အခန်း ၂၄၂
Vol. 25 Ch. 242
အခန်း (၂၄၂) ယွဲ့ပြည်နယ်၏ နံပါတ်တစ်
အောက်ဘက်တွင်... ကျန်းချဲ့နှင့် ယန်ဖျင်တို့ အပေးအယူ သဘောတူညီချက် ရရှိသွားသည်နှင့် တစ်ပြိုင်နက် လူတိုင်းက ဤတိုက်ပွဲ ပြီးဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ကြလေသည်။ သို့သော် ဤတိုက်ပွဲက သူတို့အပေါ် ပေးစွမ်းခဲ့သော တုန်လှုပ်မှုများမှာ ယခုအထိ လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးချေ။
ပို၍ပင် အစပျိုးရုံသာ ရှိသေးသည်ဟု ဆိုရပေမည်။
"သောက်ကျိုးနည်း..."
ဂျီချန်ချင်းက လေဟာနယ်တွင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားသော ကျန်းချဲ့ကို ကြည့်ရင်း မနေနိုင်ဘဲ ဒေါသတကြီး ကျိန်ဆဲလိုက်လေသည်။
သူ၏ မူလအစီအစဉ်အရဆိုလျှင် ကျန်းချဲ့အနေဖြင့် ဤတိုက်ပွဲတွင် လုံးဝ အနိုင်မရနိုင်သည့်အပြင် အပြင်းအထန် ဒဏ်ရာရရှိသွားမည်ဟု တွေးတောထားခဲ့လေသည်။ ထိုအချိန်ကျမှသာ နင်မင်းသားအိမ်တော်အနေဖြင့် နောက်ဆက်တွဲ အစီအစဉ်များကို ဆက်လက်လုပ်ဆောင်နိုင်မည် ဖြစ်သော်လည်း ယခုအခါ အရာအားလုံး ပျက်စီးသွားခဲ့လေပြီ။
ကျန်းချဲ့က လဲ့ထင်ကို အနိုင်ယူလိုက်ပြီး ဂုဏ်သတင်းများ အကြီးအကျယ် တိုးတက်လာခဲ့လေသည်။
သူ၏ နေရာကလည်း အလွန် အခိုင်အမာ ဖြစ်သွားပြီး လှုပ်ခါ၍ မရနိုင်တော့ချေ။
မဟာသိုင်းသခင်တစ်ပါးကို အသုံးပြု၍ ကျန်းချဲ့ကို လုပ်ကြံသတ်ဖြတ်ရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်တော့ချေ။ ကျန်းချဲ့၏ နောက်ခံနှင့် ရာထူးအဆင့်အတန်းကို ထားလိုက်ဦး အကယ်၍ သူ သေဆုံးသွားပါက ယွဲ့ပြည်နယ်နှင့် အစိုးရအဖွဲ့အစည်း တစ်ခုလုံးတွင် ကြီးမားသော လှိုင်းလုံးကြီးများ ရိုက်ခတ်လာမည်မှာ အသေအချာပင်။
နောက်ပိုင်းမှ ထွက်ပေါ်လာသော အစွမ်းထက် သိုင်းပညာရှင်ကပင် သူ၏ စိတ်ကူးများကို လုံးဝ ရိုက်ချိုးပစ်ရန် လုံလောက်နေခဲ့လေပြီ။
နင်မင်းသားအိမ်တော်တွင်လည်း ရှန်ရှန်းအဆင့် မဟာသိုင်းသခင်များ ရှိနေသော်လည်း ချီမိသားစု၏ အစွမ်းထက် သိုင်းပညာရှင်များနှင့် နှိုင်းယှဉ်ပါက အများကြီး ကွာဟနေသေး၏။
ဝေ့ကျွင်းကျဲမှာလည်း အလွန် စိတ်ပျက်နေသည့် အမူအရာများ ပေါ်ထွက်နေလေသည်။ ယွမ်ချီကျောက်တုံးများစွာ ရရှိခဲ့သော်လည်း အနည်းငယ်မျှ ဝမ်းသာပျော်ရွှင်မှု မရှိသည့်အပြင် အလွန် စိတ်ပျက်နေမိပြီး ဤနေရာမှ ချက်ချင်း ထွက်ခွာသွားလိုသည့် စိတ်ကူးများပင် ဖြစ်ပေါ်လာလေသည်။
သူက ကျန်းချဲ့ကို တကယ်ပဲ ထပ်မမြင်ချင်တော့ချေ။
အထူးသဖြင့် ရှုံးနိမ့်သူတစ်ယောက် အနေဖြင့် သွားရောက် တွေ့ဆုံရမည်ကို ပို၍ပင် မလိုလားချေ။
နင်မင်းသားကတော်၏ မျက်ဝန်းများထဲတွင်မူ တောက်ပသော အလင်းရောင်များ ပေါ်ထွက်လာပြီး ကျန်းချဲ့ကို သိမ်းသွင်းရန် စိတ်ကူးများ ဖြစ်ပေါ်လာလေသည်။ သူ၏ အစွမ်းထက်သော ပါရမီကို ထားလိုက်ဦး သူ၏ နောက်ကွယ်တွင် ရှိနေသော မြောက်လင် ချီမိသားစု တစ်ခုတည်းဖြင့်ပင် သူမအနေဖြင့် အလေးထားရန် လုံလောက်နေပေသည်။
အကယ်၍ မြောက်လင် ချီမိသားစုကို သိမ်းသွင်းနိုင်မည် ဆိုပါက နင်မင်းသားအိမ်တော်အနေဖြင့် နောင်တစ်ချိန်တွင် တကယ်ပဲ သူတို့၏ အကြံအစည်များကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်မည် ဖြစ်လေသည်။
"ချန်ချင်း... မင်း အရင် ပြန်သွားနှင့်... ငါက ကျွင်းကျဲကို ခေါ်ပြီး တပ်မှူးချုပ်ကျန်းဆီ သွားတွေ့လိုက်ဦးမယ်... အခွင့်အရေးရရင်... ချီမိသားစုက ကောင်မလေးရဲ့ သဘောထားကိုလည်း စမ်းသပ်ကြည့်လိုက်မယ်..."
