အခန်း ၂၁၆
Vol. 22 Ch. 216
အခန်း (၂၁၆) မသေချင်ရင် ထွက်သွားစမ်း...
ရွှမ်လင် လျှို့ဝှက်နယ်မြေ၏ တစ်နေရာတွင် ဝေ့မိသားစုမှ တပည့်အချို့က မီးဖိုတစ်ခုကို ဝိုင်းရံထိုင်နေကြလေသည်။ သူတို့၏ အကြည့်များက ဝေ့ကျွင်းကျဲ ထံသို့ ရောက်ရှိနေပြီး တစ်စုံတစ်ခုကို ပြောချင်နေသော်လည်း ပြောရမည်လား မပြောရဘူးလား ဆိုသည်ကို တွေဝေနေသည့် အမူအရာများ ဖြစ်နေ၏။
"ဘာကိစ္စလဲ..."
ဝေ့ကျွင်းကျဲက ထိုသူတို့၏ အမူအရာကို ကြည့်ကာ မျက်နှာကို အနည်းငယ် တင်းမာလိုက်လေသည်။
သူ၏ ဝေ့မိသားစု သခင်လေး ဆိုသော ဂုဏ်ပုဒ်က အနည်းငယ် ဟန်ပြ သက်သက် ဖြစ်နေသော်လည်း ဝေ့မိသားစုဝင်များ ရှေ့တွင်တော့ အတိုင်းအတာ တစ်ခုအထိ အာဏာ ရှိနေဆဲပင် ဖြစ်သည်။ သူတို့၏ ရင်ထဲတွင် မည်မျှပင် အထင်သေးနေစေကာမူ အပြင်ပန်းတွင်တော့ ရိုသေလေးစားမှု ပြသရမည်သာ ဖြစ်၏။
"သခင်လေး... ကျွန်တော် ခုလေးတင် သတင်းတစ်ခု ရထားတယ်... အဲ့ဒါ ပြောရမလား မပြောရဘူးလား မသိလို့ပါ..."
"ပြောစမ်း..."
"ဒီနေ့ ယန်ဟို မြစ်ဝမှာ... နဂါးကျား တာအိုဂိုဏ်း နဲ့ လင်းမိသားစု က ကျန်ရစ်ခဲ့တဲ့ လူတချို့က ချီမိသားစုဝင် တွေရဲ့ သဲလွန်စကို လျှို့ဝှက်စွာ ခြေရာခံနေတယ်လို့ ကျွန်တော် မတော်တဆ ကြားခဲ့ရတယ်... သူတို့က ဝိုင်းဝန်းပြီး ခြေမှုန်းဖို့ ပြင်ဆင်နေကြတာတဲ့... ကျွန်တော်တို့ကော ဝင်ပါရမလား..."
"နဂါးကျား တာအိုဂိုဏ်း က ဟုန်ချန် လား..."
ဝေ့ကျွင်းကျဲက နက်နက်နဲနဲ တွေးတောကာ ပြန်မေးလိုက်လေသည်။
"ဟုတ်ပါတယ်... သူကပဲ ဦးဆောင်နေတာပါ..."
"ဝင်ပါမယ် ဆိုရင်လည်း ဝင်ပါတာပေါ့... အဲ့ဒီ ကျန်းချဲ့ ကိုပါ သတ်ပစ်နိုင်ရင် ပိုတောင် ကောင်းသေးတယ်..."
ဝေ့ကျွင်းကျဲက အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။ သူက ကျန်းချဲ့ အပေါ် အစောကြီးကတည်းက မကျေမနပ် ဖြစ်နေခဲ့သော်လည်း မိမိ၏ စွမ်းအားက မလုံလောက်သဖြင့် ထိုအမုန်းတရားများကို အပြင်သို့ မထုတ်ဖော်ရဲခဲ့ခြင်းသာ ဖြစ်၏။
အကယ်၍ ထိုလူ သေဆုံးသွားသည်ကိုသာ မြင်တွေ့လိုက်ရပါက သူ အမှန်တကယ်ပင် ပါးစပ်ပိတ်၍ မရအောင် ဝမ်းသာနေမည်မှာ အသေအချာပင်။
"သခင်လေး နားလည်မှု လွဲနေပြီ... နဂါးကျား တာအိုဂိုဏ်း က လူတွေ ဝိုင်းဝန်း တိုက်ခိုက်မှာက ကျန်းချဲ့ မဟုတ်ဘူး... ချီမိသားစုရဲ့ ဒုတိယ သခင်မလေး ချီနင်ပင်း ပါ..."
"ဟင်... ဘယ်လို ဖြစ်ရတာလဲ..."
"မိသားစုထဲက တခြားသူတွေ ပြန်လာပြီး ပြောပြတာပါ... ဂျွယ်လင်ချိုင့်ဝှမ်း အနီးမှာ ကျန်းချဲ့ နဲ့ ချီဝမ်ကျင်း တို့ နှစ်ယောက် အတူတူ ရှိနေတာကို မြင်လိုက်ရတယ်တဲ့... သူတို့ရဲ့ အမူအရာတွေကလည်း အရမ်းကို ရင်းနှီးနေကြတယ်တဲ့... ဒါဆိုရင် ချီမိသားစုက ကျန်တဲ့ လူတွေကို ဦးဆောင်နေတာ ချီနင်ပင်း ပဲ ဖြစ်ရမယ်လေ... သူက သခင်လေးရဲ့ စေ့စပ်ထားတဲ့သူ မဟုတ်ဘူးလား... ကျွန်တော်တို့ အချိန်ကျရင် ဝင်ပါသင့်သလားလို့..."
"ဒီကိစ္စကတော့..."
