အခန်း ၂၀၄
Vol. 21 Ch. 204
အခန်း (၂၀၄) ပြည်နယ်တစ်ခုလုံးကို တုန်လှုပ်သွားစေမည့် ကျန်းချဲ့ဟူသော နာမည်တစ်လုံး
တာ့ကျိုး နိုင်ငံတော်... ယွမ်ခန်း ဆယ့်နှစ်နှစ်... လေးလပိုင်း... နှစ်ဆယ့်ကိုးရက်နေ့။
စူးရှကျယ်လောင်သော သိမ်းငှက်အော်သံကြီး တစ်ခုက ကောင်းကင်နှင့် မြေကြီးကြားတွင် ဟိန်းထွက်သွားလေသည်။ ချီမိသားစု ပင်မအိမ်တော် အတွင်းမှ အတောင်ပံဖြန့်လိုက်လျှင် ပေခြောက်ဆယ်ကျော် ကျယ်ဝန်းသော အညိုရောင် သိမ်းငှက်ကြီး တစ်ကောင်သည် မြေပြင်မှနေ၍ ကောင်းကင်ယံသို့ ချက်ချင်း ထိုးတက်သွားခဲ့၏။ အောက်ဘက်တွင်မူ ချီမိသားစုမှ တပည့်များနှင့် အကြီးအကဲ အများအပြားက မိုးကုတ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားသော သိမ်းငှက်ကြီးကို ငေးမောကြည့်ရှုနေကြလေသည်။
သူတို့၏ မျက်ဝန်းများထဲရှိ အမူအရာများမှာ အလွန်တရာ ရှုပ်ထွေးနေ၏။ အားကျနေသူများ ရှိသလို... စိုးရိမ်ပူပန်နေသူများလည်း ရှိကြပြီး... မျှော်လင့်ချက် ကြီးစွာ ထားရှိနေသူများလည်း ရှိနေကြပေသည်။
အဘယ်ကြောင့်ဆိုသော် ထိုသိမ်းငှက်ကြီး၏ ကျောပေါ်ရှိ လူဆယ်ဦးကျော်မှာ ယခုအကြိမ် ရွှမ်လင် လျှို့ဝှက်နယ်မြေသို့ သွားရောက်မည့် ချီမိသားစု၏ တပည့်များ ဖြစ်ကြောင်း လူတိုင်း သိထားကြသောကြောင့်ပင် ဖြစ်သည်။ သူတို့ အနေဖြင့် ဂုဏ်ကျက်သရေများဖြင့် ပြန်လည် ရောက်ရှိလာနိုင်သလို... အချို့မှာလည်း ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်း၌ ထာဝရ အသက်စွန့်သွားရနိုင်ပေသည်။
ကျန်းချဲ့သည် မြေပြင်နှင့် မခြား ကျယ်ဝန်းပြန့်ပြူးသော သိမ်းငှက်ကြီး၏ ကျောပြင်ပေါ်တွင် ရပ်နေရင်း အောက်ဘက်ရှိ လျင်မြန်စွာ ဖြတ်သန်းသွားသော တောင်တန်းများနှင့် မြစ်ချောင်းများကို ငုံ့ကြည့်နေလေသည်။ သူ၏ မျက်ဝန်းများထဲတွင် အနည်းငယ် ဆန်းသစ်သော ခံစားချက်များ ရှိနေ၏။ ယခင်က ချီရှောက်ယန်၏ ငှက်စိမ်းကို သူ စီးနင်းခဲ့ဖူးသော်လည်း ဤသိမ်းငှက်ကြီးနှင့် နှိုင်းယှဉ်ပါက အများကြီး ကွာခြားနေဆဲပင် ဖြစ်သည်။
ချီဝမ်ကျင်း၏ ပြောစကားအရ ဤသိမ်းငှက်ကြီး၏ အမည်မှာ ကောင်းကင်ဖုံး သိမ်းငှက်ကြီး ဟုခေါ်ပြီး ချီမိသားစု၏ မိသားစုစောင့် ဝိညာဉ်သားရဲများထဲမှ တစ်ကောင် ဖြစ်ကြောင်း သိထားရသည်။ ၎င်းသည် ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ပါးနှင့် တန်းတူညီမျှသော စွမ်းအားကို ပိုင်ဆိုင်ထားပြီး ချီမိသားစုမှ နှစ်ပေါင်း တစ်ရာ့ရှစ်ဆယ်တိုင်တိုင် ယဉ်ပါးအောင် မွေးမြူထားခဲ့ခြင်း ဖြစ်၏။
ထူးကဲသားရဲများ၏ သက်တမ်းမှာ လူသားများထက် အများကြီး ပိုမို ရှည်လျားလှရာ ဤကောင်းကင်ဖုံး သိမ်းငှက်ကြီး၏ သက်တမ်းမှာ အနည်းဆုံး နှစ်ပေါင်း လေးငါးရာခန့် ကျန်ရှိနေသေးသည်။
ဤသည်မှာ... တကယ့် မိသားစုကြီး တစ်ခု၏ ကြီးမားလှသော အခြေခံ အုတ်မြစ်ပင် ဖြစ်ပေသည်။
