အခန်း ၂၀၇
Vol. 21 Ch. 207
အခန်း (၂၀၇) အမဲလိုက်ချိန် ရောက်ပြီ... သိုင်းသခင်၏ စွမ်းပကားကို ပြသခြင်း
လင်းကျန် တစ်ယောက် သက်ပြင်းချနိုင်သွားခြင်းမှာ... ကျန်းချဲ့နှင့် ဤနေရာတွင် အချိန်ဖြုန်းနေရန် အချိန်မရှိသောကြောင့်ပင် ဖြစ်သည်။
သူ၏ ကိုယ်ဖျောက်ကျင့်စဉ်မှာ အလွန် အဆင့်မြင့်လှသော်လည်း... အနည်းငယ်မျှပင် လှုပ်ရှား၍ မရသလို ထွက်ပြေး၍လည်း မရနိုင်ချေ။ မည်သည့် အလွဲအချော်မျှ ဖြစ်၍ မရဘဲ... အချိန်မရွေး သေရေးရှင်ရေး အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သဖြင့် စိတ်ကို အမြဲတမ်း တင်းကြပ်ထားရလေသည်။
ရွှမ်တန်အဆင့် သိုင်းသခင် တစ်ပါး... အထူးသဖြင့် အသစ်စက်စက် တက်လှမ်းလာသော သိုင်းသခင် တစ်ပါးကို ရင်ဆိုင်ရလျှင်ပင်... သူ့တွင် ခုခံနိုင်စွမ်း အနည်းငယ်မျှ မရှိချေ။ ဖမ်းမိသွားသည်နှင့် တစ်ပြိုင်နက် သေလမ်းသာ ရှိတော့မည် ဖြစ်သည်။
လင်းကျန် သေချင်ပါသလား... သေချာပေါက် မသေချင်ပါချေ... ဘယ်သူကများ သေချင်ပါမည်နည်း။
သူ၏ အနာဂတ်မှာ တောက်ပနေဆဲ ဖြစ်ပြီး... အလွဲအချော်သာ မရှိပါက လင်းမိသားစု၏ အကြီးအကဲ တစ်ဦး ဖြစ်လာကာ ကြီးမားသော ဩဇာအာဏာကို ရယူနိုင်မည် မဟုတ်ပါလော... အကယ်၍ သေသွားပါက အရာအားလုံး အဆုံးသတ်သွားမည် ဖြစ်၏။
သို့သော် လင်းကျန် တစ်ယောက် သက်ပြင်းချလိုက်ပြီး... ခေတ္တမျှ ဆက်နေကာ ချက်ချင်း ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင်... သူ၏ နားထဲသို့ တိုးညှင်းသော စကားသံတစ်ခု ရုတ်တရက် ဝင်ရောက်လာလေသည်။
"ရှုခင်းက သာယာရဲ့လား"
မျက်တောင်တစ်ခတ် အတွင်းမှာပင်... လင်းကျန် တစ်ယောက် လန့်ဖြန့်သွားသော ယုန်သူငယ်လေး တစ်ကောင်အလား သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး... ပူပြင်းလှသော နွေရာသီမှ ရေခဲတိုက် အတွင်းသို့ ရုတ်တရက် ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရလေသည်။
'ဒုက္ခပါပဲ'
သူ၏ စိတ်ထဲတွင် ဤအတွေးတစ်ခုသာ ရှိတော့သည်။
ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သောအခါ... ပြုံးရွှင်စွာ ကြည့်နေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။
လင်းကျန်က တံတွေးတစ်ချက် မျိုချလိုက်ပြီးနောက်... မျက်နှာပေါ်တွင် အပြုံးတစ်ခုကို အလျင်အမြန် ဖန်တီးလိုက်လေသည်။
"အစ်ကိုကျန်း ရွှေအမြုတေကို အောင်မြင်စွာ တည်ဆောက်နိုင်ပြီး... သိုင်းသခင် အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက်... ညီလေးက ဂုဏ်ပြုပါတယ်ကွာ"
"မင်းကို ကျုပ် မှတ်မိတယ်... လင်းမိသားစုက မဟုတ်လား"
'...'
