အခန်း ၂၄၃
Vol. 25 Ch. 243
အခန်း (၂၄၃) မိုက်ရိုင်းလှချည်လား... မင်းက ငါ့ကို ဒီလို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံရဲတယ်ပေါ့
"မင်း စောစောက ဘာပြောလိုက်တာလဲ..."
ကျန်းချဲ့၏ အကြည့်များက ဝေ့ကျွင်းကျဲတို့ သုံးယောက်အပေါ် တစ်ချက်ဝေ့ဝဲကြည့်လိုက်ပြီးနောက် အစောပိုင်းက ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့သော ဂျီချန်ချင်းအပေါ်တွင် ရပ်တန့်သွားလေသည်။
သူ၏ မျက်ဝန်းများ အနည်းငယ် စူးရှသွားပြီး ကြီးမားလှသော ဖိအားကြီးတစ်ခုက ချက်ချင်း လွှမ်းခြုံသွားလေတော့သည်။
ခန်းမဆောင်အတွင်းရှိ လေထုက ချက်ချင်း တင်းမာသွားလေသည်။
ဂျီချန်ချင်းတစ်ယောက် ယခုအချိန်တွင် ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးက သူ့အပေါ်သို့ ဖိကျလာသည့်အလား ခံစားလိုက်ရသည်။
ထိုကြီးမားလှသော ဖိအားကြီးကြောင့် ချက်ချင်း ချွေးစေးများ ပြန်လာကာ ပါးစပ်မှ စကားတစ်ခွန်းပင် ဆက်မပြောနိုင်တော့ချေ။
ယခင်က ဝေ့ကျွင်းကျဲတစ်ယောက် သတ္တိနည်းပြီး ကျန်းချဲ့ကို ကြောက်လန့်နေသည်ဟု သူ ထင်မှတ်ခဲ့သော်လည်း ယခု အနီးကပ် မျက်လုံးချင်း ဆုံလိုက်ရသောအခါမှသာ ကျန်းချဲ့၏ ကိုယ်ပေါ်ရှိ ဖိအားက မည်မျှကြီးမားကြောင်း သူ သိရှိသွားခဲ့လေပြီ။
ဘေးပတ်ဝန်းကျင်တွင် သွေးပင်လယ်ကြီး ဆူပွက်နေပြီး ငရဲပြည်သို့ ရောက်ရှိနေသည့်အလားပင် ခံစားလိုက်ရလေသည်။
ခြေထောက်များပင် အနည်းငယ် ကွေးညွတ်လာလေသည်။
"တပ်မှူးချုပ်ကျန်း ဒေါသမထွက်ပါနဲ့... ချန်ချင်းက စကားမှားသွားလို့ပါ..."
ဂျီချန်ချင်းတစ်ယောက် ကျန်းချဲ့၏ ကြီးမားလှသော ဖိအားအောက်တွင် ဒူးထောက်ကျတော့မည့်အချိန်တွင် မျက်မြင်မရသော စွမ်းအားတစ်ခုက ထိုဖိအားကြီးကို တားဆီးပေးလိုက်လေသည်။
နင်မင်းသားကတော်က လေးနက်သော မျက်နှာထားဖြင့် ဂျီချန်ချင်း၏ ပခုံးကို ဖေးမလိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖန်တီးကာ ရှင်းပြလိုက်လေသည်။
"ဟွန့်..."
အေးစက်သော နှာခေါင်းရှုံ့သံတစ်ချက် ထွက်ပေါ်လာပြီး နင်မင်းသားကတော်က ဘေးပတ်ဝန်းကျင်ရှိ ဖိအားများ ချက်ချင်း ကြီးမားလာသည်ကို ခံစားလိုက်ရသည်။
သူမ၏ ခန္ဓာကိုယ်ပင် အနည်းငယ် နိမ့်ကျသွားပြီး မျက်နှာထားလည်း အလွန် လေးနက်သွားလေသည်။
ဂျီချန်ချင်း၏ အခြေအနေမှာတော့ ပို၍ပင် ဆိုးရွားနေလေပြီ။
မျက်နှာတစ်ခုလုံး နီရဲနေပြီး သွေးကြောများပင် ထောင်ထနေကာ ကျန်းချဲ့၏ ကောင်းကင်နှင့်မြေကြီး အရှိန်အဝါကို အတင်းအကျပ် ခုခံနေရလေသည်။
သို့သော် သူ၏ ကျင့်ကြံမှုက အလွန် အားနည်းလွန်းလှပြီး ရှန်ကွမ်းအဆင့်ကိုပင် မရောက်ရှိသေးရာ ကောင်းကင်နှင့်မြေကြီး အရှိန်အဝါ၏ ဖိနှိပ်မှုကို လုံးဝ ခုခံနိုင်စွမ်း မရှိချေ။
ခန္ဓာကိုယ် ပျော့ခွေသွားပြီး အနောက်ရှိ ကုလားထိုင်ပေါ်သို့ မှီကျသွားကာ လဲကျလုနီးပါးပင် ဖြစ်သွားလေသည်။
နင်မင်းသားကတော်မှာလည်း ပြင်းထန်စွာ ရိုက်ခတ်ခံလိုက်ရသကဲ့သို့ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပေါ်ထွက်လာလေသည်။