နင်မင်းသားကတော်က ဂျီချန်ချင်းကို ရုတ်တရက် လှည့်ကြည့်ကာ ပြောလိုက်လေသည်။
သူမ၏ အမြင်တွင် ဂျီချန်ချင်းက နင်မင်းသားအိမ်တော်၏ အကြံအစည် အချို့တွင် စတင် ပါဝင်နေပြီ ဆိုသော်လည်း အလွန်တရာ ရင့်ကျက်တည်ငြိမ်မှု မရှိသေးချေ။ အကြောင်းမဲ့ သက်သက် ကျန်းချဲ့အပေါ် အငြိုးထားကာ နင်မင်းသားအိမ်တော်၏ နှစ်ပေါင်းများစွာ ကြံစည်ထားသော အစီအစဉ်များကို ပျက်စီးသွားစေနိုင်ကြောင်း တွေးတောမိလေသည်။
"မရဘူး... ကျွန်တော်လည်း လိုက်ခဲ့မယ်..."
ဂျီချန်ချင်းက ချက်ချင်း ငြင်းဆန်လိုက်လေသည်။
ဘာကြောင့်မှန်းမသိ သူက ကျန်းချဲ့၏ စိတ်နေသဘောထားအရ သူ၏ မယ်တော်အပေါ် မကောင်းသော ရည်ရွယ်ချက်များ ထားရှိမည်ကို အမြဲတမ်း စိုးရိမ်နေမိလေသည်။ သားတစ်ယောက် အနေဖြင့် မိမိ၏ မယ်တော်ကို တစ်ယောက်တည်း အန္တရာယ်ထဲသို့ သွားခွင့်ပြုရန် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မည်နည်း။
"ချန်ချင်း..."
နင်မင်းသားကတော်၏ မျက်မှောင်များ အနည်းငယ် ကျုံ့သွားပြီး မကျေမနပ် ဖြစ်သွားလေသည်။
"မယ်တော်... ကျွန်တော် စိတ်လိုက်မာပါ လျှောက်လုပ်မှာ မဟုတ်ပါဘူး... ဒါပေမဲ့ ထျန်းနန်ဂိတ် ကိစ္စက အရမ်း အရေးကြီးတယ်လေ... ကျွန်တော် ဒီမှာနေပြီး မယ်တော်ကို တစ်ထောင့်တစ်နေရာကနေ ကူညီပေးလို့ ရနိုင်တာပဲ..."
မယ်တော် ဒေါသထွက်သွားသည်ကို မြင်သောအခါ ဂျီချန်ချင်းက အလျင်အမြန် ရှင်းပြလိုက်လေသည်။
"ကောင်းပြီလေ... သေချာ မှတ်ထားနော်... နည်းနည်းပဲပြောပြီး များများလုပ်... ကျန်းချဲ့အပေါ် မကျေနပ်ရင်တောင်မှ မျက်နှာပေါ်မှာ လုံးဝ ပေါ်ပြလို့ မရဘူး... ဒီနေရာက နင်မင်းသားအိမ်တော်ရဲ့ အကြံအစည်တွေအတွက် အရမ်း အရေးကြီးလို့... အမှား လုံးဝ အဖြစ်ခံလို့ မရဘူး..."
နင်မင်းသားကတော်က လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ... သားတော် နားလည်ပါပြီ..."
"တကယ်ကို ထင်မထားခဲ့ဘူး... ဒီလူက ကောင်းကင်နဲ့မြေကြီးရဲ့ အရှိန်အဝါကို အပြည့်အဝ ထိန်းချုပ်နိုင်သွားပြီပဲ... တကယ်ကို ချီမိသားစုရဲ့ သားမက် ပီသပါတယ်... ဒီပါရမီမျိုးက... တကယ်ကို ကြောက်စရာ ကောင်းတာပဲ..."
တစ်နေရာရှိ တောင်ထိပ်ပေါ်တွင် ဆရာကျိုးက မနေနိုင်ဘဲ မှတ်ချက်ချလိုက်လေသည်။
သူက ကျန်းချဲ့၏ အကြောင်းကို စုံစမ်းခဲ့ပြီး ဖြစ်ရာ ယခုမှ အသက် နှစ်ဆယ်ကျော် အရွယ်သာ ရှိသေးကြောင်းကို သိထားလေသည်။ ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ဤအဆင့်အထိ ရောက်ရှိလာခြင်းက အကယ်၍ အနာဂတ်တွင် သေဆုံးမသွားပါက မဟာသိုင်းသခင်တစ်ပါး သေချာပေါက် ဖြစ်လာမည်မှာ အသေအချာပင်။
ထို့ထက်မက ရှန်ရှန်းအဆင့်ကိုပင် လှမ်းကြည့်နိုင်မည့် မျှော်လင့်ချက် ရှိနေလေသည်။
"ဆရာကျိုး အမြင်မှာ... ဒီလူကို သိမ်းသွင်းနိုင်မယ့် မျှော်လင့်ချက် ရှိလား..."
ရောင်စုံဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားက ရုတ်တရက် မေးလိုက်လေသည်။
"ဒီလူက အလယ်ပိုင်းဒေသရဲ့ မိသားစုကြီး ဖြစ်တဲ့ မြောက်လင် ချီမိသားစုရဲ့ သားမက်လေ... နောက်ခံက အရမ်း ခိုင်မာတော့... သိမ်းသွင်းဖို့က အရမ်း ခက်ခဲလိမ့်မယ်... ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ..."
"ဒီလူနဲ့ မိတ်ဆွေဖွဲ့လို့တော့ ရနိုင်ပါတယ်..."
"ဆရာကျိုးရဲ့ စကားက ဘာအဓိပ္ပာယ်လဲ..."
