အခန်း ၂၆၆
Vol. 27 Ch. 266
အခန်း (၂၆၆) စေ့စပ်ပွဲ ဖျက်သိမ်းခြင်း
"ဘုန်း..."
ပုံရိပ်ယောင်ကမ္ဘာ ပျက်စီးသွားပြီး အရာအားလုံး လွင့်စင်ပျောက်ကွယ်သွားလေသည်။
မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင်တော့ အရာအားလုံးက မူလအတိုင်း ပြန်ဖြစ်သွားပြီဖြစ်သည်။ သူက လေပြင်းများ တိုက်ခတ်နေသော တောင်ထိပ်တွင် ရပ်နေဆဲဖြစ်ပြီး တစ်ခုတည်းသော ကွာခြားချက်မှာ ကျန်းချဲ့၏ မျက်ဝန်းများထဲတွင် အချိန်ကာလများစွာ ဖြတ်သန်းခဲ့ရသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခြင်းပင်။
ပုံရိပ်ယောင်ကမ္ဘာထဲတွင် နေခဲ့ရသည်မှာ တစ်ခဏသာ ဆိုသော်လည်း နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သလို ခံစားခဲ့ရလေသည်။
ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ်အပေါ် သူ၏ နားလည်သဘောပေါက်မှုကလည်း နောက်ထပ် တစ်ဆင့် ထပ်မံမြင့်တက်သွားပြီး စွမ်းအားများလည်း တိုးတက်လာခဲ့သည်။
ခဏအကြာတွင်...
ယခင်က ယဇ်ပူဇော်ခဲ့သလိုပင် ကျန်းချဲ့ ဆက်လက် အာရုံခံနိုင်ရန် အချိန်မပေးတော့ဘဲ ကောင်းကင်ယဇ်ပလ္လင် ကျောက်တိုင် လေဟာနယ်ထဲတွင် လှည့်ပတ်နေသော အနီရောင်အလင်းတန်းက ကျန်းချဲ့၏ ကိုယ်ခန္ဓာထဲသို့ ရုတ်တရက် တိုက်ရိုက် ဝင်ရောက်သွားလေသည်။
ထို့နောက် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု လွှမ်းခြုံလာသကဲ့သို့ ခံစားလိုက်ရပြီး ကျန်းချဲ့က ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး ယွမ်ချီစွမ်းအင်များ ချက်ချင်းပင် အဆများစွာ ပိုမို သိပ်သည်းလာသည်ကို ခံစားလိုက်ရသည်။ ဤသည်မှာ ယွမ်ချီကျောက်တုံး ရာပေါင်းများစွာ တစ်ပြိုင်နက် ပေါက်ကွဲသွားသကဲ့သို့ပင်။
ယွမ်ချီ မြူခိုးများ အဖြစ်ပင် ပြောင်းလဲသွားသည်ဟု ဆိုနိုင်ပေသည်။
ပါးစပ်ဟကာ တစ်ချက် ရှူသွင်းလိုက်ရုံဖြင့် အလွန်သန့်စင်သော ယွမ်ချီစွမ်းအင်များ တစ်ကိုယ်လုံးသို့ လှည့်ပတ်သွားသည်ကို ခံစားလိုက်ရသည်။
လေပြင်းများ တိုက်ခတ်နေပြီး တောင်ထိပ်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသော ကျန်းချဲ့၏ အင်္ကျီစများမှာလည်း လေထဲတွင် လွင့်ဝဲနေလေသည်။ ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး ယွမ်ချီစွမ်းအင်များက လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု၏ ဆွဲငင်မှုကြောင့် ကျန်းချဲ့ထံသို့ အလျင်အမြန် စုဝေးလာကြသည်။
ယွမ်ချီစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော လေဆင်နှာမောင်း တစ်ခု အဖြစ်သို့ပင် ပြောင်းလဲသွားလေသည်။
ထို့အပြင် အချိန်ကြာလာသည်နှင့်အမျှ ထိုယွမ်ချီ လေဆင်နှာမောင်း က လျင်မြန်စွာ ကြီးမားလာပြီး အချိန်တိုအတွင်းမှာပင် ပေဒါဇင်ပေါင်းများစွာ ကြီးမားသော လေဆင်နှာမောင်းကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ တောင်ထိပ်ပေါ်ရှိ သစ်ပင်ပန်းမန်များ အားလုံးကို တုန်ခါသွားစေလေသည်။
ကောင်းကင်ယံတွင်လည်း ကောင်းကင်နှင့်မြေကြီး ယွမ်ချီစွမ်းအင်များ၏ ဆွဲငင်မှုကြောင့် တိမ်မည်းကြီးများ စတင် စုဝေးလာပြီး အစွမ်းထက်သော မိစ္ဆာကြီး တစ်ပါး မွေးဖွားလာတော့မည့် အလားပင်။
အောက်ဘက် ချက်ကြိုးအောက်ရှိ ဒန်ထျန်း နယ်မြေ အတွင်း၌...
