← Chapters

အခန်း ၂၈၇

Vol. 29 Ch. 287

အခန်း ၂၈၇

Vol. 29 Ch. 287

အခန်း (၂၈၇) တောင်ပိုင်းယွဲ့ နိုင်ငံတော် မြို့တော်ကို အလစ်အငိုက် တိုက်ခိုက်ခြင်း

ချီရွှယ်မိစ္ဆာသခင်၏ စရိုက်မှာ အမြဲတမ်း ထင်တိုင်းကြဲလေ့ရှိပြီး အလယ်ပိုင်းဒေသတွင် ပစ်မှတ်ထားခံရသဖြင့် အနည်းငယ် ထိန်းချုပ်နေခဲ့ရသော်လည်း ပိုင်ယွဲ့နိုင်ငံများတွင်တော့ သူ တကယ်ကို ဘာကိုမှ မကြောက်ရွံ့ခဲ့ချေ။

ပိုင်ယွဲ့နိုင်ငံများ အတွင်းတွင် သိုင်းသူတော်စင်အဆင့်ရှိသော အစွမ်းထက် သိုင်းပညာရှင်များ လုံးဝမရှိသဖြင့် ရှန်ရှန်းအဆင့် မဟာသိုင်းသခင်တစ်ပါး အနေဖြင့် လွတ်လပ်စွာ လှည့်လည်သွားလာနိုင်လေသည်။ အကြောင်းမှာ အစွမ်းထက်ဆုံးဆိုသော တောင်ပိုင်းယွဲ့နိုင်ငံ ပင်လျှင် အလယ်ပိုင်းဒေသမှ ထိပ်တန်း အင်အားစုကြီး တစ်ခုနှင့်သာ နှိုင်းယှဉ်နိုင်သောကြောင့် ပင်ဖြစ်သည်။

သေချာသည်ကတော့ တောင်တန်းကြီးတစ်သောင်း၏ အနက်ရှိုင်းဆုံး နေရာကိုတော့ သူ လုံးဝ မဝင်ရဲချေ။ ထိုနေရာမှာ ပိုင်ယွဲ့မှ အစွမ်းထက် သိုင်းပညာရှင်များ စုဝေးရာနေရာ ဖြစ်ပြီး သိုင်းသူတော်စင်တစ်ပါး စောင့်ကြပ်အထိုင်ချနေလေသည်။

ဤအချက်ကြောင့်သာ ယခင်က တာ့ကျိုးနိုင်ငံတော်က ယွဲ့ပြည်နယ်ကို သိမ်းပိုက်အပြီးတွင် စစ်ပွဲများကို ရပ်တန့်လိုက်ခြင်း ပင်ဖြစ်သည်။

"မင်းက တကယ်ကို ရမ်းကားရဲတာပဲ... တောင်ပိုင်းယွဲ့ အနက်ရှိုင်းဆုံးနေရာက စုန်းနတ်ဘုရားကျောင်းတော် ဝင်ပါလာမှာကို မကြောက်ဘူးလား..."

ချီထျန်းဟယ်က လေးနက်စွာ မေးလိုက်လေသည်။ ထင်ရှားသည်ကတော့ စုန်းနတ်ဘုရားကျောင်းတော်ကို အနည်းငယ် ကြောက်ရွံ့နေပုံ ရလေသည်။

"အမြန်နှုန်းသာ လုံလောက်မယ်ဆိုရင် စုန်းနတ်ဘုရားကျောင်းတော်လည်း အချိန်မီ ဝင်ပါနိုင်မှာ မဟုတ်ပါဘူး... တောင်ပိုင်းယွဲ့နိုင်ငံက ပိုင်ယွဲ့နိုင်ငံတွေထဲမှာ အချမ်းသာဆုံးနေရာဖြစ်ပြီး ကောင်းကင်နဲ့မြေကြီး ရတနာတွေ အများကြီးရှိတယ်..."

"အဲ့ဒီအထဲမှာ မင်းရဲ့ ကျင့်ကြံမှုကို တိုးတက်စေနိုင်မယ့် ရတနာတွေလည်း အများကြီး ပါဝင်တယ်... ငါက ကျန်းချဲ့ရဲ့ ကိုယ်ပေါ်မှာ ဝင်ပူးထားပြီး အခုဆိုရင် သိုင်းပညာရှင်တစ်သောင်းလောက်ရဲ့ အမြုတေသွေးတွေ... ပြီးတော့ မဟာသိုင်းသခင် ငါးယောက်ရဲ့ အမြုတေသွေးတွေကို စုပ်ယူထားလို့ စွမ်းအားတွေ အများကြီး ပြန်ကောင်းနေပြီ..."

"မင်းပါ ပေါင်းလိုက်ရင် ငါတို့ တောင်ပိုင်းယွဲ့နန်းတော်ကို ဖောက်ထွက်ပြီး ရတနာတိုက်ကို လုယူဖို့ လုံးဝ ပြဿနာမရှိဘူး... အကုန်လုံး မလုယူနိုင်ရင်တောင် တစ်စိတ်တစ်ပိုင်းလောက် လုယူနိုင်ရင် ငါတို့အတွက် အများကြီး အမြတ်ထွက်ပြီ... သေချာတာပေါ့... တကယ်လို့ မင်း မရဲဘူးဆိုရင်လည်း ရပါတယ်... ဒါပေမဲ့ ဒီအိုကြီးက မင်းကို လျော်ကြေးမပေးဘူးလို့တော့ မပြောနဲ့နော်..."