ဆရာကျိုးက မုတ်ဆိတ်မွေး ရှည်ကြီးများကို ပွတ်သပ်ကာ မျက်ဝန်းများထဲတွင် တောက်ပသော အလင်းရောင်များ ပေါ်ထွက်လာလေသည်။
"စောစောက ကျန်းချဲ့နဲ့ လဲ့ထင်တို့ တိုက်ခိုက်တဲ့ အချိန်တုန်းက... ဒီအဘိုးကြီးက ဒီလူကို အမြဲတမ်း စောင့်ကြည့်နေခဲ့တာ... ဒီလူရဲ့ လက်ထဲက နတ်လက်နက် ဓားက နည်းနည်း ရင်းနှီးနေသလို ခံစားရတယ်... လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ချီရွှယ် မိစ္ဆာသခင် ကိုင်ဆောင်ခဲ့တဲ့ ဓားနဲ့ အရမ်း တူနေတယ်..."
"ချီရွှယ် မိစ္ဆာသခင်... ဆရာကျိုး ပြောတာ အဲ့ဒီ အရူးကို ပြောတာလား..."
တောင်ပိုင်းယွဲ့ မင်းသားလေး၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားလေသည်။
"ဟုတ်တယ်... လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်လောက်က... ချီရွှယ် မိစ္ဆာသခင်က ငါတို့ တောင်ပိုင်းယွဲ့နိုင်ငံမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး... သွေးယဇ်ပူဇော်တဲ့ ကျင့်စဉ်တွေကို ကျင့်ကြံခဲ့တယ်... နောက်ဆုံးတော့ အလယ်ပိုင်းဒေသက ဗုဒ္ဓဘာသာ ရဟန္တာတစ်ပါးရဲ့ ဖိနှိပ်ချေမှုန်းခြင်းကို ခံလိုက်ရတယ်... ဒါပေမဲ့... အဲ့ဒီ တိုက်ပွဲအပြီးမှာ ဘယ်သူကမှ ချီရွှယ် မိစ္ဆာသခင်ရဲ့ အလောင်းကို မတွေ့ခဲ့ရဘူး..."
"ဒီနှစ်တွေ အတွင်းမှာလည်း ဒီအဘိုးကြီးက အမိန့်အရ အဲ့ဒီကိစ္စကို လိုက်လံစုံစမ်းနေခဲ့တာ... သဲလွန်စတွေ အရဆိုရင် ချီရွှယ် မိစ္ဆာသခင်က အဲ့ဒီ အချိန်တုန်းက လုံးဝ သေဆုံးသွားတာ မဟုတ်ဘဲ... သွေးမြစ် လျှို့ဝှက်နယ်မြေထဲမှာ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ပြီး ထိုင်နေတာ ဖြစ်နိုင်တယ်..."
"နှမြောစရာကောင်းတာက... သွေးမြစ် လျှို့ဝှက်နယ်မြေရဲ့ အစီအရင်က အရမ်း အစွမ်းထက်လွန်းတော့... ဖွင့်ဖို့ အရမ်း ခက်ခဲနေတယ်... သော့တစ်ချောင်း ရှိမှပဲ ဖွင့်လို့ ရနိုင်မယ်... အဲ့ဒီ လျှို့ဝှက်နယ်မြေထဲမှာ ငါတို့ တောင်ပိုင်းယွဲ့နိုင်ငံရဲ့ နဂါးသွေးကြော တစ်ခု ရှိနေတော့... လုံးဝ လက်လျှော့လိုက်လို့ မရဘူး... အဲ့ဒီ မိစ္ဆာဓားက သော့ ဖြစ်ကောင်း ဖြစ်နေနိုင်တယ်..."
"နတ်ကျောင်းတော်က အစွမ်းထက် သူတွေတောင်မှ လျှို့ဝှက်နယ်မြေကို မဖွင့်နိုင်ဘူးလား..."
တောင်ပိုင်းယွဲ့ မင်းသားလေးက မနေနိုင်ဘဲ မေးလိုက်လေသည်။
"တကယ်လို့ စိန့်အဆင့် သိုင်းသခင်တွေ ဝင်ပါမယ်ဆိုရင်တော့... လျှို့ဝှက်နယ်မြေကို သေချာပေါက် ဖွင့်နိုင်မှာပါ... ဒါပေမဲ့ အဲ့ဒီလို လုပ်လိုက်ရင် လျှို့ဝှက်နယ်မြေ တစ်ခုလုံး ပျက်စီးသွားနိုင်တယ်... ဒီနည်းလမ်းကို တော်ဝင်မိသားစုက အရင်က စမ်းသပ်ခဲ့ဖူးပါတယ်... ပြီးတော့... နတ်ကျောင်းတော်က ငါတို့ တောင်ပိုင်းယွဲ့ တစ်နိုင်ငံတည်းရဲ့ နတ်ကျောင်းတော် မဟုတ်ဘူးလေ... တောင်တန်းကြီး တစ်သောင်းမှာ ရှိတဲ့ လူမျိုးစု အားလုံးရဲ့ နတ်ကျောင်းတော်ပဲ... တကယ်လို့ နဂါးသွေးကြောကြီးသာ ထွက်ပေါ်လာရင်... ငါတို့ တောင်ပိုင်းယွဲ့နိုင်ငံဆီကို ပြန်ရောက်လာဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး..."
ဆရာကျိုးက ခေါင်းယမ်းလိုက်လေသည်။
"ဆရာက ဓားငှားချင်လို့လား..."
"သူက ငှားမှာ မဟုတ်ပါဘူး... ဒီအဘိုးကြီး တွေးထားတာက... လျှို့ဝှက်နယ်မြေထဲကို ဝင်ဖို့ သူ့ရဲ့ နည်းလမ်းတွေကို အသုံးပြုလို့ ရမလားလို့ပါ... ဒီလူက မိစ္ဆာဓားကို ပိုင်ဆိုင်ထားတယ်ဆိုတော့... ချီရွှယ် မိစ္ဆာသခင်ရဲ့ တပည့် ဖြစ်ကောင်း ဖြစ်နိုင်တယ်... သူ ဒီနေရာကို လာပြီး ရာထူးယူတာကလည်း... သွေးမြစ် လျှို့ဝှက်နယ်မြေ အတွက် ဖြစ်ကောင်း ဖြစ်နိုင်တယ်..."
