အခန်း ၂၃၆
Vol. 24 Ch. 236
အခန်း (၂၃၆) ထျန်းနန်တစ်ခွင် နာမည်ကျော်ကြားသွားခြင်း... ကြောက်မက်ဖွယ် အရှိန်အဝါ စတင်ပေါ်ထွက်လာခြင်း
ကျန်းချဲ့က ထျန်းနန်ဂိတ်၏ ကိစ္စရပ်များကို တစ်ဆင့်ချင်း စတင်လွှဲပြောင်းရယူနေချိန်တွင် သူနှင့် ကောင်းချီနန်တို့၏ တိုက်ပွဲရလဒ်က ယခုမှစ၍ ပျံ့နှံ့လာခဲ့ပြီ ဖြစ်လေသည်။
မုန်တိုင်းတစ်ခုအလား ထျန်းနန်မြို့အတွင်းမှသည် မြို့ပြင်အထိတိုင်အောင် ရိုက်ခတ်သွားခဲ့သည်။
မည်သို့ပင်ဆိုစေ ကောင်းချီနန်၏ ဂုဏ်သတင်းက သေးငယ်လှသည်မဟုတ်ပေ။
သူ၏စွမ်းအားက ထျန်းနန်ဂိတ် ပတ်လည် မိုင်ရာချီအတွင်း ထိပ်တန်းဟု မဆိုနိုင်သော်လည်း ဝါရင့်သိုင်းသခင်တစ်ပါးအဖြစ် အပြည့်အဝ သတ်မှတ်နိုင်ပေသည်။
ထို့အပြင် ထျန်းနန်ဂိတ်တွင် ဆယ်စုနှစ်နှင့်ချီ၍ ခြေကုပ်ယူထားပြီး နောက်ကွယ်တွင် ထျန်းနန် ကောင်းမိသားစုကို အားကိုးထားရာ နာမည်က အတော်လေး ကြီးမားလှသည်။
ကျန်းချဲ့က သူ၏ရာထူးကို လုယူသွားကြောင်း သိရှိသွားကြသူများက ပြဇာတ်ကောင်း တစ်ပုဒ်ကို ကြည့်ရတော့မည်ဟု အားလုံးက တွေးထင်ထားခဲ့ကြသည်။
ထိုသို့ဖြစ်လာမည်ကိုလည်း သူတို့က သဘောကျနေကြ၏။
အစိုးရအဖွဲ့အစည်းများ ရှုပ်ထွေးလေလေ သိုင်းလောကသားများ ရရှိမည့် အကျိုးအမြတ်က ပိုကြီးမားလေလေ ဖြစ်သည် မဟုတ်ပါလော။
သို့သော် ကျန်းချဲ့၏ လုပ်ရပ်များက ဤမျှလောက် ကြမ်းတမ်းလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြချေ။
မည်သည့် အစပျိုးမှု မည်သည့် နောက်ဆုတ်မှုမျှ မရှိဘဲ ရာထူးစတင်ယူသည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူကို တိုက်ရိုက် စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။
အရေးအကြီးဆုံးမှာ သူက အမှန်တကယ်ပင် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်၏။
တိုက်ပွဲတစ်ပွဲတည်းဖြင့် ဂုဏ်သတင်းကို အခိုင်အမာ တည်ဆောက်နိုင်ခဲ့ပြီး ကောင်းချီနန်ကို လုံးဝ လက်တုံ့မပြန်နိုင်အောင် ရိုက်နှက်နိုင်ခဲ့သည်။
ထို့ထက်ပို၍ စောင့်ကြည့်နေကြသော သိုင်းလောက သိုင်းသခင်များစွာ၏ ရှေ့တွင်လည်း အနည်းငယ်မျှ သည်းခံမည့်ပုံ မပြခဲ့ချေ။
"ထွက်သွားစမ်း..." ဟူသော စကားတစ်ခွန်းတည်းဖြင့် လူအများကို ကြောက်လန့်တကြား ဆုတ်ခွာသွားစေခဲ့သည်။
ဤစွမ်းအား ဤအရှိန်အဝါက ကောင်းချီနန်ထက်ပင် အဆပေါင်းများစွာ သာလွန်နေခဲ့ပြီ ဖြစ်လေသည်။
သူ၏ ကျင့်ကြံမှုစွမ်းအားကိုလည်း သိုင်းပညာရှင်များစွာက အမွှမ်းတင် ချီးကျူးနေကြသည်။
ထိုအထဲတွင် လူအများကို အာရုံအစိုက်ဆုံး ဖြစ်စေသည်မှာ ကျန်းချဲ့က အသက်နှစ်ဆယ်ကျော်အရွယ်ဖြင့် ရွှမ်တန်အဆင့်သို့ တက်လှမ်းကာ သိုင်းသခင်တစ်ပါး ဖြစ်လာခြင်း မဟုတ်ဘဲ အမှန်တကယ် ထိတ်လန့်စရာ ကောင်းသည်မှာ သူက ကောင်းကင်နှင့်မြေကြီး၏ အရှိန်အဝါ ကို အနည်းငယ် နားလည်သဘောပေါက်နေပြီ ဆိုသည့် အချက်ပင် ဖြစ်ပေသည်။
ဤသည်ကပင် လူအများအပြားကို ကျန်းချဲ့အပေါ် ကြောက်ရွံ့သွားစေသည့် အဓိကအကြောင်းရင်း ဖြစ်၏။
ရွှမ်တန်အဆင့်သို့ ယခုမှ ဝင်ရောက်လာခါစဖြင့် ကောင်းကင်နှင့်မြေကြီး၏ အရှိန်အဝါကို နားလည်သဘောပေါက်နိုင်ခြင်းမှာ သိုင်းလောက တစ်ခုလုံးတွင် မည်သူကမျှ လုပ်ဆောင်နိုင်ခြင်း မရှိချေ။
