← Chapters

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း (၂၂၂) ဇာတ်သိမ်းခြင်း... အိမ်ပြန်ခရီး

ချင်းထျန်းဂိုဏ်းက ဤနှစ်များအတွင်း ကျန်းနန်ဒေသ၌ ကြီးမားသော လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပေသည်။

ဓမ္မမင်းကြီး လေးပါးအနက်မှ တစ်ပါးဖြစ်သော ကောင်းကင်လင်းယုန် ဓမ္မမင်းကြီး၏ နာမည်ကလည်း တောင်ပိုင်းပြည်နယ် အများအပြားတွင် ကျော်ကြားနေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ ကောင်းကင်လင်းယုန် ဖန်ဆင်းမှုပုံရိပ် တစ်ခုတည်းဖြင့်ပင် သိုင်းလောက တစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်စွမ်း ရှိပေသည်။

ထို့ကြောင့် မည်သူမဆို သူ့ကို မကြောက်ရွံ့ဘဲ မနေနိုင်ကြချေ။

ချီမိသားစု အကြီးအကဲချုပ်သာမက ချင်းရှောင် ဓားသခင် ကျောက်ရှန်းကျစ်... နဂါးကျား တာအိုဂိုဏ်းမှ ယန်ဖျင် နှင့် လင်းမိသားစု အကြီးအကဲချုပ်တို့ အားလုံး၏ မျက်နှာထက်တွင် ကြီးမားသော ရန်သူနှင့် ရင်ဆိုင်ရမည့်အလား တင်းမာနေကြလေသည်။

ကောင်းကင်လင်းယုန် ဓမ္မမင်းကြီး ဤနေရာသို့ ဘာကြောင့် ရောက်လာသနည်း ဆိုသည်ကို မည်သူကမျှ ကြိုတင် ခန့်မှန်းထားမိပုံ မရချေ။

ချီမိသားစု အကြီးအကဲချုပ်က ပြောလိုက်သည်။

"တာအိုမိတ်ဆွေ ကောင်းကင်လင်းယုန်က ချင်းထျန်းဂိုဏ်းရဲ့ ဓမ္မမင်းကြီး ဖြစ်ပါလျက်နဲ့ ငါတို့ ချီမိသားစုက လူငယ်လေးအပေါ် လက်ပါးရဲတယ်... ဒီသတင်းသာ အပြင်ကို ပေါက်ကြားသွားရင် သိုင်းလောက တစ်ခုလုံးက တာအိုမိတ်ဆွေကို အကောင်ကြီးပြီး အကောင်ငယ်ကို အနိုင်ကျင့်တယ်လို့ ပြောကြလိမ့်မယ်... ဒါက တာအိုမိတ်ဆွေရဲ့ ဂုဏ်သိက္ခာကို အများကြီး ထိခိုက်စေတာပဲ"

နန်ကုန်းကျီ၏ နာမည်က ကြီးမားလှသော်လည်း ချီမိသားစု အကြီးအကဲချုပ် အနေဖြင့် အလွန်တရာ ကြောက်ရွံ့နေခြင်းတော့ မရှိချေ။

တကယ်တမ်း တိုက်ခိုက်ရမည် ဆိုလျှင်ပင် ချင်းရှောင် ဓားသခင် ကျောက်ရှန်းကျစ်၏ အကူအညီ ရှိနေသေးရာ မည်သူက အနိုင်ရမည်ကို တပ်အပ် မပြောနိုင်သေးပေ။

နန်ကုန်းကျီက လက်နောက်ပစ်လျက် မတ်မတ်ရပ်နေပြီး ရှန်ရှန်း မဟာသိုင်းသခင် လေးပါးကို မျက်နှာချင်းဆိုင် ရင်ဆိုင်နေရသော်လည်း သူ၏ အမူအရာမှာ တည်ငြိမ်နေဆဲပင် ဖြစ်၏။

"ဟားဟား... စမ်းသပ်ကြည့်ရုံ သက်သက်ပါ... တကယ်လို့ ငါကိုယ်တော်ကသာ တကယ် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့မယ်ဆိုရင်... တာအိုမိတ်ဆွေချီ အနေနဲ့ တားဆီးနိုင်မယ်လို့ ထင်နေတာလား"

ချီမိသားစု အကြီးအကဲချုပ်၏ မျက်မှောင်များ အနည်းငယ် ကျုံ့သွားလေသည်။

နန်ကုန်းကျီ၏ စော်ကားသော စကားက သူ့ကို အလွန် မကျေမနပ် ဖြစ်သွားစေ၏။

သို့သော် နန်ကုန်းကျီက စကားပြောပြီးသည်နှင့် သူ့ကို ထပ်မံ ဂရုမစိုက်တော့ဘဲ အဝေး၌ ရန်သူကြီးကို ရင်ဆိုင်နေရသကဲ့သို့ တင်းမာနေသော လူငယ်လေးကိုသာ ကြည့်ကာ အေးစက်စွာ ပြောလိုက်လေသည်။

"ယင်းကျိုကို မင်း သတ်လိုက်တာ မဟုတ်လား"

မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သော်လည်း နန်ကုန်းကျီက ဤကိစ္စကို အသေအချာ ယုံကြည်နေပြီး ဖြစ်သည်။ မူလက သူ၏ အကြံအစည်မှာ ယင်းကျို ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် သူ့ကို ခေါ်ဆောင်သွားရန်သာ ဖြစ်၏။

ကျန်ရှိနေသော ထိုလူများ အနေဖြင့် သူ့ကို တားဆီးထားနိုင်စွမ်း မရှိကြောင်း သူ ကောင်းစွာ ယုံကြည်ထားပေသည်။

သို့သော် နှမြောစရာကောင်းသည်မှာ လင်းမိသားစု အကြီးအကဲချုပ် နှင့် နဂါးကျား တာအိုဂိုဏ်းမှ ယန်ဖျင် တို့ကဲ့သို့ပင် လျှို့ဝှက်နယ်မြေ တံခါးပိတ်သွားသည့်တိုင်အောင် ယင်းကျို ပေါ်ထွက်လာသည်ကို သူ လုံးဝ မတွေ့ခဲ့ရချေ။ ထိုလူများ အချင်းချင်း တိုက်ခိုက်နေကြသည် အထိ ယင်းကျို၏ အရိပ်အယောင်ကိုပင် မမြင်ခဲ့ရပေ။

