← Chapters

အခန်း ၂၉၄

Vol. 30 Ch. 294

အခန်း ၂၉၄

Vol. 30 Ch. 294

အခန်း (၂၉၄) ရှန်ရှန်းအဆင့်ကို ခုတ်ပိုင်းခြင်း... ယင်ယန်ကို လုယူခြင်း

ယန်ယန် စကားပင် မဆုံးလိုက်ရသေးမီမှာပင် သွေးရောင် နဂါးကြီးများက တဝုန်းဝုန်း ပြေးဝင်လာပြီး သူ့ကို မျက်တောင်တစ်ခတ်အတွင်း လွှမ်းမိုး ဝါးမျိုသွားလေသည်။

တစ်ကြိမ်တည်းသော တွေ့ဆုံမှုမှာပင် သိုင်းသခင် တစ်ပါး ကျဆုံးသွားခဲ့ရချေပြီ။

ဤသည်မှာ ကျန်းချဲ့ ၏ ပေါ့ပေါ့ပါးပါး လက်တစ်ချက် ဝှေ့ယမ်းလိုက်သော တိုက်ခိုက်မှုသာ ဖြစ်လေသည်။ ချီရွှယ်မိစ္ဆာသခင် ၏ စွမ်းအားများကို အသုံးချထားသဖြင့် ယခုအခါ ကျန်းချဲ့ ၏ စွမ်းအားမှာ ရှန်ရှန်းအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်ရာ သာမန် သိုင်းသခင် တစ်ပါးကို ရင်ဆိုင်ရန်မှာ လက်ဝါး လှန်လိုက်သကဲ့သို့ လွယ်ကူလွန်းလှပေသည်။

သူသည် တစ်ဖက်လူကို နောက်ထပ် တစ်ချက်ပင် ထပ်မကြည့်တော့ချေ။

အောက်ဘက်ရှိ များပြားလှသော ယင်ယန်ချိုင့်ဝှမ်း မှ တပည့်များသည် သူတို့၏ ချိုင့်ဝှမ်းသခင် နေရာတွင်း၌ပင် ကျဆုံးသွားသည်ကို မြင်တွေ့လိုက်ရသောအခါ ဒေါသထွက်သူများ ရှိသကဲ့သို့ ထိတ်လန့် ကြောက်ရွံ့သွားသူများလည်း ရှိလေသည်။ အချို့သော ဂိုဏ်းကို သံယောဇဉ် ကြီးမားသူများကတော့ လုံးဝ တွေဝေခြင်း မရှိဘဲ အပေါ်သို့ ပြေးတက်ကာ ဝင်ရောက် တိုက်ခိုက်ကြလေသည်။

သို့သော် လူအများစု ကတော့ အရပ်လေးမျက်နှာသို့ ချက်ချင်း ထွက်ပြေး လွတ်မြောက်ရန်သာ ကြိုးစားကြလေသည်။

အသေခံ တိုက်ခိုက်ရမည်တဲ့လား... နောက်နေတာလား။

ရွှမ်တန်အဆင့် ရှိသော ဂိုဏ်းချုပ် ပင်လျှင် သေဆုံးသွားခဲ့ပြီ ဖြစ်ကာ တောင်စောင့် အစီအရင် ကြီးလည်း ပြိုကျပျက်စီး သွားခဲ့ပြီ ဖြစ်သည်။ တစ်ဖက်လူကို ကြည့်လိုက်ရုံဖြင့် ရန်ငြိုး လာရှင်းခြင်း ဖြစ်ကြောင်း သိသာ ထင်ရှားလှရာ သူတို့၏ ဤမျှလောက် သေးမွှားသော စွမ်းအားလေးများဖြင့် ဝင်တိုက်လျှင်လည်း သေလမ်းရှာနေခြင်း သက်သက်သာ ဖြစ်ပေလိမ့်မည်။ အသေချာဆုံးသော နည်းလမ်းမှာ သဘာဝကျကျပင် ထွက်ပြေးခြင်း သာ ဖြစ်လေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ယင်ယန်ချိုင့်ဝှမ်း တစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားလေတော့သည်။

ဤကိစ္စကို ကျန်းချဲ့ အနည်းငယ်မျှ ဂရုမစိုက်ချေ။ သို့သော် သူ ဂရုမစိုက်သော်လည်း သူ၏ နည်းလမ်းများက ဆက်လက် အလုပ်လုပ် နေဆဲ ပင်ဖြစ်သည်။ သွေးပင်လယ် အမြင်အာရုံကို ဖွင့်လှစ်လိုက်ပြီး ချီရွှယ်မိစ္ဆာသခင် ၏ စွမ်းအားများ ထောက်ပံ့မှု အောက်တွင် ယင်ယန်ချိုင့်ဝှမ်း တစ်ခုလုံးကို တိုက်ရိုက် လွှမ်းခြုံထားလိုက်လေသည်။

သွေးရောင် နဂါးကြီးများ အဆက်မပြတ် စုစည်း ထွက်ပေါ်လာပြီး တိုက်ခိုက်မှု တစ်ကြိမ်စီတိုင်းတွင် ကြီးမား လေးလံလှသော အင်အားများ ပါဝင်နေလေသည်။ ဤကဲ့သို့သော နည်းလမ်းများကို တောင့်ခံနိုင်စွမ်း ရှိသူမှာ လက်ချိုး ရေတွက်၍ ရလောက်အောင်ပင် နည်းပါးလှပေသည်။

အချို့သော သူများသည် တိုက်ခိုက်မှု တစ်ကြိမ်ကို တောင့်ခံနိုင်လျှင်ပင် နောက်ထပ် ရေစီးကြောင်းအလား အဆက်မပြတ် ဝင်ရောက်လာမည့် တိုက်ခိုက်မှု များကိုတော့ လုံးဝ တောင့်ခံနိုင်မည် မဟုတ်ချေ။ ယင်ယန်ချိုင့်ဝှမ်း တစ်ခုလုံးတွင် အော်ဟစ် အသနားခံသံများ ပြည့်နှက်နေလေတော့သည်။

