အခန်း ၂၈၃
Vol. 29 Ch. 283
အခန်း (၂၈၃) မိစ္ဆာသခင် ကျန်းချဲ့...
"ဒါက လျှို့ဝှက်နယ်မြေ ပြိုကျပျက်စီးသွားတာ မဟုတ်ဘူးလား..."
ကျန်းချဲ့က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ရုတ်တရက် ဖြစ်ပေါ်လာသော ထူးဆန်းသည့် အဖြစ်အပျက်ကို ကြည့်ကာ ချီရွှယ်မိစ္ဆာသခင်ထံ အကြည့်ပို့လိုက်သည်။ သူ၏ စိတ်ထဲတွင်တော့ ဤအကြောင်းရင်းမှာ စောစောက ရွှေရောင်နဂါးစစ်စစ်နှင့် သက်ဆိုင်နေမည်ဟု သံသယဝင်နေမိ၏။
"ဘာလို့လဲဆိုတော့ ဒါက အစစ်အမှန် လျှို့ဝှက်နယ်မြေ တစ်ခု မဟုတ်လို့ပဲကွ... ထူးဆန်းတဲ့ ရတနာတစ်ခုကနေ ဆင်းသက်လာတဲ့ လေဟာနယ် တစ်ခုသာဖြစ်ပြီး ငါ အရင်က ရယူထားခဲ့တာ..."
ချီရွှယ်မိစ္ဆာသခင်က ရှင်းပြလိုက်ပြီးနောက် စကားစကို ဖြတ်လိုက်လေသည်။ နောက်ထပ် အကြောင်းအရာများကို ဆက်လက်ဖွင့်ဟလိုပုံ မရတော့ချေ။
အမှန်တကယ်တွင် ကျန်းချဲ့၏ တွေးတောမှုမှာ အနည်းငယ်မျှ မမှားယွင်းခဲ့ပေ။ ချီရွှယ်လျှို့ဝှက်နယ်မြေက ဤမျှ ကြီးမားကျယ်ပြန့်သော လောကကြီးတစ်ခုအဖြစ် ချဲ့ထွင်နိုင်ခဲ့ခြင်းမှာ နဂါးကြောကြောင့် ပင်ဖြစ်သည်။ ယခုအခါတွင် သူက ထိုနဂါးကြော အပိုင်းအစကို ပြန်လည်ရယူလိုက်ပြီဖြစ်ရာ ရတနာမှာလည်း နဂိုမူလ အခြေအနေသို့ ပြန်လည်ရောက်ရှိသွားမည်သာ ဖြစ်သည်။ ပေတစ်ထောင်ဝန်းကျင်ခန့်သာ ရှိသော အတိုင်းအတာတစ်ခုအထိ ကျုံ့ဝင်သွားမည် ပင်ဖြစ်သည်။
"ဒီလိုကိုး..."
ကျန်းချဲ့က နားလည်သဘောပေါက်သွားသည့်အလား ခေါင်းညိတ်လိုက်လေသည်။
"သွားကြစို့... အပြင်ဘက်က လူတွေ ဘာတွေများ ကြိုတင်ပြင်ဆင်ထားလဲဆိုတာ ငါလည်း ကြည့်ချင်သေးတယ်..."
ချီရွှယ်မိစ္ဆာသခင်က အေးစက်စွာ ရယ်မောလိုက်ပြီး တောင်ပိုင်းယွဲ့နိုင်ငံမှ လူအချို့ကို အလွန်အထင်သေးနေလေသည်။ အရင်တုန်းက ဆိုလျှင် သူသည် ပိုင်ယွဲ့နိုင်ငံများ တစ်ခွင်တွင် အနှံ့အပြား လွှမ်းမိုးနိုင်ခဲ့သော တည်ရှိမှုတစ်ခု ပင်မဟုတ်ပါလော။
ယခုအခါ ကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခုသာ ကျန်ရှိတော့သော်လည်း တိုက်ခိုက်နိုင်စွမ်း ရှိနေသေးသည်။ ပြင်ပတွင် ရှန်ရှန်းအဆင့် နှောင်းပိုင်း သို့မဟုတ် အထွတ်အထိပ်သို့ ရောက်ရှိနေသော မဟာသိုင်းသခင်တစ်ပါး မရှိသရွေ့ သူ့ကို တားဆီးရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။ ထို့အပြင် ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင်၏ ကိုယ်ပွားလည်း ရှိနေသေးသည် မဟုတ်ပါလော။ သူတို့နှစ်ဦး ပူးပေါင်းလိုက်မည်ဆိုပါက သေချာပေါက် သွေးလမ်းကြောင်း ဖောက်ထွက်နိုင်မည် ဖြစ်သည်။
သေချာသည်ကတော့ ဤအရာများမတိုင်မီ ထိုနတ်မှော်အဆောင် ကိုယ်ပွားကို အပြင်သို့ အရင်လွှတ်ကာ အခြေအနေကို စမ်းသပ်ကြည့်ရဦးမည် ဖြစ်သည်။ အကယ်၍ အပြင်ဘက်တွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော အခြေအနေ ရှိနေပါက သူလည်း အလွယ်တကူ စွန့်စားမည် မဟုတ်ချေ။ ဤသည်မှာ သူက နတ်မှော်အဆောင် ကိုယ်ပွားကို ဖုံးကွယ်ရန် ကူညီပေးခဲ့သော အကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်လေသည်။
"ကောင်းပြီလေ..."
