အခန်း ၂၈၁
Vol. 29 Ch. 281
အခန်း (၂၈၁) ရှန်ရှန်းအဆင့် ကျဆုံးခြင်း...
ယခုအခါတွင်တော့ ကျီးမုအိုကြီးသည် အပြည့်အဝ ဒေါသမီးဟုန်းဟုန်း တောက်လောင်လျက်ရှိချေပြီ။
သူ၏ မျက်ဝန်းများအတွင်းဝယ် မျှော်လင့်ချက်ကင်းမဲ့သွားသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
တစ်ဖက်လူက သူ့ကို လိမ်လည်သွားခဲ့သည်ပဲ။
သူ့ကို ဓားစာခံအဖြစ် အသုံးချပြီး ကျိန်စာတိုက်ရမည့်သူမှာ ရွှမ်တန်အဆင့် သိုင်းသခင် တစ်ပါးသာ ဖြစ်သည်ဟု ဆိုခဲ့သော်လည်း ရလဒ်ကရော မည်သို့ဖြစ်ခဲ့သနည်း။ တစ်ဖက်လူမှာ လုံးဝ ရွှမ်တန်အဆင့် သိုင်းသခင် တစ်ပါး မဖြစ်နိုင်ပေ။
ထိုသို့မဟုတ်လျှင် သူ့အား ဤမျှကြောက်မက်ဖွယ်ကောင်းသော ပြန်လည်ရိုက်ခတ်မှုကို သေချာပေါက် ပေးစွမ်းနိုင်မည် မဟုတ်ပေ။
သူ၏ ကျင့်ကြံမှုဖြင့်ဆိုလျှင် အဆင့်တူ သိုင်းပညာရှင်တစ်ပါးကို ကျိန်စာတိုက်လျှင်ပင် ပြင်းထန်သော ဒဏ်ရာရရှိမည် မှန်သော်လည်း အနည်းဆုံးတော့ အသက်ရှင်နိုင်မည်ဖြစ်သည်။ သို့သော် ယခုမူ... သူ သေရတော့မည်... လုံးဝ ကျဆုံးရတော့မည် ပင်တကား။
သူ၏ အာရုံခံမှုအရ... သူ၏ အတွင်းပိုင်းမှ အပြင်ပိုင်းအထိ သွေးကျိန်စာ၏ ပြန်လည်ရိုက်ခတ်မှုကို ခံစားနေရပြီး အသက်စွမ်းအင်များမှာ အလွန်မြန်ဆန်သောနှုန်းဖြင့် ဆုတ်ယုတ်နေကာ ရုပ်ခန္ဓာမှာလည်း မျက်စိရှေ့တွင်ပင် လျင်မြန်စွာ ညှိုးနွမ်းလာနေသည်။
ဤအရာများ အားလုံးက သူ ကျိန်စာတိုက်ခဲ့သောသူမှာ သူ့ထက် အများကြီး ပိုမိုအစွမ်းထက်ကြောင်း သက်သေပြနေပေသည်။
အရေးအကြီးဆုံးအချက်မှာ သူက ပစ်မှတ်မှာ ရွှမ်တန်အဆင့် သိုင်းသခင် တစ်ပါးဖြစ်သည်ဟု ထင်မှတ်ထားခဲ့သဖြင့် အခြား မည်သည့် ကြိုတင်ကာကွယ်မှုမျှ မလုပ်ထားခဲ့ချေ။ ထို့ကြောင့် ယခုအခါ အသက်ရှူကြိမ် တစ်ရာအတွင်း သူ သေချာပေါက် သေဆုံးတော့မည်ဖြစ်သည်။
သေရမည်ဆိုခြင်းက သူ့ကို အလွန်ကြောက်လန့်စေပြီး ပို၍ပင် ဒေါသထွက်စေသည်။
ယန်ဖျင်က သူ့ကို လိမ်လည်ရဲသည်ဆိုမှတော့ သူ့အနေဖြင့် ယန်ဖျင်နှင့်အတူ သေဆုံးရန် ပြင်ဆင်ထားရမည် ပင်တကား။
ဒေါသတကြီး ဖြစ်နေသော ကျီးမုအိုကြီးကို ကြည့်ရင်း ယန်ဖျင်မှာလည်း ယခုအခါ အလွန်ထိတ်လန့်နေမိပြီး အဘယ်ကြောင့် ဤသို့ ပြောင်းလဲသွားရသနည်း ဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေသည်။
'ထိုသွေးများတွင် ပြဿနာရှိနေသလား...'
'ဒါပေမဲ့ မဖြစ်နိုင်ပါဘူးလေ...'
'လဲ့ထင်က ဘယ်လိုလုပ်ပြီး ငါ့ကို လိမ်မှာလဲ'
"တာအိုမိတ်ဆွေကျီးမု... ခင်ဗျား လုံးဝ စိတ်မမြန်ပါနဲ့... ကျုပ် သစ္စာဆိုရဲပါတယ်... ခင်ဗျားကို လုံးဝ မလိမ်ညာခဲ့ပါဘူး... ခင်ဗျားရဲ့ အခြေအနေက ဘယ်လိုဖြစ်နေတာလဲ... ကျုပ် ကူညီပေးလို့ ရပါတယ်..."
