← Chapters

အခန်း ၂၆၇

Vol. 27 Ch. 267

အခန်း ၂၆၇

Vol. 27 Ch. 267

အခန်း (၂၆၇) ယဇ်ပူဇော်ခြင်း... ရွှေအမြုတေ အဆင့်

"လက်အောက်ငယ်သား ကောင်းချီနျန်... တပ်မှူးကြီးကို ဂါရဝပြုပါတယ်"

မြို့စောင့်တပ်မှူး အိမ်တော်၏ ဧည့်ခန်းမဆောင် အတွင်း၌ ဒဏ်ရာများ ပျောက်ကင်း၍ ပြန်လည် ရောက်ရှိလာသော ကောင်းချီနျန်က ကျန်းချဲ့ကို ဦးညွှတ် အရိုအသေ ပေးလိုက်လေသည်။ ယခင်ကကဲ့သို့ မောက်မာ ဝင့်ကြွားနေသော ပုံစံမျိုး လုံးဝ မရှိတော့ချေ။

အမှန်တကယ်တော့ ယခင်က ကျန်းချဲ့က သူ့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ခြင်း မရှိသလို ထျန်းနန် ကောင်းမိသားစု၏ အစွမ်းထက်သော အရင်းအမြစ်များဖြင့် သူ၏ ဒဏ်ရာများက ပျောက်ကင်းနေသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။ ယခုမှ ပြန်လည် ရောက်ရှိလာခြင်းမှာ ကျန်းချဲ့ကို မျက်နှာ မပြရဲသောကြောင့်သာ ဖြစ်လေသည်။

မည်သို့ပင် ဆိုစေကာမူ သူက ကျန်းချဲ့ထက် အသက် အများကြီး ကြီးရုံသာမက ရာထူးကိုပါ လုယူခံခဲ့ရပြီး လူအများ ရှေ့တွင် အရှက်တကွဲ အနိုင်ယူ ခံခဲ့ရသည် မဟုတ်ပါလော။ ယခုလို ပြန်လည် ရောက်ရှိလာပြီး ခေါင်းငုံ့ရမည်ကို သူ အလွန် အရှက်ရနေမိလေသည်။

ယခုလို ခေါင်းငုံ့လိုက်ရခြင်း၏ အဓိက အကြောင်းရင်းကတော့ မိသားစု၏ အမိန့်ကြောင့်သာ ဖြစ်ပြီး နဂါးကျား တာအိုဂိုဏ်းမှ လဲ့ထင်ကို အနိုင်ယူလိုက်ခြင်းကြောင့် သူ၏ မျက်နှာကို အနည်းငယ် ကောင်းမွန်စေခဲ့လေသည်။

သူက မည်မျှပင် မိမိကိုယ်ကို အထင်ကြီးနေပါစေ လဲ့ထင် ကဲ့သို့သော သိုင်းပါရမီရှင်ကို ယှဉ်ပြိုင်နိုင်မည်ဟု လုံးဝ မထင်မှတ်မိချေ။

လဲ့ထင်ကို နှိုင်းယှဉ် ကြည့်လိုက်မည် ဆိုပါက သူ ရှုံးနိမ့်သွားခြင်းက အမှန်တကယ်ပင် သိပ်ပြီး ဆိုးရွားနေမည် မဟုတ်တော့ချေ။

ထို့အပြင် ထျန်းနန်တွင် သူ ထားရှိခဲ့သော သူလျှိုများ၏ သတင်းပို့ချက်အရ မကြာသေးမီ ကာလများအတွင်း ကျန်းချဲ့က သူ မရှိခိုက်ကို အခွင့်ကောင်းယူကာ သူ၏ လက်အောက်ငယ်သားများကို ဖယ်ရှားပြီး ကိုယ်ပိုင် အင်အားစုကို တည်ဆောက်နေကြောင်း သိရှိခဲ့ရလေသည်။

အကယ်၍ အချိန် အနည်းငယ် ထပ်မံ စောင့်ဆိုင်းနေမည် ဆိုပါက ထျန်းနန်မြို့တွင် သူ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သော အဆက်အသွယ်များ အားလုံးကို ကျန်းချဲ့က အမြစ်ပြတ် ရှင်းလင်းသွားမည်မှာ အသေအချာပင်။

မည်သည့် အကြောင်းပြချက်ဖြင့် မဆို သူက ဆက်လက် ပုန်းအောင်းနေ၍ မရနိုင်တော့ချေ။

မိသားစု ခေါင်းဆောင်က သူ့ကို ပြောပြပြီး ဖြစ်လေသည်။ မြောက်လင် ချီမိသားစုနှင့် သဘောတူညီချက် ရရှိထားပြီး နောက်ဆုံး သုံးနှစ်အတွင်း ကျန်းချဲ့ကို ထျန်းနန်မြို့ တပ်မှူးကြီး ရာထူးမှ ဖယ်ရှားပေးမည် ဖြစ်ပြီး ထိုအချိန်ကျလျှင် သူ့ကို ပြန်လည် ခန့်အပ်ပေးမည် ဖြစ်ကြောင်းပင်။

ဤ အကြောင်းအရာများ အားလုံး ပေါင်းစပ်လိုက်သောအခါ ကောင်းချီနျန်၏ ကျန်းချဲ့အပေါ် ခံစားချက်က အလွန် ရှုပ်ထွေးကာ ဝေခွဲမရ ဖြစ်နေလေသည်။

ကျန်းချဲ့က စားပွဲကို ကျော်ကာ ကောင်းချီနျန် ထံသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်ပြီး ကိုယ်တိုင် ထူမလိုက်ကာ ပြုံးလျက် ပြောလိုက်လေသည်။