ကျန်းချဲ့က ခေါင်းညိတ်လိုက်ပြီး အခြားစကားများ ဆက်မဆိုတော့ချေ။
ချီရွှယ်မိစ္ဆာသခင်က စိတ်ကူးတစ်ချက် တွေးလိုက်သည်နှင့် သူတို့နှစ်ဦး၏ အရှေ့တွင် သွေးရောင် တံခါးပေါက်တစ်ခု ဖြည်းညင်းစွာ ပေါ်ထွက်လာပြီး ပြင်းထန်သော သတ်ဖြတ်ခြင်း အငွေ့အသက်များကို ထုတ်လွှတ်နေလေသည်။ သူတို့နှစ်ဦး အချင်းချင်း တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းချဲ့က သဘောပေါက်သွားကာ ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင်ကို ချက်ချင်း အသက်သွင်းလိုက်လေသည်။ ဒုတိယမြောက် နတ်မှော်အဆောင် ကိုယ်ပွားမှာလည်း သွေးရောင် အလင်းတန်းတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး လျှို့ဝှက်နယ်မြေ တံခါးပေါက်မှ တိုက်ရိုက် ထွက်ခွာသွားလေသည်။
ချီရွှယ်မိစ္ဆာသခင်က အသက်ရှူကြိမ် အနည်းငယ်ခန့် စောင့်ဆိုင်းပြီးနောက် ခြေတစ်လှမ်း လှမ်းကာ လျှို့ဝှက်နယ်မြေမှ ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် ခြေတစ်ဝက်ခန့် လှမ်းပြီးချိန်တွင် ရုတ်တရက် အန္တရာယ်တစ်ခုခုကို အာရုံခံလိုက်မိသည့်အလား အလျင်အမြန် ပြန်ဆုတ်လာခဲ့လေသည်။
သူ၏ မျက်နှာထားမှာ အလွန် ကြည့်ရဆိုးသွားပြီး တိုးညှင်းသော အသံဖြင့် ကျိန်ဆဲလိုက်သည်။
"သေနာကောင် ကတုံး... ကြိုပြီး ပြင်ဆင်ထားတာပဲ..."
"စီနီယာ... ဘာအဓိပ္ပာယ်လဲ..."
ချီရွှယ်မိစ္ဆာသခင်၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားသည်ကို မြင်သောအခါ ကျန်းချဲ့၏ မျက်နှာထားမှာလည်း အလွန် လေးနက်သွားလေသည်။ ပြင်ပတွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော ခြိမ်းခြောက်မှုများ ရှိနေသလားဟု သံသယ ဝင်သွားမိသည်။ အကယ်၍ တကယ်ပင် ထိုသို့ဆိုလျှင် အပြင်သို့ ထွက်ခွာရန် အလွန် ခက်ခဲသွားမည် ပင်ဖြစ်သည်။
"အရင်က ကျောက်စာပြားပေါ်မှာ ငါ ရေးခဲ့ဖူးတယ်... အဲ့ဒီတုန်းက ငါဟာ နဂါးနှိမ် ရဟန္တာရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ရတာ... နောက်ပိုင်း ပြန်ကောင်းလာရင် သူ့ကို လက်စားချေမယ်လို့ စဉ်းစားထားခဲ့တာ... ဒါပေမဲ့ အဲ့ဒီကတုံးက ကြိုတင်ပြင်ဆင်ထားလိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး... လျှို့ဝှက်နယ်မြေ အပြင်ဘက်က အစီအရင်တွေ အပေါ်မှာ သူ့ရဲ့ လှည့်ကွက်တွေ ချန်ထားခဲ့ပြီး ငါ့ကို အလွတ်မပေးချင်ဘူးလေ... တကယ်လို့ ငါသာ ကိုယ်ထင်ပြလိုက်ရင် အဲ့ဒီကတုံးက အာရုံခံမိသွားလိမ့်မယ်... ငါ့ရဲ့ အရှိန်အဝါနဲ့ ခြေရာခံတွေကို သော့ခတ်နိုင်တဲ့ လှည့်ကွက်တွေတောင် ချန်ထားခဲ့နိုင်သေးတယ်..."
ဤသည်ကပင် သူ့ကို မျက်နှာထား ပြောင်းလဲသွားစေသည့် အကြောင်းရင်း ပင်ဖြစ်လေသည်။
"ဒါက... စီနီယာ အပြင်ထွက်လို့ မရဘူးလို့ ဆိုလိုတာလား..."
အကယ်၍ ထိုသို့ဆိုလျှင် သူ လမ်းပြအစောင့်အရှောက် တစ်ယောက် ရှာထားခြင်းကလည်း အသုံးဝင်တော့မည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေ နဂါးနှိမ် ရဟန္တာ၏ ဖမ်းဆီးခြင်းကို ခံရမည်စိုးသဖြင့် ချီရွှယ်မိစ္ဆာသခင် က လုံးဝ လက်ပါဝံ့မည် မဟုတ်ပါလော။
ချီရွှယ်မိစ္ဆာသခင်၏ မျက်ဝန်းများ လှုပ်ရှားသွားပြီး ဆယ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် ကျန်းချဲ့ကို ကြည့်ကာ ပြောလိုက်လေသည်။
"ငါ ကိုယ်ထင်ပြလို့ မရပေမဲ့... မင်း လုပ်လို့ ရတယ်..."
"စီနီယာ... ဒါက ဘာအဓိပ္ပာယ်လဲ..."
"ငါက သွေးပင်လယ် ကိုယ်ပွားဝင်ပူးတဲ့ လျှို့ဝှက်ကျင့်စဉ် တစ်ခုကို ကျင့်ကြံထားတယ်... မင်းရဲ့ ကိုယ်ပေါ်ကို ငါ့ရဲ့ စွမ်းအားတွေ ပေါင်းထည့်ပေးပြီး မင်းရဲ့ စွမ်းအားကို အတင်းအကျပ် မြှင့်တင်ပေးလို့ ရတယ်... မင်းရဲ့ ရုပ်ခန္ဓာက ခံနိုင်ရည်ရှိသရွေ့ ငါ့ရဲ့ စွမ်းအားတွေကို အသုံးပြုနိုင်မှာပဲ... ဘယ်လိုလဲ... ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ပါးရဲ့ စွမ်းအားကို မြည်းစမ်းကြည့်ချင်လား..."
