← Chapters

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း (၂၁၈) အားလုံးကို တုန်လှုပ်သွားစေခြင်း

ကျန်းချဲ့၏ အစွမ်းကုန် ခုတ်ပိုင်းလိုက်သော ဓားတစ်ချက်က စွမ်းအား အနည်းငယ်ပင် ချန်လှပ်ထားခြင်း မရှိချေ။ ထိုကြောက်မက်ဖွယ် လှုပ်ရှားမှုကြီးကြောင့် နေရာတွင် ရှိနေသူ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး လေဟာနယ်ထဲရှိ ထိုပုံရိပ်ကို ထိတ်လန့်တကြား မော့ကြည့်နေကြလေသည်။

ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ထွက်ပေါ်လာပြီး ပွဲဖျက်မည့်သူမှာ ကျန်းချဲ့ ဖြစ်နေလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြချေ။ ထို့အပြင် သူ၏ စွမ်းအားက ဤမျှလောက် ကြောက်စရာ ကောင်းနေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ကြပေ။

ဓားတစ်ချက်... ဓားတစ်ချက်တည်းဖြင့် နဂါးကျား တာအိုဂိုဏ်းမှ ဟုန်ချန်ကို ခုတ်ပိုင်း သတ်ဖြတ်လိုက်ခြင်းပင်။ တိုက်ပွဲ မစတင်မီကသာ ဆိုလျှင် ဤကဲ့သို့သော ကိစ္စမျိုးကို မည်သူကမျှ ယုံကြည်ကြမည် မဟုတ်ချေ။ ကျန်းချဲ့ မည်မျှပင် အစွမ်းထက်နေပါစေ ဟုန်ချန် ကလည်း နာမည်မသိ လူစိမ်း တစ်ယောက် မဟုတ်ပေ။ နဂါးကျား တာအိုဂိုဏ်း၏ ရွှေအမြုတေ အဆင့်အောက်တွင် ပြိုင်ဘက်ကင်းသူ တစ်ဦး အဖြစ် ယွဲ့ပြည်နယ် တစ်ခုလုံးတွင် သူ၏ နာမည်သတင်းက အလွန် ကြီးမားလှပေသည်။

သူ့ကို ယှဉ်ပြိုင်နိုင်သူများမှာ အင်အားစုကြီး အသီးသီးမှ ထိပ်တန်း တပည့်များသာ ရှိလေသည်။ သို့သော် ရလဒ် ကတော့... သူတို့ အားလုံး တွေးတာ လွန်သွားခဲ့ခြင်းသာ ဖြစ်၏။

သေချာသည်မှာ ကျန်းချဲ့နှင့် ဟုန်ချန်တို့ ကြားရှိ ကျင့်ကြံမှု အဆင့် ကွာဟချက်ကို လူတိုင်း မြင်တွေ့ခဲ့ကြပေသည်။ ဤနေရာရှိ လူတိုင်းက ရွှေအမြုတေ သိုင်းသခင် များနှင့် မစိမ်းလှသဖြင့် ကျန်းချဲ့၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် အရှိန်အဝါများကို ကောင်းစွာ ခံစားမိကြလေသည်။ သူက သေချာပေါက် ရွှေအမြုတေ အဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်၏။ သို့သော် ဤသည်က အလွန်တရာ ထိတ်လန့်စရာ ကောင်းနေဆဲပင်။

အထိတ်လန့်ဆုံး သူများကို ပြရမည် ဆိုလျှင်တော့ နဂါးကျား တာအိုဂိုဏ်းမှ တပည့်များနှင့် မည်သူမည်ဝါ ဖြစ်ကြောင်း ထုတ်ဖော် မပြသရသေးသော ဝေ့ယင်းကျဲ ပင် ဖြစ်ပေသည်။

အစတုန်းကတော့ ဝေ့ယင်းကျဲ အနေဖြင့် ဤမျှ ကြောက်စရာ ကောင်းသော လှုပ်ရှားမှုကြီးမှာ ချင်းထျန်းဂိုဏ်းမှ ယင်းကျို ဖြစ်မည်ဟု ထင်မှတ်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လျှို့ဝှက်နယ်မြေ အတွင်းသို့ မဝင်ရောက်မီ ကတည်းက တစ်ဖက်လူ ရွှေအမြုတေ တည်ဆောက်ရန် ပြင်ဆင်နေကြောင်းကို သူ ကောင်းစွာ သိရှိထားသောကြောင့်ပင်။

ယင်းကျို ရောက်လာပြီဟု ထင်မှတ်ပြီး အောင်ပွဲခံနိုင်ပြီဟု တွေးတောနေခဲ့ခြင်း ဖြစ်၏။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ မျက်တောင်တစ်ခတ် အတွင်းမှာပင် အခြေအနေများက လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။

ဟုန်ချန် တစ်ယောက် ဓားတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရပြီးနောက် နဂါးကျား တာအိုဂိုဏ်းနှင့် လင်းမိသားစုမှ တပည့်များ ချက်ချင်းပင် တိုက်ခိုက်လိုစိတ်များ လုံးဝ ပျောက်ကွယ်သွားကြလေသည်။

သိုင်းသခင် တစ်ပါး၏ စွမ်းအားကို စမ်းသပ်ကြည့်လိုသည့် အရိပ်အယောင် လုံးဝ မရှိကြတော့ချေ။ ထိုအထဲတွင် သေချာပေါက် သူလည်း ပါဝင်နေပေသည်။

သူ မည်မျှပင် မာနကြီးနေစေကာမူ ဟုန်ချန်၏ စွမ်းအားက သူနှင့် မတိမ်းမယိမ်း ရှိကြောင်း ကောင်းစွာ သိရှိထားသည်။ သူက အနည်းငယ် သာလွန်ကောင်း သာလွန်နိုင်သော်လည်း ကွာဟချက်က အများကြီး မရှိချေ။ ယခု ဟုန်ချန် တစ်ယောက် မျက်တောင်တစ်ခတ် အတွင်းမှာပင် သေဆုံးသွားခဲ့ပြီ ဖြစ်ရာ သူ့အနေဖြင့် မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။

