← Chapters

အခန်း ၂၉၁

Vol. 30 Ch. 291

အခန်း ၂၉၁

Vol. 30 Ch. 291

အခန်း (၂၉၁) နဂါးကြော

“ဗွမ်း”

ရေကန်အတွင်းမှ လူတစ်ယောက် ရုတ်တရက် ခုန်ထွက်လာပြီး သူ၏ လက်ထဲတွင် အဆက်မပြတ် ရုန်းကန်နေသော ဝိညာဉ်မြေခွေးလေး တစ်ကောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။ ထိုစစ်သည်၏ မျက်နှာပေါ်တွင် ဝမ်းသာအားရ ပြုံးရွှင်မှုများ ပေါ်လွင်နေပြီး ဖုံးကွယ်ထား၍ မရနိုင်လောက်အောင် ပင်ဖြစ်သည်။

မွေးရာပါအဆင့်သို့ မရောက်ရှိသေးသော သိုင်းပညာရှင် တစ်ယောက်အတွက် ယွမ်ကျောက်တုံး ဆယ်တုံး ဆိုသည်မှာ အနည်းအကျဉ်း မဟုတ်ချေ။ ဤ ယွမ်ကျောက်တုံးများကို ရရှိပါက မွေးရာပါအဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက်ပင် ရရှိနိုင်လေသည်။

သူ၏ ဤကဲ့သို့သော အမူအရာက ရေကန်အတွင်းရှိ အခြား စစ်သည်များကို အလွန် စိတ်ပျက်သွားစေပြီး မျက်ဝန်းများထဲတွင် မနာလိုမှုများ မကျေနပ်မှုများ ပြည့်နှက်သွားကာ ရေကန်ထဲမှ တစ်ယောက်ပြီး တစ်ယောက် ပြန်လည် ထွက်ခွာလာကြလေသည်။

သို့သော် ဂျီဟုန်လျန် မှလွဲ၍ မည်သူမျှ သတိမထားမိလိုက်သည်မှာ သူတို့ထဲမှ တစ်ယောက်မှာ ယခုအခါ အခြားလူ တစ်ယောက်အဖြစ် အစားထိုး ခံလိုက်ရပြီ ဖြစ်ကြောင်း ပင်ဖြစ်သည်။ ခေါင်းငုံ့ကာ အခြားသူများ၏ အနောက်သို့ လိုက်ပါလာပြီး အနည်းငယ်မျှ မူမမှန်မှု မရှိချေ။

"ကောင်းတယ် မနက်ဖြန် မင်း ဘဏ္ဍာတိုက်ကို သွားပြီး ယွမ်ကျောက်တုံး ဆယ်တုံး သွားထုတ်လိုက်"

ဂျီဟုန်လျန် က ဝိညာဉ်မြေခွေးလေး ကို လှမ်းယူလိုက်ပြီး အမွှေးလေးများကို ဖွဖွလေး သပ်ပေးကာ တည်ငြိမ်စွာ ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် မိဖုရား"

ထိုစစ်သည် က ချက်ချင်းပင် ဒူးထောက်ကာ အရိုအသေပေးလိုက်ပြီး မျက်နှာပေါ်တွင် ဝမ်းသာအားရ ဖြစ်နေလေသည်။

"ငါ ပင်ပန်းနေပြီ နန်းဆောင် ပြန်မယ်"

"မိဖုရား ကြွပါပြီ"

အိမ်စေမိန်းကလေး တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

နန်းဆောင်သို့ ပြန်လည် ရောက်ရှိလာပြီးနောက် ကျန်းချဲ့ နှင့် ဂျီဟုန်လျန် တို့သည် အပေါ်ယံတွင် မည်သည့် အဆက်အသွယ်မျှ မရှိသေးချေ။ မည်သို့ပင်ဆိုစေ ဤနေရာတွင် လူများလွန်းပြီး စစ်သည် တစ်ယောက်က မိဖုရားနှင့် တိတ်တဆိတ် တွေ့ဆုံခြင်းမှာ အလွန် သံသယ ဖြစ်စရာ ကောင်းလှပေသည်။

သူတို့ အခွင့်အရေးကို စောင့်ဆိုင်းရမည် ပင်ဖြစ်သည်။

ထို အခွင့်အရေးကို ဖန်တီးယူ၍ ရနိုင်လေသည်။

မကြာမီမှာပင် ဂျီဟုန်လျန် က အမိန့်တစ်ခု ပေးလိုက်ပြီး စစ်သည် ဆယ်ယောက်ခန့်ကို အလှည့်ကျ ကင်းစောင့်စေကာ နှစ်ယောက်ကို တံခါးဝတွင် စောင့်စေပြီး ကျန်သူများကို ဘေးပတ်ဝန်းကျင်တွင် ကင်းလှည့်စေလေသည်။ ညဉ့်နက်လာသည့် အချိန်တွင် ကျန်းချဲ့ က အခွင့်အရေး တစ်ခု ရှာတွေ့သွားလေသည်။

အခြား စစ်သည် တစ်ယောက်ကို မည်သူမျှ သတိမထားမိဘဲ သတိလစ်သွားစေရန် ပြုလုပ်လိုက်ပြီးနောက် ချီရွှယ်မိစ္ဆာသခင် က ကိုယ်ပွားဖန်တီးခြင်း အတတ်ပညာကို အသုံးပြုကာ ဖုံးကွယ်ထားသော ခန္ဓာကိုယ်တစ်ခုကို ဖန်တီးလိုက်ပြီး ဂျီဟုန်လျန် ၏ အိပ်ဆောင်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်သွားလေသည်။