ချီရွှယ်မိစ္ဆာသခင်က ထူးဆန်းစွာ ရယ်မောလိုက်လေသည်။

ကျန်းချဲ့က ချီထျန်းဟယ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး အနည်းငယ် စိတ်ဝင်စားသွားလေသည်။

ဘဝသုံးပါး ရွှေကြာစေ့က အလွန်တန်ဖိုး ကြီးမားသလို မြင်တွေ့ရခဲလေသည်။ ယခုအချိန်တွင် သူ သိထားသော တစ်ခုတည်းသော နေရာမှာ ချီရွှယ်မိစ္ဆာသခင် ပြောပြခဲ့သည့် တောင်ပိုင်းယွဲ့နန်းတော်တွင်သာ ဖြစ်လေသည်။ အကယ်၍ ဤအခွင့်အရေးကို အသုံးချကာ မရယူနိုင်ပါက နောက်ပိုင်းတွင် ရရှိရန် လုံးဝ မဖြစ်နိုင်သလောက် ပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေ သူ ဤတစ်ကြိမ် တိုက်ခိုက်ခဲ့မှုကို အနည်းငယ် ဖုံးကွယ်ထားသော်လည်း ကျိုးရိ အနေဖြင့် စုံစမ်းလိုက်သည်နှင့် သူ ဖြစ်ကြောင်း ခန့်မှန်းမိမည်မှာ သေချာလေသည်။ နှစ်ဖက်စလုံးက မျက်နှာချင်းဆိုင် ရန်သူများ ဖြစ်သွားပြီဖြစ်ရာ ဘာကိုမှ ဂရုစိုက်နေစရာ မလိုတော့ချေ။

ပြင်ပလူများကို ဆက်ဆံရာတွင် ကျန်းချဲ့က အမြဲတမ်း နည်းလမ်းပေါင်းစုံ အသုံးပြုလေ့ရှိလေသည်။

ချီထျန်းဟယ်က ချီရွှယ်မိစ္ဆာသခင်၏ 'စရိုက်မပြောင်းလဲဘူး' ဆိုသော စကားကို ငြင်းဆန်ခြင်း မရှိချေ။ အမှန်တကယ်တော့ ယခင်က ချီရွှယ်မိစ္ဆာသခင်က ပိုင်ယွဲ့နိုင်ငံများတွင် ပြုလုပ်ခဲ့သော ကိစ္စများက အလယ်ပိုင်းဒေသမှ သိုင်းပညာရှင် အများအပြားကို အလွန် စိတ်ဝင်စားစေခဲ့လေသည်။

အလယ်ပိုင်းဒေသတွင် ပြဿနာ မရှာရဲသော်လည်း ပြင်ပလူများကိုတော့ အလွယ်တကူ လုပ်ဆောင်နိုင်သည် မဟုတ်ပါလော။

သူက ချီမိသားစု၏ ဒုတိယအကြီးအကဲ ဖြစ်ပြီး အရင်းအမြစ်များ မလိုလားသော်လည်း ထိပ်တန်း အရင်းအမြစ် အချို့ကိုတော့ အလွန် လိုအပ်နေသေးလေသည်။ အကြောင်းမှာ ထိုပစ္စည်းများကို တစ်ခုနှင့်တစ်ခု ဖလှယ်၍သာ ရနိုင်သောကြောင့် ပင်ဖြစ်သည်။

အကယ်၍ တောင်ပိုင်းယွဲ့နိုင်ငံတွင် လုယူနိုင်မည်ဆိုပါက လုံးဝ ပြဿနာမရှိချေ။ ပြဿနာ ရှိလာလျှင်လည်း ချီရွှယ်မိစ္ဆာသခင်က တာဝန်ယူပေးမည် ပင်ဖြစ်သည်။

ချက်ချင်းပင် အနည်းငယ် စိတ်ဝင်စားသွားလေသည်။

"ဒုတိယအကြီးအကဲ ဘယ်လိုသဘောရလဲ..."

ကျန်းချဲ့က ရုတ်တရက် ဝင်ရောက်ပြောဆိုလိုက်ပြီး တိုက်တွန်းသည့် သဘောဖြင့် မေးလိုက်လေသည်။

"တောင်ပိုင်းယွဲ့နန်းတော်က သာမန်နေရာတော့ မဟုတ်ဘူး... သိုင်းသူတော်စင် မရှိပေမဲ့ ရှန်ရှန်းအဆင့် အထွတ်အထိပ် သိုင်းပညာရှင်တွေ ရှိတယ်... တကယ်လို့ ပြဿနာရှာပြီး လမ်းမှာ ပိတ်ဆို့ခံရရင် ဘယ်လိုလုပ်မလဲ..."

"ဒီကိစ္စကို မင်း စိတ်ချပါ... ငါ ပိုင်ယွဲ့မှာ အချိန်အကြာကြီး နေနိုင်ခဲ့တာ ငါ့ရဲ့ သတိထားတတ်တဲ့ အကျင့်ကြောင့်ပဲ... ငါက ကိုယ်ပိုင် အရှိန်အဝါတွေကို ဖုံးကွယ်ထားနိုင်တဲ့ မိစ္ဆာလမ်းစဉ်ရဲ့ လျှို့ဝှက်ကျင့်စဉ် တစ်ခုကို ကျင့်ကြံထားတယ်... ကိုယ်ရောင်ဖျောက် နတ်မှော်အဆောင်လောက် မကောင်းပေမဲ့ အများကြီးတော့ မကွာပါဘူး... တစ်ဖက်လူက ငါတို့ရဲ့ ခြေရာကို ရှာတွေ့ဖို့ အရမ်းခက်ခဲတယ်... ပြီးတော့ ငါ အရင်က တောင်ပိုင်းယွဲ့မှာ နောက်ဆုံး အစီအမံတွေ ချန်ထားခဲ့သေးတယ်... ထွက်ပြေးဖို့က ပြဿနာ မရှိပါဘူး..."

ချီထျန်းဟယ်၏ မျက်ဝန်းများ လှုပ်ရှားသွားပြီး ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပြီ... ဒီလိုပဲ လုပ်ကြတာပေါ့..."

