← Chapters

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း (၂၀၆) သိုင်းသခင်... သိုင်းသခင်

ကျန်းချဲ့၏ စိတ်ဆန္ဒ ကျဆင်းသွားသည့် တစ်ခဏမှာပင်... မူလက ရှေးဟောင်းဆန်ပြီး ငြိမ်သက်နေသော ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်သည် ရုတ်တရက် ပြောင်းလဲသွားလေတော့သည်။

လျှို့ဝှက်ဆန်းကြယ်သော အစင်းကြောင်းများက တဖြည်းဖြည်း လင်းလက်လာပြီး... နက်နဲလှသော ခံ့ညားထည်ဝါသည့် အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေ၏။

အလင်းရောင်များက မရပ်မနား တလက်လက် တောက်ပနေပြီး ပို၍ပို၍ စူးရှလာကာ... မိစ္ဆာဆန်ဆန်နှင့် နတ်ဘုရားဆန်ဆန် အငွေ့အသက် နှစ်မျိုးလုံးကို ခံစားနေရလေသည်။

ထို့နောက်... ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် အတွင်းမှ အလင်းတန်း တစ်ခုက ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာပြီး ခန္ဓာကိုယ်ကို ဖြတ်သန်းသွားလေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျောက်တိုင် အတွင်းရှိ ယဇ်ပူဇော်ရာ ပစ္စည်းများ ဖြစ်သော နှစ်တစ်ထောင် ယင်နတ်ဘုရားပန်း... နှစ်တစ်ထောင် ကျောက်စိမ်းအရိုး ဂျင်ဆင်း... မြေကြီး ဝိညာဉ် အရည်နှင့် ယွမ်ချီကျောက်တုံး လေးရာတို့ကို အလင်းရောင်များက လျင်မြန်စွာ မျိုချသွားတော့သည်။

ဆက်လက်၍ နတ်ဘုရားဆန်သော စွမ်းအားတစ်ခုက ကျန်းချဲ့၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ သူ၏ ခန္ဓာကိုယ် ပတ်လည်ရှိ အလွန် ထင်ရှားသော အသက်စွမ်းအင် အချို့က အတင်းအကျပ် စုပ်ယူခံလိုက်ရပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားကြောင်းကို ကျန်းချဲ့ ရှင်းလင်းစွာ ခံစားလိုက်ရ၏။

သက်တမ်း ဆယ့်ငါးနှစ် အတိအကျ မျိုချခံလိုက်ရပြီးနောက်... ကျန်းချဲ့၏ မျက်နှာပေါ်တွင် လေကြမ်းမိုးကြမ်းများကို ဖြတ်သန်းခဲ့ရသကဲ့သို့ ရင့်ကျက်တည်ငြိမ်သော အသွင်အပြင် တစ်ခု ပေါ်ထွက်လာလေသည်။

မကြာမီမှာပင် ယဇ်ပူဇော်ရာ ပစ္စည်းများ အားလုံး မျိုချခံလိုက်ရပြီးနောက်... ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးကလည်း အလွန် ထင်ရှားစွာ ပြောင်းလဲသွားလေသည်။

လေဟာနယ်က တုန်ခါသွားပြီး မူလစွမ်းအင်များ ရုန်းရင်းဆန်ခတ် ဖြစ်သွား၏။ သန့်စင်သော ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များက ကျန်းချဲ့ကို ဗဟိုပြု၍ တဖြည်းဖြည်း စုဝေးလာကြလေသည်။

စက္ကန့် အနည်းငယ် အတွင်းမှာပင် အချင်း ပေရာချီ ကျယ်ဝန်းသော မူလစွမ်းအင် ဝဲကတော့ကြီး တစ်ခုက ဖြည်းညင်းစွာ ဖြစ်တည်လာတော့သည်။

ခန္ဓာကိုယ် အတွင်းရှိ သွေးချီစွမ်းအင်များက ဆူပွက်နေ၏။

ဒန်ထျန်း အတွင်းရှိ စစ်မှန်သော ယွမ်စွမ်းအင်များကလည်း လှိုင်းထန်နေလေသည်။

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု၏ ဆွဲငင်မှုကို ခံလိုက်ရသည့်အလား... ပူပြင်းလှသော အငွေ့အသက်များက ကျန်းချဲ့၏ ခန္ဓာကိုယ် အတွင်းမှ စတင် ထွက်ပေါ်လာလေသည်။

ထိုပြင်းထန်လှသော အပူရှိန်ကြောင့် သူ၏ နဖူးပြင်ပေါ်တွင် ချွေးသီးချွေးပေါက်များပင် ကျဆင်းလာရ၏။

အမြုတေ တည်ဆောက်ခြင်း... တရားဝင် စတင်လေပြီ။

ပထမဆုံး လှုပ်ရှားလာသည်မှာ ကျန်းချဲ့၏ ခန္ဓာကိုယ် အတွင်းရှိ စစ်မှန်သော ယွမ်စွမ်းအင်များပင် ဖြစ်သည်။ ပွက်ပွက်ဆူနေသော ရေနွေးအလား ပျစ်ချွဲနေသော ယွမ်စွမ်းအင်များက ဒန်ထျန်း အတွင်း၌ အဆက်မပြတ် လှိုင်းထန်နေပြီး... အားကောင်းလှသော စွမ်းအားများက ဖြည်းညင်းစွာ စုဝေးလာကြလေသည်။

ထိုစွမ်းအားများ စုဝေးရာ ဗဟိုချက်မှာမူ... ကျန်းချဲ့၏ ဒန်ထျန်း အတွင်းရှိ မွေးရာပါ တာအိုမျိုးစေ့ပင် ဖြစ်ပေသည်။

ကျန်းချဲ့သည် ချီရှောက်ယန်နှင့် ချီဆန်းကျားတို့ထံမှ ကြိုတင် သင်ယူထားခဲ့ဖူးသဖြင့်... အမြုတေ တည်ဆောက်ခြင်း၏ လျှို့ဝှက်ချက်မှာ မိမိ၏ ရုပ်ခန္ဓာ... စွမ်းအင်နှင့် ဝိညာဉ် တို့ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ကာ ရွှေအမြုတေ အဖြစ် ဖွဲ့စည်းရခြင်း ဖြစ်ကြောင်းကို ကောင်းစွာ သိထားပေသည်။

