အခန်း ၂၉၅
Vol. 30 Ch. 295
အခန်း (၂၉၅) ရွှေအမြုတေအဆင့်သို့ တက်လှမ်းခြင်း
"စီနီယာချီရွှယ်... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ... ယင်ယန် ဝိညာဉ်မီးတောက်ကို ကျုပ် ထုတ်ပေးပါ့မယ်..."
ထိုအချိန်၌ သွေးရောင်အလင်းတန်းများ ပြင်းထန်စွာ တောက်ပနေသော ပုံရိပ်အတွင်းမှ ရုတ်တရက် ရပ်တန့်သွားခဲ့သော နာကျင်စွာ အော်ဟစ်သံများက ထပ်မံ ထွက်ပေါ်လာလေသည်။ ယင်ယန် အဘိုးအိုသည် အလွန်တရာ ထိတ်လန့်ကြောက်ရွံ့နေသော အသံဖြင့် ချီရွှယ်မိစ္ဆာသခင်ထံမှ အသက်ချမ်းသာခွင့်ကို တောင်းခံနေလေသည်။
ယင်ယန် အဘိုးအို၏ ယခု လက်ရှိ စိတ်ခံစားချက်ကို စကားတစ်ခွန်းတည်းဖြင့် တင်စားရမည်ဆိုလျှင်... မျှော်လင့်ချက်မှသည် မျှော်လင့်ချက်မဲ့ခြင်းဆီသို့ ဟူ၍သာ ဆိုရပေမည်။
လွန်ခဲ့သော အသက်ရှူကြိမ် ဆယ်ကြိမ်ခန့်ကပင် ယင်ယန် အဘိုးအိုသည် ရည်မှန်းချက်များ ကြီးမားနေခဲ့ပြီး သူကိုယ်တိုင် ရှန်ရှန်းအဆင့်သို့ တက်လှမ်းကာ မဟာသိုင်းသခင် တစ်ပါး အဖြစ် အောင်မြင်သွားပြီဟု ထင်မှတ်နေခဲ့လေသည်။ ထို့အပြင် သူကိုယ်သူ မိစ္ဆာသခင် ဟူသော ဘွဲ့အမည်ကိုပင် ပေးထားခဲ့ပြီး နောင်တစ်ချိန် ပိုင်ယွဲ့ နိုင်ငံများတစ်ခွင်တွင် ကြီးမားလှသော ဂုဏ်သတင်း များကို တည်ဆောက်မည်ဟု တွေးတောနေခဲ့ခြင်း ဖြစ်လေသည်။
သို့သော် ယခုအခါတွင်တော့ အရာအားလုံး ပျက်စီးသွားခဲ့လေပြီ။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ မျှော်လင့်ချက်များ အားလုံး ပြိုကွဲသွားခဲ့ပြီး မျှော်လင့်ချက် ကင်းမဲ့ခြင်းများက အစားထိုး ဝင်ရောက်လာခဲ့လေသည်။ အစီအရင်ဖြင့် ပိတ်လှောင်ခံထားရပြီး ချီရွှယ်မိစ္ဆာသခင် က သူ၏ မူလဝိညာဉ်ကို အတင်းအဓမ္မ လုယူနေသဖြင့် သူ၏ ယခင်က တွေးတောထားခဲ့သော ရည်မှန်းချက်များ အားလုံး ချက်ချင်း ပျောက်ကွယ်သွားရလေတော့သည်။ အသက်ရှင်သန်ခွင့် ရရန်သာ ဆုတောင်းနေရလေသည်။ သူ လုံးဝ မသေချင်သေးချေ။ အနည်းငယ်မျှပင် သေချင်စိတ် မရှိချေ။
ယခုမှသာ မူလဝိညာဉ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီး ကြီးမားလှသော သက်တမ်းကို ရရှိကာ ဘဝ၏ အထွတ်အထိပ်သို့ ရောက်ရှိတော့မည့် အချိန်တွင် သူ မည်သို့လျှင် လွယ်လွယ်ကူကူ အသေခံနိုင်မည်နည်း။ သို့သော် ပြဿနာမှာ ယခု သူ၏ အသက်ကို အခြား လူတစ်ယောက်က ဆုပ်ကိုင်ထားခြင်း ပင်ဖြစ်သည်။ အသက်ရှင်ခွင့် ရရန်အတွက် ဆိုလျှင် သူ၏ ယင်ယန် မိစ္ဆာမီးတောက် ကိုပင် ပေးဆပ်ရန် သူ ဝန်မလေးတော့ချေ။
"နောက်ကျသွားပြီ... ယင်ယန် ဝိညာဉ်မီးတောက်ကိုလည်း ငါလိုချင်တယ်... မင်းရဲ့ မူလဝိညာဉ်ကိုလည်း ငါလိုချင်တယ်ကွ..."
