← Chapters

အခန်း ၂၁၂

Vol. 22 Ch. 212

အခန်း ၂၁၂

Vol. 22 Ch. 212

အခန်း (၂၁၂) သိုင်းသခင်များ ကြားရှိ ကွာဟချက်

"ဟင်..."

ယင်းကျိုက ကျန်းချဲ့ကို သေချာစွာ အကဲခတ်ကြည့်လိုက်ရာ သူ၏ မျက်ခုံးများ ပို၍ တွန့်ကွေးသွားလေသည်။

ကျန်းချဲ့၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အရှိန်အဝါများက သူ့ထက် အနည်းငယ်မျှ မနိမ့်ကျသည့်အပြင်... အလွန်တရာ အန္တရာယ်များသော ခံစားချက်ကိုပါ ပေးစွမ်းနေကြောင်း သူ ချက်ချင်း သတိပြုမိလိုက်၏။

'ကျန်းချဲ့က... ရွှမ်တန်အဆင့်ကို တက်လှမ်းသွားပြီလား...'

ယင်းကျို၏ စိတ်ထဲတွင် ဤအတွေး ရုတ်တရက် ပေါ်လာပြီး... ကြီးမားသော ရန်သူကို ရင်ဆိုင်ရသည့်အလား ချက်ချင်း သတိဝင်သွားလေသည်။

"ဝေ့မိသားစုကလား..."

ချီနင်ပင်းက အရှေ့ရှိ အမျိုးသားကို ကြည့်ရင်း လေးနက်သော မျက်နှာထားဖြင့် ရေရွတ်လိုက်လေသည်။ လျှို့ဝှက်နယ်မြေ အတွင်းသို့ မဝင်ရောက်မီက ဝေ့မိသားစုဝင်များကို သူမ ကြည့်ခဲ့ဖူးသော်လည်း ဤလူကိုတော့ သိပ်ပြီး သတိမထားမိခဲ့ချေ။

ဤလူက လျှို့ဝှက်နယ်မြေ အတွင်း၌ ရွှေအမြုတေ တည်ဆောက်နိုင်လိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။

ထို့အပြင် ဂျွယ်လင်ချိုင့်ဝှမ်းသို့ ရောက်လာသည်ကို ကြည့်ခြင်းအားဖြင့် သူ၏ ရည်ရွယ်ချက်က အလွန် ကြီးမားကြောင်း သိသာလှ၏။

'ကိုးကွေ့ ရွှမ်ဂျင်ဆင်း... သေချာပေါက် အဲ့ဒီအရာပဲ ဖြစ်ရမယ်...'

"ဝေ့မိသားစုက မဟုတ်ဘူး... သူ့ကိုယ်ပေါ်က အရှိန်အဝါက နည်းနည်း ထူးဆန်းတယ်... ကျုပ်နဲ့ ရင်းနှီးနေတဲ့ ခံစားချက်မျိုး ပေးစွမ်းနေတယ်..."

ကျန်းချဲ့က တိုးတိုးလေး ပြောလိုက်လေသည်။

"အို..."

ချီနင်ပင်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် သူမ၏ ကိုယ်လုံးကို ကျန်းချဲ့၏ အနောက်တွင် ကွယ်ထားလိုက်လေသည်။ ကျန်းချဲ့အတွက် ပြဿနာ မဖြစ်စေရန် ပြင်ဆင်လိုက်ခြင်းပင်။

"မင်းလည်း လျှို့ဝှက်နယ်မြေထဲမှာ ရွှေအမြုတေ တည်ဆောက်နိုင်လိမ့်မယ်လို့ တကယ်ကို ထင်မထားခဲ့ဘူး..."

ယင်းကျိုက ကျန်းချဲ့ကို လေးနက်စွာ ကြည့်ရင်း ပြောလိုက်လေသည်။ စောစောက တိုက်ခိုက်ရန် ပြင်ဆင်ထားသော အတွေးများ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

မိမိ၏ အခြေအနေကို မိမိသာ အသိဆုံး ဖြစ်သည်။ အတုအယောင် အမြုတေ သိုင်းသခင် ဆိုသည်မှာ အစစ်အမှန် ရွှေအမြုတေ သိုင်းသခင်များနှင့် ယှဉ်လျှင် အများကြီး နိမ့်ကျနေဆဲပင် ဖြစ်သည်။

ကောင်းကင်လင်းယုန် ဓမ္မမင်းကြီး ယဇ်ပူဇော်ပေးထားသော အတုအယောင် အမြုတေကြောင့် သူ၏ စွမ်းအားက မဆိုးလှသော်လည်း... သေချာပေါက် အနိုင်ရမည်ဟု အာမခံချက် မရှိချေ။

ချီနင်ပင်းကို ဓားစာခံအဖြစ် အရင်ဆုံး ဖမ်းဆီးနိုင်မှသာ အခွင့်အရေး ရှိပေလိမ့်မည်။

"ပြောစမ်း... မင်းက ဘယ်သူ့လူလဲ..."

"ချင်းထျန်းဂိုဏ်း ကောင်းကင်လင်းယုန် ဓမ္မမင်းကြီးရဲ့ လက်အောက်ခံ အစောင့်အရှောက် ယင်းကျိုပဲ..."

"အို... ရင်းနှီးနေတဲ့ လူဟောင်းတွေ ပါလား..."

