အခန်း ၂၂၀
Vol. 22 Ch. 220
အခန်း (၂၂၀) ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေ... လင်းမိသားစု အကြီးအကဲ၏ ဒေါသ
ရွှမ်လင် လျှို့ဝှက်နယ်မြေ ဝင်ပေါက်ရှိ မတ်စောက်သော တောင်ထွတ်ထက်တွင် အင်အားစုကြီး အသီးသီးမှ အကြီးအကဲ သိုင်းပညာရှင်များ၏ မျက်နှာထက်၌ လေးနက်တည်ကြည်သော အမူအရာများ အထင်းသား ပေါ်လွင်နေပေသည်။
သူတို့၏ တွက်ချက်မှုများအရ ဆိုရလျှင် နောက်ထပ် ခဏအကြာတွင် လျှို့ဝှက်နယ်မြေ ပြန်လည် ပွင့်လာတော့မည် ဖြစ်ရာ အချင်းချင်း ကြား၌လည်း နယ်မြေအတွင်း ရောက်ရှိနေကြသော တပည့်များအတွက် သေချာပေါက် စိုးရိမ်ပူပန်နေကြပေသည်။
သိုင်းလောက၏ လျှို့ဝှက်နယ်မြေအတွင်း သတ်ဖြတ်လုယက်ခြင်းဆိုသည်မှာ သေးငယ်သော ကိစ္စရပ်တစ်ခု မဟုတ်ချေ။ ယခင်အတွေ့အကြုံများအရ မည်သည့် အင်အားစုမဆို အနည်းနှင့်အများ ဆိုသလို သေဆုံးဒဏ်ရာရမှုများ ရှိစမြဲပင်။
မိမိတို့ အင်အားစု၏ ထိပ်တန်း ပါရမီရှင် တပည့်များ ဖြစ်ကြသည့်အားလျော်စွာ တစ်ယောက် ဆုံးရှုံးသွားလျှင်ပင် ရင်ကျိုးမတတ် နာကျင်ရမည်မှာ အမှန်တကယ်ပင် ဖြစ်ပေသည်။ ထို့ကြောင့် မစိုးရိမ်ဘဲ မနေနိုင်ကြခြင်း ဖြစ်၏။
"ချီသရဲအိုကြီး... အရင်က သဘောတူထားတဲ့ အချိန်အတိုင်းဆိုရင် နောက်ထပ် အမွှေးတိုင်တစ်တိုင်စာ အချိန်လောက်ဆို လျှို့ဝှက်နယ်မြေ ပိတ်သိမ်းမယ့် အချိန်ရောက်ပြီ... ဘယ်လိုလဲ... နောက်ထပ် တစ်ခါလောက် လောင်းကြေးထပ်ရဲတဲ့ သတ္တိ ရှိသေးရဲ့လား"
လင်းမိသားစု အကြီးအကဲချုပ်၏ အကြည့်များက ချီမိသားစု အကြီးအကဲချုပ်ထံသို့ ရုတ်တရက် ရောက်ရှိသွားပြီး သူ၏ မျက်ဝန်းများထဲတွင် ရန်စလိုသော အရိပ်အယောင်များ အပြည့်အဝ ပါဝင်နေပေသည်။
ပြီးခဲ့သည့် ရွှမ်လင် လျှို့ဝှက်နယ်မြေ ဖွင့်လှစ်စဉ်က သူ ကိုယ်တိုင် ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ လျှို့ဝှက်နယ်မြေ မပွင့်မီလေးတွင် မိမိ၏ မျိုးနွယ်စု တပည့်များအပေါ် အလွန် ယုံကြည်မှု ရှိနေသောကြောင့် တစ်ဖက်လူကို လောင်းကြေးထပ်ရန် စိန်ခေါ်ခဲ့ခြင်း ဖြစ်၏။
မည်သည့် မိသားစုမှ တပည့်များက လျှို့ဝှက်နယ်မြေ အတွင်းမှ အသက်ရှင်လျက် ထွက်လာနိုင်သည့် အရေအတွက် ပိုများသနည်း ဆိုသည့်အချက်ဖြင့် အနိုင်အရှုံးကို ဆုံးဖြတ်ရန်ပင်။ ထိုပွဲတွင် သူက အနိုင်ရရှိခဲ့သဖြင့် ချီသရဲအိုကြီး ထံမှ အဆင့်မြင့် ဝိညာဉ်လက်နက် တစ်လက်ကို ရရှိခဲ့လေသည်။
ထို့ကြောင့်ပင် ဤနှစ်များအတွင်း ချီသရဲအိုကြီးကို မျက်နှာချင်းဆိုင်တိုင်း လှောင်ပြောင် သရော်ခဲ့ပြီး ယခုလည်း ယခင်က နည်းလမ်းဟောင်းကို အသုံးပြုကာ ချီမိသားစုကို ထပ်မံ ဖိနှိပ်ရန် ပြင်ဆင်နေခြင်း ဖြစ်၏။
ချီမိသားစုတွင် ကျန်းချဲ့နှင့် ချီဝမ်ကျင်း ကဲ့သို့သော ပါရမီရှင် နှစ်ဦး ရှိနေသော်လည်း လင်းမိသားစု တပည့်များကလည်း အသုံးမကျသူများ မဟုတ်ကြချေ။ အထူးသဖြင့် သူ၏ တူမြေး ဖြစ်သူ လင်းယန် ကို သူက ကြီးမားသော မျှော်လင့်ချက်များ ထားရှိထားပေသည်။ မိသားစု၏ သခင်လေး နေရာကို ကြိုတင် သတ်မှတ်ထားပြီးသား မဟုတ်လျှင် သူကပင် ထောက်ခံအားပေးမိမည်မှာ အသေအချာပင်။