"အစ်ကိုကျန်း... ညီလေးက လင်း ဆိုတဲ့ မျိုးရိုးနာမည်ကို ခံယူထားပေမဲ့... လင်းမိသားစုနဲ့ တစ်ဖွဲ့တည်း မဟုတ်ရပါဘူးဗျာ... ညီလေးရဲ့ အဖေက အိမ်ပါသမက် တစ်ယောက်မို့လို့... ငယ်ငယ်ကတည်းက လင်းမိသားစုထဲမှာ အနှိမ်ခံခဲ့ရတာပါ... ပြီးတော့ ညီလေးက ချီမိသားစုနဲ့လည်း ဘာရန်ငြိုးမှ မရှိပါဘူးဗျာ... ညီလေးကို အသက်ချမ်းသာ ပေးလို့ မရနိုင်ဘူးလား"
"ရတာပေါ့... မင်းတို့ လင်းမိသားစု ပြင်ဆင်ထားတဲ့ မြေပုံကိုသာ ကျုပ်ဆီ ပေးလိုက်"
ကျန်းချဲ့က ခေါင်းညိတ်ပြလိုက်လေသည်။
"မြေပုံပေးလိုက်ရင်... အသက်ချမ်းသာ ပေးမှာ တကယ်လား"
လင်းကျန်က ကျန်းချဲ့ကို အကြည့်မလွှဲတမ်း စိုက်ကြည့်လိုက်၏။
"အင်း"
"အစ်ကိုကျန်း... ရပါပြီဗျ"
လင်းကျန်က မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ... အင်္ကျီလက် အတွင်းမှ မြေပုံကို ကျန်းချဲ့ထံသို့ ချက်ချင်း ပေးအပ်လိုက်လေသည်။
မြေပုံပေါ်တွင် စက်ဝိုင်းပုံစံ အမှတ်အသား အများအပြား ပါရှိပြီး... လင်းမိသားစု ကြိုတင် သတ်မှတ်ထားသော စုရပ်များပင် ဖြစ်၏။ ထိုအထဲမှ တစ်နေရာမှာ ဤနေရာနှင့် အလွန် နီးကပ်နေလေသည်။
"မင်းတို့ လင်းမိသားစုရဲ့ ဒီတစ်ခေါက် ပစ်မှတ်က ဘာလဲ"
"အဲ့ဒီကိစ္စကို... ညီလေး တကယ် မသိရပါဘူးဗျာ... လင်းယန် ကသာ အဓိက ဆုံးဖြတ်ခွင့် ရှိတဲ့သူပါ... အကြီးအကဲချုပ်က လျှို့ဝှက်နယ်မြေထဲ ရောက်တာနဲ့ မှတ်သားထားတဲ့ စုရပ်တွေကို ချက်ချင်း သွားပြီးတော့... သူ့အမိန့်ကို နာခံဖို့ပဲ ပြောလိုက်တာပါ"
"ဒါဆိုရင်... မင်းက ဘာမှ မသိဘူးပေါ့လေ"
ကျန်းချဲ့က လက်ထဲရှိ မြေပုံကို ကြည့်ကာ တွေးတောနေလေသည်။
"ဟုတ်... ဟုတ်ပါတယ်ဗျ... ညီလေးက လင်းမိသားစုထဲမှာ ဘာမှ အရေးမပါတဲ့... အလေးအနက် မထားခံရတဲ့ တပည့် တစ်ယောက်ပါဗျာ"
"ဒါဆိုလည်း... သွားတော့လေ"
"တ... တကယ်လား"
လင်းကျန် တစ်ယောက် အလွန်တရာ အံ့ဩသွားရလေသည်။ ကျန်းချဲ့က တကယ်ကြီး ကတိတည်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
"ထွက်သွားစမ်း"
"ဟုတ်ကဲ့... ဟုတ်ကဲ့... ညီလေး အခုပဲ ထွက်သွားပါ့မယ်"
လင်းကျန်က ခေါင်းညိတ်လိုက်ပြီး နောက်သို့ လှည့်ကာ ချက်ချင်း ထွက်ပြေးလေတော့သည်။
သို့သော် ပေတစ်ရာခန့်ပင် မရောက်သေးမီ... ပုံသဏ္ဌာန်မဲ့သော စွမ်းအားတစ်ခုက သူ့ကို ချက်ချင်း ဖမ်းချုပ်လိုက်ပြီး... ဧရာမ လက်ကြီး တစ်ဖက်က သူ၏ လည်ပင်းကို ညှစ်ထားလိုက်သည့်အလား ခံစားလိုက်ရ၏။
လင်းကျန်မှာ လည်ပင်း အညှစ်ခံထားရသဖြင့် အသက်ရှူကျပ်ကာ မည်သည့် အသံမျှ မထွက်နိုင်တော့ချေ။
"အသက်ချမ်းသာ ပေးလိုက်တာကို... မင်းက မပြေးနိုင်ခဲ့ဘူး ဆိုတော့လည်း... ကျုပ်ကို အပြစ်မတင်နဲ့တော့လေ"
ကျန်းချဲ့က မျက်တောင်တစ်ခတ် အတွင်းမှာပင် လင်းကျန်၏ အရှေ့သို့ ရောက်ရှိလာပြီး... ခပ်အေးအေး လေသံဖြင့် ပြောလိုက်လေသည်။
"ကျန်း..."
“ဂျွတ်”
လင်းကျန်၏ စကားမဆုံးမီမှာပင် အရိုးကျိုးသံ တစ်ချက် ထွက်ပေါ်လာပြီး သူ၏ လည်ပင်းမှာ ကျိုးကျသွားခဲ့လေပြီ။
သူ၏ မျက်ဝန်းများက ကျန်းချဲ့ကို မကျေမနပ်ဖြင့် ပြူးကျယ်စွာ စိုက်ကြည့်နေဆဲ ဖြစ်သော်လည်း... နောက်ဆုံးတွင်တော့ အလင်းရောင်များ တဖြည်းဖြည်း မှေးမှိန်သွားလေတော့သည်။
လင်းမိသားစုမှ ရှန်ကွမ်းအဆင့် သိုင်းသမား တစ်ယောက်ကို အလွယ်တကူ ရှင်းလင်းလိုက်ပြီးနောက်... ကျန်းချဲ့က သူ၏ ကိုယ်ပေါ်ရှိ တန်ဖိုးရှိမည့် ပစ္စည်းများကို လျင်မြန်စွာ ရှာဖွေလိုက်လေသည်။