တောင်ပိုင်းယွဲ့ နယ်မြေအတွင်း၊ မြို့တစ်မြို့တွင်။

မင်ယွဲ့ရေကန်မှ ထွက်ပြေးလာသော ကျိုးရိမှာ သူ့ကို လိုက်လံဖမ်းဆီးမည့်သူ မရှိကြောင်း သေချာသွားသော အခါမှသာ နောက်ဆုံးတွင်တော့ သက်ပြင်းချနိုင်သွားလေသည်။ သို့သော် မကြာမီမှာပင် သူ၏ မျက်နှာထားက အလွန် ကြည့်ရဆိုးသွားလေသည်။

အကြောင်းမှာ ဤတစ်ကြိမ်တွင် တင်းကျပ်စွာ ပြောရမည်ဆိုလျှင် သူ၏ တာဝန်မကျေပွန်မှု ပင်ဖြစ်သည်။

မိစ္ဆာဓား၏ နေရာကို သိရှိထားလျက်နှင့် အချိန်ဆွဲနေခဲ့ပြီး ကျန်းချဲ့ကို လျှို့ဝှက်နယ်မြေ ရှာဖွေရန် အခွင့်အရေး ပေးခဲ့ခြင်း ဖြစ်လေသည်။ ဤကိစ္စကို နိုင်ငံတော် မြို့တော်သို့ သတင်းပို့လိုက်ပါက သူ သေချာပေါက် ပြင်းထန်စွာ အပြစ်ပေးခံရမည် ပင်ဖြစ်သည်။

ကျန်းချဲ့၏ အမှတ်အသားကိုတော့ တိုက်ပွဲကို ခဏတာ ကြည့်ရှုပြီးနောက်တွင် သူ အတည်ပြုနိုင်ခဲ့ပြီ ပင်ဖြစ်သည်။ ထို သွေးနဂါးအဖြစ် ပြောင်းလဲသွားသော နည်းလမ်းမှာ ကျန်းချဲ့၏ သင်္ကေတ ပင်ဖြစ်သည်။

ထို့ကြောင့် သူ့ကို အလယ်ပိုင်းဒေသမှ သိုင်းပညာရှင်များက သွေးပင်လယ် မိစ္ဆာနဂါးဟု ခေါ်ဆိုကြခြင်း ပင်ဖြစ်သည်။

'ဒါပေမဲ့... ကျန်းချဲ့က ရွှမ်တန်အဆင့်ကို အခုမှခြေချခါစပဲ ရှိသေးတာလေ... ဘယ်လိုလုပ်ပြီး ရှန်ရှန်းအဆင့်ကို ရောက်ရှိနိုင်ရတာလဲ... ပြီးတော့... မိစ္ဆာဓားက သူ့လက်ထဲမှာ ရှိနေတော့ ချီရွှယ်မိစ္ဆာသခင်နဲ့လည်း ပတ်သက်နေနိုင်တယ်... သူတို့က ဆရာတပည့်တွေများ ဖြစ်နေမလား...'

ထို့အပြင်...

သူ စောစောက ဒြပ်စင်ငါးပါး အမှီအခိုကင်း သိုင်းသမားများနှင့် လက်ရွေးစင်စစ်သည် တစ်သောင်းကိုလည်း ဆုံးရှုံးခဲ့ရသေးလေသည်။

ဒြပ်စင်ငါးပါး အမှီအခိုကင်း သိုင်းသမားများက ရွှမ်တန်အဆင့် ကျင့်ကြံမှုသာ ရှိသော်လည်း ဒြပ်စင်ငါးပါး အစီအရင်ကို ဖွင့်လှစ်လိုက်သည်နှင့် ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ပါးနှင့် ညီမျှပြီး တောင်ပိုင်းယွဲ့နိုင်ငံ၏ အရေးပါသော တိုက်ခိုက်ရေး စွမ်းအားတစ်ခု ပင်ဖြစ်သည်။ သူတို့ သေဆုံးသွားခြင်းက အလွန် ကြီးမားသော ဆုံးရှုံးမှုကြီး တစ်ခု ပင်ဖြစ်သည်။

နယ်စပ်တွင် အစောင့်ချထားသော လက်ရွေးစင်စစ်သည် တစ်သောင်းကိုတော့ ဆိုဖွယ်ရာ မရှိတော့ပေ။ စစ်ရေးပြ တိုက်ခိုက်မှု အခင်းအကျင်း ပျက်စီးသွားသည်နှင့် သူတို့က သတ်ဖြတ်ခံရမည့် သိုးလေးများအဖြစ် ပြောင်းလဲသွားမည် ပင်ဖြစ်သည်။

သူက ထွက်ပြေးလာနိုင်သော်လည်း အခြား စစ်သည်များ သေချာပေါက် ထွက်ပြေး လွတ်မြောက်နိုင်မည် မဟုတ်ချေ။ ကျန်းချဲ့နှင့် ချီရွှယ်မိစ္ဆာသခင်တို့က သနားကြင်နာတတ်သော သူများမဟုတ်ကြောင်း အလွန် ထင်ရှားလှပေသည်။

ဤဆုံးရှုံးမှုကလည်း အလွန် ကြီးမားလှပေသည်။

စစ်သည်များကို အလွယ်တကူ စုဆောင်းနိုင်သော်လည်း လက်ရွေးစင်စစ်သည်များအဖြစ် လေ့ကျင့်ရန်မှာ အရင်းအမြစ်များနှင့် အချိန်များစွာ လိုအပ်လေသည်။ တောင်ပိုင်းယွဲ့နိုင်ငံ တစ်ခုလုံးတွင် လက်ရွေးစင်စစ်သည် တစ်သိန်းသာ ရှိလေသည်။

ယခုတစ်ကြိမ်တွင် ဆယ်ပုံတစ်ပုံခန့် ဆုံးရှုံးသွားခဲ့ရပြီ ပင်ဖြစ်သည်။

ထို့အပြင် ကျန်းဖျင်မှာလည်း အသက်ရှင်လျက် ရှိမရှိ မသေချာချေ။ သူ ထွက်ပြေး လွတ်မြောက်လာနိုင်ခြေ ရှိသော်လည်း မည်သူမှ အာမခံနိုင်မည် မဟုတ်ချေ။ အကယ်၍ သတင်း အတည်ပြုပြီးနောက် သူ တစ်ယောက်တည်းသာ အသက်ရှင်လျက် ပြန်လာနိုင်မည် ဆိုပါက...

