← Chapters

အခန်း ၂၇၇

Vol. 28 Ch. 277

အခန်း ၂၇၇

Vol. 28 Ch. 277

အခန်း (၂၇၇) နယ်မြေအတွင်းသို့ ဝင်ရောက်ခြင်း

တောင်ပိုင်းယွဲ့ နယ်စပ်... မင်ယွဲ့ရေကန်။

ကောင်းကင်ယံတွင် မှောင်ရီပျိုးလာပြီး ကျန်းချဲ့ က တောင်ထိပ်တစ်ခုပေါ်တွင် မတ်မတ်ရပ်ကာ အောက်ဘက်ရှိ လပြည့်ဝန်း ပုံသဏ္ဌာန် ရှိသော ရေကန်ကြီးကို ငုံ့ကြည့်ရင်း နက်နက်ရှိုင်းရှိုင်း တွေးတောနေလေသည်။

နင်ကတော် ကို နှုတ်ဆက်ပြီး နင်မင်းသားအိမ်တော် မှ ထွက်ခွာလာပြီးနောက် ကျန်းချဲ့ က အချိန် လုံးဝ မဆိုင်းတော့ဘဲ ဤနေရာသို့ တိတ်တဆိတ် ထွက်ခွာလာခဲ့ခြင်း ပင်ဖြစ်သည်။ ထျန်းနန်မြို့ နှင့် နှိုင်းယှဉ်ပါက ဤနေရာက သိပ်ပြီး မဝေးလှချေ။

မည်သို့ပင်ဆိုစေ ထျန်းနန် ကိုယ်တိုင်က နယ်စပ်ရှိ မြို့တစ်မြို့ ဖြစ်ပြီး မင်ယွဲ့ရေကန် က တောင်ပိုင်းယွဲ့ နိုင်ငံ နယ်နိမိတ် အတွင်းတွင် ရှိသော်လည်း နယ်စပ် ဒေသ အတွင်းတွင်ပင် ရှိနေသေးရာ... နှစ်ခုကြားရှိ အကွာအဝေးမှာ မိုင်ငါးရာခန့်သာ ရှိလေသည်။

လမ်းတစ်လျှောက်လုံး ကျန်းချဲ့ က အလွန် သတိထားခဲ့လေသည်။ ကိုယ်ရောင်ဖျောက် နတ်မှော်အဆောင် ကို အသုံးမပြုခဲ့သော်လည်း သူ၏ အရှိန်အဝါ များကို သေချာစွာ ဖုံးကွယ်လာခဲ့လေသည်။

နောက်ဆုံးတွင် ဒုတိယနေ့ ၌ သူ ဤနေရာသို့ ရောက်ရှိလာခဲ့လေပြီ။

ယခုအချိန်မှာ ဒုတိယနေ့ ညနေစောင်း အချိန် ပင်ဖြစ်သည်။

နေ့ခင်းဘက်တွင် လှုပ်ရှားပါက အနည်းငယ် သိသာလွန်းနေမည် ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူ၏ လက်ထဲတွင် ကိုယ်ရောင်ဖျောက် နတ်မှော်အဆောင် ရှိသော်လည်း ၎င်းက အရှိန်အဝါ နှင့် နတ်အာရုံ ကိုသာ ဖုံးကွယ်ပေးနိုင်ပြီး ရုပ်ခန္ဓာကြီး ကတော့ ရှိနေဆဲ ပင်ဖြစ်သည်။ ဤနေရာတွင် သူ၏ စုံစမ်းမှုများ အရ စစ်တပ်ကြီး တစ်ခု အစောင့်ချထားလေသည်။

တောင်ပိုင်းယွဲ့ မှ စစ်သည် တစ်သောင်းခန့် က မင်ယွဲ့ရေကန် ပတ်လည်ကို တင်းကျပ်စွာ စောင့်ကြပ်နေသဖြင့် သူ ဝင်ရောက်ရန် အလွန် ခက်ခဲလှပေသည်။

အကြောင်းမှာ စစ်သည် အမြောက်အမြား အစောင့်ချထားသည့် အပြင်... မင်ယွဲ့ရေကန် အနီးတစ်ဝိုက်တွင် အစွမ်းထက် သိုင်းပညာရှင် များစွာ၏ အရှိန်အဝါ များကိုပါ ကျန်းချဲ့ က ခံစားသိရှိထားသောကြောင့် ပင်ဖြစ်သည်။ အနည်းဆုံး ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ပါး နှင့် ရွှမ်တန်အဆင့် သိုင်းသခင် လေးပါး ခန့် ရှိလေသည်။

ဤ အင်အားစု က အလွန် အစွမ်းထက် လှပေသည်။ ရွှမ်တန်အဆင့် သိုင်းသခင် များကို သူ သိပ်ဂရုမစိုက်သော်လည်း အဓိက ပြဿနာမှာ စွမ်းအား အတိအကျ မသိရသော ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ပါး ရှိနေခြင်း ပင်ဖြစ်သည်။

ယခု သူ၏ စွမ်းအား အရ... ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင် ကို ထည့်မတွက်ဘူး ဆိုလျှင် အများဆုံး ရွှေအမြုတေအဆင့် သိုင်းသခင် တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလေသည်။ အဆင့်ကြီး တစ်ခု ကျော်လွန်ကာ ရှန်ရှန်းအဆင့် မဟာသိုင်းသခင် နှင့် တိုက်ခိုက်မည် ဆိုခြင်းမှာ သေလမ်းရှာနေခြင်း နှင့် အတူတူပင် ဖြစ်လေသည်။

