အခန်း ၂၀၃
Vol. 21 Ch. 203
အခန်း (၂၀၃) ကျန်းချဲ့ရဲ့ ဘဝတစ်ဝက်က အထီးကျန်ဆန်စွာ လွင့်မျောခဲ့ရပြီး အားထားစရာ မရှိတာကိုပဲ နာကြည်းမိပါတယ်
ပန်းပွင့်၏ အရောင်မှာ မည်းညိုရောင်ရှိပြီး အရွက်များပေါ်တွင် အစင်းကြောင်းများ ပါရှိကာ ထူးခြားသော ရနံ့သင်းသင်းလေး တစ်ခုကို ရရှိနေလေသည်။
ဤသည်မှာ ယင်နတ်ဘုရားပန်း၏ ထင်ရှားသော လက္ခဏာများပင် ဖြစ်ပေသည်။
ကျန်းချဲ့သည် စာအုပ်စာပေ အများအပြားကို ဖတ်ရှုလေ့လာထားသူ ဖြစ်သည်။ အထူးသဖြင့် ကောင်းကင်နှင့် မြေကြီးမှ ဖြစ်တည်လာသော အဖိုးတန် ရတနာများနှင့် ပတ်သက်သည့် စာအုပ်များကို ဖတ်ရှုထားသဖြင့် သူ၏ စိတ်ထဲတွင် အတော်အတန် နားလည်ထားပြီး ဖြစ်သည်။ ထို့ကြောင့် ကျောက်စိမ်းသေတ္တာ အတွင်းရှိ ပစ္စည်းကို မြင်လိုက်ရသောအခါ ဤကဲ့သို့ မေးခွန်းထုတ်လိုက်ခြင်း ဖြစ်၏။
"အင်း..."
ချီဝမ်ကျင်းထံမှ အတည်ပြုချက်ကို ကြားလိုက်ရသောအခါ ကျန်းချဲ့ တစ်ယောက် အံ့သြမှင်တက်သွားရလေသည်။ ချီဝမ်ကျင်းက ဤပစ္စည်းကို သူ့အတွက် ယူဆောင်လာပေးလိမ့်မည်ဟု သူ တကယ်ကို ထင်မှတ်မထားခဲ့ချေ။
ချီမိသားစု အတွင်း၌ ဤပစ္စည်း မရှိတော့ကြောင်း ချီကျန်းနန် ပြောခဲ့သည်ကို သူ ကောင်းကောင်း မှတ်မိနေသေးသည်။ သေချာသည်မှာ ထိုစကားက သူ့ကို ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်စေရန် အတွက် အကြောင်းပြချက် တစ်ခု သက်သက်သာ ဖြစ်မည်ကို သူ သိထားပြီး ဖြစ်သည်။
သူ ကိုယ်တိုင်ကလည်း လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ကာ ယင်နတ်ဘုရားပန်းကို ရှာဖွေရန် ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။
သို့သော် ယခုတော့ ကြိုတင်၍ပင် ရရှိသွားခဲ့လေပြီ။
ထိုအချိန်တွင် သူ၏ စိတ်ထဲ၌ လွန်ခဲ့သော ရက်အနည်းငယ်က သူတို့နှစ်ဦးကြား ပြောဆိုခဲ့သော စကားဝိုင်းကို ပြန်လည် မြင်ယောင်လာမိသည်။
သူမ မပြန်ခင်လေးတွင် ယင်နတ်ဘုရားပန်းကို အရေးတကြီး လိုအပ်နေသလား ဟု မေးခဲ့သည်။
ထိုစဉ်က ကျင့်ကြံခြင်းနှင့် ပတ်သက်နေသဖြင့် တကယ်ကို လိုအပ်နေကြောင်း သူ ဖြေကြားခဲ့၏။
တွေးကြည့်မည် ဆိုပါက ထိုအချိန်ကတည်းက ချီဝမ်ကျင်း အနေဖြင့် ဤပစ္စည်းကို သူရရှိအောင် ယူဆောင်ပေးမည်ဟု ဆုံးဖြတ်ထားခဲ့ပုံ ရပေသည်။
ဤအချိန်တွင် ကျန်းချဲ့၏ ရင်ထဲ၌ နွေးထွေးသော ခံစားချက် တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့လေသည်။ ဤအချိန်တွင် သူသည် ချီဝမ်ကျင်းအပေါ် တကယ်ကို စိတ်လှုပ်ရှား ရင်ခုန်သွားမိကြောင်း ရင်ဘတ်ကို ဖိ၍ ဝန်ခံရပေမည်။
"ဝမ်ကျင်း... ကျေးဇူးတင်ပါတယ်..."
ကျန်းချဲ့က ချီဝမ်ကျင်းကို အကြည့်မလွှဲတမ်း စူးစိုက်ကြည့်လိုက်လေသည်။
ချီဝမ်ကျင်းက ကျန်းချဲ့၏ ပွင့်လင်းလွန်းသော အကြည့်များကို ရှောင်လွှဲလိုက်ပြီး သူမ၏ နားရွက်နောက်ရှိ ဆံနွယ်ရှည်များကို မသိမသာ သပ်တင်လိုက်လေသည်။ သူမ၏ မျက်ဝန်းများက ဟိုဟိုဒီဒီ ရွေ့လျားနေသော်လည်း တည်ငြိမ်သယောင် ဟန်ဆောင်ကာ ခပ်အေးအေး လေသံဖြင့် ပြောလိုက်၏။
"ဒီကိစ္စကို အဖေ့ကို မပြောပြနဲ့နော်..."
စေ့စပ်ပွဲ အခမ်းအနားတွင် ယင်နတ်ဘုရားပန်းကို မပေးအပ်ခဲ့ခြင်းမှာ ဖခင်ဖြစ်သူ အရှက်ကွဲသွားမည်ကို မလိုလားသောကြောင့်ပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေ ယင်နတ်ဘုရားပန်းက ချီမိသားစုတွင် ရှိရုံသာမက တစ်ပွင့်တည်းပင် မကချေ။ သို့သော် ဖခင်ဖြစ်သူကတော့ ကျန်းချဲ့အား မရှိဟု ပြောထားခဲ့သည်။ ဤသည်မှာ ဖခင်ဖြစ်သူက ကျန်းချဲ့ကို တမင်တကာ မပေးချင်သောကြောင့် ဖြစ်ကြောင်း အလွန် သိသာလှပေသည်။
"ဝမ်ကျင်း... မင်း ယင်နတ်ဘုရားပန်းကို ယူလာတာကိုလေ... ဦးလေးက အခုလောက်ဆို သတင်းရသွားလောက်ပြီ ထင်တယ်..."