ကျန်းချဲ့ တစ်ယောက် ချက်ချင်း သဘောပေါက်သွားလေသည်။ တစ်ဖက်လူ၏ အရှိန်အဝါက အဘယ်ကြောင့် ရင်းနှီးနေသကဲ့သို့ ခံစားရကြောင်း သူ သိလိုက်ရပြီ ဖြစ်၏။

ချင်းထျန်းဂိုဏ်းက လူတွေ ဖြစ်နေသည် မဟုတ်ပါလော။ ချင်းထျန်းဂိုဏ်းက နေရာတိုင်းကို စိမ့်ဝင်နိုင်ပြီး... ဤတစ်ကြိမ်တွင်လည်း အစီအစဉ်များ ချမှတ်ထားလိမ့်မည်ဟု သူ တကယ်ကို ထင်မှတ်မထားခဲ့ချေ။

အကယ်၍ သူသာ လျှို့ဝှက်နယ်မြေ အတွင်းသို့ စတင် ဝင်ရောက်ချိန်က ယဇ်မပူဇော်ခဲ့ပါက... အတုအယောင် အမြုတေ သိုင်းသခင် တစ်ပါးကို ရင်ဆိုင်ရန် အလွန်တရာ ခက်ခဲပေလိမ့်မည်။

"ကျန်းချဲ့... ကျုပ်က ဓမ္မမင်းကြီးရဲ့ အမိန့်အတိုင်း လုပ်ဆောင်နေတာမို့လို့... အပြစ်ကင်းတဲ့သူတွေကို အကြောင်းမဲ့ မသတ်ချင်ဘူး... မင်းကို အကြံပေးလိုက်မယ်... အခုချက်ချင်း ထွက်သွားတာ အကောင်းဆုံးပဲ... မဟုတ်ရင် နှစ်ဦးနှစ်ဖက်လုံး အထိနာတဲ့ အခြေအနေမျိုးကို ရောက်သွားလိမ့်မယ်..."

ယင်းကျိုက ခြိမ်းခြောက်စကား ပြောနေသော်လည်း... သူ၏ လေသံမှာ အားနည်းနေလေသည်။

"နှစ်ဦးနှစ်ဖက်လုံး အထိနာမယ် ဟုတ်လား... ဟား... မင်းလို အတုအယောင် အမြုတေလေးနဲ့များ ဒီလိုစကားမျိုး လာပြောရဲသေးတယ်ပေါ့လေ... ထားပါတော့... ချင်းထျန်းဂိုဏ်းနဲ့လည်း ဒီလောက်တောင် ရန်ငြိုးတွေ ရှိနေပြီးပြီဆိုတော့... အတုအယောင် သိုင်းသခင် နောက်တစ်ယောက်လောက် ထပ်သတ်ရလည်း ကိစ္စမရှိပါဘူးလေ..."

ကျန်းချဲ့က တည်ငြိမ်စွာ ပြောလိုက်လေသည်။

တစ်ဖက်လူကို သူ အနည်းငယ်မျှပင် မျက်လုံးထဲ ထည့်မထားချေ။ စကားအပိုတွေ ပြောနေရန်လည်း အစီအစဉ် မရှိပေ။ ဂျွယ်လင်ချိုင့်ဝှမ်းထဲတွင် ရှိနေသည်ကို ကြည့်ခြင်းအားဖြင့် ကိုးကွေ့ ရွှမ်ဂျင်ဆင်းကို ရည်ရွယ်ချက် ရှိနေကြောင်း အလွန် သိသာလှသည်။

ရန်သူ ဖြစ်နေမှတော့ သတ်ပစ်ရမည်သာ ဖြစ်၏။

"မာနကြီးလိုက်တာ..."

ယင်းကျို၏ မျက်နှာပေါ်တွင် ဒေါသများ ထွက်ပေါ်လာလေသည်။ သူက အတုအယောင် အမြုတေ သိုင်းသခင် ဖြစ်သော်လည်း သိုင်းသခင် တစ်ပါးပင် ဖြစ်၏။ တစ်ဖက်လူက ရွှမ်တန်အဆင့်သို့ ယခုမှ ဝင်ရောက်လာသူ ဖြစ်သဖြင့်... စွမ်းအား မဆိုးလှလျှင်တောင်မှ ဤမျှလောက် မာနကြီးမနေသင့်ချေ။

"ဟား..."

ကျန်းချဲ့၏ နှုတ်ခမ်းထောင့်စွန်းများက မသိမသာ တွန့်ကွေးသွားလေသည်။

မာနကြီးသလား မကြီးဘူးလား ဆိုတာကတော့... လက်တွေ့တိုက်ခိုက်ကြည့်မှ သိရမည် မဟုတ်ပါလော။

တစ်လှမ်း တက်လှမ်းလိုက်သည်နှင့် သူ၏ ကိုယ်ပေါ်တွင် ဖုံးကွယ်ထားသော ကြောက်မက်ဖွယ် အရှိန်အဝါများက ချက်ချင်း ပေါက်ကွဲထွက်လာလေသည်။ ပေပေါင်းများစွာ အတွင်းရှိ ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များ အဆက်မပြတ် တုန်ခါသွားပြီး... ကြောက်မက်ဖွယ် နဂါးဟိန်းသံများ ထွက်ပေါ်လာ၏။

လက်ဝါးကို အောက်သို့ ဖြည်းညင်းစွာ ဖိချလိုက်ရာ... တုန်ခါနေသော မူလစွမ်းအင်များ အတွင်းမှ ဧရာမ နဂါးပုံသဏ္ဌာန် အတွင်းအားများ ချက်ချင်း ဖြစ်တည်လာလေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင်... နဂါးကိုးကောင်က လေဟာနယ်ကို ဖြတ်သန်း၍ ယင်းကျိုထံသို့ အော်ဟစ် ပျံသန်းသွားလေတော့သည်။

"ဘာ..."