အမှန်တကယ်တော့ ကျန်းချဲ့၏ ကြောက်စရာကောင်းပုံကို သူမ အစောကြီးကတည်းက သိထားသော်လည်း ၎င်းမှာ ဘေးမှ စောင့်ကြည့်နေရုံ သက်သက်သာ ဖြစ်ပြီး ယခု ကိုယ်တိုင်ကိုယ်ကျ ခံစားလိုက်ရသောအခါမှသာ ကျန်းချဲ့ကို အထင်သေးခဲ့မိကြောင်း သူမ သိရှိသွားခဲ့လေပြီ။
၎င်းမှာ ဖိအားသက်သက်သာ ရှိသေးသော်လည်း သူမကိုယ်တိုင်ပင် တောင့်ခံထားနိုင်ရန် ခက်ခဲနေလေပြီ။
ဤသည်က သူမကို ပို၍ပင် မယုံကြည်နိုင်အောင် ဖြစ်စေလေသည်။
အကြောင်းမှာ သူမက ချန်ချင်းကဲ့သို့ မွေးရာပါအဆင့် မဟုတ်ဘဲ အစစ်အမှန် ရွှမ်တန်အဆင့် သိုင်းသခင်တစ်ပါး ဖြစ်လေသည်။
ကျင့်ကြံမှု သိပ်မမြင့်မားသော်လည်း အဆုံးတွင်တော့ သိုင်းသခင်တစ်ပါးပင် ဖြစ်လေသည်။
သို့သော် ကျန်းချဲ့၏ အရှေ့တွင် ဤမျှအထိ အားနည်းလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
ဝေ့ကျွင်းကျဲက အင်္ကျီလက်အတွင်းမှ လက်သီးကို တင်းတင်းဆုပ်ထားပြီး ကျန်းချဲ့၏ ရိုင်းစိုင်းမှုကို အော်ဟစ်ဆူပူချင်သော်လည်း ဖိအား၏ အကြွင်းအကျန်များအောက်တွင် မည်သို့မျှ အသံထွက်မလာရဲတော့ချေ။
ခေါင်းငုံ့ကာ တိတ်ဆိတ်နေရန်သာ တတ်နိုင်တော့လေသည်။
ဤကဲ့သို့သော အတွေးမျိုး ဂျီချန်ချင်းတွင်လည်း ရှိနေလေသည်။
သူက နင်မင်းသားအိမ်တော်၏ မင်းသားလေး ဖြစ်လေသည်။
နင်မင်းသားအိမ်တော်က ဘယ်လောက်ပဲ ကျဆင်းနေပါစေ သူက မင်းသားအိမ်တော်၏ မင်းသားလေးပင် ဖြစ်လေသည်။
စတုတ္ထအဆင့် စစ်တပ်အရာရှိတစ်ယောက်က အနိုင်ကျင့်လို့ရသည့် လူမဟုတ်ချေ။
မူလက ဤဂုဏ်ပုဒ်ကို အသုံးပြု၍ ကျန်းချဲ့ ဘယ်လောက်ပဲ မောက်မာနေပါစေ သူ့ကို အနည်းငယ် မျက်နှာသာပေးရမည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ တစ်ဖက်လူက ကိုယ်ထင်ပြလာသည်နှင့် တစ်ပြိုင်နက် သူ့ကို ခြိမ်းခြောက်လာပြီး သူ၏ ရာထူးအဆင့်အတန်းကို အနည်းငယ်မျှ ဂရုမစိုက်သည့်အလားပင်။
သို့သော် သူက ဝေ့ကျွင်းကျဲကဲ့သို့ ကြောက်ရွံ့နေခြင်းမရှိဘဲ ကျန်းချဲ့ကို ဒေါသတကြီး ကြည့်လိုက်လေသည်။
"ကျန်းချဲ့... မင်း ရိုင်းစိုင်းလှချည်လား..."
"ဘုန်း..."
ဂျီချန်ချင်း၏ စကားအဆုံးတွင် သူ ထိုင်နေသော ကုလားထိုင်က ချက်ချင်း ပေါက်ကွဲထွက်သွားပြီး သူတစ်ယောက်လုံးလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ ဒေါသနှင့် ထိတ်လန့်မှုများ ရောယှက်နေသော မျက်နှာထားဖြင့် ကျန်းချဲ့ကို ကြည့်လိုက်လေသည်။
'ကျန်းချဲ့က ငါ့ကို တကယ်ပဲ သတ်ရဲသလား...'
ကျန်းချဲ့က သေချာပေါက် သတ်မည်မဟုတ်ချေ။ အနည်းဆုံးတော့ အပြင်ပန်းတွင် မသတ်နိုင်ချေ။
သို့သော် သင်ခန်းစာ အနည်းငယ်ပေးရန်ကတော့ ပြဿနာ မရှိချေ။
အားကောင်းလှသော ဖိအားကြီးက ဂျီချန်ချင်းကို တိုက်ရိုက် ဖိချလိုက်ရာ သွေးတစ်ပွက် အန်ချလိုက်ရလေသည်။
"တပ်မှူးချုပ်ကျန်း... လက်လွန်သွားပြီနော်..."
နင်မင်းသားကတော်က ဂျီချန်ချင်း၏ အရှေ့သို့ လျင်မြန်စွာ နေရာရွှေ့ပြောင်းသွားပြီး လေးနက်သော မျက်နှာထားဖြင့် တားဆီးလိုက်လေသည်။
"ဒီနေရာက နင်မင်းသားအိမ်တော် မဟုတ်ဘူး... နောက်ထပ် ရိုင်းရိုင်းစိုင်းစိုင်း ပြောနေသေးရင်... မင်းကို သိုင်းပညာ ဖျက်ဆီးပစ်မယ်..."
ကျန်းချဲ့က ဂျီချန်ချင်းကို အေးစက်စက် ကြည့်လိုက်လေသည်။
"မင်း..."
