← Chapters

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း (၂၀၅) ယဇ်ပူဇော်ခြင်း... ရွှေအမြုတေ တည်ဆောက်ခြင်း

စကားပြောနေသူ နှစ်ဦးအနက်... တစ်ဦးမှာ ဤမျိုးဆက်တွင် ပါရမီအပါဆုံးဟု နာမည်ကြီးသော လင်းမိသားစု၏ မျိုးဆက်သခင်လေး လင်းယန် ဖြစ်ပြီး... နောက်တစ်ဦးမှာ နဂါးကျား တာအိုဂိုဏ်းချုပ်၏ တပည့်ရင်းဖြစ်သော ဟုန်ချန် ပင် ဖြစ်လေသည်။

၎င်းတို့ နှစ်ဦးစလုံးမှာ လွန်စွာ ကြီးမားသော ယုံကြည်ချက် ကိုယ်စီ ရှိနေကြ၏။

သူတို့သည် မိသားစုနှင့် ဂိုဏ်း၏ ထောက်ပံ့ပြုစုပျိုးထောင်မှုများကို အပြည့်အဝ ရရှိထားကြပြီး... ထိပ်တန်း အရင်းအမြစ်များကို အသုံးပြုခွင့် ရရှိထားကြသူများ ဖြစ်သည်။ ထို့အပြင် ကိုယ်ပိုင် အထူးခန္ဓာကိုယ်များကိုပါ ပိုင်ဆိုင်ထားကြသေးရာ... ကျန်းချဲ့၏ နာမည်က မည်မျှပင် ကြီးမားနေပါစေ... သတ်ဖြတ်ခြင်း အရှိန်အဝါက မည်မျှပင် ပြင်းထန်နေပါစေ... ကျန်းချဲ့က မွေးရာပါအဆင့်တွင်သာ ရှိနေသေးသဖြင့် သူတို့က အနည်းငယ်မျှ ကြောက်ရွံ့နေခြင်း မရှိကြချေ။

လင်းမိသားစု အကြီးအကဲက လင်းယန်ကို စိုက်ကြည့်လိုက်လေသည်။ လင်းယန်၏ ယုံကြည်ချက် အပြည့်ရှိနေသော ဟန်ပန်ကို မြင်လိုက်ရသောအခါ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ဤမြေးဖြစ်သူ၏ စွမ်းအားအပေါ် သူ အတော်လေး ယုံကြည်မှု ရှိပြီး... ဤတစ်ကြိမ် ရွှမ်လင် လျှို့ဝှက်နယ်မြေအတွက် လင်းမိသားစု၏ လျှို့ဝှက်လက်နက် တစ်ခုလည်း ဖြစ်ပေသည်။

လျှို့ဝှက်နယ်မြေ အတွင်း၌ ကိုးကွေ့ ရွှမ်ဂျင်ဆင်းက ဝိညာဉ်အသိ ပွင့်နေပြီဆိုသည့် သတင်းမှာ လျှို့ဝှက်ချက် တစ်ခု မဟုတ်တော့ချေ။ ချီမိသားစု သာမက သူတို့လည်း ကောင်းကောင်း သိထားကြပြီး... ယခု စေလွှတ်လိုက်သော တပည့်များမှာလည်း မိသားစု၏ ထိပ်တန်း ပါရမီရှင်များ သာ ဖြစ်သည်။

အကယ်၍ ချီမိသားစုက စည်းမျဉ်းတွေကို ဖောက်ဖျက်ပြီး ကျန်းချဲ့ကိုပါ ဝင်ရောက်ခွင့် ပြုလိုက်လျှင်တောင်မှ... လင်းယန်က ကျန်းချဲ့ထက် သာလွန်လိမ့်မည်ဟု သူ ယုံကြည်ထားဆဲပင် ဖြစ်၏။

"မင်းရဲ့ စွမ်းအားက မဆိုးဘူး ဆိုပေမဲ့... ကျန်းချဲ့ကိုတော့ အထင်သေးလို့ မရဘူးကွာ... ချီကျန်းနန်လို လူက သူ့ရဲ့ သမီးအရင်းကိုတောင် လက်ထပ်ပေးဖို့ သဘောတူထားတယ် ဆိုကတည်းက... ဒီကောင်မှာ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေ ရှိနေလို့ပဲ... ဒီကောင်က ချီရှောက်ယန်နဲ့ တိုက်ခိုက်တဲ့ အခါမှာတောင် အချိန်အကြာကြီး တောင့်ခံထားနိုင်တယ်လို့ ငါ ကြားထားတယ်... အဲ့ဒါက ဒီကောင် သာမန်လူ မဟုတ်ဘူးဆိုတာကို သက်သေပြနေတာပဲကွ... မင်း လျှို့ဝှက်နယ်မြေထဲ ရောက်သွားရင် အခွင့်အရေး ရတာနဲ့ သူ့ကို သတ်ပစ်လိုက်... အခွင့်အရေး မရဘူးဆိုရင်လည်း အတင်းအကျပ် မလုပ်ဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ကိုပဲ အဓိကထားရမယ်နော်..."

"ဘိုးဘိုးကြီးရဲ့ စကားတွေကို မြေးတော် သေချာ မှတ်သားထားပါ့မယ်..."

လင်းယန်က ခေါင်းညိတ်လိုက်လေသည်။

လင်းမိသားစု၏ မျိုးဆက် သခင်လေး တစ်ယောက် အနေဖြင့် သူ၏ အမြင်က ကျဉ်းမြောင်းနေမည် မဟုတ်ချေ။ နှုတ်မှ ကျန်းချဲ့ကို အထင်သေးသော စကားများ ပြောဆိုနေသော်လည်း... ချီမိသားစု၏ အလေးထားခြင်းကို ခံရသူ တစ်ယောက်မှာ သာမန် မဟုတ်နိုင်မှန်း သူ ကောင်းကောင်း သိထားသည်။ ထို့ကြောင့် ဤလူအပေါ် အလွန်တရာ သတိထားနေမည်မှာ အသေအချာပင်။

နဂါးကျား တာအိုဂိုဏ်းမှ ပုပုဝဝ အသက်ကြီးရွယ်အိုက အဝေးရှိ ကျန်းချဲ့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး အတွေးများနေလေသည်။ ကျန်းချဲ့ လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်မည်ကို တားဆီး၍ မရနိုင်တော့မှန်း သူ သိထားသဖြင့် ဟုန်ချန်ကို လေးနက်သော မျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်၏။

"ဒီကောင်က ဖူလုံကျောင်းတော်ကို ဖျက်ဆီးပစ်ခဲ့ပြီး... ငါတို့ နဂါးကျား တာအိုဂိုဏ်းရဲ့ မျက်နှာကို အိုးမဲသုတ်ခဲ့တာကွ... မင်းက သူ့ကို သတ်နိုင်တယ်လို့ ယုံကြည်ချက် ရှိနေမှတော့... သူ့ရဲ့ ခေါင်းကို ဖြတ်ပြီး ငါ့ဆီ ယူလာခဲ့စမ်း... ငါ မင်းကို ဆုကြေး အကြီးကြီး ပေးမယ်ကွာ..."

