အခန်း ၂၉၇
Vol. 30 Ch. 297
အခန်း (၂၉၇) ရှန်ရှန်းအဆင့်အောက်တွင် ငါ ပြိုင်ဘက်ကင်းပြီ
ထိုအနက်ရောင်အမြုတေမှာ ကျန်းချဲ့၏ ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန် အမြုတေပင် ဖြစ်လေသည်။
သူ့ပါးစပ်မှ ထွေးထုတ်လိုက်သည့် မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်နှင့်မြေကြီး အရောင်အသွေး ပြောင်းလဲသွားပြီး ဝိညာဉ်မီးတောက်များ ပျံ့နှံ့သွားလေသည်... ထိုအစစ်အမှန် အမြုတေမှာ ကောင်းကင်နှင့်မြေကြီး၏ ဗဟိုချက်မအလား ဖြစ်တည်သွားပြီး ပတ်လည် ပေရာပေါင်းများစွာအတွင်း စုစည်းနေသော ကောင်းကင်နှင့်မြေကြီး ယွမ်ချီစွမ်းအင်များ အားလုံးက အစစ်အမှန် အမြုတေဆီသို့ ရူးသွပ်စွာ စီးဆင်း ဝင်ရောက်လာကြလေတော့သည်။
တစ်ချိန်တည်းမှာပင် ဘေးပတ်ဝန်းကျင်၌ ပြည့်နှက်နေသော ယင်ယန် ဝိညာဉ်မီးတောက်များသည်လည်း ပစ်မှတ်ကို ရှာတွေ့သွားသည့်အလား အစစ်အမှန် အမြုတေကို လျင်မြန်စွာ ရစ်ပတ်လွှမ်းခြုံသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်ကို စတင် ထုတ်လွှတ်လာလေသည်။
အစစ်အမှန် အမြုတေသည် မီးတောက်များကြားတွင် တဝီဝီ လည်ပတ်နေပြီး တစ်ပတ် လည်သွားတိုင်း ၎င်း၏အပေါ်တွင် ရွှေရောင်အလင်းတန်း တစ်စ ပိုမို တောက်ပလာလေသည်။
ဆိုရမည်ဆိုလျှင် အစစ်အမှန် အမြုတေ တစ်လုံးက စွမ်းအင်များကို စုစည်းပေးပြီး ဝိညာဉ်မီးတောက်၏ အကြိမ်ရာချီ သန့်စင်မှုဖြင့် ရွှေအမြုတေ အဖြစ်သို့ ပြောင်းလဲသွားခြင်း ပင်တကား။
အချိန်များက တဖြည်းဖြည်း ကုန်ဆုံးသွားလေသည်။
ကျန်းချဲ့သည် လေဟာနယ်အတွင်း တင်ပျဉ်ခွေလျက် လွင့်မျောနေပြီး သူ၏ တစ်ကိုယ်လုံးရှိ အရှိန်အဝါများမှာ လောကအညစ်အကြေးများမှ ကင်းစင်နေသကဲ့သို့ ပင်ဖြစ်လေသည်... အစစ်အမှန် အမြုတေက သူ၏ ဦးခေါင်းထက်တွင် တည်ရှိနေပြီး ယင်ယန် ဝိညာဉ်မီးတောက် သန့်စင်ပေးနေသည်မှာ ရွှေအမြုတေ တစ်ခုတည်းသာ မဟုတ်ဘဲ ကျန်းချဲ့၏ ရုပ်ခန္ဓာလည်း ပါဝင်နေလေသည်။
ထူးဆန်း အံ့သြဖွယ်ကောင်းသော နဂါးအမှတ်အသားများက မျက်တောင်တစ်ခတ်အတွင်း ကျန်းချဲ့၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေသည်။
ပတ်လည် ဆယ်ပေ အကွာအဝေးမှာ တားမြစ်နယ်မြေ တစ်ခုအဖြစ် ပြောင်းလဲသွားလေတော့သည်။
အောက်ဘက်တွင်... ချီရွှယ်မိစ္ဆာသခင်သည် ကျန်းချဲ့၏ လုပ်ရပ်ကို မြင်တွေ့ပြီးနောက် သေမတတ် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး ယင်ယန် ဝိညာဉ်မီးတောက်ဖြင့် သန့်စင်ခံနေရသော အစစ်အမှန် အမြုတေကိုသာ မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်နေမိလေသည်... သူ၏ ရင်ထဲတွင် အလွန်အမင်း တုန်လှုပ် အံ့အားသင့်နေလေသည်။
ဤကဲ့သို့ လုပ်ဆောင်ခြင်းက အမှန်တကယ် အသုံးဝင်လိမ့်မည်ဟု သူ မယုံကြည်နိုင်အောင် ဖြစ်နေလေသည်။
'ဒါပေမဲ့ တကယ်ပဲ ဒီလောက် လွယ်ကူနေတာလား... အကယ်၍ ဒီလောက်သာ လွယ်ကူနေမည် ဆိုပါက နှစ်ထောင်ပေါင်းများစွာ အတွင်း ဤနည်းလမ်းကို သိရှိသူ မရှိဘဲ နေမည်လား... ဤသို့ဆိုလျှင် ပြီးပြည့်စုံသော ရွှေအမြုတေကို အလွယ်တကူ ပုံတူကူးယူ၍ ရနေပြီ မဟုတ်ပါလော...'