ကျန်းချဲ့ တစ်ယောက် အကူအညီမဲ့စွာ ပြုံးလိုက်မိလေသည်။
ဤကိစ္စက ချီကျန်းနန် အတွက် လုံးဝ လျှို့ဝှက်ချက် တစ်ခု ဖြစ်လာမည် မဟုတ်ချေ။
ဤအချိန်တွင် သူ၏ ယောက္ခမလောင်း ချီကျန်းနန် တစ်ယောက် မည်မျှပင် ခံစားရခက်နေမည်ကို ကျန်းချဲ့ ကြိုတင်၍ပင် မြင်ယောင်နေမိလေပြီ။ ကိုယ့်ကို နွေးထွေးမှုမပေးတဲ့အပြင် အပြင်လူဘက်ပါသွားတဲ့ သမီးဆိုးလေး တစ်ယောက်ကို မွေးထားရသည် ဖြစ်ရာ မည်သူကများ ခံစားရ မခက်ဘဲ နေမည်နည်း။
တော်သေးသည်က သူ အတော်လေး အရည်အချင်း ရှိနေ၍သာ ဖြစ်သည်။
အကယ်၍ သူသာ အသုံးမကျသော လူမိုက် တစ်ယောက် ဖြစ်နေမည် ဆိုပါက ယခုအချိန်တွင် ချီကျန်းနန်၏ သတ်ဖြတ်လိုသော အကြည့်များနှင့် ရင်ဆိုင်နေရလောက်ပြီ ဖြစ်သည်။
"ရှင် ဝန်မခံရင် ပြီးတာပဲလေ..."
"အင်း... ကောင်းပါပြီ..."
ကျန်းချဲ့ အနေဖြင့် ယင်နတ်ဘုရားပန်းကို လက်ခံရန် မငြင်းဆန်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူ တကယ် လိုအပ်နေ၍ သာမက ပစ္စည်းကလည်း ရောက်နေပြီ ဖြစ်သောကြောင့်ပင်။ ထပ်၍ ငြင်းဆန်နေမည် ဆိုပါကလည်း အလွန်တရာ အချိန်ဆွဲလွန်းရာ ကျပေလိမ့်မည်။
ဤချစ်ခြင်းမေတ္တာကို ရင်ထဲတွင် မှတ်သားထားလိုက်လျှင် ရပြီ ဖြစ်၏။
"အချိန်လည်း မစောတော့ဘူးဆိုတော့... ကျွန်မ အရင် ပြန်နှင့်တော့မယ်... ရွှမ်လင် လျှို့ဝှက်နယ်မြေကလည်း မကြာခင် ပွင့်တော့မှာဆိုတော့... ရှင်လည်း သေချာ ပြင်ဆင်ထားသင့်တယ်နော်..."
သူတို့နှစ်ဦး ကြားရှိ လေထုမှာ ရုတ်တရက် ရိုမန်တစ်ဆန်လာသဖြင့် ချီဝမ်ကျင်း တစ်ယောက် အနည်းငယ် ခံစားရခက်လာပြီး နှုတ်ဆက်ကာ ပြန်ရန် ပြင်လိုက်လေသည်။
သို့သော် ကျန်းချဲ့က သူမကို ပြန်လွှတ်ရန် အစီအစဉ် မရှိဘဲ သူမ၏ လက်ကို တိုက်ရိုက် ဆွဲကိုင်လိုက်လေသည်။
"ဒီအချိန်လေး ကွာသွားတာနဲ့ ဘာမှမဖြစ်ပါဘူးကွာ... ခဏလောက် ထပ်နေပါဦး... ကျုပ် ဘာမှမလုပ်ပါဘူးလို့ ကတိပေးပါတယ်..."
"ရှင်... ရှင် လက်ကို လွှတ်လိုက်ဦးလေ..."
ချီဝမ်ကျင်းက ညင်သာစွာ ရုန်းလိုက်သော်လည်း မလွတ်မြောက်နိုင်ခဲ့ချေ။ သူမ၏ အသံလေးမှာလည်း ပိုးချည်မျှင်လေး တစ်ခုလို သေးသွယ်တိုးညှင်းနေလေသည်။
"မင်း အရင် ကတိပေးလေ..."
ကျန်းချဲ့က သူ၏ သတို့သမီးလောင်းလေးကို ပြုံးရွှင်စွာ ကြည့်လိုက်လေသည်။ သူ၏ စိတ်ထဲတွင်လည်း အသေအချာ ယုံကြည်နေပြီ ဖြစ်၏။ အကယ်၍ တစ်ဖက်လူက တကယ်သာ ထွက်သွားချင်ပါက ရုန်းမထွက်နိုင်စရာ အကြောင်း လုံးဝ မရှိချေ။ ယခုလို ဖြစ်နေသည်မှာ တစ်ဖက်လူက ရှက်ရွံ့နေခြင်းကြောင့်သာ ဖြစ်ပေသည်။
အပြင်လောကတွင် ကောလာဟလ ထွက်နေသလောက် ခက်ထန်မာကျောသူ တစ်ယောက်က လက်လေး တစ်ချက် ကိုင်လိုက်ရုံဖြင့် ဤမျှလောက် ရှက်သွေးဖြာသွားလိမ့်မည်ဟု တကယ်ကို တွေးကြည့်၍ မရနိုင်ချေ။
"ရှင် အရင်လွှတ်ပေး... ကျွန်မ ခဏနေမှ ပြန်မယ်..."
ချီဝမ်ကျင်းက ခေါင်းကို လှည့်လိုက်ပြီး တည်ငြိမ်သယောင် ဟန်ဆောင်လိုက်လေသည်။
"ကောင်းပြီလေ..."