"တပည့်တော် နားလည်ပါပြီ..."

ဟုန်ချန်က ခေါင်းကို မော့ကာ ယုံကြည်ချက် အပြည့်ဖြင့် ပြန်ဖြေလိုက်လေသည်။

"ဒါပေမဲ့ ပေါ့ဆလို့တော့ မရဘူးနော်... တကယ်လို့ ဒီကောင်ကို မသတ်နိုင်ခဲ့ဘူး ဆိုရင်တောင် ငါက မင်းကို အပြစ်တင်မှာ မဟုတ်ပါဘူး... အဓိကက ဘေးကင်းကင်း ပြန်လာနိုင်ဖို့ကိုပဲ သတိပြုရမယ်..."

"အကြီးအကဲ စိတ်ချပါ... တပည့်တော် သူ့ရဲ့ ခေါင်းကို သေချာပေါက် ယူလာခဲ့ပါ့မယ်..."

ဟုန်ချန်က စကားတစ်လုံးချင်းစီကို ပီပီသသ ပြန်ပြောလိုက်လေသည်။

"တစ္ဆေအိုကြီးချီ... မင်းက သစ္စာမရှိဘဲ စည်းမျဉ်းတွေကို ဖောက်ဖျက်လိုက်ပြီ ဆိုတော့... လျှို့ဝှက်နယ်မြေထဲမှာ ငါတို့ လင်းမိသားစုက လူတွေ ရက်ရက်စက်စက် လုပ်ခဲ့ရင်လည်း အပြစ်လာမတင်နဲ့ကွာ... အဲ့ဒီအချိန်ကျရင်... ရှုံးမဲ မမဲဖို့ပဲ မျှော်လင့်ပါတယ်..."

"မင်းတို့ လင်းမိသားစုက ခွေးပေါက်လေးတွေသာ တကယ် စွမ်းဆောင်နိုင်မယ် ဆိုရင်... ကျုပ်က လုံးဝ ဒေါသထွက်မှာ မဟုတ်ပါဘူးကွာ... ခွေးအိုကြီးလင်း... မင်းကသာ ဒီတစ်ခေါက် လျှို့ဝှက်နယ်မြေထဲကို မိသားစုဝင်တွေ လွှတ်လိုက်မိတာကို နောင်တရနေမှာ စိုးရတယ်..."

ချီမိသားစု အကြီးအကဲချုပ်က အေးစက်စက် နှာခေါင်းရှုံ့ကာ မောက်မာစွာ ပြန်ပြောလိုက်လေသည်။

"ကောင်းပြီလေ... ကောင်းပြီလေ... ဒါဆိုရင် လျှို့ဝှက်နယ်မြေထဲမှာ ဘယ်သူ အစွမ်းထက်လဲ ဆိုတာ ကြည့်ကြသေးတာပေါ့..."

လင်းမိသားစု အကြီးအကဲက ချီအကြီးအကဲချုပ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီးနောက်... သူ့ကို ဆက်လက် အာရုံမစိုက်တော့ဘဲ နဂါးကျား တာအိုဂိုဏ်းမှ တာအိုမိတ်ဆွေ တစ်ဦးနှင့် လှည့်၍ စကားစမြည် ပြောဆိုနေလေသည်။

လင်းမိသားစုနှင့် ချီမိသားစုမှာ မသင့်မြတ်ကြသော်လည်း အခြား မိသားစုများနှင့်တော့ အတော်အတန် အဆင်ပြေကြပေသည်။ အထူးသဖြင့် နဂါးကျား တာအိုဂိုဏ်းပင် ဖြစ်၏။ ကျန်းချဲ့နှင့် နဂါးကျား တာအိုဂိုဏ်းကြား ရန်ငြိုးများ ရှိနေကြောင်း သူတို့၏ တုံ့ပြန်မှုများမှတစ်ဆင့် သိထားပြီးဖြစ်ရာ... ဤအခွင့်အရေးကို အသုံးချကာ ချီမိသားစုကို ပူးပေါင်းတိုက်ခိုက်ရန် အကြံအစည် ရှိနေလေသည်။

ဝေ့မိသားစု အကြီးအကဲက မုန်တိုင်းငယ်လေး ငြိမ်သက်သွားသည်ကို မြင်သောအခါ... ချီမိသားစု အကြီးအကဲချုပ်ထံသို့ သွားရောက်ကာ မိသားစု တပည့်များ၏ အကြောင်းကို ဆွေးနွေးလိုက်လေသည်။

ယခုတစ်ကြိမ် ရွှမ်လင် လျှို့ဝှက်နယ်မြေအတွက် ဝေ့မိသားစုကလည်း ထိပ်တန်း တပည့်များကို စေလွှတ်ထားခြင်း ဖြစ်၏။ မျိုးဆက် သခင်လေး ဖြစ်သော ဝေ့ကျွင်းကျဲ အပါအဝင် အခြားသော ပါရမီရှင် တပည့် အများအပြား ပါဝင်သော်လည်း... အရမ်းကြီး ထူးချွန်ပြောင်မြောက်သူများ မရှိသဖြင့် ချီမိသားစုနှင့် ပူးပေါင်းကာ လျှို့ဝှက်နယ်မြေ အတွင်း၌ အချင်းချင်း ကူညီဖေးမရန် ဆွေးနွေးလိုခြင်း ဖြစ်ပေသည်။

"ဒီကိစ္စက လွယ်ပါတယ်... ကျုပ်က သူတို့ကို သေချာ မှာကြားပေးပါ့မယ်..."

အကြီးအကဲချုပ်က မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖန်တီးကာ ခေါင်းညိတ်ပြလိုက်လေသည်။

ခေတ္တမျှ ထပ်မံ စကားပြောဆိုပြီးနောက်... ချီမိသားစု အကြီးအကဲချုပ်က ကျန်းချဲ့၏ အရှေ့သို့ တိတ်တဆိတ် ရောက်ရှိလာပြီး လေးနက်သော မျက်နှာထားဖြင့် ရပ်လိုက်လေသည်။

"အကြီးအကဲချုပ်... ဘာများ အမိန့်ပေးစရာ ရှိလို့လဲဗျ..."

ကျန်းချဲ့က ကိုယ်ကိုကိုင်းညွတ်၍ အရိုအသေ ပေးလိုက်လေသည်။

"မင်း လျှို့ဝှက်နယ်မြေထဲ ဝင်မှာကို လင်းမိသားစုနဲ့ နဂါးကျား တာအိုဂိုဏ်းက အရမ်းကို အပြင်းအထန် ကန့်ကွက်နေကြတယ်... မင်းတို့ကိုတောင် လုပ်ကြံမယ်လို့ ခြိမ်းခြောက်နေသေးတယ်ကွ... လျှို့ဝှက်နယ်မြေထဲ ရောက်သွားရင် အခွင့်အရေး ရတာနဲ့ လင်းမိသားစုနဲ့ နဂါးကျား တာအိုဂိုဏ်းက ခွေးပေါက်လေးတွေကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ သတ်ပစ်လိုက်စမ်းပါ..."

