← Chapters

အခန်း ၂၀၈

Vol. 21 Ch. 208

အခန်း ၂၀၈

Vol. 21 Ch. 208

အခန်း (၂၀၈) ပေါ့ပေါ့ပါးပါးဖြင့် အရာအားလုံးကို ဖိနှိပ်ခြေမှုန်းခြင်း

"ခဲအို... ရှင် ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ... ပြီးတော့... ရှင် ရွှေအမြုတေ တည်ဆောက်ပြီးသွားပြီလား..."

ချီနင်ပင်းက ကျန်းချဲ့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော သိပ်သည်းအားကောင်းလှသည့် အရှိန်အဝါကြီးကို ခံစားမိလိုက်သဖြင့် မနေနိုင်ဘဲ မေးမြန်းလိုက်လေသည်။

ချီမိသားစု၏ ဒုတိယ သခင်မလေး တစ်ယောက်အနေဖြင့် ချီနင်ပင်း၏ အမြင်ကျယ်မှုမှာ သာမန်မဟုတ်ချေ။ မိသားစုအတွင်း၌ ရွှမ်တန်အဆင့် သိုင်းသခင် အများအပြား ရှိနေသည် မဟုတ်ပါလော။

ထို့အပြင် ကျန်းချဲ့သည် လျှို့ဝှက်နယ်မြေ အတွင်းသို့ မဝင်ရောက်မီက ဤမျှ ကြီးမားသော အရှိန်အဝါမျိုး မရှိခဲ့ပေ။ ဤသည်က သူမကို မတွေးဘဲ မနေနိုင်အောင် ဖြစ်စေခဲ့ပြီး မနေနိုင်ဘဲ ထုတ်မေးလိုက်မိခြင်း ဖြစ်၏။

"အင်း... တကယ်တော့ လျှို့ဝှက်နယ်မြေထဲ မဝင်ခင်ကတည်းက လိုအပ်တာတွေ အားလုံး ပြင်ဆင်ပြီးသားပါ... ရွှမ်လင် လျှို့ဝှက်နယ်မြေရဲ့ အစီအရင် ကန့်သတ်ချက်ကို လှည့်စားဖို့အတွက် အစွမ်းကုန် ဖိနှိပ်ထားခဲ့ရုံပဲ..."

ကျန်းချဲ့က ရှင်းပြလိုက်လေသည်။

သူ၏ အမြုတေ တည်ဆောက်မှု အမြန်နှုန်းက လွန်စွာ မြန်ဆန်လွန်းနေသည် မဟုတ်ပါလော။ မည်သည့်အရာကိုမျှ ကြောက်ရွံ့နေစရာ မလိုသော်လည်း ချီနင်ပင်း အထင်လွဲသွားမည်ကို စိုးရိမ်သဖြင့် စကားအနည်းငယ် ရှင်းပြလိုက်ခြင်း ဖြစ်ပေသည်။

"ဒီလိုကိုး..."

ချီနင်ပင်း တစ်ယောက် ချက်ချင်း သဘောပေါက်သွားလေသည်။

လျှို့ဝှက်နယ်မြေ ပွင့်သွားသည်မှာ နေ့တစ်ဝက်မျှသာ ရှိသေးသည် မဟုတ်ပါလော။ သာမန် အခြေအနေမျိုးဆိုလျှင် ဤမျှ အချိန်တိုအတွင်း ရွှေအမြုတေ အောင်မြင်အောင် တည်ဆောက်နိုင်ရန် လုံးဝ မဖြစ်နိုင်ချေ။ မည်သူကမျှလည်း လျှို့ဝှက်နယ်မြေ အတွင်း၌ အန္တရာယ်ခံ၍ အမြုတေ တည်ဆောက်ရဲမည် မဟုတ်ပေ။

သို့သော် အရာအားလုံးကို ကြိုတင် ပြင်ဆင်ထားခဲ့သည် ဆိုပါက ပြဿနာ မရှိတော့ချေ။

ဤကဲ့သို့ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ကျင့်ကြံမှုအဆင့်ကို အတင်းအကျပ် ဖိနှိပ်ထားသည့် ကိစ္စရပ်များကို သူမ မကြားဖူးခဲ့သည်တော့ မဟုတ်ပေ။

အန္တရာယ် များသော်လည်း ရရှိလာမည့် အကျိုးအမြတ်က ပိုမို ကြီးမားမည်မှာ အသေအချာပင်။ ရွှမ်တန်အဆင့် သိုင်းသခင် တစ်ပါး အနေဖြင့် ဤလျှို့ဝှက်နယ်မြေ တစ်ခုလုံးတွင် ပြိုင်ဘက်ကင်း အနေအထားဖြင့် ကန့်လန့်ဖြတ် လျှောက်လှမ်းနိုင်ပြီ ဖြစ်၏။

ဤသို့ တွေးမိလိုက်သောအခါ ချီနင်ပင်း၏ မျက်နှာပေါ်တွင် စိတ်အေးသွားသည့် အပြုံးတစ်ခု ပေါ်ထွက်လာလေသည်။ ခဲအိုဖြစ်သူက ကျောထောက်နောက်ခံ ပြုပေးနေသဖြင့် ဤလျှို့ဝှက်နယ်မြေ အတွင်း၌ သူမအတွက် မည်သည့် အန္တရာယ်မျှ ရှိတော့မည် မဟုတ်ချေ။

သေချာသည်မှာ... ဤသည်က ကျန်းချဲ့၏ ရွှေအမြုတေ တည်ဆောက်မှုအပေါ် ချီနင်ပင်း အနေဖြင့် အံ့ဩတုန်လှုပ်ခြင်း မရှိဟု ဆိုလိုခြင်း မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ယခုအချိန်မှသာ ကျန်းချဲ့၏ ကြောက်မက်ဖွယ် ကျင့်ကြံမှု အမြန်နှုန်းကို သူမ အမှန်တကယ် မျက်မြင်တွေ့ရှိလိုက်ရခြင်း ဖြစ်သည်။

