← Chapters

အခန်း ၂၆၁

Vol. 27 Ch. 261

အခန်း ၂၆၁

Vol. 27 Ch. 261

အခန်း (၂၆၁) ဘွဲ့အမည်... သွေးပင်လယ် မိစ္ဆာနဂါး

ယွဲ့ပြည်နယ် ရှင်းဖျင်ဒေသ ဖာမင်ဘုန်းကြီးကျောင်း။

အနက်ရောင် သိုင်းဝတ်စုံကို ဝတ်ဆင်ထားသော ကျန်းချဲ့က လက်ကိုနောက်ပစ်ကာ လေဟာနယ်တွင် ရပ်နေပြီး အောက်ဘက်ရှိ နံ့သာငွေ့များ အဆက်မပြတ် ထွက်ပေါ်နေသော ဘုန်းကြီးကျောင်းကို အပေါ်စီးမှ ကြည့်နေလေသည်။ သူ၏ အကြည့်များက ဝမ်းနည်းခြင်း ဝမ်းသာခြင်း တစ်စုံတစ်ရာ မရှိဘဲ တည်ငြိမ်နေလေသည်။

သူ ဤနေရာသို့ လာရခြင်းမှာ လူသတ်ရန်ပင် ဖြစ်လေသည်။ နင်မင်းသားအိမ်တော်နှင့် သူ၏ လက်အောက်ငယ်သားများ၏ သတင်းများအရ ချန်ကျောက် သတ်ချင်နေသော ဘုန်းကြီး ဝူချန် က ဤနေရာတွင် တရားဟောပွဲ ကျင်းပနေကြောင်း အတိအကျ သိရှိရလေသည်။

ထျန်းလုံ ဘုန်းကြီးကျောင်း၏ လက်အောက်ခံ ဘုန်းကြီးကျောင်းတစ်ခု အနေဖြင့် ဖာမင်ဘုန်းကြီးကျောင်းက ကျင်းယွမ်ဘုန်းကြီးကျောင်းထက် အများကြီး ပို၍ အရေးပါလေသည်။ ထိုအကြောင်းကြောင့်ပင် ကျင်းယွမ်ဘုန်းကြီးကျောင်းတွင် နှစ်ပေါင်းများစွာ ကြာသည်အထိ ထျန်းလုံ ဘုန်းကြီးကျောင်းမှ ဗာဂျရာရဟန်းများ လာရောက်၍ တရားဟောပွဲ ကျင်းပခြင်း မရှိခဲ့ပေ။ သို့သော် ဖာမင်ဘုန်းကြီးကျောင်းတွင်တော့ သုံးနှစ်တစ်ကြိမ် ဗာဂျရာ တရားဟောပွဲ ကျင်းပလေ့ရှိပြီး ဆယ်နှစ်တစ်ကြိမ် ရဟန္တာ ကိုယ်ခံပညာရှင်များ လာရောက်လေ့ ရှိလေသည်။ ယခုတစ်ကြိမ်တွင်တော့ ဘုန်းကြီး ဝူချန် အလှည့် ကျရောက်လာခြင်းပင် ဖြစ်လေသည်။

ဘုန်းကြီး ဝူချန်က သူနှင့် ရန်ငြိုးမရှိသော်လည်း နှမြောစရာ ကောင်းသည်မှာ သူက ကျန်းချဲ့၏ လမ်းတွင် ပိတ်ဆို့နေခြင်းပင် ဖြစ်လေသည်။ မိစ္ဆာနဂါး အနှစ်သာရသွေးကို ကျန်းချဲ့က မရမက လိုချင်နေပြီး ထိုချန်ကျောက် ဆိုသူကိုလည်း သူ မရမက အလိုရှိနေလေသည်။ ထို့ကြောင့် ဘုန်းကြီး ဝူချန် သေချာပေါက် သေရမည် ဖြစ်လေသည်။

ထိုသူ၏ စွမ်းအားကိုလည်း ကျန်းချဲ့က အခြေခံအားဖြင့် စုံစမ်းပြီး ဖြစ်လေသည်။ စွမ်းအား မနိမ့်ကျသော်လည်း လွန်ခဲ့သော ဆယ်နှစ်ခန့်ကမှ စစ်မှန်သောအမြုတေ အဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်လေသည်။ စွမ်းအားက အလွန် ကြီးမားသော်လည်း ထိုမျှသာပင် ဖြစ်လေသည်။ ကောင်းချီနျန်နှင့် နှိုင်းယှဉ်ပါက သူတို့နှစ်ယောက်က အဆင့်တူလောက်တွင် ရှိပြီး ဝူချန်က အနည်းငယ် ပို၍ အစွမ်းထက်နိုင်သော်လည်း သိပ်တော့ မကွာခြားလှပေ။ နဂါးကျား တာအိုဂိုဏ်းမှ လဲ့ထင်နှင့် ဆိုလျှင်တော့ အများကြီး ကွာဟနေသေးလေသည်။ သူနှင့်ဆိုလျှင်တော့ ကောင်းကင်နှင့်မြေကြီး ကဲ့သို့ပင် ကွာခြားလှပေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် ဤတိုက်ပွဲတွင် မထင်မှတ်ထားသော အရာများ မဖြစ်ပေါ်လာပါက အနိုင်ရမည်မှာ အသေအချာပင်။ သူ၏ စွမ်းအားဖြင့် ဆိုလျှင် ဆယ်စက္ကန့်အတွင်းမှာပင် တိုက်ပွဲကို အဆုံးသတ်နိုင်လေသည်။