ဝေ့ကျွင်းကျဲ ၏ မျက်နှာပေါ်တွင် နက်နဲသော တွေးတောမှုများ ပေါ်ထွက်လာလေသည်။ ဤသည်က ကောင်းမွန်သော အခွင့်အရေး တစ်ခု ဖြစ်နိုင်သည်ဟု သူ ထင်မြင်မိ၏။
ယခုအချိန်တွင် သူသည် ချီနင်ပင်း အပေါ် အချစ်စိတ်များ အများကြီး မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၏ သဘောထားက အလွန်တရာ ဆိုးရွားလွန်းသောကြောင့်ပင် ဖြစ်သည်။
သူက ဂုဏ်သိက္ခာ ကြီးမားလှသော ဝေ့မိသားစု ၏ သခင်လေး တစ်ယောက် ဖြစ်ရာ အမြဲတမ်း အောက်ကျို့နေ၍တော့ မဖြစ်နိုင်ချေ။
သို့သော် စေ့စပ်ပွဲက မကြာမီ ကျင်းပတော့မည် ဖြစ်ပြီး ချီနင်ပင်းမှာ သူ၏ အနာဂတ် ဇနီးလောင်း ဖြစ်လာတော့မည် ဖြစ်ရာ ဤကိစ္စကို သူ ပြောင်းလဲ၍ မရနိုင်တော့ချေ။ ထို့ကြောင့် လက်ခံရုံသာ ရှိတော့သော်လည်း ချီနင်ပင်း၏ ဤကဲ့သို့သော ဆက်ဆံမှုကိုတော့ အမြဲတမ်း သည်းခံနေမည် မဟုတ်ပေ။
အကယ်၍ ဤတစ်ကြိမ်တွင် သူမကို အန္တရာယ်မှ ကယ်တင်ပေးနိုင်မည် ဆိုပါက တစ်ဖက်လူ၏ နှလုံးသားကို သိမ်းပိုက်နိုင်မည်ဟု သူ တွေးတောမိလေသည်။
"ဘယ်နေရာမှာ ဝိုင်းဝန်း တိုက်ခိုက်ဖို့ စီစဉ်ထားတာလဲ..."
"ဗောဓိ ဥယျာဉ် အနီးမှာပါ..."
"ဝေ့မိသားစု တပည့်တွေ အားလုံးကို ဗောဓိ ဥယျာဉ် ကို သွားဖို့ အမိန့်ပေးလိုက်... ဒီတစ်ကြိမ်မှာ ချီနင်ပင်း ကို ငါ့အပေါ် လုံးဝ နာခံလာအောင် လုပ်ပြမယ်... ပြီးတော့ အဲ့ဒီ ဗောဓိ တာအိုအလင်းပြ အသီး ကိုပါ အပိုင်သိမ်းမယ်ကွ..."
"ဟုတ်ကဲ့ပါ..."
လူတိုင်းက လက်ယှက်အရိုအသေပေးကာ အဖြေပေးလိုက်ကြလေသည်။ ဤသတင်းကို သတင်းပို့ခဲ့သော လူနှစ်ယောက်သာ သူတို့အချင်းချင်း အမှတ်မထင် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
"သခင်မလေး... ကျွန်တော်တို့ကို တစ်ယောက်ယောက် နောက်ယောင်ခံ လိုက်နေပုံရတယ်..."
ချီမိသားစုမှ တပည့် တစ်ဦးက အလွန် စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် အေးစက် တင်းမာနေသော ချီဝမ်ကျင်း ထံသို့ လျှောက်သွားကာ သူ သတိပြုမိခဲ့သော အခြေအနေများကို အစအဆုံး သေချာစွာ ရှင်းပြလိုက်လေသည်။
"လင်းမိသားစု လား... နဂါးကျား တာအိုဂိုဏ်း လား..."
ချီဝမ်ကျင်း က မျက်လုံးများကို ဖွင့်လိုက်ပြီး လေးနက်စွာ မေးလိုက်လေသည်။
"နှစ်ဖွဲ့စလုံး ပါပါတယ်..."
"ငါ သိပြီ..."
ချီဝမ်ကျင်းက ခေါင်းညိတ်ပြလိုက်ပြီး မျက်နှာပေါ်တွင် အနည်းငယ် လေးလံသော အရိပ်အယောင်များ ဖြတ်သန်းသွားလေသည်။ သူမ၏ စွမ်းအားဖြင့် ဆိုပါက လင်းယန် ဖြစ်စေ ဟုန်ချန် ဖြစ်စေ တစ်ယောက်ချင်းစီကို ရင်ဆိုင်ရန် လုံးဝ ပြဿနာ မရှိချေ။
သို့သော် သူတို့ နှစ်ဦး ပူးပေါင်းလာမည် ဆိုပါက တကယ်ကို ယှဉ်ပြိုင်နိုင်ရန် ခက်ခဲလှပေသည်။
ယခုအချိန်အထိ သူမသည် လင်းယန် နှင့် လင်းမိသားစုမှ လူတစ်ဝက်ကျော်ခန့်ကို ကျန်းချဲ့ သတ်ဖြတ်လိုက်ပြီ ဆိုသည်ကို လုံးဝ မသိရှိသေးချေ။ လင်းယန် ရှိနေသေးသည်ဟု ထင်မှတ်ထားသဖြင့် အလွန်တရာ အခက်တွေ့နေရခြင်း ဖြစ်၏။
"ဒါဆိုရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ... ဒီတိုင်း ထိုင်စောင့်နေမလား... ဒါမှမဟုတ် အစွမ်းကုန် တိုက်ခိုက်မလား..."
ထို ချီမိသားစု တပည့်က မနေနိုင်ဘဲ မေးမြန်းလိုက်လေသည်။
"ဒီတိုင်း ထိုင်စောင့်နေတာက သေလမ်းပဲ ရှိတယ်... ရင်ဆိုင် တိုက်ခိုက်မှသာ အသက်ရှင်နိုင်မယ့် လမ်းစ ရှိမယ်... ငါတို့ကို ပစ်မှတ်ထားနေပြီ ဆိုမှတော့... ထွက်ပြေးဖို့ ဆိုတာလည်း ခက်ခဲသွားပြီလေ..."
ချီဝမ်ကျင်းက ခေါင်းခါရမ်းပြလိုက်လေသည်။
လူစုခွဲ၍ ထွက်ပြေးမည် ဆိုပါက သေချာပေါက် ရနိုင်သော်လည်း ချီမိသားစုဝင်များ ထဲတွင် သူမနှင့် ကျန်းချဲ့ မှလွဲ၍ ကျန်လူများ၏ စွမ်းအားက အလယ်အလတ် အဆင့်တွင်သာ ရှိပေသည်။ သူမသာ တစ်ယောက်တည်း ထွက်ပြေးမည် ဆိုပါက လုံးဝ ပြဿနာ မရှိနိုင်သော်လည်း...