"တပ်မှူးကောင်း ဒဏ်ရာတွေ ပျောက်ကင်းပြီး ပြန်ရောက်လာတာ ကျုပ်တို့ ထျန်းနန်မြို့အတွက် တကယ်ကို ကံကောင်းတာပဲ... ကျန်းချဲ့က ပညာအရည်အချင်းလည်း နည်းပါးသလို အတွေ့အကြုံလည်း နုနယ်သေးတော့ တပ်မှူးကောင်းလို အတွေ့အကြုံ ရင့်ကျက်တဲ့သူရဲ့ အကူအညီကို အများကြီး လိုအပ်ပါတယ်... အရင်က စော်ကားမိတာတွေ ရှိရင်လည်း ရင်ထဲမထားဖို့ မျှော်လင့်ပါတယ်"

ကျန်းချဲ့က တစ်ဖက်လူကို ပြုံးရွှင်စွာ ကြည့်ရင်း အလွန် ဖော်ရွေသော မျက်နှာထားဖြင့် ပြောလိုက်လေသည်။ ကောင်းချီနျန် ပြန်လည် ရောက်ရှိလာမည့် ကိစ္စကို ဒုတိယ အကြီးအကဲ ချီထျန်းဟယ်က သူ့ကို ကြိုတင် အသိပေးထားပြီး ဖြစ်ကာ အလွန်အကျွံ စိတ်လိုက်မာပါ မလုပ်ရန်လည်း သတိပေးထားလေသည်။

ထျန်းနန် ကောင်းမိသားစု၏ အင်အားက ထျန်းနန်တွင် အလွန် ကြီးမားလွန်းလှပေသည်။

ထျန်းနန် ဒေသ တစ်ခုလုံးက ကောင်းမိသားစု၏ အပိုင် ဖြစ်သည်ဟု ပြောဆိုခြင်းက အနည်းငယ် အမွှန်းတင်လွန်းရာ ကျသော်လည်း ကောင်းမိသားစုက ထျန်းနန်၏ မိုင်ထောင်ချီ ကျယ်ဝန်းသော နယ်မြေတွင် ရာစုနှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့သည်မှာ အမှန်တကယ်ပင် ဖြစ်လေသည်။ ထို့ကြောင့် အလွန် ခိုင်မာသော အခြေခံ အင်အားများ ရှိနေပြီး ရန်သူအဖြစ် ဆက်ဆံမည် ဆိုပါက အမှန်တကယ်ပင် ပြဿနာကြီး တစ်ရပ် ဖြစ်လာနိုင်လေသည်။

ထို့အပြင် ကောင်းမိသားစုက နဂါးကျား တာအိုဂိုဏ်း ကဲ့သို့ သီးသန့် ရပ်တည်နေသော သိုင်းလောက အင်အားစု သက်သက် မဟုတ်ဘဲ မြောက်လင် ချီမိသားစု နည်းတူ တော်ဝင် အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားများ အတွင်းသို့ အမြစ်တွယ် ဝင်ရောက်နေပြီ ပင်။

ပြင်းထန်သော ရန်ငြိုး မရှိပါက ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲခြင်းက အကောင်းဆုံး နည်းလမ်းပင် ဖြစ်လေသည်။

ဤအချက်ကို ကျန်းချဲ့ အနေဖြင့် လုံးဝ ကန့်ကွက်စရာ မရှိချေ။

အစကတည်းက သူက ကောင်းချီနျန်ကို တိုက်ခိုက်ခဲ့ခြင်းမှာ အာဏာပြရုံ သက်သက်သာ ဖြစ်ပြီး ဤအချက်ကို သူ ကောင်းစွာ သိရှိထားလေသည်။ ထို့ကြောင့်သာ သူ့ကို အနိုင်ယူရုံသာ လုပ်ဆောင်ခဲ့ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်း မပြုခဲ့ခြင်းပင်။ နောင်တစ်ချိန်တွင် ပြန်လည် ညှိနှိုင်းနိုင်ရန်အတွက် နေရာ ချန်ထားခဲ့ခြင်း ပင်။

ယခု မြောက်လင် ချီမိသားစု၏ ဖိအား အောက်တွင် ကောင်းမိသားစုက ပြေလည်ရန် ရွေးချယ်ခဲ့ခြင်းက နှစ်ဖက်စလုံး အတွက် အလွန် ကောင်းမွန်သော ကိစ္စပင် ဖြစ်လေသည်။

သေချာသည်ကတော့ ပြေလည်သွားသည် ဆိုသော်လည်း ကျန်းချဲ့၏ ရင်ထဲတွင် လုံးဝ သတိ မလွတ်ခဲ့ချေ။

ပြေလည်သွားရုံဖြင့် ရန်ငြိုးများ အားလုံး အပြီးတိုင် ပျောက်ကွယ်သွားပြီဟု သူ လုံးဝ အထင်မမှားခဲ့ချေ။ ယခုလို ဖြစ်ရခြင်းမှာ မြောက်လင် ချီမိသားစု၏ ဖိအားနှင့် သူ ရာထူး တက်လာပြီးနောက် ပြသခဲ့သော အစွမ်းအစများ ကြောင့်သာ ပင်။

နဂါးကျား တာအိုဂိုဏ်းက လဲ့ထင် ရှုံးနိမ့်သွားပြီးနောက် ယာယီ ငြိမ်သက်နေခဲ့ပြီး နင်မင်းသားအိမ်တော် ကလည်း ယွမ်ဟယ်တောင်ကို ဖျက်ဆီးခံရသော်လည်း မျက်နှာချင်း ဆိုင်လာခြင်း မရှိခဲ့ချေ။ ထို့ကြောင့် ကောင်းမိသားစုက တောင်ပေါ်မှ ကျားနှစ်ကောင် ကိုက်နေသည်ကို ထိုင်ကြည့်ချင်သော အကြံအစည်များ ပျက်စီးသွားခဲ့ရလေသည်။

လက်ရှိ ပြေလည်မှုက ကျန်းချဲ့၏ အမြင်တွင် လိုအပ်၍ လုပ်ဆောင်လိုက်ရခြင်း သက်သက်သာ ဖြစ်လေသည်။