လူအများစု၏ အသိအမြင်အရ အရှိန်အဝါနယ်ပယ်ကို အနည်းငယ် နားလည်သဘောပေါက်နိုင်ရန် အနည်းဆုံး နှစ်အနည်းငယ်ကြာအောင် အချိန်ယူ ကျင့်ကြံပြီး ရွှမ်တန်အလယ်အလတ်အဆင့်ဖြစ်သော စစ်မှန်သောအမြုတေ အဆင့်သို့ ရောက်မှသာ အစအနကို စတင်ထိတွေ့နိုင်မည် ဖြစ်သည်။
ရွှမ်တန်နှောင်းပိုင်း ရွှေအမြုတေ အဆင့်သို့ တက်လှမ်းနိုင်သည့် အချိန်ရောက်မှသာ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားအချို့ကို အမှန်တကယ် ထိန်းချုပ်နိုင်မည် ဖြစ်လေသည်။
ဤသည်ကသာ ပုံမှန် ကျင့်ကြံခြင်း တိုးတက်မှု အဆင့်ဆင့် ဖြစ်ပေသည်။
ထို့ကြောင့်ပင် ရွှေအမြုတေ အဆင့်အောက်တွင် ယွဲ့ပြည်နယ် တစ်ခုလုံး၌ ကျန်းချဲ့ကို ယှဉ်ပြိုင်နိုင်သူ အလွန်နည်းပါးမည်ဟု သိုင်းသခင် အများအပြားက တွေးတောနေကြသည်။
ဤအချက်က သူ၏ ကြောက်မက်ဖွယ် အရှိန်အဝါကို ပိုမို ကြီးမားလာစေခဲ့လေသည်။
အစိုးရအဖွဲ့အတွင်း အားပြိုင်မှုများကို စောင့်ကြည့်ကာ ကြားမှ အကျိုးအမြတ် ထုတ်ယူလိုသော သိုင်းပညာရှင် အများအပြားမှာ ထိုအတွေးများကို အလျင်အမြန် ဖျောက်ဖျက်လိုက်ကြရသည်။
ကျန်းချဲ့က ယခုမှ ရာထူးအသစ် စတင်ရယူချိန် ဖြစ်ရာ ဆက်စပ်၍ ဒုက္ခမရောက်စေရန် မည်သူကမျှ ဤအချိန်တွင် သူ့ကို သွားရောက် မဆွရဲကြချေ။
...
နန်လင် မြို့တော်... နင်မင်းသား အိမ်တော်။
လက်ထဲသို့ ရောက်ရှိလာသော သတင်းများကို ကြည့်ရင်း နင်မင်းသား၏ သားတော် ဂျီချန်ချင်း၏ မျက်မှောင်များ ကျုံ့သွားကာ မျက်နှာပေါ်တွင် လေးနက်သော အရိပ်အယောင်များ ပေါ်ထွက်လာလေသည်။
ကျန်းချဲ့ မြို့ထဲသို့ ဝင်ရောက်လာပြီးနောက် ကျန်းချဲ့နှင့် ကောင်းချီနန်တို့၏ တိုက်ပွဲကို ထိုင်ကြည့်ရန် သူက မင်းသားအိမ်တော်သို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ ထွက်ခွာသွားပြီး မကြာမီမှာပင် ကျန်းချဲ့က ကောင်းချီနန်နှင့် စတင် တိုက်ခိုက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
အရေးအကြီးဆုံးမှာ ကောင်းချီနန် တစ်ယောက် အနည်းငယ်မျှပင် ပြန်လည် မခုခံနိုင်ဘဲ အပြတ်အသတ် ဖိနှိပ်ခံလိုက်ရခြင်း ပင်။
ဤသည်က သူ၏ မျှော်လင့်ချက်များကို လုံးဝ ကျော်လွန်သွားခဲ့လေပြီ။
ထျန်းနန်မြို့ ရှုပ်ထွေးနေချိန်ကို အခွင့်ကောင်းယူကာ တောင်ပိုင်းယွဲ့ ဒေသနှင့် အကျိုးအမြတ်များ ဖလှယ်ရန် သူ တွေးထားခဲ့သော်လည်း အကယ်၍ ကျန်းချဲ့ကသာ အားကောင်းလှသော အရှိန်အဝါဖြင့် ထျန်းနန်မြို့ တစ်ခုလုံးကို အုပ်စိုးသွားမည် ဆိုပါက မင်းသားအိမ်တော်၏ အစီအစဉ်များကို သေချာပေါက် ခြိမ်းခြောက်လာမည် ဖြစ်လေသည်။
"ဒီ ကောင်းချီနန် ဆိုတဲ့ကောင်... တကယ့် အသုံးမကျတဲ့ အမှိုက်ပဲ..."
ဂျီချန်ချင်းက ဒေါသတကြီးဖြင့် လက်ထဲရှိ စာကို စားပွဲပေါ်သို့ ပစ်ချလိုက်ပြီး မျက်ဝန်းများက မှိုင်းညို့နေလေသည်။
အစောပိုင်းက နင်မင်းသား အိမ်တော်ကလည်း ထျန်းနန်ဂိတ် တပ်မှူးချုပ် ရာထူးအတွက် လက်မည်းများစွာ အသုံးပြုခဲ့ဖူးသည်။
သို့သော် ကောင်းမိသားစုကို မယှဉ်နိုင်ခဲ့ချေ။ ဤသူက ရင်ဆိုင်ရ ပိုမို လွယ်ကူမည်ဟု ထင်မှတ်ထားခဲ့သဖြင့် အများကြီး ရင်းနှီးမြှုပ်နှံ မထားခဲ့ရာ အဆုံးတွင် အခြားသူတစ်ယောက်က အခွင့်အရေး ရယူသွားခဲ့ပြီး မင်းသားအိမ်တော်ကိုပါ ခြိမ်းခြောက်လာခဲ့လေပြီ။
"သခင်လေး... ဝေ့သခင်လေး ရောက်နေပါပြီ..."