ကျိုးမိသားစုက တောင်ပိုင်းယွဲ့နိုင်ငံတွင် ဩဇာအာဏာ ကြီးမားသော်လည်း သူ ကိုယ်တိုင် အသက်နှင့် ရင်းပြီး တာဝန်ယူရမည် ပင်ဖြစ်သည်။

'ဘယ်သူကများ ကျန်းချဲ့ဆီမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ နည်းလမ်းတွေ ရှိနေမယ်လို့ ထင်ထားမှာလဲ...'

အကြောင်းမှာ သူက အကောင်းဆုံး ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်ထားခဲ့ပြီ ဖြစ်သောကြောင့် ပင်ဖြစ်သည်။

ဒြပ်စင်ငါးပါး အမှီအခိုကင်း သိုင်းသမားများက ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ပါးနှင့် ညီမျှပြီး လက်ရွေးစင်စစ်သည် တစ်သောင်းကလည်း မဟာသိုင်းသခင် တစ်ပါးနှင့် ညီမျှကာ တကယ့် အစစ်အမှန် ကျန်းဖျင်လည်း ရှိနေသေးရာ...

ဤသည်မှာ ရှန်ရှန်းအဆင့် မဟာသိုင်းသခင် သုံးပါးနှင့် ညီမျှလေသည်။ ဤကဲ့သို့သော တိုက်ခိုက်ရေး စွမ်းအားမျိုးက အလွန် ကြီးမားလှပေသည်။

ကျန်းချဲ့တွင် ရှန်ရှန်းအဆင့် သိုင်းပညာရှင်များကို ယှဉ်ပြိုင်နိုင်သော နည်းလမ်းများ ရှိနေလျှင်တောင် လုံးဝ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ချေ။

'ဒါပေမဲ့ ပြဿနာက... ကျန်းချဲ့ရဲ့ နည်းလမ်းတွေနဲ့ နောက်ဆုံး အစီအမံတွေက အရမ်း များပြားလွန်းနေတာပဲ...'

နတ်မှော်အဆောင် ကိုယ်ပွားတစ်ခုက ကျန်းဖျင်ကို ခေါင်းမဖော်နိုင်အောင် ဖိနှိပ်ထားနိုင်ပြီး လက်ရွေးစင်စစ်သည် တစ်သောင်း၏ အကူအညီဖြင့်သာ ယာယီ ဖိနှိပ်ထားနိုင်ခဲ့လေသည်။

သွေးရောင် သံချပ်ကာ ဝတ်ဆင်ထားသော အစွမ်းထက် သိုင်းပညာရှင် တစ်ယောက်က အမွှေးတိုင် တစ်တိုင်စာ အချိန်တို အတွင်းမှာပင် ဒြပ်စင်ငါးပါး အစီအရင်ကို ဖျက်ဆီးပစ်ခဲ့လေသည်။

ဤအရာများသာဆိုလျှင် မပြိုလဲနိုင်သေးချေ။ သို့သော် ဤအရာများအပြင် ကျန်းချဲ့က ရှန်ရှန်းအဆင့် သိုင်းပညာရှင် တစ်ယောက်ကိုပါ အကူအညီ တောင်းထားခဲ့ပြီး အရေးကြီးသော အချိန်တွင် စစ်ရေးပြ တိုက်ခိုက်မှု အခင်းအကျင်းကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သဖြင့် အခြေအနေက လုံးဝ ပြိုလဲသွားခဲ့ရလေသည်။

သူသာ မထွက်ပြေးလျှင် သေချာပေါက် အသတ်ခံရမည် ပင်ဖြစ်သည်။

ခေတ္တမျှ စဉ်းစားပြီးနောက် ကိုယ်ပိုင် အဆုံးသတ်က အလွန် ဆိုးရွားနိုင်ကြောင်း သိထားသော်လည်း ကျိုးရိက လျင်မြန်စွာ နည်းလမ်း ရှာဖွေလိုက်ပြီး မင်ယွဲ့ရေကန်၏ အခြေအနေကို စုံစမ်းရန် အမိန့်တစ်ခုကို ချက်ချင်း ပေးပို့လိုက်လေသည်။ ထို့အပြင် တောင်ပိုင်းယွဲ့ နန်းတော်သို့ သတင်းပို့ရန် စာတစ်စောင်ကိုလည်း အမြန်ဆုံး ပေးပို့လိုက်လေသည်။ အခြေအနေများကို နိုင်ငံတော် အရှင်သခင်ထံသို့ သတင်းပို့လိုက်ခြင်း ပင်ဖြစ်သည်။

မည်သည့် အကျိုးဆက်မျိုးကိုမဆို သူ တာဝန်ယူရမည် ပင်ဖြစ်သည်။ အကြောင်းမှာ သူ တစ်ယောက်တည်းသာ မဟုတ်ဘဲ သူ၏ နောက်ကွယ်တွင် မိသားစုလည်း ရှိနေသေးသောကြောင့် ပင်ဖြစ်သည်။

"ကျန်းချဲ့..."

အမိန့်ပေးပို့ပြီးနောက် ကျိုးရိက ကုလားထိုင်ပေါ်တွင် ထိုင်ကာ လက်ထဲရှိ လက်ဖက်ရည် ပန်းကန်ကို ခွဲပစ်လိုက်ပြီး မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေလေသည်။ ဤတစ်ကြိမ်တွင် ကျန်းချဲ့ အနိုင်ရသွားခဲ့လေပြီ။

သို့သော် သူ တစ်သက်လုံး အနိုင်ရနေမည် မဟုတ်ချေ။ တောင်ပိုင်းယွဲ့နိုင်ငံက အမြဲတမ်း လီချန်ဂိုနိုင်ငံနှင့် အဆက်အသွယ် ရှိလေသည်။

တောင်ပိုင်းယွဲ့နိုင်ငံက လီချန်ဂိုနိုင်ငံ၏ ရည်ရွယ်ချက်ကို သိထားသော်လည်း နှစ်ဖက်စလုံးက အမြဲတမ်း အပြန်အလှန် ထိန်းချုပ်ထားကြလေသည်။

ကျန်းချဲ့က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ... လီချန်ဂိုနိုင်ငံ၏ လက်အောက်ခံ တပ်မှူး တစ်ယောက်သာ ဖြစ်လေသည်။

'အကယ်၍ လီချန်ဂိုနိုင်ငံကိုသာ အကူအညီ တောင်းနိုင်မယ်ဆိုရင်... ကျန်းချဲ့ကို သတ်ဖြတ်ဖို့ အလွန် မျှော်လင့်ချက် ရှိသွားလိမ့်မယ်... ငါတို့ရဲ့ နဂါးကြောကို ပြန်လည်ရယူဖို့လည်း လုံးဝ မျှော်လင့်ချက် ရှိသွားလိမ့်မယ်...'

