← Chapters

အခန်း ၂၅၄

Vol. 26 Ch. 254

အခန်း ၂၅၄

Vol. 26 Ch. 254

အခန်း (၂၅၄) ကောင်းကင်မိစ္ဆာ

[ ယဇ်ပူဇော်မည့် တန်ဖိုး - ယွမ်ကျောက်တုံး ခုနစ်ရာ... နှစ်တစ်ထောင် သက်တမ်းရှိ ချင်းမင် ဝိညာဉ်အားဖြည့် ကြာပန်း တစ်ပွင့်... မိစ္ဆာနဂါး အနှစ်သာရသွေး သုံးစက်... နှစ်တစ်ထောင် သက်တမ်းရှိ ရေခဲ ရိုးတွင်းခြင်ဆီ တစ်စက်... နှစ်တစ်ထောင် သက်တမ်းရှိ ရေခဲနှင့်မီး မြွေအကြေးခွံ မြက် တစ်ပင်... သက်တမ်း အနှစ်နှစ်ဆယ် လျှော့ချခြင်း... ကျန်ရှိ သက်တမ်း ၁၆၀ နှစ်... ယဇ်ပူဇော်မည်လား ]

မျက်လုံးများကို ဖွင့်လိုက်သောအခါ ကျန်းချဲ့၏ မျက်နှာထားက အတော်လေး လေးနက်သွားလေသည်။

ယခင်ကနှင့် နှိုင်းယှဉ်ပါက ယဇ်ပူဇော်ရမည့် တန်ဖိုးက တကယ်ကို ပိုမို ခက်ခဲလာခဲ့လေသည်။ ကျင့်ကြံခြင်းတွင် အမြန်ဆုံး အောင်မြင်ချင်ပါက သာမန်လူများနှင့် မယှဉ်သာသော တန်ဖိုးများကို ပေးဆပ်ရမည်မှာ သေချာပေါက်ပင် ဖြစ်လေသည်။

ကျောက်စာအပေါ်တွင် ပေါ်ထွက်လာသော ယဇ်ပူဇော်စရာ ပစ္စည်းလေးမျိုးစလုံးက လွယ်လွယ်ကူကူ ရနိုင်သောအရာများ မဟုတ်ချေ။

ချင်းမင် ဝိညာဉ်အားဖြည့် ကြာပန်းက စိတ်ဝိညာဉ်ကို အားဖြည့်ပေးသော ရှားပါးရတနာတစ်ခု ဖြစ်ပြီး သိုင်းလောကတွင် ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ကြီးမားသော လှိုင်းဂယက်များကို ဖြစ်ပေါ်စေမည်မှာ အသေအချာပင် ဖြစ်သည်။ အထူးသဖြင့် ရွှေအမြုတေအဆင့် အောက်ရှိ သိုင်းပညာရှင်များ အတွက် ပို၍ပင် အရေးကြီးလှပေသည်။

စစ်မှန်သောအမြုတေကို ရွှေအမြုတေအဖြစ် ပြောင်းလဲလိုပါက ရွှေရောင်သဘာဝတစ်ခုကို သန့်စင်ရမည် ဖြစ်ပြီး ဤသည်က နောင်တစ်ချိန်တွင် စိတ်ဝိညာဉ်ကို နတ်ငယ်လေးအဖြစ် ပြောင်းလဲရာတွင်လည်း အဓိက သော့ချက်ပင် ဖြစ်လေသည်။

သိုင်းသခင် မည်မျှလောက်က ဤအဆင့်တွင် ပိတ်မိနေသနည်း ဆိုတာ မသိနိုင်ချေ။

မိစ္ဆာနဂါး၏ အနှစ်သာရသွေးကလည်း ထိုနည်းတူပင် လွယ်ကူသောအရာ မဟုတ်ချေ။

ကျန်းချဲ့က ချီမိသားစု၏ မှတ်တမ်းများတွင် ဖတ်ရှုခဲ့ရသည်မှာ မိစ္ဆာနဂါးတစ်ကောင်အဖြစ် ပြောင်းလဲရန် အနည်းဆုံး မိစ္ဆာဘုရင်အဆင့် ရှိရမည်ဖြစ်ပြီး လူသားများ၏ ရှန်ရှန်းအဆင့် မဟာသိုင်းသခင်နှင့် ညီမျှလေသည်။

သူ၏ လက်ရှိအစွမ်းအစဖြင့် ထိုကဲ့သို့သော သတ္တဝါကို ယှဉ်ပြိုင်ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။

သေချာသည်ကတော့ သူက မိစ္ဆာနဂါးတစ်ကောင်ကို အနိုင်ယူရန် မလိုအပ်ဘဲ အနှစ်သာရသွေး သုံးစက်သာ လိုအပ်သော်လည်း ဤအရာကလည်း လွယ်ကူသောအရာတော့ မဟုတ်ချေ။

မည်သို့ပင်ဆိုစေ မိစ္ဆာမျိုးနွယ်က အလယ်ပိုင်းဒေသ ဆယ့်နှစ်ပြည်နယ်တွင် အလွန်ရှားပါးပြီး အကယ်၍ ရှိနေလျှင်တောင်မှ တောင်တန်းကြီးများ သို့မဟုတ် အန္တရာယ်ကြီးမားသော နေရာများတွင်သာ ပုန်းအောင်းနေလေ့ ရှိကြလေသည်။

ယွဲ့ပြည်နယ်တွင်တော့ မိစ္ဆာနဂါး တစ်ကောင် ရှိနေကြောင်း ကောလာဟလများ ရှိလေသည်။ သို့သော် ထိုမိစ္ဆာနဂါးကို ထျန်းလုံ ဘုန်းကြီးကျောင်းတွင် ဖိနှိပ်ထားလေသည်။

