အဖိုးအခကိုပါ ထပ်တိုးတောင်းဆိုနေသည့် ထိုပုံစံသည် သူ့အတွက် အလွန်အံ့အားသင့်ဖွယ်ရာ ဖြစ်နေခဲ့တော့သည်။
ဟယ်မျိုးနွယ်စု စင်မြင့်ထက်တွင် စကားသံများ ဆူညံနေစဉ်အတွင်း အောက်ဘက်တိုက်ပွဲကမူ ဆေးလုံးစိမ်းချိုင့်ဝှမ်း တပည့်များကြား၌ လှိုင်းလုံးကြီးတစ်ခုအလား အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်လာခဲ့ပြီ ဖြစ်သည်။
ဒန်ရန်ဇီသည် ပထမနေရာကို ဆွတ်ခူးနိုင်ခဲ့သော်လည်း ချူခွေး စွမ်းအားအပြည့်ကို မထုတ်ဖော်သေးကြောင်းကိုမူ လူတိုင်း ရှင်းလင်းစွာ သတိထားမိနေကြသည်။ ထိုအကြောင်းအရာသည် တိုးတိုးတိတ်တိတ် စကားသံများအဖြစ်မှ လျင်မြန်စွာ ပျံ့နှံ့သွားပြီး အရပ်ရပ်ကို ဖုံးလွှမ်းသွားခဲ့သည်။
“တစ်ကိုယ်တော် ကျင့်ကြံသူတွေက ဒီလောက်ထိတောင် အင်အားကြီးနေကြပြီလား....”
ဤသံသယသည် သာမန်တပည့်များ၏ နှုတ်ဖျားမှပင် မတားဆီးနိုင်ဘဲ ထွက်ပေါ်လာခဲ့သည်။ သို့ဆိုလျှင် ရွေးချယ်ခံ ခုနစ်ဦး၏ ရင်ထဲတွင် မည်မျှလောက်ထိ လှုပ်ခတ်နေမည်ကိုမူ ပြောရန်ပင် မလိုတော့ချေ။
အထူးသဖြင့် ထောင်မျိုးနွယ်စု စင်မြင့်ထက်တွင် ထောင်ဝမ်၏ မျက်နှာထားမှာ ပို၍ပင် လေးနက်တည်ငြိမ်နေသည်။ သူမလက်အောက်ရှိ လူသုံးဦးသာ ချူခွေးကို ရင်ဆိုင်ရမည်ဆိုပါက အနိုင်ရရန် အလွန်ခက်ခဲမည်မှာ မလွဲမသွေပင်။
စည်းမျဉ်းအရ ရွေးချယ်ခံမျိုးဆက်တစ်ဦးစီသည် မိမိ၏ လက်အောက်တပည့်သုံးဦးကို စေလွှတ်၍ စင်မြင့်တစ်ခုချင်းစီကို တိုက်ရိုက်စိန်ခေါ်နိုင်ခွင့် ရှိသည်။ နောက်ဆုံးတွင်မူ အနိုင်အရှုံး အကြိမ်ရေများကို စုစည်းတွက်ချက်ကာ အဆင့်ကို သတ်မှတ်ပေးမည်ဖြစ်သည်။ နည်းစနစ်က ရှုပ်ထွေးသော်လည်း ကျင့်ကြံလောကအတွက်မူ ထိုမျှအထိ အရေးကြီးသောကိစ္စတစ်ခု မဟုတ်ပေ။
ထိုအချိန်တွင် ထောင်တောက်နန်၏ အိုမင်းသော်လည်း တည်ငြိမ်လှသော အသံက တိတ်ဆိတ်မှုကို ဖြတ်သန်း၍ ထွက်ပေါ်လာသည်။
“ဝမ်ဝမ်…. ဒီလောက်အထိ စိတ်ပူနေစရာ မလိုဘူး၊ ဟယ်မျိုးနွယ်စုက လက်ရှိမှာ ဒုတိယအဆင့်မှာပဲ ရှိသေးတာ၊ သူတို့ရဲ့ ပစ်မှတ်က ပထမအဆင့်ပဲ၊ နောက်ပိုင်း တန်ရန်ဇီရဲ့ စွမ်းအင်ကို ဖြုန်းတီးပစ်မယ့် ကိစ္စကလွဲရင် ငါတို့ဘက်ကို အရင်လာထိမှာ မဟုတ်ဘူး"
သူခဏရပ်ပြီးနောက် ဆက်ပြောလိုက်သည်။
“ပြီးတော့.... ချူခွေး တကယ် လာတိုက်မယ်ဆိုရင်တောင် ငါရှိနေသရွေ့ မဖြေရှင်းနိုင်စရာ အကြောင်းမရှိဘူး"
ဤစကားများ ထွက်ပေါ်လာသည့်အခါ ချီလင်ယွမ်နှင့် ထန်ရှောင်တို့ စိတ်သက်သာရာရသွားသည်။ ချူခွေး၏ ဖိအားသည် သူတို့အတွက်မူ မမြင်နိုင်သော်လည်း လည်ပင်းကို ချုပ်ကိုင်ထားသကဲ့သို့ ခံစားရစေခဲ့သည်။
ထောင်ဝမ်က ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။
“ကျွန်မတို့ရဲ့ ပစ်မှတ်က ထိပ်ဆုံးသုံးယောက်ပဲ၊ အစ်ကိုကြီးရဲ့ စွမ်းအင်ကို ဖြုန်းတီးမယ့် အခြေအနေတွေကို ဖယ်ထားမယ်ဆိုရင် ရှေ့ဆုံးမှာရှိတဲ့ ရှန်ကွမ်းယန်နဲ့ တုချန်ဖုန်းက အဓိကပစ်မှတ်တွေ၊ အောက်ကလူတွေရဲ့ စိန်ခေါ်မှုတွေကိုလည်း ခံနိုင်အောင် စွမ်းအင်တချို့ ချန်ထားရဦးမယ်၊ တကယ်လို့ အခြေအနေမကောင်းလာရင်တော့.... ကျွန်မကိုယ်တိုင် လှုပ်ရှားပါမယ်"
အနောက်ဘက်တွင် အေးဆေး ပွဲထိုင်ကြည့်နေသော လော့ချန်သည် တိုက်ပွဲတစ်ခုလုံးကို အေးစက်စွာ သုံးသပ်ကြည့်ရှုနေရာမှ ထောင်ဝမ်တို့၏ ဖုံးကွယ်မှုမရှိသော စကားသံများကို ကြားလိုက်ရသည့်အခါ သူ၏ စိတ်အတွင်း၌ ထူးဆန်းလှသော အတွေးတစ်ခု တဖြည်းဖြည်း ပေါက်ဖွားလာခဲ့သည်။
“ဂိုဏ်းကြီးတွေရဲ့ ရွေးချယ်ခံမျိုးဆက်တွေက တကယ်ပဲ လူတွေပြောသလောက် မတော်တာလား.... ဒါမှမဟုတ် ချူခွေးကပဲ အလွန်အကျွံ သန်မာနေတာလား.... ဒါမှမဟုတ် ဆေးလုံးစိမ်းချိုင့်ဝှမ်းက တပည့်တွေကပဲ တကယ့်တိုက်ပွဲတွေမှာ အားနည်းနေတာလား....”
ဤသံသယများကို ဖြေရှင်းရန် သူ နောက်ထပ်တိုက်ပွဲများကိုလည်း ဆက်လက်၍ အာရုံစိုက်ကြည့်ရှုခဲ့သည်။ ရွေးချယ်ခံမျိုးဆက်များ အချင်းချင်း စိန်ခေါ်တိုက်ခိုက်ကြသည့်ပွဲများ၊ မျိုးနွယ်စုအသီးသီးမှ တပည့်များ ထွက်ပေါ်လာ၍ တန်ရန်ဇီကို တစ်ယောက်ပြီးတစ်ယောက် စိန်ခေါ်ကြသည့်ပွဲများ၊ ထိုအရာအားလုံးသည် သူ့မျက်စိရှေ့တွင် အနိုင်အရှုံးများဖြင့် တောက်လောင်နေခဲ့သည်။ ထိုအတူ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ အခြေတည်နှောင်းပိုင်းအဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်နည်းစနစ်များသည်လည်း သူ့ရှေ့တွင် မည်သည့်အရာမျှ ဖုံးကွယ်မထားနိုင်တော့သကဲ့သို့ လုံးဝ ပေါ်လွင်နေခဲ့သည်။
“ဒီလူတွေက အဆင့်သာမြင့်တာ.... တိုက်ခိုက်နည်းကတော့ အရမ်းရိုးရှင်းလွန်းတယ်....”