ဤအတွေးများက သူ၏ ခေါင်းထဲတွင် အချိန်အတော်ကြာ လည်ပတ်နေပြီး ဤကိစ္စ၏ ဖြစ်နိုင်ခြေကို သူ စဉ်းစား သုံးသပ်နေမိလေသည်။
သို့သော် မည်သို့ပင် စဉ်းစားစေကာမူ ဤသို့ လုပ်ဆောင်ခြင်းက အလွန်တရာ အန္တရာယ် များလွန်းလှသည်ဟု သူ ခံစားရလေသည်... ကျန်းချဲ့ ဤသို့ လုပ်ဆောင်ရဲသည်မှာ သေချာပေါက် အားထားစရာ တစ်ခုခု ရှိနေသောကြောင့်သာ ဖြစ်ရမည်...
အကယ်၍ သာမန်လူ တစ်ယောက်သာ ဤကဲ့သို့ စမ်းသပ်ကြည့်ရဲပါက အဆုံးသတ်မှာ အလွန် ဆိုးရွားမည် ဖြစ်ပြီး အမြုတေ ပျက်စီးကာ လူပါ သေဆုံးသွားနိုင်ချေ အလွန် များပြားလှပေသည်။
သို့သော် ဤသို့ ဖြစ်နေလျှင်ပင် သူ ဝန်မခံဘဲ မနေနိုင်ချေ... ကျန်းချဲ့၏ ဤနည်းလမ်းမှာ အမှန်တကယ်ပင် သာမန်မဟုတ်ချေ... အကယ်၍ သူသာ ဆိုလျှင် ဤသို့ လုပ်ဆောင်ရဲမည် မဟုတ်သည်မှာ အသေအချာပင်။
အမှန်တကယ်တွင်လည်း ဤအတိုင်း ပင်ဖြစ်လေသည်... အကယ်၍ ယဇ်ပလ္လင်ကျောက်တိုင်၏ ယဇ်ပူဇော်စရာ တောင်းဆိုချက်သာ မဟုတ်ခဲ့လျှင် ကျန်းချဲ့သည်လည်း ယခင် လူဟောင်းများ၏ ခြေရာအတိုင်းသာ ကျင့်ကြံ အဆင့်တက်လှမ်းမည် ဖြစ်ပြီး ဤနည်းလမ်းကို လုံးဝ အသုံးပြုမည် မဟုတ်ချေ။
သို့သော် ဤအရာက ယဇ်ပလ္လင်ကျောက်တိုင်၏ လမ်းညွှန်မှု ဖြစ်သဖြင့် သူ ဤအပေါ်တွင် အလွန် ယုံကြည်မှု ရှိနေလေသည်။
လေဟာနယ်အတွင်း အစစ်အမှန် အမြုတေအပေါ်ရှိ ရွှေရောင်များ တစ်စထက်တစ်စ ပိုမို ပေါ်လွင်လာသည်နှင့်အမျှ အနက်ရောင် တိမ်တိုက်များ အတွင်းရှိ မိုးကြိုးသံများ လည်း တဖြည်းဖြည်း ပိုမို ကျယ်လောင်လာလေသည်... ပြီးပြည့်စုံသော ရွှေအမြုတေ တစ်ခု ပေါ်ထွက်လာမည်ကို မလိုလားသည့်အလား ကောင်းကင်ကပ်ဘေးကို ကျရောက်စေတော့မည် ပင်ဖြစ်သည်။
အောက်ဘက်မှ စောင့်ကြည့်နေသော ချီရွှယ်မိစ္ဆာသခင် မှာလည်း အလွန်အမင်း လေးနက်သွားလေသည်။
မိုးကြိုးကပ်ဘေး ဆိုသည်မှာ ယခု လက်ရှိ ကျန်းချဲ့ တောင့်ခံနိုင်သော အရာ မဟုတ်ချေ... ထိုအရာက ရှန်ရှန်းအဆင့် သို့ ရောက်ရှိမှသာ ကြုံတွေ့ရမည့် အတားအဆီး ကြီး တစ်ခု ပင်ဖြစ်သည်... ယခု လက်ရှိ ကျန်းချဲ့သည် သာမန် ကောင်းကင်မိုးကြိုး ကို တောင့်ခံနိုင်စွမ်း ရှိသော်လည်း မိုးကြိုးကပ်ဘေး ကိုတော့ လုံးဝ တောင့်ခံနိုင်မည် မဟုတ်ချေ။
သို့သော် ကံကောင်းထောက်မစွာဖြင့် အနက်ရောင် တိမ်တိုက်များ အတွင်းရှိ မိုးကြိုးသံများ မည်မျှပင် ကျယ်လောင်လာစေကာမူ လုံးဝ ကျဆင်းလာခြင်း မရှိခဲ့ချေ... မိုးခြိမ်းသံသာ ကြီးပြီး မိုးမရွာသည့်အလား သတိပေးရုံ သက်သက်သာ ဖြစ်ဟန်တူသည်... သို့မဟုတ်ပါက လွယ်လွယ်ကူကူ ကျဆင်းလာနိုင်မည် မဟုတ်ချေ။
ထိုအခါမှသာ ချီရွှယ်မိစ္ဆာသခင် လည်း သက်ပြင်းတစ်ချက် ချနိုင်သွားလေတော့သည်။