ဂျီချန်ချင်း၏ မျက်နှာက အစိမ်းတစ်လှည့် အဖြူတစ်လှည့် ဖြစ်သွားပြီး အလွန်တရာ အရှက်ကွဲနေသလို ခံစားရလေသည်။
သူက ဂုဏ်သိက္ခာ ကြီးမားလှသော နင်မင်းသားအိမ်တော်၏ မင်းသားလေးပင်။
ကျန်းချဲ့က သူ့ကို သိုင်းပညာ ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ရဲသည်တဲ့လား။
မလုပ်ရဲဘူးလားဆိုတာ မေးကြည့်ရန် ချက်ချင်း မတ်တတ်ရပ်လိုက်ချင်လေသည်။
သို့သော် ကျန်းချဲ့၏ အေးစက်သော အကြည့်ကို မြင်လိုက်ရသောအခါ ဂျီချန်ချင်း၏ နှုတ်ခမ်းဖျားသို့ ရောက်နေသော စကားများက ချက်ချင်း ရပ်တန့်သွားလေသည်။
'သူ တကယ်ပဲ လုပ်ရဲလောက်တယ်...'
"တော်လောက်ပြီ... ချန်ချင်း မင်း အရင် ထွက်သွားတော့..."
နင်မင်းသားကတော်က လေးနက်သော အသံဖြင့် တားမြစ်လိုက်ပြီး ဂျီချန်ချင်းကို ကျန်းချဲ့အား ဆက်လက် မဆွပေးရန် တားဆီးလိုက်လေသည်။
"ဟွန့်..."
ဂျီချန်ချင်းက လှေကားထစ် ရသွားသည်နှင့် ချက်ချင်း အင်္ကျီလက်ကို ခါကာ ထွက်ခွာသွားလေသည်။
သို့သော် ရင်ထဲတွင် မွန်းကြပ်နေသော ဒေါသများကတော့ ဘယ်လိုမှ ဖိနှိပ်ထား၍ မရနိုင်တော့ချေ။
သူ မွေးဖွားလာကတည်းက မည်သူကမျှ သူ့ကို ဤမျှအထိ အထင်သေးစော်ကားခြင်း မရှိခဲ့ဖူးချေ။
ဝေ့ကျွင်းကျဲကလည်း ပါးစပ်ဟကာ ဤနေရာတွင် ဆက်လက် ထိုင်နေရန် အနေရခက်သွားသဖြင့် ကျန်းချဲ့ကို အရိုအသေပေးကာ နှုတ်ဆက်ပြီးနောက် လျင်မြန်စွာ ဂျီချန်ချင်း၏ အနောက်သို့ လိုက်ကာ ဧည့်ခန်းမဆောင် အပြင်ဘက်သို့ ထွက်သွားလေတော့သည်။
"သောက်ကျိုးနည်း... သူ ဘယ်လိုလုပ် ရဲတာလဲ... သူ ဘယ်လိုလုပ် ရဲရတာလဲ..."
ဧည့်ခန်းမဆောင် အပြင်ဘက်တွင် ဂျီချန်ချင်းက ဝေ့ကျွင်းကျဲ၏ လက်ကို ပုတ်ချလိုက်ပြီး တိုးညှင်းစွာ ဒေါသတကြီး အော်ဟစ်နေလေသည်။
အကယ်၍ ဤနေရာတွင်သာ မင်းသားအိမ်တော်၏ အစွမ်းထက် သိုင်းပညာရှင်များ ရှိနေမည်ဆိုပါက သူက ချက်ချင်း တိုက်ခိုက်ရန် အမိန့်ပေးလိုက်ပြီ ဖြစ်လေသည်။
ကျန်းချဲ့ကို ဖိနှိပ်ချေမှုန်းရုံ သာမက သူ့ကို ခေါင်းငုံ့တောင်းပန်စေရန် လုပ်ဆောင်မည် ဖြစ်ပြီး ယခုကဲ့သို့ မျက်နှာငယ်လေးနှင့် ထွက်သွားစေမည် မဟုတ်ချေ။
"ချန်ချင်း... ခဏတာ အခက်အခဲလေးက ဘာမှ မဟုတ်ပါဘူး... ဒါလေးကြောင့် မဖြစ်သင့်တဲ့ အတွေးတွေ မဝင်သွားစေနဲ့နော်... ဒီနေရာက အဆုံးမှာတော့ သူ့ရဲ့ နယ်မြေပဲလေ..."
ဝေ့ကျွင်းကျဲက အသံလွှင့်၍ ပြောလိုက်လေသည်။
"သူက တကယ်ပဲ မင်းသားတစ်ပါးကို သတ်ရဲလို့လား..."
"သူ တကယ်ပဲ ရဲရင်ကော ဘယ်လိုလုပ်မလဲ..."
"ဟွန့်... ဒီနေ့ ရန်ငြိုးကို... ငါ သေချာ မှတ်ထားမယ်..."
ဂျီချန်ချင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။
သို့သော် မြို့စားအိမ်တော် အတွင်းတွင် ကြီးကျယ်သော စကားများ မပြောရဲချေ။
ရင်ထဲတွင် ဒေါသများ အထွတ်အထိပ်သို့ ရောက်နေသော်လည်း သူတွင် အသိဉာဏ် ရှိနေသေးပြီး အခြေအနေကို ကောင်းစွာ နားလည်ပေသည်။
"ဟူး... ချန်ချင်း..."
ဧည့်ခန်းမဆောင် အတွင်း၌ ဂျီချန်ချင်း ထွက်သွားပြီးနောက် ကျန်းချဲ့၏ ကိုယ်ပေါ်ရှိ ဖိအားများကလည်း ဖြည်းညင်းစွာ ပျောက်ကွယ်သွားပြီး ယခင်ကကဲ့သို့ ကြီးမားလှသော ဖိအားကြီး မရှိတော့ချေ။
ကျန်းချဲ့က အစကတည်းက နင်မင်းသားအိမ်တော်မှ လူများကို အစပျိုးအနေဖြင့် ဖိအားပေးရခြင်းမှာ တစ်ချက်က သူက တကယ်ပဲ နင်မင်းသားအိမ်တော်ကို ဂရုမစိုက်သောကြောင့် ဖြစ်ပြီး ဒုတိယအချက်ကတော့ ယခင် မြို့တံခါးဝတွင် တားဆီးခံခဲ့ရခြင်းအတွက် လက်စားချေလိုက်ခြင်းပင် ဖြစ်လေသည်။
"တပ်မှူးချုပ်ကျန်း... ကလေးတစ်ယောက်နဲ့ အတူတူ သဘောထား သေးသိမ်မနေပါနဲ့..."