ကျန်းချဲ့၏ အရှိန်အဝါများ ပေါက်ကွဲထွက်လာချိန်တွင် ယင်းကျို၏ ရင်ထဲတွင် ချက်ချင်း လေးလံသွားပြီး မျက်နှာမှာလည်း အလွန် ဆိုးရွားသွားလေသည်။ ကျန်းချဲ့၏ အစောပိုင်း အရှိန်အဝါက သူ၏ အမြင့်ဆုံး ကန့်သတ်ချက် မဟုတ်ကြောင်း... ယခုမှ သူ သဘောပေါက်သွားခြင်း ဖြစ်၏။

တကယ့်ကို ကြောက်စရာ ကောင်းလွန်းလှပေသည်။

ကောင်းကင်ကို လွှမ်းမိုးထားသော နဂါးပုံသဏ္ဌာန် အတွင်းအားများက သူ့ထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာသည်ကို မြင်လိုက်ရသောအခါ... သူ လုံးဝ အံ့ဩထိတ်လန့်သွားရလေသည်။ မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ လက်ဝါးနှစ်ဖက်ကို အရှေ့သို့ အားကုန် တွန်းထုတ်လိုက်ရာ... ကြမ်းတမ်းလှသော အနက်ရောင် အတွင်းအားများက နဂါးပုံသဏ္ဌာန် အတွင်းအားများထံသို့ ဝင်ရောက် တိုက်ခိုက်သွားလေသည်။

ထို့နောက် မည်သည့် တွေဝေမှုမျှ မရှိဘဲ လှည့်ကာ ထွက်ပြေးလေတော့သည်။

တစ်ချက် ရင်ဆိုင်လိုက်ရုံဖြင့် ကျန်းချဲ့က သူ့ထက် အများကြီး သာလွန်နေကြောင်း သူ ကောင်းကောင်း ခံစားလိုက်ရသည်။ ဆက်လက် ယှဉ်ပြိုင်နေရန် အကြောင်း မရှိတော့ချေ။ အကယ်၍ ဆက်တိုက်မည် ဆိုပါက ရှုံးနိမ့်မည့်သူမှာ သူသာ ဖြစ်ပေလိမ့်မည်။

ယင်းကျိုတွင် ဤမျှလောက်တော့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်နိုင်စွမ်း ရှိပေသည်။

သို့သော် အတွေးများက ကောင်းမွန်သော်လည်း... လက်တွေ့ အခြေအနေကတော့ အလွန် ရက်စက်လှပေသည်။

ကျန်းချဲ့က သူ့ကို အသက်ရှင်ခွင့် ပေးရန် ရည်ရွယ်ချက် လုံးဝ မရှိချေ။ ယနေ့ သူ သေချာပေါက် သေရမည် ဖြစ်၏။

သူ ပစ်လွှတ်လိုက်သော အနက်ရောင် အတွင်းအားများမှာ နဂါးပုံသဏ္ဌာန် အတွင်းအားများ ရှေ့တွင် လုံးဝ အသုံးမဝင်ခဲ့ချေ။ နဂါးပုံသဏ္ဌာန် အတွင်းအား ကိုးကောင်က ယင်းကျို၏ တိုက်ခိုက်မှုကို ချိုးဖျက်ပြီးနောက် လျင်မြန်စွာ ပြန့်ကျဲသွားကာ သူ၏ ထွက်ပေါက် အားလုံးကို ပိတ်ဆို့လိုက်လေသည်။

တစ်ချိန်တည်းမှာပင် ကျန်းချဲ့ကလည်း နောက်မှ လိုက်ပါလာပြီး... လက်တစ်ချက် မြှောက်ကာ လက်သီးဖြင့် အားကုန် ထိုးချလိုက်လေသည်။

"ဝုန်း..."

ပေါက်ကွဲသံကြီး တစ်ခုက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေလေသည်။ ယင်းကျို၏ မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားပြီး... လက်ချောင်းများဖြင့် သူ၏ လက်မောင်းကို ခြစ်ချလိုက်ရာ သွေးရောင် အလင်းတန်းများ ထွက်ပေါ်လာကာ သွေးရောင် မြွေဟောက်ကြီး တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထိုမြွေဟောက်ကြီးက တိုးဝင်လာသော နဂါးပုံသဏ္ဌာန် အတွင်းအားများကို ပြန်လည် တိုက်ခိုက်လေ၏။

ကောင်းကင်လင်းယုန် ဓမ္မမင်းကြီး၏ လက်အောက်ခံ အစောင့်အရှောက် တစ်ဦး အနေဖြင့်... ယင်းကျို၏ စွမ်းအားက အမှန်တကယ်ပင် မဆိုးလှချေ။ အသက်လုရမည့် တိုက်ကွက်များကို ယခု အချိန်တွင် ထုတ်သုံးလိုက်ခြင်းပင် ဖြစ်သည်။

သူ အနေဖြင့် ကျန်းချဲ့ကို အနိုင်ယူရန် မမျှော်လင့်ဘဲ ဘေးကင်းကင်း ဆုတ်ခွာနိုင်ရန်သာ မျှော်လင့်နေခြင်း ဖြစ်၏။

သို့သော် သူ၏ ဤမျှော်လင့်ချက်မှာလည်း လုံးဝ အချည်းနှီးသာ ဖြစ်ပေသည်။

ကျန်းချဲ့က စွမ်းအား အပြည့်ဖြင့် တိုက်ခိုက်နေချိန်တွင်... ယင်းကျို၏ နည်းလမ်းများ အားလုံးက လုံးဝ အသုံးမဝင်တော့ချေ။ နဂါးပုံသဏ္ဌာန် အတွင်းအားများက သူ၏ အတွင်းအား အကာအကွယ်များကို တိုက်ရိုက် ဝင်တိုက်သွားသဖြင့်... သူ တစ်ယောက်လုံး အနောက်သို့ လွင့်စင်သွားပြီး သွေးများ အဆက်မပြတ် အန်ကျလာလေတော့သည်။

"ကျန်းချဲ့... ရန်သူဆိုတာ ဖြေရှင်းလို့ ရပါတယ်... မင်းက ငါတို့ ဂိုဏ်းနဲ့ တကယ်ပဲ သေခန်းပြတ် ရန်ငြိုးဖွဲ့ချင်နေတာလား..."