“သူတို့က ကိုယ်တိုင် မကျွမ်းကျင်သေးတဲ့ ရတနာတွေကိုပဲ အပြည့်အဝ မှီခိုနေကြတယ်၊ အပြင်ပန်းကြည့်ရင်တော့ အင်အားကြီးသလို ထင်ရပေမယ့် တကယ့်တမ်းမှာ ဗျူဟာပိုင်းက အားနည်းလွန်းတယ်....”
“ငါသာဆိုရင် အဆင့်မြင့်ရတနာတွေ၊ မှော်စာရွက်တွေနဲ့၊ မှော်အတတ်တွေ ပေါင်းစပ်ပြီး တိုက်ပွဲကို မြန်မြန်ပြီးအောင် လုပ်ပစ်လိုက်မှာ ....”
“ထူးဆန်းတာက.... ဂိုဏ်းကြီးရဲ့ ရွေးချယ်ခံမျိုးဆက်ဆိုတာက ကောလာဟလတွေလို အနိုင်မခံအရှုံးမပေးတဲ့ အဆင့်မျိုးတော့ မဟုတ်ဘူးပဲ....”
သို့သော် လော့ချန်သည် ထိုအတွေးကြောင့် မာန်တက်မသွားခဲ့ချေ။ ဘေးမှ ကြည့်ရှုသူတစ်ဦးဖြစ်သောကြောင့်သာ တိုက်ပွဲ၏ အားနည်းချက်များကို ပိုမိုရှင်းလင်းစွာ မြင်နိုင်ခြင်းဖြစ်သည်။ တကယ်တမ်း စင်မြင့်ပေါ်သို့ ကိုယ်တိုင်ရောက်သွားလျှင် မိမိ၏ စွမ်းရည်ကို အပြည့်အဝ ထုတ်ဖော်နိုင်မည်ဟု မည်သူမှ အာမမခံနိုင်ပေ။
လော့ချန်အတွက် သေချာသည့်အရာတစ်ခုသာ ရှိသည်။ ချူခွေးဆိုသော လူသည် သာမန်ကျင့်ကြံသူတစ်ဦး မဟုတ်ပေ။ သူ့နောက်ကွယ်တွင် အင်အားကြီးမားသော အထောက်အပံ့တစ်ခု ရှိနေမည်မှာ သေချာသည်။ ယခင်တိုက်ပွဲမှတစ်ဆင့် လော့ချန် အချို့သော အရာများကို သတိပြုမိခဲ့ပြီး ဖြစ်သည်။
ချူခွေးသည် ချီကျင့်စဉ်နှင့် ခန္ဓာကျင့်စဉ်ကို တစ်ပြိုင်နက်ကျင့်ကြံထားသူဖြစ်သည်။ ဝမ်ယွမ်ကဲ့သို့ တစ်ဖက်သတ်ခန္ဓာကျင့်ကြံသူမဟုတ်ဘဲ လော့ချန်ကဲ့သို့ ချီနှင့်ခန္ဓာကို ပေါင်းစပ်ကျင့်ကြံသူမျိုး ဖြစ်သည်။ သို့သော် သူ၏အဓိကအာရုံမှာ လက်နက်ထိန်းချုပ်မှုအပေါ်တွင်သာ မူတည်ပြီး ခန္ဓာကိုယ်စွမ်းအားကို အထောက်အပံ့အဖြစ်သာ အသုံးချနေခြင်းဖြစ်သည်။
"ဒါကြောင့်မို့လို့လည်း သူက အရင်က ငါ ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့် တက်နိုင်တုန်းက တစ်ချက်တည်းနဲ့ မြင်နိုင်ခဲ့တာကိုး.... ကြည့်ရတာ သူကိုယ်တိုင်လည်း အဲ့အဆင့်မှာပဲ ရှိနေခဲ့တာ ဖြစ်မယ်"
"ဒါလည်း ဟုတ်တာပဲ.... အခုလက်ရှိ ကျင့်ကြံခြင်းလောကကြီးထဲမှာ ခန္ဓာကိုယ် သီးသန့်ကြီး ကျင့်ကြံတဲ့လူမျိုး ဘယ်မှာ ရှိနိုင်ပါတော့မလဲ၊ အစ်ကိုဝမ်လိုလူမျိုးတောင်မှ သက်တမ်းကန့်သတ်ချက်တွေကြောင့် ချီကျင့်စဉ်တွေကိုပါ တွဲပြီး ကျင့်ကြံနေခဲ့ရတာ မဟုတ်လား...."
ချူခွေး၏ စွမ်းရည်များကို မျက်မြင်တွေ့ပြီးသည့်နောက်ပိုင်းတွင် နောက်ဆက်တွဲ ပေါ်ပေါက်လာသည့် တိုက်ပွဲများအပေါ်၌ လော့ချန် ထူးထူးခြားခြား စိတ်ဝင်စားမှု မရှိတော့ချေ။ ဤကဲ့သို့သော ဂိုဏ်းကြီးများ၏ ပြိုင်ပွဲများသည် မျှတသည့် လက်ရည်စမ်းပွဲအဆင့်အတွင်း၌သာ ကန့်သတ်ထားသဖြင့် အသက်လု၍ တိုက်ခိုက်ရသည့် အခြေအနေမျိုး မဟုတ်ကြပေ။ ထို့ကြောင့်လည်း လူတစ်ဦး၏ စွမ်းအား အစစ်အမှန်ကို မြင်နိုင်ရန် မလုံလောက်သေးချေ။
သူ၏အာရုံသည် သားရဲအာဟာရဆေးလုံးနှင့် ကျန်းချန်ဆေးလုံးတို့အပေါ် ပြန်လည် ယိမ်းယိုင်လာသည်။ နောက်ထပ် ရက်အနည်းငယ် ကြာလျှင် သူကိုယ်တိုင် စင်မြင့်ထက်သို့ တက်ရောက်ရမည့် အလှည့် ရောက်ရှိလာတော့မည် ဖြစ်သည်။ ချူခွေးပင်လျှင် ဤဂိုဏ်းမျိုးဆက်ပြိုင်ပွဲကြီးကို အခွင့်အရေးအဖြစ် အသုံးချ၍ ဂုဏ်သတင်းကို ထွန်းတောက်အောင် ပြုလုပ်နိုင်ခဲ့ပါလျှင်၊ သူ လော့ချန်အနေဖြင့်လည်း မအောင်မြင်နိုင်စရာ အကြောင်းမရှိပေ။
ဂုဏ်သတင်း မြင့်မားလာခြင်းသည် အဆင့်အတန်းကိုပါ မြှင့်တင်ပေးမည်ဖြစ်ပြီး ကျင့်ကြံခြင်းလောကအတွင်း လှည့်လည်သွားလာရာ၌ ပိုမိုချောမွေ့လွယ်ကူစေမည် ဖြစ်သည်။ အနည်းဆုံး ရေခဲခံတပ်နှင့် ဆက်ဆံရာတွင် သူ့အား ပိုမိုယုံကြည်စိတ်ချလာစေမည် ဖြစ်သည်။
“ဟင်.... အစ်ကိုလော့ ဘယ်ရောက်သွားပြန်တာလဲ....”
ဂိုဏ်းမှ အစ်ကိုကြီးများ၏ တိုက်ပွဲများထဲ၌ စိတ်နှစ်ဝင်စားနေခဲ့သော ထောင်ရိရှန်းတစ်ယောက် အချိန်အတော်ကြာမှသာ လော့ချန် မရှိတော့သည်ကို သတိပြုမိလာခဲ့သည်။
အရှေ့ဘက်တွင် ရပ်နေသော ထောင်ဝမ်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။ လော့ချန် အဘယ်ကြောင့် ဤမျှအထိ အောင်မြင်မှုများ ဆက်တိုက်ရရှိနေသည်ကို သူမ သဘောပေါက်လာခဲ့လေပြီ။ တိုက်ခိုက်လုယူခြင်းကို မနှစ်သက်၊ လောကီအရှုပ်အထွေးများထဲသို့ မတိုးဝင်လိုဘဲ အမြဲတစေ စိတ်သန့်ရှင်းမှုကိုသာ ထိန်းသိမ်းထားနိုင်ခြင်းကပင် သူ အောင်မြင်ရခြင်း၏ စစ်မှန်သော လျှို့ဝှက်ချက် ဖြစ်နိုင်သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၄၈၀) - လူအများ၏ အာရုံစိုက်ခံနေရသော အမောင်လော့ချန်
ငါးရက်တာကြာမြင့်ခဲ့သည့် ပထမပွဲစဉ်မှာ နောက်ဆုံးတွင် အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။ လော့ချန်သည် ထောင်ဝမ်၏ ဘေးနားတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး သူတို့ရှေ့တွင် လွင့်မျောနေသည့် တောက်ပလှသော အဆင့်သတ်မှတ်ချက်စာရင်းကို အေးအေးလူလူ ကြည့်နေမိသည်။
“အဆင့် (၄) ကြီးတဲ့လားဗျာ....”