ငရဲပြည် တစ်ခုအလား ပင်တကား။

ဤ ငရဲပြည်ကို ကိုယ်တိုင် ဖန်တီးခဲ့သူ ကျန်းချဲ့ ၏ မျက်ဝန်းများ ထဲတွင်တော့ သနားညှာတာမှု အရိပ်အယောင် အနည်းငယ်မျှပင် မရှိခဲ့ချေ။ သူသည် ယင်ယန်ချိုင့်ဝှမ်း နှင့် မည်သည့် ရန်ငြိုးမျှ မရှိခဲ့သော်လည်း... တစ်ဖက်လူ ထံတွင် ယင်ယန် မိစ္ဆာမီးတောက် ရှိနေခြင်း ကပင် ပြဿနာ ဖြစ်လေသည်။

မိစ္ဆာ ဟူသော စကားလုံး တစ်လုံးတည်း နှင့်ပင် ယင်ယန်အဘိုးအို ၏ ယခင် လုပ်ရပ်များကို ပေါ်လွင် ထင်ရှားစေရန် လုံလောက်လှပေသည်။ ယခုအချိန်တွင်တော့ ဝဋ်လည်ခြင်း သက်သက်သာ ဖြစ်ချေတော့သည်။

ရုတ်တရက် ယင်ယန်အဘိုးအို ၏ ခြေရာကို ရှာဖွေရန် ပြင်နေသော ကျန်းချဲ့ ၏ အကြည့်များ လှုပ်ရှားသွားပြီး ယင်ယန်ချိုင့်ဝှမ်း ၏ နေရာတစ်ခုဆီသို့ လှမ်းကြည့်လိုက်လေသည်။ သူ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ထိုနေရာတွင် အသစ်တဖန် မွေးဖွားလာမည့် အရှိန်အဝါ တစ်ခု ဖြစ်တည်နေကြောင်း သူ အာရုံခံမိလိုက်လေသည်။ ထို လှုပ်ရှားမှုကြီးမှာ အလွန် ကြီးမားလွန်းလှသဖြင့် ပတ်လည် ပေရာပေါင်းများစွာ အတွင်းရှိ ကောင်းကင်နှင့်မြေကြီး ယွမ်ချီစွမ်းအင်များကိုပင် ဆွဲဆောင် လှုပ်ခတ်နေစေလေသည်။

"ဒီအဘိုးကြီး တကယ်ပဲ ရှန်ရှန်းအဆင့်ကို တက်လှမ်းဖို့ အခွင့်အရေး ရသွားလိမ့်မယ်လို့ ထင်မထားမိဘူး... ဒါပေမဲ့... ဒီလိုဖြစ်တာ ပိုတောင် ကောင်းသေးတယ်... အသစ်စက်စက် မွေးဖွားလာတဲ့ မူလဝိညာဉ် တစ်ခုဆိုရင် ဒီအိုကြီး ရဲ့ အစာအိမ်ကို ဖြည့်တင်းဖို့ အတော်ပဲ..."

နားဘေးတွင် ချီရွှယ်မိစ္ဆာသခင် ၏ ထူးဆန်းသော ရယ်မောသံကြီး ထွက်ပေါ်လာပြီး လူဆိုး မိစ္ဆာ တစ်ကောင် နှင့် အနည်းငယ်မျှပင် မကွာခြားလှချေ။ ထိုအသံကို ကြားရသော ကျန်းချဲ့ ပင်လျှင် အနည်းငယ် အံ့အားသင့် သွားမိလေသည်။

သို့သော် ချက်ချင်းပင် သူ၏ အတွေးများကို ပြန်လည် ပြင်ဆင်လိုက်လေသည်။ သူ၏ လက်ရှိ လုပ်ရပ် များကရော... လူဆိုး မိစ္ဆာ တစ်ကောင်၏ လုပ်ရပ်များ မဟုတ်နေဘူးလား။

ယင်ယန်ချိုင့်ဝှမ်း... တားမြစ်နယ်မြေ အတွင်း၌...

အဖြူနှင့် အနက် ရောင်စုံ ဝတ်ရုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု တင်ပျဉ်ခွေ ထိုင်နေလေသည်။ သူ၏ မျက်နှာမှာ သွေးဆုတ် ဖြူရော်နေပြီး ခန္ဓာကိုယ်မှာလည်း ခြောက်ကပ်နေလေသည်။ ရှည်လျားသော ဆံပင်များမှာလည်း အလွန်အမင်း ခြောက်သွေ့ ဝါကြင်နေပြီး ခန္ဓာကိုယ် ပေါ်မှ မနှစ်မြို့ဖွယ် အနံ့အသက် တစ်ခုကိုပင် ထုတ်လွှတ်နေလေသည်။ သက်တမ်း ကုန်ဆုံးတော့မည့် အခြေအနေ ဖြစ်ကြောင်း အလွန် ထင်ရှားလှပေသည်။

ထိုသူမှာ ကျန်းချဲ့ ၏ ဤခရီးစဉ် အတွက် ပစ်မှတ် ဖြစ်သော ယင်ယန်အဘိုးအို ပင်ဖြစ်လေသည်။

တံခါးပိတ် ကျင့်ကြံ နေခဲ့သည်မှာ ဆယ်နှစ်နီးပါးခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အစပိုင်းတွင် ရည်မှန်းချက် ကြီးမားစွာဖြင့် စတင်ခဲ့သော်လည်း အဆက်မပြတ် အဆင့်တက်လှမ်းမှု ကျရှုံးခဲ့ရသဖြင့် မျှော်လင့်ချက် ကင်းမဲ့ခြင်း များသာ ကျန်ရစ်ခဲ့လေသည်။ သူ၏ သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သောကြောင့်သာ ဤ လျှို့ဝှက်ခန်း အတွင်းမှ ထွက်မသွားဘဲ ဆက်လက် နေထိုင်နေခဲ့ခြင်း ပင်ဖြစ်သည်။

သူသည် ယင်ယန်ချိုင့်ဝှမ်း ကို တည်ထောင်ခဲ့သူ ဖြစ်ပြီး ယင်ယန်ချိုင့်ဝှမ်း ၏ အကြီးမားဆုံးသော နောက်ခံ အားထားရာ လည်း ဖြစ်လေသည်။ အကယ်၍ သူသာ သေဆုံးသွားပါက ယခင်က သူ ကျူးလွန်ခဲ့သော သတ်ဖြတ်ခြင်း အပြစ်များ အားလုံးက ချက်ချင်းပင် လှိုင်းလုံးကြီးများအလား ဝင်ရောက် ရိုက်ခတ်လာမည်ကို သူ ကောင်းစွာ သိရှိထားလေသည်။