အမြုတေ က နတ်ဘုရား အလင်းရောင်များ ဖြာထွက်နေလေသည်။ မူလက ပုံရိပ်ယောင်အမြုတေ အဆင့်တွင် ရှိစဉ်က အမြုတေ မှာ ပုံရိပ်ယောင် သာ ဖြစ်ပြီး တစ်ခါတစ်ရံ ပုံရိပ်ယောင်၊ တစ်ခါတစ်ရံ အစစ်အမှန် ဖြစ်နေတတ်သော်လည်း ကျန်းချဲ့က စစ်မှန်သောအမြုတေ အဆင့်သို့ တက်လှမ်းလာသော အခါတွင်တော့ လုံးဝကို ခိုင်မာ သိပ်သည်း သွားခဲ့လေသည်။
အနည်းငယ်မျှသာ ခိုင်မာ သိပ်သည်း သွားသော်လည်း ၎င်းက စစ်မှန်သော အမြုတေ ပင် ဖြစ်နေဆဲပင်။
စစ်မှန်သောအမြုတေ ဆိုသည်မှာ အဘယ်နည်း။
အတုအယောင်များကို ဖယ်ရှားပြီး အစစ်အမှန်ကိုသာ ထားရှိခြင်း... ပုံရိပ်ယောင်မှနေ၍ အစစ်အမှန်သို့ ပြောင်းလဲခြင်းပင် ဖြစ်သည်။
၎င်းမှာ သိုင်းပညာရှင်တစ်ဦး၏ တစ်ကိုယ်လုံးရှိ စစ်မှန်သော ချီစွမ်းအင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ခွန်အားများအားလုံး၏ အခြေခံ အုတ်မြစ်ပင် ဖြစ်လေသည်။
ယခုအခါတွင်တော့ ၎င်းက အပြည့်အဝ အစစ်အမှန် အခြေအနေသို့ ပြောင်းလဲသွားခဲ့လေပြီ။ အမြုတေ က တွင်းနက်ကြီး တစ်ခုအလား ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူနိုင်စွမ်းကို ထုတ်လွှတ်ကာ စုဝေးလာသော ကောင်းကင်နှင့်မြေကြီး ယွမ်ချီစွမ်းအင်များ အားလုံးကို စုပ်ယူလိုက်လေသည်။
အားလုံးက အမြုတေ ပေါ်သို့ ခိုင်မာ သိပ်သည်းစွာ စုစည်းသွားကြလေသည်။
အကယ်၍ သာမန် ကျင့်ကြံသူ တစ်ဦးသာ ဤကဲ့သို့ ပြုလုပ်ဝံ့ပါက အမြုတေ ပေါက်ကွဲပြီး သေဆုံးရမည့် အဆုံးသတ်မျိုးသာ ရှိမည်ဖြစ်သော်လည်း ကျန်းချဲ့တွင်တော့ ကောင်းကင်ယဇ်ပလ္လင် ကျောက်တိုင် ရှိနေပြီး ယဇ်ပူဇော်စရာ ဝိညာဉ်ပစ္စည်းများစွာလည်း ရှိနေသဖြင့် သူ့ကို ဘေးကင်းလုံခြုံစေရန် အပြည့်အဝ ကာကွယ်ပေးထားနိုင်လေသည်။
ရိုင်းစိုင်းကြမ်းတမ်းလှသော ကောင်းကင်နှင့်မြေကြီး ယွမ်ချီစွမ်းအင်များက ရေကာတာကျိုးကျသွားသော ရေကြီးရေလျှံမှုကြီး တစ်ခုအလား... ကောင်းကင်ယံမှ နဂါးငွေ့တန်း ဂလက်ဆီကြီး တစ်ခုက ခန္ဓာကိုယ်အတွင်းသို့ ဖြတ်သန်းစီးဆင်းသွားသကဲ့သို့... ကျန်းချဲ့၏ အစွမ်းထက်သော ခန္ဓာကိုယ်ကို အဆက်မပြတ် ရိုက်ခတ် ဆေးကြောနေပြီး သွေးချီစွမ်းအင်များ စုဝေးလာလေသည်။
သွေးကြောများကလည်း အဆက်မပြတ် ပွတ်တိုက် ချောမွေ့လာလေသည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးက အချိန်တိုအတွင်း ရပ်တန့်သွားမည့်ပုံ လုံးဝ မပေါ်ချေ။
ကောင်းကင်နှင့်မြေကြီး ယွမ်ချီစွမ်းအင်များ စုဝေးလာမှုက ပိုမို ကြောက်မက်ဖွယ်ကောင်းလာပြီး အတိုင်းအတာကလည်း ပိုမို ကျယ်ပြန့်လာလေသည်။ ထိုအရာက ဆွဲဆောင်လာသော တိမ်မည်းများမှာလည်း ပိုမို များပြားလာပြီး ပေရာပေါင်းများစွာ ပတ်လည်အတွင်း တိမ်မည်းများဖြင့် ဖုံးလွှမ်းသွားလေသည်။
ယွမ်ချီစွမ်းအင်များ လှိမ့်ဝင်လာမှုက ကောင်းကင်ဘုံ အမျက်ထွက်နေသည့်အလား ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေလေသည်။
ကျန်းချဲ့က သွားကို တင်းတင်းကြိတ်ကာ ယွမ်ချီစွမ်းအင်များ ဝင်ရောက်လာမှုကို အတင်းအကျပ် တောင့်ခံထားပြီး အမြုတေ က ပိုမို ခိုင်မာ သိပ်သည်း လာသည်ကို ခံစားနေရလေသည်။ ယခုအချိန်တွင် သူ၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိတော့သည်။ ၎င်းမှာ တောင့်ခံထားရန်၊ အစွမ်းကုန် ကြိုးစားရန် ပင် ဖြစ်လေသည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ကျန်းချဲ့၏ ကိုယ်ပေါ်ရှိ သွေးကြောစိမ်းများလည်း တဖြည်းဖြည်း ထင်ရှားလာလေသည်။
ထို့နောက် နဂါးအကြေးခွံများကဲ့သို့သော လျှို့ဝှက်ဆန်းကြယ်သည့် အမှတ်အသားများက ကျန်းချဲ့၏ ခန္ဓာကိုယ်ပေါ်သို့ စတင် တွယ်တက်လာလေသည်။ လက်မောင်းများ၊ ခြေလက်များ နှင့် လည်ပင်းတို့တွင် အချိန်တိုအတွင်းမှာပင် နဂါးအမှတ်အသားများ ဖုံးလွှမ်းသွားလေသည်။
လျှို့ဝှက်ဆန်းကြယ်ပြီး မိစ္ဆာဆန်သော ပုံပေါက်နေလေသည်။
ထောင်ထနေသော သွေးကြောစိမ်းများကလည်း ယခုအခါ နဂါးကြောများကဲ့သို့ ဖြစ်နေပြီး ခွန်အားများ ပြည့်နှက်နေသည့် အလှတရား တစ်ခု ဖြစ်ပေါ်နေလေသည်။
