အခန်း ၂၁၇
Vol. 22 Ch. 217
အခန်း (၂၁၇) စွမ်းအားများ ထုတ်ဖော်ပြသခြင်း... ကောင်းကင်ကို ခွဲထုတ်လိုက်သော ဓားတစ်ချက်
ဟုန်ချန်က အလွန် မောက်မာလှပေသည်။ လေဟာနယ်ထက်မှနေ၍ ချီဝမ်ကျင်းကို ငုံ့ကြည့်နေပြီး သူမကို အနည်းငယ်မျှပင် မျက်လုံးထဲ ထည့်ထားပုံ မရချေ။
တာအိုဂိုဏ်း၏ အဓိက တပည့်တစ်ယောက်နှင့် တူသော တည်ငြိမ်မှုမျိုး လုံးဝ မရှိဘဲ သိုင်းလောကမှ ရမ်းကားသော သိုင်းသမား တစ်ယောက်နှင့် ပိုတူနေလေသည်။
ချီဝမ်ကျင်းက မျက်ခုံးများကို တင်းကြပ်စွာ စုချည်လိုက်ပြီး သတ်ဖြတ်လိုစိတ်များဖြင့် အေးစက်စွာ ပြောလိုက်လေသည်။
"တကယ်လို့ ကျွန်မရဲ့ ခင်ပွန်းသာ ဒီနေရာမှာ ရှိနေရင်... ဓားတစ်ချက်တည်းနဲ့တင် ရှင့်ကို ခုတ်ပိုင်းပစ်နိုင်တယ်... ရှင်ကများ ဒီမှာ လာပြီး စကားကြီးစကားကျယ် ပြောရဲသေးတယ်... အတော်ကြီးပါလား... ကျွန်မရဲ့ လှံချက် ဘယ်နှစ်ချက်ကို ရှင် တောင့်ခံနိုင်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့..."
"ဟားဟားဟား... ဒီတာအိုဆရာက အဲ့ဒီ ကျန်းချဲ့ကို ရှာနေတာ ရက်အတော်ကြာပြီ... သူ့အရိပ်အယောင်လေးတောင် မတွေ့ခဲ့ရဘူး... မင်းက ငါက သူ့ကို ကြောက်နေတယ်လို့ ပြောချင်တာလား... တကယ်ကို ရယ်စရာ ကောင်းလိုက်တာ... စိတ်ချပါ... မင်းကို နိုင်ရင်တောင် ငါ မင်းကို သတ်မှာ မဟုတ်ဘူး... ဒီနေရာမှာ ချည်ထားပြီး အဲ့ဒီ ကျန်းချဲ့ သေလမ်းလာရှာတာကို စောင့်နေလိုက်မယ်..."
ဟုန်ချန်က လက်နောက်ပစ်ကာ ကျယ်လောင်စွာ ရယ်မောရင်း ပြောလိုက်လေသည်။
"ကျွန်တော် ဝင်ပါပေးရမလား..."
ဟုန်ချန်၏ မောက်မာလှသော အမူအရာကို ကြည့်ရင်း ဝေ့ယင်းကျဲက ချီဝမ်ကျင်းကို ပူးပေါင်း တိုက်ခိုက်သင့်မသင့် တွေဝေသွားလေသည်။
အကယ်၍ ဝင်ပါလိုက်ပါက ဟုန်ချန် အနေဖြင့် မကျေမနပ် ဖြစ်သွားမည်ကို စိုးရိမ်မိ၏။
"မလိုဘူး... မင်းက တခြားလူတွေကို သွားသတ်... ဒီမိန်းမကို ငါ့ကို လွှဲထားလိုက်..."
ဟုန်ချန်က လျစ်လျူရှုစွာ လက်ဝှေ့ယမ်းပြလိုက်လေသည်။
"ဒါဆိုရင် ဂရုစိုက်ဦးနော်..."
ဝေ့ယင်းကျဲက အသံကို နှိမ့်ကာ သတိပေးလိုက်လေသည်။
"စိတ်ချပါ... ဒီမိန်းမကို ငါ အထင်သေးတယ် ဆိုပေမဲ့... ပေါ့ဆနေမှာတော့ မဟုတ်ပါဘူး... သိုင်းလောကမှာ ဒီလောက် နာမည်ကြီးနေမှတော့ သူ့မှာ သေချာပေါက် အစွမ်းအစ ရှိမှာပဲ... သတိထားပြီး ရင်ဆိုင်သွားမှာပါ..."
ဟား...
ဟုန်ချန် ဆက်ပြောမည့် စကားများကို မစောင့်တော့ဘဲ အောက်ဘက်ရှိ ဒေါသထွက်နေသော ချီဝမ်ကျင်းက စတင် တိုက်ခိုက်လိုက်လေပြီ။
လှံတံက နဂါးတစ်ကောင်အလား လှုပ်ရှားသွားပြီး လှံချက်များက ချက်ချင်း ပေါက်ကွဲထွက်လာကာ ပင်လယ်ထဲမှ နဂါးတစ်ကောင် ထွက်ပေါ်လာသည့်အလား မျက်တောင်တစ်ခတ် အတွင်းမှာပင် တိုးဝင်လာလေသည်။
ကြောက်မက်ဖွယ် လှံချက်များက လေဟာနယ်ကိုပင် အပေါက်ကြီး တစ်ခု ဖြစ်သွားစေပြီး ဘေးပတ်ဝန်းကျင်ရှိ ဖုန်မှုန့်များကို လွင့်စင်သွားစေ၏။
"ဟွန့်... လှည့်ကွက်လေးတွေ..."
