← Chapters

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း (၂၀၁) စေ့စပ်ခြင်း... သတို့သမီးလောင်း၏ မထင်မှတ်ထားသော လုပ်ရပ်...

"သခင်လေးကျန်း... သခင်မလေးက တွေ့ခွင့်တောင်းနေပါတယ်..."

ချီမိသားစုမှ အစေခံတစ်ဦးသည် နောက်ဖေးခြံဝင်းအတွင်းသို့ ဝင်ရောက်လာပြီး ကျန်းချဲ့အား အရိုအသေပေးကာ လျှောက်တင်လိုက်၏။

"သခင်မလေးကို ဝင်လာဖို့ ခေါ်လိုက်ပါ..."

ကျန်းချဲ့၏ မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွားလေသည်။ သူသည် ချီကျန်းနန်ထံမှ ပြန်ရောက်လာသည်မှာ တစ်နာရီပင် မပြည့်သေးချေ။ သို့သော် တစ်ဖက်လူ၏ လှုပ်ရှားမှုက ဤမျှမြန်ဆန်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။ လိုအပ်သည့် ပစ္စည်းများကိုပင် တစ်ပါတည်း ပြင်ဆင်ပြီးသွားလောက်ပြီ ဖြစ်သည်။

ထို့ကြောင့် ကျန်းချဲ့၏ စိတ်ထဲတွင် များစွာ ဝမ်းသာအားရ ဖြစ်သွားရလေသည်။

မြေကြီး ဝိညာဉ် အရည်နှင့် နှစ်တစ်ထောင် ကျောက်စိမ်း အရိုး ဂျင်ဆင်းတို့ ရောက်ရှိလာပါက ကျန်းချဲ့အနေဖြင့် ရွှမ်တန်အဆင့်သို့ အချိန်မရွေး ချိုးဖောက်ဝင်ရောက်ကာ သိုင်းသခင်တစ်ပါးအဖြစ် ရပ်တည်နိုင်ရန် ယွမ်ချီကျောက်တုံး အချို့နှင့် နှစ်တစ်ထောင် ယင်နတ်ဘုရားပန်းသာ လိုအပ်တော့မည် ဖြစ်သည်။

ချီမိသားစုထံသို့ လာရောက်ခဲ့ခြင်းက အမှန်တကယ်ပင် မှန်ကန်သော ရွေးချယ်မှုတစ်ခု ဖြစ်ပေသည်။

ယင်နတ်ဘုရားပန်း အတွက်လည်း အရိပ်အယောင်အချို့ကို ရရှိထားပြီး ဖြစ်ရာ အလွဲအချော်သာ မရှိပါက ၎င်းသည် ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်း၌ ရှိနေမည်မှာ အသေအချာပင်။

ခေတ္တအကြာတွင် ချီဝမ်ကျင်းသည် ခြံဝင်းငယ်လေးအတွင်းသို့ ဝင်ရောက်လာလေ၏။ ဤတစ်ကြိမ်တွင် သူမသည် ယခင်ကကဲ့သို့ အစိမ်းနုရောင် သံချပ်ကာကို ဝတ်ဆင်ထားခြင်း မရှိသည့်အတွက် သူမ၏ ဝတ်စားဆင်ယင်မှုက ကျန်းချဲ့၏ အကြည့်များကို ဖြောင့်တန်းစွာ စွဲကပ်သွားစေသည်။

သူမသည် ပေါ့ပါးသော ပန်းနုရောင် နန်းတွင်းဝတ်စုံကို ဆင်မြန်းထားပြီး နူးညံ့သွယ်လျသော ခါးသိမ်သိမ်လေးကို ထင်ရှားပေါ်လွင်စေကာ အပေါ်မှ ဖြူစင်သော ပိုးသားပါးပါးလေးကို ထပ်မံလွှမ်းခြုံထား၏။ လှပကျော့ရှင်းသော လည်တိုင်ရှိ ညှို့အားပြင်းသော ညှပ်ရိုးလေးများက တိုးတိုးတိတ်တိတ် ပေါ်လွင်နေပြီး သူမ၏ ကိုယ်ဟန်အချိုးအစားမှာ အလွန်တရာ ပြီးပြည့်စုံလွန်းလှသည်။ သေးသွယ်သော ခါး... ပြည့်ဖြိုးသော တင်ပါးနှင့် မို့မောက်ကြွရွနေသော ရင်အုံတို့က ဆွဲဆောင်မှု အပြည့်ရှိနေပေသည်။

ရှည်လျားသော ဆံကေသာကို ရိုးရှင်းသော ဆံထိုးလေးတစ်ခုဖြင့် ထုံးဖွဲ့ထားပြီး ဆံနွယ်နှစ်စကသာ ရင်ဘတ်ပေါ်သို့ ကျဆင်းနေသည်။

မျက်ဝန်းအစုံက ကြယ်တာရာများအလား တောက်ပနေပြီး ဖြောင့်စင်းသော နှာတံနှင့် အချိုးကျလှသော မျက်နှာပေါက်တို့မှာ အလွန်တရာ ကြည့်ကောင်းလှပေသည်။ သူမ၏ နှုတ်ခမ်းအစုံကလည်း တောက်ပသော ရောင်ဝါလေးများ လင်းလက်နေ၏။

သူမ၏ ပုံစံမှာ စစ်သူကြီးမျိုးနွယ်မှ မာကျောခက်ထန်သော ကျားသစ်မလေး တစ်ကောင်နှင့် လုံးဝ မတူညီဘဲ တကယ့် အထက်တန်းစား မိသားစုမှ သိမ်မွေ့သော သခင်မလေးတစ်ပါးနှင့်သာ တူနေတော့သည်။

"မိန်းကလေးချီ..."