ယန်ဖျင်က အလျင်အမြန် ရှင်းပြလိုက်သည်။
စကားပြောနေစဉ်မှာပင် သူက ကျီးမုအိုကြီး၏ မူမမှန်မှုကို သတိပြုမိသွားပြီး ဖြည်းညင်းစွာ နောက်ဆုတ်ကာ အကွာအဝေးတစ်ခု ရယူရန် ကြိုးစားလိုက်သည်။ မျက်တောင်တစ်ခတ်အတွင်း ဤနေရာမှ ထွက်ပြေးရန်ပင် ပြင်ဆင်နေမိသည်။
သို့သော် ယခုတော့ နောက်ကျသွားခဲ့ချေပြီ။
သူ လိမ်လည်ခံလိုက်ရပြီဖြစ်ကြောင်း သတိပြုမိသည်နှင့်တစ်ပြိုင်နက် ကျီးမုအိုကြီးက မြေအောက်ခန်းအတွင်းရှိ အစီအရင်များကို အသက်သွင်းလိုက်လေသည်။ အလင်းတန်းများ စတင် ဖြာထွက်လာပြီး အစွမ်းထက်သော ဖိအားကြီးက မြေအောက်ခန်း တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
"သေလိုက်စမ်း..."
ခုနစ်ပေါက်မှ သွေးများထွက်ကျနေသော ကျီးမုအိုကြီးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ ထွက်ကျလာသော သွေးများက မြေအောက်ခန်း တစ်ခုလုံးတွင် ပျံ့နှံ့သွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျိန်စာတိုက်ခြင်း အတတ်ပညာများစွာက ယန်ဖျင်ကို လွှမ်းခြုံသွားလေသည်။
တစ်ချိန်တည်းမှာပင် သူ သိမ်းဆည်းထားသော အင်းဆက်ကောင်မျိုးစုံမှာလည်း ရုတ်တရက် နိုးထလာကြသည်။
ယန်ဖျင်ထံသို့ အရူးအမူး ဝင်ရောက်လာကြသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ယန်ဖျင်သည် အန္တရာယ်ကို ချက်ချင်း သိရှိသွားပြီး မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။ ချက်ချင်းပင် သူ၏ ကိုယ်ပေါ်ရှိ အကာအကွယ် စွမ်းအင်များကို ထုတ်လွှတ်လိုက်ပြီး ထို ထူးဆန်းသော ပြောင်းလဲမှုများကို ခုခံရန် ကြိုးစားလိုက်သည်။
သို့သော် ကျိန်စာတိုက်ခြင်း အတတ်ပညာဆိုသည်မှာ အလွန်လျှို့ဝှက်ဆန်းကြယ်လှသည်။ ထို့အပြင် သူက မြေအောက်ခန်းအတွင်း၌ ရှိနေပြီး ဤနေရာမှာ ကျီးမုအိုကြီး၏ အမာခံစခန်းဖြစ်ရာ မည်သို့မျှ ကြိုတင်ပြင်ဆင်မှု မရှိဘဲ နေမည်နည်း။
ယန်ဖျင်၏ အရှေ့ရှိ အကာအကွယ် စွမ်းအင်များ လျင်မြန်စွာ အရည်ပျော်သွားပြီး သူ၏ အရေပြားမှာလည်း စတင် ကွဲအက်လာသည်။ အရေးအကြီးဆုံးမှာ သူ၏ မူလဝိညာဉ်မှာလည်း ရုတ်တရက် ထူးခြားစွာ ပြောင်းလဲလာခြင်း ပင်ဖြစ်သည်။
မဖော်ပြနိုင်လောက်အောင် ဆုတ်ယုတ်ပျက်စီးခြင်း အငွေ့အသက်များက မူလဝိညာဉ်အတွင်းမှ စတင် ထွက်ပေါ်လာသည်။
ခန္ဓာကိုယ် အရေပြားမှာ ချက်ချင်း အနက်ရောင်နှင့် အပြာရောင် ရောနှောသွားပြီး ထို့အပြင် သူ၏ ခုနစ်ပေါက်မှလည်း ထိန်းချုပ်၍မရအောင် သွေးများ ထွက်ကျလာကာ သူ၏ အရှိန်အဝါများ လျင်မြန်စွာ ကျဆင်းလာတော့သည်။
"တာအိုမိတ်ဆွေကျီးမု... ခင်ဗျား... ကျုပ်ကို အတင်းအကျပ် မလုပ်ပါနဲ့..."
ယန်ဖျင်၏ မျက်နှာမှာ အလွန်ကြည့်ရဆိုးနေပြီး ကျယ်လောင်စွာ အော်ဟစ်ကာ ပြန်လည်ခုခံရန်... တစ်ဖက်လူကိုပင် ပြန်လည်သတ်ဖြတ်ရန် ကြိုးစားလိုက်သည်။
သို့သော် ယခုအချိန်တွင် ကျီးမုအိုကြီးမှာ သူ၏စကားများကို လုံးဝ မကြားနိုင်တော့ချေ။ တစ်ကိုယ်လုံး သွေးများလွှမ်းခြုံနေပြီး သွေးကန်ထဲမှ တက်လာသော သွေးလူသားတစ်ယောက်အလား အဆက်မပြတ် ဒေါသတကြီး အော်ဟစ်နေလေသည်။
"အတူတူသေကြမယ်... အတူတူသေကြမယ်... ငါ မင်းကို အတူတူသေခိုင်းမယ်..."