ဟုန်ချန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ အနောက်တွင် လွယ်ထားသော ဝိညာဉ်ဓားက ချက်ချင်း ထွက်ပေါ်လာကာ ဓားမြည်သံ တစ်ချက်က ကောင်းကင်ကို ပဲ့တင်ထပ်သွားလေသည်။
နောက်တစ်ခဏတွင် ဓားအလင်းတန်း များစွာ ချက်ချင်း ဖြစ်ပေါ်လာပြီး ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်နှင့် လေပြင်းများ တိုက်ခတ်လာကာ ကောင်းကင်၏ အရောင်ပင် ပြောင်းလဲသွားလေတော့သည်။
ထို့နောက် ကြောက်မက်ဖွယ် လှံချက်များနှင့် ပြင်းထန်စွာ ရင်ဆိုင်မိသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျယ်လောင်လှသော ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာ၏။
စွမ်းအား လှိုင်းဂယက်များက အရပ်လေးမျက်နှာသို့ လွင့်စင်သွားပြီး ပေပေါင်းများစွာ အကွာအဝေး အထိ ရိုက်ခတ်သွားလေသည်။
ဤသည်မှာ အစပျိုး စမ်းသပ်မှုလေး တစ်ခုသာ ဖြစ်ပေသည်။
ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချီဝမ်ကျင်းက ဓားအိမ်မှ ထွက်လာသော ထက်မြက်လှသည့် ဓားတစ်လက်အလား မြေပြင်မှနေ၍ လေပေါ်သို့ ပျံတက်သွားလေသည်။
ငွေရောင်လှံတံကို ကိုင်ဆောင်ကာ ပေပေါင်းဆယ်ချီ ကွာဝေးသော နေရာကို ဖြတ်ကျော်ပြီး တိုက်ရိုက် ခုတ်ချလိုက်၏။
တောင်တစ်တောင်ကိုပင် ဆွဲနှုတ်နိုင်သည့်အလား အလွန်တရာ အားကောင်းလှသော စွမ်းအားကြီးများ ပါဝင်နေပြီး သူမ၏ လက်ထဲရှိ ငွေရောင်လှံတံမှာ ထိုကြောက်မက်ဖွယ် စွမ်းအားကြီး အောက်တွင် ကွေးညွတ်သွားလေသည်။
လေထု ပေါက်ကွဲသံကြီး တစ်ခုနှင့်အတူ အားကုန် ရိုက်ချလိုက်လေတော့သည်။
“ဝုန်း…”
ငွေရောင်လှံတံ ကျဆင်းလာချိန်တွင် ချက်ချင်း ပေါက်ကွဲသံကြီး ထွက်ပေါ်လာလေသည်။
သို့သော် ဟုန်ချန်မှာ မောက်မာလွန်းသော်လည်း နဂါးကျား တာအိုဂိုဏ်း၏ သိုင်းသခင် အဆင့်အောက်တွင် အကောင်းဆုံး တပည့်တစ်ယောက် ဖြစ်သည့်အားလျော်စွာ အမှန်တကယ်ပင် မောက်မာရန် အရည်အချင်း ရှိပေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သူက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ချီဝမ်ကျင်း၏ ပြင်းထန်လှသော တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်လေသည်။
တစ်ချိန်တည်းမှာပင် ခြေဖဝါးများကို လျှောတိုက်လိုက်ရာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ဆယ်ပေကျော်ခန့် နောက်ဆုတ်သွားလေ၏။
ထို့နောက် ဓားကို လှည့်ကာ ခုတ်ပိုင်းလိုက်ရာ ကြမ်းတမ်းလှသော ဓားအလင်းများက အင်္ကျီလက် အတွင်းမှ ပေါက်ကွဲထွက်လာပြီး အင်္ကျီလက်ထဲတွင် ပုန်းအောင်းနေသော မြွေစိမ်း တစ်ကောင်အလား အရှိန်အဟုန်ဖြင့် တိုးဝင်လာလေတော့သည်။
ထိုအချိန်မှာပင် သူတို့ နှစ်ဦး တိုက်ခိုက်နေချိန်၌ ဝေ့ယင်းကျဲနှင့် နဂါးကျား တာအိုဂိုဏ်း၊ လင်းမိသားစုမှ တပည့်များ အားလုံး လေဟာနယ်ထက်မှ ဆင်းသက်လာကာ ချီမိသားစု တပည့်များကို ဝိုင်းဝန်း တိုက်ခိုက်လိုက်ကြလေသည်။
အမျိုးမျိုးသော တိုက်ကွက်များ ချက်ချင်း ပေါက်ကွဲထွက်လာပြီး လေဟာနယ်ထဲတွင် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။
လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်လာသော အင်အားစုကြီး အသီးသီးမှ တပည့်များ အားလုံးက ထိပ်တန်း တပည့်များ ဖြစ်ကြပြီး တစ်ယောက်ချင်းစီ၏ စွမ်းအားက လုံးဝ သာမန် မဟုတ်ကြချေ။
ကျန်းချဲ့နှင့် ချီဝမ်ကျင်းတို့လို ပါရမီရှင်များ၏ ရှေ့တွင် နောက်ခံလူများ ဖြစ်နေသော်လည်း လက်တွေ့တွင်တော့ ထိုသို့ မဟုတ်ပေ။
ဓားအလင်းများ လှံချက်များ အဆက်မပြတ် ထွက်ပေါ်လာပြီး အချိန်တို အတွင်းမှာပင် ပေပေါင်း ရာနှင့်ချီ ကျယ်ဝန်းသော နေရာ တစ်ခုလုံး စစ်တလင်းပြင် အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
သို့သော် လူတိုင်းက အသိစိတ် ရှိကြသဖြင့် ဗောဓိပင် အနီးသို့ မရောက်အောင် ရှောင်ရှား၍ တိုက်ခိုက်နေကြ၏။
မည်မျှပင် ပြင်းထန်နေပါစေ ချီဝမ်ကျင်းနှင့် ဟုန်ချန်တို့၏ တိုက်ပွဲက ပို၍ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