ထောင်ဝမ်က သက်ပြင်းတစ်ချက်ချလိုက်ရင်း လေးလံသောအသံဖြင့်
“အဆင့် (၄) တောင် မနည်း ရအောင်ယူထားရတာ.... ငါတို့ဘက်က လူတွေ အစွမ်းကုန်ကြိုးစားခဲ့လို့သာ.... ငါတောင် တစ်ကြိမ် ဝင်တိုက်ခိုက်ခဲ့ရသေးတယ်”
သူမ၏ အကြည့်သည် စင်မြင့်ထက်ရှိ တိုက်ပွဲကြီး၏ အဓိကအင်အားစုများဘက်သို့ ကျရောက်သွားသည်။ လော့ချန်လည်း သူမ ကြည့်ရာဘက်သို့ ကြည့်ရှုလိုက်မိသည်။
ထောင်တောက်နန်၏ မျက်နှာမှာ ယခင်ကလို မဟုတ်တော့ဘဲ အိုမင်းရင့်ရော်မှုအရိပ်အယောင်များ ပို၍ ထင်ရှားလာခဲ့သည်။ ကြားသိရသည့်အတိုင်း သူသည် ချူခွေးနှင့် တစ်ကြိမ် တိုက်ခိုက်ခဲ့ရပြီး ထိုတိုက်ပွဲတွင် အခြေတည်အဆင့် (၉) ရှိသည့်တိုင် အနိုင်မရနိုင်ခဲ့သည့်အပြင် ပြင်းထန်လှသော ဒဏ်ရာများကိုသာ ရရှိခဲ့သည်။
အလားတူပင် ချီလင်ယွမ်နှင့် ထန်ရှောင်တို့၏ အခြေအနေများလည်း မကောင်းမွန်လှချေ။ ရှေ့တစ်ဦး၏ ညာဘက်လက်မောင်းသည် အားနည်းစွာ တွဲလောင်းကျနေခဲ့ပြီး နောက်တစ်ဦး၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ ချီစွမ်းအင်များမှာလည်း ကုန်ခမ်းလုနီးပါး အခြေအနေသို့ ရောက်ရှိနေခဲ့သည်။ ဤကဲ့သို့သော အခြေအနေမျိုးအောက်တွင် အဆင့် (၅) မှ အဆင့် (၄) သို့ တက်လှမ်းနိုင်ခဲ့ခြင်းမှာ ထောင်ဝမ်ကိုယ်တိုင် လှုပ်ရှားခဲ့ရပြီး အခြားရွေးချယ်ခံမျိုးဆက်တစ်ဦးဖြစ်သည့် တုချန်ဖုန်းကို အနိုင်ယူနိုင်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။
သို့သော်လည်း ရွေးချယ်ခံမျိုးဆက်တစ်ဦးအနေဖြင့် ပထမပွဲစဉ်ကတည်းက ကိုယ်တိုင်လှုပ်ရှားခဲ့ရခြင်းမှာ အနည်းငယ်မျှ သိက္ခာကျစရာ ကောင်းလှသည်။ သို့သော်လည်း အနိုင်ဟူသည်မှာ အနိုင်သာ ဖြစ်၏။ ထိုစောစီးသော အောင်မြင်မှုကြောင့် သူမအနေဖြင့် တတိယအဆင့် သိုင်းပြိုင်ပွဲမစတင်မီ ပြိုင်ဘက်များကို လေ့လာရန်နှင့် ကြိုတင်ပြင်ဆင်ရန် အခွင့်အရေးလည်း ရရှိသွားခဲ့သည်။
“ဒါက အသေးစိတ် အဆင့်သတ်မှတ်ချက်စာရင်းပဲ.... မင်းကြည့်လို့ရတယ်”
ထောင်ဝမ်က လော့ချန်ဘက်သို့ လှည့်ကာ ပြောလိုက်သော်လည်း အမှန်စင်စစ် ထိုစာရင်းကို ကြည့်ရန်ပင် မလိုအပ်ပေ။ စင်မြင့်အသီးသီး၏ အနိမ့်အမြင့်များကို ကြည့်လိုက်ရုံဖြင့် မည်သူက ထိပ်ဆုံးတွင် ရပ်တည်နေသည်ကို ခန့်မှန်းနိုင်သည်။
ပထမနေရာတွင်ကား ယခင်အတိုင်း ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ အစ်ကိုကြီး တန်ရန်ဇီ ရပ်တည်နေဆဲ ဖြစ်သည်။ သူတစ်ဦးတည်း၏ အင်အားဖြင့် ဆက်တိုက်လာရောက် စိန်ခေါ်သူများကို ရင်ဆိုင်ကာ ပထမနေရာကို အခိုင်အမာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ထိုအချက်တစ်ချက်တည်းနှင့်ပင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန်ထက်လွန်ကဲကြောင်း ထင်ရှားလှသည်။ အနည်းဆုံး သူ၏ ချီစွမ်းအင်မှာ ရေရှည်တိုက်ပွဲများကို ခံနိုင်ရည်ရှိလောက်အောင် ထူထပ်သိပ်သည်းလှပေသည်။
ဒုတိယနေရာတွင် ယွီရွှမ် ဟယ်မျိုးနွယ်စုမှ ဟယ်ယွမ်ချင်း၊ တတိယနေရာတွင် ရှန်ကွမ်းယန်၊ စတုတ္ထနေရာတွင် ထောင်ဝမ်၊ ပဉ္စမနေရာတွင် တုချန်ဖုန်းနှင့် ဆဋ္ဌမနေရာတွင် ဖူလီတို့ အသီးသီး ရပ်တည်နေကြသည်။
“ငါ ထိပ်ဆုံးသုံးယောက်ထဲ ဝင်ကိုဝင်ရမယ်.... လော့ချန်.... မင်း ငါ့ကို ကူညီပေးမယ်မလား”
သူမ၏ မျက်ဝန်းအစုံတွင် မျှော်လင့်ချက်များ ပြည့်လျှံနေခဲ့သည်။
လက်ရှိ အဆင့်သတ်မှတ်ချက်အရ ထိပ်ဆုံးသုံးဦးသို့ ဝင်ရောက်ရန်ဆိုသည်မှာ လွယ်ကူသောအရာ မဟုတ်ပေ။ ဒုတိယပွဲစဉ်ဖြစ်သော ဆေးဖော်ပြိုင်ပွဲကြီးကို အပိုင်းသုံးပိုင်း ခွဲခြားထားပြီး ထိပ်ဆုံးငါးဦးကိုသာ အောင်နိုင်သူအဖြစ် သတ်မှတ်မည်ဖြစ်ကာ ကျန်လေးဦးမှာ ရှုံးနိမ့်သူများ ဖြစ်လာမည် ဖြစ်သည်။ အောင်နိုင်သူများသာလျှင် မိမိတို့၏ အဆင့်အတန်းကို ပြောင်းလဲနိုင်သည့် အခွင့်အရေးကို ရရှိမည် ဖြစ်ပေသည်။
ထို့ပြင် မိမိနှင့် အဆင့်တူ ပြိုင်ဘက်များနှင့် ထပ်မံထိပ်တိုက်တွေ့ရဦးမည် ဖြစ်သောကြောင့် ထောင်ဝမ် စတုတ္ထနေရာမှ တတိယနေရာသို့ တက်လှမ်းနိုင်ရေးမှာ လော့ချန်တစ်ယောက် ပွဲတိုင်း၌ ထိပ်ဆုံးသုံးဦးစာရင်းတွင် ရှိနေနိုင်မှုအပေါ် ရာနှုန်းပြည့် မူတည်နေတော့သည်။
၎င်းမှာ လွယ်ကူစွာ ရယူနိုင်သော အောင်မြင်မှုတစ်ခု မဟုတ်ပေ။
သို့သော်လည်း လော့ချန်ကမူ ခပ်အေးအေးပြုံးလိုက်ရင်း
“သတင်းကောင်းကိုသာ အေးအေးဆေးဆေး စောင့်နေလိုက်ပါဗျာ”
ထိုစကားဆုံးသည်နှင့် အလယ်ဗဟို စင်မြင့်ကြီးထက်၌ တောက်ပလှသော အလင်းတန်းများ ဖြာထွက်လာခဲ့သည်။ ထိုအလင်းလှိုင်းများကြား ကောင်းကင်နန်းတော်ဘက်မှ ဆံဖြူ အဘိုးအိုတစ်ဦး တဖြည်းဖြည်း ဆင်းသက်လာ၏။ သူကား ဆေးဖော်ပညာရှင်အသင်း အကြီးအကဲပင် ဖြစ်သည်။