ထို့ကြောင့် ချက်ချင်းပင် ယင်းကျို တစ်ယောက် လျှို့ဝှက်နယ်မြေ အတွင်း၌ သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သူ ရိပ်မိသွားခဲ့လေသည်။

လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်သွားသော လူငယ်များထဲတွင် ယင်းကျိုကို သတ်ဖြတ်နိုင်သည့် အရည်အချင်းနှင့် စွမ်းအား ရှိသူမှာ ရွှမ်တန် သိုင်းသခင်အဆင့်သို့ တက်လှမ်းသွားသော ကျန်းချဲ့ မှလွဲ၍ အခြားသူ ရှိနိုင်မည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် ယင်းကျို၏ အတုအယောင် အမြုတေကို သူ ကိုယ်တိုင် သန့်စင်ပေးထားခဲ့ခြင်း ဖြစ်ရာ ပုံမှန် တက်လှမ်းသွားသော ရွှေအမြုတေ သိုင်းသခင်များထက် လုံးဝ နိမ့်ကျနေမည် မဟုတ်သောကြောင့်ပင်။

ထို့ကြောင့်ပင် စောစောက သူ လက်ပါးခဲ့ခြင်း ဖြစ်လေသည်။

ကိုးကွေ့ ရွှမ်ဂျင်ဆင်း က ထိုလူငယ်လေး၏ ကိုယ်ပေါ်တွင် ရှိနေနိုင်ကြောင်း ခန့်မှန်းမိသောကြောင့် ဖြစ်၏။ သို့သော် ချီမိသားစုမှ သရဲအိုကြီးက ဤမျှ လျင်မြန်စွာ တုံ့ပြန်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။ သူ စတင် တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း ပြန်လည် ခုခံလာခဲ့သည် မဟုတ်ပါလော။

ဤနေရာတွင် လူတစ်ယောက် ချောင်းမြောင်းနေကြောင်းကို စောစောကတည်းက ကြိုတင် သိရှိထားသည်မှာ အလွန် သိသာထင်ရှားလှပေသည်။

ကျန်းချဲ့က ခေါင်းညိတ်လိုက်ပြီး လုံးဝ ငြင်းဆိုခြင်း မပြုဘဲ တည်ငြိမ်စွာ ပြန်လည် ဖြေကြားလိုက်သည်။

"ဟုတ်တယ်... လင်းယုန်မင်းကြီးရဲ့ အဲ့ဒီ ကိုယ်ရံတော်က ကျုပ်နဲ့ ရတနာ လုခဲ့တာ... ဒါပေမဲ့ နှမြောစရာ ကောင်းတာက သူရဲ့ စွမ်းအားက နည်းနည်းလေး အားနည်းသွားတော့ ကျုပ် လက်ထဲမှာ သေသွားခဲ့တယ်"

ယခုအချိန်တွင် သူလည်း သတိပြန်လည်လာခဲ့လေပြီ။

နန်ကုန်းကျီက သူ့ကို တိုက်ခိုက်လာခြင်းမှာ ယင်းကျို သေဆုံးရသည့် အကြောင်းရင်းကို ခန့်မှန်းမိသွားခြင်းကြောင့် ဖြစ်ကြောင်း အလွန် သိသာလှပေသည်။

"သူက ငါကိုယ်တော်ရဲ့ ကိုယ်ရံတော်ပဲ... မင်းက သူ့ကို သတ်လိုက်တာ... ငါကိုယ်တော် ဒေါသထွက်မှာကို မကြောက်ဘူးလား"

"ကျုပ်က သူ့ကို မသတ်ရင်... သူက ကျုပ်ကို သတ်မှာပဲလေ"

နန်ကုန်းကျီက အေးစက်စွာ ပြောလိုက်လေသည်။

"ဟားဟား... သတ္တိတော့ အတော် ကောင်းတာပဲ... အရင်က လင်းကျင်းကွမ်းကိုပါ ထည့်တွက်မယ်ဆိုရင် မင်းက ငါကိုယ်တော် လက်အောက်က လူသုံးယောက်ကို သတ်ခဲ့ပြီးပြီ... ငါကိုယ်တော်ရဲ့ စရိုက်အရ ဆိုရင် မင်းက အရိုးတောင် ရှာမရအောင် အသတ်ခံရမှာ သေချာတယ်... ဒါပေမဲ့ ငါကိုယ်တော်က ပါရမီရှင်တွေကို မြတ်နိုးတယ်... တကယ်လို့ မင်းက ငါကိုယ်တော်ရဲ့ လက်ထဲမှာ မသေချင်ဘူးဆိုရင် ငါကိုယ်တော်ရဲ့ လက်အောက်ကို ဝင်ပြီး မြင့်မြတ်တဲ့ ဂိုဏ်းတော်ရဲ့ တပည့် လုပ်လိုက်... မင်းကို ဂိုဏ်းတော်ရဲ့ သားတော်မြတ် အဖြစ် ခန့်အပ်ပေးမယ်လို့ ငါကိုယ်တော် ကတိပေးတယ်... ဒီလို ကြီးကျယ်တဲ့ ဂုဏ်သိက္ခာက ချီမိသားစုရဲ့ သားမက် ဖြစ်ရတာထက် အများကြီး ပိုမကောင်းဘူးလား"

အကြီးအကဲချုပ်က မကျေနပ်သော အမူအရာဖြင့် အရှေ့ရှိ ပုံရိပ်ကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။

"ဟွန့်... နန်ကုန်းကျီ... ပေလင် ချီမိသားစုနဲ့ ချင်းထျန်းဂိုဏ်း ကြားမှာ ဘာရန်ငြိုးမှ မရှိဘူး... စောစောက မင်းကို အလျှော့ပေးခဲ့ပေမဲ့... အခုလို နေ့ခင်းကြောင်တောင် ငါတို့ ချီမိသားစုကို လာစော်ကားနေတာ ဆိုတော့... ဒီအဘိုးကြီး မျက်နှာမလိုက်ဘူးလို့ အပြစ်မတင်နဲ့တော့"

နန်ကုန်းကျီက ချီမိသားစု အကြီးအကဲချုပ်ကို တစ်ချက် လှမ်းကြည့်ကာ ခပ်ဟဟ ရယ်မောလိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် အထင်သေးသော အရိပ်အယောင်များ ဖြတ်သန်းသွားလေသည်။

"ဟား"

