← Chapters

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း (၂၆၀) ယောက္ခမဖြစ်သူ၏ အံ့ဩမှင်တက်မှု

"ရှင်က ရှင့်နာမည်နဲ့ ကျွန်မအစ်မဆီကို စာရေးခိုင်းတာလား"

နောက်ဘက်ခြံဝင်းအတွင်း၌ ကျန်းချဲ့၏ စကားကို ကြားပြီးနောက် ချီနင်ပင်း ချက်ချင်းပင် စကားဆွံ့အသွားကာ ကျန်းချဲ့ကို စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

ဒီလူ တကယ်ကို ယုတ်မာလွန်းလှပေသည်။

မိန်းမတစ်ယောက်ကို ချော့ချင်ရင် ကိုယ့်ဘာသာ ချော့ပေါ့... ဘာလို့ သူ့ကို လာရေးခိုင်းနေရတာလဲ။

"နင်ပင်း ကိုယ်သိပါတယ် မင်း စိတ်လောနေတယ်ဆိုတာ... ဒါပေမဲ့ အရင်ဆုံး မလောပါနဲ့ဦး... ကိုယ် ရှင်းပြတာကို အရင်နားထောင်ပါဦး"

ကျန်းချဲ့က ချီနင်ပင်း၏ ဖြူဖွေးနူးညံ့သော လက်ကလေးကို ဆုပ်ကိုင်ကာ အပြုံးလေးဖြင့် ပြောလိုက်လေသည်။

"ပြောလေ"

ချီနင်ပင်းက နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။

"အစ်ကိုကြီးက မင်းနဲ့ ကိုယ့်ရဲ့ ဆက်ဆံရေးကို နည်းနည်း သံသယ ဝင်နေပြီ... ဒီကိစ္စကို အစောကြီးဖြစ်ဖြစ် နောက်ကျမှဖြစ်ဖြစ် ဝမ်ကျင်း သိသွားမှာပဲ... အဲ့ဒါကြောင့် ကိုယ် အခု ဝမ်ကျင်းနဲ့ သံယောဇဉ် ပိုတိုးအောင် လုပ်ဖို့ လိုနေတယ်... ဒါပေမဲ့ ကိုယ်က သူ့အကြောင်း သိပ်မသိတော့ ဒီစာကို မင်းရေးတာက အကောင်းဆုံးပဲ... မင်းတို့နှစ်ယောက်က အတူတူ ကြီးပြင်းလာကြတာဆိုတော့ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိတယ်လေ... ဝမ်ကျင်းရဲ့ ရင်ဘတ်ကို ဘယ်လို ထိရှအောင် လုပ်ရမလဲဆိုတာ မင်း အသိဆုံးပဲ"

ကျန်းချဲ့က သူမကို ဖျောင်းဖျလိုက်လေသည်။

"ရှင် တကယ်ကို မျက်နှာပြောင်တိုက်လွန်းတယ်"

ချီနင်ပင်းက မတတ်သာဘဲ သက်ပြင်းချလိုက်လေသည်။

"ငါတို့နှစ်ယောက် ကိစ္စက ဘယ်ချိန် ပေါက်ကွဲမလဲ မသိတဲ့ ဗုံးတစ်လုံးလိုပဲလေ... ဒီကိစ္စကို နောက်မှ ပြောတာထက် စောစော ပြောတာက ပိုကောင်းတယ်... အခုချက်ချင်း အတိအလင်း မပြောနိုင်သေးပေမဲ့... ဝမ်ကျင်းကို ကြိုတင်ပြီး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားအောင် အရိပ်အမြွက်လေး ပေးထားလို့ ရပါတယ်... သူ ဒေါသထွက်ရင်တောင်... နောက်မှ စိတ်ပျက်သွားတာထက်တော့ ပိုကောင်းပါတယ်"

ချီနင်ပင်းက မျက်မှောင်ကျုံ့ကာ ဘာစကားမှ မပြောဘဲ ထိုင်ချလိုက်လေသည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ သူမက ပြောလိုက်လေသည်။

"ဒီလိုလုပ်တာက ကျွန်မအစ်မကို သစ္စာဖောက်သလို ခံစားရတယ်"

"ဒါတွေ အားလုံးက ကိုယ့်အမှားပါ... မင်း စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး မဖြစ်ပါနဲ့... ဝမ်ကျင်း ရောက်လာတဲ့အခါ... ဒီကိစ္စ အားလုံးကို ကိုယ်တိုင် ရှင်းပြပါ့မယ်"

"ဟုတ်တယ်... ဒါတွေ အားလုံး ရှင့်အမှားပဲ... ဘာပဲဖြစ်ဖြစ် အဲ့ဒီအချိန်ကျရင် ရှင် ဘယ်လိုပဲ ရှင်းပြ ရှင်းပြ ကျွန်မ ဂရုမစိုက်ဘူး... ဒါပေမဲ့ ဒီကိစ္စကြောင့် ကျွန်မတို့ ညီအစ်မ နှစ်ယောက်ကြားမှာ အက်ကြောင်း မဖြစ်စေရဘူး... ရှင် အဲ့ဒါကို သေချာပေါက် လုပ်ပေးရမယ်"

ချီနင်ပင်းက ပါးစပ်လေး စူကာ ကျန်းချဲ့ကို စိုက်ကြည့်ရင်း ပြောလိုက်လေသည်။

"ကောင်းပါပြီ... ကိုယ် ကတိပေးပါတယ်"

ချီနင်ပင်းက သက်ပြင်းတစ်ချက် ချလိုက်လေသည်။

"ကောင်းပြီ... ကျွန်မ ရေးမယ်... ဒါပေမဲ့ ဘာရေးရမလဲ"

