အခန်း ၂၁၁
Vol. 22 Ch. 211
အခန်း (၂၁၁) သာမန် သိုင်းသခင်လေးမျှသာ... လက်တစ်ဝှေ့ယမ်းရုံဖြင့် ဖိနှိပ်ခြေမှုန်းနိုင်သည်
ရှန်ရှန်းအဆင့် မဟာသိုင်းသခင်များ ချန်ရစ်ခဲ့သော ဤကဲ့သို့သော အမွေအနှစ်မျိုးကို မည်သည့် မိသားစု သို့မဟုတ် ဂိုဏ်းကမျှ အပေးအယူလုပ်ရန် ထုတ်သုံးမည် မဟုတ်ကြောင်း ကျန်းချဲ့ ကောင်းစွာ နားလည်ထားပေသည်။ ဤအရာကို နှုတ်မှ ထုတ်ပြောလိုက်ပါကပင် ကြီးမားသော အမျက်ဒေါသများကို ဆွဲဆောင်မိနိုင်ပေသည်။
မည်သို့ပင်ဆိုစေ ၎င်းမှာ ဘိုးဘေးများ ချန်ရစ်ခဲ့သော တစ်ခုတည်းသော အမွေအနှစ် မဟုတ်ပါလော။
အကယ်၍ ရယူလိုပါက အခြားသော နည်းလမ်းများကို မဖြစ်မနေ အသုံးပြုရပေမည်။
"ခဲအို... ရှင် ဒီလိုမေးတာက အဲ့ဒီပစ္စည်းတွေကို လိုအပ်နေလို့များလား..."
ချီနင်ပင်းက မွေးရာပါ ဉာဏ်ရည်ထက်မြက်သူ ဖြစ်သည့်အားလျော်စွာ ကျန်းချဲ့၏ ရည်ရွယ်ချက်များကို ရိပ်မိနေလေပြီ။
ကျန်းချဲ့ကလည်း ဖုံးကွယ်မထားတော့ဘဲ ခေါင်းညိတ်ပြလိုက်လေသည်။
"ဒီပစ္စည်း နှစ်ခုက ကျုပ်အတွက် အများကြီး အကျိုးရှိတယ်..."
"အို..."
ချီနင်ပင်းက ခေါင်းညိတ်လိုက်ပြီးနောက် ဤပစ္စည်းနှစ်ခုကို ကျန်းချဲ့ မည်သို့ ရရှိနိုင်မည်ဆိုသည်ကို စတင် တွေးတောနေမိလေသည်။ ခယ်မလေး တစ်ယောက်အနေဖြင့် ခဲအိုဖြစ်သူအတွက် စဉ်းစားပေးခြင်းက လွန်ကျူးရာ မကျဘူး မဟုတ်ပါလော။
"ဒါနဲ့ နင်ပင်း... ဒီရွှမ်လင် လျှို့ဝှက်နယ်မြေထဲမှာ သေမင်းတမန်လို သွေးပျက်စရာကောင်းတဲ့ နေရာမျိုး ရှိသလားဆိုတာ မင်း သိလား... ကျုပ်က နတ်စွမ်းရည် တစ်ခုကို ကျင့်ကြံနေတာမို့ ယင်အငွေ့အသက်တွေ အများကြီး သန့်စင်ဖို့ လိုအပ်နေတယ်..."
ကျန်းချဲ့ အနေဖြင့် ရွှမ်လင် လျှို့ဝှက်နယ်မြေနှင့် ပတ်သက်သော သတင်းအချက်အလက်များကို သိရှိထားသည်မှာ အလွန် နည်းပါးလှပေသည်။ ချီရှောက်ယန်နှင့် ချီဝမ်ကျင်းတို့ထံမှ မေးမြန်းထားခဲ့သော်လည်း... လျှို့ဝှက်နယ်မြေအကြောင်း နားလည်မှု အပိုင်းတွင်တော့ ချီနင်ပင်းကို မီမည် မဟုတ်ချေ။ အကယ်၍ ဤနေရာတွင် ယင်အငွေ့အသက်များကို ရရှိနိုင်ပါက အကောင်းဆုံးပင် ဖြစ်ပေမည်။
"ခဲအိုရဲ့ ဒီတစ်ခေါက် ရွှမ်လင် လျှို့ဝှက်နယ်မြေ ခရီးစဉ်က တကယ်ကို လာရကျိုးနပ်တာပဲ... ကောလာဟလတွေအရ ဆိုရင် ဒီရွှမ်လင် လျှို့ဝှက်နယ်မြေကို ရွှမ်လင် တာအိုဂိုဏ်းက ရက်စက်တဲ့ လူဆိုးတွေကို အကျဉ်းချတဲ့ နေရာအဖြစ် အသုံးပြုခဲ့တယ်လို့ ကြားဖူးတယ်... ချီမိသားစုက ရှေးဘိုးဘေး တစ်ယောက်လည်း အမှတ်မထင် တွေ့ခဲ့ဖူးတယ်တဲ့..."
"ရွှမ်လင် လျှို့ဝှက်နယ်မြေရဲ့ အရှေ့တောင်ဘက်က ဂျွယ်လင်ချိုင့်ဝှမ်း ထဲမှာ ယင်အငွေ့အသက်တွေ အများကြီး ရှိနေတယ်တဲ့... နှစ်ပေါင်းရာချီ စုဆောင်းလာခဲ့တာဆိုတော့ သေချာပေါက် ယင်အငွေ့အသက်တွေ အများကြီး ရှိနေမှာ အသေအချာပဲ..."
ချီနင်ပင်းက အသာအယာ ပြုံး၍ ပြောလိုက်လေသည်။
"ဂျွယ်လင်ချိုင့်ဝှမ်း... ကိုးကွေ့ ရွှမ်ဂျင်ဆင်းရဲ့ အရိပ်အယောင်တွေ ထွက်ပေါ်ခဲ့ဖူးတဲ့ ဂျွယ်လင်ချိုင့်ဝှမ်း ကို ပြောတာလား..."