စာကြည့်ခန်း အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာလေသည်။
ဂျီချန်ချင်းက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး မျက်နှာပေါ်ရှိ မှိုင်းညို့နေသော အမူအရာများကို သိမ်းဆည်းလိုက်လေသည်။
ထို့နောက် စာကို သေချာ ပြန်ရုပ်သိမ်းလိုက်ပြီး မျက်နှာပေါ်တွင် အပြုံးများ ဖန်တီးကာ တံခါးဝသို့ လျှောက်သွားလိုက်ပြီး ပြုံးလျက် ပြောလိုက်၏။
"ဆရာတူအစ်ကို... တစ်နှစ်ကျော်လောက် မတွေ့ရတဲ့ အချိန်အတွင်းမှာပဲ အများကြီး ပိုပြီး ခန့်ညားလာပါလား..."
"မပြောပါနဲ့တော့ကွာ... ဒီရက်ပိုင်း ငါ တကယ်ကို ကံဆိုးမိုးမှောင် ကျနေတာပါ..."
ဝေ့ကျွင်းကျဲ က မကောင်းသော လေများကို မှုတ်ထုတ်လိုက်ပြီး မျက်နှာထား အနည်းငယ် ပျက်ယွင်းနေကာ ဂျီချန်ချင်းနှင့်အတူ အတွင်းသို့ ဝင်ရောက်သွားလေသည်။
"ဘာဖြစ်လို့လဲ... အစ်ကိုက ဝေ့မိသားစုရဲ့ သခင်လေး ဖြစ်နေပြီကို ဘယ်သူကများ အစ်ကိုနဲ့ ပြဿနာ လာရှာရဲလို့လဲ..."
ဂျီချန်ချင်းက အနည်းငယ် အံ့ဩသွားလေသည်။
ဤ ဆရာတူအစ်ကို က ဝေ့မိသားစု ခေါင်းဆောင်၏ အလွန် အလေးထားခြင်း ခံရသူ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားပေသည်။
ပါရမီက သာမန်သာ ဖြစ်ပြီး နာမည် သိပ်မကြီးသော်လည်း သူက ဦးလေးဖြစ်သူနှင့် အတူဆုံး သားတစ်ယောက် ဖြစ်သဖြင့် ငယ်စဉ်ကတည်းက အလေးထားခြင်း ခံခဲ့ရသူ ဖြစ်၏။
ထို့ကြောင့် သူက ဤ ဆရာတူအစ်ကို နှင့် ရင်းနှီးအောင် တမင်တကာ အချိန်ယူ၍ ချဉ်းကပ်ခဲ့ခြင်း ဖြစ်လေသည်။
သူက ဆရာတူအစ်ကို ဟု ခေါ်ဆိုရခြင်းမှာ သူ၏ မိခင် နင်မင်းသားကတော် က ဝေ့မိသားစု၏ ဆွေစဉ်မျိုးဆက်မှ ဆင်းသက်လာသူ ဖြစ်ပြီး ဝေ့မိသားစု ခေါင်းဆောင်နှင့်လည်း အလွန် နီးစပ်သော ညီအစ်မ ဝမ်းကွဲ တော်စပ်သောကြောင့် ပင် ဖြစ်လေသည်။
"ဝေ့မိသားစုရဲ့ သခင်လေး ဟုတ်လား... အခု မဟုတ်တော့ပါဘူးကွာ..."
ဝေ့ကျွင်းကျဲ က ခါးသီးစွာ ခေါင်းယမ်းလိုက်ပြီး မျက်နှာထားက အနည်းငယ် ညှိုးငယ်နေလေသည်။
"ဟင်... ဘာတွေ ဖြစ်ခဲ့လို့လဲ..."
ဂျီချန်ချင်း ၏ မျက်နှာပေါ်တွင် နားမလည်နိုင်သော အရိပ်အယောင်များ ပေါ်ထွက်လာလေသည်။
ဝေ့ကျွင်းကျဲ က သက်ပြင်း တစ်ချက် ချလိုက်ပြီး အကြောင်းစုံကို ရှင်းပြလိုက်လေသည်။
ရွှမ်လင် လျှို့ဝှက်နယ်မြေ ကိစ္စ ပြီးဆုံးသွားပြီး ကတည်းက ဝေ့မိသားစု အတွင်း၌ သူ၏ သခင်လေး နေရာမှာ သံသယ ဝင်ခံလာရပြီး အကြီးအကဲ အများအပြားက ကန့်ကွက်လာခဲ့ကြလေသည်။
ထိုအရေးကြီးသော အချိန်တွင် ချီမိသားစု ဘက်မှလည်း ပြဿနာ တက်လာခဲ့ပြန်သည်။
ဝေ့ယင်းကျဲ ကြောင့် ချီမိသားစုကို လုံးဝ ဒေါသထွက်စေခဲ့ပြီး အတည်ပြုလုနီးပါး ဖြစ်နေသော စေ့စပ်ပွဲမှာလည်း ချက်ချင်း ပျက်စီးသွားခဲ့ရလေသည်။
ဤသည်က မျှော်လင့်ချက်များကို အပြီးတိုင် ရိုက်ချိုးပစ်လိုက်သော နောက်ဆုံးရိုက်ချက်ပင် ဖြစ်သွားခဲ့လေပြီ။
မည်သို့ပင်ဆိုစေ ဝေ့ကျွင်းကျဲ အနေဖြင့် ထိုစေ့စပ်ပွဲကို ဤမျှ အာရုံစိုက်ခဲ့ခြင်းမှာ ချီမိသားစုနှင့် စေ့စပ်ပြီးနောက် သခင်လေး နေရာကို အခိုင်အမာ ရယူနိုင်မည် ဖြစ်သောကြောင့် ပင်။
စေ့စပ်ပွဲ ပျက်စီးသွားပြီးနောက် ဝေ့မိသားစုရှိ အကြီးအကဲများ၏ ကန့်ကွက်မှု အောက်တွင် သူ၏ ဖခင် ကလည်း ဖိအားများကြောင့် သူ၏ သခင်လေး နေရာကို ယာယီ ရုပ်သိမ်းလိုက်ရပြီး ချီနင်ပင်း ၏ မျက်နှာသာပေးမှုကို ပြန်လည် ရယူနိုင်ရန် အတွက် သူ့ကို ထျန်းနန် သို့ စေလွှတ်လိုက်ခြင်း ပင် ဖြစ်လေသည်။
သို့မှသာ အခွင့်အရေး ပြန်ရနိုင်ကောင်း ရနိုင်ပေမည်။
"ဒီ ကျန်းချဲ့ ဆိုတဲ့ကောင် ထပ်ပြီးတော့လား..."