ရုပ်ခန္ဓာ ဆိုသည်မှာ ခန္ဓာကိုယ်၏ အဆီအနှစ်ကို ရည်ညွှန်းခြင်း ဖြစ်သည်။ ထို့ကြောင့် အကယ်၍ ခန္ဓာကိုယ်တွင် ချို့ယွင်းချက် ရှိနေပါက သိုင်းသခင် အဆင့်သို့ တက်လှမ်းရန် အလွန် ခက်ခဲလှပေမည်။

သို့သော် ကျန်းချဲ့တွင် ထိုကဲ့သို့သော အားနည်းချက်မျိုး လုံးဝ မရှိချေ။ ဆန့်ကျင်ဘက် အနေဖြင့် နောက်ပိုင်းဖြစ်တည်လာသော နဂါးဟိန်းသံ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ကျန်းချဲ့၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် နှိုင်းယှဉ်ပါက... အဆင့်တူ သိုင်းသမားများ ကြားတွင် သူ့ကို ယှဉ်နိုင်မည့်သူမှာ အလွန်တရာ ရှားပါးလှပေသည်။

စွမ်းအင် ဆိုသည်မှာ ကျန်းချဲ့၏ ဒန်ထျန်း အတွင်း၌ ဖွဲ့စည်းထားသော မွေးရာပါ ယွမ်စွမ်းအင်ကို ရည်ညွှန်းခြင်း ဖြစ်၏။

အမြုတေ တည်ဆောက်လိုပါက ခန္ဓာကိုယ် ကြံ့ခိုင်မှုက ပထမ အဆင့်သာ ဖြစ်ပြီး ယွမ်စွမ်းအင်က ဒုတိယ အဆင့် ဖြစ်သည်။ အကယ်၍ ယွမ်စွမ်းအင်များ မသန့်စင်ဘဲ အခြေခံ အုတ်မြစ် မခိုင်မာပါက... ဤအဆင့်တွင် နယ်ပယ်သစ်သို့ တက်လှမ်းရန် လုံးဝ မဖြစ်နိုင်ချေ။

သေချာပေါက် သန့်စင်နေရန် လိုအပ်ပေသည်။

သို့သော် ကျန်းချဲ့ အတွက် ဤကိစ္စနှင့် ပတ်သက်၍လည်း စိုးရိမ်စရာ မရှိပေ။ အကြိမ်ကြိမ် ယဇ်ပူဇော်မှုများကို ဖြတ်သန်းခဲ့ရသဖြင့် သူ၏ အခြေခံ အုတ်မြစ်မှာ အလွန်တရာ ခိုင်မာနေပြီး... ခန္ဓာကိုယ် အတွင်းရှိ ယွမ်စွမ်းအင်များမှာလည်း အကြိမ်ကြိမ် သန့်စင်ခံထားရသဖြင့်... အညစ်အကြေး အနည်းငယ်မျှပင် မရှိတော့ဘဲ လွန်စွာ ပျစ်ချွဲနေလေပြီ။

နောက်ဆုံးဖြစ်သော ဝိညာဉ် ဆိုသည်မှာ... သိုင်းသမားများ၏ ဝိညာဉ်စင်မြင့်ထက်တွင် ထွန်းလင်းနေသော နတ်ဘုရားအလင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။

နတ်ဘုရားအလင်း အားကောင်းပါက အမြုတေကို အောင်မြင်စွာ တည်ဆောက်နိုင်မည် ဖြစ်ပြီး... နတ်ဘုရားအလင်း အားနည်းနေပါက အမြုတေ တည်ဆောက်သည့် လုပ်ငန်းစဉ် အတွင်း၌ပင် ပျက်စီးသွားကာ အသက်ပါ ဆုံးရှုံးသွားနိုင်ပေသည်။

ဤမျှ များပြားလှသော ကန့်သတ်ချက်များ ရှိနေခြင်းကြောင့်ပင် ရွှမ်တန်အဆင့် သိုင်းသခင်များမှာ အလွန်တရာ ရှားပါးနေရခြင်း ဖြစ်သည်။ နှစ်တစ်ထောင် သက်တမ်းရှိ ပေလင် ချီမိသားစုလို အင်အားကြီးမားသော မိသားစုကြီး အတွက်ပင်... ရွှမ်တန်အဆင့် သိုင်းသခင်များမှာ အဓိက အင်အားစု အဖြစ် ရှိနေဆဲပင် ဖြစ်၏။

ဘေးပတ်ဝန်းကျင်ရှိ မွေးရာပါ မူလစွမ်းအင်များက ပိုမို ရုန်းရင်းဆန်ခတ် ဖြစ်လာပြီး... စုဝေးလာသော စွမ်းအားများကလည်း ပို၍ အားကောင်းလာလေသည်။

ကြီးမားလှသော စွမ်းအားများက လေပြင်းမုန်တိုင်းများကို သယ်ဆောင်လာသဖြင့် အချင်း ပေရာချီ အတွင်းရှိ အရာအားလုံး ဖရိုဖရဲ ဖြစ်သွားရလေသည်။

ကျန်းချဲ့က စိတ်ကို တည်ငြိမ်စွာထား၍ ထိုင်နေရင်း... စိတ်နှလုံးကို လွတ်လပ်အောင် ထားလိုက်လေသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှ စူးရှသော အလင်းရောင်များ ထွက်ပေါ်နေ၏။

“ဝှီး... ဝှီး…”

ပြင်းထန်လှသော မုန်တိုင်းများက တဖြည်းဖြည်း ပိုမို ကြမ်းတမ်းလာလေသည်။ ဝဲကတော့ကြီး၏ ဗဟိုချက်တွင် ရှိနေသော ကျန်းချဲ့မှာလည်း အကြီးမားဆုံးသော ဖိအားကို ခံစားနေရ၏။

