← Chapters

အခန်း ၂၄၀

Vol. 24 Ch. 240

အခန်း ၂၄၀

Vol. 24 Ch. 240

အခန်း (၂၄၀) လဲ့ထင်အား ဖိနှိပ်ချေမှုန်းခြင်း... ပါးစပ်ဟလိုက်သည်နှင့် ကောင်းကင်စည်းမျဉ်းဖြစ်တည်လာခြင်း

"ဝုန်း..."

နဂါးပုံသဏ္ဌာန် ချီစွမ်းအင်က မိုးကြိုးဘောလုံးကြီးအား ဝါးမျိုလိုက်သည့် တဒင်္ဂမှာပင် ပြင်းထန်ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုက ရုတ်ချည်း ထွက်ပေါ်လာလေသည်။

ရူးသွပ်ကြမ်းတမ်းလှသော စွမ်းအားလှိုင်းဂယက်များက ပေတစ်ရာပတ်လည်အတွင်းရှိ လေထုကိုပင် ဖယ်ရှားပစ်ကာ လေဟာနယ်အဖြစ်သို့ ပြောင်းလဲသွားစေတော့သည်။

တောက်ပစူးရှသော အလင်းရောင်များက ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံသွားရာ အောက်ဘက်မှ စောင့်ကြည့်နေကြသော လူအများမှာ အလွန်တရာ အံ့ဩထိတ်လန့်သွားကြလေသည်။

လဲ့ထင်က မိမိ၏ တိုက်ခိုက်မှု ဖျက်ဆီးခံလိုက်ရသော်လည်း အနည်းငယ်မျှ ထိတ်လန့်သွားခြင်းမရှိပေ။

ဆန့်ကျင်ဘက်အနေဖြင့် ကျန်းချဲ့ကို အရည်အချင်းပြည့်မီသည်ဟု ယူဆကာ မာနတထောင်ဖြင့် အော်ဟစ်လိုက်သည်။

"ကောင်းတယ်... ဒီလို တိုက်ခိုက်မှုမျိုးမှ ငါ့ရဲ့ပြိုင်ဘက်ဖြစ်ဖို့ အရည်အချင်းပြည့်မီတာပေါ့ကွာ..."

ထို့နောက် သူက ညာဘက်လက်ဖဝါးကို ဖြန့်လိုက်ရာ အင်္ကျီလက်စွပ်အတွင်းမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ငွေရောင်တောက်ပနေသော လှံရှည်ကြီးတစ်လက်အဖြစ် ပြောင်းလဲသွားလေသည်။

သူက လှံကို ကောင်းကင်သို့ မော့၍ ထိုးစိုက်လိုက်သည်နှင့် တိမ်မည်းများအတွင်းမှ ဝုန်းဒိုင်းကြဲ မြည်ဟည်းသံများ ထွက်ပေါ်လာပြီး မိုးကြိုးလျှပ်စီးတစ်ကြောင်းက လှံရိုးပေါ်သို့ စုဆောင်းကျဆင်းလာလေသည်။

တစ်ချိန်တည်းမှာပင် သူ့တစ်ကိုယ်လုံး၌လည်း မိုးကြိုးလျှပ်စီးများ အဆက်မပြတ် တောက်ပလာလေသည်။

သူက ကျန်းချဲ့ကို စူးစိုက်ကြည့်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာကာ နောက်တစ်ခဏ၌ လျှပ်စီးရွှေ့ပြောင်းခြင်းပညာကို သုံးလိုက်သကဲ့သို့ ကျန်းချဲ့ရှိရာသို့ ရုတ်ခြည်း ပြေးဝင်ထိုးစိုက်လိုက်တော့သည်။

"ဝုန်း..."

မိုးခြိမ်းသံများက ကောင်းကင်နှင့်မြေကြီးအနှံ့ ပဲ့တင်ထပ်သွားပြီး အလင်းရောင်များက စူးရှတောက်ပလာလေသည်။

ဤအခိုက်အတန့်တွင် လဲ့ထင်မှာ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးလျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပြင်းထန်စွာ ပေါက်ကွဲထွက်လာလေသည်။

လဲ့ထင်၏ ရုတ်တရက် တိုက်ခိုက်မှုအောက်တွင် ကျန်းချဲ့၏ မျက်ဝန်းများ အနည်းငယ် စူးရှသွားလေသည်။

သူက ဝမ်ကျဲ့ မိစ္ဆာဓားကို ဆွဲထုတ်လိုက်ပြီး ပေရာချီပတ်လည်အတွင်းရှိ ကောင်းကင်နှင့်မြေကြီး၏ မူလစွမ်းအင်များကို စုပ်ယူလိုက်ကာ သူကိုယ်တိုင်လည်း ချက်ချင်း လှုပ်ရှားလိုက်တော့သည်။

အလင်းတန်းတစ်ခုအလား ပြောင်းလဲသွားပြီး တစ်ဖက်လူဆီသို့ ပြေးဝင်တိုက်ခိုက်လိုက်လေသည်။

ဤလူနှင့် ရင်ဆိုင်ရာတွင် ကျန်းချဲ့က အနည်းငယ်မျှ အထင်သေးခြင်းမရှိဘဲ စတင်လှုပ်ရှားသည်နှင့် သူ၏ အစွမ်းကုန်ကို ထုတ်သုံးလိုက်လေသည်။

တောက်ပသော အလင်းတန်းနှစ်ခုက ကောင်းကင်နှင့်မြေကြီးကြားတွင် အဆက်မပြတ် ရင်ဆိုင်တိုက်မိနေကြသည်။

၎င်းနှင့်အတူ နဂါးဟိန်းသံများနှင့် မိုးခြိမ်းသံများလည်း ဆက်တိုက် ပေါက်ကွဲထွက်ပေါ်နေလေသည်။

တိုက်ပွဲ၏ အတိုင်းအတာမှာ ပေတစ်သောင်းခန့်အထိ ကျယ်ပြန့်နေပြီး လေဟာနယ်ထဲမှနေ၍ မြေပြင်ပေါ်အထိ အသေအကျေ တိုက်ခိုက်နေကြလေသည်။

