← Chapters

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း (၂၂၁) မင်းတို့ တစ်ဆွေလုံး တစ်မျိုးလုံးကို သတ်ပစ်မယ်

တပည့်များအားလုံး သေဆုံးသွားသည် ဆိုသော ကိစ္စက နဂါးကျား တာအိုဂိုဏ်းမှ အကြီးအကဲ ယန် နှင့် လင်းမိသားစု အကြီးအကဲချုပ်တို့ကို အလွန်တရာ ဒေါသထွက်သွားစေပေသည်။

ဤသူများမှာ သူတို့ နှစ်ဖွဲ့လုံး၏ အတော်ဆုံး ပါရမီရှင် တပည့်များ ဖြစ်ကြပေသည်။

လင်းယန် နှင့် ဟုန်ချန် တို့ကဲ့သို့သော အဓိက တပည့်များမှာ ရွှမ်တန် သိုင်းသခင်အဆင့် သာမက ရှန်ရှန်း မဟာသိုင်းသခင်အဆင့်သို့ပင် တက်လှမ်းနိုင်ရန် မျှော်လင့်ချက် ရှိကြသူများ ဖြစ်ပြီး အနာဂတ်တွင် လင်းမိသားစု နှင့် နဂါးကျား တာအိုဂိုဏ်း တို့၏ အဓိက အင်အားစုများ ဖြစ်လာမည့်သူများ ဖြစ်ကြ၏။

အကယ်၍ တပည့် အနည်းငယ်မျှသာ သေဆုံးခြင်း သို့မဟုတ် ထက်ဝက်ခန့် သေဆုံးခြင်း ဆိုလျှင် သူတို့ အနေဖြင့် ဒေါသထွက်မည် ဆိုသော်လည်း ဤမျှလောက် အထိန်းအကွပ်မဲ့ ဖြစ်သွားမည် မဟုတ်ချေ။

သို့သော် ယခုကဲ့သို့ အားလုံး သေဆုံးသွားခြင်းမှာ ရွှမ်လင် လျှို့ဝှက်နယ်မြေ စတင် ဖွင့်လှစ်ကတည်းက ပထမဆုံးအကြိမ် ဖြစ်လေသည်။

ဤသည်မှာ သေဆုံးဒဏ်ရာရမှု များပြားသည်ဟု ဆိုရုံမျှဖြင့် မလုံလောက်တော့ဘဲ လင်းမိသားစု နှင့် နဂါးကျား တာအိုဂိုဏ်း တို့၏ နှလုံးသားကို အမှန်တကယ် နာကျင်သွားစေခြင်းပင် ဖြစ်ပေသည်။

ထို့ကြောင့် သူတို့၏ ဒေါသများကို လုံးဝ မထိန်းချုပ်နိုင်ကြတော့ချေ။ ချက်ချင်းဆိုသလို ဝေ့ကျွင်းကျဲ ကို အဖြစ်မှန် သိရရန် မေးခွန်းထုတ်တော့၏။

ရှန်ရှန်းအဆင့် မဟာသိုင်းသခင် နှစ်ပါး၏ ဖိအားကို ရင်ဆိုင်ရချိန်တွင် ဝေ့ကျွင်းကျဲ မှာ မုန်တိုင်းထဲမှ လှေငယ်လေး တစ်စင်းအလား လုံးဝ တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ တစ်ကိုယ်လုံး ချွေးအေးများ ပျံလာကာ ဒူးထောက်ကျလုနီးပါး ဖြစ်သွားရလေသည်။

"တာအိုမိတ်ဆွေ နှစ်ပါး အရမ်းကြီး ဒေါသ မထွက်ကြပါနဲ့... လျှို့ဝှက်နယ်မြေ အတွင်းက တိုက်ပွဲတွေမှာ သေဆုံး ဒဏ်ရာရတာက ပုံမှန်ပါပဲ... ပေါ့ပေါ့ပါးပါးလေး သဘောထားလိုက်ကြပါ"

ဝေ့မိသားစု အကြီးအကဲက ဝေ့ကျွင်းကျဲ ၏ အရှေ့မှ ကာကွယ်ပေးရင်း ဖိအားများကို ဖယ်ရှားပေးလိုက်လေသည်။

သူ၏ မျက်နှာပေါ်တွင် နှမြောတသဟန် ပြသကာ တိုက်တွန်းပြောဆိုလိုက်သော်လည်း ရင်ထဲတွင်တော့ အတော်လေး နေလို့ကောင်းသွားပေသည်။

အရာရာတိုင်းက နှိုင်းယှဉ်ကြည့်ရန်သာ လိုအပ်သည် မဟုတ်ပါလော... ဝေ့မိသားစု ၏ သေဆုံးဒဏ်ရာရမှုက တစ်ဝက်ကျော်ရှိပြီး လေးယောက်သာ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့ရာ ဤသည်က ဝေ့မိသားစုကို ကြီးမားသော ဆုံးရှုံးမှု ဖြစ်စေရုံသာမက သတင်းထွက်သွားပါက ဂုဏ်သိက္ခာလည်း ကျဆင်းသွားစေမည် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ဤသည်က အခြား အင်အားစုများထက် ဝေ့မိသားစု က များစွာ အားနည်းနေကြောင်းကို ပြသနေသောကြောင့် ဖြစ်ပေသည်။

သို့သော် အောက်ဆုံးမှ ခံပေးမည့် အင်အားစု ရှိနေလျှင်တော့ မတူတော့ချေ။ လင်းမိသားစု နှင့် နဂါးကျား တာအိုဂိုဏ်း တို့၏ စွမ်းအားက ဝေ့မိသားစု ထက် သာလွန်သော်လည်း တပည့်များ အားလုံး သေဆုံးသွားခဲ့ရသည် မဟုတ်ပါလော... ဝေ့မိသားစုသို့ ပြန်ရောက်သောအခါ အခြား အကြီးအကဲများကို ရှင်းပြရန် အကြောင်းပြချက် ရသွားခဲ့လေပြီ။