ကျန်းချဲ့က လေးနက်သော အသံဖြင့် ပြန်လည် တုံ့ပြန်လိုက်လေသည်။

"လင်းယုန်မင်းကြီးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ နှမြောစရာ ကောင်းတာက ကျုပ်က ချီမိသားစုရဲ့ သားမက်တင် မကဘူး တာ့ကျိုး နိုင်ငံတော်ရဲ့ အရာရှိ တစ်ယောက်လည်း ဖြစ်နေတယ်... ဒီလို ဖိတ်ခေါ်မှုကို ကျုပ် အနေနဲ့ လက်ခံဖို့ ခက်ခဲပါတယ်"

နန်ကုန်းကျီက ကျန်းချဲ့ကို စက္ကန့်အနည်းငယ်ခန့် စူးစိုက်ကြည့်နေပြီးနောက် ပြောလိုက်လေသည်။

"ဒီလို ဆိုမှတော့လည်း ထားလိုက်ပါတော့... ဒီနေ့ မင်းကို သတ်လို့ မရပေမဲ့ နောင်တစ်ချိန်ကျရင်တော့ မင်း သတိထားနေဖို့ လိုလိမ့်မယ်... ဟားဟား"

ထို့နောက် သူ၏ အကြည့်များက ချီမိသားစု အကြီးအကဲချုပ် အပါအဝင် ရှန်ရှန်း မဟာသိုင်းသခင် များကို ဖြတ်သန်းသွားပြီးနောက် ချက်ချင်း လှည့်ကာ အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲ၍ ပျောက်ကွယ်သွားလေတော့သည်။

ကြီးမားသော တိုက်ပွဲကြီး တစ်ခု ဆင်နွှဲမည့် အရိပ်အယောင် လုံးဝ မပြသခဲ့ချေ။

ကိုးကွေ့ ရွှမ်ဂျင်ဆင်းကို အတင်းအကျပ် လုယူရန် ကိစ္စမှာလည်း တစ်ဖက်လူ၏ လက်ထဲသို့ ရောက်ရှိသွားပြီ ဖြစ်ရာ ပြန်လည် ထုတ်ပေးလိမ့်မည် မဟုတ်ကြောင်း တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။

သူက မိမိ၏ စွမ်းအား အပေါ် ယုံကြည်မှု ရှိသော်လည်း ရှန်ရှန်း မဟာသိုင်းသခင် လေးပါးနှင့် ရင်ဆိုင်ရမည် ဆိုပါက သူ၏ စွမ်းအားဖြင့် လုံလောက်မည် မဟုတ်ချေ။ ပထမ တစ်ချက် တိုက်ခိုက်မှု အောင်မြင်ခြင်း မရှိခဲ့ရာ ဤနေရာမှ ထွက်ပြေးရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။

ကောင်းကင်လင်းယုန် ဓမ္မမင်းကြီး ထွက်ခွာသွားသည်ကို စောင့်ကြည့်ရင်း ကျန်းချဲ့က လေပြင်းကြီး တစ်ချက် မှုတ်ထုတ်လိုက်လေသည်။

တစ်ဖက်လူ ပေးစွမ်းသော ဖိအားက ဘေးပတ်ဝန်းကျင်ရှိ မဟာသိုင်းသခင် လေးပါးစလုံးထက် အများကြီး သာလွန်လှပေသည်။ ဤမျှ ကြောက်စရာ ကောင်းသော တည်ရှိမှု ကြီး၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသဖြင့် သူ၏ ရင်ထဲတွင် အနည်းငယ်တော့ မည်းမှောင်သော အရိပ်တစ်ခု ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။

သို့သော် ဤကိစ္စနှင့် ပတ်သက်၍ သူ ကြိုတင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ သူ ဘာတွေ လုပ်ခဲ့သနည်း ဆိုသည်ကို သူ ကိုယ်တိုင် အသိဆုံး ဖြစ်သည်။ ချင်းထျန်းဂိုဏ်းသည် ကမ္ဘာမြေ တစ်ခုလုံးတွင် ကျော်ကြားလှသော သူပုန်ဂိုဏ်းကြီး ဖြစ်သည့်အားလျော်စွာ ဤရန်ငြိုးကို သေချာပေါက် မှတ်သားထားမည်မှာ အသေအချာပင်။

သူ လုပ်နိုင်သည့် အရာမှာ တတ်နိုင်သမျှ သူ၏ စွမ်းအားများကို အမြန်ဆုံး မြှင့်တင်ရန်သာ ဖြစ်လေသည်။

ကျန်းချဲ့၏ အဖြေကို အကြီးအကဲချုပ်က အလွန် ကျေနပ်သွားလေသည်။ ထို့နောက် လက်ထဲရှိ တောင်ဝှေးကို မြေပြင်တွင် ထောက်ကာ လင်းမိသားစု အကြီးအကဲချုပ်တို့ကို ကြည့်ရင်း လေးနက်သော အသံဖြင့် မေးလိုက်၏။

"ဘယ်လိုလဲ... ဆက်တိုက်ဦးမလား"

"ချီသရဲအိုကြီး... မင်းက ကျန်းချဲ့ တစ်ယောက်အတွက် ငါတို့ လင်းမိသားစုနဲ့ သေခန်းပြတ် တိုက်ခိုက်ချင်နေတာလား"

"မင်း စကားပြောတာကလည်း... ချီမိသားစုနဲ့ လင်းမိသားစုက အစောကြီး ကတည်းက ရန်သူတွေ ဖြစ်နေခဲ့တာပဲ... ကျန်းချဲ့ တစ်ယောက်တည်းနဲ့ ဒီရန်ငြိုးကို ဖြေရှင်းနိုင်မယ်လို့ မင်း ထင်နေတာလား... လင်းခွေးအိုကြီး... မင်းက အသက် ဒီလောက် ကြီးနေပြီကို အတော်လေး ရိုးအ နေသေးတာပဲ"

လင်းမိသားစု အကြီးအကဲချုပ်က မျက်နှာပေါ်တွင် သတ်ဖြတ်လိုစိတ်များ အပြည့်အဝ ဖော်ပြကာ ခြိမ်းခြောက်လိုက်လေသည်။

"မင်းက သူ့ကို တစ်ခဏလောက်ပဲ ကာကွယ်ပေးနိုင်မှာပါ... တစ်သက်လုံး ကာကွယ်ပေးနိုင်မယ်လို့ မင်း ထင်နေတာလား... မင်းက သူ့နောက်ကို တစ်ချိန်လုံး လိုက်နေနိုင်မယ်လို့ ကျုပ် ကတော့ လုံးဝ မယုံဘူး"