ကျန်းချဲ့ ဝင်ရောက်လာချိန်တွင် ဂျီဟုန်လျန် လည်း အသင့်ပြင်ထားပြီး ဖြစ်လေသည်။

အိမ်စေမိန်းကလေး နှစ်ယောက်မှာ ကြမ်းပြင်ပေါ်တွင် သတိလစ် မေ့မြောနေပြီး ဂျီဟုန်လျန် ကတော့ ကြေးမုံပြင် အရှေ့တွင် ထိုင်ကာ မိတ်ကပ် လိမ်းခြယ်နေလေသည်။ အဝေးမှ ကြည့်လိုက်လျှင် ဆွဲဆောင်မှုရှိသော ကိုယ်ဟန်အချိုးအစားနှင့် တစ်ကိုယ်လုံးတွင် ခမ်းနားတင့်တယ်သော အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေလေသည်။

ဤကဲ့သို့သော အရှိန်အဝါမျိုး နင်ကတော် ၏ ကိုယ်ပေါ်တွင်လည်း ရှိသော်လည်း ဂျီဟုန်လျန် နှင့် ယှဉ်လျှင် အနည်းငယ် လျော့နည်း နေသေးလေသည်။

မည်သို့ပင်ဆိုစေ နင်ကတော် မှာ အင်အားနည်းပါးသော မင်းသားအိမ်တော် တစ်ခု၏ မင်းသမီး တစ်ပါးသာ ဖြစ်ပြီး ဂျီဟုန်လျန် ကတော့ တာ့ကျိုး တော်ဝင်မိသားစု ၏ သတ္တမမြောက် မင်းသမီး ဖြစ်ခဲ့ရုံသာမက ယခုအခါ နိုင်ငံတစ်နိုင်ငံ၏ မိဖုရားကြီး တစ်ပါး ဖြစ်နေသောကြောင့် ပင်ဖြစ်သည်။

လူရိုင်းတိုင်းပြည် ဖြစ်သော်ငြားလည်း သူမသည် မိဖုရား ပင်ဖြစ်လေသည်။

ကျန်းချဲ့ က ဂျီဟုန်လျန် ၏ အနောက် ဆယ်ပေခန့် အကွာတွင် ရပ်လိုက်ပြီး ဂျီဟုန်လျန် က နောက်လှည့်မကြည့်သဖြင့် သူလည်း ဘာမှ မပြောသေးဘဲ သူမ၏ ကိုယ်ဟန်အချိုးအစားကို စိတ်ဝင်တစား လေ့လာ အကဲခတ်နေလေသည်။

အနီရောင် ခုံပုလေးပေါ်တွင် ထိုင်နေသဖြင့် ဂျီဟုန်လျန် ၏ တင်ပါး အလှမှာ ပိုမို ပေါ်လွင်နေလေသည်။

လူတစ်ယောက်ကို ဝင်ရောက် စူးစမ်းချင်စိတ် ပေါ်လာစေလောက်အောင် ပင်ဖြစ်သည်။

ကျန်းချဲ့ ၏ ထင်တိုင်းကြဲနေသော အကြည့်များက ဂျီဟုန်လျန် ကို အနည်းငယ် နေရခက်သွားစေပြီး သူ့ကို အေးစက်စွာ တစ်ချက် လှမ်းကြည့်လိုက်လေသည်။

"ချီရွှယ်မိစ္ဆာသခင် က လူသတ်ရတာကို ဝါသနာပါပြီး စိတ်သဘောထား ပြောင်းလဲလွယ်တယ်လို့ပဲ ကြားဖူးတာ မိန်းမတွေကိုလည်း စိတ်ဝင်စားတတ်မယ်လို့ မထင်ထားဘူး တကယ်ကို အံ့သြစရာပဲ"

"မိဖုရားက ဆွဲဆောင်မှုရှိပြီး အသားအရေကလည်း ဖြူဝင်းနေတာပဲ ကျုပ် ဒီကို ရောက်လာတာတောင် စကားမပြောဘဲ နေတော့ မိဖုရားက တမင်တကာ ကျုပ်ကို မိဖုရားရဲ့ အလှအပ တွေကို ခံစားခိုင်းနေတာလို့ ထင်လိုက်တာ"

ကျန်းချဲ့ က ပြုံးလိုက်ပြီး ဘေးရှိ ကုလားထိုင် တစ်လုံးကို ဆွဲယူကာ ဖြည်းညင်းစွာ ထိုင်ချလိုက်လေသည်။

"ဘယ်လိုလဲ အခုအချိန်အထိ မိစ္ဆာသခင် က အစစ်အမှန် မျက်နှာကို ထုတ်မပြချင်သေးဘူးလား"

ဂျီဟုန်လျန် က တစ်ဖက်လူ၏ မျက်နှာကို အကဲခတ်ရင်း မေးလိုက်လေသည်။

"ဒါက အရေးကြီးလို့လား"

"ရှင် ဘယ်လိုထင်လဲ"

"ကျုပ် အမြင်အရတော့ မလိုအပ်ဘူး ထင်တယ်"

ကျန်းချဲ့ က ဖွဖွ ရယ်မောလိုက်လေသည်။

ဂျီဟုန်လျန် ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အခြားစကားများ ဆက်မဆိုတော့ဘဲ ဘေးရှိ ကြေးမုံပြင်ကို အသာအယာ ကောက်ကိုင်လိုက်လေသည်။ နောက်တစ်စက္ကန့်တွင် ကြေးမုံပြင် ချက်ချင်း ပြောင်းလဲသွားပြီး ဝိညာဉ်အလင်းတန်း တစ်ခု တောက်ပလာကာ ကျန်းချဲ့ ၏ အစစ်အမှန် ရုပ်ခန္ဓာကို ထင်ဟပ်သွားစေလေသည်။