ဆရာတူအစ်ကို ၏ အဖြစ်အပျက်ကို ကြားပြီးနောက် ဂျီချန်ချင်း က မနေနိုင်တော့ဘဲ ပြောလိုက်လေသည်။
"ထပ်ပြီးတော့လား... ချန်ချင်း... မင်းကလည်း အဲ့ဒီ ကျန်းချဲ့ နဲ့ အငြိုး ရှိနေလို့လား..."
ဝေ့ကျွင်းကျဲ တစ်ယောက် ချက်ချင်း သံသယ ဝင်သွားလေသည်။
ကျန်းချဲ့ က ထျန်းနန်သို့ ပြောင်းရွှေ့လာသည်မှာ ယခုမှသာ ဖြစ်ကြောင်း သူ သိထားရာ ရက်အနည်းငယ်လေး အတွင်းမှာပင် သူတို့ နှစ်ဦးကြား အငြိုးဟောင်း အငြိုးသစ်များ ဖြစ်သွားခဲ့ပြီလား။
"အငြိုးဟောင်းတော့ မရှိပါဘူး... အငြိုးသစ်တော့ ရှိတယ်... ထျန်းနန်ဂိတ် လမ်းကြောင်းပေါ်မှာ မင်းသားအိမ်တော် ရဲ့ အကျိုးအမြတ်တွေ အများကြီး ရှိနေတာ... မူလကတော့ ကျန်းချဲ့ နဲ့ ကောင်းချီနန် တို့ရဲ့ ပြဿနာကနေ အမြတ်ထုတ်ဖို့ တွေးထားတာ... အခုတော့..."
ဂျီချန်ချင်း က ကျန်းချဲ့ က ကောင်းချီနန် ကို ဖိနှိပ်လိုက်သည့် အကြောင်းကို အတိုချုံး ပြောပြလိုက်လေသည်။
ထိုစကားကြောင့် ဝေ့ကျွင်းကျဲ တစ်ယောက် အလွန်တရာ အံ့ဩသွားပြီး မနေနိုင်ဘဲ မေးလိုက်လေသည်။
"ကျန်းချဲ့ က တကယ်ပဲ ကောင်းချီနန် ကို အနိုင်ယူလိုက်တာလား... အဲ့ဒီလူ က စစ်မှန်သောအမြုတေ အဆင့် ရှိတယ်လို့ ငါ မှတ်မိနေတာပါ..."
သူ က ကျန်းချဲ့၏ ကျင့်ကြံမှုကို ရှင်းလင်းစွာ မှတ်မိနေသေးသည်။
ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်းမှသာ ရွှေအမြုတေ ကို တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်ရာ မည်ကဲ့သို့ ဤမျှ မြန်ဆန်စွာ တိုးတက်လာနိုင်မည်နည်း။
ဤသည်က သူ့ကို လုံးဝ စိတ်ကူးမယဉ်နိုင်အောင် ဖြစ်စေပြီး ယုံကြည်ရန်လည်း အလွန် ခက်ခဲစေလေသည်။
ဘယ်အချိန်ကစပြီး ကျင့်ကြံဖို့က ဒီလောက် လွယ်ကူသွားရတာလဲ။
"အဲ့ဒီတိုက်ပွဲကို စောင့်ကြည့်နေတဲ့ လူတွေ အများကြီး ရှိခဲ့တာမို့ လုံးဝ အတု မဖြစ်နိုင်ဘူး..."
ဂျီချန်ချင်း က လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
"ဒါ..."
ဝေ့ကျွင်းကျဲ တစ်ယောက် တိတ်ဆိတ်သွားလေသည်။
နောင်တစ်ချိန်တွင် အခွင့်အရေး ရလာမည် ဝေ့မိသားစု၏ အရင်းအမြစ်များကို အသုံးပြု၍ ကျန်းချဲ့ကို နောက်ကျမှ လိုက်မီကာ ကျော်တက်သွားနိုင်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။
သို့သော် လက်ရှိ အခြေအနေ အရ ဆိုလျှင် သူ တိတ်တဆိတ် သစ္စာဆိုထားခဲ့သော အရာများက ဖြစ်လာရန် ခက်ခဲသွားပြီ ပင်။
ငယ်ရွယ်စဉ် ဆင်းရဲခြင်းကို မနှိမ်ပါနှင့် ဆိုသည့် စကားက လူလတ်ပိုင်း အရွယ် ဆင်းရဲခြင်းကို မနှိမ်ပါနှင့်... အသက်ကြီးလာချိန် ဆင်းရဲခြင်းကို မနှိမ်ပါနှင့် ဆိုသည့် အခြေအနေသို့ပင် ပြောင်းလဲသွားနိုင်ပေသည်။
အရေးအကြီးဆုံး အချက်မှာ ကျန်းချဲ့ ကဲ့သို့သော လူတစ်ယောက်နှင့် နှိုင်းယှဉ်ရမည် ဆိုပါက မူလကတည်းက သူ့ကို သဘောမကျဘဲ စိတ်ပျက်နေခဲ့သော ချီနင်ပင်း က သူ့ကို ပို၍ပင် အထင်သေးသွားမည် မဟုတ်ပါလော။
သူ၏ ဝေ့မိသားစု သခင်လေး နေရာကို တကယ်ပဲ ဒီအတိုင်း အဆုံးရှုံးခံလိုက်ရတော့မည်လား။
သူ လုံးဝ မကျေနပ်နိုင်ချေ။
"ဒါပေမဲ့ ဆရာတူအစ်ကို လည်း အရမ်းကြီး ဝမ်းနည်းနေစရာ မလိုပါဘူး... ရှေးလူကြီးတွေ ပြောသလို တောအုပ်ထဲမှာ အမြင့်ဆုံးသစ်ပင်က လေပြင်းဒဏ်ကို အရင်ဆုံး ခံရစမြဲပဲလေ... အဲ့ဒီ ကျန်းချဲ့ က ဒီလောက်တောင် ကြွားဝါပြီး ကောင်းချီနန် ကို ဖိနှိပ်လိုက်တာ ကောင်းမိသားစုကို ဒေါသထွက်စေရုံ တင်မကဘူး..."