ကျန်းချဲ့က မိမိ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် မတ်တတ်ရပ်ကာ လက်နှစ်ဖက်ကို ဆုပ်၍ အရိုအသေပေး ကြိုဆိုလိုက်လေသည်။

ချီဝမ်ကျင်းက ခေါင်းအနည်းငယ် ငြိမ့်ပြကာ နှုတ်ဆက်လိုက်ပြီးနောက် ကျန်းချဲ့၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်၏။ သူမ၏ ပါးပြင်လေးများက ပန်းနုရောင်သန်းနေပြီး အနည်းငယ် ရှက်ရွံ့နေဟန် ရှိသည်။ အမှန်ဆိုရလျှင် သူမသည် ဤကဲ့သို့ ဝတ်ဆင်လေ့ရှိသူ မဟုတ်ပေ။

သိုင်းပညာလမ်းစဉ်ကို လျှောက်လှမ်းရန် ဆုံးဖြတ်လိုက်ကတည်းက သူမသည် ဂါဝန်များကို တစ်ကြိမ်တစ်ခါမျှပင် ဝတ်ဆင်ခဲ့ခြင်း မရှိချေ။

သို့သော် မလာရောက်မီလေးတွင် ချီနင်ပင်းက သူမအား အတင်းအကျပ် အလှပြင်ပေးခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် အကြိမ်က ချီနင်ပင်းကိုယ်တိုင် အစ်မဖြစ်သူ ဟန်ဆောင်ကာ သွားရောက်တွေ့ဆုံခဲ့သဖြင့် ကျန်းချဲ့၏ ရင်ထဲတွင် မှတ်မှတ်ရရ ဖြစ်နေမည်မှာ အသေအချာပင်။

ထို့ကြောင့် ဤအကြိမ်သည် ၎င်းတို့နှစ်ဦး၏ ပထမဆုံး အစစ်အမှန် တွေ့ဆုံမှုဟု ဆိုရမည် ဖြစ်ရာ ကျန်းချဲ့တစ်ယောက် အံ့သြမှင်တက်သွားအောင် ပြုလုပ်နိုင်မှသာ ချီမိသားစု၏ အလှပန်းနှစ်ပွင့် ဟူသော ဂုဏ်ပုဒ်ကို မထိခိုက်စေမည်ဟု ညီမဖြစ်သူက အကြောင်းပြခဲ့သည်။

ညီမဖြစ်သူ၏ အလိုကို မလွန်ဆန်နိုင်သဖြင့် ချီဝမ်ကျင်း တစ်ယောက် ခေါင်းညိတ် သဘောတူခဲ့ရသော်လည်း သူမ၏ စိတ်ထဲတွင်တော့ အနည်းငယ် ရှက်ရွံ့နေဆဲပင်။ အထူးသဖြင့် ကျန်းချဲ့က သူမအား စူးစိုက်စွာ ကြည့်ရှုနေသည်ကို မြင်လိုက်ရသောအခါ သူမ၏ ရင်ထဲတွင် ပို၍ပင် ရှက်သွေးဖြာသွားရလေသည်။

"ပြီးခဲ့တဲ့ အကြိမ်တုန်းက မိန်းကလေးက ကျုပ် လာတောင်းရမ်းမယ့် အချိန်ကို စောင့်နေမယ်လို့ ပြောခဲ့တယ်လေ... အခု ကျုပ် တကယ် ရောက်လာခဲ့ပြီ... စေ့စပ်မယ့်ရက်ကလည်း နောက်ထပ် ခုနစ်ရက် နေရင် ရောက်လာတော့မယ်..."

ကျန်းချဲ့က ၎င်းတို့နှစ်ဦး ပထမဆုံး အကြိမ် တွေ့ဆုံခဲ့စဉ်က အကြောင်းအရာကို ဆွဲသွင်းကာ စကားစတင်လိုက်လေသည်။

ဤအချိန်တွင် ကျန်းချဲ့သည် ချီဝမ်ကျင်းနှင့် ချီနင်ပင်းတို့ နှစ်ဦးကြားရှိ သိမ်မွေ့သော ကွာခြားချက်များကို မသိရှိသေးချေ။ အဓိက အကြောင်းရင်းမှာ သူသည် ချီနင်ပင်း၏ ရုပ်သွင်ကို တစ်ခါမျှ မမြင်ဖူးခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

ပြီးခဲ့သည့် အကြိမ်က မိမိနှင့် တွေ့ဆုံခဲ့သူမှာ ချီဝမ်ကျင်း အယောင်ဆောင်ထားသော ခယ်မလေးဖြစ်သူမှန်း ကျန်းချဲ့တစ်ယောက် အိပ်မက်ပင် မမက်ခဲ့ပေ။

"အင်း..."

ချီဝမ်ကျင်းက ခေါင်းညိတ်လိုက်သော်လည်း စကားတစ်ခွန်းမျှ ဆက်မပြောခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူမအနေဖြင့် မည်သို့ ပြန်လည် တုံ့ပြန်ရမည်ကို အမှန်တကယ်ပင် မသိသောကြောင့် ဖြစ်၏။ ပြီးခဲ့သည့် အကြိမ်က ညီမဖြစ်သူ ပြန်ရောက်လာချိန်တွင် ထိုနေ့က ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာ အားလုံးကို ပြောပြထားခဲ့ပြီး ဖြစ်သည်။

သို့သော် ထိုနေ့က စကားဝိုင်းကို ဆက်လက် ပြောဆိုရသည်မှာ တစ်စုံတစ်ခု လွဲချော်နေသကဲ့သို့ အနေရခက်နေသဖြင့် သူမက ယူဆောင်လာသော ကျောက်စိမ်းသေတ္တာကို ကျောက်စားပွဲပေါ်သို့ တင်လိုက်လေသည်။

"ဒါက ရှင် အလိုရှိနေတဲ့ မြေကြီး ဝိညာဉ် အရည်နဲ့ နှစ်တစ်ထောင် ကျောက်စိမ်း အရိုး ဂျင်ဆင်းပဲ..."

ချီဝမ်ကျင်း၏ အသံမှာ အလွန်တရာ ငြိမ်သက်နေသော်လည်း တောင့်တင်းနေခြင်း မရှိဘဲ လေပြေလေညင်းလေး တစ်ခုကဲ့သို့ အေးချမ်းလှပေသည်။

"ကျေးဇူးတင်ပါတယ် မိန်းကလေး..."

"ကျွန်မကို ဝမ်ကျင်းလို့ပဲ ခေါ်ပါ..."

"ကောင်းပါပြီ... ဝမ်ကျင်း..."

ကျန်းချဲ့က ခေါင်းညိတ်ပြလိုက်လေသည်။

"ထိုက်အန်းဒေသမှာ ရှင်နဲ့ ပတ်သက်နေတဲ့ တခြား မိန်းမတွေ ရှိသေးတယ်လို့ ကြားထားတယ်... ဟုတ်လား..."