ကျန်းချဲ့၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားလေသည်။

စောစောက သူတို့ ပြောဆိုနေကြသော စကားများကို ကျန်းချဲ့ ကိုယ်တိုင်လည်း ရှင်းရှင်းလင်းလင်း ကြားထားခဲ့ပြီး ဖြစ်သည်။ အထူးသဖြင့် နဂါးကျား တာအိုဂိုဏ်းမှ လူများက သူ့ကို ကြည့်နေသော အကြည့်များမှာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည် မဟုတ်ပါလော။

မိမိကို ရန်သူအဖြစ် သတ်မှတ်လာမှတော့ မိမိကလည်း ဆယ်ဆ ပြန်လည် တုံ့ပြန်ပေးရမည်သာ ဖြစ်သည်။ အကြီးအကဲချုပ် အထူးတလည် မှာကြားနေရန်ပင် မလိုဘဲ... သူတို့ကို ကောင်းကောင်း နေခွင့်ပေးမည် မဟုတ်ချေ။

ထို့ကြောင့် ကျန်းချဲ့က ချက်ချင်းပင် မေးလိုက်၏။

"တကယ်လို့များ ဂျူနီယာက မတော်တဆ သူတို့ အားလုံးကို သတ်ပစ်လိုက်မိရင်... တစ်ခုခု ပြဿနာ တက်လာနိုင်မလားဗျ..."

အကြီးအကဲချုပ် တစ်ယောက် မှင်တက်သွားပြီးနောက် ချက်ချင်းပင် သူ၏ သဘောထားကို ဖော်ပြလိုက်လေသည်။

"ကိစ္စမရှိဘူး... ကောင်းကင်ပြိုကျလာရင်တောင် ကျုပ်က ထောက်ထားပေးမယ်... ဒါပေမဲ့ ဝေ့မိသားစုက လူတွေနဲ့ ဘာအကျိုးစီးပွားမှ မပတ်သက်ဘူးဆိုရင်... တတ်နိုင်သလောက်တော့ မထိခိုက်အောင် ရှောင်ပေးလိုက်ပါ... သူတို့ကလည်း ချီမိသားစုက တပည့်တွေအပေါ် အဲ့ဒီလိုမျိုး ဆက်ဆံပေးလိမ့်မယ်..."

အကြီးအကဲချုပ်၏ စိတ်ထဲတွင် ကျန်းချဲ့က အလွန်တရာ အစွမ်းထက်သည် မှန်သော်လည်း... ယုတ္တိရှိသော အတိုင်းအတာ တစ်ခု အတွင်း၌သာ ရှိနေသေးသည်ဟု ထင်မှတ်ထားလေသည်။

ထို့ကြောင့် ကျန်းချဲ့ အနေဖြင့် လင်းမိသားစုနှင့် နဂါးကျား တာအိုဂိုဏ်းမှ လူများ အားလုံးကို အပြတ်ရှင်းနိုင်စွမ်း ရှိလိမ့်မည်ဟု သိပ်ပြီး မယုံကြည်ထားချေ။ ထို့ကြောင့် သူက ဂရုမစိုက်ဟန်ဖြင့်သာ သဘောထား ဖော်ပြလိုက်ခြင်း ဖြစ်၏။

"ဂျူနီယာ နားလည်ပါပြီ..."

"ဒါနဲ့... ဝိညာဉ်ဓားတောင်က လူတွေလည်း ရှိသေးတယ်နော်... ချီမိသားစုနဲ့ ဝိညာဉ်ဓားတောင်က နှစ်ပေါင်းများစွာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်ကွ... ပြဿနာ မရှိဘူးဆိုရင် သူတို့ကိုလည်း သတ်ဖြတ်တာတွေ မလုပ်ပါနဲ့... ဒါပေမဲ့ တကယ်လို့ သူတို့က ငါတို့ ချီမိသားစုဝင်တွေကို အရင် စတင်တိုက်ခိုက်လာမယ် ဆိုရင်တော့... သတ်ပစ်လိုက်ရင်လည်း ကိစ္စမရှိပါဘူးကွာ..."

"ဂျူနီယာ သေချာ မှတ်သားထားပါ့မယ်..."

"နင်ပင်း... မတွေ့ရတာ ရက်နည်းနည်းလေး ရှိသေးတယ်... မင်းက ပိုလှလာပါလား..."

အကြီးအကဲချုပ်က ကျန်းချဲ့ကို မှာကြားနေစဉ်မှာပင်... ဝေ့မိသားစု၏ သခင်လေး ဝေ့ကျွင်းကျဲသည် ချီမိသားစု အဖွဲ့ထံသို့ တိတ်တဆိတ် ရောက်ရှိလာပြီး... ချီနင်ပင်းကို လေးနက်သော မျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်လေသည်။

သူ၏ အမူအရာမှာ ယဉ်ကျေးပျူငှာလှပြီး... သူ၏ နာမည်ဆိုးများကိုသာ မသိထားပါက ထိုအပြင်ပန်း သွင်ပြင်ကြောင့် လှည့်စားခံရနိုင်ပေသည်။

"ဘယ်သူဘယ်ဝါမှန်းတောင် သေချာ မခွဲခြားတတ်ဘဲနဲ့များ... ငါ့ညီမကို လက်ထပ်ချင်သေးတယ်ပေါ့လေ..."

ပေါ့ပါးသော သံချပ်ကာကို ဆင်မြန်းထားသည့် ချီနင်ပင်းက အစ်မဖြစ်သူ ချီဝမ်ကျင်း၏ လေသံကို အတုခိုးကာ... ဝေ့ကျွင်းကျဲကို အေးစက်စက် အကြည့်များဖြင့် ကြည့်ရင်း ပြောလိုက်လေသည်။

ဤလေသံကို ကြားလိုက်ရသောအခါ ဝေ့ကျွင်းကျဲ တစ်ယောက် မှင်တက်သွားပြီး ချက်ချင်းပင် တောင်းပန်လိုက်၏။

"အကြီးဆုံး သခင်မလေး... စိတ်မဆိုးပါနဲ့ဗျာ... ကျွန်တော် မျက်စိလျှမ်းသွားလို့ပါ..."

ထို့နောက် သူက တကယ့် ချီဝမ်ကျင်း အစစ်ရှေ့သို့ လျှောက်သွားကာ တောင်းပန်စကား ဆိုလိုက်လေသည်။

"နင်ပင်း... စောစောက ကိုယ် လူမှားသွားလို့ပါ... မင်း စိတ်မဆိုးပါနဲ့နော်..."