ကျန်းချဲ့က ချီဝမ်ကျင်း၏ လက်ကို ဖြည်းညင်းစွာ လွှတ်ပေးလိုက်ပြီး သူ၏ မျက်ဝန်းများ ထဲတွင် အားမလိုအားမရ ဖြစ်နေသော အရိပ်အယောင်များ လင်းလက်နေလေသည်။ သူမ၏ လက်လေးများမှာ ဆီးနှင်းများအလား ဖြူစင်နူးညံ့နေပြီး အမြဲတမ်း သိုင်းကျင့်နေသူ တစ်ယောက်၏ ကြမ်းတမ်းသော အရိပ်အယောင်များကို အနည်းငယ်မျှပင် မခံစားရချေ။
သို့သော် စဉ်းစားကြည့်ပါက ဤသည်မှာ ပုံမှန်ပင် ဖြစ်သည်။ ချီဝမ်ကျင်းသည် မွေးရာပါအထွတ်အထိပ် အဆင့် သိုင်းသမား တစ်ယောက် ဖြစ်ရာ သူမ၏ ခန္ဓာကိုယ်ကို စောစီးစွာကတည်းက သန့်စင်ထားပြီး ဖြစ်သည်။ သာမန် အသားမာများ ဆိုသည်မှာ သူမ ကိုယ်တိုင် မလိုလားပါက လက်ပေါ်တွင် ဖြစ်တည်လာနိုင်ရန် ခက်ခဲလှပေသည်။
ချီဝမ်ကျင်းက သက်ပြင်းချလိုက်ပြီးနောက် သူမကိုယ်တိုင် လက်ဖက်ရည် တစ်ခွက် ငှဲ့လိုက်ကာ ကျန်းချဲ့ကို တစ်ချက် စောင်းငဲ့ကြည့်လိုက်လေသည်။
"ဘာများ ပြောစရာ စကားရှိသေးလို့လဲ..."
ကျန်းချဲ့ တစ်ယောက် သဘောကျစွာ ရယ်မောလိုက်မိလေသည်။ ယခုလေးတင် သူ၏ စိတ်နှလုံး လှုပ်ရှားသွားပြီးနောက် ချီဝမ်ကျင်း၏ စရိုက်ကို သူ တကယ်ကို သဘောကျမိကြောင်း ရုတ်တရက် သတိထားမိလိုက်သည်။ အပြင်ပန်းတွင် အေးစက်သော်လည်း အတွင်းစိတ်က နွေးထွေးနေပြီး သူ ယခင်က ကြုံတွေ့ခဲ့ဖူးသော မိန်းမများနှင့် လုံးဝကို ကွဲပြားခြားနားလှပေသည်။
ကျူးကတော်မှာ အပြင်ပန်းတွင် တည်ငြိမ်သော်လည်း အတွင်းစိတ်က ရမ္မက်ကြီးမားလှသည်။
ဟွမ်ရှန်းရှန်းက အပြင်ပန်းတွင် အေးစက်စက်နိုင်ပြီး အတွင်းစိတ်ကတော့ တည်ငြိမ်မှုနှင့် ပြင်းပြမှုတို့ ရောယှက်နေလေသည်။
ကျန်းချဲ့ တစ်ယောက် ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက်ပိုင်း ဤမိန်းမ နှစ်ယောက်နှင့်သာ ပတ်သက်ခဲ့ဖူးပြီး နှစ်ယောက်စလုံးမှာလည်း အပေးအယူ သဘောမျိုးဖြင့်သာ ပတ်သက်ခဲ့ခြင်း ဖြစ်သည်။ ချစ်ခြင်းမေတ္တာဟု ပြောရန်မှာ အနည်းငယ် ခက်ခဲလှပြီး ကာမရမ္မက် ဆန္ဒများကသာ အဓိက ဖြစ်ခဲ့ပေသည်။
သို့သော် ချီဝမ်ကျင်းကတော့ ကွဲပြားခြားနားလှသည်။ ကျန်းချဲ့၏ အမြင်တွင် ဤသတို့သမီးလောင်းလေးမှာ ကိုယ်ပိုင် စရိုက်လက္ခဏာ ရှိပြီး သူတို့နှစ်ဦးမှာ တန်းတူညီမျှသော အနေအထားမျိုးတွင် ရှိနေပေသည်။ ထို့ကြောင့် သူ၏ စိတ်ထဲတွင် လွှမ်းမိုးလိုသော ဆန္ဒတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့လေသည်။
"ဝမ်ကျင်း... မင်း ပုံမှန်ဆို ဘာတွေ လုပ်ရတာ နှစ်သက်လဲ..."
"ကျင့်ကြံတာရယ်... လှံရေးကျင့်တာရယ်ပဲ..."
"တခြားရော ရှိသေးလား..."
"မရှိတော့ဘူး..."
ကျန်းချဲ့ '...'
နောက်တစ်နေ့တွင် ချီကျန်းနန်က သူ့ကို ခေါ်ယူတွေ့ဆုံလေသည်။
"ဘယ်လိုလဲ... ယင်နတ်ဘုရားပန်းကို ရလိုက်ပြီလား..."
ချီကျန်းနန်၏ ပထမဆုံး စကားကပင် ကျန်းချဲ့ကို မည်သို့ ပြန်လည် ဖြေကြားရမည်ကို ဝေခွဲမရ ဖြစ်သွားစေလေသည်။
ဤကိစ္စကို သူ ကိုယ်တိုင် လုပ်ခဲ့ခြင်း မဟုတ်သော်လည်း ချီကျန်းနန်ကို အနည်းငယ် အရှက်ရသွားစေသည်မှာ အမှန်ပင် ဖြစ်သည်။ စကားပြော မှားသွားပါက ယောက္ခမလောင်းက စိတ်မသက်မသာ ဖြစ်သွားနိုင်ပြီး သူကပင် သွေးထိုးလှုံ့ဆော်ခဲ့သည်ဟု အထင်ခံရနိုင်ပေသည်။
ထိုသို့ဆိုလျှင် အကျိုးထက် အပြစ်က ပိုများသွားပေလိမ့်မည်။
ချီကျန်းနန်က ကျန်းချဲ့ကို အကဲခတ်နေပြီး သူ၏ မျက်နှာပေါ်ရှိ အမူအရာကို မြင်လိုက်ရသည်နှင့် တစ်ဖက်လူ ယင်နတ်ဘုရားပန်းကို ရရှိသွားပြီ ဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်လေသည်။ သူ၏ စိတ်ထဲတွင် အတော်လေး ခံစားရခက်နေသော်လည်း အပြင်ပန်းတွင်မူ မည်သည့် အရိပ်အယောင်မျှ မပြသဘဲ ခပ်အေးအေးပင် ဆက်ပြောလိုက်၏။
"ယင်နတ်ဘုရားပန်းကို ငါကိုယ်တိုင် ပြင်ဆင်ပေးထားတာကွ... မဟုတ်ရင် ဝမ်ကျင်းက ဘယ်လိုလုပ် ရနိုင်မှာလဲ... မင်း ငါ့ကို ဒီလိုမျိုး လာမကြည့်နဲ့... အရင်တုန်းကတော့ မိသားစုထဲမှာ ယင်နတ်ဘုရားပန်း တကယ် မရှိခဲ့ဘူး... ဒါပေမဲ့ ငါက မင်းအတွက် တခြားတာအိုရဲဘော်တွေဆီကနေ အဖိုးအခ အများကြီးပေးပြီး လဲလှယ်လာခဲ့ရတာကွ..."
