အခန်း ၂၉၂
Vol. 30 Ch. 292
အခန်း (၂၉၂) ရွှေအမြုတေအဆင့်သို့ တက်လှမ်းလိုခြင်း
ဂျီဟုန်လျန်၏ စိတ်အစဉ်မှာ အတွေးပေါင်းများစွာ ကူးလူးယှက်သန်းနေပြီး ယခုအချိန်တွင် မျက်နှာချင်းဆိုင် ရန်သူအဖြစ် ပြောင်းလဲလိုက်ပါက မည်မျှ အခွင့်အရေးရှိနိုင်မည်ကိုပင် စဉ်းစားနေမိလေသည်။ သို့သော် ထိုအတွေးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားရလေသည်။
သူမက စိတ်နှလုံး သွေးကျိန်စာကို ကျိန်ဆိုထားပြီးဖြစ်သည်ကို အသာထားဦး... ကျိန်စာ၏ ချည်နှောင်မှု မရှိလျှင်တောင်မှ တိုက်ခိုက်ရေးစွမ်းအား အရကြည့်လျှင် သူမသည် ချီရွှယ်မိစ္ဆာသခင်၏ ပြိုင်ဘက် လုံးဝမဟုတ်ချေ။ မည်သို့ပင်ဆိုစေ တစ်ဖက်လူက အစစ်အမှန် မဟာသိုင်းသခင် တစ်ပါး ဖြစ်နေသည် မဟုတ်ပါလော။
သူမကတော့ သာမန် ရွှမ်တန်အဆင့် သိုင်းသခင် တစ်ယောက်မျှသာ ဖြစ်လေသည်။
ဂျီဟုန်လျန်က ဆံပင်တစ်စကို နားနောက်သို့ သပ်တင်လိုက်ပြီး မျက်နှာချင်းဆိုင်ရှိ လူငယ်လေးကို ကြည့်လိုက်လေသည်။
"ရှင် ခုနက ကျွန်မပြောခဲ့တဲ့စကားကို တကယ်ပဲ ထည့်မစဉ်းစားတော့ဘူးလား"
"မိဖုရားက နန်းတော်အနက်ပိုင်းမှာ ပိတ်လှောင်ခံထားရပြီး အထီးကျန်နေရတယ် ဆိုတာကို ကျုပ် နားလည်ပါတယ်... မိဖုရားနဲ့ အပေးအယူ နည်းနည်းပါးပါး လုပ်ရတာကို လုံးဝ ကန့်ကွက်စရာ မရှိပေမဲ့ နဂါးကြောကို အလဲအလှယ် လုပ်ရမယ် ဆိုရင်တော့ မဖြစ်နိုင်ဘူး"
ကျန်းချဲ့က ပြုံးလိုက်ပြီး နဂါးကြောကို လှမ်းတောင်းလိုက်လေသည်။
"နဂါးကြော မရှိဘဲနဲ့ ကျွန်မက ရှင့်ကို ကိုယ်ခန္ဓာ ပုံအပ်မယ်လို့ ထင်နေတာလား"
ဂျီဟုန်လျန်က အနည်းငယ် စော်ကားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကာ အခြားစကားများ ဆက်မဆိုတော့ဘဲ နဂါးကြောကို တစ်ဖက်လူထံသို့ ပေးလိုက်လေသည်။
"နဂါးကြောက ကျုပ် လက်ထဲမှာ ရှိနေပြီ... မိဖုရား အနေနဲ့ နောက်ပိုင်း ပြန်ငှားသုံးချင်တယ် ဆိုရင်လည်း တန်ဖိုးတစ်ခု ပေးဆပ်နိုင်သရွေ့ လုံးဝ ပြဿနာ မရှိပါဘူး"
ကျန်းချဲ့က ဂျီဟုန်လျန်၏ ခံစားချက်ကို ဂရုမစိုက်ဘဲ ရုတ်တရက် ပြောလိုက်လေသည်။
မူလက သူသည် ကိုယ်ပိုင် အမှတ်အသားကို ထုတ်ဖော်ရန် မရည်ရွယ်ထားခဲ့ချေ။ သို့သော် စောစောက ဂျီဟုန်လျန် နဂါးကြော၏ စွမ်းအားများကို သန့်စင်နေချိန်တွင် သူ ရုတ်တရက် တွေးမိသွားခဲ့သည်။ ယခင် လျှို့ဝှက်နယ်မြေ ကိစ္စများကြောင့် သူ၏ ကိုယ်ပိုင် အမှတ်အသားကို ဖုံးကွယ်ရန်မှာ လုံးဝ မဖြစ်နိုင်တော့ကြောင်း သိလိုက်ရခြင်း ပင်ဖြစ်သည်။
အစောကြီးဖြစ်စေ နောက်ကျမှဖြစ်စေ တောင်ပိုင်းယွဲ့နိုင်ငံမှ လူများက သေချာပေါက် သိရှိသွားကြမည်သာ ဖြစ်လေသည်။
ဂျီဟုန်လျန်၏ အနေအထားကို ကြည့်ရသလောက် တောင်ပိုင်းယွဲ့နိုင်ငံ အတွင်း၌ သြဇာအာဏာ အတော်အသင့် ရှိပုံရလေသည်။ အကယ်၍ ဤအတွင်းလူကိုသာ ဆွဲဆောင်နိုင်မည် ဆိုပါက နောင်တစ်ချိန် တောင်ပိုင်းယွဲ့နိုင်ငံကို ဖျက်ဆီးကာ သူ၏ အောင်မြင်မှု လမ်းစအဖြစ် အသုံးပြုရန်မှာ လုံးဝ မဖြစ်နိုင်စရာ အကြောင်းမရှိချေ။
'ငှားသုံး' ဆိုသည့် စကားလုံး နှစ်လုံးကို ကြားသောအခါ ဂျီဟုန်လျန်၏ မျက်ဝန်းများ လှုပ်ရှားသွားပြီး ပြန်ပြောလိုက်လေသည်။
"ကျွန်မက ပေါ့ပျက်ပျက် နေတတ်တဲ့ မိန်းမ မဟုတ်ဘူး... ငှားသုံးရုံ သက်သက် ဆိုရင်တော့ ကျွန်မကို လာထိခွင့်ပြုမှာ မဟုတ်ဘူး"
"မိဖုရားကို အပိုင်သိမ်းရမယ်လို့ ကျုပ် မပြောပါဘူး... ယောကျ်ားတိုင်းက မိဖုရားကို တပ်မက်နေရမယ်လို့များ ထင်နေတာလား... ပွင့်ပွင့်လင်းလင်း ပြောရရင် မိဖုရားက ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်ကြီးလွန်း နေတယ် ထင်တယ်... ဒီလောကကြီးမှာ အလှအပ ဆိုတာက ဘာမှ သုံးစားလို့ မရဘူး"
"ဒါဆို ရှင့်စကားက ဘာအဓိပ္ပာယ်လဲ"
"ကျုပ် နာမည်က ကျန်းချဲ့ လို့ ခေါ်တယ်... မိဖုရား အနေနဲ့ ဒီနာမည်ကို ကြားဖူးလား မကြားဖူးဘူးလား ဆိုတာတော့ မသိဘူး"
ကျန်းချဲ့က အနီရောင် ကုလားထိုင် တစ်လုံးပေါ်တွင် မှီထိုင်လိုက်ပြီး တစ်ဖက်လူကို ပြုံးစိစိဖြင့် ကြည့်ကာ တိုးညှင်းစွာ မေးလိုက်လေသည်။
"ကျန်းချဲ့..."