ကျန်ရစ်ခဲ့သော သူများ အနေဖြင့် ပြင်းထန်သော ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရမည် ဖြစ်၏။
ယခုအချိန်အထိ လျှို့ဝှက်နယ်မြေ အတွင်း၌ ရက်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်ရာ ချီမိသားစု တပည့်များလည်း သေဆုံး ဒဏ်ရာရမှုများ ရှိခဲ့လေပြီ။ အချို့က အခြား အင်အားစုများ၏ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရပြီး အချို့ကတော့ သေမင်းတမန် နေရာများ အတွင်းရှိ ထူးကဲသားရဲ များ၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။ ကျန်းချဲ့နှင့် ချီနင်ပင်း တို့ကို မပါဝင်ဘဲ ယခု လက်ရှိတွင် လူငါးယောက်သာ ကျန်ရှိတော့ပြီး သုံးယောက်မှာ လျှို့ဝှက်နယ်မြေ အတွင်း၌ သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။
"နှမြောစရာပဲ... သခင်လေးကျန်း သာ ရှိနေရင်... ကျွန်တော်တို့ ဒီလို ကြီးမားတဲ့ ရန်သူကို ရင်ဆိုင်ရမှာ မဟုတ်ဘူး..."
ထိုလူက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်လေသည်။ ရွှမ်လင် လျှို့ဝှက်နယ်မြေက အလွန် ကျယ်ဝန်းလှရာ ချီမိသားစုဝင်များလည်း အလွန် ကွဲကွာနေခဲ့ကြ၏။
"ကျန်းချဲ့ နဲ့ နင်ပင်း မှာ အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာ ရှိသေးတယ်... သူတို့ ကိစ္စတွေ ပြီးသွားရင် ငါတို့ဆီကို လာပူးပေါင်းလိမ့်မယ်... စိတ်မပူပါနဲ့... ငါ့အထင်... သူတို့ရဲ့ ကိစ္စတွေလည်း မကြာခင် ပြီးတော့မှာပါ... သေချာပေါက် ဗောဓိ ဥယျာဉ် ဆီကို လာပြီး စုဝေးကြလိမ့်မယ်... သွား... လမ်းမှာ အမှတ်အသား တချို့ လုပ်ထားလိုက်... ငါတို့ရဲ့ ခြေရာတွေကိုလည်း ဖုံးကွယ်မနေနဲ့တော့... ကျန်းချဲ့ နဲ့ နင်ပင်း တို့ သတင်းကြားတာနဲ့ ငါတို့ဆီကို ချက်ချင်း လာပူးပေါင်းလိမ့်မယ်..."
သူမ အနေဖြင့် ချီနင်ပင်း က ကျန်းချဲ့နှင့် အတူ ရှိနေကြောင်း ဝိညာဉ်ဓားတောင် မှ တပည့်များ၏ ပါးစပ်မှတစ်ဆင့် ကြားသိထားပြီး ဖြစ်ရာ အများကြီး စိုးရိမ်ပူပန်မှု မရှိတော့ချေ။ သို့သော် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်လာချိန်တွင် သူမ တစ်ယောက်တည်း အလွန် ဝေးကွာသော နေရာသို့ ရောက်ရှိသွားခဲ့သဖြင့် အတူတကွ မပူးပေါင်းနိုင်ခဲ့ခြင်းကိုသာ နှမြောနေမိလေသည်။ မြေပုံကို ကြည့်မည် ဆိုပါက...
သူမ ရှိနေသော နေရာက ဗောဓိ ဥယျာဉ် နှင့် ပို၍ နီးကပ်နေပြီး ကျန်းချဲ့ ပေါ်ထွက်လာခဲ့သော နေရာမှာ ဂျွယ်လင်ချိုင့်ဝှမ်း ဘက်သို့ သွားနေကြောင်း အလွန် သိသာလှပေသည်။ အခြားလူများ အကြောင်းရင်းကို မသိရှိနိုင်သော်လည်း သူမ ကတော့ ကောင်းစွာ သိရှိထားပါသည်။
ကျန်းချဲ့နှင့် ချီနင်ပင်း တို့မှာ ကိုးကွေ့ ရွှမ်ဂျင်ဆင်း ကို သွားယူနေကြခြင်းမှာ အသေအချာပင်။
ထိုအချက်ကို တွေးမိသောအခါ သူမ၏ ရင်ထဲတွင် အနည်းငယ် စိတ်အေးသွားရလေသည်။
"ဟုတ်ကဲ့ပါ..."
"သွားမယ်... ငါတို့ အခုချက်ချင်း ဗောဓိ ဥယျာဉ် ဆီကို ထွက်ကြမယ်... ထွက်ပြေးလို့ မရတော့မှတော့... နဂါးကျား တာအိုဂိုဏ်း နဲ့ လင်းမိသားစု ရဲ့ အစွမ်းအစတွေကို စမ်းသပ်ကြည့်ကြတာပေါ့..."
ချီဝမ်ကျင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။ သူမ၏ လက်ထဲရှိ ငွေရောင်လှံတံကို မြေပြင်ပေါ်သို့ ဆောင့်ချလိုက်ရာ လှံတံထံမှ အသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။
"ဟုတ်ကဲ့..."
"ခဲအို... ကြည့်ပါဦး... သက်တမ်း နှစ်တစ်ထောင် ရှိတဲ့ သွေးဂျင်ဆင်း ပါလား..."
