အခန်း ၂၆၅
Vol. 27 Ch. 265
အခန်း (၂၆၅) ယဇ်ပူဇော်ခြင်း... စစ်မှန်သောအမြုတေ အထွတ်အထိပ်
ထျန်းနန်မြို့ ပြင်ပ မိုင်သုံးဆယ်ကျော် အကွာအဝေးရှိ တောင်တန်းကြီး တစ်ခု အတွင်း၌။
မတ်စောက်သော ချောက်ကမ်းပါးယံ နှင့် မြင့်မားလှသော တောင်ထွတ် ထက်တွင်။
ကျန်းချဲ့ က မျက်လုံးများကို မှိတ်ကာ တင်ပျဉ်ခွေ ထိုင်လျက် ချီစွမ်းအင် များကို ထိန်းညှိ ကျင့်ကြံ နေလေသည်။ အဝေးမှ လှမ်းကြည့် လိုက်မည် ဆိုပါက လေဒဏ် မိုးဒဏ် များကို ကြံ့ကြံ့ခံ နေသော ရုပ်တုကြီး တစ်ခု အလား ပင်။
ဤ နေရာကား ကျန်းချဲ့ အဆင့်တက်လှမ်း ရန် ရွေးချယ် ထားသော နေရာ ပင် ဖြစ်ပြီး လူသူ ကင်းမဲ့ ကာ ခေါင်ဖျား လှသော ဒေသ တစ်ခု ပင်။
မူလ က ကျန်းချဲ့ အနေဖြင့် မြို့စားအိမ်တော် အတွင်းရှိ လျှို့ဝှက် အခန်း ကို အသုံးပြု နိုင်လေသည်။ ထို အခန်း အတွင်း၌ တံခါးပိတ် ကျင့်ကြံ ခြင်း က အားစိုက် ထုတ်မှု နည်းနည်း ဖြင့် အကျိုး သက်ရောက်မှု ကြီးမား စေနိုင်သော်လည်း နှမြောစရာ ကောင်းသည် မှာ အရင် တစ်ကြိမ် က ထိုနေရာတွင် ယဇ်ပူဇော် ခဲ့ပြီး ဖြစ်လေသည်။
ယခု ကဲ့သို့ မကြာခဏ ယဇ်ပူဇော် ၍ အဆင့် တက်လှမ်း ခြင်း ကို တစ်စုံတစ်ယောက် ကသာ ရိပ်မိ သွားပါက သေချာပေါက် ပြဿနာ များ တက်လာ နိုင်လေသည်။
မည်သို့ပင်ဆိုစေကာမူ ရှားပါးလှသော ပါရမီရှင် တစ်ယောက် ဖြစ်လျှင် တောင်မှ ဤမျှ မြန်ဆန် စွာ ကျင့်ကြံ နိုင်စွမ်း မရှိသင့်ချေ။
ယဇ်ပူဇော်စရာ ပစ္စည်း များ ပြည့်စုံ နေပြီ ဖြစ်ရာ သူ ၏ ကျင့်ကြံမှု ကို ဖိနှိပ် ထားမည် လည်း မဟုတ်ပေ။ ထို့ကြောင့် တတ်နိုင်သမျှ ဖုံးကွယ် ထားရန် သာ တတ်နိုင် လေသည်။
ထိရောက်မှု ရှိမရှိ မသေချာ သော်လည်း လိုအပ်သော ကြိုတင် ပြင်ဆင်မှု များကို တော့ သေချာပေါက် လုပ်ဆောင် ထားရမည် ပင်။
အချိန် အတော်ကြာ ပြီးနောက် ကျန်းချဲ့ ၏ ခန္ဓာကိုယ် အခြေအနေ က အထွတ်အထိပ် သို့ ရောက်ရှိ သွားပြီးနောက် သူ ၏ စိတ်ဝိညာဉ် က ကောင်းကင် ယဇ်ပလ္လင် ကျောက်တိုင် ၏ လေဟာနယ် အတွင်းသို့ ဝင်ရောက် သွားလေတော့သည်။
[ယဇ်ပူဇော်မည့် ရည်ရွယ်ချက် - ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် ပြီးပြည့်စုံရန်]
[ယဇ်ပူဇော်မည့် ပစ္စည်းများ - ယွမ်ချီကျောက်တုံး ခုနစ်ရာ... နှစ်တစ်ထောင် ချင်းမင် ဝိညာဉ်အားဖြည့် ကြာပန်း တစ်ပွင့်... မိစ္ဆာနဂါး အနှစ်သာရသွေး သုံးစက်... နှစ်တစ်ထောင် ရေခဲရိုးတွင်းခြင်ဆီ တစ်စက်... နှစ်တစ်ထောင် ရေခဲနှင့်မီး မြွေအကြေးခွံ မြက် တစ်ပင်... သက်တမ်း နှစ်ဆယ် နှုတ်ယူမည်... ကျန်ရှိ သက်တမ်း တစ်ရာ့ခြောက်ဆယ်... ယဇ်ပူဇော်မည် လား]
ရင်းနှီး နေသော စာသား များကို ကြည့်ရင်း ကျန်းချဲ့ က လုံးဝ တွေဝေ ခြင်း မရှိဘဲ စိတ်ကူး ဖြင့် အမိန့်ပေး လိုက်လေသည်။
[ယဇ်ပူဇော်မည်]
ထို အတွေး ပေါ်လာ သည် နှင့် တစ်ပြိုင်နက် ရှေးဟောင်း ကောင်းကင် ယဇ်ပလ္လင် ကျောက်တိုင် ကလည်း ယခင် ယဇ်ပူဇော် မှု များ နည်းတူ ပြောင်းလဲ သွားလေသည်။
လျှို့ဝှက်ဆန်းကြယ် သော ကျောက်စာ များ တစ်ခု ပြီး တစ်ခု လင်းလက် လာလေသည်။ ထူးဆန်းသော အလင်းရောင် များ အဆက်မပြတ် တောက်ပ လာမှု က သူ့ကို နားလည် ရန် ခက်ခဲ သော ခံစားချက် တစ်ခု ကို ပေးစွမ်း နေလေသည်။
ကျန်းချဲ့ အနေဖြင့် ကျောက်တိုင် ပေါ်ရှိ မှော်စာလုံး များကို နားလည် သဘောပေါက် ရန် ကြိုးစား ခဲ့သည် မှာ ပထမဆုံး အကြိမ် မဟုတ်တော့ချေ။ သို့သော် သူ အားနည်း ခဲ့စဉ် က ဖြစ်စေ ယခု အခါ သိုင်းသခင် တစ်ပါး ဖြစ်လာ ချိန်တွင် ဖြစ်စေ ထို အရာများ ကို ကြည့်ရသည် မှာ ကောင်းကင်ဘုံ ၏ ကံကြမ္မာ ကို ကြည့်နေ ရသကဲ့သို့ ပင် ဖြစ်လေသည်။
အနည်းငယ်မျှ ပင် နားလည် သဘောပေါက် နိုင်စွမ်း မရှိခဲ့ချေ။