ကိစ္စရပ်များက ဖြစ်ပျက်သွားခဲ့ပြီ ဖြစ်ရာ သူက ပြန်တောင်းရန် လည်း မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် သူ၏ မျက်နှာ အနည်းဆုံး မပျက်ရလေအောင် ဆင်ခြေတစ်ခု ပေးလိုက်ရခြင်းပင် ဖြစ်သည်။
"ဦးလေးကို ကျေးဇူးတင်ပါတယ်..."
ကျန်းချဲ့က တကယ်ကို ယုံကြည်သွားသည့်အလား ရိုးသားစစ်မှန်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်လေသည်။
တကယ့် အဖြစ်မှန်က မည်သို့ ဖြစ်ပျက်သွားသည်ကို နှစ်ယောက်စလုံး ကောင်းကောင်း သိထားကြသော်လည်း အပြင်ထုတ်ပြော၍ မရနိုင်ချေ။ ချီကျန်းနန်က လမ်းကြောင်းပေးလာပြီ ဖြစ်ရာ သူကလည်း ထိုလမ်းကြောင်းအတိုင်းသာ လိုက်သွားလိုက်ခြင်းက အကောင်းဆုံးပင် ဖြစ်၏။
"မင်းဆီမှာ ယင်နတ်ဘုရားပန်း ရှိနေပြီဆိုတော့... ရွှမ်လင် လျှို့ဝှက်နယ်မြေကို မသွားချင်ဘူးဆိုရင်လည်း... ငါက အတင်းအကျပ် မတိုက်တွန်းတော့ပါဘူး... မင်းရဲ့ စွမ်းရည်က မဆိုးဘူးဆိုပေမဲ့... ဘေးကင်းလုံခြုံတဲ့ အနေအထားကိုတော့ မရောက်သေးဘူးလေ..."
ချီကျန်းနန်က သူ၏ ရှေ့မှောက်ရှိ ဝိညာဉ်လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။
သို့သော် သူ၏ အကြည့်များကတော့ ကျန်းချဲ့အပေါ်၌သာ စူးစိုက်နေဆဲပင် ဖြစ်၏။
"ဦးလေးကလည်း နောက်နေပြန်ပါပြီ... ကျွန်တော်က သွားမယ်လို့ ကတိပေးထားပြီးပြီဆိုတော့... ငြင်းဆန်စရာ အကြောင်းမရှိပါဘူးဗျ..."
ကျန်းချဲ့က အလျင်အမြန် ပြန်ပြောလိုက်လေသည်။
ယင်နတ်ဘုရားပန်းကို ရရှိသွားပြီ ဆိုသော်လည်း ရွှမ်လင် လျှို့ဝှက်နယ်မြေကိုတော့ သူ သေချာပေါက် သွားရမည် ဖြစ်သည်။ ယခင်က ကတိပေးထားခြင်းကြောင့်သာ မကဘဲ အကယ်၍ သူသာ လမ်းတစ်ဝက်တွင် စိတ်ပြောင်းသွားပါက ချီကျန်းနန်က သေချာပေါက် ဒေါသထွက်ပေလိမ့်မည်။
ထို့အပြင် ရွှမ်လင် လျှို့ဝှက်နယ်မြေနှင့် ပတ်သက်သည့် အကြောင်းအရာ အများအပြားကို ချီရှောက်ယန်ထံမှ သူ ကြားသိထားပြီး ဖြစ်သည်။ ထိုအထဲတွင် ကောင်းကင်နှင့် မြေကြီးမှ ဖြစ်တည်လာသော အဖိုးတန် ရတနာ အများအပြား ရှိနေပြီး အများစုမှာ ရွှမ်တန်အဆင့် သိုင်းသခင်များ အတွက်ပင် အသုံးဝင်လှပေသည်။
ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်၏ စရိုက်လက္ခဏာ အရ နောင်တွင် ပြုလုပ်မည့် ယဇ်ပူဇော်မှုများ အတွက် ဝိညာဉ်ရတနာ အများအပြား သေချာပေါက် လိုအပ်လာမည် ဖြစ်သည်။ ယခု အချိန်တွင် အသုံးမဝင်သေးလျှင်တောင်မှ နောင်တစ်ချိန်တွင် အသုံးမဝင်ဘူးဟု ပြော၍ မရနိုင်ချေ။
ယခု အချိန်ကတည်းက ကြိုတင် စုဆောင်းထားခြင်းက အကောင်းဆုံးပင် ဖြစ်သည်။
ချီမိသားစုက သူ့ကို ထောက်ပံ့ပေးနေသည်မှာ အမှန်ပင် ဖြစ်သော်လည်း ယခင်က ချီကျန်းနန်၏ သဘောထားကို ကြည့်ခြင်းအားဖြင့် ထိုထောက်ပံ့မှုမှာ အကန့်အသတ်မရှိ ပေးနေမည် မဟုတ်ကြောင်း သိသာလှပေသည်။ သူ၏ ဘက်မှလည်း သင့်လျော်သော အကျိုးပြုမှုများနှင့် အလားအလာများကို ပြသနိုင်မှသာ ချီမိသားစု အတွင်းရှိ အကြီးအကဲများက ဤကိစ္စကို သဘောတူလက်ခံကြမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ရွှမ်လင် လျှို့ဝှက်နယ်မြေကို သူ သွားကို သွားရမည် ဖြစ်၏။