သို့သော် ကျန်းချဲ့က သေးငယ်သွားသော တောင်တန်းကြီးများကို ကြည့်ရင်း သူ၏ ရင်ထဲတွင် ကြီးမားသော သူရဲကောင်းဆန်ဆန် စိတ်ဓာတ်များ ပေါ်ထွက်လာခဲ့လေသည်။ နှစ်တစ်ထောင် သက်တမ်းရှိ မိသားစုကြီးဆိုလျှင်လည်း ဘာဖြစ်သနည်း... တစ်နေ့ကျလျှင် သူသည်လည်း သူတို့နှင့် ရင်ပေါင်တန်းနိုင်ရုံသာမက သူတို့ကိုတောင် ကျော်လွန်သွားနိုင်ရမည်။
ရွှမ်လင် လျှို့ဝှက်နယ်မြေသို့ မထွက်ခွာမီ ကျန်းချဲ့သည် ချီဆန်းကျားထံမှ ယွမ်ချီကျောက်တုံး သုံးရာနီးပါးကို ငှားရမ်းထားခဲ့ပြီး ဖြစ်သည်။ ၎င်းမှာ လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် ရွှေအမြုတေ အဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန် အတွက်ပင် ဖြစ်၏။
ချီဝမ်ကျင်းက သူ့ကို ပေးထားသည်များမှာ လုံလောက်နေပြီ ဖြစ်ရာ ယွမ်ချီကျောက်တုံး ရာဂဏန်းလောက်ကို ထပ်တောင်းရန် ကျန်းချဲ့ အနေဖြင့် အနည်းငယ် အားနာမိသည်။ ထို့အပြင် အပြင်လူများ သိသွားပါက မလိုအပ်သော ပြဿနာများ ဖြစ်လာနိုင်ပေသည်။
ထို့ကြောင့် ကျန်းချဲ့က ချီဆန်းကျားထံသို့ သွားရောက် အကူအညီ တောင်းခဲ့ခြင်း ဖြစ်၏။
တစ်ဖက်လူကလည်း အလွန် ယုံကြည်ရသူ ဖြစ်ရာ ကျန်းချဲ့က ယွမ်ချီကျောက်တုံးများကို ဘာလုပ်ရန် အတွက်လဲဟုပင် မမေးမြန်းဘဲ ချီမိသားစု အတွင်း၌ ချက်ချင်း စုဆောင်းကာ ပေးအပ်ခဲ့လေသည်။ ထို့ကြောင့် ယခု ကျန်းချဲ့ အနေဖြင့် လိုအပ်သည်များ အားလုံး ပြည့်စုံနေပြီ ဖြစ်ပြီး အခွင့်ကောင်းကိုသာ စောင့်မျှော်နေရတော့သည်။
သူ၏ ယခုလက်ရှိ စွမ်းအားဖြင့် ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်း၌ လွတ်လပ်စွာ သွားလာနိုင်စွမ်း ရှိသော်လည်း အပြတ်အသတ် အသာစီးရရန်မှာမူ ခက်ခဲနေဆဲပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ ရင်ဆိုင်ရမည့် သူများမှာ ထိပ်တန်း မိသားစုကြီးများမှ ပါရမီရှင် တပည့်များ သို့မဟုတ် ဂိုဏ်းကြီးများမှ ဆက်ခံသူ တပည့်များ ဖြစ်နေသောကြောင့်ပင်။
မည်သူမျှ သာမန် ဇာတ်ကောင်များ မဟုတ်ကြချေ။
အကယ်၍ ဝိုင်းဝန်း တိုက်ခိုက်ခံရမည် ဆိုပါက မည်သူက နိုင်မည် မည်သူက ရှုံးမည်ကို မှန်းဆ၍ မရနိုင်သေးပေ။
သို့သော် သူသာ သိုင်းသခင် အဆင့်သို့ ရောက်ရှိသွားမည် ဆိုပါက ဇာတ်လမ်းက လုံးဝ ပြောင်းလဲသွားမည် ဖြစ်သည်။ တစ်ဖက်လူများ အားလုံး ပေါင်းတိုက်မည် ဆိုလျှင်ပင် ကျန်းချဲ့ တစ်ယောက် အနည်းငယ်မျှ ကြောက်ရွံ့နေမည် မဟုတ်ချေ။ ဤသည်မှာ သူ၏ ကိုယ်ပိုင် စွမ်းအားအပေါ် ထားရှိသော ခိုင်မာသည့် ယုံကြည်ချက်ပင် ဖြစ်၏။ အဆင့်ကျော်လွန်၍ တိုက်ခိုက်နိုင်စွမ်း ရှိရာ အကယ်၍ အဆင့်ချိုးဖောက် နိုင်ခဲ့မည် ဆိုပါက သူ၏ စွမ်းအားများမှာ အဆမတန် ပေါက်ကွဲထွက်လာမည်မှာ အသေအချာပင်။
"အစ်ကိုကျန်း... ဘာတွေ ကြည့်နေတာလဲ..."
ကျန်းချဲ့ တစ်ယောက် အတွေးများနေစဉ်မှာပင် သူ၏ နားထဲသို့ ကြည်လင်ပြတ်သားသော အသံလေးတစ်ခု ဝင်ရောက်လာပြီး သူ၏ စိတ်နှလုံးကို လှုပ်ရှားသွားစေလေသည်။ ကျန်းချဲ့က ချက်ချင်းပင် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖန်တီးကာ ပြန်ဖြေလိုက်၏။
"ပေတစ်သောင်းလောက် မြင့်တဲ့ ကောင်းကင်ယံကနေ မြေပြင်ကို ငုံ့ကြည့်ရတာ... တကယ့်ကို စိတ်အေးချမ်းသာ ရှိလှတယ်လေ..."
