အခန်း ၂၇၂
Vol. 28 Ch. 272
အခန်း (၂၇၂) မိတ်ဆွေဟောင်း ပြန်လည်ရောက်ရှိလာခြင်း... ကောင်းကင်နှင့်မြေကြီး ပြောင်းလဲသွားခြင်း
ဤအချိန်တွင် စောစောက အရာအားလုံးမှာ ပုံရိပ်ယောင်များသာ ဖြစ်ကြောင်း သတိပြုမိသွားသော ချီဝမ်ကျင်း၏ မျက်နှာတစ်ခုလုံး ချက်ချင်းပင် နီရဲသွားလေသည်။ ပုံရိပ်ယောင်ဖြစ်နေခြင်းက ပြဿနာမဟုတ်သော်လည်း အဓိကအချက်မှာ သူမ၏ အရှက်ရဖွယ် အမူအရာများကို ကျန်းချဲ့က အကုန်လုံး မြင်တွေ့သွားခြင်းပင် ဖြစ်လေသည်။
ဤသည်က သူမကို မျက်နှာပူစေခဲ့လေပြီ။
ကျန်းချဲ့ ကိုယ်ထင်ပြလာသည်နှင့်အမျှ သူမကိုယ်ပေါ်ရှိ ထူးဆန်းသော ခံစားချက်များကလည်း ဒီရေကျသွားသကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားလေတော့သည်။
"ဘာမှ မဖြစ်ပါဘူး..."
စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ချီဝမ်ကျင်းက ယခင်ကဲ့သို့ အေးစက်တည်ငြိမ်သော မျက်နှာထားကို ပြန်လည် ဖမ်းယူလိုက်လေသည်။ ထို့နောက် ကျန်းချဲ့ကို သူစိမ်းတစ်ယောက်အား ကြည့်သည့်အလား အေးတိအေးစက် အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်လေသည်။
"ဝမ်ကျင်း... မင်း... မင်း ဘာမှမဖြစ်ဘူးမလား..."
ကျန်းချဲ့က သူ၏ စေ့စပ်ထားသူကို စိုးရိမ်တကြီး ကြည့်လိုက်လေသည်။ သူ၏ နတ်အာရုံက မြို့စောင့်တပ်မှူးအိမ်တော် တစ်ခုလုံးကို လွှမ်းခြုံထားသဖြင့် ချီဝမ်ကျင်း၏ ထူးဆန်းသော အခြေအနေများကို အကုန်လုံး မြင်တွေ့ခဲ့ရလေသည်။ ထို့ကြောင့်ပင် သူက ချီနင်ပင်းနှင့် အတူရှိနေရာမှနေ၍ ဤနေရာသို့ လျင်မြန်စွာ ထွက်ခွာလာခဲ့ခြင်း ဖြစ်လေသည်။ ချီဝမ်ကျင်း တစ်ခုခု ဖြစ်သွားမည်ကို သူ စိုးရိမ်နေမိလေသည်။
"ဘာမှ မဖြစ်ပါဘူး... ရှင် ပြန်သွားလိုက်ပါတော့... နင်ပင်း စောင့်နေရတာ ကြာနေပါဦးမယ်..."
ချီဝမ်ကျင်းက ကျန်းချဲ့ကို အဓိပ္ပာယ်ပါပါ တစ်ချက် စူးစိုက်ကြည့်လိုက်ပြီးနောက် မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။ သူမက ခပ်ဖွဖွ နှာခေါင်းရှုံ့လိုက်ပြီး လှည့်ထွက်သွားလေတော့သည်။
ယခုအချိန်တွင် သူမက မြို့စောင့်တပ်မှူးအိမ်တော်ထဲ၌ ဆက်လက် မနေချင်တော့ချေ။ ပထမအချက်မှာ စောစောက အရှက်ရဖွယ် အခြေအနေကို မျက်နှာချင်းမဆိုင်ချင်သောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာတော့ ချီနင်ပင်း၏ နှလုံးသားချင်းဆက်သွယ်မှု လှုံ့ဆော်ခြင်းကို ထပ်မံ မခံစားလိုတော့သောကြောင့် ပင်တကား။ နှလုံးသားချင်းဆက်သွယ်မှုတွင် အကွာအဝေး ကန့်သတ်ချက် ရှိကြောင်း သူမ ယခုမှ သတိပြန်ဝင်လာလေသည်။
သူမနှင့် နင်ပင်း၏ ကျင့်ကြံမှု စွမ်းအားများအရ အများဆုံး ပေသုံးထောင် အကွာအဝေး အတွင်း၌သာ လွှမ်းမိုးမှု ခံရနိုင်လေသည်။ သူမသာ မြို့စောင့်တပ်မှူးအိမ်တော်မှ ထွက်ခွာသွားပါက သူတို့ နှစ်ယောက် ဘာပဲလုပ်လုပ် သူမအနေဖြင့် ထိုလွှမ်းမိုးမှုများကို ရှောင်ရှားနိုင်မည် ပင်ဖြစ်လေသည်။
ချီဝမ်ကျင်း လှည့်ထွက်သွားမည်ကို မြင်လိုက်ရသောအခါ ကျန်းချဲ့က ကိုယ်ဟန်နေရာရွှေ့ပြောင်းကာ ချီဝမ်ကျင်း၏ အနောက်ဘက်သို့ ချက်ချင်း ရောက်ရှိသွားလေသည်။ သူမ၏ လက်ကို လှမ်းဆွဲရန် ပြင်လိုက်ပြီးနောက်...
"ဝမ်ကျင်း... မင်း..."