ချီရွှယ်မိစ္ဆာသခင်က ရုတ်တရက် ပြောလိုက်လေသည်။
ထိုစကားကို ကြားသောအခါ ကျန်းချဲ့က တစ်ဖက်လူ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားပြီး မျက်ဝန်းများ လှုပ်ရှားသွားကာ အနည်းငယ် စိတ်ဝင်စားသွားလေသည်။
"ဒါပေမဲ့ ငါ့ရဲ့ စွမ်းအားတွေကို အသုံးပြုတာက အလကားတော့ မဟုတ်ဘူး... နောက်ပိုင်းမှာ ငါ ပြန်လည်သက်သာလာဖို့ လုံလောက်တဲ့ သိုင်းပညာရှင်တွေရဲ့ အမြုတေသွေးတွေကို မင်း သေချာပေါက် ရှာဖွေပေးရမယ်... မဟုတ်ရင် မင်း အကြာကြီး အသုံးပြုနိုင်မှာ မဟုတ်ဘူး... အရင်က တိုက်ပွဲကြီးကြောင့် ငါ့ရဲ့ အခြေခံအင်အားတွေ အများကြီး ဆုံးရှုံးသွားရပြီ..."
ချီရွှယ်မိစ္ဆာသခင်က ကျန်းချဲ့ကို သွေးဆောင် ဖြားယောင်းနေလေသည်။ ရည်ရွယ်ချက်မှာ ကျန်းချဲ့ကို ဤစွမ်းအားများတွင် နစ်မြောသွားစေရန်နှင့် နောင်တစ်ချိန်တွင် သူ ပြန်လည်သက်သာလာစေရန်အတွက် သိုင်းပညာရှင်များ၏ အမြုတေသွေးများအပြင် ရှားပါးသော ကောင်းကင်နှင့်မြေကြီး ရတနာများကိုပါ ပိုမို အားတက်သရော ရှာဖွေပေးလာစေရန် ပင်ဖြစ်သည်။
"ဒီအပြင်ကော... တခြား ဘာနောက်ဆက်တွဲ အကျိုးဆက်တွေ ရှိသေးလဲ..."
"မင်း စိတ်ချပါ... သွေးကျိန်စာရဲ့ ချည်နှောင်မှု ရှိနေတော့ ငါ မင်းကို ဒုက္ခပေးလို့ မရပါဘူး... နောက်ဆက်တွဲ ဆိုးကျိုး အနေနဲ့ကတော့... တိုက်ပွဲ ပြီးသွားရင် မင်းရဲ့ သွေးချီစွမ်းအင် နဲ့ နတ်အာရုံ တွေ ထိခိုက်ဒဏ်ရာ ရသွားနိုင်တယ်... အနားယူဖို့ လိုအပ်ပြီး မကြာခဏ အသုံးပြုလို့တော့ မရဘူး..."
"ကောင်းပြီ... ဒီလိုဆိုရင်တော့ ဂျူနီယာ လက်ခံလိုက်ပါပြီ..."
ကျန်းချဲ့က ခေါင်းညိတ်လိုက်လေသည်။
"အရမ်း ကောင်းတယ်... အရင်တုန်းက ငါ့ရဲ့ ပုံစံမျိုး နည်းနည်းတော့ ပါလာပြီ..."
ချီရွှယ်မိစ္ဆာသခင်က ထူးဆန်းစွာ ရယ်မောလိုက်သည်။ ထို့နောက် သူ၏ ပုံရိပ်မှာ ချက်ချင်း ပေါက်ကွဲထွက်သွားပြီး သွေးရောင် မြူခိုးတိမ်တိုက် တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ ထို့နောက် လေဟာနယ်အတွင်းရှိ သွေးရောင် လပြည့်ဝန်းက အလင်းရောင်များ ဖြာထွက်လာလေသည်။
ချီရွှယ်မိစ္ဆာသခင်က သွေးရောင် လပြည့်ဝန်း အတွင်းရှိ စွမ်းအားများကို ထပ်မံ ထုတ်ယူလိုက်သဖြင့် ကျန်းချဲ့ အနည်းငယ် သံသယ ဝင်သွားရလေသည်။
'အရင်က ဒီ အိုကြီး က အခြေခံ အင်အားတွေ ကုန်ခန်းသွားပြီ လို့ အမြဲတမ်း ပြောနေခဲ့တာ မဟုတ်ဘူးလား... အခုတော့ ဆက်ပြီး အသုံးပြုနိုင်သေးတာပဲ... ထင်ရှားတာကတော့ ချီရွှယ် မိစ္ဆာသခင် ဆီမှာ နောက်ဆုံး အစီအမံ တချို့ ကျန်နေသေးတာ သေချာတယ်...'