ယခင်က ကျန်းချဲ့ကို လုပ်ကြံရန် ကြိုးစားခဲ့ပြီး သူ ကိုယ်တိုင် လမ်းပြအဖြစ် အသုံးပြုရန် စဉ်းစားခဲ့သော အတွေးကိုတော့ သူ လုံးဝ ဂရုမစိုက်တော့ချေ။ မည်သို့ပင်ဆိုစေ သူက အလွန် ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရသည် မဟုတ်ပါလော။

တောင်ပိုင်းယွဲ့နိုင်ငံ အတွက်လည်း အလွန် ကြီးမားသော ဆုံးရှုံးမှုကြီး တစ်ခု ပင်ဖြစ်သည်။

သို့သော် ကျန်းချဲ့ကို ပစ်မှတ်ထားရန် လီချန်ဂိုနိုင်ငံနှင့် ဆက်သွယ်ရန် ကိစ္စမှာ ဝန်ကြီးတစ်ယောက် အနေဖြင့် သူ ကိုယ်တိုင် ဆုံးဖြတ်နိုင်သော ကိစ္စ မဟုတ်ချေ။ နိုင်ငံတော် အရှင်သခင်၏ အမိန့်ကို လိုအပ်လေသည်။

သူက စာထဲတွင် အကြံပြုချက် တစ်ခုသာ ပေးပို့လိုက်ခြင်း ပင်ဖြစ်သည်။

"ကျိုးရိ..."

ကျိုးရိ ဒေါသထွက်နေစဉ်မှာပင် ကျန်းဖျင် လည်း နောက်ဆုံးတွင်တော့ ပြန်လည် ရောက်ရှိလာလေသည်။ တစ်ကိုယ်လုံး သွေးများ ပေကျံနေပြီး အရှိန်အဝါများ အလွန် အားနည်းနေကာ မျက်နှာပေါ်တွင် ဒေါသတကြီး အမူအရာဖြင့် ကျိုးရိကို စူးစိုက်ကြည့်ကာ အရင်ဆုံး ထွက်ပြေးသွားမှုကို အလွန် ဒေါသထွက်နေပုံ ရလေသည်။

ဤတစ်ကြိမ်တွင် ပိတ်ဆို့မခံရစေရန် အတွက် သူက အလွန် ကြီးမားသော တန်ဖိုးများကို ပေးဆပ်ခဲ့ရလေသည်။ မိမိကိုယ်ကိုယ် ထိခိုက်စေသော လျှို့ဝှက်ကျင့်စဉ်များကို အဆက်မပြတ် အတင်းအကျပ် အသုံးပြုခဲ့သဖြင့် သူ၏ ခန္ဓာကိုယ်ကို အလွန် ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့လေသည်။

အချိန်တို အတွင်းတွင် လုံးဝ ပြန်လည် ကောင်းမွန်လာမည် မဟုတ်ချေ။

'ဒီအရာတွေ အားလုံးက ကျိုးရိရဲ့ အမှားတွေပဲ... သူသာ ကြိုတင်ပြင်ဆင်ထားနိုင်ခဲ့မယ်ဆိုရင် ဒီလို ဆိုးရွားတဲ့ အရှုံးမျိုးကို ကြုံတွေ့ရမှာ မဟုတ်ဘူး...'

"စစ်သူကြီးကျန်းဖျင်... ခင်ဗျား ပြန်ရောက်လာပြီလား... ဘာမှမဖြစ်ဘူး မလား... တော်သေးတာပေါ့... တော်သေးတာပေါ့..."

ကျိုးရိက ကျန်းဖျင် ဒေါသထွက်နေသည်ကို မြင်သော်လည်း သူ ဘေးကင်းစွာ ပြန်ရောက်လာသည်ကို တွေ့ရသဖြင့် သက်ပြင်းတစ်ချက် ချနိုင်သွားလေသည်။

ကျန်းဖျင် မသေလျှင် သူ၏ အပြစ်လည်း အနည်းငယ် ပေါ့ပါးသွားမည် ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဒြပ်စင်ငါးပါး အမှီအခိုကင်း သိုင်းသမားများက ဧည့်သည်များသာ ဖြစ်ပြီး စစ်သည်များကို ပြန်လည် စုဆောင်း လေ့ကျင့်နိုင်သော်လည်း...

ကျန်းဖျင် လို တောင်ပိုင်းယွဲ့နိုင်ငံ၏ စစ်သူကြီး တစ်ယောက် သေဆုံးသွားပါက အလွန် ကြီးမားသော ဆုံးရှုံးမှုကြီး တစ်ခု ပင်ဖြစ်လေသည်။

"ဒြပ်စင်ငါးပါး အမှီအခိုကင်း သိုင်းသမားတွေလည်း သေသွားပြီ... အဲ့ဒီ စစ်သည်တွေလည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး..."