ယခုအခါ ကျန်းချဲ့ ပြီးပြည့်စုံသော ရွှေအမြုတေ ကို အောင်မြင်စွာ တည်ဆောက်ပြီး သိုင်းသူတော်စင် မျိုးစေ့ ဖြစ်လာတော့မည်ကို မြင်တွေ့လိုက်ရသောအခါ သူ၏ အတွေးအချို့ တိတ်တဆိတ် ပြောင်းလဲသွားခဲ့ပြီး ကျန်းချဲ့ကို သေချာ ပြုစုပျိုးထောင် ပေးရန် ဆုံးဖြတ်လိုက်လေသည်... နောင်တစ်ချိန်အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ရန် ပင်ဖြစ်သည်။
မည်သို့ပင်ဆိုစေ သိုင်းသူတော်စင် ဖြစ်လာရန် ဆိုသည်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသည်ထက်ပင် ပိုမို ခက်ခဲလှပေသည်... လောက တစ်ခွင်လုံးတွင် ရေတွက်၍ ရလောက်အောင်ပင် နည်းပါး လွန်းလှပေသည်။
သူ အစွမ်းထက်ဆုံး အချိန်က အလွန်တရာ ထူးချွန်ပြောင်မြောက်သော ပါရမီ ရှိခဲ့သော်လည်း ဤအဆင့်တွင်ပင် ကျရှုံးသွားခဲ့ရသည်... နောက်ဆုံး အစီအမံ အချို့ ချန်ထားခဲ့နိုင်လျှင်ပင် တကယ်တမ်းတွင် သိုင်းသူတော်စင် အဆင့်သို့ တက်လှမ်းနိုင်ရန် မည်သည့် ယုံကြည်မှုမျှ မရှိခဲ့ချေ။
သို့သော် အကယ်၍ သိုင်းသူတော်စင် တစ်ပါးက အစွမ်းကုန် ကူညီပေးမည် ဆိုပါက အများကြီး ပိုမို လွယ်ကူသွားမည် ပင်ဖြစ်သည်... သူ၏ စွမ်းရည်ဖြင့် ဆိုလျှင် ထို ကြီးမားလှသော အတားအဆီး ကြီးကို ဖြတ်ကျော်နိုင်ရန် သေချာပေါက် မျှော်လင့်ချက် ရှိလေသည်။
သို့သော် ပြဿနာမှာ သူနှင့် ကျန်းချဲ့ ကြားတွင် အပေးအယူ အဆက်အဆံ သာ ရှိလေသည်... တစ်ဖက်လူ သိုင်းသူတော်စင် ဖြစ်လာသည့် အချိန်တွင် သူ့ကို တကယ်ပဲ အစွမ်းကုန် ကူညီပေးပါမည်လော။
သို့သော် မည်သို့ပင်ဖြစ်စေ ကျန်းချဲ့ ပြသလိုက်သော ပါရမီကို မြင်တွေ့လိုက်ရပြီးနောက် သူသည် တစ်ခါလောက် စွန့်စားကြည့်ရန် ဆုံးဖြတ်လိုက်ပြီး ကျန်းချဲ့ကို တဖြည်းဖြည်း ထောက်ပံ့ ကူညီပေးရန် တွေးတောလိုက်လေသည်။
ကောင်းကင်နှင့်မြေကြီး အကြား ထွက်ပေါ်နေသော သွေးပင်လယ် အမြင်အာရုံများ ကလည်း ကျန်းချဲ့၏ ကိုယ်ပတ်လည်ကို တဖြည်းဖြည်း လွှမ်းခြုံလာလေသည်... ယခုအချိန်တွင် သူသည် ဝေဝါးနေသော သွေးပင်လယ်ကြီး အတွင်း၌ ရောက်ရှိနေသကဲ့သို့ ပင်ဖြစ်ပြီး ရွှေရောင်များ ထွက်ပေါ်နေပြီ ဖြစ်သော အစစ်အမှန် အမြုတေ ကတော့ သွေးပင်လယ်ကြီးကို တောက်ပစေသော နေမင်းကြီး အလား ပင်ဖြစ်လေသည်။