ထို့နောက် မြေပြင်မှနေ၍ လေဟာနယ်ဆီသို့ ပြန်တက်သွားပြန်သည်။

အချိန်တိုလေးအတွင်းမှာပင် သူတို့နှစ်ဦးမှာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီးဖြစ်လေသည်။

ခန္ဓာကိုယ်ချင်း ရင်ဆိုင်တိုက်မိမှုများ... တလက်လက်တောက်ပနေသော ဓားအလင်းတန်းများ... နတ်စွမ်းရည်များနှင့် သိုင်းစိတ်ဆန္ဒများက တစ်စထက်တစ်စ ပိုမို ကြမ်းတမ်းလာလေသည်။

ထိတ်လန့်ဖွယ်ကောင်းသော တိုက်ပွဲ၏ အကြွင်းအကျန် စွမ်းအားလှိုင်းများကပင် ပတ်ဝန်းကျင်တစ်ခုလုံးကို ဖရိုဖရဲဖြစ်သွားစေတော့သည်။

လဲ့ထင်မှာလည်း နဂါးကျားတာအိုဂိုဏ်း၏ တပည့်ရင်းပီပီ နတ်စွမ်းရည်မျိုးစုံကို လွယ်ကူစွာ အသုံးပြုနိုင်စွမ်းရှိပေသည်။

အရေးအကြီးဆုံးမှာ တစ်ဖက်လူ၏ ရုပ်ခန္ဓာကြံ့ခိုင်မှုက ကျန်းချဲ့ထက်ပင် ပို၍ ထိတ်လန့်စရာကောင်းနေခြင်းဖြစ်ရာ အကြိမ်အနည်းငယ် ရင်ဆိုင်အပြီးတွင် ကျန်းချဲ့မှာ အသာစီးမရဘဲ ဖိနှိပ်ခံလိုက်ရလေသည်။

သို့သော်လည်း ဤအခြေအနေအတွက် ကျန်းချဲ့က အနည်းငယ်မျှ ဒေါသထွက်ခြင်းမရှိပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူက စိတ်ကို လုံးဝ လွတ်လပ်ပေါ့ပါးစွာထားလိုက်ပြီး ဤတိုက်ပွဲ၏ ရသကို အပြည့်အဝ ခံစားနေလေသည်။

ဟုတ်ပေသည်။ ကျန်းချဲ့၏ ဤတိုက်ပွဲအပေါ် အမြင်မှာ မိမိကိုယ်ကို ဓားသွေးကျောက်အဖြစ် အသုံးပြုရန်ပင် ဖြစ်သည်။

သူ၏ ကျင့်ကြံမှု တိုးတက်လာသည့်နှုန်းက အလွန်မြန်ဆန်လွန်းလှသည်။

သိုင်းလမ်းစဉ်သို့ ခြေချချိန်မှစ၍ ယနေ့အထိ တစ်နှစ်ပင် မပြည့်သေးသော်လည်း သူ၏ ကျင့်ကြံမှုမှာ အတွင်းအားအဆင့်မှနေ၍ ရွှမ်တန်အဆင့်အထိ ကြမ်းတမ်းစွာ ထိုးဖောက်တက်လှမ်းလာခဲ့သည် မဟုတ်ပါလော။

ဤမျှ မြန်ဆန်သော တိုးတက်မှုအတွင်း၌ နတ်စွမ်းရည်များနှင့် တိုက်ခိုက်ရေးပညာရပ်များ အသုံးပြုရာတွင် အားနည်းချက်အချို့ ရှိနေဆဲပင်။

ယဇ်ပူဇော်၍ ရရှိလာသော ကျင့်ကြံမှုများမှာ နှစ်ပေါင်းများစွာသော သက်တမ်းကို စတေး၍ ရယူထားခြင်းဖြစ်ရာ အခြေခံမခိုင်မာခြင်းမျိုး မရှိသော်လည်း ရုတ်တရက် တိုးတက်လာသော စွမ်းအားများကို လက်တွေ့တိုက်ပွဲများဖြင့် သွေးပေးရန် လိုအပ်လှပေသည်။

ထို့ကြောင့် တိုက်ပွဲဝင်ခြင်း... အထူးသဖြင့် ဖိအားများသည့် တိုက်ပွဲမျိုးက အထိရောက်ဆုံးသော နည်းလမ်းပင် ဖြစ်လေသည်။

ထိုအကြောင်းကြောင့် ယခုအချိန်တွင် သူက ဖိနှိပ်ခံနေရသော်လည်း ကဏ္ဍစုံမှ စွမ်းအားများမှာ တည်ငြိမ်စွာဖြင့် တိုးတက်လာပြီး တစ်စထက်တစ်စ ပိုမို ပေါင်းစပ်မိလာကာ သူ၏ ကိုယ်ပိုင် တိုက်ခိုက်ရေးစွမ်းရည်များကပင် ဖြည်းညင်းစွာ မြင့်တက်လာလေသည်။

သို့သော် အခြားသူများအမြင်တွင်မူ ကျန်းချဲ့မှာ ဖိနှိပ်ခံနေရပြီး လဲ့ထင်အား ယှဉ်ပြိုင်နိုင်စွမ်းမရှိဟု ထင်မှတ်နေကြလေသည်။

ကျင့်ကြံမှုနိမ့်ကျသော သိုင်းပညာရှင်တစ်ယောက်က မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

"ဒီလူနှစ်ယောက်ရဲ့ စွမ်းအားက တကယ်ကို ကြီးမားလွန်းတယ်... သူတို့ရဲ့ လှုပ်ရှားမှုအမြန်နှုန်းကိုတောင် ငါ လုံးဝ မမြင်ရတော့ဘူး... အခု သူတို့နှစ်ယောက်ထဲက ဘယ်သူက အသာစီးရနေလဲဆိုတာကို ပြောပြပေးနိုင်မယ့် စီနီယာတွေများ ရှိကြလား..."