တစ်ချက် တိုက်ခိုက်လိုက်သည်နှင့် အစွမ်းကုန် တိုက်ခိုက်ကြခြင်း ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီးကိုပင် လှုပ်ခတ်သွားစေ၏။
သိုင်းသခင် အဆင့်၏ စွမ်းအားများကိုပင် အနည်းငယ် ထုတ်ဖော်ပြသနေသည့်အလားပင်။
မည်သို့ပင်ဆိုစေ သူတို့ နှစ်ဦးစလုံးက နဂါးကျား တာအိုဂိုဏ်းနှင့် ပေလင် ချီမိသားစုတို့၏ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည် မဟုတ်ပါလော။
ချီဝမ်ကျင်းက ငယ်စဉ်ကတည်းက အလွန်တရာ အစွမ်းထက်သော စွမ်းအားနှင့် ခိုင်မာသော စိတ်ဓာတ်ကို ပြသခဲ့သူ ဖြစ်သည်။
ယောကျ်ားများထက် မနိမ့်ကျဘူးဟု ယုံကြည်ထားပြီး သူမ၏ အောင်မြင်မှုများ အားလုံးက လှံတစ်ချောင်းဖြင့် တိုက်ခိုက် ရယူခဲ့ခြင်း ဖြစ်ရာ သူမ၏ သတ်ဖြတ်လိုစိတ်က အလွန် ပြင်းထန်လှပေသည်။
ဟုန်ချန်ကလည်း လုံးဝ မညံ့ချေ။
ချီဝမ်ကျင်းက အလွန် အစွမ်းထက်ကြောင်း သိထားပါလျက်နှင့် ဤမျှ မောက်မာစွာ စကားပြောရဲခြင်းက သူ၏ စွမ်းအားက အမှန်တကယ်ပင် သာမန် မဟုတ်ကြောင်း သိသာလှ၏။
သူတို့ နှစ်ဦး၏ တိုက်ပွဲက ကောင်းကင်နှင့် မြေကြီးကိုပင် လှုပ်ခတ်သွားစေပြီး လေဟာနယ် တစ်ခုလုံး ဓားအလင်းများနှင့် လှံချက်များဖြင့် ပြည့်နှက်နေလေသည်။
တိုတောင်းသော အချိန်လေး အတွင်းမှာပင် လေပေါ်မှ မြေပြင်သို့ မြေပြင်မှ လေပေါ်သို့ အကြိမ်ကြိမ် တက်လိုက် ဆင်းလိုက်ဖြင့် တိုက်ခိုက်နေကြပြီး ကြောက်မက်ဖွယ် စွမ်းအားများကို အပြည့်အဝ ထုတ်ဖော် ပြသနေကြလေသည်။
လှံချက်များက နဂါးတစ်ကောင်အလား လှုပ်ရှားနေပြီး ဓားအလင်းများကလည်း ကောင်းကင် တစ်ခုလုံးကို လင်းထိန်သွားစေ၏။
အချိန် အတန်ကြာသည်အထိ သူတို့ နှစ်ဦးစလုံး အနိုင်အရှုံးကို အဆုံးအဖြတ် မပေးနိုင်သေးဘဲ အကြိတ်အနယ် ယှဉ်ပြိုင်နေကြဆဲပင်။
"တကယ်ကို အစွမ်းအစ ရှိတာပဲ... ဒါပေမဲ့ ဒီလောက်လေးနဲ့ တော့ အများကြီး လိုသေးတယ်... အိမ်ပြန်ပြီး မင်္ဂလာဆောင် ဖို့ ပန်းထိုးနေတာက ပိုကောင်းလိမ့်မယ်... ဒါပေမဲ့ နှမြောစရာ ကောင်းတာက မင်း အိမ်ထောင် မပြုရသေးခင်မှာပဲ မုဆိုးမ ဖြစ်သွားရတော့မယ် ထင်တယ်..."
ဟုန်ချန်က တစ်ချက် ဆုတ်ခွာလိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
"ခွေးကောင်... ရှင့်မှာ ရှိတဲ့ ဒီစွမ်းအားလေး နဲ့များ... ဒီနေရာမှာ လာပြီး ဆရာကြီး လာလုပ်နေတယ်..."
ချီဝမ်ကျင်းက အေးစက်စွာ အော်ဟစ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး သတ်ဖြတ်လိုစိတ်များဖြင့် ဖုံးလွှမ်းသွားလေသည်။
လေပေါ်တွင် လွင့်ပျံနေသော ဆံနွယ်များနှင့်အတူ သူမ၏ လှံချက်များက လျင်မြန်စွာ ဖွဲ့စည်းသွား၏။
တစ်လှမ်း တက်လှမ်းလိုက်သည်နှင့် လှံတံကို အရှေ့သို့ ထိုးစိုက်လိုက်လေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် အစိမ်းရောင် လေဆင်နှာမောင်း တစ်ခု လေဟာနယ်ထဲတွင် ဖြစ်ပေါ်လာပြီး ကြောက်မက်ဖွယ် စွမ်းအားများက ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များကို မွှေနှောက်သွားလေသည်။
တိတိကျကျ ပြောရမည် ဆိုလျှင် မူလစွမ်းအင်များကို မျိုချနေခြင်း ဖြစ်ပြီး ကြောက်မက်ဖွယ် အစိမ်းရောင် ဖီးနစ်ငှက်ကြီး တစ်ကောင် အော်ဟစ်နေသည့်အလားပင်။
"စု..."
ဟုန်ချန်၏ မျက်နှာက တင်းမာသွားပြီး လက်သင်္ကေတများကို လျင်မြန်စွာ ပြောင်းလဲလိုက်ရာ ပေပေါင်းများစွာ အတွင်းရှိ ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များက သူ့ထံသို့ လျင်မြန်စွာ စုဝေးလာကြလေသည်။
အရှေ့ရှိ ဓားအလင်းက တစ်ခုမှ နှစ်ခု... နှစ်ခုမှ လေးခု... လေးခုမှ ရှစ်ခု...
မျက်တောင်တစ်ခတ် အတွင်းမှာပင် ဓားအလင်း ရာနှင့်ချီ၍ ထွက်ပေါ်လာပြီး ဓားမြည်သံများ ဆူညံသွားလေသည်။
လက်ညှိုးတစ်ချက် ထိုးလိုက်သည်နှင့် ဓားအလင်းများက လေဟာနယ်ကို ဖြတ်သန်းကာ အရှိန်အဟုန်ဖြင့် တိုးဝင်သွားကြပြီး လေပေါ်တွင် ပေဆယ်ချီ ရှည်လျားသော ဧရာမ ဝိညာဉ်ဓားကြီး တစ်လက် အဖြစ် ဖွဲ့စည်းသွားကာ အစိမ်းရောင် ဖီးနစ်ငှက်ကြီးထံသို့ အားကုန် ခုတ်ပိုင်းလိုက်လေတော့သည်။
ဝုန်း...
