အခန်း ၂၀၂
Vol. 21 Ch. 202
အခန်း (၂၀၂) အံ့သြဝမ်းသာဖွယ်ရာ... သတို့သမီးလောင်း၏ ချစ်ခြင်းမေတ္တာ အမှတ်လက္ခဏာ
ကျန်းချဲ့၏ မျက်စိရှေ့တွင် အရောင်လက်သွားစေသည့် အကြောင်းရင်းမှာ... ထိုတစ်ပေခန့် အရွယ်အစားရှိသော ကျောက်စိမ်းသေတ္တာ အတွင်း၌ သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များ ရစ်သိုင်းနေသည့် အတွင်းချပ်ဝတ် တစ်ထည်ကို သေသပ်ကျနစွာ ထည့်သွင်းထားသောကြောင့်ပင် ဖြစ်လေသည်။
ကျန်းချဲ့သည် အတွေ့အကြုံမရှိသော လူပြိန်းတစ်ယောက် မဟုတ်သဖြင့် ဤအတွင်းချပ်ဝတ်၏ အဆင့်အတန်းကို တစ်ချက်ကြည့်ရုံဖြင့် ကောင်းစွာ ခန့်မှန်းနိုင်ပေသည်။
'အထွတ်အထိပ် ဝိညာဉ်ချပ်ဝတ်ပါလား...'
ဝိညာဉ်ချပ်ဝတ်များမှာ မူလကပင် အလွန်တရာ အဖိုးတန်ရှားပါးလှရာ ယခုကဲ့သို့ အထွတ်အထိပ် ဝိညာဉ်ချပ်ဝတ်မျိုး ဆိုလျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။ ဤသည်မှာ သိုင်းသမားများအတွက် ဒုတိယ အသက်တစ်ချောင်းဟုပင် တင်စားနိုင်ပေသည်။ ဥပမာအားဖြင့် ချီဆန်းကျားတွင်ပင်လျှင် သူ အမြတ်တနိုး သိမ်းဆည်းထားရသော ဝိညာဉ်လက်နက်အဆင့် အတွင်းချပ်ဝတ် တစ်ထည် ရှိလေသည်။
၎င်းမှာ အလယ်အလတ်အဆင့်မျှသာ ဖြစ်သော်လည်း တန်ဖိုးမှာမူ အလွန်တရာ ကြီးမားလှပေသည်။ ချီမိသားစုထံသို့ လာရောက်သည့် ခရီးစဉ်အတွင်း ကျန်းချဲ့အား ခေတ္တမျှ ထုတ်ပြခဲ့ဖူးရာ ထိုစဉ်က ကျန်းချဲ့တစ်ယောက် အလွန်တရာ အားကျငေးမော ခဲ့ရသေးသည်။
ယခုမူ သူ ရရှိထားသည်မှာ တစ်ဖက်လူထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်သော အထွတ်အထိပ် ဝိညာဉ်ချပ်ဝတ်ကြီး ဖြစ်နေပေသည်။
၎င်း၏ တန်ဖိုးမှာ အထွတ်အထိပ် ဝိညာဉ်ဓား... ဝိညာဉ်ဓားကောက် အလက်ပေါင်းများစွာနှင့်ပင် ယှဉ်နိုင်ပြီး ဤကဲ့သို့သော အဆင့်အတန်းရှိသည့် ပစ္စည်းမျိုးသည် အနိမ့်ဆုံးအဆင့် နတ်လက်နက် တစ်ခုနှင့်ပင် တန်ဖိုးချင်း ညီမျှနိုင်ပေသည်။
ချစ်ခြင်းမေတ္တာ အမှတ်လက္ခဏာ အဖြစ် ပေးအပ်သော ဤလက်ဆောင်မှာ အလွန်တရာ ကြီးမားလေးလံလွန်းလှပေသည်။
ဘေးပတ်ဝန်းကျင်ရှိ လူများအားလုံး ချီဝမ်ကျင်းက ကျန်းချဲ့အား လက်ဆောင်ပေးအပ်လိုက်သော ဝိညာဉ်ချပ်ဝတ်ကို မြင်တွေ့လိုက်ရသောအခါ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြပြီး အချို့ဆိုလျှင် အံ့ဩလွန်း၍ လေအေးများကိုပင် တရှိုက်ကြီး ရှူသွင်းလိုက်မိကြသည်။ ထို့နောက် ၎င်းတို့၏ အကြည့်များ အားလုံးက အထက်ဆုံးနေရာ၌ ထိုင်နေသော ချီကျန်းနန်ထံသို့ တပြိုင်နက်တည်း ရောက်ရှိသွားကြလေသည်။
သူတို့၏ မျက်ဝန်းများထဲတွင် လေးစားအားကျမှုများ ပြည့်နှက်နေ၏။
တကယ့်ကို ရင်းနှီးရဲသည်ပါလား။ ဤသမက်လောင်း၏ စိတ်နှလုံးကို သိမ်းပိုက်နိုင်ရန် အတွက် ဤမျှ တန်ဖိုးကြီးမားလှသော ရတနာကိုပင် လက်ဆောင်အဖြစ် ပေးအပ်ရက်သည်ဟု တွေးတောနေကြခြင်း ဖြစ်သည်။
ထိုနေရာရှိ လူအများစုမှာ ဤဝိညာဉ်ချပ်ဝတ်၏ အမည်ကို ကောင်းစွာ သိရှိထားကြပေသည်။
၎င်း၏ အမည်ကား 'ယွမ်လင် ဝိညာဉ်ချပ်ဝတ်' ပင် ဖြစ်လေသည်။
၎င်းမှာ ချီကျန်းနန် ကိုယ်တိုင် အမြတ်တနိုး သိမ်းဆည်းထားသော ဝိညာဉ်ချပ်ဝတ် တစ်ခု ဖြစ်ပြီး လွန်ခဲ့သော နှစ်များစွာက ဤချပ်ဝတ်ကြောင့်သာ သူ၏ အသက်ကို သေချာပေါက် ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ ကာကွယ်နိုင်စွမ်းမှာ မွေးရာပါအဆင့် သိုင်းသမား တစ်ယောက်ကိုပင် ရွှမ်တန်အဆင့် သိုင်းသခင် တစ်ပါး၏ တိုက်ခိုက်မှု အကြိမ်အနည်းငယ်ကို ခုခံနိုင်စွမ်း ရှိစေပေသည်။