"အင်း... မင်း ဒီလိုရေးလိုက်"

ကျန်းချဲ့နှင့် ချီနင်ပင်းတို့ ချီဝမ်ကျင်းထံသို့ မည်သို့ စာရေးရမည်ကို တိုင်ပင်ဆွေးနွေးနေစဉ် ချီရှောက်ယန်က တံခါးဝသို့ ရောက်ရှိလာပြီး အသိပေးပြီးနောက် ကျန်းချဲ့က သူ့ကို ဖိတ်ခေါ်လိုက်လေသည်။

ညီမဖြစ်သူ ချီနင်ပင်းကို ဤနေရာတွင် တွေ့လိုက်ရသဖြင့် ချီရှောက်ယန်က မျက်မှောင်ကျုံ့လိုက်လေသည်။

"နင်ပင်း... ညီမ ဘာလို့ ဒီမှာ ရောက်နေတာလဲ"

"ညီမက မြို့စားအိမ်တော်မှာ နေတာလေ... ဒီမှာ ရှိနေတာ ပုံမှန်ပဲ မဟုတ်ဘူးလား"

ချီရှောက်ယန် မဝင်လာမီကတည်းက ရေးလက်စ စာရွက်ကို ဖွက်ထားပြီးဖြစ်သော ချီနင်ပင်းက အစ်ကိုဖြစ်သူ၏ စကားကို ကြားသောအခါ သူ့ကို မျက်စောင်းထိုးကာ ပြန်ပြောလိုက်လေသည်။

"အစ်ကိုကြီး... အထင်မလွဲပါနဲ့... ကျွန်တော် ကောင်းကင်မိစ္ဆာ နန်းတော်ကနေ နင်ပင်း အတွက် ကျင့်ကြံမှု တိုးတက်စေမယ့် ဝိညာဉ်ဆေးလုံး တစ်လုံး ဝယ်လာခဲ့တယ်... ခုနက သူမကို ဆေးလုံး စုပ်ယူဖို့ ကူညီပေးမလို့ပါ"

ကျန်းချဲ့က မည်သည့် ထူးခြားမှုမျှ မပြဘဲ ပြုံးရွှင်စွာ ပြောလိုက်လေသည်။

"ရှင်းပြနေစရာ မလိုပါဘူး... အစ်ကို အဲ့ဒီလို သဘောနဲ့ ပြောတာ မဟုတ်ပါဘူး... ဒါနဲ့... နင်ပင်းက ဒီမှာ ကောင်းကောင်းမွန်မွန် ရှိနေတယ်ဆိုတော့... အစ်ကို ဆက်ပြီး မနေတော့ဘူး... ခဏနေရင် မြောက်လင်ကို ပြန်တော့မယ်"

ချီရှောက်ယန်က လက်ကာပြလိုက်လေသည်။

ချီနင်ပင်းနှင့် ကျန်းချဲ့တို့ အတူနေထိုင်နေခြင်းက အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသော်လည်း ဤသည်မှာ ဖခင်ဖြစ်သူ၏ အလိုဆန္ဒဖြစ်ပြီး သူကိုယ်တိုင်လည်း မည်သည့် ထူးခြားမှုမျှ မတွေ့ရသဖြင့် ဆက်လက်နေထိုင်ရန် မစဉ်းစားတော့ချေ။

ယခင်က ကျန်းချဲ့နှင့် တရားဆွေးနွေးခဲ့ရာမှ သူ အနည်းငယ် နားလည်သဘောပေါက်မှု ရရှိခဲ့သဖြင့် အိမ်ပြန်ရောက်ပါက မိသားစုမှ သူ့အတွက် ပြင်ဆင်ပေးထားသော ဗောဓိ ဉာဏ်အလင်းပွင့်အသီး ကို စုပ်ယူကာ ကောင်းကင်နှင့်မြေကြီး အရှိန်အဝါ အဆင့်သို့ လှမ်းတက်ရန် ကြိုးစားမည်ဟု ရည်ရွယ်ထားလေသည်။

ထို့အပြင် နောက်ပိုင်းတွင် ကျင်းပမည့် သိုင်းပြိုင်ပွဲ အတွက် ပြင်ဆင်သည့် အနေဖြင့် ရွှေအမြုတေ အဆင့်သို့ပါ တစ်ပါတည်း တက်လှမ်းရန် ရည်ရွယ်ထားလေသည်။

"ဒီလောက်တောင် လောနေတာလား... ကျွန်တော် အစ်ကိုကြီးကို နောက်ထပ် ရက်အနည်းငယ်လောက် ဧည့်ခံချင်သေးတာကို"

ကျန်းချဲ့က တားဆီးလိုက်လေသည်။

"အလုပ်တွေက အရမ်းများနေတော့... အကြာကြီး နေလို့မရဘူး... ပြီးတော့... မင်းက ချင်းမင် ဝိညာဉ်အားဖြည့် ကြာပန်းကို အရမ်း လိုချင်နေတာ မဟုတ်ဘူးလား... ငါ ပြန်ရောက်ရင် မင်းအတွက် အဆက်အသွယ်တွေ သုံးပြီး ရှာပေးမယ်လေ"

ချီရှောက်ယန်က ပြုံးကာ ပြောလိုက်လေသည်။

"အဲ့ဒါက အဲ့လောက် အလောတကြီး မဟုတ်ပါဘူး... မနက်ဖြန်မှ ပြန်ပါလား"

"ဟုတ်တယ် အစ်ကိုကြီး... ဘာလို့ ဒီလောက်တောင် လောနေရတာလဲ... ညီမ အစ်ကိုကြီးကို ထျန်းနန်ရဲ့ ဒေသထွက် အစားအစာတွေ မြည်းစမ်းစေချင်သေးတာကို"

