အခန်း ၂၄၅
Vol. 25 Ch. 245
အခန်း (၂၄၅) အဆင့်တက်ခြင်း... စစ်မှန်သောအမြုတေအဆင့်...
မြို့စားအိမ်တော်... လျှို့ဝှက်ခန်းအတွင်း၌။
ကျန်းချဲ့က ဖျာချပ်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကို မှိတ်လျက် စည်းချက်ကျကျ အသက်ရှူသွင်း ရှူထုတ်နေပြီး သူ၏ ကိုယ်ပိုင်အခြေအနေကို ချိန်ညှိနေလေသည်။
ထိုလျှို့ဝှက်ခန်းမှာ ကျန်းချဲ့ ရာထူးစတင်ရယူပြီးနောက် မူလအခြေခံအပေါ်တွင် အထူးတလည် ပြုပြင်တည်ဆောက်ထားသော တံခါးပိတ်ကျင့်ကြံရန် လျှို့ဝှက်ခန်းတစ်ခု ဖြစ်လေသည်။ ကျင့်ကြံခြင်းအတွက် သီးသန့်ရည်ရွယ်ပြီး ကုန်ကျစရိတ်များကိုပင် ဂရုမစိုက်ဘဲ သေးငယ်သော ယွမ်ချီစုဆောင်းခြင်း အစီအရင်တစ်ခုကိုပါ တည်ဆောက်ထားခဲ့လေသည်။
တစ်ချိန်တည်းမှာပင် မြို့စားအိမ်တော် တစ်ခုလုံးကိုလည်း ကျန်းချဲ့က အရှိန်အဝါများကို ဖုံးကွယ်ပေးနိုင်သည့် ယွမ်ချီစုဆောင်းခြင်း အစီအရင်များ ချထားပေးခဲ့သည်။ အိမ်တော်အတွင်း၌ ကောင်းကင်နှင့်မြေကြီး၏ မူလစွမ်းအင်များကို စုပ်ယူရှူထုတ်ရသည့် အမြန်နှုန်းမှာ အပြင်ဘက်ထက် နှစ်ဆယ်ရာခိုင်နှုန်းခန့် ပိုမိုမြန်ဆန်လေသည်။
ဤမျှဆိုလျှင်ပင် လုံလောက်အောင် တန်ဖိုးကြီးမားနေပြီ ဖြစ်လေသည်။ ထိပ်တန်း ဂိုဏ်းကြီးများ... နှစ်ထောင်ချီ သက်တမ်းရှိသော မိသားစုကြီးများနှင့် မယှဉ်နိုင်သော်လည်း သာမန် ရွှမ်တန်အဆင့် အင်အားစုများနှင့် နှိုင်းယှဉ်ပါက အားသာချက်များစွာ ရှိနေဆဲပင်။
သူက ဤမျှလောက်အထိ အကုန်အကျခံ ရင်းနှီးရခြင်းမှာ ဤနေရာက သူ၏ အဓိက အခြေစိုက်စခန်းဖြစ်ပြီး သေချာပေါက် ကောင်းစွာ စီမံခန့်ခွဲရန် လိုအပ်သောကြောင့် ဖြစ်လေသည်။ နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ ယခုအခါ သူ၏ ပိုင်ဆိုင်မှုများက တကယ်ကို ကြွယ်ဝချမ်းသာ နေသောကြောင့်ပင်။
ယခင်က ရရှိခဲ့သော အကျိုးအမြတ်များနှင့် ထိုက်အန်းဒေသမှ သိမ်းဆည်းရမိခဲ့သော ဓနဥစ္စာများကို ထည့်မတွက်လျှင်ပင်... ယခင်က ဖွင့်လှစ်ခဲ့သော လောင်းကြေးဒိုင် တစ်ခုတည်းဖြင့်ပင် သူ့ကို ငွေအမြောက်အမြား မြတ်စွန်းသွားစေခဲ့လေသည်။
မည်သို့ပင်ဆိုစေ တိုက်ပွဲမစတင်မီက လဲ့ထင်၏ နိုင်ခြေမှာ အလွန်မြင့်မားနေခဲ့ပြီး တမင်တကာ တိုက်ပွဲရှောင်ကာ ရွှေဝိညာဉ်ကြာပန်းကို တောင်းဆိုခဲ့မှုများကြောင့် ပါးနပ်သည်ဟု ထင်ရသော သိုင်းလောကသား အများအပြားမှာ သူ့တွင် ယုံကြည်မှုမရှိဘဲ သေချာပေါက် ရှုံးနိမ့်မည်ဟု ထင်မှတ်သွားစေခဲ့သည် မဟုတ်ပါလော။ သဘာဝကျစွာပင် လဲ့ထင်နိုင်မည်ဟု လောင်းကြေးထပ်ခဲ့သော သိုင်းလောကသားများက ပိုမို များပြားခဲ့လေသည်။
သို့သော် မည်သူကမျှ ထင်မှတ်မထားခဲ့သည်မှာ ကျန်းချဲ့က အရှိန်အဝါနယ်ပယ်သို့ အပြည့်အဝ ခြေချနိုင်ခဲ့ပြီး လဲ့ထင်အား ပြန်လည်မခုခံနိုင်အောင် တိုက်ခိုက်ခဲ့ကာ နောက်ဆုံးတွင် လက်ဝါးတစ်ချက်တည်းဖြင့် ဖိနှိပ်ချေမှုန်း၍ လုံးဝ ရှုံးနိမ့်သွားစေခဲ့ခြင်းပင် ဖြစ်လေသည်။
ဤတစ်ကြိမ် အလှည့်အပြောင်းအောက်တွင် ထျန်းနန်မြို့ရှိ လူဘယ်နှယောက်များ ဒေဝါလီခံသွားရသည်ကို သူ မသိသော်လည်း ဤတစ်ကြိမ် သူ အကြီးအကျယ် အမြတ်ထွက်သွားကြောင်းကိုတော့ သူ သေချာ သိရှိလေသည်။ အကယ်၍ ယွမ်ချီကျောက်တုံးများကို အသုံးပြု၍ ဝယ်ယူနိုင်မည်ဆိုပါက သူက နဂါးကျားတာအိုဂိုဏ်းကို ခြိမ်းခြောက်ငွေညှစ်ရန်ပင် လိုအပ်တော့မည် မဟုတ်ချေ။
ထို့အပြင် ထျန်းနန်ဂိတ် အတွင်းရှိ အစောင့်တပ်များကို ဝယ်ယူရန်လည်း အင်အား ရှိလာခဲ့လေပြီ။
လက်ရှိတွင် သူ၏ လမ်းညွှန်မှုအောက်၌ အစောင့်တပ်အတွင်းရှိ စစ်သူကြီးများနှင့် စစ်သားအများအပြားက သူ့ထံတွင် သစ္စာခံနေကြပြီ ဖြစ်ပြီး စွမ်းဆောင်ရည် မကောင်းသူများကိုမူ သူက ဖြည်းညင်းစွာ ဖယ်ရှားပစ်မည် ဖြစ်လေသည်။