ယန်ဖျင်သည် အခြေအနေ အတိအကျကို လုံးဝ နားမလည်တော့ချေ။ သူ မြင်တွေ့ရသော အခြေအနေများအရ ကျီးမု၏ ကျိန်စာတိုက်ခြင်းမှာ ပြဿနာရှိနေပြီး ကိုယ်တိုင် ခံနိုင်ရည်မရှိသော ပြန်လည်ရိုက်ခတ်မှုကို ခံစားနေရကြောင်းသာ ခွဲခြမ်းစိတ်ဖြာ နိုင်တော့သည်။
ပြီးတော့ သူက နောက်ကွယ်က ကြိုးကိုင်သူဟု ထင်မှတ်ပြီး သူ့ကိုပါ အတူတူ ဆွဲခေါ်သွားချင်နေခြင်း ပင်ဖြစ်သည်။
'ဒါပေမဲ့... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ'
'ကျန်းချဲ့က ရွှမ်တန်အဆင့်ကို အခုမှခြေချခါစ သိုင်းသခင် တစ်ယောက်ပဲလေ... ဘယ်လိုလုပ်ပြီး ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ယောက်ကို ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ ပြန်လည်ရိုက်ခတ်မှုမျိုး ဖြစ်စေနိုင်မှာလဲ...'
သူ လုံးဝ စဉ်းစား၍ မရနိုင်တော့သလို ကျီးမု သေခါနီးတွင် ထုတ်လွှတ်လိုက်သော အစွမ်းအစများကိုလည်း သူ သတိပြုမိသွားလေသည်။
တစ်ဖက်လူက သူ့ကို အတူတူ သေစေချင်နေခြင်း ပင်ဖြစ်သည်။
"သေနာကောင်... ဒီကိစ္စက ဘယ်လိုဖြစ်ရတာလဲ..."
သူ ကျိတ်၍သာ ဆဲရေးလိုက်နိုင်သည်။
"ဒီအိုကြီးလည်း ဒီကိစ္စက ဘယ်လိုဖြစ်ရတာလဲ ဆိုတာ မသိဘူးကွ..."
ချီရွှယ် လျှို့ဝှက်နယ်မြေအတွင်းတွင် ကျန်းချဲ့မှာ ပြန်လည်သက်သာလာပြီဖြစ်ပြီး မည်သည့်အရာက ဖြစ်ပျက်သွားသနည်း ဆိုသည်ကို မျက်မှောင်ကျုံ့ကာ တွေးတောနေစဉ် ချီရွှယ်မိစ္ဆာသခင်က မျက်နှာထား အလွန်ကြည့်ရဆိုးစွာဖြင့် ပြောလိုက်လေသည်။
သူလည်း အလွန် မခံချိမခံသာ ဖြစ်နေရသည်။
စောစောက ပြင်းထန်သော တိုက်ပွဲတစ်ပွဲ ဆင်နွှဲခဲ့ရသဖြင့် ကျန်ရှိနေသော သွေးပင်လယ် ခမ်းခြောက်သွားပြီး အခြေခံစွမ်းအားများ ကုန်ဆုံးသွားခဲ့သည်။ နောက်ဆက်တွဲအနေဖြင့် ကောင်းမွန်သော အဆုံးသတ်တစ်ခု ရရှိလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ကျန်းချဲ့နှင့် သူတို့၏ သဘောတူညီချက် မရရှိမီမှာပင်...
တစ်ဖက်လူက အမည်မသိ ကျိန်စာတိုက်မှုကို ခံလိုက်ရလေသည်။
ထို့အပြင် ထိုလူက သူ့ကို ရုတ်တရက် တိုက်ခိုက်သူဟု ထင်မှတ်ကာ သူ့ကို အတူတူ သေဆုံးစေရန် ကြိုးစားခဲ့သေးသည်။
ရွေးချယ်စရာမရှိသဖြင့် သူက ကျန်းချဲ့ကို ကျိန်စာမှ ကာကွယ်ရန် ကူညီပေးခဲ့ရပြီး ထိုသို့လုပ်ဆောင်ရန်အတွက် အလွန်အဖိုးတန်သော အရင်းအမြစ်များကို ပြန်လည်ရိုက်ခတ်မှုအဖြစ် ထုတ်သုံးခဲ့ရသည်။ ဤသည်မှာ သူ၏စွမ်းအားကို ထပ်မံ၍ ကြီးမားစွာ ဆုံးရှုံးသွားစေခြင်း ပင်ဖြစ်သည်။
သူ၏ မျက်နှာထား မည်သို့ ကောင်းနိုင်မည်နည်း။
ချီရွှယ်မိစ္ဆာသခင်၏ တုံ့ပြန်မှုကို ကြည့်ပြီး ကျန်းချဲ့မှာလည်း ယခုတစ်ကြိမ် တိုက်ခိုက်မှုမှာ သူ့လက်ချက်မဟုတ်ကြောင်း အပြည့်အဝ ယုံကြည်သွားလေသည်။ မဟုတ်လျှင် သူ့ကို ကျိန်စာတိုက်ခြင်းမှ လွတ်မြောက်အောင် ကူညီပေးမည် မဟုတ်ပေ။
'ဒါဆို ဘယ်သူက တိုက်ခိုက်တာလဲ'
သိထားရမည်မှာ စောစောက ကျိန်စာတိုက်မှုသည် သူ့ကို အမှန်တကယ်ပင် ဝိညာဉ်လွင့်မတတ် ကြောက်လန့်သွားစေခဲ့သည်။
မည်သည့် ကြိုတင်လက္ခဏာမျှ မရှိဘဲ ရုတ်တရက် မျက်စိ... နှာခေါင်း... နား... ပါးစပ်တို့မှ သွေးများထွက်ကျလာပြီး ခန္ဓာကိုယ်မှာလည်း ကွဲအက်လာသည်။ ထို့အပြင် ချီရွှယ်မိစ္ဆာသခင် အချိန်မီ မကူညီခဲ့လျှင် သူ၏ ချီပင်လယ် ရွှေအမြုတေ ပင် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။
ထိုကဲ့သို့သော အန္တရာယ်မျိုးမှာ သူ သိုင်းပညာ စတင်လေ့လာကတည်းက ပထမဆုံးအကြိမ် ကြုံဖူးခြင်း ပင်ဖြစ်သည်။
တကယ်ကို အသက်အန္တရာယ်ရှိလှပေတကား။
"မင်းရဲ့ ရန်သူ သေချာပေါက် ဖြစ်ရမယ်... ဒီအခွင့်အရေးကို အသုံးချပြီး မင်းကို ရုတ်တရက် တိုက်ခိုက်ပြီး ချီရွှယ် လျှို့ဝှက်နယ်မြေထဲမှာ သေသွားအောင် လုပ်ချင်နေတာ... ကောင်လေး... နောက်ပိုင်း မင်း သေချာ စဉ်းစားပြီးမှ ပြောပါ..."