အကယ်၍ ရွှမ်တန်အဆင့် သိုင်းသခင် တစ်ပါးကသာ အသုံးပြုမည် ဆိုပါက ၎င်း၏ ကာကွယ်နိုင်စွမ်းမှာ အဆပေါင်းများစွာ ပိုမို အားကောင်းသွားမည်မှာ အသေအချာပင်။
ဆိုရမည်ဆိုလျှင် ကျန်းချဲ့ တစ်ယောက် ဤချပ်ဝတ်ကို ပိုင်ဆိုင်လိုက်ခြင်းက သူ၏ ကြီးမားသော အားနည်းချက် တစ်ခုကို ဖြည့်ဆည်းလိုက်နိုင်ခြင်းပင် ဖြစ်၏။
ချီကျန်းနန်၏ ရင်ထဲတွင်တော့ သွေးများ ယိုစီးကျနေပြီး အလွန်တရာ နှလုံးနာနေရပေသည်။ ချီဝမ်ကျင်း တစ်ယောက် ဤချပ်ဝတ်ကို ချစ်ခြင်းမေတ္တာ အမှတ်လက္ခဏာ အဖြစ် ကျန်းချဲ့အား ပေးအပ်လိုက်လိမ့်မည်ဟု သူ တကယ်ကို မျှော်လင့်မထားခဲ့ပေ။ ဤသည်မှာ ချီဝမ်ကျင်းအား သူ ကိုယ်တိုင် ကတိပေးထားခဲ့သော လက်ဆောင်တစ်ခု မဟုတ်ပါလော။
ချီဝမ်ကျင်း အနေဖြင့် အသက် နှစ်ဆယ့်ခုနစ်နှစ် မတိုင်မီ ရွှေအမြုတေ တည်ဆောက်နိုင်ပါက ဤချပ်ဝတ်ကို သူမအား ပေးအပ်မည်ဟု ကတိပေးထားခဲ့ခြင်း ဖြစ်သည်။ အတိတ်က ချီရှောက်ယန် လာရောက် တောင်းခံခဲ့စဉ်ကပင် သူ သဘောမတူခဲ့ဘဲ အဆင့်မြင့် ဝိညာဉ်ချပ်ဝတ် တစ်ထည်ကိုသာ အစားထိုး ပေးအပ်ခဲ့ခြင်း ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဤယွမ်လင် ဝိညာဉ်ချပ်ဝတ်ကို နှစ်ပေါင်း တစ်ရာကျော်တိုင်တိုင် စွမ်းအင်များ ဖြည့်ဆည်းပေးထားခဲ့ပြီး မကြာမီ နတ်ချပ်ဝတ် အဆင့်သို့ပင် ရောက်ရှိတော့မည် ဖြစ်သောကြောင့်ပင်။
တစ်ချိန်တည်းမှာပင် သူ၏ မျက်လုံးများ ပြာဝေသွားရသည့် အခြား အကြောင်းရင်းတစ်ခု ရှိနေသေးသည်။
ထိုအရာမှာ ဝမ်ကျင်းက ဤယွမ်လင် ဝိညာဉ်ချပ်ဝတ်ကို လျှို့ဝှက်စွာ ယူဆောင်လာနိုင်ခဲ့သည် ဆိုပါလျှင် အတွင်းဘဏ္ဍာတိုက်ထဲရှိ ယင်နတ်ဘုရားပန်းကိုပါ ကျန်းချဲ့အား တိတ်တဆိတ် ယူပေးလိုက်လေမည်လား ဟူသော အချက်ပင် ဖြစ်သည်။ ထိုအရာက ကျန်းချဲ့ကို ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ရန် မက်လုံးပေးထားသည့် အရာ မဟုတ်ပါလော။
အကယ်၍ သူမသာ ထိုပန်းကို ထုတ်ပေးလိုက်မည် ဆိုပါက သူ၏ လိမ်လည်မှုကို တိုက်ရိုက် ဖော်ထုတ်လိုက်သလို ဖြစ်သွားမည် မဟုတ်ပါလော။
ဤအချိန်တွင် သူ၏ စိတ်ထဲ၌ အတွေးတစ်ခုတည်းသာ ရှိတော့သည်။
'ငါ့သမီးကတော့ တကယ့်ကို သူစိမ်းဘက် လုံးလုံး ပါသွားခဲ့ပြီပဲ...'
ဘေးဘက်တွင်မူ ချီဆန်းကျားက ယွမ်လင် ဝိညာဉ်ချပ်ဝတ်ကို ကြည့်ကာ အလွန်တရာ အားကျနေမိသည်။ သူ၏ စိတ်ထဲတွင်တော့ ချီမိသားစုက တကယ်ကို ရက်ရောပြီး ချီဝမ်ကျင်း ကလည်း ကျန်းချဲ့အပေါ် တကယ်ကို ဂရုစိုက်ကြောင်း တွေးတောနေမိလေသည်။
ဤမျှ မြင့်မားသော အဆင့်အတန်းရှိသည့် ဝိညာဉ်ချပ်ဝတ်ကိုပင် ထုတ်ပေးရက်သည်ပါလား။
ယခင်က ကျန်းချဲ့ကို သူ တိတ်တဆိတ် ကြွားဝါခဲ့မိသည်များကို ပြန်တွေးကြည့်ရင်း ယခုအချိန်တွင်တော့ ကျန်းချဲ့၏ အရှက်ခွဲခြင်းကို ခံရရန် သူ အသင့်ပြင်ထားလိုက်ရလေပြီ။
ချီရှောက်ယန်လည်း ထိုနည်းတူပင် ဖြစ်ပြီး သူ၏ အကြည့်များက ယွမ်လင် ဝိညာဉ်ချပ်ဝတ်ပေါ်သို့ ဖြောင့်တန်းစွာ ကျရောက်နေလေသည်။ ဤချပ်ဝတ်ကို သူလည်း အချိန်ကြာမြင့်စွာ မျက်စိကျနေခဲ့သော်လည်း ဖခင်ဖြစ်သူက အခြား အသုံးဝင်မည့် နေရာ ရှိသေးသည်ဟု အကြောင်းပြကာ သူ့အား ပေးအပ်ရန် ငြင်းဆန်ခဲ့သည် မဟုတ်ပါလော။
'ဟိုအသုံးဝင်မယ့် နေရာဆိုတာက ကျန်းချဲ့ကို ဆွဲဆောင်ဖို့များလား...'