ချီဝမ်ကျင်းက စကားဆိုလိုက်ရင်း ကျန်းချဲ့ မည်သို့ တုံ့ပြန်မည်ကို စောင့်ကြည့်ရန် အသင့်ပြင်ထားသည့်အလား စိုက်ကြည့်နေလေ၏။

"ဟုတ်တယ်..."

ကျန်းချဲ့က ဖုံးကွယ်ထားရန် အကြံအစည် လုံးဝမရှိဘဲ တိုက်ရိုက် ဝန်ခံလိုက်လေသည်။

ဤကဲ့သို့သော ကိစ္စရပ်များကို ချီမိသားစုထံမှ ဖုံးကွယ်ထား၍ မရနိုင်မှန်း သူ ကောင်းကောင်း သိထားသဖြင့် ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေသည်။

"ကျွန်မရဲ့ အနာဂတ် ခင်ပွန်းလောင်းအတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းက တစ်ဦးတည်းကိုပဲ ချစ်ဖို့ဆိုတာ ရှင် သိလား..."

"လက်ထပ်ပြီးသွားရင် ကျုပ် မင်းကို ချစ်ပေးမှာပါ... ဒါပေမဲ့ မင်း တစ်ယောက်တည်းကိုပဲ ချစ်မယ်လို့တော့ အာမမခံရဲဘူး..."

ကျန်းချဲ့က လေးနက်သော လေသံဖြင့် ပြန်လည် ဖြေကြားလိုက်၏။

"စေ့စပ်တောင် မစေ့စပ်ရသေးဘဲ ဒီလို စကားမျိုး ပြောထွက်တာ... ကျွန်မ စိတ်ဆိုးသွားမှာကို မကြောက်ဘူးလား..."

"ကြောက်တာပေါ့... ဒါပေမဲ့ ကျုပ်ရဲ့ အစစ်အမှန် ခံစားချက်ကို မင်း သိထားဖို့ လိုတယ်လေ..."

ချီဝမ်ကျင်းက ခေါင်းငုံ့ကာ လက်ထဲရှိ ကျောက်စိမ်းသေတ္တာလေးကို ကြည့်ရင်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်လေသည်။

"လက်ထပ်ပြီးသွားရင်တော့ ရှင် ဆက်ပြီး ပွေလီနေတာမျိုးကို ကျွန်မ မလိုလားဘူး... အရင်က ကိစ္စတွေကိုတော့ ကျွန်မ ခွင့်လွှတ်ပေးနိုင်တယ်..."

"ကောင်းပါပြီ..."

ကျန်းချဲ့က လိုရင်းတိုရှင်းပင် ခေါင်းညိတ် သဘောတူလိုက်လေသည်။

ချီဝမ်ကျင်းက ကျန်းချဲ့အား ခေတ္တမျှ စူးစိုက်ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားသည်အထိ ပြုံးလိုက်၏။

"ရွှမ်လင် လျှို့ဝှက်နယ်မြေကို သွားတဲ့အခါ ကျွန်မလည်း အတူတူ လိုက်ခဲ့မယ်..."

"ဦးလေးကြီးရဲ့ အစီအစဉ်လား..."

ချီဝမ်ကျင်းက ခေါင်းခါရမ်းလိုက်လေသည်။

"ဒီရွှမ်လင် လျှို့ဝှက်နယ်မြေ ကိစ္စသာ မရှိရင် လွန်ခဲ့တဲ့ နှစ်ဝက်လောက်ကတည်းက ကျွန်မ ရွှေအမြုတေ တည်ဆောက်နိုင်ခဲ့ပြီ... လျှို့ဝှက်နယ်မြေထဲ ဝင်လို့ရအောင် ကျင့်စဉ်အဆင့်ကို ဖိနှိပ်ထားခဲ့ရတာ... လျှို့ဝှက်နယ်မြေက ကိစ္စတွေ ပြီးသွားတာနဲ့ ကျွန်မ အဆင့်ချိုးဖောက်တော့မှာ... အဲဒီအချိန်ကျရင် ရှင့်အနေနဲ့ သိပ်ပြီး ဖိအားမများဖို့ မျှော်လင့်ပါတယ်..."

"ဘယ်လိုလုပ် ဖိအားများရမှာလဲ... မင်း ပိုပြီး စွမ်းအားကြီးလာလေ... ကျုပ်က ပိုပြီး စိတ်ချမ်းသာရလေပဲ..."

ကျန်းချဲ့က အနာဂတ် ဇနီးသည်၏ ကျင့်စဉ်အဆင့် မြင့်မားနေခြင်းကို မနှစ်မြို့သူမျိုး မဟုတ်ပေ။ ဆန့်ကျင်ဘက် အနေဖြင့် သူ၏ အဆင့်ချိုးဖောက်မှု အမြန်နှုန်းအရ အနာဂတ် ဇနီးသည်က မိမိ၏ ကျင့်ကြံမှု အမြန်နှုန်းကို လိုက်မမီမည်ကိုပင် စိုးရိမ်နေမိသည်။ ထို့ကြောင့် ချီဝမ်ကျင်း၏ ကျင့်ကြံမှု အဆင့်က ယခုထက်ပို၍ မြင့်မားနေလျှင်ပင် သူက ပို၍ သဘောကျမိမည် ဖြစ်သည်။

အကယ်၍ ချီဝမ်ကျင်းကသာ ကောင်းကင်နှင့် မြေကြီးကိုပါ ကိုင်လှုပ်နိုင်စွမ်း ရှိမည်ဆိုပါက သူသည် ချီမိသားစု၏ ကျားတစ်ကောင် အဖြစ် နေထိုင်ရမည်ကိုပင် ဝန်လေးနေမည် မဟုတ်ချေ။

"ဒါဆိုလည်း ပြီးတာပါပဲ..."

ချီဝမ်ကျင်းသည် စိတ်အေးသွားဟန်ဖြင့် သက်ပြင်းတစ်ချက် တိတ်တဆိတ် ချလိုက်လေသည်။

မိမိ၏ အဆင့်ချိုးဖောက်မှုကြောင့် ကျန်းချဲ့အပေါ် ကြီးမားသော ဖိအားများ ကျရောက်သွားမည်ကို သူမ မလိုလားပေ။ အချို့သော ယောကျ်ားများက ဇနီးသည်ကို ဖိနှိပ်ထားလိုသော စိတ်ဓာတ်ရှိကြပြီး မိသားစုအတွင်း မိမိ၏ အဆင့်အတန်းကို သတ်မှတ်ရန် ကြိုးစားတတ်ကြမှန်း သူမ သိထားသောကြောင့် ယခုကဲ့သို့ ကြိုတင် စကားခံထားရခြင်း ဖြစ်သည်။

"ရှင့်ရဲ့ အတိတ်က အကြောင်းအရာတွေကို ပြောပြလို့ ရမလား..."