ကျန်းချဲ့၏ စကားသံ မဆုံးသေးမီ ချီဝမ်ကျင်း၏ လက်ကိုပင် မဆွဲရသေးမီမှာပင် သူမ၏ ခြေတံသွယ်သွယ်က သူ၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် လွှဲကန်လိုက်လေသည်။ အလွန် ပြင်းထန်သော ခွန်အားများ ပါဝင်နေသည့် ထိုတိုက်ကွက်ထဲတွင် ချီဝမ်ကျင်း၏ ဒေါသများ အပြည့်အဝ ပါဝင်နေလေသည်။
ကျန်းချဲ့က မျက်မှောင်အနည်းငယ် ပင့်လိုက်ပြီး လက်ဝါးကို လက်သည်းအသွင် ပြောင်းကာ ရိုက်ခတ်လာသော ခြေတံကို တိုက်ရိုက် ဖမ်းဆုပ်လိုက်လေသည်။
သို့သော် နောက်တစ်စက္ကန့်တွင် ချီဝမ်ကျင်းက လေထဲသို့ ခုန်တက်သွားပြီး ခြေနှစ်ဖက်ဖြင့် ကျန်းချဲ့ကို ဆက်တိုက် ကန်ကျောက်လိုက်လေသည်။ လေဟာနယ်ထဲတွင် ပုံရိပ်ယောင်များပင် ထွက်ပေါ်လာလေသည်။ သို့သော် သူမက ရုပ်ခန္ဓာ၏ ခွန်အားကိုသာ အသုံးပြုထားခြင်း ဖြစ်လေသည်။ ကောင်းကင်နှင့်မြေကြီး ယွမ်ချီစွမ်းအင်များ နှင့် အမြုတေ စွမ်းအားများကိုတော့ ထုတ်ယူသုံးစွဲခြင်း မရှိခဲ့ချေ။
ထိုသို့ဖြစ်နေလင့်ကစား တိုက်ကွက်၏ အရှိန်အဝါက အလွန် ပြင်းထန်နေဆဲ ပင်ဖြစ်လေသည်။ သေချာသည်ကတော့ အရှိန်အဝါ ပြင်းထန်သည်ဆိုခြင်းမှာ သာမန်အားဖြင့်သာ ပြောဆိုခြင်း ဖြစ်လေသည်။ ယခုလက်ရှိ ကျန်းချဲ့အတွက်မူ ချီဝမ်ကျင်းက အစွမ်းကုန် မတိုက်ခိုက်သည်ကို မဆိုထားနှင့် သူမ၏ နည်းလမ်းများ အားလုံးကို ထုတ်သုံးမည်ဆိုလျှင်တောင် သူ့ကို အနည်းငယ်မျှ ထိခိုက်စေနိုင်မည် မဟုတ်ချေ။
ယဇ်ပူဇော်ခြင်း အကြိမ်ကြိမ် လုပ်ဆောင်ပြီးနောက် ကျန်းချဲ့၏ တိုးတက်လာမှုက ကျင့်ကြံမှု တစ်ခုတည်းသာ မဟုတ်ဘဲ ရုပ်ခန္ဓာကလည်း ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်နေပြီ ဖြစ်လေသည်။
ချီဝမ်ကျင်း တစ်ယောက် ဒေါသများကို ဖွင့်ထုတ်ချင်နေသည်ကို မြင်လိုက်ရသဖြင့် ကျန်းချဲ့က စိတ်ကူးတစ်ချက်ဖြင့် ပြန်လည် မခုခံတော့ချေ။ လက်နှစ်ဖက်ကို ဘေးသို့ချကာ ချီဝမ်ကျင်း၏ ကန်ချက်များကို ရင်ဘတ်ဖြင့် အကာအကွယ်မဲ့ ခံယူလိုက်လေသည်။ သို့သော် သူက ကာကွယ်မှု မလုပ်ထားလင့်ကစား ချီဝမ်ကျင်းက သူ့ကို နောက်သို့ တစ်လှမ်းဆုတ်သွားအောင်ပင် မလုပ်နိုင်ခဲ့ချေ။ လေထဲတွင် ဘုန်း ဘုန်း ဘုန်း ဟူသော ရိုက်ခတ်သံများပင် ထွက်ပေါ်လာလေသည်။
ချီဝမ်ကျင်းက သွားကို တင်းတင်းကြိတ်ထားပြီး မျက်ဝန်းများထဲတွင် ရှက်ရွံ့မှုနှင့် ဒေါသများ ပြည့်နှက်နေလေသည်။ ယခင်က နှလုံးသားချင်းဆက်သွယ်မှုကြောင့် ဖြစ်ပေါ်လာသော ကိုယ်ခန္ဓာ၏ ထူးခြားမှုများ... စောစောက ပုံရိပ်ယောင်များကြောင့် အရှက်ရခဲ့ရမှုများ... ထို့အပြင် ကျန်းချဲ့ ဆိုသော စေ့စပ်ထားသူ၏ သစ္စာဖောက်မှုများ... ဤအချိန်တွင် သူမ၏ ဒေါသများက လုံးဝ ပေါက်ကွဲထွက်လာခဲ့လေပြီ။ ယခင်ကဲ့သို့ စိတ်ကို တည်ငြိမ်အောင် လုံးဝ မထားနိုင်တော့ဘဲ လက်သီးများ လက်ဝါးများကို အသုံးပြုကာ ကျန်းချဲ့၏ ရင်ဘတ်ပေါ်သို့ အရူးအမူး ထုရိုက် နေတော့သည်။
အသက်ရှူကြိမ် တစ်ရာစာခန့် အရူးအမူး ထုရိုက်ပြီးနောက်တွင်တော့ မုန်တိုင်းကျသကဲ့သို့ ပြင်းထန်သော တိုက်ကွက်များက ရပ်တန့်သွားလေသည်။ ထို့နောက် ကျန်းချဲ့ကို အေးစက်စွာ စူးစိုက်ကြည့်လိုက်လေသည်။
"ဘာလို့ ပြန်မခုခံတာလဲ..."
ကျန်းချဲ့က ရင်ဘတ်ကို ဖိကာ ခပ်ဖွဖွ ချောင်းဟန့်လိုက်ပြီး မျက်နှာပေါ်တွင် အပြစ်ရှိသကဲ့သို့ အမူအရာကို ဖော်ပြလိုက်လေသည်။
"ရင်ထဲမှာ အပြစ်ရှိသလို ခံစားနေရလို့ပါ... ဒီလိုလုပ်တာက မင်းကို ကိုယ့်အပေါ် အမုန်းလျော့စေမယ်ဆိုရင်... ကိုယ် ကျေကျေနပ်နပ်ကြီး ခံယူပါ့မယ်..."