ကြေးဝါ သရဲမျက်နှာဖုံး အတုတစ်ခုကို မျက်နှာပေါ်တွင် ဖြည်းညင်းစွာ တပ်ဆင်လိုက်သောအခါ ကျန်းချဲ့၏ အရှိန်အဝါများလည်း ချက်ချင်း ပြောင်းလဲသွားလေသည်။ သူ၏ ကိုယ်ပေါ်တွင် မကောင်းဆိုးဝါး အရှိန်အဝါများ ဖုံးလွှမ်းလာပြီး အလွန် လျှို့ဝှက်ဆန်းကြယ်ကာ ထူးဆန်းနေလေသည်။ ကောင်းကင်မိစ္ဆာ မြို့တော်၏ သရဲမျက်နှာဖုံးက အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း သာမန်အတိုင်း ပြန်ဖြစ်သွားပြီ ဖြစ်သဖြင့် ဤမျက်နှာဖုံးကို သူက သီးသန့် ပြုလုပ်ခိုင်းထားခြင်း ဖြစ်လေသည်။ ကောင်းကင်မိစ္ဆာ သရဲမျက်နှာဖုံးလောက် မကောင်းသော်လည်း အရှိန်အဝါကို ဖုံးကွယ်နိုင်စွမ်းတော့ ရှိသေးလေသည်။

သရုပ်မှန်ဖြင့် လူမသတ်ခြင်းမှာ ယခုအချိန်တွင် ထျန်းလုံ ဘုန်းကြီးကျောင်းနှင့် မျက်နှာချင်း မဆိုင်လိုသောကြောင့်ပင် ဖြစ်လေသည်။ သူတို့ကြားတွင် အရင်ကတည်းက ရန်ငြိုးရှိခဲ့သော်လည်း လက်ရှိအချိန်အထိ ထျန်းလုံ ဘုန်းကြီးကျောင်းက အစွန်းရောက်သော နည်းလမ်းများကို မသုံးသေးပေ။ သို့သော် သူက သရုပ်မှန်ဖြင့် ထွက်ပေါ်လာမည် ဆိုပါက ပြောရခက်သွားမည်ပင် ဖြစ်လေသည်။

မျက်နှာဖုံးကို တပ်ဆင်လိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းချဲ့၏ အရှိန်အဝါများ ပြောင်းလဲသွားရုံသာမက သူ၏ အစွမ်းထက်သော နတ်အာရုံကလည်း အောက်ဘက်ရှိ ဖာမင်ဘုန်းကြီးကျောင်းဆီသို့ ပျံ့နှံ့သွားလေသည်။

ဖာမင်ဘုန်းကြီးကျောင်း အတွင်း၌။

မေတ္တာတရား ပြည့်ဝနေသော မျက်နှာထားဖြင့် ဘုန်းကြီး ဝူချန်က မြင့်မားသော စင်မြင့်တစ်ခုပေါ်တွင် တရားထိုင်နေလေသည်။ အောက်ဘက်တွင်တော့ ဖာမင်ဘုန်းကြီးကျောင်းမှ တပည့် ရာပေါင်းများစွာက ကြည်ညိုလေးစားစွာဖြင့် ဗာဂျရာရဟန်း၏ တရားတော်များကို နာယူနေကြလေသည်။

အချို့ဆိုလျှင် လိုက်လံ ရွတ်ဆိုနေကြလေသည်။ ကျယ်လောင်သော ဘုရားစာ ရွတ်ဆိုသံများက အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့နေလေသည်။ တကယ်ကို မွန်မြတ်သော ရဟန်းတစ်ပါး တရားဟောနေသည့် မြင်ကွင်းမျိုးပင် ဖြစ်လေသည်။

မျက်လုံးများကို ဖွင့်ကာ အောက်ဘက်ရှိ ကြည်ညိုလေးစားစွာဖြင့် တရားနာနေကြသော တပည့်များကို ကြည့်ရင်း ဘုန်းကြီး ဝူချန်၏ မျက်ဝန်းများ အနည်းငယ် တွေဝေသွားလေသည်။ တစ်ချိန်တည်းမှာပင် ယခင်က အပြစ်များ ကျူးလွန်ခဲ့ပြီး မိစ္ဆာလမ်းစဉ်သို့ လိုက်ပါခဲ့ကာ လက်ထဲတွင် လူပေါင်းများစွာ၏ အသက်များကို သတ်ဖြတ်ခဲ့ဖူးကြောင်းကို ပြန်လည် သတိရမိလေသည်။ သို့သော် ယခုအခါတွင်တော့ သူက တရားဟော စင်မြင့်ပေါ်တွင် တင့်တယ်စွာ ထိုင်နေလေပြီ ဖြစ်သည်။ လောကကြီးက တကယ်ကို အပြောင်းအလဲ မြန်လှပေသည်။