နဂါးခေါင်း တောင်ဝှေးကို မြေပြင်သို့ အားကုန် ဆောင့်ချလိုက်ရာ အသံနက်ကြီး တစ်ချက် ထွက်ပေါ်လာလေသည်။ ချီမိသားစု အကြီးအကဲချုပ်က တစ်ဖက်လူနှင့် ယန်ဖျင်တို့ကို စူးစိုက်ကြည့်ကာ စကားတစ်လုံးချင်းစီကို ပီသစွာ ပြောလိုက်၏။

"ဒီအဘိုးကြီး ပြောစရာ ရှိတာကတော့ အဲ့ဒီ စကားတစ်ခွန်းတည်းပဲ... နောင်တစ်ချိန်မှာ မင်းတို့က အကောင်ကြီးပြီး အကောင်ငယ်ကို အနိုင်ကျင့်တဲ့ အနေနဲ့ ကျန်းချဲ့ကို ခိုးကြောင်ခိုးဝှက် လာလုပ်ကြံရဲတယ်ဆိုရင်... ဒီအဘိုးကြီးက မင်းတို့ နှစ်ဖွဲ့လုံးရဲ့ နောက်မျိုးဆက်တွေကို အကုန် သတ်ပစ်မယ်... မင်းတို့ မယုံရင် စမ်းကြည့်လိုက်... ဒီအဘိုးကြီး တကယ် လုပ်ရဲမလုပ်ရဲ ဆိုတာ သိရတာပေါ့... ပြီးတော့ နောင်တစ်ချိန်မှာ ကျန်းချဲ့ တစ်ခုခု ဖြစ်ခဲ့ရင် အဲ့ဒီ ပြဿနာ အားလုံးကို ဒီအဘိုးကြီးက မင်းတို့ နှစ်ဖွဲ့ ခေါင်းပေါ်ကိုပဲ ပုံချမယ်... စည်းကမ်း ဖောက်ချင်တယ်ဆိုရင်လည်း စမ်းကြည့်လိုက်... ငါ ချီထျန်းကျုံး သိုင်းလောကမှာ ကျင်လည်လာတာ နှစ်ပေါင်း နှစ်ရာကျော် ပြီ... ငါ ပြောရင် ပြောတဲ့အတိုင်း တကယ် လုပ်တယ်"

ချီထျန်းကျုံး၏ ရက်စက်သော မျက်နှာထားကို ကြည့်ရင်း လင်းမိသားစု အကြီးအကဲချုပ်၏ ရင်ထဲတွင် ချက်ချင်း မွန်းကြပ်သွားလေသည်။

"သရဲအိုကြီး... မင်း"

အသေအပျောက် အများဆုံး ဖြစ်ခဲ့ရသည်မှာ သူတို့ လင်းမိသားစုဝင်များ ဖြစ်ပါလျက်နှင့် တစ်ဖက်လူက သူ့ကို ပြန်လည် ခြိမ်းခြောက်နေသေးသည်တဲ့လား... တကယ်တမ်း ဘယ်သူက အနစ်နာခံနေရတာလဲ။

ဤမျှ မောက်မာလှသော စကားများက ယန်ဖျင်၏ ဒေါသကို ပိုမို ကြီးထွားလာစေခဲ့လေသည်။

"မင်းတို့ ချီမိသားစုက အတော်ကို အာဏာရှင် ဆန်ပါလား... ချီထျန်းကျုံး မင်းမှာ ဘယ်လောက်တောင် အစွမ်းအစ ရှိနေလို့ ဒီလောက် မောက်မာနေရတာလဲ ဆိုတာကို ကျုပ် တကယ် ကြည့်ချင်သေးတယ်"

"ဟွန့်... တိုက်ချင်တယ်ဆိုရင်လည်း ဒီအဘိုးကြီးက အချိန်မရွေး ရင်ဆိုင်ပေးဖို့ အဆင်သင့်ပဲ... မင်းတို့ နှစ်ယောက်မှာ အဲ့ဒီ စွမ်းအား မရှိမှာကိုပဲ စိုးရိမ်မိတယ်"

ဝေ့မိသားစု အကြီးအကဲက အခြေအနေကို ကြည့်ပြီး နောက်ဆုံးတွင် ဝင်ရောက် ဖြေရှင်းပေးရန် ဆုံးဖြတ်လိုက်လေသည်။

"တာအိုမိတ်ဆွေတို့ ဒေါသကို ခဏလောက် ထိန်းထားကြပါဦး... အဲ့ဒီ နန်ကုန်းကျီ တကယ်ပဲ အဝေးကို ထွက်သွားပြီလား ဆိုတာ ဘယ်သူကများ သေချာ သိနိုင်မှာလဲ... တကယ်လို့ သူက အမှောင်ထဲမှာ ပုန်းနေပြီး မင်းတို့ နှစ်ဖက်စလုံး ဒဏ်ရာအပြင်းအထန် ရသွားတဲ့ အချိန်ကျမှ ဝင်တိုက်ခိုက်မယ်ဆိုရင်... အဲ့ဒါက တကယ်ကို အရှုံးကြီး ရှုံးသွားလိမ့်မယ်... လျှို့ဝှက်နယ်မြေ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျုပ် မေးချင်တဲ့ မေးခွန်းလေးတွေ ကျန်းချဲ့ဆီမှာ ရှိနေတယ်"

ချီထျန်းကျုံးက မျက်လုံးများကို မှေးကျဉ်းကာ တစ်ဖက်လူကို ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင်လည်း မကျေနပ်သော အရိပ်အယောင်များ ပေါ်ထွက်နေလေသည်။

"မင်းမှာ ဘာမေးစရာ ရှိလို့လဲ"

ဝေ့ယင်းကျဲ တစ်ယောက် ချီမိသားစုဝင်များကို ဝိုင်းဝန်း တိုက်ခိုက်ခဲ့သည့် ကိစ္စကို သူ ကောင်းစွာ သိရှိထားပြီး ဖြစ်သည်။

ကျန်းချဲ့သာ အချိန်မီ မရောက်လာခဲ့ပါက ဤနေ့တွင် လက်ဗလာဖြင့် ပြန်ရမည့်သူမှာ ချီမိသားစုပင် ဖြစ်သွားနိုင်ပေသည်။