ကျန်းချဲ့၏ မျက်ဝန်းများ အရောင်လက်သွားလေသည်။ ယခင်က ချီကျန်းနန် အနေဖြင့် အထူးတလည် ရှာဖွေခိုင်းခဲ့သော ဝိညာဉ်ရတနာ သုံးခုအနက် ပထမဆုံး ပြောခဲ့သည်မှာ ကိုးကွေ့ ရွှမ်ဂျင်ဆင်းပင် ဖြစ်၏။
ထို ကိုးကွေ့ ရွှမ်ဂျင်ဆင်းမှာ ဂျွယ်လင်ချိုင့်ဝှမ်း အတွင်း၌ ပုန်းအောင်းနေခြင်းပင် ဖြစ်ပေသည်။
"ဟုတ်တယ်... အဲ့ဒီ ဂျွယ်လင်ချိုင့်ဝှမ်းပဲ... ကိုးကွေ့ ရွှမ်ဂျင်ဆင်းက သာမန် ဝိညာဉ်ရတနာတွေနဲ့ မတူဘဲ ဝိညာဉ်အသိ ပွင့်နေပြီဖြစ်တဲ့ သက်ရှိရတနာ တစ်ခုလေ... အရင်တုန်းက ချီမိသားစုက ဦးလေးတော်စပ်သူ တစ်ယောက်က ဂျွယ်လင်ချိုင့်ဝှမ်း အထိ တစ်လျှောက်လုံး လိုက်ဖမ်းခဲ့ဖူးတယ်..."
"ဝမ်းနည်းစရာ ကောင်းတာက နောက်ဆုံးမှာ ကိုးကွေ့ ရွှမ်ဂျင်ဆင်းကို မဖမ်းမိခဲ့ဘူးလေ..."
"ကောင်းပြီလေ... ဒါဆိုရင် ငါတို့ရဲ့ နောက်ထပ် ပစ်မှတ်က ဂျွယ်လင်ချိုင့်ဝှမ်းပဲ..."
ကျန်းချဲ့က လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
ယင်အငွေ့အသက် များကို ထည့်မတွက်လျှင်ပင် ဝိညာဉ်အသိ ပွင့်နေသော ကိုးကွေ့ ရွှမ်ဂျင်ဆင်းကို သူ လုံးဝ အလွတ်ပေးမည် မဟုတ်ချေ။ ထိုအရာမှာ ရှန်ရှန်းအဆင့် မဟာသိုင်းသခင်များပင် အလွန်တရာ လိုချင်မက်မောသော ရတနာ တစ်ခု ဖြစ်ပြီး... လက်ရှိ ရွှမ်လင် လျှို့ဝှက်နယ်မြေ တစ်ခုလုံးတွင် တန်ဖိုးအကြီးဆုံး အရာပင် ဖြစ်ပေသည်။
ဤအရာကို သူ သေချာပေါက် ရယူရမည် ဖြစ်၏။
ထို့အပြင် ချီနင်ပင်းသည် ရွှမ်ယင် ဝိညာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ... ဤကဲ့သို့သော ဝိညာဉ်အသိ ပွင့်နေသည့် ကောင်းကင်နှင့် မြေကြီးမှ ရတနာများအတွက် အလွန်တရာ ကြီးမားသော ဆွဲဆောင်မှု တစ်ခု ဖြစ်ပေသည်။ ဝိညာဉ်ရတနာများ အသိပွင့်လာရန်အတွက် လမင်း၏ အငွေ့အသက် နှင့် နေမင်း၏ အငွေ့အသက်များကို မျိုချရန် လိုအပ်ပေသည်။
ရွှမ်ယင် အငွေ့အသက် ဆိုသည်မှာ လမင်း၏ အငွေ့အသက် တစ်မျိုးပင် ဖြစ်၏။
ထို့ကြောင့်ပင် ယောက္ခမ ဖြစ်သူ ချီကျန်းနန်က ဤတစ်ကြိမ်တွင် ချီနင်ပင်းကို အတူတကွ လိုက်ပါစေခဲ့ခြင်း ဖြစ်ပြီး ကိုးကွေ့ ရွှမ်ဂျင်ဆင်းကို ရယူရန် ရည်ရွယ်ထားခြင်းပင် ဖြစ်လေသည်။ ယခု ချီနင်ပင်းက ဘေးနားတွင် ရှိနေပြီဖြစ်ရာ ကိုးကွေ့ ရွှမ်ဂျင်ဆင်းကို အရင်ဆုံး သွားရောက် ဖမ်းဆီးရန်မှာ အသင့်တော်ဆုံးပင် ဖြစ်၏။
တစ်ခါတစ်ရံ စေ့စပ်ထားသူ ချီဝမ်ကျင်းနှင့်ပင် ဆုံတွေ့နိုင်သေးသည် မဟုတ်ပါလော။
"ကောင်းပါပြီ..."
ချီနင်ပင်းက ကျန်းချဲ့၏ ဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံလိုက်လေသည်။ အကြီးအကဲချုပ် အနေဖြင့် ချီမိသားစု တပည့်များကို လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ပြီးနောက် ချီဝမ်ကျင်းနှင့် ကျန်းချဲ့တို့၏ အမိန့်ကို နာခံရန် ကြိုတင် စီစဉ်ထားခဲ့ခြင်းကို ထည့်မတွက်လျှင်ပင်...