ဂျီဟုန်လျန်က နှုတ်ခမ်းလှုပ်ရုံမျှ ရေရွတ်လိုက်ပြီး အစပိုင်းတွင် ဤနာမည်မှာ အနည်းငယ် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် မကြာမီမှာပင် ဤနာမည်၏ အဓိပ္ပာယ်မှာ အဘယ်အရာ ဖြစ်ကြောင်းကို ချက်ချင်း တွေးမိသွားလေတော့သည်။
ထျန်းနန်မြို့ စောင့်တပ်မှူးကြီး... မြောက်လင် ချီမိသားစု၏ သမက်...
ယွဲ့ပြည်နယ် မျိုးဆက်သစ်များထဲတွင် အတော်ဆုံး ပါရမီရှင်...
သူမက ဤနာမည်နှင့် လုံးဝ စိမ်းသက်မနေခဲ့ပေ။ တိတိကျကျ ပြောရမည် ဆိုလျှင် တောင်ပိုင်းယွဲ့နိုင်ငံရှိ လူအများစုမှာ ဤနာမည်နှင့် စိမ်းသက်မနေကြချေ။ အကြောင်းမှာ ကျန်းချဲ့ ရာထူးတက်လာသည်မှာ မကြာသေးသော်လည်း သူ လုပ်ဆောင်ခဲ့သော ကိစ္စများမှာ အလွန် ကြီးမားလှသောကြောင့် ပင်ဖြစ်သည်။
ထို့အပြင် တောင်ပိုင်းယွဲ့ နိုင်ငံ နယ်စပ်နှင့် ထျန်းနန်မြို့ တို့မှာ နယ်နိမိတ်ချင်း ထိစပ်နေပြီး အကွာအဝေးမှာလည်း သိပ်မဝေးလှပေ။
ကျန်းချဲ့၏ အားမာန်အပြည့်ဖြင့် ရာထူးတက်လာမှု... ကောင်းချီနျန် ကို အနိုင်ယူမှု... လဲ့ထင် ကို အနိုင်ယူမှု စသည့် ကိစ္စများမှာ လူတိုင်း သိရှိထားသည့် သတင်းများ ဖြစ်လေသည်။ ထို့အပြင် ကျန်းချဲ့က နင်မင်းသားအိမ်တော်၏ ယွမ်ဟယ်တောင် ကိုပါ ဖျက်ဆီးပစ်ခဲ့သေးသည်။ ဤကိစ္စများ အားလုံးကို သူမ ကြားသိထားခဲ့လေသည်။
တစ်ခုတည်းသော ထင်မှတ်မထားမိသည့် အချက်မှာ တစ်ဖက်လူ၏ နောက်ခံ အမှတ်အသားက ဤကဲ့သို့ ဖြစ်နေမည်ကို ပင်ဖြစ်သည်။
"ရှင် ဖြစ်နေတာကိုး... ဒါဆို ချီရွှယ်မိစ္ဆာသခင် ကကော"
ဂျီဟုန်လျန်က ကျန်းချဲ့ကို လေးနက်စွာ တစ်ချက် ကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်လေသည်။
"သူက ကျုပ် ဘေးမှာပဲ ရှိနေတယ်... ဆရာလိုလို သူငယ်ချင်းလိုလို ပေါ့"
"ဒီလိုကိုး"
"ဘယ်လိုလဲ... မိဖုရား အနေနဲ့ ကျုပ်ရဲ့ အကြံပြုချက်ကို ဘယ်လိုထင်လဲ"
"ရှင်က တောင်ပိုင်းယွဲ့နိုင်ငံ ကို တိုက်ခိုက်ချင်နေတာလား"
သူမက ပွင့်ပွင့်လင်းလင်းပင် မေးလိုက်လေသည်။
"ကျုပ်က ထျန်းနန်မြို့ စောင့်တပ်မှူးကြီးပဲ... နယ်စပ်မှာ စခန်းချထားမှတော့ တောင်ပိုင်းယွဲ့နိုင်ငံ ကို သေချာပေါက် အာရုံစိုက်ရမှာပေါ့... နိုင်ငံကို ဖျက်ဆီးပစ်ဖို့ ဆိုတာကတော့ နောင်တစ်ချိန် ကျုပ်ဆီမှာ အဲ့ဒီလောက် အစွမ်းအစ ရှိမရှိ အပေါ်မှာ မူတည်ပါတယ်... ကျုပ် အခု မိဖုရားနဲ့ အပေးအယူ လုပ်ချင်တာက..."