ထို့အပြင် သူ က ထို အမှတ်အသား များကို မှတ်သား ကာ ကျောက်စိမ်း မှတ်တမ်း သို့မဟုတ် စက္ကူ ပေါ်တွင် ကူးယူ ရေးဆွဲ ရန် ပင် စဉ်းစား ခဲ့ဖူးလေသည်။ သို့သော် ထို လျှို့ဝှက်ဆန်းကြယ် သော မှော်စာလုံး များကို သူ ကူးယူ ရန် ကြိုးစား သော အခါ တိုင်း သူ၏ ဦးနှောက် ထဲရှိ မှတ်ဉာဏ် များ က တဖြည်းဖြည်း ဝေဝါး သွားလေ့ ရှိလေသည်။
အပြင်ဘက် လောက နှင့် ကောင်းကင် ယဇ်ပလ္လင် ကျောက်တိုင် ၏ လေဟာနယ် ကြားတွင် အကြိမ်ကြိမ် ဝင်ထွက် ကာ မှတ်သား ရန် ကြိုးစား ခဲ့သော်လည်း ရှင်းလင်း စွာ မှတ်မိ နိုင်စွမ်း လုံးဝ မရှိခဲ့ချေ။
ထို့ကြောင့် အချိန် ကြာလာ သည် နှင့် အမျှ ကျန်းချဲ့ လည်း ထို အကြံအစည် ကို ယာယီ စွန့်လွှတ် လိုက်ရလေသည်။ ကောင်းကင် ယဇ်ပလ္လင် ကျောက်တိုင် ဆိုသည် မှာ တိုင်းတာ ရန် ခက်ခဲ သော ရတနာ တစ်ပါး ဖြစ်ပြီး ယခု အချိန်တွင် သူ ထိန်းချုပ် နိုင်မည့် အရာ မဟုတ်ကြောင်း သူ ကောင်းစွာ သိရှိ ထားလေသည်။ နောင်တစ်ချိန် ရှန်ရှန်းအဆင့် သို့ တက်လှမ်း နိုင်သော အခါ မှ သာ အခွင့်အရေး ရကောင်း ရနိုင်မည် ပင်။
ကောင်းကင် ယဇ်ပလ္လင် ကျောက်တိုင် နိုးထ လာပြီး မကြာမီ မှာပင် လျှို့ဝှက်ဆန်းကြယ် သော အလင်းတန်း တစ်ခု က ကျောက်တိုင် ထဲမှ ထွက်ပေါ် လာပြီး မိစ္ဆာနဂါး အနှစ်သာရသွေး... နှစ်တစ်ထောင် ရေခဲရိုးတွင်းခြင်ဆီ... ချင်းမင် ဝိညာဉ်အားဖြည့် ကြာပန်း နှင့် အခြားသော ယဇ်ပစ္စည်း များ အပေါ်တွင် လှည့်ပတ် နေလေသည်။
အလင်းတန်း များ လင်းလက် သွားပြီးနောက် အလွန် မြန်ဆန် သော နှုန်း ဖြင့် ယဇ်ပစ္စည်း များ အားလုံး ကို စုပ်ယူ ဝါးမြို လိုက်ပြီး ကျောက်တိုင် အတွင်းသို့ သိမ်းဆည်း လိုက်လေသည်။ ထို့နောက် လျင်မြန် စွာ ပျောက်ကွယ် သွားလေတော့သည်။
ထို့နောက် တွင်တော့ ရင်းနှီး နေသော ခံစားချက် က တစ်ဖန် ပြန်လည် ရောက်ရှိ လာလေသည်။ ဖော်ပြ ရန် ခက်ခဲ သော စွမ်းအား တစ်ခု က သူ၏ ကိုယ်ပေါ် သို့ လွှမ်းခြုံ လာပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ ကိုယ်ပေါ် မှ အစွမ်းထက် သော သက်စွမ်းအင် များကို လျှို့ဝှက်ဆန်းကြယ် သော စွမ်းအား က စုပ်ယူ သွားသည် ကို ခံစား လိုက်ရလေသည်။
သက်တမ်း နှစ်ဆယ် နှုတ်ယူ ခြင်း ပင်။
ယဇ်ပစ္စည်း များ အားလုံး ကို ဝါးမြို ပြီးနောက် တွင်တော့ အစိမ်းရောင် နှင့် အနီရောင် အလင်းတန်း နှစ်ခု က ကောင်းကင် ယဇ်ပလ္လင် ကျောက်တိုင် ၏ လေဟာနယ် အတွင်း ဖြည်းညင်းစွာ ထွက်ပေါ် လာပြီး လှည့်ပတ် နေလေသည်။
အစိမ်းရောင် အလင်းတန်း က သူ၏ ဦးနှောက် ထဲသို့ တိုးဝင် သွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ကောင်းကင် နှင့် မြေကြီး ပြောင်းလဲ သွားလေသည်။
ကျန်းချဲ့ မျက်လုံး များကို မှိတ်လိုက် ဖွင့်လိုက် လုပ်လိုက် သော အခါ အခြား သော ပုံရိပ်ယောင် ကမ္ဘာ တစ်ခု ထဲသို့ ရောက်ရှိ သွားလေပြီ။
---
ယခု အခါ နဂါးကျား တာအိုဂိုဏ်း... တောင်တံခါး မဟာ ခန်းမဆောင် ကြီး အတွင်း၌။
တတိယ အကြီးအကဲ ယန်ဖျင် က အလွန် လေးနက်သော အမူအရာ ဖြင့် အထက်ပိုင်း နေရာတွင် ထိုင်နေ လေသည်။
ခန်းမဆောင် ကြီး တစ်ခုလုံး လုံးဝ တိတ်ဆိတ် ငြိမ်သက် နေပြီး ဤ နေရာ က နဂါးကျား တာအိုဂိုဏ်း ၏ အမြင့်ဆုံး ဆွေးနွေး တိုင်ပင် ရာ နေရာ ဖြစ်ကာ နဂါးကျား တာအို နန်းတော် ဟု ခေါ်ဆို လေသည်။ ဤ နေရာ က နဂါးကျား တာအိုဂိုဏ်း ၏ ဂိုဏ်းချုပ် နေထိုင် ရာ နေရာ လည်း ဖြစ်လေသည်။
ယနေ့ တွင် သူ က သတင်း တစ်ခု ကို လက်ခံ ရရှိ ခဲ့လေသည်။
တစ်လ ကျော် ကြာ တံခါးပိတ် ကျင့်ကြံ နေခဲ့သော ဂိုဏ်းချုပ် ကြီး က နောက်ဆုံး တွင်တော့ ထွက်ပေါ် လာခဲ့ပြီ ပင်။