ယွမ်ချီစွမ်းအင်များ ဝင်ရောက်မှုက ဆက်လက် ဖြစ်ပွားနေပြီး စုပ်ယူမှုကလည်း ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်ကာ ပိုမို ကြမ်းတမ်းလာလေသည်။ သူ၏ တစ်ကိုယ်လုံးရှိ သွေးချီစွမ်းအင်များမှာ ဤအချိန်တွင် ဆူပွက် လှုပ်ရှားနေပြီး ရင်ဘတ်နှင့် ဝမ်းဗိုက်ကြားတွင် ဖောင်းကြွလာချိန်၌ နဂါးဟိန်းဟောက်သံများ သဲ့သဲ့မျှ ထွက်ပေါ်နေလေသည်။
ခပ်ရေးရေးမျှ ထွက်ပေါ်နေသော နဂါးအရှိန်အဝါ တစ်ခုက နဂါးအမှတ်အသားများ တွယ်တက်လာမှုနှင့်အတူ အရပ်မျက်နှာ အနှံ့အပြားသို့ စတင် ပျံ့နှံ့သွားလေသည်။
ကျန်းချဲ့က လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ထားရာ နဂါးအမှတ်အသားများ ပိုမို ထင်ရှားလာလေသည်။ ယခုအခါတွင် ကျန်းချဲ့က အမှန်တကယ်ပင် အကြေးခွံများ ထွက်ပေါ်လာသည့်အလား... သူ တိုးတက်လာသည်မှာ ကျင့်ကြံမှုသာမက ခန္ဓာကိုယ်လည်း ပါဝင်လေသည်။
ယခုမှသာ ကျန်းချဲ့ နားလည်သွားခဲ့လေသည်။ ယခုတစ်ကြိမ် ယဇ်ပူဇော်ရန် လိုအပ်သော ပစ္စည်းများက အဘယ်ကြောင့် ဤမျှလောက် ခက်ခဲရသနည်း ဆိုသည်ကို။
မူလက ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် ကြီး အောင်မြင်သွားခြင်းက သူ၏ ခန္ဓာကိုယ်ကိုလည်း တိုးတက်ကောင်းမွန်လာစေပြီး သူ၏ ခန္ဓာကိုယ်ကို အမည်မသိ ဦးတည်ချက် တစ်ခုဆီသို့ တဖြည်းဖြည်း ပြောင်းလဲသွားစေခြင်း ပင် ဖြစ်သည်။ သေချာသည်ကတော့ ကောင်းမွန်သော ဦးတည်ချက်ဆီသို့ပင် ဖြစ်လေသည်။
သွေးကြောများက ယွမ်ချီစွမ်းအင်များ၏ ရိုက်ခတ်ဆေးကြောမှုအောက်တွင် ပိုမို ခိုင်ခံ့လာပြီး သွေးချီစွမ်းအင်များက ယွမ်ချီစွမ်းအင်များ၏ ရိုက်ခတ်ဆေးကြောမှုအောက်တွင် ပိုမို ဖောင်းပွလာလေသည်။ တစ်ကိုယ်လုံးရှိ သွေးကြောအမှတ်များက ယွမ်ချီစွမ်းအင်များ၏ ရိုက်ခတ်ဆေးကြောမှုအောက်တွင် အဆက်မပြတ် ပြောင်းလဲမှုများ ဖြစ်ပေါ်နေလေသည်။
ကြွက်သားများက နဂါးကြောများဆီသို့ ပိုမို ပြောင်းလဲလာပြီး ရင်ဘတ်နှင့် ဝမ်းဗိုက်ကြားရှိ နဂါးဟိန်းဟောက်သံများကလည်း ပိုမို ကြောက်မက်ဖွယ်ကောင်းလာကာ ဟိန်းဟောက်လိုက်ချိန်တွင် ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်များနှင့် ကျောက်တုံးများကိုပင် အမှုန့်ဖြစ်သွားအောင် တုန်ခါသွားစေလေသည်။
တစ်ချိန်တည်းမှာပင် ကျန်းချဲ့က ယွမ်ချီစွမ်းအင်များကို ရူးသွပ်စွာ စုပ်ယူနေစဉ် ကျန်းချဲ့၏ ဒန်ထျန်း အတွင်းရှိ အမြုတေ ကလည်း ပိုမို၍ ပုံရိပ်ယောင်မှ အစစ်အမှန်သို့ ပြောင်းလဲလာပြီး တစ်ကိုယ်လုံး၏ အရှိန်အဝါကလည်း အဆင့်ဆင့် မြင့်တက်လာလေသည်။
ကျင့်ကြံရာတွင် အချိန်ကုန်ဆုံးမှန်း မသိရသလို အဆင့်တက်လှမ်းရာတွင်လည်း ကျန်းချဲ့ကို အချိန်ကုန်ဆုံးသွားခြင်းကို လုံးဝ မေ့လျော့သွားစေလေသည်။ အချိန်မည်မျှ ကြာသွားသည်ကို အဆင့်တက်လှမ်းနေသော ကျန်းချဲ့ လုံးဝ ဂရုမစိုက်နိုင်ခဲ့ပေ။ ဆယ့်ငါးမိနစ် ကြာသွားသလား၊ ဒါမှမဟုတ် နှစ်နာရီ ကြာသွားသလား ဆိုသည်ကို ပင်။
ယခုအခါတွင်တော့ အဆင့်တက်လှမ်းခြင်း ပြီးဆုံးသွားခဲ့လေပြီ။
တိမ်မည်းများ လွင့်စင်ပျောက်ကွယ်သွားပြီး ကောင်းကင်နှင့်မြေကြီးက ပြန်လည် လင်းလက်လာလေသည်။
လေဆင်နှာမောင်းကြီး ပျက်စီးသွားပြီး ယွမ်ချီစွမ်းအင်များက ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားကာ စောစောက ကြောက်မက်ဖွယ်ကောင်းသော ယွမ်ချီ လေဆင်နှာမောင်းကြီးမှာလည်း မည်သည့်အချိန်က ပျောက်ကွယ်သွားမှန်းမသိ ပျောက်ကွယ်သွားခဲ့လေပြီ။
လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ကျန်းချဲ့က စိတ်ကို တည်ငြိမ်အောင် ထားလိုက်လေသည်။ ဤအချိန်တွင် တစ်ကိုယ်လုံး အလွန် သက်သောင့်သက်သာ ဖြစ်နေပြီး ရေပူစမ်းထဲတွင် အချိန်အတော်ကြာ စိမ်ထားရသကဲ့သို့ ခံစားနေရလေသည်။ တစ်ကိုယ်လုံးရှိ ချွေးပေါက်များအားလုံး ပွင့်နေပြီဖြစ်သည်။
ဝင်သက်ထွက်သက် တစ်ချက်အတွင်းမှာပင် နတ်ဝိညာဉ်များ အလွန် ကြည်လင်နေလေသည်။
အရေးအကြီးဆုံးအချက်မှာ သူ အတွင်းဘက်သို့ ကြည့်ရှုလိုက်သောအခါ ဒန်ထျန်း အတွင်းရှိ အမြုတေ မှာ လုံးဝ အစစ်အမှန် ဖြစ်သွားပြီဖြစ်ပြီး တကယ့် အစစ်အမှန် အရာဝတ္ထုတစ်ခု ဖြစ်နေကြောင်း တွေ့ရှိရလေသည်။ ဤသည်မှာ သူ...