ထို့ကြောင့် ယခုအချိန်တွင် သူ၏ ခေါင်းထဲ၌ အတွေးတစ်ခုသာ ရှိတော့လေသည်။

ထွက်ပြေးရန်ပင် ဖြစ်၏။

မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ သူ၏ ဒန်ထျန်း အတွင်းရှိ မူလစွမ်းအင်များကို ချက်ချင်း လောင်ကျွမ်းစေလိုက်ပြီး ထွက်ပြေးနေစဉ် အတွင်းမှာပင် နဂါးကျား တာအိုဂိုဏ်းမှ လူနှစ်ယောက်ကို ဆွဲယူကာ အချိန်ဆွဲရန်အတွက် ဓားစာခံ အဖြစ် အသုံးပြုလိုက်လေသည်။

သို့သော် ဤသည်က ကျန်းချဲ့၏ အမြင်တွင် အလွန်တရာ အပိုလုပ်နေခြင်းသာ ဖြစ်ပေသည်။ သူ၏ ကျင့်ကြံမှု အမြန်နှုန်းဖြင့် ဆိုပါက သူသာ လိုချင်ပါက မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုသူများကို လိုက်မီနိုင်ပေသည်။

ထို့ကြောင့် ဟုန်ချန်ကို သတ်ဖြတ်ပြီးနောက် ကျန်းချဲ့က လုံးဝ ရပ်တန့်မနေတော့ဘဲ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်က ပေပေါင်းများစွာ အကွာအဝေးကို ဖြတ်ကျော်သွားပြီး ခန္ဓာကိုယ် ပတ်လည်တွင် မရေမတွက်နိုင်သော နဂါးပုံသဏ္ဌာန် အတွင်းအားများ ဝန်းရံလာလေသည်။

ထို့နောက် ကြောက်မက်ဖွယ် နဂါးဟိန်းသံကြီးက ကောင်းကင်ကို ပဲ့တင်ထပ်သွားလေတော့သည်။

နဂါးပုံသဏ္ဌာန် အတွင်းအား တစ်ခု ကျဆင်းလာတိုင်း နဂါးကျား တာအိုဂိုဏ်းမှ တပည့် တစ်ယောက်စီ လေဟာနယ်ထဲမှ မြေပြင်ပေါ်သို့ ပြုတ်ကျ သေဆုံးသွားကြလေသည်။ မည်သူကမျှ ကျန်းချဲ့၏ တိုက်ခိုက်မှု တစ်ချက်ကိုပင် ခုခံနိုင်စွမ်း မရှိကြချေ။

အောက်ဘက်ရှိ ချီမိသားစု တပည့်များမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြပြီး ရင်ထဲတွင် အလွန်တရာ တုန်လှုပ်နေကြလေသည်။ သူတို့ အနေဖြင့် အသက်လု၍ မနည်း တောင့်ခံနေရသော ကြီးမားလှသည့် ရန်သူများက ကျန်းချဲ့၏ လက်ထဲတွင် တစ်ကွက်မျှပင် မခုခံနိုင်ကြချေ။ အရပ်လေးမျက်နှာကို အပြတ်အသတ် သတ်ဖြတ်နေပြီး အလွန်တရာ ရက်စက်ကြမ်းကြုတ်လှပေသည်။

တစ်ချိန်တည်းမှာပင် သူတို့၏ ရင်ထဲ၌ အလွန်တရာ ကံကောင်းသည်ဟုလည်း ခံစားနေကြရ၏။ အကယ်၍ ကျန်းချဲ့သာ အချိန်မီ မရောက်လာခဲ့ပါက သူတို့၏ ကံကြမ္မာက မည်သို့ ဖြစ်သွားမည်ကို တွေးကြည့်ရုံဖြင့်ပင် သိနိုင်ပေသည်။

"မလုပ်ပါနဲ့..."

"အသက်ချမ်းသာ ပေးပါ... သခင်လေးကျန်း..."

"ငါက နဂါးကျား တာအိုဂိုဏ်း က..."

"ငါ့အဖေ က လီ..."

ထွက်ပြေးနေကြသော နဂါးကျား တာအိုဂိုဏ်း မှ တပည့်များက ဘေးနားရှိ ဆရာတူ ညီအစ်ကိုများ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားသည်ကို မြင်လိုက်ရသောအခါ လုံးဝ ခုခံနိုင်စွမ်း မရှိတော့ဘဲ သူတို့၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်များ လုံးဝ ပြိုလဲသွားလေတော့သည်။

ကျန်းချဲ့ကို အသက်ချမ်းသာ ပေးရန် တောင်းပန်လာကြပြီး အချို့က သူတို့၏ မိသားစု နောက်ခံများကိုပင် ထုတ်ဖော် ပြောဆိုကာ ကျန်းချဲ့ အနေဖြင့် လက်ညှာတာပေးရန် ကြိုးစားနေကြလေသည်။

သို့သော် ကျန်းချဲ့ ကတော့ လုံးဝ မကြားသည့်အလား သူတို့ကို စကားပြောရန် အခွင့်အရေးပင် မပေးတော့ချေ။ လေဟာနယ်ထဲတွင် သွေးရောင် မီးရှူးမီးပန်းများအလား တစ်ယောက်ပြီး တစ်ယောက် ပေါက်ကွဲထွက်သွားကြပြီး အလွန်တရာ သွေးပျက်စရာ ကောင်းလှပေသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် လူတိုင်း နီးပါး ပွဲချင်းပြီး သေဆုံးသွားကြလေပြီ။

အဝေးဆုံးသို့ ထွက်ပြေးနိုင်ခဲ့သော ဝေ့ယင်းကျဲ တစ်ယောက်တည်းသာ ကျန်ရှိတော့သည်။ သူ၏ ကိုယ်ပေါ်တွင် အစွမ်းထက်သော မှော်အဆောင် တစ်ခုကို အသုံးပြုထားသည့်အလား အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ မျက်တောင်တစ်ခတ် အတွင်းမှာပင် အလွန် ဝေးကွာသော အကွာအဝေးကို ရောက်ရှိသွားခဲ့၏။ သူ လွတ်မြောက်သွားပြီဟု ထင်မှတ်လိုက်သော အချိန်မှာပင်...