ကျန်းချဲ့ ဆက်လက် တွေးတောနေရန် အချိန်မရလိုက်မီ သွေးရောင် မြူခိုးများနှင့် သွေးရောင် အလင်းတန်းများက ကျန်းချဲ့၏ ကိုယ်ပေါ်သို့ လွှမ်းခြုံလာလေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သွေးရောင် သံချပ်ကာ အလွှာများက သူ၏ ရုပ်ခန္ဓာကို လွှမ်းခြုံသွားပြီး သူ၏ အရေပြားပေါ်တွင် တင်းကျပ်စွာ ကပ်တွယ်နေလေသည်။
အပေါ်တွင် အသေပေါက်နေသည့်အလား ပင်။ သွေးချီစွမ်းအင်များ အရူးအမူး တုန်ခါနေပြီး နဂါးအမှတ်အသားများ စတင် ပေါ်ထွက်လာလေသည်။
ကျန်းချဲ့ စည်းနှောင်ထားသော ဆံပင်ရှည်များ ချက်ချင်း ပြုတ်ကျသွားပြီး ဆံပင်များ ဖရိုဖရဲ ဖြစ်သွားလေသည်။ သွေးရောင် လွှမ်းနေသော မျက်လုံး တစ်စုံမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ကိုယ်ပတ်လည်တွင် သွေးပင်လယ် အမြင်အာရုံများ တဖြည်းဖြည်း စတင် ထွက်ပေါ်လာပြီး သူ၏ အရှိန်အဝါများမှာလည်း အဆင့်ဆင့် မြင့်တက်လာလေသည်။
နယ်နိမိတ်တစ်ခုကို ချိုးဖျက်သွားသည် အထိ ပင်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ကိုယ်တွင်းရှိ ရွှေအမြုတေ ကလည်း ယခုအခါ အရူးအမူး လည်ပတ်နေပြီး စွမ်းအားများ စတင် ယိုဖိတ်လာလေသည်။ ထင်ရှားသည်ကတော့ ချီရွှယ်မိစ္ဆာသခင် နှင့် ပေါင်းစပ်လိုက်ခြင်းက သူ့အတွက်လည်း အလွန် ကြီးမားသော ဖိအားများကို ခံစားရစေမည် ပင်ဖြစ်သည်။
"ကောင်းလိုက်တဲ့ ကောင်လေး... မင်းရဲ့ ရုပ်ခန္ဓာက တကယ်ကို သာမန် မဟုတ်ဘူးပဲ..."
လျှို့ဝှက်ဆန်းကြယ်စွာပင် ကျန်းချဲ့၏ နားထဲသို့ ချီရွှယ်မိစ္ဆာသခင် ၏ အသံ ထပ်မံ ထွက်ပေါ်လာလေသည်။
သွေးရောင် သံချပ်ကာ တစ်ထပ်က ကျန်းချဲ့ တစ်ကိုယ်လုံးကို လွှမ်းခြုံထားပြီး မျက်နှာကိုပင် ဖုံးကွယ်ထားလေသည်။ လက်သီးကို ဆုပ်လိုက်ကာ ယခု အချိန်တွင် သူ အသုံးပြုနိုင်သော စွမ်းအားများကို ခံစားကြည့်ရင်း ကျန်းချဲ့က ဖွဖွ ရယ်မောလိုက်လေသည်။
"ဒီလို ခံစားချက်မျိုးက... တကယ်ကို စွဲလမ်းချင်စရာ ကောင်းတာပဲ..."
"အပြင်ထွက်ကြစို့... ငါ့ရဲ့ စွမ်းအားတွေကို မင်း အကြာကြီး ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး... အချိန် မဖြုန်းနဲ့တော့..."
"ကောင်းပြီလေ..."
ကျန်းချဲ့က ခေါင်းညိတ်လိုက်ပြီးနောက် ခြေတစ်လှမ်း လှမ်းကာ တံခါးပေါက်မှ ထွက်ခွာသွားလေတော့သည်။
ချီရွှယ်လျှို့ဝှက်နယ်မြေ ၏ အပြင်ဘက်... အချိန်ကို အသက်ရှူကြိမ် တစ်ရာကျော်ခန့် နောက်ပြန်ဆုတ် ကြည့်ရမည် ဆိုလျှင်။
မူလက တည်ငြိမ်နေသော မင်ယွဲ့ရေကန် မှာ ရုတ်တရက် ထူးခြားစွာ ပြောင်းလဲလာလေသည်။ အရင်က ဖွင့်လှစ်ခဲ့စဉ်က အတိုင်းပင် ယခုအခါ ရေကန် တစ်ခုလုံး တုန်ခါနေပြီး အလွန် ကြီးမားသော ရေဝဲကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားလေသည်။ တုန်ခါမှုကြောင့် ရေကန် အောက်ခြေရှိ ရွှံ့နွံများ အားလုံး ကွဲအက်သွားပြီး ဖုန်မှုန့်များ အဖြစ် ပြောင်းလဲကာ ရေကန်ကို နောက်ကျိသွားစေလေသည်။ ထူးဆန်းသော အနီရောင် အလင်းတန်းများ ကလည်း ကောင်းကင်ယံသို့ တိုက်ရိုက် ထိုးတက်သွားလေသည်။
ကြီးမားသော ထူးခြားသည့် အဖြစ်အပျက်တစ်ခု စတင် ပေါ်ထွက်လာလေပြီ။
ဘေးပတ်ဝန်းကျင်တွင် စောင့်ကြပ်နေသော စစ်သည်များကလည်း ဤနေရာရှိ ပြောင်းလဲမှုကို လျင်မြန်စွာ သတိပြုမိသွားကြသည်။ ကြိုတင် လေ့ကျင့်ထားသည့် အတိုင်း ပင် လျင်မြန်စွာ အစီအရင် ပြောင်းလဲလိုက်ကြပြီး လက်ရွေးစင် စစ်သည် အဖွဲ့များ က တိုက်ခိုက်ရေး အစီအရင်ကို စတင် ဖွဲ့စည်းလိုက်ကြလေသည်။ မသိမသာပင် ကြောက်မက်ဖွယ်ကောင်းသော စစ်ရေးပြ တိုက်ခိုက်မှု အခင်းအကျင်း တစ်ခု စတင် ပုံပေါ်လာလေသည်။
ထို့အပြင် အစောကြီး ကတည်းက ကြိုတင် ပြင်ဆင်ထားသော ကျိုးရိ နှင့် စောင့်ကြပ်ရေး စစ်သူကြီး ကျန်းဖျင် တို့လည်း ချက်ချင်း သတိဝင်လာကြပြီး အလင်းတန်း ဆယ်ခု နီးပါးခန့်က မင်ယွဲ့ရေကန် ထံသို့ လျင်မြန်စွာ စုရုံးရောက်ရှိ လာကြလေသည်။