ထို့အပြင် လျှို့ဝှက်နယ်မြေ မဖွင့်မီက ကြိုတင် သဘောတူညီချက်များ အရ လင်းမိသားစုနှင့် နဂါးကျား တာအိုဂိုဏ်း တို့ ပူးပေါင်းထားသဖြင့် သူတို့၏ အနိုင်ရနိုင်ခြေက အလွန် ကြီးမားလှပေသည်။ ချီမိသားစုမှ အဖိုးတန် ရတနာတစ်ခုအဖြစ် သတ်မှတ်ထားသော သားမက်ဖြစ်သူ ကျန်းချဲ့ ပင်လျှင် ဤအစီအစဉ်ကြောင့် သေဆုံးသွားနိုင်သည် မဟုတ်ပါလော။
ထိုသို့သော အခြေအနေကို တွေးမိလိုက်တိုင်း သူ၏ ရင်ထဲတွင် ပို၍ပင် ကြည်နူး ဝမ်းသာသွားရလေသည်။
"ဘာလို့ မလောင်းရဲရမှာလဲ... ခဏနေရင် လင်းမိသားစု တပည့်တွေ သေဆုံး ဒဏ်ရာရတာ တစ်ဝက်ကျော်နေတာကို တွေ့ပြီး ခင်ဗျားလို ခွေးအိုကြီး သွေးအန်မတတ် ဒေါသထွက်သွားမှာကိုပဲ စိုးရိမ်မိတယ်"
ချီမိသားစု အကြီးအကဲချုပ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ချက်ချင်းပင် အလျှော့မပေးဘဲ ပြန်လည် ချေပလိုက်လေသည်။
ကျန်းချဲ့၏ စွမ်းအားနှင့် ပတ်သက်၍ သူ့တွင် အတိုင်းအတာ တစ်ခုအထိ ယုံကြည်မှု ရှိနေပေသည်။ ထိုသို့ မဟုတ်ပါက ကျန်းချဲ့ကို ချီမိသားစု ကိုယ်စား လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ခွင့် ပြုရန် မိသားစု ခေါင်းဆောင်၏ အကြံပြုချက်ကို သဘောတူခဲ့မည် မဟုတ်ချေ။
သူ၏ အမြင်တွင် လင်းမိသားစုမှ လင်းယန် ဖြစ်စေ... နဂါးကျား တာအိုဂိုဏ်းမှ ဟုန်ချန် ဖြစ်စေ... ကျန်းချဲ့နှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိကောင်း ရှိနိုင်သော်လည်း ကျန်းချဲ့ကို အနိုင်ယူရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။ ထို့အပြင် ဝမ်ကျင်း လည်း ပါဝင်နေသဖြင့် ချီမိသားစု၏ အနိုင်ရနိုင်ခြေက မနိမ့်ကျပေ။
"ဟားဟားဟား... အဲ့ဒီစကားက ခဏနေရင် မင်းဆီကို ပြန်ရောက်လာမလားပဲ... ဘယ်လိုလဲ... ဒီတစ်ခေါက်လည်း အဆင့်မြင့် ဝိညာဉ်လက်နက် တစ်လက်ပဲ ထပ်လောင်းကြမလား"
လင်းမိသားစု အကြီးအကဲချုပ်က ခပ်ဟဟ ရယ်မောလိုက်လေသည်။
"မင်းသဘောပဲ"
"ပြီးခဲ့တဲ့ အကြိမ် လောင်းကြေးတုန်းက ကျုပ် မပါဝင်ခဲ့ရဘူး... ဒီတစ်ကြိမ်တော့ ကျုပ်လည်း ဝင်ပါချင်စိတ် ရှိနေတယ်... ငါ့ကိုပါ ထည့်တွက်ရင် ဘယ်လိုလဲ"
လောင်းကြေး သတ်မှတ်ပြီးသွားသည်ကို မြင်လိုက်ရသောအခါ နဂါးကျား တာအိုဂိုဏ်းမှ အရပ်ပုပုနှင့် ဝဝဖိုင့်ဖိုင့် အကြီးအကဲ ကလည်း ဝင်ရောက် ပြောဆိုလာလေသည်။
"ဝတုတ်ကြီး ယန်... မင်းကပါ ဝင်လောင်းချင်နေတာလား"
ချီမိသားစု အကြီးအကဲချုပ်၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားလေသည်။
"ဘာဖြစ်လို့လဲ... မရဘူးလား"
ယန် အမည်ရှိ အကြီးအကဲ က မျက်ခုံးပင့်ကာ မေးလိုက်သည်။ သူ၏ အမူအရာက ချီမိသားစု မရဲဘူးလား ဟု မေးငေါ့နေသည့်အလားပင်။
"မင်းတို့က ကျုပ်ဆီကို ရတနာတွေ လာပို့ပေးနေမှတော့... ကျုပ်က ဘာလို့ လက်မခံဘဲ နေရမှာလဲ... အဆွေတော် ချင်းရှောင် ရော... တစ်လက်လောက် ဝင်ပါဦးမလား"
ချီမိသားစု အကြီးအကဲချုပ်က နဂါးခေါင်း တောင်ဝှေးကို ထောက်ကာ သူ၏ အရှေ့တွင် လက်နောက်ပစ်လျက် ရပ်နေသော ပုံရိပ်ထံသို့ အကြည့်ကို ရွှေ့လိုက်လေသည်။
