← Chapters

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း (၂၃၃) မောက်မာဝင့်ကြွားခြင်း... မြို့ထဲသို့ ဝင်ရောက်လာခြင်း

"ဖူး... ရှင့်ကို အစ်မက ဒေါသထွက်ပြီး လှံနဲ့ ထိုးမှာကို မကြောက်ဘူးလား..."

"ကိစ္စမရှိပါဘူး... သူ့ကိုသာ ထိုးခိုင်းလိုက်... ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျရင် ငါကလည်း ပြန်ထိုးနိုင်မှာပဲဟာ..."

ချီနင်ပင်းက စကားလွတ်သွားပြီး ကျန်းချဲ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။ ဤအမျိုးသားက အရာအားလုံး ကောင်းမွန်သော်လည်း အကြောင်းမရှိ အကြောင်းရှာကာ ညစ်ညမ်းသော စကားများကို မကြာခဏ ပြောဆိုတတ်သဖြင့် သူမကဲ့သို့သော မိသားစုကြီးမှ သခင်မလေး တစ်ယောက်အနေဖြင့် လုံးဝ ခံနိုင်ရည် မရှိတော့ချေ။ အထူးသဖြင့် အိပ်ခန်းအတွင်း၌ ရှိနေချိန်တွင် ပို၍ပင် ဆိုးရွားလှပေသည်။

"အရေးကြီးတဲ့ ကိစ္စ ပြောရအောင်... ဒီတစ်ခေါက် ရှင်က ကောင်းမိသားစုရဲ့ ရာထူးနေရာကို လုယူခဲ့တယ်လို့ ကျွန်မ စုံစမ်းသိထားတယ်... ရှင် ရာထူးသွားယူတဲ့ အချိန်ကျရင် သူတို့က ပြဿနာ လာရှာမှာ သေချာတယ်... အဲ့ဒီအချိန်ကျရင် ရှင် ဘယ်လို လုပ်မလို့လဲ..."

ချီနင်ပင်းက စကားလမ်းကြောင်း လွှဲလိုက်ပြီး အဓိပ္ပာယ်မရှိသည့် စကားများကို ဆက်မပြောလိုတော့ချေ။

"တကယ်လို့ ကောင်းချီနန်သာ ပါးနပ်မယ်ဆိုရင် သူ့လမ်းသူသွား ငါ့လမ်းငါသွားပေါ့... တကယ်လို့ သူက ငါနဲ့ အသေအကျေ တိုက်ခိုက်ချင်တယ် ဆိုရင်တော့... ရာထူး တစ်ဆင့်ကြီးတာက လူကို ဘယ်လို ဖိနှိပ်သတ်ဖြတ်နိုင်တယ် ဆိုတာကို သူ့ကို သိအောင် လုပ်ပြရမှာပေါ့... တကယ်တော့ ငါက ကောင်းချီနန် ကိုယ့်ဘာသာ ပြဿနာ လာရှာတာကို ပိုတောင် မျှော်လင့်နေသေးတယ်... ဒါမှ တစ်ခါတည်းနဲ့ ပြီးပြတ်သွားအောင် သူ့ကို ရိုက်နှက် ဆုံးမလိုက်လို့ ရမှာလေ... နောက်ပိုင်း ပြဿနာ ထပ်ရှာနေတာတွေကိုလည်း ရှင်းသွားတာပေါ့..."

ကျန်းချဲ့က ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် စူးရှသော အလင်းရောင်များ တောက်ပလာကာ ယုံကြည်မှု အပြည့် ရှိနေလေသည်။

သူပြောနေသော ကောင်းချီနန် ဆိုသူမှာ ထျန်းနန်ဂိတ်၏ ဒုတိယ တပ်မှူးချုပ်ပင် ဖြစ်၏။ သူ၏ စွမ်းအားနှင့် ပတ်သက်၍မူ ကျန်းချဲ့က လီချန်ကော၏ ပါးစပ်မှတစ်ဆင့် ကြိုတင် ကြားသိထားပြီး ဖြစ်လေသည်။ ထိုသူက ဝါရင့် စစ်မှန်သော အမြုတေအဆင့် သိုင်းသခင် တစ်ပါး ဖြစ်ပြီး စွမ်းအား မသေးလှချေ။ ထို့ကြောင့်လည်း ကောင်းမိသားစုက သူ့ကို ထောက်ခံပေးထားခြင်း ဖြစ်၏။

သူတို့ နှစ်ဦး၏ စွမ်းအားကို နှိုင်းယှဉ်ကြည့်မည် ဆိုပါက အပေါ်ယံတွင် ကျန်းချဲ့က အနည်းငယ် အားနည်းနေသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ထိုသို့ မဟုတ်ချေ။ အရှိန်အဝါနယ်ပယ်ကို နားလည် သဘောပေါက်ထားပြီး ဖြစ်သော ကျန်းချဲ့၏ စွမ်းအားက အပြင်ပန်းတွင် မြင်ရသည်ထက် အများကြီး ပိုမို ကြောက်စရာ ကောင်းလှပေသည်။ အဆင့်ငယ်လေး တစ်ခု ကွာဟနေခြင်းက ကျန်းချဲ့အတွက် လုံးဝ ပြဿနာ မဟုတ်ကြောင်း သူ့ကိုယ်သူ ကောင်းစွာ သိရှိထားပေသည်။

"ဒီလောက်တောင် မဆင်မခြင် လုပ်မလို့လား..."