သေချာသည်ကတော့ ယခု ဘုန်းကြီး ဝူချန်က နှစ်ပေါင်းများစွာ ဗုဒ္ဓဘာသာကို လေ့လာလိုက်စားခဲ့ပြီးနောက် ပြုပြင်ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပြီး သူ၏ ယခင်အပြစ်များက မည်မျှ ကြီးမားကြောင်း သိရှိသွားသဖြင့် ယခုအခါ အပြစ်များကို ဆေးကြောရန် ကြိုးစားနေခြင်းပင် ဖြစ်လေသည်။ သိုင်းလောကတွင် မကောင်းမှုများကို နှိမ်နင်းခြင်းက အပြစ်ဆေးကြောခြင်း ဖြစ်သလို ဤနေရာတွင် တရားဟောခြင်းကလည်း အပြစ်ဆေးကြောခြင်းပင် ဖြစ်လေသည်။ သူ၏ ကုသိုလ်ကောင်းမှုများ ပြည့်စုံသွားချိန်တွင် တာအိုနှလုံးသား ပွင့်လင်းလာပြီး ကောင်းကင်နှင့်မြေကြီး အရှိန်အဝါကို နားလည်သွားမည်ဟု သူ ယုံကြည်ထားလေသည်။ ထိုအချိန်ကျလျှင် ရှန်ရှန်းအဆင့်သို့ တက်လှမ်းရန်ပင် ဖြစ်နိုင်ခြေ ရှိလေသည်။

ထိုစဉ် ဘုန်းကြီး ဝူချန်က အလွန် အစွမ်းထက်သော နတ်အာရုံတစ်ခု လွှမ်းခြုံလာသည်ကို ခံစားလိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားလေသည်။ ထို့နောက် တည်ငြိမ်သွားပြီး တရားဟောခြင်းကို ရပ်တန့်ကာ လက်အုပ်ချီလိုက်လေသည်။

"အမိတာဘာ... ဘယ်က ဒါယကာ ရောက်လာတာလဲ မသိဘူး... ကျေးဇူးပြုပြီး ကိုယ်ထင်ပြပါဦး"

ဘုန်းကြီး ဝူချန်၏ စကားအဆုံးတွင် စင်မြင့်အောက်ရှိ ဖာမင်ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်လည်း ချက်ချင်း သတိထားမိသွားပြီး နတ်အာရုံများကို ဖြန့်ကြက်လိုက်လေသည်။ ဘေးပတ်ဝန်းကျင်ရှိ ဗုဒ္ဓဘာသာ တပည့် ရာပေါင်းများစွာကလည်း မျက်နှာထားများ ချက်ချင်း လေးနက်သွားကြလေသည်။

လေတိုက်သံ တစ်ချက် ထွက်ပေါ်လာပြီးနောက် လူအားလုံးက ကောင်းကင်ယံသို့ ချက်ချင်း မော့ကြည့်လိုက်ကြလေသည်။

လေဟာနယ်ထဲတွင် အနက်ရောင် အလင်းတန်းတစ်ခုက ဖြတ်သန်းလာပြီး ကောင်းကင်ယံတွင် တည်ငြိမ်စွာ ရပ်တန့်သွားသည်ကို တွေ့လိုက်ရလေသည်။ မျက်နှာပေါ်တွင် ကြေးဝါ သရဲမျက်နှာဖုံးကို တပ်ဆင်ထားပြီး ကိုယ်ပေါ်တွင်တော့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက ဖုံးကွယ်ခြင်းမရှိဘဲ ထွက်ပေါ်နေလေသည်။

လာသူက ရန်သူပင် ဖြစ်လေသည်။ ဤကဲ့သို့သော အသွင်အပြင်မျိုးဖြင့် ထွက်ပေါ်လာခြင်းကို ကြည့်ခြင်းအားဖြင့်ပင် ဤနေရာရှိ လူများအားလုံးက ရန်သူမှန်း ချက်ချင်း သဘောပေါက်သွားကြလေသည်။

"ဒါယကာ ဘာကိစ္စရှိလို့ လာတာလဲ"

ဘုန်းကြီး ဝူချန်၏ မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားပြီး လေးနက်သော အမူအရာသို့ ပြောင်းလဲသွားလေသည်။ သူ၏ အာရုံခံနိုင်စွမ်းအရ လာသူက သာမန်လူ လုံးဝမဟုတ်ဘဲ သူ့ကိုပင် အန္တရာယ်ပေးနိုင်စွမ်း ရှိကြောင်း ခံစားမိလေသည်။

"တစ်ယောက်ယောက်ရဲ့ အကူအညီတောင်းခံမှုကြောင့် အသက်လာနုတ်တာပါ... ဝူချန်... မင်းရဲ့ ရှေ့တစ်ဝက်ဘဝမှာ ကျူးလွန်ခဲ့တဲ့ သွေးကြွေးတွေကို ဆပ်ရမယ့်အချိန် ရောက်ပြီ"

ကျန်းချဲ့က တည်ငြိမ်စွာ ပြောလိုက်လေသည်။

"အရင်က အပြစ်တွေအတွက် ဒီရဟန်း အမြဲတမ်း နောင်တရနေခဲ့ပါတယ်... ဒီနှစ်ပိုင်းတွေမှာလည်း အမြဲတမ်း ပြုပြင်နေခဲ့ပါတယ်"

ဝူချန်က ထိုစကားကို ကြားသောအခါ သက်ပြင်းချကာ ဝမ်းနည်းစွာဖြင့် ပြောလိုက်လေသည်။

"နောင်တရရုံနဲ့ ရမယ်ဆိုရင် ဥပဒေက ဘာလုပ်ဖို့လဲ... ကုသိုလ်က ကုသိုလ်ပဲ... အပြစ်က အပြစ်ပဲ... မင်းဘာသာမင်း သေမလား... ဒါမှမဟုတ် ငါကပဲ မင်းကို အဆုံးစီရင်ပေးရမလား"

ကျန်းချဲ့၏ အသံက တိုးညှင်းသော်လည်း ဤနေရာရှိ လူများအားလုံးက ရှင်းလင်းစွာ ကြားလိုက်ရလေသည်။