အချိန်များက သဲနာရီအလား လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် နာရီဝက်ခန့် ကြာမြင့်သွားခဲ့လေသည်... ရုတ်တရက် အလွန် ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုး ပေါက်ကွဲသံကြီး တစ်ခုက အနက်ရောင် တိမ်တိုက်များ အတွင်းမှ ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီး တစ်ခုလုံး ချက်ချင်း တောက်ပသွားလေသည်... ဤသည်မှာ တစ်စုံတစ်ရာကို ကြိုတင် နိမိတ်ပြနေသကဲ့သို့ ပင်ဖြစ်သည်... အကြောင်းမှာ မိုးကြိုး ပေါက်ကွဲသွားသည့် အခိုက်အတန့်မှာပင် ကျန်းချဲ့ သည်လည်း မျက်လုံးများကို ဖွင့်လိုက်သောကြောင့် ပင်ဖြစ်သည်။
ထိုအချိန်မှာပင် မူလက တောက်ပရုံသာ တောက်ပနေသော ရွှေအမြုတေ သည် ယခုအခါ ရုတ်တရက် ရွှေရောင် အလင်းတန်းများ အဆမတန် တောက်ပလာပြီး တကယ့် နေမင်းကြီး တစ်စင်း အလား အမှောင်ထုကို တောက်ပသွားစေရုံသာမက တိမ်တိုက်များကိုပင် ဖောက်ထွင်းသွားလေသည်... ရွှေအမြုတေ ပေါ်မှနေ၍ အလွန် ကြီးမားလှသော ဖိအားကြီး တစ်ခုကိုပါ ထုတ်လွှတ် နေလေတော့သည်။
စုစည်းနေသော ကောင်းကင်နှင့်မြေကြီး ယွမ်ချီစွမ်းအင်များ တဖြည်းဖြည်း လွင့်စင်သွားပြီး သွေးပင်လယ် အမြင်အာရုံများလည်း လေဟာနယ် အတွင်းသို့ ပျောက်ကွယ်သွားလေသည်... အဖြူနှင့် အနက် ရောင်စုံ ဝိညာဉ်မီးတောက် များသာ ကျန်ရစ်ခဲ့ပြီး မီးနဂါး နှစ်ကောင် အလား ရွှေအမြုတေ အတွင်းသို့ တိုက်ရိုက် တိုးဝင်သွားကြလေသည်... အတွင်း၌ ကမ္ဘာကြီး တစ်ခု ရှိနေသကဲ့သို့ ဝိညာဉ်မီးတောက်များ အားလုံးကို အကုန်အစင် သိမ်းပိုက်လိုက်လေသည်။
ဖိအားများက ထပ်မံ၍ တစ်ဆင့် မြင့်တက်သွားပြန်လေသည်။
ပါးစပ်ကို ဟကာ တစ်ချက် ရှူသွင်းလိုက်ရာ တဝီဝီ လည်ပတ်နေသော ပြီးပြည့်စုံသော ရွှေအမြုတေ ၏ အလင်းတန်းများ ချက်ချင်း မှေးမှိန်သွားပြီး ကျန်းချဲ့၏ အရှေ့သို့ တဖြည်းဖြည်း ကျဆင်းလာကာ ရုပ်ခန္ဓာကို ဖြတ်သန်း၍ ချီပင်လယ် ဒန်ထျန်း အတွင်းသို့ တိုက်ရိုက် ပြန်လည် ဝင်ရောက်သွားလေသည်။
ရွှေအမြုတေ နေရာတကျ ပြန်လည် ရောက်ရှိသွားသည့် အခိုက်အတန့်တွင် မူလကတည်းက အစွမ်းထက်နေသော ကျန်းချဲ့၏ အရှိန်အဝါများက တစ်ဟုန်ထိုး မြင့်တက်လာလေတော့သည်... ရွှေအမြုတေ အဆင့် ၏ ကန့်သတ်ချက် သို့ အမှန်တကယ် ရောက်ရှိသွားခဲ့လေပြီ... ထို့အပြင် သူ၏ ဖိအားများက သာမန် ရွှေအမြုတေ အဆင့် သိုင်းသခင် များနှင့် နှိုင်းယှဉ်လျှင် အဆပေါင်းများစွာ ပိုမို အစွမ်းထက် လွန်းလှပေသည်။
ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်နေသဖြင့် ကျန်းချဲ့ က ပါးစပ်ကို ဟကာ ကောင်းကင်သို့ မော့၍ အော်ဟစ်လိုက်ရာ သူ၏ အသံလှိုင်းများက ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးသို့ ဟိန်းဟောက် ပဲ့တင်ထပ်သွားလေသည်။
"ယင်ယန် ဝိညာဉ်မီးတောက်နဲ့ ရွှေအမြုတေကို သန့်စင်လိုက်ပြီ... ငါ့ရဲ့ ကံကြမ္မာကို ကောင်းကင်က မသတ်မှတ်ရဘူး... ငါကိုယ်တိုင် သတ်မှတ်မယ်ကွ..."