ချီနင်ပင်းက မြေပြင်မှ ရတနာဆေးပင် တစ်ပင်ကို တူးဖော်လိုက်ပြီးနောက် မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်သော အမူအရာဖြင့် အော်ဟစ်လိုက်လေသည်။
အမည်နာမ ခေါ်ဝေါ်မှု နှင့် ပတ်သက်၍မူ သူမက ကျန်းချဲ့ကို အစ်ကိုကျန်း ဟုသာ ခေါ်ချင်ခဲ့သော်လည်း မိမိကိုယ်တိုင်က အလွန် အနေရခက်နေသည်ဟု ခံစားခဲ့ရသည်။ ထို့အပြင် ကျန်းချဲ့ ကလည်း ထိုအမည်ကို မနှစ်သက်ချေ။ ထို့ကြောင့် သူတို့ နှစ်ဦး တိုင်ပင်ပြီးနောက် လူကွယ်ရာတွင်သာ ခဲအို ဟု ခေါ်ရန် ဆုံးဖြတ်လိုက်ကြလေသည်။
လူကွယ်ရာတွင်တော့ မည်သို့ပင် ခေါ်ဝေါ်စေကာမူ ချီနင်ပင်း၏ သဘောအတိုင်းသာ ဖြစ်ပေသည်။
ကျန်းချဲ့ကို မလွန်ဆန်နိုင်သော ချီနင်ပင်း လည်း ဤအမည်ကိုသာ လက်ခံလိုက်ရတော့၏။
"ကောင်းတယ်... နင်ပင်း... မင်းက ဝိညာဉ်ရတနာတွေ ရှာတဲ့ နေရာမှာ တကယ်ကို ပါရမီ ပါတာပဲ..."
ကျန်းချဲ့က မနေနိုင်ဘဲ ခေါင်းညိတ် ထောက်ခံလိုက်လေသည်။ ဂျွယ်လင်ချိုင့်ဝှမ်း မှ ထွက်ခွာလာပြီးနောက် သူတို့ နှစ်ဦးမှာ ဗောဓိ တာအိုအလင်းပြ အသီး ရှိရာ အရပ်သို့ ခရီးဆက်လာခဲ့ကြသော်လည်း အရှိန်ကိုတော့ အများကြီး မမြှင့်တင်ခဲ့ကြချေ။
အဓိက အားဖြင့် လမ်းတစ်လျှောက်တွင် အမျိုးမျိုးသော ဝိညာဉ်ရတနာ များကို ရှာဖွေနေခဲ့ကြခြင်း ဖြစ်သည်။
ခရီးတစ်လျှောက်လုံးတွင် တောင်များကို ဖြိုခွဲကာ ပင်လယ်များကို ဖြတ်သန်းခဲ့ပြီး ကျန်းချဲ့၏ အစွမ်းဖြင့် ဆိုပါက အားလုံးကို ခြေမှုန်း တိုက်ခိုက်လာနိုင်ခဲ့လေသည်။ အလွန်တရာ အစွမ်းထက်သော ထူးကဲသားရဲ များပင်လျှင် ကျန်းချဲ့၏ လက်အောက်တွင် ခဏလေးမျှပင် မတောင့်ခံနိုင်ခဲ့ကြချေ။
ရရှိလာသော အမြတ်အစွန်းများမှာလည်း အလွန် များပြားလှပေသည်။
အများစုမှာ သက်တမ်း နှစ်တစ်ထောင် မပြည့်သေးသော ဝိညာဉ်ဆေးပင်များ ဖြစ်သော်လည်း တန်ဖိုးကတော့ အလွန် ကြီးမားလှပေသည်။ အချို့မှာ သိုင်းလောက အတွင်း၌ အလွန်တရာ ရှားပါးသော ကောင်းကင်နှင့် မြေကြီးမှ ရတနာများပင် ဖြစ်ကြ၏။ သက်တမ်း နှစ်တစ်ထောင် အထက် ရတနာဆေးပင်များ ဆိုလျှင်တော့ လက်ချိုးရေတွက်၍ ရလောက်အောင် နှစ်ပင်မျှသာ ရှာတွေ့ခဲ့ကြလေသည်။
သေချာသည်မှာ ဤသည်က ကျန်းချဲ့ တစ်ယောက် သတ်ဖြတ်ခြင်းများကို အများကြီး မပြုလုပ်ခဲ့သောကြောင့်သာ ဖြစ်ပေသည်။ ဝေ့မိသားစု... လင်းမိသားစု မှ ကျန်ရစ်ခဲ့သူများ... နှင့် နဂါးကျား တာအိုဂိုဏ်း မှ လူများကို တွေ့သောအခါ ကျန်းချဲ့က သူတို့ကို အဝေးမှနေ၍သာ ခြောက်လှန့်လိုက်ပြီး သတ်ဖြတ်ခြင်း မပြုလုပ်ခဲ့ချေ။
ဝက်မွေးမြူရေး ဆိုသည်မှာ ဝက်များ အလွန် ဝဖြိုးလာမှသာ သတ်ဖြတ်ရခြင်းက ပို၍ အဓိပ္ပာယ် ရှိသည် မဟုတ်ပါလော။
"ကျွန်မ စွမ်းအားက အစ်မကို မီမှာ မဟုတ်ပေမဲ့... တူရိယာ တီးခတ်တာ... စစ်တုရင် ကစားတာ... စာရေးစာဖတ်တာ... ပန်းချီဆွဲတာ... ဝိညာဉ်ရတနာ တွေကို ရှာဖွေ ခွဲခြားတာ... သိုင်းလောက ရဲ့ လျှို့ဝှက်ချက် တွေကို သိရှိတာ... ဒီအပိုင်းတွေမှာတော့ အစ်မက ကျွန်မကို ယှဉ်နိုင်မှာ မဟုတ်ဘူး..."
ချီနင်ပင်းက ခေါင်းမော့ကာ အလွန် ဂုဏ်ယူစွာဖြင့် ပြောလိုက်လေသည်။
"နင်ပင်း ရေ... တကယ်လို့ ကျုပ်သာ လျှို့ဝှက်နယ်မြေ ထဲမှာ ဝေ့ကျွင်းကျဲ ကို သတ်ပစ်လိုက်မယ် ဆိုရင်... မင်းနဲ့ သူ့ရဲ့ စေ့စပ်ထားတဲ့ ကိစ္စက ပြီးဆုံးသွားပြီလို့ သတ်မှတ်လို့ ရမလား..."