အဆုံးအစမဲ့သော ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များက သူ၏ ခန္ဓာကိုယ် အနှံ့အပြားရှိ သွေးကြောပေါက်များမှ တစ်ဆင့် ဒန်ထျန်း အတွင်းသို့ အဆက်မပြတ် တိုးဝင်လာနေလေသည်။

ထိုစွမ်းအင်များက ကျန်းချဲ့၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်း အစစ ပေါက်ကွဲထွက်သွားစေမည့်အလား ဖိအားပေးနေပေသည်။

ယွမ်စွမ်းအင်များက လှိုင်းလုံးကြီးများအလား ရွေ့လျားနေပြီး မွေးရာပါ တာအိုမျိုးစေ့ကလည်း ရွှေရောင်အလင်းများ တောက်ပနေလေသည်။

စိတ်ကို တည်ငြိမ်အောင် ထိန်းထားသော ကျန်းချဲ့က သူ၏ နတ်အာရုံကို ဒန်ထျန်း အတွင်းသို့ လွှမ်းခြုံထားလိုက်ရာ... ဒန်ထျန်း အတွင်းရှိ ယွမ်စွမ်းအင်များက မွေးရာပါ တာအိုမျိုးစေ့ထံသို့ အရူးအမူး တိုးဝင်သွားနေသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။

၎င်းမှာ အဆုံးအစမဲ့သော တွင်းနက်ကြီး တစ်ခုအလား... မျိုချ၍ ရသမျှ စွမ်းအား အားလုံးကို မျိုချနေလေသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ရာ... ကျန်းချဲ့၏ ဒန်ထျန်း အတွင်းရှိ ယွမ်စွမ်းအင်များမှာ ထက်ဝက်ကျော် ကုန်ခမ်းသွားခဲ့လေပြီ။

တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ် အတွင်းရှိ သွေးချီစွမ်းအင်များကလည်း ပြောင်းလဲလာပြီး... သွေးစက်လေး တစ်စက်ချင်းစီက ဒန်ထျန်း ပတ်လည်တွင် ရစ်သိုင်းနေကြလေသည်။

ထို့အပြင် ကျန်းချဲ့၏ ဝိညာဉ်စင်မြင့်ထက်ရှိ နတ်ဘုရားအလင်းကလည်း အဆက်မပြတ် တောက်ပနေ၏။ အဝေးမှ လှမ်းကြည့်လိုက်မည် ဆိုပါက ဗုဒ္ဓဘုရားရှင် ကိုယ်တိုင် ဉာဏ်အလင်း ရသွားသည့်အလား ထင်မှတ်ရပေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် စက္ကန့်ပေါင်းများစွာ ကုန်လွန်သွားခဲ့လေပြီ။ ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များ ပိုမို စုဝေးလာသည်နှင့်အမျှ... တင်ပျဉ်ခွေ ထိုင်နေသော သူ၏ ခန္ဓာကိုယ်က စွမ်းအင်များ၏ သယ်ဆောင်မှုဖြင့် ဖြည်းညင်းစွာ လေပေါ်သို့ မြင့်တက်လာကြောင်းကို ကျန်းချဲ့ ရုတ်တရက် သတိပြုမိလိုက်လေသည်။

နောက်ဆုံးတွင်တော့ ကျန်းချဲ့၏ ဒန်ထျန်း အတွင်းရှိ ယွမ်စွမ်းအင်များမှာ လုံးဝ ကုန်ခမ်းလုနီးပါး ဖြစ်သွားခဲ့လေပြီ။ တိုးဝင်လာသော ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များကလည်း သန့်စင်သည့် အမြန်နှုန်းကို လိုက်မမီတော့ချေ။

အကယ်၍ ကျန်းချဲ့၏ သွေးကြောများသာ အားမကောင်းခဲ့ပါက... ယခုအချိန်တွင် သူ၏ သွေးကြောများ အားလုံး ပျက်စီးသွားလောက်ပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ပုံမှန် အခြေအနေအရ ဆိုပါက... ဤလုပ်ငန်းစဉ်မှာ အလွန်တရာ အချိန်ကြာမြင့်စွာ ကြာရှည်တတ်သောကြောင့်ပင်။ အဆင့်တက်လှမ်းမည့် သူများ အားလုံးက အနည်းငယ်မျှပင် ပေါ့ဆရဲကြမည် မဟုတ်ချေ။ သွေးကြောများ ပျက်စီးသွားပါက... အမြုတေ တည်ဆောက်ရန် ပိုမို ခက်ခဲသွားမည် ဖြစ်ကြောင်းကို ဆိုလိုပေသည်။

ထိုအချိန်မှာပင်... လျှို့ဝှက်ဆန်းကြယ်သော ခံစားချက် တစ်ခုက ကျန်းချဲ့၏ စိတ်ထဲသို့ စီးဆင်းလာလေသည်။ ကျန်းချဲ့က ချက်ချင်းပင် သူ၏ ပါးစပ်ကို ဟလိုက်ရာ... ရွှေရောင် အလင်းစက်လေး တစ်ခုက သူ၏ ခန္ဓာကိုယ် အတွင်းမှ ချက်ချင်း ထွက်ပေါ်လာလေသည်။

ထိုအရာမှာ တာအိုမျိုးစေ့ပင် ဖြစ်၏။

ကျန်းချဲ့၏ အခြေခံ အုတ်မြစ် ဖြစ်သော မွေးရာပါ တာအိုမျိုးစေ့ပင် ဖြစ်လေသည်။

ရွှေရောင် အလင်းစက်လေးမှာ လက်သီးဆုပ်ခန့် အရွယ်အစား ရှိပြီး... မူလက တောက်ပနေသော အလင်းရောင်များ လုံးဝ ပျောက်ကွယ်သွားလေပြီ။