သို့သော် အလွန် ဝမ်းနည်းစရာ ကောင်းသည်မှာ... မည်သည့် အဖိုးတန် ပစ္စည်းမျှ မပါရှိခြင်းပင်။
တစ်ဖက်လူကို သတ်ဖြတ်လိုက်ခြင်းနှင့် ပတ်သက်၍ ကျန်းချဲ့၏ ရင်ထဲတွင် အပြစ်ရှိသလို ခံစားရခြင်း အနည်းငယ်မျှပင် မရှိချေ။
ချီမိသားစုနှင့် လင်းမိသားစု ကြားရှိ ရန်ငြိုးများကို ထည့်မတွက်လျှင်ပင်... ဤလူက တစ်ဖက်တွင် ပုန်းအောင်းနေခြင်းက မကောင်းသော အကြံအစည် ရှိနေကြောင်းကို သက်သေပြနေပေသည်။
အကယ်၍ သူသာ သာမန် သိုင်းသခင် တစ်ပါး ဖြစ်နေမည် ဆိုပါက... အမြုတေ တည်ဆောက်သည့် လုပ်ငန်းစဉ် အတွင်း၌ ဤလူ၏ နှောင့်ယှက်ခြင်းကို သေချာပေါက် ခံရမည်မှာ အသေအချာပင်။ တော်သေးသည်က သူ၏ အဆင့်တက်လှမ်းမှုက အလွန် မြန်ဆန်လွန်းနေခြင်း ဖြစ်၏။ အစမှ အဆုံးတိုင်အောင် အမွှေးတိုင် တစ်တိုင်စာ အချိန်ပင် မကြာလိုက်ချေ။
နောက်တစ်ဆင့် အနေဖြင့်... အမဲလိုက်ချိန် ရောက်ရှိလာခဲ့လေပြီ။
ကျန်းချဲ့က လားရာ တစ်ခုသို့ လှမ်းကြည့်လိုက်ပြီးနောက်... သူ၏ ကိုယ်လုံးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားလေတော့သည်။
ချီမိသားစုထံမှ ပစ္စည်းများစွာကို ယူထားခဲ့ပြီး ဖြစ်ရာ... လင်းမိသားစုမှ လူများကို ရှင်းလင်းပေးခြင်းက သူ လုပ်သင့်လုပ်ထိုက်သော အရာပင် ဖြစ်ပေသည်။ နီးကပ်နေမှတော့... အရင်ဆုံး စတင် အစမ်းသပ်ခံ ခိုင်းလိုက်ရုံပေါ့လေ။
ထိုအချိန်တွင် ရွှမ်လင် လျှို့ဝှက်နယ်မြေ၏ အရှေ့မြောက်ဘက် အရပ်ရှိ...
လျှို့ဝှက်သော ချိုင့်ဝှမ်းတစ်ခု အတွင်း၌လည်း... ကြီးမားလှသော မူလစွမ်းအင် ဝဲကတော့ကြီး တစ်ခု ဖွဲ့စည်းနေလေသည်။
ယခင်က ဝေ့မိသားစု အတွင်းမှ သာမန်ရုပ်ရည်ရှိသော တပည့်ဆိုသူမှာ... လေဟာနယ်ထဲတွင် တင်ပျဉ်ခွေ ထိုင်နေလေသည်။ သူ၏ အရှေ့တွင် မှေးမှိန်နေသော ပုံရိပ်ယောင် ဆေးလုံး တစ်လုံးက ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေ၏။
သူသည်လည်း အဆင့်တက်လှမ်းနေခြင်းပင် ဖြစ်လေသည်။
သို့သော် ကျန်းချဲ့နှင့် မတူညီသည်မှာ... သူ တည်ဆောက်နေသည်က အတုအယောင် အမြုတေပင် ဖြစ်၏။ ဤသည်မှာ အစိမ်းရောင်ကောင်းကင်ယံ မိစ္ဆာဂိုဏ်း (ချင်းထျန်းဂိုဏ်း) ၏ သီးသန့် လျှို့ဝှက်ချက်တော့ မဟုတ်ချေ။ သိုင်းလောက တစ်ခုလုံးတွင် ပျံ့နှံ့နေပြီးသား ဖြစ်သော်လည်း... အကျိုးအမြတ် မများလှသဖြင့် လူကြိုက်မများခြင်းသာ ဖြစ်သည်။
တည်ဆောက်လိုက်သော အမြုတေမှာ... ဆေးလုံးများ ဖော်စပ်သကဲ့သို့ ဖော်စပ်ထားခြင်း သို့မဟုတ် မိစ္ဆာကောင်များ၏ ခန္ဓာကိုယ် အတွင်းမှ လုယူ၍ သန့်စင်ထားသော မိစ္ဆာအမြုတေများသာ ဖြစ်ကြသည်။ မွေးရာပါ တာအိုမျိုးစေ့နှင့် ပေါင်းစပ်လိုက်သည့် အချိန်မှာ... အမြုတေ အောင်မြင်သည့် အချိန်ပင် ဖြစ်၏။
သို့သော် အတုအယောင် အမြုတေ သိုင်းသခင် တစ်ပါး၏ စွမ်းအားမှာ... အစစ်အမှန် ရွှမ်တန်အဆင့် သိုင်းသခင်များနှင့် ယှဉ်လျှင် အများကြီး ကွာခြားလှပေသည်။ ထို့အပြင် သက်တမ်း တိုးတက်လာခြင်း လုံးဝ မရှိသလို... ကျင့်ကြံမှု အဆင့်ကလည်း နောက်ထပ် တိုးတက်လာနိုင်စရာ အကြောင်း မရှိတော့ချေ။
အတုအယောင် အမြုတေကို တည်ဆောက်ပြီးသွားသည်နှင့်... တစ်သက်လုံး ထိုအဆင့်တွင်သာ ရပ်တန့်နေတော့မည် ဖြစ်သည်။