ချီဝမ်ကျင်းက သူမ အယောင်ဆောင်ထားသော ညီမဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး... စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။ ထို့နောက် မျက်နှာကို တည်ကြပ်လိုက်ပြီး သတ်ဖြတ်လိုသော အငွေ့အသက်များကို ကိုယ်လုံးပေါ် လွှမ်းခြုံထားလိုက်ကာ ခပ်အေးအေး ပြောလိုက်၏။

"ဝေ့သခင်လေး တကယ်ပဲ မျက်စိလျှမ်းသွားတာပါလား..."

"နင်ပင်း... မင်း..."

"ဒီလောက် ရင်းရင်းနှီးနှီး လာမခေါ်ပါနဲ့... ကျန်းချဲ့ အထင်လွဲသွားမှာကို ကျွန်မ စိုးရိမ်လို့ပါ..."

ထိုစကားကို ပြောပြီးနောက် ချီဝမ်ကျင်းက မျက်လုံးများကို တိုက်ရိုက် ပိတ်လိုက်ပြီး ဝေ့ကျွင်းကျဲကို လုံးဝ အာရုံမစိုက်တော့ချေ။

သူမ၏ စကားကြောင့် ဝေ့ကျွင်းကျဲ တစ်ယောက် ထပ်မံ၍ မှင်တက်သွားရပြန်လေသည်။ ဘာအဓိပ္ပာယ်လဲ။ ကျန်းချဲ့ အထင်လွဲသွားမှာ စိုးရိမ်တယ်ဆိုပါလား။

သူ၏ သူငယ်အိမ်များ ချက်ချင်း ကျဉ်းမြောင်းသွားပြီး ဒေါသများ ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။

"ဝမ်ကျင်း... ဘာဖြစ်လို့လဲ..."

ကျန်းချဲ့က ချီဝမ်ကျင်း၏ ရှေ့သို့ ရောက်လာပြီး တိုးတိုးလေး ခေါ်လိုက်လေသည်။

"ဘာမှမဖြစ်ပါဘူး... ဝေ့သခင်လေး လူမှားသွားလို့ပါ..."

ချီဝမ်ကျင်းက ပြန်ဖြေလိုက်လေသည်။

ဘေးပတ်ဝန်းကျင်ရှိ ချီမိသားစု တပည့်များ အားလုံး ဝိုင်းဝန်း ရယ်မောလိုက်ကြသဖြင့်... ဝေ့ကျွင်းကျဲ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားရလေသည်။

'ဒါက ချီဝမ်ကျင်းဆိုရင်... စောစောက တစ်ယောက်က...'

ဤသို့ တွေးမိလိုက်သောအခါ သူ၏ အကြည့်များက ချီနင်ပင်းထံသို့ ထပ်မံ ရောက်ရှိသွားလေသည်။ သို့သော် သူမက သူ့ကို လုံးဝ ဂရုမစိုက်ဘဲ လေဟာနယ် တစ်ခုလိုသာ သဘောထားနေလေ၏။

ဘေးပတ်ဝန်းကျင်မှ လှောင်ရယ်သံများကို ကြားနေရသဖြင့် ဝေ့ကျွင်းကျဲ၏ မျက်နှာမှာ အလွန်တရာ ဆိုးရွားနေလေပြီ။ မျက်နှာ အကြိမ်ကြိမ် ပျက်ယွင်းသွားပြီးနောက်... သူ၏ စိတ်ထဲမှ ဒေါသများကို ဖိနှိပ်ထားကာ တကယ့် ချီနင်ပင်း အစစ်ရှေ့သို့ လျှောက်သွားလိုက်လေသည်။

"နင်ပင်း... မင်းက ကိုယ့်ကို နောက်ပြောင်နေတာကိုး..."

"ဝေ့သခင်လေး... ဒီလောက် ရင်းရင်းနှီးနှီး လာမခေါ်ပါနဲ့... ကျွန်မမှာ နာမည် အပြည့်အစုံ ရှိပါတယ်..."

ချီနင်ပင်းက အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်လေသည်။

"ကိုယ်..."

"စေ့စပ်ပွဲတောင် မလုပ်ရသေးဘူးဆိုတော့... ဝေ့သခင်လေး အနေနဲ့ နည်းနည်းလောက် အလှမ်းဝေးဝေး နေပေးပါ... ဒါမှ ရှင်ရော ကျွန်မရော နှစ်ယောက်စလုံး မျက်နှာ ပျက်စရာ မရှိမှာပေါ့..."

"ကိုယ် စကားမှားသွားလို့ပါ... ဒုတိယ သခင်မလေး စိတ်မဆိုးပါနဲ့... ကိုယ့်ဘက်က လိုအပ်တာတွေ ရှိရင်လည်း မင်းက သတိပေးလို့ ရပါတယ်..."

ဝေ့ကျွင်းကျဲက သူ၏ သိက္ခာကို အစွမ်းကုန် ထိန်းသိမ်းထားရင်း ပြန်ပြောလိုက်လေသည်။

"ကျွန်မ ကျင့်ကြံတော့မှာမို့လို့... ဝေ့သခင်လေး ပြန်လို့ရပါပြီ..."

ချီနင်ပင်းက ထိုစကားကို ပြောပြီးနောက် မျက်လုံးများကို ပိတ်လိုက်လေတော့သည်။

"ကောင်းပါပြီ... ကောင်းပါပြီ... ဒုတိယ သခင်မလေး အရင် ကျင့်ကြံလိုက်ပါဦး... ကိစ္စရှိရင် ကိုယ့်ကို ခေါ်လိုက်ပေါ့... ဒါနဲ့... လျှို့ဝှက်နယ်မြေထဲ ရောက်သွားလို့ ပြဿနာ တစ်ခုခု ကြုံလာရရင်လည်း ကိုယ့်ဆီ လာခဲ့လို့ ရတယ်နော်... ကိုယ်က အသက်ပေးပြီး မင်းကို ကာကွယ်ပေးမှာပါ..."

ဝေ့ကျွင်းကျဲက ပြုံးပြလိုက်ပြီးနောက် လှည့်ထွက်သွားကာ ဝေ့မိသားစု အဖွဲ့ထံသို့ ပြန်သွားလေသည်။

"အဆင်ပြေရဲ့လား..."

ကျန်းချဲ့က ဂရုတစိုက်ဖြင့် မေးလိုက်လေသည်။

"အဆင်ပြေပါတယ်... ခဲအို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးပါပဲ..."

ချီနင်ပင်းက မျက်လုံးများကို ဖွင့်ကာ မျက်တောင်လေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း သူမ၏ မျက်နှာပေါ်တွင် ချိုမြိန်သော အပြုံးလေးတစ်ခု ပေါ်ထွက်လာလေသည်။

'သေချင်းဆိုးကောင်...'