ကျန်းချဲ့က ရုတ်တရက် မေးလိုက်လေသည်။
ချီနင်ပင်းက သူ၏ အမျိုးသမီး ဖြစ်သွားပြီ ဆိုသည်ကို ထည့်မတွက်လျှင်ပင် ဝေ့ကျွင်းကျဲ က စေ့စပ်ချင်နေသည် ဆိုကတည်းက ရန်သူ ဖြစ်နေပြီ ဖြစ်သည်။ ထို့အပြင် သူတို့ နှစ်ဦး ကြားရှိ ရန်ငြိုးများက ပထမဆုံး အကြိမ် တွေ့ဆုံစဉ် ကတည်းက စတင်ခဲ့ခြင်း ဖြစ်၏။
အကယ်၍ အခွင့်အရေးသာ ရမည် ဆိုပါက ဝေ့ကျွင်းကျဲ ကို သေမင်းထံသို့ ပို့ဆောင်ပေးရန် ကျန်းချဲ့ အနည်းငယ်မျှ တွန့်ဆုတ်နေမည် မဟုတ်ချေ။
"ဒီသတင်း အပြင်ကို ပေါက်ကြားသွားရင် ပြဿနာ တက်မှာကိုပဲ ကျွန်မ စိုးရိမ်တယ်... ဝေ့မိသားစု က ဒေါသထွက်မှာကို ထည့်မတွက်ရင်တောင်မှ... အဖေ့ ဘက်က အလွယ်တကူ ကျေအေးပေးလိမ့်မယ် မထင်ဘူး... အဖေက ဝေ့မိသားစု နဲ့ တစ်ခုခု အပေးအယူ လုပ်ချင်နေပုံ ရတယ်..."
ကျန်းချဲ့ တစ်ယောက်တည်း ဤကိစ္စကို တွေးတောနေခြင်း မဟုတ်ချေ။ သူမ ကိုယ်တိုင်လည်း ဤကိစ္စကို အမြဲတမ်း စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။
သို့သော် စိုးရိမ်စရာ အကြောင်းအရာများက အလွန် များပြားနေခြင်းသာ ဖြစ်၏။
"ဒီ လျှို့ဝှက်နယ်မြေ ထဲမှာက ကြောက်စရာ ကောင်းတဲ့ သားရဲတွေ အများကြီး ရှိနေတာပဲ... သူ့ကို သတ်ဖို့ အခွင့်အရေး ရှာရတာ လုံးဝ မခက်ပါဘူး... ဘယ်သူမှ မမြင်အောင် လုပ်လိုက်ရင် ငါတို့ သတ်တယ် ဆိုတာကို ဘယ်သူက သိမှာလဲ... တကယ့် အခက်အခဲက ဒီလျှို့ဝှက်နယ်မြေ ကြီးက အရမ်း ကျယ်လွန်းတော့ သူ့ရဲ့ ခြေရာကို ရှာမတွေ့နိုင်တာပဲ..."
ဤသည်ကသာ ကျန်းချဲ့ အနေဖြင့် အလွန် ခေါင်းကိုက်နေရသော ကိစ္စပင် ဖြစ်လေသည်။ သူ၏ လက်ရှိ စွမ်းအားဖြင့် ဆိုပါက လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် ဝေ့ကျွင်းကျဲ ကို အစအန မကျန်အောင် ခြေမှုန်းပစ်နိုင်စွမ်း ရှိသည်။ သို့သော် ပြဿနာက ခရီးတစ်လျှောက်လုံးတွင် တစ်ဖက်လူ၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရခြင်းပင်။
အကယ်၍ နောက်ဆုံး အချိန်ရောက်မှ ထွက်ပေါက်တွင် ပိတ်ဆို့၍ သတ်ဖြတ်မည် ဆိုပါကလည်း လုံးဝ မဖြစ်နိုင်ချေ။
လူအများအပြား တွေ့မြင်သွားမည် ဖြစ်ရာ သတင်းများ သေချာပေါက် ပေါက်ကြားသွားမည်မှာ အသေအချာပင်။
"အခွင့်အရေး ရမရ ဆိုတာကို အရင်ဆုံး စောင့်ကြည့်လိုက်ကြတာပေါ့... ဒါနဲ့... ကျွန်မတို့ အခု ဘယ်နေရာ ရောက်နေပြီလဲ... ဗောဓိ ဥယျာဉ် ကို ရောက်ဖို့ ဘယ်လောက် လိုသေးလဲ..."
"မနက်ဖြန်လောက် ဆိုရင်တော့ ရောက်လောက်ပါပြီ... အဲ့ဒီ ဗောဓိ တာအိုအလင်းပြ အသီး ကို တခြားလူတွေ အရင် ယူသွားပြီလား ဆိုတာတော့ မသိဘူး... တကယ်လို့ တခြားလူတွေ ယူသွားပြီ ဆိုရင်တော့... နောက်ပိုင်းကျရင် သူတို့ရဲ့ သိုလှောင်ရေး လက်ကောက် တွေကို တစ်ယောက်ချင်းစီ လိုက်ရှာရတော့မှာပဲ..."
အရောင်ငါးမျိုး နတ်ဘုရားပန်း နှင့် ကိုးကွေ့ ရွှမ်ဂျင်ဆင်း တို့ကို ယူဆောင်နေစဉ် အတွင်း အချိန် အတော်များများ နှောင့်နှေးခဲ့ရသဖြင့် ဗောဓိ တာအိုအလင်းပြ အသီး ကို အခြားလူများ ယူဆောင်သွားခြင်း ရှိမရှိ ဆိုသည်ကို မည်သူကမျှ မသိနိုင်ချေ။
"ဒါဆိုရင် မြန်မြန် ခရီးဆက်ရအောင်... အစ်မကော ဘယ်လို အခြေအနေ ရှိနေလဲ မသိဘူး..."
"မင်းက သူ့ကို တွေ့ရမှာ ကြောက်နေတယ် မဟုတ်ဘူးလား..."
ကျန်းချဲ့က အနည်းငယ် နောက်ပြောင်သော လေသံဖြင့် မေးလိုက်လေသည်။
"အခြေအနေတွေက ဒီအထိ ရောက်နေပြီပဲဟာကို... တစ်သက်လုံး မတွေ့ဘဲ နေလို့မှ မရတာ... ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်ပြီး အခြေအနေကို အရင်ဆုံး စောင့်ကြည့်ရမှာပေါ့..."
ချီနင်ပင်းက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်လေသည်။
"ကောင်းပြီလေ... ဒါဆိုရင် ခရီးဆက်ကြတာပေါ့..."