ချင်းရှောင် ဓားသခင် က မျက်မှောင်ကြုတ်သွားပြီး မည်သည့် တုံ့ပြန်မှုမျှ မလုပ်ခဲ့ချေ။ ဤကဲ့သို့သော အဓိပ္ပာယ်မဲ့သည့် အငြင်းပွားမှုများတွင် ဝင်မပါလိုသည့် ပုံပေါက်နေလေသည်။
"ချီမိသားစု နဲ့ ဝိညာဉ်ဓားတောင် တို့က မျိုးဆက်ချီပြီး ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာကို ယွင်ပြည်နယ် တစ်ခုလုံးက လူတွေ အကုန် သိကြတယ်... လျှို့ဝှက်နယ်မြေ ထဲက တပည့်တွေကလည်း သေချာပေါက် ပူးပေါင်းကြမှာပဲ... ငါတို့ လင်းမိသားစု နဲ့ နဂါးကျား တာအိုဂိုဏ်း ကလည်း ဒီအတိုင်းပဲ... ငါတို့ လေးဖွဲ့လုံး လောင်းကြေးတစ်ခု လုပ်ကြရင် ဘယ်လိုလဲ... ဘယ်နှစ်ဖွဲ့ ပေါင်းထားတဲ့ တပည့်တွေ ပိုပြီး အသက်ရှင်လျက် ကျန်ရစ်မလဲ ဆိုတာကို လောင်းကြမယ်... ရှုံးတဲ့သူက အကောင်းဆုံး အဆင့် ဝိညာဉ်လက်နက် တစ်လက်ကို ပေးရမယ်... ဘယ်လိုလဲ"
လင်းမိသားစု အကြီးအကဲချုပ်က အခွင့်အရေး ရသည်နှင့် ထပ်မံ၍ မီးထိုးပေးလိုက်လေသည်။
အစဉ်အဆက် ဝိညာဉ်ဓားတောင်နှင့် ချီမိသားစု တို့၏ ဆက်ဆံရေးက အလွန် ကောင်းမွန်ခဲ့ပြီး လျှို့ဝှက်နယ်မြေ အတွင်း၌လည်း မကြာခဏ ပူးပေါင်းလေ့ ရှိကြသည်။ သို့သော် လင်းမိသားစု ကတော့ အနည်းငယ် ခြားနားလေသည်။
ဝေ့မိသားစု၊ နဂါးကျား တာအိုဂိုဏ်း တို့နှင့် ဆက်ဆံရေး သင့်တင့်သော်လည်း အများစုတွင်တော့ ကိုယ့်အဖွဲ့နှင့်ကိုယ်သာ လှုပ်ရှားလေ့ ရှိကြ၏။ ဤတစ်ကြိမ်တွင် သူက အခွင့်အရေးကို အသုံးချကာ နဂါးကျား တာအိုဂိုဏ်းနှင့် တစ်သားတည်း ရပ်တည်ချင်နေခြင်း ဖြစ်သည်။
ထိုသို့ လုပ်ဆောင်နိုင်ပါက နောင်တစ်ချိန် လျှို့ဝှက်နယ်မြေ တိုက်ပွဲများတွင် ဖြစ်စေ၊ အချင်းချင်း ကြားရှိ ဆက်ဆံရေးတွင် ဖြစ်စေ ပိုမို နီးကပ်လာစေမည် မဟုတ်ပါလော။ သေချာသည်မှာ သူက ဝေ့မိသားစုကိုတော့ ဆွဲဆောင်ခြင်း မပြုခဲ့ချေ။ ဝေ့မိသားစုနှင့် ချီမိသားစုတို့ ကြားရှိ စေ့စပ်ထားသည့် ကိစ္စကို သူ ကောင်းစွာ သိရှိထားသဖြင့် ပြောလိုက်လျှင်တောင်မှ ဝေ့မိသားစု အကြီးအကဲက သဘောတူမည် မဟုတ်ကြောင်း သိနေသောကြောင့်ပင်။
"အကြီးအကဲ လင်း က စိတ်ဝင်စားနေမှတော့... တစ်ပွဲလောက် လောင်းကြည့်လည်း ကိစ္စမရှိပါဘူးလေ..."
ချင်းရှောင် ဓားသခင် က တစ်ဖက်လူကို အေးစက်သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီး ဆက်လက် ငြင်းဆန်ခြင်း မပြုတော့ဘဲ တိုက်ရိုက်ပင် သဘောတူလိုက်လေသည်။
"ကောင်းပြီ... ဒါဆိုရင် ကျုပ်က အသိသက်သေ လုပ်ပေးမယ်... ဘယ်လိုလဲ"
ဝေ့မိသားစု အကြီးအကဲ ကလည်း အခြား မိသားစုများ အချင်းချင်း သဘောထားကွဲလွဲနေသည်ကို မြင်တွေ့ရသဖြင့် ဝမ်းသာအားရ ဝင်ရောက် ပြောဆိုလိုက်လေသည်။
"ကောင်းပြီ... ဒီအတိုင်းပဲ လုပ်ကြတာပေါ့..."
ချီမိသားစု အကြီးအကဲချုပ်က ခေါင်းတစ်ချက် ညိတ်လိုက်လေသည်။
အချိန်များက လျင်မြန်စွာ ကုန်လွန်သွားခဲ့လေပြီ။ ဝိညာဉ်ဓားတောင်မှ ချင်းရှောင် ဓားသခင် က အချိန်ကျရောက်လာပြီ ဖြစ်ကြောင်း တွေ့လိုက်ရသောအခါ ချက်ချင်း ပြောလိုက်လေသည်။
"အဆွေတော်တို့... အချိန်ရောက်ပြီ... လျှို့ဝှက်နယ်မြေ ရဲ့ တံခါးကို ဖွင့်ကြရအောင်..."
"ကောင်းပြီ..."
"အင်း..."