ထွက်ပေါ် လာပြီး ပထမဆုံး အနေဖြင့် သူ့ကို ခေါ်ယူ ခဲ့ခြင်း ဖြစ်ရာ မည်သည့် အတွက် ကြောင့် ဆိုသည် ကို သူ ကောင်းစွာ သိရှိ လေသည်။
ကျန်းချဲ့။
ဤ နာမည် က လွန်ခဲ့သော လအနည်းငယ် အတွင်း နဂါးကျား တာအိုဂိုဏ်း တွင် လုံးဝ မပြောဆို သင့်သော နာမည် တစ်ခု ပင် ဖြစ်လေသည်။
ပထမဆုံး အနေဖြင့် ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်း၌ နဂါးကျား တာအိုဂိုဏ်း ၏ ထိပ်တန်း တပည့် များ အားလုံး ကို သတ်ဖြတ် ခဲ့လေသည်။ ထို့နောက် သိုင်းလောက မှ လူများစွာ ၏ အရှေ့တွင် နဂါးကျား တာအိုဂိုဏ်း ၏ ပါရမီရှင် တပည့် လဲ့ထင် ကို လက်တစ်ဖက်တည်း ဖြင့် ဖိနှိပ် ချေမှုန်း ခဲ့လေသည်။
နဂါးကျား တာအိုဂိုဏ်း ကို အရှက်ရ ဆုံး ဖြစ်စေ ခဲ့သည် မှာ ကျန်းချဲ့ က လဲ့ထင် ကို ဖမ်းဆီး ထားရုံ သာမက ပြန်ရွေးခ ကို ပါ တောင်းဆို ခဲ့ခြင်း ပင်။
ပြန်ရွေးခ မပေး နိုင်ပါက လဲ့ထင် သေချာပေါက် သေရမည် ပင်။
နောက်ဆုံး တွင်တော့ နဂါးကျား တာအိုဂိုဏ်း လည်း အရှုံးပေး ခဲ့ရလေသည်။
သူတို့ အရှုံးပေး ခဲ့သည် မှာ ကျန်းချဲ့ ကို မဟုတ်ဘဲ ကျန်းချဲ့ ၏ နောက်ကွယ် မှ မြောက်လင် ချီမိသားစု ကို ပင်။
ထို နေ့က ချီထျန်းဟယ် ကိုယ်တိုင် ကျန်းချဲ့ ကို ဝင်ရောက် ကာကွယ် ပေးခဲ့ သဖြင့် သူ ၏ ရင်ထဲရှိ ဒေါသ များကို ဖိနှိပ် ကာ ကျန်းချဲ့ ၏ တောင်းဆို ချက် အတိုင်း လုပ်ဆောင် ပေးခဲ့ရလေသည်။
မည်သို့ပင်ဆိုစေ လဲ့ထင် က ရှန်ရှန်းအဆင့် သို့ တက်လှမ်း နိုင်မည့် မျိုးစေ့ တစ်ခု ဖြစ်ရာ လုံးဝ အဆုံးရှုံး ခံ၍ မရနိုင်ချေ။
သို့သော် ထို ကိစ္စ ကြောင့် ပင် နဂါးကျား တာအိုဂိုဏ်း ၏ ဂုဏ်သိက္ခာ များ လုံးဝ ပျက်စီး သွားခဲ့ရလေသည်။
မကြာသေးမီ ကာလ များ အတွင်း သိုင်းလောက မှ သိုင်းပညာရှင် များစွာ က ဤ ကိစ္စ ကို လှောင်ပြောင် ပြောဆို နေကြလေသည်။ ဂုဏ်သတင်း ကြီးမားလှသော နဂါးကျား တာအိုဂိုဏ်း ကြီး က ရွှမ်တန်အဆင့် သိုင်းသခင် သေးသေးလေး တစ်ယောက် ၏ လက်ထဲတွင် အရှက်ကွဲ ခဲ့ရသည် မှာ မည်မျှ ရယ်စရာ ကောင်းလိုက် သနည်း။
ထိုကဲ့သို့သော စကား များ ကြောင့် နဂါးကျား တာအိုဂိုဏ်း ၏ တပည့် များနှင့် အကြီးအကဲ များစွာ မှာ ဒေါသ မီးတောက် များ တောက်လောင် နေကြပြီး ပါရမီရှင် တပည့် အချို့ က ကျန်းချဲ့ ကို သွားရောက် စိန်ခေါ် ရန် ပင် ခွင့်တောင်း ခဲ့ကြလေသည်။
သို့သော် သူ က ထို ကိစ္စ များကို ဖိနှိပ် ထားခဲ့လေသည်။ လဲ့ထင် က နဂါးကျား တာအိုဂိုဏ်း ၏ လူငယ် မျိုးဆက် များ ထဲတွင် အတော်ဆုံး ဖြစ်ပြီး သူ့ကို ယှဉ်ပြိုင် နိုင်သူ လုံးဝ မရှိသလောက် ပင် ဖြစ်လေသည်။ ထိုသို့ မဟုတ်ပါက လဲ့ထင် အပေါ် သူ ဤမျှလောက် အထိ မျှော်လင့် ချက် များ ထားရှိ မည် မဟုတ်ချေ။
သို့သော် ထိုမျှ အစွမ်းထက် သော လဲ့ထင် ပင်လျှင် ရှုံးနိမ့် ခဲ့ရသည် မဟုတ်ပါလော။
အကယ်၍ တခြားသော ပါရမီရှင် တပည့် များ သွားရောက် တိုက်ခိုက် မည် ဆိုလျှင် ကော ကျန်းချဲ့ ကို သေချာပေါက် အနိုင်ရ နိုင်မည် လား။ နဂါးကျား တာအိုဂိုဏ်း ကို နောက်ထပ် အရှက် မကွဲ စေရန် အတွက် သူ က သည်းခံ ကာ အခွင့်အရေး ကို စောင့်ဆိုင်း ရန် ဆုံးဖြတ် ခဲ့လေသည်။ သို့သော် သင့်တော် သော အခွင့်အရေး ကို မရှာတွေ့ သေးမီ မှာပင် ဂိုဏ်းချုပ် ကြီး က တံခါးပိတ် ကျင့်ကြံ ရာမှ ထွက်ပေါ် လာခဲ့ပြီ ပင်။
ရွှမ်လင် လျှို့ဝှက်နယ်မြေ ကိစ္စ ပြီးနောက် တွင် သူ က ဂိုဏ်းချုပ် ကြီး ထံသို့ သွားရောက် တင်ပြ ခဲ့ပြီး ဂိုဏ်းချုပ် ကြီး က လည်း ကျန်းချဲ့ ကို သတ်ပစ်ရန် သွယ်ဝိုက်သော နည်း ဖြင့် အမိန့်ပေး ခဲ့လေသည်။ ထို ကိစ္စ ကို မှာကြား ပြီးနောက် တွင်တော့ ဂိုဏ်းချုပ် ကြီး လည်း တံခါးပိတ် ကျင့်ကြံ ခြင်း သို့ ဝင်ရောက် သွားခဲ့လေသည်။
ယခု ထွက်ပေါ် လာချိန် တွင်တော့...