အနောက်သို့ လွင့်စင်သွားသော ယင်းကျိုက ကျန်းချဲ့၏ တိုက်ခိုက်မှုများကို ခုခံရင်း အော်ဟစ်လိုက်လေသည်။

"စကားတွေ များလိုက်တာကွာ..."

ကျန်းချဲ့၏ အသံမှာ အေးစက်နေလေသည်။ တစ်လှမ်းချင်းစီ တက်လှမ်းသွားတိုင်း သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် မရေမတွက်နိုင်သော နဂါးပုံသဏ္ဌာန် အတွင်းအားများ လှိုင်းထန်နေ၏။ ယင်းကျိုကို ရင်ဆိုင်ရချိန်တွင်... ထိုသူက ကျန်းချဲ့အား ဓားထုတ်ရလောက်အောင်ပင် အရည်အချင်း မရှိချေ။

"မင်း..."

အခြားတစ်ဖက်တွင်မူ... ချီနင်ပင်းက လုံခြုံသော နေရာသို့ ကြိုတင် ရွှေ့ပြောင်းထားပြီး ဖြစ်သည်။ လေဟာနယ်ထက်တွင် ချင်းထျန်းဂိုဏ်း၏ သိုင်းသခင်ကို အပြတ်အသတ် ဖိနှိပ် တိုက်ခိုက်နေသော ကျန်းချဲ့ကို ကြည့်ရင်း... သူမ၏ ရင်ထဲတွင် ဤအတွေးတစ်ခုသာ ရှိတော့၏။

'ခဲအိုက တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်...'

တစ်ချက်တည်းဖြင့် အဆင့်တူ သိုင်းသခင် တစ်ပါးကို ခေါင်းမဖော်နိုင်အောင် ဖိနှိပ်နိုင်စွမ်း ရှိပေသည်။

ဤကဲ့သို့သော စွမ်းအားမျိုးကို... သူမ၏ အစ်ကိုကြီး ချီရှောက်ယန် ရွှေအမြုတေ စတင် တည်ဆောက်စဉ်ကတောင် မလုပ်နိုင်ခဲ့ချေ။

ဂျွယ်လင်ချိုင့်ဝှမ်း အတွင်းသို့ မဝင်ရောက်မီက ကျန်းချဲ့ ပြောခဲ့သော စကားများကို သူမ ယခုမှ ပြန်လည် သတိရသွားလေသည်။

'သွားမယ်... ဝင်ပြီး သူ့ကို သတ်လိုက်မယ်... ပြီးမှ ကိုးကွေ့ ရွှမ်ဂျင်ဆင်းကို ဆွဲဆောင်ကြတာပေါ့...'

ထိုအချိန်က ကျန်းချဲ့ အရမ်း ပေါ့ဆနေသည်ဟု သူမ ထင်မှတ်ခဲ့မိသည်။ သို့သော် ယခုအချိန်မှသာ ကျန်းချဲ့တွင် ဤမျှ ကြီးမားသော ယုံကြည်ချက် ရှိရန် အပြည့်အဝ အရည်အချင်း ရှိကြောင်း သူမ နားလည်သွားလေပြီ။

"ဖူး..."

နောက်ထပ် ပြင်းထန်လှသော တိုက်ခိုက်မှု တစ်ခု ထပ်မံ ကျရောက်လာပြန်သည်။ ယင်းကျို၏ အတွင်းအား အကာအကွယ်များ လုံးဝ ပျက်စီးသွားပြီး... ကျန်းချဲ့၏ တိုက်ခိုက်မှုကို အတင်းအကျပ် ခံလိုက်ရသဖြင့် သွေးများ အဆက်မပြတ် အန်ကျလာကာ မျက်နှာပေါ်တွင် ထိတ်လန့်မှုနှင့် ရက်စက်မှုများ ရောယှက်သွားလေသည်။

'သေချင်းဆိုး... သူက ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နေရတာလဲ...'

သူ၏ ရင်ထဲတွင် ဒေါသတကြီး အော်ဟစ်နေမိလေသည်။

နှစ်ယောက်စလုံးက သိုင်းသခင်များ ဖြစ်ကြပါလျက်... ကွာဟချက်က ဘာကြောင့် ဤမျှလောက် ကြီးမားနေရသနည်း။

တစ်ဖက်လူက သာမန် လမ်းလျှောက်နေသလို လှုပ်ရှားနေရုံဖြင့် သူ့ကို အပြင်းအထန် ဒဏ်ရာရစေနိုင်ခဲ့သည်။ အကယ်၍ တစ်ဖက်လူကသာ စွမ်းအား အပြည့် ထုတ်သုံးမည် ဆိုပါက... မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ကို သူ တွေးကြည့်၍ပင် မရနိုင်ချေ။

"ကျန်းချဲ့... ငါ ဒီနေရာကနေ ထွက်သွားပါ့မယ်... ငါ့ကို အသက်ချမ်းသာ ပေးပါကွာ... ပြီးရင် ဓမ္မမင်းကြီးကို အမှန်တိုင်း သတင်းပို့ပြီး... မင်းနဲ့ ငါတို့ ဂိုဏ်းကြားက ရန်ငြိုးတွေကို ဖြေရှင်းပေးပါ့မယ်..."