အဘိုးအိုသည် ပတ်ဝန်းကျင်တစ်ခွင်ကို တစ်ချက် ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် အချိန်မဆွဲဘဲ ကြေညာလိုက်တော့သည်။
“ဒုတိယပွဲစဉ် ဆေးဖော်ပြိုင်ပွဲရဲ့ ပထမပိုင်းစပါပြီ၊ ဆေးဖော်ပညာရှင်တွေအားလုံး စင်မြင့်ပေါ်ကို တက်ရောက်ပေးကြပါ”
ထောင်မျိုးနွယ်စုဘက်မှ အခြေတည်အဆင့်ကျင့်ကြံသူ ဆယ်ဂဏန်းကျော်၏ မျှော်လင့်ချက်များ ပြည့်နှက်နေသော အကြည့်များအောက်တွင် လော့ချန် ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့သည်။ ထို့နောက် လေထဲသို့ တစ်ချက်ခုန်တက်ကာ ဆေးအိုးကြီးတစ်အိုး၏ ရှေ့တည့်တည့်သို့ တိတိကျကျ ဆင်းသက်လိုက်၏။ ထိုအခိုက်အတန့်တွင် သူ၏ အကြည့်များသည် စင်မြင့်ထက်သို့ ရှေ့ဆင့်နောက်ဆင့် တက်လာနေကြသော အခြားဆေးဖော်ပညာရှင်များထံသို့ ရောက်ရှိသွားသည်။
ပထမဆုံး ပေါ်ထွက်လာသူကား တန်ရန်ဇီ ပင် ဖြစ်သည်။
တန်ရန်ဇီ၏ မျက်နှာတစ်ခုလုံးမှာ တည်ငြိမ်လေးနက်နေသော်လည်း အနည်းငယ် ဖျော့လျော့နေ၏။ မကြာသေးမီရက်များအတွင်း ဆက်တိုက်ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်ပွဲများ၏ အကျိုးဆက်ကြောင့် သူ၏ချီစွမ်းအင်များ အလွန်အမင်း ကုန်ခမ်းနေကြောင်းကို ထင်ထင်ရှားရှား ခန့်မှန်းနိုင်ပေသည်။
ဤသို့သော အခြေအနေမျိုးသည် ဆေးဖော်စပ်ခြင်းအတွက် မည်သို့မျှ မသင့်တော်ပေ။
ဒုတိယမြောက် ပေါ်လာသူကား ဟယ်ယွင် ဖြစ်သည်။ လော့ချန်နှင့် အကြည့်ချင်း ဆုံသွားသည့်အခါ သူ ဖော်ဖော်ရွေရွေ ပြုံးပြလိုက်သည်။
လော့ချန် ထိုသူ၏နောက်ခံကို ခဏမျှ တွေးတောမိသည်။
‘အရင်ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ကံကြမ္မာနဲ့ ဆက်စပ်နေတာများလား.... ဒါမှမဟုတ် အမွေအနှစ်ဆက်ခံမှုတစ်ခုခု ရှိနေတာလား’
ထိုသို့ တွေးမိသည့်အခိုက် သူလည်း ပြန်လည်၍ အေးအေးဆေးဆေး ပြုံးပြလိုက်သည်။
သို့သော် ထိုအခိုက်အတန့်မှာပင် မုန်းတီးမှုများပြည့်နေသောအကြည့်တစ်ချက်ကို ရုတ်တရက် အာရုံခံမိလိုက်သည်။ သူ ခေါင်းကိုလှည့်ကြည့်လိုက်သည့်အခါ သူနှင့် မလှမ်းမကမ်းတွင် ရှိနေသော ဟွမ်ဟယ်ဇီကို တွေ့လိုက်ရသည်။ အဘိုးကြီး၏ မျက်ဝန်းများသည် မုန်းတီးနာကျည်းမှုများဖြင့် ပြည့်နှက်နေပြီး လော့ချန်အား စူးစူးရဲရဲ စိုက်ကြည့်နေသည်။
ထိုစဉ်မှာပင် အသံလှိုင်းတစ်ခုက မည်သည့်ဖုံးကွယ်မှုမျှမရှိဘဲ သူ၏ နားထဲသို့ တိုးဝင်လာသည်။
“သူခိုးလေး.... ငါ မင်းကို ထောင်ဝမ်ရှေ့မှာ သေချာပြပေးမယ်၊ ငါတို့ကြားက ကွာခြားချက် ဘယ်လောက်ကြီးမားလဲဆိုတာကို”
လော့ချန် မျက်ခုံးကိုသာ အနည်းငယ်ပင့်လိုက်မိသည်။
‘သူခိုးလေးတဲ့လား.... ဒီအဘိုးကြီး တော်တော်ကလေးဆန်လွန်းတယ်’
သူ မည်သည့်တုံ့ပြန်မှုမျှ မပြုဘဲ တည်ငြိမ်စွာသာ ဆက်လက်ရပ်နေလိုက်သည်။
ထိုအခိုက် ဆေးဖော်ပညာရှင်အသင်းမှ အကြီးအကဲက ဟွမ်ဟယ်ဇီအား စူးစိုက်ကြည့်ကာ
“ဆေးဖော်ပြိုင်ပွဲမှာ စကားပြောတာတွေ၊ ဝိညာဉ်အာရုံသုံးပြီး နှောင့်ယှက်ဆက်သွယ်တာတွေ လုံးဝ ခွင့်မပြုဘူး၊ ထပ်လုပ်ရင် ပြိုင်ပွဲဝင်ခွင့်ကို ချက်ချင်း ရုပ်သိမ်းပစ်မယ်”
ထိုသတိပေးသံကြောင့် ဟွမ်ဟယ်ဇီ၏ ခန္ဓာကိုယ်မှာ မသိမသာ တုန်ရီသွား၏။
ဆေးဖော်ပညာရပ်ဆိုသည်မှာ အနှောင့်အယှက်ကို လုံးဝလက်မခံသော ပညာရပ်တစ်ခုဖြစ်သည်။ အကယ်၍ ဝိညာဉ်အာရုံကို လွတ်လပ်စွာ အသုံးပြုခွင့်ပေးထားပါက ပြိုင်ဘက်များကို အလွယ်တကူ နှောင့်ယှက်နိုင်ပေလိမ့်မည်။ ဤပြိုင်ပွဲသည် တိုက်ခိုက်ခြင်းမဟုတ်ဘဲ အချိန်နှင့် ဆေးလုံးအရည်အသွေးကိုသာ အဆုံးအဖြတ်ထားသည့် ပညာရပ်ဆိုင်ရာ ပြိုင်ပွဲတစ်ခု ဖြစ်သည်။
လော့ချန်မှာမူ အခြားသူများထံ အာရုံမထားတော့ပေ။ ဤဒုတိယပွဲစဉ် သုံးပိုင်းလုံးတွင် ပထမနေရာကို ရယူရန် သူဆုံးဖြတ်ထားသည်။ ထောင်ဝမ်ထံမှ ရရှိထားသော အကျိုးအမြတ်များကို စဉ်းစားကြည့်လျှင် သူ အပြည့်အဝ အားထုတ်သင့်ပေသည်။
အကယ်၍ ထောင်ဝမ်သာ ဂိုဏ်းမျိုးဆက်နေရာကို အမှန်တကယ် ဆွတ်ခူးနိုင်ခဲ့မည်ဆိုပါက ထိုအရာသည် သူ၏အနာဂတ် ကျင့်ကြံခြင်းလမ်းစဉ်အတွက် မလွဲမသွေ ကြီးမားသော အထောက်အပံ့တစ်ခု ဖြစ်လာပေလိမ့်မည်။
အကြီးအကဲ ဝတ်ရုံစကို တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် လော့ချန်တို့အုပ်စု၏ ရှေ့တည့်တည့်တွင် ဆေးဖက်ဝင်အပင်များ တစ်မျိုးပြီးတစ်မျိုး သပ်ရပ်လှပစွာ ပေါ်ထွက်လာခဲ့သည်။ အချို့မှာမူ အလွန်ရင်းနှီးပြီးသား အရောင်အဆင်း၊ အနံ့များဖြင့် မျက်စိထဲတွင် ချက်ချင်းမှတ်မိနိုင်သော်လည်း၊ အချို့ကမူ လုံးဝမမြင်ဖူးသကဲ့သို့ ဆန်းကြယ်ထူးခြားလှသည်။