ချီနင်ပင်း လည်း ဝင်၍ တားဆီးလိုက်လေသည်။

အစ်မကြီး ချီဝမ်ကျင်း၏ အေးချမ်းတည်ငြိမ်သော အကျင့်စရိုက်နှင့် နှိုင်းယှဉ်ပါက သူမ၏ အကျင့်စရိုက်က ပို၍ သွက်လက်တက်ကြွပြီး ချီရှောက်ယန် နှင့် ဆက်ဆံရေးကလည်း ပိုမို လွတ်လပ်ကာ ပို၍ပင် ရင်းနှီးသည်ဟု ဆိုနိုင်ပေသည်။

ထိုအကြောင်းကြောင့်ပင် ယခင်က စေ့စပ်ပွဲ ကိစ္စနှင့် ပတ်သက်၍ ချီရှောက်ယန်က ချီကျန်းနန်ကို ဆန့်ကျင်ကာ ထိုစေ့စပ်ပွဲကို ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်လေသည်။

"ဒါဆိုရင်လည်း... မနက်ဖြန်မှ ပြန်တာပေါ့"

ကျန်းချဲ့နှင့် ချီနင်ပင်းတို့က ဤမျှလောက် တားဆီးနေကြသဖြင့် ချီရှောက်ယန် လည်း ဆက်လက်၍ မငြင်းဆန်တော့ဘဲ နောက်ထပ် တစ်ရက် ဆက်နေရန် ဆုံးဖြတ်လိုက်လေသည်။

ထိုနေ့တွင် ကျန်းချဲ့က ချီရှောက်ယန်ကို ရှားပါးသော အစားအသောက်များဖြင့် ဧည့်ခံခဲ့ပြီး နောက်ပိုင်းတွင် ချီရှောက်ယန် တစ်ယောက် ဒေါသထွက်ကာ သူ့ကို အဆက်အသွယ် ဖြတ်တောက်သွားခြင်းမျိုး မဖြစ်စေရန် ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့လေသည်။

သေချာသည်ကတော့ ကျန်းချဲ့က ထိုအကြောင်းအရာနှင့် ပတ်သက်၍ စကားလမ်းကြောင်း မလှည့်ခဲ့ချေ။ ချီနင်ပင်း၏ ပြောစကားအရ ချီရှောက်ယန်က သူ၏ ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ အနည်းငယ် သံသယရှိနေသဖြင့် ချီနင်ပင်းကို ထွက်သွားစေချင်နေကြောင်း သူ သိထားလေသည်။

အမှန်တကယ်တော့ ကျန်းချဲ့က ချီရှောက်ယန် သည် လူကဲခတ် အလွန်တော်သည်ဟု ထင်မြင်မိလေသည်။

ချီရှောက်ယန်၏ သံသယများနှင့် ပတ်သက်၍ ကျန်းချဲ့က အနည်းငယ်မျှ ဒေါသထွက်ခြင်း မရှိခဲ့ချေ။

သူ့ဘက်က ကြည့်မည်ဆိုလျှင် ထိုသို့လုပ်ဆောင်ခြင်းက အလွန် မှန်ကန်လှပေသည်။

နောက်တစ်နေ့ နံနက်စောစောတွင် ကျန်းချဲ့က ချီရှောက်ယန်ကို ကိုယ်တိုင် သွားရောက် ပို့ဆောင်ခဲ့ပြီး ထွက်မခွာမီ စာတစ်စောင်ကို ချီရှောက်ယန်ထံ ပေးအပ်ခဲ့လေသည်။

"အစ်ကိုကြီး... အိမ်ပြန်ရောက်ရင် ဒီစာကို ဝမ်ကျင်းဆီ ပေးပေးပါ... ကျွန်တော် ထျန်းနန်ကို စရောက်တုန်းက အလုပ်တွေ အရမ်းများနေတော့... သူ့နားမှာ မနေပေးနိုင်ခဲ့ဘူး... အခု သူ တံခါးပိတ် ကျင့်ကြံနေတဲ့ အချိန်မှာလည်း သူ့နားမှာ မရှိပေးနိုင်ဘူး... ဟူး... တကယ်ကို ရှက်ဖို့ကောင်းပါတယ်"

"မင်း အလုပ်များနေတယ်ဆိုတာကို ဝမ်ကျင်း နားလည်ပေးမှာပါ... အိမ်ပြန်ရောက်ရင် ဒီစာကို ဝမ်ကျင်းဆီ ပေးလိုက်ပါ့မယ်... သူ တံခါးပိတ် ကျင့်ကြံရာက ထွက်လာတာနဲ့ ဖတ်လို့ရမှာပါ"

ချီရှောက်ယန်က စာကို ကြည့်ကာ ပြုံးလိုက်လေသည်။

သူက လူယုတ်မာ၏ စိတ်ထားဖြင့် သူတော်ကောင်းကို တိုင်းတာမိသော်လည်း ကံကောင်းစွာဖြင့် ကျန်းချဲ့က အကျင့်စာရိတ္တ မဆိုးရွားလှပေ။ ဝမ်ကျင်း အပေါ် ဤမျှ နက်ရှိုင်းသော သံယောဇဉ် ရှိနေသည် ဆိုလျှင် နင်ပင်းကို အမြတ်ထုတ်လိမ့်မည် မဟုတ်ဟု သူ ယုံကြည်လိုက်လေသည်။

"အစ်ကိုကြီး... လမ်းခရီးမှာ ဂရုစိုက်ပါ"