အဝေးမှ ကြည့်မည် ဆိုပါက ပုံရိပ်ယောင် အရာတစ်ခုနှင့်ပင် တူနေသော်လည်း... သူနှင့် ထိုရွှေရောင် အလင်းစက်လေး ကြားတွင် လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှု တစ်ခု ရှိနေကြောင်းကို ကျန်းချဲ့ ခံစားသိရှိနေလေသည်။

ကျန်းချဲ့က မွေးရာပါ တာအိုမျိုးစေ့ကို ထုတ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက်... ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များက ရူးသွပ်သွားသည့်အလား... အကန့်အသတ် မရှိဘဲ တာအိုမျိုးစေ့ထံသို့ အရူးအမူး တိုးဝင်သွားကြလေသည်။

မွေးရာပါ တာအိုမျိုးစေ့ကလည်း တကယ့် တွင်းနက်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့... ကောင်းကင်နှင့် မြေကြီး ကြားရှိ မူလစွမ်းအင်များကို လောဘတကြီး စုပ်ယူနေတော့သည်။

မွေးရာပါ တာအိုမျိုးစေ့က ဒန်ထျန်း အတွင်းမှ ထွက်ခွာသွားသည်နှင့်... ကျန်းချဲ့ တစ်ယောက်လုံး၏ အရှိန်အဝါများကလည်း လျင်မြန်စွာ အားနည်းသွားရလေသည်။

ထူးဆန်းသော ခံစားချက် တစ်ခုက ကျန်းချဲ့၏ အသိစိတ် အတွင်းသို့ ရုတ်တရက် ဝင်ရောက်လာရာ... စိတ်နှလုံး မိစ္ဆာ ရောက်ရှိလာပြီ ဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်လေသည်။

ရုပ်ခန္ဓာ... စွမ်းအင်နှင့် ဝိညာဉ်တို့ မပေါင်းစပ်မီ... နောက်ထပ် ကြုံတွေ့ရမည့် အရာမှာ စိတ်နှလုံး မိစ္ဆာ ကပ်ဘေးပင် ဖြစ်၏။

သာမန်လူများ အတွက် ဤအရာမှာ ကျော်ဖြတ်ရန် အလွန် ခက်ခဲလှသော တောင်တန်းကြီး တစ်ခုပင် ဖြစ်သည်။ အကယ်၍ စိတ်ဓာတ် မခိုင်မာပါက... စိတ်ကူးယဉ် ကမ္ဘာထဲတွင် နစ်မွန်းသွားပြီး မည်သည့်အခါမျှ ပြန်လည် ရုန်းထွက်နိုင်မည် မဟုတ်ချေ။

သို့သော် ကျန်းချဲ့က သာမန်လူ မဟုတ်ပေ။

မွေးရာပါအဆင့်သို့ တက်လှမ်းလာကတည်းက... ကျန်းချဲ့ ကြုံတွေ့ခဲ့ရသော စိတ်ကူးယဉ် ကမ္ဘာများမှာ လက်တစ်ဖက်စာထက်ပင် မနည်းလှတော့ချေ။ ကျင်းယွမ် ဘုန်းကြီးကျောင်းမှ ချန်မေ ဘုန်းကြီးနှင့် သိုင်းစိတ်ဆန္ဒ ယှဉ်ပြိုင်စဉ်ကလည်း... စိတ်နှလုံးကို စမ်းသပ်ခံခဲ့ရဖူးသဖြင့် သူ၏ တာအို စိတ်နှလုံးမှာ အလွန်တရာ ခိုင်မာနေလေပြီ။

ထို့ကြောင့် မျိုးစုံသော စိတ်နှလုံး မိစ္ဆာများ၏ ဝင်ရောက် နှောင့်ယှက်မှုများကို ရင်ဆိုင်ရချိန်တွင်... ကျန်းချဲ့ တစ်ယောက် လုံးဝ တုန်လှုပ်သွားခြင်း မရှိချေ။

လေကြမ်းမိုးကြမ်းများကို နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံခဲ့သော ကျောက်ဆောင်ကြီး တစ်ခုအလား တည်ငြိမ်နေလေသည်။

အဆင့်တက်လှမ်းမှု အရှိန်မှာ ပိုမို လျင်မြန်လာပြီး... အမြုတေ တည်ဆောက်ခြင်း၏ လှုပ်ရှားမှုများကလည်း ပိုမို ကြီးမားလာလေသည်။ သို့သော် ယခုအချိန်တွင် ကျန်းချဲ့၏ စိတ်နှလုံးမှာ လုံးဝ တည်ငြိမ်သွားခဲ့လေပြီ။ အတွေ့အကြုံများစွာကို ဖြတ်သန်းခဲ့ရသဖြင့် မည်သည့် ခံစားချက်မျှ မရှိတော့သည့်အလားပင်။

မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သောအခါ... ကျန်းချဲ့၏ မျက်နှာပေါ်တွင် ဝမ်းနည်းခြင်း... ဝမ်းသာခြင်း စသည့် မည်သည့် ခံစားချက်မျှ မရှိဘဲ တည်ငြိမ်နေလေသည်။

မျက်ခုံးနှစ်ခု ကြားရှိ ဝိညာဉ်စင်မြင့် အတွင်းမှ... ကျန်းချဲ့၏ ဝိညာဉ်စွမ်းအင်များ စုဝေးရာ နတ်ဘုရားအလင်းကလည်း တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်အလား... ကျန်းချဲ့၏ ခန္ဓာကိုယ်ကို ဖြတ်သန်း၍ ဖြည်းညင်းစွာ လေပေါ်သို့ မြင့်တက်သွားလေသည်။

ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များကို အရူးအမူး မျိုချနေသော မွေးရာပါ တာအိုမျိုးစေ့နှင့်အတူ... လျှို့ဝှက်ဆန်းကြယ်လှသော ပဲ့တင်ထပ်မှု တစ်ခု ဖြစ်ပေါ်နေသည့်အလားပင်။