သူမ အနေဖြင့် ကျန်းချဲ့၏ အသက်အရွယ်ကို ကောင်းစွာ သိထားပေသည်။ ယခုနှစ်မှ အသက် နှစ်ဆယ်သာ ရှိသေးပြီး သူမထက်ပင် နှစ်အနည်းငယ် ငယ်ရွယ်သေးသည် မဟုတ်ပါလော။

ထို့အပြင် တစ်ဖက်လူမှာ ကျောထောက်နောက်ခံ အင်အား မရှိသော သာမန် အရပ်သား ဘဝမှ လာသူ ဖြစ်သည်။

သို့တိုင်အောင် ဤမျှ လျင်မြန်စွာ ရွှေအမြုတေကို အောင်မြင်စွာ တည်ဆောက်နိုင်ပြီး သိုင်းသခင် အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူ၏ ပါရမီက မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သိသာလှပေသည်။

ဖခင်ဖြစ်သူက အဘယ်ကြောင့် သူ့ကို ဤမျှလောက် အလေးထားပြီး အစ်မဖြစ်သူနှင့်ပင် လက်ထပ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းကို သူမ နားလည်သွားလေပြီ။

"ဂုဏ်ပြုပါတယ် ခဲအို... အသက် နှစ်ဆယ်အရွယ် ရွှမ်တန်အဆင့် သိုင်းသခင်ဆိုတဲ့ သတင်းသာ ပြန့်သွားရင်လေ... လူဘယ်လောက်တောင် အံ့ဩတုန်လှုပ်သွားကြမလဲ မသိဘူးနော်..."

ချီနင်ပင်းက ကျန်းချဲ့ကို စိုက်ကြည့်ရင်း ဝမ်းသာအားရ ပြောလိုက်လေသည်။

သို့သော် သူမ၏ ရင်ထဲတွင်တော့ အနည်းငယ် ရှုပ်ထွေးနေဆဲပင် ဖြစ်၏။

'ငါ့ရဲ့ စေ့စပ်ထားတဲ့သူကတော့ တကယ့် ဟာသတစ်ခုလို ဖြစ်နေပါလား...'

ခဲအိုဖြစ်သူနှင့် နှိုင်းယှဉ်ကြည့်လိုက်မည် ဆိုပါက သူမ၏ စေ့စပ်ထားသူ ဝေ့ကျွင်းကျဲမှာ အသုံးမကျသော လူတစ်ယောက်လို ဖြစ်နေလေပြီ။

ကျန်းချဲ့က အသာအယာ ပြုံးလိုက်ပြီး ချီနင်ပင်း ရှေ့တွင် အပို ဟန်ဆောင်မှုများ မလုပ်တော့ဘဲ စကားလမ်းကြောင်းကို ချက်ချင်း လွှဲလိုက်လေသည်။

"စောစောက မင်း ကပျာကယာ ထွက်ပြေးလာတာ မြင်လိုက်တော့... အန္တရာယ် တစ်ခုခုနဲ့များ ကြုံလာရသလားလို့ ထင်နေတာကွာ..."

"တကယ်ကို အန္တရာယ်များတာပါ..."

ချီနင်ပင်း၏ မျက်ဝန်းများ အနည်းငယ် မှိုင်းညို့သွားပြီး... မြွေတစ်သောင်း ချိုင့်ဝှမ်း အတွင်း၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ကျန်းချဲ့အား တစ်ခုမကျန် ပြောပြလိုက်လေသည်။

သူမသာ ကံမကောင်းခဲ့ဘဲ လင်းမိသားစုမှ လူများ အရောင်ငါးမျိုး နတ်ဘုရားပန်းကို လာမလုခဲ့ပါက... မြွေတစ်သောင်း ချိုင့်ဝှမ်း အတွင်း၌ မည်မျှကြာအောင် ပုန်းအောင်းနေရမည်ကို သူမ ကိုယ်တိုင်ပင် မသိနိုင်ချေ။

"ပါးနပ်လှပါလား..."

အဖြစ်အပျက် အားလုံးကို နားထောင်ပြီးနောက်... ကျန်းချဲ့၏ ရင်ထဲတွင် ချီနင်ပင်း အပေါ် ရှင်းလင်းသော အကဲဖြတ်မှု တစ်ခု ဖြစ်ပေါ်လာလေသည်။

သူမ၏ စွမ်းအားဖြင့် ဆိုပါက ထိုရှုပ်ထွေးနေသော အခြေအနေ အတွင်း၌ အရောင်ငါးမျိုး နတ်ဘုရားပန်းကို လုယူနိုင်ရန် အခွင့်အရေး မရှိသည်တော့ မဟုတ်ချေ။ သို့သော် သူမက လောဘကို ထိန်းချုပ်နိုင်ခဲ့ပြီး မိမိကိုယ်ကို ကောင်းစွာ သုံးသပ်နိုင်ခဲ့သည်။

ဤအချက်ကပင် အလွန်တရာ တန်ဖိုးရှိလှပေသည်။ အကယ်၍ သူသာ ဆိုပါက ဤအခွင့်အရေး ကောင်းကို လက်လွတ်ခံမည် မဟုတ်ကြောင်း သေချာလှသည်။

"ခဲအို... အခု မြွေဘုရင်နဲ့ လင်းယန်တို့ တိုက်ခိုက်နေကြတယ်... အချိန်တိုအတွင်းတော့ အနိုင်အရှုံး ပေါ်နိုင်မှာ မဟုတ်ဘူး... ဒီအခွင့်အရေးကို ယူပြီး ကျွန်မတို့ ခိုးဝင်သွားရင် မကောင်းဘူးလား... ကျွန်မက ငါးစာလုပ်ပေးမယ်လေ... ခဲအိုက အရောင်ငါးမျိုး နတ်ဘုရားပန်းကို သွားယူပေါ့..."