ထျန်းလုံ ဟူသော အမည်ကလည်း ထိုအကြောင်းကြောင့်ပင် ပေါ်ပေါက်လာခြင်း ဖြစ်လေသည်။

သေချာသည်ကတော့ ကျန်းချဲ့က ချီမိသားစု၏ မှတ်တမ်းများမှ သိရှိခဲ့ရသော အကြောင်းအရာမှာ ထျန်းလုံ ဘုန်းကြီးကျောင်းက မိစ္ဆာနဂါးကို ဖိနှိပ်ထားခြင်း မဟုတ်ဘဲ နဂါးကို အားဖြည့်ကာ သွေးများကို ယူဆောင်ပြီး ခန္ဓာကိုယ်ကို လေ့ကျင့်ရန် မိစ္ဆာနဂါး ဆေးလုံးများကို ဖော်စပ်နေခြင်းပင် ဖြစ်လေသည်။

ထို့ကြောင့် ထျန်းလုံ ဘုန်းကြီးကျောင်းမှ ရဟန်းများ၏ ရုပ်ခန္ဓာစွမ်းအားက အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

ယွဲ့ပြည်နယ် တစ်ခုလုံးတွင် အကောင်းဆုံးဟုပင် ဆိုနိုင်ပေသည်။ ဤသည်က သူတို့၏ အဓိက အင်အားဖြစ်ရာ သူက လိုချင်ပါက ပို၍ပင် ခက်ခဲလိမ့်မည်ပင်။

ထို့အပြင် နှစ်တစ်ထောင် သက်တမ်းရှိ ရေခဲရိုးတွင်းခြင်ဆီနှင့် ရေခဲနှင့်မီး မြွေအကြေးခွံမြက် စသည့် အရာများလည်း ရှိနေသေးလေသည်။

ဤအရာများကလည်း လွယ်လွယ်ကူကူ ရနိုင်သော ပစ္စည်းများ မဟုတ်ချေ။

ကောင်းကင်မိစ္ဆာ ကုန်သွယ်ရေးပွဲသို့ တစ်ခေါက် သွားရောက်မှသာ အချို့ကို ရှာဖွေတွေ့ရှိနိုင်မည့် မျှော်လင့်ချက် ရှိမည် ဖြစ်လေသည်။

ဤအချက်ကို တွေးမိသောအခါ ကျန်းချဲ့က ချက်ချင်း အမိန့်ပေးလိုက်ပြီး မြို့စားအိမ်တော်နှင့် ထျန်းယာ မဟာမိတ်အဖွဲ့၏ ဘဏ္ဍာတိုက်များမှ ပစ္စည်းများကို စုဆောင်းရန် စတင်လိုက်လေသည်။

ကုန်သွယ်ရေးပွဲသို့ ပါဝင်လိုပါက ရှားပါးရတနာအချို့ကို ပြင်ဆင်ရမည့်အပြင် ယွမ်ချီကျောက်တုံး အမြောက်အမြားကိုလည်း ပြင်ဆင်ထားရမည် ဖြစ်ပြီး ထိုသို့မှသာ အခြားသော သိုင်းသခင်များနှင့် ယှဉ်ပြိုင်ဝယ်ယူနိုင်မည် ဖြစ်လေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် သုံးရက်အချိန် ကုန်လွန်သွားလေသည်။

ဤသုံးရက်အတွင်း ကျန်းချဲ့က ယွမ်ချီကျောက်တုံး ငါးထောင်ကို စုဆောင်းထားနိုင်ခဲ့ပြီး အရင်က ရွှမ်လင် လျှို့ဝှက်နယ်မြေမှ ရရှိခဲ့သော နှစ်တစ်ထောင် သက်တမ်းရှိ ရတနာဆေးပင် အချို့ကိုလည်း ပြင်ဆင်ထားခဲ့လေသည်။

ဤသုံးရက်အတွင်းမှာပင် တောင်ပိုင်းယွဲ့နိုင်ငံမှ ကျိုးရီက လူလွှတ်၍ ကျန်းချဲ့ကို ဆုံးဖြတ်ပြီးပြီလားဟု လာရောက် မေးမြန်းခဲ့လေသည်။

သေချာသည်ကတော့ ကျန်းချဲ့က အကြောင်းပြချက်တစ်ခု ရှာပြီး ရှောင်လွှဲခဲ့လေသည်။ သူက နိုင်ငံခြားသားများနှင့် ပူးပေါင်းကာ လျှို့ဝှက်နယ်မြေသို့ သွားရောက် စူးစမ်းရန် လုံးဝ စိတ်မဝင်စားချေ။

ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင် ရှိနေသော်လည်း ပိုင်ယွဲ့ လူမျိုးစုများထဲတွင် ရှန်ရှန်းအဆင့် မဟာသိုင်းသခင်များ ပုန်းအောင်းနေပါက အလွန် အန္တရာယ်များလှပေသည်။

သေချာသည်ကတော့ ဤသည်က ကျန်းချဲ့က ချီရွှယ် လျှို့ဝှက်နယ်မြေကို လုံးဝ စိတ်မဝင်စားဘူးလို့ မဆိုလိုချေ။

သူ စုံစမ်းသိရှိထားသော အချက်အလက်များအရ ချီရွှယ် မိစ္ဆာသခင်က ထိုအချိန်က ပိုင်ယွဲ့တွင် တကယ်ပဲ ရတနာတွေ အများကြီး လုယူခဲ့လေသည်။ အကယ်၍ ထိုရတနာများကိုသာ အကုန်လုံး ရရှိခဲ့မည်ဆိုပါက ရှန်ရှန်းအဆင့် မဟာသိုင်းသခင်သို့ တက်လှမ်းရန်ပင် အလွန် လွယ်ကူလိမ့်မည်ပင်။