နောက်ထပ် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသော ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာပြီး စွမ်းအား လှိုင်းဂယက်များ အရပ်လေးမျက်နှာသို့ လွင့်စင်သွားလေသည်။
ထို့နောက် သူတို့ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြပြီး တစ်ယောက်က လှံချက်များဖြင့် တစ်ယောက်က ဓားအလင်းများဖြင့် လမ်းကြောင်း မတူညီသော ကြယ်တံခွန် နှစ်ခုအလား တောင်နှင့်မြောက်မှ အရှိန်အဟုန်ဖြင့် ဝင်တိုက်လိုက်ကြရာ မျက်စိကျိန်းမတတ် အလင်းရောင်များ အဆက်မပြတ် ထွက်ပေါ်လာလေသည်။
သူတို့ နှစ်ဦး အနီးကပ် တိုက်ခိုက်လိုက် လျင်မြန်စွာ နောက်ဆုတ်လိုက်ဖြင့် အားအင်များကို စုဆောင်းကာ ထပ်မံ တိုက်ခိုက်နေကြ၏။
အားကောင်းလှသော စွမ်းအားများက လေဟာနယ် တစ်ခုလုံးကို တုန်ခါသွားစေပြီး လျှပ်စီးများ လက်နေသည့်အလား ထင်မှတ်ရလေသည်။
သို့သော် သူတို့ နှစ်ဦးစလုံး၏ စွမ်းအားက သိုင်းသခင် အဆင့်အောက်တွင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ တိုက်ပွဲက အလွန် ပြင်းထန်နေသော်လည်း အချိန်တို အတွင်းမှာ အနိုင်အရှုံး အဆုံးအဖြတ် ပေးရန် လုံးဝ မဖြစ်နိုင်ချေ။
အောက်ဘက်ရှိ မြင်ကွင်းကတော့ လုံးဝ ကွဲပြားခြားနားနေလေသည်။
နဂါးကျား တာအိုဂိုဏ်းက ချီမိသားစုဝင်များကို အပြတ်အသတ် ဖိနှိပ်ထားလေသည်။
အင်အားစုကြီးများ၏ ထိပ်တန်း တပည့်များ ကြားတွင် တစ်ဦးချင်း စွမ်းအားက အများကြီး ကွာခြားမှု မရှိချေ။
ဤသို့ ဖြစ်ရခြင်း၏ အဓိက အကြောင်းရင်း နှစ်ခု ရှိလေသည်။
ပထမ တစ်ခုမှာ နဂါးကျား တာအိုဂိုဏ်းက လူအင်အား သာလွန်နေခြင်း ဖြစ်၏။
အချို့နေရာများတွင် နှစ်ယောက် တစ်ယောက် ဝိုင်းဝန်း တိုက်ခိုက်နေကြလေသည်။
ဒုတိယ အကြောင်းရင်း ကတော့ ဝေ့ယင်းကျဲ၏ စွမ်းအားက အရမ်း အစွမ်းထက်နေခြင်းပင် ဖြစ်သည်။
အဆင့်တူ သိုင်းသမားများက သူ့ကို လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။
ဝေ့မိသားစု၏ သခင်လေး နေရာကို လုယူရန် အရည်အချင်း ရှိသူ ဖြစ်သည့်အားလျော်စွာ ဝေ့ယင်းကျဲ၏ စွမ်းအားက အမှန်တကယ်ပင် မဆိုးလှချေ။ ဟုန်ချန်ထက် အနည်းငယ်မျှ မနိမ့်ကျပေ။ သို့မဟုတ်ပါက ဤနေရာကို လုယူရန် အခွင့်အရေး ရမည် မဟုတ်ချေ။
သူ၏ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ချီမိသားစု တပည့် တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့လေသည်။
ဝိညာဉ်ဓားတောင်မှ တပည့် နှစ်ဦးက အစီအရင် တစ်ခု ဖွဲ့စည်း၍ ခုခံခဲ့သဖြင့်သာ သူ၏ တိုက်ခိုက်မှုများကို မနည်း တောင့်ခံထားနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် လက်ရှိ အခြေအနေ အရ ကြည့်မည် ဆိုပါက သူတို့ ကျရှုံးရန်မှာ အချိန် ပြဿနာသာ ဖြစ်ကြောင်း လူတိုင်း သိရှိထားကြပေသည်။
နှစ်ဖက်စလုံး၏ တိုက်ပွဲက ပိုမို ပြင်းထန်လာပြီး စက္ကန့်ပိုင်း အတွင်းမှာပင် လေဟာနယ်ထဲမှ လူများ အဆက်မပြတ် ပြုတ်ကျလာကြလေသည်။
ထိုအထဲတွင် ချီမိသားစုဝင်များ ပါဝင်သလို နဂါးကျား တာအိုဂိုဏ်းမှ လူများလည်း ပါဝင်ကြ၏။
ချီမိသားစုက အင်အား နည်းပါးနေသော်လည်း ယခု အခြေအနေကို လူတိုင်း ကောင်းစွာ သိရှိထားကြပေသည်။
အစွမ်းကုန် မတိုက်ခိုက်ပါက သေချာပေါက် သေရမည် ဖြစ်ရာ အသက်လု၍ တိုက်ခိုက်ခြင်းက ပိုကောင်းသည်ဟု ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်၏။
ထို့ကြောင့်ပင် ချီမိသားစု ဘက်က ချက်ချင်း ကျရှုံးမသွားခဲ့ခြင်း ဖြစ်သည်။
နဂါးကျား တာအိုဂိုဏ်းမှ လူများက သူတို့၏ အသက်ကို နှမြောနေကြသဖြင့် အချိန်ဆွဲထားပါက သေချာပေါက် အနိုင်ရမည်ဟု ထင်မှတ်ထားကြခြင်း ဖြစ်၏။
ဘာကြောင့် အသက်လုပြီး တိုက်ခိုက်နေရမှာလဲ။
"နင်ပင်း... ငါ ရောက်လာပြီ..."
ထိုအချိန်မှာပင် ဝေ့မိသားစု သခင်လေး ဝေ့ကျွင်းကျဲက နောက်ဆုံးတွင် ထွက်ပေါ်လာလေပြီ။
သူက ဝေ့မိသားစု တပည့်များကို အနောက်တွင် ထားရစ်ခဲ့ပြီး အဆင့်မြင့် ဝိညာဉ်ဓား တစ်လက်ကို ကိုင်ဆောင်ကာ ဟုန်ချန်ထံသို့ တိုက်ရိုက် ခုန်ဝင်သွားလေတော့သည်။
"ဟင်..."