စောစောက အန္တရာယ် ကြုံတွေ့ချိန်တွင် တည်ငြိမ်စွာဖြင့် သူမ၏ ကာမဆန္ဒ နိုးဆွဓာတ်ငွေ့များကို ဖိနှိပ်ပေးခဲ့ခြင်းကပင် ချီနင်ပင်း အနေဖြင့် ကျန်းချဲ့အပေါ် ထားရှိသော သဘောကျမှုကို အမြင့်ဆုံးသို့ ရောက်ရှိသွားစေခဲ့ပြီ ဖြစ်ရာ... သူ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်မည် မဟုတ်ချေ။
သူတို့ နှစ်ဦး ဆုံးဖြတ်ချက် ချပြီးနောက် ဆက်လက်၍ မရပ်နားတော့ဘဲ ချက်ချင်းပင် သိမ်းဆည်းကာ ဂျွယ်လင်ချိုင့်ဝှမ်း ရှိရာ အရပ်သို့ လေပေါ်ပျံသန်း၍ ထွက်ခွာသွားကြလေတော့သည်။
ရွှမ်လင် လျှို့ဝှက်နယ်မြေမှာ အလွန်တရာ ကျယ်ဝန်းလှပေသည်။ ယနေ့တိုင်အောင် ချီမိသားစု အပါအဝင် လျှို့ဝှက်နယ်မြေကို ပူးပေါင်း ထိန်းချုပ်ထားသော အင်အားစုများ အနေဖြင့် လုံးဝ အပြည့်အဝ စူးစမ်းလေ့လာနိုင်ခြင်း မရှိသေးဘဲ အချို့သော နေရာများကိုသာ ရှင်းလင်းစွာ သိရှိထားကြခြင်း ဖြစ်၏။
သူတို့ နှစ်ဦး မြေပုံကို ကြည့်၍ နှိုင်းယှဉ်လိုက်သည်နှင့်... မြွေတစ်သောင်း ချိုင့်ဝှမ်းမှ ဂျွယ်လင်ချိုင့်ဝှမ်းသို့ သွားရန် အနည်းဆုံး နှစ်ရက်ခန့် ခရီးဆက်ရမည် ဖြစ်ကြောင်း သိလိုက်ရလေသည်။
သေချာသည်မှာ အကယ်၍ ဖြောင့်တန်းစွာ သွားမည်ဆိုပါက ထိုမျှလောက် အချိန်ကြာမည် မဟုတ်ချေ။ သို့သော် ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်း၌ သူတို့၏ ပစ်မှတ်မှာ ဝိညာဉ်ရတနာ သုံးခုတည်းသာ မကဘဲ လမ်းတစ်လျှောက်တွင် အခြားသော ဝိညာဉ်ဆေးပင်များနှင့် ရတနာဆေးပင်များကိုလည်း ရှာဖွေရဦးမည် ဖြစ်၏။
အနှစ်နှစ်ဆယ်မှ တစ်ကြိမ်သာ ပွင့်သော နေရာဖြစ်ရာ ဤတစ်ကြိမ်တွင် အနည်းဆုံးတော့ အရင်းကျေအောင် ပြုလုပ်ရမည် မဟုတ်ပါလော။
လမ်းတစ်လျှောက်တွင် ကျန်းချဲ့နှင့် ချီနင်ပင်းတို့မှာ သွားလိုက် ရပ်လိုက်ဖြင့် ဝိညာဉ်ရတနာများကို မကြာခဏ ရှာဖွေခဲ့ကြလေသည်။ ထိုအချိန် အတွင်း၌ ဝိညာဉ်ဓားတောင်... နဂါးကျား တာအိုဂိုဏ်းနှင့် လင်းမိသားစုမှ တပည့်အချို့နှင့်လည်း ဆုံတွေ့ခဲ့ကြသေး၏။
ဝိညာဉ်ဓားတောင်နှင့် ချီမိသားစုတို့ ကြားတွင် ဆက်ဆံရေး ကောင်းမွန်ကြောင်း ကျန်းချဲ့တို့ နှစ်ဦး သိထားသဖြင့်... တစ်ဖက်လူက ရင်းနှီးသော သဘောထားကို ပြသလာချိန်တွင် ရက်စက်စွာ သတ်ဖြတ်ခြင်း မပြုခဲ့ချေ။ သို့သော် နဂါးကျား တာအိုဂိုဏ်းနှင့် လင်းမိသားစုမှ လူများကတော့ ကွဲပြားသွားပြီ ဖြစ်သည်။
သူတို့ကို စကားပြောရန် အခွင့်အရေးပင် မပေးတော့ဘဲ ကျန်းချဲ့က လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် ဖိနှိပ်ခြေမှုန်းလိုက်ပြီးနောက်... သူတို့၏ ပစ္စည်းများကို လုယူကာ အမြတ်အစွန်း အများအပြား ရရှိခဲ့လေသည်။
ဤလမ်းတစ်လျှောက် သတ်ဖြတ်မှုများကပင် ကျန်းချဲ့၏ ရင်ထဲတွင် အတွေးတစ်ခုကို တိတ်တဆိတ် ပေါ်ထွက်လာစေခဲ့လေသည်။
ရွှမ်လင် လျှို့ဝှက်နယ်မြေက ဤမျှလောက် ကျယ်ဝန်းလှရာ... သူ့တစ်ယောက်တည်း အနေဖြင့် တစ်ခုလုံးကို ရှာဖွေနိုင်ရန် လုံးဝ မဖြစ်နိုင်ချေ။ အကယ်၍ လူတိုင်းကို သတ်ပစ်လိုက်မည် ဆိုပါက... သူ အများဆုံး ရရှိနိုင်မည်မှာ အနည်းငယ်သော တိုက်ပွဲဝင် ပစ္စည်းများသာ ဖြစ်ပေလိမ့်မည်။
လျှို့ဝှက်နယ်မြေ တစ်ခုလုံး ပွင့်နေမည့် အချိန်မှာ လဝက်ခန့် ကြာမြင့်မည် ဖြစ်၏။ အသွားအပြန် တွက်ကြည့်မည် ဆိုပါက... စောစော သတ်ခြင်းထက် နောက်ကျမှ သတ်ခြင်းက ပို၍ အကျိုးအမြတ် များပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ လူတိုင်းက လျှို့ဝှက်နယ်မြေမှ မထွက်ခွာမီ... ဗဟိုချက်ရှိ ရွှေ့ပြောင်းရေး အစီအရင်သို့ လာရောက် စုဝေးကြမည် ဖြစ်ရာ... သူ အနေဖြင့် တံခါးပေါက်ကို ပိတ်ဆို့ထားလိုက်ရုံပင် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် သွင်းကုန် အားလုံးက သူ၏ ပစ္စည်းများသာ ဖြစ်လာတော့မည် မဟုတ်ပါလော။
ချီမိသားစုက ကျောထောက်နောက်ခံ ပြုပေးထားသဖြင့်... ရန်သူ တိုးလာမည်ကို ကျန်းချဲ့ အနည်းငယ်မျှပင် မကြောက်ရွံ့တော့ချေ။
ဤအတွေး ပေါ်လာပြီးနောက် ကျန်းချဲ့ တစ်ယောက် ရုတ်တရက် သွေးဆာမှုများ လျော့ကျသွားခဲ့လေပြီ။ လင်းမိသားစု... နဂါးကျား တာအိုဂိုဏ်း သို့မဟုတ် ဝေ့မိသားစုမှ တပည့်များနှင့် ဆုံတွေ့သောအခါ... ကျန်းချဲ့က သူ၏ စွမ်းအားများကို ထုတ်ဖော်ပြသခြင်း မပြုတော့ချေ။
ဆန့်ကျင်ဘက်အနေဖြင့် သူတို့ကို ကံကောင်းစွာဖြင့် ထွက်ပြေးခွင့် ပြုလိုက်လေသည်။
ဤသည်က ချီနင်ပင်းကို အလွန်တရာ သံသယ ဝင်သွားစေပြီး မနေနိုင်ဘဲ ကျန်းချဲ့ကို မေးမြန်းလိုက်လေသည်။
"ခဲအို... ရှင် ဘာလို့ သူတို့ကို လွှတ်ပေးလိုက်တာလဲ..."