ရောက်လာသူမှာ အခြားလူ မဟုတ်ဘဲ ချီဝမ်ကျင်း၏ ညီမအရင်း ဖြစ်သော ခယ်မလေး ချီနင်ပင်းပင် ဖြစ်လေသည်။ ကျန်းချဲ့က လွန်ခဲ့သော ရက်အနည်းငယ်က မိသားစု စုဝေးပွဲ တစ်ခုတွင် သူမကို ပထမဆုံး အကြိမ် တွေ့မြင်ခဲ့ရပြီး ချက်ချင်းပင် မှင်တက်သွားခဲ့ရသေးသည်။
အဘယ်ကြောင့်ဆိုသော် ချီနင်ပင်းနှင့် ချီဝမ်ကျင်းတို့၏ မိတ်ကပ်ပြင်ဆင်မှုနှင့် ဝတ်စားဆင်ယင်မှုများသာ မကွဲပြားပါက သူတို့နှစ်ဦးကို လူတစ်ယောက်တည်းဟုပင် သူ အထင်မှားမိလောက်ပေသည်။ သူတို့နှစ်ဦးက အမြွှာညီအစ်မများ ဖြစ်ကြောင်း သူ ကြားဖူးသော်လည်း ဤမျှလောက် တူညီနေလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
ထိုစဉ်က သူ၏ စိတ်ထဲတွင် ယောကျ်ားတို့ သဘာဝ မကောင်းဆိုးဝါး အတွေးများပင် ပေါ်ထွက်လာခဲ့သေးသည်။ သို့သော် ချက်ချင်းပင် ထိုအတွေးများကို ပြန်လည် ဖိနှိပ်ထားလိုက်ရ၏။
ချီဝမ်ကျင်းက သူ့အပေါ် အလွန် ကောင်းမွန်ရုံသာမက အကယ်၍ ချီကျန်းနန်နှင့် ချီရှောက်ယန်တို့သာ သူ၏ ဤမကောင်းဆိုးဝါး အတွေးများကို သိသွားပါက ခွင့်လွှတ်ပေးကြမည် မဟုတ်ချေ။ ထို့ကြောင့် ကျန်းချဲ့ အနေဖြင့် ယောကျ်ားတိုင်း ဖြစ်ပေါ်တတ်သော သဘာဝ ဆန္ဒများ ပေါ်လာသော်လည်း သူ၏ ကိုယ်ပိုင် ထိန်းချုပ်နိုင်စွမ်းက အလွန် အားကောင်းသဖြင့် မည်သူကိုမျှ ထိုမူမမှန်မှုများကို ရိပ်မိခွင့် မပေးခဲ့ချေ။
"အရင်တုန်းကဆို ကျွန်မလည်း ဒီကောင်းကင်ဖုံး သိမ်းငှက်ကြီးကို စီးပြီး ကောင်းကင်ယံမှာ လွင့်မျောရတာကို သဘောကျခဲ့တာ... အဲ့ဒါက လူကို လွတ်လပ်ပေါ့ပါးသွားစေတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တယ်လေ..."
"မင်းက ချီမိသားစုရဲ့ ဒုတိယ သခင်မလေးပဲဟာကို... ချီမိသားစုထဲမှာ မင်းကို ချုပ်ချယ်ရဲတဲ့သူ ရှိသေးလို့လား..."
ချီနင်ပင်း၏ မျက်ဝန်းများ အနည်းငယ် ငေးမိုင်သွားပြီး သူမ၏ စေ့စပ်ထားမှု ကိစ္စကို ပြန်တွေးမိသွားကာ ခေါင်းခါရမ်းလိုက်လေသည်။
"ဒီလောကကြီးထဲမှာ... တကယ်တမ်း အပြည့်အဝ လွတ်လပ်တဲ့သူဆိုတာ ဘယ်သူများ ရှိနေလို့လဲ..."
"အနည်းဆုံးတော့... ချီမိသားစုက မင်းအတွက် ကောင်းကင်တစ်ကန့်စာလောက်ကိုတော့ မိုးပေးထားနိုင်သေးတာပဲ..."
"ဟုတ်တာပေါ့... အဲ့ဒါကြောင့်လည်း မိသားစုအတွက် ကျွန်မဘက်က တစ်ခုခု ပြန်ပြီး ပေးဆပ်သင့်တာပေါ့..."
ချီနင်ပင်းက အဝေးသို့ ငေးကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"ကျန်း... ကျန်းချဲ့..."
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် အစိမ်းနုရောင် သံချပ်ကာကို ဝတ်ဆင်ထားသော ချီဝမ်ကျင်းက သူတို့ အနီးသို့ ရောက်ရှိလာပြီး အနည်းငယ် အနေရခက်ဟန်ဖြင့် ကျန်းချဲ့၏ နာမည်ကို ခေါ်လိုက်လေသည်။
ကျန်းချဲ့က သူမ၏ စေ့စပ်ထားသူ ဖြစ်သော်လည်း တရားဝင် လက်မထပ်ရသေးသဖြင့် ခင်ပွန်း ဟူသော အခေါ်အဝေါ်ကို ခေါ်ရန်မှာ လုံးဝ မဖြစ်နိုင်သေးချေ။ သခင်လေးကျန်း ဟု ခေါ်ရန်ကလည်း အနည်းငယ် သူစိမ်းဆန်လွန်းရာ ကျနေပေသည်။ ထို့ကြောင့် နာမည်ကိုသာ တိုက်ရိုက် ခေါ်လိုက်ရခြင်း ဖြစ်၏။
"ဘာဖြစ်လို့လဲ..."
"ရှင့်ကို သတိပေးဖို့ မေ့နေတာ... ရွှမ်လင် လျှို့ဝှက်နယ်မြေထဲကို ဝင်တဲ့အခါ ဟင်းလင်းပြင်က ဖရိုဖရဲ ဖြစ်နေတတ်တယ်... အဲ့ဒီအခါကျရင် လျှို့ဝှက်နယ်မြေရဲ့ ဘယ်နေရာကိုမဆို ရောက်သွားနိုင်တယ်... ဒါက မြေပုံပဲ... အဲ့ဒီအချိန်ကျရင် သေချာကြည့်ထားဦး... ရွှမ်လင် လျှို့ဝှက်နယ်မြေထဲမှာ ဝိညာဉ်ရတနာတွေ ရှိရုံတင်မကဘူး... အန္တရာယ်ရှိတဲ့ နေရာတွေလည်း ရှိသေးတာမို့ ပေါ့ဆလို့ မရဘူးနော်..."
"အင်း..."
"တကယ်လို့ အန္တရာယ် တစ်ခုခုနဲ့ ကြုံလာရရင် အတင်းအကျပ် ဝင်မတိုက်ပါနဲ့... ကျွန်မ မြေပုံထဲမှာ ဆွဲပေးထားတဲ့ နေရာတွေကိုသာ သွားလိုက်ပါ... ကျွန်မ ရှင့်ဆီကို အမြန်ဆုံး လာပူးပေါင်းပါ့မယ်..."
ချီဝမ်ကျင်းက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။
"ကောင်းပြီလေ..."