"မဝံ့ရဲပါဘူး... တပ်မှူးကြီးက အထင်ကြီးလွန်း နေပါပြီ"

ကောင်းချီနျန်က အလျင်အမြန် ငြင်းဆန်လိုက်လေသည်။

"ဟဲဟဲ... လာ... ထိုင်ပါဦး"

ကျန်းချဲ့က ကောင်းချီနျန်ကို ထိုင်ခိုင်းလိုက်ပြီး ပြုံးရွှင်စွာဖြင့် သူ၏ သဘောထားကို ထပ်မံ ထုတ်ဖော် ပြောဆိုလိုက်လေသည်။

"တကယ်တော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ်က ဒီနေရာကို နာမည်တစ်ခု ရဖို့ သက်သက် လာတာပါ... ထျန်းနန်မြို့မှာ အမြစ်တွယ်ဖို့ ရည်ရွယ်ချက် လုံးဝ မရှိပါဘူး... နောက်ထပ် နှစ်အနည်းငယ်နေရင် ကျုပ် ဒီကနေ ပြောင်းရွေ့ရတော့မှာပါ... တပ်မှူးကောင်းသာ သေချာ ကြိုးစား လုပ်ဆောင်မယ်ဆိုရင် ဒီရာထူးက တစ်နေ့နေ့ကျရင် ခင်ဗျားရဲ့ ရာထူး ဖြစ်လာမှာပါ"

"လက်အောက်ငယ်သားက တပ်မှူးကြီးကို သေချာပေါက် ကူညီသွားပါ့မယ်"

ကောင်းချီနျန်လည်း ကျန်းချဲ့၏ စကားကို ယုံသလား မယုံဘူးလား မသိရသော်လည်း အပြင်တွင်တော့ အလွန် စိတ်လှုပ်ရှားနေသော ပုံစံကို ဟန်ဆောင် ပြသလိုက်လေသည်။

"ကျုပ်တို့ နှစ်ယောက် ကြားမှာ အဲ့ဒီလောက်တောင် စည်းကမ်းကြီး နေစရာ မလိုပါဘူး... ပုံမှန်အတိုင်းပဲ တိုင်ပင်ပြီး လုပ်သွားကြတာပေါ့... လူတွေ... အရက်ဝိုင်း ပြင်ထားလိုက်... ဒီနေ့ ကျုပ်က အစ်ကိုကောင်းနဲ့ မူးနေအောင် သောက်မယ်"

"လက်အောက်ငယ်သား... ကျေးဇူးတင်ပါတယ် တပ်မှူးကြီး"

ကောင်းချီနျန်လည်း ကျန်းချဲ့၏ စကားက တစ်ဝက်အမှန် တစ်ဝက်အမှား ဖြစ်ကြောင်း သိရှိသော်လည်း ကြားရသည်မှာ အလွန် သာယာနေပြီး သူ့ကို လမ်းကြောင်း တစ်ခု ဖွင့်ပေးလိုက်သကဲ့သို့ပင် ဖြစ်လေသည်။ မည်မျှပင် စိတ်ထဲတွင် မကျေမနပ် ဖြစ်နေပါစေ ယခုအခါတွင်တော့ သူက အလွန် စိတ်လှုပ်ရှားနေမိလေသည်။

"ကျေးဇူးတင်စကားတွေ မပြောပါနဲ့... ခဏနေရင် များများ သောက်ရမယ်နော်"

အရက်ဝိုင်း သိမ်းသွားပြီး ကောင်းချီနျန်လည်း ဘေးရှိ အစောင့်များ၏ တွဲကူမှုဖြင့် ထွက်ခွာသွားလေသည်။ မူလက အနည်းငယ် နီရဲနေသော ကျန်းချဲ့၏ မျက်နှာက ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ကောင်းချီနျန်၏ ကျောပြင်ကို ကြည့်ကာ ခပ်ဖွဖွ ရယ်မောလိုက်လေသည်။

'တိုင်ပင်ပြီး လုပ်မယ်...'

'ဒါက နောက်ပြောင်နေတာလေ...'

'အမိန့် တစ်ချက် ပေးလိုက်ရုံဖြင့် တစ်မြို့လုံးရှိ စစ်တပ်များ အားလုံးက ငါ့စကားကိုသာ နားထောင်ရမည်ပင်'

ယခုက သူ့ကို ချော့မော့ထားခြင်း သက်သက်သာ ဖြစ်ပြီး ကျန်းချဲ့က ကောင်းချီနျန်၏ အကူအညီကို လုံးဝ မမျှော်လင့်ထားချေ။ ထျန်းနန် ကောင်းမိသားစုက ပြဿနာ မရှာလျှင်ပင် လုံလောက်နေပြီ ဖြစ်ပြီး အကျိုးအမြတ်၏ တစ်စိတ်တစ်ပိုင်းကို ပေးအပ်ရန်လည်း လိုလားလေသည်။

မည်သို့ပင် ဆိုစေကာမူ ကျန်းချဲ့က ရာထူးအာဏာများကို ဘယ်တုန်းကမှ အရေးမစိုက်ခဲ့ချေ။

သူ အလေးထားသည်က မိမိ၏ စွမ်းအားသာ ပင်။

ဤသည်က လက်တွေ့ကျသော လောကကြီး ဖြစ်ပြီး အစွမ်းထက်သော စွမ်းအားများကို ရရှိထားသရွေ့ ရာထူးအာဏာများကို သူ အလိုရှိသည့် အချိန်တိုင်း အလွယ်တကူ ရရှိနိုင်မည်ပင် ဖြစ်လေသည်။

ခေတ္တမျှ စဉ်းစားပြီးနောက် ကျန်းချဲ့လည်း ဧည့်ခန်းမဆောင်မှ ထွက်ခွာလာပြီး နောက်ဘက် ခြံဝင်းရှိ လျှို့ဝှက်အခန်း ဆီသို့ ဦးတည်လိုက်လေသည်။ ထပ်မံ ယဇ်ပူဇော်ရန် ပြင်ဆင်လိုက်ခြင်းပင်။

သူက စစ်မှန်သော အမြုတေ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိခဲ့သည်မှာ မကြာသေးသော်လည်း သူ လုံးဝ ရောင့်ရဲတင်းတိမ် နေခြင်း မရှိခဲ့ချေ။ ရည်မှန်းချက်များက အမြဲတမ်း နောက်တစ်ကြိမ် ယဇ်ပူဇော်ရန်ပင် ဖြစ်လေသည်။ ယခုအချိန်တွင် အခြား နှောင့်ယှက်မည့် ကိစ္စများ မရှိသဖြင့်...