ထိုစကားကို ကြားသောအခါ ချီနင်ပင်းက မျက်မှောင် အနည်းငယ် ကျုံ့သွားလေသည်။ ကျန်းချဲ့က ကောင်းချီနန်နှင့် ဉာဏ်ပညာ ယှဉ်ပြိုင် တိုက်ခိုက်မည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း ကျန်းချဲ့၏ စိတ်ကူးက တစ်ဖက်လူကို တစ်ကြိမ်တည်းဖြင့် အပြတ်အသတ် ရိုက်နှက် အနိုင်ယူကာ သူ၏ အသာစီးရမှုကို အပြီးတိုင် တည်ဆောက်ရန် ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။

"ကိုယ့်စွမ်းအားက တစ်ဖက်လူကို မယှဉ်နိုင်မှန်း သိသိရက်နဲ့ လုပ်တာကိုမှ မဆင်မခြင် လုပ်တယ်လို့ ခေါ်တာ... ယုံကြည်မှု ရှိတယ် ဆိုရင်တော့ အရာအားလုံးကို အကြွင်းမဲ့ ဖိနှိပ်ပစ်ပြီး အချိန်ကုန် သက်သာအောင် လုပ်ရမှာပဲ... ချီမိသားစုက ထျန်းနန်ကို အပြည့်အဝ ခြေဆန့်ချင်တယ် ဆိုရင် ငါ့ရဲ့ အကူအညီက မပါလို့ မရဘူးလေ... ငါ့ဆီမှာ ရက်စက်ကြမ်းကြုတ်တဲ့ အရှိန်အဝါ မရှိဘူးဆိုရင် ဘယ်သူက ငါ့ကို မျက်နှာသာ ပေးမှာလဲ..."

ကျန်းချဲ့က ခေါင်းကို မော့ကာ ပြုံးလျက် ပြောလိုက်လေသည်။

"နှမြောစရာပဲ... အခု ကျွန်မ ရှင့်ကို မကူညီပေးနိုင်သေးဘူး..."

ချီနင်ပင်းက သက်ပြင်း တစ်ချက် ချလိုက်လေသည်။ သူမ၏ ပါရမီက အလွန် ကောင်းမွန်သော်လည်း အရင်က သူမ၏ စိတ်အာရုံ အများစုကို ကျင့်ကြံခြင်း အပေါ်တွင် မထားရှိခဲ့ချေ။ ယခုအခါ အစ်မဖြစ်သူက ရွှေအမြုတေ တည်ဆောက်ရန် တံခါးပိတ် ကျင့်ကြံနေပြီ ဖြစ်၏။ သူမကမူ ရှန်ကွမ်းအဆင့် အထွတ်အထိပ် သို့ပင် မရောက်ရှိသေးရာ အစ်မဖြစ်သူနှင့် အများကြီး ကွာဟသွားခဲ့ပြီ ဖြစ်ပြီး ကျန်းချဲ့နှင့် ဆိုလျှင်တော့ ပို၍ပင် ပြောစရာ မလိုတော့ချေ။

"ဘယ်သူက မကူညီနိုင်ဘူးလို့ ပြောလဲ... မနက်ဖြန်ကျရင် ငါက အလွန် အန္တရာယ်များတဲ့ တိုက်ပွဲကြီး တစ်ခုနဲ့ ရင်ဆိုင်ရနိုင်တယ်... ဒါပေမဲ့ ခန္ဓာကိုယ်ထဲက သက်စောင့်စွမ်းအင်တွေက အရမ်း ပြည့်ဖြိုးလွန်းနေတော့ သေချာလေး ဖြေလျှော့ဖို့ လိုနေတယ်... မိန်းကလေးချီ... မင်းက ငါ့ကို တစ်ထောင့်တစ်နေရာကနေ ကူညီပေးချင်တဲ့ ဆန္ဒ ရှိရဲ့လား..."

ကျန်းချဲ့က လေးနက်သော အသံဖြင့် မေးလိုက်လေသည်။

ချီနင်ပင်းက တိုးညှင်းစွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် အပြင်ဘက်ကို တစ်ချက် လှည့်ကြည့်ကာ လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်၏။

"ကျွန်မ တစ်ယောက်တည်းပဲ ရမယ်နော်... အရင်လို အတူတူ လုပ်ဖို့တော့ လုံးဝ မစဉ်းစားနဲ့..."

"နင်ပင်း... သုံးယောက် အတူတူဆိုရင် သေချာပေါက် ပိုကောင်းတာပေါ့... မင်း ခံနိုင်ရည် မရှိမှာကိုပဲ ကိုယ်က စိုးရိမ်နေတာ..."

"ဟွန့်... ရှင် တကယ် စွမ်းဆောင်နိုင်တယ် ဆိုရင်လည်း လာခဲ့လေ... ကျွန်မ ကျင့်ကြံလာတာ ဒီလောက် နှစ်တွေ အကြာကြီး ရှိနေပြီမို့ ခန္ဓာကိုယ်ကလည်း အတူတူ ကြံ့ခိုင်နေတာပဲ... ကျွန်မက ရှင့်ကို ကြောက်နေတယ်လို့ ထင်နေတာလား..."

ချီနင်ပင်းက မာနကြီးသည့် ဟန်ပန်ကို အတင်း ဖန်တီးကာ ပြောလိုက်လေသည်။

ကျန်းချဲ့၏ မျက်နှာပေါ်ရှိ အပြုံးများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ခေါင်းညိတ်လိုက်၏။

"ဒါ မင်း ကိုယ်တိုင် ပြောတာနော်..."

"ကျွန်မ ပြောတာ..."

"လူ... လူပြောင်းပေးပါတော့... ကျွန်မ မှားသွားပါပြီ..."

"ဟင်... အရင်တုန်းက မင်းက ပါးစပ် အရမ်း သန်နေတယ် မဟုတ်ဘူးလား..."

"ဖူး... ဘယ်သူက ရှင် ပိုပြီးတော့..."