ထို့ကြောင့် သူ ကျရှုံး၍ မဖြစ်ချေ။ အကယ်၍ ကျရှုံးခဲ့လျှင်တောင် သတင်း အစအန အနည်းငယ်မျှပင် အပြင်သို့ ပေါက်ကြားသွား၍ မဖြစ်ချေ။

ဤသို့ ပြုလုပ်ခြင်းဖြင့် တပည့်ဖြစ်သူ ယန်ယန် အတွက် အချိန်ဆွဲပေးနိုင်မည် ဖြစ်ပြီး သူ၏ ခန္ဓာကိုယ် အတွင်းရှိ ယင်ယန် ဝိညာဉ်မီးတောက် ကို ခွဲထုတ်ကာ ယင်ယန်ချိုင့်ဝှမ်း ၏ အကြီးမားဆုံးသော လျှို့ဝှက် လက်နက် အဖြစ် ချန်ထားရစ်ခဲ့ရန် ပင်ဖြစ်သည်။

သူ ထိုသို့ တွေးတောခဲ့သလို ထိုအတိုင်းလည်း လုပ်ဆောင်ခဲ့လေသည်။

သူ၏ ခန္ဓာကိုယ် အတွင်းမှ ယင်ယန် ဝိညာဉ်မီးတောက် ကို ခွဲထုတ်လိုက်ပြီးနောက် သူ သေချာပေါက် သေဆုံးရတော့မည်ဟု ထင်မှတ်ကာ ကြိုတင် ပြင်ဆင်မှုများပင် ပြုလုပ်ထားခဲ့ပြီး ဖြစ်သည်။ သို့သော် စောစောက အပြင်ဘက်မှ လှုပ်ရှားမှုကြီးများကြောင့် ရုတ်တရက် အလွန် သိမ်မွေ့သော မျှခြေ တစ်ခုကို ရရှိသွားခဲ့လေသည်။

သေဆုံးခြင်းမှ အသက်ရှင်ခြင်းသို့... ယင်ယန် ဝိညာဉ်မီးတောက် ကို ခွဲထုတ်လိုက်ခြင်းကြောင့် သူ မသေဆုံးသွားရုံသာမက ကံဆိုးရာမှ ကံကောင်းခြင်းများ ရရှိသွားခဲ့လေသည်။ ယင်ယန် ဝိညာဉ်မီးတောက် ကို ခန္ဓာကိုယ် အတွင်းမှ ခွဲထုတ်လိုက်သည့် အခိုက်အတန့်တွင် ထို မီးတောက်များက သူ၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းစေပြီး တစ်ဆင့်ခံ အနေဖြင့် သူ၏ ခန္ဓာကိုယ် အတွင်းရှိ ရွှေအမြုတေ ပေါ်သို့ ကူးစက် လောင်ကျွမ်းသွားခဲ့လေသည်။

ယခုအချိန်ကတော့ သူ၏ အမြုတေကို ခွဲကာ မူလဝိညာဉ် အဖြစ် ပြောင်းလဲမည့် အခိုက်အတန့် ပင်ဖြစ်လေသည်။ ယခုအခါတွင် အပြင်ဘက်ရှိ အရာများကို သူ လုံးဝ ဂရုမစိုက်နိုင်တော့ဘဲ သူ၏ စိတ်အာရုံ အားလုံးကို အဆင့်တက်လှမ်းခြင်း အပေါ်တွင်သာ အပြည့်အဝ ပုံချထားလိုက်လေသည်။ ယခင်က အဆင့်များစွာကို သူ အောင်မြင်စွာ ကျော်ဖြတ်ခဲ့ပြီးပြီ ဖြစ်ရာ ယခု နောက်ဆုံး ခြေတစ်လှမ်းသာ လိုအပ်တော့လေသည်။

ဤအဆင့်ကို ကျော်ဖြတ်နိုင်ပါက သူ၏ သက်တမ်း ပြန်လည် တိုးလာမည် ဖြစ်ပြီး ရှန်ရှန်းအဆင့် သို့ တက်လှမ်းနိုင်မည် ပင်တကား။

အဖြူနှင့် အနက် ရောစပ်နေသော မီးတောက်များက သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံထားလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သော ခံစားချက် တစ်ခု က လျှို့ဝှက်ခန်း တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။ အပြစ်အနာအဆာ ကင်းမဲ့သော ရွှေအမြုတေ ပေါ်တွင် အက်ကွဲကြောင်းများ စတင် ပေါ်ထွက်လာလေသည်။

အပြင်ဘက်တွင်လည်း ဧရာမ ယွမ်ချီ စွမ်းအင် လေပွေကတော့ကြီး တစ်ခု စတင် ဖန်တီး ဖြစ်တည်လာလေသည်။ ကြီးမားလှသော ကောင်းကင်နှင့်မြေကြီး ယွမ်ချီ စွမ်းအင်များက အသန့်စင်ဆုံးသော စွမ်းအားများ အဖြစ် ပြောင်းလဲကာ ယင်ယန်အဘိုးအို ထံသို့ အဆက်မပြတ် စီးဆင်း ဝင်ရောက်သွားလေသည်။

ကျန်းချဲ့ ကတော့ လေပွေကတော့ကြီး ၏ အပြင်ဘက်တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေပြီး ယွမ်ချီ စွမ်းအင်များ၏ ပြောင်းလဲမှုများကို လေးနက်စွာ စောင့်ကြည့် အကဲခတ် နေလေသည်။

မူလက သူ၏ အကြံအစည်မှာ တစ်ဖက်လူ အားနည်းနေချိန်တွင် အသေသတ်ရန် ပင်ဖြစ်သည်။ ယွမ်ချီ စွမ်းအင် လေပွေကတော့ကြီး ကို ရိုက်ခွဲပစ်လိုက်ရုံဖြင့် ယင်ယန်အဘိုးအို ၏ အဆင့်တက်လှမ်းခြင်းကို ကြီးမားသော အနှောင့်အယှက် ဖြစ်စေမည် ဖြစ်ပြီး ယင်ယန် ဝိညာဉ်မီးတောက် ကို သွေးထွက်သံယို မရှိဘဲ ရယူနိုင်ရန်ပင် အခွင့်အရေး ရှိလေသည်။