ပုံရိပ် အသီးသီးက တစ်ပြိုင်နက်တည်း တုံ့ပြန်လိုက်ကြလေသည်။ ထို့နောက် ယခင်အကြိမ် ဖွင့်လှစ်ခဲ့စဉ်ကအတိုင်း သူတို့ အသီးသီးက ရွှမ်လင် လျှို့ဝှက်နယ်မြေ၏ အမှတ်အသား ပစ္စည်းများကို ထုတ်ယူကာ လှုံ့ဆော်လိုက်ကြရာ အလင်းတန်းများစွာက ကောင်းကင်ကို ဖြတ်သန်းသွားပြီး တစ်နေရာတည်းသို့ စုဝေးသွားကြလေတော့သည်။
ထိုသို့သော လှုပ်ရှားမှုကြီးကြောင့် ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များလည်း အဆက်မပြတ် တုန်ခါသွားကြလေသည်။ ထို့နောက် ပေအနည်းငယ်ခန့် ကျယ်ဝန်းသော ဧရာမ တံခါးကြီး တစ်ချပ် ချက်ချင်း ပွင့်လာတော့၏။
နောက်ထပ် အချိန်အနည်းငယ် ကြာပြီးနောက် အစီအရင် တံခါးပေါက် အတွင်းမှ လှုပ်ရှားမှုများ ထွက်ပေါ်လာပြီး ပုံရိပ်အချို့က တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြလေသည်။ ထို့နောက် မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ဝေ့မိသားစု အကြီးအကဲ ရှိရာ အရပ်သို့ တိုက်ရိုက် ပြေးဝင်သွားကြရာ ထိုအချိန်ကို အချိန်ကြာမြင့်စွာ စောင့်စားနေခဲ့ကြသည့်အလားပင်။ ပထမဆုံး ထွက်လာသူများမှာ ဝေ့ကျွင်းကျဲ တို့ အဖွဲ့ပင် ဖြစ်လေသည်။
သူက ကျန်းချဲ့၏ ရက်စက်ကြမ်းကြုတ်သော ခြိမ်းခြောက်မှုများ အောက်တွင် လုံးဝ အညံ့မခံလိုတော့ချေ။ တစ်မိနစ် တစ်စက္ကန့်မျှပင် မနေချင်တော့သဖြင့် လျှို့ဝှက်နယ်မြေ ပွင့်လာသည်နှင့် တစ်ပြိုင်နက် အပေါက်ဝသို့ ပထမဆုံး ပြေးထွက်လာခဲ့ခြင်း ဖြစ်၏။ ဝေ့မိသားစု အကြီးအကဲ ကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များပင် ကျဆင်းလာရလေသည်။
နောက်ဆုံးတော့ အားကိုးရာ ရပြီပေါ့လေ။
သူက လျှို့ဝှက်နယ်မြေ အတွင်း၌ မည်မျှ ကြီးမားသော ဖိအားများကို ခံစားခဲ့ရကြောင်း မည်သူကမျှ သိနိုင်မည် မဟုတ်ချေ။ ကျန်းချဲ့ တစ်ယောက် ရွှေအမြုတေ တည်ဆောက်ပြီးသွားကြောင်း သိလိုက်ရချိန်မှစ၍ အမြဲတမ်း သတိကြီးစွာ ထားနေခဲ့ရပြီး လျှို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံး နေရာများတွင်ပင် ပုန်းအောင်းကာ လျှို့ဝှက်နယ်မြေ ပွင့်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ကျန်းချဲ့က အခြေအနေ အရပ်ရပ်ကို ထည့်သွင်း စဉ်းစားတတ်သူ ဖြစ်ပြီး သူ၏ အနောက်တွင် ဝေ့မိသားစု ရှိနေကြောင်း သိထားသဖြင့် ရက်စက်စွာ မသတ်ဖြတ်ခဲ့ခြင်း ဖြစ်၏။ မဟုတ်ပါက ဤတစ်ကြိမ်တွင် အသက်ရှင်လျက် ထွက်လာနိုင်မည်လား ဆိုသည်မှာ သေချာပေါက် ပြော၍ မရနိုင်ချေ။
"ဟင်... မင်းတို့ ဒီလူနည်းနည်းလေးပဲ လား..."
ဝေ့မိသားစု အကြီးအကဲက သူ၏ အရှေ့ရှိ ပုံရိပ်အချို့ကို ကြည့်ကာ မျက်နှာ ချက်ချင်း ပျက်ယွင်းသွားလေသည်။ ဝင်သွားတုန်းက လူဆယ်ယောက် ဖြစ်သော်လည်း အပြင်သို့ ရောက်လာချိန်တွင် တစ်ဝက်ပင် မရှိတော့ချေ။
ဝေ့မိသားစု အနေဖြင့် ဤမျှ ကြီးမားသော ဆုံးရှုံးမှုမျိုးနှင့် မကြုံတွေ့ခဲ့ရသည်မှာ အလွန် ကြာမြင့်လှပြီ ဖြစ်၏။
အကြီးအကဲ၏ မေးခွန်းထုတ်မှုကို ရင်ဆိုင်ရချိန်တွင် ဝေ့မိသားစု တပည့် အချို့က ခေါင်းကိုသာ ရိုသေစွာ ငုံ့ထားကြပြီး ပြန်လည် ဖြေကြားရဲခြင်း မရှိကြချေ။
"ယင်းကျဲ ရော... ယင်းကျဲ လည်း လျှို့ဝှက်နယ်မြေ ထဲမှာ ဒုက္ခရောက်သွားတာလား..."
ဝေ့မိသားစု အကြီးအကဲက ဆက်လက်၍ အလျင်အမြန် မေးမြန်းလိုက်လေသည်။ ဝေ့မိသားစု၏ ပါရမီ အကောင်းဆုံး တပည့်များထဲမှ တစ်ဦး ဖြစ်သည့်အားလျော်စွာ သူ့အပါအဝင် အကြီးအကဲ အများအပြားက ဝေ့ယင်းကျဲ အပေါ် အလွန် အလေးထားကြပေသည်။
မိသားစု ခေါင်းဆောင်၏ အကြောင်းပြချက်များကြောင့် သခင်လေး နေရာကို မရရှိခဲ့သော်လည်း နောင်တစ်ချိန်တွင် ဝေ့မိသားစု၏ အဓိက အင်အားစု တစ်ခု ဖြစ်လာမည်မှာ အသေအချာပင်။ သို့သော် ယခုတော့...