'ချီမိသားစုရဲ့ သခင်မကြီး... ကောင်းကင်နင်း ခြေလှမ်းကိုးသွယ် ကိုယ်ဖော့ပညာရပ်... ဒါ့အပြင် ယွမ်လင် ဝိညာဉ်ချပ်ဝတ်ကိုပါ ထပ်ပေါင်းပေးလိုက်သေးတယ်...'
'ကံကောင်းလိုက်တဲ့ ကောင်ပဲ...'
သူတောင် ကျန်းချဲ့ကို အားကျလာမိလေပြီ။
သို့သော် အားကျရုံမျှသာ ဖြစ်ပြီး သူက အလွန်အမင်း အံ့ဩထိတ်လန့်နေခြင်းတော့ မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ညီမနှစ်ယောက်၏ စရိုက်လက္ခဏာများကို သူ ကောင်းကောင်း သိထားသောကြောင့်ပင် ဖြစ်သည်။ ချီနင်ပင်းက စကားပြောကောင်းပြီး ပါးနပ်ကာ အတွေးအခေါ်များစွာ ရှိပေသည်။
သို့သော် ချီဝမ်ကျင်းကမူ စကားပြောရာတွင် မကျွမ်းကျင်ဘဲ ခေါင်းမာကာ တစ်ခုခုဆိုလျှင် စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားတတ်သော စရိုက်ရှိလေသည်။
ဤတစ်ကြိမ် စေ့စပ်ပွဲတွင် သူမ အနေဖြင့် သူမပိုင်ဆိုင်ထားသော အကောင်းဆုံး အရာများကို ကျန်းချဲ့အား ပေးအပ်မည်မှာ အသေအချာပင်။
ချီနင်ပင်းသည် အစ်မဖြစ်သူနှင့် ယောက်ဖလောင်းတို့ ချစ်ခြင်းမေတ္တာ အမှတ်လက္ခဏာများ ဖလှယ်နေကြသည်ကို ကြည့်ရင်း သူမ၏ မျက်ဝန်းများက အနည်းငယ် ရှုပ်ထွေးနေလေသည်။ တစ်ဖက်တွင် အစ်မဖြစ်သူအတွက် စိတ်တူကိုယ်တူ ရှိပြီး သင့်တော်သော ကြင်ဖက်ကောင်း တစ်ယောက်ကို ရှာတွေ့သွားသည့် အတွက် ဝမ်းသာနေမိသည်။
သို့သော် သူမကိုယ်တိုင်ကတော့ အားလုံးသိထားကြသည့် အသုံးမကျသော လူတစ်ယောက် ဖြစ်သော ဝေ့မိသားစု၏ သခင်လေးကိုသာ လက်ထပ်ရမည် မဟုတ်ပါလော။
စိတ်ထဲရှိ ကြီးမားလှသော ကွာဟချက်များကြောင့် သူမ၏ မျက်ဝန်းအိမ်များပင် အနည်းငယ် နီရဲလာရလေသည်။
အများစုက အားကျနေကြချိန်တွင် ဘေးဘက်၌ ကြည့်ရှုနေသော ဝေ့ကျွင်းကျဲ၏ မျက်ဝန်းများ ထဲတွင်မူ ဒေါသ မီးတောက်များ တောက်လောင်နေပြီး မနာလို ဝန်တိုမှုများဖြင့် ပြည့်နှက်နေလေသည်။
'ဒီကျန်းချဲ့က ဘာလို့များ ဒီလောက်တောင် ကံကောင်းနေရတာလဲ...'
'ချီဝမ်ကျင်း... မင်းက ဘာလို့များ သူ့အပေါ် ဒီလောက်တောင် ကောင်းပေးနေရတာလဲ...'
'မင်းက မိသားစုရဲ့ စီစဉ်မှုနဲ့ လက်ထပ်ရတာကို အမုန်းဆုံး မဟုတ်ဘူးလား...'
'မင်းက လက်ထပ်ရမယ့် ကိစ္စကို အဆန့်ကျင်ဆုံး မဟုတ်ဘူးလား...'
'ဒါဆို ဘာလို့လဲ...'
ထို့နောက် ချီနင်ပင်းက သူ့အပေါ် ဆက်ဆံသည့် ပုံစံကို ပြန်တွေးကြည့်လိုက်သောအခါ ဤနှစ်ဖက်ကြားရှိ အခြေအနေမှာ ကောင်းကင်နှင့် မြေကြီးလောက်ကို ကွာခြားလှပေသည်။
"နင်ပင်း... နောက်ကျရင် ကိုယ်တို့ စေ့စပ်တဲ့ အချိန်ရောက်ရင်လေ ကိုယ်လည်း မင်းအတွက် အံ့သြစရာတစ်ခု ပြင်ဆင်ပေးထားပါ့မယ်ကွာ..."
ဝေ့ကျွင်းကျဲက သူ၏ စိတ်ထဲရှိ မနာလိုမှုများကို ဖိနှိပ်ထားကာ ချီနင်ပင်း၏ ဘေးနားသို့ တိတ်တဆိတ် သွားရောက်၍ တိုးတိုးလေး ပြောလိုက်လေသည်။
ချီနင်ပင်းက သူ့ကို တစ်ချက်မျှသာ စောင်းငဲ့ကြည့်လိုက်ပြီး သူမ၏ မျက်ဝန်းများထဲတွင် ဝမ်းနည်းမှု... ဝမ်းသာမှု စသည့် မည်သည့် ခံစားချက်မျှ မရှိဘဲ ရွံရှာစက်ဆုပ်သည့် အရိပ်အယောင်များသာ ရှိနေလေသည်။ ထို့နောက် သူမ၏ ကိုယ်ဟန်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီး အစ်ကိုကြီး ဖြစ်သူ ချီရှောက်ယန်၏ ဘေးနားသို့ ရွှေ့သွားကာ ဝေ့ကျွင်းကျဲနှင့် အလှမ်းဝေးသွားစေရန် ခပ်ခွာခွာ နေလိုက်လေ၏။
အနီးအနားရှိ လူများ၏ အကြည့်အချို့က သူ့ထံသို့ ကျရောက်လာသောအခါ ဝေ့ကျွင်းကျဲ တစ်ယောက် နေစရာ နေရာမရှိတော့သလို အရှက်ရသွားလေတော့သည်။
"ကျေးဇူးတင်ပါတယ်... ဝမ်ကျင်း..."