ထို့ကြောင့် သေချာပေါက် သတိထားရမည် ပင်။

ဤသည်က သူ အမြဲတမ်း လက်ကိုင်ထားသော လမ်းစဉ် ပင်ဖြစ်သည်။

ထိုအကြောင်းကြောင့် ပင် သူ က မှောင်မိုက်လာမည့် အချိန်ကို စောင့်ဆိုင်း နေခြင်း ပင်ဖြစ်သည်။

မှောင်မိုက်လာချိန်တွင် အမြင်အာရုံများ လျော့ကျသွားမည် ဖြစ်ရာ သာမန် စစ်သည်များ အနေဖြင့် သူ၏ ထူးခြားမှုကို အာရုံခံမိရန် အလွန် ခက်ခဲလှပေသည်။ ဘေးပတ်ဝန်းကျင်ရှိ ရှန်ရှန်းအဆင့် မဟာသိုင်းသခင် မှာလည်း ကိုယ်ရောင်ဖျောက် နတ်မှော်အဆောင် ကြောင့် သူ့ကို အာရုံခံမိမည် မဟုတ်ချေ။

ဤသည်မှာ အလုံခြုံဆုံး နှင့် အသင့်တော်ဆုံး နည်းလမ်း ပင်ဖြစ်လေသည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားလေသည်။

ကောင်းကင်ယံ ကလည်း ပိုမို မှောင်မိုက်လာပြီး အောက်ဘက်ရှိ မင်ယွဲ့ရေကန် ပတ်လည်တွင် မီးရောင်များ စတင် လင်းလက်လာလေသည်။ မီးရောင် အောက်တွင် လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားသော စစ်သည် အဖွဲ့များ က သေချာစွာ ကင်းလှည့် နေကြလေသည်။

ထင်ရှားသည်ကတော့ တောင်ပိုင်းယွဲ့ နိုင်ငံ က ဤ မင်ယွဲ့ရေကန်... တိတိကျကျ ပြောရမည် ဆိုလျှင် မင်ယွဲ့ရေကန် အောက်ခြေရှိ ချီရွှယ် လျှို့ဝှက်နယ်မြေ ကို အလွန် အလေးထားကြောင်း တွေ့ရလေသည်။ မတော်တဆမှုများ မဖြစ်ပေါ်စေရန် နေ့ရောညပါ အဆက်မပြတ် ကင်းလှည့် စောင့်ကြပ်နေကြခြင်း ပင်ဖြစ်သည်။

သေချာသည်ကတော့ ကျန်းချဲ့ ကလည်း ကြိုတင် စုံစမ်းထားပြီး ဖြစ်လေသည်။ တောင်ပိုင်းယွဲ့ နိုင်ငံ ၏ ရည်ရွယ်ချက်မှာ လျှို့ဝှက်နယ်မြေ ကို ပိတ်ဆို့ထားရန် ဖြစ်သော်လည်း အပြင်ပန်းတွင်တော့ ဤနေရာရှိ နယ်စပ်ဂိတ် ကို စောင့်ကြပ်ရန် ဟု အကြောင်းပြထားလေသည်။

ထို့ကြောင့် အချိန် အကြာကြီး ဤနေရာတွင် စစ်တပ် စခန်းချနေသော်လည်း မည်သူကမျှ ထူးခြားမှုကို မခံစားခဲ့ရချေ။

အရာအားလုံးက ပုံမှန်သာ ဖြစ်သည်ဟု ထင်မှတ်နေကြလေသည်။

အလယ်ပိုင်းဒေသ အစိုးရ က ထျန်းနန် နယ်စပ်ရှိ မြို့အချို့တွင် စစ်တပ်များ အစောင့်ချထားသကဲ့သို့ ပင်ဖြစ်သည်။

အပေါ်ဘက်ရှိ လမင်းကြီးကို တစ်ချက် မော့ကြည့်လိုက်ရာ... ယခုအခါ တိမ်မည်းများ၏ ဖုံးကွယ်မှု အောက်တွင် အလင်းရောင်များ အများကြီး မှေးမှိန်သွားပြီ ဖြစ်သည်ကို မြင်သောအခါ ကျန်းချဲ့ လည်း တောင်ထိပ်ပေါ်မှ တိတ်တဆိတ် ထွက်ခွာသွားလေတော့သည်။

အချိန်တန်ပြီ ပင်။

ကိုယ်ရောင်ဖျောက် နတ်မှော်အဆောင် ကို လက်ထဲတွင် ကိုင်ထားလိုက်ရာ... မှိန်ဖျော့သော အလင်းရောင်လေး တစ်ခု လင်းလက်သွားပြီးနောက် ကျန်းချဲ့ ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါ များမှာ အနိမ့်ဆုံး အဆင့်ထိ ဖိနှိပ်ခံလိုက်ရလေသည်။ အနီးဆုံးရှိ စစ်စခန်း တစ်ခုဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားလိုက်လေသည်။

တိုက်ဆိုင်စွာပင် တောင်ပိုင်းယွဲ့ စစ်သည် အချို့ က သူ့ဆီသို့ ချဉ်းကပ်လာနေလေသည်။ ကျန်းချဲ့ အနီးသို့ ရောက်ရှိလာသည်ကို သတိထားမိချိန်တွင် မေးခွန်းထုတ်ရန် ပြင်လိုက်သော်လည်း... နောက်တစ်စက္ကန့်တွင် အလွန် ကြီးမားသော ဖိအား တစ်ခု က သူတို့ ကိုယ်ပေါ်သို့ လွှမ်းခြုံလာလေသည်။

စစ်သည် အချို့ ၏ မျက်လုံးများ ချက်ချင်း အလင်းရောင် ကင်းမဲ့သွားပြီး မြေကြီးပေါ်သို့ ခွေခွေလေး လဲကျသွားကြလေသည်။

ကျန်းချဲ့ က တောင်ပိုင်းယွဲ့ စစ်သည် တစ်ယောက် ၏ ဝတ်စုံကို အလျင်အမြန် လဲလှယ် ဝတ်ဆင်လိုက်ပြီး အလောင်းများကို ရှင်းလင်း ပစ်လိုက်လေသည်။ ထို့နောက် တောင်ပိုင်းယွဲ့ စစ်စခန်း အတွင်းသို့ ရောနှော ဝင်ရောက် သွားလေသည်။ ဤ အသွင်အပြင် နှင့် ကိုယ်ရောင်ဖျောက် နတ်မှော်အဆောင် ၏ စွမ်းအင်များ ပေါင်းစပ်လိုက်သောအခါ...