"နင်ပင်း... ပြီးတော့ နင်လည်းပဲ... လျှို့ဝှက်နယ်မြေထဲ ရောက်သွားရင် ဝိညာဉ်ရတနာတွေကို အတင်းအကျပ် သွားမလုနဲ့... ကိုယ့်လုံခြုံရေးကို အရင်ဆုံး ဂရုစိုက်ရမယ်... ငါတို့က နင့်ကို တတ်နိုင်သလောက် စောင့်ရှောက်ပေးမယ်... ကိုးကွေ့ ရွှမ်ဂျင်ဆင်း ရှိနိုင်တဲ့ နေရာတွေကို အရင်သွားကြတာပေါ့..."
ချီဝမ်ကျင်းက မငြီးမငြူဘဲ သေချာ ထပ်မံ မှာကြားလိုက်လေသည်။
"အင်း... ကျွန်မ သိပါပြီ..."
ချီနင်ပင်းက လုံးဝ စိတ်မရှည်ခြင်း မရှိဘဲ အလွန်တရာ အလေးအနက်ထားကာ ဖြေကြားလိုက်လေသည်။ သူမ၏ အားနည်းချက်များကို သူမ ကောင်းကောင်း သိထားပြီး အစ်မဖြစ်သူနှင့် အစ်ကိုကျန်းချဲ့တို့လို လျှို့ဝှက်နယ်မြေ အတွင်း၌ ထင်တိုင်းကျဲနိုင်စွမ်း မရှိမှန်း သိထားသဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်ကိုသာ အဓိက ထားရမည် ဖြစ်သည်။
သူမ၏ အဓိက တာဝန်မှာ ဝိညာဉ်အသိ ပွင့်နေပြီဖြစ်သော ကိုးကွေ့ ရွှမ်ဂျင်ဆင်းကို ဆွဲဆောင်ရန် အတွက် သူမ၏ ဝိညာဉ်ခန္ဓာကိုယ်ကို အသုံးပြုရန်ပင် ဖြစ်၏။ လျှို့ဝှက်နယ်မြေသို့ မလာရောက်မီ ချီကျန်းနန်က ဤတာဝန်ကို သူမအား သေချာစွာ မှာကြားထားခဲ့ပြီး ဖြစ်သည်။
"ပြီးတော့ မင်းတို့တွေလည်း... လျှို့ဝှက်နယ်မြေထဲ ရောက်သွားရင် ရမ်းကားတာတွေ မလုပ်ကြနဲ့... မြေပုံထဲမှာ ပြထားတဲ့ စုရပ်တွေကိုပဲ တတ်နိုင်သလောက် အမြန်သွားကြ... တကယ်လို့ ကျန်းချဲ့ ဒါမှမဟုတ် ဝမ်ကျင်းနဲ့ တွေ့ခဲ့ရင်... သူတို့ရဲ့ အမိန့်ကိုပဲ အဓိက နာခံရမယ်... နားလည်လား..."
အကြီးအကဲချုပ်က သူ၏ တောင်ဝှေးကို ထောက်ကာ လေးနက်သော မျက်နှာထားဖြင့် ချီမိသားစု တပည့်များကို အကဲခတ်ရင်း မှာကြားလိုက်လေသည်။
"ဟုတ်ကဲ့ပါ အကြီးအကဲချုပ်..."
"အကြီးအကဲချုပ်ရဲ့ အမိန့်အတိုင်း နာခံပါ့မယ်..."
ချီမိသားစုမှ မွေးရာပါအဆင့် တပည့် ခုနစ်ဦးက လေးနက်သော မျက်နှာထားများဖြင့် အရိုအသေ ပေးကာ ပြန်လည် ဖြေကြားလိုက်ကြလေသည်။ သူတို့ အားလုံးက ချီဝမ်ကျင်းနှင့် ကျန်းချဲ့တို့၏ စွမ်းအားများကို ကောင်းစွာ သိရှိထားကြသဖြင့် ၎င်းတို့ကို ခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းအပေါ် မည်သည့် ကန့်ကွက်မှုမျှ မရှိကြချေ။
သူတို့၏ စွမ်းအားများမှာ ပါရမီရှင်များဟု ဆိုနိုင်သော်လည်း အရမ်းကြီး ထူးချွန်ပြောင်မြောက်လှသည်တော့ မဟုတ်ပေ။
"ရွှမ်လင် လျှို့ဝှက်နယ်မြေ ခရီးစဉ်ကို... မင်းဆီကိုပဲ လွှဲအပ်လိုက်ပြီကွာ..."
အကြီးအကဲချုပ်က ကျန်းချဲ့ကို ကြည့်ကာ မျှော်လင့်ချက် အပြည့်ပါသော မျက်ဝန်းများဖြင့် ပြောလိုက်လေသည်။
ကျန်းချဲ့နှင့် ချီရှောက်ယန်တို့၏ တိုက်ပွဲကို သူ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသဖြင့် ကျန်းချဲ့တွင် မည်မျှ ကြီးမားသော စွမ်းအားများ ရှိနေကြောင်းကို သူ ကောင်းကောင်း သိထားပေသည်။ အကယ်၍ တစ်ယောက်ချင်း ယှဉ်တိုက်ရမည် ဆိုပါက... အခြား မိသားစုများမှ မည်သည့် တပည့်ကမျှ ကျန်းချဲ့ကို အနိုင်ယူနိုင်လိမ့်မည်ဟု သူ မထင်ထားချေ။
ထို့ကြောင့် ချီကျန်းနန်၏ အစီအစဉ်ကို သူက အလွန်တရာ ထောက်ခံအားပေးခဲ့ခြင်း ဖြစ်သည်။ ကျန်းချဲ့ အနေဖြင့် ချီမိသားစုမှ သမီးတစ်ယောက်ကို လက်ထပ်ထားပြီ ဆိုပါက ချီမိသားစုဝင် တစ်ယောက် ဖြစ်လာပြီ မဟုတ်ပါလော။
"အကြီးအကဲချုပ် စိတ်ချပါ... ကျုပ်က အစွမ်းကုန် ကြိုးစားပေးပါ့မယ်..."