အချုပ်အားဖြင့် ဆိုရလျှင် ကျန်းချဲ့က ကန်းတာပြောင်တို့အား စကားတစ်ခွန်း ချန်ထားခဲ့လေသည်။
ထျန်းနန်ဂိတ် အတွင်း၌ စစ်သားများအားလုံး ကျန်းမျိုးရိုးကို ခံယူရမည် ဖြစ်ကြောင်းပင်။
ကျန်းချဲ့က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ သူ၏ မျက်ဝန်းများက အလွန်တရာ တည်ငြိမ်နေပြီး နက်ရှိုင်းလှကာ မျက်လုံးများထဲတွင် ကြယ်တာရာ ဂလက်ဆီကြီးတစ်ခုကို ဖုံးကွယ်ထားသည့် အလားပင်။
သူ၏ ကိုယ်ပိုင်အခြေအနေကလည်း အကောင်းဆုံးသော အနေအထားသို့ ရောက်ရှိနေခဲ့လေပြီ။ သူက ယဇ်ပူဇော်ပြီး အဆင့်တက်တော့မည် ဖြစ်လေသည်။
ဤသည်က ကျန်းချဲ့အတွက် လက်ရှိတွင် အရေးအကြီးဆုံးသော ကိစ္စရပ်ပင် ဖြစ်လေသည်။
ထျန်းနန်ဒေသ အတွင်း၌ ကျန်းချဲ့၏ ကျင့်ကြံမှုမှာ ထိပ်တန်းအဆင့်ဟု လုံးဝ သတ်မှတ်၍ မရဘဲ အလယ်အလတ်အဆင့်တွင်သာ ရှိနေသေးလေသည်။ သူက ကောင်းကင်နှင့်မြေကြီး အရှိန်အဝါကို အသုံးပြု၍ ကောင်းချီနန်နှင့် လဲ့ထင်တို့အား အတင်းအကျပ် ဖိနှိပ်နိုင်ခဲ့သော်လည်း ၎င်းမှာ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို အပြည့်အဝ မှီခိုထားရခြင်းပင် ဖြစ်လေသည်။
အကယ်၍ ကောင်းကင်နှင့်မြေကြီး အရှိန်အဝါကို နားလည်သဘောပေါက်ထားသော အခြား ရွှေအမြုတေအဆင့် သိုင်းသခင်တစ်ပါးနှင့်သာ ကြုံတွေ့ရပါက သူ၏ အားသာချက်များ အားလုံး ပျောက်ကွယ်သွားမည် ဖြစ်ပြီး တစ်ကြိမ် ရှုံးနိမ့်သွားသည်နှင့် သူ၏ ဂုဏ်သိက္ခာကလည်း မတူညီသော အတိုင်းအတာ တစ်ခုအထိ ထိခိုက်နစ်နာသွားမည် ဖြစ်လေသည်။
ထိုအရာကို သူ လုံးဝ ခွင့်ပြုမည် မဟုတ်ချေ။
ဤကာလ အတောအတွင်း သူက အကျိုးအမြတ်များစွာ ရရှိခဲ့သော်လည်း တစ်ချိန်တည်းမှာပင် ရန်ငြိုးအများအပြားကိုလည်း ဖန်တီးခဲ့မိလေသည်။ ထျန်းနန် ကောင်းမိသားစု... နဂါးကျားတာအိုဂိုဏ်း... နင်မင်းသားအိမ်တော်နှင့် ထျန်းနန်မြို့ အတွင်းရှိ အစိုးရအရာရှိ အချို့ပင် ပါဝင်လေသည်။
ချီကျန်းနန် ပေးထားသော ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင်က နောက်ဆုံးလက်နက် တစ်ခုဖြစ်သော်လည်း သူက ဤအရာကို အမြဲတမ်း မှီခိုနေမည် မဟုတ်ချေ။ အဆုံးတွင်တော့ ကိုယ်ပိုင်စွမ်းအားကိုသာ အားကိုးရမည် ဖြစ်ပြီး ထိုသို့မှသာ အစစ်အမှန် အစွမ်းထက်သူ တစ်ယောက် ဖြစ်လာမည် ဖြစ်လေသည်။
လက်ရှိ အနေအထားအရတော့ သူက မြောက်လင် ချီမိသားစု၏ အရှိန်အဝါကို အသုံးချကာ ခြင်္သေ့ သားရေခြုံသော မြေခွေးအလား ဟန်ဆောင်နေရခြင်းနှင့် ပိုတူနေလေသည်။
ထို့ကြောင့်ပင် ကျန်းချဲ့က ရာထူးစတင်ရယူပြီးနောက် ယဇ်ပူဇော်စရာ ပစ္စည်းများကို အလောတကြီး ရှာဖွေခဲ့ခြင်း ဖြစ်ပြီး ယခုအခါတွင်တော့ ယဇ်ပူဇော်စရာ ပစ္စည်းများ အားလုံးကို အပြည့်အဝ စုဆောင်းရရှိသွားပြီ ဖြစ်ရာ သဘာဝကျစွာပင် ချက်ချင်း အဆင့်တက်ရမည် ဖြစ်လေသည်။
စိတ်အာရုံကို ဖြည်းညင်းစွာ နှစ်ဝင်စေလိုက်ပြီးနောက် ကျောက်တိုင် လေဟာနယ်အတွင်းသို့ ဝင်ရောက်သွားလေတော့သည်။
[ ယဇ်ပူဇော်မည့် ရည်ရွယ်ချက်... ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် အသေးစား အောင်မြင်မှုနှင့် စစ်မှန်သောအမြုတေ အဆင့်သို့ ထိုးဖောက် ဝင်ရောက်ခြင်း... ]
[ ယဇ်ပူဇော်ရမည့် တန်ဖိုး... ယွမ်ချီကျောက်တုံး သုံးရာ... နှစ်တစ်ထောင် သက်တမ်းရှိ အရောင်ငါးမျိုး နတ်ပန်း တစ်ပွင့်... နှစ်တစ်ထောင် သက်တမ်းရှိ ရွှေဝိညာဉ်ကြာပန်း တစ်ပွင့်... နှစ်တစ်ထောင် သက်တမ်းရှိ နဂါးနှလုံးသား အရွက်ကိုးရွက်မှို တစ်ပွင့်... သက်တမ်း ဆယ်နှစ် လျှော့ချမည်... ကျန်ရှိ သက်တမ်း တစ်ရာ့ရှစ်ဆယ်နှစ်... ယဇ်ပူဇော်မည် လား... ]
အထက်တွင် ရေးသားထားသော စာလုံးသေးလေးများကို ကြည့်ရင်း ကျန်းချဲ့က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် စိတ်ထဲမှ ဆုံးဖြတ်ချက် ချလိုက်လေသည်။
'ယဇ်ပူဇော်မယ်...'