ယန်ဖျင် တစ်ယောက် ဂိုဏ်းချုပ် ကြီး ၏ မျက်နှာ ကို မကြည့်ဝံ့ အောင် ဖြစ်နေ မိလေသည်။ မည်သို့ပင်ဆိုစေကာမူ ဤ ကိစ္စ ကို သူ ကိုယ်တိုင် ဖျက်ဆီး ပစ်ခဲ့မိသည် မဟုတ်ပါလော။
ယန်ဖျင် တစ်ယောက် နက်နက်ရှိုင်းရှိုင်း တွေးတော နေချိန် တွင် မဟာ ခန်းမဆောင် ၏ တံခါးဝ တွင် ပုံရိပ် တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ် လာလေသည်။ ခရမ်း နှင့် ရွှေရောင် ရောယှက် နေသော တာအို ဝတ်ရုံ ကို ဝတ်ဆင် ထားသည့် လူလတ်ပိုင်း တာအို ဆရာ တစ်ပါး ပင် ဖြစ်လေသည်။
လက်ထဲတွင် ငွေဖြူရောင် ယပ်တောင် ကို ကိုင်ဆောင် ထားပြီး ဆံပင် ရှည် များကို သေသပ်စွာ စည်းနှောင် ထားလေသည်။ အဝေးမှ ကြည့်လိုက် လျှင် စကားလုံး တစ်လုံး တည်း ဖြင့် သာ ဖော်ပြ နိုင်လေသည်။
နတ်ဘုရား တစ်ပါး အလား ပင်။
သူ၏ သရုပ်မှန် ကတော့ နဂါးကျား တာအိုဂိုဏ်း ၏ စတုတ္ထ မျိုးဆက် ဂိုဏ်းချုပ် ကြီး ပင် ဖြစ်ပြီး ဘွဲ့အမည် မှာ ရှန်ရွှီ ဟု ခေါ်ဆို လေသည်။
"ဂိုဏ်းချုပ်ကြီးကို ဂါရဝပြုပါတယ်... ဂိုဏ်းချုပ်ကြီး... ဘယ်လိုလုပ်ပြီး..."
ယန်ဖျင် က အရင်ဆုံး အရိုအသေ ပေးလိုက်ပြီးနောက် ဂိုဏ်းချုပ် ကြီး ၏ ကိုယ်ပေါ် မှ အားနည်း နေသော အရှိန်အဝါ များကို ခံစား မိလိုက်လေသည်။ မျက်နှာ ဖြူရော်နေသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်း စိုးရိမ်တကြီး မေးမြန်း လိုက်လေသည်။
သူ၏ ရင်ထဲတွင် အလွန် စိုးရိမ် ပူပန် နေမိလေသည်။ ယခု အခါ နဂါးကျား တာအိုဂိုဏ်း ၏ အစွမ်းထက် ဆုံး ပုဂ္ဂိုလ် မှာ ဂိုဏ်းချုပ် ရှန်ရွှီ ပင် ဖြစ်လေသည်။ ယခင် မျိုးဆက် မှ သိုင်းသူတော်စင် ကြီး မှာ လွန်ခဲ့သော ဆယ်နှစ်ခန့် ကတည်းက တရားကျင့် ရင်း သေဆုံး သွားခဲ့ပြီ ဖြစ်ရာ ဂိုဏ်းချုပ် ကြီး က နဂါးကျား တာအိုဂိုဏ်း ၏ ထောက်တိုင် ကြီး တစ်ခု ပင် ဖြစ်လေသည်။
အကယ်၍ တစ်စုံတစ်ရာ မှားယွင်း သွားပါက နဂါးကျား တာအိုဂိုဏ်း အတွက် ကြီးမားလှသော ဆုံးရှုံး မှု ကြီး ပင် ဖြစ်လေသည်။
ဂိုဏ်းချုပ် ရှန်ရွှီ က လက်ကာ ပြလိုက်ပြီး အထက်ပိုင်း နေရာသို့ ဖြည်းညင်းစွာ လျှောက်သွား ကာ ထိုင်လိုက် လေသည်။
"အဆင့်တက်တာ မအောင်မြင်ခဲ့ဘူး... ပြန်လည်တုံ့ပြန်မှုဒဏ်ကို ခံလိုက်ရတယ်... နှစ်အနည်းငယ်လောက် အနားယူလိုက်ရင် ပြန်ကောင်းသွားမှာပါ... စိတ်ပူစရာ မလိုပါဘူး"
"သိုင်းသူတော်စင်အဆင့်က တကယ်ပဲ အဲ့ဒီလောက်တောင် ခက်ခဲလို့လား"
ယန်ဖျင် က မျက်မှောင်ကျုံ့ ကာ မေးလိုက်လေသည်။
"ကျုပ်ရဲ့ ကြိုတင်ပြင်ဆင်မှုတွေ မလုံလောက်ခဲ့လို့ပါ... မူလဝိညာဉ်က ဒဏ်မခံနိုင်ခဲ့ဘူး... ဂိုဏ်းထဲက ဝိညာဉ်ပစ္စည်းတွေသာ မရှိခဲ့ရင်... ဒဏ်ရာက ပိုပြီး ပြင်းထန်နိုင်တယ်"
ဂိုဏ်းချုပ် ရှန်ရွှီ က ခေါင်းယမ်း လိုက်ပြီး ထို ကိစ္စ ကို အများကြီး ဆက်မပြော လိုတော့ချေ။
ယန်ဖျင် လည်း သဘောပေါက် သွားပြီး သူ၏ ရင်ထဲရှိ မေးခွန်း များကို ဖိနှိပ် ထားလိုက်ရလေသည်။ မည်သို့ ပင် ဆိုစေကာမူ သူ၏ လက်ရှိ ကျင့်ကြံမှု က ရှန်ရှန်းအဆင့် အလယ်ပိုင်း တွင် သာ ရှိသေးပြီး အထွတ်အထိပ် သို့ ရောက်ရှိ ရန် အလှမ်းဝေး နေသေးလေသည်။ ဤ ဘဝ တွင် သိုင်းသူတော်စင် အဆင့် ကို တက်လှမ်း ရန် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် သာ အခွင့်အရေး ရှိနိုင်ပြီး ထို အဆင့် ၏ လျှို့ဝှက်ချက် များကို နားလည် ရန် အလွန် ခက်ခဲ လှပေသည်။