ထို့နောက် အကြီးအကဲ၏ အသံသည် ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။
“ပထမပွဲက မင်းတို့ရဲ့ အခြေခံဆေးဖော်စွမ်းရည်ကို စမ်းသပ်မယ်၊ မင်းတို့ရှေ့မှာရှိတဲ့ ပစ္စည်းတွေနဲ့ ဆေးလုံးတစ်လုံး ဖော်စပ်ရမယ်၊ ပစ္စည်းတစ်မျိုးစီကို သုံးသုတ်စာ ပေးထားမယ်၊ ဒါပေမဲ့ တစ်ကြိမ်အောင်မြင်ရုံနဲ့ လုံလောက်တယ်၊ သတ်မှတ်ထားတဲ့ စံနှုန်းအသေးစိတ်ကိုတော့ ပေးထားတဲ့ စာရွက်ပေါ်ကအတိုင်းလိုက်နာရမယ်၊ အောင်မြင်သူကို အချိန်အပေါ် မူတည်ပြီး ဆုံးဖြတ်မယ်၊ ကဲ.... စတင်ကြတော့”
ထိုစကားဆုံးသွားသည်နှင့်တပြိုင်နက် ကွင်းထဲမှ လူများထဲမှ ရွေးချယ်ခံမျိုးဆက်သုံးဦး ချက်ချင်းပင် လှုပ်ရှားသွားကြသည်။ သူတို့သည် မျက်စိတစ်ချက်ကြည့်ရုံမျှဖြင့် ရင်းနှီးသော ဆေးဖက်ဝင်ပစ္စည်းများကို မှတ်မိသွားကြပြီးနောက် အလျင်စလိုမရှိဘဲ အစီအစဉ်တကျ စတင်လုပ်ဆောင်ကြလေသည်။ အလွယ်ကူဆုံးအပိုင်းမှ စတင်ကာ ယုံကြည်မှုကို တည်ဆောက်ပြီး အချိန်ကိုလည်း ချွေတာနိုင်ရန် ရည်ရွယ်ထားသော နည်းဗျူဟာတစ်ခုပင် ဖြစ်သည်။
သို့သော် အခြားလူခြောက်ဦးမှာမူ လုံးဝအလျင်မလိုကြပေ။ သူတို့သည် မိမိတို့ရှေ့ရှိ ဆေးဖက်ဝင်ပစ္စည်းငါးမျိုးကို တိတ်ဆိတ်စွာ သေသေချာချာ စူးစမ်းနေကြသည်။
ထိုအုပ်စုအတွင်း၌ လော့ချန်လည်း ပါဝင်နေသည်။ ထိုငါးမျိုးအနက် လေးမျိုးသည် သူနှင့် ရင်းနှီးသော အရာများ ဖြစ်သည်။ ပထမအဆင့် တောက်ပကြယ်မြက်၊ ပထမအဆင့် ထျန်ရှင်းရှားစောင်း၊ သစ်ခွ၊ ဒုတိယအဆင့် မြရောင်မြူခိုးမြက်တို့ ဖြစ်ကြသည်။ ကျန်ရှိနေသော နောက်တစ်မျိုးကိုမူ သူ မထိတွေ့ဖူးသော်လည်း ဆေးဖော်စပ်ခြင်းဆိုင်ရာ လျှို့ဝှက်ကျမ်းစာများနှင့် အမျိုးမျိုးသော မှတ်တမ်းများကို အခြေခံလျက် အလွန်နက်နဲစွာ နားလည်ထားပြီး ဖြစ်သည်။ ထိုအရာ၏ အမည်မှာ ကွီယွမ်ပုစဥ်းခွံ ဖြစ်သည်။
၎င်းသည် ဒုတိယဆင့် သားရဲတစ်ကောင်၏ ခန္ဓာကိုယ်မှ ကွာကျလာသော အရေခွံတစ်မျိုး ဖြစ်သည်။ ပုစဥ်းခွံဟု ခေါ်ဆိုသော်လည်း အမှန်စင်စစ် ပုစဥ်းနှင့်ဆင်တူသော သားရဲများ၏ အရေခွံမဟုတ်ဘဲ ပုံသဏ္ဍာန်တူညီမှုကြောင့်သာ အမည်ပေးထားခြင်း ဖြစ်ပေသည်။
ဤပစ္စည်းမျိုးကို ကိုင်တွယ်ခြင်းသည် အခက်အခဲမရှိသလောက် လွယ်ကူလှသည်။ သာမန်နည်းလမ်းများဖြင့်ပင် တစ်ဦးတည်း သီးသန့်ဖြေရှင်းနိုင်စွမ်း ရှိသည်။ သို့သော် ဆေးဖော်ပညာရှင်အသင်း၏ အကြီးအကဲ သတ်မှတ်ထားသည့် “ကောင်းကင်ပြင်ကဲ့သို့ ကြည်လင်တောက်ပရမည်၊ မူလစွမ်းအင်များ မပျက်စီးရ” ဟူသော စံနှုန်းကို ပြည့်မီရန်အတွက်မူ ထိုမျှလွယ်ကူသည့်နည်းလမ်းနှင့် မရနိုင်တော့ပေ။ အနည်းဆုံး အခြားပထမဆင့် ဆေးဖက်ဝင်ပစ္စည်းနှစ်မျိုးကို ပေါင်းစပ်အသုံးပြု၍ ညှိယူမှသာ ထိုအခြေအနေကို ရောက်ရှိနိုင်မည် ဖြစ်သည်။
လော့ချန်၏ မျက်ခုံးများ မသိမသာ ကြုတ်သွားရသည်။
‘ဆေးလုံးစိမ်းချိုင့်ဝှမ်းဘက်က ဖြည့်စွက်ပစ္စည်းတွေကို မပေးထားဘူး.... ဒါဆို ဒီလိုဘောင်မဝင်တဲ့ ပြိုင်ပွဲမေးခွန်းကို ဘာကြောင့် သတ်မှတ်ထားတာလဲ....’
သူ၏ အကြည့်များသည် ရှေ့ရှိ ဆေးဖက်ဝင်ပစ္စည်းများအပေါ် ပြန်လည်ကျရောက်သွားသည်။ ထိုအခါ ဆေးဖက်ဝင်အာနိသင်များမှာ သူ၏ ဦးနှောက်အတွင်း၌ တစ်ခုချင်းစီ ပြန်လည်ပေါ်ထွက်လာလေသည်။
တောက်ပကြယ်မြက်တွင် အဆိပ်သဘောတရား ပါဝင်သည်။ ထျန်ရှင်းရှားစောင်းမှာမူ အလွန်နူးညံ့သော ကုသရေးအာနိသင်ရှိပြီး ဒဏ်ရာများကို ပြန်လည်သက်သာစေသည်။ သစ်ခွ၏ စွမ်းအားသည် ပြင်းထန်လွန်းသဖြင့် အခြားဆေးဖက်ဝင်အာနိသင်များကိုပင် လောင်ကျွမ်းပျက်စီးစေနိုင်သည်။ မြရောင်မြူခိုးမြက်တွင်မူ အေးစက်သော ကျောက်စိမ်းအငွေ့အသက်များ ပါဝင်ကာ ကျောက်စိမ်းနှင်းစက်ဆေးလုံး ဖော်စပ်ရာတွင် မရှိမဖြစ်လိုအပ်သော အဓိကပါဝင်ပစ္စည်းတစ်မျိုး ဖြစ်သည်။
“သစ်ခွကို အခြေခံထားမယ်.... သူ့ရဲ့အပူနဲ့ တောက်ပကြယ်မြက်ရဲ့ အဆိပ်ကို လောင်ကျွမ်းစေမယ်.... မြရောင်မြူခိုးမြက်ရဲ့ အအေးဓာတ်နဲ့ ပြန်ညှိယူမယ်.... နောက်ဆုံးမှာ ထျန်ရှင်းရှားစောင်းရဲ့ နူးညံ့မှုနဲ့ အစွန်းနှစ်ဖက်ကို ထိန်းညှိမယ်ဆိုရင်.... ကွီယွမ်ပုစဥ်းခွံကို ကိုင်တွယ်ဖို့ လိုအပ်တဲ့ ဖြည့်စွက်ပစ္စည်းအာနိသင်ကို တုပနိုင်မလား....”
သို့သော် ချက်ချင်းပင် သူပြန်လည်သတိပြုမိလာသည်။
“မဟုတ်သေးဘူး.... ဒီလိုလုပ်ရင် အတွင်းပိုင်းပဋိပက္ခတွေ ကျန်နေဦးမယ်.... နီးစပ်ပေမဲ့ မပြည့်စုံဘူး....”