ဤကဲ့သို့သော အဆင့်တက်လှမ်းမှု ပုံစံမှာ... ချီရှောက်ယန်နှင့် ချီဆန်းကျားတို့ အမြုတေ တည်ဆောက်ခဲ့စဉ်ကနှင့် လုံးဝ ကွဲပြားခြားနားနေလေသည်။ သို့သော် ကျန်းချဲ့က ထိုအရာကို စိတ်ထဲမထားခဲ့ချေ။ မည်သို့ပင်ဆိုစေ သူတို့၏ အဆင့်တက်လှမ်းမှု ပုံစံများက တစ်ပုံစံတည်း ဖြစ်နေရန် မလိုပါလော။

သူတို့က အဆင့်တက်လှမ်းရန် အတွက် အသက်လု၍ ကြိုးစားရပြီး... အနည်းငယ်မျှ ချို့ယွင်းသွားမည်ကို အလွန် ကြောက်ရွံ့ခဲ့ကြရသည်။

သို့သော် ကျန်းချဲ့၏ အဆင့်တက်လှမ်းမှုကတော့... လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး ရှေ့ဆက်သွားရန် တွန်းအားပေးနေသည့်အလားပင်။ ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များ မလုံလောက်တော့သည့် အချိန်တိုင်း... ဘေးပတ်ဝန်းကျင်မှ လျှို့ဝှက်ဆန်းကြယ်သော မူလစွမ်းအင်များ ရုတ်တရက် ပေါ်ထွက်လာလေ့ ရှိသည်။

ထိုစွမ်းအင်များမှာ အလွန်တရာ သန့်စင်လှသော မူလစွမ်းအင် အဆီအနှစ်များပင် ဖြစ်၏။

ဤသည်မှာ ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်၏ စွမ်းဆောင်မှုများ ဖြစ်ကြောင်းကို သူ ကောင်းကောင်း သိထားပေသည်။ ယွမ်ချီကျောက်တုံး လေးရာ... နှစ်တစ်ထောင် ယင်နတ်ဘုရားပန်း... နှစ်တစ်ထောင် ကျောက်စိမ်းအရိုး ဂျင်ဆင်း... မြေကြီး ဝိညာဉ် အရည်... ဤယဇ်ပူဇော်ရာ ပစ္စည်းများ အားလုံးက သူ့အပေါ်တွင် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်နေစေခြင်း ဖြစ်၏။

နောက်ဆုံးတွင်တော့... ဝိညာဉ်အလင်းစက်လေး တစ်ခုက မွေးရာပါ တာအိုမျိုးစေ့ အနီးသို့ ရောက်ရှိသွားလေပြီ။

ထိုနှစ်ခုစလုံးမှာ မူလစွမ်းအင် ဝဲကတော့ကြီး၏ ဗဟိုချက်များ ဖြစ်လာကြပြီး... အဆုံးအစမဲ့သော ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များကို ဆွဲငင်ကာ အချင်းချင်း ချိတ်ဆက်၍ ဖြည်းညင်းစွာ လည်ပတ်နေကြလေသည်။

ထိုလုပ်ငန်းစဉ် အတွင်း၌ ထိုဝိညာဉ်အလင်းစက်လေးမှာလည်း... မွေးရာပါ တာအိုမျိုးစေ့နှင့် တဖြည်းဖြည်း တစ်သားတည်း ပေါင်းစပ်သွားလေတော့သည်။

“ဝုန်း…”

ကောင်းကင်နှင့် မြေကြီး ကြားတွင်... မည်သည့် နေရာမှန်း မသိသော အရပ်မှ ကျယ်လောင်လှသော ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာလေသည်။ တစ်စုံတစ်ခုကို ကြိုတင် နိမိတ်ပြနေသည့်အလားပင်။

ထိုပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက်... မွေးရာပါ တာအိုမျိုးစေ့ကလည်း အသွင်ပြောင်းသွားလေတော့သည်။

စူးရှလှသော ရွှေရောင် အလင်းတန်းများက နေမင်းငယ်လေး တစ်စင်းအလား ကောင်းကင်နှင့် မြေကြီးကို လင်းထိန်သွားစေပြီး... ပုံသဏ္ဌာန်မဲ့သော ကြီးမားလှသည့် ဖိအားကြီး တစ်ခုကိုပါ ထုတ်လွှတ်နေလေသည်။

ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များကလည်း... အလုအယက်ပင် မွေးရာပါ တာအိုမျိုးစေ့ အတွင်းသို့ တိုးဝင်သွားကြလေသည်။

အကယ်၍ သေချာစွာ အကဲခတ်ကြည့်မည် ဆိုပါက... ထိုမွေးရာပါ တာအိုမျိုးစေ့မှာ ယခုအချိန်တွင် လက်သီးဆုပ်ခန့် အရွယ်အစားရှိသော အမြုတေ တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်ကြောင်းကို မြင်တွေ့နိုင်ပေသည်။

အစစ်အမှန်လိုလို... ပုံရိပ်ယောင်လိုလို ဖြစ်နေပြီး လုံးဝန်းကာ ရွှေရောင်များ တောက်ပနေလေ၏။

အချိန်များ ဆက်လက် ကုန်ဆုံးသွားခဲ့လေသည်။

ယဇ်ပူဇော်လိုက်သည့် အချိန်မှစ၍ ယခုအချိန်အထိ စက္ကန့် တစ်ရာခန့်သာ ကြာမြင့်သေးသော်လည်း... ကျန်းချဲ့ အနေဖြင့်မူ အလွန်တရာ နှေးကွေးလွန်းလှသည်ဟု ခံစားနေရ၏။ လေဟာနယ်ထဲတွင် တဖြည်းဖြည်း ဖြစ်တည်လာသော ပုံရိပ်ယောင် အမြုတေကို အကြည့်မလွှဲတမ်း စူးစိုက်ကြည့်နေလေသည်။

ထိုအမြုတေမှာ ပြည့်လျှံသွားသည်ဟူသော အဓိပ္ပာယ် လုံးဝ မရှိသည့်အလား... ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များကို အရူးအမူး မျိုချနေဆဲပင်။