ဝေ့မိသားစု အကြီးအကဲက မျက်မှောင်ကြုတ်ကာ ကျန်းချဲ့ကို ကြည့်ရင်း ပြောလိုက်လေသည်။

"စောစောက နန်ကုန်းကျီ ပြောသွားတဲ့ စကားအရ ဆိုရင် ရွှမ်လင် လျှို့ဝှက်နယ်မြေထဲမှာ သူ စီစဉ်ထားတဲ့ လူကို မောင်ရင် ကျန်းချဲ့က သတ်လိုက်တယ် ဆိုတာ အရမ်းကို သိသာနေတယ်... ဒါပေမဲ့ အဲ့ဒီရဲ့ အဓိက အကြောင်းရင်းကိုတော့ မသိရသေးဘူးလေ"

ချီထျန်းကျုံးက ကျန်းချဲ့၏ အနီးသို့ လျှောက်သွားကာ သူ့ကို အကာအကွယ် ပေးလိုက်လေသည်။

"စိတ်အေးအေးထားပြီး ပြောလိုက်... ဒီအဘိုးကြီး ဒီနေရာမှာ ရှိနေသရွေ့... ဘယ်သူမှ မင်းကို ဆံပင်တစ်မွေးတောင် ထိခွင့်မပေးဘူး"

အကြီးအကဲချုပ် ရှိနေသဖြင့် ကျန်းချဲ့ကလည်း မည်သည့် ကြောက်ရွံ့မှုမျှ မရှိဘဲ လေဟာနယ်ထဲရှိ ပုံရိပ်များကို ကြည့်ကာ ပြန်လည် ဖြေကြားလိုက်လေသည်။

"လျှို့ဝှက်နယ်မြေထဲမှာ ကျုပ်က ရွှေအမြုတေ တည်ဆောက်ပြီးခါစ အချိန်လေးပါ... ဝိညာဉ်ရတနာ တစ်ခုကို လုယက်နေတဲ့ အချိန်မှာ ချင်းထျန်းဂိုဏ်းက လူယုတ်မာနဲ့ အမှတ်မထင် ဆုံတွေ့ခဲ့တာပါ... အဲ့ဒီလူက အတုအယောင် အမြုတေကို တည်ဆောက်ထားပြီးသား ဖြစ်နေတယ်... တကယ်လို့ ကျုပ်သာ သူ့ထက် အရင် အဆင့်မတက်ထားနိုင်ခဲ့ဘူးဆိုရင်... အခြေအနေက တော်တော်လေး ဆိုးရွားသွားနိုင်တယ်"

လင်းမိသားစု အကြီးအကဲချုပ်က ကျန်းချဲ့ကို အေးစက်သော အကြည့်များဖြင့် စိုက်ကြည့်ကာ မေးလိုက်လေသည်။

"ဘာ ဝိညာဉ်ရတနာ မို့လို့ မင်းက အဲ့ဒီ အတုအယောင် အမြုတေ သိုင်းသခင်နဲ့ သေခန်းပြတ် တိုက်ခိုက်ခဲ့ရတာလဲ... ကြည့်ရတာ ချင်းထျန်းဂိုဏ်းကလည်း အဲ့ဒီ ပစ္စည်းကို သေချာပေါက် ရယူချင်နေတဲ့ ပုံပဲ"

"ကျုပ် ဘာမှ ပြောစရာ မရှိဘူး"

လင်းမိသားစု အကြီးအကဲချုပ်၏ ဒေါသများ တစ်ဖန် ပြန်လည် ထွက်ပေါ်လာပြန်လေသည်။

"ကလေးလေး... မင်းကများ ကျုပ်ကို ဒီလောက်တောင် ရိုင်းစိုင်းရဲတယ်ပေါ့လေ"

ချီထျန်းကျုံးက တစ်ဖက်လူကို လုံးဝ မျက်နှာသာ မပေးဘဲ တိုက်ရိုက် ပြန်လည် ဆဲဆိုလိုက်လေသည်။

"ခွေးအိုကြီး... မင်း နားမထောင်ချင်ဘူးဆိုရင်လည်း ထွက်သွားလိုက်... ဒီနေရာမှာ လာပြီး ပွစိပွစိ လုပ်မနေနဲ့"

"ချီထျန်းကျုံး... မင်းက ကျုပ်ကို တကယ်ပဲ မင်းကို ကြောက်နေမယ်လို့ ထင်နေတာလား"

"လာလေ... စမ်းကြည့်လိုက်"

"အဟမ်း အဟမ်း... အဲ့ဒီ တိုက်ပွဲ ပြီးသွားတော့... မင်းက ချင်းထျန်းဂိုဏ်းက လူယုတ်မာကို သတ်လိုက်တာပေါ့လေ"

ကျန်းချဲ့က ခေါင်းညိတ်လိုက်လေသည်။

"ဟုတ်တယ်"

ယန်ဖျင်က ကျန်းချဲ့ကို စူးစိုက်ကြည့်ကာ မေးလိုက်လေသည်။

"ငါတို့ နဂါးကျား တာအိုဂိုဏ်းက တပည့်တွေ အားလုံးလည်း... မင်းရဲ့ လက်ထဲမှာပဲ အသတ်ခံလိုက်ရတာလား"

ကျန်းချဲ့က ခေါင်းမော့ကာ တစ်ဖက်လူကို မျက်နှာချင်းဆိုင် ကြည့်လိုက်လေသည်။

"နဂါးကျား တာအိုဂိုဏ်းက ဝေ့ယင်းကျဲနဲ့ ပူးပေါင်းပြီး ဗောဓိဥယျာဉ်မှာ ချီမိသားစု တပည့်တွေကို ဝိုင်းဝန်း သတ်ဖြတ်ခဲ့တာလေ... စီနီယာ အနေနဲ့ ကျုပ်ကို သနားညှာတာ ခိုင်းချင်နေတာလား"

သူနှင့် တစ်ဖက်လူ ကြားတွင် စွမ်းအား ကွာဟချက် ရှိနေသော်လည်း အကြီးအကဲချုပ်က သူ့ကို အပြည့်အဝ အကာအကွယ် ပေးထားသည် မဟုတ်ပါလော။ ထို့ကြောင့် ယခုအချိန်တွင် သူ ကြောက်ရွံ့နေစရာ အကြောင်း လုံးဝ မရှိတော့ချေ။

ယန်ဖျင်၏ အင်္ကျီလက် အောက်ရှိ လက်သီးနှစ်ဖက် တင်းကြပ်စွာ ဆုပ်ထားသော်လည်း သူ၏ ရင်ထဲရှိ သတ်ဖြတ်လိုစိတ်များကို မနည်း ဖိနှိပ်ထားလိုက်ရလေသည်။

"ဟွန့်"