ထိုအခိုက်အတန့်တွင်ပင် လော့ချန်၏ မျက်လုံးများအတွင်း၌ အလင်းတစ်ချက် တောက်ပလာသည်။ အဖြေတစ်ခုသည် သူ၏ စိတ်အတွင်း၌ တဖြည်းဖြည်း ပုံပေါ်လာခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင် ကွင်းအတွင်းရှိ အခြားလူများကလည်း လှုပ်ရှားလာကြပြီ ဖြစ်သည်။ လူခြောက်ဦးအနက် သုံးဦးသည် ဆုံးဖြတ်ချက်ချပြီး လက်တွေ့စတင်လုပ်ဆောင်နေပြီဖြစ်သည်။
လော့ချန်၊ တန်ရန်ဇီနှင့် ရွှမ်ယွင်ကျီ သုံးဦးသာလျှင် ဆက်လက်တွေးတောနေကြဆဲ ဖြစ်သည်။
သို့သော် နောက်တစ်ခဏတွင် တန်ရန်ဇီ အရင်ဆုံး လှုပ်ရှားသွားသည်။ သူသည် သစ်ခွကို ယူဆောင်လိုက်ပြီး မြေအောက်မီးတောက်ကို အသုံးပြုကာ သန့်စင်သည်။ ထို့နောက် တိမ်တိုက်အသွင်ပြောင်းလက်ကွက်ဖြင့် တိကျစွာ ပေါင်းစပ်ထိန်းညှိလိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လော့ချန် သူ၏ အတွေးများကို အတည်ပြုနိုင်သွားတော့သည်။
အမှန်ပင်။ ဤပထမပိုင်း ပွဲစဉ်သည် ဆေးဖော်နည်းတစ်ခုတည်းကို စမ်းသပ်ခြင်းမဟုတ်ဘဲ ဆေးဖက်ဝင်ပစ္စည်းများ၏ ဂုဏ်သတ္တိနှင့် ဆက်စပ်ဗဟုသုတကိုပါ တစ်ပြိုင်နက် စမ်းသပ်နေခြင်း ဖြစ်သည်။ ဤပဟေဠိကို ဖြေရှင်းနိုင်သော သော့ချက်မှာ နည်းလမ်းမဟုတ်ဘဲ ဆက်စပ်တွေးတောနိုင်စွမ်းနှင့် သင်ကြားထားသည့် နယ်ပယ်ပြင်ပဗဟုသုတများကို အသုံးချနိုင်စွမ်းပင် ဖြစ်သည်။
သို့သော်လည်း တန်ရန်ဇီ လက်ရှိ ကိုင်တွယ်နေသော ပုံစံမှာ အကောင်းဆုံးဖြေရှင်းချက်တစ်ခု မဟုတ်သေးကြောင်း လော့ချန် သတိပြုမိလိုက်သည်။
….
ဆေးဖော်ဂိုဏ်းကြီးတစ်ခုဖြစ်သည့် ဆေးလုံးစိမ်းချိုင့်ဝှမ်းတွင် ဆေးဖော်ပညာသည် နက်ရှိုင်းစွာ အမြစ်တွယ်တည်ရှိနေခဲ့သည်။ ထိုပညာရပ်တွင် ပါရမီမထူးခြားသည့် တပည့်များပင်လျှင် ချီသန့်စင်အဆင့်ကာလမှစ၍ ဆေးဖော်ပညာဆိုင်ရာ အသိပညာများကို ကြိုတင်လေ့လာသင်ယူထားကြရသည်။ ထိုသို့ပြုလုပ်ခြင်းသည် ဆေးလုံးဖော်စပ်ရန်အတွက်သာမက ဆေးလုံးစိမ်းချိုင့်ဝှမ်းအတွင်းရှိ အမျိုးမျိုးသော တာဝန်များကို ထမ်းဆောင်နိုင်ရန် ကြိုတင်ပြင်ဆင်ထားခြင်းလည်း ဖြစ်ပေသည်။
ထို့ကြောင့် ယခု ဆေးဖော်ပြိုင်ပွဲသည် မိုးကောင်းကင်ကိုတုန်လှုပ်စေမည့် တိုက်ပွဲကြီးများ၊ လှပဆန်းပြားသော စွမ်းအင်အလင်းတန်းများ မပါဝင်သော်လည်း တပည့်အများအပြားမှာမူ အလွန်အမင်း စိတ်ဝင်တစားတက်ကြွစွာ လာရောက်ကြည့်ရှုနေကြသည်။ မည်သည့်အသေးစိတ်ကိုမျှ လက်လွှတ်မခံလိုသည့်အလား အကြည့်များက စင်မြင့်ပေါ်သို့ တင်းကြပ်စွာ စူးစိုက်နေကြသည်။
ပထမအဆင့်ပြိုင်ပွဲ၏ သဘောသဘာဝမှာ ဆေးဖက်ဝင်ပစ္စည်းများကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်မှုကို စမ်းသပ်ခြင်းပင် ဖြစ်သည်။ ဤအရာမှာ ချီသန့်စင်အဆင့် တပည့်များပင်လျှင် အနည်းငယ်မျှ သင်ယူဖူးကြသည့်အတွက် အလွန်ခက်ခဲလှသည်ဟု မဆိုနိုင်သော်လည်း လွယ်ကူလှသည်ဟုလည်း မပြောနိုင်ပေ။
သို့ရာတွင် ဆေးဖော်ပညာရှင်များအသင်း အကြီးအကဲက ပေးအပ်လိုက်သော ဆေးဘက်ဝင်ပစ္စည်းများကို စင်မြင့်ပေါ်တွင် မြင်လိုက်ရသည့်အခါ လူအုပ်ကြားထဲ၌ တစ်ချက်တစ်ချက် တိုးတိုးတိတ်တိတ် ဆွေးနွေးသံများ ထွက်ပေါ်လာခဲ့သည်။
“ဟူး....”
အချို့က သက်ပြင်းချလိုက်ကြသည်။ ထို့နောက် ဆူညံသံများ တဖြည်းဖြည်း ပို၍ ကျယ်လောင်လာသည်။
“ဒီတစ်ခေါက် မေးခွန်းက တော်တော်ခက်တာပဲ....”
“ဟုတ်တယ်ဗျာ.... ပထမအဆင့်ပစ္စည်းသုံးမျိုးထဲက တောက်ပကြယ်မြက်က အဆိပ်ရှိတယ်၊ ထျန်ရှင်းရှားစောင်းက အခွံမာလွန်းတယ်၊ သစ်ခွကလည်း စွမ်းအားပြင်းလွန်းတယ်၊ ဘယ်ဟာမဆို သတိထားပြီး ကိုင်တွယ်ရမှာမို့ အချိန်ကြာတာက မလွဲမသွေပဲ”
“အဲ့သုံးမျိုးက တော်သေးတယ်၊ ဒုတိယအဆင့် ပစ္စည်းနှစ်မျိုးကို ကြည့်လိုက်ဦး.... တစ်မျိုးက တွင်းထွက်၊ နောက်တစ်မျိုးက သားရဲအခွံ၊ နှစ်ခုလုံးက ဆေးဖော်စပ်လို့ရပေမယ့် ကိုင်တွယ်ရတာကတော့ အိပ်မက်ဆိုးလိုပဲ”
“မြရောင်မြူခိုးမြက်ဆိုတာလည်း လွယ်တာမဟုတ်ဘူး၊ ကျောက်စိမ်းကွဲလက်ကွက်ကို မကျွမ်းကျင်ရင် အထဲက ကျောက်စိမ်းခိုးငွေ့ကို ထုတ်ဖို့ မလွယ်ဘူး”
“ကွီယွမ်ပုစဉ်းခွံဆိုတာကြီးက ပိုဆိုးတယ်၊ အကူပစ္စည်းနှစ်မျိုးလိုတယ်လို့ ကြားဖူးတယ်၊ အကြီးအကဲက တမင်မထည့်ပေးထားတာလား.... ဒါမှမဟုတ် မေ့သွားတာလား”
ထိုသို့သော ဆွေးနွေးသံများ ပြည့်နှက်နေစဉ် စင်မြင့်ထက်တွင်ရှိသော ဆေးဖော်ဆရာ ကိုးဦးအနက် သုံးဦးမှာ ချက်ချင်းပင် လှုပ်ရှားလိုက်ကြသည်။
သူတို့၏ လက်လှုပ်ရှားမှုများသည် အလွန်အမင်းကျွမ်းကျင်မှုကို ပြသနေသည်။ ထိုသုံးဦးသည် ပေးထားသော ကန့်သတ်ဆေးပစ္စည်းများကို ကိုင်တွယ်ရာတွင် ယုံကြည်မှုအပြည့်ရှိကြောင်း ထင်ရှားနေသည်။
လူအုပ်ထဲမှ အသံများက ဆက်လက်ထွက်ပေါ်လာသည်။
“လွယ်ရာကနေ ခက်ရာကို တဖြည်းဖြည်းတက်သွားတာက ပြိုင်ပွဲ အတွေ့အကြုံရှိသူတွေ လုပ်လေ့ရှိတဲ့ပုံစံပဲ”
“ဒီသုံးယောက်ကတော့ အရင်ပြိုင်ပွဲတွေကို သေချာလေ့လာထားပုံရတယ်”
“ဒါပေမယ့်.... ကျန်တဲ့ ခြောက်ယောက်က ဘာလို့ မလှုပ်သေးတာလဲ....”