ကျန်းချဲ့က သူ၏ ရှေ့မှောက်ရှိ မိန်းမပျိုလေးကို ရိုးသားစစ်မှန်သော အကြည့်များဖြင့် စူးစိုက်ကြည့်လိုက်လေသည်။ ဤအချိန်တွင် ဤသတို့သမီးလောင်းလေးကို သူ တကယ်ကို သဘောကျမိကြောင်း ဝန်ခံရမည် ဖြစ်သည်။ သူ့အပေါ်ထားရှိသော သူမ၏ သဘောထားမှာ သတို့သမီးလောင်း တစ်ယောက်၏ တာဝန်ကို ကျေပွန်ရုံသာမက အလွန်တရာ ကောင်းမွန်လွန်းလှပေသည်။
"ဒီဝိညာဉ်အပ်တွေကို ကျွန်မ အရမ်းသဘောကျတာပဲ..."
ချီဝမ်ကျင်းမှာ စကားများများစားစား မပြောသေးဘဲ ဗန်းပေါ်ရှိ ဝိညာဉ်အပ်များကိုသာ ခေါင်းငုံ့၍ ကြည့်နေလေသည်။
"ဦးလေးကြီးကိုလည်း ကျေးဇူးတင်ပါတယ်..."
ဝိညာဉ်ချပ်ဝတ်ကို ချီဝမ်ကျင်းက ပေးအပ်ခြင်း ဖြစ်သော်လည်း ချီကျန်းနန်ကိုလည်း ကျေးဇူးတင်စကား ဆိုရပေမည်။ ဤယောက္ခမလောင်းကလည်း မဆိုးလှချေ။ ဤကဲ့သို့သော အထွတ်အထိပ် ဝိညာဉ်ချပ်ဝတ်ကို သူ့အား ပေးအပ်ရဲသည် ဖြစ်ရာ ဤတစ်ခေါက် လာရောက်ရသည့် ခရီးစဉ်မှာ တကယ်ကို အချည်းနှီး မဖြစ်ခဲ့ပေ။
"မင်းနဲ့ ဝမ်ကျင်းတို့ ပျော်ရွှင်နေရင်ကို ရပါပြီကွာ..."
စိတ်ထဲတွင် အလွန်တရာ နှမြောတသ ဖြစ်နေသော်လည်း လူအများအပြား ရှေ့တွင် ဖြစ်နေသဖြင့် သူ၏ အတွေးများကို မည်သူမျှ မရိပ်မိစေရန် သဘောထားကြီးမြတ်သော ပုံစံမျိုးကို ဟန်ဆောင်ပြနေရလေသည်။
"အခမ်းအနား ပြီးဆုံးပါပြီ... စေ့စပ်ကြောင်းလမ်းမှု အတည်ဖြစ်ပါပြီ..."
ချီမိသားစုမှ အကြီးအကဲ တစ်ဦးက ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်လေသည်။
သိပ်မကြာမီမှာပင် ချီမိသားစု တစ်ခုလုံး ပျော်ရွှင်ဖွယ်ရာ အငွေ့အသက်များ လွှမ်းခြုံသွားလေသည်။ ချီမိသားစုမှ တပည့်အများအပြားမှာ ချီဝမ်ကျင်းက ကျန်းချဲ့အား ပေးအပ်ခဲ့သော အထွတ်အထိပ် ဝိညာဉ်ချပ်ဝတ် အကြောင်းကို ဆွေးနွေးနေကြပြီး သူတို့၏ မျက်ဝန်းများထဲရှိ အားကျမှုများမှာ အထွတ်အထိပ်သို့ ရောက်ရှိနေကြလေပြီ။
ချီမိသားစုမှ လူအများစုမှာ ယခင်က ချီဝမ်ကျင်းအပေါ် အေးစက်စက်နိုင်ပြီး စကားပြောနည်းသူ တစ်ယောက်ဟုသာ အထင်ရှိခဲ့ကြသည်။ သို့သော် သူမက အပြင်ပန်းတွင်သာ အေးစက်နေပြီး အတွင်းစိတ်လေးက နွေးထွေးနေကာ အပေါ်ယံ ဟန်ဆောင်ထားခြင်းမျှသာ ဖြစ်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ချေ။
လက်မထပ်ရသေးခင်မှာပင် ဤမျှ တန်ဖိုးကြီးမားလှသော အထွတ်အထိပ် ဝိညာဉ်ချပ်ဝတ်ကို ချစ်ခြင်းမေတ္တာ အမှတ်လက္ခဏာ အဖြစ် ပေးအပ်ရဲသော ဤကဲ့သို့ ဇနီးမျိုးကို ဘယ်နေရာမှာ သွားရှာရမည်နည်း။
ချီမိသားစု တစ်ခုလုံးတွင် ဝမ်းနည်းနေသူ တစ်ဦးတည်းသာ ရှိပြီး ထိုသူမှာ ဝေ့ကျွင်းကျဲပင် ဖြစ်သည်။ ယနေ့ စေ့စပ်ပွဲ အခမ်းအနားသို့ တက်ရောက်လာခဲ့မိခြင်းကို သူ အလွန်တရာ နောင်တရနေမိသည်။ သူ မလာခဲ့သင့်ချေ။
ကျန်းချဲ့၏ မျက်နှာပေါ်ရှိ အမူအရာကို ကြည့်ရသည်မှာ သူ၏ ခြေထောက်တစ်ဖက် ကျိုးသွားသည်ထက်ပင် ပို၍ ခံစားရခက်နေပေသည်။ ထို့အပြင် ချီနင်ပင်း၏ ဆက်ဆံရေးကလည်း သူ့ကို အလွန်တရာ စိတ်ပျက်အားငယ်စေသည်။ သတို့သမီးလောင်းတွေချည်း အတူတူကို ကွာခြားချက်က ဘာလို့ ဒီလောက်တောင် ကြီးမားနေရတာလဲ။
အစကတည်းက ဖခင်ဖြစ်သူကို ချီဝမ်ကျင်းနှင့်သာ စေ့စပ်ပေးရန် အကူအညီတောင်းခဲ့သင့်ပေသည်။ မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက်လုံးက ရုပ်ရည်ချင်း ဆင်တူနေကြသည် မဟုတ်ပါလော။
သို့သော် ယခုတော့ နောင်တရရန် နောက်ကျသွားခဲ့လေပြီ။
အခြားတစ်ဖက်တွင် အကြီးအကဲများနှင့် အတူ အောင်ပွဲခံပြီးနောက် မျက်နှာပေါ်တွင် အပြုံးများ ချိတ်ဆွဲထားသော ချီကျန်းနန်သည် မက်မွန်ခြံဝင်း အတွင်းသို့ ပြန်လည် ရောက်ရှိလာခဲ့လေသည်။ သူ၏ မျက်နှာပေါ်ရှိ အပြုံးများ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အကူအညီမဲ့စွာ သက်ပြင်းချလိုက်မိ၏။
'အထွတ်အထိပ် ဝိညာဉ်ချပ်ဝတ်ပါလား...'