ကျန်းချဲ့၏ စိတ်ကူး ထွက်ပေါ်လာသည့် တဒင်္ဂမှာပင် ရင်းနှီးကျွမ်းဝင်နေသော ခံစားချက်များက ထပ်မံ ရောက်ရှိလာခဲ့လေသည်။
ရှေးဟောင်း ယဇ်ပလ္လင် ကျောက်တိုင်ပေါ်ရှိ မရေမတွက်နိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် ကျောက်စာများက ဖြည်းညင်းစွာ တောက်ပလာပြီး အဆက်မပြတ် တလက်လက် တောက်ပနေကာ နောက်ဆုံးတွင် မျဉ်းကြောင်းများ အားလုံးကို အပြည့်အဝ လင်းလက်သွားစေခဲ့လေသည်။
ယဇ်ပလ္လင် ကျောက်တိုင်ကြီး အပြည့်အဝ နိုးထလာခဲ့လေပြီ။
ယခင် အကြိမ်များနှင့် တစ်ပုံစံတည်းပင်... နောက်တစ်ခဏတွင် မီးခိုးရောင် အလင်းတန်းတစ်ခုက ကျောက်တိုင်၏ မျဉ်းကြောင်းများ အပေါ်မှ ထွက်ပေါ်လာပြီး ရွှေဝိညာဉ်ကြာပန်း... နဂါးနှလုံးသား အရွက်ကိုးရွက်မှို နှင့် အရောင်ငါးမျိုး နတ်ပန်း စသည့် ယဇ်ပူဇော်စရာ ပစ္စည်းများ အပေါ်တွင် လှည့်ပတ်နေလေသည်။
အလင်းတန်းများ တောက်ပသွားသည့် အခိုက်အတန့်တွင် မီးခိုးရောင် အလင်းတန်းက အလွန် လျင်မြန်သော အရှိန်အဟုန်ဖြင့် ကျောက်တိုင်အရှေ့တွင် ချထားသော ယဇ်ပူဇော်စရာ ပစ္စည်းများ အားလုံးကို တစ်စမကျန် ဝါးမျိုပစ်လိုက်ပြီး ကျောက်တိုင်အတွင်းသို့ သိမ်းဆည်းလိုက်ကာ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။
ထို့နောက် အမည်မသိ စွမ်းအားတစ်ခုက လှည့်ပတ်လာပြီး ကျန်းချဲ့၏ ရုပ်ခန္ဓာကို လွှမ်းခြုံသွားလေသည်။ ယင်းနောက် သူ၏ ကိုယ်ပေါ်ရှိ သက်စောင့်စွမ်းအင် တစ်ခု အတင်းအကျပ် စုပ်ယူခံလိုက်ရကြောင်း သူ ခံစားလိုက်ရလေသည်။
သက်တမ်း ဆယ်နှစ် လျော့ကျသွားခြင်းပင်။
ယဇ်ပူဇော်စရာ ပစ္စည်းများ အားလုံး ဝါးမျိုခံလိုက်ရပြီးနောက် ရင်းနှီးကျွမ်းဝင်နေသော အလင်းတန်း နှစ်ခု... အစိမ်းရောင်နှင့် အနီရောင်တို့က ဖြည်းညင်းစွာ ပေါ်ထွက်လာပြီး ကျောက်တိုင် လေဟာနယ် အတွင်းတွင် လှည့်ပတ်နေလေသည်။
အကြိမ်ပေါင်း ဆယ်နှင့်ချီ၍ ဖြတ်သန်းခဲ့ဖူးသော ကျန်းချဲ့အနေဖြင့် ဤလုပ်ငန်းစဉ်များကို အလွန်တရာ ရင်းနှီးကျွမ်းဝင်နေခဲ့ပြီ ဖြစ်ရာ သူ ထင်ထားသည့် အတိုင်းပင် အစိမ်းရောင် အလင်းတန်းက အရင်ဆုံး လှုပ်ရှားလာပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ ကိုယ်ပေါ်သို့ ဝင်ရောက်သွားလေတော့သည်။
ထို့နောက် ကျန်းချဲ့၏ မျက်စိရှေ့ရှိ မြင်ကွင်းက တဖြည်းဖြည်း လည်ပတ်လာပြီး နောက်ဆုံးတွင် ကမ္ဘာသစ် တစ်ခုအတွင်းသို့ ခြေချသွားလေသည်။
ဤတစ်ကြိမ်က ယခင် အကြိမ်များနှင့် လုံးဝ မတူညီချေ။
ကျန်းချဲ့၏ မျက်စိရှေ့တွင် စိတ်ကူးယဉ် ကမ္ဘာတစ်ခု မဟုတ်ဘဲ မီးခိုးရောင် လွှမ်းမိုးနေသော မြင်ကွင်းတစ်ခုသာ ဖြစ်ပြီး အလွန်တရာ ညစ်ညမ်းနေသည့် အလားပင်။ တစ်ချိန်တည်းမှာပင် သူကိုယ်တိုင်ကလည်း အလွန်တရာ အားနည်းနေသော်လည်း အသက်ရှူသွင်း ရှူထုတ် လုပ်လိုက်တိုင်း တစ်စတစ်စ ပိုမို အားကောင်းလာလေသည်။
ဤအချက်ကို သတိပြုမိလိုက်သောအခါ ကျန်းချဲ့က အခြားသော အတွေးများကို ဖယ်ရှားလိုက်ပြီး အဆက်မပြတ် အသက်ရှူသွင်း ရှူထုတ် ပြုလုပ်ကာ ဘေးပတ်ဝန်းကျင်ရှိ မီးခိုးရောင် မြူခိုးများကို စုပ်ယူနေလေသည်။
အချိန်များက ဖြည်းညင်းစွာ ကုန်ဆုံးသွားလေသည်။