"ဟီးဟီး... ကျုပ် စောင့်နေမလို့ပါ..."
ကျန်းချဲ့၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ချီနင်ပင်း တစ်ယောက် မနေနိုင်ဘဲ ပါးစပ် အဟောင်းသား ဖြစ်သွားရလေသည်။ ကျန်းချဲ့၏ ရည်ရွယ်ချက်က တစ်ချက်တည်းဖြင့် အားလုံးကို ဖမ်းချုပ်ရန် ဖြစ်နေလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။ သို့သော် တွေးကြည့်လိုက်လျှင်လည်း ဤသို့ ပြုလုပ်ခြင်းက ပုံမှန်ပင် ဖြစ်နေပေသည်။
ကျန်းချဲ့၏ သိုင်းသခင် အဆင့် စွမ်းအားဖြင့် ဆိုပါက... ရွှမ်လင် လျှို့ဝှက်နယ်မြေ တစ်ခုလုံးတွင် ထိပ်တန်း အနေအထား၌ ရှိနေပေသည်။ လင်းမိသားစု၏ မျိုးဆက် သခင်လေး လင်းယန် ပင်လျှင် အကွက်အနည်းငယ်မျှ မတောင့်ခံနိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့်... ကျန်းချဲ့ မည်မျှ အစွမ်းထက်ကြောင်း သိသာလှပေသည်။
လျှို့ဝှက်နယ်မြေ တစ်ခုလုံးကို ကန့်လန့်ဖြတ် လျှောက်လှမ်းနိုင်သည်ဟု ဆိုလျှင်ပင် လွန်အံ့မထင်ချေ။
သာမန် မွေးရာပါအဆင့် သိုင်းသမားများ အနေဖြင့် အင်အားစုကြီးများ၏ ထိပ်တန်း တပည့်များကို တစ်ယောက်တည်း ရင်ဆိုင်နိုင်စွမ်း မရှိသဖြင့် ဤနည်းလမ်းကို တွေးမိမည် မဟုတ်သော်လည်း... ကျန်းချဲ့ကတော့ လုပ်နိုင်ပေသည်။
"ခဲအိုက တကယ် ဆိုးတာပဲနော်..."
ချီနင်ပင်းက အမှတ်တမဲ့ နှုတ်မှ ထွက်သွားပြီးနောက် အပြစ်တင်သလို ကြည့်လိုက်သော်လည်း... မကြာမီမှာပင် သူမ၏ မျက်နှာပေါ်ရှိ အပြုံးများ တောင့်တင်းသွားရလေသည်။
'ငါ ဘာတွေ ပြောလိုက်တာလဲ...'
ရည်းစားတွေ အချင်းချင်း စနောက်နေသလို ခံစားလိုက်ရသဖြင့်... သူမ ဆက်ပြောမည့် စကားများကို ချက်ချင်း မြိုချလိုက်လေတော့သည်။
ကျန်းချဲ့က သူမကို တစ်ချက် ကြည့်လိုက်သော်လည်း မည်သည့် အရွှန်းအဖောက် စကားမျှ မပြောတော့ဘဲ မကြားချင်ယောင် ဆောင်ကာ စကားလမ်းကြောင်း လွှဲလိုက်လေသည်။
"ခရီးဆက်ကြရအောင်..."
"အင်း..."
ချီနင်ပင်းက အသာအယာ ခေါင်းညိတ်လိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။
'တော်သေးတာပေါ့... ခဲအိုက အတိုင်းအတာ ကို ကောင်းကောင်း သိလို့...'
သို့သော်... သူမ ဘာကြောင့်များ ရုတ်တရက်ကြီး ဤကဲ့သို့ စကားမျိုး ပြောထွက်သွားရသနည်း။
ပကတိ အတိုင်း ရှင်းလင်းကြည်လင်နေသော သူမ၏ ပုံမှန် စရိုက်နှင့် လုံးဝ မတူညီချေ။ အကြောင်းရင်း အားလုံးကို လုံးဝ မပျောက်ကွယ်သေးသော ကာမဆန္ဒ နိုးဆွဓာတ်ငွေ့များ အပေါ်သို့သာ သူမ ပုံချလိုက်လေသည်။ ထိုအရာက သူမ၏ စိတ်နှလုံးကို လွှမ်းမိုးထားသောကြောင့်ပင် ဖြစ်မည်။
'ဟုတ်တယ်... အဲ့ဒီလို ဖြစ်ရမယ်...'
ထိုအချိန်တွင် ဂျွယ်လင်ချိုင့်ဝှမ်း အတွင်း၌...