"အရေးကြီးတဲ့ အချိန်ကျရင် ကျုပ်ကို ကူညီပေးနိုင်ဖို့ တောင်ပိုင်းယွဲ့ က သတင်းအချက်အလက် မျိုးစုံကို အချိန်မရွေး ရယူချင်တာပါ"
ကျန်းချဲ့က လုံးဝ ဖုံးကွယ်ထားခြင်း မရှိဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်လေသည်။
ဂျီဟုန်လျန်၏ မျက်နှာပေါ်တွင် စဉ်းစားခန်း ဝင်နေသော အမူအရာ ပေါ်လာပြီး ကျန်းချဲ့ကို ချက်ချင်း ပြန်လည် မဖြေကြားသေးပေ။ အချိန်အတော်ကြာ စဉ်းစားပြီးနောက်မှသာ ပြောလိုက်လေသည်။
"ကောင်းပြီ... ရှင့် သဘောအတိုင်းပဲ"
ဂျီဟုန်လျန်နှင့် အပေးအယူ ကိစ္စများ ပြီးစီးသွားပြီးနောက် ကျန်ရှိနေသော ကိစ္စများမှာ ဂျီဟုန်လျန် အနေဖြင့် သူ့ကို တောင်ပိုင်းယွဲ့ မြို့တော်မှ ထွက်ခွာနိုင်ရန် နည်းလမ်းရှာပေးရန် သာ ဖြစ်လေသည်။ မူလက ဂျီဟုန်လျန် ကိုယ်တိုင် လိုက်လံ ပို့ဆောင်ပေးမည်ဟု ကျန်းချဲ့ ထင်မှတ်ထားခဲ့လေသည်။
သို့သော် အမှန်တကယ်တော့ ထိုသို့မဟုတ်ခဲ့ချေ။
ဂျီဟုန်လျန်၏ နည်းလမ်းမှာ အရှေ့ကို အသံပေးပြီး အနောက်ကို တိုက်ခိုက်ကာ ချီဖျင်တောက်၏ အာရုံစိုက်မှုကို လွှဲပြောင်းရန် ပင်ဖြစ်သည်။
တာ့ကျိုး တော်ဝင်မိသားစုမှ ဆွေမျိုးတစ်ဦးကို ပူဇော်သက္ကာယ ပြုလုပ်ရန်ဟု အကြောင်းပြချက် ပေးကာ မြို့ပြင်သို့ ခမ်းခမ်းနားနား ထွက်ခွာသွားမည် ဖြစ်သည်။ ဤသို့ဖြင့် တောင်ပိုင်းယွဲ့ဘုရင်၏ သံသယကို နှိုးဆွကာ အာရုံစိုက်မှု အားလုံးကို သူမ၏ အပေါ်သို့ ရောက်ရှိသွားစေမည် ဖြစ်သည်။
ထို့နောက် ယခင်က ကြိုတင် ပြင်ဆင်ထားသော နောက်ဆုံး အစီအမံ အချို့ကို အသုံးပြုကာ နန်းတော်အတွင်း၌ ပြဿနာ အချို့ကို ဖန်တီးမည် ဖြစ်လေသည်။
ထိုအချိန်ကျမှ ကျန်းချဲ့က အခွင့်အရေးကို အသုံးချကာ နန်းတော် အတွင်းမှ ထွက်ခွာသွားရမည် ဖြစ်သည်။ မြို့တော် အတွင်းရှိ အစီအရင် ကန့်သတ်ချက်များ အတွက်တော့ သူမ၏ ကိုယ်ပေါ်တွင် အစီအရင်ကို ကျော်ဖြတ်နိုင်သော တံဆိပ်ပြားများ အသင့်ရှိနေပြီး မည်သူ့၏ အာရုံစိုက်မှုကိုမျှ ရရှိမည် မဟုတ်ချေ။
အသေးစိတ် စဉ်းစား သုံးသပ်ပြီးနောက် ကျန်းချဲ့ လည်း ဤအကြံပြုချက်ကို ခေါင်းညိတ် သဘောတူလိုက်လေသည်။
မည်သို့ပင်ဆိုစေ ယခုအချိန်တွင် သူ့ထံ၌ အခြား ပိုမိုကောင်းမွန်သော နည်းလမ်း မရှိတော့ချေ။
မကြာမီမှာပင်...