ချီနင်ပင်း၏ ဘေးနားတွင် ဝေ့ကျွင်းကျဲက ဝေ့မိသားစု သခင်လေး တစ်ယောက်၏ အသွင်အပြင်ကို ထိန်းသိမ်းထားနိုင်ခဲ့သော်လည်း... ဝေ့မိသားစု စခန်းသို့ ပြန်ရောက်သွားချိန်တွင်မူ သူ၏ ရင်ထဲရှိ ဒေါသများနှင့် အမုန်းတရားများကို လုံးဝ ထိန်းချုပ်၍ မရနိုင်တော့ချေ။

ချီနင်ပင်းက သူ့ကို ဘယ်လိုများ ဒီလို ဆက်ဆံရက်ရတာလဲ။ သူမက ချီမိသားစု၏ ဒုတိယ သခင်မလေး ဖြစ်သည်မှာ မှန်သော်လည်း... သူကလည်း ဝေ့မိသားစု၏ သခင်လေးပင် ဖြစ်သည်။ မည်သည့် နေရာကများ သူမနှင့် မတန်မရာ ဖြစ်နေလို့လဲ။ ဘာကြောင့်များ အကြိမ်တိုင်း သူ့အပေါ် ဤမျှလောက် အေးစက်စက် ဆက်ဆံနေရသနည်း။

အကယ်၍ ဤစေ့စပ်ပွဲက သူ့အတွက် အလွန် အရေးမကြီးပါက... ဤစေ့စပ်ပွဲကို ဖျက်သိမ်းပစ်ချင်စိတ်များပင် ပေါ်လာမိသည်။ ချီနင်ပင်းက နတ်သမီးလေး တစ်ပါးလို လှပနေလျှင်တောင်မှ သူ့ကို အမြဲတမ်း အရှက်ခွဲနေ၍ မရနိုင်ချေ။ သူ၏ မျက်နှာကို ဘယ်နေရာ သွားထားရမည်နည်း။ ဝေ့မိသားစု၏ ဂုဏ်သိက္ခာကို ဘယ်နေရာ သွားထားရမည်နည်း။

ကြောက်မက်ဖွယ် ကောင်းလောက်အောင် ဒေါသထွက်နေသော ဝေ့ကျွင်းကျဲ၏ အမူအရာကို ဝေ့မိသားစု တပည့် အများအပြားက ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရပြီး... အများစုမှာ လှောင်ပြောင်လိုသော မျက်နှာထားများ ဖြစ်သွားကြလေသည်။

မိသားစု ခေါင်းဆောင်ကြောင့် ဝေ့ကျွင်းကျဲ၏ သခင်လေး နေရာကို သူတို့က အပြင်ပန်းတွင် မကန့်ကွက်ရဲကြသော်လည်း... စိတ်ထဲတွင်တော့ သေးသိမ်စွာ ရှုမြင်နေကြ၏။ မိန်းမ တစ်ယောက်ကိုတောင် မထိန်းချုပ်နိုင်တဲ့သူက... ဘာများ ဝေ့မိသားစု သခင်လေး လုပ်နေဦးမှာလဲ။

"ကျွင်းကျဲ... ခဏတာ စိတ်ပျက်စရာလေးက ဘာမှ မဟုတ်ပါဘူးကွာ... မိန်းမ တစ်ယောက်ကြောင့် မင်းရဲ့ စိတ်တွေ လှုပ်ရှားမခံပါနဲ့... မင်းက ဝေ့မိသားစုရဲ့ သခင်လေးလေ... နောင်ကျရင် ဘယ်လို မိန်းမမျိုးကိုမဆို ရနိုင်တာပဲ... ဘာလို့ ဒေါသထွက်နေရမှာလဲ..."

အစိမ်းနုရောင် ဝတ်ရုံကို ဆင်မြန်းထားသော လူငယ်တစ်ဦးက ဝေ့ကျွင်းကျဲ၏ ဘေးသို့ ရောက်လာပြီး... မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။

"အစ်ကိုသုံး ပြောတာ မှန်ပါတယ်..."

ဝေ့ကျွင်းကျဲ၏ မျက်နှာပေါ်ရှိ ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားလေသည်။ ဤလူ၏ ရှေ့တွင် သူက အထင်သေးမခံနိုင်ချေ။

ထိုလူမှာလည်း ဝေ့မိသားစု၏ ပင်မမျိုးနွယ်ဝင် တစ်ဦး ဖြစ်ပြီး... ဤမျိုးဆက်တွင် အတော်ဆုံး တပည့် တစ်ဦးပင် ဖြစ်သည်။ သို့သော် လွန်ခဲ့သော ဆယ်နှစ်က သူ၏ အဘိုးဖြစ်သူ တိုက်ပွဲတွင် ကျဆုံးသွားခဲ့သဖြင့် ကျောထောက်နောက်ခံ အင်အား မရှိတော့ချေ။ ထိုသို့ မဟုတ်ပါက ဝေ့မိသားစု သခင်လေး နေရာမှာ သူ၏ နေရာသာ ဖြစ်ပေလိမ့်မည်။

ထိုလူက အမြဲတမ်း အပြစ်ကင်းစင်သော ပုံစံမျိုး ဟန်ဆောင်နေသော်လည်း... ဝေ့ကျွင်းကျဲက မိုက်မဲသူ မဟုတ်သဖြင့်... ထိုလူကို ကောင်းမွန်သော အစ်ကို တစ်ယောက်ဟု ဘယ်သောအခါမျှ မထင်မှတ်ထားခဲ့ချေ။

ဝေ့ယင်းကျဲက ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလိုက်လေသည်။

"မိန်းမတွေကို ကိုင်တွယ်ဖို့ ဆိုရင်... သူတို့ရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့ပဲ အဓိကပဲ... အဲ့ဒါဆိုရင် သူတို့က မင်းအပေါ် သေတစ်ဖန် သက်တစ်ဆုံး သစ္စာရှိသွားလိမ့်မယ်... ကျွင်းကျဲ... မင်း နားလည်လား..."

"အစ်ကိုသုံးက လျှို့ဝှက်နယ်မြေထဲ ရောက်ရင် ချီနင်ပင်းကို အပိုင်သိမ်းလိုက်ဖို့ ပြောချင်တာလား..."

"မင်းဘာသာ စဉ်းစားလေ... ငါက ဘာမှ မပြောဘူးနော်..."

"ဟီးဟီး..."

ဝေ့ကျွင်းကျဲက ဝေးကွာသွားသော ဝေ့ယင်းကျဲ၏ ကျောပြင်ကို ကြည့်ရင်း... သူ၏ မျက်နှာပေါ်ရှိ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

သူ့ကို အရူးလို့များ ထင်နေတာလား။ တကယ်လို့များ ချီနင်ပင်းကို မကောင်းကြံလိုက်ရင်... အပြင်ရောက်တာနဲ့ ချီမိသားစုက သူ့ကို ပထမဆုံး အလွတ်ပေးမှာ မဟုတ်ဘူး... စေ့စပ်ဖို့ နေနေသာသာ... သူ့ကို သတ်ပြီး ဒေါသဖြေကြမှာ အသေအချာပဲ... ဒီလို အကွက်လေးနဲ့များ သူ့ကို လာလှည့်စားချင်နေသေးတယ်။

"မင်း အဲ့ဒီလို မပြောသင့်ဘူး... ဝေ့ကျွင်းကျဲက ဉာဏ်မကောင်းပေမဲ့... အရမ်းကြီးလည်း မတုံးဘူးလေ..."