လေဟာနယ်ထဲတွင် ပုံရိပ်တစ်ခုက လက်ကို နောက်ပစ်ကာ မတ်တတ်ရပ်နေလေသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို အားကောင်းလှသော အရှိန်အဝါကြီး တစ်ခုက လွှမ်းခြုံထားပြီး... နတ်အာရုံဖြင့် ဂျွယ်လင်ချိုင့်ဝှမ်း အတွင်းရှိ နေရာတိုင်းကို တစ်လက်မချင်းစီ အသေးစိတ် ရှာဖွေနေလေ၏။
သူသည် ကိုးကွေ့ ရွှမ်ဂျင်ဆင်းကို ရှာဖွေနေခြင်းပင် ဖြစ်သည်။
ယင်းကျို သည် ကျန်းချဲ့တို့ထက် ဤနေရာသို့ ခြေတစ်လှမ်း စော၍ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ သူက ကျန်းချဲ့နှင့် ချီနင်ပင်းတို့လို လမ်းတစ်လျှောက်တွင် အခြားသော ဝိညာဉ်ရတနာများကို ရှာဖွေရန် ပြင်ဆင်လာခဲ့ခြင်း မဟုတ်ချေ။
သူ၏ ရည်ရွယ်ချက်က အလွန် ရှင်းလင်းလှပြီး ကိုးကွေ့ ရွှမ်ဂျင်ဆင်းကို ရယူရန်သာ ဖြစ်ပေသည်။
ဤသည်မှာ ကောင်းကင်လင်းယုန် ဓမ္မမင်းကြီး အချိန်ကြာမြင့်စွာ စီစဉ်ထားခဲ့သော အရေးကြီး ကိစ္စရပ် တစ်ခု ဖြစ်၏။ ဤကိစ္စအတွက် လွန်ခဲ့သော ဆယ်နှစ်ခန့် ကတည်းက အစွမ်းကုန် ကြိုတင် ပြင်ဆင်ခဲ့ပြီး... အဖိုးအခ ကြီးစွာပေးကာ သူ့အတွက် အဆင့်မြင့် အတုအယောင် အမြုတေ တစ်ခုကို ဖော်စပ်ပေးခဲ့ခြင်း ဖြစ်လေသည်။
ဓမ္မမင်းကြီး၏ ဘေးနားရှိ သေရဲတပ်ဖွဲ့ ကိုယ်ရံတော် တစ်ဦး အနေဖြင့်... မည်သည့် အလွဲအချော်မျှ ဖြစ်ခွင့် လုံးဝ မရှိချေ။ သို့မဟုတ်ပါက ဓမ္မမင်းကြီးထံသို့ ပြန်ရောက်သွားချိန်တွင်... အလွန်တရာ ပြင်းထန်သော ပြစ်ဒဏ်များကို သေချာပေါက် ခံစားရမည် ဖြစ်၏။
အမြုတေ တည်ဆောက်ပြီးနောက်... အတုအယောင် အမြုတေ အထက်ရှိ နတ်လက်သင်္ကေတ အမျိုးမျိုးကို သူ ကောင်းစွာ အာရုံခံမိနေလေပြီ။ ကောင်းကင်လင်းယုန် ဓမ္မမင်းကြီး အနေဖြင့် ကြိုတင် ပြင်ဆင်မှု အားလုံးကို ပြုလုပ်ထားပြီး ဖြစ်ကြောင်း ဆိုနိုင်ပေသည်။ အကယ်၍ သူသာ အနည်းငယ်မျှ သစ္စာဖောက်မည့် အရိပ်အယောင် ပြလိုက်သည်နှင့်...
ထိုအတုအယောင် အမြုတေက သူ၏ အသက်ကို တိုက်ရိုက် နုတ်ယူသွားမည်မှာ အသေအချာပင်။
ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်းရှိ အခြားသော ဝိညာဉ်ရတနာများနှင့် ပတ်သက်၍ ယင်းကျို ၏ တွေးခေါ်ပုံက အလွန် ရိုးရှင်းလှပေသည်။ ကျန်းချဲ့ တွေးထားသည်နှင့် တစ်ထပ်တည်း ကျနေပြီး... လျှို့ဝှက်နယ်မြေမှ မထွက်ခွာမီ အချိန်လေးတွင် တိုက်ရိုက် လုယက်ရန်ပင် ဖြစ်လေသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ရာ... ယင်းကျို က ဂျွယ်လင်ချိုင့်ဝှမ်း အတွင်းရှိ မြေတစ်လက်မချင်းစီကို အသေးစိတ် ရှာဖွေနေလေသည်။ သို့သော်... တစ်နာရီကျော်ခန့် ကြာမြင့်ပြီးနောက် ဂျွယ်လင်ချိုင့်ဝှမ်း တစ်ခုလုံးကို နတ်အာရုံဖြင့် ရှာဖွေပြီးသွားသည့်တိုင်အောင်...
ကိုးကွေ့ ရွှမ်ဂျင်ဆင်း၏ အရိပ်အယောင် အနည်းငယ်ကိုမျှ ရှာမတွေ့ခဲ့ချေ။
'ဒါမှမဟုတ်... ဓမ္မမင်းကြီး ရထားတဲ့ သတင်းက အတုများလား...'
ဤအချိန်တွင် ယင်းကျို ၏ ရင်ထဲ၌ ဤအတွေးတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့လေသည်။
သို့သော် ချက်ချင်းပင် ထိုအတွေးကို ပြန်လည် ဖိနှိပ်လိုက်၏။ ဓမ္မမင်းကြီး အနေဖြင့် ဤမျှ အချိန်ကြာမြင့်စွာ စီစဉ်ထားခဲ့ရာ... သေချာပေါက် တိကျသေချာသော သတင်း ရရှိထားမည်မှာ အသေအချာပင်။ ကောလာဟလ သို့မဟုတ် သတင်းအမှား တစ်ခုတည်းကြောင့်သာ သူ့ကို လျှို့ဝှက်နယ်မြေ အတွင်းသို့ လွှတ်လိုက်ရန် လုံးဝ မဖြစ်နိုင်ချေ။
'သေချာပေါက် တစ်နေရာရာကို သေချာ မရှာဖွေမိတာ ဖြစ်မယ်... ဒါမှမဟုတ် မြေအောက်ထဲမှာ ဖြစ်လိမ့်မယ်...'