"အစ်ကိုဟုန်... ကျွန်တော် အရင်က အကြံပြုခဲ့တဲ့ ကိစ္စကို ဘယ်လို သဘောရလဲ..."
ဂျွယ်လင်ချိုင့်ဝှမ်း ၏ တစ်နေရာတွင် ဝေ့ယင်းကျဲ က ဟုန်ချန် ကို ကြည့်ကာ လေးနက်သော အသံဖြင့် မေးလိုက်လေသည်။
"ဝေ့ကျွင်းကျဲ ကို သတ်ရမယ့် ကိစ္စက အရမ်းကို အရေးကြီးတယ်... တကယ်လို့ ကျွန်တော်က သတ်လိုက်မယ် ဆိုရင်... ဝေ့မိသားစု ရဲ့ အမုန်းကို ခံရမှာ သေချာတယ်... အကျိုးအမြတ်ထက် အရှုံးက ပိုများတယ်..."
ဟုန်ချန်က ခေါင်းခါရမ်းပြကာ တစ်ဖက်လူ၏ အကြံပြုချက်ကို ငြင်းဆန်လိုက်လေသည်။
"အစ်ကိုဟုန် ကို လူသိရှင်ကြား သတ်ခိုင်းနေတာမှ မဟုတ်တာ... တခြား နာမည် တစ်ခု ခံပြီး လျှို့ဝှက်စွာ တိုက်ခိုက်လိုက်ရုံပဲလေ... ဝေ့ကျွင်းကျဲ နဲ့ ကျန်းချဲ့ ကြားမှာ ရန်ငြိုးတွေ ရှိနေတယ် ဆိုတာကို သိတဲ့သူ အများကြီးပဲ... နဂါးကျား တာအိုဂိုဏ်း ကလည်း ကျန်းချဲ့ နဲ့ ရန်ငြိုးတွေ ရှိနေတာပဲ မဟုတ်ဘူးလား... ကျန်းချဲ့ တစ်ယောက် ဝေ့မိသားစု ရဲ့ လိုက်လံ သတ်ဖြတ်တာကို ခံရတာကို မမြင်ချင်ဘူးလား..."
ဝေ့ယင်းကျဲ က လုံးဝ လက်မလျှော့ဘဲ ဆက်လက် တိုက်တွန်းနေလေသည်။
အကယ်၍ အခြားသော နည်းလမ်းများ ရှိပါက သူလည်း မိမိ၏ သဘောထားကို ထုတ်ဖော်ပြသပြီး ဟုန်ချန် ၏ လက်ထဲသို့ အားနည်းချက်များ ပေးအပ်ချင်မည် မဟုတ်ချေ။ သို့သော် ပြဿနာက ယခင်က သူ့ကို ကူညီပေးမည်ဟု ကတိပေးထားသော ချင်းထျန်းဂိုဏ်း မှ ထိုလူက ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်လာပြီးနောက် လုံးဝ အသံတိတ်သွားခြင်းပင် ဖြစ်၏။
သေသွားသလိုမျိုးကို အသံတိတ်သွားခြင်း ဖြစ်သည်။
သူ လိုက်လံ ရှာဖွေခဲ့သော်လည်း ထိုလူ၏ ခြေရာကို လုံးဝ မတွေ့ခဲ့ရချေ။
ချင်းထျန်းဂိုဏ်း က သူ့ကို လှည့်စားသွားပြီဟု ယူဆမိသဖြင့် အခြား ရွေးချယ်စရာ မရှိတော့ဘဲ ဟုန်ချန် ကိုသာ အကူအညီ တောင်းခံရန် စဉ်းစားခဲ့ရခြင်း ဖြစ်၏။ လျှို့ဝှက်နယ်မြေ အတွင်း၌ သတ်ဖြတ်ခြင်းက သူ့အတွက် အကောင်းဆုံးသော အခွင့်အရေး တစ်ခု ဖြစ်သည်။ သို့မဟုတ်ဘဲ လျှို့ဝှက်နယ်မြေမှ ထွက်သွားပြီးနောက် ဆိုပါက ဝေ့ကျွင်းကျဲ ၏ ဘေးတွင် သိုင်းသခင် အစောင့်အရှောက်များ ရှိနေမည် ဖြစ်ရာ သူ အနေဖြင့် လုံးဝ အခွင့်အရေး ရရှိတော့မည် မဟုတ်ချေ။
"ပြဿနာကို တခြားလူဆီ လွှဲချတာ..."
ဟုန်ချန် တစ်ယောက် အနည်းငယ် စိတ်ဝင်စားသွားလေသည်။
အကယ်၍ ကျန်းချဲ့ကို ပြဿနာ ရှာပေးနိုင်မည် ဆိုပါက သူ အလွန် သဘောကျမည်မှာ အသေအချာပင်။ သို့သော် သူ အနည်းငယ် တွေဝေနေသေး၏။
"လင်းမိသားစု မှာက လူနှစ်ယောက် သုံးယောက်လောက်ပဲ ကျန်တော့တာ... သူတို့မှာ ဘာစွမ်းအားမှ မရှိတော့ဘူး... လင်းယန် လည်း သတင်း အစအန ပျောက်နေတာ ဆိုတော့... သေတောင် သေသွားလောက်ပြီ... ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ... အစ်ကိုဟုန် ရဲ့ စွမ်းအားက အလွန် ကြီးမားတယ် ဆိုပေမဲ့... ကျန်းချဲ့ကို တကယ် သတ်နိုင်မလား ဆိုတာကတော့ မသေချာသေးဘူး...
အကယ်၍ ကျွန်တော်သာ ကူညီပေးမယ် ဆိုရင်... ဒီကိစ္စက သေချာပေါက် အောင်မြင်မှာပါ... ပြီးတော့... အစ်ကိုဟုန် သာ လှုပ်ရှားပေးမယ် ဆိုရင်... ဒီတစ်ကြိမ် ဗောဓိ တာအိုအလင်းပြ အသီး ဘယ်နှစ်လုံးပဲ ရရ... ကျွန်တော်က တစ်လုံးပဲ ယူမယ်... ဝေ့မိသားစု ဝင်တွေကိုလည်း နဂါးကျား တာအိုဂိုဏ်း နဲ့ ပူးပေါင်းပြီး ချီမိသားစု နဲ့ ဝိညာဉ်ဓားတောင် ကို ဝိုင်းဝန်း ခြေမှုန်းဖို့ အမိန့်ပေးလိုက်မယ်... ရလာတဲ့ အကျိုးအမြတ်တွေကို သုံးပုံ ခုနစ်ပုံ ခွဲကြတာပေါ့... နဂါးကျား တာအိုဂိုဏ်း က ခုနစ်ပုံ ယူပြီး... ဝေ့မိသားစု က သုံးပုံ ယူမယ်..."