သို့သော် ချီရွှယ်မိစ္ဆာသခင် က သူ့ကို ဝင်ရောက် တားဆီးခဲ့လေသည်။ ဝင်ရောက် မနှောင့်ယှက်ရန်နှင့် ယင်ယန်အဘိုးအို ၏ မူလဝိညာဉ် တည်ဆောက်ခြင်းကို အောင်မြင်ခွင့် ပြုရန် ပြောဆိုခဲ့လေသည်။ ထို့အပြင် ရှန်ရှန်းအဆင့်သို့ တက်လှမ်းသည့် လုပ်ငန်းစဉ်ကို စောင့်ကြည့် လေ့လာခိုင်းကာ နောင်တစ်ချိန် အတွက် အခြေခံ အုတ်မြစ် ချပေးခြင်းက သူ့အတွက် အကျိုးရှိမည်ဟု ဆိုလေသည်။

"သူ့ကို ရှန်ရှန်းအဆင့် တက်လှမ်းခွင့် ပေးလိုက်တာ တကယ်ပဲ ဘာပြဿနာမှ မရှိနိုင်ဘူးလား..."

ကျန်းချဲ့ က တစ်နေ့တခြား ပိုမို ကြီးမားလာသော အခြေအနေ များကို ကြည့်ရင်း မနေနိုင်တော့ဘဲ မေးလိုက်လေသည်။

သူ က မြောင်းထဲမှာ လှေမှောက်မခံချင်ချေ။ မည်သို့ပင်ဆိုစေ ယခုအခါ သူက လုံးဝ လူဆိုး မိစ္ဆာ တစ်ကောင်၏ ပုံစံ ပေါက်နေသည် မဟုတ်ပါလော။ လူတိုင်း သိထားသည့် အတိုင်းပင် လူဆိုးများက စကားများလွန်း၍ သေရခြင်း ပင်ဖြစ်သည်။

လက်ဆင်း၍ ရလျက်နှင့် မလှုပ်ရှားဘဲ တစ်ဖက်လူကို အခွင့်အရေး ပေးထားပြီး နောက်ဆုံးတွင် ပြန်လည် အသတ်ခံလိုက်ရပါက ဘယ်လို လုပ်မည်နည်း။

သေချာသည်ကတော့ သူ့ထံတွင် နတ်မှော်အဆောင် ကိုယ်ပွား တစ်ခု ရှိနေသေးပြီး ချီရွှယ်မိစ္ဆာသခင် ပါ ရှိနေသေးရာ... အခုမှ ရှန်ရှန်းအဆင့်သို့ ခြေချခါစ မဟာသိုင်းသခင် တစ်ပါးကို ရင်ဆိုင်ရန်မှာ ပြဿနာ မရှိလှပေ။ သို့သော် အရေးကြီးဆုံးမှာ ထိုအရာက သူ၏ နောက်ဆုံး အစီအမံ ဖြစ်နေခြင်း ပင်ဖြစ်သည်။ ကျန်းချဲ့ လုံးဝ အသုံးမပြုလိုချေ။ ဤနေရာတွင် အသုံးပြုလိုက်ရခြင်းက အလကား ဖြုန်းတီးပစ်ရာ ကျမည် ပင်ဖြစ်သည်။

"ဘာလဲ... မင်း က ဒီအိုကြီး ကို မယုံဘူးလား..."

ချီရွှယ်မိစ္ဆာသခင် က နှာခေါင်းရှုံ့လိုက်ပြီး ကျန်းချဲ့ က သူ့ကို အထင်သေးနေသည်ဟု ခံစားလိုက်ရကာ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားလေသည်။

"မယုံတာ မဟုတ်ပါဘူး... မလိုအပ်ဘူးလို့ ထင်လို့ပါ... ယွမ်ချီ စွမ်းအင်တွေ စုစည်း ပြောင်းလဲသွားတာကို ထိုင်ကြည့်နေရုံ သက်သက်က ကျုပ် အတွက် အရမ်းကြီး အထောက်အကူ ဖြစ်စေမှာ မဟုတ်ဘူး... တကယ်လို့ အခု ချက်ချင်း လှုပ်ရှားလိုက်ရင်... ဒီလူကို ပိုပြီး လွယ်လွယ်ကူကူ ရှင်းလင်းပစ်လို့ ရနိုင်တယ်..."

"အခုတော့ နောက်ကျသွားပြီ... မင်း က ယွမ်ချီ လေပွေကတော့ကြီး ကို ရိုက်ခွဲပစ်လိုက်ရင်တောင် အလွန်ဆုံး ဒီလူရဲ့ မူလဝိညာဉ် ကို မပြည့်မစုံ ဖြစ်သွားစေရုံလောက်ပဲ တတ်နိုင်မယ်... ဒါကလွဲရင် အခြေအနေ တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်မှာ မဟုတ်ဘူး... အခု သူက နောက်ဆုံး အဆင့်ကို ရောက်နေပြီ..."

"စီနီယာ ရဲ့ ရည်ရွယ်ချက်က အတိအကျ ဘာလဲဆိုတာကိုပဲ တိုက်ရိုက် ပြောပါတော့..."

ချီရွှယ်မိစ္ဆာသခင် ၏ စရိုက် အရ ရုတ်တရက် ရပ်တန့်သွားခြင်းမှာ သေချာပေါက် ရည်ရွယ်ချက် တစ်ခုခု ရှိနေကြောင်း ကျန်းချဲ့ ကောင်းစွာ သိရှိထားလေသည်။

"ဟီးဟီး... ဒီအိုကြီး ဆီမှာ ဘာအကြံအစည်ဆိုး တွေ ရှိနေလို့လဲ... ဒီလူရဲ့ မူလဝိညာဉ်ကို သန့်စင်ချင်ရုံ သက်သက်ပါ... ဒါက ကောင်းကင် က ပေးတဲ့ အခွင့်အရေးပဲ... ပြီးတော့ ယင်ယန် မိစ္ဆာမီးတောက် ကို ဒီလူက နှစ်ပေါင်း တစ်ရာကျော် ပြုစုပျိုးထောင် ခဲ့တာ... တကယ်လို့ ရှန်ရှန်းအဆင့် ကို အတူတူ တက်လှမ်း နိုင်သွားမယ် ဆိုရင် အရမ်း ကြီးမားတဲ့ တိုးတက်မှုကို ရရှိလိမ့်မယ်... မင်းသာ အဲ့ဒါကို ရသွားရင် စွမ်းအားတွေက လုံးဝ သာမန် ဖြစ်နေမှာ မဟုတ်ဘူး... အခုသာ ဝင်တားလိုက်ရင် မင်းရဲ့ ဆုံးရှုံးမှုက ပိုကြီးသွားလိမ့်မယ်... မတော်တဆ ဖြစ်လာမလား ဆိုတာကတော့... ဟွန့်... ဒီအိုကြီး ရှိနေမှတော့ ဘာမတော်တဆ မှ ဖြစ်မလာစေရဘူး..."