ကျန်းချဲ့က သူ့ကို တစ်ချက် ကြည့်လိုက်သော်လည်း လုံးဝ ဂရုစိုက်မည့် အရိပ်အယောင် မပြချေ။ ဤကဲ့သို့ အသက်လုနေရချိန်တွင်တောင် စကားပြောဖို့ အချိန်ရနေသေးသည်ကို ကြည့်ခြင်းအားဖြင့်... သူ ပေးသော ဖိအားက မလုံလောက်သေးကြောင်း သိသာလှပေသည်။

ကျန်းချဲ့က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ... အနက်ရောင် အလင်းတန်း တစ်ခုက သူ၏ အင်္ကျီလက် အတွင်းမှ ထွက်ပေါ်လာပြီး ဝမ်ကျ မိစ္ဆာဓားက လက်ထဲသို့ ရောက်ရှိလာလေသည်။ ကျန်းချဲ့က ဓား အတွင်း၌ ပါဝင်သော အားကောင်းလှသည့် စွမ်းအားများကို ခံစားကြည့်လိုက်၏။

ယခင်က သူသည် ဤမိစ္ဆာဓား၏ အစစ်အမှန် စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ချေ။

ယခုတော့... ချင်းထျန်းဂိုဏ်း၏ ဤအတုအယောင် သိုင်းသခင်ကို... သူ၏ မိစ္ဆာဓား အစွမ်းကို စမ်းသပ်ရန် အသုံးပြုရမည် ဖြစ်၏။

ဓားကို မြှောက်၍... ခုတ်ချလိုက်သည်။

ရိုးရှင်းသော လှုပ်ရှားမှုလေး တစ်ခုသာ ဖြစ်သော်လည်း မရေမတွက်နိုင်သော မူလစွမ်းအင်များက လိုက်ပါလာပြီး... ကြောက်မက်ဖွယ် ကောင်းလှသော အရှိန်အဝါကြီး တစ်ခု အဖြစ် ဖွဲ့စည်းသွားလေသည်။

တစ်လှမ်း တက်လှမ်းလိုက်သည်နှင့်... ဓားအလင်းက ကောင်းကင်ကို ဖုံးလွှမ်းသွားလေတော့သည်။

"ဟား..."

ကျန်းချဲ့က လုံးဝ ဂရုမစိုက်သည်ကို မြင်လိုက်ရသောအခါ ယင်းကျိုလည်း သူ၏ ကံကြမ္မာကို ကြိုတင် သိမြင်သွားလေပြီ။ သို့သော် သူ လုံးဝ အရှုံးမပေးချင်ချေ။ သူသည် အတုအယောင် အမြုတေကို တည်ဆောက်ပြီး သိုင်းသခင် အဆင့်သို့ ရောက်ရှိထားသူ ဖြစ်သည်။ ဂိုဏ်းအတွင်း၌ ဆိုလျှင် အလယ်အလတ် ခေါင်းဆောင် တစ်ဦး ဖြစ်လာနိုင်ပြီး... ကောင်းမွန်သော အနာဂတ်များ စောင့်ကြိုနေသည် မဟုတ်ပါလော။

ယခုမှ ပျော်ရွှင်ရမည် ရှိသေးသည်... သတ်ဖြတ်ခြင်း နတ်ဆိုး တစ်ကောင်နှင့် လာတွေ့နေရလေသည်။

သူ၏ ကံကြမ္မာက သတ်မှတ်ပြီးသား ဖြစ်နေသော်လည်း... ကျန်းချဲ့ကိုတော့ သေချာပေါက် ဒဏ်ရာရစေရမည် ဖြစ်၏။ ထို့ကြောင့် ယင်းကျိုက သွားကို တင်းတင်းကြိတ်လိုက်ပြီး... သူ၏ ဒန်ထျန်းကို အားကုန် ရိုက်ချလိုက်လေသည်။ အတွင်းရှိ အတုအယောင် အမြုတေကို တိုက်ရိုက် မီးရှို့လိုက်ခြင်းပင်။

"သေစမ်း..."

မျက်တောင်တစ်ခတ် အတွင်းမှာပင် ယင်းကျို၏ အရှိန်အဝါများ အဆမတန် မြင့်တက်လာပြီး... အနက်ရောင် ချိတ်ချွန်ကြီး တစ်ခုကို ကိုင်ဆောင်ကာ ကျန်းချဲ့ထံသို့ ခုန်ဝင်သွားလေသည်။ မူလစွမ်းအင်များက ဆူပွက်နေပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ... ဧရာမ မူလစွမ်းအင် မြွေဟောက်ကြီး တစ်ကောင် ထွက်ပေါ်လာပြီး ကျန်းချဲ့ထံသို့ ဟိန်းဟောက် တိုးဝင်သွားလေတော့သည်။

နောက်တစ်ခဏတွင်... တိုက်ခိုက်မှု နှစ်ခုက လေဟာနယ်ထဲတွင် ပြင်းထန်စွာ ရင်ဆိုင်မိသွားကြလေသည်။

အချိန်ခဏတာမျှ လေဟာနယ် တစ်ခုလုံး ရပ်တန့်သွားသကဲ့သို့ ဖြစ်သွား၏။ အရာအားလုံး အေးခဲသွားသည့်အလားပင်။

သို့သော် နောက်တစ်စက္ကန့်တွင်... ကျယ်လောင်လှသော ပေါက်ကွဲသံကြီး တစ်ခုက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေလေသည်။

မြွေဟောက်ကြီးမှာ ချက်ချင်း ပျက်စီးသွားပြီး... ကျဆင်းလာသော ဓားအလင်းကို တစ်စက္ကန့်မျှသာ တောင့်ခံနိုင်ခဲ့လေသည်။ ထို့နောက် ဓားအလင်းက ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို သယ်ဆောင်ကာ ယင်းကျိုထံသို့ ဆက်လက် ကျဆင်းလာရာ... ယင်းကျို တစ်ယောက် လက်မြှောက်၍ ခုခံရန်သာ အချိန်ရလိုက်ပြီး... သူ၏ မျက်ဝန်းများ ထဲတွင် အဆုံးစွန်သော မျှော်လင့်ချက်မဲ့မှုများ ဖြတ်သန်းသွားလေတော့သည်။