တိုးညှင်းသော အသံတစ်ခုက နားထဲသို့ ရောက်ရှိလာလေသည်။

"ဒီအထိ ရောက်လာပြီ ဆိုမှတော့... ဒီမှာပဲ နေခဲ့လိုက်တော့ကွာ..."

"ဘာ..."

ဝေ့ယင်းကျဲ အလွန်တရာ ထိတ်လန့်သွားပြီး အနောက်သို့ လက်ဝါးဖြင့် ချက်ချင်း ရိုက်ချလိုက်လေသည်။ သို့သော် အနောက်ဘက်တွင် ဘာမှ မရှိချေ။ ထို့နောက် အလွန် ကြီးမားလှသော သိုင်းစိတ်ဆန္ဒ ကြီး တစ်ခုက သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားလေတော့သည်။ မျက်စိရှေ့တွင် သွေးရောင်များ ဖုံးလွှမ်းသွားပြီး မျက်ဝန်းများ ထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ အပြည့်အဝ ပေါ်ထွက်လာ၏။

"ဝုန်း..."

ဝေ့ယင်းကျဲ ၏ အလောင်းက ခွေးသေ တစ်ကောင်အလား မြေပြင်ပေါ်သို့ အပစ်ခံလိုက်ရပြီး ကျန်းချဲ့က သူ့ကို တစ်ချက်ပင် ထပ်မကြည့်တော့ချေ။ တစ်ဖက်လူ၏ စွမ်းအားက အမှန်တကယ်ပင် မဆိုးလှသော်လည်း ကျန်းချဲ့ အစွမ်းကုန် တိုက်ခိုက်လိုက်သော အချိန်တွင်တော့ လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ချေ။

များပြားလှသော မကောင်းဆိုးဝါး အငွေ့အသက်များ ပေါင်းစပ်ထားသော သွေးပင်လယ် သိုင်းစိတ်ဆန္ဒ မှာ ကြောက်မက်ဖွယ် အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ရာ ဝေ့ယင်းကျဲ ၏ တာအိုစိတ်နှလုံး က ဤကဲ့သို့သော ကြောက်စရာကောင်းသည့် သိုင်းစိတ်ဆန္ဒ၏ ရိုက်ခတ်မှုကို လုံးဝ မခုခံနိုင်ခဲ့ချေ။ မျက်တောင်တစ်ခတ် အတွင်းမှာပင် စိတ်ပိုင်းဆိုင်ရာ အရ လုံးဝ ပြိုလဲသွားခဲ့လေပြီ။

"ဝေ့မိသားစု က ဝေ့ယင်းကျဲ ပဲ..."

"ဘာ... သူ ဖြစ်နေတာလား..."

"သေချင်းဆိုး... ဝေ့မိသားစု က ဖြစ်နေတာကိုး..."

ဝေ့ယင်းကျဲ သေဆုံးသွားချိန်တွင် သူ၏ အခြေအနေက ချီမိသားစုဝင်များ၏ အာရုံစိုက်မှုကို ရရှိသွားခဲ့လေသည်။ အလျင်အမြန် သွားရောက်၍ မျက်နှာပေါ်ရှိ အနက်ရောင် ပဝါကို ဆွဲခွာလိုက်ရာ သူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသဖြင့် အားလုံးက ဒေါသတကြီး အော်ဟစ်နေကြလေတော့သည်။

အခြားတစ်ဖက်တွင် ကျန်းချဲ့က ဤအနက်ရောင် ဝတ်ရုံရှင်ကို သိုင်းစိတ်ဆန္ဒ ဖြင့် ခြေမှုန်းလိုက်စဉ် ကတည်းက သူ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို သိရှိပြီး ဖြစ်သည်။ သို့သော် မည်သည့် အမူအရာမျှ မပြသခဲ့ဘဲ ဤနောက်ဆုံး ရန်သူကို ရှင်းလင်းပြီးနောက် ချီဝမ်ကျင်း ၏ အနီးသို့ ရောက်ရှိလာလေသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူမ၏ ဘေးသို့ ရောက်ရှိလာပြီး သူမ၏ သေးသွယ်သော ခါးလေးကို ဖက်ကာ စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် မေးလိုက်၏။

"မင်း ဘာမှ မဖြစ်ဘူးမလား..."

"ဘာ... ဘာမှ မဖြစ်ပါဘူး..."