နောက်တစ်နေ့ နံနက်စောစောတွင် ဂျီဟုန်လျန်က တောင်ပိုင်းယွဲ့ဘုရင် ထံသို့ သတင်းပို့လိုက်လေသည်။ ယနေ့မှာ သူမ၏ နောင်တော် ကွယ်လွန်သည့် နေ့ဖြစ်သဖြင့် မြို့ပြင်သို့ ထွက်ကာ ပူဇော်သက္ကာယ ပြုလုပ်လိုကြောင်း သတင်းပို့လိုက်ခြင်း ပင်ဖြစ်သည်။ ထို့အပြင် ကြီးကျယ် ခမ်းနားစွာ မပြုလုပ်လိုသောကြောင့် ကြိုတင် အသိမပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားလိုက်လေသည်။
အရှင်မင်းကြီး အနေဖြင့် ခွင့်ပြုပေးပါရန် တောင်းဆိုလိုက်လေသည်။
တစ်ချက် ကြည့်ရုံဖြင့် ပြဿနာ ရှိနေကြောင်း သိသာလှသော ဤတောင်းဆိုချက်ကို တောင်ပိုင်းယွဲ့ဘုရင်က သေချာ စဉ်းစားပြီးနောက် ခွင့်ပြုလိုက်လေသည်။
ဤကဲ့သို့သော အရေးကြီးသည့် အချိန်တွင် မြို့တော် အတွင်း၌ အရေးကြီးဆုံး ကိစ္စ တစ်ခုသာ ရှိလေသည်။ ထိုအရာမှာ ချီရွှယ်မိစ္ဆာသခင်ကို ရှာဖွေ ဖမ်းဆီးပြီး နဂါးကြောကို ပြန်လည် ရယူရန် ပင်ဖြစ်သည်။ အခြား ကိစ္စများ အားလုံးကို နောက်သို့ ဆုတ်ထားရမည် ဖြစ်လေသည်။
သို့သော် မိဖုရားက ဤအချိန်မှ မြို့ပြင်သို့ ထွက်ခွာလိုနေခြင်းက လူတိုင်းကို သံသယ ဝင်စေရန် လုံလောက်လှပေသည်။
တောင်ပိုင်းယွဲ့ဘုရင် ၏ ရည်ရွယ်ချက် ကတော့ ဤအခွင့်အရေးကို အသုံးချကာ ချီရွှယ်မိစ္ဆာသခင်ကို မျှားထုတ်ရန် ပင်ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူတို့က မြို့တော် တစ်ခုလုံးကို ပြာကျမတတ် ရှာဖွေခဲ့ပြီး ဖြစ်သော်လည်း ချီရွှယ်မိစ္ဆာသခင် မှာ ပျောက်ဆုံးသွားသကဲ့သို့ မည်သည့် သတင်းအစအနမျှ မရရှိခဲ့ချေ။ လူအများစုက ချီရွှယ်မိစ္ဆာသခင် ထွက်ပြေးသွားပြီ ဖြစ်ကြောင်းပင် သံသယ ဝင်လာကြလေသည်။
ယခု လုပ်ဆောင်နေမှုများမှာ အလကား သက်သက်သာ ဖြစ်နေသည်ဟု ထင်မှတ်လာကြလေသည်။
ချီဖျင်တောက် တစ်ယောက်တည်းသာ ခေါင်းမာစွာ တွယ်ကပ်နေခြင်း ဖြစ်ပြီး အခြားသူများ အားလုံး စိတ်ဓာတ် ယိမ်းယိုင်နေကြပြီ ဖြစ်လေသည်။
ယခုအချိန်ကတော့ အခွင့်အရေးကောင်း တစ်ခု ပင်ဖြစ်သည်။
သေချာသည်ကတော့ ဤအရာသည် လှည့်စားမှု တစ်ခုမျှသာ ဖြစ်နိုင်ပြီး အမှန်တကယ်တွင် ချီရွှယ်မိစ္ဆာသခင်က အခြား နေရာမှ ထွက်ပြေးမည် ဖြစ်ကာ ကြိုတင် ပြင်ဆင်မှုများလည်း လုပ်ဆောင်ထားပြီး ဖြစ်နိုင်ကြောင်း တောင်ပိုင်းယွဲ့ဘုရင် သိရှိထားလေသည်။ သို့သော် သူ မထင်မှတ်ထားခဲ့သည့် အချက်မှာ...
သူက အလွှာနှစ်ခုလောက် ကြိုတွေးထားချိန်တွင် ကျန်းချဲ့ ကတော့ အလွှာသုံးခု လေးခုလောက် အထိ ကြိုတင် တွေးတောထားပြီး ဖြစ်နေခြင်း ပင်ဖြစ်သည်။
ဂျီဟုန်လျန် အနေဖြင့် ပြဿနာ အချို့ ဖန်တီးမည် ဖြစ်သကဲ့သို့ သူ ကလည်း ပြဿနာ အချို့ ဖန်တီးမည် ပင်ဖြစ်သည်။
နံနက်ပိုင်းတွင် ခွင့်ပြုချက် ရရှိပြီးနောက် မွန်းတည့်ချိန်တွင် ဂျီဟုန်လျန်၏ ရထားလုံးမှာ အသင့် ပြင်ဆင်ပြီးစီးနေပြီ ဖြစ်သည်။ အရှေ့အနောက်တွင် စစ်သည် ဆယ်ဂဏန်းခန့် ခြံရံထားပြီး ဘေးပတ်ဝန်းကျင်တွင် အိမ်စေမိန်းကလေး ဆယ်ယောက်ခန့် လိုက်ပါလာကာ အနောက်ဘက် တံခါးမှနေ၍ ခမ်းခမ်းနားနား ထွက်ခွာသွားလေသည်။
သို့သော် အနောက်ဘက် တံခါးသို့ ရောက်ရှိသည့် အချိန်မှာပင် ချီဖျင်တောက် က ကောင်းကင်ယံမှ ရုတ်တရက် ဆင်းသက်လာပြီး ဖြည်းညင်းစွာ ပေါ်ထွက်လာလေသည်။ မျက်ခုံးကြားရှိ ကန့်လန့်ဖြတ် မျက်လုံးကြီးဖြင့် စစ်သည်များနှင့် အိမ်စေမိန်းကလေး တစ်ယောက်ချင်းစီကို စူးစိုက်ကြည့်နေလေသည်။
မှားယွင်းမှု မရှိကြောင်း အတည်ပြုပြီးနောက် ရထားလုံး အရှေ့သို့ လျှောက်သွားလိုက်လေသည်။
"မိဖုရား က ဒုတိယ ဘိုးဘေးကြီး ကို အရိုအသေ ပေးပါတယ်"
ဂျီဟုန်လျန်က ထိတ်လန့်နေသော အမူအရာကို ဖန်တီးကာ ရထားလုံး လိုက်ကာကို လှန်၍ အပြင်သို့ ထွက်ကာ အရိုအသေ ပေးရန် ပြင်လိုက်လေသည်။