နင်မင်းသားကတော်က တိတ်ဆိတ်မှုကို ချိုးဖျက်ကာ ရုတ်တရက် ပြောလိုက်လေသည်။
"ကလေး ဟုတ်လား... ဒါဆိုရင် မင်းသားကတော်က ပြောကြည့်ပါဦး... အဲ့ဒီ မင်းသားလေးရဲ့ အသက်က ဘယ်လောက် ရှိပြီလဲ..."
ကျန်းချဲ့က ထိုင်ခုံတွင် မှီထိုင်လိုက်ပြီး အရှေ့ရှိ လှပသော အမျိုးသမီးကြီးကို တည်ငြိမ်စွာ အကဲခတ်လိုက်လေသည်။
"ငါ ဒီကိုလာတာက... တပ်မှူးချုပ်ကျန်းနဲ့ မိတ်ဆွေဖွဲ့ချင်လို့ပါ... ရန်ငြိုးဖွဲ့ချင်လို့ မဟုတ်ပါဘူး..."
နင်မင်းသားကတော်၏ မျက်မှောင်များ အနည်းငယ် ကျုံ့သွားပြီး စကားလမ်းကြောင်း လွှဲလိုက်လေသည်။
မည်သို့ပင်ဆိုစေ ဂျီချန်ချင်း၏ အသက်က ကျန်းချဲ့ထက် တစ်နှစ် နှစ်နှစ်ခန့် ပိုကြီးနေသေးရာ ကလေးဟု ခေါ်ဆိုရန် တကယ်ကို မသင့်တော်ချေ။
သို့သော် ကျန်းချဲ့ကလည်း တကယ်ကို လွန်လွန်းအားကြီးလေသည်။
ပါးစပ်မှ မကျေနပ်သော စကား အနည်းငယ်ပြောရုံသာ ရှိသေးသော်လည်း ချက်ချင်း တိုက်ခိုက်ပြီး ဖိအားပေးကာ အလွန်တရာ မောက်မာဝင့်ကြွားလွန်းလှပေသည်။
"မင်းရဲ့ ရည်ရွယ်ချက်ကို ပြော..."
ကျန်းချဲ့၏ လေသံက တည်ငြိမ်နေဆဲပင် ဖြစ်လေသည်။
"တပ်မှူးချုပ်ကျန်း... ငါက နင်မင်းသားကတော်ပါ... ပထမအဆင့် မင်းသားကတော်လေ... မင်း ဒီလို ခေါ်ဝေါ်ဆက်ဆံတာ... နည်းနည်း ရိုင်းစိုင်းလွန်းတယ်လို့ မထင်ဘူးလား..."
နင်မင်းသားကတော်က ကျန်းချဲ့ကို စူးစိုက်ကြည့်ကာ စကားလုံး တစ်လုံးချင်းစီ ပီသစွာ ပြောလိုက်လေသည်။
ဂျီချန်ချင်း ပြောခဲ့သကဲ့သို့ပင် သူမ၏ ရာထူးအဆင့်အတန်းအရဆိုလျှင် တောင်ပိုင်းကာကွယ်ရေး မြို့စားမင်း လီချန်ကော တွေ့လျှင်တောင်မှ အလွန် ယဉ်ကျေးစွာ ဆက်ဆံရမည် ဖြစ်သော်လည်း ကျန်းချဲ့က သူမကို ရည်ရွယ်ချက်ပြောရန် တိုက်ရိုက် ခိုင်းစေနေလေသည်။
အနည်းငယ်မျှ လေးစားမှု မရှိသည့်အလားပင်။
"ဟားဟား... လေးစားမှုဆိုတာ အပြန်အလှန်ပါပဲ... နင်မင်းသားအိမ်တော်က အရင်က ငါနဲ့ ကောင်းမိသားစု ကြားမှာ ရန်ငြိုးဖြစ်အောင် တမင်တကာ သွေးထိုးခဲ့တယ်... ခုနကလည်း ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုသေးတယ်... မင်းသားကတော်ကများ ကျုပ်ကို ရွှံ့ရုပ်လေးတစ်ရုပ်လို့ တကယ်ပဲ ထင်နေတာလား..."
ကျန်းချဲ့၏ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွားပြီး အနည်းငယ် လှောင်ပြောင်လိုသည့် အမူအရာ ပေါ်ထွက်လာလေသည်။
"ဒီနေ့မှပဲ တပ်မှူးချုပ်ကျန်းရဲ့ မာနကို ငါ ကောင်းကောင်း သိသွားပါပြီ..."
နင်မင်းသားကတော်က ကျန်းချဲ့ကို ဆယ်စက္ကန့်ခန့် စူးစိုက်ကြည့်နေပြီးနောက် အဆုံးတွင်တော့ အခြားစကားများ မပြောထွက်တော့ချေ။
"လူအနည်းငယ် တကူးတက လာတာ... ကျုပ်ကို စည်းကမ်း လာသင်ပေးတာလား..."
"သေချာပေါက် မဟုတ်ပါဘူး... ငါ ဒီကိုလာတာ ကိစ္စနှစ်ခု ရှိပါတယ်..."