ကျန်းဖျင်က အပြစ်အားလုံးကို ကျိုးရိအပေါ် ပုံချလိုသော်လည်း နောက်ဆုံးတွင်တော့ စကားကို ပြန်မျိုချလိုက်လေသည်။ သူက ကျိုးရိတွင် အပြစ်ရှိကြောင်း သိထားသော်လည်း တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိထားလေသည်။

မမျှော်လင့်ဘဲ ဖြစ်ပေါ်လာသော မတော်တဆမှုများသာ မရှိခဲ့လျှင်... ဝင်ရောက်လာသော ထိုသူခိုးလည်း အခြေအနေကို ပြောင်းပြန် လှန်နိုင်မည် မဟုတ်ချေ။

သို့သော် သူ တကယ်ကို ရင်နာနေမိလေသည်။ ထို လက်ရွေးစင်စစ်သည် တစ်သောင်းက သူ၏ လူများ ဖြစ်ပြီး သူ၏ လက်အောက်ငယ်သားများ ဖြစ်ကာ သူ၏ အခြေခံ အုတ်မြစ်လည်း ဖြစ်လေသည်။

စစ်တပ်ရှိမှသာ သူက တောင်ပိုင်းယွဲ့နိုင်ငံ၏ စစ်သူကြီး တစ်ယောက် ဖြစ်လာနိုင်ခြင်း ပင်ဖြစ်သည်။ လက်ရွေးစင်စစ်တပ် မရှိပါက သူက ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ပါးသာ ဖြစ်ပြီး အဆင့်အတန်း လည်း အနည်းငယ် ကျဆင်းသွားမည် ပင်ဖြစ်သည်။

ထို့အပြင် နောက်ထပ် စစ်တပ်တစ်ခုကို လေ့ကျင့်ရန်မှာ အရင်းအမြစ်များ လိုအပ်ရုံသာမက အချိန်များလည်း လိုအပ်လေသည်။ နှစ်ပေါင်းများစွာ ကြာအောင် မလေ့ကျင့်ရပါက အခုမှ ဝင်လာသော စစ်သည်များ အနေဖြင့် စစ်ရေးပြ တိုက်ခိုက်မှု အခင်းအကျင်းကို လုံးဝ ဖွဲ့စည်းနိုင်မည် မဟုတ်ချေ။

"ဒီအပြစ်တွေက ကျုပ်အပေါ်မှာပဲ ရှိပါတယ်... ကျုပ် ပေါ့ဆသွားခဲ့တာပါ... ကျုပ်က နိုင်ငံတော် မြို့တော်ကို လူလွှတ်ပြီး နိုင်ငံတော် အရှင်သခင်ဆီကို သတင်းပို့လိုက်ပါပြီ... ဒီကိစ္စကို ဒီအတိုင်း အဆုံးသတ်လို့ မရဘူး..."

"ပြီးတော့ စစ်သူကြီးကျန်းဖျင်ရဲ့ စစ်တပ်ကိစ္စကိုတော့ ကျိုးမိသားစုက ကူညီပေးနိုင်ပါတယ်... တခြား စစ်တပ်တွေထဲက လက်ရွေးစင်စစ်သည်တွေကို ခေါ်ထုတ်ပြီး အဓိက အင်အားအဖြစ် အသုံးပြုကာ စစ်တပ်ကို ပြန်လည် ဖွဲ့စည်းနိုင်ပါတယ်..."

ကျိုးရိက တိုးညှင်းသော အသံဖြင့် ပြောလိုက်လေသည်။

ကျန်းဖျင်က ကျိုးရိကို လေးနက်စွာ တစ်ချက် ကြည့်လိုက်လေသည်။

"ရတယ်..."

သူက ဤစကားကို လက်ခံလိုက်သည်နှင့် ကျိုးမိသားစု၏ ဩဇာအာဏာက သူ၏ အပေါ်သို့ ပျံ့နှံ့လာမည် ဖြစ်ကြောင်း သိထားလေသည်။ အထောက်အပံ့တွင် အခကြေးငွေ လိုအပ်လေသည်။ သို့သော် သူ့အတွက် ယခုအချိန်တွင် စွမ်းအားများကို အမြန်ဆုံး ပြန်လည် ဖြည့်တင်းရန်က အရေးအကြီးဆုံး ကိစ္စ ပင်ဖြစ်သည်။

ကျိုးမိသားစုက ကြီးမားသော မိသားစုကြီး တစ်ခုဖြစ်ပြီး မိသားစု အတွင်းတွင် ရှန်ရှန်းအဆင့် သိုင်းပညာရှင်များလည်း ရှိလေသည်။ အခြေခံ အုတ်မြစ်က အလွန် နက်ရှိုင်းပြီး သူ ဒဏ်ရာ ကုသရန် အတွက်လည်း တစ်ဖက်လူကို အားကိုးရမည် ပင်ဖြစ်သည်။

"အဲ့ဒီစာကို ကျုပ်က သိုင်းသခင်တစ်ယောက်ကို ပေးပို့ခိုင်းလိုက်တယ်... နောက်ထပ် နာရီဝက်လောက်ဆိုရင် နိုင်ငံတော် မြို့တော်ကို ရောက်လောက်ပြီ... စာထဲမှာ ကျုပ်က နိုင်ငံတော် အရှင်သခင်ကို အစွမ်းထက် သိုင်းပညာရှင်တွေ စေလွှတ်ပြီး အကူအညီ ပေးဖို့ အကြံပြုထားတယ်..."

"တစ်ဖက်လူဆီမှာ အများဆုံး မဟာသိုင်းသခင် နှစ်ပါးပဲ ရှိတာ... နတ်မှော်အဆောင် ကိုယ်ပွားကို ထည့်ပေါင်းရင်တောင်... ငါတို့ဆီက မဟာသိုင်းသခင် ငါးပါးလောက်ဆိုရင် သေချာပေါက် သူတို့ကို ဖမ်းဆီးထားနိုင်မှာပဲ..."

"မဟာသိုင်းသခင် ငါးပါး... ခင်ဗျား ရူးနေပြီလား... နိုင်ငံတော် မြို့တော်မှာ အဲ့ဒီလောက် အစွမ်းထက် သိုင်းပညာရှင်တွေ အများကြီး မရှိဘူးလေ... ခင်ဗျားက တောင်ပိုင်းယွဲ့နိုင်ငံရဲ့ အစွမ်းထက် သိုင်းပညာရှင်တွေ တစ်ဝက်လောက်ကို ခေါ်ထုတ်ချင်နေတာလား... နိုင်ငံတော် အရှင်သခင်က သဘောတူမှာ မဟုတ်ဘူး..."