ကျန်းချဲ့ ကိုယ်တိုင်ပင် အချိန်များ ကုန်ဆုံးသွားသည်ကို မေ့လျော့နေသည့် အလားပင်။ ယခု အချိန်တွင် သူ့၌ အတွေးတစ်ခုတည်းသာ ရှိလေသည်။ ၎င်းမှာ အဆက်မပြတ် ပိုမို အားကောင်းလာရန်နှင့် ဤအကျဉ်းထောင်ကို ရိုက်ချိုး ဖျက်ဆီးပစ်ရန်သာ ဖြစ်လေသည်။
ဟုတ်ပေသည်။ အကျဉ်းထောင်ပင် ဖြစ်လေသည်။
အသက်ရှူသွင်းပြီး အားကောင်းလာသည့် လုပ်ငန်းစဉ် အတွင်းတွင် သူကိုယ်တိုင် နေရာတစ်ခု၌ အကျဉ်းချခံထားရကြောင်း ကျန်းချဲ့ သတိပြုမိသွားခဲ့လေပြီ။ အပြင်ဘက်တွင် ခိုင်မာသော နံရံကြီးများ ရှိနေပြီး သူ့ကို တင်းကျပ်စွာ ပိတ်လှောင်ထားလေသည်။
သူကတော့ မွေးကင်းစ နဂါးပေါက်လေး တစ်ကောင်အဖြစ် ပြောင်းလဲသွားသည့် အလားပင်။ ယခု အချိန်တွင် သူ၏ ကြီးထွားမှုက အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု သူ ကိုယ်တိုင် ခံစားမိလေသည်။
ထို့နောက် အရှေ့ဘက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
"ဝုန်း..."
ခန္ဓာကိုယ် ပတ်လည်တွင် ကြီးမားလှသော အသံကြီး တစ်ခု ပဲ့တင်ထပ်သွားပြီး ကျန်းချဲ့၏ နဂါးလက်သည်းက နံရံအပေါ်သို့ ပြင်းထန်စွာ ဝင်တိုက်သွားလေသည်။
တစ်ချက်... နှစ်ချက်... သုံးချက်... ကျန်းချဲ့က မမောမပန်းနိုင်ဘဲ အကြိမ် ရာပေါင်းများစွာ ရိုက်ချပြီးနောက် နံရံမှ အသံတစ်ခု ထွက်ပေါ်လာပြီး အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်သွားသည့် အလားပင်။ ကျန်းချဲ့၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး ဆက်လက်၍ အတင်းအကျပ် ရိုက်ချနေလေသည်။
"ဂျွတ်..."
မရေမတွက်နိုင်သော ရိုက်နှက်မှုများ အပြီးတွင် နံရံကြီးက နောက်ဆုံး၌ ပြိုကျသွားလေတော့သည်။
ယင်းနောက် အပြင်ဘက် ကမ္ဘာကြီး၏ မြင်ကွင်းကို သူ မြင်တွေ့လိုက်ရလေသည်။ သူ ကိုယ်တိုင်က တောင်ကမ်းပါးထိပ် တစ်နေရာတွင် ရှိနေသည့် အလားပင်။ အကျဉ်းထောင်ဟု ခေါ်ဆိုခဲ့သော အရာမှာ လက်တွေ့တွင်တော့ ဥခွံကြီး တစ်ခုသာ ဖြစ်လေသည်။
ဝမ်းဗိုက်အတွင်းမှ လိုအင်ဆန္ဒ တစ်ခု လျှို့ဝှက်စွာ ပေါ်ထွက်လာလေသည်။ ကျန်းချဲ့က ဥခွံကို ဆုပ်ကိုင်ကာ ပါးစပ်ထဲသို့ ထည့်သွင်းလိုက်လေသည်။
'အင်း... ကြွတ်ရွနေပြီး ကြက်ဥ အရသာ ရှိတာပဲ...'
အချိန် အနည်းငယ် အကြာတွင် ကျန်းချဲ့က ပေဆယ်ချီ အရွယ်အစားရှိသော ဥခွံကြီးကို တစ်စမကျန် ဝါးမျိုပစ်လိုက်ပြီး သူကိုယ်တိုင် ကလည်း အများကြီး ထပ်မံ ကြီးထွားလာခဲ့လေသည်။
ကိုယ်ပေါ်ရှိ အကြေးခွံများက တလက်လက် တောက်ပနေပြီး ခွန်အား၏ အလှတရားများ ပြည့်နှက်နေသည့် အလားပင်။
"ဂြုန်း..."
ကျန်းချဲ့က ခေါင်းမော့ကာ နဂါးမျက်လုံးများကို ဖွင့်၍ ကြည့်လိုက်ရာ လေဟာနယ် အတွင်း၌ မည်သည့် အချိန် ကတည်းက မှန်းမသိ တိမ်မည်းများစွာ စုစည်းနေပြီး တိမ်မည်းများ အတွင်းတွင် မိုးကြိုးလျှပ်စီးများ တလက်လက် တောက်ပနေသည်ကို မြင်တွေ့လိုက်ရလေသည်။
တိမ်မည်းများကို ဖောက်ထွင်း၍ လျှပ်စီးများ တလက်လက် တောက်ပနေသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။ ထို့အပြင် အမည်မသိ အကြည့်တစ်ခုကို သူ ခံစားလိုက်ရပြီး တိမ်မည်းများ အတွင်းရှိ မိုးကြိုးလျှပ်စီးများက သူ့ကို ပစ်မှတ်ထားနေသည့် အလားပင်။
"ဖြန်း..."