"ဒီလိုဆိုရင်တော့... နည်းနည်း ခက်ခဲသွားပြီ..."
"စမ်းကြည့်ရတာပေါ့... သူ့ကို အရင် နားချကြည့်လို့ ရမလားဆိုတာ ကြည့်ရတာပေါ့... တကယ်လို့ မရဘူးဆိုရင်လည်း... မိစ္ဆာဓားကို အတင်းအကျပ် လုယူလိုက်လည်း မနှောင်းသေးပါဘူး..."
"ဒီတစ်ခါတော့... ရှင်က ယွဲ့ပြည်နယ် တစ်ခုလုံးမှာ... ဒါမှမဟုတ် တောင်ပိုင်း ပြည်နယ်တွေ အားလုံးမှာ နာမည်ကြီးသွားတော့မယ် ထင်တယ်..."
ထျန်းနန် မြို့စားအိမ်တော် အတွင်းရှိ နောက်ဘက် ခြံဝင်းထဲတွင် ကျန်းချဲ့၊ ချီထျန်းဟယ်နှင့် ချီနင်ပင်းတို့ သုံးယောက် အတူတူ ထိုင်ကာ စကားပြောနေကြစဉ် ချီနင်ပင်းက မနေနိုင်ဘဲ မှတ်ချက်ချလိုက်လေသည်။
"ဒါ သေချာတာပေါ့..."
ချီထျန်းဟယ်က ခေါင်းညိတ်လိုက်လေသည်။
မည်သို့ပင်ဆိုစေ နဂါးကျားတာအိုဂိုဏ်း၏ လဲ့ထင်က သာမန် သိုင်းသခင်တစ်ယောက် မဟုတ်ဘဲ ယွဲ့ပြည်နယ်တွင် နာမည်ကြီးနေသော ပါရမီရှင်တစ်ယောက် ဖြစ်လေသည်။ ကျန်းချဲ့က သူ့ကို အနိုင်ယူလိုက်နိုင်ခြင်းက ယွဲ့ပြည်နယ်၏ ထိပ်တန်းစာရင်းတွင် သေချာပေါက် ပါဝင်သွားမည် ဖြစ်ပြီး ယွဲ့ပြည်နယ် တစ်ခုလုံးမှာ နာမည်ကြီးသွားခြင်းက သဘာဝကျပေသည်။
"တောအုပ်ထဲမှာ အမြင့်ဆုံးသစ်ပင်က လေပြင်းဒဏ်ကို အရင်ဆုံး ခံရစမြဲပဲလေ..."
ကျန်းချဲ့က ဝိညာဉ် လက်ဖက်ရည် တစ်ခွက်ကို သောက်လိုက်ပြီး ခေါင်းယမ်းကာ သက်ပြင်းချလိုက်လေသည်။
"နဂါးကျားတာအိုဂိုဏ်းက ဒေါသထွက်ပြီး နောက်ကွယ်ကနေ လှုပ်ရှားလာမှာကိုပဲ ကျွန်မ စိုးရိမ်နေတာ... ဒုတိယ အကြီးအကဲ... ဒီကိစ္စကို အကြီးအကဲပဲ ဒုက္ခခံပြီး ကူညီ ဖြေရှင်းပေးပါဦး..."
ချီနင်ပင်းက စကားဖြတ်ပြောလိုက်ပြီး မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပေါ်ထွက်လာလေသည်။
ကျန်းချဲ့က ချီနင်ပင်းကို တစ်ချက် ကြည့်လိုက်ပြီး ထိုစကားက အမှန်တကယ်တော့ သူ ပြောချင်နေသော စကားပင် ဖြစ်လေသည်။
နဂါးကျားတာအိုဂိုဏ်းက သေချာပေါက် မမိုက်မဲချေ။ လဲ့ထင် ပင်လျှင် ကျန်းချဲ့၏ ပြိုင်ဘက် မဟုတ်ဘူးဆိုမှတော့ အခြား တပည့်ရင်းများ ကလည်း အတူတူပင် ဖြစ်မည်မှာ အသေအချာပင်။ နောက်ထပ် စိန်ခေါ်ပွဲ တစ်ခုကို သေချာပေါက် ဖန်တီးတော့မည် မဟုတ်ချေ။
ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ပါးကို တိုက်ရိုက် စေလွှတ်ကာ ပြဿနာကို အပြီးတိုင် ရှင်းလင်းပစ်ရန်သာ မျှော်လင့်နိုင်ပေသည်။
ဤကိစ္စအတွက် ကျန်းချဲ့တွင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ ရှိထားပြီး ဖြစ်လေသည်။
ကံကောင်းစွာဖြင့် ချီကျန်းနန်၏ ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင်ကို အသုံးမပြုရသေးသဖြင့် ထိုအစွမ်းထက်လှသော နောက်ဆုံးလက်နက်ကို မည်သူကမျှ မသိရှိသေးချေ။ အကယ်၍ မဟာသိုင်းသခင် တကယ်ပဲ ရောက်လာမည် ဆိုပါကလည်း သူ လုံးဝ ကြောက်ရွံ့မည် မဟုတ်ချေ။
မဟာသိုင်းသခင် အများအပြား တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခြင်းမျိုး မဟုတ်သရွေ့ အခြေခံအားဖြင့် အဆင်ပြေနိုင်မည် ဖြစ်လေသည်။
"ဒီကိစ္စအတွက် ချီမိသားစုက သေချာ စီစဉ်ပေးမှာပါ... နဂါးကျားတာအိုဂိုဏ်းကို သတိပေးရုံ သာမက... ဒီအဘိုးကြီးလည်း လောလောဆယ် ထျန်းနန်ကနေ ထွက်သွားမှာ မဟုတ်ဘူး... နောက်ကွယ်ကနေ အမြဲတမ်း စောင့်ကြည့်နေမှာပါ... တကယ်လို့ နဂါးကျားတာအိုဂိုဏ်းက တကယ်ပဲ စည်းကမ်း ဖောက်ဖျက်ရဲတယ်ဆိုရင်... ချီမိသားစုက သေချာပေါက် တိုက်ခိုက်မှာပါ... ပြီးတော့ စွမ်းအား ယှဉ်ပြိုင်လိုက်လို့ ရတာပေါ့..."