ခါးပေါ်သို့ ရောက်နေသော လက်ကြီးကို တစ်ချက် ကြည့်လိုက်ပြီး ထိုလက်ပေါ်မှ ထွက်ပေါ်နေသော နွေးထွေးမှုကို ခံစားလိုက်ရသောအခါ ချီဝမ်ကျင်း ၏ ရင်ထဲတွင် မနေနိုင်ဘဲ တုန်ခါသွားရပြီး မျက်နှာပေါ်တွင်လည်း အလိုအလျောက် နီမြန်းသော အရိပ်အယောင်များ ပေါ်ထွက်လာလေသည်။ စောစောက ကျန်းချဲ့ တစ်ယောက် ရုတ်တရက် ထွက်ပေါ်လာပြီး ဟုန်ချန်ကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သော ပြိုင်ဘက်ကင်း အသွင်အပြင် နှင့် မျက်တောင်တစ်ခတ် အတွင်းမှာပင် ရန်သူ အားလုံးကို ခြေမှုန်းပစ်လိုက်သော ပုံရိပ်များက သူမ၏ ရင်ထဲတွင် အခိုင်အမာ စွဲထင်သွားခဲ့ပြီ ဖြစ်၏။

မျက်ဝန်းများ ထဲတွင် အလင်းရောင်များ တောက်ပနေပြီး ယခုအချိန်တွင် ကျန်းချဲ့က သူမ၏ အနီးသို့ ကပ်လာသောအခါ သူမ၏ မျက်နှာပေါ်ရှိ အမူအရာများကို လုံးဝ ဖုံးကွယ်မထားနိုင်တော့ချေ။

"နည်းနည်းလေး နောက်ကျသွားတော့မလို့... ဘာမှ မဖြစ်ရင် တော်သေးတာပေါ့..."

ကျန်းချဲ့က ပေါ့ပေါ့ပါးပါး ပြုံးလိုက်လေသည်။ ဗောဓိ တာအိုအလင်းပြ အသီး လုံးဝ မရင့်မှည့်သေးသော အချိန်တွင် ဤနေရာ၌ တိုက်ပွဲကြီး ဖြစ်ပွားနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ ယခင်က လမ်းတစ်လျှောက်တွင် ဝိညာဉ်ဓားတောင် မှ တပည့်များကို သူ တွေ့ခဲ့ဖူးသည်။ သူ၏ အမြန်နှုန်း အနည်းငယ် နောက်ကျလျှင်တောင်မှ အချိန်မီ ရောက်နိုင်မည်ဟု ထင်မှတ်ထားခဲ့သဖြင့် အများကြီး အလျင်မလိုခဲ့ချေ။

သို့သော် လက်တွေ့တွင်တော့ တိုက်ပွဲက စောစောစီးစီး ဖြစ်ပွားနေခဲ့လေပြီ။ အကယ်၍ သူသာ နောက်ထပ် တစ်ခဏလောက် နောက်ကျသွားမည် ဆိုပါက ဤနေရာရှိ သေဆုံး ဒဏ်ရာရမှုများက အများကြီး ပိုများသွားမည်မှာ အသေအချာပင်။

"ရှင်... ရှင် ဘယ်အချိန်တုန်းက ရွှေအမြုတေ တည်ဆောက်လိုက်တာလဲ..."

ချီဝမ်ကျင်းက ကျန်းချဲ့၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော ကြီးမားလှသည့် အရှိန်အဝါများကို ခံစားလိုက်ရသဖြင့် မနေနိုင်ဘဲ မေးမြန်းလိုက်လေသည်။ သူမ၏ မျက်ဝန်းများ ထဲတွင်လည်း အနည်းငယ် စိုးရိမ်မှုများ ပါဝင်နေ၏။ သူမ ကိုယ်တိုင်လည်း ရွှေအမြုတေ တည်ဆောက်ရန် ခြေတစ်လှမ်းသာ လိုတော့သော်လည်း လျှို့ဝှက်နယ်မြေ အတွင်း၌ ရွှေအမြုတေ တည်ဆောက်ရန် လုံးဝ မတွေးတောခဲ့ဖူးချေ။

အလွန်တရာ အန္တရာယ် များလွန်းလှပေသည်။ ရွှေအမြုတေ တည်ဆောက်ခြင်းက သေးငယ်သော ကိစ္စရပ် တစ်ခု မဟုတ်ချေ။ ပုံမှန်အားဖြင့် လဝက်ခန့် ကြိုတင် ပြင်ဆင်ရပြီး အစောင့်အရှောက် များလည်း လိုအပ်ပေသည်။ ထိုသို့ ပြုလုပ်မှသာ အလွဲအချော် ကင်းစင်မည် ဖြစ်ပြီး အကယ်၍ တစ်စုံတစ်ယောက်က ရုတ်တရက် ဝင်ရောက် နှောင့်ယှက်မည် ဆိုပါက နောက်ဆက်တွဲ ဆိုးကျိုးများကို တွေးကြည့်၍ပင် မရနိုင်ချေ။

"လျှို့ဝှက်နယ်မြေ ထဲကို စဝင်တဲ့ အချိန်တုန်းက ကံကောင်းမှု တချို့ ရခဲ့လို့ မဖြစ်မနေ ရွှေအမြုတေ တည်ဆောက်လိုက်ရတာပါ..."

ကျန်းချဲ့က ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်သော်လည်း ဤကိစ္စနှင့် ပတ်သက်၍ အများကြီး မပြောပြခဲ့ချေ။ စကားများများ ပြောလေ အမှားများလေ ဖြစ်နိုင်သည်လေ။

"ဒီတစ်ကြိမ် ရှင် အချိန်မီ ရောက်လာလို့ တော်သေးတာပေါ့... မဟုတ်ရင် နောက်ဆက်တွဲ အခြေအနေကို တွေးကြည့်လို့တောင် မရဘူး..."