သွေးရောင် အလင်းတန်းများ အတွင်းမှနေ၍ ချီရွှယ်မိစ္ဆာသခင်သည် ထူးဆန်းစွာ ရယ်မောလိုက်ပြီး အရသာခံကာ စားသုံးနေလေသည်။
မူလဝိညာဉ်ကို ဝါးမျိုသည့် ဤကဲ့သို့သော လျှို့ဝှက်ကျင့်စဉ် မျိုးကို လောကကြီးက လုံးဝ လက်ခံမည် မဟုတ်ချေ။ အစောပိုင်း ကတည်းက ချီရွှယ်မိစ္ဆာသခင် သည် ဤအရာကို လုံးဝ ထုတ်ဖော်ပြသခြင်း မရှိခဲ့ပေ။ မဟုတ်ပါက မဟာသိုင်းသခင် များ အားလုံး၏ ပစ်မှတ်ထားခြင်းကို သေချာပေါက် ခံရမည် ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ မူလဝိညာဉ်ကို ဝါးမျိုခြင်းက သူ့အတွက် အများကြီး တိုးတက်မှု မဖြစ်စေနိုင်ချေ။ သို့သော် အခြေအနေများကတော့ တစ်ချိန်နှင့် တစ်ချိန် မတူညီတော့ချေ။
ယခု လက်ရှိ သူသည် ယခင်က ပိုင်ယွဲ့ တစ်ခွင် ထင်တိုင်းကြဲ ခဲ့သော ချီရွှယ်မိစ္ဆာသခင် မဟုတ်တော့ပေ။ ပျက်စီးနေသော ရုပ်ခန္ဓာ နှင့် ဝိညာဉ် အကြွင်းအကျန် များသာ ရှိတော့ပြီး မူလဝိညာဉ် ပင်လျှင် အပြည့်အဝ မရှိတော့ချေ။ စွမ်းအားများ မှာလည်း အနိမ့်ဆုံး အမှတ်သို့ ရောက်ရှိနေလေပြီ။ အလွန်ဆုံး ရှန်ရှန်းအဆင့် အစပိုင်း မဟာသိုင်းသခင် တစ်ပါးကိုသာ ယှဉ်ပြိုင်နိုင်စွမ်း ရှိလေသည်။ ရှန်ရှန်းအဆင့် အလယ်အလတ် မဟာသိုင်းသခင် တစ်ပါးနှင့် ရင်ဆိုင်ရပါက သူ အလောတကြီး ထွက်ပြေးရုံသာ ရှိလေသည်။
ထို့ကြောင့် သူ၏ ကိုယ်ပိုင် အခြေခံ အုတ်မြစ်ကို ပြန်လည် ဖြည့်တင်းရန် အတွက် ယင်ယန် အဘိုးအို ၏ မူလဝိညာဉ်ကို သေချာပေါက် ဝါးမျိုရမည် ပင်ဖြစ်သည်။ ထို့ကြောင့်သာ သူက ကျန်းချဲ့ ကို လှုပ်ရှားခြင်း မပြုစေဘဲ ယင်ယန် အဘိုးအို ရှန်ရှန်းအဆင့်သို့ တက်လှမ်းကာ အမြုတေကို ခွဲပြီး ဝိညာဉ်အဖြစ် ပြောင်းလဲသည် အထိ ငြိမ်သက်စွာ စောင့်ကြည့်နေစေခဲ့ခြင်း ပင်ဖြစ်သည်။ ဤသည်မှာ ယခု လောလောဆယ် သူ တွေးတောနိုင်သော အသင့်တော်ဆုံး အာဟာရ ပင်ဖြစ်လေသည်။
သူက တစ်ဖက်လူကို ဘယ်လိုလုပ်ပြီး ခွင့်လွှတ်ပေးနိုင်မည်နည်း။ မူလဝိညာဉ်သာ မရှိပါက သူ၏ အရင်းအမြစ် ကို ဘယ်သူက လာဖြည့်ဆည်း ပေးမည်နည်း။
"မလုပ်ပါနဲ့... မလုပ်ပါနဲ့... မိစ္ဆာကောင်... မင်း ငါ့ကို အတင်းအကျပ် မလုပ်နဲ့... မထူးတော့ဘူး... ကျုပ်ရဲ့ မူလဝိညာဉ်ကို ဖောက်ခွဲပစ်မယ်... မင်းရော ငါပါ နှစ်ယောက်စလုံး သေကြတာပေါ့..."
မိမိ၏ မူလဝိညာဉ်ကို တစ်ဆင့်ချင်းစီ ဝါးမျိုခံနေရသည်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့နေရပြီး အသနားခံ၍ မရတော့သည့် အခြေအနေတွင် ယင်ယန် အဘိုးအိုသည် အတူတကွ သေဆုံးမည့် နည်းလမ်းဖြင့်သာ တစ်ဖက်လူကို ခြိမ်းခြောက်နိုင်တော့လေသည်။
သို့သော် ထိုကဲ့သို့သော ခြိမ်းခြောက်မှုကို ချီရွှယ်မိစ္ဆာသခင် က လုံးဝ အရေးမစိုက်ချေ။ ထိုစကားကို ကြားသောအခါ အထင်သေးစွာပင် ရယ်မောလိုက်လေသည်။
"ဖောက်ခွဲလိုက်လေ... ဖောက်ခွဲလိုက်စမ်းပါ... ပုရွက်ဆိတ် တစ်ကောင်ကများ... ငါ့ကို လာခြိမ်းခြောက်ရဲသေးတယ်... လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းကလည်း မင်းက ပုရွက်ဆိတ် တစ်ကောင်ပဲ... နှစ်တစ်ရာ ကြာပြီးတဲ့နောက်မှာလည်း... မင်းက ပုရွက်ဆိတ် တစ်ကောင် ဖြစ်နေတုန်းပဲကွ... ဟားဟားဟား... ဟားဟားဟား..."
"မဟုတ်ဘူး... မဟုတ်ဘူး... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ငါက... ငါက..."
ယင်ယန် အဘိုးအို ၏ ပြတ်တောင်း ပြတ်တောင်း စကားသံများမှာ တဖြည်းဖြည်း ရပ်တန့်သွားပြီး နောက်ဆုံးတွင် အပြီးတိုင် ပျောက်ကွယ်သွားလေတော့သည်။
မနီးမဝေးတွင် ကျန်းချဲ့ သည် သွေးရောင် အလင်းတန်းများ လွှမ်းခြုံထားသော အရှေ့မှ ပုံရိပ်ကို လေးနက်စွာ စူးစိုက်ကြည့်နေပြီး သူ၏ မျက်ဝန်းအောက်ခြေတွင် ကြောက်ရွံ့မှု အရိပ်အယောင် အချို့ ဖြတ်ပြေးသွားလေသည်။ ယခု အချိန်ရောက်မှသာ ချီရွှယ်မိစ္ဆာသခင် ၏ မိစ္ဆာဆန်လှသော လျှို့ဝှက်ဆန်းကြယ်မှု များကို သူ အမှန်တကယ် မြင်တွေ့လိုက်ရခြင်း ပင်ဖြစ်သည်။ အခြား သူများ၏ မူလဝိညာဉ် ကိုပင် ဝါးမျို၍ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဖြည့်တင်းနိုင်စွမ်း ရှိနေလေသည်။
ဤကဲ့သို့သော နည်းလမ်းကို မိစ္ဆာသားရဲ များ၏ ကိုယ်ပေါ်တွင်သာ သူ ကြားဖူးခဲ့လေသည်။ လူသားများက မိစ္ဆာသားရဲ များကို အစာအဖြစ် စားသုံးကြပြီး သွေးကို လုယူကာ အသားကို စားသုံးကြလေသည်။ မိစ္ဆာသားရဲ များ၏ ကိုယ်ပေါ်ရှိ အကြေးခွံ များကို အသုံးပြု၍ ရတနာများ ဖန်တီးကြလေသည်။ မိစ္ဆာသားရဲ များကတော့ လူသားများ၏ မူလဝိညာဉ် ကို ဝါးမျို သန့်စင်ရန် နှစ်သက်ကြလေသည်။ ဤအချက်ကို သူ ကြားသိထားခဲ့လေသည်။
သို့သော် ပြဿနာမှာ ချီရွှယ်မိစ္ဆာသခင် က လူသား တစ်ယောက် ဖြစ်နေခြင်း ပင်ဖြစ်သည်။ ယခုတော့...