ချီထျန်းဟယ်၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်များ ဖြတ်သန်းသွားလေသည်။
နဂါးကျားတာအိုဂိုဏ်းက နှစ်ပေါင်းများစွာ တည်တံ့ခဲ့သော အစွမ်းထက် ဂိုဏ်းကြီးတစ်ခု ဖြစ်သော်လည်း ချီမိသားစုကလည်း လုံးဝ မညံ့ချေ။ နဂါးကျားတာအိုဂိုဏ်းကို လုံးဝ မကြောက်ရွံ့သော်လည်း မျိုးဆက်သစ်များ၏ တိုက်ပွဲကြောင့် အသေအကျေ စစ်ခင်းရန် မလိုအပ်သောကြောင့်သာ သည်းခံနေခြင်းပင် ဖြစ်လေသည်။
အကယ်၍ တစ်ဖက်လူကသာ အရမ်း အလွန်အကျွံ လုပ်လာမည် ဆိုပါက လုံးဝ သည်းခံနေမည် မဟုတ်တော့ချေ။
"ဒုတိယ အကြီးအကဲ လောလောဆယ် မြို့ထဲမှာ နေနိုင်တယ်ဆိုရင်တော့... နဂါးကျားတာအိုဂိုဏ်းက သေချာပေါက် လှုပ်ရှားရဲမှာ မဟုတ်ပါဘူး... ဒါပေမဲ့ အချိန်ကြာလာရင်တော့ မသေချာဘူးနော်..."
ချီနင်ပင်းက ဤအပေါ်တွင် အနည်းငယ် စိုးရိမ်နေဆဲပင်။ ချီမိသားစုမှ ရှန်ရှန်းအဆင့် မဟာသိုင်းသခင်တစ်ပါးကို ဤနေရာတွင် အမြဲတမ်း နေထိုင်စောင့်ရှောက်ပေးရန် အလွန် တောင်းဆိုချင်နေမိသည်။
သို့သော် ၎င်းမှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်ကြောင်း သူမ ကောင်းစွာ သိလေသည်။
ရှန်ရှန်းအဆင့် မဟာသိုင်းသခင်တိုင်းက ချီမိသားစု၏ ထိပ်တန်း အင်အားများ ဖြစ်ကြရာ နေရာတစ်ခုတည်းတွင် အမြဲတမ်း နေထိုင်ရန် မဖြစ်နိုင်သလို မျိုးဆက်သစ် တပည့်များအတွက် အမြဲတမ်း အစောင့်အရှောက် လုပ်ပေးရန်လည်း အလွန် ခက်ခဲပေသည်။ သူမ၏ အစ်ကိုအရင်း ပင်လျှင် ရွှမ်တန်အဆင့်သို့ ရောက်ရှိပြီးနောက်ပိုင်း မဟာသိုင်းသခင်များ၏ အစောင့်အရှောက် မရရှိတော့ချေ။
"ဒုတိယ အကြီးအကဲ လောလောဆယ် မြို့ထဲမှာ နေနိုင်တယ်ဆိုရင်တော့... ကျွန်တော် အများကြီး ကျေးဇူးတင်မိမှာပါ..."
ကျန်းချဲ့က ပြုံးလိုက်လေသည်။ အမှန်တကယ်တော့ သူ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိလာရန်အတွက် အချိန်အများကြီး မလိုတော့ချေ။
ယဇ်ပူဇော်စရာ ပစ္စည်းများသာ လုံလုံလောက်လောက် ရရှိမည်ဆိုပါက မျက်တောင်တစ်ခတ် အတွင်းမှာပင် သူက ရှန်ရှန်းအဆင့် မဟာသိုင်းသခင်တစ်ပါး ဖြစ်လာနိုင်ပေသည်။
"စိတ်မပူပါနဲ့... ချီမိသားစုက မင်းကို လုံးဝ ပစ်ထားမှာ မဟုတ်ပါဘူး... ဒီကိစ္စကို ဒီအဘိုးကြီး မိသားစုခေါင်းဆောင်ဆီ သတင်းပို့လိုက်ပါ့မယ်... သူ ကိုယ်တိုင် ဆုံးဖြတ်ပါလိမ့်မယ်..."
ချီထျန်းဟယ်က ကျန်းချဲ့၏ စိုးရိမ်ပူပန်မှုများကို မြင်တွေ့ရသောအခါ အလျင်အမြန် ကတိပေးလိုက်လေသည်။
"ဟုတ်ကဲ့ပါ... ဒါနဲ့... ဒုတိယ အကြီးအကဲ... ကျွန်တော် ယွမ်ဟယ်တောင်ကို ရှင်းလင်းပစ်ဖို့ အစီအစဉ် ချထားပြီးသားပါ... ပြီးတော့ ချီမိသားစုရဲ့ အင်အားစုတွေကို ဒီမှာ နေရာချပေးဖို့ စီစဉ်ထားပါတယ်... အကြီးအကဲ ဘယ်လိုထင်လဲ..."
ကျန်းချဲ့က စကားလမ်းကြောင်းကို မသိမသာ ပြောင်းလဲလိုက်လေသည်။
"ယွမ်ဟယ်တောင်က နင်မင်းသားအိမ်တော် ထောက်ခံထားတဲ့ အင်အားစုလို့ ဒီအဘိုးကြီး မှတ်မိနေပါတယ်..."