"ရဲတင်းလိုက်တဲ့ မိစ္ဆာ... ဗုဒ္ဓဘာသာရဲ့ သန့်ရှင်းတဲ့ နေရာမှာ လာပြီး ရမ်းကားရဲတယ်ပေါ့... တပည့်တို့ အစီအရင် ဖွင့်ကြ"

ကျန်းချဲ့၏ စကားကို ကြားသောအခါ ဖာမင်ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်က ချက်ချင်း ဒေါသတကြီး မတ်တတ်ရပ်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် အော်ဟစ်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်လေသည်။

သူ၏ အမိန့်အဆုံးတွင် ဗုဒ္ဓဘာသာ တပည့် ရာပေါင်းများစွာက ချက်ချင်း လှုပ်ရှားလိုက်ကြပြီး မြေပြင်ပေါ်တွင် ရွှေရောင် အလင်းတန်းများ စတင်ထွက်ပေါ်လာကာ ကောင်းကင်ယံကို ဖုံးလွှမ်းသွားလေသည်။ ထင်ရှားသည်ကတော့ အစီအရင်ကို ဖွင့်လှစ်လိုက်ခြင်းပင် ဖြစ်လေသည်။ ကျန်းချဲ့ကို ဝိုင်းရံထားလိုက်ကြလေသည်။ သို့သော် ဤကဲ့သို့သော အခြေအနေမျိုးတွင် ကျန်းချဲ့က လုံးဝ တုန်လှုပ်ခြင်းမရှိဘဲ ဖာမင်ဘုန်းကြီးကျောင်းကို အထင်သေးစွာဖြင့်သာ ကြည့်နေလေသည်။

"ဒါယကာက အကြွေးလာတောင်းတာဆိုတော့ ဒီရဟန်းက အဖမ်းခံပြီး သေပေးသင့်တာပေါ့... ဒါပေမဲ့ အခုချိန်မှာ ဒီရဟန်းက လောကီကိစ္စတွေကို မစွန့်လွှတ်နိုင်သေးတော့ ဒါယကာရဲ့ စွမ်းရည်တွေကို စမ်းသပ်ကြည့်ရတော့မှာပဲ"

ဘုန်းကြီး ဝူချန်က ကျန်းချဲ့ကို စူးစိုက်ကြည့်ကာ ပြောလိုက်လေသည်။

သူက ယခင်က အပြစ်များကို နောင်တရနေသည် ဆိုသော်လည်း အသက်ကို အလွယ်တကူ စွန့်လွှတ်မည်တော့ မဟုတ်ချေ။ ဤနှစ်ပိုင်းများအတွင်း သူလုပ်ဆောင်ခဲ့သော ကုသိုလ်ကောင်းမှုများက ယခင်က အပြစ်များကို ဖုံးကွယ်နိုင်ပြီဟု ယူဆထားလေသည်။ ထို့အပြင် လာသူက မည်သူမှန်းလည်း မသိရသဖြင့် ဘယ်လိုလုပ်ပြီး လည်စင်း၍ အသေခံမည်နည်း။

"ကြည့်ရတာ မင်းက အကျည်းတန်တဲ့ နည်းလမ်းကို ရွေးချယ်လိုက်ပြီ ထင်တယ်"

ကျန်းချဲ့က ခပ်ဖွဖွ ရယ်မောလိုက်ပြီးနောက် စိတ်ကူးတစ်ချက်တည်းဖြင့် ပုံရိပ်ယောင် သွေးပင်လယ် ကောင်းကင်အစီအရင်တစ်ခုက ချက်ချင်း ထွက်ပေါ်လာပြီး ဖာမင်ဘုန်းကြီးကျောင်း တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

အဆင့်နိမ့်ကျသော တပည့်များကို ကျန်းချဲ့က လုံးဝ ဂရုမစိုက်ဘဲ အင်္ကျီလက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ အနက်ရောင် အလင်းတန်းတစ်ခုက ထွက်ပေါ်လာပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ဗုဒ္ဓဘာသာ တပည့် ဒါဇင်ပေါင်းများစွာကို ထိုးဖောက်သွားလေသည်။

ဝမ်ကျဲ့ မိစ္ဆာဓားပင် ဖြစ်လေသည်။

ကျန်းချဲ့၏ ကျင့်ကြံမှု မြင့်တက်လာသည်နှင့်အမျှ ဝမ်ကျဲ့ မိစ္ဆာဓား အပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းကလည်း ပိုမို နက်ရှိုင်းလာလေသည်။ အရင်က ပြီးပြည့်စုံသော အခြေအနေတွင် ဝမ်ကျဲ့ မိစ္ဆာဓားက ထိပ်တန်း နတ်လက်နက်တစ်ခု ဖြစ်ခဲ့ကြောင်း သူ အပြည့်အဝ အတည်ပြုနိုင်ခဲ့လေသည်။ သို့သော် ရာစုနှစ်များစွာအတွင်း အချိန်၏ တိုက်စားမှုကြောင့် စွမ်းအားများ အများကြီး ကျဆင်းသွားခဲ့ခြင်းသာ ဖြစ်လေသည်။