ဝေ့မိသားစု အကြီးအကဲ ကတော့ အလွန် အရုပ်ဆိုးသော မျက်နှာထားဖြင့် ကျန်းချဲ့ကို စိုက်ကြည့်ကာ အဆက်မပြတ် မေးမြန်းနေလေသည်။

"တကယ်ပဲ ယင်းကျဲက စတင် တိုက်ခိုက်ခဲ့တာလား"

"သူ့ရဲ့ အလောင်းကို ဝေ့မိသားစု တပည့်တွေ အကုန်လုံး သေချာ ကြည့်ပြီးသွားပါပြီ... သက်သေ အထောက်အထားတွေကလည်း အပြည့်အစုံ ရှိပါတယ်"

ဝေ့မိသားစု အကြီးအကဲက စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး စောစောက ဝေ့ကျွင်းကျဲ နှင့် အခြား တပည့်များ ပြောရခက်နေသည့် အကြောင်းရင်းကို နောက်ဆုံးတွင် သဘောပေါက်သွားလေတော့သည်။

ဝေ့ယင်းကျဲ တစ်ယောက် စတင် တိုက်ခိုက်ခဲ့ရုံသာမက သက်သေ အထောက်အထားများပါ တိုက်ရိုက် ဖမ်းမိသွားခဲ့သည် မဟုတ်ပါလော။ ဤသည်က တကယ်ကို ဖြေရှင်းရန် ခက်ခဲသွားလေပြီ။

ချီမိသားစု နှင့် ဝေ့မိသားစု တို့က စေ့စပ်ရေး ကိစ္စကို ဆွေးနွေး တိုင်ပင်နေကြဆဲ ဖြစ်ပေသည်။

အမှန်တကယ်တော့ ချီမိသားစုက ယွဲ့ပြည်နယ်မှ အကျိုးအမြတ်များကို ရယူလိုရုံသာမက ဝေ့မိသားစုကလည်း ထောင်စုနှစ် သက်တမ်းရှိသော ပေလင် ချီမိသားစုနှင့် ဆက်ဆံရေး ပိုမို နီးကပ်လာစေရန် လိုလားနေကြခြင်း ဖြစ်၏။

ဝေ့မိသားစုက ယွဲ့ပြည်နယ်တွင် အလွန် အင်အား ကြီးမားလှသော်လည်း ထောင်စုနှစ် သက်တမ်းရှိသော အခြေခံ အင်အားများ ရှိသည့် ချီမိသားစုနှင့် နှိုင်းယှဉ်ပါက အတော်လေး ကွာဟချက် ရှိနေသေးပေသည်။

ဤတစ်ကြိမ်တွင်တော့ ကိစ္စများကို လုံးဝ အဆုံးစွန် အထိ ပြုလုပ်လိုက်မိပြီ ဖြစ်၏။

လင်းမိသားစု အကြီးအကဲချုပ်က ရုတ်တရက် ဝင်ရောက် ပြောဆိုလိုက်လေသည်။

"ဒါဆိုရင်... လင်းယန်တို့လည်း မင်းရဲ့ လက်ထဲမှာ သေသွားတာပေါ့လေ"

ကျန်းချဲ့က လုံးဝ တုံ့ဆိုင်းခြင်း မရှိဘဲ ရဲဝံ့စွာ ပြန်လည် ဖြေကြားလိုက်လေသည်။

"အဲ့ဒါကတော့ မဟုတ်ပါဘူး... လမ်းခရီး တစ်လျှောက်လုံးမှာ ကျုပ် လူတော်တော်များများကို သတ်ခဲ့ပေမဲ့... ချီမိသားစု တပည့်တွေကို ဝိုင်းဝန်း တိုက်ခိုက်တဲ့ အထဲမှာ ပါဝင်တဲ့ လင်းမိသားစုက လူနှစ်ယောက်ကိုပဲ သတ်ခဲ့တာပါ... ကျန်တဲ့ လူတွေကိုတော့ လုံးဝ မတွေ့ခဲ့ဖူးပါဘူး"

လင်းယန်တို့ အဖွဲ့ မြွေတစ်သောင်း ချိုင့်ဝှမ်းတွင် သေဆုံးသွားခဲ့သည် ဆိုသော ကိစ္စကို သိရှိသူမှာ သူနှင့် ချီနင်ပင်း နှစ်ယောက်တည်းသာ ရှိလေသည်။ လင်းမိသားစုတွင် အတိတ်ကို ပြန်လည် ကြည့်ရှုနိုင်စွမ်း ရှိသော နတ်စွမ်းရည်မျိုး မရှိသရွေ့... မည်သည့် သက်သေ အထောက်အထားမျှ ရှာတွေ့နိုင်မည် မဟုတ်ချေ။

သေချာသည်မှာ တစ်ဖက်လူက ဤပြဿနာကို သူ၏ ခေါင်းပေါ်သို့ အတင်းအကျပ် ပုံချလာမည် ဆိုလျှင်လည်း ကိစ္စမရှိပေ။ မည်သို့ပင်ဆိုစေ သူ အမှန်တကယ် လုပ်ခဲ့သည် မဟုတ်ပါလော။

"ဟင်... မင်း သတ်လိုက်တာ မဟုတ်ဘူးလား"

"မဟုတ်ပါဘူး"

ဤတစ်ကြိမ်တွင် ချီထျန်းကျုံး ပင်လျှင် အနည်းငယ် အံ့ဩသွားလေသည်။ သူက အပြည့်အဝ အကာအကွယ် ပေးရန် ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ဤကိစ္စက ကျန်းချဲ့နှင့် မသက်ဆိုင်ဘူးတဲ့လား။ ချက်ချင်းပင် အရှေ့ရှိ အဘိုးအိုကို ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။

"လင်းခွေးအိုကြီး... မင်း သေချာ ကြားလိုက်ရဲ့လား"

လင်းမိသားစု အကြီးအကဲချုပ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း သူ၏ ရင်ထဲတွင် ကျန်းချဲ့၏ စကားများကို အတော်လေး ယုံကြည်နေပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ကျန်းချဲ့ တွေးတောထားသည့် အတိုင်းပင် မဟုတ်ပါလော။

"ဟွန့်... သူက ဝန်မခံရဲတာလား ဆိုတာ ဘယ်သူ သိမှာလဲ"