ယဇ်ပူဇော်စရာ ပစ္စည်းများကို ရှာဖွေရန် အကောင်းဆုံး အချိန်ပင်။

သူက တိတ်တဆိတ် ယဇ်ပူဇော်မည် ဖြစ်ပြီး ထို့နောက်တွင်တော့ အားလုံးကို အံ့အားသင့်စေမည်ပင်။

လျှို့ဝှက်အခန်း အတွင်း၌ ကျန်းချဲ့၏ မျက်နှာက အလွန် လေးနက်နေပြီး မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်လေသည်။

စိတ်ဝိညာဉ်လည်း ကောင်းကင်ယဇ်ပလ္လင် ကျောက်တိုင်၏ လေဟာနယ် အတွင်းသို့ ဝင်ရောက်သွားလေသည်။

[ယဇ်ပူဇော်မည့် ရည်ရွယ်ချက် - ရွှေအမြုတေအဆင့် သို့ တက်လှမ်းရန်]

ကျောက်စာများ ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အမှတ်အသားများ တစ်ခုပြီး တစ်ခု လင်းလက်လာပြီး ဆယ်စက္ကန့်ခန့် အကြာတွင် နောက်ဆုံး၌ စာကြောင်း တစ်ကြောင်းက ကောင်းကင်ယဇ်ပလ္လင် ကျောက်တိုင် ပေါ်တွင် ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။

[ယဇ်ပူဇော်မည့် ပစ္စည်းများ - ယွမ်ချီကျောက်တုံး တစ်ထောင်... အပေါက်ခုနစ်ခု ဉာဏ်အလင်းပွင့် အသီး တစ်လုံး... နှစ်တစ်ထောင် ကောင်းကင်ပိုးတောင်ပိတုန်း အရွက် တစ်ရွက်... ယင်ယန် ဝိညာဉ်မီးတောက် တစ်ခု... ဘဝသုံးဆက် ရွှေကြာစေ့ တစ်စေ့... သက်တမ်း ဆယ်နှစ် နှုတ်ယူပါမည်... ကျန်ရှိ သက်တမ်း တစ်ရာ့ငါးဆယ်... ယဇ်ပူဇော်မလား]

ကျန်းချဲ့ ဤတစ်ကြိမ် ယဇ်ပူဇော်စရာ ပစ္စည်းများကို သေချာ ဖတ်ကြည့်လိုက်သောအခါ မျက်နှာထားက ချက်ချင်း လေးနက်သွားလေသည်။

ဤတစ်ကြိမ် ယဇ်ပူဇော်စရာများက အနည်းငယ် လွန်ကဲနေသကဲ့သို့ပင်။

အထက်ပါ ဝိညာဉ်ပစ္စည်း လေးခုစလုံးက ရှန်ရှန်းအဆင့်တွင် အသုံးပြုရသော ရတနာများသာ ဖြစ်ကြလေသည်။

ရွှမ်တန်အဆင့် သိုင်းသခင်များ လုံးဝ လက်လှမ်းမမီနိုင်သော အရာများပင်။

အထူးသဖြင့် ဘဝသုံးဆက် ရွှေကြာစေ့ ပင် ဖြစ်လေသည်။ ဤအရာက ချီမိသားစု၏ လျှို့ဝှက် မှတ်တမ်းများတွင် ပင် တွေ့ရခဲသော ရှားပါး ကောင်းကင်နှင့်မြေကြီး ရတနာတစ်ခု ဖြစ်လေသည်။ နှစ်တစ်ထောင်လျှင် တစ်ကြိမ် အသွင်ပြောင်းလေ့ရှိပြီး သုံးကြိမ်တိုင်တိုင် အသွင်ပြောင်းပြီးမှသာ ဆေးဖက်ဝင်လေသည်။

၎င်း၏ တန်ဖိုးက အရွက်ကိုးရွက် ဝိညာဉ်ဂျင်ဆင်း ထက်ပင် ပိုမို မြင့်မားလေသည်။

ယင်ယန် ဝိညာဉ်မီးတောက် ကလည်း မဆိုးလှချေ။ ဤအရာက သိုင်းလောကတွင် အလွန် ရှားပါးသော အရာဖြစ်ပြီး ဝိညာဉ်ပစ္စည်းဟု ခေါ်ဆို၍ မရနိုင်ချေ။ တိတိကျကျ ပြောရလျှင် ၎င်းက သိုင်းပညာရှင်များ စုပ်ယူ ကျင့်ကြံနိုင်သော ဝိညာဉ်မီးတောက် တစ်မျိုးပင် ဖြစ်လေသည်။

အပေါက်ခုနစ်ခု ဉာဏ်အလင်းပွင့် အသီး နှင့် ကောင်းကင်ပိုးတောင်ပိတုန်း အရွက် တို့၏ တန်ဖိုးက အနည်းငယ် နိမ့်ကျသော်လည်း ရရန် အလွန် ခက်ခဲသော အရာများ ဖြစ်ကြလေသည်။ ချင်းမင် ဝိညာဉ်အားဖြည့် ကြာပန်း ၏ တန်ဖိုးထက် လုံးဝ မနိမ့်ကျချေ။

ကျန်းချဲ့ နားမလည်နိုင်သည်မှာ အဘယ်ကြောင့် ဤတစ်ကြိမ် ခက်ခဲမှုက ရုတ်တရက် အများကြီး မြင့်တက်သွားရသနည်း ဆိုတာပင်။

'ရွှေအမြုတေ ကြောင့်များလား...'