"ဟန်ဆောင်နေတုန်းပဲ... ရှင့်ရဲ့ ခန္ဓာကိုယ်က ဘယ်လောက် ကြံ့ခိုင်တယ်ဆိုတာ ကျမ မသိဘူးများ မှတ်နေလား..."
ချီဝမ်ကျင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။ သူမ၏ အင်္ကျီလက်အောက်ရှိ လက်နှစ်ဖက်မှာ နာကျင်စွာ တုန်ရီနေလေသည်။ ၎င်းမှာ ကျန်းချဲ့၏ ရုပ်ခန္ဓာမှ ပြန်လည်ရိုက်ခတ်လာသော အင်အားကြောင့် နာကျင်နေရခြင်း ပင်ဖြစ်လေသည်။
"ဝမ်ကျင်း... တောင်းပန်ပါတယ်... ကိုယ်နဲ့ နင်ပင်းရဲ့ ကိစ္စက မင်းအတွက် လက်ခံဖို့ ခက်ခဲမယ်ဆိုတာ ကိုယ် သိပါတယ်... ဒါပေမဲ့ ကိစ္စတွေက ဒီလို ဖြစ်လာမှတော့... ကိုယ်လည်း ဘာမှ မတတ်နိုင်တော့ဘူးလေ... မင်း ကိုယ့်ကို ခွင့်လွှတ်ပေးဖို့ပဲ မျှော်လင့်ပါတယ်..."
ကျန်းချဲ့က ချီဝမ်ကျင်းကို ကြည့်ကာ လေသံကို ညင်သာစွာ ထား၍ ပြောလိုက်လေသည်။
"ရှင်က ဒီလိုနည်းလမ်းနဲ့ ခွင့်လွှတ်ဖို့ တောင်းဆိုတာလား..."
ချီဝမ်ကျင်းက ဇီးခြံဝင်းကို လက်ညှိုးထိုးကာ အေးစက်သော လေသံဖြင့် မေးလိုက်လေသည်။ သူမ၏ ဆိုလိုရင်းမှာ ကျန်းချဲ့နှင့် ချီနင်ပင်းတို့က တမင်သက်သက် ထိုကဲ့သို့ လုပ်ဆောင်ကာ သူမကို လွှမ်းမိုးမှု ဖြစ်စေခဲ့သည်ကို ပြောဆိုခြင်းပင်။
"မင်း တကယ်ပဲ ဘယ်လို တွေးနေလဲဆိုတာ ကိုယ် အရင်က မသိခဲ့ဘူးလေ... တကယ်ပဲ ဂရုမစိုက်တာလား... ဒါမှမဟုတ် ဂရုမစိုက်သလို တမင် ဟန်ဆောင်နေတာလား ဆိုတာကိုပေါ့... အဲ့ဒါကြောင့် စမ်းသပ်ကြည့်ဖို့ တွေးလိုက်မိတာပါ... တော်ပါသေးရဲ့... မင်း ကိုယ့်ကို ဂရုစိုက်နေသေးတာပဲ..."
စောစောက ချီဝမ်ကျင်း ကိုယ်တိုင် ပုံရိပ်ယောင်များ ဖန်တီးကာ သူ့အား မျက်ရည်ဝဲလျက် မေးခွန်းထုတ်ခဲ့သည်ကို တွေးမိလိုက်သောအခါ ကျန်းချဲ့၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။ အနည်းငယ် အောက်တန်းကျသော်လည်း... အကျိုးသက်ရောက်မှုကတော့ အလွန် ကောင်းမွန်လှပေသည်။ မည်သို့ပင်ဆိုစေ သူ၏ လက်ရှိ အခြေအနေအရ အခြား နည်းလမ်း မရှိတော့သဖြင့် ဤနည်းလမ်းကိုသာ အသုံးပြုရခြင်း ပင်ဖြစ်လေသည်။
"လူယုတ်မာ..."
ဦးနှောက်ထဲသို့ ဝင်ရောက်လာသော ရှက်ရွံ့ဖွယ်ရာ ကိစ္စရပ်များကို တွေးမိလိုက်သောအခါ ချီဝမ်ကျင်းက မျက်နှာကို ခပ်တည်တည်ထားကာ စကားတစ်ခွန်းကိုသာ တံတွေးထွေးသကဲ့သို့ ပြောချလိုက်လေသည်။
ပုံမှန်အားဖြင့် သူမက ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားသူဖြစ်ပြီး မိန်းမနှင့် ယောကျ်ားကြားရှိ ကိစ္စရပ်များကို အနည်းငယ်သာ သိရှိထားလေသည်။ ထိုမျှလောက် ရှက်ဖွယ်ကောင်းသော အရာများ ရှိနေကြောင်း သူမ လုံးဝ မသိခဲ့ချေ။ သို့သော် ယခုတော့... သူမ ကိုယ်တိုင် ဖြတ်သန်း ကြုံတွေ့ဖူးခြင်း မရှိသော်လည်း... ထိုမြင်ကွင်းများက သူမ၏ မှတ်ဉာဏ်ထဲတွင် ရှိနေပြီဖြစ်ရာ ကိုယ်တိုင် ကြုံတွေ့ရခြင်းနှင့် ဘာများ ကွာခြားတော့မည်နည်း။ သူမ ညစ်ပတ်သွားပြီ ပေတကား။ ရင်ထဲမှနေ၍ အမှန်တကယ်ကို ညစ်ပတ်သွားပြီဟု ခံစားနေရလေသည်။ ဤအရာအားလုံး၏ တရားခံများမှာ ကျန်းချဲ့နှင့် ချီနင်ပင်း တို့ပင် ဖြစ်လေသည်။
"ဝမ်ကျင်း... တောင်းပန်ပါတယ်..."