ချီဖျင်တောက် က သူမကို လုံးဝ ဂရုမစိုက်ဘဲ မျက်ခုံးကြားရှိ နတ်အလင်းတန်းဖြင့် ရထားလုံး အတွင်းသို့ တစ်ချက် ဝေ့ကြည့်လိုက်လေသည်။ ပြဿနာ မရှိကြောင်း အတည်ပြုပြီးနောက် မျက်မှောင် အနည်းငယ် ကျုံ့သွားကာ လက်ကာပြလိုက်ပြီး ပြောလိုက်လေသည်။
"ယဉ်ကျေးနေစရာ မလိုပါဘူး... မကြာသေးခင်က နန်းတော်ထဲကို သူခိုးတွေ ဝင်လာလို့ သေချာ သတိထားနေရတာ... သွားလို့ရပါပြီ"
"ကျေးဇူးတင်ပါတယ် ဘိုးဘေးကြီး"
ဂျီဟုန်လျန် က ခေါင်းညိတ်လိုက်ပြီး ရထားလုံး လိုက်ကာကို ပြန်လည် ချထားလိုက်ကာ ယခင်ကဲ့သို့ တည်ငြိမ်သော အမူအရာသို့ ပြန်လည် ရောက်ရှိသွားလေသည်။
သို့သော် ချီဖျင်တောက် ရထားလုံးကို စစ်ဆေးနေသည့် အချိန်မှာပင် ရုတ်တရက် နန်းတော် အတွင်းမှ သတ်ဖြတ် အော်ဟစ်သံများ ထွက်ပေါ်လာသဖြင့် ချီဖျင်တောက် လည်း ချက်ချင်း အံ့အားသင့်သွားပြီး ကောင်းကင်ယံသို့ ပျံတက်သွားလေသည်။
မျက်ခုံးကြားရှိ နတ်အလင်းတန်းဖြင့် အဝေးသို့ လှမ်းကြည့်လိုက်လေသည်။ သို့သော် သူ့ကို စိတ်ပျက်သွားစေသည်မှာ ထိုနေရာတွင် စစ်သည် တစ်စု မည်သည့် ပြဿနာ ဖြစ်သည်မသိ အချင်းချင်း တိုက်ခိုက်နေကြပြီး ပြဿနာ အလွန် ကြီးမားနေပုံ ရလေသည်။
စစ်သည် အများအပြားလည်း ထိုနေရာသို့ အကူအညီ ပေးရန် အလျင်အမြန် သွားရောက်နေကြလေသည်။
ချီဖျင်တောက် သံသယဝင်ကာ တွေးတောနေစဉ်မှာပင် ရုတ်တရက် နန်းတော်၏ တစ်နေရာမှ သွေးရောင် အလင်းတန်းများ ကောင်းကင်ယံသို့ ထိုးတက်လာလေသည်။ ချီဖျင်တောက် ၏ အမြင်တွင် ထို သွေးရောင် အလင်းတန်းများထဲမှ တစ်ခုမှာ မြို့ပြင်သို့ အလွန် မြန်ဆန်သော အရှိန်အဟုန်ဖြင့် ထွက်ပြေးသွားသည်ကို မြင်လိုက်ရလေသည်။
အစီအရင်ကို ဖျက်ဆီးကာ ထွက်ပြေးရန် ကြိုးစားနေပုံ ရလေသည်။
"ဟွန့်... တွေ့ပြီကွ"
ချီဖျင်တောက် ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။ ယနေ့ ဖြစ်ပျက်နေသမျှ ကိစ္စရပ်များ အားလုံးမှာ ချီရွှယ်မိစ္ဆာသခင် နောက်ကွယ်မှ ကြိုးကိုင်နေခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ အခြေအနေကို ဖရိုဖရဲ ဖြစ်အောင် ဖန်တီးကာ ထွက်ပြေးရန် ကြိုးစားခြင်း ဖြစ်ကြောင်း သူ ခန့်မှန်းမိလိုက်လေသည်။
သို့သော် သူ ကိုယ်တိုင် ဖန်တီးထားသော အစီအရင်ကြီး အတွင်းမှ ထွက်ပြေးရန် ဆိုသည်မှာ...
ကန့်သတ်ချက်များကို ချိုးဖျက်နိုင်သည့် နည်းလမ်းများ ရှိနေလျှင်တောင် အလကား ပင်ဖြစ်သည်။
ချက်ချင်းပင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ သွေးရောင် အလင်းတန်း ရှိရာသို့ တိုက်ရိုက် ဦးတည်သွားလေတော့သည်။ တစ်ချိန်တည်းမှာပင် တောင်ပိုင်းယွဲ့ဘုရင် ကို စောင့်ကြပ်နေသော မီးခိုးရောင်ဝတ်ရုံ မဟာသိုင်းသခင် လည်း ထို သွေးရောင် ပုံရိပ်ကို ညှပ်ပိတ် တိုက်ခိုက်ရန် အလျင်အမြန် ထွက်ပေါ်လာလေသည်။
အနောက်ဘက် တံခါး အနီး။
ရိုးရှင်းသော မျက်နှာသွင်ပြင် ရှိသည့် စစ်သည် တစ်ယောက်က ကင်းလှည့် အဖွဲ့၏ အနောက်မှ တိတ်တဆိတ် လိုက်ပါလာပြီး တောင်ပိုင်းယွဲ့ နန်းတော်၏ အစီအရင် အတွင်းမှ ကျော်ဖြတ် ထွက်ခွာလာလေသည်။ ဂျီဟုန်လျန် ပေးထားသော တံဆိပ်ပြား ကြောင့် မည်သည့် အနှောင့်အယှက်မျှ မရှိခဲ့ချေ။
သူ၏ လက်ထဲတွင် နတ်မှော်အဆောင် တစ်ခုကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်ကို မည်သူမျှ သတိမထားမိခဲ့ကြချေ။
ကိုယ်ရောင်ဖျောက် နတ်မှော်အဆောင် ပင်ဖြစ်သည်။
စူးစမ်း ထောက်လှမ်းမှုများကို ရှောင်ကွင်းနိုင်ရန် အတွက် ကျန်းချဲ့ နှင့် ချီရွှယ်မိစ္ဆာသခင် တို့ နှစ်ဦးစလုံး အရှိန်အဝါ များကို ဖုံးကွယ်နိုင်မည့် နည်းလမ်း များကို အသီးသီး အသုံးပြုထားခဲ့ကြပြီး အမှားအယွင်း တစ်စုံတစ်ရာ မရှိစေရန် လုံးဝ သတိထားနေကြခြင်း ပင်ဖြစ်သည်။
အန္တရာယ် အများဆုံး နေရာက အလုံခြုံဆုံး နေရာ ပင်ဖြစ်သည်။