ကျန်းချဲ့၏ အဖြေကို ကြားလိုက်ရသောအခါ ချီကျန်းနန်၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်ထွက်လာလေသည်။ အကယ်၍ ကျန်းချဲ့ကသာ တကယ် မသွားတော့ပါဟု ဆိုလျှင် သူက အတင်းအကျပ် တိုက်တွန်းမည် မဟုတ်သော်လည်း ကျန်းချဲ့အပေါ် ထားရှိသည့် သူ၏ အကဲဖြတ်မှုက ကျဆင်းသွားမည် ဖြစ်သည်။
ထို့အပြင် တစ်ဖက်လူတွင် အခြား လိုအပ်ချက်များ မရှိသည် မဟုတ်ဘဲ ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ်နှင့် ပတ်သက်၍ သူ့ထံတွင် အကူအညီ တောင်းစရာ ရှိနေသေးသည်။ သို့သော် သူတို့က ယောက္ခမနှင့် သမက်များ ဖြစ်နေကြပြီ ဖြစ်ရာ အခြေအနေများကို အရမ်း ဆိုးရွားသွားစေရန် သူ မလုပ်ချင်ရုံသာ ဖြစ်၏။
"ရွှမ်လင် လျှို့ဝှက်နယ်မြေ ဆိုတာ အဆင့်မြင့် လျှို့ဝှက်နယ်မြေ တစ်ခုပဲ... အဲ့ဒီအထဲက ဝိညာဉ်ရတနာတွေက မင်းအတွက် နောင်ကျရင် အများကြီး အသုံးဝင်လိမ့်မယ်... ချီမိသားစုက တစ်စိတ်တစ်ပိုင်းကို ခွဲယူသွားမယ် ဆိုပေမဲ့... မင်းက ကိုယ့်လူပဲဆိုတော့... ပေးသင့်ပေးထိုက်တာကို ငါက နှမြောနေမှာ မဟုတ်ပါဘူး..."
"မင်း အဲ့ဒီကို သွားရင် မျှော်လင့်ချက် ရှိတယ်ဆိုရင်ပေါ့လေ... အဓိက ဝိညာဉ်ရတနာ သုံးခုကို အာရုံစိုက်ပြီး ရှာဖွေပါ... အဲ့ဒါတွေကို ရခဲ့မယ်ဆိုရင်... ငါက မင်းရဲ့ တောင်းဆိုချက် တစ်ခုကို လိုက်လျောပေးမယ်..."
"ဘယ်လို ဝိညာဉ်ရတနာ သုံးခုများလဲဗျ..."
ရွှမ်လင် လျှို့ဝှက်နယ်မြေနှင့် ပတ်သက်၍ အကြောင်းအရာ အများအပြားကို ကျန်းချဲ့ မေးမြန်းထားခဲ့သော်လည်း အများဆုံးနှင့် အသေးစိတ် အကျဆုံး သိရှိထားသူမှာ ချီမိသားစု ခေါင်းဆောင် ချီကျန်းနန်ပင် ဖြစ်ကြောင်း အလွန် သိသာလှပေသည်။
"ပထမတစ်ခုက ကိုးကွေ့ ရွှမ်ဂျင်ဆင်းပဲ... ဒါက ကောင်းကင်နဲ့ မြေကြီးကနေ ဖြစ်တည်လာပြီး သူ့အလိုလို ဝိညာဉ်အသိတောင် ပေါက်ဖွားနေပြီ... ပြီးခဲ့တဲ့ အကြိမ်က လျှို့ဝှက်နယ်မြေကို သွားခဲ့တဲ့ တပည့်တွေက ဒီသတင်းကို သတင်းပို့ခဲ့ဖူးတယ်... အဲ့ဒီအရာက ဝိညာဉ်အသိ ပွင့်နေပြီဖြစ်ပြီး ဝိညာဉ်မွေးမြူခြင်း ဆေးလုံး ဖော်စပ်တဲ့နေရာမှာ အဓိက ဆေးပင်ပဲကွ..."
"ဝိညာဉ်မွေးမြူခြင်း ဆေးလုံးက သိုင်းသမားတွေ အမြုတေကို ချိုးဖျက်ပြီး ဝိညာဉ်ဖွဲ့စည်းတဲ့ နေရာမှာ အများကြီး အထောက်အကူ ပြုတယ်... ဆေးတစ်လုံးက နှစ်ဆယ်ရာခိုင်နှုန်းလောက် အခွင့်အရေးကို တိုးပေးနိုင်ပြီး ရွှမ်တန်အဆင့် သိုင်းသခင်ကို ရှန်ရှန်းအဆင့်ကို ရောက်အောင် ကူညီပေးနိုင်တယ်..."
"ဒုတိယတစ်ခုက အရောင်ငါးမျိုး နတ်ဘုရားပန်းပဲ... ဒါက ရွှမ်လင် လျှို့ဝှက်နယ်မြေမှာ သီးသန့် ရှိတဲ့ အရာဖြစ်ပြီး သိုင်းလောက တစ်ခုလုံးမှာတောင် အရမ်းကို ရှားပါးတယ်... ရွှမ်တန်အဆင့် သိုင်းသခင်တွေရဲ့ ကျင့်ကြံခြင်းမှာ အများကြီး အသုံးဝင်ပြီး ကျင့်ကြံမှုအဆင့်ကို တိုးတက်စေဖို့အတွက် အရောင်ငါးမျိုး ရွှေအမြုတေ အဖြစ် ဖော်စပ်နိုင်တယ်..."
"တတိယတစ်ခုကတော့ ဗောဓိ တာအိုအလင်းပြ အသီးပဲ... ဒါက အရင်တုန်းက တာအိုဂိုဏ်းချုပ်ကြီး မပျက်စီးခင် ဗုဒ္ဓဘာသာ လျှို့ဝှက်နယ်မြေ တစ်ခုကနေ ပြောင်းရွှေ့စိုက်ပျိုးထားတာလို့ ကောလာဟလတွေ ရှိတယ်... အနှစ်နှစ်ဆယ်ကို တစ်ကြိမ်ပဲ အသီးသီးပြီး အသီးသုံးလုံးထက် ပိုမသီးတတ်ဘူး..."