ကျန်းချဲ့က အခွင့်ကောင်းယူကာ ချီဝမ်ကျင်း၏ လက်ကို ချက်ချင်း ဖမ်းဆုပ်လိုက်ပြီး မျက်နှာပေါ်တွင် အပြစ်ရှိသကဲ့သို့ အမူအရာဖြင့် ဆက်လက် တောင်းပန်နေလေသည်။ ဘာတတ်နိုင်မည်နည်း။ မယားနှစ်ယောက် ယူချင်ပါက... ဤကဲ့သို့သော အခက်အခဲများကို ဖြတ်သန်းရမည် ပင်တကား။
ချီဝမ်ကျင်းက အားကုန်ရုန်းလိုက်သော်လည်း ဤတစ်ကြိမ်တွင်တော့ ကျန်းချဲ့၏ လက်ကို ရုန်းထွက်နိုင်ခြင်း မရှိခဲ့ချေ။ ကျန်းချဲ့ကို စူးစိုက်ကြည့်ကာ ပြောလိုက်လေသည်။
"ကျမကို လွှတ်စမ်း..."
"ထျန်းနန် ကနေ ထွက်မသွားဘူးလို့ မင်း ကတိပေး... မဟုတ်ရင် ကိုယ် မလွှတ်ဘူး..."
"ရှင်... ရှင် တကယ် ဘာလိုချင်နေတာလဲ... ကျမကို အဲ့ဒီလို နည်းလမ်းတွေ သုံးပြီး စော်ကားချင်နေတာလား..."
ချီဝမ်ကျင်း၏ မျက်လုံးအိမ်များတွင် မျက်ရည်များ ပြည့်လဲ့နေပြီး ကျန်းချဲ့ကို စူးစိုက်ကြည့်နေလေသည်။ မျက်ရည်များကို သုတ်ချင်သော်လည်း လုံးဝ လှုပ်ရှား၍ မရနိုင်ချေ။
"ကိုယ် ကတိပေးပါတယ်... လုံးဝ ထပ်မလုပ်တော့ပါဘူး... မင်း ထွက်မသွားရင် ရပါပြီ..."
"ကျမကို အရင်လွှတ်..."
"မင်း အရင် ကတိပေးလေ..."
ချီဝမ်ကျင်းက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းလှည့်သွားပြီး စကားမပြောတော့ချေ။ သူမ၏ အကြည့်များက အလွန် ရှုပ်ထွေးနေလေသည်။ အချိန်အတော်ကြာပြီးနောက် ကျန်းချဲ့က သူမကို လွှတ်မပေးသေးသည်ကို မြင်သောအခါ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး မျက်လုံးအိမ်ထဲရှိ မျက်ရည်များကို ဖုံးကွယ်လိုက်လေသည်။
"ကျမ ကတိပေးတယ်..."
"ကျေးဇူးတင်ပါတယ် ဝမ်ကျင်း..."
ကျန်းချဲ့က အရှေ့သို့ တိုးကာ ချီဝမ်ကျင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်လေသည်။ သူ၏ ရုတ်တရက် လုပ်ရပ်ကြောင့် ချီဝမ်ကျင်း၏ ကိုယ်ခန္ဓာလေးမှာ တောင့်တင်းသွားလေသည်။
'ကတိပေးရင် လွှတ်ပေးမယ်လို့ ပြောထားတယ် မဟုတ်ဘူးလား... ဘာလို့ ရုတ်တရက်ကြီး လာဖက်ရတာလဲ...'
"ကျန်းချဲ့... ရှင်... ရှင် ဖယ်စမ်း..."
"ကြည့်ရတာ... ညီမလေး ရောက်လာတာလည်း အချိန်အခါ မတော်ဘူး ထင်တယ်..."
ချီဝမ်ကျင်း၏ စကားမဆုံးသေးမီ ခြံဝင်းအတွင်းမှ တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာလေသည်။ ချီနင်ပင်းက မျက်နှာလေး နီရဲလျက် နံရံကို မှီကာ ဖက်ထားကြသော သူတို့နှစ်ဦးကို စိတ်ဝင်တစား ကြည့်နေလေသည်။ သူမ၏ မျက်လုံးအိမ် အောက်ခြေတွင်တော့ ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင်လေးများ ပုန်းကွယ်နေလေသည်။
"နင်ပင်း... မင်း ရောက်လာတာ အချိန်ကိုက်ပဲ... ဝမ်ကျင်း သဘောတူလိုက်ပြီ..."
ကျန်းချဲ့က ခေါင်းလှည့်ကာ ပြုံးလျက် ပြောလိုက်လေသည်။
"သဘောတူလိုက်ပြီ... တကယ်လား..."
ချီနင်ပင်း ၏ မျက်နှာပေါ်ရှိ ဝမ်းသာမှုများကို လုံးဝ ဖုံးကွယ်၍ မရနိုင်တော့ဘဲ ချက်ချင်းပင် အရှေ့သို့ တက်လာလေသည်။
ချီဝမ်ကျင်းကတော့ နှုတ်ခမ်းကို တင်းတင်းစေ့ကာ အေးစက်သော အမူအရာကို အတင်းအကျပ် ဖန်တီး၍ ပြောလိုက်လေသည်။
"ကျန်းချဲ့... ရှင် အရမ်း မလွန်လာနဲ့နော်... ကျမ က ထျန်းနန် ကနေ ထွက်မသွားဘူးလို့ပဲ ကတိပေးခဲ့တာ... တခြား ကိစ္စတွေကို သဘောတူလိုက်တာ မဟုတ်ဘူး..."
"ကိစ္စမရှိပါဘူး... အားလုံး အတူတူပါပဲ..."
"ဘာ အတူတူပါပဲ လဲ... ကျမကို အခုချက်ချင်း လွှတ်စမ်း... မဟုတ်ရင် ကျမ မနက်ဖြန်ကျရင် ပစ္စည်းတွေ သိမ်းပြီး အိမ်ပြန်တော့မယ်..."