ယဇ်ပူဇော်ပြီးနောက် စစ်မှန်သောအမြုတေ အထွတ်အထိပ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဆိုလိုခြင်းပင် ဖြစ်လေသည်။
ရွှမ်တန်အဆင့် ၏ နောက်ဆုံးအဆင့် ဖြစ်သော ရွှေအမြုတေ အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့လေသည်။
သေချာသည်ကတော့ ထိုခြေတစ်လှမ်းက ရွှမ်တန်အဆင့် သိုင်းသခင် မည်မျှကို ပိတ်လှောင်ထားခဲ့မှန်းမသိကြောင်း ကျန်းချဲ့ သိထားလေသည်။ ရွှေရောင်လက္ခဏာ တစ်စွန်းတစ်စ ရရှိရန် နှင့် ရွှေအမြုတေ ကို တည်ဆောက်နိုင်ရန် အတွက် သိုင်းသခင် မည်မျှ ကြိုးစားပမ်းစား ကျင့်ကြံနေကြမှန်း မသိပေ။
သို့သော် ၎င်းမှာ အခြားသူများအတွက်သာ ဖြစ်လေသည်။
သူ့အတွက်မူ ယဇ်ပူဇော်စရာ ပစ္စည်းများ ပြည့်စုံသရွေ့ ရွှေအမြုတေ အဆင့်ဆိုသည်မှာ မျက်တောင်တစ်ခတ်အတွင်းသာ ဖြစ်လေသည်။
မျက်လုံးများကို မှိတ်လိုက်ပြီး ကျန်းချဲ့က သူ၏ နတ်အာရုံကို ဖြန့်ကြက်လိုက်လေသည်။ ယခင်က ပေသုံးရာကျော်ခန့်သာ ရှိခဲ့ရာမှ ယခုအခါ ကျန်းချဲ့၏ နတ်အာရုံက ထပ်မံ၍ အဆမတန် တိုးလာပြီး ပေငါးရာခန့် အထိ လွှမ်းခြုံနိုင်သွားပြီ ဖြစ်လေသည်။
ပေငါးရာ ဆိုသည်မှာ ဘယ်လို အတိုင်းအတာမျိုးလဲ။
မီတာ တစ်ထောင့်ငါးရာခန့် အထိ ရှိလေသည်။
တောင်ကုန်းလေး တစ်ခုကို ဖုံးလွှမ်းနိုင်စွမ်း ရှိပြီး မီတာ တစ်ထောင့်ငါးရာ အတွင်း နတ်အာရုံ ရောက်ရှိသည်နှင့် အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ သိရှိနိုင်ကာ ကိုယ်ခန္ဓာ နေရာရွှေ့ပြောင်းခြင်းကလည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖြစ်လေရာ စွမ်းအားများ အလွန် ကြီးမားလာသည်ဟု ဆိုနိုင်ပေသည်။
"ဝုန်း..."
"ဂါး..."
ညာဘက်လက်မောင်းကို မြှောက်ကာ ကျန်းချဲ့က အားကုန်ရုန်း၍ လက်သီးတစ်ချက် ထိုးချလိုက်ရာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ကိုယ်တွင်းအင်္ဂါများ တုန်ခါသွားပြီး နဂါးဟိန်းဟောက်သံများ ထွက်ပေါ်လာကာ တစ်ကိုယ်လုံးရှိ သွေးချီစွမ်းအင်များလည်း အဆက်မပြတ် ဆူပွက်လှုပ်ရှားလာလေသည်။ အဆုံးအစမရှိသော ခွန်အားများ ကိန်းအောင်းနေသည့်အလား ပင်။
လက်သီးတစ်ချက် ထွက်ပေါ်လာချိန်တွင် လေဟာနယ် ကြီး တုန်ခါသွားပြီး အစွမ်းထက်သော လက်သီးစွမ်းအင်က ပေရာပေါင်းများစွာ အထိ တိုက်ရိုက် ထိုးနှက်သွားပြီးမှ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ လေဟာနယ် တစ်ခုလုံးကိုပင် အပေါက်ကြီး တစ်ခု ဖြစ်သွားအောင် ထိုးနှက်နိုင်ခဲ့လေသည်။
ဤသည်မှာ ဘာမှမဟုတ်သလို ထင်ရပြီး နဂါးပုံစံ ချီစွမ်းအင်များ စုဝေးလာခြင်းပင် မရှိသော်လည်း ဤလက်သီးတစ်ချက်တွင် ကျန်းချဲ့က အမြုတေ ၏ စွမ်းအားကို လုံးဝ အသုံးမပြုဘဲ ရုပ်ခန္ဓာ၏ ခွန်အား သက်သက်ကိုသာ အသုံးပြုထားကြောင်း သိထားရမည် ဖြစ်သည်။
အကယ်၍ အမြုတေ ၏ စွမ်းအားကိုပါ ပေါင်းစပ်လိုက်မည် ဆိုပါက ဤလက်သီးတစ်ချက်၏ အစွမ်းထက်သော ခွန်အားကို စဉ်းစားကြည့်၍ ရနိုင်လေသည်။