ဝမ်ကျဲ့ မိစ္ဆာဓားကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် သို့မဟုတ် ပိုမို အစွမ်းထက်လာစေရန်အတွက် သွေးများဖြင့် ယဇ်ပူဇော်ရန် လိုအပ်လေသည်။ သိုင်းပညာရှင်များ၏ သွေးနှင့် ဝိညာဉ်များကို အသုံးပြုကာ စုပ်ယူပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရန်ပင် ဖြစ်လေသည်။ သို့သော် ဤကဲ့သို့သော မိစ္ဆာလုပ်ရပ်ကို အစိုးရအရာရှိ တစ်ယောက်ဖြစ်သော ကျန်းချဲ့က တစ်ခါမှ မလုပ်ဆောင်ခဲ့ဖူးချေ။ ယခုအခါတွင်တော့ ထိုသတ်မှတ်ချက်များ မလိုအပ်တော့ချေ။ အကြောင်းမှာ ဟန်ဆောင်ကောင်းပြီး မောက်မာသော ဗုဒ္ဓဘာသာဝင်များကို သူက ရင်ထဲမှ အလွန် မုန်းတီးသောကြောင့်ပင် ဖြစ်လေသည်။

"လူယုတ်မာ ရဲတင်းလိုက်တာ"

ဖာမင်ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်က ကျန်းချဲ့ လုံးဝ တုံ့ဆိုင်းခြင်းမရှိဘဲ စတင် သတ်ဖြတ်နေသည်ကို မြင်သောအခါ ချက်ချင်း ဒေါသထွက်သွားပြီး ခြေလှမ်းတစ်လှမ်း တက်ကာ ကိုယ်ပေါ်တွင် ရွှေရောင် အလင်းတန်းများ တောက်ပလာလေသည်။ အစွမ်းထက်သော ဖိနှိပ်မှု အရှိန်အဝါများက ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာလေသည်။ သူ၏ ခေါင်းပေါ်တွင် ရွှေရောင်သပိတ် တစ်လုံးလည်း လေဟာနယ်တွင် ပေါ်လွင်လာလေသည်။ ထို့နောက် လုံးဝ တွေဝေခြင်းမရှိဘဲ ချက်ချင်း တိုက်ခိုက်လိုက်လေသည်။

ဘုန်းကြီး ဝူချန်လည်း ထိုမြင်ကွင်းကို မြင်သောအခါ လက်ပိုက်ကြည့်မနေတော့ချေ။ ကျန်းချဲ့၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အန္တရာယ်အငွေ့အသက်များကို သူ ခံစားမိပြီး သူတစ်ယောက်တည်းဖြင့်ဆိုလျှင် ပြိုင်ဘက် မဟုတ်ကြောင်း သိရှိလေသည်။ ရန်သူကို နှိမ်နင်းရန်အတွက် ပူးပေါင်းရမည်ပင် ဖြစ်လေသည်။

အကြောင်းမှာ သာမန်လူများက သွေးပင်လယ် ကောင်းကင်အစီအရင်က ဘာလဲဆိုတာ မသိကြသော်လည်း သူကတော့ ရှင်းလင်းစွာ ခံစားသိရှိနိုင်လေသည်။ ဒါက အရှိန်အဝါပဲလေ။ ကောင်းကင်နဲ့မြေကြီး အရှိန်အဝါ။ ထို့အပြင် ဤကဲ့သို့သော အရှိန်အဝါမျိုးကို သူ မြင်ဖူးသကဲ့သို့ သို့မဟုတ် ကြားဖူးသကဲ့သို့ ခံစားနေရပြီး ရင်းနှီးနေသလို ခံစားရလေသည်။

ဤသည်ကလည်း ကျန်းချဲ့၏ တမင်ရည်ရွယ်ချက်ပင် ဖြစ်လေသည်။ ကျန်းချဲ့က ဘုန်းကြီး ဝူချန်နှင့် အချိန်ဆွဲကာ မတိုက်ခိုက်လိုချင်ပေ။ ကောင်းကင်နှင့်မြေကြီး အရှိန်အဝါနှင့် သူ၏ နာမည်ကြီး သိုင်းကွက်ဖြစ်သော ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ်ကို အသုံးမပြုပါက အချိန်တိုအတွင်းတွင် အနိုင်ရရန် ခက်ခဲလိမ့်မည်ပင်။

သရုပ်မှန် ပေါ်လွင်သွားမည်ကိုတော့... ဤနေရာရှိ လူအားလုံးကို သတ်ပစ်လိုက်မည်ဆိုလျှင် မည်သူက သူလုပ်သည်ကို သိနိုင်တော့မည်နည်း။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ဘုန်းကြီး ဝူချန်၏ ကြောက်မက်ဖွယ် စွမ်းအားများ ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီး ကြားတွင် ဝေဝါးနေသော ဗာဂျရာ ပုံရိပ်တစ်ခု ပေါ်ထွက်လာလေသည်။ အထူးဆန်းဆုံး အချက်မှာ ထိုဗာဂျရာ ပုံရိပ်၏ မျက်လုံးနှစ်လုံးက သွေးရောင် နီရဲနေခြင်းပင် ဖြစ်လေသည်။ ဤသည်က သူ၏ ယခင် မိစ္ဆာကျင့်စဉ်နှင့် ထျန်းလုံ ဘုန်းကြီးကျောင်း၏ ဗာဂျရာ ကျင့်စဉ်တို့ကို ပေါင်းစပ်ကာ ဖန်တီးထားသော နတ်စွမ်းရည်တစ်ခုပင် ဖြစ်လေသည်။ အဆင့်တူ သိုင်းပညာရှင်များထဲတွင် သူ၏ ဗာဂျရာ ခန္ဓာကိုယ်ကို ဖောက်ထွင်းနိုင်သူ အလွန် ရှားပါးလိမ့်မည်ဟု သူ အပြည့်အဝ ယုံကြည်ထားလေသည်။