အနည်းငယ်မျှ ပြင်ဆင်ထားခြင်း မရှိဘဲ သေးငယ်သော မိုးကြိုးလျှပ်စီး တစ်ကြောင်းက အောက်သို့ ကျဆင်းလာပြီး နဂါးကိုယ်ထည် အပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။
"ဂါး..."
ကျန်းချဲ့က နာကျင်စွာဖြင့် မနေနိုင်ဘဲ ဟိန်းဟောက်လိုက်ပြီး တစ်ကိုယ်လုံး နာကျင်လွန်း၍ သည်းမခံနိုင်တော့သည့် အလား ခံစားလိုက်ရလေသည်။ သို့သော် မကြာမီမှာပင် ထူးခြားချက် တစ်ခုကို သူ သတိပြုမိသွားလေသည်။
နာကျင်မှုများ ပြီးဆုံးသွားပြီးနောက် ယားကျိကျိ ခံစားချက် တစ်ခုက တစ်ကိုယ်လုံးသို့ ပြန့်နှံ့သွားလေသည်။ ထို့အပြင် သူက အောက်သို့ ကျဆင်းလာသော မိုးကြိုးလျှပ်စီးများကို တစ်စိတ်တစ်ပိုင်း ပြောင်းလဲ ဝါးမျိုကာ အာဟာရ အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိနေသည့် အလားပင်။
ဤအချက်ကို သတိပြုမိလိုက်သောအခါ ကျန်းချဲ့၏ မျက်ဝန်းများ ထဲတွင် လိုအင်ဆန္ဒများ ပြည့်နှက်သွားလေသည်။ နဂါးလက်သည်းကို မြှောက်ကာ လေဟာနယ်သို့ ရုတ်တရက် ပျံတက်သွားလေတော့သည်။
လေဟာနယ် အတွင်း၌ သိပ်သည်းလှသော မိုးကြိုးလျှပ်စီးများ ကလည်း အောက်သို့ အဆက်မပြတ် ကျဆင်းလာလေသည်။
မိုးကြိုးလျှပ်စီးများ၏ ရိုက်နှက်ခံရပြီး ခန္ဓာကိုယ်ကို သန့်စင်နေသည့် လုပ်ငန်းစဉ် အတွင်းတွင် ကျန်းချဲ့၏ နဂါးကိုယ်ထည် ကလည်း မျက်မြင်ကိုယ်တွေ့ အရှိန်အဟုန်ဖြင့် ကြီးထွားလာလေသည်။ အချိန်တိုလေး အတွင်းမှာပင် ပေတစ်ရာကျော် အရွယ်အစား အထိ ကြီးထွားလာပြီး အစစ်အမှန် နဂါးတစ်ကောင်၏ အရှိန်အဝါများပင် ထွက်ပေါ်လာလေသည်။
"ဂါး..."
ပိုမို အားကောင်းလာသော ကျန်းချဲ့က ဆက်လက် တုံ့ဆိုင်းမနေတော့ဘဲ တိမ်မည်းများ အတွင်းသို့ တိုက်ရိုက် တိုးဝင်သွားကာ တလက်လက် တောက်ပနေသော မိုးကြိုးလျှပ်စီး များကို ဝါးမျိုပစ်လိုက်လေသည်။
အကယ်၍ အောက်ဘက်မှ နေ၍ ကြည့်မည်ဆိုပါက ရွှေရောင် အစစ်အမှန် နဂါးကြီး တစ်ကောင်က တိမ်မည်းများ အတွင်းတွင် လျှို့ဝှက်စွာ ပေါ်ထွက်နေသည်ကို မြင်တွေ့ရမည် ဖြစ်လေသည်။ ကြီးမားနိုင်သလို သေးငယ်နိုင်ပြီး လေကို ခေါ်ကာ မိုးကို ရွာစေနိုင်စွမ်း ရှိလေသည်။
အချိန် မည်မျှ ကြာမြင့်သွားသည်ကို မသိရသော်လည်း တိမ်မည်းများ အတွင်းရှိ မိုးကြိုးလျှပ်စီးများ အားလုံးကို ကျန်းချဲ့က တစ်စမကျန် ဝါးမျိုပစ်လိုက်ပြီး သူကိုယ်တိုင်ကလည်း ပေတစ်ထောင်ခန့် အရွယ်အစားရှိသော ဧရာမ သတ္တဝါကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။
တစ်ချိန်တည်းမှာပင် သူ၏ ရင်ထဲ၌ လိုအင်ဆန္ဒ တစ်ခု ပိုမို ပေါ်ထွက်လာလေသည်။
ခေါင်းမော့ကာ ကောင်းကင်ယံ အထက်သို့ လှမ်းကြည့်လိုက်လေသည်။
"ဂါး..."