ဝေ့မိသားစု တပည့်များမှာ အချင်းချင်း မျက်နှာချင်း ကြည့်နေကြပြီး အကြီးအကဲ ၏ စကားကို မည်သို့ ပြန်လည် ဖြေကြားရမည် ဆိုသည်ကို မသိကြချေ။
မည်သို့ပင်ဆိုစေ ဝေ့ယင်းကျဲ လုပ်ခဲ့သော လုပ်ရပ်များက တကယ်ကို ဂုဏ်ယူစရာ မကောင်းလှပေ။ ဝေ့ကျွင်းကျဲ ကို သတ်ဖြတ်ရန် ကြံစည်ခဲ့ရုံသာမက မိမိ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကိုပါ ဖုံးကွယ်ကာ ချီမိသားစု နှင့် ဝိညာဉ်ဓားတောင် မှ လူများကို ဝိုင်းဝန်း တိုက်ခိုက်ခဲ့သေးသည်။
အောင်မြင်ခဲ့လျှင်တော့ တစ်မျိုး ဖြစ်သော်လည်း ရှုံးနိမ့်သွားခဲ့ရုံသာမက တစ်ဖက်လူ၏ လက်ထဲသို့ အားနည်းချက်များပင် ပေးလိုက်ရသေးသည် မဟုတ်ပါလော။ ထိုသို့သာ မဟုတ်ပါက သူတို့ အနေဖြင့် မည်သို့လျှင် ဤမျှ ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရမည်နည်း။ ထိုမျှ များပြားသော ဝိညာဉ်ရတနာ များကို ချီမိသားစု ထံသို့ လျော်ကြေး အဖြစ် ပေးအပ်ခဲ့ရသည် မဟုတ်ပါလော။
လျှို့ဝှက်နယ်မြေ အတွင်း၌လည်း စည်းကမ်းများ ရှိကြောင်းကို သိထားရမည် ဖြစ်သည်။ ပုံမှန် အချိန်များတွင် အသက်သေဆုံးသည် အထိ တိုက်ခိုက်ခွင့် ရှိသော်လည်း လျှို့ဝှက်နယ်မြေ ပွင့်လာမည့် အချိန်သို့ ရောက်ရှိလာပါက သတ်ဖြတ်ခြင်းများကို လုံးဝ တားမြစ်ထားလေသည်။
"ပြောစမ်း..."
ဝေ့မိသားစု အကြီးအကဲက လေးလံသော မျက်နှာထားဖြင့် အော်ဟစ်လိုက်လေသည်။ ဝေ့မိသားစု တပည့် အချို့က သူတို့၏ အကြည့်များကို သခင်လေး ဝေ့ကျွင်းကျဲ ထံသို့ ပြောင်းလဲလိုက်ကြပြီး သူ့ကို ပြောစေချင်သည့် ပုံပေါ်နေ၏။
"အကြီးအကဲ... ဒီကိစ္စက ပြောရရင် အရမ်း ရှည်ပါတယ်... ဒါပေမဲ့ ဝေ့ယင်းကျဲ ကတော့ လျှို့ဝှက်နယ်မြေ ထဲမှာ တကယ်ပဲ သေဆုံးသွားခဲ့ပါပြီ..."
ဝေ့ကျွင်းကျဲ က အရိုအသေပေးကာ ပြောလိုက်လေသည်။ သူ၏ ရင်ထဲရှိ မကျေနပ်မှုများက အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ဝေ့ယင်းကျဲ ဒုက္ခရောက်သွားသော်လည်း သူက တာဝန်ယူ ဖြေရှင်းပေးနေရသည် မဟုတ်ပါလော။
ချီမိသားစု တပည့်များကို ဝိုင်းဝန်း သတ်ဖြတ်သည့် ကိစ္စ ပေါ်ထွက်လာပြီးနောက် ချီမိသားစု အနေဖြင့် အလွန်တရာ ဒေါသထွက်လာမည်ကို ကြိုတင် သိမြင်နိုင်ပေသည်။ သူ၏ မအောင်မြင်သေးသော စေ့စပ်ပွဲ ပင်လျှင် ဤကိစ္စကြောင့် လုံးဝ ပျက်စီးသွားနိုင်လေသည်။ မည်သို့လျှင် မကျေမနပ် မဖြစ်ဘဲ နေနိုင်မည်နည်း။
ဝေ့မိသားစု အကြီးအကဲက ဝေ့ကျွင်းကျဲ ကို အချိန်အနည်းငယ် ကြာအောင် စူးစိုက်ကြည့်နေပြီးနောက် ပြင်းထန်စွာ နှာခေါင်းရှုံ့လိုက်လေသည်။
မည်သူက သတ်ဖြတ်ခဲ့သနည်း ဆိုသည်ကို သူ မမေးမြန်းခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် လျှို့ဝှက်နယ်မြေ ၏ စည်းမျဉ်းများက ဤသို့ပင် ဖြစ်သောကြောင့်တည်း။ ယခင်ကလည်း အင်အားစု အသီးသီးမှ မျိုးဆက်များ... သခင်လေး များပင်လျှင် လျှို့ဝှက်နယ်မြေ အတွင်း၌ သေဆုံးခဲ့ဖူးသည် မဟုတ်ပါလော။ မည်မျှပင် ခါးသီးနေစေကာမူ သွားကျိုးကို မျိုချရုံသာ ရှိတော့ပေသည်။
ယခင်က လောင်းကြေး ကိစ္စနှင့် ပတ်သက်၍လည်း ယခုအချိန်တွင် သူ၏ ဝမ်းသာမှုများ အများကြီး ပျောက်ကွယ်သွားခဲ့လေပြီ။
ချီမိသားစု အပါအဝင် အခြားသော အင်အားစုများ ကတော့ ဤမြင်ကွင်းကို အေးစက်စွာ စောင့်ကြည့်နေကြပြီး အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း ရင်ထဲတွင်တော့ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာနေသည့် အတွေးများ ရှိနေကြလေသည်။
ချီမိသားစု အကြီးအကဲချုပ် ကတော့ အတော်လေး ကောင်းမွန်နေသေး၏။ မည်သို့ပင်ဆိုစေ ဝေ့မိသားစု နှင့် ချီမိသားစု ကြားရှိ ဆက်ဆံရေးက အစဉ်အဆက် အတော်လေး ကောင်းမွန်ခဲ့ရာ လွန်မင်းစွာ ဝမ်းသာနေမည်တော့ မဟုတ်ချေ။
သို့သော် နဂါးကျား တာအိုဂိုဏ်း နှင့် လင်းမိသားစု မှ အကြီးအကဲ နှစ်ဦး ကတော့ လုံးဝ ဆန့်ကျင်ဘက်ပင် ဖြစ်လေသည်။ ဝေ့မိသားစု မှ လူများ အများအပြား သေဆုံးသွားခြင်းက ဘာကို ဆိုလိုသနည်း။ လင်းမိသားစု နှင့် နဂါးကျား တာအိုဂိုဏ်း မှ တပည့်များ၏ အကျိုးအမြတ်က ပို၍ ကြီးမားလာမည်ဟု ဆိုလိုခြင်း ဖြစ်၏။
ကိုယ့်အဖွဲ့ မသေဘဲ သူများအဖွဲ့ သေဆုံးခြင်းကို သူတို့ အနေဖြင့် သဘာဝကျစွာပင် ဝမ်းသာအားရ ကြည့်ရှုချင်ကြမည် ဖြစ်သည်။ အကယ်၍ ချီမိသားစု နှင့် ဝိညာဉ်ဓားတောင် တို့သာ ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရမည် ဆိုပါက ပို၍ပင် ကောင်းမွန်သေးသည်။ ညဘက် အောင်ပွဲခံ စားသောက်ပွဲ တွင် အရက်ပို၍ပင် သောက်နိုင်သေးသည် မဟုတ်ပါလော။
သို့သော် အပြင်ပန်းတွင်တော့ ဟန်ဆောင် ပန်ဆောင်ဖြင့် နှစ်သိမ့်ပေးလိုက်ကြလေသည်။
"အစ်ကိုဝေ့... ဒေါသမထွက်ပါနဲ့... လျှို့ဝှက်နယ်မြေ ရဲ့ တိုက်ပွဲ တွေမှာ သေဆုံး ဒဏ်ရာရတာတွေက ပုံမှန်ပါပဲ... ပေါ့ပေါ့ပါးပါးလေး တွေးလိုက်ပါဗျာ..."