သူ ပေါ်လွင်သွားနိုင်ခြေ လုံးဝ မရှိသလောက် ပင် ဖြစ်သွားလေသည်။

မကြာမီမှာပင် မင်ယွဲ့ရေကန် ဘေးသို့ လျင်မြန်စွာ ရောက်ရှိသွားလေသည်။

ဘေးပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ရာ... မည်သူကမျှ သူ့ကို သတိမထားမိကြောင်း သေချာသွားသောအခါ ကျန်းချဲ့ က မှောင်မိုက်နေသော ရေကန်ထဲသို့ ဖြည်းညင်းစွာ ခုန်ဆင်းသွားလေသည်။ ရေပြင်တွင် လှိုင်းဂယက် အနည်းငယ် ထသွားပြီးနောက် ကျန်းချဲ့ ၏ ပုံရိပ် လုံးဝ ပျောက်ကွယ်သွားလေတော့သည်။

လျှို့ဝှက်နယ်မြေ က မင်ယွဲ့ရေကန် အောက်ခြေတွင် ရှိနေသဖြင့် ကျန်းချဲ့ လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်လိုပါက အရင်ဆုံး ရေအောက်သို့ ငုပ်ဆင်းရမည် ပင်ဖြစ်သည်။

ကျန်းချဲ့ ကို သက်သာရာ ရသွားစေသည်မှာ ရေကန်ထဲတွင် တောင်ပိုင်းယွဲ့ မှ ချထားသော မည်သည့် အစီအရင် မှ မရှိခြင်း ပင်ဖြစ်သည်။ သူ ရေအောက်သို့ ငုပ်ဆင်းရသည်မှာ အလွန် ချောမွေ့နေပြီး ငုပ်ဆင်းနေစဉ် ဘေးပတ်ဝန်းကျင်မှ ဖြတ်ကူးသွားသော ငါးများ၊ ပုစွန်များကိုပင် တွေ့မြင်နေရလေသည်။

ဆယ်ပေ...

ပေနှစ်ဆယ်...

ပေတစ်ရာ...

ယခုအခါ ကျန်းချဲ့ မှာ ရေအောက် မီတာ သုံးဆယ်ကျော် အထိ ရောက်ရှိနေပြီ ဖြစ်လေသည်။ နတ်အာရုံကို ဖြန့်ကြက်ကာ အရပ်လေးမျက်နှာကို လွှမ်းခြုံထားလိုက်ပြီး မျက်လုံးများကို မှိတ်လျက် ဘေးပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာနိုင်သော အပြောင်းအလဲ များကို ခံစားနေလေသည်။

သို့သော် မကြာမီမှာပင် မျက်လုံးများကို ပြန်ဖွင့်လိုက်လေသည်။

ရေအောက်တွင်...

ထူးခြားသော နေရာ မရှိသကဲ့သို့ ပင်။

မျက်ဝန်းများ လှုပ်ရှားသွားပြီး ကျန်းချဲ့ က သိုလှောင်ရေး လက်ကောက် ထဲမှ ဝမ်ကျဲ့ မိစ္ဆာဓား ကို ထုတ်ယူလိုက်လေသည်။ သူ၏ အမြင်အရ ဤနေရာ၏ ဝင်ပေါက်က အရင် ရွှမ်လင် လျှို့ဝှက်နယ်မြေ နှင့် ခပ်ဆင်ဆင် တူညီနေလောက်မည်ဟု ယူဆမိလေသည်။

အပြင်ပန်းတွင် ကြည့်မည် ဆိုလျှင် မည်သည့် ထူးခြားမှုကိုမျှ ခံစားရမည် မဟုတ်ဘဲ အစီအရင် များကို ကောင်းကင်နှင့်မြေကြီး ကြားတွင် ဖုံးကွယ်ထားခြင်း ပင်ဖြစ်သည်။

'သော့' ကို ရရှိမှသာ ဘေးပတ်ဝန်းကျင် တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည် ပင်ဖြစ်သည်။

အမှန်တကယ်ပင် ထိုအတိုင်း ဖြစ်နေလေသည်။ ကျိုးရိ က ကျန်းချဲ့ ကို မလိမ်ညာခဲ့ချေ။ ဝမ်ကျဲ့ မိစ္ဆာဓား လက်ထဲသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ပြောင်းလဲမှုများ စတင် ဖြစ်ပေါ်လာလေသည်။

ပထမဆုံး ပြောင်းလဲသွားသည်မှာ ကျန်းချဲ့ ၏ လက်ထဲရှိ ဝမ်ကျဲ့ မိစ္ဆာဓား ပင် ဖြစ်လေသည်။ လျှို့ဝှက်ဆန်းကြယ်သော သွေးရောင် အမှတ်အသား များ ချက်ချင်း လင်းလက်လာပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျန်းချဲ့ ၏ လက်ထဲရှိ မိစ္ဆာဓား မှာ စူးရှသော အလင်းရောင်များ ထွက်ပေါ်လာလေသည်။