သူ၏ တစ်ကိုယ်လုံးရှိ သွေးချီစွမ်းအင်များက မီးဖိုကြီးတစ်ခုအလား ဖြစ်နေပြီး သူ တစ်ကိုယ်လုံးက မိစ္ဆာကောင်ကြီး တစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ် ကောင်းနေသည်ဟု ပင် ခံစားနေရလေသည်။
ထို့အပြင် လက်သီး ထိုးချလိုက်သည့် အချိန်တွင် ကျန်းချဲ့က သူ၏ ကိုယ်ခန္ဓာတွင် အပြောင်းအလဲ အနည်းငယ် ရှိလာသည်ကို ထပ်မံ သတိထားမိလိုက်လေသည်။
ယခင်က သူ၏ ကိုယ်ပေါ်တွင် နဂါးအကြေးခွံများကဲ့သို့သော အမှတ်အသားများသာ ပေါ်ထွက်လာခဲ့သော်လည်း ယခုအခါ အင်္ကျီကို ဆွဲဖြဲကြည့်လိုက်သောအခါ... သွေးချီစွမ်းအင်များ ဆူပွက်လာချိန်တွင် သူ၏ ကိုယ်ပေါ်၌ အစစ်အမှန် နဂါးအမှတ်အသား တစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။
နဂါးအကြေးခွံ၊ နဂါးခေါင်း၊ နဂါးနှုတ်ခမ်းမွှေး... အားလုံးက အသက်ဝင်နေလေသည်။
သူ အမှန်တကယ်ပင် အစစ်အမှန် နဂါးတစ်ကောင်ကို ကျောပိုးထားသည့်အလား ပင်။
ဤသည်က သူ၏ ကိုယ်ပေါ်ရှိ နဂါးအရှိန်အဝါကို ပိုမို အားကောင်းလာစေခဲ့လေသည်။
အတွေးများ ထပ်မံ ဖြန့်ကြက်ကြည့်လိုက်ရာ တစ်နေ့နေ့တွင် သူ အစစ်အမှန် နဂါးတစ်ကောင်ကို အမှန်တကယ် ဖန်တီးနိုင်မည်လား။
ထိုသို့ တွေးလိုက်ပြီးနောက် ကျန်းချဲ့က အမြုတေ ၏ စွမ်းအားကို ထပ်မံ အသုံးပြုကာ နဂါးပုံစံ ချီစွမ်းအင် တစ်ခုကို ဖန်တီးလိုက်လေသည်။ ယခင်နှင့် နှိုင်းယှဉ်ပါက နဂါးပုံစံ ချီစွမ်းအင်၏ မျက်ဝန်းများထဲရှိ နတ်ဘုရား အလင်းရောင်များက ပိုမို အားကောင်းလာခဲ့လေသည်။
ကိုယ်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော နဂါးအမှတ်အသားကို ခံစားရင်း ကျန်းချဲ့ တစ်ယောက် နက်နက်ရှိုင်းရှိုင်း တွေးတောနေမိလေသည်။
ဒီ ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် က သူ့ကို အမှန်တကယ်ပဲ နဂါးတစ်ကောင် အဖြစ် ပြောင်းလဲသွားစေမှာများလား။
---
ယွင်ပြည်နယ်၊ မြောက်လင် ဒေသ။
ဒီနေ့၊ ချီမိသားစု၏ လျှို့ဝှက်အခန်း တစ်ခု၏ အပေါ် ကောင်းကင်ယံ တွင် ကောင်းကင်နှင့်မြေကြီး ယွမ်ချီစွမ်းအင်များ လှိမ့်ဝင်လာပြီး နဂါးကြီး တစ်ကောင်အလား ဦးတည်ရာ တစ်ခုဆီသို့ အဆက်မပြတ် စုဝေးလာကြလေရာ ဖြစ်ပေါ်လာသော မြင်ကွင်းက လူများကို ထိတ်လန့်သွားစေလေသည်။
လျှို့ဝှက်အခန်း အပြင်ဘက်တွင် ချီမိသားစု ခေါင်းဆောင် ချီကျန်းနန် က လက်ကိုနောက်ပစ်ကာ ရပ်နေပြီး မျက်နှာတွင် အနည်းငယ် စိုးရိမ်ပူပန်နေသော အရိပ်အယောင်များ ပေါ်လွင်နေလေသည်။
အမြုတေ တည်ဆောက်ခြင်းသာ ဖြစ်သော်လည်း သူ့ကို အနည်းငယ် စိုးရိမ်နေစေသေးသည်။
ထိုသို့ ဖြစ်ရခြင်း၏ အကြောင်းရင်းများ အားလုံးမှာ လျှို့ဝှက်အခန်းထဲတွင် အဆင့်တက်လှမ်းနေသူမှာ သူ၏ သမီးကြီး ချီဝမ်ကျင်း ဖြစ်နေသောကြောင့်ပင်။
နှစ်လကြာ တံခါးပိတ် ကျင့်ကြံပြီးနောက် ယနေ့က နောက်ဆုံး အဆုံးအဖြတ်ပေးမည့် အချိန်ပင် ဖြစ်လေသည်။
ချီဝမ်ကျင်း အမြုတေ တည်ဆောက်ရန် ကျရှုံးသွားခဲ့လျှင်တောင်မှ သူက သူမ၏ အခြေခံကို မထိခိုက်စေရန် ကာကွယ်ပေးနိုင်စွမ်း ရှိသော်လည်း အမြုတေ တည်ဆောက်ခြင်းက အဆင့်တစ်ခု ဖြစ်ရာ ဝမ်ကျင်း ကို အန္တရာယ်ကင်းကင်း ဖြတ်ကျော်စေချင်သေးသည်။