"ကျုပ် တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီးနောက်... လဲ့ထင်က အဲ့ဒီ ကျန်းချဲ့ဆိုတဲ့ ကောင်ရဲ့ လက်ထဲမှာ ရှုံးနိမ့်သွားတယ်လို့ ကြားတယ်... ဘယ်လိုဖြစ်ရတာလဲ"
ဂိုဏ်းချုပ် ရှန်ရွှီ က ရုတ်တရက် မေးလိုက်လေသည်။
ယန်ဖျင် ၏ မျက်နှာ ပေါ်တွင် ရှက်ရွံ့ သော အမူအရာ များ ပေါ်လွင် လာလေသည်။
"ဂိုဏ်းချုပ်ကြီး ခွင့်လွှတ်ပါ... ကျုပ်ရဲ့ သတင်းအချက်အလက်တွေ မှားယွင်းခဲ့လို့ပါ... ကျန်းချဲ့ဆိုတဲ့ ကောင်လေးက ကျင့်ကြံမှု အများကြီး မတိုးတက်လာပေမဲ့... ဘာအခွင့်အရေးတွေ ရခဲ့လဲမသိဘူး... ကောင်းကင်နဲ့မြေကြီး အရှိန်အဝါကို အပြည့်အဝ ထိန်းချုပ်နိုင်သွားတယ်... အဲ့ဒါကြောင့် လဲ့ထင်က ရှုံးနိမ့်သွားခဲ့ရပြီး... ကျုပ်တို့ တာအိုဂိုဏ်းရဲ့ ဂုဏ်သိက္ခာတွေလည်း လုံးဝ ပျက်စီးသွားရတာပါ"
ယန်ဖျင် က ထို နေ့က ဖြစ်ပျက် ခဲ့သော ကိစ္စ များကို တစ်ခု မကျန် အသေးစိတ် တင်ပြ လိုက်လေသည်။
ထို စကား များကို ကြားပြီးနောက် ဂိုဏ်းချုပ် ရှန်ရွှီ ၏ မျက်နှာ ပေါ်တွင် လည်း အံ့ဩ သော အမူအရာ များ ထွက်ပေါ် လာလေသည်။ မည်သို့ ပင် ဆိုစေကာမူ ရွှမ်တန်အဆင့် သို့ တက်လှမ်း ခါစ ဖြင့် ကောင်းကင် နှင့် မြေကြီး အရှိန်အဝါ ကို အပြည့်အဝ ထိန်းချုပ် နိုင်ခြင်း က သာမန် လူများ လုပ်ဆောင် နိုင်စွမ်း ရှိသော ကိစ္စ မဟုတ်ချေ။
သူ ကိုယ်တိုင် ပင်လျှင် ငယ်ရွယ် စဉ် က အရှိန်အဝါ အဆင့် ကို နားလည် သဘောပေါက် ရန် ဆယ်နှစ် ကျော် အချိန် ယူခဲ့ရလေသည်။ ကောင်းကင် နှင့် မြေကြီး အရှိန်အဝါ ကို အမှန်တကယ် နားလည် သူများ သာ လျှင် ထို အရှိန်အဝါ ၏ ကြောက်မက်ဖွယ် ကောင်းမှု ကို သိရှိ နိုင်လေသည်။
ထို အရာ က ကောင်းကင် နှင့် မြေကြီး ၏ စွမ်းအား များကို ငှားရမ်း အသုံးပြု ခြင်း ပင်။
လဲ့ထင် ရှုံးနိမ့် သွားသည် မှာ အံ့ဩ စရာ မဟုတ်တော့ချေ။
"ကိစ္စတွေ ပြီးသွားတော့... မင်း ဘယ်လို ဖြေရှင်းလိုက်လဲ"
ဂိုဏ်းချုပ် ရှန်ရွှီ က သတိ ပြန်ဝင် လာပြီးနောက် မေးလိုက်လေသည်။
"မူလက ကျုပ်က လူကြီးကနေ လူငယ်ကို အနိုင်ကျင့်တယ်ဆိုတဲ့ နာမည်ဆိုးကို ခံပြီး ကျန်းချဲ့ကို အခွင့်ကောင်းယူ ဖမ်းဆီးမလို့ပါပဲ... ဒါပေမဲ့ မထင်မှတ်ထားတာက ချီမိသားစုရဲ့ ချီထျန်းဟယ် ကလည်း ထျန်းနန်ကို ရောက်နေတယ်... သူ ရှိနေတော့ ကျုပ်လည်း ဒေါသတွေကို ဖိနှိပ်ထားလိုက်ရတယ်... ကိစ္စတွေ ပြီးသွားတော့ ချီမိသားစုက စာတစ်စောင် ပို့လာတယ်... စာထဲက အကြောင်းအရာက လဲ့ထင်ကို စိုးရိမ်သလို ပုံစံမျိုး ဆိုပေမဲ့... တကယ်တမ်းတော့ ကျုပ်တို့ တာအိုဂိုဏ်းကို သွယ်ဝိုက်ပြီး ခြိမ်းခြောက်နေတာပါ... တကယ်လို့ စည်းကမ်းကို ဖောက်ဖျက်မယ်ဆိုရင် ချီမိသားစုက သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူးတဲ့... အဲ့ဒီအချိန်က ဂိုဏ်းချုပ်ကြီးက တံခါးပိတ် ကျင့်ကြံနေတော့... ကျုပ်နဲ့ တခြား အကြီးအကဲတွေ တိုင်ပင်ပြီး... ယာယီ ငြိမ်နေပြီး အခွင့်အရေးကို စောင့်ဖို့ ဆုံးဖြတ်လိုက်ရတာပါ"
ယန်ဖျင် က လေပူ တစ်ချက် ကို မှုတ်ထုတ် ကာ ပြောလိုက်လေသည်။
"မြောက်လင် ချီမိသားစု... တကယ်ကို ပိုပိုပြီး မောက်မာလာတာပဲ"
ဂိုဏ်းချုပ် ရှန်ရွှီ ၏ မျက်ဝန်းများ အေးစက် သွားပြီး မျက်နှာထား ကလည်း အလွန် ကြည့်ရဆိုး သွားလေသည်။ နဂါးကျား တာအို ဂိုဏ်း ကို အကြိမ်ကြိမ် ခြိမ်းခြောက် နေခြင်း က လုံးဝ အထင်သေး စော်ကား နေခြင်း ပင်။