"ရှင် ချီရွှယ်မိစ္ဆာသခင် မဟုတ်ဘူးလား"

ဂျီဟုန်လျန် ၏ သူငယ်အိမ် ကျုံ့ဝင်သွားပြီး မျက်ဝန်းထဲတွင် သံသယဖြစ်ဖွယ် အရိပ်အယောင်များ ပြည့်နှက်သွားလေသည်။

မူလက သူမ စမ်းသပ်ကြည့်ရုံသာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ အကယ်၍ တစ်ဖက်လူက ချီရွှယ်မိစ္ဆာသခင် မဟုတ်ပါက သူမ ဘာပြောပြော အလကားသာ ဖြစ်မည်။ အကြောင်းမှာ ယခင်က ရေကန်တွင် တွေ့ဆုံစဉ်က တစ်ဖက်လူမှာ အလွန် ဖုံးကွယ်ထားခဲ့သောကြောင့် ပင်ဖြစ်သည်။

ထို့ကြောင့် ဝိညာဉ်ကြေးမုံ ဖြင့် တစ်ချက် လင်းပြလိုက်ခြင်း ဖြစ်ပြီး တကယ်ကြီး မဟုတ်ဘဲ ဖြစ်နေမည်ဟု လုံးဝ မထင်မှတ်ထားခဲ့ချေ။

ကျန်းချဲ့ ၏ မျက်ဝန်းထဲတွင်လည်း အံ့အားသင့်သွားသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာလေသည်။ အကြောင်းမှာ ဝိညာဉ်အလင်းတန်း တောက်ပသွားသည့် အခိုက်အတန့်တွင် မျက်နှာပေါ်တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်သွားပြီး ယခင် ဖုံးကွယ်ထားသော မျက်နှာမှာ အစစ်အမှန် အတိုင်း ပြန်လည် ထွက်ပေါ်လာကြောင်း သူ အာရုံခံမိလိုက်သောကြောင့် ပင်ဖြစ်သည်။

အစစ်အမှန် မျက်နှာ ထွက်ပေါ်လာလေပြီ။

"ရှင် ကျွန်မကို လိမ်ရဲတယ်ပေါ့"

ဂျီဟုန်လျန် ၏ မျက်နှာထား မည်းမှောင်သွားပြီး မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာလေသည်။

ကျန်းချဲ့ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တိုးညှင်းသော အသံဖြင့် ပြောလိုက်လေသည်။

"ကျုပ် ခင်ဗျားကို မလိမ်ခဲ့ပါဘူး ကျုပ်က ချီရွှယ်မိစ္ဆာသခင် ပါပဲ တိတိကျကျ ပြောရရင် ချီရွှယ်မိစ္ဆာသခင် က ကျုပ်ရဲ့ အစိတ်အပိုင်း တစ်ခုပါ"

"ဒါဆို တကယ့် ရှင်က ဘယ်သူလဲ"

"ဒါက အရေးကြီးလို့လား"

"ရှင် မပြောရင်တောင် ကျွန်မ စုံစမ်းလို့ ရပါတယ်"

"ဒါဆိုရင်လည်း နောက်မှ ခင်ဗျား ဘာသာ စုံစမ်းကြည့်ပေါ့"

ကျန်းချဲ့ က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်လေသည်။

ဂျီဟုန်လျန် ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

"ရှင် ချီရွှယ်မိစ္ဆာသခင် ဟုတ်ဟုတ် မဟုတ်ဟုတ် အရေးမကြီးပါဘူး ရှင်သာ တောင်ပိုင်းယွဲ့ နဂါးကြော ကို ထုတ်ပေးမယ် ဆိုရင် ရှင် ဒီကနေ လွတ်မြောက်နိုင်အောင် ကျွန်မ ကူညီပေးမယ်"

'နဂါးကြော'

ဤစကားလုံး အနည်းငယ်ကို ကြားသောအခါ ကျန်းချဲ့ ၏ သူငယ်အိမ် ချက်ချင်း ကျုံ့ဝင်သွားလေသည်။ ချီရွှယ်မိစ္ဆာသခင် ၏ ကိုယ်ပေါ်တွင် ဤအရာမျိုး ရှိနေမည်ဟု သူ မထင်မှတ်ထားခဲ့ချေ။ ဂျီဟုန်လျန် ၏ အမူအရာကို ကြည့်ရသလောက် ဤအရာမှာ အလွန် အရေးကြီးပုံ ရလေသည်။

ချက်ချင်းပင် သူက ယခင် ချီရွှယ် လျှို့ဝှက်နယ်မြေ တွင် တွေ့ခဲ့ရသော ရွှေရောင်နဂါးစစ်စစ် က ပြောင်းလဲသွားသည့် အရာကို တွေးမိသွားလေသည်။

'ဒါကြောင့်မို့လို့ ငါ ဘယ်လောက်ပဲ မေးမေး ချီရွှယ်မိစ္ဆာသခင် က လုံးဝ မပြောပြချင်တာကိုး အဲ့ဒါက နဂါးကြော ဖြစ်နေတာကိုး ပြီးတော့ တောင်ပိုင်းယွဲ့နိုင်ငံ ဆီကနေ လုယူလာခဲ့တဲ့ နဂါးကြော တကယ်ကို စွမ်းရည် ရှိတာပဲ'

'စီနီယာ ခင်ဗျား ကျုပ်ကို တော်တော်လေး ဖုံးကွယ်ထားတာပဲ'