"ဝမ်ကျင်းရဲ့ ပါရမီက မဆိုးပါဘူး... ထိပ်တန်းဂိုဏ်းကြီးတွေမှာဆိုရင်တောင် ထိပ်တန်းအဆင့် ပါရမီမျိုးပါ... မိသားစုခေါင်းဆောင် စိတ်ပူစရာ မလိုပါဘူး"
မည်သည့်အချိန်က ရောက်လာမှန်းမသိသော ချီမိသားစု၏ အကြီးအကဲချုပ် က ချီကျန်းနန်၏ ဘေးတွင် ရပ်ကာ နှစ်သိမ့်ပေးလိုက်လေသည်။
"ဝမ်ကျင်း အပေါ် ကျုပ် ယုံကြည်မှု ရှိပါတယ်"
ချီကျန်းနန် က ခေါင်းညိတ်လိုက်လေသည်။
"ကျန်းချဲ့ ဘက်က သတင်းပြန်ပို့လာတယ်... မင်္ဂလာရက်ကို စောစောလုပ်ဖို့ သဘောတူတယ်တဲ့... ဒီကောင်လေးက ဉာဏ်ကောင်းတဲ့သူ တစ်ယောက်ပဲ"
အကြီးအကဲချုပ် ချီထျန်းကျုံး က တုတ်ကောက်ကို ကိုင်ကာ ကျန်းချဲ့ကို ဖော်ပြရာတွင် သူ၏ မျက်ဝန်းများထဲ၌ အထင်ကြီးလေးစားမှုများ ပြည့်နှက်နေလေသည်။
အထင်မကြီးဘဲ မနေနိုင်ပေ... ထိုကဲ့သို့သော ပါရမီမျိုးက ချီမိသားစု တစ်ခုလုံးတွင် ပြိုင်ဘက်ကင်း ဖြစ်လေသည်။
ယခု ဖော်ပြနေသော ပါရမီအရဆိုလျှင် အလားအလာက အလွန် ကြီးမားလှပေသည်။
သူကလည်း ကျန်းချဲ့ အပေါ် အများကြီး မျှော်လင့်ချက် ထားထားလေသည်။
"လက်ထပ်ပြီးသွားရင်တော့ လုံးဝ တစ်သားတည်း ဖြစ်သွားပြီလို့ သတ်မှတ်လို့ ရပြီ... အဲ့ဒီကောင်လေး နည်းနည်းလောက် ငြိမ်ငြိမ်နေဖို့ပဲ မျှော်လင့်ပါတယ်... အချိန်ဘယ်လောက်မှ မကြာသေးဘူး... အင်အားစုတွေ အများကြီးကို ရန်သွားစပြီးပြီ... တကယ်ကို သာမန်လူ တစ်ယောက်တော့ မဟုတ်ဘူး"
"လူငယ်တွေဆိုတာကတော့... နည်းနည်း သွေးဆူတတ်ကြတာပဲလေ"
"အဲ့ဒါလည်း ဟုတ်တာပါပဲ"
ချီကျန်းနန် က စဉ်းစားကြည့်ပြီးနောက် ထိုအချက်ကို သဘောတူလိုက်လေသည်။ သူ ငယ်ရွယ်စဉ် အချိန်ကလည်း ထိုကဲ့သို့ပင် မောက်မာဝင့်ကြွားခဲ့ပြီး အခွင့်အရေး တစ်ခုကို အသုံးချကာ လင်း မိသားစု၏ ထိုခေတ်က သခင်လေး တစ်ယောက်၏ အခြေခံကိုပင် လူအများရှေ့၌ ဖျက်ဆီးပစ်ခဲ့ဖူးလေသည်။
ထိုအကြောင်းကြောင့်ပင် ချီမိသားစု နှင့် လင်း မိသားစု တို့၏ ရန်ငြိုးက ပိုမို နက်ရှိုင်းလာခဲ့ရခြင်း ဖြစ်လေသည်။
လျှို့ဝှက်အခန်းထဲတွင် ချီဝမ်ကျင်း က ရုတ်တရက် ခေါင်းကို မော့ကာ ပါးစပ်ဟ၍ တစ်ချက် ရှူသွင်းလိုက်ရာ လေဟာနယ်ထဲရှိ ကြောက်မက်ဖွယ်ကောင်းသော ယွမ်ချီ လေဆင်နှာမောင်း ကြီးကို မျက်တောင်တစ်ခတ် အတွင်းမှာပင် တစ်စက်မကျန် စုပ်ယူသွားပြီး ဒန်ထျန်း အတွင်း၌ ပုံရိပ်ယောင် အမြုတေ တစ်ခု ဖြည်းညင်းစွာ ပေါ်ထွက်လာလေသည်။
အမြုတေ ၏ အပြင်ဘက်တွင်တော့ ထူထပ်သော လင်းချီစွမ်းအင်များက ရစ်ပတ်ထားလေသည်။
၎င်းမှာ သူမ၏ ကိုယ်ပေါ်ရှိ ဝိညာဉ်ခန္ဓာကိုယ် မှ ပြောင်းလဲလာသော ဝိညာဉ်စွမ်းအင်များ ဖြစ်ပြီး ရွှမ်တန်အဆင့် သို့ တက်လှမ်းရန် အခွင့်အရေး ရရှိချိန်တွင် ပိုမို ခိုင်မာ သိပ်သည်း လာခဲ့လေသည်။ ဤ ဝိညာဉ်စွမ်းအင်များက သိုင်းပညာရှင်များ အတွက် အလွန် ကြီးမားသော အကျိုးကျေးဇူးများ ရှိရုံသာမက ညီမလေး ၏ ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်များ နှင့်လည်း ပေါင်းစပ်နိုင်လေသည်။