"ဟုတ်ပါတယ်..."
ဝေ့မိသားစု အကြီးအကဲက နဂါးကျား တာအိုဂိုဏ်း နှင့် လင်းမိသားစု တို့၏ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာနေသည့် နှစ်သိမ့်မှုများကို ကြည့်ကာ လုံးဝ ဂရုမစိုက်တော့ဘဲ အေးစက်စွာဖြင့်သာ နှာခေါင်းရှုံ့လိုက်လေသည်။
ထိုအရာကို မြင်လိုက်ရသော ဝေ့မိသားစု တပည့် အချို့၏ မျက်ဝန်းများ ထဲတွင် အနည်းငယ် ထူးဆန်းသော အရိပ်အယောင်များ ပေါ်ထွက်လာ၏။ လင်းမိသားစု နှင့် နဂါးကျား တာအိုဂိုဏ်း မှ အကြီးအကဲများ က သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာနေကြသေးသည်တဲ့လား။
လူတိုင်း အပြင်ကို ထွက်လာပြီးတဲ့ အချိန်ကျရင် သူတို့ ငိုရမယ့် အလှည့် ရောက်လာတော့မှာပါ။
သူတို့က လျှို့ဝှက်နယ်မြေ ပွင့်မည့် နောက်ဆုံး အချိန်အထိ စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်သည်။ လင်းမိသားစု နှင့် နဂါးကျား တာအိုဂိုဏ်း မှ မည်သူတစ်ဦးတစ်ယောက်မျှ အစီအရင် ရှိရာ နေရာသို့ လာရောက်ခြင်း မရှိခဲ့ချေ။ အားလုံးက အစအန မကျန်အောင် သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း အလွန် သိသာထင်ရှားလှပေသည်။
သို့သော် ဤကဲ့သို့သော စကားမျိုးကို သူတို့ မပြောရဲကြချေ။ မည်သို့ပင်ဆိုစေ လူငယ် မျိုးဆက်များသာ ဖြစ်ကြရာ အပြစ်ပေးခံရမည်ကို ကြောက်ရွံ့ကြပေသည်။ မိမိတို့၏ ရင်ထဲရှိ အမျိုးမျိုးသော အတွေးများကိုသာ ဖိနှိပ်ထားရုံသာ တတ်နိုင်ကြလေသည်။
သူတို့ အချင်းချင်း စကားပြောနေကြစဉ် အတွင်းမှာပင် နောက်ထပ် ပုံရိပ်အချို့ ထပ်မံ ထွက်ပေါ်လာပြန်လေသည်။ ထိုသူများမှာ ဝိညာဉ်ဓားတောင် မှ တပည့်များ ပင် ဖြစ်ကြ၏။ ဝေ့မိသားစု ၏ ကြီးမားသော ဆုံးရှုံးမှုများနှင့် နှိုင်းယှဉ်ပါက ဝိညာဉ်ဓားတောင် တွင် တပည့် နှစ်ဦး သေဆုံးသွားခဲ့သော်လည်း အများစုမှာ အသက်ရှင်လျက် ရှိနေကြဆဲပင်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချင်းရှောင် ဓားသခင် က စိတ်ထဲမှ တိတ်တဆိတ် ခေါင်းညိတ်လိုက်လေသည်။ ဤကဲ့သို့သော ရလဒ်မျိုးကို သူ အလွန် ကျေနပ်နေပြီ ဖြစ်၏။
"တပည့်တော်တို့ ဂိုဏ်းချုပ် ကို ဂါရဝပြုပါတယ်..."
ယန်ချောင် က လက်ယှက်အရိုအသေပေးလိုက်ပြီး သူ၏ အနောက်တွင် ရှိနေသော တပည့်များ ကလည်း အလျင်အမြန် အရိုအသေ ပေးလိုက်ကြလေသည်။
"ပင်ပန်းသွားကြပြီ..."
ချင်းရှောင် ဓားသခင် က အပြုံးလေးဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
ဝိညာဉ်ဓားတောင် မှ တပည့်များ အများစု အသက်ရှင်လျက် ရှိနေသည်ကို မြင်လိုက်ရသောအခါ ချီမိသားစု အကြီးအကဲချုပ် ကလည်း အတော်လေး စိတ်အေးသွားရလေသည်။
ချီမိသားစု တပည့်များ နှင့် ဝိညာဉ်ဓားတောင် မှ တပည့်များ က အစဉ်အဆက် ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြပြီး လျှို့ဝှက်နယ်မြေ အတွင်း၌လည်း မကြာခဏ ပူးပေါင်းလေ့ ရှိကြသည်။ ဝိညာဉ်ဓားတောင် တွင် တပည့် နှစ်ဦးသာ သေဆုံးခဲ့သည် ဆိုမှတော့ ချီမိသားစု ၏ ဆုံးရှုံးမှုကလည်း အများကြီး ဖြစ်မည် မဟုတ်ဟု သူ တွေးတောမိလေသည်။
ဒီလိုဆိုရင်တော့ အတော်ပဲ... အတော်ပဲလေ...