"အတော်လေး ငြီးငွေ့စရာ ကောင်းတယ်နော်..."

"ကျွန်မ နားထောင်ချင်တယ်..."

ချီဝမ်ကျင်း၏ လှပသော မျက်ဝန်းအစုံက ကျန်းချဲ့ကို ခိုင်မာသော အကြည့်များဖြင့် စူးစိုက်ကြည့်ကာ ဆိုလိုက်လေသည်။

"ကျုပ်က ယွဲ့ပြည်နယ်ရဲ့ ဝေးလံခေါင်ဖျားတဲ့ ခရိုင်ငယ်လေး တစ်ခုမှာ မွေးဖွားခဲ့တာ... ဘိုးဘေးတွေက တခြားလူတွေရဲ့ လုပ်ကြံမှုကို ခံခဲ့ရလို့ မိသားစုက ကျဆင်းသွားပြီး ငါးဖမ်းတဲ့ အလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုခဲ့ရတယ်... အဲဒီနောက်တော့..."

ကျန်းချဲ့က မိမိ၏ အတိတ်အကြောင်းကို အကျဉ်းချုံး၍ ပြောပြလိုက်လေသည်။

ငြီးငွေ့စရာ ကောင်းလှသော်လည်း ချီဝမ်ကျင်းကတော့ အလွန်တရာ စိတ်ရှည်သည်းခံကာ တိတ်ဆိတ်စွာ နားထောင်နေခဲ့၏။

"နောက်ပိုင်းမှာတော့ ကံကောင်းထောက်မစွာနဲ့ အခွင့်အရေး တစ်ချို့ကို ရခဲ့တယ်... အဲဒီကနေ တပ်မှူးချုပ်ချီရဲ့ မျက်စိကျတာကို ခံရပြီး အဆင့်ခြောက် တပ်မှူး နေရာကို တိုးမြှင့်ခံရတာပဲ... ပြီးတော့ ချီမိသားစုရဲ့ အသိအမှတ်ပြုမှုကို ခံရပြီး အခုလို လက်ထပ်ဖို့ ပြင်ဆင်နေရတာပေါ့..."

"ကျွန်မရဲ့ အတိတ်အကြောင်းကိုရော ရှင် နားထောင်ချင်လား..."

"သေချာပေါက် နားထောင်ချင်တာပေါ့..."

"ကျွန်မက..."

ချီဝမ်ကျင်းက သူမ၏ အခြေအနေကို အကျဉ်းချုံး ပြောပြလိုက်လေသည်။ ငယ်စဉ်ကတည်းက မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့သဖြင့် ဖခင်နှင့် မိသားစု၏ ပြုစုပျိုးထောင်မှုဖြင့် ကြီးပြင်းလာခဲ့ရသည်။ မိသားစုအတွင်းမှ အစ်မများစွာ လက်ထပ်သွားကြသည်ကို မြင်တွေ့ခဲ့ရသဖြင့် သူမ၏ ရင်ထဲတွင် အနည်းငယ် ဆန့်ကျင်လိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။

ထိုအချိန်မှစ၍ ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့ပြီး ဒေါသအလျောက် နယ်စပ်သို့ သွားရောက်ကာ လူရိုင်းမျိုးနွယ်များနှင့် တိုက်ခိုက်ခဲ့သည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ ချီမိသားစုက သူမ၏ လုံခြုံရေးကို စိုးရိမ်သဖြင့် လအနည်းငယ်မျှသာ ကြာမြင့်ပြီးနောက် နောက်တန်းသို့ ပြန်လည် ခေါ်ယူခဲ့ခြင်းပင် ဖြစ်သည်။

ခြောက်ကပ်ကပ် နိုင်လှသော်လည်း ပျင်းစရာတော့ မကောင်းလှချေ။ အနည်းဆုံးတော့ ကျန်းချဲ့ တစ်ယောက် အလွန်တရာ စိတ်ဝင်တစား နားထောင်နေခဲ့သည်။

ဤသည်မှာ သူ၏ ရှေ့မှောက်တွင် အတိတ်အကြောင်းကို ဖွင့်ဟပြောပြလာသော ဒုတိယမြောက် မိန်းမပျိုပင် ဖြစ်သည်။ ပထမဆုံး တစ်ယောက်မှာ ဟွမ်ရှန်းရှန်း ဖြစ်သော်လည်း ၎င်းတို့ နှစ်ဦး၏ အခြေအနေမှာ ကွဲပြားခြားနားလှ၏။ ဟွမ်ရှန်းရှန်းက အချိန်အတန်ကြာ ဖြတ်သန်းပြီးနောက် လုံးဝ စိတ်နှလုံး ညွတ်နူးသွားသည့် အချိန်မှသာ ခံစားချက်များဖြင့် ဖွင့်ဟပြောပြခဲ့ခြင်း ဖြစ်သည်။

သို့သော် ချီဝမ်ကျင်းကတော့ စေ့စပ်ကြောင်းလမ်းပြီးသည်နှင့် တစ်ပြိုင်နက် သူမ၏ အခြေအနေ အချို့ကို ပြောပြလာခဲ့ခြင်း ဖြစ်၏။

"မင်းရဲ့ အတွေ့အကြုံတွေက တကယ့်ကို ဒဏ္ဍာရီဆန်တာပဲ... အဲဒီအချိန်က နယ်စပ်မှာ မင်း ထွက်သွားဖို့ကို မျှော်လင့်နေတဲ့ လူတွေ အများကြီး ရှိလောက်တယ်..."

"ဖြစ်နိုင်ပါတယ်လေ..."

ဤစကားကို ပြောပြီးနောက် နှစ်ဦးသား အချင်းချင်း စကားမဆိုဘဲ ကြည့်နေမိကြပြီး သူတို့၏ အကြည့်များက မသိမသာ ဆုံမှတ်တစ်ခုတည်း၌ ကျရောက်သွားလေသည်။ ထို့နောက် အမြဲတမ်း ခက်ထန်မာကျောလေ့ရှိသော ချီဝမ်ကျင်းက အရင်ဆုံး အကြည့်လွှဲသွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့၏ အကြည့်များက အလွန်တရာ ကျူးကျော်လိုစိတ် ပြင်းထန်နေသောကြောင့်ပင် ဖြစ်၏။

"အချိန်လည်း မစောတော့ဘူးဆိုတော့ ကျွန်မ အရင် ပြန်နှင့်တော့မယ်..."