သေချာသည်ကတော့ အကယ်၍ သူမ ကိုယ်တိုင် ပြန်လည် စုပ်ယူမည် ဆိုလျှင်လည်း အလွန် ကြီးမားသော အကျိုးကျေးဇူးများ ရရှိနိုင်လေသည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ချီဝမ်ကျင်း က ကျင့်ကြံမှုကို တည်ငြိမ်အောင် လုပ်ဆောင်လိုက်ပြီးနောက် လျှို့ဝှက်အခန်း၏ တံခါးကို ဖြည်းညင်းစွာ ဖွင့်လိုက်လေသည်။ နေရောင်ခြည် တစ်ကွက်က ကိုယ်ပေါ်သို့ ကျရောက်လာချိန်တွင် သူမကို ပိုမို ထင်ပေါ်လာစေပြီး နတ်ဘုရားမ တစ်ပါးအလား လှပလွန်းလှပေသည်။
"ကောင်းတယ်... အမြုတေ တည်ဆောက်နိုင်သွားပြီ... အခြေခံလည်း ခိုင်မာတယ်"
အကြီးအကဲချုပ် က သူ၏ မုတ်ဆိတ်မွေး များကို ပွတ်သပ်ရင်း ချီဝမ်ကျင်း ၏ ယခု အခြေအနေကို အလွန် ကျေနပ်နေလေသည်။ ချီမိသားစု၏ အရင်းအမြစ်များ ပံ့ပိုးမှုဖြင့် နှစ်အနည်းငယ် အတွင်း ချီဝမ်ကျင်း က ပုံရိပ်ယောင် မှ အစစ်အမှန် သို့ ပြောင်းလဲနိုင်ပြီး စစ်မှန်သော အမြုတေ အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်လေသည်။
နှမြောစရာ ကောင်းသည်မှာ ဤမျှ ထူးချွန်သော မိသားစုဝင် တစ်ယောက်က နောက်ဆုံးတွင်တော့ အိမ်ထောင်ကျသွားရမည် ပင်။
"အရမ်းကောင်းတယ်... ဝမ်ကျင်း... သမီး ကျင့်ကြံလာတာ နှစ်ဆယ့်ခုနစ်နှစ် ရှိပြီ... နောက်ဆုံးတော့ ဒီအဆင့်ကို ရောက်လာပြီပေါ့... ဖေဖေ့ရဲ့ မျှော်လင့်ချက်တွေ အလကား မဖြစ်ခဲ့ပါဘူး"
ချီကျန်းနန် လည်း အလွန် ကျေနပ်နေပြီး မျက်နှာပေါ်တွင် အပြုံးများ အပြည့် ရှိနေလေသည်။
"ဖေဖေ နဲ့ အကြီးအကဲချုပ် ကို ကျေးဇူးတင်ပါတယ်"
ချီဝမ်ကျင်း က ဦးညွှတ် အရိုအသေ ပေးလိုက်လေသည်။
"အရင်ဆုံး ပြန်ပြီး ရက်အနည်းငယ်လောက် အနားယူလိုက်ပါဦး... ကျင့်ကြံမှု အခြေတကျ ဖြစ်သွားပြီဆိုရင် ထျန်းနန် ကို သွားလိုက်ပါ... သမီး တံခါးပိတ် ကျင့်ကြံနေတုန်း... သမီးရဲ့ စေ့စပ်ထားတဲ့သူက အစွမ်းတွေ ပြပြီး ယွဲ့ပြည်နယ် တစ်ခုလုံးမှာ နာမည်ကြီးနေပြီ... မိသားစုက ဆွေးနွေးပြီးတော့ မင်္ဂလာရက်ကို စောစောလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်... ဒီလ အနည်းငယ် အတွင်းမှာပဲ ဖြစ်မယ် ထင်တယ်... သမီး ကြိုတင် ပြင်ဆင်ထားပါ"
အကြီးအကဲချုပ် က ရုတ်တရက် ပြောလိုက်လေသည်။
"မင်္ဂလာရက်ကို စောစောလုပ်မယ်"
ထိုစကားကို ကြားသောအခါ ချီဝမ်ကျင်း က ပါးစပ် အနည်းငယ် ဟသွားပြီး တုံ့ဆိုင်းသွားလေသည်။
"ဘာဖြစ်လို့လဲ... သမီးမှာ စိတ်ညစ်စရာ ရှိလို့လား"
ချီကျန်းနန် ၏ မျက်မှောင်များ အနည်းငယ် ကျုံ့သွားလေသည်။
"မရှိပါဘူး... သမီး တခြား ကိစ္စတစ်ခုကို စဉ်းစားမိသွားလို့ပါ"
ချီဝမ်ကျင်း က ခေါင်းယမ်းလိုက်လေသည်။
"ဒါက ကျန်းချဲ့ သမီးကို ရေးထားတဲ့ စာပဲ... ယူသွားပြီး ဖတ်ကြည့်လိုက်ပါဦး"
ချီကျန်းနန် က ဆက်မမေးတော့ဘဲ စာကို ချီဝမ်ကျင်း ထံသို့ ပေးအပ်လိုက်ပြီးနောက် ထပ်မံ၍ အနည်းငယ် မှာကြားပြီးနောက် ထွက်ခွာသွားလေသည်။
'ဝမ်ကျင်း... စာကိုမြင်တာနဲ့ လူကိုမြင်သလို သဘောထားပါ... အရင်တစ်ခေါက် ခွဲခွာခဲ့တာ တစ်လကျော် ရှိသွားပြီ... ဒီရက်ပိုင်းတွေမှာ ကိုယ်...'