ဤနေရာတွင် ရှိနေသူအများစု၏ ကျင့်ကြံမှုစွမ်းအားမှာ အလွန်နိမ့်ကျလှသည်။

မူလက တိုက်ပွဲကို ကြည့်ရှုခြင်းဖြင့် မိမိတို့၏ အသိပညာ ဗဟုသုတများ တိုးတက်လာမည်ဟု တွေးထင်ထားခဲ့ကြသော်လည်း ကျန်းချဲ့နှင့် လဲ့ထင်တို့ အမှန်တကယ် တိုက်ခိုက်ကြသောအခါ သူတို့အားလုံး ဆွံ့အသွားကြလေသည်။

အကြောင်းမှာ လုံးဝ မမြင်ရသောကြောင့်ပင်တည်း။

အလင်းတန်းနှစ်ခု တလက်လက် တောက်ပသွားပြီး အလျင်အမြန် ခွဲထွက်သွားသည်ကိုသာ မြင်တွေ့ကြရသည်။

သို့မဟုတ်ပါကလည်း အတူတကွ တိုက်ခိုက်နေကြပြီး သူတို့ကိုယ်ပေါ်တွင် အကာအကွယ် ချီစွမ်းအင်များ ဖုံးလွှမ်းနေသောကြောင့် သဲသဲကွဲကွဲ မြင်တွေ့နိုင်ရန် အလွန် ခဲယဉ်းလှပေသည်။

"ဟုတ်ပါရဲ့... ကျုပ်လည်း လုံးဝ မမြင်ရဘူးဗျာ..."

"အဟမ်း... မိတ်ဆွေတို့ မလောကြပါနဲ့... ကျုပ်ကတော့ နည်းနည်းပါးပါး သဲသဲကွဲကွဲ မြင်ရသေးတယ်... ကျုပ်အမြင်ကို ပြောရရင် သူတို့နှစ်ယောက်ရဲ့ စွမ်းအားက အကြိတ်အနယ်ပါပဲ... သရေပွဲနဲ့ပဲ အဆုံးသတ်သွားလောက်တယ်..."

"ဟွန့်... ဂျူနီယာလေး ဒီနေရာမှာ လာပြီး လျှောက်ပြောမနေနဲ့... သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲမှာ လဲ့ထင်က အသာစီးရနေတာ အထင်အရှားပဲ... ကျန်းချဲ့ကို ဖိနှိပ်ပြီး တိုက်ခိုက်နေတာကွ... မကြာခင်မှာပဲ သူတို့နှစ်ယောက်ရဲ့ အနိုင်အရှုံးက ပေါ်လာတော့မှာ..."

"တကယ်လား..."

"ဟားဟားဟား... သိပ်ကောင်းတာပေါ့... ကျုပ်က လဲ့ထင်နိုင်မယ်ဆိုပြီး ရှိသမျှ ပိုင်ဆိုင်မှုအကုန် ပုံအောပြီး လောင်းထားတာ... အလျော်အစားနှုန်း နည်းပေမဲ့ ယွမ်ချီကျောက်တုံး အတုံးဆယ်ဂဏန်းလောက်တော့ မြတ်မှာပဲ... နောက်ပိုင်း ကျင့်ကြံဖို့အတွက် အလုံအလောက်ပဲကွ..."

လူအချို့ကလည်း ဝမ်းသာအားရ ထောက်ခံလိုက်ကြလေသည်။

"ဟုတ်တာပေါ့... ဟုတ်တာပေါ့..."

သို့သော်လည်း ဝမ်းသာသူရှိလျှင် ဝမ်းနည်းသူလည်း ရှိစမြဲပင်။

သိုင်းလောကတွင် အနည်းငယ်ရင်းနှီး၍ အများကြီး အမြတ်ထုတ်လိုသူများလည်း မရှားပါချေ။

ကျန်းချဲ့ နိုင်မည်ဟု ပြောင်းပြန် လောင်းကြေးထပ်ထားသော သိုင်းပညာရှင် အချို့လည်း ရှိလေသည်။

မည်သို့ပင်ဖြစ်စေ အလျော်အစားနှုန်းက အလွန် မြင့်မားလွန်းလှရာ အန္တရာယ်ခံ၍ စွန့်စားရန် လုံလောက်လှပေသည်။

"ဒါဆို ဒုက္ခပါပဲ... ကျန်းချဲ့ရေ... မြန်မြန်လေး အရှုံးကနေ အနိုင်ကို ပြောင်းလဲပေးပါတော့ကွာ..."

"ဟူး... ဆယ်နှစ်စာ စုဆောင်းထားသမျှတွေတော့ ရေစုန်မျောရတော့မယ်... အခု လဲ့ထင် နိုင်မယ်လို့ ပြောင်းလောင်းရင် အမီလေးများ ဖြစ်နိုင်သေးသလား မသိဘူး..."

ထျန်းနန်ဂိတ်အပြင်ဘက်တွင် ချီနင်ပင်း၏ မျက်နှာထားမှာ ပုံမှန်ထက် ပို၍ လေးနက်နေပြီး လေဟာနယ်ထဲမှ တိုက်ပွဲကို စူးစိုက်ကြည့်နေလေသည်။

သူမက သာမန် သိုင်းပညာရှင်များနှင့် မတူဘဲ အပေါ်ဘက်ရှိ တိုက်ပွဲ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နိုင်စွမ်း ရှိပေသည်။

သို့သော် ထိုသို့ မြင်တွေ့ရလေလေ သူမကို ပို၍ စိုးရိမ်ပူပန်စေလေလေပင်။

'ကိုးဆယ့်ရှစ်ရာခိုင်နှုန်း သေချာတယ်လို့ ပြောထားတာလေ...'

မူလက သူမသည် ကျန်းချဲ့အပေါ် ယုံကြည်မှု ရှိခဲ့သော်လည်း တိုက်ပွဲစတင်ပြီးနောက်ပိုင်းတွင် လဲ့ထင်က အသာစီးရနေသည်ကို ထင်ရှားစွာ မြင်တွေ့နေရလေသည်။

ကျန်းချဲ့က အပြန်အလှန် တိုက်ခိုက်နိုင်စွမ်း ရှိသော်လည်း နိုင်ခြေ အလွန်နည်းပါးလှကြောင်း သိသာလှပေသည်။

ယခုအချိန်တွင် သူမက ဒုတိယအကြီးအကဲထံ သတင်းပို့ကာ ကျန်းချဲ့ အပြင်းအထန် ဒဏ်ရာမရစေရန် အချိန်မီ ဝင်ရောက် ကယ်တင်ပေးရန် တောင်းဆိုရန်ပင် အသင့်ပြင်ထားလိုက်လေပြီ။

ချီနင်ပင်းက တီးတိုးရေရွတ်လိုက်လေသည်။

"ခဲအို... ရှင် သေချာပေါက် နိုင်အောင် တိုက်ရမယ်နော်..."