"ထျန်းနန်မြို့ အနီးတစ်ဝိုက်က သိုင်းလောက အင်အားစု တွေကလည်း ရုတ်တရက် ရောက်လာတဲ့ အရှင်သခင် တစ်ယောက်ကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး... သေချာပေါက် သူ့ကို ရင်ဆိုင်ဖို့ နည်းလမ်း ရှာကြမှာပဲ... အဲ့ဒီအချိန်ကျရင် ဆရာတူအစ်ကို အတွက် အခွင့်အရေး ရလာနိုင်တာပဲလေ..."
ဂျီချန်ချင်း က ဝေ့ကျွင်းကျဲ ၏ စိတ်အခြေအနေ မကောင်းသည်ကို မြင်သောအခါ အားပေးစကား ပြောလိုက်လေသည်။
"တခြားသူတွေကို မျှော်လင့်နေမယ့်အစား... ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးလိုက်တာ ပိုကောင်းပါတယ်ကွာ..."
ဝေ့ကျွင်းကျဲ တွင်လည်း ထိုကဲ့သို့သော အတွေးမျိုး ယခင်က ရှိခဲ့ဖူးလေသည်။
ကျန်းချဲ့ တစ်ယောက် နဂါးကျား တာအိုဂိုဏ်း နှင့် လင်းမိသားစု တို့၏ လက်ထဲတွင် ရှုံးနိမ့် သေဆုံးသွားသည်ကို မြင်တွေ့ချင်ခဲ့သည်။
သို့သော် ရလဒ်ကကော။ ရလဒ်ကတော့ ကျန်းချဲ့က အရပ်လေးမျက်နှာကို လွှမ်းမိုး ဖိနှိပ်သွားခဲ့ခြင်းပင်။
အကယ်၍သာ သူက ခေါင်းငုံ့ပြီး မနေခဲ့ပါက သူလည်း လျှို့ဝှက်နယ်မြေထဲတွင် အသက်ဘေးမှ လွတ်မည်မဟုတ်ချေ။
"ဆရာတူအစ်ကို ပြောတာလည်း အဓိပ္ပာယ် ရှိပါတယ်... ဘယ်လိုလဲ... ငါတို့ အတူတူ ပူးပေါင်းပြီး ကျန်းချဲ့ ကို ရင်ဆိုင်ကြမလား..."
ဂျီချန်ချင်း က မျက်လုံးများကို မှေးကျဉ်းကာ အကြံပြုလိုက်လေသည်။
ဝေ့မိသားစု၏ ယွဲ့ပြည်နယ် အတွင်းရှိ အင်အားက မသေးလှချေ။ ထျန်းနန်ဂိတ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင်လည်း အကျိုးအမြတ် အများအပြား ရရှိနေကြသည်။
သူ က ဝေ့မိသားစုကို နင်မင်းသားအိမ်တော် ၏ အင်အားစု အတွင်းသို့ အပြည့်အဝ ဆွဲသွင်းကာ အကြံအစည်ကြီး များကို အကောင်အထည် ဖော်လိုနေလေသည်။
ယခင်က သူ၏ ဖခင် ကိုယ်တိုင် ပြောခဲ့ဖူးသည့် ဝေ့မိသားစု၏ သမီးအရင်းကို လက်ထပ်ခဲ့ရခြင်းမှာ နောင်တစ်ချိန်တွင် ဝေ့မိသားစု၏ အင်အားကို အကူအညီ ရယူနိုင်ရန် အတွက် ပင် ဖြစ်လေသည်။
သူက သခင်လေး တစ်ယောက် ဖြစ်သည့်အားလျော်စွာ သူ၏ ဖခင်ကဲ့သို့ တစ်သက်လုံး တော်ဝင်မိသားစု၏ ဖိနှိပ်မှုကို ကြောက်ရွံ့ပြီး သိမ်ငယ်စွာ ဟန်ဆောင် မနေချင်တော့ချေ။
ထို့ကြောင့်ပင် သူက ဤအရာများ အားလုံးကို လျှို့ဝှက် ကြံစည်နေခဲ့ခြင်း ဖြစ်၏။
"ကျန်းချဲ့ ဆိုတာ လွယ်လွယ်နဲ့ ရင်ဆိုင်လို့ ရတဲ့လူ မဟုတ်ဘူးနော်..."