'နတ်လက်နက် အဆင့်ကို တက်လှမ်းတော့မယ့် ဝိညာဉ်ချပ်ဝတ်ကြီးကို ဒီလိုပဲ အလွယ်တကူ ပေးလိုက်ရပြီလား...'
'တကယ့်ကို ရတနာကို ဖြုန်းတီးပစ်လိုက်တာပဲ...'
"မိသားစုခေါင်းဆောင်... ကျွန်တော်မျိုးကို ခေါ်လိုက်တာလား..."
ချီကျန်းနန် တစ်ယောက် ရင်ထုမနာ ဖြစ်နေစဉ်မှာပင် ပိုးသားဝတ်ရုံကို ဆင်မြန်းထားသော သက်ကြီးရွယ်အို တစ်ဦးက မက်မွန်ခြံဝင်း အတွင်းသို့ ဝင်ရောက်လာပြီး သူ့အား ကိုယ်ကိုကိုင်းညွတ်၍ အရိုအသေ ပေးလိုက်လေသည်။ ထိုသူ၏ ရာထူးမှာ ချီမိသားစု ဘဏ္ဍာတိုက်၏ အစောင့်အရှောက်ပင် ဖြစ်၏။
"အစ်ကိုငါး... ဝမ်ကျင်းက ဘဏ္ဍာတိုက်ထဲကနေ ယွမ်လင် ဝိညာဉ်ချပ်ဝတ် အပြင် တခြားပစ္စည်းတွေကော ယူသွားသေးလား..."
ချီကျန်းနန်က နောက်သို့ လှည့်မကြည့်ဘဲ အေးစက်စက် လေသံဖြင့် မေးလိုက်လေသည်။
သူ၏ စိတ်ထဲတွင်တော့...
'ယင်နတ်ဘုရားပန်းကိုတော့ ယူမသွားပါစေနဲ့...'
ဟု ကြိတ်၍ ဆုတောင်းနေမိ၏။
"သခင်မလေးက မိသားစုခေါင်းဆောင်ရဲ့ အမိန့်တံဆိပ်ပြားကို ကိုင်ဆောင်လာပြီး ယွမ်လင် ဝိညာဉ်ချပ်ဝတ် အပြင် သက်တမ်း တစ်ထောင့်ခြောက်ရာနှစ်ရှိတဲ့ ယင်နတ်ဘုရားပန်း တစ်ပွင့်ကိုပါ ယူသွားပါတယ်... မိသားစုခေါင်းဆောင်ရဲ့ အမိန့်လို့ ထင်ပြီး ကျွန်တော်မျိုးက ဘာမှ ဆက်မမေးခဲ့မိပါဘူး..."
"တစ်ခုခု ပြဿနာ ရှိလို့လား..."
အသက်ကြီးရွယ်အိုက သံသယဖြစ်ဟန်ဖြင့် မေးလိုက်လေသည်။ သူလည်း စေ့စပ်ပွဲ အခမ်းအနားမှ အဖြစ်အပျက်များကို ကြားသိထားပြီး ဖြစ်ရာ သခင်မလေးက ကိုယ့်သဘောနှင့်ကိုယ် ယူသွားခြင်းများလားဟု သံသယ ဝင်လာမိသည်။
'တကယ်ပဲ... တကယ်ကြီး ဖြစ်သွားခဲ့တာပဲ...'
ဝတ်ရုံလက်အောက်ရှိ သူ၏ လက်သီးနှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ထားလိုက်မိလေသည်။ ချီကျန်းနန်က ခြံဝင်းတစ်ခုလုံး အပြည့် ပွင့်လန်းနေသော မက်မွန်ပန်းများကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် ချီဝမ်ကျင်း ညီအစ်မနှစ်ယောက် ငယ်စဉ်က ဤနေရာ၌ ဆော့ကစားခဲ့ကြသည့် မြင်ကွင်းများကို မြင်ယောင်လာမိသည်။
ထိုအချိန်တုန်းက ဝမ်ကျင်းလေးက သူ့အပေါ် ဘယ်လောက်တောင် ဂရုစိုက်တတ်လိုက်သလဲ။
သို့သော် ယခုတော့ စေ့စပ်ပြီးခါစလေးပဲ ရှိသေးတယ်... တခြားလူရဲ့ အလိုကို လိုက်နေပြီပါလား။
ဘဏ္ဍာတိုက်ထဲရှိ ယင်နတ်ဘုရားပန်းကို ကြိုတင်၍ ဖယ်ရှားထားခြင်း မရှိခဲ့သော သူ့ကိုယ်သူလည်း အပြစ်တင်ရမည် ဖြစ်သည်။ သို့သော် ဝမ်ကျင်းလေးက ဤမျှ ရိုးသားဖြောင့်မတ်ပြီး ကျန်းချဲ့က ယင်နတ်ဘုရားပန်း လိုအပ်နေသည်ဟု သိသည်နှင့် တစ်ပြိုင်နက် တကယ်ကြီး သွားယူပေးလိမ့်မည်ဟု ဘယ်သူက သိနိုင်မည်နည်း။
"မိသားစုခေါင်းဆောင်..."
ချီကျန်းနန် တစ်ယောက် စကားမပြောဘဲ ငြိမ်သက်နေသည်ကို မြင်သောအခါ ပိုးသားဝတ်ရုံနှင့် အသက်ကြီးရွယ်အိုက အနည်းငယ် စိုးရိမ်လာသဖြင့် တိုးတိုးလေး ခေါ်လိုက်လေသည်။
"ကိစ္စမရှိပါဘူး... ငါ ကိုယ်တိုင် စီစဉ်ထားတာပါ..."
ချီကျန်းနန်က သတိပြန်ဝင်လာပြီး မျက်နှာကို တည်ကြပ်လိုက်လေသည်။
ဤကိစ္စကို အပြင်လူများ လုံးဝ သိသွား၍ မဖြစ်ချေ။ သွားကျိုးလျှင်ပင် ဗိုက်ထဲသို့သာ သွေးနှင့်ရောမျိုချရမည် ဖြစ်သည်။
မဟုတ်ပါက အပြင်လူများ သိသွားလျှင် ဂုဏ်သိက္ခာပိုင်း ထိခိုက်နိုင်ပေသည်။
"အင်း..."