အရာအားလုံးကို အစကတည်းက စောင့်ကြည့်နေခဲ့သော ချီရွှယ်မိစ္ဆာသခင် သည် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ သက်ပြင်းချလိုက်မိလေသည်။
ပြီးပြည့်စုံသော ရွှေအမြုတေ အောင်မြင်သွားသည်နှင့် ကျန်းချဲ့၏ စွမ်းအားများ အကြီးအကျယ် မြင့်တက်သွားမည်ကို သူ သိထားလေသည်... ရှန်ရှန်းအဆင့် ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိမရှိ ဆိုသည်ကို မပြောရဲသော်လည်း ရှန်ရှန်းအဆင့် အောက်တွင်တော့ သူ၏ စွမ်းအားများက ထိပ်တန်းဟု အသေအချာ ဆိုနိုင်ပြီး သူ့ကို ယှဉ်ပြိုင်နိုင်သူ လုံးဝ မရှိသလောက် ရှားပါးသွားပြီ ပင်ဖြစ်သည်...
ဤသည်မှာ ပြီးပြည့်စုံသော ရွှေအမြုတေ... သိုင်းသူတော်စင် မျိုးစေ့ ပင်တကား။
"ကျန်းချဲ့... မင်းကို ဂုဏ်ပြုပါတယ်ကွာ..."
ချီရွှယ်မိစ္ဆာသခင် က ကျန်းချဲ့ကို ဂုဏ်ပြု စကားပြောရန် ပြင်လိုက်ချိန်တွင် ရုတ်တရက် စကားများ လည်ချောင်းတွင် တစ်ဆို့သွားပြီး လေဟာနယ် အတွင်းရှိ လူကို အလွန်အမင်း အံ့အားသင့်စွာ စူးစိုက်ကြည့်လိုက်လေသည်... အကြောင်းမှာ ဤအချိန်တွင် အပြောင်းအလဲ တစ်ခု ထပ်မံ ဖြစ်ပေါ်လာသောကြောင့် ပင်ဖြစ်သည်။
မူလက ရွှေအမြုတေ ၏ စုပ်ယူခြင်းကို ခံထားရသော ယင်ယန် ဝိညာဉ်မီးတောက် များသည် ယခုအခါ ရုတ်တရက် ကျန်းချဲ့၏ တစ်ကိုယ်လုံးသို့ စတင် ပျံ့နှံ့လာလေသည်... အလွန် ပူပြင်း လောင်ကျွမ်းစေသော အပူချိန်က သူ့ကိုပင် ခြိမ်းခြောက်မှု အချို့ ခံစားလိုက်ရစေလေသည်။
'ထိန်းချုပ်လို့ မရတော့တာများလား...'
ချီရွှယ်မိစ္ဆာသခင် ၏ စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ပေါ်လာလေသည်... အကယ်၍ ဤသို့သာ ဆိုလျှင် သူ ကိုယ်တိုင် ဝင်ရောက် လှုပ်ရှားကာ ကျန်းချဲ့ ကို ကူညီ၍ ဝိညာဉ်မီးတောက်များကို ဖိနှိပ်ပေးရုံသာ ရှိလေတော့သည်... အကြောင်းမှာ ထို ဝိညာဉ်မီးတောက်များက ယင်ယန်အဘိုးအို ၏ ပြုစုပျိုးထောင်မှု အောက်တွင် ရှန်ရှန်းအဆင့်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်ရာ...