အပြင်းအထန် တိုက်ခိုက်နေသော သူတို့ နှစ်ဦး ချက်ချင်း လူစုခွဲလိုက်ကြပြီး ချီဝမ်ကျင်းက မျက်ခုံးများကို တွန့်ကွေးလိုက်ကာ ဟုန်ချန်ကတော့ အေးစက်သော မျက်နှာထားဖြင့် သူ၏ ဓားကို လွှဲခုတ်လိုက်ရာ ဓားအလင်း များစွာ ချက်ချင်း ပေါက်ကွဲထွက်လာလေသည်။
အကူအညီ ရောက်လာသဖြင့် ချီမိသားစု ဘက်မှ စိတ်ဓာတ်များ အများကြီး တက်ကြွသွားကြလေသည်။
ချီဝမ်ကျင်းက ချီနင်ပင်း ကြောင့် ဝေ့ကျွင်းကျဲကို မုန်းတီးနေသော်လည်း အခြေအနေ အရပ်ရပ်ကို နားလည်ထားသဖြင့် ချက်ချင်းပင် ဟုန်ချန်ကို ဝင်ရောက် တိုက်ခိုက်လိုက်လေသည်။ ဝေ့ကျွင်းကျဲကို အပြည့်အဝ တိုက်ခိုက်ခွင့် မပေးနိုင်ချေ။
“ဝုန်း…”
ဟုန်ချန်၏ ဒေါသတကြီး တိုက်ခိုက်မှုက အလွန် အစွမ်းထက်လှပြီး လေပေါ်တွင် ပျံသန်းလာသော ဝေ့ကျွင်းကျဲ၏ မျက်နှာ ချက်ချင်း ပျက်ယွင်းသွားကာ မူလစွမ်းအင်များကို လျင်မြန်စွာ စုစည်း၍ ခုခံလိုက်ရလေသည်။
သို့သော်လည်း အနောက်သို့ ပေအတော်များများ လွင့်စင်သွားခဲ့ရ၏။
ထိုအချိန်မှသာ ဤလူမှာ ချီနင်ပင်း မဟုတ်ဘဲ ချီဝမ်ကျင်း ဖြစ်နေကြောင်း သူ ချက်ချင်း သတိပြုမိလိုက်လေသည်။
သူတို့ နှစ်ဦး၏ ရုပ်ရည်က ဆင်တူသော်လည်း အရှိန်အဝါ ကတော့ အလွန် ကွဲပြားလှပေသည်။
ချီဝမ်ကျင်း၏ ကြမ်းတမ်းလှသော တိုက်ခိုက်မှု ဟန်ပန်များကို ကြည့်ခြင်းအားဖြင့် ချီနင်ပင်းနှင့် လုံးဝ ကွဲပြားခြားနားကြောင်း သူ သိလိုက်ရ၏။
ထို့ကြောင့် ချက်ချင်းပင် တွေဝေသွားလေတော့သည်။
အနောက်သို့ ပြန်ဆုတ်ရန်ပင် စဉ်းစားလိုက်မိ၏။
အောက်ဘက်တွင် ဝေ့ကျွင်းကျဲ ရောက်လာသည်ကို မြင်လိုက်ရသော ဝေ့ယင်းကျဲ၏ မျက်ဝန်းများ ထဲတွင် ဝမ်းသာပျော်ရွှင်မှုများ ဖြတ်သန်းသွားလေသည်။
ချက်ချင်းပင် ဝိညာဉ်ဓားတောင်မှ တပည့် တစ်ဦးကို လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး လေပေါ်သို့ ပျံတက်သွားကာ အသံကို နှိမ့်၍ အော်ဟစ်လိုက်လေသည်။
"ကျွန်တော် ချီဝမ်ကျင်းကို ရင်ဆိုင်လိုက်မယ်... ခင်ဗျား အဲ့ဒီလူကို သွားသတ်လိုက်..."
"ကောင်းပြီ..."
ဟုန်ချန်က ခေါင်းညိတ်လိုက်လေသည်။ ဤသည်က အကောင်းဆုံးသော နည်းလမ်း ဖြစ်ကြောင်း သူ သိထားပေသည်။
မဟုတ်ပါက ဝေ့မိသားစုမှ လူများ ရောက်လာလျှင် ဤတစ်ကြိမ် ဝိုင်းဝန်း တိုက်ခိုက်မှုက အချိန် အတော်များများ ကြန့်ကြာသွားနိုင်ပေသည်။
ထို့ကြောင့် ချက်ချင်းပင် ဝေ့ကျွင်းကျဲထံသို့ ခုန်ဝင်သွားလိုက်လေသည်။
ဝေ့ကျွင်းကျဲ၏ စွမ်းအားက အားနည်းသော်လည်း သူ၏ မျက်လုံးများက အလွန် လျင်မြန်လှပေသည်။
တစ်ဖက်လူက သူ့ထံသို့ တိုးဝင်လာသည်ကို မြင်လိုက်ရသောအခါ မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ချက်ချင်း လှည့်ပြေးလေတော့သည်။
ဟုန်ချန်၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားပြီး အေးစက်စွာ အော်ဟစ်လိုက်လေသည်။
"ထွက်သွားစမ်း..."
"ဟွန့်..."
ထွက်သွားဆိုလည်း ထွက်သွားရုံပေါ့။
ဝေ့ကျွင်းကျဲက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ချက်ချင်း လှည့်ပြေးလေတော့သည်။ ဒေါသထွက်နေသည့် အရိပ်အယောင် လုံးဝ မပြချေ။
အနောက်မှ လိုက်လာသော ဝေ့မိသားစု တပည့်များလည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အချင်းချင်း ကြည့်လိုက်ကြပြီး လုံးဝ ဝင်မပါတော့ဘဲ လှည့်ကာ ထွက်ပြေးကြလေတော့သည်။
ဝေ့ကျွင်းကျဲ၏ ဝင်ရောက် နှောင့်ယှက်မှုက ဤတိုက်ပွဲတွင် ရေလှိုင်းလေး တစ်ခုသာ ဖြစ်ပေါ်သွားစေခဲ့ပြီး ကြီးမားသော ဂယက်များ မဖြစ်ပေါ်ခဲ့ချေ။
သို့သော် ဝေ့ယင်းကျဲ၏ ဝင်ရောက်လာမှုကတော့ ချီဝမ်ကျင်းကို ကြီးမားသော ဖိအားများ ပေးစွမ်းလာခဲ့လေပြီ။
ဟုန်ချန် တစ်ယောက်တည်းနှင့်ပင် သူမ အစွမ်းကုန် တိုက်ခိုက်နေရရာ ဟုန်ချန်ထက် မနိမ့်ကျသော အခြား သိုင်းပညာရှင် တစ်ဦး ထပ်မံ ရောက်ရှိလာသဖြင့် သူမ၏ ရင်ထဲတွင် ချက်ချင်း လေးလံသွားရလေသည်။
သို့သော် အောက်ဘက်တွင် အခြေအနေများ ပြန်လည် တည်ငြိမ်သွားသည်ကို တွေ့လိုက်ရသောအခါ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး နှစ်ယောက် တစ်ယောက် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်လေတော့သည်။
"အရင်ဆုံး ချီဝမ်ကျင်းကို သတ်မယ်... ပြီးမှ ဝေ့ကျွင်းကျဲ ဆိုတဲ့ အသုံးမကျတဲ့ ကောင်ကို သွားသတ်ကြတာပေါ့..."
ဟုန်ချန်က လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
ဝေ့ယင်းကျဲက အလွန် မကျေမနပ် ဖြစ်သွားသော်လည်း ယခု အခြေအနေ အရ ဝေ့ကျွင်းကျဲ ဆိုသော အသုံးမကျသည့် ကောင်ကို အရင်ဆုံး လွှတ်ထားလိုက်ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။
"ကောင်းပြီ..."