ထို့နောက် သူ တစ်ယောက်လုံး ကြိုးပြတ်သွားသော စွန်တစ်ကောင်အလား လေဟာနယ်ထဲမှ ပြုတ်ကျသွားပြီး မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်း ကျဆင်းသွားလေရာ... ဖုန်မှုန့်များ သောင်းသောင်းညံ ထသွားရလေသည်။

သူ၏ အသက်လု တိုက်ခိုက်မှုက... ကျန်းချဲ့၏ နဖူးပေါ်ရှိ ဆံပင်များကိုသာ အနည်းငယ် လှုပ်ခတ်သွားစေနိုင်ခဲ့၏။

ဖုန်မှုန့်များ ကင်းစင်သွားသောအခါ... မြေပြင်ပေါ်ရှိ တွင်းနက်ကြီး တစ်ခု အတွင်း၌... သွေးသံရဲရဲ ဖြစ်နေသော ယင်းကျို၏ အလောင်းကို မြင်တွေ့လိုက်ရပြီး... အသက်ငွေ့ လုံးဝ ကင်းမဲ့နေလေပြီ။

ဆယ်စက္ကန့်ကျော်ခန့် တိုက်ခိုက်ပြီးနောက်... ပွဲက ပြီးဆုံးသွားခဲ့လေပြီ။

ကျန်းချဲ့က အောက်ဘက်ရှိ ပျက်စီးနေသော အလောင်းကို ငုံ့ကြည့်လိုက်ပြီး... သူ၏ မျက်နှာပေါ်တွင် မည်သည့် အံ့ဩမှုမျှ မရှိချေ။ ဤသည်မှာ သူ ကြိုတင် မှန်းဆထားပြီးသား ကိစ္စရပ်တစ်ခု ပင် ဖြစ်၏။ သူ၏ သာမန် တိုက်ခိုက်မှုလေး တစ်ခုကိုပင် တစ်ဖက်လူက မနည်း ခုခံနေရသည် မဟုတ်ပါလော။

ဝမ်ကျ မိစ္ဆာဓားကို အသုံးပြု၍ အနည်းငယ် အလေးအနက် တိုက်ခိုက်လိုက်သည်နှင့်... တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည်မှာ ပုံမှန်ပင် ဖြစ်လေသည်။ အတုအယောင် သိုင်းသခင် ဆိုသည်မှာ အများကြီး ကွာခြားလွန်းလှပေသည်။

ယခု သူ အမြုတေ တည်ဆောက်ပြီး သိုင်းသခင် အဆင့်သို့ မရောက်ရှိသေးလျှင်တောင်မှ... အတုအယောင် သိုင်းသခင် တစ်ပါးကို ရင်ဆိုင်ရန် သူ၏ အနိုင်ရနိုင်ခြေက အလွန် ကြီးမားလှပေသည်။ နှစ်ဦးကြားရှိ ကွာဟချက်က... အဆပေါင်းများစွာ ရှိနေသောကြောင့်ပင်။

ဝမ်ကျ မိစ္ဆာဓားက အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး... အင်္ကျီလက် အတွင်းရှိ သိုလှောင်ရေး လက်ကောက်ထဲသို့ ဝင်ရောက်သွားလေသည်။ ကျန်းချဲ့က လက်နောက်ပစ်ကာ လေဟာနယ်ထဲမှ ဖြည်းညင်းစွာ ဆင်းသက်လာလေ၏။

အခြားတစ်ဖက်တွင် ချီနင်ပင်းကလည်း အလျင်အမြန် ရောက်ရှိလာလေသည်။

မြေပြင်ပေါ်ရှိ အလောင်းကို ကြည့်ရင်း သူမက မနေနိုင်ဘဲ ပြောလိုက်လေသည်။

"ခဲအို... ရှင် တကယ် အစွမ်းထက်တာပဲနော်..."

ဤသည်မှာ ချီနင်ပင်း၏ ရင်ထဲမှ ရိုးသားစစ်မှန်သော တွေးတောမှုပင် ဖြစ်သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သိုင်းသခင် တစ်ပါးကို သတ်ဖြတ်နိုင်သော ဤစွမ်းအားမျိုးကို အစွမ်းမထက်ဘူးဟု ပြောမည် ဆိုပါက... ဤလောကတွင် အစွမ်းထက်သောသူ ဟူ၍ ရှိတော့မည် မဟုတ်ချေ။

"ကျုပ် အစွမ်းထက်တာ မဟုတ်ပါဘူး... သူက အရမ်း အားနည်းလွန်းနေလို့ပါ..."

ကျန်းချဲ့က ပြုံး၍ ပြန်ပြောလိုက်လေသည်။

"ချင်းထျန်းဂိုဏ်းကလည်း ဒီကိစ္စမှာ ဝင်စွက်ဖက်လိမ့်မယ်လို့ တကယ်ကို ထင်မထားခဲ့ဘူး... ကိုးကွေ့ ရွှမ်ဂျင်ဆင်းကို ရည်ရွယ်ပြီး လာတာ ဖြစ်ဖို့ များတယ်... အခုချက်ချင်း မပြေးရင်တော့ လျှို့ဝှက်နယ်မြေရဲ့ ထွက်ပေါက်မှာ ချင်းထျန်းဂိုဏ်းက လူတွေ စောင့်နေလောက်တယ်..."

ချီနင်ပင်းက ဤအကြောင်းအရာများကို လျင်မြန်စွာ တွေးတောမိသွားလေသည်။

"ချင်းထျန်းဂိုဏ်းက နေရာတိုင်းကို စိမ့်ဝင်နိုင်တာပဲ... အင်အားစုကြီးတွေ အားလုံး သူတို့ရဲ့ စိမ့်ဝင်မှုကို ခံထားရလောက်ပြီ..."