ချီရွှယ်မိစ္ဆာသခင်က ဒေါသတကြီး ပြောလိုက်လေသည်။
'ရန်သူ...'
ကျန်းချဲ့ ၏ မျက်ဝန်းများ လှုပ်ရှားသွားသည်။
သူ့တွင် ရန်သူ အတော်များများ ရှိလေသည်။ မြောက်လင် ချီမိသားစုနှင့် စေ့စပ်ပြီးကတည်းက သူ၏ ရပ်တည်ချက်နှင့် လုပ်ရပ်များ ပြောင်းလဲလာခဲ့ပြီး လအနည်းငယ်အတွင်းမှာပင်...
ထျန်းလုံ ဘုန်းကြီးကျောင်း... နဂါးကျား တာအိုဂိုဏ်း... နင်မင်းသားအိမ်တော်... ထျန်းနန် ကောင်းမိသားစု... လင်ယွမ် ဝေ့မိသားစု... ချင်းထျန်းဂိုဏ်း အပါအဝင် ယခင် လျှို့ဝှက်နယ်မြေတွင် ရန်ငြိုးဖွဲ့ခဲ့သော ယွင်ပြည်နယ်မှ လင်းမိသားစု...
တရားခံကို ရှာဖွေရန် အလွန်ခက်ခဲလှပေသည်။
တစ်ယောက်ချင်းစီ ဖြည်းဖြည်းချင်း လိုက်လံစုံစမ်းရုံသာ ရှိတော့သည်။
"စီနီယာ့ အမြင်အရ ဒီတိုက်ခိုက်မှုက ဘယ်လိုလူမျိုးရဲ့ လက်ချက်လို့ ထင်လဲ..."
ကျန်းချဲ့က ခေါင်းမော့ကာ မေးလိုက်လေသည်။
ချီရွှယ်မိစ္ဆာသခင်က ခေါင်းယမ်းလိုက်သည်။
"ကျိန်စာတိုက်တဲ့ အတတ်ပညာက ရှားပါးပေမဲ့ သိတဲ့သူတွေလည်း မနည်းဘူး... မိစ္ဆာလမ်းစဉ်က သိုင်းပညာရှင် တချို့လည်း ဒါကို နားလည်ကြတယ်... ပြီးတော့ တောင်တန်းကြီး တစ်သောင်းထဲက မျိုးနွယ်စု တချို့ ဆိုရင်... ကျိန်စာတိုက်တဲ့ အတတ်ပညာကို ပိုပြီး ကျွမ်းကျင်ကြတယ်... မင်းဆီက ဆံပင်... သွေး... အသား စတဲ့ ကြားခံပစ္စည်း တချို့ ရသွားတာနဲ့... လူမသိသူမသိ ကျိန်စာတိုက်လို့ ရပြီ..."
ထိုသို့ဆိုလျှင် မည်သူ့လက်ချက်ဖြစ်ကြောင်း ခန့်မှန်းရန် လုံးဝ မဖြစ်နိုင်တော့ချေ။
"ဒါဆိုရင် ခုနက တိုက်ခိုက်တဲ့သူ ဘာဖြစ်သွားလဲ..."
ကျန်းချဲ့က ဆက်မေးလိုက်လေသည်။
ထိုစကားကို ကြားသောအခါ ချီရွှယ်မိစ္ဆာသခင်က အေးစက်စွာ ရယ်မောလိုက်သည်။
"သေချာပေါက် ပြန်လည်ရိုက်ခတ်မှုကြောင့် သေသွားပြီပေါ့... ကျိန်စာတိုက်တဲ့ အတတ်ပညာ တစ်ခုတည်းနဲ့ ဘာကြိုတင်ပြင်ဆင်မှုမှ မရှိဘဲ ရှားပါးရတနာ တစ်ခုရဲ့ အခြေခံအင်အားကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ... အဲ့ဒါက ငါ အရင်တုန်းက ရခဲ့တဲ့ လေဟာနယ် ရတနာပဲ... ရှန်ရှန်းအဆင့် မဟာသိုင်းသခင် ကိုယ်တိုင် လုပ်ရင်တောင် သေချာပေါက် သေမှာပဲ..."