"ကျုပ် စဉ်းစားနေတာက... ချီမိသားစုကများ သိုင်းသူတော်စင်ကြီး ပျံလွန်တော်မူသွားတဲ့ သတင်းကို သိသွားလို့လားလို့... မဟုတ်ရင်... ဘယ်လိုလုပ်ပြီး အရင်က အေးချမ်းတဲ့ ပုံစံကနေ ရုတ်တရက်ကြီး ဒီလောက်တောင် ခက်ထန်လာရတာလဲ"
ယန်ဖျင် က သူ၏ ထင်ကြေး ကို ပြောပြ လိုက်လေသည်။
ဤ သည် က သူ့ကို အမှန်တကယ် ဆုံးဖြတ် ရန် ခက်ခဲ စေခဲ့သော ကိစ္စ ပင် ဖြစ်လေသည်။ အကယ်၍ သူ ၏ ဆုံးဖြတ်ချက် များ မှားယွင်း သွားပြီး နဂါးကျား တာအို ဂိုဏ်း အတွက် ကြီးမားလှသော ဘေးအန္တရာယ် ကြီး ကို ယူဆောင် လာမည် ကို သူ အလွန် စိုးရိမ် နေခဲ့လေသည်။ အကြောင်းမှာ လူတိုင်း သိကြ သည့် အတိုင်း ပင်... ချီမိသားစု တွင် သိုင်းသူတော်စင် ကြီး တစ်ပါး ရှိနေသေး သည် မဟုတ်ပါလော။
"ဒီကိစ္စက လုံးဝ မဖြစ်နိုင်ဘူး... ဘိုးဘေးကြီး ပျံလွန်တော်မူတာက ကျုပ်တို့ နဂါးကျား တာအိုဂိုဏ်းရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ပဲ... သိတဲ့သူ ငါးယောက်တောင် မပြည့်ဘူး... အပြင်လူတွေက ဒီသတင်း အတိအကျကို ဘယ်လိုမှ မသိနိုင်ဘူး... အလွန်ဆုံး ဘိုးဘေးကြီးရဲ့ အရင်က ဒဏ်ရာတွေနဲ့ သက်တမ်းကို ကြည့်ပြီး အကြမ်းဖျင်း ခန့်မှန်းတာပဲ ဖြစ်ရမယ်... ဒီဟာက သတိပေးတာ ဖြစ်သလို... စမ်းသပ်တာလည်း ဖြစ်တယ်... ကျုပ်တို့ ပိုပြီး တိတ်ဆိတ်နေလေ... သူတို့ကို သံသယတွေ ပိုများစေလေပဲ"
ဂိုဏ်းချုပ် ရှန်ရွှီ က မျက်မှောင်ကျုံ့ ကာ ပြောလိုက်လေသည်။
"ဒါဆို ဂိုဏ်းချုပ်ကြီးရဲ့ အမြင်အရ... ကျန်းချဲ့ကို ဘယ်လို ဖြေရှင်းသင့်လဲ"
ယန်ဖျင် က မေးလိုက်လေသည်။
"မင်း အမြင်အရ... ကျန်းချဲ့ရဲ့ ပါရမီက ဘယ်လိုနေလဲ"
ဂိုဏ်းချုပ် ရှန်ရွှီ က ယန်ဖျင် ကို စူးစိုက် ကြည့်ကာ မေးလိုက်လေသည်။
ယန်ဖျင် က ခေတ္တမျှ စဉ်းစား ပြီးနောက် လေးနက်သော အသံ ဖြင့် ပြောလိုက်လေသည်။
"သူ့ရဲ့ ပါရမီက နှစ်တစ်ရာအတွင်း တွေ့ရခဲတဲ့ ပါရမီမျိုးပဲ... လဲ့ထင် တောင်မှ သူ့ထက် နည်းနည်း နိမ့်ကျနေသေးတယ်... ဘာအနှောင့်အယှက်မှသာ မရှိဘူးဆိုရင်... ဆယ်စုနှစ် အနည်းငယ် အကြာမှာ ရှန်ရှန်းအဆင့်ကို သေချာပေါက် ရောက်လာလိမ့်မယ်... သိုင်းသူတော်စင် အဆင့်ကိုတောင် တက်လှမ်းနိုင်မယ့် အခွင့်အရေး အနည်းငယ် ရှိနေတယ်... ပြီးတော့ ဒီကောင်လေးရဲ့ စရိုက်က အရမ်းကို ဆိုးရွားတယ်... နဂါးကျား တာအိုဂိုဏ်းနဲ့ ရန်ငြိုးရှိနေမှတော့... သူ အင်အား ကြီးလာတဲ့ အချိန်ကျရင် သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး... ချီမိသားစုရဲ့ ကာကွယ်မှုသာ မရှိဘူးဆိုရင်... ကျုပ် ကိုယ်တိုင် သူ့ကို ဖိနှိပ် ချေမှုန်းပြီးလောက်ပြီ"
ဤ သည် က ယန်ဖျင် ၏ ရင်ထဲမှ အမှန်တကယ် ခံစားချက် ပင် ဖြစ်လေသည်။
ဂိုဏ်းချုပ် ရှန်ရွှီ က ထိုင်ခုံ ၏ ကျောမှီ ကို မှီကာ မျက်လုံး များကို မှိတ်၍ နက်နက်ရှိုင်းရှိုင်း တွေးတော နေလေသည်။ လက်ချောင်း များ က ထိုင်ခုံ ၏ လက်တန်း ကို စည်းချက် ကျကျ ခေါက်နေ လေသည်။ အချိန် အတော်ကြာ မှ သာ မျက်လုံး များကို ဖွင့်လိုက် ပြီး ပြောလိုက်လေသည်။
"ဒီလိုဆိုမှတော့... ဒီကောင်လေးကို လုံးဝ အရှင်ထားလို့ မဖြစ်တော့ဘူး... ထားလိုက်ရင် သေချာပေါက် ပြဿနာတွေ တက်လာလိမ့်မယ်"
"အမှန်ပါပဲ... ဒါပေမဲ့ ချီမိသားစု ဘက်က..."