သို့သော် လင်းမိသားစု အကြီးအကဲချုပ် နှင့် နဂါးကျား တာအိုဂိုဏ်း မှ အကြီးအကဲ ယန် တို့ကတော့ ဤမြင်ကွင်းကို ကြည့်ကာ အနည်းငယ် မကျေမနပ် ဖြစ်သွားကြလေသည်။ ဤတစ်ကြိမ် လောင်းကြေး တွင် ရှုံးနိမ့်သွားနိုင်ခြေ ရှိသည်ဟု ခံစားလိုက်ရ၏။
မည်သို့ပင်ဆိုစေ ဝိညာဉ်ဓားတောင် တွင် တပည့် နှစ်ဦးသာ ဆုံးရှုံးခဲ့သည် မဟုတ်ပါလော။ အလွန် သိသာထင်ရှားသော အားသာချက် တစ်ခုကို ရရှိနေပြီ ဖြစ်ပေသည်။
"အဆွေတော် ယန်... စိုးရိမ်မနေပါနဲ့... ဒီတစ်ခေါက် လျှို့ဝှက်နယ်မြေ ထဲက တိုက်ပွဲ တွေက သိပ်မပြင်းထန်တာလည်း ဖြစ်နိုင်တာပဲ... မိသားစု အသီးသီးက တပည့်တွေရဲ့ သေဆုံး ဒဏ်ရာရမှုက အများကြီး ရှိမှာ မဟုတ်ဘူးလို့ ထင်တယ်..."
လင်းမိသားစု အကြီးအကဲချုပ်က နှစ်သိမ့်စကား ဆိုလိုက်လေသည်။
"ဒီလိုပဲ မျှော်လင့်ရတာပေါ့..."
အကြီးအကဲ ယန် က ခေါင်းညိတ်လိုက်ပြီး လျှို့ဝှက်နယ်မြေ ထွက်ပေါက်ကို လေးနက်သော အကြည့်များဖြင့် စူးစိုက်ကြည့်နေလေသည်။
ထို့နောက် နောက်ထပ် အလင်းတန်း တစ်ခု ထပ်မံ လင်းလက်လာပြန်ပြီး ချီမိသားစု မှ တပည့်များလည်း ချက်ချင်း ထွက်ပေါ်လာကြလေသည်။ လူတိုင်းက တစ်ချက် ကြည့်လိုက်ရာ ပုံရိပ် ခြောက်ခုသာ ရှိနေကြောင်း တွေ့လိုက်ရသဖြင့် ချီမိသားစု အကြီးအကဲချုပ် ၏ မျက်နှာ ချက်ချင်း ပျက်ယွင်းသွားလေသည်။
ဤတစ်ကြိမ် တွင် သေဆုံး ဒဏ်ရာရမှုက တစ်ဝက်နီးပါးခန့် အထိ ကြီးမားနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
"အကြီးအကဲချုပ်..."
"အကြီးအကဲချုပ်..."
ကျန်းချဲ့က ဦးဆောင်၍ အရိုအသေ ပေးလိုက်လေသည်။ ချီမိသားစု မှ တပည့် အချို့ ကလည်း အနောက်မှနေ၍ အလျင်အမြန် အရိုအသေ ပေးလိုက်ကြ၏။
"အရင် ပြန်လာခဲ့ကြ..."
အကြီးအကဲချုပ်က အသာအယာ ခေါင်းညိတ်လိုက်ပြီး အများကြီး အပြစ်တင်မနေတော့ချေ။
ဝေ့မိသားစု တွင် ကျန်ရစ်ခဲ့သော လူအနည်းငယ်နှင့် နှိုင်းယှဉ်ပါက ချီမိသားစု တွင် လူခြောက်ယောက် အသက်ရှင်နေသေးခြင်းက အတော်လေး ကောင်းမွန်နေသေးသည် မဟုတ်ပါလော။ မည်သို့ပင်ဆိုစေ ဤတစ်ကြိမ် တွင် ချီမိသားစု က ပစ်မှတ်ထား ခံခဲ့ရခြင်း ဖြစ်လေသည်။
"ဟုတ်ကဲ့..."
ကျန်းချဲ့က ခေါင်းညိတ်လိုက်ပြီး လင်းမိသားစု အကြီးအကဲချုပ် နှင့် နဂါးကျား တာအိုဂိုဏ်း မှ သိုင်းပညာရှင် ကို တစ်ချက် လှမ်းကြည့်လိုက်သော်လည်း စကားများများ မပြောခဲ့ချေ။ သို့သော် ထိုလူနှစ်ယောက် ရုတ်တရက် တိုက်ခိုက်လာမည်ကို ကာကွယ်ရန်အတွက် အပြည့်အဝ သတိထားနေလိုက်လေသည်။
သူ၏ နေရာကိုလည်း အကြီးအကဲချုပ် ၏ အနောက်သို့ တိုက်ရိုက် ပြောင်းရွှေ့လိုက်၏။
ထို့အပြင် ချင်းထျန်းဂိုဏ်း ကလည်း ဝင်ရောက် နှောင့်ယှက်လာနိုင်သေးသည် မဟုတ်ပါလော။ သို့သော် ကျန်းချဲ့က နတ်အာရုံကို ဖြန့်ကျက်ထားသော်လည်း ဘေးပတ်ဝန်းကျင်တွင် မည်သည့် လှုပ်ရှားမှုမျှ မတွေ့ရသဖြင့် ဤကိစ္စကို အကြီးအကဲချုပ် ထံသို့ အတွင်းအားဖြင့် အသံပို့လွှတ်ကာ ကြိုတင် ပြင်ဆင်ထားရန်သာ အကြောင်းကြားလိုက်ရလေသည်။
"ဒီလို ကိစ္စမျိုး တကယ် ရှိတာလား..."