ဝေ့ကျွင်းကျဲ ၏ မျက်နှာပေါ်တွင် တွေဝေမှုများ ပေါ်ထွက်လာလေသည်။
သူက ကျန်းချဲ့ကို အမြင်မကြည်သည်မှာ ကြာပြီ ဖြစ်သော်လည်း မည်သို့ပင်ဖြစ်စေ ထိုလူ့အပေါ် အလွန်တရာ ကြောက်ရွံ့နေမိပြီး အကယ်၍ ရင်ဆိုင်လိုက်ပါက အကြီးအကျယ် နစ်နာသွားမည်ကို အလိုအလျောက် ခံစားနေရလေသည်။
"ကျန်းချဲ့ က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူ တစ်ယောက်တည်းပါပဲ... မြောက်လင် ချီမိသားစု ရဲ့ ကျောထောက်နောက်ခံ ရှိနေတယ် ဆိုရင်တောင်မှ သူက တစ်ယောက်တည်းပဲလေ... ပြီးတော့ ဒီနေရာက ယွင်ပြည်နယ် နဲ့ မိုင်ပေါင်း သောင်းချီ ကွာဝေးတာ... အကူအညီ အများကြီး ရနိုင်မှာ မဟုတ်ဘူး... အင်အားစု အများကြီး ပူးပေါင်းလိုက်မယ် ဆိုရင် သူ့ကို ဖိနှိပ်ဖို့ ဆိုတာ လွယ်လွယ်လေးပါ... ဆရာတူအစ်ကို လည်း ကျန်းချဲ့ ကို ဒေသတစ်ခုလုံး အုပ်စိုးသွားတာမျိုး မဖြစ်စေချင်ဘူး မဟုတ်လား... ဘာပဲဖြစ်ဖြစ် အစ်ကိုက ဝေ့မိသားစုရဲ့ သခင်လေးလေ..."
"ကျွင်းကျဲ ဘယ်မှာလဲ..."
ဂျီချန်ချင်း တစ်ယောက် ဝေ့ကျွင်းကျဲ ကို အဆက်မပြတ် ဖျောင်းဖျနေစဉ် မှာပင် အပြင်ဘက်မှ နူးညံ့သိမ်မွေ့သော အမျိုးသမီး တစ်ဦး၏ အသံ ရုတ်တရက် ထွက်ပေါ်လာရာ ချက်ချင်းပင် စကားရပ်သွားလေသည်။
"မင်းသားကတော် ကို အရိုအသေ ပေးပါတယ်..."
"မင်းသားကတော် ကို အရိုအသေ ပေးပါတယ်..."
တံခါးဝရှိ အစောင့် အချို့က အလျင်အမြန် အရိုအသေ ပေးလိုက်ကြပြီး လာသူမှာ မည်သူဖြစ်ကြောင်းကို အသိပေးလိုက်လေသည်။
"အဒေါ်... ကျွန်တော် ဒီမှာပါ..."
ဝေ့ကျွင်းကျဲ က အလျင်အမြန် မတ်တတ်ရပ်ကာ သွားကြိုလိုက်လေသည်။
စာကြည့်ခန်း အပြင်ဘက်မှ မွှေးပျံ့သော လေပြေ တစ်ချက် တိုက်ခတ်သွားပြီးနောက် အရပ်ရှည်ရှည်နှင့် ပြည့်ဖြိုးသော ခန္ဓာကိုယ် ရှိသည့် ပုံရိပ်တစ်ခုက စာကြည့်ခန်း အတွင်းသို့ လှမ်းဝင်လာလေသည်။
ကြယ်ရောင်များအလား တောက်ပနေသော မျက်ဝန်းများက စာကြည့်ခန်း အတွင်း ဝေ့ဝဲ ကြည့်ရှုလိုက်ပြီး ဝေ့ကျွင်းကျဲ ၏ အပေါ်တွင် ရပ်တန့်သွားကာ မျက်နှာပေါ်တွင် အပြုံးများ ပေါ်လာပြီး တိုးညှင်းစွာ ပြောလိုက်၏။
"ကျွင်းကျဲ... မင်း မင်းသားအိမ်တော် ကို မလာတာ အတော်လေး ကြာနေပြီပဲ..."
"အဒေါ် ခွင့်လွှတ်ပါ... တူတော်မောင် က အရင်က တခြား ကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ပါ..."
ဝေ့ကျွင်းကျဲ က အလျင်အမြန် ရှင်းပြလိုက်လေသည်။
"မင်းကတော့လေ... လိမ်ပြောပြီဆိုရင် ဒီပုံစံချည်းပဲ..."
နင်မင်းသားကတော် က ဝေ့ကျွင်းကျဲ ၏ စိတ်ကူးလေးများကို တစ်ချက်တည်းဖြင့် ဖောက်ထွင်းမြင်နေလေသည်။
"သားတော် မယ်တော် ကို အရိုအသေ ပေးပါတယ်..."
ဂျီချန်ချင်း ကလည်း အလျင်အမြန်ပင် အလွန် ရိုသေစွာဖြင့် အရိုအသေ ပေးလိုက်လေသည်။
"မင်းနဲ့ ကျွင်းကျဲ ဘာတွေ ပြောနေကြတာလဲ..."
"မယ်တော်... ဆရာတူအစ်ကို ရဲ့ သခင်လေး နေရာကို ဦးလေး က ရုပ်သိမ်းလိုက်လို့ပါ..."
နင်မင်းသားကတော် ၏ မျက်မှောင်များ အနည်းငယ် ကျုံ့သွားလေသည်။
"ဘာဖြစ်လို့လဲ ကျွင်းကျဲ... မင်း အမှား တစ်ခုခု လုပ်ခဲ့လို့လား..."
"အဒေါ်... အဲ့ဒါက ဒီလိုပါ..."
ဝေ့ကျွင်းကျဲ က အမြဲတမ်း အစွမ်းထက်သော ဤအဒေါ်ကို ရင်ဆိုင်ရချိန်တွင် အနည်းငယ် ကြောက်ရွံ့နေဆဲ ဖြစ်ရာ အကြောင်းစုံကို အလျင်အမြန် ရှင်းပြလိုက်လေသည်။
"ဒီလိုဆိုရင်... အဲ့ဒီ ချီမိသားစု က ကောင်မလေး စေ့စပ်ဖို့ လက်ခံမှပဲ မင်းရဲ့ သခင်လေး နေရာကို ပြန်ရနိုင်မယ့် မျှော်လင့်ချက် ရှိတော့မှာပေါ့..."