ချီဝမ်ကျင်းက မျက်လွှာချကာ မျက်ဝန်းထဲရှိ လှိုင်းဂယက်များကို ဖုံးကွယ်ရန် ကြိုးစားလိုက်ပြီး လေသံကို အေးစက်စွာ ထားလျက် ခြိမ်းခြောက်လိုက်လေသည်။
ကျန်းချဲ့က ထိုစကားကို ကြားသောအခါ ချီဝမ်ကျင်းကို ဖက်ထားသော လက်များကို ချက်ချင်း လွှတ်ပေးလိုက်လေသည်။
"ကောင်းပြီ... ကိုယ် လွှတ်ပေးမယ်... မင်း ထွက်မသွားရဘူးနော်..."
ချီဝမ်ကျင်းက ခပ်ဖွဖွ နှာခေါင်းရှုံ့လိုက်ပြီး ခေါင်းလှည့်ကာ အင်္ကျီလက်ကို ပုတ်ခါသကဲ့သို့ ဟန်ဆောင်လိုက်လေသည်။ ထို့နောက် ပြောလိုက်လေသည်။
"ရှင် အရင် ပြန်သွားလိုက်... ကျမ နင်ပင်း နဲ့ စကားပြောစရာ ရှိတယ်..."
ကျန်းချဲ့က ပါးစပ်အနည်းငယ် ဟသွားလေသည်။ ချီနင်ပင်းကတော့ အနည်းငယ် ကြောက်ရွံ့စွာဖြင့် လည်ပင်းကို ပုလိုက်လေသည်။ အစ်မဖြစ်သူက အပြစ်တင် မေးမြန်းတော့မည်ကို သူမ သိလိုက်လေသည်။ သို့သော် ရှောင်ပြေး၍လည်း မရနိုင်တော့သဖြင့် သွားကို တင်းတင်းကြိတ်ကာ ကျန်းချဲ့ကို ကြည့်၍ ပြောလိုက်လေသည်။
"အစ်ကို... အရင် ပြန်သွားလိုက်ပါ... ညီမလေး အစ်မကြီးနဲ့ စကားပြောလိုက်ဦးမယ်..."
"ပြန်သွားလို့ ရတယ်... ဒါပေမဲ့ မင်းတို့ ရန်မဖြစ်ရဘူးနော်..."
ကျန်းချဲ့ ၏ မျက်နှာပေါ်တွင် တွေဝေမှုများ ပေါ်လွင်နေလေသည်။ အကယ်၍ တကယ်တမ်း ရန်ဖြစ်ကြမည်ဆိုလျှင် ချီနင်ပင်း က ချီဝမ်ကျင်း ၏ ပြိုင်ဘက် လုံးဝ မဟုတ်ချေ။
"ရှင်က သူ့ကို အတော်လေး ဂရုစိုက်တာပဲ..."
ချီဝမ်ကျင်းက အေးစက်စွာ ရယ်မောလိုက်လေသည်။
"သူက ညီမလေးရဲ့ ယောကျ်ားလေ... သေချာပေါက် ဂရုစိုက်မှာပေါ့..."
ချီနင်ပင်း က ယခုအချိန်တွင် အရာအားလုံးကို ဂရုမစိုက်တော့ဘဲ မေးငေါ့ကာ မော်ကြွားစွာ ပြောလိုက်လေသည်။
"ဟွန့်..."
ခဏအကြာ ကျန်းချဲ့ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ချီဝမ်ကျင်းက ချက်ချင်း မေးခွန်းထုတ်လိုက်လေသည်။
"ချီနင်ပင်း... မင်း အရှက်ဆိုတာ တကယ် မရှိတော့ဘူးလား... ငါတို့ကြားမှာ နှလုံးသားချင်းဆက်သွယ်မှု ရှိတယ်ဆိုတာ သိလျက်နဲ့ အဲ့ဒီလို နည်းလမ်းမျိုး သုံးပြီး ငါ့ကို လာစွရသလား... အရေပြားတွေ ယားနေလို့လား... ငါ ဆုံးမမှ ရတော့မှာလား..."
ချီနင်ပင်း၏ အကြည့်များက အနည်းငယ် ရှောင်လွှဲသွားသော်လည်း ချက်ချင်းပင် သတ္တိပြန်မွေးကာ ပြောလိုက်လေသည်။
"ညီမလေး မေ့သွားလို့ပါ... အရင်တုန်းကလည်း ညီမလေးနဲ့ အစ်ကိုက အမြဲတမ်း ဒီလိုပဲလေ..."
"ကောင်းပြီလေ... ချီနင်ပင်း... ဒီနေ့မှ မင်းကို အသစ် ပြန်သိရတော့တာပဲ..."
ချီဝမ်ကျင်းက သွားကို တင်းတင်းကြိတ်ကာ ချီနင်ပင်းကို လက်ညှိုးထိုးပြီး အလွန် ဒေါသထွက်နေလေသည်။ အပြစ်လုပ်ထားသည်ကို သိလျက်နှင့် အကြောင်းပြချက် ပေးကာ ရဲတင်းနေသည် ပါလား။ တကယ်ကို အနိုင်ကျင့်လွန်းလှပေတကား။
"အစ်မကြီး... ကိစ္စတွေက ဒီလို ဖြစ်နေပြီကို... ဘာတွေ ဒေါသထွက်နေဦးမှာလဲ... စောစောက အစ်မကြီးတို့ နှစ်ယောက် ဖက်ထားတာကို ညီမလေး မြင်လိုက်ပါတယ်နော်... ခေါင်းမာ မနေပါနဲ့တော့... စိတ်ချပါ... ညီမလေး အရင်က ပြောခဲ့သလိုပါပဲ... အစ်မကြီးက ဇနီးကြီး လုပ်... ညီမလေးက မယားပြိုင် လုပ်မယ်... ရတယ်မလား..."
ချီနင်ပင်းက အပြစ်ရှိသလို ခံစားနေရသဖြင့် အသံကို နှိမ့်ချကာ ပြောလိုက်လေသည်။
"မင်းက ကိုယ်လုပ်တော် လုပ်မယ်ဆို..."
ချီဝမ်ကျင်းက အေးစက်စွာ ပြန်မေးလိုက်လေသည်။
"ညီမလေး..."