နောက်တစ်နေ့။

ထျန်းနန်မြို့။

ထျန်းနန်ဂိတ်ဟု အမည်တွင်သော်လည်း လက်တွေ့တွင်မူ ထိုနေရာသည် အလွန် စည်ကား သိုက်မြိုက်လှသော နယ်စပ်မြို့ကြီး တစ်မြို့ ဖြစ်လေသည်။ အင်အားစု အများအပြား အခြေစိုက်ထားကြပြီး သိုင်းပညာရှင် အများအပြား ပြည့်နှက်နေသဖြင့် သာမန် မြို့ကြီးများထက်ပင် အများကြီး သာလွန်လှပေသည်။

အရေးအကြီးဆုံး အချက်မှာ တာ့ကျိုး နိုင်ငံတော်၏ အစွန်ဆုံး တောင်ဘက် နယ်စပ်တွင် တည်ရှိနေသောကြောင့် ထိုနေရာတွင် ရက်စက်ကြမ်းကြုတ်သော သိုင်းလောက သားကောင် အများအပြား ရှိနေခြင်းပင် ဖြစ်၏။ လူသတ် ပစ္စည်းလုယူခြင်းများက ထိုနေရာတွင် မကြာခဏ ဖြစ်ပွားလေ့ ရှိပေသည်။

မည်သို့ပင်ဆိုစေ အခြေအနေ တစ်ခုခု မဟန်တော့ဘူး ဆိုသည်နှင့် သူတို့က ဂိတ်ပြင်ပသို့ အလွယ်တကူ ထွက်ပြေးနိုင်ပြီး တောင်တန်းကြီး တစ်သောင်း အတွင်းသို့ လွတ်မြောက်သွားသည်နှင့် တစ်ပြိုင်နက် လုံးဝ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ပြီ ဖြစ်သောကြောင့် ပင်။

ဤနေရာ၏ အရေးပါမှု ကြောင့်ပင် ထျန်းနန်ဂိတ် တပ်မှူးချုပ် ရာထူးက ပိုမို အာဏာကြီးမား ထင်ရှားလာခြင်း ဖြစ်လေသည်။ တူညီသော အဆင့်ရှိ အရာရှိများ အနက် ဤရာထူးနှင့် ယှဉ်ပြိုင်နိုင်သူ အလွန် နည်းပါးလှပေသည်။

ထျန်းနန်ဂိတ် တပ်မှူးချုပ် ရာထူးကို ရရှိသူ မည်သူမဆို ကြီးမားလှသော အကျိုးအမြတ်များကို ရရှိနိုင်မည် ဖြစ်ပြီး နောက်ကွယ်တွင် ခိုင်မာသော ကျောထောက်နောက်ခံ ပါ ရှိနေမည် ဆိုပါက ကြီးမားသော ဓနဥစ္စာ လမ်းကြောင်းကြီး တစ်ခုကို အပြည့်အဝ ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း ဆိုနိုင်ပေသည်။

ဤအတွက်ကြောင့် ထျန်းနန် ကောင်းမိသားစုက ကာလရှည်ကြာ လျှို့ဝှက် ကြံစည်ခဲ့ပြီး ကောင်းချီနန် ကို ရာထူးရစေရန် အရေးကြီးသော လမ်းကြောင်းများ အားလုံးကို အပြည့်အဝ ရှင်းလင်းထားခဲ့လေသည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ အင်အားစု အသီးသီးက အချိန်အတော်ကြာအောင် အားပြိုင်နေခဲ့ကြသော်လည်း နောက်ဆုံးတွင် ပြင်ပမှ လူတစ်ယောက်က သရက်သီးကို ခူးဆွတ်သွားလိမ့်မည်ဟု မည်သူကမျှ ထင်မှတ် မထားခဲ့ချေ။

ထို့ကြောင့် ဤကိစ္စကို သိရှိသွားပြီးနောက် ကောင်းချီနန် တစ်ယောက် အလွန်တရာ ဒေါသထွက်ပြီး နာကျင် ခံစားနေရလေသည်။

မြို့စားအိမ်တော် အတွင်း၌။

စတုတ္ထအဆင့် အရာရှိ ဝတ်ရုံကို ဝတ်ဆင်ထားပြီး ပိန်ပါးသော ခန္ဓာကိုယ် ရှိသည့် ကောင်းချီနန် ၏ လင်းယုန် မျက်လုံးများထဲတွင် အလွန်တရာ အေးစက် ရက်စက်သော အရိပ်အယောင်များ ပြည့်နှက်နေပြီး လက်ထဲတွင် ကိုင်ထားသော သံမဏိ ဘောလုံး နှစ်လုံးကို တကျွိကျွိ မြည်အောင် အားကုန် ဆုပ်နယ်နေလေသည်။

"တပ်မှူး... မြို့ပြင်က လူတွေဆီက သတင်း ရောက်လာပါပြီ... အဲ့ဒီ ကျန်းချဲ့ က ဒီနေရာနဲ့ မိုင်အနည်းငယ်လောက်ပဲ ကွာတော့တာပါ... နောက်ထပ် နာရီဝက်လောက် နေရင် မြို့ထဲကို ဝင်လာတော့မှာပါ... အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ... သူ့ကို အစွမ်းပြပြီး ခြိမ်းခြောက်လိုက်မလား... ဒါမှမဟုတ်..."

ကောင်းချီနန် ၏ ဘေးတွင် ရှိနေသော သံချပ်ကာ ဝတ်ဆင်ထားသည့် စစ်တပ် ဗိုလ်ချုပ် တစ်ယောက်က မနေနိုင်တော့ဘဲ မေးမြန်းလိုက်လေသည်။

ကောင်းချီနန် က ချက်ချင်း ပြန်မဖြေဘဲ မျက်ဝန်းများက ပိုမို အေးစက်လာလေသည်။ ထျန်းနန် ကောင်းမိသားစု ထံမှ သတင်းစကား ရောက်ရှိလာပြီး ဖြစ်ကာ သူ့ကို ယာယီ သည်းခံထားရန်နှင့် ဒေါသအလျောက် ကျန်းချဲ့ကို ဆန့်ကျင် တိုက်ခိုက်ခြင်း မပြုရန် သတိပေးထားလေသည်။

ခရုနှင့် ငှက်တို့ တိုက်ခိုက်နေခိုက် တံငါသည်က အမြတ်ရသွားမည်ကို စိုးရိမ်ရသောကြောင့် ပင်။

ကျန်းချဲ့ က အမြစ်မရှိသော သစ်ပင်လေး တစ်ပင် မဟုတ်ချေ။ သူ၏ နောက်ကွယ်တွင် အလွန် အင်အား ကြီးမားလှသော ယွင်ပြည်နယ် မြောက်လင် ချီမိသားစု ရှိနေလေသည်။ လက်ရှိ အခြေအနေမှာ မြောက်လင် ချီမိသားစု နှင့် တောင်ပိုင်းကာကွယ်ရေး မြို့စားမင်း လီချန်ကော တို့ ကြားရှိ လျှို့ဝှက် ကြံစည်မှု တစ်ခုလည်း ဖြစ်နေနိုင်ပေသည်။