ချီဝမ်ကျင်းက ကျန်းချဲ့ကို စူးစိုက်ကြည့်လိုက်ပြီး စက္ကန့်အနည်းငယ် အကြာတွင် ခေါင်းလှည့်ကာ အောက်ဘက်ရှိ အခြေအနေများကို ကြည့်ရင်း မျက်ခုံးများ တွန့်ကွေးသွားလေသည်။ တိုက်ပွဲ ဖြစ်ပွားခဲ့သည်မှာ အမွှေးတိုင် တစ်တိုင်စာ အချိန်ခန့်သာ ရှိသေးသော်လည်း ချီမိသားစု တပည့် နှစ်ဦး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ကျန်ရှိနေသော သူများမှာလည်း အားလုံးနီးပါး ဒဏ်ရာရနေကြပြီး သူမ ကိုယ်တိုင်သာ စွမ်းအား မနိမ့်ကျသဖြင့် ဒဏ်ရာ မရခဲ့ခြင်း ဖြစ်၏။

သို့သော် သူမ တစ်ယောက်တည်းဖြင့် လူအများအပြားကို ရင်ဆိုင်ရန်မှာ အလွန် ခက်ခဲလှပေသည်။ ကျန်းချဲ့ ရောက်ရှိလာခြင်းက သေချာပေါက် အဆုံးအဖြတ်ပေးနိုင်သော အကူအညီ တစ်ခုပင် ဖြစ်လေသည်။

"ဟီးဟီး..."

ကျန်းချဲ့က ရယ်မောလိုက်သော်လည်း အောက်ဘက်ရှိ များပြားလှသော အလောင်းများကို ကြည့်ရင်း အနည်းငယ် နှမြောနေမိလေသည်။ အစတုန်းက သူ၏ အကြံအစည်မှာ နောက်ဆုံး အချိန်ရောက်မှသာ သူတို့ကို သတ်ဖြတ်ပြီး ပစ္စည်းများကို လုယူကာ အကြီးမားဆုံး အကျိုးအမြတ်ကို ရယူရန် ဖြစ်၏။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ သူတို့ ကိုယ်တိုင်က သေလမ်းကို အလျင်စလို လာရှာနေကြခြင်းပင် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူတို့ကို အလွယ်တကူ ထွက်ပြေးခွင့် ပေးလိုက်မည် မဟုတ်ချေ။

"ဒါနဲ့... နင်ပင်း ကော..."

ချီဝမ်ကျင်း က ညီမလေး ဖြစ်သူကို သတိရသွားပြီး အလျင်အမြန် မေးလိုက်လေသည်။

"နင်ပင်း က အနောက်မှာ ကျန်ခဲ့တယ်... မကြာခင် ရောက်လာတော့မှာပါ... ဒီဘက်က အသံတွေကို ကြားလိုက်ရတော့ မင်း တစ်ခုခု ဖြစ်မှာ စိုးရိမ်လို့ ကျုပ် အရင် ပြေးလာခဲ့တာ..."

"အို... ကျေးဇူးတင်ပါတယ်..."

စကားပြော မကျွမ်းကျင်သော ချီဝမ်ကျင်း က အလွန် လေးနက်စွာ ကျေးဇူးတင်စကား ပြောလိုက်လေသည်။

"စေ့စပ်ပြီးသား လူတွေပဲဟာကို... ကျေးဇူးတင်စကား ပြောနေဖို့ လိုသေးလို့လား... တကယ်လို့ ကျေးဇူးတင်ချင်တယ် ဆိုရင်လည်း..."

ကျန်းချဲ့၏ စကားသံ ရပ်တန့်သွားပြီး သူ၏ အကြည့်များက ချီဝမ်ကျင်း ၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားကာ ပြုံးလျက် စကားမပြောဘဲ နေလိုက်လေသည်။ ချီနင်ပင်းကိုတော့ သိမ်းပိုက်ပြီးသွားပြီ ဖြစ်ရာ ချီဝမ်ကျင်း တစ်ယောက်သာ လိုတော့လေသည်။ သူတို့ ညီအစ်မ နှစ်ယောက်က အပြင်ပန်းတွင် ရုပ်ရည် ဆင်တူကြသော်လည်း အတွင်းပိုင်းတွင်ကော တူညီမှု ရှိမရှိ ဆိုသည်ကို သူ အမှန်တကယ်ပင် သိချင်နေမိ၏။

"လက်ထပ်ပြီးတဲ့ အချိန်ကျမှ ဒါတွေကို ပြောကြတာပေါ့..."

ချီဝမ်ကျင်း က ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး နားရွက်နောက်ရှိ ဆံနွယ်များကို အသာအယာ သပ်တင်လိုက်ရာ သူမ၏ မျက်နှာလေး အနည်းငယ် နီရဲသွားလေသည်။ ကျန်းချဲ့က ဤမျှလောက် ပွင့်လင်းလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။ သူမ အပေါ် ထားရှိသော ရမ္မက်ဆန္ဒ များကို အနည်းငယ်မျှပင် ဖုံးကွယ်မထားသဖြင့် သူမ အနေဖြင့် အနည်းငယ် ရှက်ရွံ့သွားရလေသည်။

"စောစောက တစ်ယောက်က... ကျန်းချဲ့ မဟုတ်လား..."

ဗောဓိ ဥယျာဉ် ၏ အဝေးတစ်နေရာတွင် ဝေ့မိသားစု တပည့် အချို့ စုဝေးနေကြပြီး ဝေ့ကျွင်းကျဲ က သေချာမှု မရှိစွာဖြင့် ဘေးနားရှိ လူများကို အတည်ပြုရန် မေးမြန်းလိုက်လေသည်။ စောစောက ထိုရွှေရောင် ကြယ်တံခွန် ကြီးက သူ၏ ခေါင်းပေါ်မှ တိုက်ရိုက် ပျံသန်းသွားခဲ့ခြင်း ဖြစ်၏။

"ဟုတ်လောက်ပါတယ်..."

ဝေ့မိသားစု တပည့် တစ်ဦးက နက်နက်နဲနဲ တွေးတောကာ ပြန်ဖြေလိုက်လေသည်။

"ဟုတ်လောက်ပါတယ် ဆိုတာ ဘာအဓိပ္ပာယ်လဲ... အဲ့ဒါ ကျန်းချဲ့ အစစ်ပဲ... ငါ ခုလေးတင် သေသေချာချာ မြင်လိုက်ရတယ်... ရွှေရောင် အတွင်းအားတွေ ဖုံးလွှမ်းထားတယ် ဆိုပေမဲ့... ငါတို့ရဲ့ အနီးကနေ ဖြတ်ပျံသွားတာဆိုတော့ သေသေချာချာ မြင်လိုက်ရတယ်..."