"ဟုတ်ပါတယ်..."
ဝေ့ကျွင်းကျဲ က နှာခေါင်းကို ပွတ်သပ်လိုက်ပြီး အနည်းငယ် အနေရခက် နေလေသည်။
"ဒီကိစ္စမှာ မင်း အရင် ဝင်မပါနဲ့ဦး... အဒေါ် ထျန်းနန်မြို့ကို တစ်ခေါက် သွားပြီး အဲ့ဒီ ကောင်မလေးနဲ့ တွေ့ပြီး စမ်းသပ်ကြည့်လိုက်မယ်..."
နင်မင်းသားကတော် ၏ လှပသော မျက်ဝန်းများက အရောင်လက်သွားပြီး ဤတူတော်မောင် ကို ကူညီရန် ဆုံးဖြတ်လိုက်လေသည်။
"မယ်တော်... ထျန်းနန် က အရမ်း အန္တရာယ် များလွန်းတယ်... မယ်တော် မင်းသားအိမ်တော် မှာပဲ နေပါလား..."
ဂျီချန်ချင်း က အလျင်အမြန် ဝင်ပြောလိုက်လေသည်။
"ဘာအန္တရာယ် များစရာ ရှိလို့လဲ... အဲ့ဒီ ကျန်းချဲ့ က ဘယ်လောက်ပဲ မောက်မာနေပါစေ ငါ့ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံရဲမှာ မဟုတ်ပါဘူး... နင်မင်းသားအိမ်တော် က ဘယ်လောက်ပဲ ကျဆင်းနေပါစေ တော်ဝင်မိသားစု ရဲ့ မျိုးဆက် တစ်ခုပဲလေ... ဘာအမှားမှ အမိခံမထားရသရွေ့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး... ဒါ့အပြင် ယွမ်ဟယ်တောင် ဘက်ကိုလည်း အဒေါ် တစ်ခေါက် သွားရဦးမယ်... မင်းသား က အကျယ်ချုပ် ခံထားရတော့ အပြင်ထွက်ဖို့ အဆင်မပြေဘူးလေ... ဒီကိစ္စတွေ အားလုံးကို အဒေါ် ကျင့်သားရနေပါပြီ..."
နင်မင်းသားကတော် က လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
သူမက အားနည်းသော အမျိုးသမီး တစ်ဦး မဟုတ်ချေ။ ယခင် ဝေ့မိသားစု၏ သမီးအရင်း တစ်ယောက်၊ လက်ရှိ နင်မင်းသားကတော် အနေဖြင့် နင်မင်းသား ၏ အကြံအစည် အများအပြားတွင် သူမ ပါဝင် ပတ်သက်နေပြီး ဝေ့မိသားစုကို နင်မင်းသားအိမ်တော် ၏ ကြီးကျယ်သော အကြံအစည်များတွင် အပြည့်အဝ ထောက်ခံလာစေရန် ဆန္ဒရှိနေသူ ဖြစ်လေသည်။
ထို့ကြောင့်ပင် ဝေ့ကျွင်းကျဲ အပေါ် ဤမျှ ရင်းနှီးစွာ ဆက်ဆံနေခြင်း ဖြစ်၏။
"ဒါ... ဒါဆိုလည်း ကောင်းပါပြီလေ..."
ဂျီချန်ချင်း က မယ်တော် ဖြစ်သူကို မလွန်ဆန်နိုင်သဖြင့် ခေါင်းညိတ် လိုက်ရလေသည်။
...
"ဘာလို့ ပစ္စည်းတွေ ဒီလောက် အများကြီး ရှိနေရတာလဲ... ဘယ်သူတွေက ပေးသွားတာလဲ..."
မြို့စားအိမ်တော် ခန်းမဆောင် အတွင်းသို့ ဝင်လာသော ချီနင်ပင်း က ဘေးတွင် စုပုံနေသော လက်ဆောင်ပစ္စည်း အများအပြားကို ကြည့်ကာ ကျန်းချဲ့ကို စပ်စုစွာဖြင့် လှမ်းကြည့်လိုက်လေသည်။
အထက်ဆုံး နေရာတွင် ထိုင်နေသော ကျန်းချဲ့ က ခေါင်းယမ်းလိုက်လေသည်။
"ဘယ်သူတွေက ပေးသွားတာလဲ ဆိုတာကိုတော့ သေချာ မမှတ်မိတော့ဘူး... ဒါပေမဲ့ ဘယ်သူတွေ မပေးသွားဘူးလဲ ဆိုတာကိုတော့ သေချာ မှတ်မိနေတယ်..."
တာဝန် စတင်ထမ်းဆောင်သည့် နေ့မှစ၍ ရေတွက်မည် ဆိုပါက သုံးရက် အချိန် ကုန်လွန်သွားခဲ့လေပြီ။
ကောင်းချီနန် ကို အနိုင်ယူပြီးနောက် သူ၏ ဂုဏ်သတင်းကို အခိုင်အမာ တည်ဆောက်နိုင်ခဲ့ပြီး ထျန်းနန်မြို့ အတွင်းရှိ အင်အားစု အသီးသီးထံမှ လက်ဆောင်များ ဆက်တိုက် ရောက်ရှိလာခဲ့လေသည်။
ရက်အနည်းငယ် အတွင်းမှာပင် တံခါးဝတွင် ဈေးတစ်ခုလို စည်ကားနေပြီး သူ့ကို ကြီးကျယ်သော ဓနဥစ္စာများ ရရှိစေခဲ့လေသည်။
နှမြောစရာ ကောင်းသည်မှာ ဤမျှ များပြားသော ရတနာများ ထဲတွင် အမှန်တကယ် တန်ဖိုးရှိသော အရာများ သိပ်မပါဝင်ဘဲ သူ လိုအပ်နေသော ယဇ်ပူဇော်စရာ ပစ္စည်းများ လည်း မရှိခဲ့ချေ။
ထို့ကြောင့် သူက ရွှေဝိညာဉ် ကြာပန်း နှင့် နဂါးနှလုံးသား အရွက်ကိုးရွက် မှို တို့ကို တန်ဖိုးကြီးပေး၍ ဝယ်ယူမည် ဖြစ်ကြောင်း သတင်းများကို လျှို့ဝှက်စွာ ဖြန့်ဝေ ထားရလေသည်။
"ရှင်က အရာရှိ လုပ်ရတာကို တဖြည်းဖြည်း ပိုပြီး ကျွမ်းကျင်လာပါလား..."