"အကယ်၍ ခဲအိုသာ အစွမ်းမပြခဲ့ဘူး ဆိုရင်... ဒီလူရဲ့ စွမ်းအားနဲ့ဆို လျှို့ဝှက်နယ်မြေထဲ ဝင်လာတဲ့သူတိုင်း သေချာပေါက် ဒုက္ခရောက်ကုန်ကြမှာ..."

ဖခင်ဖြစ်သူ၏ ဆုံးဖြတ်ချက်ကို ချီနင်ပင်း အလွန်တရာ ကျေးဇူးတင်နေမိလေသည်။ အကယ်၍ ဖခင်ကသာ ကျန်းချဲ့ကို လျှို့ဝှက်နယ်မြေ အတွင်းသို့ လွှတ်မလိုက်ပါက... သူမနှင့် ချီဝမ်ကျင်းတို့ ညီအစ်မ နှစ်ယောက် ကိုးကွေ့ ရွှမ်ဂျင်ဆင်းကို ယူရန် လာရောက်ကြမည်မှာ အသေအချာပင်။

အကယ်၍ ဤလူနှင့်သာ ဆုံတွေ့ခဲ့မည် ဆိုပါက မည်သို့ ဖြစ်သွားမည်ကို သူမ တွေးကြည့်၍ပင် မရနိုင်ချေ။ မည်သို့ပင်ဆိုစေ သူမနှင့် အစ်မဖြစ်သူ ပူးပေါင်းလျှင်တောင်မှ သိုင်းသခင် တစ်ပါးကို သတ်ဖြတ်နိုင်ရန် အလွန် ခက်ခဲလှပေသည်။

ကျန်းချဲ့က အသာအယာ ပြုံးလိုက်ပြီးနောက်... အလောင်းထံမှ ပစ္စည်းများကို စတင် ရှာဖွေလိုက်လေသည်။

သို့သော် သူ့ကို စိတ်ပျက်သွားစေသည်မှာ... ဤချင်းထျန်းဂိုဏ်းမှ သိုင်းသခင်က အလွန်တရာ ဆင်းရဲလွန်းလှခြင်းပင် ဖြစ်၏။ လင်းမိသားစုမှ တပည့် အချို့ထက်ပင် ပို၍ ဆင်းရဲသေးသည်။ ထိုအဆင့်မြင့် ဝိညာဉ်လက်နက် တစ်ခုမှလွဲ၍ အခြား အဖိုးတန် ပစ္စည်းများ လုံးဝ မရှိတော့ချေ။

သိုင်းသခင် ဟူသော နာမည်နှင့်ပင် မတန်လှပေ။

"ခဲအို... ဘယ်တော့ စမလဲဟင်..."

အလောင်းကို ရှင်းလင်းပြီးနောက် ချီနင်ပင်းက ကျန်းချဲ့ကို ကြည့်ကာ မေးလိုက်လေသည်။ အဖြစ်အပျက် များစွာကို ဖြတ်သန်းပြီးနောက်... သူမ၏ စိတ်ထဲတွင် ကျန်းချဲ့ကို အဓိက အားကိုးရာ တစ်ခုအဖြစ် သတ်မှတ်ထားမိပြီး... အကြီးအသေး ကိစ္စရပ်တိုင်းကို သူ၏ သဘောထားကို မေးမြန်းချင်နေမိလေသည်။

"အခုပဲ စကြတာပေါ့... အချိန်ဆွဲနေရင် တခြားလူတွေ ရောက်လာပြီး နှောင့်ယှက်မှာ စိုးရတယ်..."

လက်တွေ့အခြေအနေ အရ... ကိုးကွေ့ ရွှမ်ဂျင်ဆင်း၏ သတင်းမှာ လျှို့ဝှက်ချက် တစ်ခု မဟုတ်တော့ချေ။ အခြားသော အင်အားစုကြီးများကလည်း ဤလျှို့ဝှက်နယ်မြေ အတွင်း၌ ရှိနေကြရာ... ဂျွယ်လင်ချိုင့်ဝှမ်းသို့ ရောက်ရှိလာနိုင်ခြေ အလွန် များပေသည်။ ထို့ကြောင့် အလွဲအချော် မရှိစေရန် အမြန်ဆုံး ဖမ်းဆီးခြင်းက အကောင်းဆုံး ဖြစ်၏။

"ကောင်းပါပြီ..."

ချီနင်ပင်းက မည်သည့် ကန့်ကွက်မှုမျှ မရှိဘဲ ချက်ချင်း သဘောတူလိုက်လေသည်။

မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ကျောက်တုံးကြီး တစ်ခုကို ရှာဖွေလိုက်ပြီး ထိုအပေါ်သို့ ခုန်တက်ကာ တင်ပျဉ်ခွေ ထိုင်ချလိုက်လေသည်။ ထို့နောက် မျက်လုံးများကို ပိတ်ကာ အသက်ရှူ မှန်မှန် ထားလိုက်ပြီး... ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်ခန္ဓာကိုယ်၏ စွမ်းအားများကို လှုံ့ဆော်လိုက်ရာ... ထူးခြားသော ရနံ့တစ်ခုက သူမ၏ ကိုယ်ပေါ်မှ တဖြည်းဖြည်း ထွက်ပေါ်လာလေသည်။

ကျန်းချဲ့က သစ်ကိုင်း တစ်ခုပေါ်တွင် ပုန်းအောင်းနေပြီး... သူ၏ အားကောင်းလှသော အရှိန်အဝါများကို လုံးဝ ဖုံးကွယ်ထားလိုက်၏။ အကယ်၍ အသေအချာ မရှာဖွေပါက... သူ ရှိနေမှန်း လုံးဝ သိနိုင်မည် မဟုတ်ချေ။

ထို့နောက် ချီနင်ပင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလိုက်လေသည်။ သို့သော် တစ်ဖက်လူ ထံမှ ထွက်ပေါ်လာသော ရနံ့ကိုတော့ သူ အာရုံမခံမိချေ။ ဤအချက်က သူ့ကို အတော်လေး စိတ်ဝင်စားသွားစေခဲ့၏။

ဂျွယ်လင်ချိုင့်ဝှမ်း၏ အလွန် နက်ရှိုင်းသော နေရာ...