ကျန်းချဲ့ က နတ်အာရုံဖြင့် ချီရွှယ်မိစ္ဆာသခင် ထံသို့ ဆက်သွယ်လိုက်လေသည်။

'ဒီပစ္စည်းက အရမ်း အဖိုးတန်တယ် နိုင်ငံတော်ရဲ့ ကံကြမ္မာကို သယ်ဆောင်ထားနိုင်တဲ့ အရာပဲ ကျင့်ကြံဖို့အတွက်လည်း အများကြီး အထောက်အကူ ဖြစ်စေတယ် ဒီအိုကြီး က မင်းကို ဖုံးကွယ်ထားတာ မဟုတ်ပါဘူး အခုအချိန်မှာ မင်း သိရင်တောင် အသုံးမဝင်သေးလို့ပါ'

ချီရွှယ်မိစ္ဆာသခင် က ဂျီဟုန်လျန် ၏ ရည်ရွယ်ချက်ကို အစောကြီးကတည်းက ကြိုတင် ခန့်မှန်းမိထားပုံ ရလေသည်။ ကျန်းချဲ့ က နဂါးကြော အကြောင်းကို ပြောပြလာသော်လည်း သူက အနည်းငယ်မျှ အံ့အားသင့်သွားခြင်း မရှိဘဲ အလွန် တည်ငြိမ်စွာ ပြန်လည် ဖြေကြားလိုက်လေသည်။

'ဒါဆို စီနီယာ က ဒီအရာကို ဂျီဟုန်လျန် နဲ့ အပေးအယူ လုပ်ဖို့ သုံးမှာလား'

'သေချာပေါက် မဖြစ်နိုင်ဘူး ဒီ နဂါးကြော အပိုင်းအစလေး အတွက် ဒီအိုကြီး ဘယ်လောက်တောင် အားထုတ်ခဲ့ရလဲ မသိဘူး ဘယ်လိုလုပ်ပြီး သူမကို လွယ်လွယ် ပေးလိုက်လို့ ရမှာလဲ'

ချီရွှယ်မိစ္ဆာသခင် က အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။

'သူမကို မပေးရင် သူမက ငါတို့ကို ဒီကနေ လွတ်အောင် ကူညီပေးမှာ မဟုတ်ဘူးလေ'

'ဒီအိုကြီး က သူမရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းမိပြီးသားပါ နဂါးကြောကို သူမကို ငှားသုံးခွင့် ပေးလို့ရတယ် ဒါပေမဲ့ လုံးဝ အပိုင်ပေးလို့တော့ မရဘူး မင်း သူမနဲ့ ညှိနှိုင်းလိုက်ပါ သူမ သေချာပေါက် အလျှော့ပေးပါလိမ့်မယ်'

ချီရွှယ်မိစ္ဆာသခင် က တစ်ခုခုကို သိရှိထားပုံ ရပြီး ဤကိစ္စအတွက် အလွန် ယုံကြည်မှု ရှိနေလေသည်။

ကျန်းချဲ့ သဘောပေါက်သွားပြီး ချီရွှယ်မိစ္ဆာသခင် ၏ သဘောထားကို သိရှိသွားလေသည်။ တစ်ချိန်တည်းမှာပင် သူသည်လည်း ဤအရာကို အနည်းငယ် နှမြောတွန့်တိုနေမိလေသည်။ မည်သို့ပင်ဆိုစေ နဂါးကြော ဆိုသည့် အရာမှာ အလွန် ရှားပါးလှပြီး ချီရွှယ်မိစ္ဆာသခင် ကပင် အသက်နှင့်ရင်း၍ ကာကွယ်ထားသကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။

တန်ဖိုး အလွန် ကြီးမားမည်မှာ အသေအချာပင်။

သူ ယခု အသုံးမဝင်လျှင်တောင် နောင်တစ်ချိန်တွင် သေချာပေါက် အသုံးဝင်လာမည် ပင်ဖြစ်သည်။

"နဂါးကြောကို ခင်ဗျားကို အပိုင်ပေးဖို့ ဆိုတာ မဖြစ်နိုင်ဘူး မိဖုရား ဒီအတွေးကို စွန့်လွှတ်လိုက်တာ ပိုကောင်းမယ်"

ဤသည်မှာ ကျန်းချဲ့ ၏ အဖြေ ပင်ဖြစ်ပြီး တစ်ဖက်လူကို တိုက်ရိုက်ပင် ပြောလိုက်လေသည်။

"အခု ရှင်က ဆုံးဖြတ်နိုင်တဲ့ အနေအထား မဟုတ်ဘူး နဂါးကြောကို မပေးရင် ရှင် ထွက်သွားလို့ မရရုံတင် မကဘူး ကျွန်မက အခုချက်ချင်း ချီဖျင်တောက် ကို ခေါ်လိုက်မယ် အဲ့ဒီအချိန်ကျရင် ရှင် သေချာပေါက် သေရလိမ့်မယ်"

ဂျီဟုန်လျန် က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ကျန်းချဲ့ကို ဖိနှိပ်ထားနိုင်ပြီဟု ထင်မှတ်နေလေသည်။

နဂါးကြောကို သူမ သေချာပေါက် ရယူရမည် ပင်ဖြစ်သည်။

ယခင်က အိမ်ရှေ့မင်းသား ထီးနန်းလုပွဲတွင် ရှုံးနိမ့်ခဲ့စဉ်က သူမသည် အိမ်ရှေ့မင်းသား နှင့် တစ်မိခင်တည်းမှ မွေးဖွားသူ ဖြစ်သဖြင့် တာ့ကျိုး ဧကရာဇ်သစ် ၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်။ သူမကိုယ်တိုင်လည်း ဧကရာဇ် က တာ့ကျိုး နိုင်ငံတော်၏ ကံကြမ္မာကို အသုံးပြု၍ ကန့်သတ်ချက်များ ပြုလုပ်ထားခြင်း ခံခဲ့ရသဖြင့် ဤဘဝတွင် လုံးဝ ကျင့်ကြံမှု တိုးတက်နိုင်တော့မည် မဟုတ်ချေ။