ချီနင်ပင်း တစ်ယောက် စကားပြောမထွက် ဖြစ်သွားလေသည်။ အရင်က သူမ တကယ်ပဲ ပြောခဲ့ဖူးလေသည်။ အစ်မဖြစ်သူ ချီဝမ်ကျင်းက သူမကို ခွင့်လွှတ်ပေးမည်ဆိုလျှင် အငယ်လုပ်ရန် ဆန္ဒရှိကြောင်း၊ ကိုယ်လုပ်တော် လုပ်ရမည်ဆိုလျှင်လည်း ရကြောင်း ပြောခဲ့ဖူးသော်လည်း အစ်မဖြစ်သူက တကယ်ပဲ အလေးအနက် ထားနေမည်ဟု မထင်မှတ်ထားခဲ့ချေ။
"ဘယ်လိုလဲ... စကားမပြောတော့ဘူးလား..."
"ကောင်းပြီလေ... အစ်မကြီးက ညီမလေးကို ခွင့်လွှတ်ပြီး အစ်ကို နဲ့ ဆက်လက် လက်ထပ်မယ်ဆိုရင်... ကိုယ်လုပ်တော် လုပ်ဆိုလည်း လုပ်ပါ့မယ်..."
ချီနင်ပင်းက သွားကို တင်းတင်းကြိတ်ကာ ပြောလိုက်လေသည်။
"ချီနင်ပင်း... မင်းက တကယ်ကို လွန်တယ်နော်... ကျန်းချဲ့ အတွက်နဲ့ ကိုယ်လုပ်တော် လုပ်ရမှာကိုတောင် ကျေနပ်နေတယ်ပေါ့..."
ချီဝမ်ကျင်းက ညီမဖြစ်သူကို စူးစိုက်ကြည့်နေလေသည်။
"အစ်မကြီး... အဲ့ဒီစကားပုံ ကို မကြားဖူးဘူးလား... ဇနီးကြီးက ကိုယ်လုပ်တော်လောက် အချစ်မခံရဘူး ဆိုတာလေ..."
"မင်းက တဖြည်းဖြည်းနဲ့ ပိုပိုပြီး အရှက်မရှိ ဖြစ်လာပါလား..."
ချီနင်ပင်းက နှုတ်ခမ်းဆူကာ ပြောလိုက်လေသည်။
"ညီမလေးက အစ်ကို့ကိုပဲ လိုချင်တာ... မျက်နှာ မလိုဘူး..."
"ဟွန့်..."
ချီဝမ်ကျင်းက ညီမဖြစ်သူကို အထင်သေးစွာ စူးစိုက်ကြည့်လိုက်လေသည်။
"ဒါဆိုလည်း ဒီလိုပဲ သဘောတူလိုက်ပြီနော်... မင်္ဂလာပွဲ ကိစ္စကို ဆက်လုပ်ကြမယ်... အစ်မကြီး ထပ်ပြီး ကလေးဆန်တဲ့ အလုပ်တွေ မလုပ်ရတော့ဘူးနော်..."
"ဘာကို သဘောတူရမှာလဲ... မင်း လျှောက်မပြောနဲ့..."
ချီဝမ်ကျင်းက အနည်းငယ် မှင်သက်သွားပြီးနောက် ချက်ချင်း ရှင်းပြလိုက်လေသည်။
"စောစောကပဲ အစ်မကြီး ပြောလိုက်တာလေ... အစ်မကြီးက ဇနီးကြီး လုပ်ပြီး ညီမလေးက ကိုယ်လုပ်တော် လုပ်မယ်ဆို... ဂုဏ်သိက္ခာကြီးမားတဲ့ ချီမိသားစုရဲ့ သခင်မလေး က ကတိဖျက်တော့မှာ မဟုတ်ပါဘူးနော်..."
ချီနင်ပင်းက 'မဖြစ်နိုင်ဘူး မလား... မဖြစ်နိုင်ဘူး မလား' ဟူသော အမူအရာဖြင့် ချီဝမ်ကျင်းကို ကြည့်ကာ ပြောလိုက်လေသည်။
"ငါက စကားကြုံလို့ ပြောလိုက်တာပါ... မင်းလိုမျိုး အရှက်မရှိတဲ့ အလုပ်ကို လုပ်မယ်လို့များ တွေးမနေနဲ့..."
ချီဝမ်ကျင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။
နောက်တစ်နေ့။ ဧည့်ခန်းမဆောင် အတွင်း၌။
မူလက ကျန်းချဲ့မှာ ချီဝမ်ကျင်းကို ဆက်လက် နှစ်သိမ့်ရန် ပြင်ဆင်ထားခဲ့လေသည်။ ယမန်နေ့ညက ကိစ္စများအရ သူက ချီဝမ်ကျင်း၏ အတွေးများကို အခြေခံအားဖြင့် နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်လေသည်။ အနည်းငယ် ထပ်မံ ကြိုးစားလိုက်ပါက ချီဝမ်ကျင်း သဘောတူလာမည်မှာ အသေအချာပင်။ သို့သော် ယခုအချိန်တွင် သူ အမှန်တကယ်ပင် အချိန်မပေးနိုင်တော့ချေ။ အကြောင်းမှာ သူက ရင်းနှီးသော မိတ်ဆွေတစ်ယောက်နှင့် တွေ့ဆုံရမည် ဖြစ်သောကြောင့် ပင်တကား။ ခွဲခွာနေရသည်မှာ နှစ်ဝက်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း အမြဲတမ်းလိုလို သတိရနေမိသော မိတ်ဆွေဟောင်း တစ်ယောက်ပင် ဖြစ်လေသည်။
"လက်အောက်ငယ်သား ချီဟွမ်း... တပ်မှူးကြီးကို ဂါရဝပြုပါတယ်..."