ကျန်းချဲ့ ကို ကြောက်ရွံ့စေသည်မှာ ချီရွှယ်မိစ္ဆာသခင် ၏ ရက်စက်ကြမ်းကြုတ်မှု တစ်ခုတည်း မဟုတ်ဘဲ သူ၏ နည်းလမ်း များလည်း ပါဝင်လေသည်။ ဤသူက သူ့ကို ပေးစွမ်းသော အထင်အမြင် များမှာ တစ်နေ့တခြား ပိုမို နက်ရှိုင်းလာပြီး တကယ်ကို အရာအားလုံးကို သိရှိနားလည် နေသကဲ့သို့ ပင်ဖြစ်သည်။ မည်သည့် နည်းလမ်း မျိုးကိုမဆို ပိုင်ဆိုင်ထားလေသည်။ အကယ်၍ သူတို့သာ သွေးကျိန်စာ ဖြင့် ချည်နှောင်ထားခြင်း မရှိခဲ့ပါက... ကျန်းချဲ့ တွင်သာ စွမ်းအား ရှိလျှင် ဤကဲ့သို့သော သူမျိုးကို သေချာပေါက် အပြီးတိုင် ရှင်းလင်းပစ်မည်မှာ အသေအချာပင်။
လက်ဖက်ရည် တစ်ခွက်စာ အချိန်ခန့် ကြာပြီးနောက်... သွေးရောင် အလင်းတန်းများ တဖြည်းဖြည်း လွင့်စင်သွားပြီး ကြောက်မက်ဖွယ် ကောင်းသော အမူအရာ ဖြင့် သေဆုံးနေသည့် ယင်ယန် အဘိုးအို ၏ ရုပ်အလောင်း တစ်ခုသာ ကျန်ရစ်ခဲ့လေတော့သည်။ သူ၏ ကိုယ်ပတ်လည်တွင် အရှိန်အဝါများ လုံးဝ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်ပြီး ချီရွှယ်မိစ္ဆာသခင် ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း အလွန် ထင်ရှားလှပေသည်။
“ဘုန်း…” နောက်တစ်စက္ကန့်တွင် ယင်ယန် အဘိုးအို ၏ ရုပ်အလောင်း မှာ ပြိုကျ ပျက်စီးသွားလေတော့သည်။
ချီရွှယ်မိစ္ဆာသခင် သည် လက်တစ်ဖက်တွင် သိုလှောင်ရေး လက်စွပ် တစ်ကွင်းကို ကိုင်ဆောင်ထားပြီး အခြား လက်တစ်ဖက်တွင် အမည်းနှင့် အဖြူ ရောယှက်နေသော မီးတောက် တစ်ခုကို ပင့်မထားကာ သွေးမြူခိုး များ အတွင်းမှ ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။ သူ၏ မျက်နှာပေါ်တွင် ကျေနပ်ရောင့်ရဲ နေသော အမူအရာများ ပေါ်လွင်နေလေသည်။
"ဒါက မင်း လိုချင်တဲ့ ပစ္စည်းပဲ... ဒီအိုကြီး က မင်းကို ပေးလိုက်ပြီနော်..."
ချီရွှယ်မိစ္ဆာသခင် က ထို မီးတောက်ကို ကျန်းချဲ့ ထံသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ပေါက်ပေးလိုက်လေသည်။ မျက်ဝန်းထဲတွင် အပြုံး အရိပ်အယောင် အချို့ ပါဝင်နေပြီး ယင်ယန် ဝိညာဉ်မီးတောက် ကို ဖမ်းယူရန် ကျန်းချဲ့ တွင် မည်သို့သော နည်းလမ်းများ ရှိနေသနည်း ဆိုသည်ကို ကြည့်ရှုလိုပုံ ရလေသည်။
မည်သို့ပင်ဆိုစေ ဤ ယင်ယန် ဝိညာဉ်မီးတောက် ကို ယင်ယန် အဘိုးအို က နှစ်ပေါင်း တစ်ရာကျော် ကြာအောင် ပြုစုပျိုးထောင် ခဲ့သဖြင့် ဝိညာဉ် သဘာဝ အလွန် ကြီးမားလှပေသည်။ ထို့အပြင် အဆင့်တက်လှမ်းသည့် လုပ်ငန်းစဉ် အတွင်းတွင်လည်း အကျိုးကျေးဇူး များစွာ ရရှိခဲ့သဖြင့် သာမန် ရွှေအမြုတေ အဆင့် သိုင်းသခင် များပင် လွယ်ကူစွာ ထိန်းချုပ် နိုင်မည် မဟုတ်ချေ။ ယင်းမှ ထုတ်လွှတ်သော ယင်ယန် မီးတောက်များမှာ မည်သူမျှ အသက်သွင်းခြင်း မရှိလျှင်ပင် အလွန် ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်ရေး လက်နက် တစ်ခု ပင်ဖြစ်လေသည်။
သို့သော် ကျန်းချဲ့ အပေါ်တွင် သူ အနည်းငယ် ယုံကြည်မှု ရှိနေသေးလေသည်။ မြောက်လင် ချီမိသားစု ၏ ဤမျှလောက် အလေးထားမှုကို ရရှိထားခြင်းက ကျန်းချဲ့ ၏ နည်းလမ်းများမှာ သာမန် မဟုတ်ကြောင်း လုံလောက်သော သက်သေ ပင်ဖြစ်သည်။ မည်သူမျှ ထိန်းချုပ်ထားခြင်း မရှိသော ယင်ယန် ဝိညာဉ်မီးတောက် လေး တစ်ခုကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားမည် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။ သူ က ကျန်းချဲ့ မည်သို့သော နည်းလမ်း များကို အသုံးပြုမည် ကိုသာ ကြည့်ရှု လိုခြင်း ပင်ဖြစ်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် ကျန်းချဲ့ ၏ နည်းလမ်းက သူ့ကို သူငယ်အိမ် ကျုံ့ဝင်သွားစေခဲ့လေသည်။
ချီရွှယ်မိစ္ဆာသခင် ၏ ဖိနှိပ်ထားမှု မရှိတော့သဖြင့် ယင်ယန် ဝိညာဉ်မီးတောက် သည် ပစ်ပေါက်ခံလိုက်ရသည့် မျက်တောင်တစ်ခတ် အတွင်းမှာပင် မီးပင်လယ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျန်းချဲ့ ၏ ပတ်လည် ပေဆယ်ဂဏန်း အထိ လွှမ်းခြုံ သွားလေသည်။ အလွန် ပူပြင်းပြီး တစ်ချိန်တည်းမှာပင် အလွန် အေးစက်သော အပူချိန် တစ်ခုဖြင့် သူ့ကို လောင်ကျွမ်းရန် ကြိုးစားလာလေသည်။
ဤအခြေအနေကို ရင်ဆိုင်ရာတွင် ကျန်းချဲ့ က လက်တစ်ဖက်ကိုသာ ဆန့်တန်းလိုက်လေသည်။ ထို့နောက် အသိစိတ် ၏ အနက်ရှိုင်းဆုံး နေရာတွင် ပုန်းကွယ်နေသော ယဇ်ပလ္လင် ကျောက်တိုင်ကြီး ကို တိတ်တဆိတ် ဆက်သွယ်လိုက်လေသည်။
နောက်တစ်စက္ကန့်တွင် ယခင်က အလွန် ကြမ်းတမ်းပြီး ထိန်းချုပ်ရန် ခက်ခဲသော ယင်ယန် ဝိညာဉ်မီးတောက် သည် စွမ်းအား တစ်ခုခု၏ ဖိနှိပ်မှုကို ခံလိုက်ရသည့်အလား ချက်ချင်းပင် အလွန် လိမ္မာ ယဉ်ကျေးစွာဖြင့် ကျန်းချဲ့ ၏ လက်ဝါးထဲသို့ ဝင်ရောက်သွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် လုံးဝ ပျောက်ကွယ်သွားလေတော့သည်။
ချီရွှယ်မိစ္ဆာသခင် ကို ကြည့်ရင်း ကျန်းချဲ့ က ပြုံးလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် စီနီယာ..."