ပိုးသားဝတ်ရုံနှင့် အသက်ကြီးရွယ်အိုက ခေါင်းငုံ့ကာ စိတ်ထဲမှ ကြိတ်၍ ရေရွတ်လိုက်လေသည်။
'ကိုယ်တိုင် စီစဉ်ထားတာဆိုရင် ဘာလို့များ ငါ့ကို ခေါ်ပြီး ထပ်မေးနေသေးတာလဲ...'
သူ အနည်းငယ် နားမလည်နိုင် ဖြစ်နေမိသည်။
"မိသားစုခေါင်းဆောင်... တခြား အမိန့်ပေးစရာ ရှိပါသေးလား..."
"သွားတော့လေ... ဒီနေ့ ကိစ္စကို ဘယ်သူ့ကိုမှ မပြောပြနဲ့နော်..."
ချီကျန်းနန်က လေးနက်သော လေသံဖြင့် ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ... ကျွန်တော်မျိုး သွားလိုက်ပါဦးမယ်..."
ထိုသူ ထွက်သွားပြီးနောက် ချီကျန်းနန်က သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး မိမိကိုယ်တိုင် ဝိညာဉ်လက်ဖက်ရည် တစ်ခွက် ငှဲ့လိုက်ကာ မျက်ဝန်းများ အရောင်လက်သွားလေသည်။
ယင်နတ်ဘုရားပန်းနှင့် ပတ်သက်၍ ချီမိသားစု အတွင်း၌ မရှိကြောင်း သူက ကျန်းချဲ့ကို ပြောပြထားခဲ့ပြီး ဖြစ်သည်။ သို့သော် ဝမ်ကျင်းက ကျန်းချဲ့ကို သွားပေးလိုက်ပြီ ဖြစ်ရာ ကျန်းချဲ့ကို သူ ဘယ်လို မျက်နှာချင်းဆိုင်ရမည်နည်း။ ဤသည်က သူသည် ယောက္ခမ တစ်ယောက် အနေဖြင့် အလွန်တရာ အချောင်ခိုလွန်းရာ မကျပေဘူးလား။
ထို့အပြင် ယင်နတ်ဘုရားပန်းက ကျန်းချဲ့အတွက် တွန်းအားတစ်ခု ဖြစ်သည်။ ယခုတော့ တစ်ဖက်လူက လျှို့ဝှက်နယ်မြေ အတွင်းသို့ မဝင်ရသေးခင်မှာပင် ယင်နတ်ဘုရားပန်းကို ရရှိသွားခဲ့ပြီ ဖြစ်ရာ အစွမ်းကုန် မကြိုးစားဘဲ နေမည်လား။
အတွေးများစွာက သူ၏ စိတ်ထဲတွင် တရစပ် ပေါ်လာနေလေသည်။
သူ့ကို အနည်းငယ် စိတ်သက်သာရာ ရစေသည့် တစ်ခုတည်းသော အချက်မှာ ချီဝမ်ကျင်းက ဘိုးဘေးခန်းမ အတွင်းရှိ စေ့စပ်ပွဲ၌ ယင်နတ်ဘုရားပန်းကို တိုက်ရိုက် မထုတ်ပေးခဲ့ခြင်းပင် ဖြစ်သည်။ ထိုသို့ မဟုတ်ပါက ကျန်းချဲ့နှင့် သူ၏ မျက်နှာများ အားလုံး အရှက်ကွဲသွားမည် မဟုတ်ပါလော။
လူအများအပြား ရှေ့တွင် ထိုသို့သာ ဖြစ်ခဲ့လျှင် သူ တကယ်ကို ဒေါသပေါက်ကွဲသွားမိမည်မှာ အသေအချာပင်။
"ယွီဟွမ်ရေ... ဝမ်ကျင်းရဲ့ စရိုက်က မင်းနဲ့ တကယ်ကို တူတာပဲ... အရင်တုန်းက မင်းလည်း မင်းရဲ့ မိသားစုဆီကနေ ကောင်းတဲ့ ပစ္စည်းတွေ အများကြီး ယူလာပေးခဲ့လို့သာ ငါက ချီမိသားစုရဲ့ သခင်လေး နေရာကို အခိုင်အမာ ရယူနိုင်ခဲ့တာပေါ့... တော်သေးတာပေါ့လေ... နင်ပင်းလေး ရှိနေသေးလို့... သူက ဉာဏ်ကောင်းတော့ ငါ့ကို အရှက်ကွဲအောင် လုပ်မယ့် နေ့မျိုးတော့ ရှိလာမှာ မဟုတ်ပါဘူး..."
လက်ဖက်ရည်ခွက်ကို ကိုင်ကာ ခြံဝင်းတစ်ခုလုံး လွင့်မျောနေသော မက်မွန်ပန်းဖတ်များကို ကြည့်ရင်း ချီကျန်းနန် တစ်ယောက် မနေနိုင်ဘဲ ညည်းတွားလိုက်မိလေသည်။
ချီမိသားစု... ဧည့်ဆောင်။
စေ့စပ်ပွဲ အခမ်းအနား ပြီးဆုံးသွားပြီးနောက် ကျန်းချဲ့သည် သူ နေထိုင်ရာ ဧည့်ဆောင်သို့ အလျင်အမြန် ပြန်လာခဲ့လေသည်။ စေ့စပ်ကြောင်းလမ်းမှု အတည်ဖြစ်သွားပြီ ဆိုသော်လည်း သူသည် ဧည့်သည် တစ်ဦးသာ ဖြစ်သေးသဖြင့် အခြား နေရာများတွင် နေရာချထားပေးမည် မဟုတ်ချေ။
ပြန်ရောက်ပြီးနောက် သူ ပထမဆုံး ပြုလုပ်သည့် အရာမှာ ယွမ်လင် ဝိညာဉ်ချပ်ဝတ်ကို ထုတ်ယူကာ ကြည့်ရှုခံစားခြင်းပင် ဖြစ်၏။
တကယ်ကို ကြည့်လေ ကြိုက်လေပင် ဖြစ်သည်။
ဤဝိညာဉ်ချပ်ဝတ်ကို ဝတ်ဆင်လိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းချဲ့၏ ခုခံနိုင်စွမ်းမှာ အဆပေါင်းများစွာ တိုးတက်သွားမည် ဖြစ်ပြီး ဝါရင့် ရွှမ်တန်အဆင့် သိုင်းသခင် တစ်ပါးနှင့် ရင်ဆိုင်ရလျှင်ပင် ကျန်းချဲ့၌ ယုံကြည်မှု အများအပြား ရှိနေမည် ဖြစ်သည်။
ကိုယ်ဖော့ပညာရပ်မှလွဲ၍ ယခု သူ့အတွက် ကြီးမားသော အားနည်းချက်ဟူ၍ တကယ်ကို မရှိတော့ချေ။
ထိုသို့ တွေးတောရင်း ကျန်းချဲ့က ဝတ်ဆင်ရန် မစောင့်ဆိုင်းနိုင်တော့ဘဲ ပြင်ဆင်လိုက်စဉ်မှာပင် အပြင်ဘက်မှ ချီရှောက်ယန်က နောက်ဖေးခြံဝင်း အတွင်းသို့ ဝင်ရောက်လာပြီး ကျန်းချဲ့၏ လက်ထဲရှိ ဝိညာဉ်ချပ်ဝတ်ကို စူးစိုက်ကြည့်လိုက်လေသည်။
"အစ်ကိုကြီး..."