အလင်းရောင်များ က အရပ်လေးမျက်နှာ သို့ လွှမ်းခြုံသွားပြီး ပိုမို ကျယ်ပြန့်လာလေသည်။

မင်ယွဲ့ရေကန် အောက်ခြေ ကလည်း 'သော့' ၏ တည်ရှိမှုကို ခံစားမိသွားသကဲ့သို့ ဘေးပတ်ဝန်းကျင်ရှိ အစီအရင် များက အလိုအလျောက် အသက်ဝင်လာလေသည်။ ရေအောက်ခြေရှိ ရွှံ့နွံများ အပေါ်သို့ တက်လာလေသည်။

စူးရှသော သွေးရောင် အလင်းတန်း များ စတင် တောက်ပလာလေသည်။

တစ်ချိန်တည်းမှာပင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား တစ်ခု ကလည်း စတင် ပြောင်းလဲလာလေသည်။

စူးရှသော သွေးရောင် အလင်းတန်း က ရေမျက်နှာပြင် ဆီသို့ တိုက်ရိုက် ထိုးတက်သွားပြီး တောက်ပသော အလင်းရောင် က အဆုံးအစမရှိသော အမှောင်ထု ကို ထိုးဖောက်သွားလေသည်။ ရေကန် အောက်ခြေတွင် မိစ္ဆာများ တစ်ကောင်ပြီး တစ်ကောင် နိုးထလာသည့် အလားပင်။

ဤကဲ့သို့သော ပြောင်းလဲမှုများ က ဘေးပတ်ဝန်းကျင်ရှိ စစ်သည်များကို အလွန် အံ့အားသင့်သွားစေလေသည်။

"ဒါ... ဒါက ဘာကြီးလဲ..."

"သွေး... သွေးရောင် အလင်းတန်း..."

"မင်း... မင်းတို့ ကြည့်ကြဦး... ရေကန်ထဲက ရေတွေ လှုပ်ရှားနေတယ်..."

တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။

အကြည့်များစွာ အောက်သို့ စိုက်ကြည့်လိုက်ရာ... မူလက တည်ငြိမ်နေသော မင်ယွဲ့ရေကန် ၏ ရေပြင်မှာ တစ်ခုခု၏ ဆွဲငင်မှု ကြောင့် တဖြည်းဖြည်း လှည့်ပတ်နေပြီး အချင်း ပေသုံးဆယ်ကျော် ကျယ်ဝန်းသော ရေဝဲကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရလေသည်။ လျှို့ဝှက်ဆန်းကြယ်သော ရေဝဲကြီး တစ်ခု အဖြစ် ပြောင်းလဲသွားခြင်း ပင်ဖြစ်သည်။

"မြန်မြန်... စစ်သူကြီး ဆီ မြန်မြန် သွားသတင်းပို့ကြ..."

တောင်ပိုင်းယွဲ့ စစ်တပ် အတွင်းရှိ အလယ်အလတ် အဆင့် စစ်ဗိုလ် တစ်ယောက်က အော်ဟစ်လိုက်လေသည်။

မင်ယွဲ့ရေကန် အောက်ခြေတွင်... ရေများ ဆွဲငင်ခံရမှု နှင့်အတူ အောက်ဘက်ရှိ သွေးရောင် အလင်းတန်း များမှာလည်း နောက်ဆုံးတွင် အထွတ်အထိပ် သို့ ရောက်ရှိသွားလေသည်။ ကျန်းချဲ့ ၏ လက်ထဲရှိ ဝမ်ကျဲ့ မိစ္ဆာဓား မှာ တစ်ခုခု၏ ဆွဲငင်မှု ကို ခံနေရသကဲ့သို့ အဆက်မပြတ် တုန်ရီနေလေသည်။ ကျန်းချဲ့ သာ တင်းတင်း မဆုပ်ကိုင်ထားပါက လက်ထဲမှ လွတ်ထွက်သွားမည် မှာ အသေအချာပင်။

ဤမြင်ကွင်းကို မြင်သောအခါ ကျန်းချဲ့ လည်း တွေဝေမနေတော့ဘဲ မိစ္ဆာဓား ကို တိုက်ရိုက် လွှတ်ပေးလိုက်လေသည်။

ရေအောက်တွင် လှုပ်ရှားမှု ဤမျှ ကြီးမားနေပြီ ဖြစ်ရာ ရေမျက်နှာပြင် ပေါ်တွင်လည်း ငြိမ်သက်နေမည် မဟုတ်ကြောင်း သေချာလှပေသည်။ အစောင့်ချထားသော တောင်ပိုင်းယွဲ့ မှ ရှန်ရှန်းအဆင့် မဟာသိုင်းသခင် က အခွင့်အရေး ယူပြီး ဝင်မလာနိုင်စေရန် အမြန်ဆုံး အဆုံးသတ် ရမည် ပင်ဖြစ်သည်။

မဟုတ်ပါက သူ၏ ကြိုတင် ပြင်ဆင်မှုများ အားလုံး အလကား ဖြစ်သွားမည် ပင်ဖြစ်သည်။

"ဘုန်း..."