ကျန်းချဲ့ ခေါင်းညိတ်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ ထိုသူ သေဆုံးသွားလျှင် တော်သေးသည်ဟု ဆိုရမည်။ သူ အကြောင်းပြချက်မရှိ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကျိန်စာတိုက်မှုကို ထပ်မံခံစားလိုတော့ချေ။
တရားခံကိုတော့ လျှို့ဝှက်နယ်မြေမှ ထွက်သွားပြီးနောက်မှ ရှာဖွေရတော့မည်။
အကြမ်းဖျင်းအားဖြင့် သံသယဖြစ်ဖွယ် ရန်သူများစာရင်း ရှိနေပြီဖြစ်ရာ သူ၏ ရန်သူ အနည်းငယ် အနက်မှ တစ်ယောက်ယောက် ဖြစ်ရမည်။ ထိုအထဲတွင် ကျင်းယွမ် ဘုန်းကြီးကျောင်းမှ လူများက လဲ့ထင် ပြောင်းလဲသွားသည်ကို သိရှိခြင်း မရှိသရွေ့ သူက ဝူချန် ဘုန်းကြီးကို သတ်ဖြတ်ခဲ့မှန်း သိမည်မဟုတ်ချေ။
ပြီးတော့ ဗုဒ္ဓဘာသာဝင်များဖြစ်၍ ထိုကဲ့သို့သော ကျိန်စာတိုက်သည့် နည်းလမ်းမျိုးကို အသုံးပြုရန် ဖြစ်နိုင်ခြေ နည်းပါးလှသည်။
ထျန်းနန် ကောင်းမိသားစုနှင့် ဆက်ဆံရေး အနည်းငယ် ပြေလည်သွားပြီဖြစ်ရာ တိုက်ခိုက်ရန် အကြောင်းအရင်း ကြီးကြီးမားမား မရှိချေ။ လင်ယွမ် ဝေ့မိသားစုနှင့် ယွင်ပြည်နယ် လင်းမိသားစုတို့မှာလည်း အချိန်အတော်ကြာအောင် မည်သည့် လှုပ်ရှားမှုမျှ မရှိခဲ့သလို ချီမိသားစု၏ အရိပ်အာဝါသအောက်တွင် တိုက်ခိုက်ရန် အခွင့်အရေး နည်းပါးလှသည်။
အာရုံစိုက်ရမည့် သူများမှာ မကြာသေးမီက သူနှင့် အရှက်တကွဲ ဖြစ်ခဲ့ရသော နဂါးကျား တာအိုဂိုဏ်း၊ နင်မင်းသားအိမ်တော်နှင့် အမြဲတမ်း သူ၏ အစီအစဉ်များကို ဖျက်ဆီးနေသော ချင်းထျန်းဂိုဏ်း ဆိုသည့် သူပုန်ဂိုဏ်းတို့ ပင်ဖြစ်သည်။ ဤ အင်အားစု သုံးခုက သူ့ကို တိုက်ခိုက်ရန် ဖြစ်နိုင်ခြေ အများဆုံး ဖြစ်လေသည်။
အကြောင်းမှာ သူက နဂါးကျား တာအိုဂိုဏ်းကို အလွန်အမင်း အရှက်ရစေခဲ့ပြီး ချင်းထျန်းဂိုဏ်း၏ အကြံအစည်များကို အကြိမ်ကြိမ် ဖျက်ဆီးခဲ့သည်။ ထို့အပြင် နင်မင်းသားကို မျက်နှာပျက်စေခဲ့ပြီး နင်ကတော်ကိုပါ ခြိမ်းခြောက်ခဲ့သေးသည် မဟုတ်ပါလော။ သူ လုပ်ခဲ့သမျှမှာ အလွန်ရက်စက်လွန်းလှပေသည်။
သို့သော် မည်သည့်အရာမျှ အကြွင်းမဲ့ မဟုတ်ချေ။
ထျန်းလုံ ဘုန်းကြီးကျောင်းနှင့် အခြား အင်အားစုများတွင်လည်း အကြောင်းပြချက်များ ရှိနေနိုင်ပြီး အခွင့်အရေးကို စောင့်ဆိုင်းနေခြင်းလည်း ဖြစ်နိုင်လေသည်။ ထို့အပြင် တောင်ပိုင်းယွဲ့နိုင်ငံမှ ဖြစ်နိုင်ခြေကိုလည်း ထည့်သွင်းစဉ်းစားရမည်။ သူ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည် မဟုတ်ပါလော။
ကျိုးရိ၏ လက်ချက်လည်း ဖြစ်နိုင်ခြေ ရှိလေသည်။
"အရင်က စီနီယာ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... ဂျူနီယာ အမြဲတမ်း မှတ်ထားပါ့မယ်..."
မည်သို့ပင်ဖြစ်စေ ချီရွှယ်မိစ္ဆာသခင် က ကူညီပေးခဲ့သဖြင့် ကျန်းချဲ့ အနေဖြင့် ကျေးဇူးတင်ကြောင်း ပြသရမည် ပင်ဖြစ်သည်။
ချီရွှယ်မိစ္ဆာသခင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ကျေးဇူးတင်စရာ မလိုပါဘူး... မင်း သွေးကျိန်စာ ချုပ်ဆိုဖို့ မတောင်းဆိုရင် ရပါပြီ..."
"ဒီ... ချီရွှယ်စီနီယာ... ဒါက စီနီယာ့ကို အပြည့်အဝ မယုံကြည်လို့ မဟုတ်ပါဘူး... ဒီလိုလုပ်တာက နှစ်ယောက်စလုံးအတွက် စိတ်ချရစေဖို့ နည်းလမ်းတစ်ခုပါ... ပြီးတော့ စီနီယာက သွေးပူဇော်မှု တစ်ခုတည်းနဲ့ ပြန်လည်သက်သာလာဖို့ မဖြစ်နိုင်ဘူးလေ... သေချာပေါက် တခြား လိုအပ်တဲ့ အရင်းအမြစ်တွေ အများကြီး ရှိဦးမှာပဲ... ဂျူနီယာက ဒါတွေကို သေချာပေါက် ကူညီရှာဖွေပေးနိုင်ပါတယ်... စီနီယာက ဂျူနီယာမှာ ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင် ရှိတာကို တွေ့ပြီးပြီဆိုတော့ ဂျူနီယာက သာမန်နောက်ခံ မဟုတ်ဘူးဆိုတာ သိလောက်ပါပြီ... စီနီယာ့ကို သေချာပေါက် ကူညီနိုင်မှာပါ..."