ယင်အငွေ့အသက်များ လွှမ်းခြုံနေသော လိုဏ်ဂူကြီး တစ်ခု အတွင်း၌ မြေကြီးထဲတွင် နစ်မြုပ်နေသော အရိုးခြောက် များစွာ ရှိနေပြီး အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။ အနက်ရှိုင်းဆုံး နေရာရှိ ကျောက်တံခါးကြီး တစ်ခု၏ နောက်ကွယ်တွင်တော့...

အရိုးခြောက် တစ်ခုက အခြားအရိုးများနှင့် အနည်းငယ် ကွဲပြားနေလေသည်။ အရိုးများက အဖြူရောင် ဖျော့ဖျော့ ရှိနေပြီး ကိုယ်ပေါ်ရှိ အဝတ်အစားများကလည်း လုံးဝ ပျက်စီးသွားခြင်း မရှိသေးချေ။ သက်ရှိထင်ရှား ရှိစဉ်က ဤလူ၏ အဆင့်အတန်းမှာ လုံးဝ မနိမ့်ကျနိုင်ကြောင်း သိသာလှ၏။ သို့မဟုတ်ပါက ဤကဲ့သို့သော ဝိညာဉ်ဝတ်ရုံ မျိုးကို ဝတ်ဆင်နိုင်မည် မဟုတ်ပေ။

သူ၏ ခြေရင်းတွင်တော့ တစ်ပေခန့် အရွယ်အစားရှိသော မြေခွေးဖြူလေး တစ်ကောင်က... တစ်စုံတစ်ခုကို အနံ့ခံမိသွားသည့်အလား အနည်းငယ် ဂနာမငြိမ် ဖြစ်နေလေသည်။ ကျောက်တံခါး အပြင်ဘက်သို့ လှမ်းကြည့်နေပြီး ထိုရနံ့ နောက်သို့ လိုက်သွားချင်သော ဆန္ဒများ ဖြစ်ပေါ်နေ၏။ သို့သော် တစ်စုံတစ်ခုကို ကြောက်ရွံ့နေသည့်အလား လုံးဝ မလှုပ်ရှားရဲချေ။

အရိုးခြောက်၏ ခေါင်းပိုင်း အတွင်း၌တော့... အေးစက်စက် အဖြူရောင် မီးတောက်လေး တစ်ခုက ဖြည်းညင်းစွာ တောက်လောင်နေလေသည်။

သို့သော် ထိုမီးတောက်လေး တောက်လောင်နေခြင်းက ဘေးပတ်ဝန်းကျင်ကို ပူနွေးမသွားစေဘဲ... အပူချိန်ကို ပို၍ပင် ကျဆင်းသွားစေကာ အလွန်တရာ အေးစက်လှပေသည်။ အကယ်၍ သေချာစွာ အကဲခတ်ကြည့်မည် ဆိုပါက... မီးတောက်၏ အနက်ရှိုင်းဆုံး နေရာတွင် အလွန် ရုပ်ဆိုးပြီး တွန့်လိမ်နေသော မျက်နှာတစ်ခု ပေါ်ထွက်နေသည်ကို မြင်တွေ့ရပေမည်။

"အနှစ်နှစ်ဆယ် ကြာသွားပြီ... နောက်ဆုံးတော့ သက်ရှိလူသားတွေရဲ့ အငွေ့အသက်ကို ပြန်ရလိုက်ပြီ..."

"ဟီးဟီးဟီး... သက်ရှိလူသားတွေ... မဆိုးဘူး..."

"အပြင်က လူရဲ့ အခြေခံ အုတ်မြစ်နဲ့ စွမ်းအားက မဆိုးဘူးပဲ... ရွှမ်တန်အဆင့် သိုင်းသခင် ဆိုတော့... ငါ ကိုယ်ယောင်ဖျောက်ပြီး ဝင်ပူးဖို့ လုံလောက်ပါတယ်... ဒါပေမဲ့ သတိထားရမယ်... မွေးရာပါအဆင့် ဆိုရင်တော့ ပိုပြီး သေချာတာပေါ့... ဒါပေမဲ့... ပြဿနာ မရှိလောက်ပါဘူးလေ..."

အဖြူရောင် မီးတောက်လေး အတွင်းမှ အသံတစ်ခု ထွက်ပေါ်လာပြီး... ထိုအသံမှာ လူအများအပြား၏ အသံများ ပေါင်းစပ်ထားသည့်အလား အဆက်မပြတ် ပြောင်းလဲနေလေသည်။

"သွားစမ်း... အပြင်ကလူကို ဒီထဲရောက်အောင် ခေါ်လာခဲ့..."

"အဲ့ဒီလူကို ခေါ်လာနိုင်ရင်... ငါ မင်းကို လွှတ်ပေးမယ်..."

"ကျိ... ကျိ..."

မြေခွေးဖြူလေးက ခေါင်းမော့လိုက်ရာ... ၎င်း၏ မျက်ဝန်းများ ထဲတွင် လူသားများကဲ့သို့ ထိတ်လန့်ကြောက်ရွံ့မှုများ ပေါ်ထွက်နေလေသည်။ ၎င်း၏ ကိုယ်ပေါ်တွင် အလင်းရောင်များ တောက်ပသွားပြီးနောက်... ကြီးမားလှသော ကျောက်တံခါးကြီးကို တိုက်ရိုက် ဖြတ်သန်းသွားကာ ထူးခြားသော ရနံ့များ ရှိရာသို့ အနံ့ခံ၍ ထွက်ခွာသွားလေတော့သည်။

All Chapters