သို့သော် သိုင်းသခင် နှစ်ပါး၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း ကျန်းချဲ့၏ မျက်နှာပေါ်တွင် အနည်းငယ်မျှ ထိတ်လန့်ခြင်းမရှိဘဲ ခြေတစ်လှမ်း ရှေ့သို့ တက်လိုက်လေရာ လေဟာနယ်တွင် မိုးကြိုးတစ်ချက် ပစ်ချလိုက်သကဲ့သို့ အသံမြည်သွားလေသည်။

ဘုန်း။

လေဟာနယ် တစ်ခုလုံး တုန်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက ကောင်းကင်နှင့်မြေကြီး အနှံ့သို့ လွှမ်းခြုံသွားလေသည်။

နောက်တစ်စက္ကန့်တွင်တော့ ရွှေရောင်မှိုင်းမှိုင်း စစ်မှန်သော နဂါးပုံရိပ်တစ်ခုက ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး မျက်လုံးများထဲတွင် နတ်ဘုရား၏ အငွေ့အသက်များ ပါဝင်နေလေသည်။ တစ်ချိန်တည်းမှာပင် နဂါးပုံရိပ်ထံမှ နဂါး၏ အရှိန်အဝါများလည်း ဖြာထွက်နေလေသည်။ နဂါး၏ အရှိန်အဝါများ လွှမ်းခြုံလာပြီး ဟိန်းဟောက်သံက ကောင်းကင်ကို ပဲ့တင်ထပ်သွားစေလေသည်။

နဂါးပုံရိပ်က အမြီးကို တစ်ချက်ခါလိုက်ပြီး ဘုန်းကြီး ဝူချန်ထံသို့ တိုက်ရိုက် ပျံသန်းသွားလေသည်။ ကျန်းချဲ့ကတော့ မျက်တောင်တစ်ခတ် အတွင်းမှာပင် ဖာမင်ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် အရှေ့သို့ ရောက်ရှိသွားပြီး ညာဘက် လက်မောင်းကို တစ်ချက်ခါလိုက်ရာ နဂါးအကြေးခွံများ ထွက်ပေါ်လာလေသည်။ လက်သီးတစ်ချက် ထိုးချလိုက်ရာ လေဟာနယ် တစ်ခုလုံး တုန်ခါသွားလေသည်။

ဘုန်း။

ဆယ်မိုင်ခန့် အကွာအဝေးအထိ ပဲ့တင်ထပ်သွားသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး ဖာမင်ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်၏ ခေါင်းပေါ်ရှိ ရွှေရောင်သပိတ်က ချက်ချင်း ပေါက်ကွဲသွားလေသည်။ ထိုမြင်ကွင်းကြောင့် သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး လာသူက သူနှင့် လုံးဝ မယှဉ်သာကြောင်း သဘောပေါက်သွားလေသည်။ ထို့ကြောင့် ချက်ချင်းပင် နောက်ဆုတ်ရန် ပြင်လိုက်လေသည်။

သို့သော် သူ၏ အတွေးက ကောင်းမွန်သော်လည်း လက်တွေ့တွင်တော့ အလွန် ရက်စက်လှပေသည်။ ကျန်းချဲ့က သူ့ကို ထွက်ပြေးရန် အခွင့်အရေး လုံးဝ မပေးခဲ့ချေ။ ရွှေရောင်သပိတ်ကို ခွဲဖြိုလိုက်သည့် အချိန်မှာပင် လေဟာနယ်ထဲတွင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ဖာမင်ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်၏ အရှေ့သို့ ရောက်ရှိသွားလေသည်။

လက်သီးတစ်ချက်။ လက်သီးတစ်ချက်တည်းဖြင့်ပင် အစွမ်းထက်သော ချီစွမ်းအင်များက ဖာမင်ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်၏ အကာအကွယ်ကို လုံးဝ ချိုးဖျက်ပစ်လိုက်ပြီး သွေးချီများ ရုန်းရင်းဆန်ခတ် ဖြစ်သွားကာ သွေးတစ်ပွက် အန်ချလိုက်ရလေသည်။ သူ၏ မျက်နှာပေါ်တွင် အလွန် ထိတ်လန့်နေသော အမူအရာများ ပေါ်လွင်နေလေသည်။ သူ နားမလည်နိုင်သည်မှာ အဆင့်တူ ရွှမ်တန်အဆင့် သိုင်းသခင်များ ဖြစ်ကြသော်လည်း သူတို့ကြားရှိ ကွာဟချက်က ဘာကြောင့် ဤမျှလောက် ကြီးမားနေရသနည်း ဆိုတာပင် ဖြစ်လေသည်။

သို့သော် သူ၏ မေးခွန်းကို မည်သူကမျှ ဖြေကြားပေးနိုင်မည် မဟုတ်ချေ။ နောက်တစ်စက္ကန့်မှာပင် ကျန်းချဲ့၏ လက်သီးပေါ်တွင် ဟိန်းဟောက်နေသော နဂါးတစ်ကောင်ပုံစံ ပေါ်ထွက်လာပြီး သူ့ကို တစ်ခါတည်း မျိုချလိုက်လေသည်။ လေဟာနယ်ထဲတွင် ပေါက်ကွဲသွားပြီး သွေးမြူများအဖြစ် ပြောင်းလဲသွားလေသည်။

သုံးစက္ကန့်။ သုံးစက္ကန့် အတွင်းမှာပင် ပုံရိပ်ယောင်အမြုတေအဆင့် ဖာမင်ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်က ထိုနေရာတွင်ပင် သေဆုံးသွားပြီး သွေးမြူများအဖြစ် ပြောင်းလဲကာ ကောင်းကင်နှင့်မြေကြီး ကြားတွင် ပျောက်ကွယ်သွားလေတော့သည်။