အမြင့်ဆုံး ကန့်သတ်ချက် တစ်ခုသို့ ရောက်ရှိမှသာ ရပ်တန့်မည့်ပုံ ပေါ်နေလေသည်။ ထိုကြီးမားလှသော လှုပ်ရှားမှုများက တောအုပ် အတွင်းရှိ သားရဲတိရစ္ဆာန်များကိုပါ တုန်လှုပ်ချောက်ချား သွားစေလေသည်။

အချိန်မည်မျှ ကြာမြင့်သွားမှန်း မသိချေ။

နောက်ထပ် စက္ကန့် တစ်ရာခန့် ကြာသွားသည်လား... သို့မဟုတ် မျက်တောင်တစ်ခတ်စာ အချိန်လေးလား မခွဲခြားနိုင်တော့ချေ။

လေဟာနယ်ထဲရှိ အမြုတေထံမှ ထူးဆန်းသော ဆွဲငင်မှု တစ်ခုကို ကျန်းချဲ့ ခံစားလိုက်ရလေသည်။

မိမိ၏ လက်မောင်းကို ထိန်းချုပ်ရသကဲ့သို့... အချိန်မရွေး လွတ်လပ်စွာ အသုံးချနိုင်သည့် ခံစားချက်မျိုးပင် ဖြစ်၏။

အချင်း ပေရာချီ အတွင်းရှိ ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များက တဖြည်းဖြည်း လူစုကွဲသွားကြပြီး ပျောက်ကွယ်သွားကြလေသည်။

မူလစွမ်းအင်များကို မျိုချနေသော အမြုတေမှာလည်း နောက်ဆုံးတွင်တော့ အထွတ်အထိပ်သို့ ရောက်ရှိသွားသည့်အလားပင်။ ကျန်းချဲ့ကလည်း သူ၏ လက်ဝါးနှစ်ဖက်ကို ချက်ချင်း ပူးကပ်လိုက်လေသည်။

ထို့နောက် နက်နဲလှသော စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ် အတွင်းမှ ဆွဲငင်လိုက်ရာ... လေဟာနယ်ထဲတွင် လည်ပတ်နေသော ပုံရိပ်ယောင် အမြုတေကလည်း ကျန်းချဲ့ထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာလေတော့သည်။

နောက်ဆုံးတွင် ထိုပုံရိပ်ယောင် အမြုတေက ကျန်းချဲ့၏ အရှေ့ တစ်ပေခန့် အကွာသို့ ရောက်ရှိလာသောအခါ... ကျန်းချဲ့က လက်နှစ်ဖက်ကို ဖြန့်ကျက်လိုက်လေသည်။

ခန္ဓာကိုယ် အတွင်းမှ အားကောင်းလှသော မျိုချခြင်း စွမ်းအားများ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာပြီး... ရွှေရောင် တောက်ပနေသော အမြုတေကို အားကုန် ဆွဲငင်လိုက်လေတော့သည်။

ပါးစပ်ဟ၍... အမြုတေကို မျိုချလိုက်၏။

လည်ချောင်းမှ တစ်ဆင့် မျိုချလိုက်သော ပုံရိပ်ယောင် အမြုတေမှာ... မည်သည့် အရောင်အဆင်း... မည်သည့် အရသာမျှ မရှိဘဲ ကျန်းချဲ့၏ ဒန်ထျန်း အတွင်းသို့ တည်ငြိမ်စွာ ကျဆင်းသွားလေသည်။

ထိုနေရာမှာ ယခင်က မွေးရာပါ တာအိုမျိုးစေ့ တည်ရှိခဲ့သော နေရာပင် ဖြစ်ပေသည်။

ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များက သွေးကြောများမှ တစ်ဆင့် ထပ်မံ တိုးဝင်လာပြီး... ကျန်းချဲ့၏ ခန္ဓာကိုယ် အတွင်းရှိ လှိုင်းထန်နေသော သွေးချီစွမ်းအင်များကလည်း ဒန်ထျန်း အတွင်းရှိ ပုံရိပ်ယောင် အမြုတေထံသို့ လျင်မြန်စွာ စီးဆင်းသွားကြလေသည်။

ခေတ္တအကြာတွင် အရာအားလုံး ပြန်လည် ငြိမ်သက်သွားပြီးနောက်... ကျန်းချဲ့က မျက်လုံးများကို ဖွင့်လိုက်လေသည်။

သူ၏ မျက်ဝန်းများ ထဲတွင် စူးရှသော အလင်းရောင်များ တောက်ပနေပြီး... ခန္ဓာကိုယ် တစ်ခုလုံးကိုလည်း ယခင်ကထက် အဆပေါင်းများစွာ သာလွန်သော ကြီးမားလှသည့် အရှိန်အဝါကြီး တစ်ခုက လွှမ်းခြုံထားလေတော့သည်။

သိုင်းသခင်... သိုင်းသခင်ပါတကား။

ရွှေအမြုတေ တစ်လုံးကို မျိုချပြီးနောက်... သက်တမ်းမှာ နှစ်သုံးရာအထိ တိုးတက်သွားခဲ့လေပြီ။

ယခုအချိန်တွင် ကျန်းချဲ့သည် အစစ်အမှန် ရွှမ်တန်အဆင့် သိုင်းသခင် တစ်ပါး အဖြစ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

မြစ်ရေကို ဖြတ်တောက်ပြီး တောင်တန်းများကို ဖြိုခွဲနိုင်စွမ်းရှိသော ကြောက်မက်ဖွယ် စွမ်းအားများကို အမှန်တကယ် ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်၏။ တစ်ချိန်တည်းမှာပင် သူ၏ သက်တမ်းမှာလည်း ထပ်မံ၍ တိုးတက်လာခဲ့ပြန်သည်။

ရင့်ကျက်တည်ငြိမ်သော အသွင်အပြင်များ မပျောက်ကွယ်သွားသေးသော်လည်း... ကျန်းချဲ့၏ ခန္ဓာကိုယ် အနှံ့အပြားမှာ ပိုမို သိမ်မွေ့နုနယ်လာလေသည်။