ကျန်းချဲ့က လေးနက်စွာ ခေါင်းညိတ်ပြလိုက်လေသည်။
ရွှမ်လင် လျှို့ဝှက်နယ်မြေ၏ အဝင်ဝမှာ အခြား နေရာတွင် မဟုတ်ဘဲ ယွင်ပြည်နယ်နှင့် ယွဲ့ပြည်နယ်တို့ နယ်စပ်ရှိ မတ်စောက်သော တောင်ထွတ်တစ်ခု အထက်တွင် တည်ရှိလေသည်။ ကောင်းကင်ဖုံး သိမ်းငှက်ကြီး ရောက်ရှိလာချိန်တွင် ထိုနေရာ၌ သိုင်းသမား အများအပြား ရောက်ရှိနေကြလေပြီ။
တစ်ချိန်တည်းမှာပင် ကျန်းချဲ့က ကောင်းကင်ယံတွင် ပျံသန်းနေသော အခြား ထူးကဲသားရဲ အချို့ကိုလည်း သတိပြုမိလိုက်သည်။ မည်သည့် အလွဲအချော်မျှ မရှိနိုင်ဘဲ ၎င်းတို့မှာ အခြား မိသားစုများ စီးနင်းလာသော မိသားစုစောင့် ဝိညာဉ်သားရဲများ ဖြစ်ကြောင်း သေချာလှပေသည်။
"ချီမိသားစုက လူတွေ ရောက်လာကြပြီဟေ့..."
အောက်ဘက်တွင် သက်ကြီးရွယ်အို တစ်ဦးက ကောင်းကင်ယံသို့ မော့ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
သူ၏ စကားသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူအများအပြား၏ အကြည့်များက ကောင်းကင်ယံရှိ ဧရာမ သတ္တဝါကြီးထံသို့ ရောက်ရှိသွားကြလေသည်။
"ဒီတစ်ခေါက် ချီမိသားစုရဲ့ သခင်မကြီး ချီဝမ်ကျင်းလည်း လျှို့ဝှက်နယ်မြေကို သွားမယ်လို့ ကြားတယ်..."
"ဟုတ်တယ်... သူမက ရွှမ်လင် လျှို့ဝှက်နယ်မြေ ခရီးစဉ်အတွက် ရွှေအမြုတေ မတည်ဆောက်သေးဘဲ ကျင့်စဉ်အဆင့်ကို ဖိနှိပ်ထားတယ်လို့ ကြားတယ်..."
"ဒီတစ်ခေါက်တော့... အတော်လေး ခက်ခဲတော့မှာပဲ..."
"ဟုတ်ပါ့... အဲ့ဒီ ချီဝမ်ကျင်းက အဆင့်တူမှာ ပြိုင်ဘက်ကင်းတယ်လို့ ကြားဖူးတယ်... သူမရဲ့ လှံသိုင်းကလည်း အရမ်းကို ထက်မြက်လွန်းတော့ ပြိုင်ဆိုင်နိုင်တဲ့သူက ခပ်ရှားရှားပဲ..."
"သူများတွေကို အထင်ကြီးပြီး ကိုယ့်လူတွေကို အထင်သေးမနေကြစမ်းပါနဲ့ကွာ... အဲ့ဒီ ချီဝမ်ကျင်းရဲ့ တိုက်ပွဲမှတ်တမ်း အများစုက လူတွေက ချဲ့ကားပြောနေကြတာပါ... ဘာများ ကြောက်စရာ ရှိလို့လဲ... သူမ တစ်ယောက်တည်းနဲ့များ လူတိုင်းကို ယှဉ်နိုင်မယ်လို့ ထင်နေတာလား..."
"ဟုတ်တယ်... ဟုတ်တယ်..."
"မမေ့ကြနဲ့ဦး... ငါတို့ လင်းမိသားစုက လူတွေကလည်း အဲ့ဒီ ချီဝမ်ကျင်းထက် မနိမ့်ကျဘူးဆိုတာကို..."
"ဟားဟားဟား..."
အောက်ဘက်ရှိ လူအများအပြားမှာ အချင်းချင်း တီးတိုး ဆွေးနွေးနေကြလေသည်။ သို့သော် ကောင်းကင်ဖုံး သိမ်းငှက်ကြီး အနီးသို့ ရောက်ရှိလာသောအခါ အားလုံးက ကတိပြုထားသည့်အလား ပါးစပ်များကို ပိတ်လိုက်ကြပြီး သိမ်းငှက်ကျောပေါ်မှ ခုန်ဆင်းလာသော ပုံရိပ်များကို အကဲခတ် စောင့်ကြည့်နေကြ၏။
"ဟိုလူက ဘယ်သူလဲ... ချီမိသားစုထဲမှာ အဲ့ဒီလို လူတစ်ယောက် ရှိနေတာလား..."
အခြား မိသားစုများမှ လူအများစုမှာ မျက်နှာစိမ်း ဖြစ်နေသော ကျန်းချဲ့ထံသို့ အကြည့်များ ရောက်ရှိသွားကြလေသည်။ သို့သော် ဝေ့ကျွင်းကျဲ တစ်ယောက်သာ မျက်နှာ ပျက်ယွင်းသွားရ၏။ ရွှမ်လင် လျှို့ဝှက်နယ်မြေကို ချီမိသားစုက ကျန်းချဲ့အား သွားခိုင်းလိမ့်မည်ဟု သူ တကယ်ကို ထင်မှတ်မထားခဲ့ချေ။
ဒါကတော့ ခက်ပြီ...