နဂါးကြော သာလျှင် သူမ၏ ဤပြဿနာကို ဖြေရှင်းပေးနိုင်မည် ပင်ဖြစ်သည်။

ထို့အပြင် ဤအရာက သူမ၏ ကျင့်ကြံမှု အတွက်လည်း အလွန် အထောက်အကူ ဖြစ်စေလေသည်။ နဂါးကြော အကူအညီဖြင့် ကျင့်ကြံမည် ဆိုပါက ကျင့်ကြံမှု တိုးတက်နှုန်းမှာ တစ်နေ့တခြား မြန်ဆန်လာမည်ဟု ပြောလျှင် အနည်းငယ် လွန်ကဲကောင်း လွန်ကဲနိုင်သော်လည်း သေချာပေါက် အလွန် ကြီးမားသော တိုးတက်မှုကို ရရှိစေမည်မှာ အသေအချာပင်။

အဘယ်ကြောင့်ဆိုသော် သူမသည် တော်ဝင်မိသားစု ၏ မျိုးဆက် ဖြစ်သောကြောင့် ပင်ဖြစ်သည်။

နဂါးကြောမှာ တော်ဝင်မိသားစု များနှင့် အလွန် နက်ရှိုင်းစွာ ဆက်စပ်နေလေသည်။ သာမန်လူများ အနေဖြင့် အသုံးပြုရန် အလွန် ခက်ခဲလေသည်။

အကြောင်းမှာ သူမ၏ ကိုယ်ပေါ်တွင် တာ့ကျိုး ဘိုးဘေးကြီး ၏ သွေးများ စီးဆင်းနေပြီး တာ့ကျိုး ဘိုးဘေးကြီး သည် မွေးရာပါ ဧကရာဇ် တစ်ပါး ဖြစ်ကာ နိုင်ငံတော်၏ ကံကြမ္မာကို စုပ်ယူ၍ ကျင့်ကြံနိုင်သော ကျင့်စဉ်တစ်ခုကို ဖန်တီးခဲ့သူ ဖြစ်လေသည်။

နိုင်ငံတော်၏ ကံကြမ္မာများကို နဂါးကြော က ထိန်းချုပ်ထားခြင်း ပင်ဖြစ်သည်။

တောင်ပိုင်းယွဲ့ နိုင်ငံ၏ နဂါးကြော ဟုတ်ဟုတ် မဟုတ်ဟုတ် အရေးမကြီးပေ။ အကြောင်းမှာ နဂါးကြောမှာ ကောင်းကင်နှင့်မြေကြီး ၏ အနှစ်သာရ များ စုစည်းထားခြင်း ဖြစ်ပြီး တော်ဝင်မိသားစု ၏ သွေးများ စီးဆင်းနေသူ သို့မဟုတ် ဧကရာဇ် မျိုးဆက်များ နိုင်ငံတော်၏ ကံကြမ္မာ နှင့် ပေါင်းစပ်နိုင်သူတိုင်း အသုံးပြုနိုင်သောကြောင့် ပင်ဖြစ်သည်။

"ဟုတ်လား ဒါဆိုရင်လည်း မိဖုရား သဘောအတိုင်းပဲပေါ့"

ကျန်းချဲ့ က ပြုံးလိုက်ပြီး လက်ကာပြလိုက်လေသည်။

"ရှင် ကျွန်မကို မဖိအားပေးနဲ့ ရှင် ဘာတွေ တွေးနေလဲဆိုတာ ကျွန်မ သိတယ် ဒါပေမဲ့ ဒီကိစ္စကို ရှင် ကျွန်မ အိပ်ဆောင်ထဲကို ဝင်လာပြီး ကျွန်မကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး ခြိမ်းခြောက်တယ်လို့ လုံးဝ ပြောလို့ရတယ် အလကားပဲ"

ဂျီဟုန်လျန် က ကျန်းချဲ့ ကို ဒေါသတကြီး စူးစိုက်ကြည့်လိုက်လေသည်။ အစက အပေးအယူ လုပ်ရန် သဘောတူထားပြီးမှ ယခုအခါ စကားကို ပြန်ရုပ်သိမ်းသွားသဖြင့် သူမကို လှောင်ပြောင်နေသကဲ့သို့ ခံစားရလေသည်။

"ဒီအကြောင်းပြချက်ကို ခဏထားလိုက်ဦး တောင်ပိုင်းယွဲ့ဘုရင် က ယုံကြည်မလား ဆိုတာ ယုံရင်တောင်ကော ဘာဖြစ်လဲ နဂါးကြော က ခင်ဗျား လက်ထဲကို ထာဝရ ရောက်လာမှာ မဟုတ်ဘူး ပြီးတော့ ကျုပ် ထွက်ပြေးဖို့ ဆိုတာလည်း တန်ဖိုးတချို့ ပေးဆပ်ရမယ် ဆိုပေမဲ့"

"လုံးဝ အခွင့်အရေး မရှိတာတော့ မဟုတ်ဘူး"