သို့သော် မသွားမီတွင် သူ၏ ကျင့်ကြံမှုကို အနည်းဆုံး စစ်မှန်သောအမြုတေ အထွတ်အထိပ်အဆင့်သို့ မြှင့်တင်ရမည်ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး အရှိန်အဝါ၏ အကူအညီဖြင့် ရွှေအမြုတေအဆင့် သိုင်းသခင်တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိမည်မှာ သေချာပေါက်ပင်။

ထို့အပြင် နင်မင်းသားအိမ်တော်ကိုလည်း လျှို့ဝှက်နယ်မြေ၏ အဝင်ဝကို ရှာဖွေခိုင်းရဦးမည်ပင်။

ဤအရာများ အားလုံးက အချိန် လိုအပ်လေသည်။

နောက်ဘက် ခြံဝင်းထဲတွင်။

ပြင်းထန်သော အချစ်စစ်ပွဲ ဆင်နွှဲထားခဲ့ရသော ကျန်းချဲ့၏ ကိုယ်ပေါ်ရှိ အရှိန်အဝါက ပိုမို ပေါ်လွင်လာပြီး တစ်ချက်ကြည့်ရုံဖြင့် သာမန်လူမဟုတ်ကြောင်း သိနိုင်ပေသည်။

ချီနင်ပင်းနှင့် ဟွမ်ရှန်းရှန်းတို့ကလည်း အဆက်မပြတ် ပြုစုယုယမှုများကြောင့် ပိုမို လှပကျက်သရေ ရှိလာကြလေသည်။

"အစ်ကို... ဒီတစ်ခေါက် သွားရင် သတိထားနော်... ကောင်းကင်မိစ္ဆာအဖွဲ့ က စည်းကမ်းမဖောက်ဘူး ဆိုပေမဲ့... တချို့လူတွေက အပြင်ဘက်မှာ ပုန်းနေပြီး... ကုန်သွယ်ရေးပွဲက ပြန်လာတဲ့ သိုင်းပညာရှင်တွေကို လုယက်တတ်ကြတယ်..."

ချီနင်ပင်းက ကျန်းချဲ့၏ ဆုံးဖြတ်ချက်က ခိုင်မာနေကြောင်း သိရှိသဖြင့် အများကြီး ဖျောင်းဖျမနေတော့ဘဲ သတိထားရန်သာ မှာကြားလိုက်လေသည်။ သူမ၏ အမူအရာက ခင်ပွန်းဖြစ်သူကို အိမ်ပြန်လာရန် မျှော်လင့်နေသော ဇနီးသည်တစ်ယောက်နှင့် လုံးဝ တူညီနေလေသည်။

"ဟုတ်တယ် ယောကျ်ား..."

ဟွမ်ရှန်းရှန်းကလည်း အစ်ကို ဟူသော စကားလုံးကို လျစ်လျူရှုကာ ထောက်ခံပြောဆိုလိုက်လေသည်။

"စိတ်ချပါ... ဘာမှ မဖြစ်ပါဘူးကွာ..."

ကျန်းချဲ့က လက်တစ်ဖက်စီဖြင့် သူမတို့ နှစ်ယောက်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေသည်။

"နောက်ဆုံးတော့ ရောက်လာပြီပဲ..."

အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ကျန်းချဲ့က လေဟာနယ်တွင် ရပ်ကာ အရှေ့ဘက် ခပ်လှမ်းလှမ်းမှ လေဟာနယ်တွင် ပေါ်လွင်နေသော အနက်ရောင် မြူခိုးများကို စူးစိုက်ကြည့်ရင်း လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။

ဟွမ်ရှန်းရှန်း ချီနင်ပင်းတို့ နှစ်ဦးနှင့် နှုတ်ဆက်ပြီးနောက် ကျန်းချဲ့က ထျန်းနန်မြို့မှ လျှို့ဝှက်စွာ ထွက်ခွာလာခဲ့လေသည်။

ဤကိစ္စကို သိရှိသူ လက်တစ်ဖက်စာပင် မရှိချေ။ သူက အပြင်သို့ သတင်းလွှင့်ထားသည်မှာ တံခါးပိတ် ကျင့်ကြံနေသဖြင့် ဧည့်သည်များကို တွေ့ဆုံမည် မဟုတ်ကြောင်းပင် ဖြစ်လေသည်။

ရှန်ရှန်းအဆင့် ဒုတိယအကြီးအကဲ ချီထျန်းဟယ် ရှိနေသဖြင့် ထျန်းနန်၏ လုံခြုံရေးကတော့ ဘာပြဿနာမှ မရှိနိုင်ချေ။

ကောင်းကင်မိစ္ဆာ တံဆိပ်ပြားက လမ်းညွှန်ပြသထားသော နေရာမှာ ထျန်းနန်နှင့် သိပ်မဝေးလှဘဲ တာ့ကျိုး နိုင်ငံတော်၏ နယ်စပ်နှင့် တောင်တန်းကြီးတစ်သောင်းတို့ ဆုံရာ တောင်တန်းများထဲတွင် တည်ရှိလေသည်။

အစပိုင်းတွင် ကျန်းချဲ့က အနည်းငယ် သံသယ ဝင်မိလေသည်။

ကောင်းကင်မိစ္ဆာ ကုန်သွယ်ရေးပွဲက ပြည်နယ်တစ်ခု သို့မဟုတ် ဒေသတစ်ခုတွင်သာ ကန့်သတ်မထားဘဲ ကမ္ဘာတစ်ဝန်းမှ အစွမ်းထက် သိုင်းပညာရှင်များကို ဘယ်လို ဖိတ်ခေါ်လဲ ဆိုတာပင် ဖြစ်သည်။