ဤကဲ့သို့သော နည်းလမ်းများကို မိသားစုကြီးများက လုံးဝ အထင်အမြင် သေးကြသော်လည်း... ချင်းထျန်းဂိုဏ်း အတွင်း၌မူ အလွန် ခေတ်စားနေလေသည်။ လျှို့ဝှက်နယ်မြေ အတွင်းရှိ ဝိညာဉ်အသိ ပွင့်နေသော ကိုးကွေ့ ရွှမ်ဂျင်ဆင်းကို လုယူရန် အတွက်... ဓမ္မမင်းကြီး၏ အမိန့်အရ သူ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်၏။
သို့သော် သူ၏ ကိုယ်ပိုင် စွမ်းအားက မိသားစုကြီးများမှ မျိုးဆက် သခင်လေးများကို မယှဉ်နိုင်သဖြင့်... ဤနည်းလမ်းကို အသုံးပြု၍ စွမ်းအားကို အတင်းအကျပ် မြှင့်တင်ရခြင်း ဖြစ်ပေသည်။
ဓမ္မမင်းကြီးက မိစ္ဆာအမြုတေ အပေါ်တွင် ကြိုတင် စီစဉ်ပေးထားသော မှော်ပညာများ ပါဝင်နေသဖြင့်... ရွှေအမြုတေ သိုင်းသခင်များ မရှိသရွေ့ မည်သူကမျှ သူ့ကို ယှဉ်နိုင်မည် မဟုတ်ဟု ယင်းကျို က အခိုင်အမာ ယုံကြည်ထားလေသည်။
သိုင်းသခင် တစ်ပါးနှင့် ရင်ပေါင်တန်းနိုင်သည်ဟု ကောလာဟလ ထွက်နေသော ကျန်းချဲ့ပင်လျှင် ချွင်းချက် မဟုတ်ချေ။
အမြုတေ အဆင့်သို့ မရောက်ရှိသေးသရွေ့... သိုင်းသခင် တစ်ပါး၏ ကြီးမားလှသော စွမ်းအားကို လုံးဝ သိနိုင်မည် မဟုတ်ပေ။
ဓမ္မမင်းကြီး၏ ဘေးနားရှိ သေရဲတပ်ဖွဲ့ ကိုယ်ရံတော် တစ်ဦး ဖြစ်သော ယင်းကျို သည်... ယခုအချိန်တွင် ဤမျှ ကြီးမားလှသော ယုံကြည်ချက်မျိုး ရှိနေလေသည်။ အတုအယောင် အမြုတေကို အောင်မြင်သွားသည်နှင့်... အရပ်လေးမျက်နှာကို လွှမ်းမိုးနိုင်ပြီ ဖြစ်၏။
သို့သော် ဓမ္မမင်းကြီး၏ လျှို့ဝှက်ပညာ ကူညီမှု ပါဝင်နေသော်လည်း... အမြုတေ အောင်မြင်ရန် အတွက် အချိန် အများအပြား လိုအပ်နေဆဲ ဖြစ်ရာ... သူ အနေဖြင့် ဖြည်းဖြည်းချင်း စောင့်ဆိုင်းနေရုံသာ ရှိတော့သည်။
အခြားတစ်ဖက်တွင်လည်း ကျန်းချဲ့၏ လှုပ်ရှားမှု အမြန်နှုန်းမှာ အလွန်တရာ မြန်ဆန်လှပေသည်။
နာရီဝက်ပင် မကြာလိုက်သော အချိန်အတွင်းမှာပင်... လင်းမိသားစု၏ အနီးဆုံး စုရပ်သို့ ရောက်ရှိသွားခဲ့လေသည်။ သို့သော် သူ့ကို စိတ်ပျက်သွားစေသည်မှာ... ထိုနေရာ၌ မည်သူ့ကိုမျှ မတွေ့ရခြင်းပင်။
ခေတ္တမျှ ဆက်လက် စောင့်ဆိုင်းပြီးနောက်... ကျန်းချဲ့၏ စိတ်ရှည်မှုများ တဖြည်းဖြည်း ကုန်ဆုံးလာလေသည်။ လင်းမိသားစု တပည့်များကို သတ်ဖြတ်ရန်မှာ အဓိက တာဝန် ဖြစ်သော်လည်း... သူ၏ အဓိက ကိစ္စရပ်များကိုတော့ အနှောင့်အယှက် အဖြစ်မခံနိုင်ချေ။ လျှို့ဝှက်နယ်မြေ အတွင်းရှိ ဝိညာဉ်ရတနာများကို စုဆောင်းရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် သူ ဤနေရာသို့ လာခဲ့ခြင်း မဟုတ်ပါလော။
မြေပုံကို ခေတ္တမျှ စူးစိုက်ကြည့်ပြီးနောက်... အရောင်ငါးမျိုး နတ်ဘုရားပန်း ရှိရာ နေရာသို့ သွားရန် ကျန်းချဲ့ ဆုံးဖြတ်လိုက်လေသည်။
အင်အားစုကြီးများ အနေဖြင့် ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်းရှိ နေရာ အတော်များများကို ရှင်းလင်းစွာ သိရှိထားကြပြီး... အဖိုးတန် ရတနာများ မည်သည့် နေရာတွင် ရှိနေမည်ကိုလည်း ကြိုတင် မှတ်သားထားလေ့ ရှိကြသည်။
အချိန်တန်၍ ရင့်မှည့်လာသည်နှင့် တစ်ပြိုင်နက် သွားရောက် ခူးဆွတ်ကြမည် ဖြစ်၏။
သေချာသည်မှာ အကယ်၍ သက်တမ်း မပြည့်သေးပါက... အင်အားစုကြီးများကလည်း အမြစ်ပြတ် ခူးဆွတ်ကြမည် မဟုတ်ချေ။ ဥပမာအားဖြင့် ချီကျန်းနန်က သူ့ကို အထူး ဂရုစိုက်ခိုင်းခဲ့သော ဝိညာဉ်ရတနာ သုံးခု ဆိုလျှင်လည်း ဤသဘောတရားပင် ဖြစ်လေသည်။