နင်မင်းသားကတော်က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ရင်ထဲရှိ ကျန်းချဲ့အပေါ် မကျေနပ်မှုများကို ဖိနှိပ်ထားလိုက်ကာ နှစ်ပေါင်းများစွာ လေ့ကျင့်ထားသော ကိုယ်ကျင့်တရားများဖြင့် မျက်နှာပေါ်တွင် အပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးလိုက်လေသည်။
"ပြော..."
"ပထမ တစ်ခုကတော့... တပ်မှူးချုပ်ကျန်းက ကူညီပြီး... ငါ့ကို မိန်းကလေးချီနဲ့ တွေ့ခွင့်ပေးပါ... သူ့ကို ပြောစရာ စကားနည်းနည်း ရှိလို့ပါ..."
"ဘာစကားလဲ..."
"ငါက မိန်းကလေးချီနဲ့ လူချင်းတွေ့ပြီး ပြောချင်လို့ပါ..."
"နင်ပင်းမှာ အချိန်သိပ်မရှိဘူး... မင်း ပြောစရာ ရှိရင် တိုက်ရိုက် ပြောလိုက်ပါ... ငါ ပြန်ပြောပြ ပေးပါ့မယ်..."
ကျန်းချဲ့၏ မျက်နှာပေါ်တွင် အနည်းငယ် စိတ်မရှည်သော အရိပ်အယောင်များ ပေါ်ထွက်လာလေသည်။
"ဒါဆိုလည်း ပြီးရောလေ... ငါ လာရတဲ့ အကြောင်းရင်းက... မိန်းကလေးချီ အနေနဲ့ ဝေ့ယင်းကျဲရဲ့ ကိစ္စကြောင့် ကျွင်းကျဲကို အငြိုးမထားဖို့ မျှော်လင့်လို့ပါ... သူက အပြစ်ကင်းပါတယ်... စေ့စပ်ပွဲ ပျက်သွားတဲ့အတွက်... ကျွင်းကျဲလည်း ဝေ့မိသားစုရဲ့ သခင်လေး နေရာကနေ ဖယ်ရှားခံလိုက်ရတယ်..."
"စေ့စပ်ပွဲကို ပြန်လည် အသက်သွင်းနိုင်မှသာ... သူ့နေရာကို ပြန်ရနိုင်မှာပါ... ဒါကြောင့်... ငါက မိန်းကလေးချီနဲ့ ကျွင်းကျဲတို့ ပြန်ပြီး လက်ထပ်နိုင်ဖို့ မျှော်လင့်ပါတယ်... နောက်ပိုင်းကျရင်... သူက ဝေ့မိသားစုရဲ့ သခင်မလေး ဖြစ်လာမှာပါ... ဒီအချက်ကို ငါ အာမခံပါတယ်..."
"ဒါ့အပြင်... မိန်းကလေးချီ ဘက်က ဘာ တောင်းဆိုချက်တွေပဲ ရှိရှိ... ငါက အစွမ်းကုန် ဖြည့်ဆည်းပေးပါ့မယ်... ချီမိသားစုနဲ့ ဝေ့မိသားစု ဆက်ပြီး မိတ်ဆွေ ဖြစ်နေဖို့ပဲ မျှော်လင့်ပါတယ်..."
နင်မင်းသားကတော်က ရေပက်မဝင်အောင် ရှင်းပြကာ စေ့စပ်ပွဲ ကိစ္စကို ပြန်လည် အစပျိုးလိုက်လေသည်။
"ဒီကိစ္စ... မဖြစ်နိုင်ဘူး..."
တစ်ဖက်လူ စကားမဆုံးမီမှာပင် ကျန်းချဲ့က တိုက်ရိုက် ငြင်းဆန်လိုက်လေသည်။
"ဘာဖြစ်လို့လဲ..."
"အကြောင်းပြချက် မရှိဘူး... နင်ပင်း မကြိုက်ရင်... စေ့စပ်ပွဲက သူ့ကို ချည်နှောင်ထားလို့ မရဘူး... တကယ်လို့ မင်းသားကတော်က ဒီကိစ္စအတွက် လာတာဆိုရင်... ကျုပ်က မင်းသားကတော်ကို ပြန်လွှတ်ရုံပဲ ရှိတော့မှာပါ..."
ကျန်းချဲ့က အေးစက်စွာ ပြောလိုက်လေသည်။
"တပ်မှူးချုပ်ကျန်း... ဒီကိစ္စက အကျိုးအမြတ် သုံးမျိုး ရှိတယ်နော်... မင်းက ချီမိသားစုရဲ့ အစ်မကြီးနဲ့ စေ့စပ်ထားပြီး... တကယ်လို့ ကျွင်းကျဲနဲ့ မိန်းကလေးချီတို့လည်း စေ့စပ်လိုက်မယ်ဆိုရင်... နောက်ပိုင်း ထျန်းနန်မှာ သာမက... ယွဲ့ပြည်နယ် တစ်ခုလုံးမှာပါ..."
"ဝေ့မိသားစုက မင်းကို အများကြီး ကူညီပေးနိုင်မှာပါ... ဒါ့အပြင်... နင်မင်းသားအိမ်တော်ကလည်း မင်းကို ကူညီပေးမှာပါ... ချီ ဝေ့ နင်မင်းသားအိမ်တော်... ပြီးတော့ တပ်မှူးချုပ်ကျန်းပါ ပေါင်းလိုက်မယ်ဆိုရင်... ဒီလို ပူးပေါင်းလိုက်တာနဲ့တင် ထျန်းနန်မှာ ကြီးကျယ်တဲ့ အလုပ်တွေ လုပ်နိုင်မှာပါ... ဘာလို့ ငြင်းရတာလဲ..."