ယခုအခါ သူ နားလည်သွားခဲ့လေပြီ။

ကောင်းကင်မိစ္ဆာ ကုန်သွယ်ရေးပွဲ၏ နေရာမှာ ပုံသေမဟုတ်ဘဲ မြူခိုးများ ဖုံးလွှမ်းနေသော လျှို့ဝှက်နေရာတစ်ခု ဖြစ်ပြီး ရွေ့လျားနိုင်စွမ်း ရှိလေသည်။ ထို့အပြင် အသံတိတ် ဖုံးကွယ်နိုင်စွမ်းလည်း ရှိပုံရလေသည်။

ဤအချက်ကြောင့်ပင် ကောင်းကင်မိစ္ဆာ ကုန်သွယ်ရေးပွဲကို အလယ်ပိုင်းဒေသ၏ နံပါတ်တစ် လေလံပွဲအဖြစ် ကျင်းပနိုင်ခြင်း ဖြစ်ပေမည်။

အနက်ရောင် မြူခိုးများနှင့် ဆယ်မိုင်ခန့် အကွာသို့ ရောက်ရှိလာသောအခါ ကျန်းချဲ့၏ လက်ထဲရှိ ကောင်းကင်မိစ္ဆာ တံဆိပ်ပြားက စတင် ပြောင်းလဲလာလေသည်။

အစပိုင်းက သတ္တုလည်းမဟုတ် သစ်သားလည်းမဟုတ် ကျောက်စိမ်းလည်းမဟုတ် ကျောက်ခဲလည်းမဟုတ်သော တံဆိပ်ပြားက ယခုအခါ အရည်ပျော်နေသော ဝိညာဉ်စွမ်းအင်တစ်ခု ကဲ့သို့ ဖြစ်လာလေသည်။

အဆုံးတွင် အစိမ်းရောင်မျက်နှာနှင့် အစွယ်များ ပါရှိသော အနက်ရောင် သရဲမျက်နှာဖုံးတစ်ခု အဖြစ် ပြောင်းလဲသွားလေသည်။

သရဲမျက်နှာဖုံးကို မျက်နှာပေါ်တွင် တပ်ဆင်လိုက်သောအခါ ကျန်းချဲ့၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများလည်း လျှို့ဝှက်စွာ ပျောက်ကွယ်သွားလေသည်။ နတ်အာရုံဖြင့် စူးစမ်းလျှင်တောင်မှ ကျင့်ကြံမှုအဆင့် အရမ်း မကွာခြားသရွေ့ အစစ်အမှန် ကျင့်ကြံမှုနှင့် စွမ်းအားကို သိရှိနိုင်မည် မဟုတ်ချေ။

ကျန်းချဲ့က ခံစားကြည့်ပြီးနောက် အနည်းငယ်လည်း နှမြောနေမိလေသည်။

'ဒီပစ္စည်းက တစ်ခါသုံး မဟုတ်ရင် ဘယ်လောက် ကောင်းလိုက်မလဲ...'

သက်ပြင်းတစ်ချက် ချလိုက်ပြီး ကျန်းချဲ့က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အဝေးမှ အနက်ရောင် မြူခိုးများထဲသို့ တိုက်ရိုက် ပြေးဝင်သွားလေသည်။

သူနှင့်အတူ အခြားသော လမ်းကြောင်းများမှ လာသည့် အလင်းတန်း အချို့ကိုလည်း တွေ့ရပြီး သေချာပေါက် ကုန်သွယ်ရေးပွဲသို့ လာရောက်ကြသော ရွှမ်တန်အဆင့် သိုင်းသခင်များပင် ဖြစ်လေသည်။

မီးခိုးရောင် မြူခိုးများထဲသို့ ဝင်ရောက်လာသောအခါ ကျန်းချဲ့၏ နတ်အာရုံက ဆယ်ဆမက ချက်ချင်း ကျုံ့ဝင်သွားပြီး ပေနှစ်ဆယ် သုံးဆယ်ခန့် အကွာအဝေးကိုသာ စူးစမ်းနိုင်တော့လေသည်။ ဤပြောင်းလဲမှုကြောင့် သူ၏ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားလေသည်။

'ကောင်းကင်မိစ္ဆာအဖွဲ့က တကယ်ကို သာမန် မဟုတ်ဘူးပဲ... နတ်အာရုံတွေ အားလုံးက မတူညီတဲ့ ဖိနှိပ်မှုတွေကို ခံရမှာပဲ... ဒါပေမဲ့ ကောင်းကင်မိစ္ဆာအဖွဲ့က လူတွေကော ဖိနှိပ်မှုကို ခံရမလား ဆိုတာတော့ မသိဘူး...'

နောက်ထပ် စက္ကန့်အနည်းငယ် အကြာတွင် ကျန်းချဲ့က အရှေ့ဘက်ရှိ ဧရာမ အဆောက်အအုံကြီးကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရလေသည်။

ထိုအရာက လေဟာနယ်တွင် ပေါလောမျောနေသော ပြောင်းပြန် တောင်ကြီးတစ်တောင် ဖြစ်ပြီး အပေါ်တွင် မြို့ငယ်လေးတစ်မြို့ တည်ရှိလေသည်။

မြို့တံခါးပေါ်တွင်တော့ ကောင်းကင်မိစ္ဆာ ဟူသော စာလုံး နှစ်လုံးကို ရေးထွင်းထားပြီး စာလုံးတိုင်းတွင် အလွန် ပြင်းထန်သော ထက်မြက်သည့် အရှိန်အဝါများ ပါဝင်နေလေသည်။

ကျန်းချဲ့ကိုပင် အနည်းငယ် မသက်မသာ ဖြစ်စေပြီး နတ်အာရုံကို ချက်ချင်း ရုပ်သိမ်းလိုက်ရလေသည်။

'ဒါက ကောင်းကင်မိစ္ဆာအဖွဲ့ရဲ့ လျှို့ဝှက် သတိပေးချက်တစ်ခု ဖြစ်နိုင်ပြီး... ပြင်ပကလာတဲ့ သိုင်းပညာရှင်တွေကို ဒီနေရာမှာ ပြဿနာ မရှာခင် ကိုယ့်ကိုယ်ကိုယ် အရင် ပြန်လည် ဆန်းစစ်ဖို့ သတိပေးနေတာပဲ ဖြစ်ရမယ်...'