"နင်ပင်းကို သေချာ ဂရုစိုက်ပေးပါ"

"အစ်ကိုကြီး စိတ်ချပါ... ဒါတွေ အားလုံးက ကျွန်တော် လုပ်ရမယ့် တာဝန်တွေချည်းပါပဲ"

ကျန်းချဲ့က ခေါင်းကို လေးနက်စွာ ညိတ်ပြလိုက်လေသည်။

ရက်အနည်းငယ် အကြာတွင် ချီရှောက်ယန်က မြောက်လင် ဒေသသို့ ရောက်ရှိသွားလေသည်။ သူ ပြန်ရောက်ရောက်ချင်းပင် ချီကျန်းနန်၏ အမိန့်ဖြင့် မက်မွန်ခြံဝင်း သို့ အခေါ်ခံရပြီး အနားယူရန် အချိန်ပင် မရခဲ့ချေ။

"သားတော်... ဖေဖေ့ကို ဂါရဝပြုပါတယ်"

ချီရှောက်ယန်က ဦးညွှတ်နှုတ်ဆက်လိုက်လေသည်။

"ဒီတစ်ခေါက် မင်းကို ခိုင်းလိုက်တဲ့ ကိစ္စ ဘယ်လိုနေလဲ"

ချီကျန်းနန်က လက်ကာပြကာ ချီရှောက်ယန်ကို သူ၏ ရှေ့တွင် ထိုင်စေလိုက်လေသည်။

"ဝိညာဉ်ပစ္စည်း နှစ်ခုကလွဲရင်... ကျန်တာ အားလုံးကို သိုလှောင်ရေးလက်စွပ် ထဲမှာ ထည့်လာပါတယ်... ဒီတစ်ခေါက် စုစုပေါင်း ယွမ်ချီကျောက်တုံး ခုနစ်ထောင် ကုန်ကျခဲ့ပါတယ်"

ချီရှောက်ယန်က အခြေအနေ အသေးစိတ်ကို တင်ပြလိုက်လေသည်။

ကျန်းချဲ့က ဝိညာဉ်ပစ္စည်း အနည်းငယ်သာ ဝယ်ယူခဲ့သော်လည်း ချီရှောက်ယန်ကမူ မကြာခဏ လေလံဆွဲခဲ့ပြီး ကောင်းကင်မိစ္ဆာ နန်းတော်မှ အသုံးဝင်မည့် ဝိညာဉ်ပစ္စည်း အများအပြားကို ဝယ်ယူခဲ့လေသည်။ သူကိုယ်တိုင် အတွက်မူ သင့်တော်သော ပစ္စည်း အနည်းငယ်သာ ဝယ်ယူနိုင်ခဲ့လေသည်။

"ကောင်းတယ်... ဒါနဲ့... မင်း ခုနက ပြောတော့ ထျန်းနန်ကို သွားခဲ့သေးတယ်ဆို"

"သားတော် မြို့စားအိမ်တော်မှာ နှစ်ရက်လောက် နေခဲ့ပြီးတော့... ကျန်းချဲ့နဲ့ တရားဆွေးနွေးခဲ့ပါတယ်"

"အဲ့ဒီကောင်လေး... အခု ဘယ်လိုနေလဲ"

ချီကျန်းနန်က ချီမိသားစု၏ သတင်းလမ်းကြောင်း အသီးသီးမှတစ်ဆင့် ကျန်းချဲ့၏ သတင်းများကို သိရှိထားသော်လည်း ယခုအချိန်တွင်မူ ထပ်မံ၍ မေးမြန်းချင်နေမိလေသည်။ အကြောင်းမှာ ကျန်းချဲ့က သူ့ကို အံ့အားသင့်စရာများ အလွန်များပြားစွာ ပေးစွမ်းနိုင်ခဲ့သောကြောင့်ပင်။

ထျန်းနန် ဒေသရှိ ကောင်း မိသားစုနှင့် ထိပ်တိုက်တွေ့ခြင်းက သူ့အတွက် အံ့ဩစရာ မဟုတ်ပေ။ ယခင်က ကျန်းချဲ့ကို ကောင်းချီနျန်၏ နေရာတွင် အစားထိုး ခန့်အပ်လိုက်ချိန်ကတည်းက ဤသည်မှာ လီချန်ကော၏ တမင်ရည်ရွယ်ချက် ဖြစ်ကြောင်း သူ သိရှိထားလေသည်။

သို့သော် ထျန်းနန်မြို့ ၏ နေရာက အလွန် အရေးပါလှသဖြင့် ကောင်း မိသားစုနှင့် ရန်ငြိုးဖွဲ့ရမည် ဆိုလျှင်ပင် တန်သည်ဟု ယူဆကာ သူက သဘောတူခဲ့လေသည်။ ဥပမာအားဖြင့် ယခုဆိုလျှင် ကျန်းချဲ့၏ နောက်ကွယ်မှ ပံ့ပိုးမှုဖြင့် ချီမိသားစုက ပိုင်ယွဲ့ လူမျိုးစုများကြားတွင် ဆက်ဆံရေးများ တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။ ဤအတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဆိုပါက သေချာပေါက် ဝင်ငွေ အမြောက်အမြား ရရှိမည့် လမ်းကြောင်းတစ်ခု ဖြစ်လာမည်မှာ အသေအချာပင်။

နဂါးကျား တာအိုဂိုဏ်း နှင့် ရန်ငြိုးဖွဲ့ခြင်းကလည်း ကြီးမားသော ပြဿနာ မဟုတ်ပေ။ ရွှမ်လင် လျှို့ဝှက်နယ်မြေ ကိစ္စ ဖြစ်ပွားပြီးနောက် နဂါးကျား တာအိုဂိုဏ်းက အလွယ်တကူ အရှုံးပေးမည် မဟုတ်ကြောင်း သူ သိရှိထားပြီး စစ်ပွဲ ဆင်နွှဲရန်ပင် ပြင်ဆင်ထားခဲ့လေသည်။