"ချီဝမ်ကျင်း... မင်းကို ငါတို့ နှစ်ယောက် ဝိုင်းဝန်း တိုက်ခိုက်တာက သိုင်းလောက စည်းကမ်း တွေနဲ့ မညီဘူး ဆိုပေမဲ့... ဒီကိစ္စက ဗောဓိ တာအိုအလင်းပြ အသီး နဲ့ သက်ဆိုင်နေတော့ ဒီတာအိုဆရာ လည်း လက်ပိုက်ကြည့်မနေနိုင်ဘူး... မင်းသာ ပါးနပ်မယ်ဆိုရင် အသာတကြည် အဖမ်းခံလိုက်ပါ... ငါ ဟုန်ချန် ကတိပေးတယ်... မင်းရဲ့ အသက်ကို လုံးဝ အန္တရာယ် မပေးဘူးလို့ စိတ်ဝိညာဉ် သွေးသစ္စာ ဆိုရဲတယ်..."
ဟုန်ချန်က လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
သူက စည်းကမ်းများကို တကယ် လိုက်နာနေခြင်း မဟုတ်ပေ။ ချီမိသားစု၏ သခင်မလေး ဖြစ်သော ချီဝမ်ကျင်းကို သတ်ပစ်၍ မရသောကြောင့်သာ ဖြစ်၏။ မဟုတ်ပါက နောက်ဆက်တွဲ ပြဿနာများက အလွန် ကြီးမားသွားမည် ဖြစ်ရာ သူ တာဝန်ယူနိုင်မည် မဟုတ်ချေ။
သေချာသည်မှာ သတ်ပစ်ခြင်း မဟုတ်ဘဲ အပြင်းအထန် ဒဏ်ရာရအောင် ပြုလုပ်မည် ဆိုပါက ပြဿနာ မရှိနိုင်ပေ။ လူမသေသရွေ့ ချီမိသားစု အနေဖြင့် မည်မျှပင် ဒေါသထွက်စေကာမူ နဂါးကျား တာအိုဂိုဏ်းကို စစ်ကြေညာမည် မဟုတ်ကြောင်း သူ ယုံကြည်ထားလေသည်။
"ရှင်တို့က... အဲ့ဒီလောက် အရည်အချင်း မရှိပါဘူး..."
ချီဝမ်ကျင်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး မျက်နှာပေါ်တွင် သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာလေသည်။
သူမက ကြောက်ရွံ့နေသည့် အရိပ်အယောင် လုံးဝ မပြသည့်အပြင် လှံကို ကိုင်ဆောင်ကာ အရင်ဆုံး စတင် တိုက်ခိုက်လိုက်လေတော့သည်။
"ကောင်းပြီ... မင်းက ဒီလောက်တောင် ခေါင်းမာနေမှတော့... ဒီတာအိုဆရာလည်း အားနာနေစရာ အကြောင်း မရှိတော့ဘူး..."
ဟုန်ချန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်ကောက်ဝတ်ကို လှည့်ကာ ဝိညာဉ်ဓားကို အားကုန် ခုတ်ပိုင်းလိုက်လေသည်။
"စကားတွေ အရမ်း များနေတာပဲ... အရင်ဆုံး ချီဝမ်ကျင်းကို သတ်မယ်... ပြီးမှ ဝေ့ကျွင်းကျဲ ဆိုတဲ့ အသုံးမကျတဲ့ ကောင်ကို သွားဖမ်းကြတာပေါ့..."
ဝေ့ယင်းကျဲက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ ဤကောင်းမွန်သော အခွင့်အရေးကြီးကို လွတ်သွားမည်ကို သူ လုံးဝ မလိုလားချေ။
စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူလည်း ချက်ချင်း စတင် တိုက်ခိုက်လိုက်လေသည်။
အောက်ဘက်ရှိ တိုက်ပွဲမှာလည်း ပြန်လည် စတင်သွားလေပြီ။
ချီမိသားစု တပည့် နှစ်ဦးက လေဟာနယ်ထက်သို့ ချက်ချင်း ပျံတက်သွားပြီး ဝင်ရောက် နှောင့်ယှက်နေသော ဝေ့ယင်းကျဲကို သွားရောက် ရင်ဆိုင်လိုက်ကြလေသည်။
သူတို့၏ စွမ်းအားက အားနည်းသော်လည်း ချီဝမ်ကျင်းကို ဝိုင်းဝန်း တိုက်ခိုက်ခံရမည်ကို လုံးဝ လက်ပိုက်ကြည့်မနေနိုင်ချေ။
မျက်တောင်တစ်ခတ် အတွင်းမှာပင် တိုက်ပွဲက ပြန်လည် စတင်သွားလေတော့သည်။
သို့သော် တိုက်ပွဲက အပြင်းအထန် ဖြစ်ပွားနေချိန်မှာပင် အဝေးဆီမှ ကောင်းကင်ယံတွင် ရွှေရောင် ကြယ်တံခွန် တစ်ခုက ကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်းကာ လျင်မြန်စွာ ချဉ်းကပ်လာလေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ပေပေါင်း ရာနှင့်ချီသော အကွာအဝေးကို ဖြတ်ကျော်လာပြီး အနီးသို့ ရောက်ရှိလာ၏။
တစ်ချိန်တည်းမှာပင် ထိုရွှေရောင် ကြယ်တံခွန်ကြီး၏ ကြောက်မက်ဖွယ် ကောင်းလှသော အရှိန်အဝါကြီးက ရွှမ်လင် လျှို့ဝှက်နယ်မြေ တစ်ခုလုံးရှိ လေထုကိုပင် မွှေနှောက်သွားစေပြီး အနောက်တွင်လည်း မည်းမှောင်နေသော တိမ်တိုက်ကြီးများက လိုက်ပါလာလေသည်။
အနောက်မှ ကာကွယ်ပေးနေသည့်အလားပင်။
နတ်ဆိုး ဘုရင် တစ်ပါး ထွက်ပေါ်လာသည့်အလားပင်။
ဤမျှ ကြီးမားလှသော လှုပ်ရှားမှုကြီးကြောင့် အပြင်းအထန် တိုက်ခိုက်နေကြသော လူတိုင်း သတိပြုမိသွားကြပြီး အားလုံးက မသိမသာ မော့ကြည့်လိုက်ကြရာ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပေါ်ထွက်လာလေတော့သည်။
"ယင်းကျို လား..."