နောက်ထပ် နဂါးဟိန်းသံ တစ်ခု ထွက်ပေါ်လာပြီး ပေတစ်ထောင်ခန့် အရွယ်အစားရှိသော ရွှေနဂါးကြီးက လေဟာနယ်သို့ ပျံတက်သွားကာ ကောင်းကင်ယံသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားလေတော့သည်။
မျက်လုံးများကို ပြန်လည် ဖွင့်လိုက်သောအခါ အရာအားလုံးက မူလအတိုင်း ပြန်လည် ရောက်ရှိသွားပြီး လျှို့ဝှက်ခန်း အတွင်းတွင်သာ ရှိနေဆဲပင်။
တစ်ခုတည်းသော ကွာခြားချက်မှာ ကျန်းချဲ့၏ ခေါင်းထဲတွင် နားလည်သဘောပေါက်မှု အမြောက်အမြား ဖြစ်ပေါ်လာခြင်းပင် ဖြစ်လေသည်။ ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ်နှင့် ပတ်သက်၍ နောက်ဆုံးတွင် အနှစ်သာရ တစ်ခုကို ဆုပ်ကိုင်မိသွားခဲ့လေပြီ။
သို့သော် ကျန်းချဲ့က ဆက်လက်၍ နားလည်သဘောပေါက်ရန် အချိန် မရလိုက်မီမှာပင်။
မူလက လှည့်ပတ်နေသော အနီရောင် အလင်းတန်းက သူ၏ ရုပ်ခန္ဓာ အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။ ထို့နောက် ကျန်းချဲ့၏ ပတ်လည်ရှိ ကောင်းကင်နှင့်မြေကြီး မူလစွမ်းအင်များက မျက်တောင်တစ်ခတ် အတွင်းမှာပင် အဆပေါင်းများစွာ ပိုမို သိပ်သည်းလာပြီး မြူခိုးများ အဖြစ်သို့ပင် ပြောင်းလဲသွားလေသည်။
ဤသည်က ယွမ်ချီကျောက်တုံး ရာပေါင်းများစွာ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်သွားသည့် ခံစားချက်မျိုးနှင့်ပင် တူညီနေလေသည်။
လေမတိုက်ဘဲ လှုပ်ရှားလာပြီး ဆံဖျားများကို ဖြတ်သန်း တိုက်ခတ်သွားလေသည်။
ဘေးပတ်ဝန်းကျင်ရှိ သိပ်သည်းလှသော ယွမ်ချီမြူခိုးများက လျှို့ဝှက်ဆန်းကြယ်သော ဆွဲငင်အားတစ်ခု၏ လွှမ်းမိုးမှုကို ခံလိုက်ရသည့် အလား ကျန်းချဲ့ရှိရာသို့ တဖြည်းဖြည်း စုစည်းလာပြီး လှည့်ပတ်နေစဉ် အတွင်း ယွမ်ချီ ဆိုင်ကလုန်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
အမြုတေ တည်နေရာ အတွင်း၌ ပုံရိပ်ယောင် အမြုတေလုံးလေး တစ်ခုက စတင် တုန်ခါလာပြီး အမည်မသိ စွမ်းအားတစ်ခု၏ လမ်းညွှန်မှုကို ခံလိုက်ရသည့် အလား ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး မူလစွမ်းအင်များက ပုံရိပ်ယောင် အမြုတေလုံး အတွင်းသို့ လျင်မြန်စွာ စီးဝင်သွားလေသည်။
အဆုံးအစ မရှိ များပြားလှပေသည်။
ထို့အပြင် ထိုစွမ်းအားက တစ်ချိန်တည်းမှာပင် ကျန်းချဲ့၏ ရုပ်ခန္ဓာကို ဆေးကြော သန့်စင်ပေးနေပြီး လုံးဝ ထိန်းချုပ်၍မရနိုင်အောင် ပုံရိပ်ယောင်အမြုတေ ထံသို့ ရူးသွပ်စွာ စုစည်းနေလေသည်။ အရေးအကြီးဆုံး အချက်မှာ ကျန်းချဲ့က အနည်းငယ်မျှ ဖောင်းကားလာသည့် ခံစားချက်ကို မခံစားရခြင်းပင် ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် ကျန်းချဲ့က မြို့စားအိမ်တော် အတွင်းရှိ ကောင်းကင်နှင့်မြေကြီး မူလစွမ်းအင် များကို တဖြည်းဖြည်း လမ်းညွှန် ဆွဲဆောင်လိုက်သောအခါ လူအချို့၏ အာရုံစိုက်မှုကို နောက်ဆုံးတွင် ဆွဲဆောင်နိုင်ခဲ့လေသည်။
ချီနင်ပင်းက လျှို့ဝှက်ခန်း၏ အပြင်ဘက်သို့ လျင်မြန်စွာ ရောက်ရှိလာပြီး မျက်နှာထားက အလွန် လေးနက်နေလေသည်။ ကျန်းချဲ့က ယခု အချိန်တွင် ကျင့်ကြံနေကြောင်းကို သူမ ခန့်မှန်းမိသည်မှာ ထင်ရှားသော်လည်း သူမကို သံသယ ဖြစ်စေသည်မှာ သာမန် အသက်ရှူသွင်း ရှူထုတ် ကျင့်ကြံနေသည့် အခြေအနေမျိုးတွင် ဤမျှ ကြီးမားလှသော ယွမ်ချီ လှိုင်းဂယက်ကြီးကို ဘယ်လိုလုပ်ပြီး ဖြစ်ပေါ်စေနိုင်ရသနည်း။
သူမ သေချာ မစဉ်းစားတတ်တော့ချေ။ ကျန်းချဲ့က အဆင့်တက်နေသည် ဟူသော ဘက်သို့ ပို၍ပင် မတွေးရဲတော့ချေ။ အကြောင်းမှာ ၎င်းက တကယ်ကို ကြောက်မက်ဖွယ် ကောင်းလွန်း သောကြောင့်ပင်။
လျှို့ဝှက်စွာဖြင့် ယွမ်ချီ လှိုင်းဂယက်ကြီး အဆက်မပြတ် ဖြစ်ပေါ်လာသည်နှင့် အမျှ မကြာမီမှာပင် လျှို့ဝှက်ခန်း၏ အထက်တွင် ဧရာမ ယွမ်ချီ ကတော့ပုံကြီး တစ်ခု ဖြစ်တည်လာပြီး လေပြင်းများ တိုက်ခတ်ကာ မိုးကြိုးများ ပေါက်ကွဲသည့် အသံများပင် ထွက်ပေါ်လာလေသည်။
လျှို့ဝှက်ခန်း အတွင်း၌ ကျန်းချဲ့၏ တစ်ကိုယ်လုံးတွင် သွေးကြောများ ထောင်ထနေပြီး သူကိုယ်တိုင်က အရာအားလုံးကို ဝါးမျိုပစ်နိုင်သော ဆိုင်ကလုန်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည့် အလား ခံစားနေရကာ ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး မူလစွမ်းအင်များကို ကန့်သတ်ချက် မရှိဘဲ ဝါးမျိုနေလေသည်။