အခြေအနေကို အရင် စောင့်ကြည့်ပြီးမှ အရေးယူ ဆောင်ရွက်ရန် လောလောဆယ် သည်းခံထားရန် လိုအပ်ပေသည်။

အမှန်တကယ်တော့ ဤအကြောင်းပြချက်ကို မိသားစု ဘက်က မပြောလျှင်တောင်မှ အစိုးရ အဖွဲ့အစည်း အတွင်း ဆယ်စုနှစ်များစွာ ကျင်လည်လာခဲ့သော သူက ကောင်းစွာ နားလည်ထားပေသည်။ အကယ်၍ မဆင်မခြင် ပြုမူတတ်သူ တစ်ယောက်သာ ဆိုလျှင် နောက်ကွယ်တွင် အင်အားစုကြီး တစ်ခု ရှိနေလျှင်တောင်မှ တစ်လှမ်းချင်းစီ အထက်သို့ တက်လှမ်းရန် အလွန် ခက်ခဲလှပေသည်။

နားလည်သည်က တစ်ပိုင်း ဖြစ်သော်လည်း ရင်ထဲရှိ မွန်းကြပ် နာကျင်မှုများကတော့ အစစ်အမှန် ပင် ဖြစ်လေသည်။

ဤ တပ်မှူးချုပ် ရာထူးကို ရရှိရန် အတွက် သူက ကြီးမားလွန်းသော တန်ဖိုးများကို ပေးဆပ်ခဲ့ရပေသည်။ မိသားစု ၏ ပံ့ပိုးမှု သာမက သူကိုယ်တိုင်လည်း ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ပြီး ဤသတင်း ကလည်း ထျန်းနန်မြို့ တစ်ခုလုံးကို စောစောစီးစီး ပျံ့နှံ့နေခဲ့ပြီး ဖြစ်၏။

သူ က လက်ဆောင်တွေတောင် လက်ခံထားပြီးပြီလေ...

သို့သော် ရလဒ် အနေဖြင့် နှစ်ရက်လောက်တောင် မပျော်ရသေးခင်မှာပင် သတင်းဆိုး ကြီးက ရုတ်တရက် ရောက်ရှိလာခဲ့လေသည်။

ယခင်က ရယ်မော စကားပြောဆိုခဲ့ကြသော အစိုးရ အဖွဲ့အစည်းမှ လုပ်ဖော်ကိုင်ဖက်များကို သူ မည်ကဲ့သို့ မျက်နှာပြရမည်နည်း။

ဤရက်ပိုင်း အတွင်း သူ ထျန်းနန်ဂိတ် တပ်မှူးချုပ် ရာထူးနှင့် လွဲချော်သွားပြီးနောက် ထျန်းနန်ဂိတ် အတွင်း၌ သေးငယ်လှသော မုန်တိုင်း တစ်ခု တိုက်ခတ် သွားခဲ့လေပြီ။ ယခင်က အင်အားစု အသီးသီး က အခွင့်အရေးများ ရရှိရန် အတွက် သူနှင့် ရင်းနှီးအောင် ချဉ်းကပ်ခဲ့ကြသော်လည်း...

ယခု သတင်း ထွက်ပေါ်လာသည် နှင့် တစ်ပြိုင်နက် မြို့စားအိမ်တော် အတွင်း၌ လူသူကင်းမဲ့ သွားခဲ့လေပြီ။ လက်အောက်ငယ်သားများ ပင်လျှင် စိတ်အခြေအနေ မတည်မငြိမ် ဖြစ်နေကြလေသည်။ ဤကဲ့သို့သော ကြီးမားလှသည့် အပြောင်းအလဲ ကြီးကို သူ မည်ကဲ့သို့ တည်ငြိမ်စွာ လက်ခံနိုင်မည်နည်း။

အကယ်၍ သူ၏ ရာထူးကို လုယူသွားသူက ကဏ္ဍစုံတွင် သူ့ထက် သာလွန်နေမည် ဆိုပါက သူ ကျေနပ်နိုင်သေးသည်။ သို့သော် အဓိက အချက်မှာ တစ်ဖက်လူ က နို့နံ့မစင်သေးသော ကလေးလေး တစ်ယောက်သာ ဖြစ်နေခြင်း ပင်။ နာမည် အတော်အသင့် ကြီးနေသည် မှန်သော်လည်း နောက်ဆုံးတွင်တော့ လူငယ်မျိုးဆက် အဆင့်တွင်သာ ရှိနေသေးသည် မဟုတ်ပါလော။

အတွေ့အကြုံ လည်း မရှိသလို အောင်မြင်မှု လည်း မရှိချေ။

ချီမိသားစု မှ အမျိုးသမီး တစ်ယောက်နှင့် စေ့စပ်လိုက်ရုံဖြင့် အထောက်အပံ့များ ရရှိကာ ကောင်းကင်သို့ တစ်လှမ်းတည်းနှင့် တက်လှမ်းသွားခြင်း ပင် ဖြစ်လေသည်။ ဝင်စား သမက် မဟုတ်လျှင်တောင်မှ အခြေအနေက အများကြီး ကွာခြားမည် မဟုတ်ချေ။ ဤကဲ့သို့သော လူတစ်ယောက် ကို သူ ဘယ်လိုလုပ်ပြီး လက်ခံနိုင်မည်နည်း။

ကျန်းချဲ့ ၏ အသက်အရွယ် က သူ့ထက် နှစ်ပေါင်း နှစ်ဆယ်ကျော်ခန့် ငယ်ရွယ်လေသည်။

နောင်တစ်ချိန်တွင် နို့နံ့မစင်သေးသော ကလေးလေး တစ်ယောက်၏ အနားတွင် ခေါင်းငုံ့ ခယ နေရမည်တဲ့လား။ တွေးလေတွေးလေ ကောင်းချီနန် တစ်ယောက် ပို၍ နာကျင် ဒေါသထွက်လေ ပင် ဖြစ်လေသည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူက တိုးညှင်းသော အသံဖြင့် အမိန့်ပေးလိုက်လေသည်။

"အမိန့်ပေးလိုက်... အားလုံးကို ပုံမှန်အတိုင်းပဲ ထား... ဘယ်လို ကြိုဆိုမှုမျိုးမှ မလုပ်ရဘူး... ငါ့ရဲ့ ရာထူးကို လုယူခံလိုက်ရတယ် ဆိုရင်တောင်မှ... အတွေ့အကြုံ အရ ငါက သူ့ထက် အများကြီး သာတယ်... သူက ဒီရာထူးမှာ မြဲမြဲမြံမြံ ထိုင်ချင်တယ် ဆိုရင်... အရင်ဆုံး ငါ့ရှေ့မှာ ခေါင်းငုံ့ပြရမယ်..."