ဝမ်ကျဲ့ မိစ္ဆာဓား လက်ထဲမှ လွတ်ထွက်သွားပြီးနောက် သွေးရောင် အလင်းတန်း များ ထွက်ပေါ်နေသော ရေကန် အောက်ခြေ နေရာတစ်ခု သို့ တိုက်ရိုက် စိုက်ဝင်သွားပြီး ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာလေသည်။ ရေအောက်ခြေရှိ ရွှံ့နွံများ အမြောက်အမြား လွင့်စင်သွားပြီး ရေကန် တစ်ခုလုံးကို ရုတ်တရက် နောက်ကျိသွားစေလေသည်။

ပေါက်ကွဲသံ အဆုံးတွင် ဝမ်ကျဲ့ မိစ္ဆာဓား စိုက်ဝင်သွားသော နေရာမှ အလင်းတန်းများ ထပ်မံ လင်းလက်လာပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ဆယ်ပေခန့် ကျယ်ဝန်းသော သွေးရောင် တံခါးပေါက် တစ်ခု အဖြစ် ပြောင်းလဲသွားလေသည်။

ကျန်းချဲ့ က အပေါ်သို့ တစ်ချက် မော့ကြည့်လိုက်ရာ... အစွမ်းထက်သော အရှိန်အဝါ တစ်ခု လျင်မြန်စွာ နီးကပ်လာသည်ကို ခံစားလိုက်ရလေသည်။ ထို့ကြောင့် ချက်ချင်းပင် ရေအောက်တွင် ပုံရိပ်ယောင် တစ်ခု အဖြစ် လျင်မြန်စွာ ရွေ့လျားသွားပြီး ဝမ်ကျဲ့ မိစ္ဆာဓား ကို လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်လေသည်။

ထို့နောက် သွေးရောင် တံခါးပေါက် အတွင်းသို့ တိုက်ရိုက် တိုးဝင်သွားပြီး ပျောက်ကွယ်သွားလေတော့သည်။

ကျန်းချဲ့ ပျောက်ကွယ်သွားပြီး သုံးစက္ကန့်ခန့် အကြာတွင်... အစွမ်းထက်သော စွမ်းအားတစ်ခု ချက်ချင်း ပေါက်ကွဲထွက်လာပြီး ရေများ လှုပ်ရှားသွားကာ သံချပ်ကာ ဝတ်ဆင်ထားသော သက်လတ်ပိုင်း အရွယ် ယောကျ်ား တစ်ယောက် ရေအောက်သို့ ရောက်ရှိလာလေသည်။

လျှို့ဝှက်နယ်မြေ ပွင့်သွားသည်ကို မြင်လိုက်ရသဖြင့် မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်း တစ်ခု ဖြတ်ပြေးသွားပြီး လုံးဝ တွေဝေခြင်း မရှိဘဲ အတွင်းသို့ ဝင်ရောက်ရန် ပြင်လိုက်လေသည်။

သို့သော် အနီးသို့ ကပ်သွားသည် နှင့် တစ်ပြိုင်နက် သွေးရောင် တံခါးပေါက် အတွင်းမှ အစွမ်းထက်သော ဖိအား တစ်ခု က သူ၏ ကိုယ်ပေါ်သို့ ဝင်ရောက် ရိုက်ခတ်လာလေသည်။

"ကျွတ်..."

သံချပ်ကာ ယောကျ်ား က ဓားကို မြှောက်ကာ ကာကွယ်လိုက်သော်လည်း ထိုစွမ်းအား ကြောင့် ပေတစ်ရာကျော်ခန့် နောက်ဆုတ်သွားရလေသည်။ မျက်နှာထား ချက်ချင်း မည်းမှောင်သွားပြီး ကျိန်ဆဲလိုက်မိလေသည်။ တစ်ချိန်တည်းမှာပင် ယခင်က စစ်တပ်ရေးရာ ဝန်ကြီး ကျိုးရိ ပြောခဲ့ဖူးသော စကားကို သတိရသွားလေသည်။

ဤ လျှို့ဝှက်နယ်မြေ ၏ အစီအရင် က အလွန် အစွမ်းထက်ပြီး ရှန်ရှန်းအဆင့် မဟာသိုင်းသခင် များကို အလွန် ဆန့်ကျင်ကြောင်း... ချီရွှယ် မိစ္ဆာသခင် ချန်ထားခဲ့သော နောက်ဆုံး အစီအမံ များ ဖြစ်နိုင်ကြောင်း သူ ပြောခဲ့ဖူးလေသည်။ ယခုတော့ အမှန်တကယ်ပင် ဖြစ်လာခဲ့လေပြီ။

သံချပ်ကာ ယောကျ်ား ကို နောက်ဆုတ်သွားစေပြီးနောက် သွေးရောင် တံခါးပေါက် ၏ အလင်းရောင် များကလည်း လျင်မြန်စွာ မှေးမှိန်လာလေသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ပျောက်ကွယ်သွားပြီး ဘေးပတ်ဝန်းကျင်ရှိ အစီအရင် များကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

အရာအားလုံး တိတ်ဆိတ် ငြိမ်သက် သွားလေတော့သည်။

"ဘုန်း..."

ရေများ လှုပ်ရှားသွားပြီး ပုံရိပ်တစ်ခု က ရေကန် အောက်ခြေမှ အပေါ်သို့ တိုက်ရိုက် ထိုးတက်လာကာ ရေပြင်ကို ဖောက်ထွက်လာလေသည်။ သူ၏ ကိုယ်ပေါ်တွင် မျက်စိဖြင့် မမြင်နိုင်သော အလင်းရောင် တစ်ခု လွှမ်းခြုံထားသဖြင့် ရေစက် အနည်းငယ်မျှ ပင် မစိုစွတ်ခဲ့ချေ။

သူမှာ စောစောက လျှို့ဝှက်နယ်မြေ အတွင်းသို့ အတင်းအကျပ် ဝင်ရောက်ရန် ကြိုးစားခဲ့သော သံချပ်ကာ ယောကျ်ား ပင် ဖြစ်လေသည်။