ချီထျန်းဟယ်၏ မျက်မှောင်များ အနည်းငယ် ပင့်တက်သွားလေသည်။
"ဟုတ်ပါတယ်... အဲ့ဒီ ယွမ်ဟယ်တောင်ပါပဲ..."
"မင်းက ဘာလို့ အဲ့ဒီနေရာကို သတိထားမိသွားရတာလဲ..."
"အရင်က ကျွန်တော် ရာထူးလာယူတုန်းက... ယွမ်ဟယ်တောင်က ကျွန်တော်နဲ့ ပြဿနာ တက်ခဲ့ဖူးတယ်လေ... အဲ့ဒါကြောင့် အခွင့်ကောင်းယူပြီး ရှင်းလင်းပစ်လိုက်ချင်တာ... နောက်ပြီးတော့ ချီမိသားစုကလည်း အင်အားစုတွေ ချဲ့ထွင်ပြီး ပိုင်ယွဲ့ လူမျိုးစုတွေနဲ့ ကုန်သွယ်ရေး လုပ်ချင်တယ်ဆိုတော့... ဒီနေရာမှာ အခြေချဖို့ လိုအပ်တယ်လေ... ဒါက အလုပ်တစ်ခုတည်းနဲ့ ကိစ္စနှစ်ခု ပြီးမြောက်သွားတာပေါ့..."
"နင်မင်းသားအိမ်တော်က ရင်ဆိုင်ဖို့ သိပ်မလွယ်ဘူးနော်..."
ချီထျန်းဟယ်က မျက်မှောင်ကျုံ့ကာ ဤကိစ္စ၏ ဖြစ်နိုင်ခြေကို စဉ်းစားနေမိလေသည်။
အမှန်တကယ်တော့ ယွဲ့ပြည်နယ်ရှိ အင်အားစု အများအပြားက နင်မင်းသားအိမ်တော်မှ ယွမ်ဟယ်တောင်ကို ထောက်ခံထားကြောင်း သိရှိထားကြပြီး သူတို့၏ အင်အားကလည်း သိပ်မကြီးမားကြောင်း သိထားကြလေသည်။ သို့သော် မည်သူကမျှ သွားရောက် မတိုက်ခိုက်ရခြင်းမှာ ပထမအကြောင်းရင်းက နင်မင်းသားအိမ်တော်က အတော်လေး ရိုးသားပြီး အကျိုးအမြတ် အများကြီး လုယူခြင်း မရှိသောကြောင့် ဖြစ်ပြီး...
ဒုတိယ အကြောင်းရင်းကတော့ နင်မင်းသားအိမ်တော်က တော်ဝင်မိသားစု၏ မျိုးဆက်တစ်ခု ဖြစ်နေသောကြောင့် ပင်။ နယ်နှင်ဒဏ် ပေးခံရသလို ဖြစ်နေပြီး အင်အားက တစ်နေ့တခြား ကျဆင်းလာသော်လည်း တော်ဝင်မိသားစု၏ မျက်နှာပင် ဖြစ်နေသေးရာ အကယ်၍ တကယ်ပဲ တိုက်ခိုက်လိုက်မည် ဆိုပါက နောက်ဆက်တွဲ ပြဿနာများစွာ ဖြစ်ပေါ်လာနိုင်သောကြောင့် ပင်။
အမျိုးမျိုးသော အကြောင်းပြချက်များကြောင့် အင်အားစု အများအပြားက ယွမ်ဟယ်တောင်ကို ရှိနေခွင့် ပြုထားခဲ့ခြင်းပင် ဖြစ်လေသည်။
"ရာထူး စယူတဲ့ အချိန်တုန်းက... လီချန်ကောနဲ့ တွေ့ခဲ့တယ်... သူက ထျန်းနန်မှာ ရှိတဲ့ သိုင်းလောက အင်အားစုတွေကို ရှင်းလင်းပစ်ဖို့ အရိပ်အမြွက် ပေးခဲ့တယ်... ဒါက တကယ့်ကို အမိန့်နာခံပြီး အလုပ်လုပ်တာပါပဲ..."
"လီချန်ကောက မင်းကို ဓားတစ်လက်လို အသုံးချချင်နေတာပဲ..."
ချီထျန်းဟယ်၏ မျက်မှောင်များ ကျုံ့သွားပြီး ဤကိစ္စ၏ အဓိကအချက်ကို တစ်ချက်တည်းဖြင့် မြင်ထိုးဖောက်သွားလေသည်။
"တစ်ခါတစ်လေကျရင်... ဓားကို သေချာ အသုံးမချတတ်ရင်... ကိုယ့်ကိုယ်ကိုယ် ပြန်ရှနိုင်တယ်..."
ကျန်းချဲ့က ပြုံးလျက် ပြောလိုက်လေသည်။
"မင်းမှာ အစီအစဉ် ရှိပြီးသားဆိုရင်လည်း... မင်းဘာသာ ဆုံးဖြတ်ပေါ့... ဒီအဘိုးကြီးက နောက်ကွယ်ကနေ ပံ့ပိုးပေးရုံပါပဲ..."
ချီထျန်းဟယ်က ခေတ္တမျှ စဉ်းစားပြီးနောက် ကျန်းချဲ့၏ အကြံပြုချက်ကို မငြင်းဆန်ခဲ့ချေ။
ထျန်းနန်တွင် အသားစားချင်သည်ဆိုပါက သေချာပေါက် ဓားသုံးရမည်သာ ဖြစ်လေသည်။
နင်မင်းသားအိမ်တော်မှာတော့ အလွယ်ဆုံး ဖိနှိပ်နိုင်မည့် အရာပင် ဖြစ်လေသည်။
"ဒါဆိုရင်... ကျွန်တော် စိတ်အေးရပါပြီ..."