ချီရှောက်ယန်နှင့် ကျန်းချဲ့တို့၏ တိုက်ပွဲကို သူ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသူ တစ်ဦး ဖြစ်သည်။ ကျန်းချဲ့အပေါ် အနည်းငယ် မကျေမနပ် ဖြစ်နေသော်လည်း သူ၏ စွမ်းအားများကိုတော့ ဝေ့ကျွင်းကျဲက လုံးဝ အသိအမှတ်ပြုထားပြီး သူတို့နှစ်ဦး ကြားရှိ ကွာဟချက်က မည်မျှ ကြီးမားကြောင်းကိုလည်း ကိုယ့်ကိုယ်ကိုယ် သတိပြုမိနေလေသည်။
"ဘယ်လိုလဲ... ကျွင်းကျဲ... မင်းက အဲ့ဒီလူကို သိနေတာလား..."
ဝေ့မိသားစု၏ အကြီးအကဲက ဝေ့ကျွင်းကျဲ၏ မျက်နှာပေါ်ရှိ ထူးခြားသော အမူအရာကို မြင်လိုက်ရသဖြင့် သံသယဖြစ်ဟန်ဖြင့် မေးလိုက်လေသည်။
"သိတာပေါ့... သူက ချီမိသားစုရဲ့ သခင်မကြီး ချီဝမ်ကျင်းနဲ့ စေ့စပ်ထားတဲ့သူလေ... ထိုက်အန်းဒေသက အဆင့်ခြောက် တပ်မှူး ကျန်းချဲ့ဆိုတာ သူပဲ..."
ဝေ့ကျွင်းကျဲက လေးနက်သော အသံဖြင့် ပြန်ဖြေလိုက်လေသည်။
"ဘာ... သူလား..."
ဝေ့ကျွင်းကျဲ၏ စကားကြောင့် ထိုနေရာရှိ လူအများအပြားမှာ ချက်ချင်းပင် ဆူညံသွားကြလေသည်။
ချီမိသားစု၏ စေ့စပ်ပွဲ ကိစ္စကို ကြီးကြီးကျယ်ကျယ် မလုပ်ခဲ့သော်လည်း သတင်းများက အလွန် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့လေပြီ။ ပေလင်ဒေသတွင် သူတို့၏ သတင်းပေးများ ရှိနေသဖြင့် ဤနာမည်ကို သူတို့ အားလုံး ကြားဖူးထားကြပြီး ဖြစ်၏။
အချို့ကမူ ကျန်းချဲ့၏ ထူးခြားပြောင်မြောက်လှသော တိုက်ပွဲမှတ်တမ်းများကို ကြားဖူးထားသဖြင့် လေးနက်သော မျက်နှာထားများ ဖြစ်သွားကြလေသည်။
အချို့ကမူ ဂရုမစိုက်ဘဲ ကျန်းချဲ့ကို ချီမိသားစု၏ အိမ်ပါသမက် တစ်ယောက်မျှသာဟု ထင်မှတ်နေကြဆဲပင်။
အချို့ကမူ မကျေမနပ် ဖြစ်ကာ အော်ဟစ်လိုက်ကြလေသည်။
"ချီမိသားစုက စည်းကမ်းဖောက်နေတာပဲ... ဒီရွှမ်လင် လျှို့ဝှက်နယ်မြေက ငါတို့တွေ ပူးပေါင်းထိန်းချုပ်ထားတဲ့ နေရာလေ... ဘယ်လိုလုပ်ပြီး အပြင်လူကို ပေးဝင်ရတာလဲ..."
"ဟုတ်တယ်... ချီမိသားစုက အရမ်းကို လွန်လွန်းနေပြီ..."
"အားလုံး ပါးစပ်ပိတ်ထားကြစမ်း..."
ဝေ့မိသားစု အကြီးအကဲ၏ မျက်နှာက မည်းမှောင်သွားပြီး လူအများ၏ မကျေမနပ် ပြောဆိုမှုများကို ချက်ချင်း တားမြစ်လိုက်လေသည်။
ချီမိသားစုနှင့် ဝေ့မိသားစုတို့မှာ အတော်အတန် ရင်းနှီးသော ဆက်ဆံရေး ရှိကြပြီး ဝေ့မိသားစု၏ သခင်လေးကပင် ချီမိသားစု၏ ဒုတိယ သခင်မလေးနှင့် စေ့စပ်ရတော့မည် ဖြစ်သည်။ သဘောထား ကွဲလွဲမှုများ ရှိနေလျှင်တောင်မှ လူအများအပြား ရှေ့တွင် ထုတ်ပြော၍ မသင့်တော်ချေ။
သို့သော် လင်းမိသားစုနှင့် နဂါးကျား တာအိုဂိုဏ်းမှ လူများကတော့ ထိန်းချုပ်၍ မရနိုင်တော့ပေ။
ချီမိသားစုနှင့် လင်းမိသားစုမှာ သွေးကွဲရန်သူများ ဖြစ်ကြသည်။ နဂါးကျား တာအိုဂိုဏ်းက (အရင်က ထျန်းလုံ ဂိုဏ်း) ချီမိသားစုနှင့် ကြီးမားသော ရန်ငြိုးရန်စများ မရှိသော်လည်း ၎င်းတို့၏ လက်အောက်ခံ ဂိုဏ်းဖြစ်သော ဖူလုံကျောင်းတော်ကို ကျန်းချဲ့က ဖျက်ဆီးပစ်ခဲ့ကြောင်းကို သူတို့ ကြားသိထားပြီး ဖြစ်၏။ ထို့ကြောင့် သဘာဝကျကျပင် ဒေါသထွက်နေကြခြင်း ဖြစ်သည်။
"တာအိုမိတ်ဆွေတို့... မတွေ့ရတာ ကြာပြီနော်... အားလုံးပဲ နေကောင်းကြရဲ့လား..."