သူ၏ နတ်အာရုံက ပေနှစ်ရာကျော် အထိ ဖြန့်ကျက်နိုင်စွမ်း ရှိသော်လည်း... ၎င်းမှာ မြေပြင် အထက်တွင်သာ ဖြစ်၏။ အကယ်၍ မြေအောက်သို့ ထိုးဖောက်မည် ဆိုပါက ခြောက်ပေခန့် အကွာအဝေးကိုသာ ရှာဖွေနိုင်ပြီး... ထို့ထက် ပို၍ နက်ရှိုင်းသွားပါက အလွန်တရာ ခက်ခဲသွားပြီ ဖြစ်သည်။
ယင်းကျို က တွေဝေစွာ တွေးတောနေလေသည်။ အကယ်၍ မြေအောက်ကိုသာ ရှာဖွေရမည် ဆိုပါက အလွန် နှေးကွေးလွန်းလှပေသည်။ ဆယ်ရက် လဝက်ခန့် ကြာလျှင်ပင် ရှာဖွေပြီးစီးနိုင်မည် မဟုတ်ရာ... အခြားသော နည်းလမ်းများကို မဖြစ်မနေ အသုံးပြုရတော့မည် ဖြစ်၏။
'ချီနင်ပင်း...'
သူ၏ မျက်ဝန်းများ ထဲတွင် အလင်းရောင်များ တောက်ပသွားလေသည်။
ဤသည်မှာလည်း ကောင်းကင်လင်းယုန် ဓမ္မမင်းကြီး က သူ့ကို ကြိုတင် မှာကြားထားခဲ့သော ကိစ္စရပ်တစ်ခု ပင် ဖြစ်၏။ ကိုးကွေ့ ရွှမ်ဂျင်ဆင်း ကိစ္စကို ချီကျန်းနန် ကလည်း သိထားပြီး... ချီနင်ပင်းက ရွှမ်ယင် ဝိညာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ... ကိုးကွေ့ ရွှမ်ဂျင်ဆင်းကို ဆွဲဆောင်ရန်အတွက် သူမကို ငါးစာအဖြစ် အသုံးပြုလာနိုင်ခြေ အလွန် များပေသည်။
အကယ်၍ သူသာ ကိုးကွေ့ ရွှမ်ဂျင်ဆင်းကို ရှာမတွေ့ပါက... ဤအချက်ကို အခွင့်ကောင်းယူ၍ အဖြေရှာနိုင်ပေသည်။
လျှို့ဝှက်နယ်မြေ အတွင်းသို့ မဝင်ရောက်မီကလည်း... ချီနင်ပင်း တစ်ယောက် လျှို့ဝှက်နယ်မြေ အတွင်းသို့ အတူတကွ ဝင်ရောက်လာသည်ကို သူ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။ သို့သော် ပြဿနာက ရွှမ်လင် လျှို့ဝှက်နယ်မြေကြီး ဤမျှလောက် ကျယ်ဝန်းနေရာ... ချီနင်ပင်း၏ အရိပ်အယောင်ကို ဘယ်နေရာမှာ သွားရှာရမည်နည်း။
အခြားတစ်ဖက်တွင်မူ နှစ်ရက်ကြာ အချိန်ယူပြီးနောက်... ကျန်းချဲ့နှင့် ချီနင်ပင်းတို့သည် ဂျွယ်လင်ချိုင့်ဝှမ်း အနီးသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ကြလေပြီ။ လမ်းတစ်လျှောက်လုံးတွင် သူတို့ နှစ်ဦးမှာ အမြတ်အစွန်းများစွာ ရရှိခဲ့ပြီး... ရှားပါးသော ဝိညာဉ်ဆေးပင် အပင်နှစ်ဆယ်ထက်မနည်း ရှာဖွေနိုင်ခဲ့ကြ၏။
ဝမ်းနည်းစရာ ကောင်းသည်မှာ သက်တမ်း နှစ်တစ်ထောင် ပြည့်သော ဆေးပင် ဆို၍ လက်ချိုးရေတွက်၍ ရလောက်အောင် အနည်းငယ်မျှသာ ပါဝင်ခြင်းပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကျန်းချဲ့နှင့် ချီနင်ပင်းတို့ ကြားရှိ ဆက်ဆံရေးမှာလည်း တဖြည်းဖြည်း နွေးထွေးလာခဲ့လေပြီ။ သူတို့ နှစ်ဦး ကြားတွင် အနေရခက်မှုများ ရှိခဲ့သော်လည်း... မည်သို့ပင်ဆိုစေ အနည်းငယ်သော ရင်းနှီးသည့် အထိအတွေ့များ ရှိခဲ့ဖူးသည် မဟုတ်ပါလော။
အချင်းချင်း ကြားရှိ ခံစားချက်များက ချီနင်ပင်း၏ အတွေးများကို လွှမ်းမိုးရန် လုံလောက်နေပေသည်။
'အကယ်၍ ကျန်းချဲ့က ငါ့ရဲ့ ခဲအို မဟုတ်ခဲ့ရင်... သူနဲ့ လက်ထပ်ရမှာကို ငါ အမှန်တကယ်ပဲ သဘောတူမိလောက်တယ်...'
သူမ ဤသို့ပင် တွေးတောမိသည်အထိ ဖြစ်လာခဲ့၏။ သေချာသည်မှာ အပြင်ပန်းတွင်မူ သူမ အနေဖြင့် မည်သည့် မူမမှန်မှုမျိုးကိုမျှ မပြသခဲ့ချေ။
ထို့အပြင် လျှို့ဝှက်နယ်မြေမှ ထွက်ခွာပြီးနောက် ကျန်းချဲ့နှင့် တဖြည်းဖြည်း အလှမ်းဝေးဝေး နေရန်ပင် သူမ ဆုံးဖြတ်ထားလိုက်လေသည်။
မဟုတ်ပါက သူမ အနေဖြင့် အချစ်ကွန်ယက် အတွင်းသို့ နစ်မွန်းသွားနိုင်ပေသည်။
ဉာဏ်ရည် ထက်မြက်လှသော သူမ အနေဖြင့်... ဤကဲ့သို့သော အတွေးမျိုး စတင် ပေါ်ပေါက်လာကတည်းက မည်သို့ ဖြေရှင်းရမည် ဆိုသည်ကို ကြိုတင် စဉ်းစားပြီး ဖြစ်လေသည်။
"ခဲအို... အရှေ့ဘက်မှာ ဂျွယ်လင်ချိုင့်ဝှမ်း ရှိတယ်... လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက ကိုးကွေ့ ရွှမ်ဂျင်ဆင်းက အဲ့ဒီ ဧရိယာထဲမှာ လှုပ်ရှားခဲ့ပြီး... နောက်ဆုံးတော့ ဂျွယ်လင်ချိုင့်ဝှမ်း ရဲ့ တစ်နေရာရာမှာ ပျောက်ကွယ်သွားခဲ့တာလေ... သေချာပေါက် တစ်နေရာရာမှာ ပုန်းနေမှာပဲ..."