ချီဝမ်ကျင်းက သူမ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် မတ်တတ်ရပ်ကာ နှုတ်ဆက်လိုက်လေသည်။

"ကျုပ် လိုက်ပို့ပေးပါ့မယ်..."

"ရှင် ယင်နတ်ဘုရားပန်းကို အရေးတကြီး လိုအပ်နေတယ်လို့ အဖေ ပြောတာ ကြားတယ်..."

ခြေလှမ်း အနည်းငယ်မျှ လျှောက်ပြီးနောက် ချီဝမ်ကျင်းက ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ကျန်းချဲ့ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်လေသည်။

"ကျင့်ကြံခြင်းနဲ့ ပတ်သက်နေလို့ တကယ်ကို လိုအပ်နေတာပါ... ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အရိပ်အယောင်လေးတော့ ရထားပါပြီ... ရွှမ်လင် လျှို့ဝှက်နယ်မြေထဲကနေ ယူဖို့ ကျုပ် ပြင်ဆင်ထားတယ်..."

ကျန်းချဲ့က ပြန်လည် ဖြေကြားလိုက်၏။

"အို..."

ချီဝမ်ကျင်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။

ခြံဝင်းရှေ့၌ ရပ်နေရင်း တစ်ဖက်လူ၏ ကျောပြင်လေး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်ကာ ကျန်းချဲ့ တစ်ယောက် ရုတ်တရက် ပြုံးလိုက်မိသည်။

'ဒီမိန်းမက ကောလာဟလတွေထဲကလို ခက်ထန်မာကျောတဲ့ပုံ မပေါ်ပါလား... စကား သိပ်မပြောတတ်ပေမဲ့... ခံစားကြည့်ရသလောက်တော့ အတော်လေး နူးညံ့တဲ့ပုံပဲ... ဇနီးသည် တစ်ယောက်အနေနဲ့ ဘေးနားမှာ ခေါ်ထားရတာလည်း မဆိုးပါဘူးလေ...'

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ရာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ခုနစ်ရက် အချိန် ကုန်လွန်သွားခဲ့လေပြီ။

ကျန်းချဲ့မှာမူ ခြံဝင်းငယ်လေး အတွင်း၌သာ အချိန်ပြည့် ကျင့်ကြံနေခဲ့ပြီး အပြင်ဘက်သို့ တစ်ကြိမ်တစ်ခါမျှပင် မထွက်ခဲ့ချေ။ သူ၏ ကျင့်စဉ်အဆင့်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ဤသည်က ဆက်လက် ကျင့်ကြံရန် မလိုအပ်တော့ဟု ဆိုလိုခြင်း မဟုတ်ပေ။

အမြုတေ တည်ဆောက်ရန် အချိန်နီးကပ်လာပြီ ဖြစ်ရာ သူ ကောင်းကောင်း ပြင်ဆင်ထားရမည် ဖြစ်သည်။ ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် ရှိနေသဖြင့် မျက်တောင်တစ်ခတ် အတွင်းမှာပင် အောင်မြင်နိုင်မည် ဖြစ်သော်လည်း အမြုတေ တည်ဆောက်ခြင်းနှင့် ပတ်သက်သည့် အတွေ့အကြုံများစွာကို ချီရှောက်ယန်ထံမှ သင်ယူခဲ့သေးသည်။

ဤလုပ်ငန်းစဉ် အတွင်း ယောက်ဖတော်စပ်သူက သူ ကိုယ်တိုင် ကျင့်ကြံထားသော ကိုယ်ဖော့ပညာရပ်ကိုပင် ထုတ်ယူကာ ကျန်းချဲ့အား ကောင်းစွာ ကျင့်ကြံနိုင်ရန် ပေးအပ်ခဲ့သေးသည်။

ထိုကိုယ်ဖော့ပညာရပ်၏ အမည်မှာ ကောင်းကင်နင်း ခြေလှမ်းကိုးသွယ် ဟုခေါ်ပြီး ကိုယ်ဖော့ပညာရပ် သက်သက်သာ မဟုတ်ဘဲ တိုက်ခိုက်ရေး ပညာရပ်တစ်ခုလည်း ဖြစ်ပေသည်။ အကယ်၍ အောင်မြင်အောင် ကျင့်ကြံနိုင်ပါက သူ့အတွက် ကြီးမားသော အကျိုးကျေးဇူးများကို ယူဆောင်လာပေးမည် ဖြစ်ပြီး ရှန်ရှန်းအဆင့်သို့ ရောက်ရှိသွားချိန်၌ပင် ဆက်လက် ကျင့်ကြံနိုင်သေးသည်။

၎င်းသည် ချီမိသားစု၏ ပင်မမျိုးနွယ်ဝင်များသာ ကျင့်ကြံခွင့်ရှိသော ထိပ်တန်း ကိုယ်ဖော့ပညာရပ်တစ်ခု ဖြစ်၏။

သို့သော် ကျင့်စဉ်က ကောင်းမွန်လှသော်လည်း ကျင့်ကြံရန်မှာမူ ခက်ခဲလှပေသည်။ ကျန်းချဲ့အနေဖြင့် ရက်အနည်းငယ်ကြာ လေ့လာခဲ့သော်လည်း အဝင်အထွက် တံခါးပေါက်ကိုပင် ရှာမတွေ့ခဲ့ချေ။ ချီရှောက်ယန်၏ လမ်းညွှန်မှု အောက်တွင်မှသာ ကျင့်ကြံရန် လျှို့ဝှက်ချက် အချို့ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ယဇ်ပူဇော်ခွင့်သာ ရရှိမည်ဆိုပါက သူ၏ စွမ်းအားများ နောက်ထပ် တစ်ဆင့် ထပ်တက်သွားမည် ဖြစ်သဖြင့် ကျန်းချဲ့ တစ်ယောက် အနည်းငယ် နှမြောတသ ဖြစ်နေမိသည်။