ဝေ့ယင်းကျဲ က လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
"တကယ်လား..."
"တစ်ခွန်းပြောပြီးရင် လုံးဝ မပြောင်းလဲဘူး..."
ဝေ့ယင်းကျဲ က စကားတစ်လုံးချင်းစီကို အတိအကျ ပြောလိုက်လေသည်။
"ဝေ့ကျွင်းကျဲ က ဘယ်နေရာမှာလဲ..."
"သူလည်း အခု ဗောဓိ ဥယျာဉ် ဆီကို လာနေတယ်... ခင်ဗျား အခွင့်အရေး ရရင် လှုပ်ရှားလိုက်ရုံပဲ..."
"ကောင်းပြီ... ချီမိသားစု ကို ရှင်းလင်းပြီးသွားရင်... ဒီကိစ္စကို ငါ ကူညီပေးပါ့မယ်... ဒါပေမဲ့... ပြီးသွားမှ မင်း ဘက်က စကားပြန်ရုပ်သိမ်းမယ် ဆိုရင်တော့..."
ဟုန်ချန် က စကားကို ခေတ္တ ရပ်တန့်လိုက်ပြီး ဝေ့ယင်းကျဲ ကို အေးစက်သော အကြည့်များဖြင့် စိုက်ကြည့်လိုက်လေသည်။
"ကျွန်တော်က ခင်ဗျားကို တိုက်တွန်းခဲ့တာဆိုတော့... ခင်ဗျားရဲ့ လက်ထဲမှာ ကျွန်တော့်ရဲ့ အားနည်းချက် တွေ ရှိနေပြီပဲ... ဘယ်လိုလုပ် စကားပြန်ရုပ်သိမ်းလို့ ရနိုင်မှာလဲ..."
ဝေ့ယင်းကျဲ ၏ မျက်နှာပေါ်တွင် ပွင့်လင်းရိုးသားသော အမူအရာများ ပေါ်ထွက်နေလေသည်။
သို့သော် လက်တွေ့တွင်တော့ နောက်ဆုံး အချိန်ရောက်လာပါက ချင်းထျန်းဂိုဏ်း မှ ယင်းကျို ကို အသုံးပြု၍ ဟုန်ချန် ကို သတ်ဖြတ်ရန် ပြင်ဆင်ထားပြီး ဖြစ်၏။
ဤသို့ ပြုလုပ်ခြင်းဖြင့် အပြစ်အနာအဆာ ကင်းစင်သော အစီအစဉ် တစ်ခု ဖြစ်သွားမည် မဟုတ်ပါလော။
ဂျွယ်လင်ချိုင့်ဝှမ်း... ဗောဓိ ဥယျာဉ်...
နောက်တစ်နေ့ နံနက်ခင်းတွင် ချီမိသားစုဝင်များ ဤနေရာသို့ ရောက်ရှိလာခဲ့ကြလေပြီ။ သို့သော် သူတို့ကို စိတ်ပျက်သွားစေသည်မှာ ဗောဓိ တာအိုအလင်းပြ အသီး သစ်ပင်ပေါ်တွင် အသီးလေးလုံး တွဲလောင်းကျနေသော်လည်း အခြေအနေ အရ လုံးဝ ရင့်မှည့်ခြင်း မရှိသေးချေ။
အနည်းဆုံးတော့ နောက်ထပ် ခုနစ်ရက်ခန့် စောင့်ဆိုင်းရဦးမည် ဖြစ်၏။
ဗောဓိပင် ၏ ဘေးတွင်တော့ ဝိညာဉ်ဓားတောင် မှ မွေးရာပါအဆင့် တပည့် နှစ်ဦး ရောက်ရှိနေကြပြီး ဤနေရာသို့ စောစောကတည်းက ရောက်ရှိနေပုံ ရလေသည်။ ဗောဓိပင်ကို စောင့်ကြပ်ရန် လာရောက်ခြင်း ဖြစ်မည်မှာ အသေအချာပင်။ ရောက်လာသူများက ဝိညာဉ်ဓားတောင် နှင့် မိတ်ဆွေ ဖြစ်သော ချီမိသားစုဝင်များ ဖြစ်ကြောင်း တွေ့လိုက်ရသောအခါမှသာ သူတို့ နှစ်ဦးလည်း သက်ပြင်းချနိုင်သွားကြလေသည်။
"သခင်မလေး... ကျွန်တော်တို့ ဝိညာဉ်ဓားတောင် က လူတွေ ဒီနေရာကို စောစောကတည်းက ရောက်နေကြတာပါ... အသီးတွေ မမှည့်သေးလို့ မခူးရသေးတာပါ... စီနီယာအစ်ကိုယန် က ပြောတယ်... ချီမိသားစု နဲ့ အတူတူ ခွဲဝေယူကြမယ်တဲ့... သခင်မလေး ဘယ်လို သဘောရလဲ ခင်ဗျာ..."
"ကောင်းပြီလေ..."