"မင်းရဲ့ အဲ့ဒီ နည်းလမ်းက ဘာလဲ... မင်း ကိုယ်ပေါ်မှာ သွေးပင်လယ် ပုလဲ လိုမျိုး လေဟာနယ် ရတနာ တစ်ခုခု များ ရှိနေတာလား..."
ချီရွှယ်မိစ္ဆာသခင် က ကျန်းချဲ့ ကို သံသယဖြစ်ဖွယ် အကြည့်ဖြင့် စူးစိုက်ကြည့်နေပြီး မျက်နှာပေါ်တွင် အံ့အားသင့်နေသော အမူအရာများ ပေါ်လွင်နေလေသည်။ အကြောင်းမှာ သူက ကျန်းချဲ့ ၏ ကိုယ်ပေါ်မှ မည်သည့် ထူးခြားသော လှုပ်ရှားမှုကိုမျှ မတွေ့မြင်လိုက်ရသောကြောင့် ပင်ဖြစ်သည်။ ရွှေအမြုတေ အဆင့် သိုင်းသခင် များကိုပင် ခံနိုင်ရည် မရှိအောင် ပြုလုပ်နိုင်စွမ်း ရှိသော ယင်ယန် မိစ္ဆာမီးတောက် မှာ သဘာဝ ရန်သူ နှင့် တွေ့ဆုံသွားသည့်အလား အသံတိတ်ပင် သိမ်းပိုက် ခံလိုက်ရသည်မှာ တကယ်ကို ထူးဆန်းလွန်းလှပေသည်။
"လူတိုင်း ကိုယ်ပေါ်မှာ လျှို့ဝှက်ချက် ဆိုတာ ရှိတတ်ပါတယ်... စီနီယာ အများကြီး မမေးပါနဲ့တော့..."
ကျန်းချဲ့ က ပြုံးလိုက်ပြီး မည်သည့် ရှင်းပြချက်ကိုမျှ မပေးခဲ့ချေ။
ချီရွှယ်မိစ္ဆာသခင် က ကျန်းချဲ့ ကို အချိန်အတော်ကြာအောင် နက်နက်ရှိုင်းရှိုင်း စူးစိုက်ကြည့်နေပြီးနောက် မျက်ဝန်းများ တဖြည်းဖြည်း လေးနက်လာလေသည်။ သို့သော် သူလည်း ဆက်လက်၍ မမေးမြန်းတော့ချေ။ သို့သော် ကျန်းချဲ့ ၏ နည်းလမ်း က သူ့ကို အတော်လေး တုန်လှုပ်သွားစေခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ကျန်းချဲ့ ၏ ကိုယ်ပေါ်တွင် အလွန် နက်နဲသော လျှို့ဝှက်ချက်များ ရှိနေကြောင်း သူ သိလိုက်လေသည်။ သွေးကျိန်စာ ဖြင့် ချည်နှောင်ထားခြင်း မရှိလျှင်တောင် ဤ လူငယ်လေးကို သူ တကယ်ပဲ ရင်ဆိုင်နိုင်မည်လား ဆိုတာ သေချာ မသိတော့ချေ။ ဤအချက်ကို သဘောပေါက်သွားပြီးနောက် ချီရွှယ်မိစ္ဆာသခင် ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးလိုက်လေသည်။
"အခု မင်း လိုချင်တဲ့ ပစ္စည်းတွေကို ရပြီ ဆိုတော့... နောက်ထပ် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ... အလယ်ပိုင်းဒေသ ကို ပြန်တော့မလို့လား..."
"အရင်ဆုံး စစ်မြေပြင်ကို ရှင်းလင်းရအောင်... ယင်ယန် ချိုင့်ဝှမ်း က နှစ်ပေါင်း ရာချီ သက်တမ်း ရှိတဲ့ နေရာဆိုတော့ အခြေခံ အုတ်မြစ် တချို့ ရှိလောက်တယ်... ဒီကိစ္စ ပြီးသွားရင် ကျုပ် နေရာတစ်ခု ရှာပြီး တံခါးပိတ် ကျင့်ကြံဖို့ စီစဉ်ထားတယ်..."
ကျန်းချဲ့ က ခေါင်းယမ်းကာ ပြန်ဖြေလိုက်လေသည်။
"တံခါးပိတ် ကျင့်ကြံမယ်... မင်း တံခါးပိတ် ကျင့်ကြံပြီး ဘာလုပ်မလို့လဲ..."
ချီရွှယ်မိစ္ဆာသခင် မှာ ကျန်းချဲ့ ၏ အတွေးများကို အနည်းငယ် နားမလည်နိုင်အောင် ဖြစ်သွားလေသည်။
"ခုနက ယင်ယန် အဘိုးအို အဆင့်တက်လှမ်းတာကို မြင်လိုက်ရတော့... ဂျူနီယာ ရင်ထဲမှာ ခံစားမှု တစ်ခုခု ရသွားတယ်... ရွှေအမြုတေ ကို တည်ဆောက်နိုင်မယ့် အရိပ်အယောင် မြင်နေရပြီ..."