"ဟုတ်ကဲ့ပါ... လက်အောက်ခံ အခုပဲ သွားလုပ်လိုက်ပါ့မယ်..."

"ဒါက ထျန်းနန် ပေါ့... တခြား နေရာတွေနဲ့ တကယ်ကို ကွာခြားတာပဲ..."

ထူးဆန်းသော သားရဲ ယာဉ်ပျံ ပေါ်တွင် ထိုင်လျက် ချီနင်ပင်း က အရှေ့ရှိ ဂိတ်တံခါး ကို အကဲခတ်ကာ မနေနိုင်ဘဲ မှတ်ချက်ချလိုက်လေသည်။ သူမ က အပြင်ထွက်လေ့ သိပ်မရှိဘဲ ထွက်လျှင်တောင်မှ ယွင်ပြည်နယ် အတွင်း၌သာ အများဆုံး သွားလာလေ့ ရှိပြီး အဝေးကြီး သို့ မသွားဖူးချေ။ ထို့ကြောင့် အလယ်ပိုင်း ဒေသ၏ နယ်စပ်သို့ တစ်ခါမှ မရောက်ဖူးခဲ့ပေ။

ထို့ကြောင့်ပင် သူမ အနေဖြင့် အနည်းငယ် စိတ်လှုပ်ရှား နေမိလေသည်။ ပေတစ်ရာခန့် မြင့်မားသော မြို့ရိုးကြီး ပေါ်ရှိ နေရာအနှံ့အပြားတွင် စစ်သည် အများအပြား တပ်စွဲထားကြပြီး လမ်းဘေး တစ်ဖက်တစ်ချက်စီတွင် သွင်ပြင် အမျိုးမျိုး ရှိသော သိုင်းလောက သား အများအပြား က ကမန်းကတန်း ခရီးသွား နေကြရာ အတော်လေး အလုပ်ရှုပ်နေသည့် ပုံစံ ပေါက်နေပေသည်။

ဤမြင်ကွင်းများ အားလုံးက သူမ အတွက် အလွန် အဆန်းတကြယ် ဖြစ်နေစေလေသည်။

"အစ်ကိုကျန်း... ဟိုမှာ ကြည့်ပါဦး... မြို့တံခါး ဝမှာ လူတွေ အများကြီး ရောက်နေတယ်... ရှင့်ကို လာကြိုတာ ဖြစ်ရမယ်..."

ထျန်းနန်ဂိတ် သို့ နီးကပ်လာချိန်တွင် ချီနင်ပင်း က ရုတ်တရက် တိုးညှင်းစွာ အာမေဍိတ်သံ ပြုလိုက်လေသည်။

မြို့တံခါးတွင် တပ်စွဲထားသော စစ်သည်များ အရေအတွက် ရုတ်တရက် တိုးပွားလာပြီး လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားကြသည်ကို မြင်လိုက်ရ၏။ ကျန်းချဲ့ ကို ရည်ရွယ်၍ ရောက်လာခြင်း ဖြစ်မှန်း သိသာလှသော်လည်း ထိုစစ်သည်များ က ကြိုဆိုရန်လည်း မလာသလို အရှေ့သို့လည်း တိုးမလာကြဘဲ စစ်ရေး ပြနေသည့် အလား တန်းစီ ရပ်နေကြရာ ကျန်းချဲ့ ကို အစွမ်းပြ ခြိမ်းခြောက် လိုသည့် ပုံစံ ပေါက်နေပေသည်။

ဤမြင်ကွင်းကြောင့် ဘေးပတ်ဝန်းကျင်ရှိ သိုင်းလောက သား အများအပြား က အံ့ဩတကြီး ငေးကြည့် နေကြလေတော့သည်။

"ဒီ ကောင်းချီနန် က ငါနဲ့ အသေအကျေ တိုက်ခိုက်ချင်နေပုံ ရတယ်..."

ကျန်းချဲ့ က ပြုံးလိုက်လေသည်။ အရှေ့ရှိ လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားသော လူရာပေါင်းများစွာ ကို ရင်ဆိုင်ရချိန် တွင် သူ၏ မျက်နှာပေါ်၌ ထူးခြားသော အမူအရာ အနည်းငယ်မျှ မပေါ်လာဘဲ ဤအရာများ အားလုံး က သူ၏ မျှော်လင့်ချက် အတွင်း၌ ရှိနေသည့် အလားပင်။

"ဒါဆို ကျွန်မတို့ ဘယ်လို လုပ်ကြမလဲ..."

ချီနင်ပင်း နှင့် ဘေးပတ်ဝန်းကျင်ရှိ လူအချို့ က ကျန်းချဲ့ ထံသို့ အကြည့်များ ပို့လွှတ်လိုက်ကြလေသည်။

"ဘယ်လို လုပ်ရမလဲ ဟုတ်လား... အကုန်လုံးကို နင်းခြေပြီး သွားမယ်... တစ်ဖက်က လူတွေကသာ စတင် လှုပ်ရှားရဲတယ် ဆိုရင်... ချက်ချင်း အပြတ်ရှင်းပစ်လိုက်..."