နဂါးကျား တာအိုဂိုဏ်းက အင်အားကြီးမားသော်လည်း မြောက်လင် ချီမိသားစုက အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိချေ။

အကြောင်းရင်းများစွာ ရှိသည့်အနက် အရေးကြီးဆုံး အချက်မှာ နဂါးကျား တာအိုဂိုဏ်း၏ အလယ်အလတ်နှင့် အထက်တန်း အဆင့် ခေါင်းဆောင်များက အင်အားကြီးမားသော်လည်း အမြင့်ဆုံး အဆင့်ဖြစ်သော သိုင်းသူတော်စင် များက အချိန်အတော်ကြာ ပေါ်ထွက်လာခြင်း မရှိသောကြောင့်ပင် ဖြစ်လေသည်။

ဘိုးဘေးများ၏ ခန့်မှန်းချက်အရ နဂါးကျား တာအိုဂိုဏ်း၏ ထိုပုဂ္ဂိုလ်ကြီးမှာ သက်တမ်း ကုန်ဆုံးခါနီး ဖြစ်နေပြီဟု ယူဆရလေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် နဂါးကျား တာအိုဂိုဏ်း၏ လက်ရှိ အင်အားဖြင့် အသေအလဲ တိုက်ခိုက်မည် ဆိုလျှင်ပင် မြောက်လင် ချီမိသားစုကို သေချာပေါက် အနိုင်ရလိမ့်မည် မဟုတ်ပေ။ သေချာသည်ကတော့ နှစ်ရာပေါင်းများစွာ သမိုင်းကြောင်းရှိသော မြောက်လင် ချီမိသားစု အနေဖြင့် နဂါးကျား တာအိုဂိုဏ်းကို ဖျက်ဆီးရန် ဆိုသည်မှာလည်း အလွန် ခက်ခဲလှပေသည်။

နောက်ဆုံး အခြေအနေ သို့ မရောက်မချင်း ထိုဆုံးဖြတ်ချက်ကို သူ ချမှတ်လိမ့်မည် မဟုတ်ပေ။

ချီကျန်းနန်ကို တကယ်တမ်း အံ့အားသင့်စေခဲ့သည်မှာ ကျန်းချဲ့က အမြုတေအဆင့်သို့ တက်လှမ်းခါစ ဖြစ်သော်လည်း လဲ့ထင်ကို အနိုင်ယူနိုင်ခဲ့ခြင်းပင် ဖြစ်လေသည်။ ထို့အပြင် ဒုတိယ အကြီးအကဲထံမှ ရရှိသော သတင်းများအရ ထိုကောင်လေးက အရှိန်အဝါ အဆင့်ကိုပင် အပြည့်အဝ နားလည် သဘောပေါက်သွားပြီ ဖြစ်ကြောင်း သိရလေသည်။

ထိုသတင်းကို သူ ကြားသိရချိန်တွင် သူ၏ ပထမဆုံး အတွေးမှာ ကျန်းချဲ့က မင်ရှန် တာအိုစွမ်းအင်၏ အကူအညီကို ရယူခဲ့ခြင်း ဖြစ်မည်ဟု ထင်မှတ်ခဲ့လေသည်။ သို့သော် ထိုစွမ်းအင်မျိုးက သာမန်လူများ အလွယ်တကူ အသုံးပြုနိုင်သော အရာမျိုး မဟုတ်ပေ။

ထို့ကြောင့် ဤ သိုင်းပါရမီရှင် ကျန်းချဲ့ကို သူ ပိုမို၍ သဘောကျလာမိလေသည်။

ယခင်က ဘိုးဘေးများက ကျန်းချဲ့သည် သူနှင့် တန်းတူ ဖြစ်လာနိုင်ခြေ ရှိကြောင်း မှတ်ချက်ပြုခဲ့ဖူးလေသည်။ အကယ်၍ ထိုအချက်သာ မှန်ကန်ခဲ့ပြီး ချီမိသားစုတွင် သိုင်းသူတော်စင် နှစ်ပါး ပေါ်ထွက်လာမည် ဆိုပါက ပြည်နယ်တစ်ခုလုံးကို မစိုးမိုးနိုင်လျှင်တောင် အလွန် နီးစပ်သွားမည်မှာ အသေအချာပင်။

ထို့ကြောင့် ယခုအခါတွင် သူက ကျန်းချဲ့နှင့် ပတ်သက်သော သတင်းအချက်အလက် အားလုံးကို အလွန် ဂရုတစိုက် စောင့်ကြည့်နေလေသည်။

"ကျန်းချဲ့ အခု အရမ်း အခြေအနေ ကောင်းပါတယ်... စစ်မှန်သောအမြုတေ အဆင့်ကိုတောင် ရောက်နေပြီ... အရင်က သူနဲ့ တရားဆွေးနွေးတုန်းက သူ့ရဲ့ အမြင်တချို့က သားတော်ကို အများကြီး ဉာဏ်အလင်းပွင့် စေခဲ့တယ်... ကောင်းကင်နဲ့မြေကြီး အရှိန်အဝါကို နားလည်သွားသလိုမျိုးတောင် ခံစားရတယ်"