သို့သော် ဤလုပ်ငန်းစဉ် အတွင်းတွင် ကျန်းချဲ့၏ ကိုယ်ပေါ်ရှိ အရှိန်အဝါ ကလည်း မျက်မြင်ကိုယ်တွေ့ အရှိန်အဟုန်ဖြင့် တိုးတက်လာလေသည်။ အချိန်တိုလေး အတွင်းမှာပင် ကျန်းချဲ့က ပုံရိပ်ယောင်အမြုတေ အထွတ်အထိပ် အဆင့်သို့ ကျင့်ကြံ ရောက်ရှိသွားခဲ့လေပြီ။ အမြုတေ တည်နေရာ အတွင်းရှိ ပုံရိပ်ယောင်အမြုတေ ကလည်း နတ်ဘုရား အလင်းရောင်များ တလက်လက် တောက်ပနေလေသည်။
သို့သော် ဤသည်က အစပျိုးရုံသာ ရှိသေးသည့် အလား ဝါးမျိုခြင်းက ဆက်လက် ဖြစ်ပေါ်နေပြီး အဆုံးအစ မရှိသော ကောင်းကင်နှင့်မြေကြီး မူလစွမ်းအင်များက သူ၏ ရုပ်ခန္ဓာ... သူ၏ အမြုတေ တည်နေရာ အတွင်းသို့ အဆက်မပြတ် ဝင်ရောက်လာကာ တစ်ကိုယ်လုံးရှိ သွေးစွမ်းအင်များ ကလည်း ဆူပွက် လှုပ်ခါနေလေသည်။
နဂါးဟိန်းသံ များကိုပင် လျှို့ဝှက်စွာ ကြားနေရလေသည်။
ကျန်းချဲ့က လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ထားပြီး တစ်ကိုယ်လုံးတွင် သွေးကြောများ ထောင်ထနေကာ ဤအချိန် အထိ ရောက်လာမှသာ အဆက်မပြတ် အဆင့်တက်ရသည့် လုပ်ငန်းစဉ်က မည်မျှ ခံစားရ ခက်ကြောင်း သူ နောက်ဆုံးတွင် နားလည်သွားခဲ့လေပြီ။ သွေးကြောများ အားလုံးက ပေါက်ကွဲ ထွက်တော့မည့် အလားပင်။
ကံကောင်းသည်မှာ သွေးကြောများ ပျက်စီးသွားသည့် လုပ်ငန်းစဉ် အတွင်းတွင် တစ်ချိန်တည်းမှာပင် ပြန်လည် ပြုပြင်ပေးနေခြင်းပင် ဖြစ်လေသည်။
အချိန်များ ကုန်ဆုံးသွားသော်လည်း အမြန်နှုန်းက အလွန် နှေးကွေးနေပြီး ဤလုပ်ငန်းစဉ် ကလည်း အလွန်တရာ နာကျင်ရကာ အတင်းအကျပ် စွမ်းအင် သွင်းပေးနေသည့် အလားပင် ဖြစ်လေသည်။
ဤလုပ်ငန်းစဉ် အတွင်းတွင် ကျန်းချဲ့က မိမိ၏ ခန္ဓာကိုယ်တွင်းရှိ ထူးခြားသော ပြောင်းလဲမှုများကို ပိုမို သိသိသာသာ အာရုံခံလာနိုင်လေသည်။
နဂါးဟိန်းသံ ခန္ဓာကိုယ်၏ အကြောင်းရင်း ကြောင့် ဖြစ်နိုင်ပြီး ယခု အချိန်တွင် သူ၏ တစ်ကိုယ်လုံးက အဆက်မပြတ် ဟိန်းဟောက်နေသည့် အလားပင်။ ထိုနဂါးအရှိန်အဝါ အနည်းငယ်ကလည်း မသိမသာ ကြီးထွားလာလေသည်။
မကြာမီမှာပင် ကျန်းချဲ့တွင် လျှို့ဝှက်သော ခန့်မှန်းချက် တစ်ခု ဖြစ်ပေါ်လာလေသည်။
စစ်မှန်သော အမြုတေအဆင့်သို့ ထိုးဖောက် ဝင်ရောက်သည့် လုပ်ငန်းစဉ် အတွင်းတွင် နဂါးဟိန်းသံ ခန္ဓာကိုယ်ကိုပါ အားကောင်းလာစေရန် ပြုလုပ်ပေးနေခြင်းပင်။
သွေးစွမ်းအင်မှ အရိုးအကြောများ အထိ... ရုပ်ခန္ဓာမှ ရွှမ်တန်အမြုတေ အထိ... ယခု အချိန်တွင် အားလုံးက ဖြည်းညင်းစွာ ပြောင်းလဲနေပြီး တဖြည်းဖြည်း အားကောင်းလာလေသည်။
ကိုယ်ပေါ်ရှိ သွေးကြောများက အစစ်အမှန် နဂါးအကြောများ အလား ပိုမို ခိုင်မာ တောင့်တင်းလာပြီး ရင်ဘတ်နှင့် ဝမ်းဗိုက် ကြားရှိ နဂါးဟိန်းသံ ကလည်း တစ်စထက်တစ်စ ပိုမို ကျယ်လောင်လာလေသည်။ အတွင်းကလီစာများ... ရွှမ်အပေါက်များ... တစ်ကိုယ်လုံးရှိ မွေးညင်းပေါက်များ အထိ... ယခု အချိန်တွင် အားလုံးက ပြောင်းလဲနေလေပြီ။
အချိန် မည်မျှ ကြာမြင့်သွားသည်ကို မသိရသော်လည်း ကျန်းချဲ့က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ ကိုယ်ပေါ်ရှိ ယွမ်ချီ မြူခိုးများ ကလည်း ပျောက်ကွယ်သွားခဲ့လေပြီ။
အာရုံခံ ကြည့်လိုက်သောအခါ လျှို့ဝှက်ခန်း၏ အထက်ရှိ ယွမ်ချီ ဆိုင်ကလုန်းကြီး လည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။ လေပုပ်များကို မှုတ်ထုတ်လိုက်ပြီး ကျန်းချဲ့က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ရာ ယခု အချိန်တွင် တစ်ကိုယ်လုံး ပေါ့ပါး သက်သောင့်သက်သာ ရှိနေပြီး ဝိညာဉ်ကလည်း ကြည်လင် တောက်ပနေလေသည်။
အာရုံခံ ကြည့်လိုက်သောအခါ အမြုတေ တည်နေရာ အတွင်းရှိ မူလက ပုံရိပ်ယောင်ဆန်နေသော ရွှမ်တန်အမြုတေမှာ ယခုအခါ စတင် ခိုင်မာလာခဲ့ပြီ ဖြစ်လေသည်။
အစစ်အမှန် ရွှမ်တန် အလယ်အလတ်အဆင့်... စစ်မှန်သော အမြုတေအဆင့်သို့ အသေအချာ ခြေချနိုင်ခဲ့လေပြီ။
နတ်အာရုံကို အပြင်ဘက်သို့ ဖြန့်ကျက်လိုက်ရာ ကျန်းချဲ့၏ အာရုံခံနိုင်စွမ်းက တစ်ဆတိတိ အားကောင်းလာခဲ့ပြီး ယခု အချိန်တွင် ပေတစ်ထောင်ကျော် အထိ ရောက်ရှိနေကာ မြို့စားအိမ်တော် တစ်ခုလုံးကိုပင် အပြည့်အဝ လွှမ်းခြုံနိုင်ခဲ့လေပြီ။
ဤနေရာရှိ လူတိုင်း၏ လှုပ်ရှားမှုတိုင်းက သူ၏ အာရုံခံနိုင်စွမ်း အတွင်းတွင်သာ ရှိနေလေသည်။
ညာဘက် လက်မောင်းကို မြှောက်ကာ ကျန်းချဲ့က ရုတ်တရက် တင်းတင်းဆုပ်လိုက်ရာ အတွင်းကလီစာများ အကြားတွင် နဂါးဟိန်းသံက တုန်ခါသွားပြီး သူ့တစ်ကိုယ်လုံး၏ သွေးစွမ်းအင်က တစ်ဆတိတိ တိုးတက်သွားလေသည်။
တစ်ချိန်တည်းမှာပင် သူ၏ ညာဘက် လက်မောင်းပေါ်တွင် နဂါးအကြေးခွံနှင့် တူသော လျှို့ဝှက်ဆန်းကြယ်သည့် မျဉ်းကြောင်းများ စတင် ပေါ်ထွက်လာလေသည်။
'ဒါက...'