လေဟာနယ်ထဲတွင် ရပ်ကာ လူတိုင်းက အောက်ဘက်ရှိ ပြောင်းလဲမှုများကို စူးစိုက်ကြည့်နေကြလေသည်။ ကျန်းဖျင် ၏ မျက်နှာပေါ်တွင် အေးစက်သော အလင်းရောင်များ ထင်ရှားနေပြီး တစ်ကိုယ်လုံးမှ ဖိအားများက ထွက်ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက် ဖြစ်နေကာ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားလေသည်။ ဤတစ်ကြိမ်တွင် သူ လုံးဝ ပေါ့ဆတော့မည် မဟုတ်ဘဲ အတင်းအကျပ် ဝင်ရောက်သွားသော သူခိုးကို ဤနေရာတွင်ပင် သတ်ဖြတ်မည် ပင်ဖြစ်သည်။
ထို့အပြင် အရင်က ချီရွှယ်မိစ္ဆာသခင် ချန်ထားခဲ့သော အခြေခံအင်အားများကိုပါ ရယူရဦးမည် ပင်ဖြစ်သည်။ ဤအရာများက ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ပါး အတွက်ပင် လုံးဝ သာမန် မဟုတ်သော ရတနာများ ပင်ဖြစ်သည်။
ထို့အပြင် ဒြပ်စင်ငါးပါး အမှီအခိုကင်း သိုင်းပညာရှင်များ မှာလည်း ဤကဲ့သို့သော အတွေးမျိုး ရှိကြလေသည်။ သူတို့သည် တောင်ပိုင်းယွဲ့ နိုင်ငံ အစိုးရမှ လူများ ဖြစ်ကြသော်လည်း သူတို့ ကိုယ်တိုင်လည်း ကျင့်ကြံရန် လိုအပ်လေသည်။ ဤတစ်ကြိမ် အခေါ်ခံရ၍ ရောက်ရှိလာခြင်းမှာ ဝိညာဉ်ပစ္စည်း များကို ခွဲဝေယူရန် အတွေး ရှိနေသောကြောင့် ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ အရင်က ချီရွှယ်မိစ္ဆာသခင် လုယူထားသော ရတနာများက အလွန် များပြားလွန်းလှပေသည်။
သူ၏ လက်ပေါ်တွင် ပိုင်ယွဲ့ နိုင်ငံများမှ ထိပ်တန်း မိသားစုများနှင့် ဂိုဏ်းများ ၏ သွေးများ အများကြီး စွန်းပေနေခဲ့ပြီး ကျင့်ကြံခြင်း အရင်းအမြစ်များကို အတင်းအကျပ် လုယူကာ မိမိပိုင်ဆိုင်မှု အဖြစ် ပြောင်းလဲခဲ့လေသည်။ အကယ်၍ သူတို့သာ တစ်စိတ်တစ်ပိုင်း ခွဲဝေရရှိမည် ဆိုပါက... လူငါးယောက်ထဲမှ တစ်ယောက်ယောက် ရှန်ရှန်းအဆင့်သို့ တက်လှမ်းသွားနိုင်မည် ပင်ဖြစ်သည်။ ထိုသို့ဆိုလျှင် သူတို့၏ စွမ်းအားများ တစ်ဖန် ပြန်လည် မြင့်တက်လာမည် ဖြစ်ပြီး ဒြပ်စင်ငါးပါး အစီအရင်ကြီး ၏ စွမ်းအား ကလည်း အလွန် ကြောက်မက်ဖွယ် ကောင်းသွားမည် ပင်ဖြစ်သည်။
အကယ်၍ လူငါးယောက်စလုံး သာ ရှန်ရှန်းအဆင့် မဟာသိုင်းသခင် များ ဖြစ်လာမည် ဆိုပါက... ပိုင်ယွဲ့ နိုင်ငံများ တစ်ခွင်တွင် ထင်တိုင်းကြဲနိုင်ရန်မှာ သူတို့အတွက် အလွန် လွယ်ကူသော ကိစ္စတစ်ခု ဖြစ်သွားမည် ဖြစ်ပြီး သိုင်းသူတော်စင် တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်စွမ်း ကိုပင် ပိုင်ဆိုင်နိုင်မည် ပင်ဖြစ်သည်။ တောင်တန်းကြီး တစ်သောင်း၏ ထိပ်ဆုံးတွင် အစစ်အမှန် ရပ်တည်နိုင်မည် ပင်တကား။
"အားလုံးပဲ သေချာပေါက် ပေါ့ဆလို့ မရဘူး... အဲ့ဒီ သူခိုးက ပေါ်ထွက်လာမှာကို မကြောက်ဘဲ လျှို့ဝှက်နယ်မြေကို အတင်းအကျပ် ဝင်ရဲတယ် ဆိုကတည်းက သေချာပေါက် နောက်ဆုံး အစီအမံ တွေ ချန်ထားခဲ့မှာပဲ... ရှန်ရှန်းအဆင့် မဟာသိုင်းသခင် ကိုတောင် ယှဉ်နိုင်တဲ့ စွမ်းအားမျိုး ရှိနေနိုင်တယ်... သေချာ သတိထားကြပါ..."
ကျိုးရိ က လေးနက်သော အသံဖြင့် သတိပေးလိုက်လေသည်။ ထို နဂါးကြော အပိုင်းအစ ၏ အရေးပါမှု က အလွန် ကြီးမားလွန်းသဖြင့် သူ့ကို အလေးမထားဘဲ မနေနိုင်အောင် ဖြစ်စေလေသည်။ အကယ်၍ ပျောက်ဆုံးသွားပြီး ခြေရာခံများပါ ပျောက်ကွယ်သွားပါက... ပြန်လည် ရရှိရန်မှာ ပို၍ပင် ခက်ခဲသွားမည် ပင်ဖြစ်သည်။ ဤအတွက်ကြောင့် သူနှင့် အစိုးရ က ဒြပ်စင်ငါးပါး အမှီအခိုကင်း သိုင်းပညာရှင်များ ကို အားတက်သရော လုပ်ဆောင်လာစေရန် ဆုလာဘ်များ အများကြီး ပြင်ဆင်ထားခဲ့လေသည်။
"ဝန်ကြီးကျိုး စိတ်ချပါ... ဒီနေရာမှာ စစ်သူကြီးကျန်းဖျင် နဲ့ လက်ရွေးစင် စစ်သည် တစ်သောင်း က တိုက်ခိုက်ရေး အစီအရင် ဖွဲ့စည်းထားတဲ့ အပြင်... ကျုပ်တို့လည်း ရှိနေသေးတာပဲ... အဲ့ဒီလူ က လျှို့ဝှက်နယ်မြေ ထဲမှာ ရှန်ရှန်းအဆင့် ကို တက်လှမ်းသွားနိုင်ရင်တောင်မှ သေလမ်း ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး..."