ထို့အပြင် ဝေ့မိသားစု အကြီးအကဲက စောစောက ထိုလူနှစ်ယောက်၏ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာနေခဲ့ကြပုံများကို မှတ်မိနေသေးရာ ယခုတော့ ထိုအရာများ အားလုံး သူတို့ထံသို့ အတိအကျ ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်ပေသည်။

တစ်ချိန်တည်းမှာပင် သူက စိတ်ထဲမှ တိတ်တဆိတ် လှောင်ပြောင်လိုက်လေသည်။

'ငါ့ကိုကျတော့ ခွင့်လွှတ်ပေးဖို့ ပြောပြီး ကိစ္စက ကိုယ့်ဆီ ရောက်လာတော့ မခံနိုင်ကြတော့ဘူး မဟုတ်လား'

"တာအိုမိတ်ဆွေ နှစ်ပါး ဒေါသကို လျှော့ပါဦး... စစ်ပွဲမှာ အနိုင်အရှုံး ဆိုတာ ဓမ္မတာပါပဲ... အရမ်းကြီး ရင်ထဲ ထည့်မထားပါနဲ့"

ချီမိသားစု အကြီးအကဲချုပ် ကလည်း ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို သိနေသော်လည်း ထိုလူနှစ်ယောက် အရှက်ကွဲနေသည်ကို မြင်ရသဖြင့် မနေနိုင်ဘဲ အရှေ့ထွက်ကာ နှမြောတသဟန်ဖြင့် ဝင်ရောက် ထောက်ခံလိုက်လေသည်။

"ဟုတ်တာပေါ့... ပြီးသွားတဲ့ ကိစ္စတစ်ခုကို ဒီလောက်တောင် လက်မခံနိုင် ဖြစ်နေရင်... အပြင်မှာ သတင်းထွက်သွားတဲ့ အခါကျ လူရယ်စရာ ဖြစ်သွားမှာပေါ့"

ချင်းရှောင် ဓားသခင် ကလည်း ယန်ချောင် ထံမှ အသံပို့လွှတ်မှုကြောင့် လျှို့ဝှက်နယ်မြေ အတွင်း ဖြစ်ပျက်ခဲ့သမျှကို သိရှိထားပြီး ဖြစ်ရာ ကျန်းချဲ့ကို အံ့ဩစွာ တစ်ချက် ကြည့်လိုက်ပြီးနောက် ဆက်လက်၍ ဝင်ရောက် တိုက်တွန်းလိုက်လေသည်။ သူက လင်းမိသားစု နှင့် နဂါးကျား တာအိုဂိုဏ်း တို့အတွက် အမှန်တကယ် နှမြောတသဟန် ပြသနေသည့်အလားပင်။

သို့သော် သူတို့၏ စကားများက လင်းမိသားစု အကြီးအကဲချုပ် နှင့် အကြီးအကဲ ယန် တို့၏ ဒေါသကို ပိုမို ကြီးထွားလာစေခဲ့ပေသည်။

'သေသွားတဲ့ အတော်ဆုံး တပည့်တွေက မင်းတို့ လူတွေ မဟုတ်လို့ ပြောနိုင်တာပေါ့ ဟုတ်လား'

ဤကဲ့သို့သော ကိစ္စမျိုးကို မည်သူကမျှ လက်ခံနိုင်မည် မဟုတ်ချေ။

"ပြောစမ်း"

လင်းမိသားစု အကြီးအကဲချုပ် က မျက်လုံးများကို ပြူးကျယ်ကာ ဝေ့ကျွင်းကျဲ ကို စိုက်ကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

အမှန်တကယ်တော့ သူတို့ နှစ်ယောက်စလုံး အခြေအနေ အချို့ကို ခန့်မှန်းမိနေကြပေသည်။ ချီမိသားစု တပည့်များ နှင့် ဝိညာဉ်ဓားတောင် မှ တပည့်များ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့သော်လည်း လင်းမိသားစု နှင့် နဂါးကျား တာအိုဂိုဏ်း မှ မည်သူတစ်ဦးတစ်ယောက်မျှ ပြန်မလာနိုင်ခဲ့ချေ။ ဤကိစ္စက အခြား ဖြစ်နိုင်ခြေ လုံးဝ မရှိနိုင်ပေ။

သို့သော် ထိုသို့ တွေးတောမိသော်လည်း ပြဿနာရှာရန် အကြောင်းပြချက် တစ်ခုတော့ လိုအပ်ပေသည်။

"အာ..."

ဝေ့ကျွင်းကျဲ မှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး ချီမိသားစု အကြီးအကဲချုပ် ၏ အနောက်တွင် ရပ်နေသော ကျန်းချဲ့ ထံသို့ အကြည့်ကို ရွှေ့လိုက်လေသည်။ သူက အမှန်တရားကို ဖွင့်ပြောလိုက်ပြီး လင်းမိသားစု နှင့် နဂါးကျား တာအိုဂိုဏ်း တို့ကို ကျန်းချဲ့ အား ပြဿနာ ရှာစေချင်နေမိ၏။

သို့သော် ကျန်းချဲ့ ၏ အေးစက်သော အကြည့်များကို မြင်လိုက်ရသောအခါ မည်သို့ ဖြစ်သွားမှန်း မသိဘဲ ရင်ထဲတွင် ကြောက်ရွံ့မှုများ ရုတ်တရက် ပေါ်ထွက်လာပြီး အလျင်အမြန် ခေါင်းငုံ့သွားကာ တိုက်ရိုက် ထုတ်ဖော် မပြောရဲတော့ချေ။

ဝေ့မိသားစု အကြီးအကဲ ကလည်း သူ၏ အရှေ့သို့ လှမ်းဝင်လာပြီး မကျေနပ်သော အမူအရာဖြင့် ပြောလိုက်လေသည်။

"ခင်ဗျားတို့ နှစ်ယောက်က ကျုပ် ဝေ့မိသားစု က ကလေးကို ဒီလို ဖိအားပေးနေတာ... ဘာသဘောလဲ"

မည်သူက လက်သည် ဖြစ်ကြောင်း သိနေပါလျက်နှင့် သူတို့ ဝေ့မိသားစုကို ပြဿနာထဲ ဆွဲသွင်းချင်နေသည်မှာ လုံးဝ မဖြစ်နိုင်ချေ။