ယခုအချိန်တွင် သူ၏ မျက်နှာထား က အလွန် ကြည့်ရဆိုးနေလေသည်။

သူ စောစောက စမ်းသပ်ကြည့်ပြီး ဖြစ်လေသည်။ တံခါးပေါက် ပျောက်ကွယ်သွားပြီးနောက် အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ထပ်မံ ဝင်ရောက်နိုင်မည့် မည်သည့် လမ်းစမျှ မရှိတော့ချေ။ သူ ရေကန် အောက်ခြေမှ ထွက်ခွာလာရုံမှ လွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။

သူ့ကို မျက်နှာထား ဆိုးရွားစေသော အကြောင်းရင်း က ဤတစ်ခုတည်း မဟုတ်ချေ။

အရေးအကြီးဆုံး အချက်မှာ သူ ပေါ့ဆသွားခဲ့ခြင်း ပင်ဖြစ်သည်။ မကြာသေးမီ အချိန်လေးကမှ ဝန်ကြီးကျိုး က ဤနေရာသို့ သီးသန့် လာရောက်ပြီး ချီရွှယ် လျှို့ဝှက်နယ်မြေ ၏ 'သော့' ကို ရှာတွေ့ပြီ ဖြစ်ကြောင်း... မကြာမီ ကာလ အတွင်း သတိထားရန် နှင့် အခြားသူများ အခွင့်ကောင်း ဝင်မယူနိုင်စေရန် သတိပေးခဲ့သေးလေသည်။

သို့သော် ထိုသို့ သတိပေးထားလင့်ကစား လျှို့ဝှက်နယ်မြေ ၏ 'သော့' ကို ကိုင်ဆောင်ထားသူ က ဤနေရာသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်သွားခြင်းကို သူ မတားဆီးနိုင်ခဲ့ချေ။

ဤသည်မှာ သူ၏ အမှား ပင်ဖြစ်သည်။ သူ့ကို အရှက်ကွဲစေခဲ့လေပြီ။

အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် ဘေးပတ်ဝန်းကျင်တွင် စုဝေးလာသော စစ်သည် များကို ဝေ့ကြည့်လိုက်ကာ သံချပ်ကာ ယောကျ်ား က လေးနက်စွာ ပြောလိုက်လေသည်။

"ငါ့အမိန့်ကို နာခံကြ... အခု အချိန်ကစပြီး မင်ယွဲ့ရေကန် ကို အရေးပေါ် အခြေအနေ ကြေညာလိုက်... ဘယ်သူမှ ဝင်ထွက်ခွင့် မရှိဘူး... ဒီနေရာမှာ တစ်နေ့ နှစ်ဆယ့်လေးနာရီ လုံးလုံး လူတစ်ထောင် စောင့်ကြပ်နေရမယ်... နည်းနည်းလေးမှ ပေါ့ဆခွင့် မရှိဘူး... တစ်ခုခု ထူးခြားတာနဲ့ ချက်ချင်း အချက်ပြရမယ်..."

"ဟုတ်ကဲ့ပါ..."

"ဟုတ်ကဲ့ပါ..."

"ကူကျာ... မင်း အခုချက်ချင်း နိုင်ငံတော် မြို့တော် ကို သွားပြီး ဒီကိစ္စကို ဝန်ကြီးကျိုး နဲ့ မင်းကြီး ကို သတင်းပို့လိုက်... ငါ ဒီအချိန် ကစပြီး မင်ယွဲ့ရေကန် ကနေ ခြေတစ်လှမ်းမှ မခွာတော့ဘူး... သူတို့ကို အမြန်ဆုံး အကူအညီ လွှတ်ပေးဖို့ ပြောလိုက်..."

သံချပ်ကာ ယောကျ်ား က ဤနေရာတွင်ပင် အသင့်စောင့်ဖမ်းရန် ဆုံးဖြတ်လိုက်လေသည်။

ထို သွေးရောင် တံခါးပေါက် က ရှန်ရှန်းအဆင့် မဟာသိုင်းသခင် ကို ဆန့်ကျင်သည် ဆိုကတည်းက အရင် ဝင်သွားသော သူမှာ ရှန်ရှန်းအဆင့် အောက်ရှိ သိုင်းပညာရှင် တစ်ယောက်သာ ဖြစ်ကြောင်း သက်သေပြနေလေသည်။

သူ ဤနေရာတွင် ရှိနေသရွေ့ တစ်ဖက်လူ ဘာရတနာ တွေပဲ ရလာပါစေ ဤနေရာမှ ထွက်ခွာသွားနိုင်မည် မဟုတ်ချေ။ သူ၏ မျက်စိအောက်တွင် လှည့်ကွက် သုံးရဲသူတိုင်း တန်ဖိုးပေးဆပ်ရမည် ပင်ဖြစ်သည်။

"ဟုတ်ကဲ့ပါ... လက်အောက်ငယ်သား အမိန့်အတိုင်း ချက်ချင်း သွားလုပ်လိုက်ပါ့မယ်..."