ကျန်းချဲ့ ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။
"ဟင်..."
ထိုစကားကို ကြားသောအခါ ချီရွှယ်မိစ္ဆာသခင် မှာ မျက်လုံးများ ပြူးကျယ်သွားလေတော့သည်။
မင်ယွဲ့ နိုင်ငံ... လူသူကင်းမဲ့သော တောင်တန်းကြီး တစ်ခု အတွင်း၌... ကျန်းချဲ့ သည် တင်ပျဉ်ခွေ ထိုင်ကာ မျက်လုံးများကို မှိတ်ပြီး အသက်ရှူ လေ့ကျင့်နေလေသည်။ မိမိ၏ အခြေအနေကို ချိန်ညှိ နေခြင်း ဖြစ်ပြီး ယခင်က ချီရွှယ်မိစ္ဆာသခင် အကြိမ်အနည်းငယ် ဝင်ပူးခဲ့သဖြင့် သူ၏ ရုပ်ခန္ဓာ မှာ ဒဏ်ရာ အနည်းငယ် ရရှိထားခဲ့လေသည်။ ပြန်လည် ကောင်းမွန်လာစေရန် ရက်အနည်းငယ်မျှ အချိန်ယူရမည် ပင်ဖြစ်သည်။
ယဇ်ပူဇော်ခြင်း ဖြစ်သော်လည်း ကျန်းချဲ့ က ပြီးပြည့်စုံမှုကို အလိုရှိသဖြင့် မိမိ၏ အခြေအနေကို အထွတ်အထိပ် သို့ ရောက်အောင် အရင်ဆုံး မြှင့်တင်မည် ဖြစ်လေသည်။ ထို့နောက်မှ ယဇ်ပူဇော်ပြီး အဆင့်တက်လှမ်းမည် ပင်ဖြစ်သည်။
ချီရွှယ်မိစ္ဆာသခင် ၏ စွမ်းအား များက သူ့ကို အမှန်တကယ်ပင် စွဲလမ်းစေခဲ့လေသည်။ သို့သော် သူ မည်မျှပင် စွဲလမ်းနေပါစေ ထိုအရာများမှာ အခြားသူ တစ်ယောက်၏ စွမ်းအားများ သာ ဖြစ်ပြီး သူ က ယာယီ ငှားရမ်း အသုံးပြုခြင်းသာ ဖြစ်လေသည်။ ကိုယ်ပိုင် စွမ်းအား သာလျှင် အစစ်အမှန် ဖြစ်လေသည်။ ယခုအခါ သူ လိုအပ်သော ယဇ်ပူဇော်စရာ ပစ္စည်းများ အားလုံး စုဆောင်းပြီးစီးပြီ ဖြစ်ရာ ရွှေအမြုတေ အဆင့်သို့ တက်လှမ်းရန်မှာ မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စ ပင်ဖြစ်သည်။
ဤအဆင့်မှာ အလွန် ကြီးမားသော အတားအဆီး ကြီး တစ်ခု ပင်ဖြစ်သည်။ အတုအယောင် အမြုတေ မှသည် အစစ်အမှန် အမြုတေ အဆင့် သို့ ရောက်ရှိရန် အတွက်... အရင်းအမြစ် ကို ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရရှိထားခြင်း မရှိပါက အချိန်ယူ စုဆောင်းရုံဖြင့် လုံလောက်လေသည်။ အကယ်၍ အရင်းအမြစ် များ အလုံအလောက် ရှိပါက နှစ်အနည်းငယ် အတွင်း အဆင့်တက်လှမ်းနိုင်ခြင်း မှာ သာမန် ကိစ္စ တစ်ခု ပင်ဖြစ်သည်။ သို့သော် အစစ်အမှန် အမြုတေ မှသည် ရွှေအမြုတေ အဆင့်သို့ တက်လှမ်းရန် မှာ စုဆောင်းရုံ သက်သက်ဖြင့် မရနိုင်တော့ချေ။ ဤအရာက အလွန် ကြီးမားသော ကံကြမ္မာ အခွင့်အရေး များကို လိုအပ်လေသည်။
ချီမိသားစု ၏ သခင်လေး ဖြစ်သော ချီရှောက်ယန် ပင်လျှင် ဤအဆင့် တွင် အချိန်အကြာကြီး ပိတ်မိနေခဲ့ပြီး တက်လှမ်းရန် ခက်ခဲနေခဲ့လေသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ရွှေအမြုတေ အဆင့်သို့ ရောက်ရှိရန် မည်မျှ ခက်ခဲကြောင်း သိသာ ထင်ရှား လှပေသည်။
သေချာသည်ကတော့ ဖြတ်ကျော်ရန် ခက်ခဲသော အဆင့်များကို ကျော်ဖြတ်နိုင်သည် နှင့် ရရှိမည့် အကျိုးကျေးဇူးများ ကလည်း ပိုမို ကြီးမားမည် ပင်ဖြစ်သည်။ ကျန်းချဲ့ သည် အစစ်အမှန် အမြုတေ အဆင့် တွင် ရှိစဉ်ကပင် သူ၏ ကိုယ်ပိုင် အခြေခံ အုတ်မြစ် များကို အားကိုး၍ ရွှေအမြုတေ အဆင့် သိုင်းသခင် များကို ယှဉ်ပြိုင်နိုင်စွမ်း ရှိခဲ့ပြီး တိုက်ခိုက် အနိုင်ယူနိုင်စွမ်း ပင် ရှိခဲ့လေသည်။ သူ ရွှေအမြုတေ အဆင့် သို့ တက်လှမ်းပြီး သွားပါက သူ၏ စွမ်းအားများမှာ တစ်ဖန် ထပ်မံ၍ အဆမတန် မြင့်တက်လာမည်မှာ အသေအချာပင်။