"ဒါက လျှို့ဝှက်နယ်မြေ ပွင့်တိုင်း အလုအယက် အပြင်းအထန် ယှဉ်ပြိုင်ကြတဲ့ အရာပဲ..."
"ဒီအသီးကို စားသုံးလိုက်ရင် သိုင်းသမားတွေ တာအိုတရားကို နားလည်သဘောပေါက်ဖို့ ကြီးမားတဲ့ အထောက်အကူ ပြုတယ်... ရှန်ရှန်းအဆင့် မဟာသိုင်းသခင်တွေ အတွက်တောင် အသုံးဝင်တယ်ကွ... ရွှမ်တန်အဆင့် သိုင်းသခင် တစ်ယောက်က ရခဲ့မယ်ဆိုရင် ပိုပြီး မြင့်မားတဲ့ သိုင်းစိတ်ဆန္ဒကို နားလည်သဘောပေါက်ဖို့ လေးဆယ်ရာခိုင်နှုန်း အခွင့်အရေး ရှိတယ်..."
"အဲ့ဒါက... စွမ်းအားနယ်ပယ်ပဲ..."
ကျန်းချဲ့၏ မျက်ဝန်းများ အရောင်လက်သွားလေသည်။ ဤရတနာ သုံးခုမှာ ကြားရုံမျှဖြင့် သာမန် မဟုတ်ကြောင်း သိသာလှပြီး အကယ်၍ ရရှိခဲ့မည် ဆိုပါက သူ၏ အနာဂတ် ကျင့်ကြံခြင်း လမ်းစဉ်အတွက် ကြီးမားသော အထောက်အကူ ဖြစ်စေမည်မှာ အသေအချာပင်။ အထူးသဖြင့် ဗောဓိ တာအိုအလင်းပြ အသီးပင် ဖြစ်၏။
အမြုတေ တည်ဆောက်ပြီးသည်နှင့် ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်းကို ပြီးပြည့်စုံအောင် လေ့ကျင့်ရန် သူ ပြင်ဆင်ထားခဲ့သည်။ အကယ်၍ စွမ်းအားနယ်ပယ်ကိုပါ နားလည်သဘောပေါက် နိုင်မည် ဆိုပါက သူ၏ စွမ်းအားများမှာ အဆပေါင်းများစွာ တိုးတက်သွားမည် ဖြစ်ပြီး မိမိထက် အဆင့်မြင့်သော သူများကိုပင် အလွယ်တကူ ကျော်လွန် တိုက်ခိုက်နိုင်မည် ဖြစ်သည်။
ချီရှောက်ယန်ထံမှ သူ ကြားသိထားသည်မှာ ချီရှောက်ယန် အနေဖြင့် ရွှေအမြုတေ တည်ဆောက်ထားသည်မှာ ခုနစ်နှစ်ခန့် ရှိပြီ ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီး၏ အရှိန်အဝါ အချို့ကို နားလည်သဘောပေါက် ထားသော်လည်း စွမ်းအားနယ်ပယ် အတွင်းသို့ အပြည့်အဝ ဝင်ရောက်နိုင်ခြင်း မရှိသေးချေ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သိုင်းသမား တစ်ယောက် အတွက် စွမ်းအားနယ်ပယ်က မည်မျှ အရေးကြီးကြောင်း သိသာလှပေသည်။
အကယ်၍ အလွဲအချော်သာ မရှိပါက ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်းကို ပြီးပြည့်စုံအောင် ကျင့်ကြံနိုင်သည်နှင့် တစ်ပြိုင်နက် သူသည် အခြားသူများထက် ခြေတစ်လှမ်း စော၍ စွမ်းအားနယ်ပယ်ကို နားလည်သဘောပေါက် နိုင်မည် ဖြစ်သည်။
သွေးပင်လယ် သိုင်းစိတ်ဆန္ဒက ကျန်းချဲ့အပေါ် မည်မျှ အထောက်အကူ ပြုသည်ဆိုသည်မှာ ပြောနေရန်ပင် မလိုတော့ချေ။ စွမ်းအားနယ်ပယ် ဆိုသည်မှာ သိုင်းစိတ်ဆန္ဒထက် ပိုမို မြင့်မားသော အဆင့်တစ်ခု ဖြစ်ပြီး အကယ်၍ နားလည်သဘောပေါက် နိုင်မည် ဆိုပါက အနာဂတ် ကျင့်ကြံခြင်း အတွက် များစွာ အကျိုးကျေးဇူး ရှိစေပေမည်။
ရွှမ်လင် လျှို့ဝှက်နယ်မြေကို မသွားမဖြစ် သွားရမည် ဆိုသည်မှာ သေချာသွားလေပြီ။
အဘယ်ကြောင့်ဆိုသော် ယွမ်ချီကျောက်တုံး အချို့ကို ရရှိသည်နှင့် တစ်ပြိုင်နက် သူသည် အမြုတေကို အချိန်မရွေး တည်ဆောက်နိုင်ပြီ ဖြစ်သောကြောင့်ပင်။ သိုင်းသခင် တစ်ပါး၏ စွမ်းအားဖြင့် မွေးရာပါအဆင့် သိုင်းသမားများ ကြားထဲတွင် အသေအကြေ သတ်ဖြတ်ပစ်ရန်မှာ အလွန် လွယ်ကူလှသည် မဟုတ်ပါလော။ ထိုအထဲရှိ ပစ္စည်းများ အားလုံးမှာ သူ၏ ပစ္စည်းများသာ ဖြစ်လာပေလိမ့်မည်။
"ကျွန်တော်က သေချာ မှတ်သားထားပါ့မယ်... ဒီဝိညာဉ်ရတနာ သုံးခုကို သေချာပေါက် ယူဆောင်လာပြီး ဦးလေးကို ဆက်သပါ့မယ်..."