ရေကန်ဘေးတွင် ကူကျာ က ခါးညွှတ် အရိုအသေ ပေးလိုက်ပြီး မျက်နှာထား လေးနက်စွာဖြင့် ထွက်ခွာသွားလေသည်။

တစ်ချိန်တည်းမှာပင် ကျန်းချဲ့ ချီရွှယ် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်သွားချိန်တွင် မိုင်ပေါင်း ထောင်ချီ ကွာဝေးသော အင်းဆက်တစ်ထောင် တောင်ကြား အတွင်း၌ အချိန်အကြာကြီး စောင့်ဆိုင်းနေရသော ယန်ဖျင် မှာလည်း အနည်းငယ် စိတ်မရှည် ဖြစ်လာလေပြီ။

ကျီးမု ကို ကျန်းချဲ့ အား ကျိန်စာတိုက် သတ်ခိုင်းရန် အတွက် သူက သက်တမ်းတိုး ဆေးလုံး ကို အရင်ပေးကာ သန့်စင်ခိုင်းလိုက်ရလေသည်။

သို့သော် တစ်ဖက်လူ က ဆေးလုံး တစ်လုံး သန့်စင်ရန် ဤမျှလောက် အချိန်ကြာမည်ဟု သူ မထင်မှတ်ထားခဲ့ချေ။ နှစ်ရက်တိတိ အချိန်ယူခဲ့ရလေသည်။ သူသာ တစ်ဖက်လူ၏ အရှိန်အဝါ ကို အာရုံခံမိနေသေး၍သာ... မဟုတ်လျှင် ထိုလူ ဆေးလုံး ယူပြီး ထွက်ပြေးသွားပြီဟုပင် သံသယ ဝင်မိတော့မည် ပင်ဖြစ်သည်။

“ကျွိ…”

သစ်သားအိမ် တံခါး ပွင့်သွားလေသည်။

ကျီးမု က အလွန် ကောင်းမွန်သော မျက်နှာထားဖြင့် ထွက်လာပြီး စိတ်အခြေအနေလည်း ကောင်းမွန်နေပုံ ရလေသည်။

သူ ဤမျှလောက် အချိန်ယူပြီး သန့်စင်ရခြင်း ၏ အဓိက အကြောင်းရင်း မှာ ထိုဆေးလုံး ကို လေ့လာချင်သောကြောင့် ပင်ဖြစ်သည်။

သက်တမ်းတိုး ဆေးလုံး ၏ ဖော်စပ်နည်း ကို နောက်ပြန် တွက်ချက်ကာ ပြုပြင် ပြောင်းလဲချင်သောကြောင့် ပင်ဖြစ်သည်။

ထို့အပြင် ယန်ဖျင် ကိုလည်း သူ မယုံကြည်သဖြင့် နောင်တစ်ချိန်တွင် ချုပ်ကိုင် မခံရစေရန် သက်တမ်းတိုး ဆေးလုံး ထဲတွင် တစ်ခုခု များ လုပ်ထားသလား ဟု စစ်ဆေးလိုသောကြောင့် ပင်ဖြစ်သည်။

ကံကောင်းသည်ကတော့... ယန်ဖျင် က အလွန် ရိုးသားပြီး ဆေးလုံး ကလည်း အလွန် အသုံးဝင်လေသည်။ ဆယ်နှစ်သာ သက်တမ်း တိုးပေးနိုင်သော်လည်း သူ၏ အခြေအနေကို အများကြီး ကောင်းမွန်သွားစေပြီး ရုပ်ရည် ကိုပင် အများကြီး နုပျိုသွားစေလေသည်။

"တာအိုမိတ်ဆွေ ကျီးမု... ဘယ်လိုလဲ..."

ကျီးမု ထွက်လာသည်ကို မြင်သောအခါ ယန်ဖျင် က အလျင်အမြန် မေးလိုက်လေသည်။

"ကောင်းတယ်... အရမ်း ကောင်းတယ်..."

ကျီးမု ၏ ထူးဆန်းသော အသံ က အလွန် ကျေနပ်နေပုံ ရလေသည်။

"ဒီလိုဆိုမှတော့ စပြီး အလုပ်လုပ်သင့်ပြီ မဟုတ်ဘူးလား..."

ယန်ဖျင် က တိုက်တွန်းလိုက်လေသည်။

"ဘယ်လိုလဲ... ခင်ဗျား အရမ်း လောနေတာလား... ရွှမ်တန်အဆင့် ကို အခုမှ ခြေချခါစ သိုင်းပညာရှင် တစ်ယောက် ပါပဲ... ပြဿနာ တစ်ခုခု များ ရှိလာနိုင်လို့လား..."

ကျီးမု က ခပ်ပေါ့ပေါ့ မေးလိုက်လေသည်။

"သေချာပေါက် မရှိပါဘူး... ဒါပေမဲ့ ဒီကိစ္စကို မြန်မြန် ပြီးပြတ်စေချင်လို့ပါ... အလယ်ပိုင်းဒေသ ကို ပြန်သွားရဦးမယ်... တခြားသူတွေ တစ်ခုခု ထူးခြားတာ ရိပ်မိသွားမှာ စိုးလို့ပါ..."

ယန်ဖျင် က ရှင်းပြလိုက်လေသည်။

ညတာရှည် အိပ်မက်များ လေမလားဟု စိုးရိမ်သဖြင့် ယခုအချိန်တွင် ရလဒ်ကို အမြန်ဆုံး မြင်တွေ့ချင်နေမိလေသည်။ မည်သို့ပင်ဆိုစေ ကျန်းချဲ့ ဆိုသော ကောင်လေး က အနည်းငယ် ထူးဆန်းနေလေသည်။ စွမ်းအား တိုးတက်မှု က အလွန် မြန်ဆန်လွန်းလှပြီး ကိုယ်ပေါ်တွင် လျှို့ဝှက်ချက် တစ်ခုခု ရှိနေနိုင်လေသည်။

"ကောင်းပါပြီ... ခင်ဗျား က အရမ်း လောနေတယ် ဆိုတော့လည်း... အခုပဲ စလိုက်ကြတာပေါ့... အဲ့ဒီလူရဲ့ သွေး ကို ပေးပါ..."

ကျီးမု က ပြောလိုက်လေသည်။

"ရော့..."