အမျိုးသမီး တစ်ယောက်၏ အသံ ထွက်ပေါ်လာလေသည်။ သူမ မှာ ရောင်စုံ ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသမီး တစ်ဦး ဖြစ်ပြီး ဒြပ်စင်ငါးပါး အမှီအခိုကင်း သိုင်းပညာရှင်များ ထဲမှ ရေဒြပ်စင် သိုင်းပညာရှင် ပင်ဖြစ်သည်။ သူမ ၏ ကျင့်ကြံမှု မှာ သိုင်းသခင် အလယ်အလတ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
"မှန်တယ်... ကျုပ်တို့ တောင်ပိုင်းယွဲ့ နိုင်ငံရဲ့ တားမြစ်နယ်မြေ ကို ဘယ်သူကများ ဒီလောက် သတ္တိရှိရှိ အတင်းအကျပ် ဝင်ရဲတာလဲ ဆိုတာကို ဒီအိုကြီး လည်း ကြည့်ချင်သေးတယ်..."
အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအို တစ်ဦးက ဝင်ပြောလိုက်လေသည်။ သူ၏ အရေပြားပေါ်တွင် အရေးအကြောင်းများ ပြည့်နှက်နေပြီး အသက်အရွယ် အလွန် ကြီးရင့်နေပြီ ဖြစ်ကြောင်း ထင်ရှားနေလေသည်။ သူ ကတော့ ဒြပ်စင်ငါးပါး အမှီအခိုကင်း သိုင်းပညာရှင်များ ထဲမှ သစ်သားဒြပ်စင် သိုင်းပညာရှင် ပင်ဖြစ်သည်။
"စတုတ္ထအစ်မ... တတိယ အစ်ကို... လုံးဝ ပေါ့ဆလို့ မရဘူး... ကျုပ် အမြင်အရ ဆိုရင်... ခဏနေရင် အကြီးမားဆုံး ဖိအားက လျှို့ဝှက်နယ်မြေ ထဲက လာမှာ မဟုတ်ဘဲ... လျှို့ဝှက်နယ်မြေ အပြင်ဘက်က လာနိုင်တယ်..."
အလယ်ပိုင်းဒေသ ပညာတတ် တစ်ယောက်၏ ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသား က လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။ သူ ကတော့ မြေကြီးဒြပ်စင် သိုင်းပညာရှင် ပင်ဖြစ်သည်။
"တာအိုမိတ်ဆွေ တု ပြောတာ မှန်တယ်... ဒါကလည်း ကျုပ် အစိုးရိမ်ဆုံး ကိစ္စပဲ... ဒီလူ က လျှို့ဝှက်နယ်မြေ ကို အတင်းအကျပ် ဝင်သွားတယ် ဆိုတော့... အပြင်ထွက်လာတဲ့ အချိန်ကျရင် သူ့ကို လာကြိုမယ့်သူ ရှိနေနိုင်တယ်... လုံးဝ ပေါ့ဆလို့ မရဘူး..."
ကျိုးရိ က ထပ်မံ၍ သတိပေးလိုက်လေသည်။ နောက်ဆုံးအချိန်တွင် အရာအားလုံး အချည်းနှီး ဖြစ်သွားမည်ကို သူ မလိုလားချေ။
"ထွက်လာပြီဟေ့..."
ရုတ်တရက် ဒြပ်စင်ငါးပါး အမှီအခိုကင်း သိုင်းပညာရှင်များ ၏ ခေါင်းဆောင် ဖြစ်သော ရွှေဒြပ်စင် သိုင်းပညာရှင် က မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မင်ယွဲ့ရေကန် ကို စူးစူးရဲရဲ စူးစိုက်ကြည့်လိုက်လေသည်။
မည်သည့် ကြိုတင် သတိပေးမှုမျှ မရှိဘဲ မျက်တောင်တစ်ခတ် အတွင်းမှာပင် လေဟာနယ် အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော ဓားအစီအရင် တစ်ခု ဖွဲ့စည်းသွားပြီး သူတို့ လူစု ထံသို့ လွှမ်းခြုံလာလေသည်။ အလွန် ကြီးမားသော ဖိအားကြီး ကိုလည်း သယ်ဆောင် လာလေသည်။ ထို့နောက် သွေးရောင် ပုံရိပ်တစ်ခု က ရေကန် အောက်ခြေမှ လေထဲသို့ ခြေလှမ်း တစ်လှမ်းချင်းစီ တက်လှမ်း လာလေသည်။
"လုပ်ကြစမ်း..."