ကျန်းချဲ့ က ခြေထောက် နှစ်ဖက်ဖြင့် သူစီးနင်းလာသော သားရဲ ယာဉ်ပျံ ကို တစ်ချက် ညှပ်ကာ အရှေ့သို့ ညင်သာစွာ လက်ဝှေ့ယမ်း ပြလိုက်လေသည်။ ရိခုန်း၊ ကန်းတာပြောင် နှင့် အခြားသူများ ကလည်း ခေါင်းညိတ် လိုက်ကြ၏။

လူနှစ်ထောင်ကျော် က လျင်မြန်စွာ နေရာယူ ပြင်ဆင်လိုက်ကြပြီး စစ်သည်များ က မြင်းပေါ်သို့ တက်ကာ ဓားများကို ဆွဲထုတ်ပြီး လေးများကို တင်လိုက်ကြရာ စစ်ခင်းရန် အပြည့်အဝ အသင့်ဖြစ်နေသည့် အသွင်အပြင် မျိုး ပေါ်ထွက် လာလေသည်။

"ခဲအို... အခုမှ ရောက်ရောက်ချင်း ဒီလို လုပ်တာက အရမ်း မဆင်မခြင် နိုင်လွန်းရာ မကျဘူးလား..."

မနေ့ကတည်းက ကျန်းချဲ့ ၏ ရှေ့ဆက် လုပ်မည့် အစီအစဉ်များကို ကြားသိထားပြီး ဖြစ်သော်လည်း ချီနင်ပင်း အနေဖြင့် ဤမျှလောက် မဆင်မခြင် ပြုမူကာ တိုက်ရိုက် လက်ပါးရဲလိမ့်မည်ဟု လုံးဝ ထင်မှတ် မထားခဲ့ချေ။

ကျန်းချဲ့ က မေးစေ့ကို အနည်းငယ် မော့ကာ ပြောလိုက်လေသည်။

"မင်း ယုံလား... အခု မြို့ထဲမှာ မျက်လုံးပေါင်း ဘယ်လောက်များများ က ငါ့ကို စောင့်ကြည့်နေမလဲ ဆိုတာကို... တကယ်လို့ ငါကသာ အလျှော့ပေးပြီး ဆက်ဆံလိုက်မယ် ဆိုရင်... နောက်ပိုင်းကျရင် ငါ့ရဲ့ အာဏာကို ဘယ်လို လုပ်ပြီး တည်ဆောက်နိုင်တော့မှာလဲ..."

"ဒါကတော့..."

"ဟားဟား... လူတွေ ပြောကြသလို လူငယ်တွေက သွေးဆူလွယ်တယ်လေ... ဒါက ငါ မူလ ပြသရမယ့် ပုံစံပဲ မဟုတ်ဘူးလား..."

"တပ်မှူး ဖန်... သူတို့ လာနေကြပြီ..."

မြို့တံခါး ဝတွင် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသော မြို့စောင့် စစ်သည် ရာပေါင်းများစွာ ရှိနေပြီး ခေါင်းဆောင် ဖြစ်သူ မှာ အသက် သိပ်မကြီးလှသော အမျိုးသား တစ်ယောက် ပင် ဖြစ်လေသည်။ ရုပ်ရည်က သာမန်သာ ဖြစ်သော်လည်း သူ၏ မျက်လုံး နှစ်လုံး က အလွန် တောက်ပနေပြီး အရှေ့ဆုံးတွင် ရှိနေသော လူငယ်လေး အပေါ်သို့ အကြည့်များ စူးစိုက် ထားလေသည်။

ထိုသူ မှာ ကျန်းချဲ့ ပင် ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားပေသည်။ သူ့ထက် အသက်ငယ်ရွယ် သော်လည်း ရာထူး အဆင့်အတန်း ကော ကျင့်ကြံမှု စွမ်းအား ပါ သူ့ထက် အများကြီး သာလွန်လွန်းနေသည့် တည်ရှိမှု ကြီး တစ်ခု ပင်။

အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် အထက်လူကြီး များ၏ မှာကြားချက် ကို တွေးတောကာ ဖန်ရှန်း က လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

"အမိန့်ပေးလိုက်... အသင့်ပြင်ထား..."

"ဟုတ်ကဲ့ပါ..."

"ဟုတ်ကဲ့ပါ..."

တစ်ဖက်လူ က သူတို့ ရှိနေသည်ကို လုံးဝ ဂရုမစိုက်ဘဲ အတားအဆီး မရှိ တိုးဝင်လာသည်ကို မြင်လိုက်ရသော အခါ ဖန်ရှန်း လည်း ဆက်လက် တုံ့ဆိုင်း မနေတော့ဘဲ လေးနက်သော အသံဖြင့် အော်ဟစ်လိုက်လေသည်။

"လာတဲ့သူက ဘယ်သူလဲ..."

ကျန်းချဲ့ ၏ မျက်လုံးထောင့် မှလည်း အရှေ့တွင် ရှိနေသော တပ်မှူး ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသား ကို အမြဲတမ်း စောင့်ကြည့် နေခဲ့လေသည်။ ထိုမေးခွန်း ကို ကြားလိုက်ရသော အခါ အကြည့်များ အနည်းငယ် စူးရှ သွားပြီး အေးစက်စက် ပြန်ဖြေလိုက်၏။

"ထျန်းနန်ဂိတ် တပ်မှူးချုပ်... ကျန်းချဲ့..."

"သခင်ကြီး ခွင့်လွှတ်ပါ... လက်အောက်ခံ က အထက်က အမိန့် ရထားလို့ စစ်ဆေး ပြီးမှသာ ဝင်ခွင့် ပြုနိုင်မှာပါ... ဒါ့အပြင် သခင်ကြီး ရဲ့ လက်အောက်က ဒီ စစ်သည်တွေ ကတော့ မြို့ထဲကို ဝင်လို့ မရသေးပါဘူး..."

ဖန်ရှန်း က မျက်လွှာချ ကာ ပြန်လည် ဖြေကြားလိုက်လေသည်။

"ဘယ်သူ့ အမိန့်လဲ..."

"တပ်မှူး ကောင်း ရဲ့ အမိန့်ပါ..."