"စီနီယာကို ဂါရဝပြုပါတယ်ရှင်..."

မြို့တံခါးအနီးသို့ ကျန်းချဲ့ ဖြည်းညင်းစွာ ဆင်းသက်လာသောအခါ ဝတ်စုံတူ ဂါဝန်ကို ဝတ်ဆင်ထားသော လူငယ် မိန်းကလေးတစ်ယောက်က အလျင်အမြန် ရှေ့သို့ တိုးလာကာ မျက်နှာပေါ်တွင် ဖော်ရွေသော အပြုံးဖြင့် ဦးညွှတ် နှုတ်ဆက်လိုက်လေသည်။ ပြီးနောက် ခေါင်းမော့ကာ ကျန်းချဲ့ကို သူမ၏ ရုပ်ရည်အား ပြသလိုက်လေသည်။

"မင်းက..."

ကျန်းချဲ့က သူ၏ အရှေ့ရှိ လှပသော မိန်းကလေးကို အကဲခတ်ကာ အနည်းငယ် သံသယ ဝင်သွားလေသည်။ သူ၏ အာရုံခံနိုင်စွမ်းအရ ဤမိန်းကလေး၏ ကျင့်ကြံမှုက အလွန် နိမ့်ကျပြီး မွေးရာပါအဆင့်နှင့်ပင် အလှမ်းဝေးနေသေးလေသည်။

"စီနီယာကို သတင်းပို့ပါတယ်... ကျွန်မ နာမည်က ဟုန်ရှို့ ပါ... ကောင်းကင်မိစ္ဆာ မြို့တော်ကနေ ကုန်သွယ်ရေးပွဲကို လာတဲ့ စီနီယာတွေကို ကြိုဆိုဖို့ စီစဉ်ပေးထားတဲ့ အစေခံမလေးပါ... စီနီယာ ဘာ လိုအပ်ချက်ရှိရှိ ကျွန်မ အစွမ်းကုန် ပြုစုစောင့်ရှောက်ပေးပါ့မယ်..."

ဟုန်ရှို့က တိုးညှင်းစွာ ပြောလိုက်လေသည်။

"ဒီလိုကိုး... ဒါဆိုရင်လည်း ငါ့နောက်က လိုက်ခဲ့လေ..."

ကျန်းချဲ့က ခေါင်းညိတ်လိုက်လေသည်။ ကောင်းကင်မိစ္ဆာ မြို့တော်၏ အတွင်းရေးများကို သိရှိနိုင်ရန် လမ်းကြောင်းတစ်ခု လိုအပ်နေချိန်တွင် အတော်ပင် ဖြစ်လေသည်။

ချီနင်ပင်းကတော့ အကြမ်းဖျင်းသာ သိရှိပြီး အသေးစိတ် အချက်အလက်များကို သေချာ မသိချေ။ ယခု ပြန်တွေးကြည့်မည် ဆိုလျှင် အစ်ကိုကြီးနှင့် ချီမိသားစုမှ အကြီးအကဲများကလည်း ဤကဲ့သို့ ပြုစုစောင့်ရှောက်ပေးသော အစေခံမလေးများ အကြောင်းကို သီးသန့် ပြောပြလိမ့်မည် မဟုတ်ချေ။

"ကျေးဇူးတင်ပါတယ် စီနီယာ..."

ဟုန်ရှို့က အဆက်မပြတ် ခေါင်းညိတ်ကာ ရင်ထဲတွင် သက်ပြင်းချလိုက်လေသည်။

သူတို့ကဲ့သို့ စီစဉ်ပေးခြင်း ခံရသော အစေခံမလေးများမှာ အခြေခံအားဖြင့် မည်သည့် အဆင့်အတန်းမျှ မရှိချေ။ ဧည့်သည်များ၏ မည်သည့် တောင်းဆိုချက်ကိုမဆို ဖြည့်ဆည်းပေးရမည်ဖြစ်ပြီး မဟုတ်ပါက ပြင်းထန်စွာ အပြစ်ပေးခံရမည် ဖြစ်လေသည်။

အရင်က စီနီယာ အစေခံမလေးများ ပြောပြခဲ့ဖူးသည်မှာ ကုန်သွယ်ရေးပွဲသို့ လာရောက်ကြသော သိုင်းသခင်များ၏ စရိုက်က အမျိုးမျိုးရှိပြီး အကယ်၍ ဆက်ဆံရန် ခက်ခဲသော စီနီယာတစ်ယောက်နှင့် တွေ့ပါက သူတို့၏ အဆုံးသတ်က များသောအားဖြင့် အလွန် ဆိုးရွားလေ့ရှိကြောင်းပင် ဖြစ်လေသည်။

အကြောင်းမှာ ကောင်းကင်မိစ္ဆာ မြို့တော်က သူတို့ကို ကိရိယာများ အဖြစ်သာ သတ်မှတ်ထားပြီး အနည်းငယ်မျှ ဂရုစိုက်မည် မဟုတ်သောကြောင့်ပင်။