အရောင်ငါးမျိုး နတ်ဘုရားပန်းကို ပြီးခဲ့သည့် အကြိမ် လျှို့ဝှက်နယ်မြေ ပွင့်စဉ်က ချီမိသားစု တပည့်များ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် လျှို့ဝှက်နယ်မြေ ပြန်လည် ပိတ်တော့မည့် အချိန် ဖြစ်နေသည့်အပြင်... နတ်ဘုရားပန်း အနီးတွင် မွေးရာပါ အထွတ်အထိပ် အဆင့်ရှိ ထူးကဲသားရဲ တစ်ကောင်က စောင့်ကြပ်နေသဖြင့်... အကူအညီမဲ့စွာ နောက်ဆုတ်ခဲ့ရခြင်း ဖြစ်၏။
ထိုနေရာမှာ သူ ယခု ရောက်ရှိနေသော နေရာနှင့် မိုင်ငါးဆယ်ပင် မဝေးတော့သဖြင့်... မျက်တောင်တစ်ခတ် အတွင်း ရောက်ရှိနိုင်ကာ သွားရောက် ယူဆောင်ရန် အလွန် သင့်တော်လှပေသည်။
ဤသို့ တွေးမိလိုက်ပြီးနောက် ကျန်းချဲ့ တစ်ယောက် မည်သည့် တွန့်ဆုတ်မှုမျှ မရှိတော့ဘဲ... အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ အရောင်ငါးမျိုး နတ်ဘုရားပန်း ရှိရာသို့ အလျင်အမြန် ထွက်ခွာသွားလေတော့သည်။
မြွေတစ်သောင်း ချိုင့်ဝှမ်း။
ထိုချိုင့်ဝှမ်း အတွင်း၌ မြွေအမျိုးအစား သောင်းချီ၍ ရှိနေသောကြောင့်သာ... အင်အားစုကြီးများမှ တပည့်များ အားလုံးက တညီတညွတ်တည်း ဤနာမည်ကို ပေးထားခဲ့ကြခြင်း ဖြစ်သည်။ ယခုအချိန်တွင် မြွေတစ်သောင်း ချိုင့်ဝှမ်း အတွင်း၌ လူရိပ်အချို့က မြွေများကို သတ်ဖြတ်နေကြလေသည်။
"သေချင်းဆိုး... အရောင်ငါးမျိုး နတ်ဘုရားပန်းက ဘာလို့ ဒီလို သရဲတစ္ဆေ နေရာမျိုးမှာ လာပေါက်နေရတာလဲ... ငါက မြွေတွေကို အမုန်းဆုံးပဲကွ"
လင်းမိသားစု ဝတ်ရုံကို ဆင်မြန်းထားသော တပည့် တစ်ဦးက ဓားလှိုင်းတစ်ခုဖြင့် မြွေအကောင်ရေ အချို့ကို သတ်ဖြတ်လိုက်ပြီးနောက် မကျေမနပ် ရေရွတ်လိုက်လေသည်။
"တော်တော့... စကားများမနေနဲ့တော့... လွန်ခဲ့တဲ့ နှစ်လေးဆယ်တုန်းက ဦးလေး တစ်ယောက်က ဒီနေရာမှာ အမှတ်အသား လုပ်ထားခဲ့တာကွ... အဲ့ဒီအချိန်တုန်းက အရောင်ငါးမျိုး နတ်ဘုရားပန်းက ရတနာဆေးပင် အဖြစ် မပြောင်းလဲသေးဘူးလေ... တခြား မိသားစုတွေက ဒီနေရာမှာ ဝိညာဉ်ရတနာ ရှိမှန်း သိလား မသိဘူးလား ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး... မြန်မြန် ယူပြီး ဒီနေရာကနေ ထွက်သွားတာ အကောင်းဆုံးပဲ"
လင်းယန်က မှိုင်းညို့သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။
"ဟုတ်တယ်... ပြီးရင် ချီမိသားစုက လူတွေကို သွားရှင်းရဦးမှာ... ဘာတွေများ ညည်းတွားနေတာလဲ"
အခြားလူများကလည်း ထောက်ခံ ပြောဆိုလိုက်ကြလေသည်။
၎င်းတို့ အားလုံးမှာ လင်းမိသားစု၏ ထိပ်တန်း တပည့်များ ဖြစ်ကြရာ... စွမ်းအား မရှိလှသော မြွေတစ်အုပ်ကို ရှင်းလင်းရန်မှာ အလွန် လွယ်ကူလှပေသည်။ အချိန်တို အတွင်းမှာပင် သူတို့ သတ်ဖြတ်လိုက်သော မြွေကောင်ရေမှာ ထောင်နှင့်ချီ၍ ရှိနေလေပြီ။
မြေပြင်ပေါ်တွင်လည်း အပိုင်းပိုင်း ပြတ်နေသော မြွေအသေကောင်များဖြင့် ပြည့်နှက်နေ၏။
ထို့နောက် သူတို့ အားလုံး မြွေတစ်သောင်း ချိုင့်ဝှမ်း အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားကြလေသည်။
"အစ်ကိုယန်... ဟိုမှာ ကြည့်လိုက်စမ်း... အရောင်ငါးမျိုး နတ်ဘုရားပန်းပဲ"
ရုတ်တရက် တပည့်တစ်ဦးက အဝေးရှိ ချောက်ကမ်းပါးပေါ်တွင် ပွင့်လန်းနေသော ပန်းတစ်ပွင့်ကို လက်ညှိုးထိုးပြကာ တိုးတိုးလေး အော်ဟစ်လိုက်လေသည်။
သူ၏ အသံကြောင့် အခြားလူများကလည်း ချက်ချင်း ကြားသွားကြပြီး... အားလုံး၏ အကြည့်များက ထိုနေရာသို့ ရောက်ရှိသွားကြလေသည်။