ကျန်းချဲ့က မျက်လုံးများကို မှေးကျဉ်းကာ နက်နက်ရှိုင်းရှိုင်း တွေးတောနေမိလေသည်။

သိုင်းပညာရှင်များ၏ ရွှေအမြုတေများ ကြားတွင်လည်း ကွာဟချက်များ ရှိကြောင်း သူ သိထားလေသည်။ ရွှေအမြုတေ၏ အရည်အသွေးက သိုင်းပညာရှင်၏ နောင်တစ်ချိန် အခြေခံကို အဆုံးအဖြတ် ပေးလေသည်။ အကြောင်းမှာ ရွှေအမြုတေ အတွင်းတွင် နတ်ဝိညာဉ်များကို မွေးမြူနေပြီ ဖြစ်သောကြောင့်ပင်။

ရှန်ရှန်းအဆင့်တွင် မည်မျှအထိ ခရီးဆက်နိုင်မည် ဆိုသည်မှာ နတ်ဝိညာဉ် မွေးမြူခြင်း အပေါ်တွင် မူတည်နေလေသည်။

အတွေးများကို ဖြန့်ကြက်ပြီးနောက် ကျန်းချဲ့က အရင်က ကောင်းကင်ယဇ်ပလ္လင် ကျောက်တိုင်ဖြင့် ယဇ်ပူဇော်ခဲ့သော အကြိမ်များကို ပြန်လည် စဉ်းစားမိလေသည်။ ဥပမာ - ကျင့်စဉ်များနှင့် ပတ်သက်၍ ဟွန်းယွမ် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ် ဖြစ်စေ၊ နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် ဖြစ်စေ၊ ပြီးပြည့်စုံသွားချိန်တွင်...

ပိုမို ဆန်းကြယ်သော အရာများ အဖြစ်သို့ ပြောင်းလဲသွားလေ့ ရှိလေသည်။

ယခုတစ်ကြိမ် ယဇ်ပူဇော်စရာများက ဤမျှလောက် အထိ ခက်ခဲနေသည် ဆိုတော့ သူ တည်ဆောက်မည့် ရွှေအမြုတေက သာမန်ထက် ပိုမို ထူးခြားနေမည် ဆိုသည့် သဘောလား။

ထိုသို့ တွေးလိုက်မိသောအခါ ကျန်းချဲ့၏ စိတ်နှလုံးက အနည်းငယ် ပြေလျော့သွားလေသည်။

အမြုတေက သိုင်းပညာရှင်၏ အဓိက အကျဆုံး အရာဖြစ်ပြီး ရွှေအမြုတေ ဆိုသည်မှာ အဓိက အကျဆုံး အရာများထဲမှ အဓိက အကျဆုံး အရာပင် ဖြစ်လေသည်။ ၎င်းက နောင်တစ်ချိန် သူ၏ မူလဝိညာဉ် ဖြစ်လာမည် ဖြစ်ရာ အခြေခံ အဆင့်တွင် ထူးခြားသော ပြောင်းလဲမှုများ ရှိလာမည် ဆိုပါက နောင်တစ်ချိန်တွင် သေချာပေါက် ကြီးမားလှသော အကျိုးကျေးဇူးများကို ခံစားရမည်မှာ အသေအချာပင်။

အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်လေသည်။

ကျန်းချဲ့က ယဇ်ပူဇော်စရာ ပစ္စည်းများ၏ အစီအစဉ်ကို အနည်းငယ် ပြောင်းလဲရန် ပြင်ဆင်လိုက်လေသည်။ လက်ရှိ အနေအထားအရ ယွမ်ချီကျောက်တုံးများနှင့် သက်တမ်းက သူ၏ အတွက် ပြဿနာ မဟုတ်တော့ချေ။ နောက်ထပ် နှစ်ဆလောက် များလာလျှင်တောင် သူ တောင့်ခံနိုင်သေးလေသည်။

သို့သော် ကျန်ရှိသော ဝိညာဉ်ပစ္စည်း လေးခုထဲမှ ဘဝသုံးဆက် ရွှေကြာစေ့ နှင့် ယင်ယန် ဝိညာဉ်မီးတောက် တို့၏ သဲလွန်စကိုတော့ လုံးဝ မရရှိသေးချေ။ သဲလွန်စများ ရရှိနိုင်ရန် ဖြည်းဖြည်းချင်းသာ စုံစမ်းရတော့မည် ဖြစ်လေသည်။ သို့သော် ရှေ့မှ နှစ်ခုကိုတော့...

သူ အနည်းငယ် သဲလွန်စ ရရှိထားပြီး ဖြစ်လေသည်။

အရင်က တောင်ပိုင်းယွဲ့ နိုင်ငံမှ စစ်တပ်ရေးရာ ဝန်ကြီး ကျိုးရိက သူ့ကို လာရောက် တွေ့ဆုံကာ အရောင်းအဝယ် လုပ်ရန် ကမ်းလှမ်းခဲ့စဉ်က ကောင်းကင်ပိုးတောင်ပိတုန်း အရွက် နှင့် အပေါက်ခုနစ်ခု ဉာဏ်အလင်းပွင့် အသီး တို့ကို အပြောခံခဲ့ရဖူးလေသည်။ ထိုအရာများကို ချီရွှယ် မိစ္ဆာသခင်က လုယူသွားခဲ့ကြောင်း လည်း ပြောပြခဲ့လေသည်။

ချီရွှယ် မိစ္ဆာသခင်က သေဆုံးသွားပြီ ဖြစ်ပြီး ချီရွှယ် လျှို့ဝှက်နယ်မြေ တစ်ခုကိုသာ ချန်ထားခဲ့လေရာ ထိုအထဲတွင် ထိုပစ္စည်းများ ရှိနေနိုင်ခြေ အလွန် များပြားလေသည်။