နင်မင်းသားကတော်၏ အမြင်တွင် ဤသည်က ကျန်းချဲ့အတွက်လည်း အကျိုးရှိလေသည်။
မည်သို့ပင်ဆိုစေ ကျန်းချဲ့က ဝေ့ကျွင်းကျဲနှင့် မိတ်ဆွေဖွဲ့လိုက်ပြီး နင်မင်းသားအိမ်တော်ပါ ပေါင်းထည့်လိုက်မည်ဆိုပါက သူ၏ အင်အားက အကြီးအကျယ် တိုးတက်လာမည်မှာ အသေအချာပင်။
"အကြောင်းရင်းက အရမ်း ရိုးရှင်းပါတယ်... ဝေ့ကျွင်းကျဲက အသုံးမကျတဲ့ အမှိုက်တစ်ကောင်မို့ နင်ပင်းနဲ့ မတန်လို့ပဲ..."
မိမိ၏ မိန်းမ ဖြစ်နေပြီဆိုမှတော့ ကျန်းချဲ့က ဤအရာများကို ဘယ်လိုလုပ်ပြီး မျက်စိကျနေမည်နည်း။
သူ့အတွက် နင်မင်းသားအိမ်တော်ဆိုသည်မှာ ပျက်စီးနေသော မိသားစုတစ်ခုသာ ဖြစ်လေသည်။
တော်ဝင်မိသားစု၏ အရှိန်အဝါ အနည်းငယ်ကို အားကိုးနေရုံဖြင့်သာ ယွဲ့ပြည်နယ်တွင် ရပ်တည်နေနိုင်ခြင်း ဖြစ်ပြီး ဟန်ဆောင်ပေါင်းသင်းနေရန် လုံးဝ မလိုအပ်ချေ။
နင်မင်းသားကတော်၏ မျက်နှာက အုံ့မှိုင်းသွားလေသည်။
"တပ်မှူးချုပ်ကျန်း... စကားပြောတာ နည်းနည်း လွန်သွားပြီ ထင်တယ်... ကျွင်းကျဲက မင်းလိုမျိုး ပါရမီ မမြင့်မားတာ မှန်ပေမဲ့... ယွဲ့ပြည်နယ် တစ်ခုလုံးမှာ သူ့ကို ယှဉ်နိုင်တဲ့လူ ဘယ်နှယောက်များ ရှိလို့လဲ... ပြီးတော့ ဝေ့မိသားစုရဲ့ ထောက်ပံ့မှု ပါ ရှိနေသေးတယ်လေ... နောက်ပိုင်းကျရင် တပ်မှူးချုပ်ကျန်းထက် ညံ့ချင်မှ ညံ့မှာပါ..."
ဝေ့ကျွင်းကျဲက သူမ၏ တူတော်မောင် ဖြစ်ပြီး သူမကိုယ်တိုင်လည်း ဝေ့မိသားစု၏ သမီးအရင်းတစ်ယောက် ဖြစ်လေသည်။
ကျန်းချဲ့က ဝေ့မိသားစုနှင့် ဝေ့ကျွင်းကျဲကို ဤမျှအထိ အထင်သေးနေသည်ကို သူမ ဘယ်လိုလုပ်ပြီး သည်းခံနိုင်မည်နည်း။
မျက်နှာပေါ်တွင်လည်း အလွန် မကျေနပ်သော အရိပ်အယောင်များ ပေါ်ထွက်နေလေသည်။
"ဒါက ငါ့ရဲ့ အဖြေပဲ... ပြီးတော့ နင်ပင်းရဲ့ အဖြေလည်း ဖြစ်တယ်... နောက်ပိုင်း နင်ပင်းကို ဘယ်သူမှ လာမနှောင့်ယှက်ဖို့ မျှော်လင့်ပါတယ်... မဟုတ်ရင် နောက်ဆက်တွဲ ပြဿနာတွေကို ကိုယ့်ဘာသာ တာဝန်ယူရလိမ့်မယ်..."
ကျန်းချဲ့က လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
"တပ်မှူးချုပ်ကျန်း... မင်းက ကိုယ့်ကိုယ်ကိုယ် အရမ်း ယုံကြည်လွန်းနေတယ် ထင်တယ်..."
နင်မင်းသားကတော်က ကျန်းချဲ့ကို ကြည့်ရင်း မျက်နှာထားက ပိုမို ဆိုးရွားလာလေသည်။
ကျန်းချဲ့၏ ပါရမီက မဆိုးဘဲ ချီမိသားစု၏ ထောက်ပံ့မှုလည်း ရှိနေသည်ကို သူမ ဝန်ခံသော်လည်း ဤမျှအထိ မောက်မာဝင့်ကြွားနေပြီး ဝေ့မိသားစုကိုပင် အထင်မကြီးဘဲ နေခြင်းက ကျန်းချဲ့မှာ အမြင်ကျဉ်းလွန်းသည်ဟု သူမ ထင်မှတ်နေမိလေသည်။
ဤကဲ့သို့သော အကျိုးအမြတ်မျိုးကိုပင် ငြင်းဆန်ရဲသည်တဲ့လား။
"နောက်ထပ် ကိစ္စတစ်ခုက ဘာလဲ..."
ကျန်းချဲ့က တစ်ဖက်လူနှင့် ဆက်လက်၍ အချေအတင် ပြောဆိုနေရန် စိတ်မရှည်တော့ချေ။
မည်သို့ပင်ဖြစ်စေ ယွမ်ဟယ်တောင် ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် သူနှင့် နင်မင်းသားအိမ်တော်တို့ သေခန်းပြတ် ရန်သူ ဖြစ်သွားမည်မှာ အသေအချာပင်။
နင်မင်းသားကတော်က ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက်...