အသားအရည်က ဆီးနှင်းများအလား ဖြူစင်ဝင်းမွတ်နေပြီး မျက်နှာပေါက်မှာလည်း ပိုမို ကြည့်ကောင်းလာကာ... သာမန်လူများနှင့် မတူညီသော ထူးခြားသည့် အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေလေသည်။

ဤသည်မှာ ရွှမ်တန်အဆင့်သို့ စတင် ဝင်ရောက်ခြင်းမျှသာ ရှိသေးသည်။ နောင်တွင် ကျန်းချဲ့ တစ်ယောက် ပို၍ပို၍ အစွမ်းထက်လာမည်မှာ အသေအချာပင်။

ရွှမ်တန်အဆင့်နှင့် ပတ်သက်၍လည်း ကျန်းချဲ့ အနေဖြင့် ကောင်းစွာ နားလည်သဘောပေါက် နေလေပြီ။ ရွှမ်တန်အဆင့် ဆိုသည်မှာ... နက်နဲလှသော အရာများထဲမှ အနက်နဲဆုံးပင် ဖြစ်၏။

အစောပိုင်း အဆင့်ကို ပုံရိပ်ယောင် အမြုတေ ဟု ခေါ်ဆိုပြီး... အစစ်အမှန်နှင့် ပုံရိပ်ယောင် ကြားတွင် လည်ပတ်နေလေသည်။

စွမ်းအားများက မွေးရာပါအဆင့်ထက် အများကြီး သာလွန်သွားသော်လည်း... အဆုံးတွင်တော့ ရွှမ်တန်အဆင့်သို့ စတင် ဝင်ရောက်ရုံမျှသာ ရှိသေးသည်။ ဆက်လက် ကျင့်ကြံလိုပါက ဝိညာဉ်ရတနာ အများအပြားကို အဆက်မပြတ် သန့်စင်ပြီး... အမြုတေကို အပြည့်အဝ ခိုင်မာသွားအောင် ပြုလုပ်ရမည် ဖြစ်သည်။

ပုံရိပ်ယောင် အမြုတေ ခိုင်မာသွားခြင်းမှာ ရွှမ်တန်အဆင့်၏ ဒုတိယ အဆင့်ဖြစ်သော အစစ်အမှန် အမြုတေ ပင် ဖြစ်၏။ တစ်နည်းအားဖြင့် ရွှမ်တန်အလယ်အလတ် အဆင့်ပင် ဖြစ်ပေသည်။

ကျန်းချဲ့၏ အစစ်အမှန် အမြုတေက ရွှေရောင်အလင်း တစ်စမျှ တောက်ပလာသည့် အချိန်ကျလျှင်တော့... ရွှမ်တန်နှောင်းပိုင်း အဆင့်ဖြစ်သော တတိယ အဆင့် ရွှေအမြုတေ သို့ ရောက်ရှိသွားပြီဟု ဆိုနိုင်ပေသည်။

ပုံရိပ်ယောင် အမြုတေ... အစစ်အမှန် အမြုတေ... ရွှေအမြုတေ... ဤသည်မှာ ရွှမ်တန်အဆင့် ကျင့်ကြံခြင်း၏ ကြီးမားလှသော အတားအဆီး သုံးခုပင် ဖြစ်လေသည်။

ရွှမ်တန်အဆင့် သိုင်းသခင်များ အတွက်တော့... ဤသည်မှာ တက်လှမ်းရန် ခက်ခဲလှသော တောင်တန်းကြီး သုံးခုနှင့် အတူတူပင် ဖြစ်၏။

သိုင်းသခင် အများစုမှာ ပုံရိပ်ယောင် အမြုတေ အဆင့်တွင်သာ ဆယ်စုနှစ်ပေါင်းများစွာ ပိတ်မိနေတတ်ကြပြီး အမြုတေကို ခိုင်မာအောင် မပြုလုပ်နိုင်ကြချေ။

အကန့်အသတ်မရှိသော အရင်းအမြစ်များ၏ ထောက်ပံ့မှုကို ရရှိမှသာ ဤအဆင့်ကို လျင်မြန်စွာ ကျော်ဖြတ်နိုင်မည် ဖြစ်သည်။

ဥပမာအားဖြင့် ချီရှောက်ယန် ဆိုလျှင်... သုံးနှစ်ဆိုသည့် အချိန်တိုလေး အတွင်းမှာပင် ပုံရိပ်ယောင်မှ အစစ်အမှန်သို့ ကူးပြောင်းကာ ရွှမ်တန်အလယ်အလတ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

သို့သော် ၎င်းမှာ အတော်အတန် လွယ်ကူသော အပိုင်းမျှသာ ဖြစ်ပြီး... ရွှေရောင်အလင်း တစ်စမျှ တောက်ပလာအောင် ပြုလုပ်ရန် အတွက်တော့ ခရီးရှည်ကြီးကို ဆက်လျှောက်ရဦးမည် ဖြစ်၏။

သို့သော် သာမန်လူများ အတွက်တော့ ထိုစကားက မှန်ကန်ပေသည်။ ကျန်းချဲ့၏ အမြင်တွင်မူ ချီရှောက်ယန်ကို မှီရန်အတွက် သိပ်မဝေးတော့ကြောင်း ခံစားနေရလေသည်။

မိမိ၏ အရှိန်အဝါများကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက်... မြေပုံထဲတွင် မှတ်သားထားသော နေရာသို့ သွားရန် ပြင်လိုက်စဉ်မှာပင်... ရုတ်တရက် သူ၏ မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွားလေသည်။

ဘေးပတ်ဝန်းကျင်မှ ထူးခြားသော လှုပ်ရှားမှု အချို့ကို အာရုံခံမိလိုက်ခြင်းပင် ဖြစ်၏။ အလွန်တရာ လျှို့ဝှက်ထားသော်လည်း... ယခုအချိန်တွင် သူသည် သိုင်းသခင် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ... သူ၏ နတ်အာရုံ လွှမ်းခြုံနိုင်စွမ်းမှာလည်း အဆမတန် တိုးတက်လာပြီး အချင်း ပေလေးရာခန့် အထိ ရောက်ရှိနေလေပြီ။