အခြား လူတစ်ယောက်က အလွန် သေချာသော လေသံဖြင့် အတည်ပြု ပြောလိုက်လေသည်။

"အဲ့ဒီလောက် ကြောက်စရာ ကောင်းတဲ့ အရှိန်အဝါမျိုးက... မွေးရာပါအဆင့် လုံးဝ မဖြစ်နိုင်ဘူး..."

"ရွှေအမြုတေ တည်ဆောက်ပြီးသွားလောက်ပြီ... ဟူး..."

ဘေးပတ်ဝန်းကျင်ရှိ လူများ၏ ဆွေးနွေးမှုများကို နားထောင်ရင်း ဝေ့ကျွင်းကျဲ တစ်ယောက် သေလူတစ်ယောက်အလား တိတ်ဆိတ်သွားလေတော့သည်။ အကယ်၍ ယခင်က ကျန်းချဲ့ အပေါ် အလွန် မကျေမနပ် ဖြစ်ခဲ့ပြီး အခွင့်အရေး ရပါက သတ်ဖြတ်ရန် ပြင်ဆင်ထားခဲ့သော်လည်း ကျန်းချဲ့ ထုတ်ဖော်ပြသလိုက်သော အရှိန်အဝါများကို မြင်တွေ့လိုက်ရပြီးနောက် ထိုအတွေးများ လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။

ဤသည်မှာ သူက ကျန်းချဲ့ အပေါ် အမုန်းတရား မရှိတော့ခြင်း မဟုတ်ဘဲ ဤလျှို့ဝှက်နယ်မြေ အတွင်း၌ ကျန်းချဲ့၏ စွမ်းအားက အကြောက်မက်ဖွယ် အကောင်းဆုံး ဖြစ်ကြောင်းကို ရှင်းလင်းစွာ နားလည်သွားသောကြောင့်သာ ဖြစ်ပေသည်။ သူ့ကို သတ်ရန် နေနေသာသာ ကျန်းချဲ့က သူ့ကို လာမသတ်လျှင်ပင် ကံကောင်းလှပြီ ဖြစ်၏။ တစ်ချိန်တည်းမှာပင် ရင်ထဲ၌ ရှုံးနိမ့်သွားသော ခံစားချက်များလည်း အလိုအလျောက် ပေါ်ထွက်လာလေသည်။

အစတုန်းကတော့ သူနှင့် ကျန်းချဲ့ ကြားတွင် ကွာဟချက် ရှိသော်လည်း မဖြည့်ဆည်းနိုင်သော အရာ မဟုတ်ဟု ထင်မှတ်ထားခဲ့သည်။ သာလွန်သွားရန်ပင် တွေးတောခဲ့သေး၏။ သို့သော် ယခု ကြည့်ရသည်မှာ သူက ကျန်းချဲ့၏ ကျောပြင်ကိုသာ မော့ကြည့်နိုင်တော့မည် ဖြစ်သည်။ တစ်ဖက်လူက သူ့ကို လုံးဝ ဂရုမစိုက်သည်မှာလည်း မဆန်းတော့ချေ။

အမှန်တော့ ကျန်းချဲ့က သူ့ကို ပြိုင်ဘက် တစ်ယောက် အနေဖြင့်ပင် သတ်မှတ်မထားခဲ့ခြင်း ဖြစ်၏။ ယောကျ်ား တစ်ယောက် အတွက် ဤသည်က အခံစားရ အခက်ဆုံးသော အရာပင် ဖြစ်ပေသည်။

"အစတုန်းက ချီမိသားစုဝင်တွေ သေချာပေါက် သေရတော့မယ်လို့ ထင်ထားတာ... အခုတော့ လုံးဝ ပြောင်းလဲသွားပြီပဲ... ကျစ်... ငါ့အထင် အခုအချိန်လောက်ဆို ဝိုင်းဝန်း တိုက်ခိုက်နေတဲ့ သူတွေ အားလုံး ပြေးကုန်လောက်ပြီ ထင်တယ်..."

"ပြေးမယ် ဟုတ်လား... ရွှေအမြုတေ သိုင်းသခင် တစ်ပါးရဲ့ အရှေ့မှာ... ပြေးဖို့ဆိုတာ မျှော်လင့်ချက် သက်သက်ပဲ... အနည်းဆုံးတော့ ထက်ဝက်လောက် သေဆုံး ဒဏ်ရာရ သွားလောက်ပြီ..."

ထိုလူများက ဆက်လက်၍ ဆွေးနွေးနေကြလေသည်။ ရုတ်တရက် ထိုအထဲမှ တစ်ယောက်က ဝေ့ကျွင်းကျဲ ကို ကြည့်ကာ မေးလိုက်လေသည်။

"သခင်လေး... ကျွန်တော်တို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ..."

"ဒီနေရာကနေ အရင် ထွက်သွားကြမယ်... လျှို့ဝှက်နယ်မြေ ပွင့်မယ့် အချိန်ကို အေးအေးဆေးဆေး စောင့်ကြတာပေါ့..."