ချီမိသားစုက အကာအကွယ် ပေးထားသည် ဆိုမှတော့ ကျန်းချဲ့ အနေဖြင့် ဝန်ခံလိုက်လျှင်လည်း လုံးဝ ပြဿနာ မရှိနိုင်ချေ။ မည်သို့ပင်ဆိုစေ သူ တိုက်ခိုက်ရန် ခက်ခဲနေသည် မဟုတ်ပါလော။ လုပ်ရဲပါလျက်နှင့် ဝန်မခံရဲစရာ အကြောင်း လုံးဝ မရှိပေ။

ဝေ့မိသားစု အကြီးအကဲက အရေးကြီးသော မှတ်ချက် တစ်ခုကို ဖြည့်စွက် ပြောဆိုလိုက်ပြီး တိတ်တဆိတ် ခေါင်းခါရမ်းပြလိုက်လေသည်။

"ကြည့်ရတာ လင်းမိသားစုရဲ့ တူမောင်တွေက ချင်းထျန်းဂိုဏ်းက အဲ့ဒီ အတုအယောင် အမြုတေ သိုင်းသခင်ရဲ့ လက်ထဲမှာ သေသွားတာ ဖြစ်ရမယ်... ဒီတစ်ကြိမ်တော့ တကယ်ကို ပေါ့ဆသွားကြတာပဲ"

လင်းမိသားစု အကြီးအကဲချုပ်က လေပြင်းကြီး တစ်ချက် ရှူသွင်းလိုက်ပြီး သူ၏ ဒေါသများကို အနည်းငယ် ဖိနှိပ်ထားလိုက်လေသည်။

"ဟွန့်"

ထို့နောက် သူက ချက်ချင်း လှည့်ထွက်သွားရန် ပြင်ဆင်လိုက်သော်လည်း ချီထျန်းကျုံးက အနောက်မှ လှမ်းခေါ်လိုက်လေသည်။

"တာအိုမိတ်ဆွေလင်း... ခဏနေပါဦး"

"ချီသရဲအိုကြီး... မင်းမှာ ဘာကိစ္စ ရှိသေးလို့လဲ"

ချီထျန်းကျုံး၏ မျက်နှာပေါ်တွင် အပြုံးလေး တစ်ခု ပေါ်ထွက်နေပြီး အကျိုးအမြတ် ရရှိပြီးနောက် ထပ်မံ၍ လှောင်ပြောင်နေသည့် ပုံစံမျိုး ပေါက်နေလေသည်။

"ဒီအဘိုးကြီး မေးချင်တာက... အရင်တုန်းက လောင်းကြေးက အတည်ဖြစ်သေးလား လို့ပါ... သေချာတာပေါ့... တကယ်လို့ မင်း လင်းခွေးအိုကြီးက အရှုံးကို လက်မခံနိုင်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူးလေ... ဒီအဘိုးကြီးကလည်း အကောင်းဆုံး အဆင့် ဝိညာဉ်လက်နက် တစ်လက်ကို အများကြီး ဂရုစိုက်နေတာ မဟုတ်ပါဘူး"

ဘေးပတ်ဝန်းကျင်ရှိ လူအချို့လည်း ချီထျန်းကျုံး၏ စကားကြောင့် အနည်းငယ် အံ့ဩသွားကြလေသည်။

ကိစ္စရပ်များက အလွန် ရှင်းလင်းနေပြီ ဖြစ်ပေသည်။ လင်းမိသားစု နှင့် နဂါးကျား တာအိုဂိုဏ်းမှ တပည့်များ အားလုံး သေဆုံးသွားခဲ့ကြပြီး အများစုမှာ ချီမိသားစုဝင်များ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်ရာ ချီမိသားစုက အကြီးမားဆုံးသော အကျိုးအမြတ်ကို ရရှိခဲ့ကြောင်း အလွန် သိသာလှ၏။

သို့သော် ချီထျန်းကျုံးက တစ်ဖက်လူ၏ ရင်ဘတ်ကို ဓားဖြင့် ထပ်မံ ထိုးနှက်ရန် အတင်းအကျပ် ကြိုးစားနေခြင်းမှာ သူတစ်ပါး ဒုက္ခရောက်နေချိန်တွင် ဝင်ရောက် နှိပ်ကွပ်ခြင်းပင် ဖြစ်လေသည်။

လင်းမိသားစု အကြီးအကဲချုပ်မှာ ဒေါသထွက်လွန်းသဖြင့် စကားပင် ပြန်မပြောနိုင်တော့ဘဲ မျက်နှာ တစ်ခုလုံး နီရဲသွားလေတော့သည်။

"ချီသရဲအိုကြီး... မင်း... မင်း"

"ဒီအဘိုးကြီး မင်းကို တစ်ခွန်းပဲ မေးမယ်... မင်း အရှုံးပေးမလား မပေးဘူးလား"

လင်းမိသားစု အကြီးအကဲချုပ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အကောင်းဆုံး အဆင့် ဝိညာဉ်ဓား တစ်လက်ကို တစ်ဖက်လူ ထံသို့ လှမ်းပစ်ပေးလိုက်လေသည်။

"ချီသရဲအိုကြီး... ဒီနေ့ ရန်ငြိုးကတော့ စတင်သွားပြီပဲ... တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် မင်းကို သေချာပေါက် နောင်တရအောင် လုပ်ပြမယ်"

ထို့နောက် လှည့်ကာ အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲ၍ ထွက်ခွာသွားလေတော့သည်။

နဂါးကျား တာအိုဂိုဏ်းမှ ယန်ဖျင် ကတော့ ကျန်းချဲ့ကို လေးနက်စွာ အကြိမ်ကြိမ် စူးစိုက်ကြည့်နေပြီးနောက် စကားတစ်ခွန်း ချန်ထားရစ်ခဲ့လေသည်။

"ကလေးလေး... မင်းက ငါတို့ နဂါးကျား တာအိုဂိုဏ်းက တပည့်တွေ အများကြီးကို သတ်ခဲ့တာ ဆိုတော့... ဒီကိစ္စက လွယ်လွယ်နဲ့ ပြီးဆုံးသွားမှာ မဟုတ်ဘူး... စောင့်နေလိုက်ပါ... ငါတို့ နဂါးကျား တာအိုဂိုဏ်းက အကောင်းဆုံး တပည့်တွေ မင်းဆီကို လာပြီး စိန်ခေါ်လိမ့်မယ်... အဲ့ဒီအချိန်ကျရင် မင်းက ထွက်မလာရဲဘဲ နေမနေနဲ့ဦးနော်"

ထို့နောက် ဤနေရာတွင် ဆက်လက် နေထိုင်ရန် မျက်နှာ မရှိတော့သဖြင့် လှည့်ကာ ထွက်ခွာသွားလေတော့သည်။