ချက်ချင်းပင် ကျန်းဖျင် က လှုပ်ရှားလိုက်ပြီး သူ၏ လက်ထဲတွင် မျက်တောင်တစ်ခတ် အတွင်းမှာပင် ကြီးမားသော ပုဆိန်ကြီး တစ်လက် ပေါ်ထွက်လာကာ အရှေ့သို့ တိုက်ရိုက် ခုတ်ပိုင်းလိုက်လေသည်။ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ဓားချီများ လွင့်စင်သွားလေသည်။ တစ်ချက်တည်း နှင့်ပင် ဓားအစီအရင် တွင် အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်သွားလေသည်။
သို့သော် ကျန်းဖျင် ၏ မျက်နှာပေါ်တွင် ဝမ်းသာသော အမူအရာ မပေါ်လာမီ မှာပင် ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး ယွမ်ချီစွမ်းအင်များ က ဓားချီ များ အဖြစ် ပြန်လည် ဖွဲ့စည်းသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျန်းဖျင် ကို ဓားအစီအရင် အတွင်း၌ ပြန်လည် လွှမ်းခြုံထားလိုက်လေသည်။ ဤသည်မှာ ချီရွှယ်မိစ္ဆာသခင် ကို အများဆုံး ဒုက္ခရောက်စေခဲ့သော နည်းလမ်း ပင်ဖြစ်သည်။
တကယ်လို့ အင်အားချင်း ယှဉ်တိုက်ရမည် ဆိုပါက သူ သေချာပေါက် ဓားအစီအရင် ကို ချိုးဖျက်နိုင်မည် ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဤသည်မှာ သိုင်းသူတော်စင် နယ်ပယ် နှင့် အလွန် ကွာဟ နေသေးလေသည်။ သို့သော် အဓိက ပြဿနာမှာ သူ က ဓားအစီအရင် ကို ချိုးဖျက်နိုင်လျှင်တောင် အလကား ပင်ဖြစ်သည်။ နတ်မှော်အဆောင် ကိုယ်ပွား၏ စွမ်းအင်များ မကုန်ဆုံးသရွေ့ ဓားအစီအရင် က အဆက်မပြတ် ပြန်လည် ဖွဲ့စည်းနေမည် ဖြစ်ပြီး စွမ်းအင်များ အားလုံး ကုန်ဆုံးသွားမှသာ ရပ်တန့်မည် ပင်ဖြစ်သည်။ ထို စွမ်းအင်များ ကလည်း သေချာပေါက် အလွန် ရင်ဆိုင်ရ ခက်ခဲလှပေသည်။
ယခင်က ချီရွှယ်မိစ္ဆာသခင် က သွေးမြစ်ကြီး တစ်ခုကို စုဆောင်းထားနိုင်ခဲ့သော်လည်း အသုံးမဝင်ခဲ့ချေ။ ဖြည်းဖြည်းချင်း အချိန်ဆွဲ၍သာ တိုက်ခိုက်နိုင်ခဲ့ပြီး နောက်ဆုံးတွင် ကျန်းချဲ့ နှင့် စစ်ပြေငြိမ်း ကာ သွေးကျိန်စာ ချုပ်ဆို ခဲ့ရသည် ပင်ဖြစ်သည်။
"သတ်..."
"သတ်..."
"သတ်..."
ကျန်းဖျင် ကို ဓားအစီအရင် က လွှမ်းခြုံသွားသည့် အချိန်မှာပင် ဘေးပတ်ဝန်းကျင်တွင် အစောကြီး ကတည်းက စုရုံးနေခဲ့သော စစ်တပ်ကြီး ကလည်း စတင် လှုပ်ရှားလာလေသည်။ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီးနောက် တိုက်ခိုက်ရေး အစီအရင်ကို ထိန်းချုပ်ထားသော ရွှမ်တန်အဆင့် သိုင်းသခင် များက အမိန့်ပေး အလံများကို ချက်ချင်း မြှောက်တင်လိုက်ကြလေသည်။ အမိန့်ပေး အလံများ လှုပ်ရှားသွားသည်နှင့် တိုက်ခိုက်ရေး အစီအရင် စတင် ပွင့်လာလေသည်။
အနက်ရောင် စစ်တပ် သတ်ဖြတ်ခြင်း အငွေ့အသက်များ စတင် စုစည်းလာပြီး လေဟာနယ် အတွင်း၌ အနက်ရောင် မြူခိုးတိမ်တိုက် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထို မြူခိုးတိမ်တိုက် အတွင်း၌ အနက်ရောင် ကျားရိုင်းကြီး တစ်ကောင် ဖြည်းညင်းစွာ ပုံပေါ်လာလေသည်။
စစ်သည်များ အားလုံး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ မြေကြီး မှာ ချက်ချင်း အကြီးအကျယ် တုန်လှုပ် သွားလေသည်။ ကြီးမားလှသော အနက်ရောင် ကျားရိုင်းကြီး က ဟိန်းဟောက်လိုက်ပြီး အရှိန်အဟုန်ဖြင့် ပြေးထွက်သွားကာ ထို သွေးရောင် ပုံရိပ် ဆီသို့ တိုက်ရိုက် ဦးတည်သွားလေသည်။ လက်သည်း ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ထက်မြက်သော အရှိန်အဝါများ လွင့်စင်သွားပြီး ဓားချီ ရာပေါင်းများစွာကို ချက်ချင်း ရိုက်ခွဲပစ်လိုက်လေသည်။
ရွှမ်တန်အဆင့် သိုင်းသခင် များ၏ ထိန်းချုပ်မှု အောက်တွင် ဤသည်က ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသော နည်းလမ်း တစ်ခု ပင်ဖြစ်သည်။ သို့သော် စစ်ရေးပြ တိုက်ခိုက်မှု အခင်းအကျင်း က အစစ်အမှန် ရှန်ရှန်းအဆင့် မဟာသိုင်းသခင် များ ကဲ့သို့ သွက်လက် လျင်မြန်ခြင်း မရှိချေ။ မျက်နှာချင်းဆိုင် စစ်မြေပြင် တွင်သာ အကြီးမားဆုံး အကျိုးသက်ရောက်မှုကို ပြသနိုင်ပြီး အချိန် အကြာကြီး ဆက်လက် ထိန်းသိမ်းထားရန် အလွန် ခက်ခဲလှပေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် နတ်မှော်အဆောင် ကိုယ်ပွား က ကျန်းဖျင် နှင့် လက်ရွေးစင် စစ်သည် တစ်သောင်း တို့နှင့် တိုက်ပွဲ စတင် ဖြစ်ပွားလေတော့သည်။ လေဟာနယ် အတွင်း၌ အမြင်အာရုံ ထူးခြားမှုများ ပေါ်ထွက်လာပြီး ကောင်းကင်နှင့်မြေကြီး တုန်လှုပ် သွားလေသည်။ ထက်မြက်သော အရှိန်အဝါ များ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် အရာအားလုံး ပြာအဖြစ်သို့ ပြောင်းလဲသွားလေသည်။
တိုက်ပွဲ စတင်သည့် အချိန်မှာပင် ဒြပ်စင်ငါးပါး အမှီအခိုကင်း သိုင်းပညာရှင်များ လည်း လှုပ်ရှားရန် ပြင်လိုက်ကြပြီး အစွမ်းထက်သော အရှိန်အဝါ များကို ထုတ်လွှတ်နေသည့် ထို သွေးရောင် ပုံရိပ်ကို တိုက်ရိုက် ပစ်မှတ်ထားကာ ဖိနှိပ်ရန် ပြင်ဆင်လိုက်ကြလေသည်။ သို့သော် သူတို့ မလှုပ်ရှားနိုင်မီ မှာပင် ရုတ်တရက် ကျိုးရိ ၏ တားဆီးခြင်းကို ခံလိုက်ရလေသည်။
"အားလုံးပဲ ခဏနေကြဦး... ဒါက အစစ်အမှန် ရုပ်ခန္ဓာ မဟုတ်ဘူး... ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင် ရဲ့ ကိုယ်ပွား တစ်ခုပဲ... တကယ့် သူခိုးက ပေါ်မလာသေးဘူး..."