ကျန်းချဲ့က တစ်ဖက်လူကို ဆွဲဆောင်ရန် ကြိုးစားလိုက်ပြီး သဘောထားလည်း အများကြီး ပျော့ပျောင်းသွားလေသည်။
ချီရွှယ်မိစ္ဆာသခင်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်လေသည်။
"သွေးကျိန်စာ ချုပ်ဆိုတာ ရပါတယ်... ဒါပေမဲ့ အရမ်းတင်းကျပ်တဲ့ စည်းကမ်းချက်တွေတော့ မရဘူး... ငါက မင်းရဲ့ အစေခံ မဟုတ်ဘူး... ငါတို့က ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးပဲ..."
ကျန်းချဲ့က ချီရွှယ်မိစ္ဆာသခင် တောင်းဆိုသော အချက်အချို့ကို နားထောင်ပြီးနောက် အချို့ကို ပြင်ဆင်လိုက်ပြီး သူတို့နှစ်ဦး သွေးကျိန်စာ ချုပ်ဆိုရန် တရားဝင် သဘောတူညီချက် ရရှိသွားလေသည်။
ထိုအချိန်မှစ၍ ကျန်းချဲ့၏ ဘေးတွင် တကယ့်ကို အစွမ်းထက်သော လမ်းပြအစောင့်အရှောက် တစ်ဦး ရှိလာပြီဖြစ်သည်။
ထိုအစောင့်အရှောက်မှာ မိစ္ဆာဂိုဏ်း၏ ထိပ်သီးပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်ပြီး စိတ်ထားမှာ မဖြောင့်မတ်သော်လည်း သွေးကျိန်စာ၏ ချည်နှောင်မှုကြောင့် အားထားရသော အကူအညီတစ်ခု ဖြစ်လာမည်ဖြစ်သည်။ ဆယ်နှစ်ကြာ လမ်းပြအစောင့်အရှောက် လုပ်ပေးရမည့် အချက်မှာ ကျန်းချဲ့၏ အကွက်ဆင်မှု အသေးလေးတစ်ခု ပင်ဖြစ်သည်။
ဆယ်နှစ်အချိန်အတွင်း သူ၏စွမ်းအားက ချီရွှယ်မိစ္ဆာသခင်ထက် သာလွန်မသွားနိုင်ဘူးဆိုလျှင်... သူ၏ ယဇ်ပူဇော်စနစ်ကြီးက အလကား ဖြစ်သွားမည် မဟုတ်ပါလော။
သူ၏ ကျင့်ကြံမှု စွမ်းအားက တစ်ဖက်လူထက် အများကြီး သာလွန်သွားသည့် အချိန်ရောက်လျှင်... ထိုအခါ တစ်ဖက်လူတွင် မည်သည့် လှည့်ကွက်များ ရှိနေပါစေ စိတ်ထဲတွင်သာ ကြိတ်၍ မျိုသိပ်ထားရမည် ပင်ဖြစ်သည်။ ကျန်းချဲ့ တွင် ထိုသို့သော ယုံကြည်မှု အပြည့်အဝ ရှိလေသည်။
သွေးရောင် အလင်းတန်း နှစ်ခုက သူတို့နှစ်ဦး၏ ကိုယ်ပေါ်သို့ အသီးသီး ဝင်ရောက်သွားပြီးနောက် ကျန်းချဲ့က မျက်တောင်တစ်ခတ်အတွင်းမှာပင် လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်တစ်ခုကို ရရှိလိုက်သည်။ တစ်ခုခု၏ ချည်နှောင်မှုမျိုးဖြစ်ပြီး အကယ်၍ ဖောက်ဖျက်ပါက သေချာပေါက် ပြန်လည်ရိုက်ခတ်မှုကို ခံရမည် ပင်ဖြစ်သည်။
အလားတူပင် ချီရွှယ်မိစ္ဆာသခင် မှာလည်း ထိုကဲ့သို့ ခံစားရလေသည်။
သို့သော် သူကတော့ အနည်းငယ် စိတ်ပျက်နေမိသည်။
သူ ချီရွှယ်မိစ္ဆာသခင် အစွမ်းထက်ဆုံး အချိန်က ပိုင်ယွဲ့ နိုင်ငံများကို ပတ်မွှေခဲ့သော်လည်း ယခုအခါတွင် ကျင့်ကြံမှုအဆင့် နိမ့်ကျသော ဂျူနီယာ တစ်ယောက်၏ ခြိမ်းခြောက်မှုကို ခံနေရသည်မှာ တကယ်ကို အခြေအနေ ဆိုးရွားလွန်းလှပေသည်။
တစ်ခုတည်းသော နှစ်သိမ့်စရာမှာ...
ဤကောင်လေးက သာမန်လူ မဟုတ်ဘဲ ဂိုဏ်းကြီးတစ်ခု၏ မျိုးဆက် သို့မဟုတ် ထိပ်တန်း မိသားစုတစ်ခု၏ သခင်လေး ဖြစ်နိုင်ခြင်း ပင်ဖြစ်သည်။
ထို့ကြောင့် သူ့ကို သိပ်ပြီး အရှက်မရစေခဲ့ချေ။
ထိုကောင်လေးကို အသုံးချပြီး သူ၏ ရုပ်ခန္ဓာကို ပြန်လည်တည်ဆောက်ကာ စွမ်းအားများ ပြန်လည်ရရှိနိုင်ကောင်း ရရှိနိုင်လေသည်။
"သွေးကျိန်စာ ချုပ်ဆိုပြီးပြီ ဆိုတော့... ဂျူနီယာ နဲ့ စီနီယာ က တစ်ဖက်တည်း ဖြစ်သွားပြီပေါ့..."