ဝေ့ယင်းကျဲ တစ်ယောက် ဝေ့ကျွင်းကျဲနှင့် ဝေးကွာသွားပြီး သာမန်ရုပ်ရည်ရှိသော ဝေ့မိသားစု တပည့် တစ်ဦး အနီးသို့ ရောက်ရှိသွားသောအခါ... ထိုသူက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး... နှုတ်ခမ်းများ မသိမသာ လှုပ်ရှားသွားကာ အက်ကွဲကွဲ အသံတစ်ခုက ဝေ့ယင်းကျဲ၏ နားထဲသို့ ဝင်ရောက်လာလေသည်။

"ကိစ္စမရှိပါဘူး... အရူးတစ်ယောက်ကို နောက်ပြောင်နေတယ်လို့ပဲ သဘောထားလိုက်ပါ..."

ဝေ့ယင်းကျဲက ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်လေသည်။

"အရမ်းကြီး သိသာအောင် မလုပ်နဲ့... မင်းရဲ့ ပါရမီက ဝေ့မိသားစု တစ်ခုလုံး သိထားပြီးသားပဲ... လျှို့ဝှက်နယ်မြေထဲမှာ အထွတ်အမြတ် ဂိုဏ်းတော်က ဝေ့ကျွင်းကျဲကို သတ်ပေးလိုက်ရင်... မင်းကို ဝေ့မိသားစု သခင်လေး နေရာ ရအောင် တွန်းတင်ပေးနိုင်မှာ အသေအချာပဲ... ဒါပေမဲ့ မင်းက အရမ်း သိသာနေရင်... လူတွေ သံသယ ဝင်လာနိုင်တယ်နော်..."

"အထွတ်အမြတ် ဂိုဏ်းတော်က ဝေ့ကျွင်းကျဲကို လျှို့ဝှက်နယ်မြေထဲမှာ သတ်ပေးဖို့ ပြင်ဆင်ထားတာလား..."

ဝေ့ယင်းကျဲ တစ်ယောက် ထိုစကားကို ကြားလိုက်ရသောအခါ မျက်ဝန်းများ အရောင်လက်သွားလေသည်။

"အခွင့်အရေး ရရင် ငါ ကိုယ်တိုင် လုပ်ပေးမယ်... ဒါပေမဲ့ ဒီကိစ္စကို တခြားလူကို လုပ်ခိုင်းတာ အကောင်းဆုံးပဲ... ဝေ့ကျွင်းကျဲက အကြောင်းပြချက် ခိုင်ခိုင်လုံလုံနဲ့ သေသွားမှ ဖြစ်မယ်... ဘာအကြောင်းမှ မရှိဘဲ သေသွားလို့ မရဘူး... အဲ့ဒါမှ မင်းအတွက် အကျိုးအများဆုံး ဖြစ်လာမှာ..."

သာမန်ရုပ်ရည်နှင့် ဝေ့မိသားစု တပည့်က ဆက်ပြောလိုက်လေသည်။

"ဘယ်လိုပဲပြောပြော သူက ဝေ့မိသားစုရဲ့ သခင်လေးလေ... သူ့ကို ဘယ်သူကများ သတ်ရဲမှာလဲ..."

ဝေ့ယင်းကျဲက ခက်ခဲဟန်ဖြင့် ပြန်ပြောလိုက်လေသည်။

"အခွင့်အရေး ရလာမှာပါ... မလောပါနဲ့... ဒီတစ်ခေါက် မင်းက ငါ့ကို ဝေ့မိသားစု တပည့် တစ်ယောက် နေရာမှာ တိတ်တဆိတ် အစားထိုး ဝင်ရောက်နိုင်အောင် ကူညီပေးခဲ့တာကို ဓမ္မမင်းကြီးက သေချာ မှတ်သားထားပါတယ်... ငါက ဓမ္မမင်းကြီး ပေးလိုက်တဲ့ တာဝန်ကို ပြီးအောင် လုပ်ပြီးတာနဲ့... မင်းအတွက် ဒီလူ့ကို သတ်ဖို့ အစီအစဉ် ဆွဲပေးပါ့မယ်..."

"ကောင်းပြီလေ... ကျွန်တော်က တစ်ခဏလေးတောင် ထပ်မစောင့်နိုင်တော့ဘူး..."

ဝေ့ယင်းကျဲက ခေါင်းငုံ့ထားရင်း... သူ၏ မျက်ဝန်းများ ထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေလေသည်။

လူအများအပြားမှာ နာရီဝက်ခန့် စောင့်ဆိုင်းနေပြီးနောက်... ဝိညာဉ်ဓားတောင်မှ လူများ ရောက်ရှိလာလေသည်။ အခြား မိသားစုများလို ထူးကဲသားရဲများကို စီးနင်းလာခြင်း မဟုတ်ဘဲ... ဝိညာဉ်ဓားတောင်မှ တပည့်များ အားလုံးက ဓားပျံများကို စီးနင်း၍ ကောင်းကင်ယံမှ ဆင်းသက်လာကြခြင်း ဖြစ်၏။ သူတို့၏ ဟန်ပန်များမှာ တကယ့် ဓားနတ်ဘုရားများ အလား ခံ့ညားထည်ဝါလှပေသည်။

"လမ်းမှာ အချိန်နည်းနည်း ကြန့်ကြာသွားလို့... အားလုံးပဲ စောင့်နေရတာ အားနာပါတယ်..."

ဝိညာဉ်ဓားတောင် အဖွဲ့ကို ဦးဆောင်လာသော အဖြူရောင် ဂါဝန်ကို ဆင်မြန်းထားသည့် အေးစက်စက် မျက်နှာထားနှင့် အမျိုးသမီး တစ်ဦးက... လူအများ ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသောအခါ လက်နှစ်ဖက်ကို ဆုပ်၍ တောင်းပန်စကား ဆိုလိုက်လေသည်။

"ချူန်းရှောင်း ဓားသခင်မက အရမ်း ယဉ်ကျေးလွန်းနေပါပြီ... ကျုပ်တို့တွေက မလောပါဘူး..."

"ရောက်လာပြီဆိုမှတော့... စတင်လိုက်ကြတာပေါ့..."