ချီရွှယ်မိစ္ဆာသခင် ၏ လေသံထဲတွင် မောက်မာ ဝင့်ကြွားမှုများ အပြည့်အဝ ပါဝင်နေလေသည်။

အောက်ဘက်တွင် ရေမတွက်နိုင်သော ယင်ယန်ချိုင့်ဝှမ်း မှ တပည့်များနှင့် အကြီးအကဲများ အဆက်မပြတ် လဲကျ သေဆုံးနေကြသော်လည်း သူတို့၏ ရင်ထဲတွင် မျှော်လင့်ချက် တစ်ခု ပေါ်ထွက်နေလေပြီ။ ဘိုးဘေးကြီး ထွက်ပေါ်လာပြီး ပြိုကျတော့မည့် အခြေအနေကြီးကို ကယ်တင်ပေးရန် အဆက်မပြတ် ဆုတောင်းနေကြလေသည်။ သူတို့ကို ဒုက္ခတွင်းမှ ကယ်တင်ပေးရန် ပင်ဖြစ်သည်။

သို့သော် သူတို့ကို စိတ်ပျက် မျှော်လင့်ချက်မဲ့ သွားစေသည်မှာ... သူတို့ အကုန်လုံး လဲကျ သေဆုံးသွားသည့်တိုင် ဘိုးဘေးကြီး မှာ ထွက်ပေါ်လာခြင်း မရှိခဲ့ချေ။

နောက်ဆုံး ကျန်ရစ်သော ရွှမ်တန်အဆင့် အကြီးအကဲ တစ်ယောက်သည် ယွမ်ချီ စွမ်းအင်များ စုစည်းနေသော နေရာကို မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် လှမ်းကြည့်လိုက်ပြီး နောက်ဆုံး အနေဖြင့် 'ဘိုးဘေးကြီး ကယ်ပါဦး' ဟု အော်ဟစ်လိုက်လေသည်။ ထို့နောက် သွေးရောင် နဂါးကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရလေတော့သည်။

ဂူ အတွင်း၌... ယင်ယန်အဘိုးအို နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ထားသော ရွှေအမြုတေ မှာ 'ဘုန်း' ကနဲ မြည်သံနှင့်အတူ အပြီးတိုင် ပေါက်ကွဲထွက်သွားလေသည်။ လက်တစ်ဆစ်ခန့် အရွယ်အစားရှိသော မူလဝိညာဉ် တစ်ခု လေဟာနယ် အတွင်း၌ ပုံပေါ်လာပြီး သူ၏ ရုပ်သွင်မှာ ယင်ယန်အဘိုးအို နှင့် ခုနစ်ဆယ် ရာခိုင်နှုန်းခန့် တူညီနေလေသည်။

ပါးစပ်ကို ဟကာ တစ်ချက် ရှူသွင်းလိုက်ရာ ရွှေအမြုတေ အပိုင်းအစများ အားလုံးကို သူ၏ ဗိုက်ထဲသို့ အကုန်လုံး မျိုချပစ်လိုက်လေသည်။ ကျေနပ်ရောင့်ရဲ နေသော အမူအရာများ ပေါ်လွင်လာလေသည်။

နောက်တစ်စက္ကန့်တွင် မူလဝိညာဉ် သည် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ယင်ယန်အဘိုးအို ၏ မျက်ခုံးကြားရှိ ဝိညာဉ်စင်မြင့် အတွင်းသို့ ဝင်ရောက်သွားလေသည်။ ထို့နောက် ဒြပ်စင်ငါးပါး ၏ စွမ်းအားများက တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားလေတော့သည်။

ယင်ယန်အဘိုးအို ၏ ခြောက်သွေ့နေသော ဆံပင်ရှည်များက လျင်မြန်စွာ မည်းနက်သွားပြီး တွန့်တွန့်လိပ်လိပ် ဖြစ်နေသော အရေပြားများ လည်း တဖြည်းဖြည်း ပြန်လည် တင်းရင်းလာလေသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် လူတစ်ယောက် လုံးဝ ပြောင်းလဲသွားသကဲ့သို့ ပင်ဖြစ်သည်။ လူငယ်ဘဝသို့ ပြန်မရောက်သွားသော်လည်း... သက်လတ်ပိုင်း အရွယ်သို့တော့ ပြန်လည် ရောက်ရှိသွားခဲ့လေပြီ။

မျက်လုံးများကို ဖွင့်လိုက်ရာ ယင်ယန်အဘိုးအို ၏ မျက်ဝန်း နှစ်ဖက်စလုံး အတွင်း၌ အလင်းတန်းများ တောက်ပသွားလေသည်။ မျက်လုံး တစ်ဖက်က အဖြူရောင် အလင်းတန်းများ ထုတ်လွှတ်နေပြီး သူငယ်အိမ်ကိုပင် မမြင်ရချေ။ အခြား မျက်လုံး တစ်ဖက် ကတော့ မှင်ရည်အလား မည်းနက် မှောင်မိုက်နေလေသည်။ ဘေးပတ်ဝန်းကျင်တွင် လွင့်စင်နေသော ယင်ယန် မိစ္ဆာမီးတောက် များက ဇာစ်မြစ်ကို ရှာတွေ့သွားသကဲ့သို့ အဖြူနှင့် အနက် ရှင်းလင်း ပြတ်သားစွာဖြင့် ယင်ယန်အဘိုးအို ၏ မျက်ဝန်း နှစ်ဖက် အတွင်းသို့ အလုအယက် ဝင်ရောက်သွားကြလေတော့သည်။