သူ ထို ဝိညာဉ်ပစ္စည်း နှစ်ခုကို လိုချင်သည် ဆိုပါက သေချာပေါက် သွားရောက်ရမည်ပင်။

ကျန်းချဲ့က သူ၏ မုတ်ဆိတ်မွေး စူးစူးလေးများကို ပွတ်သပ်ကာ မျက်ဝန်းများထဲတွင် နားလည်သွားသော အရိပ်အယောင်များ ပေါ်လွင်လာလေသည်။

ယခင် အတွေ့အကြုံများအရ ကောင်းကင်ယဇ်ပလ္လင် ကျောက်တိုင်က တောင်းဆိုသော ယဇ်ပူဇော်စရာများက ခက်ခဲသော်လည်း အခြေခံအားဖြင့် သူ့ ပတ်ဝန်းကျင်တွင်သာ ရှိနေပြီး သူ ရရှိနိုင်မည့် မျှော်လင့်ချက် ရှိမှသာ တောင်းဆိုလေ့ ရှိလေသည်။

ယခု အခြေအနေအရ ကြည့်မည်ဆိုလျှင် အမှန်တကယ်ပင် ထိုသို့ ဖြစ်နေလေသည်။

သူက ချီရွှယ် လျှို့ဝှက်နယ်မြေသို့ သွားရောက်ရန် အစကတည်းက အကြံအစည် ရှိခဲ့ပြီး ယဇ်ပူဇော်စရာများ၏ ထက်ဝက်ခန့်က ချီရွှယ် လျှို့ဝှက်နယ်မြေနှင့် သက်ဆိုင်နေလေရာ ဤအထဲတွင် မည်သည့် ဆက်စပ်မှုမျှ မရှိဘူးဆိုလျှင် ကျန်းချဲ့ လုံးဝ ယုံကြည်မည် မဟုတ်ချေ။

အချိန်နှင့် ကံကြမ္မာအရ ကြည့်မည်ဆိုလျှင် ချီရွှယ် လျှို့ဝှက်နယ်မြေက သူနှင့် အမှန်တကယ်ပင် ရေစက်ပါနေလေသည်။

ပို၍ နက်နက်ရှိုင်းရှိုင်း တွေးကြည့်မည် ဆိုပါက ဝမ်ကျဲ့ မိစ္ဆာဓားက သူ၏ လက်ထဲသို့ ရောက်ရှိလာခြင်း ကလည်း တိုက်ဆိုင်မှု တစ်ခု ဖြစ်နိုင်လေသည်။ သူနှင့် ကြောက်မက်ဖွယ်ကောင်းသော ချီရွှယ် မိစ္ဆာသခင် ကြားတွင် တကယ်ကို ကြီးမားလှသော ရေစက်များ ရှိနေခဲ့ပြီပင်။

သို့သော် လက်ရှိ အရေးအကြီးဆုံး ကိစ္စကတော့ နင်ကတော်ကို လျှို့ဝှက်နယ်မြေ၏ အတိအကျ နေရာကို အမြန်ဆုံး ရှာဖွေခိုင်းရန်ပင် ဖြစ်လေသည်။ တောင်ပိုင်းယွဲ့ နိုင်ငံမှ လူများနှင့် အတူတူ လျှို့ဝှက်နယ်မြေကို သွားရောက် ရှာဖွေရန် သူ လုံးဝ စိတ်ဝင်စားခြင်း မရှိချေ။

'အထဲက ပစ္စည်းတွေက သူနဲ့ ရေစက်ပါနေမှတော့ သူ့ပစ္စည်းတွေ ဖြစ်သင့်တာပေါ့...'

မျက်တောင်တစ်ခတ် အတွင်းမှာပင် ရက်အနည်းငယ် ကြာသွားခဲ့လေသည်။

ထိုနေ့က ယဇ်ပူဇော်ပြီးနောက် ကျန်းချဲ့၏ စိတ်ထဲတွင် ချီရွှယ် လျှို့ဝှက်နယ်မြေ အပေါ် ပိုမို အလေးထားလာခဲ့လေသည်။ တစ်ဖက်က နင်ကတော်နှင့် ပိုမို ရင်းနှီးအောင် လုပ်ဆောင်ကာ သူမ၏ ရှာဖွေမှုနှုန်းကို ပိုမို မြန်ဆန်စေရန် ကြိုးစားခဲ့လေသည်။

အခြားတစ်ဖက် တွင်တော့ သူ၏ ကိုယ်ပိုင် အင်အားစုများကို အသုံးပြုကာ ယင်ယန် ဝိညာဉ်မီးတောက် နှင့် ဘဝသုံးဆက် ရွှေကြာစေ့ တို့၏ သဲလွန်စများကို စတင် ရှာဖွေခိုင်းလိုက်လေသည်။

ထို ဝိညာဉ်ပစ္စည်းများက ရှာဖွေရန် ခက်ခဲသော်လည်း မကြိုးစားဘဲ နေ၍တော့ ထိုပစ္စည်းများက သူ့အလိုလို ရောက်လာမည် မဟုတ်ချေ။

သို့သော် ယခင်က ကြုံတွေ့ခဲ့ရသော အခက်အခဲများက ထပ်မံ ပေါ်ထွက်လာပြန်လေသည်။ ဝိညာဉ်ပစ္စည်း နှစ်ခု၏ သတင်းကို ထုတ်ပြန်ခဲ့သည်မှာ ရက်အနည်းငယ် ကြာပြီဖြစ်သော်လည်း မည်သည့် သဲလွန်စမျှ မရရှိခဲ့ချေ။ နင်မင်းသားအိမ်တော် ဘက်ကလည်း ယာယီ ရပ်တန့်နေပုံ ရလေသည်။