လင်းမိသားစု အကြီးအကဲက အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။

ချီမိသားစုနှင့် ဝိညာဉ်ဓားတောင်တို့မှာ ဆက်ဆံရေး ကောင်းမွန်ကြသဖြင့်... လင်းမိသားစုနှင့်မူ ဆက်ဆံရေးက သာမန်မျှသာ ဖြစ်ပေသည်။ ထို့ကြောင့် သူ၏ သဘောထားမှာ အနည်းငယ် အေးစက်နေခြင်း ဖြစ်၏။ ဝေ့မိသားစုနှင့် နဂါးကျား တာအိုဂိုဏ်းမှ အကြီးအကဲများကတော့ အေးစက်စက် အမျိုးသမီးကို နှုတ်ဆက်လိုက်ကြလေသည်။

အေးစက်စက် အမျိုးသမီးက လင်းမိသားစု အကြီးအကဲကို တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီးနောက်... သူမ၏ လက်ထဲမှ လခြမ်းပုံစံ အမိန့်တံဆိပ်ပြား တစ်ခုကို ထုတ်ယူလိုက်လေသည်။ ချီမိသားစု အကြီးအကဲချုပ်... နဂါးကျား တာအိုဂိုဏ်း အကြီးအကဲ... လင်းမိသားစု အကြီးအကဲနှင့် ဝေ့မိသားစု အကြီးအကဲတို့ကလည်း... မှော်ပညာ တစ်ခုလိုပင် ၎င်းတို့၏ လက်ထဲမှ ပုံစံမတူညီသော အမိန့်တံဆိပ်ပြားများကို အသီးသီး ထုတ်ယူလိုက်ကြ၏။

လူအများက အမိန့်တံဆိပ်ပြားများကို တပြိုင်နက်တည်း လှုံ့ဆော်လိုက်ရာ... အလင်းတန်းများစွာက လေဟာနယ်ထဲသို့ ထွက်ပေါ်လာပြီး အချင်းချင်း ချိတ်ဆက်သွားကြလေသည်။ ခေတ္တအကြာတွင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်နေသည့် အစိမ်းရောင် တံခါးပေါက်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ တစ်ချိန်တည်းမှာပင် ကြီးမားလှသော ဖိအားကြီး တစ်ခုက တံခါးပေါက် အတွင်းမှ စီးဆင်းလာလေ၏။

ဤသည်မှာ အင်အားစုကြီးများ ပူးပေါင်း၍ တည်ဆောက်ထားသော ကန့်သတ်ချက် အစီအရင်ပင် ဖြစ်သည်။ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ပြီး လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်လာမည့် သူများကို တားဆီးရန် အတွက် ဖြစ်၏။

ရွှမ်တန်အဆင့်နှင့် အထက် သိုင်းသမားများ အနေဖြင့် အစီအရင်၏ လွှမ်းခြုံမှုကို ခံရသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် အပြင်ဘက်သို့ ကန်ထုတ်ခံရမည် ဖြစ်ပြီး... လုံးဝ ဟန်ဆောင်၍ ရနိုင်မည် မဟုတ်ချေ။

"လျှို့ဝှက်နယ်မြေ ပွင့်ပြီ... ဝင်ကြတော့..."

လင်းမိသားစု အကြီးအကဲက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်လေသည်။

ထို့နောက် လင်းမိသားစုမှ တပည့်ဆယ်ဦးက တစ်ယောက်ပြီး တစ်ယောက် လေပေါ်သို့ ပျံတက်သွားပြီး... တံခါးပေါက် အတွင်းသို့ အသီးသီး ဝင်ရောက်သွားကြလေသည်။ ဝေ့မိသားစု... ဝိညာဉ်ဓားတောင်နှင့် နဂါးကျား တာအိုဂိုဏ်းမှ တပည့်များ အားလုံးလည်း လျှို့ဝှက်နယ်မြေ အတွင်းသို့ အလျင်အမြန် ဝင်ရောက်သွားကြ၏။

သေချာသည်မှာ ချီမိသားစုလည်း ချွင်းချက် မဟုတ်ချေ။ အကြီးအကဲချုပ်၏ တွန်းအားပေးမှု အောက်တွင် အားလုံးက တံခါးပေါက် အတွင်းသို့ အသီးသီး ဝင်ရောက်သွားကြလေသည်။

"ကျန်းချဲ့... နင်ပင်း... သေချာ ဂရုစိုက်ကြနော်..."

ချီဝမ်ကျင်း၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက်... သူမ၏ ကိုယ်လုံးလေးမှာ တံခါးပေါက်၏ အလင်းရောင်များ အောက်တွင် ပျောက်ကွယ်သွားလေတော့သည်။

"မကြောက်နဲ့နော်... အန္တရာယ်ကြုံလာရင် ချိန်းထားတဲ့ နေရာကိုသာ သွားလိုက်..."

ကျန်းချဲ့က ချီနင်ပင်းကို တစ်ချက်ကြည့်ကာ ပြောလိုက်လေသည်။

"စိတ်ချပါ ခဲအိုရယ်..."

ချီနင်ပင်းက ငန်းလည်ပင်းလေးလို လှပသော လည်တိုင်ကို မော့ကာ ပြုံးရွှင်စွာ ခေါင်းညိတ်ပြလိုက်လေသည်။

တပည့်များ အားလုံး လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်သွားပြီးနောက်... တောင်ထိပ်ပေါ်ရှိ အကြီးအကဲများ အားလုံးက အစီအရင် လှုံ့ဆော်နေမှုကို တပြိုင်နက်တည်း ရပ်တန့်လိုက်ကြလေသည်။ သူတို့၏ လှုပ်ရှားမှုများမှာ ကြိုတင် လေ့ကျင့်ထားသည့်အလား အလွန်တရာ ညီညာလှပေသည်။

"တာအိုမိတ်ဆွေချီ... စောစောက လူက ချီမိသားစုဝင် မဟုတ်ဘူးနဲ့ တူတယ်နော်..."

အေးစက်စက် အမျိုးသမီးက အမိန့်တံဆိပ်ပြားကို သိမ်းဆည်းလိုက်ပြီးနောက်... ချီမိသားစု အကြီးအကဲချုပ်ကို ကြည့်ကာ မေးလိုက်လေသည်။

"ချူန်းရှောင်း နတ်သမီးလေး... သူက ငါတို့ ချီမိသားစုရဲ့ သမက်လေ... ဒါက စည်းမျဉ်းတွေကို ဖောက်ဖျက်ရာ မကျဘူး မဟုတ်လား..."

"သမက်ဆိုတာ... ယွဲ့ပြည်နယ်က ကျန်းချဲ့ကို ပြောတာလား..."

"ဟုတ်တယ်... သူပါပဲ..."

"ဟွန်း... သေချာပေါက် စည်းမျဉ်းတွေကို ဖောက်ဖျက်တာပေါ့... ငါတို့ အရင်ကတည်းက သဘောတူထားပြီးသားလေ... အပြင်လူကို ဝင်ခွင့်မပြုဘူးဆိုတာကို... ချီမိသားစုက တကယ့်ကို အကြံပိုင်တာပဲ..."

လင်းမိသားစု အကြီးအကဲက ထိုစကားကို ကြားလိုက်ရသောအခါ ရင်ထဲရှိ မကျေနပ်မှုများ ထပ်မံ ပေါက်ကွဲထွက်လာရပြန်သည်။

သို့သော် ချူန်းရှောင်း ဓားသခင်မကတော့ ပြုံးလိုက်လေသည်။

"သမက်ဆိုတာလည်း ချီမိသားစုဝင် တစ်ယောက်ပါပဲ... နောက်ပြီး အရင်တုန်းကလည်း ဒီလို မလုပ်ရဘူးလို့ မပြောထားခဲ့ဘူးလေ... ဆိုတော့... စည်းမျဉ်းတွေကို ဖောက်ဖျက်တယ်လို့တော့ မဆိုနိုင်ပါဘူး..."