ချီနင်ပင်းက ရုတ်တရက် အကြံပြုလိုက်လေသည်။

သူမ တစ်ယောက်တည်း ဆိုလျှင် မစွမ်းဆောင်နိုင်သဖြင့် အရဲစွန့်မည် မဟုတ်သော်လည်း... ခဲအိုဖြစ်သူ ကျန်းချဲ့ ပါဝင်လာမည် ဆိုပါက ဇာတ်လမ်းက ကွဲပြားသွားပြီ ဖြစ်၏။ ဤတစ်ကြိမ်တွင် ရှုပ်ထွေးနေသည့် ကြားမှ အမြတ်ထုတ်နိုင်မည်မှာ သေချာလှပေသည်။

ကျန်းချဲ့က ရယ်မောလိုက်လေသည်။ သူက ချီနင်ပင်းကို ပြုံးရွှင်စွာ ကြည့်ရင်း မေးလိုက်၏။

"နင်ပင်း... မင်း စောစောက ကျုပ်ကို စတွေ့တုန်းက ပထမဆုံး မေးခဲ့တဲ့ စကားက ဘာလဲ"

ချီနင်ပင်းက တွေဝေစွာ စဉ်းစားလိုက်ပြီးနောက် ချက်ချင်း ပြန်ဖြေလိုက်လေသည်။

"ကျွန်မ မေးလိုက်တာက... ခဲအို ရွှေအမြုတေ တည်ဆောက်ပြီးသွားပြီလား ဆိုတာလေ..."

"အဲ့ဒီတော့ ရလဒ်ကရော ဘယ်လိုလဲ"

"ရလဒ်က..."

ချီနင်ပင်းက မျက်တောင်လေးများကို ပုတ်ခတ်လိုက်ပြီးနောက် ချက်ချင်း သတိဝင်လာလေသည်။

'ဟုတ်သားပဲ... ခဲအိုက သိုင်းသခင် တစ်ပါး ဖြစ်နေပြီပဲ... အရောင်ငါးမျိုး နတ်ဘုရားပန်းကို လုယူဖို့အတွက် အကြံအစည်တွေ လျှို့ဝှက်ချက်တွေ သုံးနေဖို့ လိုသေးလို့လား... တိုက်ရိုက် ဝင်ကြိတ်ပစ်လိုက်ရုံပဲ မဟုတ်လား...'

လင်းမိသားစုမှ လူများ ဖြစ်စေ... ထိုမြွေဘုရင် ဆိုသည်မှာ ဖြစ်စေ... အစစ်အမှန် ရွှမ်တန်အဆင့် သိုင်းသခင် တစ်ပါးကို လုံးဝ ယှဉ်နိုင်မည် မဟုတ်ချေ။

"သွားကြစို့... အရောင်ငါးမျိုး နတ်ဘုရားပန်းကို သွားယူရမယ့် အချိန်ရောက်ပြီ..."

ကျန်းချဲ့က အဝေးသို့ လှမ်းကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်လေသည်။

ကျင့်ကြံမှု စွမ်းအား အားနည်းနေစဉ်က အကျိုးအမြတ်များ ရရှိရန်အတွက် နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့သော်လည်း... ယခုအချိန်တွင် သူ၏ စွမ်းအားမှာ ရွှမ်လင် လျှို့ဝှက်နယ်မြေ တစ်ခုလုံး၌ ထိပ်တန်း အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်၏။ လျှို့ဝှက် ပရိယာယ်များကို အသုံးပြုနေရန် လုံးဝ မလိုအပ်တော့ချေ။

လမ်းတစ်လျှောက် အကုန် ရှင်းပစ်လိုက်ရုံပင်။

"ကောင်းပါပြီ"

ချီနင်ပင်းက အားပါးတရ ခေါင်းညိတ်လိုက်ပြီး ကျန်းချဲ့ကို ကြည့်နေသော သူမ၏ မျက်ဝန်းများက ပို၍ပို၍ တောက်ပလာလေတော့သည်။

ထိုအချိန်တွင် မြွေတစ်သောင်း ချိုင့်ဝှမ်း အတွင်း၌... လင်းမိသားစု အဖွဲ့နှင့် မြွေဘုရင်တို့၏ တိုက်ပွဲမှာ အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။

သို့သော် မြွေအများစု၏ စွမ်းအားမှာ အလွန် အားနည်းလှပြီး မြွေဘုရင်၏ လှုံ့ဆော်မှုကြောင့်သာ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ မွေးရာပါအဆင့် သိုင်းသမားများကို ယှဉ်ပြိုင်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။

အချိန်တို အတွင်းမှာပင် မြေပြင်ပေါ်၌ မြွေမျိုးစုံ၏ အသေအကောင်များဖြင့် ပြည့်နှက်နေပြီး... အဆိပ်သွေးများနှင့် အဆိပ်ရည်များ ရောနှောကာ ညှီစော်နံလှသော အနံ့ဆိုးကြီးက ကောင်းကင်သို့တိုင် ထောင်းထောင်းထနေလေသည်။

သို့သော်... သာမန် မြွေများက မွေးရာပါအဆင့် သိုင်းသမားများကို ဒုက္ခမပေးနိုင်သော်လည်း မြွေဘုရင်ကတော့ ပေးနိုင်ပေသည်။

ပေဆယ်နှင့်ချီ ကြီးမားလှသော မြွေခန္ဓာကိုယ်ကြီးမှာ... ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များဖြင့် နှစ်ကာလ ကြာရှည်စွာ သန့်စင်ခံထားရသဖြင့် အလွန်တရာ မာကျောနေလေပြီ။ လင်းယန် ဂုဏ်ယူဝင့်ကြွားလှသော အားကောင်းလှသည့် ဓားလှိုင်းများကပင် မြွေဘုရင်ကို ဒဏ်ရာအနည်းငယ်သာ ရရှိစေနိုင်သည်။