ဘယ်လောက်ပဲ လောနေပါစေ အလျင်စလို လုပ်၍ မရနိုင်ချေ။

တဖြည်းဖြည်းနှင့် ကျန်းချဲ့လည်း စိတ်ကို တည်ငြိမ်အောင် ထားလိုက်လေသည်။

လျှို့ဝှက်နယ်မြေ၏ အကြမ်းဖျင်း နေရာကို ရှာတွေ့ထားပြီဖြစ်ရာ နောက်ဆုံး အတိအကျ နေရာကို ရှာတွေ့ရန်က အချိန်ပြဿနာသာ ဖြစ်လေသည်။ သူ အလောတကြီး လုပ်နေ၍ မရသလို လောနေ၍လည်း မရနိုင်ချေ။ ထို့ကြောင့် ကျန်းချဲ့က မိမိကိုယ်ကို နှစ်သိမ့်ကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်လေသည်။

နေ့စဉ်နေ့တိုင်း ကျင့်ကြံခြင်း သို့မဟုတ် ဟွမ်ရှန်းရှန်း၊ ချီနင်ပင်း တို့နှင့် အတူ ပျော်ရွှင်စွာ အချိန်ဖြုန်းနေခဲ့လေသည်။

ဤသို့ဖြင့် လွတ်လပ် ပေါ့ပါးသော နေ့ရက်များကို ဖြတ်သန်းနေခဲ့လေသည်။

သေချာသည်ကတော့ ကျန်းချဲ့က စိတ်ကို လုံးဝ လွှတ်ထားခြင်း မဟုတ်ပေ။ အမှန်တကယ်တော့ သူ ကိုယ်တိုင်လည်း ကျင့်ကြံနေပြီး နောက်ပိုင်း ရွှေအမြုတေအဆင့် အတွက် လမ်းကြောင်းများကို ရှာဖွေနေကာ အဆင့်တက်လှမ်းရန် ကြိုတင် ပြင်ဆင်မှုများကို လုပ်ဆောင်နေခဲ့လေသည်။

တစ်ချိန်တည်းမှာပင် ချီနင်ပင်း၏ ကျင့်ကြံမှုများကိုလည်း တည်ငြိမ်အောင် ကူညီပေးနေခဲ့လေသည်။

အရင်က သူ ကောင်းကင်မိစ္ဆာ မြို့တော်မှ ပြန်လည် ယူဆောင်လာခဲ့သော မှော်ဆေးလုံးက ချီနင်ပင်း အတွက် သီးသန့် ပြင်ဆင်ထားခြင်းပင် ဖြစ်လေသည်။ ယခုအခါ သူမက ရှန်ကွမ်းအထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ရွှမ်တန်အဆင့် သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့လေသည်။

ချီနင်ပင်း အမြုတေ တည်ဆောက်ပြီးသွားပါက ထို ထိုက်ယင် ဝိညာဉ်စွမ်းအင်ကြီးက လုံးဝ အသက်ဝင်လာမည် ပင်။

ကျန်းချဲ့က အမှန်တကယ်တော့ နောက်ပိုင်း ယဇ်ပူဇော်စရာများ အတွက် အမြဲတမ်း ပြင်ဆင်နေခဲ့ခြင်း ဖြစ်လေသည်။ ၎င်းမှာ အရွက်ကိုးရွက် ဝိညာဉ်ဂျင်ဆင်း ဖြစ်စေ၊ ရွှမ်ယင် ဝိညာဉ်စွမ်းအင် ဖြစ်စေ အတူတူပင် ဖြစ်လေသည်။

အထူးသဖြင့် ရွှမ်ယင် ဝိညာဉ်စွမ်းအင် ပင်... ဤအရာက ချီဝမ်ကျင်း ကိုယ်ပေါ်ရှိ ယွမ်ယင် ဝိညာဉ်စွမ်းအင် နှင့် ပေါင်းစပ်နိုင်လေသည်။

ထိုအခါ ထိုက်ယင် ရွှမ်ယွမ် ဝိညာဉ်စွမ်းအင် အဖြစ် ပြောင်းလဲသွားလေသည်။

ဤအရာက ရှန်ရှန်းအဆင့်သို့ တက်လှမ်းရန် အကောင်းဆုံး ယဇ်ပူဇော်စရာများ ထဲမှ တစ်ခုပင် ဖြစ်လေသည်။

ကျန်းချဲ့က ချီနင်ပင်း၏ ပါးစပ်မှ ထိုကိစ္စကို သိရှိသွားပြီးကတည်းက တိတ်တဆိတ် မျက်စိကျနေခဲ့ခြင်းပင် ဖြစ်လေသည်။ ထို့ကြောင့်ပင် သူက ထိုစွမ်းအင်ကို မစုပ်ယူဘဲ အားဖြည့်ပေးနေခဲ့ခြင်းပင် ဖြစ်လေသည်။

ယခု ချီဝမ်ကျင်းက အမြုတေ တည်ဆောက်နေပြီ ဖြစ်ပြီး သူမ၏ ပါရမီနှင့် အခြေခံအရ ဆိုလျှင် အမြုတေ တည်ဆောက်ရန် မခက်ခဲလှချေ။ ချီနင်ပင်း အမြုတေ တည်ဆောက်ပြီး သွားသည်နှင့် အချိန်မရွေး ထုတ်ယူ အသုံးပြုနိုင်ပြီ ပင်။

"နင်ပင်းရေ... အစ်ကိုကလည်း မင်းအတွက် ကောင်းစေချင်လို့ပါ... ကြည့်လေ... အခု ဝမ်ကျင်းက အမြုတေ တည်ဆောက်နေပြီ... မင်းက သူ့ထက် အများကြီး နောက်ကျ ကျန်ခဲ့တာကို မလိုချင်ဘူးမလား"

နောက်ဘက် ခြံဝင်းအတွင်း၌ ကျန်းချဲ့က ကျင့်ကြံရန် အနည်းငယ် ပျင်းရိနေသော ချီနင်ပင်းကို သတိပေးလိုက်လေသည်။