ကျန်းချဲ့၏ သူငယ်အိမ်များ အနည်းငယ် ကျုံ့ဝင်သွားပြီး အလွန် ထူးခြားသော ပြောင်းလဲမှု တစ်ခုကို သတိပြုမိသွားသည့် အလားပင်။
သူ၏ ရုပ်ခန္ဓာက အကြီးအကျယ် တိုးတက်လာခဲ့လေသည်။
မူလက သူ၏ ရုပ်ခန္ဓာမှာ အားနည်းချက် တစ်ခုဟု မဆိုနိုင်သော်လည်း အားသာချက် တစ်ခုဟုတော့ သေချာပေါက် မသတ်မှတ်နိုင်ချေ။ အနည်းဆုံးတော့ လဲ့ထင်နှင့် ခန္ဓာကိုယ်ချင်း ယှဉ်ပြိုင် တိုက်ခိုက်သောအခါ သူ၏ ရုပ်ခန္ဓာက အားနည်းချက် တစ်ခု ဖြစ်ခဲ့ပြီး တစ်ဖက်လူကို လုံးဝ မယှဉ်နိုင်ခဲ့ချေ။
သို့သော် ယခု အခါတွင် သူ ခံစားရသည်မှာ... လဲ့ထင်ကို ဖိနှိပ်ချေမှုန်းရန် ပို၍ပင်... လွယ်ကူသွားသည့် အလားပင်။
ထို့အပြင်... မှတ်ဉာဏ်ထဲရှိ နားလည် သဘောပေါက်မှုများကို ပြန်လည် တွေးတောလိုက်ရင်း ကျန်းချဲ့က စိတ်ထဲမှ တွေးလိုက်ရာ လက်သီးက ပွင့်ဟသွားပြီး ရွှေရောင် နဂါးပုံသဏ္ဌာန် ချီစွမ်းအင် တစ်ခုက လျှို့ဝှက်ခန်း အတွင်းတွင် ဖြစ်ပေါ်လာကာ နဂါးမျက်လုံး နှစ်လုံးဖြင့် ကျန်းချဲ့ကို စူးစိုက်ကြည့်နေလေသည်။
သူကတော့ နဂါးမျက်လုံးများ ထဲမှနေ၍ နတ်ဘုရား အသွင်အပြင် အနည်းငယ်ကို ခံစားလိုက်ရလေသည်။
၎င်းအပြင် ဤနဂါး ပုံသဏ္ဌာန် ချီစွမ်းအင် အပေါ်တွင် နဂါးအရှိန်အဝါ အနည်းငယ်ကိုပင် လျှို့ဝှက်စွာ အာရုံခံ မိလိုက်လေသည်။
တကယ် အသက်ဝင်လာသည့် အလားပင်။
သူ စိတ်ကူး တစ်ချက် တွေးလိုက်ရုံဖြင့် နဂါးပုံသဏ္ဌာန် ချီစွမ်းအင်က သူ့အလိုလို လှုပ်ရှားနိုင်ပြီး ယခင်ကကဲ့သို့ တောင့်တင်း သေကျေနေကာ တဖြည်းဖြည်း ပျောက်ကွယ်သွားခြင်းမျိုး မဟုတ်တော့ချေ။ နတ်ဘုရား အသွင်အပြင် ပါရှိသော နဂါးပုံသဏ္ဌာန် ချီစွမ်းအင်က သူ့အလိုလို ကောင်းကင်နှင့်မြေကြီး မူလစွမ်းအင်များကို စုပ်ယူကာ ပိုမို အားကောင်းလာစေရန်ပင် ပြုလုပ်နိုင်စွမ်း ရှိလေသည်။
အကယ်၍ ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ်ကို ကြီးမားသော အောင်မြင်မှု အဆင့်အထိ ကျင့်ကြံနိုင်မည် ဆိုပါက... နဂါးပုံသဏ္ဌာန်က နတ်ဘုရား စွမ်းအင်များကိုပင် ပိုင်ဆိုင်လာနိုင်မည် မဟုတ်ပါလော။
ဤသည်က... ရန်သူကို ရင်ဆိုင်ရာတွင် အလွန် ကြီးမားသော တိုက်ခိုက်ရေး နည်းလမ်း တစ်ခု သေချာပေါက် ဖြစ်လာပေမည်။
ကျန်းချဲ့၏ နှုတ်ခမ်းထောင့်တွင် ကျေနပ် အားရသော အပြုံးတစ်ခု ပေါ်ထွက်လာလေသည်။
'ကောင်းတယ်... တကယ်ကို ကောင်းတယ်...'
ယောက္ခမဖြစ်သူ ချီကျန်းနန်ကို ဤကျင့်စဉ် ရရှိရန် အထူးတလည် တောင်းဆိုခဲ့ရခြင်းက အလဟဿ မဖြစ်ခဲ့ချေ။ တကယ်ကို လျှို့ဝှက်ဆန်းကြယ် လွန်းလှပေသည်။