သို့သော် မြွေဘုရင်ဘက်မှ လှုပ်ရှားလိုက်ပါက ပေါင်သောင်းချီ အလေးချိန်ရှိသော စွမ်းအားကြီးများက မြေပြင်ပေါ်တွင် တွင်းနက်ကြီးများကို အဆက်မပြတ် ဖြစ်ပေါ်သွားစေ၏။ ဟိန်းထွက်နေသော ပေါက်ကွဲသံကြီးများက မြွေတစ်သောင်း ချိုင့်ဝှမ်း တစ်ခုလုံးတွင် ပဲ့တင်ထပ်နေလေသည်။

တစ်ချိန်တည်းမှာပင် အခွင့်ကောင်းယူ၍ လင်းမိသားစု သိုင်းသမား တစ်ယောက်ကိုပါ မျိုချပစ်လိုက်သေးသည်။ ယခုအချိန်တွင် လင်းယန် အပါအဝင် မြွေတစ်သောင်း ချိုင့်ဝှမ်း အတွင်းရှိ လင်းမိသားစုဝင် သုံးဦးသာ ကျန်ရှိတော့ရာ... အသေအပျောက် အလွန် များပြားလှပေသည်။

"လင်းဆန်... မင်း သွားပြီး အရောင်ငါးမျိုး နတ်ဘုရားပန်းကို သွားယူချေ... ငါက မြွေဘုရင်ကို ရင်ဆိုင်ထားမယ်..."

မြွေဘုရင်၏ တိုက်ခိုက်မှုကို သီသီလေး ရှောင်တိမ်းလိုက်ပြီးနောက် လင်းယန်က မှိုင်းညို့သော မျက်နှာထားဖြင့် အမိန့်ပေးလိုက်လေသည်။

ဤအခြေအနေသို့ ရောက်ရှိလာပြီ ဖြစ်ရာ ထပ်မံ အချိန်ဆွဲနေ၍ မရနိုင်တော့ချေ။ မြွေတစ်သောင်း ချိုင့်ဝှမ်း အတွင်းမှ အမြန်ဆုံး ထွက်ခွာနိုင်ရန် လိုအပ်ပေသည်။ သို့မဟုတ်ပါက လင်းမိသားစုဝင်များ၏ အသေအပျောက်မှာ ပို၍ မြင့်တက်လာမည် ဖြစ်၏။

သို့သော် လူနှစ်ဦးပင် သေဆုံးသွားခဲ့ပြီ ဖြစ်ရာ... အရောင်ငါးမျိုး နတ်ဘုရားပန်းကို မရရှိဘဲ လှည့်ပြန်ရမည် ဆိုပါက အလွန်တရာ ရင်နာစရာ ကောင်းလွန်းလှပေသည်။

"ကောင်းပါပြီ"

လင်းမိသားစု သိုင်းသမား တစ်ဦးက လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး... ပေနှစ်ဆယ်ခန့် ရှည်လျားသော အစိမ်းရောင် အစင်းကျား စပါးအုံးမြွေကြီး တစ်ကောင်ကို တစ်ချက်တည်းဖြင့် လွင့်စင်သွားအောင် ရိုက်ထုတ်လိုက်လေသည်။

ထို့နောက် မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ ကျောက်ကမ်းပါးထက်တွင် ပွင့်လန်းနေသော အရောင်ငါးမျိုး နတ်ဘုရားပန်းထံသို့ အတင်းအကျပ် တိုးဝင်သွားတော့သည်။

"ရှုး... ရှုး..."

မြွေဘုရင်၏ မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်းသွားပြီး... ကိုယ်လုံးကို လျင်မြန်စွာ ရွေ့လျားလိုက်လေသည်။ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက လေပြင်းများအလား မြန်ဆန်လှပြီး အရောင်ငါးမျိုး နတ်ဘုရားပန်း ရှိရာသို့ ချက်ချင်း တိုးဝင်သွား၏။

ဉာဏ်ရည် နိမ့်ကျလှသော်လည်း ဤနေရာ၌ နှစ်ပေါင်းရာချီ နေထိုင်လာခဲ့သော မြွေဘုရင် အနေဖြင့် အရောင်ငါးမျိုး နတ်ဘုရားပန်း၏ အရေးပါမှုကို ကောင်းစွာ သိရှိထားပေသည်။ ဤနတ်ဘုရားပန်း၏ စွမ်းအင်များသာ မရှိပါက မြွေတစ်သောင်း ချိုင့်ဝှမ်း အတွင်း၌ မြွေများ ဤမျှလောက် အကောင်ရေ များပြားလာရန် အကြောင်း မရှိချေ။

"သားရဲဆိုး... မင်းရဲ့ ပြိုင်ဘက်က ငါပဲကွ..."

လင်းယန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး... အရှေ့တွင် လွင့်မျောနေသော ဓားပျံကို လက်သင်္ကေတများ အဆက်မပြတ် ဖော်ထုတ်ကာ အလင်းတန်းများစွာဖြင့် ရိုက်သွင်းလိုက်လေသည်။

ထို့နောက် ဓားညွှန်ပြရာသို့ လှမ်းထိုးလိုက်ရာ... ဓားပျံက ချက်ချင်းပင် လေကိုခွဲ၍ ပျံသန်းသွားလေတော့သည်။ တစ်ချိန်တည်းမှာပင် ထက်မြက်လှသော ဓားလှိုင်း အမြောက်အမြားကလည်း တပါတည်း ပါသွား၏။

"ဝုန်း..."