ယန်ဖျင် က ကြွေပုလင်းငယ် တစ်လုံးကို ကမ်းပေးလိုက်လေသည်။ ထိုပုလင်း ထဲတွင် ကျန်းချဲ့ ယခင်က ချန်ထားခဲ့သော သွေးများ ပါဝင်လေသည်။

ကြွေပုလင်း ကို တစ်ချက် အကဲခတ် ကြည့်ပြီးနောက် ကျီးမု က ယန်ဖျင် ကို သစ်သားအိမ် အတွင်းသို့ ခေါ်ဆောင်သွားလေသည်။ အပြင်ဘက်ရှိ အိုဟောင်းနေသော ပုံစံ နှင့် မတူဘဲ သစ်သားအိမ် ၏ မြေအောက်ခန်း မှာတော့ တကယ့်ကို အံ့ဩဖွယ် ကောင်းလှပေသည်။

နံရံ များနှင့် ကြမ်းပြင် များတွင် ယွမ်ချီကျောက်တုံး များကို စီခြယ်ထားပြီး ဘေးပတ်ဝန်းကျင်ရှိ ယွမ်ချီစွမ်းအင်များ မှာ အလွန် သိပ်သည်း နေလေသည်။ တစ်ချိန်တည်းမှာပင် မြေအောက်ခန်း အတွင်း၌ ထူးဆန်းသော ပစ္စည်းများစွာ လည်း ရှိနေလေသည်။

ခြောက်သွေ့နေသော ဂူအဆိပ်ကောင် ၏ အလောင်းများ... သွေးစွန်းနေသော အရိုးဖြူများ... နှင့် လျှို့ဝှက်ဆန်းကြယ်မှု များဖြင့် ပြည့်နှက်နေသော ကျောက်တုံး စင်မြင့် တစ်ခု ပင်ဖြစ်သည်။

"ခင်ဗျား ကျုပ်ကို အစောင့်အရှောက် လုပ်ပေး... ကျုပ် အစီအရင် စချမယ်..."

ကျီးမု က စကားတစ်ခွန်း ပြောလိုက်ပြီးနောက် ကျောက်တုံး စင်မြင့် ပေါ်သို့ ခုန်တက်ကာ တင်ပျဉ်ခွေ ထိုင်လိုက်လေသည်။

"ကောင်းပါပြီ..."

ယန်ဖျင် က ခေါင်းညိတ်လိုက်ပြီး ဘေးသို့ ဆုတ်သွားကာ တစ်ဖက်လူကို လေးနက်စွာ စောင့်ကြည့်နေလေသည်။

ကျီးမု က မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်ပြီး လက်များဖြင့် လျှို့ဝှက်ဆန်းကြယ်သော အမှတ်အသားများကို စတင် ဖန်တီးလိုက်လေသည်။ ထူးဆန်းသော အလင်းတန်းများ စတင် ထွက်ပေါ်လာပြီး လေဟာနယ် ထဲတွင် ပုံရိပ်ယောင် ယဇ်ပလ္လင် တစ်ခု အဖြစ် တဖြည်းဖြည်း ပုံပေါ်လာလေသည်။

တစ်ချိန်တည်းမှာပင် သူ၏ ကိုယ်ပေါ်ရှိ အရေပြားများ ကလည်း လျင်မြန်စွာ ကွဲအက်လာပြီး အလင်းတန်းများ စတင် ထွက်ပေါ်လာကာ... သူ၏ ကိုယ်တွင်းရှိ အညိုရောင် သွေးများ က သွေးမြွေ များ အလား ပုံရိပ်ယောင် ယဇ်ပလ္လင် ပေါ်သို့ တိုးဝင်သွားကြလေသည်။

ယဇ်ပလ္လင် ကို အညိုရောင် အဖြစ် လျင်မြန်စွာ ပြောင်းလဲသွားစေလေသည်။

သူ ထိုင်နေသော ကျောက်တုံး စင်မြင့် ကလည်း အတူတူ ပြောင်းလဲလာလေသည်။ ပို၍ ထူးဆန်းသည်မှာ ကျီးမု ၏ နှုတ်ခမ်းများ လှုပ်ရှားကာ လျှို့ဝှက်ဆန်းကြယ်သော ကျိန်စာ များကို ရွတ်ဆိုနေခြင်း ပင်ဖြစ်သည်။ တစ်ခုခုကို ဆုတောင်းနေသည့် အလား... မြေအောက်ခန်း တစ်ခုလုံးတွင် သူ၏ အသံများ ပဲ့တင်ထပ်နေလေသည်။

ဤ မြင်ကွင်းကို ကြည့်ရင်း ယန်ဖျင် ၏ အကြည့်များ က လေးနက်နေသော်လည်း အနည်းငယ် မျှော်လင့်နေမိလေသည်။

'ဒီ ဂူအဆိပ်ကောင် တွေက ငါ့ကိုတောင် အန္တရာယ် ပေးနိုင်စွမ်း ရှိနေတာလား...'

ခဏနေလျှင် ကျီးမု မျက်လုံး ပြန်ဖွင့်လာပြီး သူ့ကို အသိပေးမည့် အချိန်ကို သူ အလွန် မြင်တွေ့ချင်နေမိလေသည်။

'ကိစ္စ ပြီးသွားပြီ... ကျန်းချဲ့ သေသွားပြီ... ဒါမှမဟုတ် တိုက်ရိုက် အသုံးမကျတဲ့သူ ဖြစ်သွားပြီ...'

ဤသို့ဆိုလျှင် နဂါးကျား တာအိုဂိုဏ်း လည်း မည်သူ့ကိုမျှ သတိမထားမိစေဘဲ လျှို့ဝှက်စွာ ခြိမ်းခြောက်မှု တစ်ခုကို အမြစ်ပြတ် ရှင်းလင်းပစ်နိုင်ပြီ ပင်ဖြစ်သည်။

All Chapters