ရှန်ရှန်းအဆင့် မဟာသိုင်းသခင် ကို ယှဉ်ပြိုင် နိုင်စွမ်း ရှိမရှိ ဆိုသည်မှာ ပြောရခက် သော်လည်း သေချာပေါက် သာမန်တော့ ဖြစ်မည် မဟုတ်ချေ။ ဒြပ်စင်ငါးပါး အမှီအခိုကင်း သိုင်းသမားများ ပင်လျှင် ဒြပ်စင်ငါးပါး အစီအရင် ၏ အကူအညီဖြင့် ရှန်ရှန်းအဆင့် မဟာသိုင်းသခင် ကို သတ်ဖြတ်နိုင်စွမ်း ရှိခဲ့ရာ... သူ လည်း တကယ်ပဲ မလုပ်နိုင်စရာ အကြောင်းမရှိချေ။ ရှန်ရှန်းအဆင့် တိုက်ခိုက်ရေး စွမ်းအားကိုသာ ပိုင်ဆိုင်သွားပါက သူ၏ နောက်ပိုင်း လမ်းခရီးမှာ သာယာ ဖြောင့်ဖြူး သွားမည် ပင်ဖြစ်သည်။
ရွှေအမြုတေ အဆင့်သို့ တက်လှမ်း ပြီးနောက် ကျန်းချဲ့ ၏ နောက်ထပ် ပစ်မှတ် မှာ ရှန်ရှန်းအဆင့် သို့ တက်လှမ်းရန် ပင်ဖြစ်သည်။ ယခုအခါ သူ ရိတ်သိမ်းရရှိမှု များပြား သော်လည်း ပြဿနာ မှာ သူ ပြစ်မှားမိသော လူများနှင့် အင်အားစု များက ပိုမို များပြား နေလေသည်။ အကယ်၍ အစွမ်းထက်သော စွမ်းအား သာ မရှိပါက ဤကဲ့သို့ ဓားသွားပေါ် လမ်းလျှောက် နေရပါက အစောကြီး ဖြစ်စေ နောက်ကျမှ ဖြစ်စေ သေချာပေါက် တစ်နေ့နေ့တွင် ပြဿနာ တက်မည် ပင်ဖြစ်သည်။ ထို့ကြောင့် စွမ်းအားကို မဖြစ်မနေ ဆုပ်ကိုင်ထားရမည် ပင်ဖြစ်သည်။
အခြား တစ်ဖက်တွင် ချီရွှယ်မိစ္ဆာသခင် က ပေ သုံးရာခန့် အကွာတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေပြီး ကျန်းချဲ့ ကို သံသယဖြစ်ဖွယ် အကြည့်ဖြင့် စူးစိုက် ကြည့်နေလေသည်။ ကျန်းချဲ့ အဆင့် တက်လှမ်းတော့မည် ကို သူ အလွန် အံ့အားသင့် နေလေသည်။ ယခင်က စကားပြောဆို ခဲ့မှုများ အရ ကျန်းချဲ့ ၏ အသက်အရွယ် မှာ သိပ်မကြီးသေးကြောင်း သူ သိထားလေသည်။
သူ ကိုယ်တိုင် လည်း ရွှမ်တန်အဆင့် မှ တစ်လှမ်းချင်းစီ လျှောက်လှမ်း လာခဲ့သူ ဖြစ်လေသည်။ ရွှေအမြုတေ ကို တည်ဆောက် ရန် မည်မျှ ခက်ခဲကြောင်း သူ ကောင်းစွာ သိရှိထားလေသည်။ ယခင်က ဤ အတားအဆီး ကြီးကို ကျော်ဖြတ် နိုင်ရန် အတွက် သူ သည် ဆယ်နှစ်ကျော် ကြာအောင် ပြင်ဆင်ခဲ့ပြီးမှ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ခြင်း ပင်ဖြစ်သည်။
'ကျန်းချဲ့ က အသက် ဘယ်လောက်များ ရှိနေပြီလဲ…’
အစပိုင်းတွင် ကျန်းချဲ့ နောက်ပြောင်နေသည် ဟု သူ ထင်မှတ်ထားခဲ့သော်လည်း... နောက်ပိုင်းတွင် ကျန်းချဲ့ က တောင်ပိုင်းယွဲ့ နိုင်ငံ ကို ဖြတ်ကျော်ကာ မင်ယွဲ့ နိုင်ငံ သို့ လာရောက်ပြီး လူသူကင်းမဲ့သော တောင်တန်းကြီး တစ်ခု တွင် တံခါးပိတ် ကျင့်ကြံရန် ခေါင်းမာစွာ ဆုံးဖြတ်ခဲ့ခြင်း က သူ၏ ယခင် အတွေးများကို လုံးဝ ဖယ်ရှား ပစ်လိုက်လေသည်။
‘ကျန်းချဲ့... က တကယ်ကို အဆင့်တက်လှမ်း ချင်နေတာပဲ... နောက်ပြောင်နေတာ မဟုတ်ဘူး…’
ထို့ကြောင့်သာ ချီရွှယ်မိစ္ဆာသခင် က ကျန်းချဲ့ ကို သံသယဖြစ်ဖွယ် အကြည့်များဖြင့် စူးစိုက် ကြည့်နေခြင်း ပင်ဖြစ်သည်။ တစ်ဖက်မှ သူ၏ လမ်းစဉ်ကို ကာကွယ်ပေးနေပြီး အခြား တစ်ဖက်တွင်တော့ ဤ လူငယ်လေးကို စောင့်ကြည့် အကဲခတ် နေခြင်း ပင်ဖြစ်သည်။ သူ၏ ရင်ထဲတွင် ခံစားချက် တစ်ခု ပေါ်လာလေသည်။ ဤသူ က လုံးဝ သာမန် မဟုတ်ချေ။ အလားအလာ... နည်းလမ်း... ပါရမီ... စွမ်းအား... အားလုံးက ထူးခြား ပြောင်မြောက် လှပေသည်။ သူ ငယ်ရွယ်စဉ် အချိန်ကထက်ပင် အများကြီး ပို၍ အစွမ်းထက် နေလေသည်။
"မင်း တကယ်ပဲ လွယ်လွယ်ကူကူ အဆင့်တက်လှမ်း နိုင်မလား ဆိုတာ... ဒီအိုကြီး စောင့်ကြည့် ရသေးတာပေါ့..."