လက်သီးကို ပြန်ရုပ်လိုက်ပြီး ကျန်းချဲ့၏ မျက်ဝန်းများက ယခင်အတိုင်းပင် တည်ငြိမ်နေဆဲ ဖြစ်ပြီး ယခုမြင်ကွင်းကို အနည်းငယ်မျှ အံ့ဩခြင်း မရှိချေ။ အနီရောင် အလင်းတန်းများ တောက်ပနေသော မျက်လုံးများက ဘေးရှိ ဘုန်းကြီး ဝူချန်ထံသို့ ရောက်ရှိသွားလေသည်။

"သွေးပင်လယ် မိစ္ဆာနဂါး... ကျန်းချဲ့"

အခြားတစ်ဖက်တွင် နဂါးပုံရိပ်နှင့် တိုက်ခိုက်နေသော ဘုန်းကြီး ဝူချန်က ကျန်းချဲ့ မျက်တောင်တစ်ခတ် အတွင်းမှာပင် ဖာမင်ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်ကို သတ်ဖြတ်လိုက်သည်ကို မြင်သောအခါ အစောပိုင်းက ရင်းနှီးနေသော ခံစားချက်က ဘယ်ကလာသနည်း ဆိုတာကို ချက်ချင်း သဘောပေါက်သွားလေသည်။ ကျန်းချဲ့၏ နာမည်ကို စာလုံးတစ်လုံးချင်းစီ ပီသစွာ ခေါ်ဆိုလိုက်ပြီး အလွန် လေးနက်သော အမူအရာဖြင့် ကြည့်လိုက်လေသည်။

သွေးပင်လယ် မိစ္ဆာနဂါး ဟူသော နာမည်က သိုင်းလောကမှ အချို့သော လူများက ကျန်းချဲ့ကို ပေးထားသော နာမည်ပင် ဖြစ်လေသည်။ အကြောင်းမှာ သူက လူအများရှေ့တွင် တိုက်ခိုက်သောအခါတိုင်း သွေးပင်လယ် ကောင်းကင်အစီအရင်ကို အရင် ဖွင့်လေ့ရှိသောကြောင့်ပင် ဖြစ်လေသည်။ ထို့နောက် နဂါးပုံစံ ချီစွမ်းအင်များဖြင့် အရာအားလုံးကို ဖိနှိပ်ချေမှုန်းလေ့ ရှိလေသည်။ ဤနှစ်ချက် ပေါင်းစပ်သွားသောအခါ လူအများက သူ့ကို ထိုနာမည်ဖြင့် ခေါ်ဆိုကြခြင်းပင် ဖြစ်လေသည်။

ထိုနာမည်ကို ကြားသောအခါ မျက်နှာဖုံးအောက်ရှိ ကျန်းချဲ့၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေးသွားသော်လည်း ဘာမှ မတတ်နိုင်ချေ။ သိုင်းလောကတွင် အလုပ်မလုပ်ဘဲ အားနေသော လူများ အလွန် များပြားလွန်းလှပေသည်။ နာမည်တစ်ခု ပေါ်လာသည်နှင့် တစ်ပြိုင်နက် လျင်မြန်စွာ ပြန့်နှံ့သွားလေ့ ရှိလေသည်။

တားဆီးရန်ပင် ခက်ခဲလှပေသည်။ ကံကောင်းသည်ကတော့ ထိုနာမည်က သိပ်ပြီး နားထောင်မဆိုးသဖြင့် ကျန်းချဲ့ကလည်း တခြား နည်းလမ်းများဖြင့် မတားဆီးခဲ့ချေ။ မဟုတ်ပါက အခြားသူများက သူ့ကို ပို၍ ဆိုးရွားသော နာမည်များ ပေးလာနိုင်လေသည်။

"ငရဲပြည်သွားဖို့ အချိန်တန်ပြီ"

ကျန်းချဲ့၏ အသံက ဘုန်းကြီး ဝူချန်အတွက်တော့ ငရဲပြည်မှ ခေါ်သံကဲ့သို့ပင် ဖြစ်နေလေသည်။

အကယ်၍ အခြားသူသာဆိုလျှင် ဘုန်းကြီး ဝူချန်တွင် တိုက်ခိုက်လိုစိတ် ရှိနေသေးသော်လည်း သွေးပင်လယ် မိစ္ဆာနဂါး၏ ကြောက်မက်ဖွယ် အရှိန်အဝါကို ရင်ဆိုင်ရချိန်တွင်တော့ သူ၏ စိတ်နှလုံးက လုံးဝ နစ်မြုပ်သွားခဲ့ပြီ ဖြစ်လေသည်။ ကျန်းချဲ့နှင့် တွေ့ဆုံခြင်းက သူ့အတွက် သေလမ်းသာ ရှိတော့ကြောင်း သူ ကောင်းစွာ သိရှိလေသည်။

နဂါးကျား တာအိုဂိုဏ်းမှ မိုးကြိုးဝိညာဉ်ခန္ဓာကိုယ် ပိုင်ရှင်ပင်လျှင် ကျန်းချဲ့၏ ပြိုင်ဘက် မဟုတ်ခဲ့သည် မဟုတ်ပါလော။ သူက ဘာများ ဖြစ်နေလို့လဲ။ သို့သော် သူ နားမလည်နိုင်သည်မှာ သူက ကျန်းချဲ့နှင့် တစ်ခါမှ ရန်မဖြစ်ခဲ့ဖူးပါဘဲလျက် ကျန်းချဲ့က ဘာကြောင့် သူ့ကို လာသတ်ရသနည်း ဆိုတာပင် ဖြစ်လေသည်။