ကျန်းချဲ့ စကားဆုံးသည်နှင့် ဂျီဟုန်လျန် ၏ မျက်နှာထား အမှန်တကယ် ပြောင်းလဲသွားလေသည်။ သူမက တောင်ပိုင်းယွဲ့ဘုရင် အချို့အရာများကို ခန့်မှန်းမိမည်ကို မကြောက်သော်လည်း နဂါးကြော ကို မရရှိမည်ကို အလွန် ကြောက်ရွံ့နေလေသည်။ နိုင်ငံတော်၏ ကံကြမ္မာဖြင့် ကန့်သတ်ခံထားရသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ယခုမှ မျှော်လင့်ချက်လေး တစ်ခုကို မြင်တွေ့ရချိန်တွင် ထပ်မံ၍ လွတ်မြောက်သွားမည် ဆိုပါက သူမ ၏ နောက်ထပ် ဘဝ တစ်လျှောက်လုံး မျှော်လင့်ချက် ကင်းမဲ့သွားမည် ပင်ဖြစ်သည်။

"ရှင် အရင်က ကျွန်မကို ရှင်းရှင်းလင်းလင်း ကတိပေးထားတာလေ"

ဂျီဟုန်လျန် က သွားကို တင်းတင်းကြိတ်ကာ စကားလုံးများကို တစ်လုံးချင်း ဖိပြောလိုက်လေသည်။

"မိဖုရား ယောကျ်ားတွေရဲ့ စကားကို ယုံလို့မရဘူး ဆိုတာ မိဖုရား မသိဘူးလား နဂါးကြောကို ငှားသုံးခွင့် ပေးလို့ ရတယ် ဒါပေမဲ့ ခင်ဗျား တစ်ယောက်တည်း အပိုင်ယူဖို့ ဆိုတာတော့ လုံးဝ မဖြစ်နိုင်ဘူး အရင်က နဂါးကြောအတွက် ချီရွှယ်မိစ္ဆာသခင် ဘယ်လောက်တောင် အားထုတ်ခဲ့ရလဲ ဆိုတာ ဘယ်လိုလုပ်ပြီး ခင်ဗျားကို ပေးနိုင်မှာလဲ"

အချေအတင် ငြင်းခုံပြီးနောက် ကျန်းချဲ့ လည်း မိမိ၏ သဘောထားကို ထုတ်ဖော်လိုက်လေသည်။

တစ်ဆင့်ချင်းစီ တစ်ဖက်လူ၏ လိုအပ်ချက်ကို လျှော့ချရန်သာ ရှိလေတော့သည်။

မည်သို့ပင်ဆိုစေ 'ပြတင်းပေါက် ဖွင့်ချင်ရင် တားတဲ့သူ ရှိတယ် ဒါပေမဲ့ အမိုးကို လှန်ပစ်မယ်ဆိုရင်တော့ ပြတင်းပေါက် ဖွင့်တာကို ဘယ်သူမှ တားမှာ မဟုတ်တော့ဘူး' ဆိုသည့် စကား ရှိသည် မဟုတ်ပါလော။

ဤသည်မှာ ယုတ္တိဗေဒ တစ်ခု ပင်ဖြစ်သည်။

အဘယ်ကြောင့် ချီရွှယ်မိစ္ဆာသခင် က တစ်ဖက်လူ သဘောတူလိမ့်မည်ဟု အခိုင်အမာ ယုံကြည်နေသနည်း ဆိုသည်ကို ကျန်းချဲ့ မသိသော်လည်း သူ ပြောသဖြင့် သေချာပေါက် အကြောင်းပြချက် ရှိမည် ပင်ဖြစ်သည်။

'ငှားသုံးမယ်'

ဂျီဟုန်လျန် ၏ မျက်နှာထား အကြိမ်ကြိမ် ပြောင်းလဲသွားပြီး အနည်းငယ် တွေဝေသွားလေသည်။ မည်သို့ပင်ဆိုစေ သူမ၏ မူလ ရည်ရွယ်ချက်မှာ နဂါးကြော ကို ရယူရန် ဖြစ်သော်လည်း တစ်ဖက်လူ၏ သဘောထားကို ကြည့်ရသလောက် လုံးဝ ပေးမည့်ပုံ မပေါ်ချေ။

လက်ခံလိုက်ရမလား...

"ကျွန်မ နဂါးကြောကိုပဲ လိုချင်တာ ရှင် လိုချင်တဲ့ ဝိညာဉ်ပစ္စည်း တွေ ရှိရင်လည်း ကျွန်မ ထုတ်ပေးပြီး လဲလှယ်လို့ ရပါတယ် ဘယ်လိုလဲ ဘာဖြစ်လို့လဲ ဆိုတော့ ရှင်က တော်ဝင်မိသားစု ရဲ့ မျိုးဆက် မဟုတ်ဘူးလေ နဂါးကြောကို ယူထားလည်း အသုံးမဝင်ပါဘူး"

"အဲ့ဒီအစား ကျင့်ကြံဖို့ အထောက်အကူ ဖြစ်စေမယ့် ဝိညာဉ်ပစ္စည်း တချို့နဲ့ လဲလှယ်တာက ပိုမကောင်းဘူးလား"

ဂျီဟုန်လျန် က အလျှော့မပေးသေးဘဲ ဆက်လက်၍ ဆွဲဆောင်ရန် ကြိုးစားနေလေသည်။

"စကားပြောပြီးသားပဲ နဂါးကြောကို ခင်ဗျားကို ပေးဖို့ ဆိုတာ မဖြစ်နိုင်ဘူး"

"ဘယ်လောက်ပေးပေး မရဘူးလား"

"ဒီကိစ္စ က ဆွေးနွေးစရာ မလိုဘူး"

ကျန်းချဲ့ က ခေါင်းယမ်းလိုက်လေသည်။

ဂျီဟုန်လျန် က ကျန်းချဲ့ ၏ မျက်နှာကို စူးစိုက်ကြည့်ပြီးနောက် ရုတ်တရက် ပြောလိုက်လေသည်။

"ခုနက ရှင်က ကျွန်မရဲ့ ခန္ဓာကိုယ်ကို အမြဲတမ်း စိုက်ကြည့်နေတာ ရှင်သာ နဂါးကြောကို ကျွန်မကို ပေးမယ်ဆိုရင် ရှင့်ရဲ့ တောင်းဆိုချက် တစ်ခုကို ကျွန်မ လိုက်လျောပေးနိုင်တယ်"

သူမ၏ စကားမှာ အလွန် ပွင့်လင်းနေပြီ ဖြစ်သော်လည်း ကျန်းချဲ့ လုံးဝ လက်ခံမည် မဟုတ်ချေ။

နောက်နေတာလား...