ဤသို့ဖြင့် စေ့စပ်မည့် နေ့ရက်က တိတ်ဆိတ်စွာ ရောက်ရှိလာခဲ့လေပြီ။

ယခင် လုပ်ငန်းစဉ်များ အားလုံး အလွန် လျင်မြန်စွာ ပြီးစီးသွားခဲ့ပြီး ယခု ကျန်ရှိနေသည်မှာ တောင်းရမ်းသည့် လက်ဆောင်ပစ္စည်းများနှင့် သတို့သား... သတို့သမီး နှစ်ဖက် မိသားစုကြား အပြန်အလှန် ပေးအပ်ရမည့် စေ့စပ်ကြောင်းလမ်းခြင်း အမှတ်လက္ခဏာများသာ ဖြစ်သည်။ လူကြီး တစ်ယောက် အနေဖြင့် ချီဆန်းကျားက သူ၏ ကိုယ်စား အားလုံးကို တာဝန်ယူ စီစဉ်ပေးခဲ့၏။

အသုံးပြုခဲ့သမျှ အရာအားလုံးမှာ ချီမိသားစု၏ ပစ္စည်းများသာ ဖြစ်ပြီး အပေါ်ယံ ဟန်ပြမျှသာ ဖြစ်ပေသည်။

ဤနေ့တွင် ချီမိသားစု တစ်ခုလုံး အလွန်တရာ စည်ကားသိုက်မြိုက်နေလေသည်။ ချီကျန်းနန်က ကြီးကြီးကျယ်ကျယ် မလုပ်ရန် ပြောထားသော်လည်း နှစ်တစ်ထောင် သက်တမ်းရှိ မိသားစုကြီး တစ်ခု ဖြစ်သည့်အားလျော်စွာ မည်မျှပင် ရိုးရှင်းအောင် ပြုလုပ်စေကာမူ ခမ်းနားထည်ဝါမှု အချို့တော့ ရှိနေဆဲပင်။

ချီမိသားစု၏ မျိုးဆက်များစွာနှင့် ဆွေမျိုးပေါက်ဖော်များ အားလုံး ရောက်ရှိနေကြလေသည်။

လူအများစုက ကျန်းချဲ့နှင့် ပတ်သက်၍ တီးတိုး စကားဆိုနေကြပြီး သူက မည်သူဖြစ်ကြောင်းနှင့် ချီမိသားစု၏ သခင်မလေး ချီဝမ်ကျင်းနှင့် မည်သို့မည်ပုံ ရုတ်တရက် လက်ထပ်ရမည်ကို ဆွေးနွေးနေကြ၏။ ယခင်က မည်သည့် သတင်းအစအနမျှ ထွက်ပေါ်လာခြင်း မရှိခဲ့သည် မဟုတ်ပါလော။

'သူ့မှာ တစ်စုံတစ်ရာ ကြီးမားတဲ့ နောက်ခံများ ရှိနေလို့လား...'

သို့သော် မကြာမီမှာပင် ချီမိသားစုဝင် အချို့၏ ရှင်းပြမှုများကြောင့် ထိုလူများ၏ အစပိုင်း သံသယများနှင့် နားလည်မှုလွဲမှားခြင်းများ အားလုံး ပျောက်ကွယ်သွားရလေသည်။ ကျန်းချဲ့ ပြသခဲ့သည့် ပါရမီနှင့် အလားအလာများကို ကြည့်မည်ဆိုပါက ဤလက်ထပ်မှုသည် အလွန်တရာ တန်ဖိုးရှိလှပေသည်။

ထိုအထဲတွင် မနာလို အဖြစ်ဆုံးသူမှာ ဝေ့ကျွင်းကျဲပင် ဖြစ်၏။ အတူတကွ လာရောက် လက်ထပ်မည့် သူနှစ်ဦး အနက် သူကမူ ရှည်လျားလှသော လုပ်ငန်းစဉ်များကို ဖြတ်သန်းရမည် ဖြစ်ပြီး ကျန်းချဲ့ကမူ ချီမိသားစု၏ တာဝန်ယူမှုဖြင့် အားလုံးကို အလွယ်တကူ ကျော်ဖြတ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ စေ့စပ်ကြောင်းလမ်းခြင်း ကိစ္စက အလွန်တရာ မြန်ဆန်လွန်းနေပေသည်။

ဤသည်က ဘာကို ဆိုလိုသနည်း။

ဤသည်မှာ ချီမိသားစုက ကျန်းချဲ့ တစ်ယောက် ထွက်ပြေးသွားမည်ကို စိုးရိမ်နေပြီး တခြားသော မိသားစုကြီးများထံသို့ လုံးဝ အခွင့်အရေး မပေးလိုသဖြင့် မိသားစု အတွင်းမှာပင် ကိစ္စအားလုံးကို အမြန်ဆုံး အဆုံးသတ်လိုက်ခြင်း ဖြစ်ပေသည်။ စေ့စပ်ကြောင်းလမ်းမှု အတည်ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် ကျန်းချဲ့သည် ချီမိသားစု၏ သမက်လောင်း တစ်ဦး ဖြစ်လာတော့မည် မဟုတ်ပါလော။

မနာလို ဝန်တိုမှုများကြောင့် ဝေ့ကျွင်းကျဲ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းနေလေပြီ။

"သခင်လေး... ဝေ့မိသားစုက မြင့်မြတ်တဲ့ မိသားစုကြီး တစ်ခုလေ... လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေက အများကြီးပဲမို့ စေ့စပ်ဖို့ဆိုတာ သိပ်မလွယ်ဘူး... ဒါပေမဲ့ ကျန်းချဲ့ကတော့ သာမန် အရပ်သား ဘဝကနေ လာတာဆိုတော့ ဒီကိစ္စတွေကို သိပ်ပြီး ဂရုစိုက်နေစရာ မလိုဘူးပေါ့..."

ဝေ့ချင်းက ဝေ့ကျွင်းကျဲကို နှစ်သိမ့်လိုက်လေသည်။

ဤစကားများက ဝေ့ကျွင်းကျဲ၏ ရင်ထဲတွင် အနည်းငယ် နှစ်သိမ့်မှု ရသွားစေ၏။

'ဟုတ်တာပဲ... ကျန်းချဲ့လို ကောင်က ငါနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ...'