၎င်း၏ စွမ်းအားကို သာမန် ရွှေအမြုတေ များ အနေဖြင့် လုံးဝ ခံနိုင်ရည် ရှိမည် မဟုတ်ချေ... ကျန်းချဲ့က အခုလေးတင် အဆင့်တက်လှမ်း ထားခါစ ဖြစ်ပြီး အခြေခံ အုတ်မြစ် မခိုင်မာသေးသဖြင့် ကိုယ်တိုင် လှုပ်ရှားရန် မသင့်တော်ချေ။
"ဒီလောက် သေးမွှားတဲ့ မိစ္ဆာမီးတောက်လေးကို ငါကိုယ်တိုင် ကိုင်တွယ်ဖို့ လုံလောက်ပါတယ်..."
ကျန်းချဲ့ က ရုတ်တရက် စကားပြောလာပြီး ချီရွှယ်မိစ္ဆာသခင် ၏ လှုပ်ရှားမှုကို တားဆီးလိုက်လေသည်။
ထို့နောက် သူက လက်ဝါးကို ချီပင်လယ် ဒန်ထျန်း အပေါ်တွင် တင်လိုက်ရာ ခန္ဓာကိုယ် အတွင်းရှိ ရွှေအမြုတေ မှ စွမ်းအားများ လျင်မြန်စွာ စတင် ထွက်ပေါ်လာလေသည်... သို့သော် ကျန်းချဲ့ ဖိနှိပ်ရန် ကြိုးစားနေသည့် အချိန်မှာပင် ယင်ယန် ဝိညာဉ်မီးတောက် က ထိန်းချုပ်မရ ဖြစ်နေခြင်း မဟုတ်ကြောင်း သူ ရုတ်တရက် သတိထားမိလိုက်လေသည်... ယင်ယန်အဘိုးအို ကဲ့သို့ပင် သူ၏ မျက်ဝန်း နှစ်ဖက် အတွင်းသို့ အတင်း တိုးဝင်နေကြခြင်း ပင်ဖြစ်သည်... သိုလှောင်ရန် နေရာ တစ်ခုကို ရှာဖွေနေပုံ ရလေသည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ယင်ယန် မီးတောက် ၏ စွမ်းအားက အလွန် ကောင်းမွန်သော်လည်း ကျန်းချဲ့ အနေဖြင့် တစ်ဖက်က အဖြူ တစ်ဖက်က အမည်း ဖြစ်နေသော မျက်လုံးများဖြင့် မနေလိုချေ... တစ်ချက် ကြည့်လိုက်ရုံဖြင့် မိစ္ဆာလမ်းစဉ် မှ လူတစ်ယောက် ဖြစ်ကြောင်း သိသာ ထင်ရှား လွန်းနေလေသည်... ခေတ္တမျှ စဉ်းစားပြီးနောက် ကျန်းချဲ့ ၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာလေသည်... ဝိညာဉ်မီးတောက်များကို မျက်ခုံးကြားရှိ ဝိညာဉ်စင်မြင့် ဆီသို့ စုစည်းစေရန် ပင်ဖြစ်သည်။
ယခင်က နတ်ဘုရား အလင်းတန်းကို တောက်ပစေခဲ့စဉ်က သူသည် ဝိညာဉ်စင်မြင့် တစ်စိတ်တစ်ပိုင်းကို ဖွင့်လှစ်ထားခဲ့ပြီး ဖြစ်ရာ ယခုအခါ လုံးဝ ခံနိုင်ရည် ရှိနေပြီ ဖြစ်သည်... ထို့အပြင် ယင်ယန် မီးတောက် ၏ စွမ်းအားကို အသုံးပြု၍ ဝိညာဉ်စင်မြင့် ကို ပိုမို ကျယ်ပြန့်အောင်ပင် ပြုလုပ်နိုင်သေးလေသည်... ရှန်ရှန်းအဆင့် သို့ ရောက်ရှိပြီး ဝိညာဉ် တည်ဆောက်သည့် အခါ ဝိညာဉ်စင်မြင့် အတွင်း၌သာ သိမ်းဆည်းရမည် ဖြစ်ကြောင်း သူ သိထားလေသည်... ထို့ကြောင့် ယခုကတည်းက ကြိုတင် ပြင်ဆင်ထားရန် အပြည့်အဝ ဖြစ်နိုင်လေသည်။
တွေးမိသည်နှင့် ချက်ချင်း လုပ်ဆောင်လိုက်လေသည်... လိမ္မာ ယဉ်ကျေးနေသော ယင်ယန် မီးတောက် များကလည်း ကျန်းချဲ့ ၏ အမိန့်ကို အလွန် နာခံကြပြီး မျက်ဝန်း နှစ်ဖက် အတွင်းမှ အပေါ်သို့ လျင်မြန်စွာ စုစည်း သွားကြလေသည်... သို့သော် ယခု လက်ရှိ ဝိညာဉ်စင်မြင့် က ရှန်ရှန်းအဆင့် ၏ စွမ်းအားနှင့် ညီမျှသော အရာများကို လုံးဝ ခံနိုင်ရည် မရှိသေးချေ... ယင်ယန် မီးတောက် များ အပြင်သို့ လျှံကျလာလေသည်... မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျန်းချဲ့ ၏ မျက်ခုံးကြား တွင် ထူးဆန်း အံ့သြဖွယ်ကောင်းသော အမှတ်အသား နှစ်ခု ကျန်ရစ်ခဲ့လေသည်။