ထိုစကားဆုံးသွားချိန်တွင် စင်မြင့်ပေါ်ရှိ ဆေးဖော်ဆရာ ခြောက်ဦးမှာ မလှုပ်မယှက် ရပ်တန့်နေဆဲဖြစ်သည်။ ထိုမြင်ကွင်းသည် တစ်ခဏအတွင်း လူအများ၏ အာရုံစူးစိုက်မှုကို အပြည့်အဝ ဆွဲယူသွားခဲ့သည်။
ဆေးဖော်ပညာရှင်များအသင်း အကြီးအကဲက စင်မြင့်အလယ်တွင် ရပ်လျက် လူကိုးဦးကို စူးစိုက်ကြည့်နေသည်။ ဦးစွာ လှုပ်ရှားသွားသော သုံးဦးကို မြင်လိုက်ရသည့်အခါ သူ၏ မျက်လုံးထဲတွင် မကျေနပ်သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
“မိုက်မဲလိုက်တဲ့ကောင်တွေ....”
သို့သော် ကျန်ခြောက်ဦးကို ကြည့်လိုက်သည့်အခါ သူ၏ အကြည့်ထဲတွင် အနည်းငယ် သဘောကျသည့် အရိပ်အယောင် ပေါ်လာသည်။
“ဒီလူတွေကတော့ အတွေးအခေါ်ရှိသားပဲ.... အရင်ပြိုင်ပွဲတွေက နည်းလမ်းတွေကြောင့် လမ်းလွဲမသွားကြဘူး”
“ဆေးဖော်ပညာဆိုတာ လွယ်ရာကနေ ခက်ရာကိုတက်ရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုး မရှိဘူး၊ တကယ်ရှိတာက ဆေးပစ္စည်းတစ်ခုချင်းစီရဲ့ သဘာဝကို နားလည်ပြီး အခြေခံနိယာမအတိုင်း ဖြေရှင်းရမယ့် ပညာပဲ”
သူ၏ အကြည့်သည် စင်မြင့်ပေါ်သို့ ပြန်လည်စူးစိုက်သွားသည်။
“ဒီခြောက်ယောက်ထဲက ဘယ်သူက ကွီယွမ်ပုစဉ်းခွံကို အရင်ဆုံး ဖြေရှင်းနိုင်မလဲဆိုတာ.... စိတ်ဝင်စားစရာပဲ၊ တန်ရန်ဇီကတော့ ပါရမီလည်းထူး၊ ဉာဏ်ပညာလည်း မြင့်မားသူမို့ သူ့အတွက်တော့ အခက်အခဲကြီးဖြစ်လာမယ်မထင်ဘူး၊ ဟွမ်ဟယ်ဇီကလည်း အတွေ့အကြုံနဲ့ အသိပညာကြွယ်ဝသူမို့ ဖြေရှင်းနည်းကို အလွယ်တကူ ရှာနိုင်မှာပဲ”
“ကွီယွမ်ပုစဉ်းခွံအတွက် လိုအပ်တဲ့ ဆေးဖက်ဝင်ကုန်ကြမ်း ထည့်ပေးမထားပေမယ့် ကျန်တဲ့ ဆေးပစ္စည်းလေးမျိုးနဲ့ ပေါင်းစပ်ရင်တော့ ဖြေရှင်းနည်း သုံးမျိုးလောက် ထွက်လာနိုင်တယ်”
သူ၏ မျက်ဝန်းထဲတွင် အလင်းတန်းတစ်ချက် လင်းလက်သွားသည်။
“ကဲ.... ဘယ်သူက အဖြေကို ရှာတွေ့မလဲဆိုတာ စောင့်ကြည့်ရုံပဲရှိတော့တယ်....”
သူ၏ အကြည့်များ တဖြည်းဖြည်း လော့ချန်ဆီသို့ ရောက်ရှိလာခဲ့သည်။ အစောပိုင်းက အတွေးအခေါ်များဖြင့် ပြည့်နှက်နေသော်လည်း ယခုအခါတွင် မမျှော်လင့်ဘဲ အခြားသူများ၏ လှုပ်ရှားမှုများကိုပါ လိုက်လံစူးစမ်းနေသေးသည်ကို မြင်တွေ့လိုက်ရသောအခါ သူ သက်ပြင်းချလိုက်မိသည်။
“ဘယ်လိုပဲကြည့်ကြည့် တစ်ကိုယ်တော် ဆေးဖော်ဆရာတစ်ဦးပဲ၊ အခြေခံက မခိုင်မာဘူး၊ ဆေးပညာသဘောတရားတွေကိုလည်း တိတိကျကျ နားမလည်နိုင်ဘူး.... ကံကောင်းမှုတစ်ခုခုကြောင့်သာ ဘွဲ့နာမည်တစ်ခု ရလာတာဖြစ်မယ်၊ ဒီလို အရေးကြီးတဲ့အချိန်မှာ ကိုယ်တိုင် ဘာမှမဖြေရှင်းနိုင်ဘဲ သူများအဖြေတွေကို ခိုးကြည့်ဖို့ ကြိုးစားနေတာလား"
“ဒါက ရိုးရိုးမိုက်မဲတာ မဟုတ်တော့ဘူး၊ မိုက်မဲတာထက် ပိုဆိုးတယ်၊ ကိုယ်မသိတာကို သိသလိုဟန်ဆောင်ပြီး တခြားသူရဲ့ အဖြေကို ခိုးဖို့ ကြိုးစားနေတာပဲ၊ ဒီလိုလူမျိုးက ငါတို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ ပြိုင်ပွဲထဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ တကယ်ထိုက်တန်ရဲ့လား"
ဆေးဖော်ပညာရှင်များအသင်း အကြီးအကဲ၏ မျက်နှာထက်တွင် မထိန်းနိုင်သော မုန်းတီးစိတ်တို့ ပေါ်ထွက်လာခဲ့သည်။ ထိုမုန်းတီးမှုသည် လော့ချန်တစ်ဦးတည်းသာမက၊ သူ့ကို ဖိတ်ခေါ်ခဲ့သော ထောင်ဝမ်အပေါ်သို့ပါ သက်ရောက်သွားခဲ့ပြီး ထောင်ဝမ်ဘက်သို့ ရွံရှာသည့် အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။
သို့သော် ထောင်ဝမ်သည် ထိုအကြည့်ကို လုံးဝ သတိမထားမိသလိုပင်။ သူမ၏ အာရုံအားလုံးသည် လော့ချန်ပေါ်တွင်သာ တင်းတင်းကျပ်ကျပ် စူးစိုက်နေခဲ့သည်။
လူကိုးဦးအနက်မှ သုံးဦး ဦးစွာ လှုပ်ရှားသွားသည်ကို မြင်ခဲ့ရသော်လည်း သူမ တစ်ချက်မျှ မလှုပ်ရှားသေးပေ။ ကျန်ရှိနေသူများသည်လည်း လော့ချန်နှင့် မတိမ်းမယိမ်းပင် မည်သည့်လှုပ်ရှားမှုမျှ မပြသေးကြသောကြောင့် ဖြစ်သည်။ လူခြောက်ဦးအတွင်း တန်ရန်ဇီက ပထမဆုံး စတင်လှုပ်ရှားသွားသည်ကို မြင်လိုက်ရသည့်အခါ၌ပင် သူမ၏ စိတ်ထဲတွင် ထူးခြားသော လှုပ်ခတ်မှု မဖြစ်ပေါ်သေးချေ။ သူမ၏ အစ်ကိုကြီးသည် ဆေးဖော်ပညာတွင် အလွန်အမင်း ထက်မြက်သော ပါရမီရှင်တစ်ဦးဖြစ်ပြီး၊ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ခုနစ်ဦးထဲတွင် ထိပ်ဆုံးအဆင့်ကို အခိုင်အမာ သိမ်းပိုက်ထားသူဖြစ်သည်။ ဂိုဏ်းမျိုးဆက်၏ ကန့်သတ်ချက်များသာ မရှိခဲ့ပါက ဆေးဖော်ပညာရှင်များအသင်းမှ စောစောစီးစီး ဖိတ်ခေါ်ခံရကာ အကြီးအကဲတစ်ဦးအဖြစ်ပင် ထိုင်နေနိုင်သူ ဖြစ်သည်။
သို့သော် ထောင်ဝမ်အား တုန်လှုပ်စေခဲ့သည်မှာ ရွှမ်ယွင်ကျီ၊ ဟွမ်ဟယ်ဇီနှင့် အခြားနှစ်ဦးတို့ပါ တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားလာခြင်း ဖြစ်သည်။ သူတို့သည် မြေအောက်မီးတောက်များကို ဆွဲယူအသုံးပြုလျက် ဆေးဖော်စပ်ရန် လိုအပ်သော ဆေးဖက်ဝင်ပစ္စည်းများကို စနစ်တကျ ပြင်ဆင်နေကြပြီဖြစ်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ၌ ထောင်ဝမ်သည်လည်း ထိုင်ငြိမ်နေနိုင်ခြင်း မရှိတော့ပေ။
သူမ၏ နောက်ဘက်ရှိ ထောင်မျိုးနွယ်စု ကျင့်ကြံသူများသည်လည်း နောက်ဆုံးတွင် မိမိတို့၏ မကျေနပ်မှုများကို ထိန်းချုပ်မထားနိုင်တော့ဘဲ ပေါက်ကွဲလာကြတော့သည်။
“ရူးချင်လာပြီ…. အကြီးအကဲတန်ချန်ဇီက တကယ်ပဲ ဘာရပ်လုပ်နေတာလဲ....”