သို့သော် ဝေ့ကျွင်းကျဲ ၏ အကြည့်များက အရာအားလုံးကို သက်သေပြနေပြီ ဖြစ်ပေသည်။ လင်းမိသားစု အကြီးအကဲချုပ် နှင့် နဂါးကျား တာအိုဂိုဏ်း မှ အကြီးအကဲ တို့သည် သူတို့၏ ကြောက်မက်ဖွယ် အရှိန်အဝါ များကို ထုတ်ဖော်လိုက်ပြီး ချီမိသားစု ရှိရာ အရပ်သို့ ဖိချလိုက်ကြလေတော့သည်။

"ရိုင်းစိုင်းလှချည်လား... မင်းတို့လို ကလေးတွေက ဒီလောက်တောင် ရက်စက်ရဲတာလား"

"မောက်မာလှတဲ့ ကောင်လေးတွေ"

"ဒုန်း..."

အသံတိတ် ပေါက်ကွဲသံ တစ်ခု လေဟာနယ်တွင် ပဲ့တင်ထပ်သွားပြီး ချီမိသားစု အကြီးအကဲချုပ် ၏ မျက်နှာက အနည်းငယ် တင်းမာသွားကာ သူ၏ လက်ထဲရှိ နဂါးခေါင်း တောင်ဝှေးကို မြေပြင်သို့ အားကုန် ဆောင့်ချလိုက်လေသည်။ မျက်စိဖြင့် မမြင်နိုင်သော စွမ်းအားလှိုင်း တစ်ခု ထွက်ပေါ်လာပြီး ထိုလူနှစ်ယောက်၏ ဖိအားများကို တိုက်ရိုက် ဖယ်ရှားပစ်လိုက်၏။

သူက ထိုလူနှစ်ယောက်ကို အေးစက်သော အကြည့်များဖြင့် စိုက်ကြည့်ကာ လေးနက်စွာ ပြောလိုက်လေသည်။

"လျှို့ဝှက်နယ်မြေ အတွင်းက တိုက်ပွဲတွေ ဆိုတာ အရင်ကတည်းက သတ်မှတ်ထားပြီးသား စည်းကမ်းပဲ... အသက်သေဆုံးတဲ့ အထိ တိုက်ခိုက်ခွင့် ရှိတယ်... ဘယ်လိုလဲ မင်းတို့ အိုကြီးအိုမ နှစ်ယောက်က ရှုံးမဲမဲချင်နေတာလား... အဲ့ဒီလို ဆိုရင်လည်း ငါ က အချိန်မရွေး ရင်ဆိုင်ပေးဖို့ အဆင်သင့်ပဲ"

"ချွမ်း..."

နောက်တစ်ခဏတွင် ဓားမြည်သံ တစ်ခု ထွက်ပေါ်လာလေသည်။

ချင်းရှောင် ဓားသခင် ကျောက်ရှန်းကျစ် ၏ ကိုယ်ပေါ်မှ ကြောက်မက်ဖွယ် ကောင်းလှသော ဓားအရှိန်ဝါ များ ထွက်ပေါ်လာပြီး တစ်လှမ်းချင်းစီ ရှေ့သို့ တက်လာရာ... သူ တစ်ယောက်လုံးက ကောင်းကင်ကိုပင် ထိုးဖောက်နိုင်စွမ်း ရှိသည့် ဓားတစ်လက်အလား ထက်မြက်လှပေသည်။

သူမ ကလည်း ယန်ချောင် ထံမှ လျှို့ဝှက်နယ်မြေ အတွင်း ဖြစ်ပျက်ခဲ့သမျှကို သိရှိထားပြီး ဖြစ်သည်။ ချီမိသားစုက ဗောဓိ တာအိုအလင်းပြအသီး တစ်လုံးကို ခွဲဝေပေးခဲ့သည့် အပြင် တပည့် တစ်ယောက်ကိုလည်း အသက်ရှင်လျက် လွတ်မြောက်စေခဲ့သည်။ ထို့အပြင် ပေလင် ချီမိသားစု နှင့် နှစ်ပေါင်းများစွာ ရင်းနှီးလာခဲ့သော ဆက်ဆံရေး အရ ဤကဲ့သို့သော အချိန်မျိုးတွင် သူမ အနေဖြင့် ဘေးမှ လက်ပိုက်ကြည့်နေရန် လုံးဝ မဖြစ်နိုင်ချေ။ ထို့ကြောင့် ထိုလူနှစ်ယောက်၏ အရှေ့သို့ တိုက်ရိုက် ဝင်ရောက် တားဆီးလိုက်လေသည်။

သူမ၏ မျက်ဝန်းများ ထဲတွင် ကြောက်မက်ဖွယ် ဓားအလင်းများ တောက်ပနေပြီး ပြောလိုက်၏။

"ကလေးတွေ အချင်းချင်း တိုက်ခိုက်တဲ့ ကိစ္စမှာ လူကြီးတွေ ဝင်ပါရင် လူရယ်စရာ ဖြစ်သွားလိမ့်မယ်... တာအိုမိတ်ဆွေ နှစ်ပါး အနေနဲ့ မကျေနပ်ဘူး ဆိုရင်လည်း အချိန်မရွေး တိုက်ခိုက်နိုင်ပါတယ်"

"ချီသရဲအိုကြီး... တကယ်လို့ တပည့် နည်းနည်းလောက်ပဲ သေသွားရင် ထားလိုက်လို့ ရပေမဲ့... ငါတို့ လင်းမိသားစု ရဲ့ တပည့်တွေ အားလုံး သေသွားတာ ဆိုတော့... ရှင်းလင်းတဲ့ အဖြေတစ်ခုတော့ ပေးမှ ရမယ်"

"ဟုတ်တယ်... ငါတို့ နဂါးကျား တာအိုဂိုဏ်း ရဲ့ တပည့်တွေလည်း အကုန်လုံး သေသွားတာပဲ... သေချာတဲ့ အဖြေတစ်ခု ပေးရမယ်... မဟုတ်ရင် စစ်ပွဲဖြစ်လည်း ဂရုမစိုက်ဘူး"