ထို့ကြောင့် ရွေးချယ်စရာ ရှိမည်ဆိုပါက သူတို့က လူငယ်ပုံစံရှိသော စီနီယာတစ်ယောက်ကို တတ်နိုင်သမျှ ရှာဖွေရန် ကြိုးစားကြလေသည်။ အစောပိုင်းက သူမ ရှေ့သို့ တိုးလာခဲ့ချိန်တွင် အနောက်ရှိ ညီအစ်မများက အလွန် မကျေမနပ် ဖြစ်ခဲ့ကြသည်ကို သူမ မြင်တွေ့ခဲ့ရလေသည်။

ဤစီနီယာကို ကြည့်ရသည်မှာ မျက်နှာပေါ်တွင် သရဲမျက်နှာဖုံး တပ်ထားသဖြင့် အစစ်အမှန် ရုပ်ရည်ကို သေချာ မသိရသော်လည်း သူ၏ မတ်မတ်ရပ်နေသော ကိုယ်ဟန်အနေအထားအရ လူငယ်တစ်ယောက် ဖြစ်နိုင်ခြေ များပြီး ဤကဲ့သို့သော အရွယ်ရှိသူများက များသောအားဖြင့် ပြောဆိုဆက်ဆံရန် လွယ်ကူကြလေသည်။

အကယ်၍ သူ၏ မျက်စိကျခြင်းကို ခံရပြီး ကောင်းကင်မိစ္ဆာ မြို့တော်မှ ရွေးယူသွားမည်ဆိုပါက သူတို့အတွက် ဘဝအသစ်တစ်ခုကို ရရှိသွားသည်နှင့် အတူတူပင် ဖြစ်လေသည်။

ဟုန်ရှို့က ဘေးမှနေ၍ လမ်းညွှန်ပေးပြီး ကျန်းချဲ့က ကောင်းကင်မိစ္ဆာ မြို့တော်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်ကြောင်း သိရှိသွားသောအခါ အသေးစိတ် အချက်အလက်များကို အလွန် စိတ်ရှည်လက်ရှည် ရှင်းပြပေးလေသည်။

ဥပမာ ကောင်းကင်မိစ္ဆာ တံဆိပ်ပြားက ဖိတ်စာတစ်ခု သက်သက်သာ ဖြစ်ပြီး မြို့ထဲသို့ ဝင်ရောက်လိုပါက ယွမ်ချီကျောက်တုံး သုံးဆယ်ကို အရင်ဆုံး ပေးသွင်းရမည် ဖြစ်ကြောင်းပင်။

ထိုစကားကို ကြားသောအခါ ကျန်းချဲ့က အနည်းငယ် သဘောပေါက်သွားလေသည်။ သူ ခန့်မှန်းကြည့်ရသလောက် ဤပြုစုစောင့်ရှောက်ရသော အစေခံမလေးများ၏ စရိတ်ကလည်း ဝင်ကြေးလက်မှတ်ထဲတွင် အကျုံးဝင်နေမည်မှာ အသေအချာပင်။ ထို့အပြင် မဖြစ်မနေ ယူရမည့် သဘောမျိုးပင်။ သူက အစေခံမလေးကို လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ ပေးသွင်းရမည်ဖြစ်ပြီး မပေးသွင်းလိုပါက ကုန်သွယ်ရေးပွဲကို မပါဝင်ဘဲ နေ၍ ရလေသည်။

ယွမ်ချီကျောက်တုံး အနည်းငယ်က ပုံမှန် ရွှမ်တန်အဆင့် သိုင်းသခင်များအတွက်တော့ ဘာမှ မဟုတ်ချေ။ အကြောင်းမှာ မည်သည့် သိုင်းသခင်မဆို ဒေသတစ်ခုတွင် ခေါင်းဆောင် လုပ်နိုင်ပြီး စည်းစိမ်ဥစ္စာများ ရရှိရန် အလွန် လွယ်ကူသောကြောင့်ပင်။

ထို့အပြင် ကျန်းချဲ့ လေ့လာသိရှိခဲ့ရသည်မှာ ကောင်းကင်မိစ္ဆာအဖွဲ့က ကျင်းပသော ကုန်သွယ်ရေးပွဲများတွင် အမျိုးအစား သုံးမျိုးရှိပြီး အနိမ့်ဆုံးအဆင့်ကတော့ ရွှမ်တန်အဆင့် သိုင်းသခင်များအတွက် ဖြစ်ပြီး ထိုအထက်တွင်တော့ ရှန်ရှန်းအဆင့် မဟာသိုင်းသခင်များအတွက် သီးသန့် ကုန်သွယ်ရေးပွဲ ရှိလေသည်။

ဤနည်းအတိုင်းပင် ရှန်ရှန်းအဆင့်၏ အထက်တွင်လည်း သူတော်စင်အဆင့်များအတွက် ကုန်သွယ်ရေးပွဲများ ရှိလေသည်။

သို့သော် ဤကုန်သွယ်ရေးပွဲ သုံးမျိုးစလုံးကို ကောင်းကင်မိစ္ဆာ မြို့တော်တွင် ကျင်းပသော်လည်း တစ်ချိန်တည်းတွင် ကျင်းပခြင်း မဟုတ်ဘဲ နောက်ဆုံး နှစ်ခု၏ အချိန်ကွာဟချက်က ပိုမို ကြာရှည်လေသည်။ သူတော်စင်အဆင့် ကုန်သွယ်ရေးပွဲများ ဆိုလျှင် များသောအားဖြင့် နှစ်ခြောက်ဆယ် ကြာမှ တစ်ကြိမ် ကျင်းပလေ့ရှိလေသည်။