သူတို့၏ အရှေ့ဘက် ပေသုံးရာကျော် အကွာအဝေးတွင်... အရောင်ငါးမျိုးဖြင့် လှပစွာ ပွင့်လန်းနေသော ပန်းတစ်ပွင့်ကို မြင်တွေ့လိုက်ရ၏။ သို့သော် ထိုအရောင်ငါးမျိုး နတ်ဘုရားပန်း၏ အောက်ဘက်တွင်မူ အမျိုးအစား စုံလင်လှသော အဆိပ်မြွေ ထောင်ပေါင်းများစွာ ရစ်ခွေနေကြလေသည်။
"အသံမထွက်စေနဲ့... အရှိန်အဝါတွေကို ဖုံးကွယ်ထား... ဒီလောက် အဆိပ်မြွေတွေ အများကြီး ရှိနေတာ... သေချာပေါက် မြွေဘုရင် ရှိနေမှာပဲ... သူ့ကို သွားမနှိုးမိစေနဲ့... နတ်ဘုရားပန်းကို ယူပြီးတာနဲ့ ချက်ချင်း ပြေးမယ်... လုံးဝ ဆက်မနေနဲ့နော်"
လင်းယန်က တည်ငြိမ်စွာ အမိန့်ပေးလိုက်လေသည်။
"ဟုတ်ကဲ့"
"ဟုတ်ကဲ့ပါ"
လင်းယန်၏ အမိန့်ပေးသံ အဆုံးတွင် သူတို့ အားလုံး အရှိန်အဝါများကို လျင်မြန်စွာ ဖုံးကွယ်လိုက်ကြပြီး... အရောင်ငါးမျိုး နတ်ဘုရားပန်း ရှိရာသို့ တဖြည်းဖြည်း ချဉ်းကပ်သွားကြလေသည်။ သို့သော် ဤနေရာ၌ မြွေများ အလွန် များပြားလွန်းလှသဖြင့်... အမှတ်မထင် နှိုးမိသွားသူ တစ်ယောက် ရှိလာခဲ့လေသည်။
"အခုပဲ"
လင်းယန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး... သူ၏ ကိုယ်လုံးမှာ ချက်ချင်းပင် လေပေါ်သို့ ပျံတက်သွားကာ... အရောင်ငါးမျိုး နတ်ဘုရားပန်း ရှိရာသို့ အလျင်အမြန် ဦးတည်သွားလေသည်။
သို့သော် အနီးသို့ မရောက်ရှိမီမှာပင်... အရောင်ငါးမျိုး နတ်ဘုရားပန်း ဘေးရှိ လိုဏ်ဂူပေါက် တစ်ခု အတွင်းမှ အဖြူရောင် မြွေခေါင်းကြီး တစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး... လင်းယန်ကို အားကုန် လှမ်းပေါက်လိုက်လေသည်။
မြွေကြီး၏ ပါးစပ် အတွင်းရှိ အဆိပ်စွယ်များကိုပင် လင်းယန် ရှင်းလင်းစွာ မြင်တွေ့နေရ၏။ ဤကဲ့သို့သော အဆိပ်မြွေက စွမ်းအား အတော်အတန် ရှိသော်လည်း... သူ၏ မျက်လုံးထဲတွင်တော့ ထည့်သွင်းစဉ်းစားစရာ မဟုတ်ချေ။ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ဓားလှိုင်းတစ်ခုက မြွေကြီးကို နှစ်ပိုင်း ပြတ်သွားစေလေသည်။
သို့သော် သူ၏ ဤလုပ်ရပ်က အရောင်ငါးမျိုး နတ်ဘုရားပန်း အနီးတွင် စောင့်ကြပ်နေသော အဆိပ်မြွေများကို လုံးဝ နိုးထသွားစေခဲ့ပြီး... လင်းယန်ထံသို့ လျှာများ ထုတ်ကာ အလုအယက် တိုက်ခိုက်လာကြလေတော့သည်။
"လင်းမိသားစုက လူတွေပါလား"
အရောင်ငါးမျိုး နတ်ဘုရားပန်း အထက်ရှိ ကျောက်တောင် အက်ကွဲကြောင်း တစ်ခု အတွင်းမှ... ချီနင်ပင်းက အက်ကွဲကြောင်းများ ကြားမှ တစ်ဆင့်... အရောင်ငါးမျိုး နတ်ဘုရားပန်းကို လုယူရန် ပြင်ဆင်နေသော လင်းယန်နှင့် အခြားလူများကို စိုက်ကြည့်ရင်း လေးနက်သော မျက်နှာထားဖြင့် ရေရွတ်လိုက်လေသည်။
သို့သော် ကျားပါးစပ်ထဲမှ အသားကို လုယူရန် သူမ စိတ်ကူးမရှိချေ။ ဤရှုပ်ထွေးနေသော အခြေအနေကို အသုံးချကာ ဤနေရာမှ ထွက်ပြေးရန်သာ စဉ်းစားနေမိ၏။ ချီနင်ပင်း အနေဖြင့် သူမ၏ ကိုယ်ပိုင် စွမ်းအားကို ကောင်းစွာ သိထားသည်။ သူမ၏ စွမ်းအားက အတော်အတန် ကောင်းမွန်သည် ဆိုသော်လည်း... လင်းမိသားစုမှ လူများကိုမူ လုံးဝ မယှဉ်နိုင်ချေ။
ဤနေရာရှိ မြွေဘုရင်ကို ဆိုလျှင် ပို၍ပင် မယှဉ်နိုင်သေးပေ။ အစ်မကြီးနှင့် ခဲအို လို သိုင်းပညာရှင်များသာ... အရောင်ငါးမျိုး နတ်ဘုရားပန်းကို လုယူရန် အရည်အချင်း ရှိပေသည်။
သူမ ဤနေရာသို့ မည်သို့ ရောက်ရှိလာသနည်း ဆိုလျှင်... အလွန် ကံဆိုးလွန်း၍သာ ဖြစ်သည်။
လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်လာပြီးနောက် နေရာလွတ် မုန်တိုင်းတစ်ခုထဲသို့ ရောက်ရှိသွားပြီး... မြွေတစ်သောင်း ချိုင့်ဝှမ်း အတွင်းသို့ လွင့်စင်လာခဲ့ခြင်း ဖြစ်၏။
ထို့အပြင် ဤနေရာရှိ မြွေဘုရင်၏ အာရုံစိုက်ခြင်းကိုပါ ခံလိုက်ရသေးရာ... ထွက်ပြေးရန်ပင် မဖြစ်နိုင်တော့ဘဲ ဖခင်ဖြစ်သူ ပေးလိုက်သော အရှိန်အဝါ ဖုံးကွယ်သည့် အဆောင်ကို အသုံးပြုကာ... ဤနေရာ၌ ခေတ္တ ပုန်းအောင်းနေခဲ့ရခြင်း ဖြစ်သည်။
အစ်မဖြစ်သူ သို့မဟုတ် ခဲအို လာရောက် ကယ်တင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း... မထင်မှတ်ဘဲ လင်းမိသားစုမှ လူများက သူမကို အခွင့်အရေး လာပေးနေလေသည်။
မြွေဘုရင်က ထွက်ပေါ်လာပြီး လင်းမိသားစုမှ လူများနှင့် တိုက်ခိုက်သည်နှင့် တစ်ပြိုင်နက်... သူမ ချက်ချင်း ထွက်ပြေးကာ ချီမိသားစုထံမှ အကူအညီ တောင်းခံမည် ဖြစ်သည်။ ထိုအချိန်ကျမှသာ ဤနေရာရှိ အရောင်ငါးမျိုး နတ်ဘုရားပန်းကို လုယူသင့် မလုယူသင့် စဉ်းစားရမည် ဖြစ်၏။
ချီနင်ပင်း မျှော်လင့်ထားသည့် အတိုင်းပင်... လင်းမိသားစုမှ လူများက မြွေအများအပြားကို သတ်ဖြတ်လိုက်ပြီးနောက်... သူမ၏ အရှိန်အဝါကို ရှာဖွေနေသော မြွေဘုရင်ကြီး နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့လေပြီ။
ရွှံ့နွံအိုင် တစ်ခု အတွင်းမှ ဧရာမ မြွေခေါင်းကြီး တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။
အမြင့် ပေသုံးဆယ်ကျော်ခန့် ရှိပြီး ခန္ဓာကိုယ် တစ်ခုလုံးမှ ကြမ်းကြုတ်ရက်စက်သော အရှိန်အဝါများကို ထုတ်လွှတ်နေ၏။ ကြီးမားလှသော မျက်လုံးကြီး နှစ်လုံးက အရှေ့ဘက်ရှိ လူရိပ်များကို အသေအချာ စိုက်ကြည့်နေပြီး... ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ရာ... လင်းမိသားစု တပည့်တစ်ဦး၏ အနောက်သို့ မျက်တောင်တစ်ခတ် အတွင်း ရောက်ရှိသွားလေသည်။
ခန္ဓာကိုယ် ကြီးမားလှသော်လည်း အမြန်နှုန်းမှာ အလွန်တရာ မြန်ဆန်လှသဖြင့်... ထိုလင်းမိသားစု တပည့်မှာ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ဘဲ မြွေဘုရင်၏ ပါးစပ် အတွင်းသို့ ချက်ချင်း ရောက်ရှိသွားလေတော့သည်။
"သေချင်းဆိုးပဲ"
မြွေဘုရင် ထွက်ပေါ်လာသည်ကို လင်းယန် သတိပြုမိလိုက်သောအခါ... အလွန်တရာ ခက်ခဲသွားပြီ ဖြစ်ကြောင်း ချက်ချင်း သိလိုက်လေသည်။
ထူးကဲသားရဲများမှာ ဉာဏ်ရည် နိမ့်ကျသော်လည်း ၎င်းတို့၏ ရုပ်ခန္ဓာမှာ အလွန် အားကောင်းလှပေသည်။ ဓားလှိုင်းများကို အသာလေး ခုခံနိုင်စွမ်း ရှိပြီး... အနည်းငယ်မျှ ပေါ့ဆလိုက်ပါက ဤနေရာ၌ အသက်ပါ ဆုံးရှုံးသွားနိုင်ပေသည်။
သို့သော် ဤကဲ့သို့သော အခြေအနေမျိုးတွင် လွတ်မြောက်ရန်လည်း မဖြစ်နိုင်တော့သဖြင့်... အံကြိတ်ကာ ဝင်တိုက်ရန်သာ ရှိတော့သည်။
လင်းမိသားစု၏ ခေါင်းဆောင် တစ်ယောက် အနေဖြင့်... လင်းယန်၏ စွမ်းအားမှာ တကယ်ကို မဆိုးလှကြောင်း ဝန်ခံရပေမည်။ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ထက်မြက်လှသော ဓားလှိုင်းများစွာက လွှမ်းခြုံသွားလေသည်။ သို့သော် မြွေဘုရင်ကလည်း သာမန် မဟုတ်ချေ။
၎င်း၏ မာကျောလှသော အကြေးခွံများက တိုက်ခိုက်မှု အများစုကို ပျက်ပြယ်သွားစေနိုင်ပြီး... လင်းယန်နှင့် အပြင်းအထန် တိုက်ပွဲ စတင်လေတော့သည်။
အခုပဲ...