ကျန်းချဲ့ က သားရဲ ယာဉ်ပျံ ကို စီးနင်းလျက် ဖန်ရှန်း ၏ အရှေ့သို့ ဖြည်းညင်းစွာ ရောက်ရှိလာလေသည်။ သားရဲ ထံမှ ထွက်ပေါ်လာသော နှာခေါင်း မှုတ်ထုတ်သံ က တစ်ဖက်လူ ၏ မျက်နှာပေါ်သို့ တိုက်ရိုက် ကျရောက်သွားပြီး အထက်စီး မှ နေ၍ အရှေ့ရှိ လူကို ငုံ့ကြည့် ကာ မေးလိုက်လေသည်။

"တပ်မှူး ကောင်း ဆိုတာ... တပ်မှူးချုပ် လား... ဒု-တပ်မှူးချုပ် လား..."

"ဒါက..."

ဖန်ရှန်း ၏ မျက်နှာပေါ်တွင် တွေဝေ တုံ့ဆိုင်းနေသည့် အရိပ်အယောင် များ ပေါ်ထွက် လာလေသည်။

ဝှစ်...

ကျန်းချဲ့ က တောင်ပိုင်း ကာကွယ်ရေး မြို့စားအိမ်တော် မှ တရားဝင် ထုတ်ပေးထားသော အမိန့်စာ ကို တိုက်ရိုက် ထုတ်ယူလိုက်ပြီး အေးစက်စက် ပြောလိုက်လေသည်။

"ခေါင်းမော့စမ်း..."

ထိုစကား ကို ကြားသောအခါ ဖန်ရှန်း လည်း ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်ပြီး ကျန်းချဲ့ ကို အရင်ဆုံး တစ်ချက် ကြည့်လိုက်ကာ အမိန့်စာ ပေါ်သို့ အကြည့်များ လျင်မြန်စွာ ရွှေ့ပြောင်း သွားလေသည်။

"သေချာ မြင်ရရဲ့လား..."

ဖန်ရှန်း က ခေါင်းငုံ့ ကာ ပြန်လည် ဖြေကြားလိုက်လေသည်။

"မြင်... မြင်ရပါတယ်..."

"အခု... မင်း ဘယ်သူ့ အမိန့်ကို နာခံရမလဲ..."

"ဒါ... သခင်ကြီး ခဏလောက် စောင့်ပါဦး... လက်အောက်ခံ အခုပဲ သတင်း သွားပို့ခိုင်းလိုက်ပါ့မယ်..."

ဖန်ရှန်း က အတင်းအကျပ် အားတင်းကာ ပြန်လည် ဖြေကြားလိုက်လေသည်။

ကျန်းချဲ့ က ခပ်ဖွဖွ ရယ်မောလိုက်ပြီး အင်္ကျီလက် အတွင်းရှိ သိုလှောင်ရေး လက်စွပ် ထဲမှ စက္ကူဖြူ တစ်ရွက် ကို ထုတ်ယူလိုက်လေသည်။ ထို့နောက် 'အမိန့်' ဟူသော စာလုံး နှစ်လုံး ကို ရေးသားလိုက်ပြီး ဖန်ရှန်း ၏ မျက်နှာပေါ်သို့ တိုက်ရိုက် ပစ်ပေါက်လိုက်ကာ စကားလုံး တစ်လုံးချင်းစီ ကို ပီသစွာ ပြောလိုက်လေသည်။

"အခု... ထွက်သွားစမ်း..."

စကားပြော ပြီးနောက် ကျန်းချဲ့ က ဤလူ ကို ဆက်လက် ဂရုမစိုက်တော့ဘဲ မိမိ စီးနင်းလာသော သားရဲ ယာဉ်ပျံ ဖြင့် အရှေ့သို့ တိုက်ရိုက် ဆက်လက် ထွက်ခွာသွားလေသည်။

ဖန်ရှန်း ၏ ဘေးမှ ဖြတ်လျှောက် သွားချိန် တွင် ဖန်ရှန်း မှာမူ မြေပြင်ပေါ်သို့ ကျကျနေသော စာလုံး များကို ခေါင်းငုံ့ ကြည့်နေရလေသည်။ ဖန်ရှန်း က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး လက်ကို အားကုန် ဝှေ့ယမ်းပြ လိုက်လေသည်။

"လမ်းဖယ်ပေးလိုက်... တပ်မှူးချုပ် ကျန်း ကို ဂိတ်ထဲ ဝင်ခွင့် ပြုလိုက်..."

"ဝုန်း..."

စစ်သည် ရာပေါင်းများစွာ ဖြင့် ဖွဲ့စည်းထားသော စစ်ကြောင်း ကြီး က လျင်မြန်စွာ လမ်းဖယ် ပေးလိုက်ကြပြီး ကျန်းချဲ့ နှင့် အဖွဲ့ ထျန်းနန်ဂိတ် အတွင်းသို့ မောက်မာ ဝင့်ကြွားစွာ ဝင်ရောက် သွားသည်ကို ငေးကြည့် နေကြလေတော့သည်။

ဖန်ရှန်း က လက်ထဲတွင် စက္ကူဖြူ ကို ကိုင်ထားရင်း ရင်ထဲတွင် အလွန် ရှုပ်ထွေး နေမိလေသည်။

သူ က အချိန် အတန်ကြာအောင် ဆက်လက် တောင့်ခံထားနိုင်မည်ဟု ထင်မှတ်ထားခဲ့ပြီး ကျန်းချဲ့ သာ စတင် လက်ပါးရဲမည် ဆိုပါက ကျန်းချဲ့ အနေဖြင့် အမှား ပြုလုပ်မိသွားမည် ဟု တွေးတောထားခဲ့သော်လည်း လက်တွေ့တွင်မူ ကျန်းချဲ့ နှင့် အကြည့်ချင်း ဆုံလိုက်ရချိန် ၌ သူ့ဘက်မှ ဆန့်ကျင် လိုသည့် စိတ်ကူး လုံးဝ မဖြစ်ပေါ်လာခဲ့ချေ။

အကယ်၍ သူသာ လမ်းမဖယ်ပေးခဲ့လျှင် ကျန်းချဲ့ က အမှန်တကယ် ပင် သူ့ကို တိုက်ရိုက် သတ်ဖြတ်ပစ်မည့် အလား ကြီးမားလှသော ကြိုတင် ခံစားမှု တစ်ခု ကိုပင် ရရှိခဲ့လေသည်။

"တပ်မှူး... ကျန်းချဲ့ မြို့ထဲကို ဝင်လာပါပြီ... မြို့စားအိမ်တော် ဘက်ကို ဦးတည် လာနေပါတယ်..."