လျှို့ဝှက် နတ်စွမ်းရည်... ယင်ယန် မိစ္ဆာမျက်လုံး... မျက်လုံး ဖွင့်လိုက်သည်နှင့် လူသတ်နိုင်ပြီး မိစ္ဆာမီးတောက် များက ကောင်းကင် တစ်ခွင်လုံးကို ဖုံးလွှမ်းသွားမည် ပင်တကား။

ဝိညာဉ်စင်မြင့် အတွင်းရှိ မူလဝိညာဉ် ကို ခံစားလိုက်ရပြီးနောက် ယင်ယန်အဘိုးအို သည် ယခုအခါ ရည်မှန်းချက် ကြီးမားစွာဖြင့် ကောင်းကင်သို့ မော့ကာ အော်ဟစ်လိုက်လေသည်။ အသံလှိုင်းများက ပေထောင်ချီ အထိ ပျံ့နှံ့သွားပြီး ကောင်းကင်ကို တုန်လှုပ်စေကာ လေဟာနယ် အတွင်း စုစည်းနေသော ယွမ်ချီ လေပွေကတော့ကြီး ကိုပင် တိုက်ရိုက် ရိုက်ခွဲပစ်လိုက်လေသည်။

ယခုအချိန်တွင် သူ၏ ရင်ထဲ၌ ဝမ်းသာ ပျော်ရွှင်မှုများ အပြည့်အဝ ပြည့်နှက်နေလေပြီ။ ရှန်ရှန်းအဆင့် သို့ တက်လှမ်း နိုင်ခဲ့ပြီ ဖြစ်ရာ သက်တမ်း များလည်း ထပ်မံ တိုးပွားလာခဲ့လေပြီ။ အသက် သုံးရာ ကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ရာ ဤအချိန်မှစ၍ ကောင်းကင်နှင့်မြေကြီး အကြား လွတ်လပ်စွာ သွားလာ နေထိုင်နိုင်ပြီ ပင်ဖြစ်သည်။ ပိုင်ယွဲ့ နိုင်ငံများ အတွင်း၌ အသစ်စက်စက် မဟာသိုင်းသခင် တစ်ပါး အဖြစ်သို့ ရောက်ရှိသွားခဲ့ပြီ ပင်ဖြစ်သည်။

သူ၏ နတ်စွမ်းရည် များဖြင့် ဆိုလျှင် သေချာပေါက် ပိုမို ကြီးမားသော နာမည် တစ်ခုကို တည်ဆောက်နိုင်မည် ပင်ဖြစ်သည်။ အပြင်ဘက်ရှိ ရန်သူများ အတွက်တော့ သူ လုံးဝ ဂရုမစိုက်တော့ချေ။ ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ပါး၏ အရှေ့တွင် ရန်သူ အားလုံးက ပျက်စီးသွားရမည် သာ ဖြစ်လေသည်။

ထို့နောက် ယင်ယန်အဘိုးအို မတ်တပ် ထရပ်လိုက်ပြီး ခြေတစ်လှမ်း လှမ်းကာ ချက်ချင်း ကောင်းကင်သို့ ပျံတက်သွားလေသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ဂူ အတွင်းမှနေ၍ ယင်ယန်ချိုင့်ဝှမ်း ၏ ကောင်းကင်ယံ သို့ ရောက်ရှိသွားပြီး ရန်သူကို မြင်တွေ့လိုက်ရလေသည်။

အလွန် စိမ်းသက်သော လူငယ် တစ်ယောက် ဖြစ်ပြီး ကိုယ်ပေါ်ရှိ အရှိန်အဝါ များမှာလည်း ရှန်ရှန်းအဆင့် သို့ ရောက်ရှိနေလေသည်။

အကြည့်များကို ဘေးပတ်ဝန်းကျင်သို့ ထပ်မံ ဝေ့ကြည့်လိုက်ရာ မျက်စိ တစ်ဆုံး မြင်တွေ့ရသည်မှာ ပြိုကျ ပျက်စီးနေမှုများ သာ ဖြစ်လေသည်။ ယခင်က အလွန် ကြီးကျယ် ခမ်းနားခဲ့သော ယင်ယန်ချိုင့်ဝှမ်း မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး တပည့်များ အားလုံး ယနေ့ ဤနေရာတွင် အသတ်ခံ လိုက်ရပြီ ဖြစ်လေသည်။

သို့သော် ယင်ယန်အဘိုးအို က ဤကိစ္စအတွက် အများကြီး ဝမ်းနည်း ပူဆွေးခြင်း မရှိချေ။ သူ အသက်ရှင် နေသေးသရွေ့ ယင်ယန်ချိုင့်ဝှမ်း ကို ပြန်လည် တည်ဆောက် နိုင်ပြီး ယခင်ကထက် ပိုမို မြင့်မားသော အဆင့်သို့ပင် ရောက်ရှိအောင် လုပ်ဆောင်နိုင်မည် ပင်ဖြစ်သည်။

"မင်းက ဘယ်သူလဲ... ငါ့ရဲ့ တပည့်တွေကို ဘာလို့ ရက်ရက်စက်စက် သတ်ဖြတ်ရတာလဲ... ဒီနေ့ မင်းဆီကနေ ကျေနပ်လောက်တဲ့ အဖြေတစ်ခု မရဘူးဆိုရင်တော့... ဟွန့်... မင်းကို မီးတောက်တွေနဲ့ လောင်ကျွမ်းခံရတဲ့ နာကျင်မှုကို ခံစားရအောင် လုပ်ပြီး ထာဝရ လူဝင်စားခွင့် မရအောင် လုပ်ပစ်မယ်..."

ယင်ယန်အဘိုးအို က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး စကားလုံးများ အတွင်း၌ အေးစက်သော သတ်ဖြတ်လိုစိတ် များ ပြည့်နှက်နေလေသည်။

ယင်ယန်အဘိုးအို က ကျန်းချဲ့ ကို အကဲခတ်နေချိန်တွင် ကျန်းချဲ့ ကလည်း တစ်ဖက်လူကို တစ်ပြိုင်နက်တည်း အကဲခတ် နေလေသည်။ စိမ်းသက်ခြင်း၊ အရှိန်အဝါ ကြီးမားခြင်း၊ ဘယ်သူ့ကိုမှ ဂရုမစိုက်ခြင်း... ဤသည်မှာ ကျန်းချဲ့ က တစ်ဖက်လူကို သတ်မှတ်လိုက်သော အဓိပ္ပာယ် ဖွင့်ဆိုချက် များ ပင်ဖြစ်သည်။

"ယင်ယန်အဘိုးအို... ဒီအိုကြီး ဒီကနေ့ လာရတဲ့ ရည်ရွယ်ချက်က ယင်ယန် ဝိညာဉ်မီးတောက် ကို ယူဖို့နဲ့... လမ်းကြုံလို့ မင်းကိုပါ သတ်သွားဖို့ပဲ..."