မျက်တောင်တစ်ခတ် အတွင်းမှာပင် ရက်အနည်းငယ် ကြာမြင့်သွားခဲ့လေပြီ။
ထျန်းနန် မြို့ပြင်ရှိ တိုက်ပွဲက ယွဲ့ပြည်နယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ကျန်းချဲ့၏ ကြောက်မက်ဖွယ်ကောင်းသော နာမည်ဆိုးက ယွဲ့ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် အခိုင်အမာ နေရာယူသွားခဲ့ကာ ရေတွက်၍ မရနိုင်သော သိုင်းလောကသားများ၏ ဆွေးနွေးမှုများကို ခံနေရလေသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့်မြေကြီး၏ အရှိန်အဝါကို နားလည်သဘောပေါက်ထားခြင်းကြောင့် လူအများအပြားက သူ့ကို ယွဲ့ပြည်နယ်၏ နံပါတ်တစ် ပါရမီရှင်အဖြစ် သတ်မှတ်ခဲ့ကြလေသည်။
သို့သော် ဤသတ်မှတ်ချက်ကို လူအများစုက လက်မခံကြသေးချေ။
အကြောင်းမှာ ကျန်းချဲ့က အလွန် အစွမ်းထက်ပြီး လဲ့ထင်ကို လွယ်ကူစွာ အနိုင်ယူနိုင်ခဲ့သော်လည်း အခြားသော သိုင်းလောက အင်အားစုများရှိ တပည့်ရင်းများကလည်း အလကား မဟုတ်ချေ။ ဥပမာ - ဓားဂိုဏ်း၊ ထျန်းလုံ ဘုန်းကြီးကျောင်း နှင့် အစွမ်းထက်သော မိသားစုကြီးများ အတွင်းတွင် ပါရမီရှင် လူငယ်များစွာ ရှိနေလေသည်။
ကျန်းချဲ့က တစ်ယောက်ချင်းစီ လိုက်လံ အနိုင်ယူနိုင်မှသာ လူတိုင်း၏ အသိအမှတ်ပြုမှုကို ရရှိနိုင်မည် ဖြစ်လေသည်။
သို့သော် ဤကိစ္စနှင့် ပတ်သက်၍ ကျန်းချဲ့က အနည်းငယ်မျှ စိတ်ဝင်စားမှု မရှိချေ။
သူက လက်တွေ့ကျသော အရာများကိုသာ အာရုံစိုက်လေသည်။ အကယ်၍ တစ်ယောက်ယောက်က သူ လိုအပ်သော ယဇ်ပူဇော်စရာ ပစ္စည်းများကို ထုတ်ပေးမည်ဆိုပါက သူက သေချာပေါက် တိုက်ခိုက်ရန် ဝန်လေးမည် မဟုတ်ချေ။ သို့သော် ဘာမှမရှိဘဲ အကြောင်းမဲ့သက်သက် နာမည် အတုအယောင်လေး တစ်ခုအတွက် အသေအကျေ တိုက်ခိုက်နေရန် မလိုအပ်ချေ။
အမှန်တကယ်တော့ ဤသည်က အင်အားစု အများအပြား၏ တူညီသော အမြင်လည်း ဖြစ်လေသည်။
၎င်းအပြင် အင်အားစု အများအပြား၏ အမြင်တွင် ကျန်းချဲ့က နဂါးကျားတာအိုဂိုဏ်းကို အကြိမ်ကြိမ် အရှက်ကွဲစေခဲ့ပြီး သူတို့၏ မျက်နှာကို ဖျက်ဆီးပစ်ခဲ့ရာ ကျန်းချဲ့၏ လက်ရှိ နာမည်ဆိုးကို မကျေနပ်လျှင်တောင်မှ ရှေ့ထွက်ပြီး စိန်ခေါ်ရန် မလိုအပ်ချေ။
ကျန်းချဲ့က လေထဲမှာ ပေါလောလွင့်နေသော အရာတစ်ခု မဟုတ်ဘဲ မြောက်လင် ချီမိသားစု၏ ကျောထောက်နောက်ခံ ရှိနေလေသည်။ အကြောင်းမဲ့ သက်သက် ရန်ငြိုးဖွဲ့ခြင်းက မိုက်မဲသူများသာ လုပ်ဆောင်မည့် အလုပ် ဖြစ်လေသည်။
သို့သော် မည်သို့ပင်ဖြစ်စေ ကျန်းချဲ့၏ ဤတစ်ကြိမ် နာမည်ကတော့ အမှန်တကယ် ပျံ့နှံ့သွားခဲ့လေပြီ။ ယွဲ့ပြည်နယ်၏ နံပါတ်တစ် နာမည်က အနည်းငယ် ရေရောနေသော်လည်း ထိပ်ဆုံး ငါးယောက် သို့မဟုတ် သုံးယောက် စာရင်းတွင် ပါဝင်နိုင်ကြောင်းကိုမူ လူအများစုက လက်ခံကြလေသည်။
ထိုက်အန်းဒေသနှင့် နီးကပ်နေသော မိသားစု အများအပြားကလည်း ဤကိစ္စအတွက် အလွန် နှမြောနေကြလေသည်။
အလွန် ကောင်းမွန်သော ယွဲ့ပြည်နယ်၏ ပါရမီရှင်တစ်ယောက်က ယွင်ပြည်နယ်က မိသားစုတွေရဲ့ လက်ထဲကို ရောက်သွားခဲ့ရသည် မဟုတ်ပါလော။
ထိုအကြောင်းကြောင့် ချီဆန်းကျားမှာလည်း အနည်းငယ် ထိခိုက်နစ်နာမှုများ ရှိခဲ့လေသည်။
"တပ်မှူးချုပ်... နင်မင်းသားအိမ်တော်က လူတွေ ရောက်နေပါတယ်... သခင်ကြီးနဲ့ မိန်းကလေးချီကို တွေ့ခွင့် တောင်းနေပါတယ်..."
ထိုနေ့တွင် ကျန်းချဲ့က ခယ်မလေးကို ကျီစယ်နေရင်း အသိပညာ အသစ်များကို ရှာဖွေဖော်ထုတ်ရန် ပြင်ဆင်နေစဉ် ရက်အနည်းငယ် ကြာအောင် စောင့်ဆိုင်းနေခဲ့ရသော နင်မင်းသားကတော်က နောက်ဆုံးတွင် ကိုယ်တိုင် လှုပ်ရှားလာပြီး တရားဝင် ဖိတ်စာ ပေးပို့လာလေသည်။
"အို... လာတဲ့သူတွေက ဘယ်သူတွေလဲ..."