"ခဏနေရင် ကျွန်မရဲ့ ရွှမ်ယင် ဝိညာဉ်ခန္ဓာကိုယ်ကို လှုံ့ဆော်လိုက်မယ်... အဲ့ဒီအခါကျရင် ထူးခြားတဲ့ ရနံ့တစ်ခု ထွက်ပေါ်လာပြီး ဒီလို ဝိညာဉ်ရတနာတွေ အတွက် အရမ်းကို ဆွဲဆောင်မှု ရှိစေလိမ့်မယ်... အဲ့ဒီအချိန်ကျရင် ရှင်က ကိုယ့်ရဲ့ အရှိန်အဝါတွေကို ဖုံးကွယ်ထားပြီး ကိုးကွေ့ ရွှမ်ဂျင်ဆင်း ထွက်လာတာကို စောင့်နေလိုက်..."
"ပြီးမှ အဲ့ဒီ ကိုးကွေ့ ရွှမ်ဂျင်ဆင်းကို ဖမ်းလိုက်ပေါ့..."
ချီနင်ပင်းက တိုးတိုးလေး ပြောလိုက်လေသည်။
သို့သော် ကျန်းချဲ့ကတော့ ခေါင်းခါရမ်းပြလိုက်၏။
"ဘာဖြစ်လို့လဲ..."
"ငါတို့ထက် ခြေတစ်လှမ်း စောပြီး ဂျွယ်လင်ချိုင့်ဝှမ်း ကို ရောက်နေတဲ့သူ ရှိတယ်... သူ့ကိုယ်ပေါ်က အရှိန်အဝါကလည်း မအားနည်းဘူး... သိုင်းသခင် တစ်ပါး ဖြစ်ဖို့ များတယ်..."
ကျန်းချဲ့က အနည်းငယ် လေးနက်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်လေသည်။
ယင်းကျို က သူ၏ အရှိန်အဝါများကို လုံးဝ ဖုံးကွယ်မထားဘဲ ကိုးကွေ့ ရွှမ်ဂျင်ဆင်းကို ရှာဖွေနေခဲ့ရာ... ကျန်းချဲ့၏ နတ်အာရုံဖြင့် ဂျွယ်လင်ချိုင့်ဝှမ်း အတွင်း၌ အားကောင်းသော အရှိန်အဝါ တစ်ခု ရှိနေကြောင်း သဘာဝကျကျ အာရုံခံမိလိုက်ခြင်းပင် ဖြစ်၏။
"ဘာ... သိုင်းသခင် ဟုတ်လား..."
ချီနင်ပင်း၏ မျက်ခုံးများ ချက်ချင်း တွန့်ကွေးသွားပြီး ရင်ထဲတွင် အနည်းငယ် လေးလံသွားရလေသည်။
တစ်ချိန်တည်းမှာပင် သံသယ တစ်ခုလည်း ဝင်လာမိ၏။
'ရွှမ်တန်အဆင့် သိုင်းသခင် ဖြစ်ဖို့က ဘယ်အချိန်ကတည်းက ဒီလောက် လွယ်ကူသွားရတာလဲ...'
'ခဲအို တစ်ယောက်တည်းကပဲ ရွှေအမြုတေ တည်ဆောက်ပြီး လျှို့ဝှက်နယ်မြေကို လွှမ်းမိုးဖို့ ပြင်ဆင်လာတာ မဟုတ်ဘဲ... တခြားလူတွေလည်း ဒီလို အကြံအစည်မျိုး ရှိနေတာများလား...'
'အန္တရာယ် များလှပါလား...'
"ခဲအို... ရှင် ယှဉ်နိုင်ပါ့မလား..."
ချီနင်ပင်းက အသံကို နှိမ့်ကာ မေးလိုက်လေသည်။
ကျန်းချဲ့က သေချာစွာ အာရုံခံကြည့်လိုက်ပြီးနောက်... သူ၏ မျက်နှာပေါ်တွင် အသာအယာ ပြုံးရွှင်မှု တစ်ခု ပေါ်ထွက်လာလေသည်။
"မင်းက... သိုင်းသခင် တစ်ပါး ဖြစ်တဲ့ အဲ့ဒီလူက ကျုပ်ရဲ့ တိုက်ခိုက်မှုကို ဘယ်နှစ်ကွက်လောက် တောင့်ခံနိုင်မလဲ လို့ မေးသင့်တာပါ..."
ချီနင်ပင်း '...'
'ခဲအိုက ဒီလောက်တောင် ယုံကြည်ချက် ရှိနေတာလား...'
'အဆင့်တူ သိုင်းသခင် တစ်ပါးကို ရင်ဆိုင်ရတာတောင် မျက်လုံးထဲ မထည့်ဘူးပေါ့လေ...'
'အဲ့ဒါက သိုင်းသခင် တစ်ပါးနော်... ပြီးတော့ အင်အားစုကြီးတွေက ထိပ်တန်း တပည့်တွေ အဆင့်တက်လှမ်းထားတဲ့ သိုင်းသခင် ဆိုတော့... စွမ်းအားက လုံးဝ အားနည်းမှာ မဟုတ်ဘူး... သာမန်လူတွေနဲ့ ယှဉ်လို့ ရတာမှ မဟုတ်တာ...'
သို့သော် သူမ မသိထားသည်မှာ... ကျန်းချဲ့၏ အာရုံခံမှု အရ ထိုလူ၏ အရှိန်အဝါက သိုင်းသခင် အဆင့် ဖြစ်သည်မှာ မှန်သော်လည်း... အလွန်တရာ အခြေခံ မခိုင်မာကြောင်းကိုပင်။ ပို၍ ဆိုးရွားသည်မှာ ကျန်းချဲ့ အနေဖြင့် တစ်ဖက်လူကို တွေ့ရှိနေပြီ ဖြစ်သော်လည်း...