ကြွားဝါရမည် ဆိုလျှင်လည်း ကျန်းချဲ့ အနည်းငယ်မျှ မကြောက်ရွံ့ချေ။ မောက်မာ ဝင့်ကြွားသော အမူအရာကို ချက်ချင်း ဖန်တီးလိုက်လေသည်။

"ယင်ယန်အဘိုးအို... ဟားဟားဟား... မင်းက ငါ့ကို ယင်ယန် မိစ္ဆာသခင် လို့တောင် မခေါ်ချင်ဘူးပေါ့လေ... ထားလိုက်ပါတော့... ဒီလိုမှတော့လည်း... မင်းကို ငရဲပြည် ပို့ပေးပြီး မီးတောက်တွေနဲ့ လောင်ကျွမ်းခံရတာ ဘယ်လိုမျိုးလဲ ဆိုတာကို ခံစားခိုင်းရမှာပေါ့..."

ယင်ယန်အဘိုးအို က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ကျန်းချဲ့ ၏ အခေါ်အဝေါ် ကို အနည်းငယ် မကျေမနပ် ဖြစ်သွားလေသည်။ ယခုအခါ သူက ယင်ယန် မိစ္ဆာသခင် ဖြစ်နေပြီ ဖြစ်ပြီး ယင်ယန်အဘိုးအို မဟုတ်တော့ချေ။

သို့သော် ယင်ယန်အဘိုးအို ဒေါသတကြီး လှုပ်ရှားရန် ပြင်လိုက်ချိန်တွင်ပင် ကျန်းချဲ့ ၏ ကိုယ်ပတ်လည်တွင် သွေးရောင် အလင်းတန်း တစ်ခု တောက်ပသွားပြီး ချီရွှယ်မိစ္ဆာသခင် ၏ ပုံရိပ် ထွက်ပေါ်လာကာ ပြုံးစိစိဖြင့် တစ်ဖက်လူကို လှမ်းကြည့်လိုက်လေသည်။

"ကောင်လေး... မင်း ဒီအိုကြီး ကို မှတ်မိသေးရဲ့လား..."

"မင်း... မင်းက ချီရွှယ်မိစ္ဆာသခင် လား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မင်း က အစောကြီး ကတည်းက သေသွားပြီ မဟုတ်ဘူးလား..."

ယင်ယန်အဘိုးအို ၏ မျက်နှာထား မည်းမှောင်သွားပြီး ရင်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်သွားကာ အလွန်အမင်း အံ့အားသင့် သွားကြောင်း ထင်ရှားလှပေသည်။

လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကတည်းက သေဆုံးသွားခဲ့ပြီ ဖြစ်သော လူတစ်ယောက်က ဘယ်လိုလုပ်ပြီး အသက်ရှင် နေနိုင်ဦးမည်နည်း။

"သေတယ် ဟုတ်လား... ဒီအိုကြီး က မသေနိုင် မပျက်စီးနိုင်ဘူးကွ... ငါ့ကို သတ်နိုင်မယ့်သူ ဒီလောကကြီးထဲမှာ မမွေးသေးဘူး... မင်း ကမှ ရှန်ရှန်းအဆင့် ကို အခုလေးတင် ခြေချခါစ ရှိသေးတာ... ကိုယ့်ကိုယ်ကိုယ် မိစ္ဆာသခင် လို့တောင် ခေါ်ရဲနေပြီပေါ့... မင်းက အဲ့ဒီနာမည်နဲ့ တန်လို့လား..."

ချီရွှယ်မိစ္ဆာသခင် က အေးစက်စွာ ရယ်မောလိုက်ပြီး အထင်သေးစွာ ပြောလိုက်လေသည်။

သခင် ဟူသော ဘွဲ့အမည်မှာ မည်သူမဆို ကိုယ့်ကိုယ်ကိုယ် ပေးအပ်နိုင်သော အရာ မဟုတ်ချေ။ သာမန် ရှန်ရှန်းအဆင့် သိုင်းပညာရှင် များမှာ မဟာသိုင်းသခင် သာ ဖြစ်လေသည်။ ရှန်ရှန်းအဆင့် နှောင်းပိုင်း သို့မဟုတ် အထွတ်အထိပ် သို့ ရောက်ရှိနေသော အစွမ်းထက် သိုင်းပညာရှင်များ သို့မဟုတ် စွမ်းအား အလွန် ကြောက်မက်ဖွယ် ကောင်းသူများသာ သခင် ဟု ခေါ်ဆိုခံရရန် ထိုက်တန်ပြီး သာမန် လူများကတော့ လုံးဝ မတန်ချေ။

ချီထျန်းဟယ် ကဲ့သို့ပင် သူက သခင် ဟု ခေါ်ဆိုခံရရန် အရည်အချင်း မရှိချေ။

"ဟွန့်... သွေးမိစ္ဆာ... ငါ က ခုနက မင်းကို တကယ်ပဲ ကြောက်သွားခဲ့တာ... ဒါပေမဲ့ အခု မင်းရဲ့ အရှိန်အဝါ တွေက ဒီလောက်တောင် အားနည်းနေတာကိုး... ဟားဟားဟား... ဘယ်လိုလဲ... မင်း က သေလမ်း လာရှာတာလား..."

ယင်ယန်အဘိုးအို က အစပိုင်းတွင် မျက်နှာထား ကြည့်ရဆိုးနေသော်လည်း မကြာမီမှာပင် ချီရွှယ်မိစ္ဆာသခင် ၏ အခြေအနေ အမှန်ကို သိရှိသွားလေသည်။ သူက ဟန်ဆောင် ခြိမ်းခြောက်နေခြင်း သက်သက်သာ ဖြစ်ကြောင်း အလွန် ထင်ရှားလှပေသည်။

"သွေးမိစ္ဆာ တဲ့လား... အရင်တုန်းက ငါ့ကို ဘိုးဘေးကြီး လို့ ခေါ်ခဲ့တဲ့သူက အခုများတော့ ငါ့ကို သွေးမိစ္ဆာ လို့တောင် ခေါ်ရဲနေပြီပေါ့... မင်း က တကယ်ကို သေလမ်းရှာနေတာပဲ..."