ဒီမိန်းမက နဂါးကြောကို ရချင်ရုံတင် မကဘူး နဂါးမြစ်ကိုပါ ရချင်နေတာပဲ...

အရမ်း လောဘကြီးလွန်းတယ်...

"ကျုပ် ဒီအဆင့်ကို ရောက်နေပြီ ဆိုမှတော့ မိန်းမတွေ လိုသေးတယ်လို့ ထင်နေတာလား"

"ကျွန်မက မိဖုရားလေ ပြီးတော့ တာ့ကျိုး နိုင်ငံတော်ရဲ့ မင်းသမီး မိဖုရား ရဲ့ အရသာကို ရှင် မြည်းစမ်းကြည့်ချင်တာ မဟုတ်ဘူးလား"

ဂျီဟုန်လျန် က မိမိ၏ အလှအပ ကို အလွန် ယုံကြည်မှု ရှိလေသည်။ ဤသည်မှာလည်း သူမ၏ အရင်းအနှီး တစ်ခု ပင်ဖြစ်သည်။

"အရသာ မြည်းစမ်းတာတော့ ရတယ် ဒါပေမဲ့ နဂါးကြောကိုတော့ ပေးလို့မရဘူး မိဖုရား ဒီအတွေးကို စွန့်လွှတ်လိုက်တာ ပိုကောင်းမယ် ပြီးတော့ ခင်ဗျား ခုနက ပြောခဲ့တဲ့ စကားတွေကို ကျုပ် မှတ်တမ်းတင် ကျောက်တုံး နဲ့ မှတ်ထားပြီးပြီ ဒီစကားတွေကို တောင်ပိုင်းယွဲ့ဘုရင် ကြားသွားတာမျိုး ခင်ဗျား မလိုလားဘူး မလား"

ကျန်းချဲ့ က ပြုံးစိစိဖြင့် ကြည့်လိုက်လေသည်။

ဂျီဟုန်လျန် မျက်မှောင်ကျုံ့သွားပြီး ကျန်းချဲ့ ကို အသက်ရှူကြိမ် ဆယ်ကြိမ်ခန့် ကြာအောင် စူးစိုက်ကြည့်ပြီးနောက် အကြည့်ကို ပြန်လွှဲလိုက်လေသည်။

"ဒါဆိုရင်လည်း ပြီးတာပါပဲ ကျွန်မ အရင်ဆုံး နဂါးကြောကို ငှားသုံးမယ် မနက်ဖြန်ကျရင် အခွင့်အရေး ရှာပြီး ရှင့်ကို ဒီကနေ လွတ်အောင် ပို့ပေးမယ်"

"စိတ်နှလုံး သွေးကျိန်စာ အရင် ချုပ်ရမယ်"

"ရှင် ကျွန်မကို မယုံဘူးလား"

"ခင်ဗျားမှာ ကျုပ် ယုံကြည်လောက်တဲ့ အချက် ဘာရှိလို့လဲ"

ကျန်းချဲ့ က အေးစက်စွာ ရယ်မောလိုက်ပြီး လှောင်ပြောင်သည့် အရိပ်အယောင် အချို့ ပါဝင်နေလေသည်။

ဂျီဟုန်လျန် လည်း ဤကိစ္စကို ဆက်လက် အငြင်းပွားမနေတော့ဘဲ ကျန်းချဲ့ ၏ အရှေ့တွင် စိတ်နှလုံး သွေးကျိန်စာ တစ်ခုကို ကျိန်ဆိုလိုက်လေသည်။ အသုံးပြုပြီးနောက် နဂါးကြောကို ပြန်ပေးရုံသာမက သူတို့ကိုပါ လွတ်မြောက်အောင် ကူညီပေးရမည် ဖြစ်သည်။ မဟုတ်ပါက သေချာပေါက် ပြန်လည်ရိုက်ခတ်မှုကို ခံစားရမည် ပင်ဖြစ်သည်။

"ပေး"

သွေးကျိန်စာ ဆိုပြီးနောက် ဂျီဟုန်လျန် ၏ အမူအရာ လည်း အများကြီး အေးစက်သွားပြီး တိုက်ရိုက်ပင် လက်ဖြန့် တောင်းလိုက်လေသည်။

ကျန်းချဲ့ က လက်ဝါးကို ဖြန့်လိုက်ရာ အင်္ကျီလက်စွပ် အတွင်းမှ ရွှေရောင် အလင်းတန်း တစ်ခု တောက်ပလာပြီး နောက်တစ်စက္ကန့်တွင် ရွှေရောင် ကျောရိုး အပိုင်းအစ တစ်ခု လက်ထဲသို့ ရောက်ရှိလာလေသည်။ ခမ်းနား ကြီးကျယ်သော နဂါး အရှိန်အဝါ များကို အနည်းငယ် ထုတ်လွှတ်နေပြီး ထို့နောက် ဂျီဟုန်လျန် ထံသို့ ပေးလိုက်လေသည်။