ချီရှောက်ယန်က အမှန်အတိုင်း ဖြေကြားလိုက်လေသည်။

သို့သော် သူ၏ စကားက ချီကျန်းနန်ကို အံ့အားသင့်သွားစေခဲ့ပြီး ချီရှောက်ယန် အရှိန်အဝါ အဆင့်သို့ ရောက်ရှိတော့မည့် သတင်းကိုပင် သတိမထားမိတော့ဘဲ အလေးအနက် မေးလိုက်လေသည်။

"မင်း ပြောတာ... သူ စစ်မှန်သောအမြုတေ အဆင့်ကို ရောက်သွားပြီ ဟုတ်လား"

ချီကျန်းနန် အံ့ဩသွားသည်မှာ အဆန်းမဟုတ်ပေ။ အကြောင်းမှာ ဤကိစ္စက တကယ်ကို မယုံနိုင်စရာ ကောင်းလွန်းသောကြောင့်ပင် ဖြစ်လေသည်။ ကျန်းချဲ့ အမြုတေအဆင့်သို့ မည်သည့်အချိန်က ရောက်ရှိခဲ့သည်ကို သူ သိထားပြီး ယခုအချိန်နှင့် ဆိုလျှင် နှစ်လပင် မပြည့်သေးချေ။

ဒါက စစ်မှန်သောအမြုတေ အဆင့်ကို ရောက်သွားပြီပေါ့။

ရွှမ်တန်အဆင့် သိုင်းသခင်များ အနေဖြင့် အဆင့်တစ်ဆင့် တက်လှမ်းတိုင်း ပိုမို ခက်ခဲလာကြောင်း သိထားရမည် ဖြစ်သည်။ ပုံရိပ်ယောင်အမြုတေ မှ စစ်မှန်သောအမြုတေ သို့ ပြောင်းလဲခြင်းက ပိုမို လွယ်ကူသည် ဆိုသော်လည်း အချိန်ယူ၍ ကျင့်ကြံ အားထုတ်ရန် လိုအပ်သေးလေသည်။ ချီရှောက်ယန် ကဲ့သို့သော ချီမိသားစု၏ သခင်လေး ပင်လျှင် ကျင့်ကြံခြင်း အရင်းအမြစ်များ အပြည့်အဝ ရရှိထားသော်လည်း ပုံရိပ်ယောင်အမြုတေအဆင့်သို့ ရောက်ရှိပြီးနောက် စစ်မှန်သောအမြုတေအဆင့် သို့ ပြောင်းလဲရန် ငါးနှစ်နီးပါး အချိန်ယူခဲ့ရလေသည်။

ထိုကဲ့သို့သော ကျင့်ကြံမှု အမြန်နှုန်းကပင် အလွန် အံ့မခန်း ဖြစ်နေပြီ ဖြစ်လေသည်။

သို့သော် ကျန်းချဲ့က လအနည်းငယ် အတွင်းမှာပင် အဆင့်တက်သွားသည် တဲ့လား။

သူ အနည်းငယ် မယုံကြည်နိုင်အောင် ဖြစ်နေမိလေသည်။

"ဟုတ်ပါတယ်... ဒီကိစ္စကို သားတော် ရာနှုန်းပြည့် သေချာပါတယ်"

ချီရှောက်ယန်က လေးနက်စွာ ခေါင်းညိတ်လိုက်လေသည်။ သူနှင့် ကျန်းချဲ့တို့ တရားဆွေးနွေးရာတွင် အချင်းချင်း အနည်းငယ်မျှ ဖုံးကွယ်ထားခြင်း မရှိခဲ့ချေ။ ထို့ကြောင့် ကျန်းချဲ့က စစ်မှန်သောအမြုတေ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ အခြေခံများလည်း အလွန် ခိုင်မာကြောင်း သူ အပြည့်အဝ အတည်ပြုနိုင်ခဲ့လေသည်။

ထိုအချိန်က သူကိုယ်တိုင်လည်း အလွန် အံ့ဩသွားခဲ့သော်လည်း အပြင်တွင်တော့ အလွန်အကျွံ ထုတ်ဖော် မပြသခဲ့ချေ။

ချီကျန်းနန်က လက်ထဲရှိ လက်ဖက်ရည်ခွက်ကို စိုက်ကြည့်ရင်း မျက်လုံးများက တောက်ပနေလေသည်။

အကယ်၍ ယခင်က ကျန်းချဲ့တွင် ကံကြမ္မာကောင်းများ ရှိနေသည်ကို သူ သေချာ မသိခဲ့သော်လည်း ယခုအခါတွင်မူ ကျန်းချဲ့သည် ကံကြမ္မာကောင်းများ ပိုင်ဆိုင်ထားသော ကောင်းကင်ဘုံ ၏ အချစ်တော် တစ်ဦး ဖြစ်ကြောင်း အပြည့်အဝ ယုံကြည်သွားလေပြီ။

ထိုကဲ့သို့သော သူများက သိုင်းသူတော်စင် အဆင့်သို့ တက်လှမ်းနိုင်မည့် မျှော်လင့်ချက် ကြီးမားစွာ ရှိနေလေသည်။

ထို့အပြင် ထိုသူ၏ ကိုယ်ပေါ်တွင် ကြီးမားလှသော လျှို့ဝှက်ချက် တစ်ခု ရှိနေနိုင်သည်ဟုပင် သူ ထင်မြင်မိလေသည်။

အကြောင်းမှာ ပုံမှန် သိုင်းသခင် တစ်ပါး အနေဖြင့် ပုံရိပ်ယောင်အမြုတေ မှ စစ်မှန်သောအမြုတေ သို့ တက်လှမ်းရန် အနည်းဆုံး နှစ်အနည်းငယ် မှ ဆယ်စုနှစ် များစွာ အထိ အချိန်ယူရမည် ဖြစ်သောကြောင့်ပင် ဖြစ်လေသည်။

ယခုအချိန်တွင် သူက ကျန်းချဲ့၏ ကိုယ်ပေါ်ရှိ လျှို့ဝှက်ချက်များကိုပင် လိုချင်တပ်မက် လာမိလေသည်။

အကယ်၍ ထိုလျှို့ဝှက်ချက်ကို သူသာ ရရှိခဲ့မည် ဆိုပါက သိုင်းသူတော်စင် အဆင့်သို့ တက်လှမ်းနိုင်ကောင်း တက်လှမ်းနိုင်မည် ဖြစ်လေသည်။

သို့သော်...