ချီနင်ပင်း က ကျန်းချဲ့ ကို မျက်စောင်းထိုး ကာ ဒေါသတကြီး ပြောလိုက်လေသည်။
"မတတ်နိုင်ဘူးလေ... သိုင်းလောက ရဲ့ အကျင့်စရိုက်တွေက အရမ်း ဆိုးရွားလွန်းတော့ ငါလည်း ရေစုန်မျောပြီး... ပြတင်းပေါက်ကို ဖွင့်ထားကာ အဲ့ဒီ မကောင်းတဲ့ အကျင့်စရိုက်တွေကို စိတ်ကြိုက် ဝင်လာခွင့် ပြုရတာပေါ့..."
ကျန်းချဲ့ က ပေါ့ပေါ့ပါးပါး ပြုံးလျက် ပြောလိုက်လေသည်။
"ဒါနဲ့ ကောင်းချီနန် က ထျန်းနန်မြို့ကနေ ထွက်သွားပြီလို့ ကြားတယ်..."
"အင်း... သူ့ရဲ့ ဒဏ်ရာ က သိပ်မသေးဘူးလေ... အနားယူဖို့ ခွင့်လာတောင်းတော့ ငါလည်း ခွင့်ပြုလိုက်တာ..."
ကျန်းချဲ့ က ခေါင်းညိတ်လိုက်ပြီး ကောင်းချီနန် ထိုလူ က အခြေအနေ ကို ကောင်းစွာ နားလည်ပြီး သူ၏ ရှေ့တွင် မျက်စိနောက်ခံ မနေတော့ကြောင်း တွေးတောလိုက်လေသည်။
သေချာသည်မှာ ထိုလူ က သူ့ကို ရင်ဆိုင်ရန် ပြင်ဆင်နေခြင်း လည်း ဖြစ်နိုင်ပေသည်။
သို့သော် ဤကိစ္စနှင့် ပတ်သက်၍ ကျန်းချဲ့ က အရမ်းကြီး ဂရုမစိုက်ချေ။
သူ က လုပ်ရဲပြီ ဆိုမှတော့ ကောင်းမိသားစု ၏ လက်စားချေမှု ကို ရင်ဆိုင်ရန် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်လေသည်။ ထိုအချိန် အတောအတွင်း မြို့တွင်းရှိ အရာရှိ များကို သွေးခွဲ သိမ်းသွင်းကာ ထျန်းနန်ဂိတ် ၏ လက်နက်ကိုင် တပ်ဖွဲ့ များကို ထိန်းချုပ်ရန် ကြိုးပမ်း နေခဲ့လေသည်။
"ဒါဆိုရင် ရှင် သတိထားမှ ရမယ်... အဲ့ဒီလူက ဒေါသတွေ မျိုသိပ်ပြီး ပြဿနာ လာရှာနိုင်တယ်... ပြီးတော့ ဒီရက်ပိုင်း မြို့ထဲမှာ ရှင့်အကြောင်းကို ဆွေးနွေးနေကြပြီး ရှင်က အရမ်း အာဏာရှင် ဆန်လွန်းတယ် လို့ ပြောနေကြတာ ကြားတယ်... အနီးအနားက သိုင်းလောက အင်အားစုတွေက ရှင့်ကို ပြဿနာ လာရှာလိမ့်မယ် ထင်တယ်..."
ချီနင်ပင်း က လေးနက်သော အသံဖြင့် သတိပေးလိုက်လေသည်။
သူမ က ချီမိသားစု ၏ ထျန်းနန် တွင် ရှိသော အင်အားစု အချို့ ကို လွှဲပြောင်း ရယူထားပြီး ဖြစ်ရာ သတင်းများ အလွန် လျင်မြန်ပေသည်။
"ငါကတော့ သူတို့ ပြဿနာ လာရှာတာကို ပိုတောင် မျှော်လင့်နေသေးတယ်... အဲ့ဒါဆိုရင် တစ်ခါတည်းနဲ့ ပြီးပြတ်သွားအောင် အကုန်လုံးကို ရှင်းလင်းပစ်လိုက်လို့ ရတာပေါ့..."
"ရန်သူကို အထင်မသေးနဲ့... ထျန်းနန်မြို့ ပတ်လည် မိုင်တစ်ရာ အတွင်းမှာ ရှိတဲ့ သိုင်းလောက အင်အားစု တိုင်းလိုလို က အခြေခံ နောက်ခံတွေ ရှိကြပြီး... သူတို့ နောက်ကွယ်မှာ အင်အားစုကြီး တွေရဲ့ ထောက်ပံ့မှု တွေ ရှိနေတယ်..."
ချီနင်ပင်း ၏ မျက်နှာထား က အလွန် လေးနက် နေလေသည်။
"ငါ့ နောက်ကွယ်မှာလည်း တော်ဝင်အစိုးရကြီး ရှိနေသေးတယ်လေ..."
"ဒါလည်း ဟုတ်တာပါပဲ... သူတို့ ကလည်း တော်ဝင်အစိုးရ ကို ပေါ်တင် ဆန့်ကျင်ဖို့ လုံးဝ ရဲမှာ မဟုတ်ပါဘူးလေ…”