ဂျီဟုန်လျန် ထွက်ခွာသွားပြီးနောက် ချီဖျင်တောက် ၏ စူးစမ်း ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်ခဲ့ပြီး အခြား နေရာများတွင်လည်း ပြဿနာများ ဖြစ်ပေါ်နေသဖြင့် သူ ဤအချိန်တွင် တည်ငြိမ်စွာ ထွက်ခွာသွားမည်ကို မည်သူမျှ ထင်မှတ်ထားမည် မဟုတ်ချေ။
နောက်ဆုံး ထွက်ပေါ်လာသော သွေးရောင် အလင်းတန်း ကတော့ ဂျီဟုန်လျန် ၏ အကူအညီဖြင့် သူ တစ်ညလုံး အချိန်ယူကာ သီးသန့် ပြင်ဆင်ထားခဲ့ခြင်း ပင်ဖြစ်သည်။ ထို သွေးရောင် အလင်းတန်းမှာ အမှန်တကယ်တော့ သူ၏ အမြုတေသွေး ဖြင့် ဖန်တီးထားသော ကိုယ်ပွား တစ်ခုသာ ဖြစ်လေသည်။
တစ်ချက် ထိလိုက်သည်နှင့် ပျက်စီးသွားမည် ပင်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မြို့တော် အတွင်း၌ ရှိနေသော ချီထျန်းဟယ် လည်း နန်းတော် အတွင်းမှ ထူးခြားသော လှုပ်ရှားမှု များကို အာရုံခံမိလိုက်သည့် အချိန်တွင် မိမိကိုယ်ကို ဖုံးကွယ်မထားတော့ဘဲ ချက်ချင်းပင် ဓားချီ များကို စုစည်းကာ စားသောက်ဆိုင် တစ်ခုကို ဖျက်ဆီးပစ်လိုက်ပြီး တောင်ပိုင်းယွဲ့ စစ်သည် တစ်ဖွဲ့ကိုပါ သတ်ဖြတ်ပစ်လိုက်လေသည်။
ချီရွှယ်မိစ္ဆာသခင် နောက်ဆုံးတွင်တော့ သည်းမခံနိုင်တော့ဘဲ လှုပ်ရှားလိုက်ပြီ ဖြစ်ကြောင်း သူ သိလိုက်လေသည်။
ချက်ချင်းပင် သူက အာရုံစိုက်မှု အချို့ကို ဆွဲဆောင်ရန် နှင့် တောင်ပိုင်းယွဲ့ မဟာသိုင်းသခင် တစ်ပါးကို အချိန်ဆွဲထားရန် ပြင်ဆင်လိုက်လေသည်။
ချီရွှယ်မိစ္ဆာသခင် က မိုက်မဲစွာဖြင့် တိုက်ရိုက် ထုတ်ဖော်ပြသမည် မဟုတ်ကြောင်းကို သူ သိထားပြီး ဤသို့ ပြုလုပ်ရခြင်းမှာ သေချာပေါက် ရည်ရွယ်ချက် တစ်ခုခု ရှိနေကြောင်း သိထားလေသည်။ အသေးစိတ်ကို မသိရသော်လည်း ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်းကိုတော့ သူ သေချာပေါက် နားလည်လေသည်။
ထင်သည့်အတိုင်းပင် သူ အစစ်အမှန် ရုပ်ခန္ဓာကို ထုတ်ဖော်ပြသလိုက်ပြီးနောက် အပြင်မြို့တော်ကို စောင့်ကြပ်နေသော တောင်ပိုင်းယွဲ့ မဟာသိုင်းသခင် အလျင်အမြန် ရောက်ရှိလာလေသည်။ သူက ချီထျန်းဟယ် ကို မြင်လိုက်သည်နှင့် တစ်ညက နန်းတော်ကို ဝင်ရောက်မွှေနှောက်ခဲ့သော သူခိုးများထဲမှ တစ်ယောက် ဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားပြီး အလွန် ဒေါသထွက်သွားလေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သူတို့နှစ်ဦး တိုက်ပွဲ စတင် ဖြစ်ပွားလေတော့သည်။
သို့သော် ချီထျန်းဟယ် က တစ်ဖက်လူနှင့် အသေအလဲ တိုက်ခိုက်ရန် စိတ်မဝင်စားချေ။ အဆက်မပြတ် ဆုတ်ခွာ တိုက်ခိုက်ကာ အကွာအဝေးကို အမြဲတမ်း ထိန်းသိမ်းထားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် တောင်ပိုင်းယွဲ့ မြို့တော်မှ လွတ်မြောက်သွားလေတော့သည်။
အတွင်းမြို့တော် နှင့် အပြင်မြို့တော် နှစ်ခုစလုံး တစ်ပြိုင်နက်တည်း ကသောင်းကနင်း ဖြစ်သွားချိန်တွင် ကျန်းချဲ့ လည်း ကင်းလှည့်အဖွဲ့မှ တိတ်တဆိတ် ထွက်ခွာသွားပြီး လူအုပ်ကြားတွင် အမှတ်အသား အမျိုးမျိုးကို အလျင်အမြန် ပြောင်းလဲကာ ထိတ်လန့် တုန်လှုပ်နေသော တောင်ပိုင်းယွဲ့ အရပ်သားများ ကြားတွင် ရောနှောသွားလေသည်။
ထို့နောက် အရှေ့မှနေ၍ အရပ်သားများကို ဖယ်ရှားခိုင်းကာ ထွက်ခွာသွားသော မိဖုရား၏ ရထားလုံးကို မြင်တွေ့လိုက်ရလေသည်။
ရထားလုံး အတွင်း၌ အဖြူရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသော ဂျီဟုန်လျန် ၏ မျက်နှာထားမှာ တည်ငြိမ်မှု မရှိဘဲ မျက်ဝန်းအောက်ခြေတွင် စိုးရိမ်မှု အရိပ်အယောင် အချို့ကိုပင် တွေ့မြင်နိုင်လေသည်။
ဤသည်မှာ အကြောင်းမဲ့ စိုးရိမ်နေခြင်း မဟုတ်ဘဲ အမှန်တကယ် အန္တရာယ် ရှိနေသောကြောင့် ပင်ဖြစ်သည်။
ကြိုတင် ပြင်ဆင်မှုများ အလုံအလောက် ပြုလုပ်ထားသော်လည်း အရာအားလုံး အဆင်ပြေချောမွေ့မည်ဟု မည်သူမျှ အာမမခံနိုင်ချေ။
အကယ်၍ ကျန်းချဲ့သာ ချီဖျင်တောက် ၏ ဖမ်းဆီးခြင်းကို ခံရပြီး သူမ ကို ဖွင့်ချလိုက်မည် ဆိုပါက...