ချီမိသားစု အကြီးအကဲချုပ်က နေရာရွှေ့ပြောင်းခြင်း ပညာရပ်ကဲ့သို့ မျက်တောင်တစ်ခတ် အတွင်းမှာပင် ကောင်းကင်ဖုံး သိမ်းငှက်ကြီး ပေါ်မှ မြေပြင်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်ပြီး တောင်ထိပ်ပေါ်ရှိ ရင်းနှီးနေသော ပုံရိပ်အချို့ကို အကဲခတ်ရင်း နှုတ်ဆက်လိုက်လေသည်။ သူတို့ အားလုံးမှာ အမြဲတမ်းလိုလို ဆက်ဆံရေး ရှိနေသူများ ဖြစ်ကြသည်။ အချင်းချင်း ရန်သူများ ဖြစ်နေကြသော်လည်း အပြင်ပန်းတွင်မူ ဟန်ဆောင်ကောင်းကြဆဲပင်။
ကျန်းချဲ့နှင့် အခြားသူများလည်း မြေပြင်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်ပြီး အကြီးအကဲချုပ်၏ နောက်တွင် ရပ်နေလိုက်ကြလေသည်။ ချီနင်ပင်း တစ်ယောက်တည်းသာ လူအုပ်ထဲမှ ဝေ့ကျွင်းကျဲကို မြင်လိုက်ရသဖြင့် မျက်ခုံးလေးများ တွန့်ကွေးသွားပြီး ရွံရှာစက်ဆုပ်သည့် အရိပ်အယောင်များ ပေါ်ထွက်လာကာ ချီဝမ်ကျင်း၏ အနောက်သို့ မသိမသာ ဝင်ပုန်းနေလိုက်၏။ ဝေ့ကျွင်းကျဲနှင့် မည်သည့် ပတ်သက်မှုမျှ မလုပ်ချင်သောကြောင့်ပင်။
"အစ်ကိုချီ... နေကောင်းပါရဲ့လား..."
ဝေ့မိသားစု အကြီးအကဲက လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေ ပေးလိုက်လေသည်။
"တစ္ဆေအိုကြီးချီ... ဟိုကျန်းချဲ့က ဘာလို့ ဒီကို ရောက်နေရတာလဲ..."
လင်းမိသားစု အကြီးအကဲက မျက်နှာထား တင်းမာစွာဖြင့် မေးခွန်းထုတ်လိုက်လေသည်။
"ကျန်းချဲ့က ရွှမ်လင် လျှို့ဝှက်နယ်မြေထဲကို ဝင်မှာမို့လို့... ဒီရောက်နေတာပေါ့ကွ..."
အကြီးအကဲချုပ်က တည်ငြိမ်သော မျက်နှာထားဖြင့် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်လေသည်။
"တစ္ဆေအိုကြီးချီ... ချီမိသားစုက ဒီလိုလုပ်တာ စည်းကမ်းဖောက်လွန်းရာ မကျဘူးလား... ငါတို့ မိသားစုတွေ အစကတည်းက ပြောထားကြပြီးသားလေ... အပြင်လူကို ရွှမ်လင် လျှို့ဝှက်နယ်မြေထဲ ဝင်ခွင့်မပြုဘူးဆိုတာကို... အခု မင်း ဒီလိုလုပ်တာက ကတိဖျက်တာပဲ..."
လင်းမိသားစု အကြီးအကဲက အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။
"အစ်ကိုလင်း ပြောတာလည်း အကြောင်းပြချက် မရှိတာတော့ မဟုတ်ဘူး... တာအိုမိတ်ဆွေချီ... ခင်ဗျားက အဲ့ဒီ ကျန်းချဲ့ကို လျှို့ဝှက်နယ်မြေထဲ လွှတ်လိုက်တာက... နည်းနည်းတော့ မသင့်တော်ဘူး မဟုတ်လား..."
နဂါးကျား တာအိုဂိုဏ်းကို ဦးဆောင်လာသော ပုပုဝဝ သက်ကြီးရွယ်အို တစ်ဦးကလည်း ထောက်ခံပြောဆိုလိုက်လေသည်။
"ဘာများ မသင့်တော်စရာ ရှိလို့လဲ... ကျန်းချဲ့က ငါတို့ရဲ့ ဝမ်ကျင်းနဲ့ စေ့စပ်ထားပြီးပြီဆိုတော့... ချီမိသားစုရဲ့ သမက်ပဲလေ... သဘာဝကျကျပဲ ချီမိသားစုဝင် တစ်ယောက် ဖြစ်သွားပြီပေါ့... ဘယ်လိုလဲ... သမက်ဆိုတာ ကိုယ့်မိသားစုဝင် မဟုတ်ဘူးလို့ ဘယ်သူများ ပြောဖူးလို့လဲ... ဟေ..."
အကြီးအကဲချုပ်က သူ၏ တောင်ဝှေးကို မြေပြင်ပေါ်သို့ အားကုန် စောင့်ချလိုက်ပြီး ခပ်အေးအေး လေသံဖြင့် ပြန်ဖြေလိုက်လေသည်။
"မင်း..."
လင်းမိသားစု အကြီးအကဲမှာ ချက်ချင်းပင် စကားမပြောနိုင် ဖြစ်သွားရလေသည်။ သမက်ဆိုသည်မှာ ကိုယ့်မိသားစုဝင် မဟုတ်ဘူးဟူသော စကားကို သူ လျှောက်မပြောရဲချေ။ မဟုတ်ပါက လင်းမိသားစုနှင့် စေ့စပ်ထားသူများ သို့မဟုတ် အိမ်ပါသမက်များ၏ ရင်ထဲတွင် သံသယများ ဖြစ်ပေါ်လာနိုင်ပေသည်။
"တစ္ဆေအိုကြီးချီ... ဒီနေရာမှာ လာပြီး စကားလှည့်ကွက်တွေ သုံးမနေစမ်းနဲ့..."
"ခွေးအိုကြီးလင်း... မင်းက ဘာတွေ လာဟောင်နေတာလဲ... ငါတို့ ချီမိသားစုက စည်းကမ်းဖောက်တာ မဟုတ်ဘူး... သမက်ဆိုတာ ချီမိသားစုဝင်ပဲ... ဘာလဲ... ငါတို့ ချီမိသားစုဝင်တွေကို လျှို့ဝှက်နယ်မြေထဲ ဝင်ခွင့်မပေးနိုင်ဘူးလို့ ပြောချင်တာလား... ဟွန်း... ကျုပ်ကို ဒေါသထွက်အောင် လာမလုပ်နဲ့နော်... ဒီနဂါးခေါင်း တောင်ဝှေးနဲ့ မင်း ကိုယ်လုံးကို ရိုက်ချိုးပစ်လိုက်မယ်..."