ချီရွှယ်မိစ္ဆာသခင် က ကျန်းချဲ့ ၏ ပုံရိပ်ကို ကြည့်ရင်း ရင်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်လေသည်။
ကျန်းချဲ့ က မင်ယွဲ့ နိုင်ငံ အတွင်း၌ ပုန်းအောင်းကာ ရွှေအမြုတေ အဆင့်သို့ တက်လှမ်းရန် ပြင်ဆင်နေချိန်တွင်... ယင်ယန် ချိုင့်ဝှမ်း ၏ သတင်းများ လည်း နောက်ဆုံးတွင် အပြီးတိုင် ပျံ့နှံ့ သွားခဲ့ပြီ ဖြစ်သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် တောင်ပိုင်းယွဲ့ နိုင်ငံ တစ်ခုလုံးကို တုန်လှုပ် သွားစေခဲ့လေသည်။
ဤမျှလောက် ကြီးမားသော လှုပ်ရှားမှု ကြီး ဖြစ်ပေါ်လာရခြင်း တွင် အကြောင်းရင်း အများအပြား ပါဝင်လေသည်။ ပထမ တစ်ချက်မှာ ယင်ယန် အဘိုးအို က ယခင်ကတည်းက တောင်ပိုင်းယွဲ့ နိုင်ငံ တွင် အလွန် နာမည်ကြီးသူ ဖြစ်ပြီး သူ၏ ယင်ယန် မိစ္ဆာမီးတောက် နတ်စွမ်းရည် ဖြင့် သိုင်းသခင် ပေါင်းများစွာကို မီးရှို့ သတ်ဖြတ် ခဲ့ဖူးလေသည်။ နောက်ပိုင်းတွင် ကိုယ်ပိုင် ဂိုဏ်းကို တည်ထောင်ကာ ဂိုဏ်းချုပ် တစ်ယောက် ဖြစ်လာခဲ့လေသည်။ ယင်ယန် ချိုင့်ဝှမ်း မှာ တောင်ပိုင်းယွဲ့ နိုင်ငံ တွင် အလွန် အစွမ်းထက်သော အင်အားစု တစ်ခု ပင်ဖြစ်သည်။
သို့သော် မျက်တောင်တစ်ခတ် အတွင်းမှာပင် သူတစ်ပါး ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး ခွေးတစ်ကောင် ကြက်တစ်ကောင် မျှပင် အသက်မရှင် ခဲ့ချေ။ အပြင်ဘက်တွင် ရောက်ရှိနေသော တပည့် အချို့ မှလွဲ၍ ကျန်ရှိနေသူ များ အားလုံး အကုန်လုံး အသတ်ခံလိုက်ရပြီး အပြီးတိုင် မျိုးတုံး သွားခဲ့လေသည်။
ဤသည်မှာ ပထမ အချက် ဖြစ်ပြီး ဒုတိယ အချက် ကတော့... တိုက်ပွဲကို စောင့်ကြည့် ခဲ့သူ အချို့ ၏ ပြောပြချက်များ အရ... ထိုနေ့က ယင်ယန် အဘိုးအို က အဆင့်တက်လှမ်း အောင်မြင် သွားခဲ့ပြီး အမြုတေကို ခွဲကာ ဝိညာဉ် အဖြစ် ပြောင်းလဲ နိုင်ခဲ့ပြီး မဟာသိုင်းသခင် အဖြစ်သို့ တက်လှမ်း နိုင်ခဲ့ပြီ ဖြစ်လေသည်။ ဤကဲ့သို့သော ပုဂ္ဂိုလ် မျိုး မှာ တောင်ပိုင်းယွဲ့ နိုင်ငံ တွင် မူလကတည်းက ထိပ်တန်း အဆင့် တွင် ရှိနေခဲ့ပြီး... အဆင့်တက်လှမ်း ပြီးနောက် ချက်ချင်း သေဆုံး သွားရခြင်း က လူတိုင်းကို နှမြောတသ ဖြစ်စေရုံ သာမက တိုက်ခိုက်သူ ၏ ကြောက်မက်ဖွယ် ကောင်းမှု ကိုလည်း အံ့မခန်း ဖြစ်စေခဲ့လေသည်။
တတိယ အချက် ကတော့ ကျန်းချဲ့ နှင့် ချီရွှယ်မိစ္ဆာသခင် တို့၏ အမှတ်အသား ပင်ဖြစ်သည်။ သူတို့ က တောင်ပိုင်းယွဲ့ နိုင်ငံ မြို့တော် တွင် အကြီးအကျယ် ပြဿနာ ရှာခဲ့ပြီးနောက် မျက်တောင်တစ်ခတ် အတွင်းမှာပင် ယင်ယန် ချိုင့်ဝှမ်း ကို သွားရောက် ဖျက်ဆီး ပစ်ခဲ့ခြင်း က... တောင်ပိုင်းယွဲ့ သိုင်းလောက ၏ မကျေနပ်မှု များကို ဖြစ်ပေါ်စေခဲ့ သလို တောင်ပိုင်းယွဲ့ တော်ဝင်မိသားစု ၏ ဒေါသ များကိုလည်း နှိုးဆွ လိုက်လေသည်။
သူခိုး ဓားပြ တစ်ယောက် က ပစ္စည်း များကို လုယူ ပြီးနောက် အလယ်ပိုင်းဒေသ သို့ ထွက်မပြေးဘဲ တောင်ပိုင်းယွဲ့ နိုင်ငံ တွင် အချိန်အကြာကြီး ဆက်လက် နေထိုင်ကာ ဂိုဏ်း တစ်ခုကိုပါ ဖျက်ဆီး ပစ်ခဲ့ခြင်း မှာ အလွန် ပွင့်လင်းလွန်းသော စော်ကား မော်ကား ပြုလုပ်ခြင်း ပင်ဖြစ်သည်။
ချီဖျင်တောက် လည်း ဤသတင်းကို ကြားသိရပြီးနောက် ဒေါသထွက်လွန်း၍ ရယ်မော လိုက်မိလေသည်။ သွေးမိစ္ဆာ က ကိုယ့် သေတွင်း ကိုယ်တူး နေသည်ဟု ထင်မြင် လိုက်လေသည်။ မူလက သူ က လီချန်ကော စစ်သူကြီး မှတစ်ဆင့် သူတို့ကို ရင်ဆိုင်ရန် စဉ်းစား ထားခဲ့သော်လည်း ယခုအခါ သူတို့ ထွက်မသွား ရုံသာမက တောင်ပိုင်းယွဲ့ နိုင်ငံ ၏ အနောက်ဘက်သို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက် သွားခြင်း က သေလမ်း ရှာနေခြင်း ပင်ဖြစ်သည်။ ထို့ကြောင့် သူ က မြို့တော်မှ ချက်ချင်း ထွက်ခွာ ကာ ယင်ယန် ချိုင့်ဝှမ်း အနီးသို့ သွားရောက်ပြီး သူတို့၏ ခြေရာကို ရှာဖွေ ကာ နဂါးကြောကို ပြန်လည် လုယူပြီး သွေးမိစ္ဆာ ကို သတ်ဖြတ် ရန် သစ္စာ ဆိုလိုက်လေသည်။