လင်းမိသားစု အကြီးအကဲချုပ် နှင့် နဂါးကျား တာအိုဂိုဏ်း မှ အကြီးအကဲ တို့က အရှေ့အနောက် ရပ်လျက် လုံးဝ အလျှော့မပေးကြချေ။

"ဟွန့်... မင်းတို့ ခွေးအိုကြီး နှစ်ကောင်က ဘယ်လို အဖြေမျိုးကို လိုချင်နေတာလဲ"

ချီမိသားစု အကြီးအကဲချုပ် က ထိုလူနှစ်ယောက်ကို စူးစိုက်ကြည့်ကာ အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိပေ။

"လျှို့ဝှက်နယ်မြေ ရဲ့ စည်းကမ်းက အမြဲတမ်း ရွှမ်တန်အဆင့် အောက်က တပည့်တွေပဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရှိတယ်... ဒါပေမဲ့ မင်းတို့ ချီမိသားစု က မတရားတဲ့ နည်းလမ်းကို သုံးပြီး ကျန်းချဲ့ ရဲ့ ကျင့်ကြံမှု အဆင့်ကို ဖုံးကွယ်ထားခဲ့တယ်... အဲ့ဒီလိုမှ မဟုတ်ရင် ငါတို့ လင်းမိသားစု က ဒီလောက်ကြီးမားတဲ့ ဆုံးရှုံးမှုမျိုးနဲ့ ဘယ်လိုလုပ် ကြုံရမှာလဲ"

လင်းမိသားစု အကြီးအကဲချုပ် က မေးခွန်းထုတ်လိုက်ပြီး ကျန်းချဲ့ကို လူသတ်ချင်နေသည့် အကြည့်များဖြင့် စိုက်ကြည့်နေလေသည်။

စောစောက ချီမိသားစုဝင်များ ထွက်ပေါ်လာချိန်တွင် သူတို့က တစ်ချက်သာ ကြည့်လိုက်ပြီး အများကြီး အာရုံမစိုက်ခဲ့ကြချေ။ ထို့အပြင် ကျန်းချဲ့က မိမိ၏ အရှိန်အဝါများကို ဖုံးကွယ်ထားသဖြင့် ချက်ချင်း သတိမပြုမိခဲ့ခြင်း ဖြစ်၏။

သို့သော် သူတို့၏ နတ်အာရုံ စွမ်းအားများဖြင့် ဆိုပါက ထူးခြားမှုကို အမြဲတမ်း သတိမထားမိဘဲ နေမည်လား။

ကျန်းချဲ့ အနေဖြင့် မည်မျှပင် ကောင်းမွန်စွာ ဖုံးကွယ်ထားစေကာမူ သူတို့၏ အမြင်ကို လွတ်ကင်းနိုင်မည် မဟုတ်ချေ။ ဤအချက်ကို သိလိုက်ရသောအခါ သူတို့၏ ရင်ထဲရှိ ဒေါသများက လုံးဝ ထိန်းချုပ်၍ မရနိုင်အောင် ပေါက်ကွဲထွက်လာတော့သည်။

မွေးရာပါအဆင့် တပည့်များကို သိုင်းသခင် တစ်ပါး အနေဖြင့် အနိုင်ကျင့်ခြင်းမှာ လုံးဝ စည်းကမ်းမဲ့လွန်းလှပေသည်။

"ချီမိသားစု ရဲ့ မျက်နှာကို ထောက်ထားပြီး... တခြားလူတွေကို ငါတို့ အပြစ်မယူဘူး... ဒါပေမဲ့ စည်းကမ်းဖောက်ဖျက်တဲ့ ဒီကျန်းချဲ့ ကိုတော့ ငါတို့ဆီကို အပ်ရမယ်"

နဂါးကျား တာအိုဂိုဏ်း မှ အကြီးအကဲ ယန် ကလည်း လေးနက်စွာ ပြောလိုက်လေသည်။

"ချီးပဲ... ကျန်းချဲ့က ငါတို့ ချီမိသားစု ရဲ့ သားမက်... ငါတို့ ချီမိသားစု ရဲ့ လူပဲ... မင်းတို့ထဲက ဘယ်သူကများ သူ့ကို လက်ဖျားနဲ့ တစ်ချက်လေးတောင် ထိရဲတယ် ဆိုရင်... ငါ က မင်းတို့ တစ်ဆွေလုံး တစ်မျိုးလုံးကို သတ်ပစ်မယ်"

အကြီးအကဲချုပ် က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဆံပင် မုတ်ဆိတ်များ လွင့်ပျံသွားကာ ကြောက်မက်ဖွယ် ကောင်းလှသော အရှိန်အဝါ ကြီးများက အရပ်လေးမျက်နှာသို့ လွင့်စင်သွားလေတော့သည်။

လျှို့ဝှက်နယ်မြေ အတွင်းသို့ မဝင်ရောက်မီကပင် ကျန်းချဲ့ သတ်ဖြတ်သမျှ အားလုံး၏ နောက်ဆက်တွဲ ပြဿနာများကို ချီမိသားစု က တာဝန်ယူ ဖြေရှင်းပေးမည်ဟု သူ ကတိပေးထားခဲ့သည်။ လင်းမိသားစု နှင့် နဂါးကျား တာအိုဂိုဏ်း တို့၏ တပည့်များ အားလုံး သတ်ဖြတ်ခံလိုက်ရခြင်းမှာ အနည်းငယ် လွန်ကဲသွားသည် မှန်သော်လည်း ဤပြဿနာကို သူတို့ ကိုယ်တိုင် ရင်ဆိုင် ဖြေရှင်းရမည်သာ ဖြစ်၏။

မဟုတ်ပါက သတင်း ထွက်သွားလျှင် ချီမိသားစု အနေဖြင့် နောင်တစ်ချိန်တွင် မျက်နှာပြစရာ ရှိတော့မည် မဟုတ်ချေ။