ချီဝမ်ကျင်း က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ် သဘောတူလိုက်လေသည်။
ဗောဓိ တာအိုအလင်းပြ အသီး မှာ အမြဲတမ်း ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်းရှိ အပြိုင်အဆိုင် အများဆုံး ရတနာ တစ်ခု ဖြစ်ခဲ့သည်။ မိသားစု တစ်ခုတည်း၏ အင်အားဖြင့် လုံးဝ ကာကွယ်ထားနိုင်မည် မဟုတ်ချေ။ ယခင် အကြိမ်များကလည်း အချင်းချင်း ပူးပေါင်း၍သာ ရယူခဲ့ကြခြင်း ဖြစ်၏။
ကျန်းချဲ့ တစ်ယောက် ရွှေအမြုတေ တည်ဆောက်ပြီးပြီ ဆိုသည်ကို သူမ မသိရှိသေးရာ လင်းမိသားစု နှင့် နဂါးကျား တာအိုဂိုဏ်း တို့ ပူးပေါင်းလာနိုင်သည့် အခြေအနေတွင် ပူးပေါင်းခြင်းကသာ ပို၍ သင့်တော်မည်ဟု ယူဆလိုက်ခြင်း ဖြစ်သည်။ ဝိညာဉ်ဓားတောင် မှ ထို စီနီယာအစ်ကိုယန် အကြောင်းကိုလည်း သူမ ကြားဖူးထားပါသည်။
သူ၏ စွမ်းအားက သူမထက် အနည်းငယ်မျှ မနိမ့်ကျကြောင်း သိထားသဖြင့် ခေါင်းဆောင်အဖြစ် လာရောက်ခြင်းမှာ သေချာပေါက် အစွမ်းထက်သော အကူအညီ တစ်ခု ဖြစ်ပေလိမ့်မည်။
ထိုအချိန်ရောက်လာပါက လင်းမိသားစု၊ နဂါးကျား တာအိုဂိုဏ်း နှင့် ဝေ့မိသားစု တို့ကိုပင် ပူးပေါင်း၍ ခုခံနိုင်စွမ်း ရှိမည် ဖြစ်၏။
"အတူတူ ခွဲဝေယူမယ် ဟုတ်လား... ငါတို့ နဂါးကျား တာအိုဂိုဏ်း က ဘာမှ မပြောရသေးဘဲနဲ့ ဘယ်ကောင်က အတူတူ ခွဲဝေယူမယ်လို့ လာပြောနေတာလဲ... ဟွန့်... ဒီနေရာက ပစ္စည်းတွေ အားလုံးကို ငါတို့ နဂါးကျား တာအိုဂိုဏ်း က သိမ်းပိုက်လိုက်ပြီ... မသေချင်ရင် အခုချက်ချင်း ထွက်သွားကြစမ်း..."
ရုတ်တရက်... မောက်မာလှသော အသံကြီး တစ်ခုက လေဟာနယ်ကို ဖြတ်သန်း၍ ထွက်ပေါ်လာလေသည်။ ဟုန်ချန် က တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး တာအိုဓား တစ်လက်ကို ကိုင်ဆောင်ကာ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ကြာပန်းများ ပွင့်လန်းလာသည့်အလား အလွန်တရာ ခမ်းနားကြီးကျယ်လှသော အရှိန်အဝါများဖြင့် ရောက်ရှိလာလေသည်။
သူ၏ အနောက်တွင်တော့ လူဆယ်ယောက်ကျော်ခန့် မတ်တတ်ရပ်နေကြပြီး အများစုမှာ နဂါးကျား တာအိုဂိုဏ်း မှ တပည့်များ ဖြစ်ကြ၏။
သို့သော် ခြွင်းချက် တစ်ယောက်တော့ ရှိနေလေသည်။ အနက်ရောင် ဝတ်ရုံကြီးကို ခြုံရုံထားသော ဝေ့ယင်းကျဲ ဖြစ်ပြီး မည်သူမည်ဝါ ဖြစ်ကြောင်း လုံးဝ ခန့်မှန်း၍ မရနိုင်ချေ။
အကြောင်းရင်း ကတော့ သူ၏ ရည်ရွယ်ချက်များကို အခြားလူများ ရိပ်မိသွားမည်ကို စိုးရိမ်သောကြောင့် မိမိ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို ထုတ်ဖော်ပြသခြင်း မပြုလို၍သာ ဖြစ်ပေသည်။
"အတော် စကားကြီးစကားကျယ် ပြောနေပါလား... မင်းရဲ့ အသက်က အဲ့ဒီလောက် ပြင်းရဲ့လား ဆိုတာကိုပဲ စိုးရိမ်မိတယ်..."
ချီဝမ်ကျင်း က သံချပ်ကာ ပေါ့ပါးလေးကို ဝတ်ဆင်ထားပြီး ငွေရောင်လှံတံကို ကိုင်ဆောင်ကာ ခန္ဓာကိုယ် တစ်ခုလုံးကို အလွန်တရာ အားကောင်းလှသော သတ်ဖြတ်လိုစိတ် များဖြင့် လွှမ်းခြုံထားလေသည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် ရဲရင့်သော အမျိုးသမီး သူရဲကောင်း တစ်ဦး၏ အသွင်အပြင်ကို အပြည့်အဝ ပေါ်လွင်စေ၏။
ချီမိသားစု မှ အခြားလူများ နှင့် ဝိညာဉ်ဓားတောင် မှ တပည့် နှစ်ဦး တို့ကလည်း မိမိတို့၏ လက်နက်များကို အသင့်ပြင်ထားကြပြီး နဂါးကျား တာအိုဂိုဏ်း မှ လူများကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြလေသည်။
"ကျန်းချဲ့ သာ ဒီနေရာမှာ ရှိနေပြီး မင်းနဲ့ ပူးပေါင်းမယ် ဆိုရင်တောင်မှ... ဒီတာအိုဆရာက နည်းနည်းလေးမှ ကြောက်မှာ မဟုတ်ဘူး... အခု မင်း တစ်ယောက်တည်း ရှိနေတဲ့ အချိန်မှာ... သေလမ်းကို ရှာချင်နေတယ် ဆိုရင်လည်း... ဟား... ငါက ဖြည့်ဆည်းပေးရမှာပေါ့...
မင်းကို ယောကျ်ားတွေထက် မနိမ့်ကျဘူး... ပါရမီရှင် တွေနဲ့ တန်းတူပဲ လို့ သိုင်းလောက တစ်ခုလုံးက ချီးကျူးနေကြတာ... ဒါပေမဲ့ ငါကတော့ အဲ့ဒါတွေ အားလုံးက လူတွေ အပိုပြောနေကြတာလို့ပဲ ထင်တယ်... တကယ် အစွမ်းအစ ရှိမရှိ ဆိုတာကတော့ လက်တွေ့ တိုက်ခိုက်ကြည့်မှ သိရမှာပေါ့…”