ကျန်းချဲ့က အပြုံးတစ်ခုကို ဖန်တီးလိုက်လေသည်။
"မင်း ဘာလို့ အဲ့ဒီလောက်တောင် ကောက်ကျစ်တဲ့ အပြုံးမျိုး ပြုံးနေရတာလဲ..."
ချီရွှယ်မိစ္ဆာသခင်က သံသယ မျက်လုံးများဖြင့် မေးလိုက်လေသည်။
"စီနီယာ နားလည်မှုလွဲနေပြီ... ဂျူနီယာ က စီနီယာ့ဆီကနေ ကျိန်စာတိုက်တာကို ကာကွယ်နိုင်မယ့် နည်းလမ်းကို တောင်းချင်လို့ပါ... နောက်တစ်ခါ အန္တရာယ် မကြုံရအောင်လို့ပါ..."
ကျန်းချဲ့က အမြဲတမ်း စိုးရိမ်ထိတ်လန့်နေရမည်ကို မလိုလားချေ။
ကာကွယ်နိုင်မည့် နည်းလမ်း ရှိရမည် ပင်ဖြစ်သည်။
"ဒီကိစ္စက လွယ်တာတော့ မဟုတ်ဘူး... မဟုတ်ရင် သိုင်းလောက တစ်ခုလုံးမှာ လူတိုင်း ကာကွယ်နိုင်နေမှာပေါ့... ဒါပေမဲ့ မင်း သင်ချင်တယ် ဆိုရင်လည်း ဒီအိုကြီး သင်ပေးလို့ ရပါတယ်... ဒါပေမဲ့ မင်း ငါ့ကို ဘယ်လို ခေါ်မလဲ..."
ချီရွှယ်မိစ္ဆာသခင်က ဆရာတပည့် အမည်နာမ တစ်ခုကို သတ်မှတ်လိုလေသည်။
"စီနီယာ လို့ ခေါ်တာ မရဘူးလား..."
"ဒါက ငါ့ရဲ့ အမွေအနှစ်လေ... စီနီယာ တစ်ခွန်းတည်းနဲ့ လွယ်လွယ် ပြီးသွားလို့ ဖြစ်မလား..."
"အင်း... သိုင်းပညာရှင် တစ်ရာရဲ့ သွေး နဲ့ ဆိုရင်ကော ဘယ်လိုလဲ..."
ကျန်းချဲ့က ရုတ်တရက် မေးလိုက်လေသည်။
"ဘယ်အဆင့် သိုင်းပညာရှင်တွေလဲ..."
"ရွှမ်တန်အဆင့် အောက်... အရိုးသန့်စင်ခြင်း အဆင့် အထက်..."
ကျန်းချဲ့က လေးနက်စွာ ပြောလိုက်လေသည်။
ထျန်းနန် အကျဉ်းထောင် အတွင်းတွင် ရက်စက်ကြမ်းကြုတ်သော အကျဉ်းသားများ မည်မျှရှိမှန်း မသိချေ။ ထိုသူများကို ချီရွှယ်မိစ္ဆာသခင် အတွက် အာဟာရ အဖြစ် ပေးလိုက်ရမည်ကို ကျန်းချဲ့ အနေဖြင့် လုံးဝ နှမြောတွန့်တိုမည် မဟုတ်ချေ။
"ကောင်းပြီ... ဒီလို သဘောတူလိုက်ကြတာပေါ့..."
ချီရွှယ်မိစ္ဆာသခင်က လုံးဝ တွေဝေခြင်းမရှိဘဲ ခေါင်းညိတ်လိုက်လေသည်။
ယခုအချိန်က လွန်ခဲ့သော အနှစ်တစ်ရာကလို သူ ထင်တိုင်းကြဲနိုင်သော အချိန်မဟုတ်တော့ချေ။ အပြင်ဘက်တွင် ရန်သူများ အများကြီး ရှိနေသေးပြီး အထူးသဖြင့် ထို နဂါးနှိမ် ရဟန္တာ ကို သူ အလွန် အလေးထားလေသည်။ နှစ်ပေါင်း တစ်ရာ ကြာပြီးနောက် သူ ဘယ်လောက်တောင် အစွမ်းထက်နေပြီလဲ ဆိုတာ မသိနိုင်တော့ချေ။
သူ က အစွမ်းအစ အပြည့်အဝ မရရှိသေးမီ အချိန်တွင် ထွက်ပေါ်လာရန် မဝံ့ရဲချေ။ ထို့အပြင် သူ ယခင်က ပိုင်ယွဲ့ နိုင်ငံများနှင့် အလယ်ပိုင်းဒေသ တွင် ကျူးလွန်ခဲ့သော ပြစ်မှုများမှာ အလွန် ကြီးမားလွန်းလှသဖြင့် လက်စားချေ ခံရမည်ကိုလည်း စိုးရိမ်နေရလေသည်။
ထို့ကြောင့် သူက ရုတ်တရက် သွေးစုပ်ယူပြီး အစွမ်းများ ပြန်လည်မရယူရဲသေးချေ။
အကယ်၍ ကျန်းချဲ့က သူ့အတွက် လုံလောက်သော သိုင်းပညာရှင်များ၏ သွေးများကို ရှာဖွေပေးနိုင်မည် ဆိုပါက... သူ တဖြည်းဖြည်းချင်း လျှို့ဝှက်စွာ ပြန်လည် အစွမ်းထက်လာနိုင်မည် ပင်ဖြစ်သည်။