ချီနင်ပင်းက အခွင့်အရေးကို လက်လွတ်မခံဘဲ... ကိုယ်လုံးကို ချက်ချင်း လှုပ်ရှားလိုက်ကာ မြွေတစ်သောင်း ချိုင့်ဝှမ်း အပြင်ဘက်သို့ မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ထွက်ပြေးလေတော့သည်။ ကျောက်တောင်ပေါ်ရှိ အရောင်ငါးမျိုး နတ်ဘုရားပန်းကိုတော့ လှည့်၍ပင် မကြည့်ခဲ့ချေ။
အကယ်၍ သူမသာ ထိုပန်းကို ယူလိုက်မည် ဆိုပါက... လင်းယန်နှင့် မြွေဘုရင်၏ ဒေါသများကို ရင်ဆိုင်ရမည်မှန်း သူမ ကောင်းကောင်း သိထားသောကြောင့်ပင်။
သူမ ထွက်ပေါ်လာမှုက တိုက်ခိုက်နေသော လင်းယန်နှင့် လင်းမိသားစု တပည့်များကို ချက်ချင်း သတိပြုမိသွားစေလေသည်။
"ချီနင်ပင်း ပါလား"
"သူမက ဘယ်လိုလုပ် ဒီကို ရောက်နေရတာလဲ"
"သူ့ကို ဂရုမစိုက်နဲ့... ဒီရွံစရာကောင်းတဲ့ မြွေတွေကို အရင် သတ်ရမယ်"
"ဟုတ်တယ်... အရောင်ငါးမျိုး နတ်ဘုရားပန်း ရှိနေသရွေ့... သူ့ကို လွှတ်ထားလိုက်... ကိစ္စတွေ အားလုံး ပြီးသွားမှ ချီနင်ပင်းကို သွားရှင်းကြတာပေါ့"
လင်းယန်က ချက်ချင်း အော်ဟစ် အမိန့်ပေးလိုက်လေသည်။
စကားသံ အဆုံးတွင် မြွေဘုရင်ကလည်း ၎င်း၏ ဧရာမ အမြီးကြီးဖြင့် လင်းယန်ထံသို့ အားကုန် ရိုက်ချလိုက်လေရာ... ကြီးမားလှသော စွမ်းအားများကြောင့် လေဟာနယ်ထဲတွင် ပေါက်ကွဲသံများပင် ထွက်ပေါ်လာရလေသည်။
အခြားတစ်ဖက်တွင်မူ ချီနင်ပင်း တစ်ယောက် အသက်လု၍ ထွက်ပြေးနေလေသည်။ သူမ နောက်သို့ မည်သူမျှ လိုက်လာမည် မဟုတ်ကြောင်း မှန်းဆထားသော်လည်း... အရာရာတိုင်းမှာ အလွဲအချော် ရှိနိုင်သည် မဟုတ်ပါလော။ ဤကိစ္စနှင့် ပတ်သက်၍ သူမက အလွန်တရာ သတိထားသူ တစ်ဦး ဖြစ်၏။
အပြာရောင် အလင်းတန်းလေး တစ်ခုက ကောင်းကင်ယံကို ဖြတ်သန်း၍ ဥက္ကာပျံလေး တစ်ခုအလား... မျက်တောင်တစ်ခတ် အတွင်းမှာပင် မြွေတစ်သောင်း ချိုင့်ဝှမ်းမှ လွတ်မြောက်သွားပြီး... ချီမိသားစု၏ အနီးဆုံး စုရပ်တစ်ခုထံသို့ လျင်မြန်စွာ ဦးတည်သွားလေတော့သည်။
မြွေတစ်သောင်း ချိုင့်ဝှမ်းသို့ သွားရောက်ကာ အရောင်ငါးမျိုး နတ်ဘုရားပန်းကို ယူဆောင်ရန် ပြင်ဆင်နေသော ကျန်းချဲ့ကလည်း... ချီနင်ပင်းကို တွေ့လိုက်ရသဖြင့် သူ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားလေသည်။
သူမ၏ အနောက်တွင် လူတစ်ယောက်ယောက် လိုက်လာသည်ဟု ထင်မှတ်ကာ... သူရဲကောင်း တစ်ယောက်က အလှမယ်လေးကို ကယ်တင်မည့် ဇာတ်ဝင်ခန်း တစ်ခု အတွက်ပင် ကြိုတင် ပြင်ဆင်ထားလိုက်သေး၏။
သို့သော် သေချာစွာ စူးစမ်းကြည့်လိုက်သောအခါ အနောက်တွင် မည်သူမျှ မရှိကြောင်း သိလိုက်ရသဖြင့်... စိတ်အေးသွားပြီး ချီနင်ပင်း အနောက်သို့ အလျင်အမြန် လိုက်သွားလိုက်လေသည်။ အနီးသို့ ရောက်ရှိလာသောအခါ သူမကို တိုက်ရိုက် လှမ်းခေါ်လိုက်၏။
"နင်ပင်း... ကျုပ်ပါ"
"ခဲအို..."
ရင်းနှီးနေသော အသံကို ကြားလိုက်ရသဖြင့်... လေပေါ်တွင် ပျံသန်းနေသော ချီနင်ပင်းက အလျင်အမြန် လှည့်ကြည့်လိုက်လေသည်။ အနောက်မှ လိုက်လာသူမှာ သူမ၏ ခဲအို ဖြစ်ကြောင်း သိလိုက်ရသောအခါမှသာ သက်ပြင်းချနိုင်သွားတော့သည်။
စောစောက အားကောင်းလှသော အရှိန်အဝါ တစ်ခုက အနောက်မှ လိုက်လာသဖြင့်... တစ်ယောက်ယောက် လိုက်လာပြီဟု ထင်မှတ်ကာ... သူမ၏ ရင်ထဲတွင် အလွန်တရာ စိုးရိမ်ပူပန် နေခဲ့ရသည် မဟုတ်ပါလော။
မိမိလူ ဖြစ်နေမည်ဟု သူမ မထင်ထားခဲ့ချေ။
"နင်ပင်း... မင်းက ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ"
"ခဲအို... ရှင်ရော ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ... ပြီးတော့... ရှင်က ရွှေအမြုတေ တည်ဆောက်ပြီးသွားပြီလား…”