ကျယ်လောင်လှသော ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာလေသည်။ လင်းယန် ထုတ်လွှတ်လိုက်သော ကြီးမားလှသည့် ဓားလှိုင်းကြီးက မြွေဘုရင်၏ ခန္ဓာကိုယ်ထက်သို့ ကျရောက်သွားပြီး... သွေးစက်များ ချက်ချင်း ပေါက်ကွဲထွက်လာကာ မြွေဘုရင်၏ အကြေးခွံများကို ဖောက်ထွင်းသွားလေတော့သည်။

နာကျင်မှုကြောင့် မြွေဘုရင်က မနေနိုင်ဘဲ အသံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်လေသည်။

သို့သော် ဤတိုက်ခိုက်မှုကို အတင်းအကျပ် ခံယူလိုက်ပြီးနောက်... မြွေအမြီးကြီးဖြင့် လွှဲရိုက်လိုက်ရာ လေဟာနယ်ထဲတွင် ပေါက်ကွဲသံ တစ်ချက် ချက်ချင်း ထွက်ပေါ်လာ၏။

အရောင်ငါးမျိုး နတ်ဘုရားပန်းနှင့် ဆယ်ပေခန့်သာ ကွာဝေးတော့သော လင်းဆန် တစ်ယောက် သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး... ကြီးမားလှသော အန္တရာယ် တစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်လေသည်။

အလျင်အမြန်ပင် ခန္ဓာကိုယ် ပတ်လည်တွင် မွေးရာပါ အကာအကွယ်စွမ်းအင်များကို ဖြန့်ကျက်၍ ကာကွယ်လိုက်သော်လည်း... ထိုစွမ်းအင်များက မြွေဘုရင်၏ ဒေါသတကြီး ရိုက်ချက်ကို လုံးဝ မခုခံနိုင်ခဲ့ချေ။

မျက်တောင်တစ်ခတ် အတွင်းမှာပင် လင်းဆန် တစ်ယောက်လုံး ပေပေါင်းများစွာ လွင့်စင်သွားပြီး... ကျောက်နံရံ တစ်ခုနှင့် အရှိန်ပြင်းပြင်း ဝင်ဆောင့်မိကာ သွေးများ အဆက်မပြတ် အန်ကျလာလေတော့သည်။

"သေချင်းဆိုး... နည်းနည်းလေး လိုသွားတာကိုကွာ..."

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယန်၏ မျက်နှာမှာ ချက်ချင်းပင် မှိုင်းညို့သွားလေသည်။

မြွေဘုရင်က ဆက်လက် မတိုက်ခိုက်တော့ဘဲ ကြီးမားလှသော ခန္ဓာကိုယ်ကြီးဖြင့် အရောင်ငါးမျိုး နတ်ဘုရားပန်းကို ရစ်ပတ်ကာကွယ်ထားလိုက်၏။

အေးစက်လှသော မျက်လုံးကြီးများကမူ အရှေ့ဘက်တွင် ရပ်နေသော လင်းယန်ကို စိုက်ကြည့်နေလေသည်။ ချက်ချင်းဆိုသလို မြွေတစ်သောင်း ချိုင့်ဝှမ်း အတွင်း၌ အရာအားလုံး ငြိမ်သက်သွားတော့သည်။

"ဆုတ်... ဆုတ်ကြရအောင်ပါ... ဒီမြွေဘုရင်ရဲ့ စွမ်းအားက အရမ်းကို ကြောက်စရာကောင်းလွန်းတယ်..."

လင်းဆန်က ဒဏ်ရာအပြင်းအထန် ရနေသော ခန္ဓာကိုယ်ကို ဆွဲကာ လင်းယန်ကို မော့ကြည့်ရင်း ပြောလိုက်လေသည်။

သူ၏ ရင်ထဲတွင် နောက်ဆုတ်လိုစိတ်များ အပြည့်အဝ ဖြစ်ပေါ်နေလေပြီ။ ဆက်တိုက်မည် ဆိုပါက သူလည်း ဤနေရာ၌ အသက်ပါ ဆုံးရှုံးသွားနိုင်ပေသည်။

လင်းယန်၏ မျက်ဝန်းများ အဆက်မပြတ် လှုပ်ခတ်နေပြီး တွေဝေသွားကာ ဆုံးဖြတ်ချက်ချရန် ခက်ခဲနေလေသည်။

မြွေဘုရင်က အလွန် ရင်ဆိုင်ရ ခက်ခဲကြောင်း လက်တွေ့အခြေအနေက သက်သေပြနေသည်။ အချိန်တိုလေး အတွင်းမှာပင် လူနှစ်ယောက် သေဆုံးပြီး တစ်ယောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည် မဟုတ်ပါလော။

သို့သော် သူ တကယ်ကို ကျေနပ်နိုင်ခြင်း မရှိချေ။ ပထမ အချက်က အရောင်ငါးမျိုး နတ်ဘုရားပန်းမှာ အလွန်တရာ အဖိုးတန်လှပေသည်။ ဒုတိယ အချက်က ဤမျှ ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ခဲ့ပြီးမှ... လမ်းတစ်ဝက်တွင် အရှုံးပေးလိုက်ရမည် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စပင် ဖြစ်၏။

သူ အလွန်တရာ တွေဝေနေမိသည်။

"အစ်ကိုယန်... တခြားလူတွေနဲ့ ပူးပေါင်းဖို့ ရှာကြမလား..."

"ကောင်းပြီလေ..."

လင်းယန်က အကူအညီမဲ့စွာ ခေါင်းညိတ်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် သူ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားလေသည်။

ကြီးမားလှသော အရှိန်အဝါ တစ်ခုက လျင်မြန်စွာ ချဉ်းကပ်လာသည်ကို အာရုံခံမိလိုက်ခြင်းပင် ဖြစ်၏။ မော့ကြည့်လိုက်သောအခါ ရွှေရောင်နှင့် အပြာရောင် အလင်းတန်း နှစ်ခုက ဥက္ကာပျံများအလား လျင်မြန်စွာ ပျံသန်းလာသည်ကို မြင်လိုက်ရလေသည်။

"ချီနင်ပင်း ပါလား..."

"ကျန်းချဲ့ ပဲ..."