ဝေ့ကျွင်းကျဲ က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး ခေါင်းခါရမ်းပြလိုက်လေသည်။ အကယ်၍ ဆက်မသွားသေးပါက ကျန်းချဲ့က ထိုလူများကို ရှင်းလင်းပြီးနောက် သူ့ကို လာရောက် လုပ်ကြံနိုင်ပေသည်။ သူ၏ အသက်က ငယ်ရွယ်သေးရာ ဤရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်း၌ သေမသွားချင်သေးချေ။ ရန်သူ အဖြစ် ဆက်လက် ရင်ဆိုင်ရန် ဆိုသည်မှာတော့ ယခုအချိန်တွင် သူ၏ ခေါင်းထဲ၌ ထိုအတွေး လုံးဝ မရှိတော့ချေ။

အကယ်၍ ကျန်းချဲ့ကို ပြန်လည် တိုက်ခိုက်ချင်သည် ဆိုလျှင်တောင်မှ လျှို့ဝှက်နယ်မြေမှ ထွက်ခွာပြီး ဝေ့မိသားစု၏ အင်အားကို အသုံးပြု၍သာ လုပ်ဆောင်ရမည် ဖြစ်၏။ ကိုယ့်အားကိုယ်ကိုးမည် ဆိုပါက သေချာပေါက် သေလမ်းရှာနေခြင်းသာ ဖြစ်ပေလိမ့်မည်။

စကားပြောပြီးနောက် ဝေ့ကျွင်းကျဲ က ချက်ချင်း လှည့်ကာ ဆန့်ကျင်ဘက် အရပ်သို့ လျင်မြန်စွာ ပြေးထွက်သွားလေတော့သည်။ ကျန်းချဲ့ အနောက်မှ လိုက်လာမည်ကို အလွန် ကြောက်ရွံ့နေသည့်အလားပင်။ ကျန်ရှိနေသော ဝေ့မိသားစု တပည့်များလည်း အချင်းချင်း ကြည့်လိုက်ကြပြီး နောက်ဆုံးတွင်တော့ အကူအညီမဲ့စွာဖြင့် အနောက်မှ လိုက်ပါသွားကြလေတော့သည်။

"ဝေ့ယင်းကျဲ..."

အနက်ရောင် ဝတ်ရုံအောက်မှ ရင်းနှီးနေသော မျက်နှာကို ကြည့်ရင်း ချီဝမ်ကျင်း ၏ မျက်ခုံးများ တင်းကြပ်စွာ စုချည်သွားပြီး မျက်နှာပေါ်တွင် ဒေါသများ ပေါ်ထွက်လာလေသည်။ အစတုန်းက သူမ၏ အမြင်တွင် ဝေ့မိသားစု နှင့် ချီမိသားစု ကြား၌ မည်သည့် ရန်ငြိုးမျှ မရှိဟု ထင်မှတ်ထားခဲ့သည်။ နောင်တစ်ချိန်တွင် ဆွေမျိုးတွေပင် ဖြစ်လာနိုင်သေးသည် မဟုတ်ပါလော။ ထို့ကြောင့် ယခင် အကြိမ်များက ဝေ့မိသားစုဝင်များကို လုံးဝ အန္တရာယ် မပေးခဲ့ချေ။

သို့သော် ရရှိလာသော အရာကတော့ လျှို့ဝှက် လုပ်ကြံမှုပင် ဖြစ်လေသည်။ ယခုအချိန်တွင် ဝေ့မိသားစု အပေါ် ထားရှိသော သူမ၏ ဒေါသက မည်မျှ ကြီးမားမည်ကို တွေးကြည့်၍ပင် သိနိုင်ပေသည်။ အကယ်၍ စောစောက ချီမိသားစု တပည့် နှစ်ဦးက အသက်လု၍ ဤလူကို တားဆီးမပေးခဲ့ပါက ဟုန်ချန် နှင့် ဤလူတို့ နှစ်ဦး၏ ဝိုင်းဝန်း တိုက်ခိုက်မှု အောက်တွင် သူမ သေချာပေါက် တောင့်ခံနိုင်မည် မဟုတ်ချေ။ ညီမဖြစ်သူကို ဝေ့မိသားစု သို့ လက်ထပ်ရမည့် ကိစ္စကိုလည်း ယခုအချိန်တွင် သူမ၏ ရင်ထဲ၌ အလွန်တရာ ဆန့်ကျင်နေမိလေပြီ။

"အစ်မ... အစ်မ ဘာမှ မဖြစ်ဘူးမလား..."

အဝေးဆီမှနေ၍ ကျန်းချဲ့၏ နောက်သို့ လိုက်ပါလာသော ချီနင်ပင်း လည်း နောက်ဆုံးတွင် ဗောဓိ ဥယျာဉ် သို့ ရောက်ရှိလာခဲ့လေပြီ။ ချီမိသားစုဝင်များ အားလုံးနီးပါး ဒဏ်ရာ ရနေကြပြီး ထိုအထဲမှ အချို့မှာ မြေပြင်ပေါ်တွင် လဲကျနေသည်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပေါ်ထွက်လာလေသည်။ သူမ အနေဖြင့် အစ်မဖြစ်သူ၏ ယောကျ်ားကို မတော်တဆ ခိုးယူမိသွားခဲ့သော်လည်း အစ်မဖြစ်သူ အပေါ်တွင် အပြစ်ရှိသလိုသာ ခံစားနေရခြင်း ဖြစ်သည်။ အခြားသော လုယူလိုသည့် စိတ်ထားမျိုး လုံးဝ မရှိခဲ့ချေ။ အစ်မဖြစ်သူ ဒဏ်ရာရသွားသည်ကို ပို၍ပင် မမြင်တွေ့ချင်ခဲ့ပေ။

"ဘာမှ မဖြစ်ပါဘူး... နင်... ကျန်းချဲ့ အချိန်မီ ရောက်လာလို့ တော်သေးတာပေါ့... ဒါပေမဲ့..."

မြေပြင်ပေါ်ရှိ ချီမိသားစု တပည့် နှစ်ဦးကို ကြည့်ရင်း ချီဝမ်ကျင်း က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်လေသည်။

"ဘာမှ မဖြစ်ရင် တော်သေးတာပေါ့..."