ဂျီချန်ချင်း၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်သော အရိပ်အယောင်များ ပေါ်ထွက်လာပြီး သူ၏ဘေးရှိ လူများကို အကောင်းစား ဝိညာဉ်အရက် တစ်အိုး ဖွင့်ရန် မနေနိုင်ဘဲ အမိန့်ပေးလိုက်လေသည်။

သူက အရက်သောက်ရင်း အနိုင်အရှုံးကို ကြည့်ရှုလိုနေလေသည်။

"မဆိုးဘူး... ငါ ထင်ထားတဲ့အတိုင်းပဲ... ကျန်းချဲ့ရဲ့ ကျင့်ကြံမှုက တကယ်ကို တစ်ဆင့်လောက် နိမ့်ကျနေတာပဲ..."

"ဆရာတူအစ်ကို... ကျန်းချဲ့သာ ရှုံးသွားရင် အစ်ကို့အတွက် အခွင့်အရေး ရောက်လာပြီပဲ..."

"အဲ့ဒီလို ဖြစ်လာဖို့ မျှော်လင့်ပါတယ်ကွာ..."

ဝေ့ကျွင်းကျဲမှာလည်း ဤအချိန်၌ ဘေးပတ်ဝန်းကျင်မှ စိတ်ခံစားမှုများ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရပုံပေါ်သည်။

လေဟာနယ်အတွင်းရှိ အခြေအနေကို ကြည့်ရင်း သူ၏မျက်နှာပေါ်တွင် အလိုအလျောက် အပြုံးတစ်ခု ပေါ်လာလေသည်။

ယွမ်ချီကျောက်တုံး အချို့ ဆုံးရှုံးသွားသော်လည်း သူ၏ ရင်ထဲ၌တော့ အလွန် ကျေနပ်ရွှင်လန်းမှုကို ရရှိခဲ့လေသည်။

အကယ်၍ ကျန်းချဲ့သာ အနိုင်ရသွားပါက သူ ယွမ်ချီကျောက်တုံးများစွာ ရရှိမည်ဆိုစေကာမူ အရသာရှိမည် မဟုတ်ပေ။

နင်မင်းသားကတော်၏ မျက်ဝန်းများက အရောင်လက်သွားပြီး လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။

"အနိုင်အရှုံးတောင် မပေါ်သေးတာကို ဘာဝိညာဉ်အရက်တွေ လာဖွင့်ပြီး အောင်ပွဲခံနေရတာလဲ... အစွမ်းထက်သူတွေရဲ့ တိုက်ပွဲမှာ အနိုင်အရှုံးက မျက်တောင်တစ်ခတ်အတွင်းမှာတင် ပြောင်းလဲသွားနိုင်တယ် ဆိုတာကို သေချာမှတ်ထားဦး..."

"ကျန်းချဲ့က ဖိနှိပ်ခံထားရတယ် ဆိုပေမဲ့ လုံးဝ ရှုံးနိမ့်သွားတာမျိုး မဟုတ်သေးဘူး... ဒါ့အပြင် ဒီကျန်းချဲ့က ရွှမ်တန်အဆင့်ကို ယခုမှ ဝင်ရောက်လာခါစ ကျင့်ကြံမှုနဲ့ လဲ့ထင်ကို အခုအချိန်အထိ ယှဉ်ပြိုင်နိုင်စွမ်းရှိတယ် ဆိုတာကတင် သူ့ရဲ့ ပါရမီက ဘယ်လောက်တောင် ထိတ်လန့်စရာကောင်းလဲ ဆိုတာကို သက်သေပြနေပြီ..."

"ဒီလိုမျိုးလူနဲ့ ရန်သူမဖြစ်တာ အကောင်းဆုံးပဲ... တကယ်လို့ သူ့ကို နင်မင်းသားအိမ်တော်နဲ့ မိတ်ဆွေဖြစ်အောင် လုပ်နိုင်မယ်ဆိုရင်... အကျိုးအမြတ်က အကြီးမားဆုံး ဖြစ်လာမှာပဲ..."

ဂျီချန်ချင်းက ပါးစပ်ဟသွားပြီး သိပ်မယုံကြည်နိုင်စွာဖြင့် ပြောလိုက်လေသည်။

အကယ်၍ ဤသို့ ဖြစ်နိုင်ခြေရှိမည်ဆိုပါက သူက အစောကြီးကတည်းက ကျန်းချဲ့နှင့် ရင်းနှီးအောင် လုပ်ထားမည်မှာ အသေအချာပင်။

"မယ်တော်... မယ်တော် နောက်နေတာလား... ဒီကောင်လေးက ချီမိသားစုရဲ့ သားမက်လေ... ဘယ်လိုလုပ် နင်မင်းသားအိမ်တော်ဘက်ကို ပါလာနိုင်မှာလဲ..."

နင်မင်းသားကတော်က နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်လေသည်။

"ကြိုးစားကြည့်ရင် ဖြစ်လာနိုင်ပါတယ်... မစမ်းသပ်ကြည့်ဘဲနဲ့ ရလဒ်ကို ဘယ်လိုလုပ် သိနိုင်မှာလဲ..."