အလင်းတန်း နှစ်ခု အနီးသို့ ရောက်ရှိလာသောအခါ... စွမ်းအင်များဖြင့် လွှမ်းခြုံထားသော ပုံရိပ်နှစ်ခုကို လင်းယန် ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီး သူ၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားလေတော့သည်။ မထင်မှတ်ဘဲ... ဤအချိန်တွင် ကျန်းချဲ့နှင့် လာတွေ့နေရသည်ပါလား။

"အစ်ကိုယန်..."

လင်းမိသားစုမှ ကျန်ရှိနေသော တပည့် နှစ်ဦးက လင်းယန်၏ ဘေးသို့ အလျင်အမြန် စုဝေးလာကြပြီး... ကျန်းချဲ့တို့ နှစ်ဦးကို သတိကြီးစွာဖြင့် စိုက်ကြည့်နေကြလေသည်။

"ကျန်းချဲ့... ကျုပ်နဲ့ ပူးပေါင်းပြီး ဒီမြွေဘုရင်ကို တိုက်မလား... ဒီသားရဲကို သတ်ပြီးသွားရင် အရောင်ငါးမျိုး နတ်ဘုရားပန်းကို မင်းနဲ့ ငါ တစ်ဝက်စီ ခွဲယူကြတာပေါ့... ဘယ်လိုလဲ..."

လင်းယန်က ခေါင်းကို မော့ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

သူက ကျန်းချဲ့ကို သတ်ဖြတ်ချင်သော်လည်း ယခုလက်ရှိ အခြေအနေအရ တိုက်ခိုက်မည် ဆိုပါက နှစ်ဦးနှစ်ဖက် အထိနာကြမည်သာ ဖြစ်ကြောင်း သိထားပေသည်။ ထို့ကြောင့် မြွေဘုရင်ကို အရင်ဆုံး ရှင်းလင်းပြီးနောက်... ကျန်းချဲ့ကို အလစ်အငိုက် တိုက်ခိုက်ရန် အကြံအစည် ရှိနေခြင်း ဖြစ်၏။

"မင်းက ဘာအဆင့်အတန်း ရှိလို့... ကျုပ်နဲ့ လာပူးပေါင်းချင်နေတာလဲ..."

လင်းယန်ကို တုံ့ပြန်လိုက်သော စကားမှာ အလွန်တရာ အေးစက်ပြီး တစ်ချိန်တည်းမှာပင် လွန်စွာ မောက်မာလွန်းလှပေသည်။

"ဘာ..."

လင်းယန်၏ မျက်ခုံးများ တွန့်ကွေးသွားပြီး ရင်ထဲတွင် အကြောင်းပြချက် မရှိဘဲ ထိတ်လန့်လာလေသည်။

'ဒီကောင်က ဘယ်ကနေများ ဒီလောက် ကြီးမားတဲ့ သတ္တိတွေ ရလာတာလဲ... မာနကြီးလွန်းနေတာလား... ဒါမှမဟုတ် ငါတို့တွေ တိုက်ပွဲ ကြာရှည်နေလို့ စွမ်းအားတွေ ကျဆင်းနေပြီလို့ ထင်နေတာလား...'

လင်းယန် တစ်ယောက် ရှင်းရှင်းလင်းလင်း မတွေးတောနိုင်မီမှာပင် ကျန်းချဲ့က သူ့ကို အဖြေပေးလိုက်လေပြီ။

တိုက်ပွဲ အခြေအနေကို အပေါ်စီးမှ ကြည့်ရှုပြီးနောက်... ကျန်းချဲ့ အနေဖြင့် လင်းမိသားစုမှ လူများနှင့် စကားပိုများများ ပြောနေရန် အစီအစဉ် မရှိတော့ချေ။

ရွှမ်တန်အဆင့် သိုင်းသခင် တစ်ပါး၏ ကြီးမားလှသော အရှိန်အဝါက ခန္ဓာကိုယ်မှ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာပြီး... ပေတစ်ရာကျော် အတွင်းရှိ နေရာအားလုံးကို လွှမ်းခြုံသွားလေရာ... လင်းယန် တစ်ယောက် အလွန်တရာ ထိတ်လန့်သွားရလေတော့သည်။

"မင်း... မင်း အမြုတေ တည်ဆောက်ပြီးသွားပြီလား..."

ထိုအရှိန်အဝါကို သူ လုံးဝ အာရုံခံမှားသွားခြင်း မဟုတ်ချေ။ အစစ်အမှန် ရွှမ်တန်အဆင့် သိုင်းသခင် တစ်ပါး မဟုတ်ပါက... သူ့ကို ဤမျှ ကြီးမားသော ဖိအားမျိုး လုံးဝ ပေးစွမ်းနိုင်မည် မဟုတ်ပေ။

မျက်တောင်တစ်ခတ် အတွင်းမှာပင် လင်းယန် တစ်ယောက် တစ်ကိုယ်လုံး ချွေးသီးချွေးပေါက်များ ကျဆင်းလာလေတော့သည်။

ကျန်းချဲ့ တစ်ယောက် မည်သို့ အဆင့်တက်လှမ်းသွားသည်ကို တွေးတောနေရန် အချိန်မရှိတော့ချေ။

'အခုချက်ချင်း မပြေးရင်တော့ ငါ့အသက်ကို ဒီနေရာမှာပဲ ထားခဲ့ရတော့မယ်...'

သူ ဤသို့ ရှင်းရှင်းလင်းလင်း သိထားလေသည်။ ကျန်းချဲ့၏ ဖိအားက ထိုမြွေဘုရင်ထက်ပင် အများကြီး သာလွန်နေသည် မဟုတ်ပါလော။

"ပြေး..."

မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ လင်းယန်က သူ၏ စိတ်နှလုံး အလိုအတိုင်း ထွက်ပြေးရန် ပြင်လိုက်လေသည်။ အကြီးအကဲချုပ်ကို ပေးထားခဲ့သော ကတိစကားများ ဆိုသည်ကိုတော့ လုံးဝ မေ့ပစ်လိုက်လေပြီ။

'နောက်နေတာလား... သူက ရွှမ်တန်အဆင့် သိုင်းသခင် တစ်ပါးနော်...'