သူမက တာ့ကျိုး တော်ဝင်မိသားစု ၏ သမီးတော် တစ်ပါး ဖြစ်သော်လည်း ဤကဲ့သို့သော ကိစ္စမျိုးကို ပြုလုပ်ခဲ့သဖြင့် မိဖုရား အရိုက်အရာမှ ဖယ်ရှားခံရမည်မှာ အသေအချာပင်။ အပေါ့ပါးဆုံး အပြစ်ပေးမှုမှာ အလယ်ပိုင်းဒေသသို့ ပြန်လည် ပို့ဆောင်ခံရပြီး ဧကရာဇ် ၏ အပြစ်ပေးမှုကို ခံယူရမည် ဖြစ်ကာ ပိုမို ဆိုးရွားသော အခြေအနေများကိုတော့ တွေးကြည့်၍ပင် မရနိုင်ချေ။
ခေတ္တမျှ စဉ်းစားပြီးနောက် ဂျီဟုန်လျန် က ပြတင်းပေါက်တွင် မှီထိုင်ကာ လိုက်ကာကို ဆွဲဖွင့်လိုက်ပြီး အတွင်းမြို့တော် ဘက်သို့ လေးနက်စွာ လှမ်းကြည့်လိုက်လေသည်။ ကျန်းချဲ့ ဤနေရာမှ အောင်မြင်စွာ ထွက်ပြေး လွတ်မြောက်နိုင်ရန် မျှော်လင့်နေမိလေသည်။
ရုတ်တရက် ဂျီဟုန်လျန် က အပြင်လူ တစ်ယောက်၏ အရှိန်အဝါကို အာရုံခံမိလိုက်သဖြင့် သူငယ်အိမ် ကျုံ့ဝင်သွားပြီး ချက်ချင်းပင် တုံ့ပြန်ရန် ပြင်လိုက်လေသည်။ သို့သော် သူမ မလှုပ်ရှားနိုင်မီမှာပင် ရထားလုံး အတွင်း၌ ကျယ်လောင်သော ရိုက်သံ တစ်သံ ထွက်ပေါ်လာလေသည်။
ပြည့်ဖြိုးသော တင်ပါး အလှမှာ ထိုရိုက်ခတ်မှုကြောင့် အကြိမ်အနည်းငယ်မျှ တုန်ခါသွားလေသည်။
နာကျင်မှု အနည်းငယ် လည်း ရင်ထဲသို့ ဝင်ရောက်လာလေသည်။
ဂျီဟုန်လျန် အလျင်အမြန် နောက်လှည့်ကြည့်လိုက်ရာ ကျန်းချဲ့ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသောအခါ ရှက်ရွံ့ ဒေါသထွက်နေသော အမူအရာ ချက်ချင်း ပေါ်လာလေသည်။ တစ်ဖက်လူက သူမကို ရိုက်ရဲရုံသာမက ထိုနေရာကိုပင် အားကုန် ရိုက်ချလိုက်ခြင်း ပင်ဖြစ်သည်။
"ကျန်းချဲ့... ရှင် အရမ်း ရိုင်းစိုင်းလွန်းတယ်"
"နှုတ်ဆက်လိုက်တာပါ... မိဖုရား စိတ်ထဲ မထားပါနဲ့"
ကျန်းချဲ့ က လက်ဝါးကို အနည်းငယ် ပွတ်သပ်လိုက်ပြီး ပြုံးရွှင်စွာ ပြောလိုက်လေသည်။
"ရှင် က တကယ်ကို ထင်တိုင်းကြဲ တာပဲ... ကျွန်မကိုများ ဒီလို စော်ကားရဲတယ်ပေါ့"
ဂျီဟုန်လျန် က ကျန်းချဲ့ ကို ရှက်ရွံ့ ဒေါသတကြီးဖြင့် စူးစိုက်ကြည့်နေလေသည်။
"အဲ့ဒီလောက်ကြီးလည်း ပြောမနေပါနဲ့... အရင်တုန်းက နန်းတော်ထဲမှာ မိဖုရားက ဒီလိုပုံစံမျိုး မဟုတ်ပါဘူး... ကျုပ်ကို ကုတင်ပေါ်တောင် တိုက်ရိုက် ဆွဲတင်တော့မလို ဖြစ်နေခဲ့တာလေ"
ကျန်းချဲ့ က ရယ်မောလိုက်လေသည်။
ဒီတစ်ချက် ရိုက်လိုက်ရတာ တကယ်ကို ကျေနပ်စရာပဲ...
အရင်က မိဖုရား ၏ အိပ်ဆောင် အတွင်း၌ တစ်ဖက်လူ က တင်ပါးကို ထောင်ပြနေသဖြင့် သူ့ကို အလွန် စိတ်လှုပ်ရှားစေခဲ့လေသည်။ ထိုအချိန်ကတည်းက စမ်းသပ်ကြည့်ချင်စိတ် ပေါ်နေခဲ့ရာ ယခုတော့ အမှန်တကယ်ပင် အလွန် စိုပြည် နူးညံ့နေကြောင်း သိလိုက်ရပြီ ဖြစ်လေသည်။
"လွတ်လာပြီ ဆိုမှတော့ မြန်မြန် ထွက်သွားတော့"
ဂျီဟုန်လျန် ၏ မျက်နှာထား အကြိမ်ကြိမ် ပြောင်းလဲသွားပြီး အလွန် ကြည့်ရဆိုးနေလေသည်။ ယခင် အိပ်ဆောင် အတွင်းက အပြုအမူများမှာ သူမ၏ အမည်းစက် တစ်ခု ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူမ က ဤမျှလောက် ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သော်လည်း ကျန်းချဲ့ ၏ စိတ်ဝင်စားမှုကို မရရှိခဲ့သဖြင့်...