"ချီမိသားစုက အစွမ်းထက်ပေမဲ့... ကျုပ်တို့ နဂါးကျား တာအိုဂိုဏ်း ကလည်း ရွှံ့နဲ့ လုပ်ထားတာ မဟုတ်ဘူး... ချီမိသားစုမှာ သိုင်းသူတော်စင် ဘိုးဘေးကြီး ရှိနေရင်တောင်မှ... ကျုပ်တို့ရဲ့ တောင်တံခါးကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး... တစ်ဖက်လူက တကယ်ကို အသက်စွန့်ပြီး တိုက်ခိုက်တာမျိုး မှလွဲရင်ပေါ့"
"ဂိုဏ်းချုပ်ကြီးရဲ့ သဘောက... တိုက်ခိုက်မလို့လား"
"ပေါင်းပင်တွေကို အမြစ်မပြတ် ရှင်းလင်းနိုင်ရင်... နွေဦးလေပြေ တိုက်တာနဲ့ ပြန်ရှင်လာမှာပဲ... မင်းပြောသလို ကျန်းချဲ့က အရမ်းကို မြန်မြန်ဆန်ဆန် ကြီးထွားလာတာဆိုတော့... ချီမိသားစုက သူ့အပေါ်မှာ အများကြီး မျှော်လင့်ချက်တွေ ထားမှာ သေချာတယ်... ရှန်ရှန်းအဆင့် မဟာသိုင်းသခင် ကိုတောင် အစောင့်အဖြစ် လွှတ်ထားတာဆိုတော့... သူ့ကို ရှင်းလင်းဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ဘူး"
"အမှန်ပါပဲ... ချီမိသားစုရဲ့ လူတွေက ကျုပ်တို့ နဂါးကျား တာအိုဂိုဏ်းကို အမြဲတမ်း စောင့်ကြည့်နေမှာ သေချာတယ်... တကယ်လို့ တိုက်ခိုက်မယ်ဆိုရင် အကျိုးဆက်က ခန့်မှန်းရခက်တယ်... တခြား လူတွေကို ငှားပြီး လုပ်ခိုင်းရင်တောင်မှ... ချီမိသားစုက ကျုပ်တို့ အပေါ်မှာပဲ အပြစ် ပုံချလိမ့်မယ်... ဂိုဏ်းချုပ်ကြီး အနေနဲ့ စစ်ပွဲ ဆင်နွှဲဖို့ ကြိုတင် ပြင်ဆင်ထားရလိမ့်မယ်"
ယန်ဖျင် ၏ မျက်နှာ က အလွန် လေးနက် နေလေသည်။
"အဲ့ဒီ ကျန်းချဲ့က ကျုပ်တို့ နဂါးကျား တာအိုဂိုဏ်း အပြင် တခြား ရန်သူတွေကော ရှိသေးလား"
ဂိုဏ်းချုပ် ရှန်ရွှီ က ခေတ္တမျှ စဉ်းစား ပြီးနောက် မေးလိုက်လေသည်။
"သေချာပေါက် ရှိတာပေါ့... အဲ့ဒီ ကောင်လေးက ချီမိသားစုကို အားကိုးပြီး ဥပဒေမဲ့ ရမ်းကားနေတာ... ကျုပ်တို့ နဂါးကျား တာအိုဂိုဏ်းကို ရိုင်းစိုင်းတာတင် မကဘူး... ထျန်းနန် ကောင်းမိသားစု ကိုလည်း မျက်နှာမထောက်ဘူး... ကောင်းမိသားစုရဲ့ သိုင်းသခင် တစ်ပါးကို တိုက်ရိုက်ပင် ဒဏ်ရာရအောင် လုပ်ခဲ့တယ်... ဒါပေမဲ့ ကောင်းမိသားစု ဘက်က ဘာမှ တုံ့ပြန်မှု မရှိတာက တောင်ပေါ်ကနေ ကျားနှစ်ကောင် ကိုက်တာကို ထိုင်ကြည့်ချင်နေတဲ့ ပုံစံပဲ... ဒါ့အပြင် ကျန်းချဲ့က နင်မင်းသားအိမ်တော် ကိုလည်း တိုက်ခိုက်ခဲ့သေးတယ်... စစ်တပ်ကို ခေါ်သွားပြီး ယွမ်ဟယ်တောင်ကို ဖျက်ဆီးပစ်ခဲ့တာ... ပြီးတော့ ဝေ့မိသားစု... လင်းမိသားစုတွေနဲ့လည်း ရန်ငြိုးတွေ ရှိသေးတယ်... ချီမိသားစုသာ မရှိရင်... ဒီကောင်လေး သေနေတာ ကြာပြီ"
"အဲ့ဒီနေ့က မင်း ပွဲကြည့်တဲ့ အချိန်မှာ... လက်ထဲမှာ ကျန်းချဲ့ရဲ့ သွေး ဒါမှမဟုတ် ဆံပင်တွေ ရခဲ့သေးလား"
"အဲ့ဒါကတော့... ကျုပ် မစုဆောင်းခဲ့မိဘူး... ဒါပေမဲ့ လဲ့ထင်ရဲ့ လက်ထဲမှာတော့ ရှိတယ်... အရင်က သူက ကျန်းချဲ့ကို သွေးအန်မတတ် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်လေ... နောက်ပိုင်းမှာ ရှုံးနိမ့်သွားပေမဲ့ သူ့ကိုယ်သူ အားပေးဖို့အတွက် နည်းနည်း သိမ်းထားခဲ့တယ်... ကျန်းချဲ့ကို ပစ်မှတ်တစ်ခု အနေနဲ့ သတ်မှတ်ထားတာ..."