ကျန်းချဲ့က မတ်တတ်ရပ်ကာ အရိုအသေ ပေးလိုက်လေသည်။
"နောင်ကျရင် မင်းက ငါ့ရဲ့ ယောက်ဖပဲလေ... ဒီလို ဟန်ဆောင်ပန်ဆောင်တွေ လုပ်မနေပါနဲ့ကွာ..."
"အစ်ကိုကြီး ပြောတာ မှန်ပါတယ်..."
"အဟမ်း... အဟမ်း... ဒီဝိညာဉ်ချပ်ဝတ်ကို ငါ တစ်ချက်လောက် ကြည့်ပါရစေဦး..."
"အစ်ကိုကြီး သဘောရှိ ကြည့်ပါ..."
ဝိညာဉ်ချပ်ဝတ်ပေါ်ရှိ သေးငယ်သော ကြေးခွံလေးများကို ပွတ်သပ်ရင်း ချီရှောက်ယန်က မနေနိုင်ဘဲ သက်ပြင်းချလိုက်လေသည်။
"ဒီဝိညာဉ်ချပ်ဝတ်က သာမန် မဟုတ်ဘူး... ပစ္စည်းအဆင့်အတန်းက မြင့်မားပြီး အဖေ ကိုယ်တိုင် နှစ်ပေါင်းတစ်ရာလောက် စွမ်းအင်တွေ ဖြည့်ဆည်းပေးထားခဲ့လို့ ဝိညာဉ်တောင် ပေါက်ဖွားနေပြီ... နောင်ကျရင် နတ်ချပ်ဝတ် အဆင့်ကို ရောက်ဖို့ အခွင့်အရေး အများကြီး ရှိတယ်... အရင်တုန်းက အဖေ့ဆီမှာ ငါ သွားတောင်းတာတောင် မရခဲ့ဘူး... အခုတော့ မင်းရဲ့ လက်ထဲ ရောက်သွားပြီပေါ့လေ..."
"ဒီကိစ္စကို ကျုပ် ကြိုမသိခဲ့ဘူးဗျ... မဟုတ်ရင်တော့ လက်ခံမှာ မဟုတ်ပါဘူး... ဒီဝိညာဉ်ချပ်ဝတ်က အရမ်းကို တန်ဖိုးကြီးလွန်းပါတယ်..."
ကျန်းချဲ့က ဖြောင့်မတ်မှန်ကန်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။
ချီရှောက်ယန်က ကျန်းချဲ့၏ စိတ်ထဲရှိ အတွေးများကို သိမြင်နေသော်လည်း တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဝိညာဉ်ချပ်ဝတ်ကို ချထားလိုက်ပြီး ဆက်ပြောလိုက်လေသည်။
"ဒီဝိညာဉ်ချပ်ဝတ်ပေါ်မှာ အစီအရင် မဟာသိုင်းသခင် ကိုယ်တိုင် ရေးဆွဲထားတဲ့ နတ်လက်သင်္ကေတတွေ ရှိတယ်... မင်း သန့်စင်ပြီးသွားရင် နတ်အာရုံကို လှုပ်ရှားလိုက်တာနဲ့ သူ့အလိုလို အကာအကွယ် ပေးနိုင်လိမ့်မယ်... ဒါကို ကိုင်ဆောင်ထားရင် ရွှမ်တန်အဆင့် သိုင်းသခင်ကိုတောင် ခုခံနိုင်စွမ်း ရှိတယ်..."
"ကောင်းပါပြီ..."
"ဝမ်ကျင်းရဲ့ စရိုက်က ဖြောင့်မတ်ပြီး ခေါင်းလည်းမာတယ်... ဒီဝိညာဉ်ချပ်ဝတ်ကို အဖေက ဝမ်ကျင်း ရွှေအမြုတေ တည်ဆောက်နိုင်တဲ့ အချိန်ကျရင် လက်ဆောင်ပေးဖို့ ပြင်ဆင်ထားတာလို့ နင်ပင်း ပြောတာ ငါ ကြားဖူးတယ်... အခုတော့ မင်းဆီ ရောက်သွားပြီပေါ့... ဝမ်ကျင်းက မင်းအပေါ် ဘယ်လောက်တောင် ဂရုစိုက်တယ်ဆိုတာ သိနိုင်ပါတယ်... ကျန်းချဲ့... အစ်ကိုကြီး အနေနဲ့ ကြိုပြီး သတိပေးထားပါရစေ... နောင်ကျရင် မင်းက ဝမ်ကျင်းအပေါ် မကောင်းဘူး ဆိုရင်တော့ ငါ့ရဲ့ ညီမကို ကာကွယ်ဖို့အတွက် မင်းကို ဆုံးမရလိမ့်မယ်နော်..."
ချီရှောက်ယန်က တည်ကြပ်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။
"အစ်ကိုကြီး စိတ်ချပါ... ညီလေး နားလည်ပါတယ်..."