နှစ်ပေါင်း ထောင်နှင့်ချီ၍ တည်ရှိလာခဲ့သော ချီမိသားစု က ပြဿနာ ဖြေရှင်းရာတွင် အမြဲတမ်း ပြေလည်အောင် ဆောင်ရွက်လေ့ ရှိသော်လည်း ဤသည်က ချီမိသားစု အနေဖြင့် ကြောက်ရွံ့တတ်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ထောင်စုနှစ် သက်တမ်းရှိသော အခြေခံ အင်အားများ ရှိနေသဖြင့် အင်အားစုကြီး နှစ်ခုကို ရင်ဆိုင်ရလျှင်ပင် အနည်းငယ်မျှ ကြောက်ရွံ့မည် မဟုတ်ချေ။

စစ်ပွဲ ဖြစ်ပွားလျှင်တောင်မှ ချီမိသားစု ၏ ဂုဏ်သိက္ခာကို လုံးဝ အကျဆင်းခံမည် မဟုတ်ပေ။

ထို့အပြင် ကျန်းချဲ့ က ဤမျှ ငယ်ရွယ်သော အသက်အရွယ် ဖြင့် ရွှေအမြုတေ တည်ဆောက်နိုင်ကာ သိုင်းသခင် အဆင့်သို့ တက်လှမ်းနိုင်ခြင်းက သူ၏ ပါရမီသည် လောကတွင် အလွန်တရာ ရှားပါးကြောင်း ပြသနေသည်။ သူက ကောင်းကင်နှင့် မြေကြီး၏ အချစ်တော် ဖြစ်နိုင်ပေသည်။

ချီမိသားစု က သူ့အပေါ်တွင် အများကြီး ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်ရာ မည်သို့လျှင် နောက်ဆုတ်နိုင်မည်နည်း။

လင်းမိသားစု နှင့် နဂါးကျား တာအိုဂိုဏ်း တို့က ဤသို့ လုပ်ဆောင်ရန် လုံးဝ မထိုက်တန်ချေ။

"စည်းကမ်း ဟုတ်လား... ဟားဟား... ဒီ လျှို့ဝှက်နယ်မြေ ရဲ့ ဝင်ပေါက် က သိုင်းပညာရှင်တွေ ရဲ့ ကျင့်ကြံမှု အဆင့်ကို ကန့်သတ်ထားတာပဲ... တကယ်လို့ ကျန်းချဲ့ သာ အစောကြီး ကတည်းက ရွှေအမြုတေ တည်ဆောက်ထားတယ် ဆိုရင်... အစီအရင် ရဲ့ သတိပေးချက်ကို ဘယ်လိုလုပ် မဖြစ်ပေါ်စေဘဲ နေမှာလဲ... ခင်ဗျားတို့ ကိုယ်တိုင်လည်း ဒီနေရာမှာ ရှိနေတာပဲ... ဘယ်နေရာမှာ စည်းကမ်း ဖောက်ဖျက်ထားလို့လဲ... လျှို့ဝှက်နယ်မြေ ထဲမှာ ရွှေအမြုတေ တည်ဆောက်နိုင်တာက ငါ့ရဲ့ တူမြေးသားမက် တော်လွန်းလို့ပေါ့... လျှို့ဝှက်နယ်မြေ ထဲမှာ အဆင့်တက်လို့ မရဘူးလို့ ဘယ်သူက စည်းကမ်း သတ်မှတ်ထားလို့လဲ... ဒါကို အကြောင်းပြပြီး ငါ့ ကို လာဖိအားပေးချင်နေတာ... မဖြစ်နိုင်တာတွေကို မစဉ်းစားနဲ့"

"ပြီးတော့... နဂါးကျား တာအိုဂိုဏ်း က ငါတို့ ချီမိသားစု တပည့်တွေကို အရင် ဝိုင်းဝန်း တိုက်ခိုက်ခဲ့တာ... သေသွားတာကလည်း ဝဋ်လည်သွားတာပဲ... မင်းတို့ လင်းမိသားစု ဆိုရင်လည်း... အဲ့ဒီ အသုံးမကျတဲ့ ကောင်တွေ သေသွားတာက ကျင့်ကြံမှု အရင်းအမြစ်တွေကို သက်သာသွားစေတာပဲ မဟုတ်ဘူးလား"

ကျန်းချဲ့ က လျှို့ဝှက်နယ်မြေ အတွင်း ဖြစ်ပျက်ခဲ့သမျှကို သူ့အား အကျဉ်းရုံး ပြောပြထားပြီး ဖြစ်ရာ ချီမိသားစု ဘက်က အမှား မရှိကြောင်း သူ ကောင်းစွာ သိရှိထားသည်။ ထို့ကြောင့် သူ၏ ဒေါသများကို အပြည့်အဝ ပေါက်ကွဲထုတ်လိုက်လေသည်။

မည်သို့ပင်ဆိုစေ တိုက်ပွဲ ကတော့ ရှောင်လွှဲ၍ မရနိုင်တော့ရာ အရင်ဆုံး စကားဖြင့် အနိုင်ယူထားရမည် မဟုတ်ပါလော။

"ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ... ချီသရဲအိုကြီး... ဒီလိုဆိုမှတော့ ငါတို့ လက်တွေ့ပဲ တိုက်ခိုက်ကြည့်ကြတာပေါ့"

လင်းမိသားစု အကြီးအကဲချုပ် က စကားပြော၍ မရတော့သဖြင့် ဒေါသထွက်လွန်းကာ နှာခေါင်းထဲမှ အခိုးများပင် ထွက်လာတော့၏။ ထို့နောက် စကားများများ မပြောတော့ဘဲ စိတ်ထဲမှ အမိန့်ပေးလိုက်လေသည်။

ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ အရောင်များ ချက်ချင်း ပြောင်းလဲသွားပြီး အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော သစ်ပင်ကြီး ဖန်ဆင်းမှု ပုံရိပ် တစ်ခု ထွက်ပေါ်လာလေသည်။ ပေတစ်ရာခန့် ကြီးမားပြီး ကြောက်မက်ဖွယ် အရှိန်အဝါ များကို ထုတ်လွှတ်ကာ ကောင်းကင်ကိုပင် ဖုံးလွှမ်းသွားစေ၏။