ဤမျှ ကြောက်စရာ ကောင်းသော အရှိန်အဝါမျိုးက ချင်းထျန်းဂိုဏ်း၏ အတုအယောင် သိုင်းသခင် ထံမှသာ ထွက်ပေါ်လာနိုင်သည်ဟု ဝေ့ယင်းကျဲက ချက်ချင်း တွေးမိသွားပြီး ရင်ထဲတွင် အလွန် ဝမ်းသာသွားလေတော့သည်။
အောင်ပွဲက သူ၏ လက်တစ်ကမ်းတွင်သာ ရှိနေပြီး ဝေ့မိသားစု သခင်လေး နေရာမှာလည်း သေချာပေါက် ရရှိတော့မည် ဖြစ်၏။
"ဟင်..."
ဟုန်ချန်ကတော့ ဝေ့ယင်းကျဲ ဘာကြောင့် ဤမျှ ဝမ်းသာနေရမှန်း နားမလည်နိုင်သဖြင့် မျက်ခုံးများ တွန့်ကွေးသွားလေသည်။
သို့သော် လာနေသူမှာ မည်သူမည်ဝါ ဖြစ်ကြောင်း အမှန်တကယ် ခန့်မှန်းမိသူမှာ တစ်ယောက်တည်းသာ ရှိလေသည်။
ထိုသူမှာ ချီဝမ်ကျင်း ပင် ဖြစ်၏။
ကျန်းချဲ့နှင့် သူမ၏ အစ်ကိုကြီး ချီရှောက်ယန်တို့ တိုက်ခိုက်ခဲ့စဉ်က သူမ ကိုယ်တိုင် မျက်မြင် တွေ့ခဲ့ရဖူးသည်။
ထိုအချိန်က ကျန်းချဲ့ သည်လည်း ရွှေရောင် အလင်းတန်းများ အဖြစ် ပြောင်းလဲသွားခဲ့သည် မဟုတ်ပါလော။
သို့သော် ခြားနားချက် တစ်ခုကတော့ ယခု အရှိန်အဝါက ယခင်ကထက် အများကြီး ပို၍ အစွမ်းထက်နေခြင်းပင် ဖြစ်သည်။
နှစ်ခုလုံးကို နှိုင်းယှဉ်ကြည့်မည် ဆိုပါက ကောင်းကင်နှင့် မြေကြီး ကွာခြားသလို ကွာခြားလွန်းလှပေသည်။
ချီဝမ်ကျင်း၏ ခန့်မှန်းချက် မှန်ကန်ပေသည်။
ရွှေရောင် ကြယ်တံခွန် အဖြစ် ပြောင်းလဲလာသူမှာ ကျန်းချဲ့ ပင် ဖြစ်လေသည်။
အစတုန်းက သူနှင့် ချီနင်ပင်းတို့၏ ခရီးသွားနှုန်းမှာ သာမန် အဆင့်တွင်သာ ရှိခဲ့ပြီး ဤနေရာတွင် တိုက်ပွဲ ဖြစ်ပွားနေကြောင်းကို လုံးဝ မသိရှိခဲ့ချေ။
သို့သော် ဤနေရာရှိ ပေါက်ကွဲသံများက အလွန် ကျယ်လောင်လွန်းလှပြီး ဆယ်မိုင်ကျော် အထိ ပဲ့တင်ထပ်သွားခဲ့ရာ တိုက်ပွဲ ဖြစ်ပွားနေကြောင်း ကျန်းချဲ့ သတိပြုမိသွားပြီး တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရလေသည်။
ထို့ကြောင့် အမြင့်ဆုံး အမြန်နှုန်းကို အသုံးပြု၍ ဤနေရာသို့ အရှိန်အဟုန်ဖြင့် ပြေးလာခဲ့ခြင်း ဖြစ်၏။
ထို့နောက် ဟုန်ချန်က သူ၏ ဇနီးလောင်းကို တိုက်ခိုက်နေသည်ကို မြင်လိုက်ရသောအခါ သူ၏ ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ ချက်ချင်း ပေါက်ကွဲထွက်လာလေတော့သည်။
"ဟင်... မဟုတ်ဘူး..."
ကျန်းချဲ့က ပေတစ်ရာ အကွာသို့ ရောက်ရှိလာချိန်တွင် ဟုန်ချန်နှင့် ဝေ့ယင်းကျဲတို့ နှစ်ဦးစလုံး တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားကြလေသည်။
သူတို့၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကာ မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ လှည့်ကာ ထွက်ပြေးလေတော့သည်။
ဤမျှ ကြောက်စရာ ကောင်းသော အရှိန်အဝါမျိုးက သူတို့ လုံးဝ ယှဉ်ပြိုင်နိုင်မည့် အရာ မဟုတ်ချေ။
ထွက်ပြေးခြင်း ကသာ အကောင်းဆုံး လမ်းစဉ် ဖြစ်၏။
သို့သော် ယခုအချိန်တွင်တော့ နောက်ကျသွားခဲ့လေပြီ။
ပေတစ်ရာ အကွာအဝေး ဆိုသည်မှာ ကျန်းချဲ့ အတွက် မျက်တောင်တစ်ခတ် အတွင်းသာ ဖြစ်ပေသည်။
သူက ဘာစကား တစ်ခွန်းမှ မပြောတော့ချေ။
အင်္ကျီလက် အတွင်းမှ ဝမ်ကျဲ့ မိစ္ဆာဓားက ချက်ချင်း ထွက်ပေါ်လာပြီး ခန္ဓာကိုယ် အတွင်းရှိ ရွှေအမြုတေ၏ စွမ်းအားများ အားလုံး စုစည်းသွားကာ လေဟာနယ် တစ်ခုလုံးရှိ ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များလည်း ချက်ချင်း ရောနှောသွားလေသည်။
သိုင်းစိတ်ဆန္ဒလည်း အပြည့်အဝ ပွင့်ထွက်သွား၏။
လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် လေဟာနယ်၏ အရောင်ပင် ပြောင်းလဲသွားလေသည်။
ကြောက်မက်ဖွယ် ကောင်းလှသော ဓားအလင်းကြီး တစ်ခုက ကောင်းကင်နှင့် မြေကြီး ကြားတွင် ရုတ်တရက် ထွက်ပေါ်လာလေတော့သည်။
ဓားတစ်ချက် ထွက်ပေါ်လာသည်နှင့် ကောင်းကင် အရောင် ပြောင်းသွားလေသည်။
ဓားတစ်ချက် ထွက်ပေါ်လာသည်နှင့် တိမ်မည်းများ လွှမ်းခြုံသွားလေသည်။
ဓားတစ်ချက် ထွက်ပေါ်လာသည်နှင့် သွေးပင်လယ်ကြီး ပွက်ပွက်ဆူသွားလေသည်။