ချီနင်ပင်းက ကျန်းချဲ့ကို မျက်စောင်းထိုးကာ နှာခေါင်းရှုံ့လိုက်လေသည်။

"ဟန်ဆောင်ကောင်းလိုက်တာ... အစ်ကိုက ကျွန်မရဲ့ ရွှမ်ယင် ဝိညာဉ်စွမ်းအင်ကို လိုချင်လို့ဆိုတာ ကျွန်မ မသိဘူး မှတ်နေလား"

"နင်ပင်း... မင်း အဲ့ဒီလို ပြောတော့ အစ်ကိုက အရမ်း စိတ်မကောင်း ဖြစ်ရတာပေါ့... ကိုယ်က ရွှမ်ယင် ဝိညာဉ်စွမ်းအင်ကို အလေးထားတာ မှန်ပေမဲ့ မင်းကို ပိုပြီး အလေးထားပါတယ်... ကိုယ်က မင်းနဲ့ တစ်သက်လုံး အတူတူ နေချင်တာလေ... ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံမှုက အရမ်း နိမ့်ကျနေရင် သက်တမ်းလည်း တိုတောင်းလိမ့်မယ်လေ... အဲ့ဒီအချိန်ကျရင် မင်းက ကိုယ့်ကို အရင် ထားခဲ့သွားချင်လို့လား"

ကျန်းချဲ့က အလွန် လေးနက်သော မျက်နှာထားဖြင့် အနာဂတ်ကို မျှော်တွေးနေသကဲ့သို့ ပြောလိုက်လေသည်။

စိတ်ခံစားချက်များ၏ လွှမ်းမိုးမှုကြောင့် ချီနင်ပင်း၏ မျက်နှာထားက အနည်းငယ် မသာမယာ ဖြစ်သွားပြီး ကျန်းချဲ့၏ ခါးကို ဖက်ကာ သက်ပြင်းတစ်ချက် ချလိုက်လေသည်။

"ကျွန်မ သိပါပြီ... သေချာ ကြိုးစားပြီး ကျင့်ကြံပါ့မယ်... အစ်ကို ရှန်ရှန်းအဆင့်ကို မရောက်ခင် အမြုတေ တည်ဆောက်နိုင်အောင် လုပ်ပါ့မယ်"

"နင်ပင်း... ကိုယ်က အဲ့ဒီသဘောနဲ့ ပြောတာ မဟုတ်ဘူးဆိုတာ မင်း သိပါတယ်"

"ကဲပါ... ရှင်းပြမနေပါနဲ့... ဒီလောက်ကတော့ အရေးမကြီးပါဘူး... ကျွန်မ အရင်က ထိုက်ယင် ရွှမ်ယွမ် စွမ်းအင်ရဲ့ လျှို့ဝှက်ချက်ကို အစ်ကို့ကို ပြောပြခဲ့တာက နောင်တစ်ချိန်မှာ အစ်ကို သုံးဖို့ လိုလာရင် သုံးလို့ ရအောင်လို့ပါ... ဒါပေမဲ့ အခု ပြဿနာက... ကျွန်မ အစ်မကို ဘယ်လို ဖျောင်းဖျရမလဲ ဆိုတာပဲ"

ချီဝမ်ကျင်းကို တွေးမိသောအခါ ချီနင်ပင်းလည်း ခေါင်းကိုက်လာလေသည်။

ကျန်းချဲ့နှင့် ပိုမို နီးစပ်လာလေ သူမက ပိုမို တွယ်တာလာလေပင် ဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် အစ်မဖြစ်သူ ချီဝမ်ကျင်း အပေါ်လည်း ပိုမို အပြစ်ရှိသလို ခံစားလာရလေသည်။ အရင်က အစ်မဖြစ်သူ သဘောတူလာစေရန် ပြောရမည့် စကားများကို အများကြီး စဉ်းစားထားခဲ့သော်လည်း အစ်မဖြစ်သူနှင့် တကယ်တမ်း တွေ့ဆုံရမည်ကို တွေးမိလိုက်တိုင်း...

သူမ ဘယ်လို ပြောရမှန်း မသိအောင် ဖြစ်ရလေသည်။

'ဘယ်လို ပြောရမလဲ...'

'အစ်မကြီး တောင်းပန်ပါတယ်... ကျွန်မကို ခွင့်လွှတ်ပါ လို့ ပြောရမလား...'

'ဒါမှမဟုတ် သဘောတူပေးပါ လို့ ပြောရမလား...'

ဤအရာများက မခက်ခဲသော်လည်း တကယ် ခက်ခဲတာက အစ်မကြီးက ဒီဆက်ဆံရေးကို လက်ခံလာအောင် လုပ်ဖို့ပါပဲ။ သူမက ချီဝမ်ကျင်းနှင့် ငယ်ငယ်ကတည်းက အတူတူ ကြီးပြင်းလာခဲ့သဖြင့် အချင်းချင်း၏ အကျင့်စရိုက်များကို ကောင်းကောင်း သိထားလေသည်။ အစ်မကြီး၏ အကျင့်စရိုက်က အလွန် ခေါင်းမာလေသည်။

ယောကျ်ား တစ်ယောက်ကို အတူတူ မျှဝေယူရန် လုံးဝ သဘောတူလိမ့်မည် မဟုတ်ချေ။

သို့သော် အစ်မကြီးသာ မရှိဘူးဆိုပါက သူမက ကျန်းချဲ့၏ အချစ်များကို ဘယ်လိုလုပ်ပြီး စိတ်အေးလက်အေး ခံစားနိုင်မည်နည်း။

ထိုစကားကို ကြားပြီးနောက် ကျန်းချဲ့လည်း နက်နက်ရှိုင်းရှိုင်း တွေးတောနေမိလေသည်။

ချီဝမ်ကျင်းက မကြာခင် အဆင့်တက်နိုင်တော့မည် ဖြစ်ပြီး ထိုအချိန်ကျလျှင် သေချာပေါက် ထျန်းနန်သို့ ရောက်လာလိမ့်မည်... သူမကို ဘယ်လို ဖျောင်းဖျရမလဲ။

All Chapters