ကျန်းချဲ့က ချက်ချင်းပင် သူ၏ သဘောထားကို ဖော်ပြလိုက်လေသည်။
"ငါ့မှာ ရှောက်ယန် ဆိုတဲ့ သားတစ်ယောက်ပဲ ရှိတယ်... မင်းက ဝမ်ကျင်းနဲ့ စေ့စပ်ထားပြီးပြီဆိုတော့... နောင်ကျရင် ငါ့ရဲ့ မျိုးဆက်ပဲပေါ့... ငါက မင်းကို အထင်ကြီးတယ်နော်... ငါ့ကို စိတ်ပျက်အောင် မလုပ်ပါနဲ့..."
ချီကျန်းနန်က ပြုံးရွှင်သော မျက်နှာဖြင့် ကျန်းချဲ့၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။
"ကျန်းချဲ့ရဲ့ ဘဝတစ်ဝက်က အထီးကျန်ဆန်စွာ လွင့်မျောခဲ့ရပြီး... အားထားစရာ မရှိတာကိုပဲ နာကြည်းမိပါတယ်... အခုလို ဦးလေးရဲ့ ရိုးသားစစ်မှန်တဲ့ စကားတွေကို ကြားလိုက်ရလို့ အတိုင်းမသိ ဝမ်းသာရပါတယ်... နောင်ကျရင် ဝမ်ကျင်းကို သေချာပေါက် ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပြီး... ဦးလေးကိုလည်း ယောက္ခမတစ်ယောက်လို ရိုရိုသေသေ ဆက်ဆံသွားပါ့မယ်..."
ကျန်းချဲ့က ကိုယ်ကိုကိုင်းညွတ်၍ အရိုအသေ ပေးလိုက်ပြီး ရိုးသားစစ်မှန်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။
"ဟားဟားဟား... ဒီနေ့ သမက်ကောင်းတစ်ယောက် ရလိုက်လို့ အတိုင်းမသိ ဝမ်းသာရပါပြီကွာ..."
ကျန်းချဲ့က တရားဝင် လက်မထပ်ရသေးသော်လည်း စေ့စပ်ကြောင်းလမ်းခြင်း ကိစ္စက ပြီးစီးသွားပြီ ဖြစ်သည်။ ယခု ကျန်းချဲ့၏ စကားများကြောင့် သူတို့နှစ်ဦးမှာ ယောက္ခမနှင့် သမက် အနေအထားသို့ ကြိုတင်၍ပင် ရောက်ရှိသွားခဲ့ကြလေပြီ။
ကျန်းချဲ့အပေါ် ချီကျန်းနန်၏ အထင်ကြီး လေးစားမှုများမှာလည်း သူ၏ စကားများထဲတွင် အထင်းသား ပေါ်လွင်နေလေသည်။ ကျန်းချဲ့၏ စကားများကို ကြားလိုက်ရသောအခါ သူ မနေနိုင်ဘဲ ရယ်မောလိုက်မိပြီး ယခင်က ဖြစ်ပေါ်ခဲ့သော အနည်းငယ် အနေရခက်မှုများမှာလည်း လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။
"ဒါနဲ့... မင်း ဒီတစ်ခေါက် သွားရင် ဒီဝိညာဉ်ရတနာတွေကို အာရုံစိုက်ရမယ့် အပြင်... တခြား မိသားစုတွေရဲ့ ခြုံခိုတိုက်ခိုက်တာကိုလည်း သတိထားဦးနော်... ငါတို့တွေ ရွှမ်လင် လျှို့ဝှက်နယ်မြေကို အတူတူ ပူးပေါင်းထိန်းချုပ်ထားတာက... မျိုးဆက်အဆက်ဆက် မိတ်ဆွေတွေ ဖြစ်နေလို့ မဟုတ်ဘူး... မလွှဲမရှောင်သာလို့သာ ဒီလို ဖြစ်နေရတာ..."
ချီကျန်းနန်က ကျန်းချဲ့ကို ဆွဲထူလိုက်ပြီး သတိပေးစကား ဆိုလိုက်လေသည်။
"နဂါးကျား တာအိုဂိုဏ်း... လင်ယွမ် ဝေ့မိသားစု... ယွင်ပြည်နယ် လင်းမိသားစု... ယွင်ပြည်နယ် ဝိညာဉ်ဓားတောင်..."
ကျန်းချဲ့က အဖွဲ့အစည်း လေးခု၏ အမည်များကို ထုတ်ပြောလိုက်လေသည်။
"ဟုတ်တယ်... မင်း ရှောက်ယန်ဆီကနေ ဒီအဖွဲ့အစည်းတွေ အကြောင်းကို သိထားပြီးပြီပဲ... အဲ့ဒီအထဲမှာ ငါတို့ ချီမိသားစုနဲ့ ဝိညာဉ်ဓားတောင်က အဆင်အပြေဆုံးပဲ... လင်ယွမ် ဝေ့မိသားစုကတော့ မဆိုးဘူးလို့ ပြောလို့ရတယ်..."
"နဂါးကျား တာအိုဂိုဏ်းနဲ့ကတော့ သာမန်ပဲ... နှစ်တွေ တစ်လျှောက်မှာ တပည့်တွေ သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့ဖူးတယ်... နောက်ဆုံးတစ်ခု ဖြစ်တဲ့ ယွင်ပြည်နယ် လင်းမိသားစု ကတော့ ငါတို့ ပေလင် ချီမိသားစုရဲ့ မဟာရန်သူပဲ..."
လင်းမိသားစု အကြောင်းကို ပြောလိုက်သောအခါ ချီကျန်းနန်၏ မျက်နှာမှာ အလွန်တရာ မှိုင်းညို့သွားလေသည်။
"ငါတို့ ချီမိသားစုနဲ့ လင်းမိသားစုရဲ့ ရန်ငြိုးက လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာ ကတည်းက စခဲ့တာပဲ... သွေးကွဲရန်သူတွေလို့ မပြောရင်တောင် အဲ့ဒီနီးပါးလောက်တော့ ရှိတယ်... ရွှမ်လင် လျှို့ဝှက်နယ်မြေ ကိစ္စကို သဘောတူညီချက် ရပြီးကတည်းက ငါတို့ ချီမိသားစုက တပည့် လေးဆယ့်နှစ်ယောက် လျှို့ဝှက်နယ်မြေထဲမှာ သေဆုံးခဲ့ရတယ်..."