သူ အစွမ်းကုန် ကြိုးစားမည် ဆိုပါက သိုင်းသခင် တစ်ပါး၏ ရှေ့တွင် ခေတ္တမျှ တောင့်ခံထားနိုင်မည် မှန်သော်လည်း... ၎င်းမှာ သာမန် သိုင်းသခင်များကိုသာ ဆိုလိုခြင်း ဖြစ်သည်။

ကျန်းချဲ့မှာ ယွဲ့ပြည်နယ် တစ်ခုလုံးတွင် နာမည်ကြီးနေပြီး... ချီမိသားစုက အဖိုးအခ ကြီးစွာပေး၍ ဆွဲဆောင်ထားသော ထိပ်တန်း ပါရမီရှင် တစ်ဦး ဖြစ်၏။ ထိုကဲ့သို့သော လူမျိုးက အဆင့်တက်လှမ်းသွားပါက သာမန် သိုင်းသခင်များထက် အများကြီး သာလွန်နေမည်မှာ အသေအချာပင်။

လင်းမိသားစုမှ ကျန်ရှိနေသော တပည့် နှစ်ဦးမှာလည်း ရင်ထဲတွင် အလွန်တရာ ထိတ်လန့်သွားကြပြီး... အခြား လမ်းကြောင်း နှစ်ခုဆီသို့ အလျင်အမြန် ထွက်ပြေးကြလေသည်။ မည်သူက အသက်ရှင်၍ မည်သူက သေရမည် ဆိုသည်ကိုတော့ ကောင်းကင်ဘုံ၏ အလိုကျသာ ထားရတော့မည် ဖြစ်၏။

သို့သော်... ကြိုတင် သတ်မှတ်ထားသော သားကောင်များ အဖြစ်မှ... ကျန်းချဲ့က သူတို့ကို ဘယ်သောအခါမျှ အလွတ်ပေးမည် မဟုတ်ချေ။

ရွှေအမြုတေက တုန်ခါသွားပြီး ကြောက်မက်ဖွယ် စွမ်းအားများ ချက်ချင်း ပေါက်ကွဲထွက်လာလေသည်။ ကျန်းချဲ့၏ ညာဘက် လက်မောင်းပေါ်ရှိ သွေးကြောများ အထင်းသား ပေါ်ထွက်လာပြီး... လက်ဝါးကို အောက်သို့ အားကုန် ဖိချလိုက်ရာ... နောက်တစ်ခဏတွင် ဧရာမ နဂါးပုံသဏ္ဌာန် စွမ်းအင်များ ချက်ချင်း ပေါက်ကွဲထွက်လာပြီး အော်ဟစ် ပျံသန်းသွားလေတော့သည်။

တစ်ချက်တည်းဖြင့်ပင် လင်းမိသားစုမှ မွေးရာပါအဆင့် သိုင်းသမား နှစ်ဦးမှာ နေရာတွင်ပင် သတ်ဖြတ်ခံလိုက်ရပြီး... လေဟာနယ်ထဲတွင် သွေးမိုးများ အဖြစ် ပေါက်ကွဲထွက်သွားလေသည်။

အလောင်းပင် မကျန်ရစ်ခဲ့ချေ။

သူတို့က ခုခံရန် ကြိုးစားခဲ့ကြသော်လည်း... သူတို့၏ စွမ်းအားများမှာ ကြောက်မက်ဖွယ် နဂါးပုံသဏ္ဌာန် စွမ်းအင်များ ရှေ့တွင် ထိလိုက်သည်နှင့် တစ်ပြိုင်နက် ကျိုးပဲ့ ပျက်စီးသွားခဲ့လေပြီ။

ကျန်းချဲ့၏ တိုက်ခိုက်မှုကို တစ်ချက် တောင့်ခံနိုင်သူမှာ လင်းယန် တစ်ယောက်တည်းသာ ဖြစ်သည်။ လင်းမိသားစု၏ မျိုးဆက် သခင်လေး တစ်ဦး အနေဖြင့်... သူ၏ ပါရမီနှင့် စွမ်းအားမှာလည်း ထိပ်တန်းတွင် ရှိနေပေသည်။

လက်ထဲရှိ ဓားပျံကို အသုံးပြုကာ စစ်မှန်သော ယွမ်စွမ်းအင်များကို မီးရှို့၍ ဤတိုက်ခိုက်မှုကို အတင်းအကျပ် ခုခံနိုင်ခဲ့ခြင်း ဖြစ်၏။

သို့သော် လိုအပ်ရုံလေး ခုခံနိုင်ခဲ့ခြင်းသာ ဖြစ်ပြီး... သူ တစ်ယောက်လုံး နဂါးပုံသဏ္ဌာန် စွမ်းအင်များကြောင့် ပေဆယ်နှင့်ချီ လွင့်စင်သွားရလေသည်။ ယခုအချိန်တွင် သူက ကျန်းချဲ့ကို ကြည့်လိုက်သောအခါ မျက်ဝန်းများ ထဲတွင် ထိတ်လန့် ကြောက်ရွံ့မှုများ အပြည့်အဝ ဖြစ်ပေါ်နေလေပြီ။

သာမန် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံလေးက... ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နေရတာလဲ။

"တပ်မှူးကျန်း... ကျုပ် အရင်က မရိုမသေ လုပ်ခဲ့မိတာတွေကို ခွင့်လွှတ်ပေးပါဗျာ... ကျုပ် အဖေက လင်းမိသားစုရဲ့ အကြီးအကဲပါ... တပ်မှူးကျန်းက ကျုပ် အဖေ့ မျက်နှာကို ထောက်ထားပြီး... ကျုပ်ကို အသက်ချမ်းသာ ပေးပါ... လျှို့ဝှက်နယ်မြေကနေ ထွက်သွားရင် သေချာပေါက် ဆုကြေး အကြီးကြီး ပြန်ပေးပါ့မယ်ဗျာ..."