ဂျီချန်ချင်းက မယ်တော်ဖြစ်သူကို သံသယဖြင့် ကြည့်လိုက်ပြီးနောက် အထက်ရှိ ကျန်းချဲ့ကို ထပ်မံ ကြည့်လိုက်ရာ ရင်ထဲတွင် မပြောပြတတ်သော ခံစားချက်များ ဖြစ်ပေါ်လာလေသည်။

မယ်တော်ဖြစ်သူက ကျန်းချဲ့နှင့် မိတ်ဆွေဖွဲ့လိုခြင်းအပေါ် သူ အနည်းငယ် မကျေမနပ် ဖြစ်မိလေသည်။

အကြောင်းမှာ သူ၏ဖခင်မှာ ဝက်တစ်ကောင်လို ဝဖြိုးနေပြီး အမြဲတမ်း သိမ်ငယ်သူတစ်ယောက်လို ဟန်ဆောင်နေကာ မယ်တော်နှင့်လည်း အလွန် ရှားပါးစွာမှသာ ရင်းနှီးလေ့ရှိကြောင်း သူ သိထားသောကြောင့်ပင်။

ထို့အပြင် မယ်တော်ဖြစ်သူမှာလည်း နတ်သမီးတစ်ပါးလို လှပချောမောပြီး ကျင့်ကြံမှု စွမ်းအားပါ ရှိနေသဖြင့် သက်တမ်းကလည်း အလွန် ရှည်လျားလှပေသည်။

သိုင်းလောက ဇာတ်လမ်းများကို သူ အများကြီး ဖတ်ဖူးခဲ့ရာ အကြောက်ဆုံးအရာမှာ မယ်တော်ဖြစ်သူက ခမည်းတော်အား သစ္စာဖောက်ကာ တခြားယောကျ်ားနှင့် ဖောက်ပြန်သွားမည်ကိုပင် ဖြစ်လေသည်။

သို့သော် ဤကိစ္စမျိုးကို သူ လုံးဝ ထုတ်ဖော်မပြောရဲပေ။

ဤသို့တွေးမိခြင်းကပင် မယ်တော်အား စော်ကားရာရောက်သည်ဟု ခံစားရသဖြင့် ထိုအတွေးများကို ချက်ချင်း ဖိနှိပ်လိုက်ပြီး ခေတ္တမျှ တိတ်ဆိတ်သွားလေတော့သည်။

"ဝုန်း... ဝုန်း... ဝုန်း..."

ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး ကျန်းချဲ့နှင့် လဲ့ထင်တို့၏ တိုက်ပွဲမှာ တစ်စထက်တစ်စ ပိုမို ကြောက်မက်ဖွယ် ကောင်းလာလေသည်။

ယခုအခါ နှစ်ဦးစလုံးမှာ လေဟာနယ်ထဲတွင် သွေးထွက်သံယို ဖြစ်နေကြပြီ ဖြစ်သော်လည်း ကျန်းချဲ့နှင့် နှိုင်းယှဉ်ပါက လဲ့ထင်၏ ဒဏ်ရာက အများကြီး ပို၍ သက်သာလှပေသည်။

ထို့အပြင် တိုက်ခိုက်နေစဉ်အတွင်းမှာပင် ကျန်းချဲ့က သူ့အား ဓားသွေးကျောက်အဖြစ် အသုံးပြုနေသည့် ရည်ရွယ်ချက်ကို သူ နောက်ဆုံးတွင် ရိပ်မိသွားလေရာ မျက်နှာထားက ချက်ချင်းပင် အုံ့မှိုင်းသွားတော့သည်။

သူက တစ်ချက် တိုက်ခိုက်ပြီးနောက် အနောက်သို့ ဆုတ်ခွာလိုက်ကာ ကျန်းချဲ့ကို စူးစိုက်ကြည့်လိုက်သည်။

"သတ္တိကောင်းလှချည်လား... မင်းကိုယ်မင်း အရင်ကျိုးပျက်သွားမှာကို မကြောက်ဘူးလား..."

ကျန်းချဲ့က တိုက်ပွဲဝင်လိုစိတ်များ အပြည့်အဝဖြင့် ပြန်လည် တုံ့ပြန်လိုက်လေသည်။

သူ၏ကိုယ်ပေါ်တွင် နေရာအနှံ့အပြား၌ ဒဏ်ရာများ ရရှိနေသော်လည်း သူ၏ တိုက်ခိုက်လိုစိတ်ကမူ တစ်စထက်တစ်စ ပိုမို ပြင်းထန်လာလေသည်။

ထို့အပြင် ယခင် ရင်ဆိုင်တိုက်ခိုက်မှုများအတွင်း သူ၏ စွမ်းအားများကလည်း တည်ငြိမ်စွာ တိုးတက်လာခဲ့ပြီး သိုင်းစိတ်ဆန္ဒ... ဓားသိုင်း နှင့် လက်သီးသိုင်း များ အားလုံးမှာ မတူညီသော အတိုင်းအတာ တစ်ခုအထိ တိုးတက်လာခဲ့လေသည်။

"မင်းမှာ အရည်အချင်းရှိရင် စမ်းကြည့်လို့ ရပါတယ်ကွာ..."

လဲ့ထင်၏ မျက်နှာပေါ်တွင် အေးစက်သော အလင်းရောင်များ ပေါ်ထွက်လာလေသည်။

ကျန်းချဲ့၏ ရည်ရွယ်ချက်မှာ သူ့အပေါ် သံသယဝင်စရာမရှိအောင် အထင်သေးစော်ကားခြင်းပင် ဖြစ်လေသည်။

သူက ကျန်းချဲ့ကို ပြိုင်ဘက်တစ်ဦးအဖြစ် သတ်မှတ်ထားသော်လည်း တစ်ဖက်လူကမူ သူ့အား ဓားသွေးကျောက်တစ်ခုအဖြစ်သာ သဘောထားနေလေသည်။

ဤမျှလောက် သူ့အား အထင်သေး စော်ကားရဲသူ မရှိခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်ရာ ယခုအချိန်တွင် တစ်ဖက်လူက သူ၏ ဒေါသကို အပြည့်အဝ ဆွပေးလိုက်ပြီ ဖြစ်လေသည်။

"တော်လောက်ပြီ... မင်းရဲ့ ဓားသွေးကျောက် လုပ်ပေးဖို့ ငါ့မှာ အချိန်မရှိဘူး... မင်း နားလည်သဘောပေါက်ထားတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ အရှိန်အဝါကို ထုတ်သုံးလိုက်တော့... မဟုတ်ရင်... မင်းရဲ့ ဓားက ချက်ချင်း ကျိုးပျက်သွားလိမ့်မယ်..."