ဂျီဟုန်လျန် က နဂါးကြောကို ယူလိုက်ပြီး အထက်အောက် ပွတ်သပ်ကြည့်ကာ မျက်ဝန်းထဲတွင် လောဘများ ပြည့်နှက်နေလေသည်။ ထို့နောက် ကျန်းချဲ့ ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ပတ်ဝန်းကျင်တွင် ကန့်သတ်ချက်များ ပြုလုပ်လိုက်ကာ နဂါးကြော အပေါ်သို့ အမြုတေသွေး တစ်စက် ချလိုက်လေသည်။

နောက်တစ်စက္ကန့်တွင် တိုးညှင်းသော နဂါးဟိန်းသံ တစ်ခု ထွက်ပေါ်လာပြီး ရွှေရောင် အလင်းတန်း တစ်ခုက ဂျီဟုန်လျန် ၏ ကိုယ်ပေါ်သို့ ချက်ချင်း လွှမ်းခြုံသွားလေသည်။

အမြဲတမ်း စောင့်ကြည့်နေသော ကျန်းချဲ့ လည်း ရွှေရောင် အလင်းတန်း တောက်ပသွားသည့် အချိန်မှာပင် ရုပ်ခန္ဓာ အပေါ်ရှိ နဂါးအမှတ်အသား များ လည်း ချက်ချင်း ထွက်ပေါ်လာပြီး အတွင်းမှနေ၍ ပြင်းထန်သော လိုလားမှု ကို ခံစားလိုက်ရလေသည်။

'ဒါက'

ကျန်းချဲ့ ၏ မျက်ဝန်းများ လှုပ်ရှားသွားပြီး နဂါးကြော ကို စဉ်းစားခန်း ဝင်နေမိလေသည်။

ဤနေရာမှ ထွက်သွားပြီးနောက် ဤအရာကို အသုံးပြုကြည့်ရန် တွေးတောနေမိလေသည်။ ကြည့်ရသည်မှာ အာနိသင် အလွန် ကောင်းမွန်မည့် ပုံပေါ်လေသည်။

'မတွေးနေနဲ့တော့ မင်းဆီမှာ နဂါးအရှိန်အဝါ အနည်းငယ် ရှိပေမဲ့ အဲ့ဒါက ကျင့်ကြံတဲ့ ကျင့်စဉ်ကြောင့် ရလာတဲ့ စွမ်းအားတွေပဲ မိန်းမတွေကို ရင်ဆိုင်တဲ့ နေရာမှာတော့ ထူးခြားတဲ့ အာနိသင် ရှိနိုင်ပေမဲ့ နဂါးကြောကိုတော့ အသုံးပြုလို့ မရဘူး ဒီပစ္စည်းက တော်ဝင်မိသားစု ဒါမှမဟုတ် ဧကရာဇ် မျိုးဆက် တွေပဲ အသုံးပြုလို့ ရတယ်'

'ဘာလို့လဲ'

'သွေးကြောကြောင့်လေ သူတို့ရဲ့ ဘိုးဘေးတွေက နိုင်ငံကို တည်ထောင်ခဲ့သူတွေ ဖြစ်ပြီး နဂါးကြော ကလည်း တဖြည်းဖြည်း စုစည်းလာတာမို့ သူတို့နဲ့ တိုက်ရိုက် သက်ဆိုင်နေတယ် နောက်ဆက်ခံသူတွေရဲ့ ကိုယ်ပေါ်မှာလည်း အဲ့ဒီ သွေးတွေ စီးဆင်းနေတယ်'

'သုံးလို့ မရဘူးဆိုရင် အရင်တုန်းက စီနီယာ ဘာလို့ တောင်ပိုင်းယွဲ့ ကနေ အပင်ပန်းခံပြီး လုယူလာခဲ့တာလဲ'

ကျန်းချဲ့ က ဟာကွက်တစ်ခုကို ရှာတွေ့သွားလေသည်။

ဤမေးခွန်းကို ရင်ဆိုင်ရချိန်တွင် ချီရွှယ်မိစ္ဆာသခင် လည်း တိတ်ဆိတ်သွားပြီး အဖြေ ပြန်မပေးခဲ့ချေ။

'စီနီယာ အများကြီး မတွေးပါနဲ့ ကျုပ် က ဒီအတိုင်း မေးကြည့်တာပါ'

'နောက်ပိုင်း အခွင့်အရေး ရရင် မင်းကို ပြောပြပါ့မယ် ဘာပဲဖြစ်ဖြစ် ကျင့်ကြံဖို့အတွက် အရမ်း အသုံးဝင်ပါတယ်'

ကျန်းချဲ့ က ပြုံးလိုက်ပြီး ဆက်လက်၍ မမေးမြန်းတော့ချေ။

မကြာမီမှာပင် အမွှေးတိုင် တစ်တိုင်စာ အချိန်ခန့် ကြာပြီးနောက်။

နဂါးကြော ပေါ်ရှိ ရွှေရောင် အလင်းတန်းများ စတင် လွင့်စင်သွားပြီး ဂျီဟုန်လျန် လည်း ဖြည်းညင်းစွာ မျက်လုံးများကို ဖွင့်လိုက်လေသည်။ မျက်ဝန်းအောက်ခြေတွင် ဝမ်းသာမှုများ ဖြတ်ပြေးသွားသော်လည်း မကြာမီမှာပင် နှမြောတသမှုများ အဖြစ် ပြောင်းလဲသွားလေသည်။ အကယ်၍ ဤအရာကို သူမသာ ရရှိမည် ဆိုပါက ဘယ်လောက်တောင် ကောင်းလိုက်မလဲ။

All Chapters