ထိုပေလေးရာခန့် အကွာအဝေး အတွင်း၌... အားနည်းလှသော အရှိန်အဝါ တစ်ခုကို သူ အာရုံခံမိလိုက်ခြင်း ဖြစ်သည်။

ကျန်းချဲ့၏ နှုတ်ခမ်းထောင့်စွန်းများက မသိမသာ တွန့်ကွေးသွားလေသည်။

အမဲလိုက်မည့် အချိန် ရောက်ရှိလာခဲ့လေပြီ။

ကျန်းချဲ့ အဆင့်တက်လှမ်းခဲ့သည့် နေရာမှ အရှေ့တောင်ဘက် ပေသုံးရာကျော် အကွာအဝေးတွင်... လူရိပ်တစ်ခုက မြေပြင်ပေါ်၌ တင်းကြပ်စွာ ဝပ်နေလေသည်။ အကယ်၍ သေချာစွာ အကဲခတ် မကြည့်ပါက ထိုနေရာ၌ လူတစ်ယောက် ရှိနေမှန်း လုံးဝ သိနိုင်မည် မဟုတ်ချေ။

'သေချင်းဆိုး... ဘယ်လိုလုပ်... ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် အမြုတေ တည်ဆောက်နိုင်ရတာလဲ...'

'ကျန်းချဲ့က ဘာလို့ ဒီနေရာမှာ အတင်းအကျပ် အဆင့်တက်လှမ်းဖို့ ရွေးချယ်လိုက်တာလဲ...'

'သူ ငါ့ကိုများ တွေ့သွားမလား...'

ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်လာသော လင်းမိသားစု တပည့်တစ်ဦး အနေဖြင့်... လင်းကျန်က ကျန်းချဲ့ကို ကောင်းစွာ မှတ်မိနေသည်မှာ အသေအချာပင်။ ပေရာချီ ဝေးကွာနေသော်လည်း လေဟာနယ်ထဲရှိ ထိုလူ၏ ရုပ်သွင်ကို သူ ရှင်းလင်းစွာ မြင်တွေ့ခဲ့ရလေသည်။

သူသည် ဤနေရာသို့ ရောက်ရှိလာသည်မှာ သိပ်မကြာသေးချေ။

ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင် လှုပ်ရှားမှုများကြောင့် ဆွဲဆောင်ခံလိုက်ရပြီး... အလွန်တရာ အဖိုးတန်သော ဝိညာဉ်ရတနာ တစ်ခုခု ပေါ်ထွက်လာသည်ဟု ထင်မှတ်ကာ ကောင်းကင်ဘုံက သူ့ကို မျက်နှာသာ ပေးနေပြီဟု ဝမ်းသာနေမိသည်။

သို့သော် တကယ်တမ်းကျတော့ လူတစ်ယောက် အဆင့်တက်လှမ်းနေခြင်း ဖြစ်ပြီး... သူ ရောက်ရှိသွားချိန်တွင် ထိုလူက အမြုတေကို အောင်မြင်စွာ တည်ဆောက်ပြီးသွားလေပြီ။ ထိုလူက အခြားလူ မဟုတ်ဘဲ ကျန်းချဲ့ ဖြစ်နေခြင်းက ပိုဆိုးနေပေသည်။

ချီမိသားစုနှင့် လင်းမိသားစုမှာ သွေးကွဲရန်သူများ ဖြစ်ကြရာ... ယခုအချိန်တွင် ကျန်းချဲ့ တွေ့သွားမည်ကို ကြောက်ရွံ့လွန်း၍ သူ အနည်းငယ်မျှပင် မလှုပ်ရှားရဲချေ။ သို့သော်... သူ၏ ရင်ထဲတွင်တော့ အနည်းငယ် စိတ်သက်သာရာ ရနေဆဲပင် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် သူ ပုန်းအောင်းနေသော နေရာက ကျန်းချဲ့နှင့် ပေလေးရာနီးပါး ဝေးကွာနေပြီး... အရှိန်အဝါများကို ဖုံးကွယ်ထားနိုင်သော ကျင့်စဉ်တစ်ခုကိုပါ အသုံးပြုထားသဖြင့် ကျန်းချဲ့ တွေ့နိုင်မည် မဟုတ်ဟု ယုံကြည်ထားသောကြောင့်ပင်။

လင်းမိသားစု တပည့်တစ်ဦး အနေဖြင့်... ရွှမ်တန်အဆင့်သို့ စတင်ဝင်ရောက်လာသော သိုင်းသခင် တစ်ပါး၏ နတ်အာရုံ ကန့်သတ်ချက်ကို သူ ကောင်းစွာ သိရှိထားလေသည်။

မည်မျှပင် အစွမ်းထက်နေပါစေ... အများဆုံး ပေသုံးရာ အကွာအဝေးသာ ဖြစ်ပေလိမ့်မည်။ ဤအကွာအဝေး အတွင်း၌ ဂရုတစိုက် ပုန်းအောင်းနေသရွေ့ လုံခြုံသည်ဟု ဆိုနိုင်ပေသည်။

ကျန်းချဲ့ ထွက်သွားပြီးသည့် အချိန်ကျမှသာ ထွက်ပြေးရန် သူ ဆုံးဖြတ်ထားလိုက်လေသည်။ တစ်ဖက်လူ၏ မျက်စိအောက်တွင် အမိခံ၍ လုံးဝ မဖြစ်ချေ။

လင်းကျန်က ဝပ်နေသော သူ၏ ခန္ဓာကိုယ်ကို အနည်းငယ် မော့ကာ... အဝေးရှိ ကျန်းချဲ့ကို ဆက်လက် အကဲခတ်ကြည့်ရန် ပြင်လိုက်သော်လည်း... တစ်ဖက်လူက မည်သည့် အချိန်ကတည်းက ပျောက်ကွယ်သွားမှန်း မသိတော့ကြောင်း တွေ့လိုက်ရ၏။

သူ၏ စိတ်နှလုံးများ ချက်ချင်းပင် ပေါ့ပါးသွားလေတော့သည်။

All Chapters