"ကျုပ်ကလည်း... မင်း တစ္ဆေအိုကြီးချီ ဒီနှစ်တွေထဲမှာ ဘယ်လောက်တောင် တိုးတက်လာသလဲဆိုတာ ကြည့်ချင်နေတာပဲ..."
လင်းမိသားစု အကြီးအကဲက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ဝေ့မိသားစု အကြီးအကဲက တားဆီးလိုက်လေသည်။
"အစ်ကိုလင်း စိတ်မဆိုးပါနဲ့... ဘေးပတ်ဝန်းကျင်မှာက ဂျူနီယာတွေချည်းပဲလေ... အရမ်းကြီး ပြဿနာတက်သွားရင် ကြည့်ရဆိုးလိမ့်မယ်... ရပ်လိုက်ကြရအောင်ပါ..."
"ဒီလိုဆိုမှတော့... မင်းတို့ ချီမိသားစုက ဒီထုံးစံကို စတင်လိုက်ပြီပေါ့လေ..."
နဂါးကျား တာအိုဂိုဏ်းမှ သိုင်းသမားက အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။
"တကယ်လို့ မင်းတို့မှာ သဘောထားကွဲလွဲမှု ရှိတယ်ဆိုရင်လည်း... လူစားလဲလို့ ရပါတယ်... ကျုပ်က ဘာမှ ကန့်ကွက်စရာ မရှိဘူး..."
အကြီးအကဲချုပ်က မေးအောက်ရှိ မုတ်ဆိတ်မွေးရှည်များကို လေပြေလေညင်းလေး တစ်ချက် ဖြတ်သန်းသွားချိန်တွင် သပ်ချလိုက်ရင်း ခံ့ညားထည်ဝါစွာ ပြန်ပြောလိုက်လေသည်။
"ကောင်းပြီလေ... ဒီလိုဆိုမှတော့... နောက်တစ်ကြိမ်ကျရင် ငါတို့ နဂါးကျား တာအိုဂိုဏ်းကလည်း သမက်တွေကို ထွက်ခွင့်ပေးရတော့မှာပေါ့..."
"ဟုတ်တယ်... ပါရမီနည်းနည်း ကောင်းတဲ့ ကျင့်ကြံသူ တစ်ယောက်ကို သမက်တော်ထားရုံနဲ့... မင်းတို့ ချီမိသားစုက တုန်လှုပ်ချောက်ချား သွားစေနိုင်ပြီလို့ မထင်လိုက်နဲ့... မသိတဲ့သူတွေက မင်းတို့ ချီမိသားစုမှာပဲ သမီးရှိတယ်လို့ ထင်သွားကြဦးမယ်..."
လင်းမိသားစု အကြီးအကဲကလည်း အသံကို မြှင့်ကာ ထောက်ခံလိုက်လေသည်။
"သဘောပဲလေ..."
ချီမိသားစု အကြီးအကဲကတော့ ဂရုမစိုက်ဟန်ဖြင့်သာ တုံ့ပြန်လိုက်လေသည်။
"ဘိုးဘိုးက ဒီလောက်ထိ ဖြစ်နေစရာ မလိုပါဘူး... ဘယ်လိုပဲပြောပြော ကျန်းချဲ့ တစ်ယောက်တည်း ရှိတာပဲဟာကို... လူတွေကတော့ ဒီလူ့ရဲ့ ပါရမီက အနှစ်တစ်ရာမှာ တစ်ခါကြုံရခဲတယ်လို့ ပြောကြတယ်... ဒါပေမဲ့ မြေးတော်ကတော့ အဲ့ဒီလို မထင်ပါဘူး... ဘယ်လောက် စွမ်းဆောင်နိုင်လဲ ဆိုတာကတော့... နောက်ဆုံးကျရင် လျှို့ဝှက်နယ်မြေထဲမှာ တွေ့ရမှာပါပဲ... အဲ့ဒီအချိန်ကျရင်... ဒီလူ့ကို မြေးတော်ဆီသာ လွှဲထားလိုက်ပါ..."
လင်းမိသားစု အတွင်းမှ ခရမ်းရောင် ဝတ်ရုံရှည်ကို ဆင်မြန်းထားပြီး ဆံနွယ်များကို သေသပ်စွာ စည်းနှောင်ထားသော ရုပ်ရည်ချောမောသည့် လူငယ်တစ်ဦးက ယပ်တောင်ကို ကိုင်ဆောင်ကာ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖန်တီး၍ ကြီးမားလှသော ယုံကြည်ချက်များဖြင့် ပြောလိုက်လေသည်။
"ဟုတ်တာပေါ့... ကျန်းချဲ့က ဖူလုံကျောင်းတော်ကို သတ်ဖြတ်ဖျက်ဆီးခဲ့တဲ့ ကိစ္စကို... တပည့်တော် စောစောကတည်းက ကြားထားခဲ့တာပါ... ဒီလျှို့ဝှက်နယ်မြေ အခွင့်အရေးကို အသုံးချပြီးတော့... လက်အောက်ခံ ဂိုဏ်းဖြစ်တဲ့ ဖူလုံကျောင်းတော် အတွက် တရားဝင် ကလဲ့စားချေပေးရမှာပေါ့... တကယ်လို့ အဲ့ဒီ ကျန်းချဲ့ကိုသာ သွားခွင့်မပြုဘူး ဆိုရင်... ဆန့်ကျင်ဘက် အနေနဲ့ အကြောင်းပြချက် မရှိသလို ဖြစ်သွားလိမ့်မယ်..."
နဂါးကျား တာအိုဂိုဏ်းမှ စိတ်အားထက်သန်နေသော တာအိုလူငယ် တစ်ဦးကလည်း လူကြီးများကို နှစ်သိမ့်ပေးလိုက်လေသည်။