"ချီသရဲအိုကြီး... ကျောက်ရှန်းကျစ်... ဒီနေ့ ငါ က မင်းတို့ နှစ်ယောက်နဲ့ ဒီနေရာမှာ သေခန်းပြတ် တိုက်ခိုက်မယ်"

လင်းမိသားစု အကြီးအကဲချုပ် ၏ တိုက်ခိုက်မှုကို မြင်လိုက်ရသောအခါ နဂါးကျား တာအိုဂိုဏ်း မှ အကြီးအကဲ ယန် ကလည်း မည်သည့် တွန့်ဆုတ်မှုမျှ မရှိတော့ချေ။

စိတ်ထဲမှ အမိန့်ပေးလိုက်ရာ သူ၏ အနောက်တွင် ကြောက်မက်ဖွယ် နဂါးဟိန်းသံကြီး ထွက်ပေါ်လာပြီး ပေတစ်ရာခန့် ရှည်လျားသော နဂါးနက်ကြီး ဖန်ဆင်းမှု ပုံရိပ် ထွက်ပေါ်လာလေသည်။ မျက်လုံး နှစ်လုံးက ဧရာမ မီးအိမ်နီကြီး နှစ်လုံးအလား ဖြစ်နေပြီး ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ပြည့်နှက်နေ၏။

"ဟွန့်... ငါ က မင်းတို့ကို ကြောက်နေမယ် ထင်လား"

"ဝုန်း..."

အကြီးအကဲချုပ် က လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်ရာ မူလစွမ်းအင်များ တုန်ခါသွားပြီး အသံနက်ကြီး တစ်ချက် ထွက်ပေါ်လာလေသည်။ အစိမ်းရောင် ခြင်္သေ့ကြီး ဖန်ဆင်းမှု ပုံရိပ် တစ်ခု ဖြည်းညင်းစွာ ခေါင်းမော့လာပြီး ကောင်းကင် တစ်ဝက်ကို ဖုံးလွှမ်းသွားကာ တိမ်မည်းများ ရောယှက်သွားလေသည်။ လောကကို ဖျက်ဆီးမည့် သားရဲကြီး တစ်ကောင်အလားပင်။

"ချွမ်း..."

ထို့နောက် ချင်းရှောင် ဓားသခင် ကျောက်ရှန်းကျစ် ကလည်း မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ကောင်းကင်ကို ပဲ့တင်ထပ်သွားစေသော ဓားမြည်သံကြီး တစ်ချက် နှင့်အတူ ပေတစ်ရာခန့် ရှည်လျားသော နတ်ဘုရားဓားကြီး ဖန်ဆင်းမှု ပုံရိပ် ကို ကောင်းကင်မှ ဆင်းသက်လာစေ၏။ ကြောက်မက်ဖွယ် ဓားအရှိန်အဝါများက လေဟာနယ်ကိုပင် တုန်ခါသွားစေလေသည်။

ဝေ့မိသားစု အကြီးအကဲ က ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာ ချက်ချင်း ပျက်ယွင်းသွားလေသည်။

သူတို့တွေ တကယ်ကို တိုက်ခိုက်ကြတော့မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။ ဘေးပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဝင်ရောက် တားဆီးရန် သော်လည်းကောင်း ကူညီရန် သော်လည်းကောင်း မစဉ်းစားတော့ဘဲ အင်္ကျီလက်ကို တစ်ချက် ဝှေ့ယမ်းကာ မိမိ၏ တပည့် အချို့ကို အကာအကွယ် ပေးလျက် မျက်တောင်တစ်ခတ် အတွင်းမှာပင် ပေထောင်ချီ ဝေးကွာသော နေရာသို့ ရွှေ့ပြောင်းသွားလေတော့သည်။

ရှန်ရှန်းအဆင့် မဟာသိုင်းသခင် လေးပါး တိုက်ခိုက်တော့မည် ဖြစ်ရာ ကျန်းချဲ့ တို့ အနေဖြင့်လည်း ထိုနေရာတွင် ဆက်လက် ရပ်နေ၍ မရနိုင်တော့ချေ။ ချီမိသားစု တပည့်များကို ခေါ်ဆောင်ကာ အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားကြပြီး စစ်တလင်းပြင်ကို သူတို့ အတွက် ဖယ်ပေးလိုက်လေသည်။

ဤကဲ့သို့သော အဆင့်ရှိသည့် တိုက်ပွဲမျိုးတွင် သူတို့ အနေဖြင့် လုံးဝ ဝင်ရောက် စွက်ဖက်၍ မရနိုင်ချေ။ တိုက်ပွဲ၏ ဂယက်ရိုက်ခတ်မှုကိုပင် ခံနိုင်စွမ်း ရှိမည် မဟုတ်ရာ တတ်နိုင်သမျှ ဝေးဝေးသို့ ထွက်ပြေးရန်သာ ရှိတော့လေသည်။

ရှန်ရှန်း မဟာသိုင်းသခင် ဖန်ဆင်းမှု ပုံရိပ်ကြီး လေးခု က ကောင်းကင်နှင့် မြေကြီး ကြားတွင် မားမတ်စွာ ရပ်တည်နေပြီး ကြောက်မက်ဖွယ် ဖိအားများကို ထုတ်လွှတ်နေကြလေသည်။ အုပ်စု နှစ်စု ရှင်းလင်းစွာ ကွဲပြားသွားပြီး သတ်ဖြတ်လိုစိတ် များက လေထုထဲတွင် ပျံ့နှံ့လာကာ ပေထောင်နှင့်ချီ ကျယ်ဝန်းသော နေရာ တစ်ခုလုံးကို လုံးဝ တိတ်ဆိတ် ငြိမ်သက်သွားစေ၏။

တိတ်ဆိတ်မှုက ခဏတာ အချိန်ယူသွားပြီးနောက် မဟာသိုင်းသခင် လေးပါး တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြလေသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ကောင်းကင် အရောင် ပြောင်းသွားပြီး မူလစွမ်းအင်များ ဆူပွက်လာကာ ကြောက်မက်ဖွယ် ဖန်ဆင်းမှု ပုံရိပ်ကြီး များက နတ်ဘုရား အလင်းတန်း များကို ထုတ်လွှတ်လိုက်ကြ၏။