တစ်ဖက်လူက လူတစ်ယောက် ချဉ်းကပ်လာကြောင်းကို လုံးဝ အာရုံမခံမိသေးခြင်းပင် ဖြစ်၏။
အလွန် သိသာထင်ရှားသည်မှာ ထိုလူက အရင်းအမြစ်များကို အသုံးပြု၍ အတင်းအကျပ် အဆင့်တက်လှမ်းထားသူ ဖြစ်ရမည် သို့မဟုတ်... တည်ဆောက်ထားသည်က အစစ်အမှန် ရွှေအမြုတေ မဟုတ်ခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပါက ဤမျှလောက် အခြေအနေ ဆိုးရွားနေမည် မဟုတ်ချေ။
ဤကဲ့သို့သော သိုင်းသခင်မျိုး ဆိုလျှင် ချီဆန်းကျားကိုပင် လုံးဝ ယှဉ်နိုင်မည် မဟုတ်ပေ။
အစွမ်းကုန် ကြိုးစားလျှင်တောင်မှ... မွေးရာပါ အထွတ်အထိပ် အဆင့်ရှိ လင်းယန်ထက် အနည်းငယ်မျှသာ သာလွန်ပေလိမ့်မည်။
"သွားမယ်... ဝင်ပြီး သူ့ကို သတ်လိုက်မယ်... ပြီးမှ ကိုးကွေ့ ရွှမ်ဂျင်ဆင်းကို ဆွဲဆောင်ကြတာပေါ့..."
ကျန်းချဲ့က မည်သည့် တွန့်ဆုတ်မှုမျှ မရှိတော့ဘဲ အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ... မည်သည့် ဖုံးကွယ်မှုမျှ မရှိဘဲ ဂျွယ်လင်ချိုင့်ဝှမ်း အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားလေတော့သည်။
သာမန် သိုင်းသခင်လေးမျှသာ... လက်တစ်ဝှေ့ယမ်းရုံဖြင့် ဖိနှိပ်ခြေမှုန်းနိုင်သည် မဟုတ်ပါလော။
ကျန်းချဲ့ ထွက်ပေါ်လာချိန်တွင် ဂျွယ်လင်ချိုင့်ဝှမ်း အတွင်းရှိ ယင်းကျို ကလည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို နောက်ဆုံးတွင် သတိပြုမိသွားလေပြီ။ ချက်ချင်းပင် မော့ကြည့်လိုက်ရာ... လေဟာနယ်ထဲတွင် ရပ်ကာ သူ့ကို ငုံ့ကြည့်နေသော ပုံရိပ်နှစ်ခုကို မြင်တွေ့လိုက်ရ၏။
'ကျန်းချဲ့…’
'ချီနင်ပင်း…’
ချီနင်ပင်း ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည့် တစ်ခဏမှာပင်... ယင်းကျို ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ ချက်ချင်း ပေါ်ထွက်လာလေတော့သည်။
ချီနင်ပင်း၏ အရိပ်အယောင်ကို ဘယ်နေရာ သွားရှာရမည်နည်းဟု စိတ်ညစ်နေစဉ်မှာပင်... သူတို့ကိုယ်တိုင် အိမ်တိုင်ရာရောက် လာပို့ပေးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
'တကယ်ကို ကြိုးစားနေစရာ မလိုဘဲ အလိုလို ရောက်လာတာပဲ...'
'ကောင်းကင်ဘုံက ငါ့ကို ကူညီနေတာပဲ...'
'ကောင်းကင်ဘုံက ဓမ္မမင်းကြီးကို ကူညီနေတာပဲ...'
'ကောင်းကင်ဘုံက အထွတ်အမြတ် ဂိုဏ်းတော်ကို ကူညီနေတာပဲ...'
ကျန်းချဲ့ကိုတော့ သူ အနည်းငယ်မျှပင် မျက်လုံးထဲ မထည့်ထားချေ။ ပါရမီက မည်မျှပင် ကောင်းမွန်နေပါစေ... အဆုံးတွင်တော့ မွေးရာပါအဆင့် သိုင်းသမား တစ်ယောက်သာ ဖြစ်သည် မဟုတ်ပါလော။ သိုင်းသခင် တစ်ပါးကို အချိန်အတန်ကြာ ယှဉ်ပြိုင်နိုင်စွမ်း ရှိသည် ဆိုလျှင်တောင်မှ... သိုင်းသခင်ကို သတ်ဖြတ်နိုင်သည်အထိ အစွမ်းထက်လိမ့်မည် မဟုတ်ချေ။
'အတော်ပဲ... ဒီကောင်က အထွတ်အမြတ် ဂိုဏ်းတော်နဲ့ ကြီးမားတဲ့ ရန်ငြိုးရန်စတွေ ရှိနေတာဆိုတော့... စာရင်းဟောင်းတွေ ရှင်းရမယ့် အချိန် ရောက်ပြီပေါ့...'
ထို့ကြောင့် ယင်းကျို က သူ၏ ကိုယ်ပေါ်ရှိ အားကောင်းလှသော အရှိန်အဝါများကို မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ထုတ်လွှတ်လိုက်ပြီး... လေဟာနယ်ထက်သို့ တစ်လှမ်းချင်းစီ တက်လှမ်းသွားကာ ထိုနှစ်ဦးကို စိုက်ကြည့်လိုက်လေသည်။ ရိုင်းစိုင်းသော စကားအချို့ကို ပြောဆိုရန် ပြင်လိုက်စဉ်မှာပင်... ရုတ်တရက် အခြေအနေကို သတိပြုမိသွား၏။
သူ၏ ကြီးမားလှသော ဖိအားကြီး အောက်တွင် ကျန်းချဲ့က အနည်းငယ်မျှပင် ရှောင်တိမ်းခြင်း မရှိသလို... မည်သည့် ထိတ်လန့်ကြောက်ရွံ့မှုမျှ မရှိဘဲ တစ်ခုခုကို အားကိုးနေသည့်အလား ရပ်နေသည်ကို တွေ့လိုက်ရလေတော့သည်။