ဧည့်ခန်းမဆောင် အတွင်း၌ ကောင်းချီနန် က အထက်ဆုံး နေရာတွင် ထိုင်နေပြီး အောက်ဘက် နှစ်ဖက် စလုံးတွင် ထျန်းနန်မြို့ အတွင်းရှိ အဆင့်ဆင့်သော အရာရှိ ဗိုလ်ချုပ် များ ရပ်နေကြလေသည်။ သံချပ်ကာ ဝတ်ဆင်ထားသော အရာရှိ တစ်ယောက် က အလျင်အမြန် သတင်းပို့ လိုက်လေသည်။

"ဝင်လာလည်း ဝင်လာပေါ့..."

ကောင်းချီနန် က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်လေသည်။

"ဒါ... ဒါပေမဲ့... ဖန်ရှန်း က ကျန်းချဲ့ မြို့ထဲ ဝင်လာတဲ့ အချိန်မှာ... စကားနဲ့ တားဆီးခဲ့လို့ ပြဿနာ နည်းနည်း တက်သွားတယ်လို့ လက်အောက်ခံ ကြားထားပါတယ်..."

အောက်ဘက်ရှိ ဗိုလ်ချုပ် က ဆက်လက် သတင်းပို့ လိုက်လေသည်။

"ဟင်..."

မှီထားသော ကောင်းချီနန် ၏ ကျောပြင် က လျင်မြန်စွာ မတ်မတ် ဖြစ်သွားပြီး အောက်ဘက်ရှိ လူကို စူးစိုက် ကြည့်လိုက်လေသည်။

"ငါ အမိန့်ပေးထားတာက အရာအားလုံးကို ပုံမှန်အတိုင်း ထားဖို့လေ... ဘယ်သူက သူ့ကို အမိန့်ပေးပြီး သွားတားခိုင်းလိုက်တာလဲ..."

"ဒါ... ဖန်ရှန်း ပြောတာကတော့... သခင်ကြီး ရဲ့ အမိန့် အတိုင်း အားလုံးကို ပုံမှန်အတိုင်း ထားဖို့ ဆိုတော့... ရောက်လာတဲ့ တပ်ဖွဲ့တွေကို စစ်ဆေးဖို့က သဘာဝ ကျတယ်လို့ ဆိုပါတယ်..."

အောက်ဘက်ရှိ လူက ဆက်လက် ဖြေကြားလိုက်လေသည်။

ကောင်းချီနန် ၏ အကြည့်များ အနည်းငယ် စူးရှ သွားပြီး မြို့တွင်းရှိ လျှို့ဝှက် ရေစီးကြောင်း များကို သူ ချက်ချင်း အာရုံခံ မိလိုက်လေသည်။ သူ က အာဏာ မကျသေးပါလျက် နှင့် သူ့ကို တိုက်ရိုက် အစမ်းသပ်ခံ ခိုင်းကာ ကျန်းချဲ့ နှင့် တိုက်ပွဲ ဖြစ်လာစေရန် လှုံ့ဆော် ရဲသူ ရှိနေပြီ ပင်။

"ကျန်းချဲ့ ရောက်လာရင်... ခန်းမ ထဲကို ခေါ်လာခဲ့..."

"ဟုတ်ကဲ့ပါ..."

ကျန်းချဲ့ က လက်အောက်ငယ်သား များကို ခေါ်ဆောင်ကာ ထျန်းနန် မြို့စားအိမ်တော် သို့ တိုက်ရိုက် ဦးတည် သွားလေသည်။

လမ်းခရီး တစ်လျှောက် တွင် အကြည့်များစွာ က သူ၏ အပေါ်သို့ ကျရောက် လာရုံ သာမက နတ်အာရုံ များဖြင့် လျှို့ဝှက် စူးစမ်း ကြည့်ရှု ခြင်းများ ပင် ရှိနေလေသည်။ သို့သော် ထိုသူများ အားလုံး ရရှိလိုက်သည် မှာ ကျန်းချဲ့ ၏ တန်ပြန် တိုက်ခိုက်မှု ပင် ဖြစ်၏။ သူ့ကို နတ်အာရုံ ဖြင့် လာရောက် စမ်းသပ် သူတိုင်း ချွင်းချက်မရှိ အသေးစား နှင့် အကြီးစား ဒဏ်ရာများ အသီးသီး ရရှိသွားကြလေသည်။

ဤသည် က သူ၏ အကြောက်အလန့် မရှိ မောက်မာ ဝင့်ကြွားမှု ကို အပြည့်အဝ ပြသနေခြင်း ပင် ဖြစ်လေသည်။

စားသောက်ဆိုင် တစ်ခု ၏ အပေါ်ဆုံး ထပ်တွင် ကျန်းချဲ့ ၏ တဖြည်းဖြည်း ဝေးကွာ သွားသော ကျောပြင် ကို အကဲခတ် ရင်း ရုပ်ရည် ချောမော ခန့်ညားသော လူငယ်လေး တစ်ယောက် က လက်ထဲရှိ ယပ်တောင် ကို ခပ်ဖွဖွ ယပ်ခတ် ကာ မျက်နှာပေါ်တွင် ကစားလိုသည့် အပြုံးမျိုး ဖန်တီး လိုက်လေသည်။

"တကယ်ကို သွေးဆူလွယ်တဲ့ လူငယ်လေး ပါလား..."

"ဒီကောင်လေးက သာမန် နောက်ခံ ကနေ လာတာလို့ ကြားတယ်... အခုတော့ မနည်း ကြိုးစားပြီး ချီမိသားစု ကို မှီခိုနိုင်သွားပြီ ဆိုတော့... နည်းနည်း မောက်မာ နေတာ လည်း ပုံမှန်ပါပဲလေ... ဆင်းရဲသား ရုတ်တရက် ချမ်းသာ သွားတဲ့ ပုံစံမျိုးပေါ့…”

All Chapters