“သူက တကယ် ဆေးဖော်တတ်တယ်မလားဟင်…. ဒီလိုနေရာမှာ ရပ်ပြီး ငါတို့ကို အရှက်ခွဲနေတာလား"
“အဆင်မပြေရင်တောင် တစ်ခုချင်းစီ ဖြေရှင်းသွားရင် ရတာပဲ မဟုတ်လား....”
“မျိုးနွယ်စုခေါင်းဆောင်ကြီး…. သူ့ကို ပြိုင်ပွဲအကြောင်း သေချာမရှင်းပြထားဘူးလား"
ထောင်ရိရှန်း၏ မျက်နှာတစ်ခုလုံး နီရဲတက်လာကာ သူ့လူများဘက်သို့ လှည့်၍ ငေါက်လိုက်တော့သည်။
“နားငြီးတယ်၊ ပါးစပ်ပိတ်ထားကြစမ်း.... အစ်ကိုလော့ရဲ့ အရည်အချင်းကို မင်းတို့တွေ စိတ်ကူးတောင်ယဉ်နိုင်မှာမဟုတ်ဘူး၊ ငြိမ်ငြိမ် ကြည့်နေကြစမ်း”
ခဏမျှရပ်ပြီးနောက် သူ နောက်ထပ်တစ်ခွန်း ထပ်ဖြည့်လိုက်သေးသည်။
“မဆူကြနဲ့နော်”
ထောင်ဝမ်နှင့် မျိုးနွယ်စုခေါင်းဆောင်ရာထူးကြောင့် ဖြစ်နိုင်သည်။ ယခုရက်ပိုင်းအတွင်း ထောင်ရိရှန်း၏ အရှိန်အဝါမှာ တဖြည်းဖြည်း အားကောင်းလာပြီး မျိုးနွယ်စုခေါင်းဆောင်တစ်ဦး၏ အရှိန်အဝါများ စတင် စုစည်းမိလာသည်။
သူ၏ ထိုတစ်ကြိမ်တည်းသော ဆူပူမှုအောက်တွင် သက်ကြီးရွယ်အို ကျင့်ကြံသူများပင် မကျေနပ်သည့်အကြည့်များဖြင့် စိုက်ကြည့်နေရုံမှတစ်ပါး၊ မည်သည့်စကားကိုမျှ ဆက်မပြောဝံ့တော့ပေ။
အစောပိုင်းကာလများတွင် ထောင်ဝမ်သည်လည်း နောက်ကွယ်မှ ထွက်ပေါ်လာသော စကားသံများကြောင့် မလွဲမရှောင်သာ စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာခဲ့ပြီး လော့ချန်အပေါ်တွင်ပင် အနည်းငယ် အပြစ်တင်စိတ် ဝင်ရောက်မိခဲ့သည်။
‘တကယ်တမ်း မဖြေရှင်းနိုင်သေးဘူးဆိုရင်တောင် အနည်းဆုံးတော့ သာမန်ဆေးဖက်ဝင် ပစ္စည်းလေးတွေကို အရင် ကိုင်တွယ်ကြည့်လိုက်ရင် ရတာပဲမလား.... အဲဒီကနေ တဖြည်းဖြည်း နည်းလမ်းပေါ်လာနိုင်တာပဲ မဟုတ်ဘူးလား....’
သို့သော်လည်း မောင်ဖြစ်သူ၏ လော့ချန်အပေါ် ထားရှိသော အကြွင်းမဲ့ ယုံကြည်ချက်တစ်ခုက သူမ၏ စိတ်အတွင်းသို့ တဖြည်းဖြည်း စိမ့်ဝင်လာခဲ့ပြီးသား ဖြစ်နေခဲ့သည်။ ထိုယုံကြည်မှုသည် သူမ၏ သံသယများကိုပင် တဖြည်းဖြည်း ဖုံးလွှမ်းသွားသကဲ့သို့ ဖြစ်လာခဲ့သည်။
လော့ချန်၏ ကျောပြင်ကြီးကို တိတ်ဆိတ်စွာ စိုက်ကြည့်ရင်း ထောင်ဝမ်သည် မိမိကိုယ်ကိုပင် သတိမထားမိဘဲ လက်ချောင်းလေးများကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိသည်။
‘မင်း.... လုပ်နိုင်မှာပါ.... ဟုတ်တယ်မဟုတ်လား....’
ထိုခဏ၌ စင်မြင့်ကြီးထက်တွင် မြေအောက်မီးတောက်များသည် ရုတ်တရက် ပြင်းထန်သော အရှိန်အဟုန်ဖြင့် ထိုးထွက်လာခဲ့သည်။ မီးတောက်များသည် လှိုင်းလုံးကြီးများသကဲ့သို့ လှုပ်ရှားတောက်လောင်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကိုပင် အပူလှိုင်းများဖြင့် ဖုံးလွှမ်းသွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင် ဆေးဖက်ဝင် ပစ္စည်းအမျိုးမျိုးကို စနစ်တကျ ကိုင်တွယ်ဖော်စပ်နေသည့်အခါ ထွက်ပေါ်လာသော ထူးဆန်း၍ နူးညံ့သိမ်မွေ့သည့် မွှေးရနံ့များသည် လေထုထဲတွင် ပြန့်နှံ့လာပြီး၊ ကြည့်ရှုနေသူတိုင်းပင် မိမိတို့၏ နှာခေါင်းများကို မသိမသာ လှုပ်ရှားရှူရှိုက်မိကြသည်။
ဒုတိယအဆင့် ဆေးဖော်ဆရာ ကိုးဦးအနက် ရှစ်ဦးသည် လှုပ်ရှားမှုများ စတင်ပြုလုပ်နေကြပြီဖြစ်သည်။ မီးတောက်များကို ထိန်းချုပ်ခြင်း၊ ဆေးဖက်ဝင် ပစ္စည်းများကို ခွဲခြမ်းဖော်စပ်ခြင်းတို့ဖြင့် အလုပ်ရှုပ်နေခဲ့သည်။
ထိုအခါ လှုပ်ရှားမှုမရှိသေးသည့် လော့ချန်သည် ဆန့်ကျင်ဘက်အနေဖြင့် လူတိုင်း၏ အာရုံစိုက်မှုတစ်ခုလုံးကို ဆွဲယူထားသည့် ဗဟိုချက်တစ်ခုလို ဖြစ်လာခဲ့သည်။ သူသည် သူရဲကောင်းတစ်ဦးမဟုတ်ဘဲ၊ လူအများ၏ မျက်ဝန်းထဲတွင် ရယ်စရာကောင်းသည့် လူတစ်ဦးအဖြစ် ထင်မြင်ခံနေရသည်။
ထိုအခိုက်မှာပင် လော့ချန်၏ နှုတ်ခမ်းထောင့်စွန်းများသည် မသိမသာ အထက်သို့ ကွေးညွတ်သွားခဲ့သည်။ လူအများ၏ အံ့အားသင့်သံများ၊ သံသယသံများ၊ အရွဲ့တိုက်သံများအကြားတွင် သူ၏ လှုပ်ရှားမှုက ရုတ်တရက် ပြတ်သားသွားခဲ့သည်။
သူသည် ပစ္စည်းတစ်ခုကို လက်ထဲတွင် ဆုပ်ကိုင်လိုက်ပြီးနောက် ဆေးအိုးထဲသို့ တိုက်ရိုက်ပစ်သွင်းလိုက်သည်။
“အဲ့တာက…. ကွီယွမ်ပုစဥ်းခွံပဲ….”
ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်း၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုတို့ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။
“သူ.... သူ ဘာလုပ်နေတာလဲ....”
“ရူးသွားတာလား…. အဲဒါက အခက်ခဲဆုံး ဆေးဖက်ဝင် ပစ္စည်းတွေထဲက တစ်ခုလေ.... နောက်ဆုံးမှ ကိုင်တွယ်ရမယ့်ဟာကို အခုထည့်လိုက်တာလား….”
“ဒါကို အရင်ဆုံးထည့်လိုက်တာ.... သူ တကယ်ပဲ ဖျက်ဆီးပစ်ချင်နေတာလား....”
လူအုပ်ကြီး ဆူညံနေစဉ် ဆေးဖော်ပညာရှင်များအသင်း အကြီးအကဲ၏ မျက်ဝန်းများမှာ မယုံကြည်နိုင်မှုကြောင့် တဖြည်းဖြည်း ပြူးကျယ်သွားခဲ့သည်။
“မ.... မဖြစ်နိုင်တာ....”