တစ်ဖက်က အနက်ရောင် တစ်ဖက်က အဖြူရောင် ဖြစ်ပြီး အချင်းချင်း ရောယှက် နေကြကာ အဝေးမှ ကြည့်လိုက်လျှင် ဒေါင်လိုက် မျက်လုံး တစ်လုံး အလား ပင်ဖြစ်လေသည်... ဘေးပတ်ဝန်းကျင်ရှိ ယင်ယန် မီးတောက်များ အားလုံး ဤနေရာသို့ အကုန်အစင် စုစည်း သွားကြလေသည်... နတ်ဘုရား အမှတ်အသား က ဝိညာဉ်စင်မြင့် နှင့် ဆက်သွယ်နေပြီး ကျန်းချဲ့ ၏ ယင်ယန် မီးတောက် များကို သိုလှောင် ပေးထားလေသည်။
အချိန် အနည်းငယ် ထပ်မံ ကြာမြင့်ပြီးနောက် အရာအားလုံး ပြန်လည် တိတ်ဆိတ် ငြိမ်သက် သွားလေသည်... မျက်ခုံးကြားရှိ ထူးဆန်းသော အမှတ်အသား များကို စမ်းသပ် ကြည့်ပြီးနောက် ကျန်းချဲ့ က စိတ်ကူး တစ်ချက် တွေးလိုက်လေသည်... နောက်တစ်စက္ကန့်တွင် မျက်ခုံးကြားရှိ အဖြူနှင့် အနက် အမှတ်အသား နှစ်ခု မှ အလင်းတန်း တစ်ချက် တောက်ပသွားပြီး အဖြူနှင့် အနက် ရောယှက်နေသော မီးတောက် တစ်ခု ချက်ချင်း ထွက်ပေါ်လာလေတော့သည်။
အလွန် ပူပြင်းသော မီးတောက်များ က လေဟာနယ် ကိုပင် လောင်ကျွမ်း စေပြီး အလင်းတန်း များ၏ ရောင်ပြန်ဟပ်မှု အောက်တွင် လေဟာနယ် ပင်လျှင် လောင်ကျွမ်းမှု ကြောင့် ပုံပျက် သွားသကဲ့သို့ ပင်ဖြစ်လေသည်... မီးတောက် များက လျင်မြန်စွာ ကျယ်ပြန့် သွားပြီး ကျန်းချဲ့ ၏ နတ်အာရုံ မည်မျှ အထိ ပျံ့နှံ့နိုင်သနည်း ထို အတိုင်းအတာ အထိ ရောက်ရှိနိုင်ပုံ ရလေသည်... မျက်တောင်တစ်ခတ် အတွင်းမှာပင် ပတ်လည် ပေရှစ်ထောင် အထိ လွှမ်းခြုံ သွားလေတော့သည်။
သိထားရမည်မှာ ဤသည်က ကျန်းချဲ့ အနေဖြင့် ချီရွှယ်မိစ္ဆာသခင် ၏ စွမ်းအားကို အသုံးပြု ထားချိန် မဟုတ်ဘဲ သူ၏ ကိုယ်ပိုင် နတ်အာရုံ သက်သက်ဖြင့် ပေရှစ်ထောင် အထိ ပျံ့နှံ့ နိုင်ခဲ့ခြင်း ပင်ဖြစ်သည်... ထို့အပြင် အမြင့်ဆုံး ကန့်သတ်ချက် သို့ မရောက်သေးကြောင်း ကိုပင် သူ ခံစား နေရသေးလေသည်... အမြင့်ဆုံး ကန့်သတ်ချက် တွင် ဆိုပါက ပေတစ်သောင်း အထိပင် ဖြစ်နိုင်ခြေ ရှိလေသည်။
ယင်ယန် မိစ္ဆာမီးတောက် ၏ လောင်ကျွမ်းမှု အောက်တွင် မျက်စိတစ်မှိတ် အတွင်း မူလက စိမ်းလန်း စိုပြည်နေသော သစ်ပင်များ အားလုံး ချက်ချင်း ပြာအဖြစ်သို့ ပြောင်းလဲသွားသည်... ပတ်လည် ပေရှစ်ထောင် အတွင်း ချီရွှယ်မိစ္ဆာသခင် မှလွဲ၍ အရာအားလုံး အမှုန့် အဖြစ်သို့ ပြောင်းလဲ သွားလေသည်... အမည်းရောင် ပြာပြင်ကြီး အဖြစ် ပြောင်းလဲ သွားပြီး အလွန် တုန်လှုပ် ခြောက်ခြားဖွယ် ကောင်းလှပေသည်။
"ကောင်လေး... နတ်စွမ်းရည်ကို မြန်မြန် ရုပ်သိမ်းလိုက်တော့..."