သူသည် ဝေ့မိသားစု၏ သခင်လေး ဖြစ်ပြီး ချီနင်ပင်းသည် ချီမိသားစု၏ ဒုတိယ သခင်မလေး ဖြစ်သည်။ ကြီးမြတ်သော မိသားစုကြီး နှစ်ခုကြား လက်ထပ်မှု ဖြစ်သဖြင့် ခမ်းနားထည်ဝါမှုများနှင့် စည်းမျဉ်းစည်းကမ်းများ ရှိရန် လိုအပ်ပေသည်။ ဤကဲ့သို့ ကမန်းကတန်း ပြုလုပ်၍ မည်သို့မျှ မဖြစ်နိုင်ချေ။

မွန်းတည့်ချိန်တွင် အနက်ရောင် ဝတ်ရုံကို ဆင်မြန်းကာ ခါးတွင် ကျောက်စိမ်းခါးပတ်ကို ပတ်ထားသော ကျန်းချဲ့သည် တက်ကြွရွှင်လန်းသော မျက်နှာထားဖြင့် ချီမိသားစု၏ ဘိုးဘေးခန်းမ အတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။ ဤဝတ်စုံကိုလည်း ချီမိသားစုက သူ၏ အတွက် ပြင်ဆင်ပေးထားခြင်းပင် ဖြစ်၏။

ဆိုရမည်ဆိုလျှင် ကျန်းချဲ့အနေဖြင့် လူကိုယ်တိုင် လာရောက်ရန်သာ လိုအပ်ပြီး ကျန်သည့် အရာများကို ပြင်ဆင်ထားရန် မလိုအပ်ချေ။

ချီမိသားစု အကြီးအကဲများ၏ သက်သေခံမှု အောက်တွင် အနီဖျော့ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး တခြားသော အလှမယ်များထက် သာလွန်လှပနေသော ချီဝမ်ကျင်းလည်း ကျန်းချဲ့၏ ဘေးနားသို့ ရောက်ရှိလာလေသည်။ နှစ်ဦးသား အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် အမြန်ပင် အကြည့်လွှဲသွားကြ၏။

ချီဆန်းကျား၏ လမ်းညွှန်မှု အောက်တွင် သူတို့နှစ်ဦးသည် ချီမိသားစု ဘိုးဘေးခန်းမ အတွင်းရှိ ကွယ်လွန်သွားကြပြီ ဖြစ်သော ဘိုးဘေးများကို အမွှေးတိုင်များ အရင်ဆုံး ပူဇော်လိုက်ကြသည်။ ထို့နောက် ချီမိသားစုမှ အကြီးအကဲများကို တစ်ဦးချင်းစီ လက်ဖက်ရည် လိုက်လံ ဆက်သကြလေသည်။

"နောင်ကျရင် ဝမ်ကျင်းကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးပါ..."

ချီမိသားစုမှ အကြီးအကဲ တစ်ဦးက လက်ဖက်ရည်ကို သောက်သုံးပြီးနောက် အားပေးစကား ဆိုလိုက်လေသည်။

"ဟုတ်ကဲ့ပါ... အကြီးအကဲရဲ့ စကားကို သေချာပေါက် မှတ်သားထားပါ့မယ်..."

ကျန်းချဲ့က ရိုးသားစွာ ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏ ရင်ထဲတွင်တော့ အနည်းငယ် နှမြောတသ ဖြစ်နေမိသည်။

အကယ်၍ မင်္ဂလာဆောင်သည့် အခမ်းအနားသာ ဆိုပါက ဤအကြီးအကဲများ အနေဖြင့် မင်္ဂလာလက်ဆောင်များ ပေးရမည် ဖြစ်သဖြင့် တစ်ယောက်မှ လွတ်နိုင်မည် မဟုတ်ချေ။ ယခုကဲ့သို့ အားပေးစကား အနည်းငယ် ပြောရုံမျှဖြင့် ပြီးသွားမည် မဟုတ်ပေ။

သေချာသည်မှာ ကျန်းချဲ့အနေဖြင့် စိတ်ထဲမှ တွေးတောရုံသာ ဖြစ်ပေသည်။ သူသည် ကြီးမားသော အကျိုးအမြတ်များကို ရရှိထားပြီး ဖြစ်ရာ ထပ်၍ လောဘတက်နေမည် ဆိုပါက လွန်ကဲလွန်းရာ ကျပေလိမ့်မည်။

တစ်ဦးချင်းစီအား လက်ဖက်ရည် ဆက်သပြီးနောက် မကြာမီမှာပင် ချီမိသားစု၏ အကြီးအကဲချုပ်ထံသို့ ရောက်ရှိသွားလေသည်။

"အကြီးအကဲချုပ်... လက်ဖက်ရည် သုံးဆောင်ပါဦး..."

"ပါရမီရှင် လူငယ်လေးတွေပဲ... အရည်အချင်းရှိတဲ့ ယောကျ်ားလေးနဲ့ လှပတဲ့ မိန်းကလေး... တကယ့်ကို လိုက်ဖက်ညီတဲ့ စုံတွဲလေးပဲ... မဆိုးပါဘူးလေ... မင်းတို့နှစ်ယောက် လက်ထပ်တဲ့ အချိန်ကျရင် ဒီအိုကြီးက မင်းတို့အတွက် လက်ဆောင်ကြီး တစ်ခု ပြင်ဆင်ပေးထားပါ့မယ်..."

အကြီးအကဲချုပ်က ပြုံးရွှင်စွာ ပြောလိုက်သော်လည်း သူ၏ မျက်ဝန်းထဲတွင်တော့ နှမြောတသ ဖြစ်နေဟန်များ ပေါ်လွင်နေဆဲပင်။

'နှမြောစရာပဲ... ငါ့ရဲ့ မြေးမလေးက အသုံးမကျလို့သာပေါ့... မဟုတ်ရင် ဒီလောက်ကောင်းတဲ့ မြေးသမက်မျိုးက ငါ့အပိုင် ဖြစ်နေမှာ...'

"ကျေးဇူးတင်ပါတယ် အကြီးအကဲချုပ်..."

ချီဝမ်ကျင်းက ကိုယ်ကိုကိုင်းညွတ်၍ အရိုအသေ ပေးလိုက်လေသည်။

နောက်ဆုံးတွင်တော့ အဓိက လူပုဂ္ဂိုလ် ဖြစ်သော ချီကျန်းနန်ထံသို့ ရောက်ရှိလာခဲ့လေပြီ။ ဖခင်နှင့် ယောက္ခမ တစ်ယောက် အနေဖြင့် ချီကျန်းနန်က စကားများများစားစား မပြောခဲ့ချေ။ ယခင်ကကဲ့သို့ပင် ရိုးရှင်းစွာ အားပေးစကား အနည်းငယ် ပြောရုံမျှဖြင့် အဆုံးသတ်လိုက်သည်။

"စေ့စပ်ကြောင်းလမ်းခြင်း စာချုပ်များကို ဖလှယ်ကြစေ..."