ကျန်းချဲ့က ပြုံးလိုက်သော်လည်း သူ၏ ရင်ထဲ၌ အနည်းငယ် အားမလိုအားမရ ဖြစ်နေမိလေသည်။

မိမိအား ဖိအားပေးနိုင်သော်လည်း လုံးဝ အသာစီးမရသော ပြိုင်ဘက်တစ်ဦးနှင့် တိုက်ခိုက်ရခြင်းက မိမိ၏ စွမ်းရည်ကို ကဏ္ဍစုံမှ တိုးတက်စေနိုင်ပေသည်။

ဤကဲ့သို့သော ပြိုင်ဘက်မျိုးကို ရှာဖွေတွေ့ရှိရန်မှာ လွယ်ကူလှသည် မဟုတ်ချေ။

နှမြောစရာကောင်းသည်မှာ တစ်ဖက်လူက ဆက်လက်၍ မတိုက်ခိုက်လိုတော့ခြင်းပင် ဖြစ်လေသည်။

"ဒီလိုဆိုမှတော့လည်း... ဒီတိုက်ပွဲကို... ဒီနေရာမှာတင် အဆုံးသတ်လိုက်ကြတာပေါ့..."

လဲ့ထင်က အနည်းငယ် အံ့ဩသွားလေသည်။

ကျန်းချဲ့၌ အင်အားများ ကျန်ရှိနေသေးကြောင်း သူ ခံစားသိရှိနိုင်ပြီး အနည်းဆုံးတော့ တစ်ဖက်လူက အရှိန်အဝါနယ်ပယ်ကိုပင် အသုံးမပြုရသေးချေ။

ဤသည်က သူ့ကို အလွန် အံ့ဩသွားစေလေသည်။

"ဘာလဲ... မင်းက အရှုံးပေးမလို့လား..."

ကျန်းချဲ့က အပြုံးတစ်ခုသာ တုံ့ပြန်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

"အရှုံးပေးရမယ် ဟုတ်လား... ဟားဟား..."

ထို့နောက် သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများက ချက်ချင်း ပြောင်းလဲသွားလေသည်။

အစောပိုင်းက ကောင်းကင်ယံအထိ ထိုးဖောက်မတတ် ပြင်းထန်သော တိုက်ပွဲဝင်လိုစိတ်များ ရှိနေခဲ့သော်လည်း ယခုအခါတွင်မူ ရုတ်တရက် အလွန်တရာ ငြိမ်းချမ်းတည်ငြိမ်သွားပြီး ကောင်းကင်နှင့်မြေကြီး အကြား လုံးဝ ပေါင်းစပ်သွားသည့်အလား ပင်။

သူ့တစ်ကိုယ်လုံးမှာ လောကီအညစ်အကြေးများနှင့် ကင်းစင်နေသည့် အသွင်ကို ပိုမို ပေါ်လွင်စေလေသည်။

လဲ့ထင်၏ မျက်နှာထားက အနည်းငယ် လေးနက်သွားလေသည်။

ကျန်းချဲ့၏ ကိုယ်ပေါ်မှ အလွန် အားကောင်းသော ဖိအားများကို သူ ခံစားရပြီး အန္တရာယ်ရှိကြောင်းကိုပင် ခံစားနေရလေသည်။

သို့သော် ဤအရာက သူ လိုချင်နေသည့် အရာ မဟုတ်ပါလော။

နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး ကျန်းချဲ့ကို လှောင်ပြောင် သရော်သည့် အကြည့်ဖြင့် ကြည့်ကာ စကားလုံး တစ်လုံးချင်းစီ ပီသစွာ ပြောလိုက်လေသည်။

"ဒါက မင်းရဲ့ အရှိန်အဝါလား... ဒီလိုဆိုမှတော့လည်း... ငါ့ရဲ့ အရှိန်အဝါကိုလည်း မြင်အောင် ကြည့်ထားလိုက်ဦး..."

စကားဆုံးသည်နှင့် နောက်တစ်ခဏတွင် လဲ့ထင်က လက်မောင်းနှစ်ဖက်ကို ဖြန့်ကားလိုက်ရာ စုတ်ပြဲနေသော အဖြူရောင် ဝတ်ရုံရှည်က လေနှင့်အတူ တဖျပ်ဖျပ် မြည်ဟည်းနေလေသည်။

တိမ်မည်းများအတွင်းမှ မိုးခြိမ်းသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး လူတစ်ဝက်ခန့် တုတ်ခိုင်သော မိုးကြိုးလျှပ်စီးများက အောက်သို့ ဆင်းသက်လာကာ သူ၏ ပတ်လည်တွင် စုစည်းသွားကြလေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ ပတ်လည် ပေသုံးဆယ်ခန့်အတွင်း မိုးကြိုးလျှပ်စီး မည်မျှလောက် စုစည်းသွားသည်ကိုပင် မသိနိုင်တော့ချေ။

ထိတ်လန့်ဖွယ်ကောင်းသော ကြောက်မက်ဖွယ် အရှိန်အဝါကြီး တစ်ခုက ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာပြီး ကြီးမားလှသော ဖိအားများက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားလေသည်။

ဘေးပတ်ဝန်းကျင်ရှိ မိုးဖွဲလေးများကိုပင် မျက်တောင်တစ်ခတ်အတွင်း အငွေ့ပျံ ပျောက်ကွယ်သွားစေခဲ့လေသည်။

လဲ့ထင်က ဆံပင်များ ဖရိုဖရဲ ကျဆင်းနေပြီး မျက်လုံးများထဲတွင် မိုးကြိုးလျှပ်စီးများ တလက်လက် တောက်ပနေလေသည်။

လေဟာနယ်တွင် မတ်တတ်ရပ်လျက် အရှေ့ဘက်ရှိ ကျန်းချဲ့ကို ငုံ့ကြည့်ကာ မေးလိုက်လေသည်။

သူ၏ အသံမှာ မိုးကြိုးလျှပ်စီးများ၏ ပံ့ပိုးမှုဖြင့် အလွန်တရာ ဩဇာတိက္ကမ ပြည့်ဝနေပြီး အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်သွားလေသည်။

အဖြူရောင် လျှပ်စီး မြွေကြီးများက သူ့တစ်ကိုယ်လုံးတွင် ရစ်ပတ်နေပြီး သူ့ကို ပို၍ ကြောက်မက်ဖွယ် ကောင်းလာစေလေသည်။

"ကျန်းချဲ့... ဒါက ငါ့ရဲ့ အရှိန်အဝါပဲ... ဘယ်လိုလဲ မဆိုးဘူး မဟုတ်လား..."