ကျန်းဖျင်က ကျိုးရိကို အံ့အားသင့်စွာ ကြည့်လိုက်လေသည်။ တောင်ပိုင်းယွဲ့နိုင်ငံက အလယ်ပိုင်းဒေသ၏ တာ့ကျိုးနိုင်ငံတော် မဟုတ်ချေ။ နယ်မြေ အကျယ်အဝန်း အရ ဆိုလျှင် အလယ်ပိုင်းဒေသ ယွဲ့ပြည်နယ်၏ တစ်ဝက်ကျော်ခန့်သာ ရှိလေသည်။

အစွမ်းထက် သိုင်းပညာရှင်တွေ အရလည်း အများကြီး မယှဉ်နိုင်ချေ။ ရှန်ရှန်းအဆင့် မဟာသိုင်းသခင်တွေက တောင်ပိုင်းယွဲ့နိုင်ငံ၏ ထိပ်တန်း အင်အားစုတွေ ဖြစ်ကြပြီး... ပိုင်ယွဲ့နိုင်ငံတွေ အားလုံး ပေါင်းလိုက်မှသာ မဟာသိုင်းသခင် ငါးပါးလောက်ကို လွယ်လွယ်ကူကူ စုဆောင်းနိုင်မှာပေါ့...

"မဟုတ်ဘူး... နိုင်ငံတော် အရှင်သခင်က ငါးဆယ် ရာခိုင်နှုန်းလောက် သဘောတူနိုင်ခြေ ရှိတယ်လို့ ကျုပ် ယုံကြည်တယ်..."

ကျိုးရိက ခေါင်းမော့လိုက်ပြီး လေးနက်သော အမူအရာဖြင့် ပြောလိုက်လေသည်။

'ချီရွှယ် လျှို့ဝှက်နယ်မြေက အရေးမကြီးဘူး... ချီရွှယ်မိစ္ဆာသခင် လည်း အရေးမကြီးဘူး... အရင်က လုယူခဲ့တဲ့ ဝိညာဉ်ပစ္စည်းတွေက လည်း အဲ့ဒီလောက် အရေးမကြီးဘူး... ဒါပေမဲ့... အဲ့ဒီ နဂါးကြော အပိုင်းအစလေး ကတော့ အရမ်း အရေးကြီးတယ်...'

'အဲ့ဒါက တောင်ပိုင်းယွဲ့နိုင်ငံရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်နေတယ်...'

'အရင်က ချီရွှယ်မိစ္ဆာသခင်က တောင်ပိုင်းယွဲ့နိုင်ငံရဲ့ နဂါးကြောကို လူမသိသူမသိ ခုတ်ပိုင်းပြီး သုံးပုံတစ်ပုံလောက်ကို ခိုးယူသွားခဲ့လို့... တောင်ပိုင်းယွဲ့နိုင်ငံရဲ့ ကံကြမ္မာက အများကြီး ထိခိုက်သွားခဲ့ရတယ်... နှစ်ပေါင်း တစ်ရာ ကြာတဲ့အထိ ပြန်လည် ကုစားလို့ မရသေးဘူး...'

'တကယ်တော့... အလယ်ပိုင်းဒေသက ဗုဒ္ဓဘာသာ သိုင်းပညာရှင်တွေ ဝင်မပါခဲ့ရင်တောင်... တောင်ပိုင်းယွဲ့နိုင်ငံက တကယ်ကို ဒေါသထွက်နေပြီးသား... တောင်တန်းကြီး တစ်သောင်းရဲ့ အနက်ရှိုင်းဆုံး နေရာက စုန်းနတ်ဘုရားကျောင်းတော် ကို ပင် အကူအညီ တောင်းဖို့ ပြင်ဆင်နေခဲ့တာ...'

'သိုင်းသူတော်စင် အဆင့်ရှိတဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက်ကို ခေါ်ပြီး ချီရွှယ်မိစ္ဆာသခင်ကို သတ်ဖြတ်ဖို့ စီစဉ်နေခဲ့တာ...'

'ဒီကိစ္စက အရမ်း အရေးကြီးပေမဲ့ သိတဲ့သူက သိပ်မရှိဘူး... ငါသာ နိုင်ငံတော် အရှင်သခင်ရဲ့ အမိန့်နဲ့ ချီရွှယ်မိစ္ဆာသခင်ရဲ့ ခြေရာကို လိုက်လံ စုံစမ်းဖို့ တာဝန် မပေးခံရဘူး ဆိုရင်... ဒီကိစ္စကို သိနိုင်မှာ မဟုတ်ဘူး...'

သေချာသည်ကတော့ ယခုအချိန်တွင် သူက ကျန်းဖျင်ကိုလည်း ပြောပြမည် မဟုတ်ချေ။

အခြား တစ်ဖက်တွင် ကျိုးရိက ကျန်းချဲ့ကို လက်စားချေရန် ကြံစည်နေပြီး ချီရွှယ်မိစ္ဆာသခင်ကို ဖမ်းဆီးရန် ကြိုးစားနေချိန်တွင် ကျန်းချဲ့ကလည်း သူ၏ အစီအစဉ်များကို ချမှတ်နေပြီ ဖြစ်လေသည်။

ချီရွှယ်မိစ္ဆာသခင်က ထို တောင်ပိုင်းယွဲ့မှ လက်ရွေးစင်စစ်သည် တစ်သောင်းကို ရှင်းလင်းပြီးနောက် သူတို့ သုံးယောက်လုံးက တောင်ပိုင်းယွဲ့နိုင်ငံ မြို့တော်ထံသို့ အမြန်ဆုံး သွားရောက်နေကြလေသည်။

သူတို့၏ အမြန်နှုန်းဖြင့် ဆိုလျှင် တောင်ပိုင်းယွဲ့နိုင်ငံ မြို့တော်သို့ ရောက်ရှိရန် နာရီဝက်ခန့်သာ ကြာမြင့်မည် ပင်ဖြစ်သည်။