ရင်းနှီးနေသော မျက်နှာ... ရင်းနှီးနေသော လေယူလေသိမ်း... တစ်ခုတည်းသော ကွာခြားချက်မှာ ယခုအချိန်တွင် ချီဟွမ်းနှင့် ကျန်းချဲ့တို့၏ အဆင့်အတန်းများက ကောင်းကင်နှင့်မြေကြီး အလား လုံးဝ ပြောင်းပြန် ဖြစ်သွားခဲ့ပြီ ပင်ဖြစ်လေသည်။
မူလက ချီဟွမ်းမှာ တပ်မှူးချုပ်၏ သား... တပ်ဖွဲ့တစ်ခု၏ အုပ်ချုပ်ရေးတပ်မှူး... ထို့အပြင် ကျန်းနန် ဒေသရှိ မိသားစုကြီး၏ မျိုးဆက်ခွဲ တစ်ခု ဖြစ်ရာ အနာဂတ်တွင် အလွန် တောက်ပမည့် သူတစ်ယောက် ပင်ဖြစ်လေသည်။ ကျန်းချဲ့ ကရော။ သူက အလွန် ထူးခြားသူ ဖြစ်သော်လည်း အစွမ်းအစ အနည်းငယ်သာ ပြသနိုင်ခဲ့သူ ဖြစ်လေသည်။ ကျောထောက်နောက်ခံ ရရှိရန်အတွက် ချီဟွမ်း၏ မိတ်ဆက်ပေးမှုကိုပင် အကူအညီ ယူခဲ့ရသူ ပင်ဖြစ်သည်။
သို့သော် ယခုတော့... အရာအားလုံးက ကွာခြားသွားခဲ့လေပြီ။ ချီဟွမ်းက အခွင့်အရေးတစ်ခုအတွက် နယ်စပ်သို့ သွားရောက်ခဲ့ပြီး ပြန်ရောက်လာချိန်တွင် တစ်ဟုန်ထိုး နာမည်ကြီးလာကာ ထိုက်အန်း ဒေသတစ်ခုလုံး သူ့နာမည်ဖြင့် ပြည့်နှက်သွားမည်ဟု ထင်မှတ်ထားခဲ့သော်လည်း ရလဒ်မှာတော့... သူ လွန်လွန်ကျွံကျွံ တွေးမိခဲ့ကြောင်း သိရှိသွားခဲ့ရလေသည်။
သူ ထွက်ခွာသွားသော နှစ်ဝက်အတွင်း ထိုက်အန်း ဒေသ၏ အစစ်အမှန် ဇာတ်လိုက်မှာ ကျန်းချဲ့ ပင် ဖြစ်နေခဲ့လေသည်။ ယခင်က လက်နက်တပ်ဖွဲ့မှ သာမန် တပ်သားလေး တစ်ယောက်... နောက်ပိုင်း ယန်ဂူခရိုင် ၏ သာမန် တပ်မှူးလေး တစ်ယောက် ဖြစ်ခဲ့သူက... ယခုအခါတွင်တော့ ထိုက်အန်း ဒေသတစ်ခုလုံးကို တုန်လှုပ်စေခဲ့ရုံသာမက... ယွဲ့ပြည်နယ် တစ်ခုလုံးနှင့် ကျန်းနန် ဒေသ တစ်ခုလုံးကိုပါ တုန်လှုပ်သွားစေခဲ့လေပြီ။
အရင်ဆုံး ပြိုင်ဘက်ကင်းသော အရှိန်အဝါဖြင့် ထိုက်ရှန်းမြို့ သို့ ရောက်ရှိလာပြီး အချိန်တိုအတွင်းမှာပင် ကြီးမားလှသော မုန်တိုင်းကြီး တစ်ခုကို ဖန်တီးခဲ့လေသည်။ အင်အားစုကြီး ခြောက်ခုမှာ ပျက်စီးသူက ပျက်စီး... သေသူက သေ... အရှုံးပေးသူက အရှုံးပေးဖြင့် ယခုအခါ လက်ချိုးရေတွက်၍ ရလောက်အောင်သာ ကျန်ရှိတော့လေသည်။ ထိုအရာများက အစပျိုးမှု သက်သက်သာ ရှိသေးလေသည်။
ထို့နောက်ပိုင်းတွင်တော့ ကျန်းချဲ့၏ တိုးတက်မှုများက ထိန်းချုပ်၍ မရနိုင်လောက်အောင် ဖြစ်လာခဲ့လေသည်။ သူ၏ ဖခင်ဖြစ်သူ ချီဆန်းကျား ၏ မိတ်ဆက်ပေးမှုဖြင့် ချီမိသားစု ပင်မအိမ်တော်၏ မျက်စိကျခြင်းကို ခံခဲ့ရပြီး ချီမိသားစု၏ သခင်မလေး ချီဝမ်ကျင်း နှင့် အောင်မြင်စွာ စေ့စပ်နိုင်ခဲ့လေသည်။ ထိုအရာများကို အခြေခံကာ ထျန်းနန်မြို့ သို့ အစွမ်းထက်စွာ ရောက်ရှိလာပြီး လဲ့ထင်ကို အနိုင်ယူခဲ့လေသည်။ ထို့နောက် သွေးပင်လယ် မိစ္ဆာနဂါး ဟူသော ဘွဲ့အမည်ကိုပင် ရရှိခဲ့လေသည်။
တစ်နှစ်ပင် မပြည့်သေးသော အချိန်တိုအတွင်း အဆင့်အတန်းက အဆမတန် ခုန်တက်သွားခဲ့လေရာ ဤအရာအားလုံးကို သူ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မသိရှိခဲ့ရဘူး ဆိုပါက ချီဟွမ်းအနေဖြင့် လုံးဝ ယုံကြည်မည် မဟုတ်ချေ။ သို့သော်... ဤသည်က အမှန်တရား ပင်ဖြစ်လေသည်။ ထို့အပြင် သူက ကျန်းချဲ့၏ လက်အောက်ငယ်သား အဖြစ် ရောက်ရှိလာပြီး အရိုအသေ ပေးရမည့် အခြေအနေသို့ ရောက်ရှိနေပြီ ပင်တကား။
ယခုအချိန်တွင် ချီဟွမ်း၏ စိတ်နှလုံးများက အလွန် ရှုပ်ထွေးနေလေသည်။ အကြောင်းမှာ ကျန်းချဲ့၏ လက်အောက်ငယ်သား ဖြစ်လာခြင်းကပင် သူ၏ အတွက် ရရန်ခဲယဉ်းလှသော အခွင့်အရေး တစ်ခု ဖြစ်နေသောကြောင့်ပင်။
"ချီဟွမ်း... မင်းက ဒီလို အမူအရာမျိုး လုပ်နေတော့ ငါ့အတွက် နေရထိုင်ရ ခက်တာပေါ့... ငါက ချီဦးလေးကို ပြောပြီး မင်းကို ဒီပြောင်းခိုင်းတာက အာဏာပြဖို့ မဟုတ်ပါဘူး... မင်းကို တကယ် သတိရနေလို့ပါ..."