ကျန်းချဲ့က ချီနင်ပင်းကို လွှတ်ပေးလိုက်ပြီး မကျေနပ်သော လေသံဖြင့် တံခါးအပြင်ဘက်သို့ ကြည့်ကာ မေးလိုက်လေသည်။
"နင်မင်းသားလေး ဂျီချန်ချင်း... ဝေ့ကျွင်းကျဲ... ပြီးတော့... နင်မင်းသားကတော်ပါ..."
အပြင်ဘက်မှ ရွှီချန်ဟူက တိုးညှင်းစွာ ဖြေကြားလိုက်လေသည်။
"သူတို့ ဘယ်မှာလဲ..."
"ဧည့်ခန်းမဆောင်ထဲကို ခေါ်သွားပါပြီ ခင်ဗျာ..."
"ကောင်းပြီ... ငါ သိပြီ..."
ကျန်းချဲ့က ပေါ့ပေါ့ပါးပါး ဖြေကြားလိုက်လေသည်။
"လူတွေ ရောက်နေပြီဆိုတော့... ရှင် မထွက်သေးဘူးလား..."
ချီနင်ပင်းက မျက်နှာလေး နီရဲသွားပြီး ကျန်းချဲ့၏ လက်ထဲမှ ရုန်းထွက်ကာ ဒေါသတကြီး ကြည့်လိုက်လေသည်။
ချီမိသားစုမှ ထွက်ခွာလာပြီး နောက်ပိုင်းမှသာ ကျန်းချဲ့၏ အစွမ်းအစများကို သူမ တကယ် သိရှိလာခဲ့ရလေသည်။ တစ်နေ့တစ်နေ့ ကျင့်ကြံခြင်းမှလွဲ၍ အသစ်အဆန်းများကို သူမနှင့် အတူတူ သုတေသန ပြုလုပ်နေပြီး သူမကလည်း ကျန်းချဲ့၏ ချော့မော့မှုများကို မလွန်ဆန်နိုင်ခဲ့ချေ။
ယခုအချိန်အထိ ဆိုလျှင် သူမ၏ ခေါင်းထဲတွင် ညစ်ညမ်းသော အတွေးများသာ ပြည့်နှက်နေတော့လေသည်။
"မင်းလည်း ရှိနေသေးတာပဲ... သွားရအောင်... နင်မင်းသားအိမ်တော်က ဘာလုပ်ချင်တာလဲဆိုတာ ကြည့်ရတာပေါ့..."
ကျန်းချဲ့က ခါးပတ်ကို သေချာ ပြန်ပတ်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်လေသည်။
"ကျွန်မ မသွားတော့ဘူး... ဝေ့ မျိုးရိုးက ကောင် ပါနေတယ်ဆိုတော့... သေချာပေါက် ကိစ္စကောင်း မဟုတ်လောက်ဘူး... ရှင်ဘာသာ သွားတွေ့လိုက်တော့..."
ချီနင်ပင်းက ပြောပြီးသည်နှင့် တစ်ပြိုင်နက် အခန်းတံခါးကို ဖွင့်ကာ ပြေးထွက်သွားလေတော့သည်။
"ကျန်း မျိုးရိုးကောင်က တကယ်ကို မောက်မာတာပဲ... ငါ ကိုယ်တိုင် လာတာတောင်မှ... သူ့ကို စောင့်နေရသေးတယ်... ဟွန့်..."
ဂျီချန်ချင်း၏ မျက်နှာက အနည်းငယ် ပျက်ယွင်းနေပြီး ကျန်းချဲ့၏ အေးစက်သော ဆက်ဆံမှုကို ခံစားလိုက်ရသဖြင့် ဒေါသထွက်နေလေသည်။
"ဒီနေရာက မြို့စားအိမ်တော်လေ... နင်မင်းသားအိမ်တော်မှ မဟုတ်တာ... ချန်ချင်း... နံရံမှာ နားတွေ ရှိတယ်နော်..."
နင်မင်းသားကတော်က ဂျီချန်ချင်းကို စိုက်ကြည့်ကာ မျက်နှာပေါ်တွင် အနည်းငယ် မကျေနပ်သော အရိပ်အယောင်များ ပေါ်ထွက်လာလေသည်။
"မြို့စားအိမ်တော် ဖြစ်နေရင်တောင်မှ... သူက ဒီလို အေးစက်စက် ဆက်ဆံလို့ မရဘူးလေ... သားတော်က နင်မင်းသားအိမ်တော်ရဲ့ မင်းသားလေး ဆိုတာ ထားလိုက်ပါတော့... မယ်တော်က ပထမအဆင့် မင်းသားကတော်လေ... သူက အာဏာ ရှိနေရင်တောင်မှ... ဒီလို လုပ်လို့ မရဘူး... တောင်ပိုင်း ကာကွယ်ရေး မြို့စားမင်းတောင်မှ... ငါတို့ နင်မင်းသားအိမ်တော်ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရသေးတာပဲ..."
ဂျီချန်ချင်း၏ စကားမဆုံးမီမှာပင် ရုတ်တရက် အားကောင်းလှသော ဖိအားကြီးတစ်ခုက ခန်းမဆောင် တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားပြီး သူ၏ ရင်ထဲတွင် အလွန်တရာ တုန်လှုပ်သွားလေသည်။ နောက်သို့ လှည့်ကြည့်လိုက်သောအခါ မည်သည့်အချိန် ကတည်းကမှန်းမသိ အထက်ဆုံး နေရာတွင် မတ်မတ်ရပ်နေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရလေသည်။
သူ ပြောနေသော စကားများကလည်း ချက်ချင်း ရပ်တန့်သွားလေတော့သည်။