"ဒါ့အပြင်... ကောင်းကင်မိစ္ဆာ မြို့တော်ထဲမှာ ဘယ်လို ရန်ဖြစ်တိုက်ခိုက်မှုမျိုးကိုမှ ခွင့်မပြုပါဘူး... စည်းကမ်းဖောက်ဖျက်တဲ့ သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးပါတယ်... ကျွန်မ အရင်က အစ်မတွေ ပြောပြဖူးတာကတော့... လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက သိုင်းသခင် နှစ်ယောက်က မြို့ထဲမှာ တစ်ယောက်နဲ့တစ်ယောက်ရဲ့ သရုပ်မှန်ကို သိသွားပြီး သေမလောက် ရန်ငြိုးရှိနေတယ် ဆိုတာ သိသွားတဲ့အခါ... အားလုံးကို ဂရုမစိုက်တော့ဘဲ တစ်ယောက်ကိုတစ်ယောက် သတ်ဖို့ ကြိုးစားခဲ့ကြတယ်... အဆုံးမှာတော့ ကောင်းကင်မိစ္ဆာ မြို့တော်က အစွမ်းထက်သူ တစ်ယောက်က ထွက်လာပြီး သူတို့ နှစ်ယောက်စလုံးကို ဖိနှိပ်ချေမှုန်းပစ်လိုက်တယ် တဲ့..."

ဟုန်ရှို့က တိုးညှင်းစွာ ရှင်းပြလိုက်လေသည်။

"ကောင်းကင်မိစ္ဆာ မြို့တော်ရဲ့ ကုန်သွယ်ရေးပွဲက ဘယ်အချိန်မှာ စမှာလဲ..."

ကျန်းချဲ့က ဘေးပတ်ဝန်းကျင်ရှိ အဆောက်အအုံများကို အကဲခတ်ရင်း စကားစပ်၍ မေးလိုက်လေသည်။

"သုံးရက် နေရင် စပါမယ်... အဝေးကလာမယ့် တခြား သိုင်းသခင်တွေကို အချိန်ပေးရဦးမယ်လေ... ကောင်းကင်မိစ္ဆာ တံဆိပ်ပြားက တိကျတဲ့ ဖိတ်ကြားသူ မရှိဘူး... တံဆိပ်ပြားရှိပြီး ကျင့်ကြံမှုက ရွှမ်တန်အဆင့် ရှိနေရင် ပါဝင်လို့ ရပါတယ်... ဒါကြောင့် တချို့လူတွေက ဒီနေရာနဲ့ အရမ်းဝေးတဲ့ နေရာကနေ လာရတာပါ..."

"တကယ်လို့ ကျင့်ကြံမှုက ရွှမ်တန်အဆင့် မပြည့်ဘူး ဆိုရင်ကော..."

"ယွမ်ချီကျောက်တုံး တစ်ထောင် ထုတ်ပေးနိုင်ရင် မွေးရာပါအဆင့် သိုင်းပညာရှင်တွေလည်း ပါဝင်လို့ ရတယ်လို့ ကြားဖူးပါတယ်... တကယ်လို့ ဒီအချက်နဲ့ မကိုက်ညီဘူး ဆိုရင်တော့ ကောင်းကင်မိစ္ဆာ မြို့တော်က တံဆိပ်ပြားကို ပြန်သိမ်းသွားပါလိမ့်မယ်..."

"ဒီတစ်ခါ ကောင်းကင်မိစ္ဆာ တံဆိပ်ပြား ဖြန့်ဝေတဲ့ ဧရိယာက ဘယ်လောက် ကျယ်ပြန့်လဲ..."

"ယွင်ပြည်နယ်... ယွဲ့ပြည်နယ်နဲ့ ပိုင်ယွဲ့ လူမျိုးစုတွေ လောက်ပဲ ရှိမယ် ထင်တယ်..."

"မင်းတို့ ကောင်းကင်မိစ္ဆာ မြို့တော်ရဲ့ မြို့စားက ဘယ်သူလဲ..."

ဟုန်ရှို့က ဘေးပတ်ဝန်းကျင်ကို အနည်းငယ် ထိတ်လန့်စွာ အကဲခတ်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်လေသည်။

"အဲ့ဒီ ပုဂ္ဂိုလ်ကို ကောင်းကင်မိစ္ဆာ စစ်မှန်သောသခင် လို့ ခေါ်ကြတယ်... ကောင်းကင်မိစ္ဆာ ဆိုတဲ့ နာမည်နဲ့ပဲ ဒီ မြို့တော်ကြီးကို တည်ထောင်ခဲ့တာပါ... အခုဆိုရင် နှစ်ပေါင်း လေးရာလောက်တောင် ရှိနေပါပြီ..."

"ကောင်းကင်မိစ္ဆာ စစ်မှန်သောသခင်..."

ကျန်းချဲ့က ခေါင်းညိတ်လိုက်လေသည်။

သူ ထင်ထားသည့်အတိုင်းပင် သူတော်စင်အဆင့် ကုန်သွယ်ရေးပွဲကို ကျင်းပနိုင်သော ပိုင်ရှင်မှာ အနည်းဆုံးတော့ ထိုအဆင့်နှင့် ညီမျှသော အစွမ်းအစ ရှိရမည်မှာ သေချာပေါက်ပင်။ ရှန်ရှန်းအဆင့်၏ အထက်တွင်တော့ စစ်မှန်သောသခင်အဆင့်၊ သိုင်းသူတော်စင်အဆင့်နှင့် ဗုဒ္ဓဘာသာ၏ ဗောဓိအဆင့်များ ရှိကြလေသည်။

ဤကဲ့သို့သော တည်ရှိမှုများမှာ မည်သူမဆို ကောင်းကင်နှင့်မြေကြီးကို ပြောင်းလဲနိုင်စွမ်းရှိသော ပုဂ္ဂိုလ်ကြီးများပင် ဖြစ်ကြလေသည်။