ထို့နောက် ချီရွှယ်မိစ္ဆာသခင်က ကျိန်စာတိုက်ခြင်းကို ကာကွယ်နိုင်သော လျှို့ဝှက်ကျင့်စဉ် တစ်ခုကို ကျန်းချဲ့အား သင်ကြားပေးလိုက်လေသည်။ သို့သော် ဤကျင့်စဉ်ကို လေ့ကျင့်ရန် အချိန် အများကြီး လိုအပ်ပြီး ခန္ဓာကိုယ် အတွင်း၌ သွေးအမှတ်အသား အချို့ကို ဖန်တီးရမည် ဖြစ်လေသည်။
သူ့ကို ကျိန်စာတိုက်လိုပါက ထို သွေးအမှတ်အသား များကို အရင်ဖျက်ဆီးရမည် ဖြစ်ပြီး အကယ်၍ တစ်ဖက်လူ၏ စွမ်းအား မလုံလောက်ပါက ချက်ချင်း ပြန်လည်ရိုက်ခတ်မှုကို ခံရမည် ဖြစ်သည်။ ဤသည်မှာ အလွန် အစွမ်းထက်သော မိစ္ဆာလမ်းစဉ် ကျင့်စဉ်တစ်ခု ပင်ဖြစ်သည်။
"ဒါနဲ့... နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်... ဒီ ပုံရိပ်ယောင် အရိပ် ကို နတ်မှော်အဆောင် ထဲကို ပြန်ထည့်လို့ ရမယ့် နည်းလမ်းများ စီနီယာ့မှာ ရှိလား..."
ကျန်းချဲ့က ရုတ်တရက် မေးလိုက်ပြီး ချီရွှယ်မိစ္ဆာသခင်ကို မျှော်လင့်တကြီး ကြည့်လိုက်လေသည်။
"ဒီကိစ္စကို ငါ မလုပ်နိုင်ဘူး... ပုံရိပ်ယောင် အရိပ် က တစ်ခါသုံး နည်းလမ်းပဲ... အသက်သွင်းပြီးရင် ပြန်ရုပ်သိမ်းလို့ မရတော့ဘူး..."
ချီရွှယ်မိစ္ဆာသခင်က ခေါင်းယမ်းလိုက်လေသည်။
ကျန်းချဲ့ ခေါင်းညိတ်လိုက်ပြီး အနည်းငယ် နှမြောသွားသော်လည်း လက်ခံလိုက်ရလေသည်။
"ဒါပေမဲ့... မင်းက ဒါကို အလကား မဖြုန်းတီးချင်ဘူး ဆိုရင်တော့... ဒီအိုကြီးမှာ အကြံတစ်ခု ရှိတယ်..."
ချီရွှယ်မိစ္ဆာသခင်က ရုတ်တရက် ပြောလိုက်လေသည်။
"စီနီယာ ဘာကို ဆိုလိုချင်တာလဲ..."
"မင်း ပြောသလို အပြင်ဘက်မှာ လျှို့ဝှက်နယ်မြေ တံခါးဝကို စောင့်နေတဲ့သူ ရှိတယ်ဆိုရင်... ဒီ ပုံရိပ်ယောင် အရိပ် ကို သုံးပြီး သွေးလမ်းကြောင်း ဖောက်ထွက်လို့ ရတာပေါ့..."
ချီရွှယ်မိစ္ဆာသခင်က အေးစက်စွာ ရယ်မောလိုက်ပြီး အနည်းငယ် ရက်စက်သော အမူအရာဖြင့် ပြောလိုက်လေသည်။
"ဒီ..."
ကျန်းချဲ့၏ မျက်နှာပေါ်တွင် တွေဝေမှုများ ပေါ်လွင်လာသည်။ တိုက်ခိုက်ခြင်းက ပြဿနာမရှိသော်လည်း ချီကျန်းနန်၏ ပုံရိပ်ယောင် အရိပ် ထွက်ပေါ်သွားပါက အခြား ပြဿနာများ ဖြစ်လာနိုင်သဖြင့် အနည်းငယ် တွေဝေသွားခြင်း ပင်ဖြစ်သည်။ မဆုံးဖြတ်နိုင်သေးဘဲ ရှိနေလေသည်။
ချီရွှယ်မိစ္ဆာသခင်က ကျန်းချဲ့၏ စိုးရိမ်မှုများကို ရိပ်မိသွားသကဲ့သို့ တိုက်ရိုက်ပင် ပြောလိုက်လေသည်။
"တကယ်လို့ မင်းက ဒီလူရဲ့ ကိုယ်ပိုင်အမှတ်အသား ကို မပေါ်လွင်စေချင်ဘူး ဆိုရင်လည်း ဒီအိုကြီးမှာ နည်းလမ်း ရှိပါတယ်..."
"စီနီယာ့ စကားက တကယ်လား..."
"ဒါက လှည့်ကွက် အသေးလေး ပါပဲ... ဘာပဲဖြစ်ဖြစ် ဒါက တစ်ခါသုံး နည်းလမ်း ဆိုတော့ နည်းနည်းလေး ပြင်ဆင်လိုက်ရင် ဖုံးကွယ်လို့ ရပါတယ်... ကြီးကြီးမားမား ပြဿနာ မဟုတ်ပါဘူး..."
ချီရွှယ်မိစ္ဆာသခင်က နှိမ့်ချစွာ ပြောလိုက်သော်လည်း အလွန် မာနကြီးသော အမူအရာဖြင့် ပြောလိုက်လေသည်။