"ပထမကိစ္စကိုတောင်မှ တပ်မှူးချုပ်ကျန်းက ဒီလို သဘောထားမျိုး ပြနေပြီဆိုတော့... ဒုတိယကိစ္စက ပြောဖို့ မလိုတော့ဘူး ထင်ပါတယ်... မူလက ငါ တွေးထားတာက... တပ်မှူးချုပ်ကျန်းက အခုမှ ရာထူးစယူတာဆိုတော့... အခြေခံ မခိုင်မာသေးဘူးလေ..."
"နင်မင်းသားအိမ်တော်က နည်းနည်းပါးပါး ကူညီပေးမလို့ပါ... ဒါပေမဲ့ အခု ကြည့်ရတာ... ထားလိုက်ပါတော့... တပ်မှူးချုပ်ကျန်းရဲ့ လေသံက ဒီလောက် ကြီးနေမှတော့... တကယ်ပဲ စွမ်းရည်တွေ ရှိနေလို့ နေမှာပေါ့..."
"နင်မင်းသားအိမ်တော် ဟုတ်လား... ဟားဟားဟား..."
ကျန်းချဲ့က ရုတ်တရက် ရယ်မောလိုက်လေသည်။
"ဘာရယ်တာလဲ..."
"နင်မင်းသားအိမ်တော် ဆိုတာ နာမည်ခံသက်သက် ပျက်စီးနေတဲ့ အိမ်တော်တစ်ခုပဲလေ... တော်ဝင်မိသားစုရဲ့ အရှိန်အဝါကို အားကိုးပြီး... တခြား အင်အားစုတွေက မင်းတို့ကို မျက်နှာသာ ပေးနေရတာ... ဘယ်လိုလဲ မင်း တကယ်ပဲ နင်မင်းသားအိမ်တော်ကို အရမ်း အစွမ်းထက်တယ်လို့ ထင်နေတာလား..."
"ငါ့ကို ကူညီမယ် ဟုတ်လား... မင်းသားကတော်က ငါ့ရဲ့ အာဏာကို အသုံးချချင်နေတာပဲ ဖြစ်မှာပါ... ငါ့ကို ကူညီဖို့ ဘာစွမ်းရည်တွေများ ရှိနေလို့လဲ..."
"မင်း..."
နင်မင်းသားကတော်၏ မျက်နှာက အဆက်မပြတ် ပြောင်းလဲနေပြီး အစိမ်းတစ်လှည့် အဖြူတစ်လှည့် ဖြစ်နေလေသည်။
"တပ်မှူးချုပ်ကျန်း... စကားပြောတာ သတိထားဦးနော်..."
"ဘာလဲ... မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား..."
ကျန်းချဲ့၏ ခန္ဓာကိုယ်က ချက်ချင်း နေရာရွှေ့ပြောင်းသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် နင်မင်းသားကတော်၏ အရှေ့သို့ ရောက်ရှိသွားကာ တောင်ကြီးတစ်တောင် ပြိုကျလာသည့်အလား ပင်လယ်ပြင်ကြီး ဆူပွက်လာသည့်အလား ကြီးမားလှသော ဖိအားကြီးက နင်မင်းသားကတော်၏ ကိုယ်ပေါ်သို့ အပြည့်အဝ ကျရောက်သွားလေသည်။
ချက်ချင်းပင် တစ်ဖက်လူကို မတ်တတ်မရပ်နိုင်အောင် ဖိနှိပ်လိုက်လေသည်။
"မင်း... မင်း ရိုင်းစိုင်းလိုက်တာ... ငါက တော်ဝင်အစိုးရရဲ့ ပထမအဆင့် မင်းသားကတော်လေ... မျိုးရိုးစဉ်ဆက် နင်မင်းသားကတော်ပါ... မင်း ဘယ်လိုလုပ်ပြီး ဒီလောက် ရိုင်းစိုင်းရတာလဲ..."
နင်မင်းသားကတော်၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး ကျန်းချဲ့ကို ဒေါသတကြီး ကြည့်လိုက်လေသည်။
ယခင်က ကျန်းချဲ့၏ မောက်မာဝင့်ကြွားမှုကို မြင်တွေ့ခဲ့ရသော်လည်း ကျန်းချဲ့က သူမကို တိုက်ရိုက် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။
နင်မင်းသားအိမ်တော်ကို လုံးဝ မျက်လုံးထဲ မထည့်သည့်အလားပင်။
ကျန်းချဲ့က နင်မင်းသားကတော်ကို အထက်စီးမှနေ၍ ငုံ့ကြည့်ကာ လက်ကို ရုတ်တရက် လှုပ်ရှားလိုက်ပြီး သူမ၏ လည်ပင်းကို တိုက်ရိုက် ဖမ်းဆုပ်လိုက်လေသည်။
အလင်းတန်းများက မျက်တောင်တစ်ခတ် အတွင်းမှာပင် တစ်ဖက်လူ၏ အမြုတေကို ပိတ်လှောင်ပစ်လိုက်ပြီး နင်မင်းသားကတော်ကို လေထဲသို့ ဆွဲမလိုက်လေသည်။
"ရိုင်းစိုင်းတော့ကော... မင်းက ဘာလုပ်နိုင်မှာလဲ..."
ကျန်းချဲ့က သူမကို ဆွဲမထားလျက် အေးစက်စက် ပြောလိုက်လေသည်။
"မင်း... မင်း ဘာလုပ်ချင်တာလဲ..."
နင်မင်းသားကတော်၏ လှပသော မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး ကျန်းချဲ့က သူမအပေါ် မကောင်းသော အကြံအစည်များ ရှိနေမည်ကို အလွန် ကြောက်ရွံ့နေလေသည်။
"မင်းသားကတော်က ကျုပ်ကို ဘာလုပ်စေချင်လို့လဲ..."
"ငါ့ကို လွှတ်ပေးစမ်း... မင်း ရိုင်းစိုင်းလွန်းတယ်..."