လောကကို ဖျက်ဆီးမည့် သားရဲကြီးများအလား တစ်ချက် တိုက်ခိုက်လိုက်သည်နှင့် တောင်များ ပြိုကျကာ မြေကြီးများ အက်ကွဲသွားပြီး မိုးခြိမ်းသံကြီးများ ကောင်းကင်ကို ပဲ့တင်ထပ်သွားလေတော့သည်။

ချီမိသားစု အကြီးအကဲချုပ် က သူ၏ ပြိုင်ဘက်ဟောင်း ဖြစ်သော လင်းမိသားစု အကြီးအကဲချုပ် နှင့် ရင်ဆိုင်လိုက်ပြီး ဖန်ဆင်းမှု ပုံရိပ် နှစ်ခု စတင် တိုက်ခိုက်ကြလေသည်။

တစ်ချိန်တည်းမှာပင် ကျောက်ရှန်းကျစ် လည်း လုံးဝ အလျှော့မပေးဘဲ ဓားမြည်သံ တစ်ချက် က ကောင်းကင်ကို လွှမ်းခြုံသွားကာ ဓားအလင်း မြစ်ကြီး တစ်စင်း ဖွဲ့စည်းသွားပြီး လေဟာနယ်ထဲရှိ နဂါးနက်ကြီး ထံသို့ ခုတ်ပိုင်းလိုက်လေရာ ဖြတ်သန်းသွားသော နေရာတိုင်းရှိ တောင်တောများ အားလုံး ချက်ချင်း ပျက်စီးသွားလေတော့သည်။

မဟာသိုင်းသခင် များ၏ တိုက်ပွဲကို အဝေးမှ ကြည့်ရှုနေသော ကျန်းချဲ့ ၏ မျက်နှာပေါ်တွင် အလွန်တရာ လေးနက်သော အမူအရာများ ပေါ်ထွက်နေပြီး သူ၏ ရင်ထဲတွင်လည်း စိတ်လှုပ်ရှားမှုများ အဆက်မပြတ် ဖြစ်ပေါ်နေလေသည်။

ဤသည်က မဟာသိုင်းသခင် များ၏ တိုက်ပွဲကို သူ ပထမဆုံး အကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။ ဤကဲ့သို့သော အဆင့်ရှိသည့် တိုက်ပွဲမျိုးက ရွှမ်တန် အဆင့်ကို အများကြီး ကျော်လွန်သွားခဲ့ပြီ ဖြစ်ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် တောင်များကို ဖြိုခွဲကာ လေဟာနယ်ကို တုန်ခါသွားစေနိုင်စွမ်း ရှိပေသည်။

ဒဏ္ဍာရီလာ နတ်ဘုရား များနှင့် လုံးဝ ခြားနားမှု မရှိချေ။

ဒါကမှ တကယ့် သိုင်းပညာရှင် အစစ်ပဲ...

ကျန်းချဲ့ ၏ မျက်ဝန်းများ ထဲတွင် ပူပြင်းသော မီးတောက်များ ပိုမို တောက်လောင်လာလေသည်။

'တစ်နေ့နေ့ တစ်ချိန်ချိန် ကျရင်... ငါလည်း ဒီအဆင့်ကို သေချာပေါက် ရောက်ရမယ်... မဟုတ်ဘူး... ဒီအဆင့်ထက်တောင် ကျော်လွန်ရမယ်'

"ဝုန်း..."

"ဝုန်း..."

"ဝုန်း..."

ပေါက်ကွဲသံကြီး များ အဆက်မပြတ် ထွက်ပေါ်လာပြီး ကောင်းကင်ကို လှုပ်ခတ်သွားစေလေသည်။ သိုင်းပညာရှင် လေးပါး ၏ တိုက်ခိုက်မှု တစ်ချက်စီတိုင်းက မိုးကြိုးပစ်ချလိုက်သည့်အလား အလွန်တရာ အားကောင်းလှပေသည်။ အောက်ဘက်ရှိ ကျောက်တောင်ကြီးများ လုံးဝ ပြိုကျပျက်စီးသွားခဲ့လေပြီ။

ကြောက်မက်ဖွယ် ဓားအလင်းများ က မြေပြင်ပေါ်သို့ ကျဆင်းလာပြီး မြေငလျင် လှုပ်သည့်အလား မြေကြီး တစ်ခုလုံး တုန်ခါသွားလေသည်။

ကြောက်မက်ဖွယ် ကောင်းလှသော ပေတစ်ရာခန့် ကြီးမားသည့် အစိမ်းရောင် ခြင်္သေ့ကြီး က လေဟာနယ်ကို နင်းလျှောက်ကာ ဟိန်းဟောက်လိုက်ရာ မျက်စိဖြင့် မမြင်နိုင်သော အသံလှိုင်းများ က အရပ်လေးမျက်နှာသို့ လွင့်စင်သွားပြီး လွှမ်းခြုံခံရသော နေရာတိုင်းရှိ အရာအားလုံး ချက်ချင်း မြေမှုန့် အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

သေချာသည်မှာ လင်းမိသားစု အကြီးအကဲချုပ် နှင့် နဂါးကျား တာအိုဂိုဏ်း မှ အကြီးအကဲ တို့ကလည်း သာမန် မဟုတ်ကြချေ။ သို့မဟုတ်ပါက ဤတိုက်ပွဲကို ဦးဆောင်ရန် ရွေးချယ်ခံရမည် မဟုတ်ပေ။

နဂါးနက်ကြီး က ဟိန်းဟောက်ကာ လေပြင်းများ တိုက်ခတ်လာပြီး အလင်းရောင်များ တောက်ပနေသော သစ်ပင်ကြီး ကလည်း ကောင်းကင်ကို ထောက်ခံထားသည့် တိုင်လုံးကြီး တစ်ခုအလား လုံးဝ ပျက်စီးသွားခြင်း မရှိချေ။