"အဲ့ဒီအထဲက ထက်ဝက်ကျော်က လင်းမိသားစုရဲ့ လက်ချက်နဲ့ သေခဲ့ရတာ... မင်း လင်းမိသားစုက လူတွေနဲ့ တွေ့ရင် ဘာမှပြောမနေနဲ့... တိုက်ရိုက်သာ သတ်ပစ်လိုက်... လင်းမိသားစုရဲ့ မျိုးဆက် သခင်လေးကို သတ်မိရင်တောင်မှ ငါက မင်းအတွက် တာဝန်ယူပေးမယ်..."
"ဟုတ်ကဲ့ပါ..."
ကျန်းချဲ့က လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
အနာဂတ် ချီမိသားစု၏ ကျားတစ်ကောင် အနေဖြင့် လင်းမိသားစုမှာ သူ၏ ရန်သူပင် ဖြစ်ပေသည်။
"ဒါပေမဲ့ မင်း အဲ့ဒီအဖွဲ့အစည်းတွေကိုလည်း လျှော့မတွက်နဲ့နော်... အထူးသဖြင့် နဂါးကျား တာအိုဂိုဏ်းနဲ့ လင်းမိသားစုပဲ... ငါ ရထားတဲ့ သတင်းတွေအရဆိုရင် အဲ့ဒီနှစ်ဖွဲ့လုံးမှာ ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွက် ရည်ရွယ်ပြီး ကျင့်ကြံမှုအဆင့်ကို ဖိနှိပ်ထားတဲ့ တပည့်တွေ ရှိနေတယ်..."
"သူတို့လက်ထဲမှာ ဝိညာဉ်အဆောင်တွေတောင် ရှိနိုင်တယ်... လုံးဝ ပေါ့ဆလို့ မရဘူးနော်... အကယ်၍ အန္တရာယ်ကြုံလာရင် အတင်းအကျပ် မလုပ်နဲ့... မင်းဆီမှာ ယွမ်လင် ဝိညာဉ်ချပ်ဝတ် ရှိနေရင်တောင် အဲ့ဒီမိသားစုတွေရဲ့ ပါရမီရှင် တပည့်တွေကို အထင်မသေးနဲ့..."
"ကျွန်တော် နားလည်ပါပြီ..."
"နောက်ပြီး... ဒီတစ်ခေါက် လျှို့ဝှက်နယ်မြေကို သွားတဲ့အခါ ချီမိသားစုက တပည့် အနည်းငယ် အပြင် ဝမ်ကျင်းနဲ့ နင်ပင်းလည်း လိုက်သွားလိမ့်မယ်... မင်းက ခေါင်းဆောင် တစ်ယောက် အနေနဲ့ သူတို့ကို သေချာ ကာကွယ်ပေးရမယ်..."
"ဝမ်ကျင်းအတွက်တော့ ငါ စိတ်မပူပါဘူး... ဒါပေမဲ့ နင်ပင်းရဲ့ စွမ်းရည်က နည်းနည်း အားနည်းနေတော့... ငါ သိပ်ပြီး စိတ်မချဘူး ဖြစ်နေတယ်..."
ချီကျန်းနန်က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။
"ဒီလိုဆိုမှတော့... ဘာလို့ နင်ပင်းကို မချန်ထားခဲ့တာလဲ..."
"ဟားဟား... မင်း အထင်မလွဲပါနဲ့... နင်ပင်းရဲ့ စွမ်းရည်က အားနည်းတယ် ဆိုတာက မင်းနဲ့ ဝမ်ကျင်းကို ယှဉ်ပြီး ပြောတာပါ... တခြားလူတွေနဲ့ စာရင်တော့ သူမရဲ့ စွမ်းရည်က အတော်လေး အားကောင်းနေပါသေးတယ်... နောက်ပြီး နင်ပင်းက ရွှမ်ယင် ဝိညာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတော့..."
"ဝိညာဉ်အသိ ပွင့်နေတဲ့ ကိုးကွေ့ ရွှမ်ဂျင်ဆင်းကို ဖမ်းဆီးတဲ့ နေရာမှာ မင်းကို အများကြီး အထောက်အကူ ပြုလိမ့်မယ်... အဲ့ဒါကြောင့်မို့လို့ ငါက နင်ပင်းကိုပါ အတူတူ လိုက်သွားခိုင်းတာ..."
ကိုးကွေ့ ရွှမ်ဂျင်ဆင်းမှာ အလွန်တရာ အရေးကြီးလှသည်။ ၎င်းသည် ဝိညာဉ်အသိ ပွင့်နေပြီဖြစ်သော ဆေးပင် တစ်ခု ဖြစ်ရာ သူက လွန်ခဲ့သော နှစ်များစွာ ကတည်းက မျက်စိကျနေခဲ့ပြီး လုံးဝ အလွတ်ခံ၍ မဖြစ်ချေ။ ယခု တစ်ကြိမ်တွင် ကျန်းချဲ့၏ အကူအညီပါ ထပ်ပေါင်းလိုက်မည် ဆိုပါက ရရှိရန် မျှော်လင့်ချက် အလွန် ကြီးမားလှသည်ဟု သူ ယုံကြည်ထားလေသည်။
အကယ်၍ ထိုအရာကို ရရှိပြီး ဝိညာဉ်မွေးမြူခြင်း ဆေးလုံး အဖြစ် ဖော်စပ်နိုင်မည် ဆိုပါက ချီမိသားစု အတွင်း၌ ရှန်ရှန်းအဆင့် မဟာသိုင်းသခင် အနည်းဆုံး နှစ်ပါးခန့် ထပ်မံ ထွက်ပေါ်လာနိုင်ပေသည်။
"ကျွန်တော် နားလည်ပါပြီ... ဝမ်ကျင်းနဲ့ နင်ပင်းကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာခဲ့ပါ့မယ်..."
ကျန်းချဲ့က လေးနက်စွာ ခေါင်းညိတ်ပြလိုက်လေသည်။
"လျှို့ဝှက်နယ်မြေ ပွင့်ဖို့ ခုနစ်ရက် လိုပါသေးတယ်... ဒီရက်ပိုင်းအတွင်း မင်း ချီမိသားစုမှာ ကောင်းကောင်း အနားယူထားလိုက်ဦး…”