နင်မင်းသားကတော်က ပြန်လည် တိုက်ခိုက်ရန် ကြိုးစားလိုက်သော်လည်း ယခုအချိန်တွင် ကျန်းချဲ့၏ ဖိနှိပ်မှုအောက်၌ သူမ၏ ကိုယ်ပိုင် စွမ်းအားများကို လုံးဝ အသုံးချ၍ မရနိုင်ကြောင်း တွေ့လိုက်ရသဖြင့် ဒေါသတကြီး အော်ဟစ်နေရန်သာ တတ်နိုင်တော့လေသည်။
"ဟွန့်..."
ကျန်းချဲ့က နင်မင်းသားကတော်ကို မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး အေးစက်သော မျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။
"နောက်ပိုင်း ကျုပ်ရှေ့မှာ နင်မင်းသားကတော် ဆိုတာတွေ လာမပြောနဲ့... နာမည်ခံသက်သက် ပျက်စီးနေတဲ့ မိသားစုတစ်ခုက... ဒီနေရာမှာ လာပြီး ငါ့ကို လက်ညှိုးလာထိုးနေစရာ မလိုဘူး... နားလည်လား..."
"ကျန်းချဲ့... မင်း... အဲ့ဒီလောက်တောင် ရိုင်းစိုင်းရဲတယ်ပေါ့... ငါက တော်ဝင်အစိုးရဆီ သတင်းပို့ပြီး... မင်းကို အထက်လူကြီးကို မလေးစားတဲ့ အပြစ်နဲ့ အရေးယူခိုင်းမယ်..."
နင်မင်းသားကတော်က ဒေါသထွက်လွန်း၍ လက်များပင် တုန်ယင်နေပြီး မျက်ဝန်းများထဲတွင် ထိတ်လန့်မှုနှင့် ဒေါသများ ရောယှက်နေလေသည်။
"အတော်ပဲ... ကျုပ်ကလည်း တော်ဝင်အစိုးရဆီ သတင်းပို့ချင်နေတာ... နင်မင်းသားအိမ်တော်က နှစ်ပေါင်းများစွာ ချင်းထျန်းဂိုဏ်းနဲ့ ပူးပေါင်းပြီး... ပိုင်ယွဲ့ လူမျိုးစုတွေနဲ့လည်း အဆက်အသွယ် ရှိနေတယ်... ကိုယ်ပိုင် နိုင်ငံတည်ထောင်ပြီး... စစ်တပ်အင်အား တည်ဆောက်ဖို့ ကြံစည်နေတယ်ဆိုတဲ့ အကြောင်းကို သတင်းပို့ရမယ်..."
ကျန်းချဲ့က လှောင်ပြောင်ရယ်မောလိုက်လေသည်။
အကယ်၍ နင်မင်းသားကတော်က စေ့စပ်ပွဲ ကိစ္စကိုသာ မပြောခဲ့လျှင် ကျန်းချဲ့အနေဖြင့် ဤမျှအထိ တုံ့ပြန်မည် မဟုတ်ချေ။
သို့သော် တစ်ဖက်လူက သူ့ကို တကယ်ပဲ အထင်သေးစော်ကားလွန်းပြီး အထက်စီးမှနေ၍ ဆက်ဆံလိုသည့် ပုံစံမျိုး ပြသနေလေသည်။
'နင်မင်းသားအိမ်တော်... အဲ့ဒီလို ဆက်ဆံဖို့ ထိုက်တန်လို့လား...'
"မင်း... မင်း လျှောက်ပြောနေတာပဲ..."
နင်မင်းသားကတော်၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပေါ်ထွက်လာပြီး ကျန်းချဲ့က နင်မင်းသားအိမ်တော်နှင့် ပိုင်ယွဲ့ လူမျိုးစုတို့ ဆက်သွယ်နေသည့် ကိစ္စကို သိရှိနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
ဤကိစ္စကိုသာ အထက်သို့ သတင်းပို့လိုက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့လျှင် လုံးဝ ပြီးဆုံးသွားပြီပင်။
နင်မင်းသားကတော်၏ ထိတ်လန့်နေသော မျက်နှာကို ကြည့်ရင်း ကျန်းချဲ့၏ ရင်ထဲတွင် အတွေးတစ်ချက် ဖြတ်သန်းသွားလေသည်။
'ဒါဆိုရင်... ငါ ခန့်မှန်းတာ မှန်သွားပြီပေါ့...'
"လျှောက်ပြောတာလား... မဟုတ်ဘူးလားဆိုတာ... မင်းသားကတော် ကိုယ်တိုင် အသိဆုံး ဖြစ်မှာပါ... ဟားဟား..."
"ငါ မင်း ဘာပြောနေတာလဲဆိုတာ နားမလည်ဘူး... ဟွန့်..."
နင်မင်းသားကတော်၏ မျက်ဝန်းများက အဆက်မပြတ် တုန်လှုပ်နေပြီး ကျန်းချဲ့က သူမကို တမင်တကာ ခြောက်လှန့်နေခြင်းလား ဆိုတာကိုပင် သေချာ မခန့်မှန်းနိုင်တော့ချေ။
"ဟုတ်လား... ဒါဆိုရင်လည်း... ဒီသတင်းပို့စာ နှစ်စောင်ကို အထက်ဆီ တူတူ ပို့လိုက်တာပေါ့... တော်ဝင်အစိုးရက စုံစမ်းလိုက်ရင်... အမှန်တရား ပေါ်လာမှာပါ... နင်မင်းသားအိမ်တော်ရဲ့ အပြစ်ကင်းစင်မှုကိုလည်း သက်သေပြနိုင်တာပေါ့..."
ကျန်းချဲ့၏ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွားလေသည်။