အစ်ကိုကြီး တစ်ယောက် အနေဖြင့် ချီရှောက်ယန်က ဤကဲ့သို့သော စကားမျိုး ပြောဆိုခြင်းမှာ လုံးဝ ပြဿနာ မရှိချေ။ ကျန်းချဲ့ကလည်း သူ၏ သဘောထားကို ချက်ချင်းပင် ဖော်ပြလိုက်ပြီး ချီဝမ်ကျင်း အပေါ် လုံးဝ သစ္စာမဖောက်ပါဟု ကတိပေးလိုက်လေသည်။
"သခင်လေးကျန်း... သခင်မလေး ရောက်နေပါတယ်..."
တံခါးအပြင်ဘက်မှ အစေခံ တစ်ဦးက လျှောက်တင်လိုက်လေသည်။
ချီရှောက်ယန်က ခေါင်းလှည့်ကာ ကျန်းချဲ့အား တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် ချဉ်စူးစူး လေသံဖြင့် ပြောလိုက်လေသည်။
"မင်းကောင်ကတော့ တကယ်ကို ဘယ်လို နည်းလမ်းတွေ သုံးထားမှန်း မသိဘူး... တစ်ခါ နှစ်ခါလောက်ပဲ တွေ့ဖူးသေးတာကို ဝမ်ကျင်းက မင်းအပေါ် ဒီလောက်တောင် ဂရုစိုက်နေရတယ်လို့... စေ့စပ်ပွဲ ပြီးတာနဲ့ ချက်ချင်းကို မင်းဆီ ရောက်လာတော့တာပဲ..."
"အစ်ကိုကြီး မြှောက်ပြောလွန်းနေပါပြီ..."
ကျန်းချဲ့ တစ်ယောက် အနည်းငယ် ရှက်ရွံ့သွားရလေသည်။ အမှန်ဆိုရလျှင် သူ့ကိုယ်သူပင် ကောင်းစွာ နားမလည်သေးချေ။
'ငါ့ရဲ့ ဆွဲဆောင်မှုက ဒီလောက်တောင် အားကောင်းနေပြီလား...'
အကြောင်းကြားပြီးနောက် ရင်းနှီးနေသော သံချပ်ကာ ပေါ့ပါးလေးကို ပြောင်းလဲ ဝတ်ဆင်ထားသည့် ချီဝမ်ကျင်းက ခြံဝင်းအတွင်းသို့ ဝင်ရောက်လာလေသည်။ ချီရှောက်ယန်ပါ ဤနေရာ၌ ရှိနေသည်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်ခုံးများ မသိမသာ တွန့်ကွေးသွားပြီး အံ့ဩဟန်ဖြင့် မေးလိုက်၏။
"အစ်ကိုကြီး... အစ်ကိုကြီးက ဘယ်လိုလုပ် ဒီရောက်နေတာလဲ..."
"ငါက ဘာလို့ ဒီမှာ ရှိမနေရမှာလဲ... သူက မင်းရဲ့ စေ့စပ်ထားတဲ့သူ သာမကဘူး... ငါ့ရဲ့ ယောက်ဖလည်း ဖြစ်နေပြီလေ..."
ချီရှောက်ယန်က မကျေမနပ် လေသံဖြင့် ပြန်ဖြေလိုက်လေသည်။
"ကျွန်မ ကျန်းချဲ့နဲ့ ပြောစရာ ကိစ္စလေး ရှိလို့... အစ်ကိုကြီး ရှောင်ပေးပါဦး..."
ချီရှောက်ယန်၏ နောက်ပြောင်မှုက ချီဝမ်ကျင်း၏ မျက်နှာကို ရှက်သွေးဖြာသွားစေခြင်း မရှိဘဲ အမြဲတမ်းလိုလို တည်ငြိမ်နေလေသည်။
"ဘာကိစ္စလဲ..."
"အဖေ မှာလိုက်တဲ့ ကိစ္စပါ..."
"ကောင်းပြီ... အစ်ကိုကြီး မင်းတို့အတွက် နေရာ ဖယ်ပေးပါ့မယ်... ဒါပေမဲ့ မင်းတို့ နှစ်ယောက် လွန်လွန်ကျူးကျူးတော့ မလုပ်ကြနဲ့နော်..."
ချီရှောက်ယန်၏ အကြည့်များက ကျန်းချဲ့နှင့် ချီဝမ်ကျင်း၏ မျက်နှာများပေါ်သို့ တစ်ချက် လျှပ်ပြေးသွားပြီးနောက် သတိပေးစကား ဆိုကာ လှည့်ထွက်သွားလေတော့သည်။
"အစ်ကိုကြီးက တော်တော် နောက်ပြောင်တတ်တာပဲ..."
ကျန်းချဲ့က ဟက်ဟက်ပက်ပက် ပြုံးလိုက်လေသည်။
ချီဝမ်ကျင်းက ကျန်းချဲ့ကို ခေတ္တမျှ စိုက်ကြည့်လိုက်ပြီးနောက် ဝတ်ရုံလက်ကို ညင်သာစွာ ခါယမ်းလိုက်ရာ ကျောက်စားပွဲပေါ်တွင် ကျောက်စိမ်းသေတ္တာ တစ်လုံး ထွက်ပေါ်လာလေသည်။
"ဒါက..."
ကျန်းချဲ့ တစ်ယောက် ချီဝမ်ကျင်း၏ အကြံအစည်ကို နားမလည်နိုင် ဖြစ်သွားပြီး သံသယ ဝင်လာမိသည်။
'လက်ဆောင် ထပ်ရှိသေးတယ်လား... တခြားလူတွေဆီက ဂုဏ်ပြုလက်ဆောင်များ ဖြစ်နေမလား...'
"ရှင် ကိုယ်တိုင် ဖွင့်ကြည့်လိုက်လေ..."
ချီဝမ်ကျင်းက ခပ်အေးအေး လေသံဖြင့် ပြောလိုက်လေသည်။
ကျန်းချဲ့က သေတ္တာကို ကိုင်ကာ ဖွင့်ကြည့်လိုက်လေသည်။ ကျောက်စိမ်းသေတ္တာ အတွင်း၌ မီးခိုးရင့်ရောင် ပန်းတစ်ပွင့်ကို သေသပ်ကျနစွာ ထည့်သွင်းထားသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်ဝန်းများ ချက်ချင်းပင် ကျဉ်းမြောင်းသွားပြီး အံ့ဩထိတ်လန့်သွားရလေသည်။ ထို့နောက် ချီဝမ်ကျင်းကို မော့ကြည့်ကာ တိုးတိုးလေး မေးလိုက်၏။
"ဒါက... ယင်နတ်ဘုရားပန်းလား…”