ဝေ့မိသားစု အကြီးအကဲ က အနည်းငယ် အရုပ်ဆိုးသော မျက်နှာထားဖြင့် ချီထျန်းကျုံး ထံသို့ တောင်းပန် စကား ဆိုလိုက်လေသည်။

"တာအိုမိတ်ဆွေချီ... ယင်းကျဲရဲ့ ကိစ္စအတွက် တကယ်ကို တောင်းပန်ပါတယ်... ဒီအဘိုးကြီးက သေချာ မဆုံးမခဲ့မိလို့ပါ... ရှက်စရာ ကောင်းလိုက်တာ... ရှက်စရာ ကောင်းလိုက်တာ"

သို့သော် ချီထျန်းကျုံးက အရေးမစိုက်သည့် ပုံစံဖြင့် ပြန်ပြောလိုက်လေသည်။

"လျှို့ဝှက်နယ်မြေထဲက တိုက်ပွဲတွေမှာ အသက်သေဆုံးတဲ့ အထိ တိုက်ခိုက်ခွင့် ရှိတယ် ဆိုတာ စည်းကမ်း ပဲလေ... တာအိုမိတ်ဆွေဝေ့ အနေနဲ့ ရင်ထဲမှာ ထည့်ထားစရာ မလိုပါဘူး"

ဝေ့မိသားစု အကြီးအကဲက ခေါင်းခါရမ်းပြကာ စကားဆက်မပြောတော့ချေ။

"ဟူး"

ထို့နောက် ဝေ့မိသားစု၏ အစောင့်အရှောက် ဝိညာဉ်သားရဲကို ခေါ်ယူကာ တပည့် အချို့ကို ခေါ်ဆောင်၍ ထွက်ခွာသွားလေတော့သည်။

ဝေ့ကျွင်းကျဲက ဝိညာဉ်သားရဲ ကျောပေါ်တွင် ထိုင်လျက် အောက်ဘက်ရှိ ကျန်းချဲ့ကို ကြည့်ကာ လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားပြီး စိတ်ထဲမှ တိတ်တဆိတ် ကြုံးဝါးလိုက်လေသည်။

'ကျန်းချဲ့... တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် ငါ ဝေ့ကျွင်းကျဲက မင်းကို လျှို့ဝှက်နယ်မြေထဲမှာ လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် သေချာပေါက် နောင်တရအောင် လုပ်ပြမယ်... အခု အခြေအနေ မကောင်းပေမဲ့ တစ်နေ့ကျရင် ငါ့အလှည့် ရောက်လာမှာပဲ... လူငယ်တွေကို အထင်မသေးနဲ့ကွ... ငါတို့တွေ စောင့်ကြည့်ကြတာပေါ့'

ချီထျန်းကျုံးက လက်ချောင်းဖြင့် တစ်ချက် ပွတ်ထုတ်လိုက်ရာ ဓားမြည်သံ တစ်ချက် ထွက်ပေါ်လာပြီး ဝိညာဉ်ဓားက ကျောက်ရှန်းကျစ်ထံသို့ လွင့်ပျံသွားလေသည်။

"တာအိုမိတ်ဆွေ ချင်းရှောင်... လောင်းကြေးကို မင်းနဲ့ ငါ တစ်ဝက်စီ ခွဲမယ်လို့ ပြောထားတဲ့ အတိုင်း... ဒီ ဝိညာဉ်ဓားကို မင်း ယူလိုက်ပါ... မင်းတို့ ဝိညာဉ်ဓားတောင်နဲ့ ပိုပြီး သင့်တော်ပါတယ်"

ကျောက်ရှန်းကျစ်က ချက်ချင်းပင် ငြင်းပယ်လိုက်လေသည်။

"ဟားဟား... အကြီးအကဲချီက အရမ်း အားနာနေတာပဲ... လျှို့ဝှက်နယ်မြေထဲမှာ မောင်ရင်ကျန်းက ကူညီပေးခဲ့တဲ့ ကျေးဇူးကို ဆန်းကျစ် အနေနဲ့ မဆပ်ရသေးပါဘူး... ဒီ ဝိညာဉ်ဓားကလည်း အပျော်သဘော လောင်းကြေးလေး သက်သက်ပါ... တကယ် အတည်ယူလို့ မရပါဘူး"

"မင်းတို့နဲ့ ငါတို့ နှစ်မိသားစုလုံးက မျိုးဆက်ချီပြီး ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ကြတာပဲ... ဘာလို့ အားနာနေမှာလဲ... ယူထားလိုက်ပါ"

ကျောက်ရှန်းကျစ်၏ မျက်နှာပေါ်တွင် အနည်းငယ် တွေဝေသော အရိပ်အယောင်များ ပေါ်ထွက်လာပြီးနောက် ထိုဝိညာဉ်ဓားကို လက်ခံလိုက်လေသည်။ သို့သော် ချီမိသားစုကိုလည်း အရှုံး မခံစေဘဲ ဝိညာဉ် သံချပ်ကာ အင်္ကျီ တစ်ထည်ကို ကျန်းချဲ့ထံသို့ ပြန်လည် ပေးအပ်လိုက်၏။

"မင်းက ဒီလို ကြီးမားတဲ့ အောင်မြင်မှုကို ရယူပေးခဲ့တာ ဆိုတော့... ဆုမချလို့ မဖြစ်ဘူးလေ... ငါကိုယ်တော်က ချီမိသားစုနဲ့ ဝိညာဉ်ဓားတောင်ရဲ့ ကိုယ်စား ဒီ သံချပ်ကာကို မင်းကို ပေးအပ်ပါတယ်"

"ကျေးဇူးတင်ပါတယ် စီနီယာ"

"တာအိုမိတ်ဆွေ ချင်းရှောင်... ယွင်ပြည်နယ်ကို အတူတူ ပြန်ကြရင် ဘယ်လိုလဲ"

"ဟားဟား... ကျုပ်လည်း အဲ့ဒီလိုပဲ စဉ်းစားထားပါတယ်"

နောက်တစ်ခဏတွင် လင်းယုန်ငှက် အော်သံကြီး တစ်ချက် ပဲ့တင်ထပ်သွားပြီး ကောင်းကင် လွှမ်းခြုံ လင်းယုန်ကြီးက အတောင်ပံများကို ခတ်ကာ ကောင်းကင်ယံသို့ ပျံတက်သွားလေတော့သည်။

All Chapters