ချီနင်ပင်း ၏ မျက်နှာပေါ်တွင်လည်း အနည်းငယ် စိတ်အေးသွားသော အရိပ်အယောင်များ ပေါ်ထွက်လာပြီး အခြားလူများကို စတင် အကဲခတ်ကြည့်လိုက်လေသည်။

"ဝေ့မိသားစု နဲ့ နဂါးကျား တာအိုဂိုဏ်း က လူတွေ လုပ်တာလား..."

"လင်းမိသားစု က လူတွေလည်း ပါတယ်... ဝေ့ယင်းကျဲ ကတော့ တစ်ခုခု အကြံအစည် ရှိလို့ ထင်တယ်... အစတုန်းက သူ့ကိုယ်သူ ဖုံးကွယ်ထားသေးတာ... နင်ပင်း... ဝေ့မိသားစု က လူတွေက စိတ်ထား ယုတ်မာကြတယ်... လုံးဝ လက်ထပ်ရလို့ မဖြစ်ဘူးနော်... အိမ်ပြန်ရောက်ရင် အဖေ့ ကို ငါ ထပ်ပြီး တောင်းဆိုပေးပါ့မယ်..."

"အင်း..."

ချီနင်ပင်း က ခေါင်းညိတ်လိုက်လေသည်။ စိုးရိမ်ပူပန်မှုများ ပြီးဆုံးသွားပြီးနောက် အစ်မဖြစ်သူနှင့် မျက်နှာချင်းဆိုင်ရန် အနည်းငယ် ကြောက်ရွံ့နေပြီး အပြစ်ရှိသလို ခံစားနေရသည့် အမူအရာမျိုး ပေါ်ထွက်နေ၏။

"အစ်ကိုကျန်း... ကျွန်မ အစ်မကို ဝိုင်းဝိုင်းတိုက်ခိုက်တဲ့ သူတွေ ထဲက လွတ်သွားတဲ့ သူတွေ ကျန်သေးလား... အခုချက်ချင်း လိုက်သွားပြီး... ဒီအခွင့်အရေးကို အသုံးချကာ အားလုံးကို တစ်ပြိုင်နက်တည်း သတ်ပစ်ရမလား..."

ချီနင်ပင်း က လေးနက်သော အသံဖြင့် မေးလိုက်လေသည်။

"အားလုံး ဒီနေရာမှာပဲ ကျန်တော့တယ်..."

ကျန်းချဲ့က မြေပြင်ပေါ်ရှိ အလောင်းများကို လက်ညှိုးထိုးပြလိုက်လေသည်။

"ဟုတ်ကဲ့..."

"ဒီလူတွေ ဆီက ပစ္စည်းတွေကို အရင် ရှာလိုက်ကြရအောင်... ရွှမ်လင် လျှို့ဝှက်နယ်မြေ ဖွင့်တာလည်း အချိန် တစ်ဝက်လောက် ကျိုးနေပြီ ဆိုတော့... သူတို့ဆီမှာ ဝိညာဉ်ရတနာ တွေ အများကြီး စုဆောင်းမိလောက်ပြီ... အလဟဿ မဖြစ်စေနဲ့လေ..."

ကျန်းချဲ့က ပြုံး၍ ပြောလိုက်လေသည်။

"ကောင်းပါပြီ..."

"သခင်လေးကျန်း... အနားယူနေလိုက်ပါ... ဒီလို ညစ်ပတ်တဲ့ အလုပ်တွေကို ကျွန်တော်တို့ပဲ လုပ်ပါ့မယ်..."

"ဟုတ်ပါတယ်... ဟုတ်ပါတယ်..."

ကျန်းချဲ့၏ နတ်ဘုရား တစ်ပါးအလား ရုတ်တရက် ရောက်ရှိလာမှုက သူတို့၏ အသက်ကို အပြည့်အဝ ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။ ကျန်ရှိနေသော ချီမိသားစုဝင်များ က ယခုအချိန်တွင် ကျန်းချဲ့ အပေါ် လုံးဝ အညံ့ခံသွားရုံသာမက အလွန်တရာ ကျေးဇူးတင် လေးစားမှုများလည်း အပြည့်အဝ ရှိနေကြလေပြီ။

"ဒါဆိုရင်လည်း မင်းတို့ကိုပဲ အလုပ်ရှုပ်ခံခိုင်းရတော့မှာပေါ့..."

ကျန်းချဲ့က ခေါင်းညိတ်ပြလိုက်ပြီး ဤကိစ္စကို အများကြီး ဂရုမစိုက်တော့ချေ။ အောင်မြင်မှု အားလုံးက သူ၏ လက်ရာ ဖြစ်ရာ မည်သူကမျှ ဖျောက်ဖျက်၍ မရနိုင်ချေ။ ယောက္ခမ ဖြစ်သူက ဆုချီးမြှင့်မည့် အချိန်ရောက်လာပါက သူ အနည်းဆုံးတော့ အကျိုးအမြတ် အချို့ကို ရရှိမည်မှာ အသေအချာပင်။

"အစ်ကိုကျန်း... ဒါဆိုရင် ကျွန်မတို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ... ဒီနေရာမှာပဲ ဗောဓိ တာအိုအလင်းပြ အသီး ရင့်မှည့်လာမယ့် အချိန်ကို စောင့်နေမလား... ဒါမှမဟုတ်..."

"အရင်ဆုံး စောင့်ကြတာပေါ့... ခူးပြီးမှပဲ ဆက်ပြောကြမယ်..."

"အစ်ကိုကျန်း ဟုတ်လား..."

ချီဝမ်ကျင်း က ယခုမှ သတိပြုမိသွားပြီး မျက်နှာပေါ်တွင် သံသယများဖြင့် ချီနင်ပင်း ကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။ 'နင်ပင်း တစ်ယောက် ဘယ်အချိန် ကတည်းက ဒီလောက်တောင် ယဉ်ကျေးသွားရတာလဲ...' ဟု တွေးနေသည့်အလားပင်။

All Chapters