သို့သော် ဤမေးခွန်းကို မေးလျှင်လည်း အဖြေရမည် မဟုတ်ကြောင်း သူ ကောင်းစွာ သိရှိလေသည်။ ထို့ကြောင့် တိုးညှင်းစွာ ပြောလိုက်လေသည်။

"ဒီရဟန်း အဖမ်းခံပါ့မယ်... ဒါယကာကျန်း အနေနဲ့ ဒီဗုဒ္ဓဘာသာ တပည့်တွေကို အသက်ချမ်းသာ ပေးလို့ ရမလား"

"ငါ့ရဲ့ သရုပ်မှန်ကို ဖော်ပြလိုက်ပြီ ဆိုကတည်းက ဒီနေရာကနေ ဘယ်သူမှ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး"

"အချိန်တန်ပြီဆိုတော့လည်း... ဒါယကာကျန်း စလိုက်ပါတော့"

ဘုန်းကြီး ဝူချန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး တိုက်ခိုက်လိုစိတ်များ ပိုမို မြင့်တက်လာလေသည်။

"နောက်ဘဝကျရင် ကုသိုလ်ကောင်းမှုတွေ အများကြီး လုပ်ပါ"

ကျန်းချဲ့၏ စကားအဆုံးတွင် အဆုံးအစမရှိသော သွေးပင်လယ် ကောင်းကင်အစီအရင်က ချက်ချင်း ဖိချလာပြီး တစ်ချိန်တည်းမှာပင် နဂါးပုံရိပ် ကိုးခုက ဖြည်းညင်းစွာ ထွက်ပေါ်လာကာ ဘုန်းကြီး ဝူချန်ကို ဝိုင်းရံထားလိုက်လေသည်။ ကျန်းချဲ့၏ ညာဘက် လက်သီးကို ဆုပ်လိုက်သည်နှင့် တစ်ပြိုင်နက် နဂါးပုံရိပ် ကိုးခုလုံးက တစ်ပြိုင်နက်တည်း ဟိန်းဟောက်ကာ တိုက်ခိုက်လိုက်ကြလေသည်။

ခဏအကြာတွင် အရာအားလုံးက ပြန်လည် တိတ်ဆိတ်သွားလေတော့သည်။ သိုင်းပညာရှင်များ၏ သွေးများကို အဝသောက်ထားသော ဝမ်ကျဲ့ မိစ္ဆာဓားက ကျန်းချဲ့၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာပြီး ဝမ်းသာအားရ ဖြစ်နေသော အငွေ့အသက်များကို ထုတ်လွှတ်နေလေသည်။ ဤတစ်ကြိမ် အတားအဆီးမရှိ တိုက်ခိုက်ရခြင်းက သူ့ကို အလွန် ဗိုက်ဝသွားစေခဲ့ပုံ ရလေသည်။

ကျန်းချဲ့က စကားတစ်ခွန်းမျှ မပြောဘဲ ဖာမင်ဘုန်းကြီးကျောင်း အတွင်းရှိ ပစ္စည်းများကို အကုန်လုံး သိမ်းဆည်းလိုက်ပြီးနောက် သူ၏ သဲလွန်စများကို လုံးဝ ဖျောက်ဖျက်ပစ်လိုက်လေသည်။ ထို့နောက် နံရံပေါ်တွင် စာကြောင်း တစ်ကြောင်း ရေးသားခဲ့လေသည်။

"ထျန်းလုံ ဘုန်းကြီးကျောင်းက ဝူချန်ဟာ အပြစ်တွေ အများကြီး ကျူးလွန်ခဲ့တဲ့အတွက် သေဒဏ်ပေးလိုက်ပြီ"

အရာအားလုံး ပြီးစီးသွားသောအခါ ကျန်းချဲ့က ဘုန်းကြီး ဝူချန်၏ ခေါင်းကို ယူဆောင်ကာ ထွက်ခွာသွားလေတော့သည်။

နှစ်နာရီခန့် အကြာတွင် လူအချို့က သတ္တိမွေးကာ ဖာမင်ဘုန်းကြီးကျောင်းသို့ လာရောက်ခဲ့ကြလေသည်။ ငရဲပြည်ကဲ့သို့ ဖြစ်နေသော မြင်ကွင်းကြီးကို မြင်လိုက်ရသောအခါ အားလုံးပင် စကားမပြောနိုင်အောင် ဖြစ်သွားကြလေသည်။ တစ်ရက်အကြာတွင် ဖာမင်ဘုန်းကြီးကျောင်း ပျက်စီးသွားပြီး ဘုန်းကြီး ဝူချန် သေဆုံးသွားသည့် သတင်းက လုံးဝ ပြန့်နှံ့သွားခဲ့လေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ရှင်းဖျင်ဒေသ တစ်ခုလုံး တုန်လှုပ်သွားခဲ့လေသည်။ ထို့နောက် ဤသတင်းက အခြားဒေသများသို့ အလျင်အမြန် ပြန့်နှံ့သွားပြီး လူများစွာက ဖာမင်ဘုန်းကြီးကျောင်း၏ သွေးထွက်သံယို အဖြစ်အပျက်ကို ဆွေးနွေးနေကြသော်လည်း လူသတ်သမားက မည်သူဖြစ်မည်ကိုတော့ အမျိုးမျိုး ခန့်မှန်းနေကြလေသည်။

All Chapters