တိုတောင်းသော အချိန်လေး အတွင်းမှာပင် သိုင်းပညာရှင် လေးပါး ၏ တိုက်ပွဲက ပေထောင်နှင့်ချီ ကျယ်ဝန်းသော နေရာ တစ်ခုလုံးကို ပြင်းထန်စွာ ဖျက်ဆီးပစ်လိုက်လေပြီ။ ကျန်းချဲ့ တို့လည်း ပို၍ ဝေးကွာသော နေရာများသို့ လျင်မြန်စွာ ဆုတ်ခွာကာ တိုက်ပွဲကို စောင့်ကြည့်နေကြလေသည်။

သို့သော် မဟာသိုင်းပညာရှင် လေးပါး အပြင်းအထန် တိုက်ခိုက်နေကြစဉ်မှာပင် မလှမ်းမကမ်းရှိ နေရာ တစ်ခုမှ ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။ ခေါင်းတွင် ကျောက်စိမ်း သရဖူ ဆောင်းထားပြီး ဆံပင်ဖြူများ က သပ်ရပ်စွာ စည်းနှောင်ထားကာ မျက်ခုံးများ ပင် ဖြူဖွေးနေပြီး မျက်နှာ အမူအရာ က အလွန် အေးစက်နေလေသည်။

လင်းယုန်ငှက် မျက်လုံးများအလား စူးရှသော အကြည့်များ ဖြင့် အရာအားလုံးကို လျစ်လျူရှုထားပြီး ကိုယ်ပေါ်တွင် ကြောက်မက်ဖွယ် ကောင်းလှသော အရှိန်အဝါ များကို လွှမ်းခြုံထားလေသည်။ သူ ပေါ်ထွက်လာပြီးနောက် စကားတစ်ခွန်းမျှ မပြောဘဲ ညာဘက် လက်ကို မြှောက်ကာ ကျန်းချဲ့ ရှိရာ အရပ်သို့ လှမ်းဆွဲလိုက်လေတော့သည်။

လေဟာနယ်ထဲတွင် လင်းယုန်ငှက် အော်သံကြီး တစ်ချက် ပဲ့တင်ထပ်သွားပြီး ဧရာမ အစိမ်းရောင် လင်းယုန် လက်သည်းကြီး တစ်ခု ဖန်ဆင်း ဖြစ်ပေါ်လာကာ ကျန်းချဲ့ ထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာလေသည်။

'ဟင်'

ကျန်းချဲ့ ၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ဝမ်ကျဲ့ မိစ္ဆာဓား ချက်ချင်း ထွက်ပေါ်လာကာ မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ဓားတစ်ချက် အားကုန် ခုတ်ပိုင်းလိုက်လေသည်။ ထို့နောက် လှည့်ကာ အနောက်ဘက်သို့ ထွက်ပြေးရင်း ရင်ထဲတွင် အနည်းငယ် ထိတ်လန့် အံ့ဩနေမိ၏။

'ဒီလူက အတုအယောင် အမြုတေ သိုင်းသခင် ကို ငါသတ်လိုက်တာ သိသွားလို့လား'

ထိုသို့ မဟုတ်ပါက ဘာကြောင့် သူ့ကို ပစ်မှတ်ထား၍ တိုက်ခိုက်ရမည်နည်း။

ရုတ်တရက် တိုက်ခိုက်လာမှုကြောင့် နေရာတွင် ရှိနေသော သိုင်းပညာရှင် လေးပါး စလုံး မျက်နှာထား လေးနက်သွားကြပြီး ဘေးပတ်ဝန်းကျင်တွင် လူတစ်ယောက် ပုန်းအောင်းနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြချေ။

ချီမိသားစု အကြီးအကဲချုပ် တစ်ယောက်တည်းသာ လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားနိုင်ခဲ့လေသည်။

ထို့နောက် ဒေါသတကြီး အော်ဟစ်လိုက်ပြီး လက်ထဲရှိ နဂါးခေါင်း တောင်ဝှေး ကို ဝှေ့ယမ်းလိုက်ရာ ထိုတောင်ဝှေး က ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များကို စုပ်ယူကာ ပုံရိပ်ယောင် နဂါးတစ်ကောင် အဖြစ် ရုတ်တရက် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ် အန္တရာယ် အငွေ့အသက် များကို ထုတ်လွှတ်ကာ တိုက်ရိုက် ဝင်တိုက်လိုက်လေတော့သည်။

ယခင်က ကျန်းချဲ့ သတိပေးထားခဲ့သဖြင့် သူ ကိုယ်တိုင်လည်း အပြည့်အဝ သတိထားနေခဲ့ရာ တစ်ဖက်လူ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် သူက ချက်ချင်း ပြင်ဆင်ပြီး ဖြစ်လေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ပေါက်ကွဲသံကြီး နှစ်ခု ထွက်ပေါ်လာပြီး စွမ်းအား လှိုင်းဂယက်များ အရပ်လေးမျက်နှာသို့ လွင့်စင်သွားလေတော့သည်။

တစ်ချိန်တည်းမှာပင် ရှန်ရှန်း မဟာသိုင်းသခင် လေးပါး စလုံး တိုက်ပွဲကို ရပ်တန့်လိုက်ကြပြီး အဝေးမှ ရုတ်တရက် ထွက်ပေါ်လာသော သက်လတ်ပိုင်း အရွယ် အမျိုးသား ကို လေးနက်သော အကြည့်များဖြင့် စိုက်ကြည့်နေကြလေသည်။ သူတို့၏ မျက်ဝန်းများ ထဲတွင် အသီးသီးသော အရိပ်အယောင်များ ပေါ်ထွက်နေကြ၏။

"ချင်းထျန်းဂိုဏ်း... ကောင်းကင်လင်းယုန် ဓမ္မမင်းကြီး နန်ကုန်းကျီ"

ချီမိသားစု အကြီးအကဲချုပ် ၏ မျက်နှာ ချက်ချင်း ပျက်ယွင်းသွားလေသည်။

ကျန်းချဲ့ ၏ စကားကြောင့် ချင်းထျန်းဂိုဏ်း မှ လူများ ချောင်းမြောင်း နေနိုင်ကြောင်း သူ သိထားသော်လည်း ဤလူ ကိုယ်တိုင် ရောက်လာလိမ့်မည်ဟုတော့ လုံးဝ ထင်မှတ်မထားခဲ့ချေ။

All Chapters