မည်သူမဆို ပြည်နယ်တစ်ခုလုံးတွင် အထွတ်အထိပ်သို့ ရောက်ရှိနေသော အင်အားစုတစ်ခုကို တည်ထောင်နိုင်စွမ်းရှိပြီး အကယ်၍ အစိုးရထံတွင်သာ ဆိုလျှင် နိုင်ငံတော်၏ အမာခံ တိုင်လုံးကြီးတစ်ခုအဖြစ် နိုင်ငံတော်မြို့စား သို့မဟုတ် မျိုးရိုးမတူသော မင်းသားအဖြစ်ပင် ခန့်အပ်ခံရနိုင်ပေသည်။

သို့သော် သူကတော့ ဤအဆင့်နှင့် အလှမ်းဝေးနေသေးလေသည်။

"ကုန်သွယ်ရေးပွဲ အပြင်... မြို့ထဲမှာ တခြား စုဝေးနေတဲ့ သိုင်းပညာရှင်တွေကော ရှိသေးလား..."

"ရှိပါတယ်... ကုန်သွယ်ရေးပွဲ မစခင်မှာ စောစော ရောက်လာတဲ့ သူတွေက အရှေ့ဘက် မြို့တော်မှာ ကိုယ်ပိုင် အချင်းချင်း အရောင်းအဝယ် လုပ်လို့ ရပါတယ်... ဒါပေမဲ့ ကောင်းကင်မိစ္ဆာ မြို့တော်ရဲ့ စစ်ဆေး အတည်ပြုမှု မရှိတဲ့ အတွက် တချို့ ပစ္စည်းတွေက လိမ်လည်တာတွေလည်း ရှိပါတယ်... စီနီယာ သွားချင်တယ် ဆိုရင်တော့ အရမ်း သတိထားဖို့ လိုပါတယ်..."

"အင်း..."

"ဒါနဲ့... ကောင်းကင်မိစ္ဆာ မြို့တော်က စီနီယာ အတွက် သီးသန့် တည်းခိုခန်းလည်း စီစဉ်ပေးထားပါတယ်... အခု သွားမလား ရှင်..."

"လောလောဆယ် မသွားသေးဘူး... ငါ့ကို အရှေ့ဘက် မြို့တော်ဆီ ခေါ်သွားပေး... လမ်းလျှောက် ကြည့်ရအောင်..."

ကျန်းချဲ့က လက်ဝှေ့ယမ်းလိုက်လေသည်။

သူ ဤနေရာသို့ လာရခြင်းမှာ ယဇ်ပူဇော်စရာ ပစ္စည်းအချို့ကို ရှာဖွေရန် ဖြစ်ပြီး ကံစမ်း၍လည်း လှည့်လည်ကြည့်ရှုရမည် ဖြစ်လေသည်။ ရောက်ရောက်ချင်း တည်းခိုခန်းတွင် သွားရောက် အနားယူနေမည် မဟုတ်ချေ။

"ကျွန်မ ခေါ်သွားပေးပါ့မယ်..."

"အင်း... လမ်းပြပေး..."

မကြာမီမှာပင် ဟုန်ရှို့၏ လမ်းညွှန်မှုဖြင့် ကျန်းချဲ့က အရှေ့ဘက် မြို့တော်ဟု ခေါ်သော နေရာသို့ ရောက်ရှိလာခဲ့ပြီး ပုံစံအမျိုးမျိုးရှိသော ရွှမ်တန်အဆင့် သိုင်းသခင်များကို တွေ့မြင်လိုက်ရလေသည်။

အချို့က အစေခံမလေးများကို ပွေ့ဖက်ကာ လွတ်လပ်ပေါ့ပါးစွာ နေထိုင်နေကြပြီး အချို့ကတော့ အစေခံမလေးများ မပါဘဲ အကျင့်ကြမ်းသော သိုင်းပညာရှင်များကဲ့သို့ ရှိနေကြလေသည်။

အချို့ကတော့ မျက်နှာဖုံးပင် မတပ်ဘဲ မိမိတို့၏ သရုပ်မှန်ကို ပေါ်ပေါ်ထင်ထင် ပြသနေကြလေသည်။ ပုံမှန်အားဖြင့် ဤကဲ့သို့သော လူများက မိမိတို့၏ ကျင့်ကြံမှု စွမ်းအားအပေါ် အလွန် ယုံကြည်မှု ရှိကြလေသည်။

သရုပ်မှန်ကို ဖုံးကွယ်ရန် လုံးဝ မလိုအပ်ဘဲ အခြားသူများကို အရှိန်အဝါဖြင့် ဖိနှိပ်ချင်သော သဘောထားမျိုးပင် ရှိနေနိုင်ပေသည်။

သေချာသည်ကတော့ အများစုမှာ ကျန်းချဲ့ကဲ့သို့ပင် ကောင်းကင်မိစ္ဆာ မြို့တော်၏ စည်းကမ်းအတိုင်း မိမိတို့၏ သရုပ်မှန်ကို ဖုံးကွယ်ထားကြလေသည်။ သို့သော် ရင်းနှီးသော သူများ ဆိုလျှင်တော့ မျက်နှာဖုံး တပ်ထားလျှင်တောင်မှ ရင်းနှီးနေသော ခံစားချက်ကို ရရှိနိုင်ပေသည်။

ဥပမာ ကျန်းချဲ့က မျက်နှာချင်းဆိုင်မှ လျှောက်လာသော ပုံရိပ်တစ်ခုကို ရင်းနှီးနေသည်ဟု ခံစားလိုက်ရလေသည်။

သူတို့ နှစ်ယောက် အကြည့်ချင်း ဆုံသွားသောအခါ တစ်ပြိုင်နက်တည်း ခြေလှမ်းများကို ရပ်တန့်လိုက်ကြလေသည်။

All Chapters