ဘိုးဘေးများ၏ ယခင် သတိပေးချက်များကို ပြန်လည် စဉ်းစားမိသောအခါ စက္ကန့်အနည်းငယ် အကြာတွင် ထိုအတွေးကို ဖိနှိပ်ပစ်လိုက်လေသည်။

ပထမ အချက်မှာ ကျန်းချဲ့က ယခုအခါ အတောင်အလက် စုံနေပြီ ဖြစ်ပြီး ချီမိသားစု အပြင် လီချန်ကော ကလည်း သူ့ကို အလွန် အလေးထားနေသောကြောင့် ဖြစ်လေသည်။ အကယ်၍ တကယ်ပဲ ရန်သူ ဖြစ်သွားပါက ယခင် ရင်းနှီးမြှုပ်နှံမှု များ အားလုံး သဲထဲရေသွန် ဖြစ်သွားမည်မှာ အသေအချာပင် ဖြစ်လေသည်။

ထို့အပြင် ရန်သူ များပင် ဖြစ်သွားနိုင်လေသည်။

ဒုတိယ အချက်မှာ သူ ကိုယ်တိုင် ဝင်ရောက် တိုက်ခိုက်မည် ဆိုလျှင်တောင် ကျန်းချဲ့ကို ဖမ်းဆီးနိုင်မည် မဟုတ်ဟု စိုးရိမ်မိသောကြောင့်ပင် ဖြစ်လေသည်။ အကြောင်းမှာ ကောင်းကင်ဘုံ ၏ အချစ်တော် များမှာ ကံကြမ္မာ ကောင်းများ အလွန် ကြီးမားသဖြင့် ဘေးအန္တရာယ် များကို အမြဲတမ်း ကျော်လွှားနိုင်လေ့ ရှိသောကြောင့်ပင်။

တစ်ကြိမ် မအောင်မြင်ပါက နောက်ပိုင်းတွင် မိသားစု တစ်ခုလုံး ပျက်စီးရမည့် ဘေးဒဏ် နှင့် ရင်ဆိုင်ရမည် ဖြစ်လေသည်။

ယခုအခါ ချီမိသားစု က ကျန်းချဲ့ နှင့် တစ်သားတည်း ဖြစ်နေပြီ ဖြစ်ရာ အတူတကွ အောင်မြင်ပြီး အတူတကွ ကျရှုံးရမည် ဖြစ်လေသည်။ တစ်ဖက်လူ၏ အခွင့်အရေးကို လိုချင်တပ်မက် နေရန် မလိုအပ်ဘဲ အခြေအနေ ကို စောင့်ကြည့်နေရန်သာ လိုအပ်လေသည်။

ချီမိသားစု အနေဖြင့် သေချာပေါက် အကျိုးအမြတ် အများအပြား ရရှိမည်မှာ အသေအချာပင်။

"ကောင်းတယ်... ဖေဖေ သူ့ကို လူရွေးမမှားခဲ့ဘူး... အခု သူ့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ရှိသေးလား"

စိတ်နေသဘောထားကို လျင်မြန်စွာ ပြောင်းလဲလိုက်သော ချီကျန်းနန် က ချီရှောက်ယန် သတိမထားမိစေဘဲ စကားလမ်းကြောင်းကို အမြန် ပြောင်းလိုက်လေသည်။

"သူ အခု ချင်းမင် ဝိညာဉ်အားဖြည့် ကြာပန်း တစ်ပွင့် လိုအပ်နေတယ်... ကျင့်ကြံတဲ့ နေရာမှာ သုံးဖို့တဲ့... အရင်က သားတော် ကို ကူညီရှာပေးဖို့ အကူအညီ တောင်းခဲ့သေးတယ်... ဒါပေမဲ့ မိသားစု ရဲ့ ဘဏ္ဍာတိုက် ထဲမှာ ရှန်ရှန်းအဆင့် ကို တက်လှမ်းဖို့ အထောက်အကူပြုတဲ့ ဝိညာဉ်ပစ္စည်း တွေ ရှိပေမဲ့... သားတော် ဒီပစ္စည်း ကိုတော့ တစ်ခါမှ မမြင်ဖူးဘူး"

"ချင်းမင် ဝိညာဉ်အားဖြည့် ကြာပန်း"

ချီကျန်းနန် က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်လေသည်။

"ဒီကိစ္စကို မင်း ဝင်မပါနဲ့တော့... စိတ်အေးအေးထားပြီး တံခါးပိတ် ကျင့်ကြံတော့... မိသားစု ဘဏ္ဍာတိုက် ထဲမှာ ချင်းမင် ဝိညာဉ်အားဖြည့် ကြာပန်း မရှိတာ မှန်ပေမဲ့... ဝိညာဉ်ဓားတောင် က ချင်းရှောင် ဓားသခင် ဆီမှာတော့ ရှိတယ်... ဖေဖေ တခြား ဝိညာဉ်ပစ္စည်း တစ်ခုနဲ့ သွားလဲလိုက်ရင် ပြဿနာ မရှိနိုင်ပါဘူး"