ချီရွှယ်မိစ္ဆာသခင် ၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုစိတ် များ ပြည့်နှက်နေလေသည်။

"ဟားဟားဟား... မင်း က ကိုယ့်ကိုယ်ကိုယ် အရင်တုန်းက မင်း လို့ ထင်နေတုန်းပဲလား... အရင်တုန်းက ငါ က သူတစ်ပါးရဲ့ ဖိနှိပ်မှုကို ခံခဲ့ရလို့ အရှုံးပေးခဲ့ရတာ... ဒါပေမဲ့ အခုတော့ ငါကိုယ်တိုင် သခင် အဆင့်ကို ရောက်နေပြီကွ... မင်းရဲ့ အခု အခြေအနေနဲ့ ငါ့ကို နိုင်ဖို့ ဆိုတာ အိပ်မက် မက်နေတာပဲ... အရင်က မင်း ကောင်းကင်နဲ့မြေကြီး ရတနာ တွေ အများကြီး ရထားတယ် ဆိုတာ လူတိုင်း သိကြတယ်လေ... ကောင်းတယ်... အခု အဲ့ဒါတွေ အကုန်လုံး ငါ့ဟာ ဖြစ်သွားပြီ..."

ယင်ယန်အဘိုးအို ၏ မျက်နှာပေါ်တွင် အထင်သေးမှုများ ပေါ်လွင်နေပြီးနောက် သူ၏ မျက်ဝန်း နှစ်ဖက် အတွင်းမှ အလင်းတန်း နှစ်ခု တောက်ပလာလေသည်။ တိုက်ခိုက်လိုက်သည်နှင့် သူက ယင်ယန် မိစ္ဆာမီးတောက် ကို အစွမ်းကုန် အသုံးပြုလိုက်လေသည်။ သူက ချီရွှယ်မိစ္ဆာသခင် ကို အပေါ်ယံတွင် ဂရုမစိုက်သကဲ့သို့ ပြသနေသော်လည်း တကယ်တမ်းတွင်တော့ အလွန် အလေးထားနေလေသည်။

အဘယ်ကြောင့်ဆိုသော် ယခင်က တစ်ဖက်လူ ပေးခဲ့သော သင်ခန်းစာ များက သူ့အတွက် အလွန် နက်ရှိုင်းသော မှတ်ဉာဏ်များ ဖြစ်ခဲ့သောကြောင့် ပင်ဖြစ်သည်။ အနည်းငယ်မျှပင် ပေါ့ဆ၍ မဖြစ်ချေ။

"ဒီအိုကြီး က အရင်တုန်းက မင်း အဆင့်တက်လှမ်းတာကို ထိုင်စောင့်နေတယ် လို့ မင်း တကယ်ပဲ ထင်နေတာလား..."

ချီရွှယ်မိစ္ဆာသခင် က ပြောလိုက်ပြီးနောက် ကျန်းချဲ့ ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"ကောင်လေး... သေချာ ကြည့်ထား... ဒီအိုကြီး က တစ်ခါပဲ လုပ်ပြမယ်..."

စကားဆုံးသည်နှင့် ဘေးပတ်ဝန်းကျင်ရှိ သွေးပင်လယ် အမြင်အာရုံ ချက်ချင်း ပြောင်းလဲသွားပြီး အလွန်အမင်း သိပ်သည်း ကျစ်လျစ် လာလေသည်။ တစ်ချိန်တည်းမှာပင် လေဟာနယ် အတွင်း၌ သွေးရောင် သံကြိုးများ အဆက်မပြတ် ပေါ်ထွက်လာပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ယင်ယန်အဘိုးအို ကို ရစ်ပတ် ချည်နှောင် လိုက်လေသည်။ သွေးပင်လယ် အစီအရင် ပင်တကား။

ဤသည်မှာ ယခင်က ချီရွှယ်မိစ္ဆာသခင် ၏ အစွမ်းထက်ဆုံးသော နည်းလမ်း များထဲမှ တစ်ခု ပင်ဖြစ်သည်။ ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ပါးကို ရင်ဆိုင်ရာတွင် သူ လုံးဝ အထင်သေးခြင်း မရှိခဲ့ချေ။ သွေးရောင် သံကြိုးများ က မိစ္ဆာမီးတောက် များကို တိုက်ရိုက် ဖောက်ထွင်းသွားပြီး ယင်ယန်အဘိုးအို ကို အတင်းအကျပ် ချည်နှောင် ထားလိုက်ရာ သူ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားလေသည်။

"သွေးမိစ္ဆာ... မင်း ရဲ့ ဒါက ဘာနည်းလမ်းလဲ... ဘယ်လိုလုပ် ငါ့ကို ချည်နှောင် နိုင်ရတာလဲ..."

"ဒါက မင်းရဲ့ တပည့်တွေရဲ့ အသက်ကို သုံးပြီး တည်ဆောက်ထားတဲ့ အစီအရင်လေ... မင်းကို ပြန်ရင်ဆိုင်ဖို့ အတော်ပဲ ပေါ့..."

ချီရွှယ်မိစ္ဆာသခင် က ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ် က သွေးအိုင် တစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားကာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ချည်နှောင်ခံထားရသော ယင်ယန်အဘိုးအို ၏ ကိုယ်ပေါ်သို့ လွှမ်းခြုံ သွားလေတော့သည်။

ထိတ်လန့် ကြောက်ရွံ့စွာ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာလေသည်။ သို့သော် မကြာမီမှာပင် ထိုအသံများ အားလုံး ရုတ်တရက် ရပ်တန့် သွားလေတော့သည်။

"ကျွတ် ကျွတ် ကျွတ်... အသစ်စက်စက် တည်ဆောက်ထားတဲ့ မူလဝိညာဉ် ဆိုတော့... ဒါက တကယ်ကို ရတနာကောင်း တစ်ခုပဲ…”

All Chapters