အကြောင်းမှာ တောင်ပိုင်းယွဲ့နိုင်ငံက အရမ်း သေးငယ်သောကြောင့် ပင်ဖြစ်သည်။ ယွဲ့ပြည်နယ်၏ နယ်မြေထက်ပင် ပို၍ သေးငယ်လေသည်။

စွမ်းအား လည်း သိပ်ပြီး မကြီးမားချေ။ အကယ်၍ ယွဲ့ပြည်နယ်ရှိ ထိပ်တန်း အင်အားစုများနှင့် အစိုးရသာ ပူးပေါင်းနိုင်မည် ဆိုပါက... တောင်ပိုင်းယွဲ့နိုင်ငံကို အပြီးတိုင် ဖျက်ဆီးပစ်ရန် လုံးဝ ပြဿနာမရှိချေ။

သို့သော် ပိုင်ယွဲ့နိုင်ငံများတွင် မဟာမိတ် အဖွဲ့အစည်း ရှိနေသဖြင့်...

အလွယ်တကူ တိုက်ခိုက်ရန် မဖြစ်နိုင်ခြင်းသာ ဖြစ်လေသည်။

ပိုင်ယွဲ့နိုင်ငံများကို အသေးစိတ် ခွဲခြားကြည့်မည်ဆိုလျှင် နိုင်ငံတော် မြို့တော် ခုနစ်ခု၊ ရှစ်ခုလောက် ရှိပြီး မျိုးနွယ်စုပေါင်း ဆယ်ဂဏန်းလောက် ရှိလေသည်။

နယ်မြေ အကျယ်အဝန်း အရ ဆိုလျှင် ပြည်နယ် သုံးခုစာလောက် ကျယ်ဝန်းလေသည်။

ထို့အပြင် နောက်ကွယ်တွင် အစွမ်းထက်သော စုန်းနတ်ဘုရားကျောင်းတော် လည်း ရှိနေသေးလေသည်။

ဤအင်အား ကတော့ အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

လမ်းခရီးတွင် ချီရွှယ်မိစ္ဆာသခင် က မသိမသာဖြင့် ကျန်းချဲ့​ ကို မေးမြန်းလိုက်လေသည်။ အဘယ်ကြောင့် ကျန်းချဲ့က ကျန်း မျိုးရိုးကို ခံယူထားသော်လည်း မြောက်လင် ချီမိသားစုက သူ့ကို ဤမျှလောက် အလေးထားရသနည်း... ထို့အပြင် ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ပါးကိုပါ အကူအညီ လာပေးရန် စေလွှတ်ပြီး ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင် ကိုပါ ပေးထားရသနည်း ဟု မေးမြန်းလိုက်လေသည်။

ဤအချက်က သူ့ကို အလွန် သံသယ ဝင်စေခဲ့ပြီး အစပိုင်းတွင် သူက ကျန်းချဲ့ကို ဂိုဏ်းကြီးတစ်ခု၏ မျိုးဆက် တစ်ယောက်ဟု ထင်မှတ်ထားခဲ့လေသည်။

ကျန်းချဲ့၏ အဖြေကတော့ ချီရွှယ်မိစ္ဆာသခင်ကို အလွန် အံ့အားသင့်သွားစေခဲ့လေသည်။

သမက်။

ကျန်းချဲ့က မြောက်လင် ချီမိသားစု၏ သမက် တစ်ယောက် ပင်ဖြစ်သည်။ အရေးအကြီးဆုံး အချက်မှာ ကျန်းချဲ့က မိသားစုထဲသို့ ဝင်ရောက်လာခြင်း မဟုတ်ဘဲ ချီမိသားစု၏ ခေါင်းဆောင် သမီးနှင့် စေ့စပ်ထားခြင်း ပင်ဖြစ်သည်။ ဤအချက်က ချီရွှယ်မိစ္ဆာသခင်ကို အလွန် လေးစားသွားစေခဲ့လေသည်။

'သာမန် နောက်ခံကနေလာပြီး ချီမိသားစုနဲ့ စေ့စပ်နိုင်ရုံသာမက ချီမိသားစုရဲ့ အလွန် အလေးထားမှုကိုပါ ရရှိထားခြင်းက... သာမန်လူတွေ လုပ်နိုင်တဲ့ ကိစ္စမျိုး မဟုတ်ဘူးလေ...'

'အရင်တုန်းက ငါလည်း အဲ့ဒီလို တွေးဖူးတယ်... ဒါပေမဲ့ ထိပ်တန်း မိသားစုကြီးတွေက ငါ့ကို လုံးဝ ဂရုမစိုက်ခဲ့ဘူး...'

အမှန်တရားကို သိရှိသွားပြီးနောက် ချီရွှယ်မိစ္ဆာသခင်က အချိန် အတော်ကြာ တိတ်ဆိတ်သွားလေသည်။

"စီနီယာ ဘာလို့ စကားမပြောတာလဲ..."

"ဘာပြောရမှာလဲ... မင်း တော်တယ်လို့ ပြောရမှာလား..."

"မင်းက တကယ်ကို အရည်အချင်း ရှိတာပဲ... မင်းရဲ့ အရည်အချင်းနဲ့ ဆိုရင် ချီမိသားစုနဲ့ စေ့စပ်တာ တန်ပါတယ်... ဒါပေမဲ့ မင်းရဲ့ စရိုက်ကို ကြည့်ရသလောက်တော့... ချီမိသားစု နောက်ပိုင်း အများကြီး အရှုံးပေါ်လိမ့်မယ်လို့ ငါ ထင်တယ်..."

"မဟုတ်ပါဘူး... ဒါက ချီမိသားစုရဲ့ အမှန်ကန်ဆုံး ရွေးချယ်မှု တစ်ခုလို့ ဂျူနီယာ ထင်ပါတယ်..."

"ဟွန့်... မောက်မာလိုက်တာ..."

"အချိန်တွေက သက်သေပြသွားမှာပါ…”

All Chapters