ချီမိသားစု အကြီးအကဲချုပ် ၏ ရင်ထဲတွင် အလွန်တရာ အံ့ဩသွားပြီး ဘေးပတ်ဝန်းကျင်ကို လေးနက်သော အကြည့်များဖြင့် လှည့်လည် ကြည့်ရှုလိုက်လေသည်။
ချီမိသားစု အကြီးအကဲချုပ် ၏ ဤကဲ့သို့သော မျက်နှာ အမူအရာကို မြင်လိုက်ရသောအခါ လင်းမိသားစု အကြီးအကဲချုပ် နှင့် နဂါးကျား တာအိုဂိုဏ်း မှ အကြီးအကဲ တို့၏ ရင်ထဲတွင် အလွန်တရာ ကျေနပ် ဝမ်းသာသွားကြလေသည်။
ကျန်းချဲ့ တစ်ယောက် လျှို့ဝှက်နယ်မြေ အတွင်း၌ မသေဆုံးခဲ့သော်လည်း ဤတစ်ကြိမ် တွင် ချီမိသားစု ၏ ဆုံးရှုံးမှုက မသေးငယ်လှချေ။ အဓိက တပည့် လေးယောက်တိတိ လျှို့ဝှက်နယ်မြေ အတွင်း၌ သေဆုံးသွားခဲ့သည် မဟုတ်ပါလော။ လောင်းကြေး တွင်လည်း သေချာပေါက် အနိုင်ရနိုင်ပေသည်။
ထို့ကြောင့် ချက်ချင်းပင် မျက်နှာပေါ်တွင် အပြုံးများ ပေါ်ထွက်လာပြီး လျှို့ဝှက်နယ်မြေ ထွက်ပေါက်ကို ကြည့်ကာ မိမိတို့ မိသားစု မှ တပည့်များ အံ့အားသင့်စရာများ ယူဆောင်လာပေးမည်ကို မျှော်လင့်နေကြလေတော့သည်။
သို့သော် ချီမိသားစု မှ တပည့်များ အားလုံး ထွက်ပေါ်လာပြီးနောက် ဆယ်စက္ကန့်ခန့် ကြာမြင့်သည် အထိ နဂါးကျား တာအိုဂိုဏ်း နှင့် လင်းမိသားစု မှ တပည့်များ တစ်ယောက်မျှ ထွက်ပေါ်လာခြင်း မရှိသဖြင့် တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း ခံစားလိုက်ရပြီး အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။
ရင်ထဲတွင်လည်း အနည်းငယ် မကောင်းသော ခံစားချက်များ ဖြစ်ပေါ်လာကြ၏။ တောင်ထိပ်ပေါ်တွင် စောင့်ဆိုင်းနေမှုက အမွှေးတိုင် တစ်တိုင်စာ အချိန်ခန့် အထိ ကြာမြင့်သွားသော်လည်း တံခါးပေါက် ထံမှ မည်သည့် လှုပ်ရှားမှုမျှ မရှိသေးရာ ဤကဲ့သို့သော အခြေအနေကြောင့် လင်းမိသားစု အကြီးအကဲချုပ် တို့ နှစ်ဦး၏ ရင်ထဲတွင် ချက်ချင်း လေးလံသွားရလေတော့သည်။
"ငါတို့ လင်းမိသားစု ရဲ့ တပည့်တွေရော..."
"နဂါးကျား တာအိုဂိုဏ်း ရဲ့ တပည့်တွေရော..."
သူတို့ နှစ်ဦး၏ မျက်နှာများ အနည်းငယ် ပျက်ယွင်းသွားပြီး ဝေ့မိသားစု မှ အသက်ရှင် ကျန်ရစ်သော တပည့် အချို့ထံသို့ အကြည့်ကို ရွှေ့ကာ လေးနက်သော အသံဖြင့် မေးမြန်းလိုက်လေသည်။
"ဒါက..."
"အာ..."
ဝေ့ကျွင်းကျဲ အပါအဝင် လူတိုင်း မျက်နှာပေါ်တွင် တွေဝေသော အရိပ်အယောင်များ ပေါ်ထွက်လာပြီး ဤစကားကို မည်သို့ ဖြေကြားရမည် ဆိုသည်ကို မသိဖြစ်နေကြလေသည်။
"လင်းမိသားစု နဲ့ နဂါးကျား တာအိုဂိုဏ်း ရဲ့ တပည့်တွေ အားလုံး ရွှမ်လင် လျှို့ဝှက်နယ်မြေ ထဲမှာ သေကုန်ကြပြီလား..."
ဝေ့မိသားစု အကြီးအကဲက ဝေ့ကျွင်းကျဲ ကို ထူးဆန်းသော မျက်နှာထားဖြင့် ကြည့်ကာ မေးလိုက်လေသည်။ သို့သော် သူ၏ ရင်ထဲတွင်တော့ ဤကိစ္စကို အပြည့်အဝ မယုံကြည်နိုင်သေးချေ။
"ကျွန်တော်တို့ လျှို့ဝှက်နယ်မြေ ထွက်ပေါက်ကို ရောက်လာတဲ့ အချိန်တုန်းက လင်းမိသားစု နဲ့ နဂါးကျား တာအိုဂိုဏ်း ရဲ့ တပည့်တွေကို လုံးဝ မတွေ့ခဲ့ရပါဘူး... အားလုံး သေကုန်ကြပြီ ထင်ပါတယ်..."
ဝေ့ကျွင်းကျဲ က တိုးညှင်းသော အသံဖြင့် ပြန်လည် ဖြေကြားလိုက်လေသည်။ ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဘေးပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်း တိတ်ဆိတ် ငြိမ်သက်သွားတော့သည်။
"ဘယ်သူလုပ်တာလဲ..."
လင်းမိသားစု အကြီးအကဲချုပ် နှင့် နဂါးကျား တာအိုဂိုဏ်း ၏ အကြီးအကဲ တို့၏ မျက်နှာပေါ်တွင် ထိတ်လန့် ဒေါသထွက်မှုများ ချက်ချင်း ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ် ကောင်းလှသော အရှိန်အဝါ ကြီးများ ရုတ်တရက် ပေါက်ကွဲထွက်လာလေတော့သည်။