"ဟွန်း..."

လင်းမိသားစု အကြီးအကဲက အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။

ဤလူနှစ်ယောက်က တစ်ဖက်တည်း ဖြစ်နေမှန်း သူ စောစောကတည်းက ရိပ်မိထားပြီး ဖြစ်သည်။ ထို့ကြောင့် မျက်လုံးများကို ပိတ်လိုက်ပြီး ဆက်လက် အာရုံမစိုက်တော့ချေ။ လျှို့ဝှက်နယ်မြေ အတွင်းရှိ ချီမိသားစုဝင်များ အားလုံး သေကုန်သည့် အချိန်ကျမှသာ... တစ္ဆေအိုကြီးချီ တစ်ယောက် နောင်တရနေသည်ကို ကြည့်ရတော့မည်။

ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်း၌။

တံခါးပေါက် အတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် တစ်ပြိုင်နက် ကျန်းချဲ့ တစ်ယောက် ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လန်သွားသကဲ့သို့ ခံစားလိုက်ရပြီး မျက်စိရှေ့တွင် အရာအားလုံး ဝေဝါးသွားလေသည်။ အာကာသနှင့် အချိန်များ ဖရိုဖရဲ ဖြစ်သွားသကဲ့သို့ပင်။

ခေတ္တအကြာတွင်မှ အရာအားလုံး ပြန်လည် တည်ငြိမ်သွားပြီးနောက်... သူသည် လျှို့ဝှက်နယ်မြေ အတွင်းသို့ တကယ့်ကို ရောက်ရှိသွားခဲ့လေပြီ။ မျက်စိတစ်ဆုံး ကျယ်ဝန်းလှသော သစ်တောကြီးကို မြင်လိုက်ရသောအခါ... သိပ်သည်းလှသော ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များက ခန္ဓာကိုယ် အနှံ့အပြားသို့ တိုးဝင်လာသည်ကို ကျန်းချဲ့ ခံစားလိုက်ရလေသည်။

"အပြင်ဘက်ကထက် အနည်းဆုံး တစ်ဆလောက် ပိုပြီး သိပ်သည်းနေတာပဲ..."

ဤသည်မှာ ကျန်းချဲ့၏ ပထမဆုံးအကြိမ် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ဖူးခြင်း ဖြစ်ရာ... အတော်လေး စိတ်ဝင်စားနေမိသည်။ ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ တကယ့် ကမ္ဘာကြီးနှင့် တစ်ပုံစံတည်း တူညီနေပြီး လုံးဝ အစစ်အမှန် ကမ္ဘာငယ်လေး တစ်ခုပင် ဖြစ်၏။

ဘယ်လိုများ ဖြစ်တည်လာတာလဲ မသိဘူး။

သို့သော် ကျန်းချဲ့က ဤကိစ္စများကို စဉ်းစားနေရန် အချိန်မရှိချေ။ အချင်း ပေတစ်သောင်းခန့် အကွာအဝေး အတွင်း၌ အလျင်အမြန် ရှာဖွေကြည့်လိုက်ပြီး... မိမိကို ခြိမ်းခြောက်နိုင်မည့် လူများ သို့မဟုတ် သက်ရှိများ မရှိကြောင်း သေချာသွားသောအခါ... အဆင့်တက်လှမ်းရန် အတွက် လုံခြုံသော တောင်ထိပ် တစ်ခုကို ရှာဖွေလိုက်လေသည်။

ဤသည်မှာ လျှို့ဝှက်နယ်မြေ အတွင်းသို့ မဝင်ရောက်မီကတည်းက သူ ဆုံးဖြတ်ထားခဲ့သော အကြံအစည်ပင် ဖြစ်၏။ အမြုတေ တည်ဆောက်ပြီး သိုင်းသခင် အဆင့်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက်... ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်း၌ သူသည် လွတ်လပ်စွာ ထင်တိုင်းကျဲနိုင်မည် ဖြစ်သည်။

ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်းသို့ မွေးရာပါအဆင့်ထက် ကျော်လွန်သော သိုင်းသမားများကို ဝင်ခွင့်မပြုသည်မှာ မှန်သော်လည်း... လျှို့ဝှက်နယ်မြေ အတွင်း၌ အဆင့်တက်လှမ်းခြင်း မပြုရဟု မည်သူကမျှ မပြောထားခဲ့ချေ။

အခြားသူများ အနေဖြင့် ရွှေအမြုတေ တည်ဆောက်ရန် အတွက် လပေါင်းများစွာ ကြိုတင် ပြင်ဆင်ရပြီး... မိမိ၏ ခန္ဓာကိုယ် အခြေအနေကို ညှိယူရန် အနည်းဆုံး လဝက်ခန့် တံခါးပိတ် ကျင့်ကြံရကာ... အနည်းငယ်မျှပင် ပေါ့ဆ၍ မရနိုင်ချေ။ သို့သော် သူကတော့ အခြားသူများနှင့် မတူညီဘဲ အထူးရတနာ ရှိနေသည် မဟုတ်ပါလော။

မျက်တောင်တစ်ခတ် အတွင်းမှာပင် သူသည် ရွှေအမြုတေကို တည်ဆောက်နိုင်ပေသည်။ ဤသည်မှာ သူ တစ်ယောက်တည်းသာ အသုံးချနိုင်သော အခွင့်အရေးတစ်ခုပင် ဖြစ်၏။

ဤသို့ တွေးမိလိုက်ပြီးနောက် ကျန်းချဲ့က မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်လေသည်။ သူ၏ စိတ်နှလုံးက ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် အတွင်းသို့ နစ်မြုပ်သွား၏။

[ယဇ်ပူဇော်ခြင်း ရည်ရွယ်ချက် - ရွှမ်တန်အဆင့်သို့ ဝင်ရောက်ရန်]

[ယဇ်ပူဇော်ခြင်း ပေးဆပ်မှု - ယွမ်ချီကျောက်တုံး လေးရာ... နှစ်တစ်ထောင် ကျောက်စိမ်းအရိုး ဂျင်ဆင်း တစ်ပင်... နှစ်တစ်ထောင် ယင်နတ်ဘုရားပန်း တစ်ပွင့်... မြေကြီး ဝိညာဉ် အရည် တစ်စက်... သက်တမ်း ဆယ့်ငါးနှစ် လျှော့ချခြင်း... ကျန်ရှိ သက်တမ်း တစ်ရာ့ဆယ်နှစ်... ယဇ်ပူဇော်မည်လား]

စိတ်ဆန္ဒ တစ်ချက် လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် လင်းလက်သွားလေတော့သည်။

[ယဇ်ပူဇော်မည်]

All Chapters