လက်ဖက်ရည် ဆက်သခြင်း အခမ်းအနား ပြီးဆုံးသွားပြီးနောက် ချီမိသားစုမှ သက်ကြီးရွယ်အို တစ်ဦးက အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်လေသည်။

ကျန်းချဲ့ဘက်မှ ကိုယ်စားလှယ် အဖြစ် ချီဆန်းကျားက ရွှေရောင် စေ့စပ်ကြောင်းလမ်းခြင်း စာချုပ်ကို ချီမိသားစု၏ အခြား အကြီးအကဲ တစ်ဦးနှင့် ဖလှယ်လိုက်လေသည်။ ဤစာချုပ်ကို နောက်တစ်ကြိမ် အသုံးပြုမည့် အချိန်မှာ မင်္ဂလာဆောင်မည့် နေ့ရက်ပင် ဖြစ်၏။

ဤနေရာအထိ ရောက်ရှိလာသောအခါ အခမ်းအနားမှာ ထက်ဝက်ကျော် ပြီးစီးသွားခဲ့လေပြီ။

စေ့စပ်ကြောင်းလမ်းခြင်း စာချုပ်ကို အတည်ပြုလိုက်သည်နှင့် တစ်ပြိုင်နက် ချီဝမ်ကျင်းသည် အောင်သွယ်တော်များ၏ သက်သေခံမှုဖြင့် ကျန်းချဲ့၏ တရားဝင် စေ့စပ်ထားသူ ဖြစ်လာတော့သည်။ ဤကမ္ဘာ၏ စည်းမျဉ်းစည်းကမ်းများသည် သူ၏ မူလကမ္ဘာနှင့် အလွန်တရာ ကွဲပြားခြားနားလှသော်လည်း အဓိပ္ပာယ်ကတော့ အတူတူပင် ဖြစ်ပေသည်။

ဤသည်မှာ သူ၏ ဘဝနှစ်ခုလုံးတွင် ပထမဆုံး အကြိမ် ကြုံတွေ့ရခြင်း ဖြစ်သဖြင့် သူ၏ စိတ်ထဲတွင်တော့ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

နောက်ဆုံး လုပ်ငန်းစဉ်မှာ ချစ်ခြင်းမေတ္တာ အမှတ်လက္ခဏာများကို အပြန်အလှန် ဖလှယ်ရန်ပင် ဖြစ်၏။

မူလက ဤပစ္စည်းများကိုလည်း ချီမိသားစုမှ ပြင်ဆင်ပေးထားခြင်း ဖြစ်သော်လည်း ကျန်းချဲ့က ငြင်းပယ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ စေ့စပ်ကြောင်းလမ်းခြင်းဟူသည် အလွန်တရာ အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်ရာ သူ၏ ဘက်မှလည်း အနည်းငယ် ဂရုစိုက်ရန် လိုအပ်ပေသည်။ အရာအားလုံးကို ချီမိသားစုကသာ ပြင်ဆင်ပေးရမည် ဆိုပါက လုံးဝ မဖြစ်နိုင်ချေ။

သူ ထုတ်ယူလိုက်သော ပစ္စည်းမှာ ယခင်က ဆေးဘုရင်တောင်ကြားထံမှ ရရှိထားသည့် အဆင့်မြင့် ဝိညာဉ်လက်နက် တစ်စုံ ဖြစ်သော ဝိညာဉ်ဖြတ် အပ်များပင် ဖြစ်သည်။ တန်ဖိုးအားဖြင့် တွက်ဆကြည့်မည် ဆိုပါက ၎င်းသည် အကောင်းဆုံး ဝိညာဉ်လက်နက် တစ်ခုနှင့်ပင် ညီမျှလှပေသည်။

၎င်းသည် ဝမ်ကျ မိစ္ဆာဓားမှလွဲ၍ သူ ထုတ်ပြနိုင်သည့် အကောင်းဆုံး ပစ္စည်းတစ်ခုလည်း ဖြစ်၏။

ချီမိသားစု အတွက်ပင်လျှင် ၎င်းသည် သာမန် ပစ္စည်းတစ်ခု မဟုတ်ချေ။ မည်သို့ပင်ဆိုစေ ဤကဲ့သို့သော အစုံလိုက် ဝိညာဉ်လက်နက်များမှာ သိုင်းလောက တစ်ခုလုံးတွင် အလွန်တရာ ရှားပါးလှပေသည်။

ကျန်းချဲ့က ဝိညာဉ်လက်နက်များကို ထုတ်ယူလိုက်ပြီးနောက် ချီမိသားစုမှ အကြီးအကဲများ အားလုံး ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ကြလေသည်။ ကျန်းချဲ့၏ မိသားစု နောက်ခံ အခြေအနေအရ ကြည့်မည်ဆိုပါက ဤကဲ့သို့သော ချစ်ခြင်းမေတ္တာ အမှတ်လက္ခဏာမှာ မဆိုးလှချေ။

ချီမိသားစုဘက်မှ လူတစ်ဦးက ဝိညာဉ်ဖြတ် အပ်များကို လှမ်းယူလိုက်ပြီးနောက် ချီဝမ်ကျင်းလည်း သူမ၏ ချစ်ခြင်းမေတ္တာ အမှတ်လက္ခဏာကို ထုတ်ယူလိုက်လေသည်။ ၎င်းမှာ တစ်ပေခန့် အရွယ်အစားရှိသော ကျောက်စိမ်းသေတ္တာ တစ်ခုပင် ဖြစ်၏။

ကျောက်စိမ်းသေတ္တာ ပွင့်သွားသောအခါ အထက်ဆုံး နေရာတွင် ထိုင်နေသော ချီကျန်းနန်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားရလေသည်။

'ဟင်... လက်တောင် မထပ်ရသေးဘူး... တစ်ဖက်သားကို ဒီလောက်တောင် မျက်နှာသာ ပေးနေပြီလား...'

ကျန်းချဲ့ကမူ ကျောက်စိမ်းသေတ္တာ အတွင်းရှိ ပစ္စည်းများကို မြင်လိုက်ရသောအခါ သူ၏ မျက်ဝန်းများ အရောင်လက်သွားလေတော့သည်။

All Chapters