ပန်းခြံထဲတွင် ချီဝမ်ကျင်း က စာထဲရှိ အကြောင်းအရာများကို စကားလုံး တစ်လုံးချင်းစီ ဖတ်ရှုနေပြီး မျက်ဝန်းများထဲတွင် ဝေဝါးမှုများနှင့် တုံ့ဆိုင်းမှုများ ပြည့်နှက်နေလေသည်။
စာကို ချထားလိုက်ပြီး လေပူတစ်ချက်ကို ရှည်လျားစွာ မှုတ်ထုတ်လိုက်လေသည်။
တကယ်တော့ ယခုလေးတင် ဖခင် နှင့် အကြီးအကဲချုပ် တို့ ပြောခဲ့သော မင်္ဂလာရက် ကို စောစောလုပ်မည့် ကိစ္စ နှင့် ပတ်သက်၍ သူမ အမှန်တကယ်ပင် တုံ့ဆိုင်းနေခဲ့လေသည်။ တုံ့ဆိုင်းနေရခြင်း၏ အကြောင်းရင်းမှာ သူမက စေ့စပ်ပွဲကို ဖျက်သိမ်းချင်နေသောကြောင့်ပင် ဖြစ်လေသည်။
အခြေခံ အကြောင်းရင်း မှာတော့ ကျန်းချဲ့ နှင့် ချီနင်ပင်း တို့ အပေါ်တွင် မူတည်နေလေသည်။
အရင်တစ်ခေါက် ခွဲခွာခဲ့စဉ်က သူမ က အချစ်ရေး နှင့် ပတ်သက်၍ အနည်းငယ် ထုံထိုင်းသော်လည်း နင်ပင်း နှင့် ကျန်းချဲ့ တို့ ကြားရှိ ထူးခြားသော ခံစားချက်များကို ရိပ်မိခဲ့လေသည်။ သို့သော် ထိုအချိန်က သူမ က ဘာမှ ထုတ်ဖော် မပြောခဲ့ပေ။
ညီမလေး က မနည်း စေ့စပ်ပွဲကို ဖျက်သိမ်းနိုင်ခဲ့သည် ဖြစ်ရာ သူမ က ဘယ်လိုလုပ်ပြီး သံသယ ဝင်ကြောင်း ထုတ်ပြောရက်မည်နည်း။
ထို့အပြင် ဤ တံခါးပိတ် ကျင့်ကြံနေသော နှစ်လ အတွင်း သူမ က စိတ်နှလုံး နှောင့်ယှက်မှု အချို့ကို ခံစားခဲ့ရပြီး နောက်ဆုံးတွင်တော့ သူမ၏ ခိုင်မာသော တာအိုနှလုံးသား ဖြင့် ချေမှုန်းနိုင်ခဲ့လေသည်။ ထိုအချိန်က သူမ စဉ်းစားမိသည်မှာ အကယ်၍ ညီမလေး နှင့် ကျန်းချဲ့ တို့ တကယ်ပဲ ချစ်ကြိုက်နေကြသည် ဆိုပါက... သူမ အနေဖြင့် နောက်တစ်လှမ်းဆုတ် ကာ သူတို့ နှစ်ဦးကို သဘောတူပေးမည် ဟုပင် ဖြစ်လေသည်။
သို့သော် သူမ ထိုစကားကို မပြောရသေးမီ မှာပင် ဖခင်ဖြစ်သူ က မင်္ဂလာရက် ကို ကြိုတင် သတ်မှတ်လိုက်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
အကြီးအကဲချုပ် နှင့် ဖခင်ဖြစ်သူ ၏ မျှော်လင့်ချက်များကို ကြည့်ရင်း သူမ ချက်ချင်း ဘာပြောရမှန်း မသိအောင် ဖြစ်သွားခဲ့လေသည်။
တုံ့ဆိုင်းမှုများ အတွင်းသို့ နစ်မြောသွားခဲ့လေသည်။
စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်မည် ဆိုပါက မိသားစု က စိတ်ပျက်သွားမည် ဖြစ်ပြီး သူမ အနေဖြင့် ကျန်းချဲ့ ဆိုသော ခင်ပွန်းလောင်း အပေါ်တွင်လည်း ကျေနပ်မှု ရှိလေသည်။ သို့သော် မဖျက်သိမ်းဘူး ဆိုပါက... နင်ပင်း နှင့် ကျန်းချဲ့ တို့ တကယ်ပဲ ပတ်သက်မှု ရှိနေမည် ဆိုလျှင် သူမ အနေဖြင့် ဘယ်လို နေရမည်နည်း။
ညီအစ်မ နှစ်ယောက်က လင်ယောကျ်ား တစ်ယောက်တည်းကို အတူတူ ယူရမယ်လို့တော့ မပြောနဲ့လေ။
သူမ... ချီဝမ်ကျင်း က တစ်သက်လုံး မာနကြီးလာခဲ့သူ ဖြစ်ရာ ထိုကဲ့သို့သော ကိစ္စမျိုးကို လုံးဝ လက်ခံမည် မဟုတ်ချေ။
လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး အချိန်အတော်ကြာ စဉ်းစားပြီးနောက် ချီဝမ်ကျင်း လည်း ထျန်းနန်မြို့ သို့ တစ်ခေါက် သွားရောက်ရန် ဆုံးဖြတ်လိုက်လေသည်။ အကယ်၍ နင်ပင်း နှင့် ကျန်းချဲ့ တို့ ကြားတွင် ဘာမှ မရှိဘူးဆိုပါက သူမ က မင်္ဂလာပွဲ ကို လက်ခံမည် ဖြစ်ပြီး အကယ်၍ သူတို့ နှစ်ယောက် ကြားတွင် တစ်ခုခု ရှိနေမည် ဆိုပါက...
သူမ က နုတ်ထွက်ပေးမည် ဖြစ်လေသည်။
မည်သို့ပင်ဆိုစေ မိသားစု က လိုချင်သည်မှာ ကျန်းချဲ့ ဆိုသော သမက် ကိုသာ ဖြစ်ရာ... သူမ ကပဲ လက်ထပ်သည် ဖြစ်စေ၊ နင်ပင်း ကပဲ လက်ထပ်သည် ဖြစ်စေ... အတူတူပင် ဖြစ်လေသည်။
ဒါပေမဲ့... ဘာလို့ ဒီအကြောင်းကို တွေးမိရင် ရင်ထဲမှာ တစ်ခုခု နာကျင်နေသလို ခံစားရတာလဲ။
ထျန်းနန်မြို့၊ မြို့စားအိမ်တော်။
ယခုလေးတင် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာပြီး ကျင့်ကြံမှုကို ရှန်ကွမ်းအဆင့် ၏ အထွတ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့သော ချီနင်ပင်း မှာ ရုတ်တရက် အကြောင်းပြချက် မရှိဘဲ ရင်ထဲတွင် တုန်လှုပ်သွားပြီး အန္တရာယ် တစ်ခု နီးကပ်လာသကဲ့သို့ ခံစားလိုက်ရလေသည်။ သို့သော် သူမက မျက်မှောင်ကျုံ့ကာ အချိန်အတော်ကြာ စဉ်းစားကြည့်သော်လည်း အန္တရာယ်၏ အရင်းအမြစ်ကို လုံးဝ စဉ်းစား၍ မရခဲ့ပေ။