အကယ်၍ သာမန် သမက် တစ်ယောက်သာ ဆိုလျှင် ပါရမီ မည်မျှပင် ထူးချွန်စေကာမူ ချီကျန်းနန် က ဤမျှလောက် အထိ လုပ်ပေးမည် မဟုတ်ချေ။ အကြောင်းမှာ မိသားစု တွင် စည်းမျဉ်းစည်းကမ်း များ ရှိပြီး အိမ်ထောင်ဦးစီး ဖြစ်လျှင်တောင်မှ ဤကဲ့သို့သော ဝိညာဉ်ပစ္စည်း များကို အလွယ်တကူ ထုတ်ယူ အသုံးပြုခွင့် မရှိသောကြောင့်ပင် ဖြစ်လေသည်။

ကျန်းချဲ့ အနေဖြင့် လိုချင်သည် ဆိုလျှင်လည်း ထိုက်တန်သော စွမ်းဆောင်ရည် များကို ပြသရမည် ဖြစ်လေသည်။

သို့သော် ယခုအခါ... သူ ထိုသို့ မတွေးတော့ချေ။

အကြောင်းမှာ ကျန်းချဲ့၏ တိုးတက်မှုနှုန်း က အလွန် မြန်ဆန်လွန်းလှပြီး ရင်းနှီးမြှုပ်နှံမှု များ ပြုလုပ်ပါက မျက်မြင်ကိုယ်တွေ့ တိုးတက်မှု များနှင့် အကျိုးအမြတ် များကို ပြန်လည် ရရှိမည် ဖြစ်သောကြောင့်ပင်။

သူ တတ်နိုင်သလောက် ဆိုလျှင် စည်းကမ်း အနည်းငယ် ချိုးဖောက်မိလျှင်တောင် ဘာမှ မဖြစ်နိုင်ချေ။ အလွန်ဆုံး မိသားစု ၏ အမည်ကို အသုံးမပြုဘဲ ယောက္ခမ တစ်ယောက် အနေဖြင့် လက်ဆောင် ပေးလိုက်သည်ဟု သတ်မှတ်လိုက်လျှင် ရပြီ မဟုတ်ပါလော။

ချီရှောက်ယန် က ထိုကိစ္စနှင့် ပတ်သက်၍ ဘာမှ ပြန်မပြောဘဲ ဤသို့သာ ပြောလိုက်လေသည်။

"နင်ပင်း က ကျန်းချဲ့ နဲ့ အချိန်အကြာကြီး အတူတူ နေနေတာ... သတင်းထွက်သွားရင် သိပ်မကောင်းဘူး... သားတော် အမြင်တော့ နင်ပင်း ကို ပြန်ခေါ်တာ ပိုကောင်းမယ် ထင်တယ်... ဒုတိယ အကြီးအကဲ လည်း ထျန်းနန် မှာ ရှိနေတာပဲ... ကျန်းချဲ့ ဘာမှ လျှောက်လုပ်ရဲမှာ မဟုတ်ပါဘူး"

"မင်း ဘာကို စိုးရိမ်နေတာလဲ"

ချီကျန်းနန် က မျက်လုံးများကို မှေးကျဉ်းကာ မေးလိုက်လေသည်။

"ဘာ... ဘာမှမဟုတ်ပါဘူး... မသင့်တော်ဘူးလို့ ခံစားရလို့ပါ"

ချီရှောက်ယန် က ခေါင်းယမ်းလိုက်လေသည်။ အထောက်အထား မရှိဘဲနှင့် မိမိ၏ ညီမအရင်းကို သူ ဘယ်လိုလုပ်ပြီး အပြစ်တင်နိုင်မည်နည်း။ ကျန်းချဲ့ သိသွားပါက သူတို့ နှစ်ဦးကြားတွင် အက်ကြောင်းများ ဖြစ်ပေါ်လာမည်မှာ မလွဲဧကန်ပင်။

ချီကျန်းနန် က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေသည်။

"ဝမ်ကျင်း တံခါးပိတ် ကျင့်ကြံနေတာ တစ်လကျော်ပြီ... မကြာခင် အဆင့်တက်တော့မှာပါ... သူ အမြုတေ တည်ဆောက်ပြီးသွားရင်... ဖေဖေ သူ့ကို ထျန်းနန် ကို လွှတ်လိုက်မယ်... ပြီးတော့ ဖေဖေ သူတို့ရဲ့ မင်္ဂလာပွဲကိုလည်း စောစော လုပ်ပေးဖို့ စဉ်းစားထားတယ်... ဝမ်ကျင်း ရဲ့ ကျင့်ကြံမှု အခြေတကျ ဖြစ်သွားတာနဲ့ ကျန်းချဲ့ နဲ့ မင်္ဂလာဆောင်ပေးလိုက်မယ်... မင်း ဘယ်လိုထင်လဲ"

"သားတော် သဘောတူပါတယ်"

ချီရှောက်ယန် က ချီမိသားစု၏ သခင်လေး တစ်ယောက်အနေဖြင့် ချီမိသားစု၏ အကျိုးစီးပွားကိုသာ ရှေ့တန်းတင် စဉ်းစားလေသည်။ ကျန်းချဲ့ ကဲ့သို့သော ပြိုင်ဘက်ကင်း ပါရမီရှင် ကို ချီမိသားစု၏ ရထားပေါ်သို့ အမြန်ဆုံး ခေါ်ဆောင်ထားနိုင်လေ ပိုကောင်းလေ ဖြစ်လေသည်။

မဟုတ်ပါက ညတာရှည်လျှင် အိပ်မက်များတတ်လေသည်။

All Chapters