ကျန်းချဲ့က တစ်ဖက်လူ၏ ဖိအားကို အာရုံခံကြည့်လိုက်ပြီး အေးစက်တည်ငြိမ်သော အသံဖြင့် တုံ့ပြန်လိုက်လေသည်။

"ဒီလောက်ပါပဲကွာ..."

ကျန်းချဲ့က လုံးဝ အလျှော့မပေးသေးသည်ကို မြင်သောအခါ လဲ့ထင် လည်း ဆက်လက်၍ အချေအတင် ပြောဆိုနေရန် စိတ်ဝင်စားမှု မရှိတော့ချေ။

သူ၏ အမြင်တွင် သူက ကောင်းကင်နှင့်မြေကြီး၏ အရှိန်အဝါကို အနည်းငယ် နားလည်သဘောပေါက်နေပြီ ဖြစ်သည့်အပြင် ဤ မိုးအုံ့နေသော နေ့တွင် ကောင်းကင်နှင့်မြေကြီး၏ မိုးကြိုးစွမ်းအားများကို အသုံးပြုထားသဖြင့် သာမန် ရွှေအမြုတေအဆင့် သိုင်းသခင် တစ်ပါးနှင့် ယှဉ်ပြိုင်တိုက်ခိုက်လျှင်ပင် နောက်တွန့်နေမည် မဟုတ်ချေ။

ကျန်းချဲ့ ကဲ့သို့သော သာမန်လူကို ဆိုလျှင် ပို၍ပင် ပြောစရာ မလိုတော့ပေ။

"တကယ်ကို... သေခါနီးအချိန်ရောက်နေတာတောင် နောင်တမရသေးဘူးပဲ... ထားလိုက်ပါတော့... ဒီတိုက်ပွဲကို ဒီမှာတင် အဆုံးသတ်လိုက်ကြတာပေါ့..."

ကျန်းချဲ့၏ နှုတ်ခမ်းထောင့်ရှိ အပြုံးများက ဖြည်းညင်းစွာ ပျောက်ကွယ်သွားလေသည်။

သူ၏ မျက်ဝန်းများထဲတွင် သွေးရောင် အလင်းတန်းများ တောက်ပလာပြီး လက်မောင်းနှစ်ဖက်ကို ဖြန့်ကားလိုက်ကာ မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်လေသည်။

နောက်တစ်ခဏတွင် အေးစက်သော လေပြင်းများက ပါးပြင်ကို ဖြတ်သန်း တိုက်ခတ်သွားပြီးနောက် သွေးရောင် အလင်းတန်း တစ်ခုက ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးကို လွှမ်းခြုံသွားလေတော့သည်။

"ဟုတ်တာပေါ့... ဒီမှာတင် အဆုံးသတ်လိုက်ကြတာပေါ့..."

"ဝုန်း..."

မျက်တောင်တစ်ခတ်အတွင်းမှာပင် သွေးရောင် မိုးကြိုးလျှပ်စီး တစ်ကြောင်းက ကောင်းကင်နှင့်မြေကြီးကို ဖြတ်သန်း တောက်ပသွားပြီး တိမ်မည်းများကို ခွဲဖြာပစ်လိုက်လေသည်။

လဲ့ထင်၏ မျက်မှောင်များ တင်းကျပ်စွာ ကျုံ့သွားပြီး ရုတ်တရက် အခြေအနေ တစ်ခုခု မှားယွင်းနေကြောင်းကို သူ ခံစားလိုက်ရလေသည်။

ခေါင်းမော့ကြည့်လိုက်သောအခါ အစောပိုင်းက သူ တမင်တကာ ဆွဲဆောင်ထားသော တိမ်မည်းများမှာ ယခုအခါ သွေးရောင် အလင်းတန်းများ၏ ဖုံးလွှမ်းခြင်းကို ခံနေရကြောင်း တွေ့လိုက်ရလေသည်။

ပို၍ပင် ဆိုးရွားသည်မှာ တိမ်မည်းများက တဖြည်းဖြည်း သွေးရောင်တိမ်တိုက်များ အဖြစ်သို့ ပြောင်းလဲသွားခြင်းပင် ဖြစ်၏။

ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ သူ၏ သူငယ်အိမ်များက ချက်ချင်း ကျုံ့ဝင်သွားပြီး မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပေါ်ထွက်လာလေသည်။

အကြောင်းမှာ ယခုအခါ ပေရာချီ ပတ်လည်ရှိ ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးမှာ သွေးရောင် အလင်းတန်းများ၏ လွှမ်းခြုံမှုကို လုံးဝ ခံနေရကြောင်း သူ မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသောကြောင့် ပင်။

အဝေးရှိ ကျန်းချဲ့မှာ ယခုအခါ ငရဲမှ တက်လာသော နတ်ဆိုးတစ်ပါး နှင့် ပို၍ တူနေပေသည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီး တစ်ခုက ကျန်းချဲ့၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာလေသည်။

ကျန်းချဲ့က မျက်လုံးများကို ဖွင့်လိုက်ပြီး အေးစက်တည်ငြိမ်သော မျက်နှာထားဖြင့် သားကောင်တစ်ကောင်ကို ကြည့်နေသည့်အလား ကြည့်လိုက်လေသည်။

မောက်မာဝင့်ကြွားသည့် နေရာတွင် သူက တစ်ဖက်လူထက် အနည်းငယ်မျှ လျော့နည်းမည် မဟုတ်ချေ။

"ပြောရရင်... မင်းက ငါ့ရဲ့ အစွမ်းကုန်ကို တကယ်ထုတ်သုံးရတဲ့ ပထမဆုံး ပြိုင်ဘက်ပဲ... ဒါက မင်းရဲ့ ဂုဏ်ယူစရာ တစ်ခု ဖြစ်နေပါပြီ..."