"ကျုပ် ငယ်ရွယ်စဉ်က ပိုင်ယွဲ့ လူမျိုးစုတွေဆီကို လှည့်လည်သွားလာတုန်းက... အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ ခင်မင်ခဲ့ဖူးတယ်... အဲ့ဒီလူက ကျိန်စာတိုက်ပြီး သတ်တဲ့နေရာမှာ အလွန် ကျွမ်းကျင်တယ်... မိုင်ပေါင်း ထောင်ချီ အဝေးကနေတောင် လူ့အသက်ကို သတ်နိုင်တယ်... အကြီးအကဲယန်က ကျုပ်ရဲ့ အမှတ်အသားကို ယူသွားပြီး သူ့ကို အကူအညီ တောင်းပေးပါ... အဲ့ဒီ ကောင်လေးကို ကျိန်စာတိုက်ပြီး မသတ်နိုင်ရင်တောင်မှ... သူ့ရဲ့ အခြေခံကို ဖျက်ဆီးပစ်ရမယ်... ဒါမှ ကျုပ်တို့ နဂါးကျား တာအိုဂိုဏ်းအတွက် အန္တရာယ် မဖြစ်လာမှာ"
ဂိုဏ်းချုပ် ရှန်ရွှီ ၏ မျက်ဝန်းများ ထဲတွင် အေးစက်သော အလင်းတန်း များ တောက်ပ နေလေသည်။
"တကယ်လို့ ချီမိသားစုက ပြဿနာ ရှာလာရင်..."
ဂိုဏ်းချုပ် ရှန်ရွှီ က သူ၏ မုတ်ဆိတ်မွေး များကို ခပ်ဖွဖွ ပွတ်သပ် ကာ အေးစက်စွာ ရယ်မော လိုက်လေသည်။
"မသွားခင်မှာ... မြောက်လင် ချီမိသားစုဆီကို အရင်သွားပြီး ချီကျန်းနန်နဲ့ တွေ့လိုက်ပါ... နဂါးကျား တာအိုဂိုဏ်းက ကျန်းချဲ့နဲ့ ဆက်ပြီး တိုက်ခိုက်ဖို့ ချိန်းဆိုလိုက်တယ်လို့ ပြောလိုက်ပါ... အချိန်ကို အရှေ့ပင်လယ် သိုင်းပြိုင်ပွဲလို့ သတ်မှတ်လိုက်... ဒီတိုက်ပွဲ ပြီးသွားရင် နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ... ကျန်းချဲ့နဲ့ ရန်ငြိုးတွေကို လုံးဝ ကျေအေးလိုက်ပြီလို့ ကတိသစ္စာ ဆိုလိုက်ပါ... ပြီးတော့ ချီကျန်းနန်ကို ပြောလိုက်... ရန်ငြိုးဆိုတာ ဖြေရှင်းတာ ကောင်းတယ်... ဖွဲ့တာ မကောင်းဘူးလို့... ဘိုးဘေးကြီး မကြာခင် ပျံလွန်တော်မူတော့မယ်ဆိုတဲ့ သတင်းကို သွယ်ဝိုက်ပြီး ထုတ်ဖော်လိုက်ပါ... ရန်သူကို အားနည်းဟန် ပြလိုက်တာပေါ့... အဲ့ဒီလိုဆိုရင် ကျန်းချဲ့မှာ ရန်သူတွေ အများကြီး ရှိနေတော့... တကယ်လို့ တစ်ခုခု ဖြစ်သွားရင်တောင်မှ ကျုပ်တို့ နဂါးကျား တာအိုဂိုဏ်းက လုပ်တယ်လို့ ပြောလို့ မရတော့ဘူး... သက်သေ အထောက်အထား မရှိရင် ချီမိသားစုက လှုပ်ရှားမှာ မဟုတ်ဘူး... ကျန်းချဲ့ရဲ့ ပါရမီက ဘယ်လောက်ပဲ မြင့်မားနေပါစေ... သူက အပြင်လူ တစ်ယောက် သက်သက်ပဲ... ချီမိသားစုရဲ့ အကျင့်စရိုက်နဲ့ဆိုရင် အပြင်လူ တစ်ယောက်အတွက် ထိပ်တန်းဂိုဏ်းကြီး တစ်ခုနဲ့ စစ်ပွဲ ဆင်နွှဲပါ့မလား... အထူးသဖြင့် သိုင်းသူတော်စင် ဘိုးဘေးကြီး မကြာခင် ပျံလွန်တော်မူတော့မယ့် ထိပ်တန်း အင်အားစုကြီး တစ်ခုနဲ့ပေါ့"
"ဂိုဏ်းချုပ်ကြီးရဲ့ အကြံက တကယ်ကို ပြောင်မြောက်ပါတယ်"
ယန်ဖျင် က ခေတ္တမျှ တွေဝေ သွားပြီးနောက် ခေါင်းညိတ် လိုက်လေသည်။
သို့သော် သူ ၏ ရင်ထဲတွင် နောက်ထပ် စကား တစ်ခွန်း ကိုတော့ မျိုသိပ် ထားလိုက်ရလေသည်။ အကယ်၍ ဤ အခွင့်အရေး ကို အသုံးချ ပြီး ကျန်းချဲ့ နှင့် ရန်ငြိုး များကို အမှန်တကယ် ကျေအေး လိုက်မည် ဆိုပါက ကောင်းမွန် သော ကိစ္စ တစ်ခု ဖြစ်လာ နိုင်သည် ဟု သူ ထင်မြင် မိလေသည်။
သို့သော် ဂိုဏ်းချုပ် ကြီး ၏ အကျင့်စရိုက် ကို သူ ကောင်းစွာ သိရှိ လေသည်။
ဂုဏ်သိက္ခာ ကြီးမား သော ဂိုဏ်းချုပ် ကြီး တစ်ပါး အနေဖြင့် ရွှမ်တန်အဆင့် သိုင်းသခင် သေးသေးလေး တစ်ယောက် ထံ ခေါင်းငုံ့ ခံမည် မဟုတ်ချေ။ ထိုသို့ မဟုတ်ပါက နောင်တစ်ချိန် တွင် မည်သူ က နဂါးကျား တာအို ဂိုဏ်း အပေါ် လေးစား မှု ရှိတော့မည် နည်း။
"အလုပ်ကို သေချာ သပ်သပ်ရပ်ရပ် လုပ်ပါ... ဘာ သဲလွန်စမှ မချန်ထားခဲ့နဲ့... ကိစ္စ ပြီးသွားတာနဲ့ တောင်ပေါ်ကို ချက်ချင်း ပြန်လာခဲ့... ပိုင်ယွဲ့ လူမျိုးစုတွေဆီမှာ အချိန်မဆွဲနဲ့"
ဂိုဏ်းချုပ် ရှန်ရွှီ က လေးနက်စွာ ပြောလိုက်လေသည်။
"ဟုတ်ကဲ့... ကျုပ် နားလည်ပါပြီ”