တစ်ညလုံး အလွန် စိတ်ပျက်နေခဲ့ရလေသည်။
"ဆက်ဆံရေးကို နည်းနည်း ကောင်းကောင်း လုပ်ထားပါ... နောက်ပိုင်းကျရင် မိဖုရား အနေနဲ့ ကျုပ်ကို အကူအညီ တောင်းရမယ့် အချိန်တွေ ရှိလာနိုင်တယ်... အဲ့ဒီအချိန်ကျရင် နှစ်ချက် ရိုက်ခံရုံနဲ့ ပြီးမှာ မဟုတ်တော့ဘူး... သွားလိုက်ပါဦးမယ်"
ကျန်းချဲ့ က နှုတ်ဆက်လိုက်ပြီးနောက် ပုံရိပ်မှာ လျင်မြန်စွာ ဝေဝါးသွားပြီး ဘေးပတ်ဝန်းကျင်ရှိ ကသောင်းကနင်း ဖြစ်နေမှုများကို အခွင့်အရေးယူကာ တောင်ပိုင်းယွဲ့ အရပ်သားများ ကြားတွင် ရောနှောသွားပြီး မျက်တောင်တစ်ခတ် အတွင်း လုံးဝ ပျောက်ကွယ်သွားလေတော့သည်။
ဂျီဟုန်လျန် တစ်ယောက်တည်းသာ ထိုင်ခုံပေါ်တွင် မျက်နှာထား အကြိမ်ကြိမ် ပြောင်းလဲနေရင်း ကျန်ရစ်ခဲ့လေသည်။ လက်ချောင်းလေးများဖြင့် စောစောက အပြင်းအထန် အရိုက်ခံလိုက်ရသော နေရာကို ဖွဖွလေး ပွတ်သပ်ရင်း မျက်ဝန်းများ လှုပ်ရှားကာ မည်သည့်အရာကို တွေးတောနေသည် မသိချေ။
သို့သော် အချိန်အတော်ကြာပြီးနောက် ရထားလုံး အတွင်း၌ အသံတစ်သံ ထွက်ပေါ်လာလေသည်။
"ဟွန့်... တစ်နေ့နေ့ကျရင် ရှင် ကျွန်မရဲ့ စကတ်အောက်မှာ ဒူးထောက်လာအောင် လုပ်ပြမယ်"
အခြား တစ်ဖက်တွင် ချီဖျင်တောက် လည်း ထို သွေးရောင် ပုံရိပ်ကို လက်ဝါး တစ်ချက်တည်းဖြင့် သတ်ဖြတ်ပြီးနောက် မိမိ အလိမ်ခံလိုက်ရကြောင်း သိရှိသွားပြီး မျက်နှာထား ချက်ချင်း ကြည့်ရဆိုးသွားလေသည်။ အလျင်အမြန်ပင် မြို့တော် အတွင်းမှ ထွက်ခွာကာ ချီရွှယ်မိစ္ဆာသခင် ၏ ခြေရာကို အပြင်မြို့တော်တွင် လိုက်လံ ရှာဖွေလေတော့သည်။
သို့သော် သူ့ကို ဒေါသထွက်စေသည်မှာ လူအုပ်ကြီး ကြားတွင် တစ်ဖက်လူ၏ ခြေရာကို တိတိကျကျ ရှာဖွေ၍ မရနိုင်ခြင်း ပင်ဖြစ်သည်။
ဤနေရာမှ ထွက်ခွာပြီး ရည်ရွယ်ချက် မရှိဘဲ လိုက်လံ ရှာဖွေရန်လည်း မဖြစ်နိုင်ချေ။
ဒေါသတကြီးဖြင့် မျက်နှာထား မည်းမှောင်ကာ နန်းတော် အတွင်းသို့သာ ပြန်လာခဲ့ပြီး တောင်ပိုင်းယွဲ့ဘုရင် နှင့် တန်ပြန် တိုက်ခိုက်မည့် အစီအစဉ်များကို တိုင်ပင် ဆွေးနွေးရလေတော့သည်။
တောင်ပိုင်းယွဲ့ နန်းတော် အတွင်း၌ ချီရွှယ်မိစ္ဆာသခင် ၏ ကိစ္စများကို တိုင်ပင် ဆွေးနွေးနေကြချိန်တွင် ကျန်းချဲ့ လည်း တောင်ပိုင်းယွဲ့ မြို့တော်မှ တိတ်တဆိတ် ထွက်ခွာသွားပြီ ဖြစ်လေသည်။ မြို့တံခါး လေးပေါက်စလုံး ပိတ်ထားသော်လည်း...
မြို့ရိုး က ဤမျှ ကြီးမားနေသဖြင့် သူ တစ်ယောက်တည်း ထွက်ခွာရန်မှာ လုံးဝ ပြဿနာ မရှိချေ။
ယခင် ချိန်းဆိုထားသော နေရာသို့ တိုက်ရိုက် ဦးတည် သွားလေတော့သည်။
ချီထျန်းဟယ် နှင့် သွားရောက် တွေ့ဆုံရန် ပင်ဖြစ်သည်။
ထို့နောက်တွင်တော့ နောက်ဆုံး ယဇ်ပူဇော်စရာ ပစ္စည်းကို သွားရောက် ရှာဖွေရမည် ပင်ဖြစ်သည်။
သူ ရွှေအမြုတေ အဆင့်သို့ တက်လှမ်းရန် အလွန် စိတ်အားထက်သန် နေပြီ ပင်ဖြစ်လေသည်။