လဲ့ထင်၏ အကြည့်များက ယခင်က တစ်ခါမှ မဖြစ်ဖူးလောက်အောင် လေးနက်သွားလေသည်။

ကျန်းချဲ့က အမှန်တကယ်ပင် ဤအဆင့်အထိ ရောက်ရှိနေပြီဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

ထိုအားကောင်းလှသော ဖိအားကြီးက သူ နားလည်သဘောပေါက်ထားသော အရှိန်အဝါနယ်ပယ်ကိုပင် လျင်မြန်စွာ ဖိနှိပ်နေလေသည်။

"မင်း... မင်းက တကယ်ပဲ အရှိန်အဝါနယ်ပယ်ကို အပြည့်အဝ နားလည်သဘောပေါက်ထားတာပါလား..."

ကျန်းချဲ့က တစ်ဖက်လူကို ပြန်လည် မဖြေကြားတော့ဘဲ အရှေ့သို့ ဖြည်းညင်းစွာ ခြေတစ်လှမ်း လှမ်းလိုက်လေသည်။

ရုတ်တရက် လေပြင်းများ တိုက်ခတ်လာပြီး သွေးရောင် အလင်းတန်းများက ကောင်းကင်ယံကို ဖုံးလွှမ်းသွားလေသည်။

အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီး တစ်ခုက လဲ့ထင်ရှိရာသို့ ပြင်းထန်စွာ ရိုက်ခတ်သွားလေတော့သည်။

"အဆုံးသတ်သင့်ပြီ..."

လဲ့ထင်က ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး ကျန်းချဲ့၏ ကြောက်မက်ဖွယ် ဖိအားကြီးကို ရင်ဆိုင်ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။

နောက်တစ်ခဏတွင် သူ့တစ်ကိုယ်လုံးက ရှိသမျှ စွမ်းအားများကို စုစည်းလိုက်ပြီး ရေပုံးခန့် တုတ်ခိုင်သော မိုးကြိုးအလင်းတန်းကြီး တစ်ခုအဖြစ် ပြောင်းလဲကာ ရှေ့သို့ ပြင်းထန်စွာ ပြေးဝင်သွားလေတော့သည်။

"ဒါဆိုလည်း... ငါက တိုက်ရမှာပဲကွ..."

လဲ့ထင်၏ ရူးသွပ်သော တိုက်ခိုက်မှုအောက်တွင် ကျန်းချဲ့က အနည်းငယ်မျှ ထိတ်လန့်သွားခြင်း မရှိပေ။

ကောင်းကင်နှင့်မြေကြီး၏ အရှိန်အဝါကို အမှန်တကယ် ဖွင့်လှစ်လိုက်ပြီးနောက် သူ၏ ပတ်ဝန်းကျင်အပေါ် ထိန်းချုပ်နိုင်စွမ်းက ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီးနောက် အောက်သို့ ပြင်းထန်စွာ ဖိချလိုက်လေသည်။

နောက်တစ်ခဏတွင် မရေမတွက်နိုင်သော သွေးရောင် မိုးကြိုးနဂါးများက အောက်သို့ ဝုန်းဒိုင်းကြဲ ကျဆင်းလာလေတော့သည်။

"ဝုန်း... ဝုန်း..."

ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာပြီး လဲ့ထင်မှာ ချက်ချင်းပင် အလွန်တရာ ပြင်းထန်သော တိုက်ခိုက်မှုကြီးကို ခံလိုက်ရလေသည်။

သူ့တစ်ကိုယ်လုံးတွင် စုစည်းထားသော မိုးကြိုးလျှပ်စီးများကပင် တဖြည်းဖြည်း မှေးမှိန်လာလေသည်။

သို့သော် ယခုအချိန်တွင် သူက အနောက်သို့ မဆုတ်ခွာသေးချေ။

အံကိုတင်းတင်းကြိတ်ကာ မရေမတွက်နိုင်သော လျှပ်စီးများကို စုစည်း၍ လှံရှည်တစ်လက်အဖြစ် ပြောင်းလဲလိုက်ပြီး ခန္ဓာကိုယ်ကို လျင်မြန်စွာ ရွှေ့ပြောင်းကာ နေရာရွှေ့ပြောင်းခြင်းပညာကို သုံးလိုက်သကဲ့သို့ ကျန်းချဲ့၏ မျက်ခုံးနှစ်ခုကြားရှိ နေရာသို့ တိုက်ရိုက် ထိုးစိုက်လိုက်လေတော့သည်။

သို့သော် သူ့ကို အလွန်တရာ ထိတ်လန့်သွားစေသည်မှာ သူ၏ ရှိသမျှ စွမ်းအားများနှင့် ကောင်းကင်နှင့်မြေကြီး၏ အရှိန်အဝါကိုပါ စုစည်း၍ ဖန်တီးထားသော လျှပ်စီးလှံရှည်ကြီးမှာ ကျန်းချဲ့၏ မျက်ခုံးနှစ်ခုကြား တစ်လက်မအကွာသို့ အရောက်တွင် လုံးဝ ကျော်ဖြတ်၍မရနိုင်သော အတားအဆီးတစ်ခုကို ထိုးစိုက်လိုက်ရသည့်အလား ရပ်တန့်သွားခြင်းပင် ဖြစ်လေသည်။

ရှေ့သို့ အနည်းငယ်မျှပင် ဆက်တိုး၍ မရနိုင်တော့သလို တစ်ဖက်လူ၏ အကာအကွယ်ကိုလည်း ဖောက်ထွင်းနိုင်ခြင်း မရှိတော့ချေ။

ကျန်းချဲ့က ပါးစပ်ကို ဟကာ စကားတစ်ခွန်း ဖြည်းညင်းစွာ ထွက်ကျလာလေသည်။

"ပျက်စီးစမ်း..."

ဤစကားတစ်ခွန်းကပင် ကောင်းကင်၏ စည်းမျဉ်းတစ်ခု ဖြစ်လာသည့်အလား ကောင်းကင်နှင့်မြေကြီး၏ အရှိန်အဝါက ချက်ချင်း ပြောင်းလဲသွားပြီး လဲ့ထင်၏ လက်ထဲရှိ လှံရှည်ကြီးမှာ တစ်လက်မချင်းစီ စတင် ပျက်စီးသွားကာ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။

လဲ့ထင်၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး ရင်ထဲတွင် အလွန် ကြီးမားလှသော အန္တရာယ် အငွေ့အသက်များကို ခံစားလိုက်ရလေတော့သည်။

'ဒုက္ခပဲ…’

All Chapters