လင်းယန်က အလျင်အမြန် တောင်းပန်လိုက်လေသည်။ ထွက်ပြေးရန် မဖြစ်နိုင်တော့မှန်း သိလိုက်ရသဖြင့် အလွန်တရာ အရှက်ကင်းမဲ့စွာ ဒူးထောက် တောင်းပန်လိုက်ခြင်း ဖြစ်၏။

"ခဲအို... သူက ရှင့်ကို ခြိမ်းခြောက်နေသလိုပဲနော်..."

ချီနင်ပင်းက မျက်ဝန်းများ ကျဉ်းမြောင်းကာ ပြောလိုက်လေသည်။

"ဟီးဟီး..."

ကျန်းချဲ့က တိုးတိုးလေး ရယ်မောလိုက်ပြီး... ရှေ့သို့ တစ်လှမ်း တက်လှမ်းလိုက်လေသည်။ သိုင်းသခင် တစ်ပါး၏ ကြီးမားလှသော ဖိအားကြီးက တောင်တန်းကြီး တစ်ခုအလား ထပ်မံ ဖိကျလာပြီး... နဂါးဟိန်းသံများက ခန္ဓာကိုယ် ပတ်လည်တွင် ပဲ့တင်ထပ်နေကာ နဂါးပုံသဏ္ဌာန် စွမ်းအင် ကိုးကောင်က ကိုယ်လုံးကို ရစ်ပတ်နေလေသည်။

နဂါးတစ်ကောင်၏ အရှိန်အဝါ အချို့က ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားသဖြင့်... အောက်ဘက်ရှိ မြွေဘုရင်ပင်လျှင် အမြီးများ တုန်ယင်လာပြီး... အေးစက်လှသော မျက်လုံးကြီးများဖြင့် ကျန်းချဲ့ကို အသေအချာ စိုက်ကြည့်နေလေသည်။ ပြောပြ၍ မရနိုင်သော ဖိအားကြီး တစ်ခုကို ခံစားနေရသည် မဟုတ်ပါလော။

"တပ်မှူးကျန်း... အစ်ကိုကျန်း... ခင်ဗျားက ငယ်ပါသေးတယ်... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဗျာ... တကယ်လို့ ကျုပ်ကို သတ်လိုက်ရင်... လင်းမိသားစုက သေချာပေါက် ရန်ငြိုးဖွဲ့မှာပါ..."

လင်းယန်က နောက်သို့ အဆက်မပြတ် ဆုတ်ခွာရင်း... ကျန်းချဲ့ကို လက်တွန့်သွားစေရန် ကြိုးစားနေလေသည်။ သို့သော် ရရှိလိုက်သည်မှာ အဆက်မပြတ် ကျဆင်းလာသော နဂါးပုံသဏ္ဌာန် စွမ်းအင်များပင် ဖြစ်၏။

ပထမ တစ်ချက်... ဓားပျံ လွင့်စင်သွားသည်။

ဒုတိယ တစ်ချက်... အကာအကွယ်စွမ်းအင်များ ပျက်စီးသွားသည်။

တတိယ တစ်ချက်... ခန္ဓာနှင့် ဝိညာဉ်ပါ လုံးဝ ပျက်စီးသွားလေတော့သည်။

ကျန်းချဲ့က လွင့်စင်လာသော အဆင့်မြင့် ဓားပျံကို လှမ်းဖမ်းလိုက်ပြီး... မြေပြင်ပေါ်ရှိ အလောင်းကို တစ်ချက် ကြည့်ကာ ရေရွတ်လိုက်လေသည်။

"စကားတွေ များလိုက်တာကွာ..."

'ဒီကောင်က လျှို့ဝှက်နယ်မြေ မပွင့်ခင်ကတည်းက ငါ့ကို မလိုလားတဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့တာကို ငါ မှတ်မိနေတယ်... ဒီလိုလူမျိုးက သေလမ်းကို ရှာနေတာပဲ... လင်းမိသားစုရဲ့ ရန်ငြိုးဖွဲ့ခြင်း ဆိုတာကလည်း... ငါက သူ့ကို မသတ်ခဲ့ရင်တောင် သူတို့က ငါ့ကို အလွတ်ပေးမှာမို့လို့လား... ငါက သူများတွေအပေါ် မျှော်လင့်ချက် ထားလေ့ရှိတဲ့သူမှ မဟုတ်တာ...'

ကျန်းချဲ့က စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်လေသည်။

အပေါ်ဘက်တွင်မူ... ခဲအိုဖြစ်သူ ကျန်းချဲ့က လင်းမိသားစုမှ လူသုံးယောက်ကို ပေါ့ပေါ့ပါးပါး ရှင်းလင်းပစ်လိုက်သည်ကို ကြည့်ရင်း... ချီနင်ပင်း၏ မျက်နှာပေါ်တွင် အံ့ဩချီးကျူးသည့် အရိပ်အယောင်များ ပေါ်ထွက်လာလေသည်။ ယခုအချိန်တွင် ခဲအိုဖြစ်သူမှာ တကယ်ကို အစွမ်းထက်လွန်းကြောင်း ခံစားလိုက်ရ၏။

"ရှုး... ရှုး... ရှုး..."

မြွေဘုရင်မှာ ကိုယ်လုံးကို တင်းကြပ်စွာ ရစ်ခွေထားပြီး အနည်းငယ်မျှပင် မလှုပ်ရှားရဲတော့ချေ။ နဂါးအရှိန်အဝါ အနည်းငယ်လေးကပင်... ၎င်းကို ရန်သူကြီး တစ်ယောက်နှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြစ်စေခဲ့လေပြီ။

All Chapters