သို့သော် ဤကိစ္စများ အားလုံးကို ကျန်းချဲ့ လုံးဝ မသိရှိခဲ့ချေ။ စုံစမ်းရန်လည်း စိတ်မဝင်စား ခဲ့ချေ။ အကြောင်းမှာ ယခုအခါ သူ သည် ရက်အနည်းငယ် ကြာအောင် ချိန်ညှိမှုများ ပြုလုပ် ပြီးနောက် သူ၏ ခန္ဓာကိုယ် အခြေအနေကို အမြင့်ဆုံးသို့ မြှင့်တင် ထားနိုင်ခဲ့ပြီ ဖြစ်သည်။ နောက်ဆက်တွဲ အနေဖြင့် အဆင့်တက်လှမ်း ရန် ပြင်ဆင်ရမည် ပင်ဖြစ်သည်။
ဤနေ့... မွန်းတည့်ချိန်တွင်... အချိန်အတော်ကြာ တံခါးပိတ် ကျင့်ကြံ နေခဲ့သော ကျန်းချဲ့ သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်လေသည်။ မျက်ဝန်းများမှာ ရေတွင်းဟောင်း တစ်ခုအလား လုံးဝ လှုပ်ခတ်မှု မရှိဘဲ တစ်ခုခုကို မြင်ကွင်း ဖောက်ထွင်း သွားသကဲ့သို့ ပင်ဖြစ်သည်။ အကြည့်များကို ဘေးပတ်ဝန်းကျင် သို့ တစ်ချက် ဝေ့ကြည့် လိုက်ပြီး ပြဿနာ မရှိကြောင်း အတည်ပြု ပြီးနောက် မျက်လုံးများကို ပြန်လည် မှိတ်ထား လိုက်လေသည်။
သူ အဆင့်တက်လှမ်း ရန် ပြင်ဆင် လိုက်လေပြီ။ အစစ်အမှန် အမြုတေ မှသည် ရွှေအမြုတေ ကို တည်ဆောက် မည် ပင်ဖြစ်သည်။ မိမိ၏ စွမ်းအားကို တစ်ဖန် ထပ်မံ၍ တစ်ဆင့် အဆမတန် မြင့်တက် စေမည် ပင်ဖြစ်သည်။
စိတ်အာရုံများ ယဇ်ပလ္လင် ကျောက်တိုင် ၏ လေဟာနယ် အတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက် သွားပြီး ယဇ်ပလ္လင် ကျောက်တိုင် ပေါ်တွင် ပေါ်လာသော စာသား များကို ကြည့်ကာ ကျန်းချဲ့ အသက်ရှူကြိမ် အနည်းငယ် ခန့် တိတ်ဆိတ် သွားလေသည်။
[ယဇ်ပူဇော်မည့် ပစ်မှတ်... ရွှေအမြုတေ အဆင့်သို့ တက်လှမ်းခြင်း...]
[ယဇ်ပူဇော်မည့် တန်ဖိုး... ယွမ်ကျောက်တုံး တစ်ထောင်... အပေါက်ခုနစ်ပေါက် နတ်ဝိညာဉ် သစ်သီး တစ်လုံး... နှစ်တစ်ထောင် သက်တမ်းရှိ ကောင်းကင် ပိုးဟပ် ဝိညာဉ် သစ်ရွက် တစ်ရွက်... ယင်ယန် ဝိညာဉ်မီးတောက် တစ်ခု... ဘဝသုံးပါး ရွှေကြာစေ့ တစ်စေ့... သက်တမ်း ဆယ်နှစ် လျှော့ချခြင်း... (လက်ကျန် သက်တမ်း... တစ်ရာ့ငါးဆယ်) ယဇ်ပူဇော်မည်လား...]
စိတ်ကူး တစ်ချက် တွေးလိုက်ရာ ယဇ်ပလ္လင် ကျောက်တိုင် ပြောင်းလဲ သွားလေသည်။ [ယဇ်ပူဇော်မည်...]
အခြား တစ်ဖက်တွင် ကျန်းချဲ့ ကို အမြဲတမ်း စောင့်ကြည့် နေသော ချီရွှယ်မိစ္ဆာသခင် က ရုတ်တရက် သတိထား မိသွားလေသည်။ ကျန်းချဲ့ မျက်လုံး မှိတ်ထားပြီး အသက်ရှူကြိမ် ဆယ်ကြိမ် ခန့် ကြာပြီးနောက် သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် လျှို့ဝှက်ဆန်းကြယ် သော အရှိန်အဝါ တစ်ခု လွှမ်းခြုံ လာပြီး ထူးခြား ဆန်းကြယ်သော ပြောင်းလဲမှု တစ်ခုခု ဖြစ်ပေါ် နေသကဲ့သို့ ပင်ဖြစ်သည်။
စိတ်ကူး တစ်ချက် တွေးလိုက်ရာ ကျန်းချဲ့ အဆင့်တက်လှမ်း တော့မည် ကို သူ ဝေဝါးစွာ ခန့်မှန်း မိလိုက်လေသည်။ အနည်းငယ် ပေါ့ဆ သကဲ့သို့ ထင်ရသော်လည်း အမှန်တရား ကတော့ ဤအတိုင်း ပင်ဖြစ်သည်။
ကျန်းချဲ့ ကို ကြည့်နေသော သူ၏ အကြည့်များ က ပိုမို လေးနက် လာပြီး ဤ လူငယ်လေး ကို မြင်ကွင်း ဖောက်ထွင်း သွားချင် သကဲ့သို့ ပင်ဖြစ်သည်။ သို့သော် သူ့ကို စိတ်ပျက် စေသည်မှာ သူ ဘယ်လိုပဲ ကြည့်ကြည့်... ထို နေရာတွင် ထိုင်နေသော ကျန်းချဲ့ သည် ယခု အချိန်တွင် ထူထပ်သော မြူခိုးများ ဖုံးလွှမ်း နေသကဲ့သို့ ပင်ဖြစ်သည်။ ဝေဝါး လွန်းလှပြီး အစစ်အမှန် နှင့် အတုအယောင် ကို ခွဲခြား၍ မရနိုင်ချေ။ သူ့ကို အကြောင်းပြချက် မရှိဘဲ မြင်ကွင်း ဖောက်ထွင်း ၍ မရနိုင်အောင် ဖြစ်စေခဲ့လေသည်။
"တကယ်ကို ပိုပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပြီပဲ..."
ချီရွှယ်မိစ္ဆာသခင် က တိုးညှင်းစွာ ရေရွတ် လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံး တစ်ခု ပေါ်လာလေသည်။ ကျန်းချဲ့ အပေါ်တွင်လည်း သူ က တစ်နေ့တခြား ပိုမို၍ စိတ်ဝင်စား လာခဲ့ပြီ ပင်ဖြစ်သည်။