ကြောက်မက်ဖွယ် ဓားအလင်းကြီးက ကောင်းကင်ကို ခွဲထုတ်လိုက်သည့်အလား အရှိန်အဟုန်ဖြင့် ကျဆင်းလာရာ အလယ်တည့်တည့်တွင် ရှိနေသော ဟုန်ချန်၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားပြီး ဤလူမှာ မည်သူ ဖြစ်ကြောင်း နောက်ဆုံးတွင် သူ သိလိုက်ရလေပြီ။
'ကျန်းချဲ့…’
'ကျန်းချဲ့ ဖြစ်နေပါလား…’
'သူ... ရွှေအမြုတေ တည်ဆောက်ပြီးသွားပြီလား…’
သူ၏ ရင်ထဲတွင် အလွန်တရာ ကြီးမားလှသော အန္တရာယ် အငွေ့အသက်များကို ခံစားလိုက်ရပြီး ထိုသိုင်းစိတ်ဆန္ဒ အောက်တွင် ဒူးထောက်ချင်စိတ်များပင် ဖြစ်ပေါ်လာရလေသည်။
သို့သော် သူ၏ ကိုယ်ပိုင် သိုင်းစိတ်ဆန္ဒဖြင့် မနည်း ခုခံထားလိုက်ရ၏။
သို့သော် ၎င်းမှာ ဂယက်ရိုက်ခတ်မှု သက်သက်သာ ဖြစ်ပေသည်။
အမှန်တကယ် ကြောက်စရာ ကောင်းသည်မှာ ထိုဓားအလင်းကြီး ပင် ဖြစ်၏။
ဟုန်ချန်က ဓားအလင်း ရာပေါင်းများစွာကို လျင်မြန်စွာ စုစည်း၍ ကျန်းချဲ့၏ ဓားချက်ကို ခုခံရန် ကြိုးစားလိုက်လေသည်။
သို့သော် အလွန် ရှင်းလင်းလှသည်မှာ ဟုန်ချန်၏ အတွေးများက လွန်ကဲနေပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေခြင်းပင် ဖြစ်သည်။
သူ၏ ဓားအလင်း ရာပေါင်းများစွာက ကျန်းချဲ့၏ ဓားအလင်းကြီးနှင့် ထိတွေ့လိုက်သည်နှင့် ချက်ချင်း ပျက်စီးသွားလေသည်။
လက်ထဲရှိ ဝိညာဉ်ဓားကလည်း လေဟာနယ်ထဲတွင် တစ်စစီ ကျိုးပဲ့သွားပြီး ခန္ဓာကိုယ် ပတ်လည်ရှိ မွေးရာပါ အတွင်းအား အကာအကွယ်များလည်း မျက်တောင်တစ်ခတ် အတွင်းမှာပင် ပျောက်ကွယ်သွားလေတော့သည်။
ကိုယ်ပေါ်ရှိ အဝတ်အစားများ လုံးဝ ပျက်စီးသွား၏။
နောက်တစ်ခဏတွင် ဓားအလင်းကြီး ကျဆင်းလာလေပြီ။
လေဟာနယ် တစ်ခုလုံး ရပ်တန့်သွားပြီး ကောင်းကင်နှင့် မြေကြီး အားလုံး တိတ်ဆိတ်သွားလေသည်။
အရာအားလုံးက ဤဓားတစ်ချက် အောက်တွင် အေးခဲသွားသည့်အလားပင်။
ဟုန်ချန်၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ အပြည့်အဝ ရှိနေဆဲ ဖြစ်ပြီး လေဟာနယ်ထဲတွင် ရပ်တန့်နေလေသည်။
သူ၏ နဖူး အလယ်တည့်တည့်မှ ခြေမျက်စိ အထိ အလွန် ထင်ရှားသော အနီရောင် မျဉ်းကြောင်း တစ်ကြောင်း ပေါ်ထွက်နေ၏။
တစ်စက္ကန့် ခန့် အကြာတွင်တော့ ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီး တစ်ခုက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေလေသည်။
ဟုန်ချန်၏ အောက်ဘက် မြေပြင်တွင်တော့ ပေဆယ်ချီ နက်ပြီး ပေပေါင်းများစွာ ရှည်လျားသော ကြောက်မက်ဖွယ် ဓားရာကြီး တစ်ခု ထွက်ပေါ်နေပြီး မြေပြင် တစ်ခုလုံး ပြိုကျသွားကာ ဖုန်မှုန့်များ သောင်းသောင်းညံ ထသွားလေတော့သည်။
လေဟာနယ်ထဲရှိ ဟုန်ချန်၏ ခေါင်းထဲတွင်တော့ ယခုအချိန်၌ စကားတစ်ခွန်းသာ ရှိတော့လေသည်။
တိုက်ပွဲ မစတင်မီက ချီဝမ်ကျင်း ပြောခဲ့သော စကားတစ်ခွန်းပင် ဖြစ်၏။
'တကယ်လို့ ကျွန်မရဲ့ ခင်ပွန်းသာ ဒီနေရာမှာ ရှိနေရင်... ဓားတစ်ချက်တည်းနဲ့တင် ရှင့်ကို ခုတ်ပိုင်းပစ်နိုင်တယ်...'
'အဲ့ဒီအချိန်တုန်းက ငါ မယုံကြည်ခဲ့ဘူး... အခုတော့ ယုံသွားပြီ...
ချီဝမ်ကျင်းက အပိုပြောနေတာ မဟုတ်ဘူး... ကျန်းချဲ့က ငါ့ကို တကယ်ပဲ ဓားတစ်ချက်တည်းနဲ့ သတ်နိုင်စွမ်း ရှိတယ်...'
မျက်လုံးများကို လှည့်ကာ ဟုန်ချန်က သူ၏ နဖူးပေါ်ရှိ သွေးရာကို စမ်းကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်ထွက်လာလေသည်။
'အနန္တ တန်ခိုးရှင်... ကျန်းချဲ့ ဆိုတဲ့ သေချင်းဆိုးက... ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြောက်စရာ ကောင်းနေရတာလဲ...'
သူ၏ မျက်ဝန်းများ ထဲရှိ အလင်းရောင်များက တဖြည်းဖြည်း မှေးမှိန်သွားပြီး ခေါင်းမော့ကြည့်ရန် ကြိုးစားလိုက်သော်လည်း သူ၏ ခန္ဓာကိုယ် အတွင်း၌ ကြောက်မက်ဖွယ် စွမ်းအားကြီး တစ်ခု ပေါက်ကွဲထွက်လာကြောင်း ခံစားလိုက်ရလေသည်။
ထို့နောက်...
“ဘုန်း…”
သွေးမိုးများ အဖြစ် ပေါက်ကွဲထွက်သွားလေတော့သည်။
ထိုအခိုက်အတန့် တွင် ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားတော့သည်။