ကျန်းချဲ့က ချီဟွမ်းကို ထူမလိုက်ပြီး သူ၏ ရင်ဘတ်ကို ခပ်ဖွဖွ တစ်ချက် ထိုးလိုက်လေသည်။
ချီဟွမ်းက ပြုံးဖြဲဖြဲ လုပ်လိုက်ပြီး ကျန်းချဲ့မှာ ယခင်အတိုင်း မပြောင်းလဲသေးသည်ကို မြင်သောအခါ ရင်ထဲတွင် သက်သာရာ ရသွားပြီး သက်ပြင်းချကာ ပြောလိုက်လေသည်။
"နှစ်ဝက်လောက် မတွေ့ရတဲ့ အချိန်အတွင်းမှာ ကျန်းချဲ့... မင်းက တကယ်ကို မျက်လုံးပြူးလောက်အောင် အံ့ဩရပါတယ်ကွာ..."
"ချီဟွမ်း... မင်းလည်း အတူတူပဲ မဟုတ်ဘူးလား..."
ကျန်းချဲ့က တစ်ဖက်လူကို ပြုံးစစ ဖြင့် ကြည့်လိုက်လေသည်။ ယခုအချိန်တွင် ချီဟွမ်း၏ ကွာခြားမှုကို သူ ရှင်းလင်းစွာ အာရုံခံမိနေလေသည်။ နှစ်ဝက်ကျော် အချိန်အတွင်း ယခင်က သွေးကြောပွင့် အဆင့်သာ ရှိသေးသော ချီဟွမ်း မှာ ယခုအခါတွင် ယွမ်ဟိုင်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ပင်ဖြစ်လေသည်။
ထို့အပြင် သူက ချီဟွမ်း၏ ကိုယ်ပေါ်မှ အမည်မသိ အန္တရာယ် အငွေ့အသက် အနည်းငယ်ကိုပင် ခံစားနေရလေသည်။ မွေးရာပါအဆင့် ကျင့်ကြံမှုဖြင့် သူ့ကို အန္တရာယ်ရှိသည်ဟု ခံစားရစေခြင်းက... ထို အန္တရာယ်က အလွန် နည်းပါးလင့်ကစား အလွန် ထူးခြားလှပေသည်။ ယခုအချိန်တွင် ချီဟွမ်း၌ သာမန် ရွှမ်တန်အဆင့် သိုင်းသခင်များကို ရင်ဆိုင်နိုင်စွမ်း ရှိနေကြောင်း သက်သေပြနေလေသည်။ ဤသည်က အလွန် အံ့အားသင့်ဖွယ် ကောင်းလွန်းလှပေသည်။
ချီဟွမ်းက ခါးသီးစွာ ပြုံးလိုက်လေသည်။ ကျန်းချဲ့က သူ၏ အခြေအနေကို ရိပ်မိသွားကြောင်း သိလိုက်သဖြင့် ဖုံးကွယ်မနေတော့ဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်လေသည်။
"အရင်တုန်းက ငါ မြောက်ပိုင်း နယ်စပ်ကို အတင်း သွားချင်ခဲ့တာက မထင်မှတ်ဘဲ အမွေအနှစ် တစ်ခုကို ရခဲ့လို့ပါ... အဲ့ဒီ တစ်ခေါက် သွားတာက စီနီယာ တစ်ယောက် ချန်ထားခဲ့တဲ့ လျှို့ဝှက်ရတနာ တစ်ခုကို သွားယူတာလေ... ပြန်ရောက်ရင် မင်းကို ကူညီပေးမယ်လို့ တွေးထားတာ... အခုတော့ ဟားဟားဟား... မင်းရဲ့ နောက်မှာ အများကြီး ပြတ်ကျန်ခဲ့တာပဲ..."
ကျန်းချဲ့က ပြုံးလိုက်ပြီး ချီဟွမ်း၏ အခွင့်အရေးကို ဆက်လက်၍ မစူးစမ်းလိုတော့ချေ။ မည်သို့ပင်ဆိုစေ သူ၏ အခွင့်အရေး နှင့် နှိုင်းယှဉ်ပါက မည်သည့် အခွင့်အရေး မျိုးမဆို အလွန် သာမန်ဖြစ်နေမည်မှာ သေချာလေသည်။ ချက်ချင်းပင် စကားလမ်းကြောင်း ပြောင်းလိုက်လေသည်။
"ချီဟွမ်း... မင်း ပြန်မလာခင် ထိုက်အန်း သိုင်းလောကကို တစ်ပြေးညီ ဖြစ်အောင် လုပ်နိုင်ရင်... စစ်သူကြီး မိသားစုက နတ်မိမယ်လေး တစ်ပါးလို လှပတဲ့ မင်းရဲ့ အစ်မဝမ်းကွဲကို မိတ်ဆက်ပေးမယ် ဆိုတာ ငါ မှတ်မိသေးတယ်နော်... ဘယ်လိုလဲ... အဲ့ဒီ စကားက အခုထိ အတည်ပဲလား..."
ချီဟွမ်း၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားလေသည်။
"မင်းက စေ့စပ်ပွဲတောင် လုပ်ပြီးသွားပြီကို... ငါက မိတ်ဆက်ပေးစရာ လိုသေးလို့လား…”