ကျိုးရိ မှာ တောင်ပိုင်းယွဲ့ နိုင်ငံ၏ ဝန်ကြီး တစ်ယောက် ဖြစ်ပြီး မိသားစု နောက်ခံ လည်း ကြီးမားသဖြင့် သဘာဝကျကျပင် အသိပညာ ဗဟုသုတ ကြွယ်ဝလှပေသည်။ နတ်မှော်အဆောင် ကိုယ်ပွား၏ နောက်ခံကို လျင်မြန်စွာ ရိပ်မိသွားလေသည်။ သို့သော် ဤသည်ကပင် သူ၏ ရင်ထဲတွင် အလွန် ထိတ်လန့်သွားစေခဲ့သည်။ ထိုသူခိုး ၏ နောက်ဆုံး အစီအမံ လား... သို့မဟုတ် ချီရွှယ်မိစ္ဆာသခင် ယခင်က ချန်ထားခဲ့သော လှည့်ကွက် လား ဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေလေသည်။ မည်သို့ပင်ဆိုစေ ဤ သွေးရောင် ပုံရိပ် က သူ့ကို အများကြီး တွေးတောသွားစေခဲ့သည် ပင်ဖြစ်သည်။
"ဘာ... နတ်မှော်အဆောင် ကိုယ်ပွား..."
"ဒီလိုကိုး..."
"အရမ်း အစွမ်းထက်တဲ့ စွမ်းအားပဲ... သူ့ တစ်ယောက်တည်း ရဲ့ ခွန်အား နဲ့တင် စစ်သူကြီးကျန်းဖျင် နဲ့ လက်ရွေးစင် စစ်ရေးပြ တိုက်ခိုက်မှု အခင်းအကျင်း တစ်ခုကို ဖိနှိပ်ထားနိုင်တယ်... တကယ်လို့သာ တကယ့် လူကိုယ်တိုင် ထွက်လာပြီး တိုက်ခိုက်မယ် ဆိုရင် ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းနေမလဲ ဆိုတာ တွေးတောင် မတွေးရဲဘူး..."
အလယ်ပိုင်းဒေသ ပညာတတ် ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသား က လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။ သူ က မြေကြီးဒြပ်စင် သိုင်းပညာရှင် ပင်ဖြစ်သည်။ အခြား သိုင်းပညာရှင် များ ၏ မျက်ဝန်းများ ကလည်း အလွန် လေးနက်နေကြလေသည်။
"သတိထား... အဲ့ဒီ သူခိုး ထွက်လာပြီ..."
အသံနိမ့်ဖြင့် အော်ဟစ်လိုက်သံ က ဤနေရာတွင် ရှိနေသော လူတိုင်းကို လှုပ်ရှားသွားစေပြီး အောက်ဘက်သို့ အသီးသီး လှမ်းကြည့်လိုက်ကြလေသည်။ ရုတ်တရက် လူတိုင်း၏ ရင်ထဲတွင် တုန်လှုပ်သွားကြပြီး အနည်းငယ် ထိတ်လန့်သွားကြလေသည်။
အကြောင်းမှာ မူလက နောက်ကျိနေသော မင်ယွဲ့ရေကန် ၏ ရေများမှာ ယခုအခါ လုံးဝ ပျောက်ကွယ်သွားပြီး ၎င်း၏ နေရာတွင် သွေးရောင်များ ဖြင့် အစားထိုး ဝင်ရောက်လာသောကြောင့် ပင်ဖြစ်သည်။ အလွန် မြန်ဆန်သော အရှိန်အဟုန်ဖြင့် သွေးရောင်များ က ရေကန် တစ်ခုလုံးကို သွေးရောင် အဖြစ် ပြောင်းလဲသွားစေခဲ့လေသည်။ သွေးကန်ကြီး တစ်ခု အလား ပင်။
ရေဝဲ ၏ အလယ်ဗဟို တွင်တော့ သွေးရောင် သံချပ်ကာ ကို ဝတ်ဆင်ထားပြီး မျက်နှာကို သေချာ မမြင်ရသော ပုံရိပ်တစ်ခု ထပ်မံ ထွက်ပေါ်လာလေသည်။ ထိုသူ ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါ များ ကလည်း ရှန်ရှန်းအဆင့် သို့ ရောက်ရှိနေပြီ ပင်တကား။