ကျန်းချဲ့ သည် ယခု အချိန်တွင် ယင်ယန် မီးတောက် ၏ စွမ်းအားကို စမ်းသပ် နေခြင်း ဖြစ်ကြောင်း မြင်တွေ့ လိုက်ရသဖြင့် ချီရွှယ်မိစ္ဆာသခင် က လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
ထိုစကားကို ကြားသောအခါ ကျန်းချဲ့ က ချီရွှယ်မိစ္ဆာသခင် ကို တစ်ချက် ကြည့်လိုက်ပြီးနောက် စိတ်ကူး တစ်ချက် ထပ်မံ တွေးလိုက်ရာ ယခင်က ထွက်ပေါ် နေသော ယင်ယန် မီးတောက် များ လျင်မြန်စွာ ပြန်လည် ဝင်ရောက် သွားသည်... မျက်တောင်တစ်ခတ် အတွင်းမှာပင် နတ်ဘုရား အမှတ်အသား နှစ်ခု ၏ ဝါးမျိုခြင်းကို အကုန်အစင် ခံလိုက်ရလေသည်။
ထို့နောက် နတ်ဘုရား အမှတ်အသား နှစ်ခု က အရေပြား အောက်သို့ ဖြည်းညင်းစွာ ပျောက်ကွယ် သွားပြီး ဝိညာဉ်မျက်လုံး ပိုင်ဆိုင် ထားသူ မှလွဲ၍ အခြား သူများ အနေဖြင့် ရှာဖွေ တွေ့ရှိရန် အလွန် ခဲယဉ်း သွားလေတော့သည်။
"မင်းက ယင်ယန်အဘိုးအို ရဲ့ နတ်စွမ်းရည် ကို ဘယ်လိုလုပ် တတ်သွားတာလဲ..."
ချီရွှယ်မိစ္ဆာသခင် က ကျန်းချဲ့ ကို လေးနက်စွာ အကဲခတ် နေပြီး မျက်ဝန်းထဲတွင် နက်နဲသော အဓိပ္ပာယ် များ ပါဝင်နေလေသည်... ကျန်းချဲ့ ၏ နည်းလမ်းများ က ယခင် ယင်ယန်အဘိုးအို နတ်စွမ်းရည် ကို အသုံးပြု ခဲ့စဉ်က နှင့် လုံးဝ တစ်ထပ်တည်း ကျနေလေသည်။
"ကျုပ်လည်း မသိဘူးလေ... ယင်ယန် မီးတောက် က ရွှေအမြုတေ ရဲ့ ဝါးမျိုတာ ခံလိုက်ရလို့ နေမှာပေါ့... ဒီမီးတောက် တွေကို ကျုပ် ကိုယ်ပိုင် လက်မောင်း လိုမျိုး စိတ်ကြိုက် အသုံးပြုလို့ ရတယ်လို့ ခံစားရတယ်..."
ကျန်းချဲ့ က ပြန်ဖြေလိုက်လေသည်။
"မင်း တကယ်ပဲ ကံကောင်းတာပဲ... ဒီ ယင်ယန် ဝိညာဉ်မီးတောက် က ယင်ယန်အဘိုးအို ရဲ့ နှစ်ပေါင်း တစ်ရာကျော် ပြုစုပျိုးထောင် မှုကို ခံခဲ့ရပြီး ရှန်ရှန်းအဆင့် ထိတောင် ရောက်ခဲ့တာ... နောက်ဆုံးတော့ မင်းအတွက် အဆင်သင့် ဖြစ်သွားတာပဲ... မင်းရဲ့ ဒီမီးတောက် ထွက်လာတာနဲ့... သေချာပေါက် ရှန်ရှန်းအဆင့် ရဲ့ နည်းလမ်းပဲ..."
ချီရွှယ်မိစ္ဆာသခင် က ပြောရင်း အနည်းငယ် အားကျ မနာလို ဖြစ်နေမိလေသည်။
ကျန်းချဲ့ ဤ ကောင်လေး အလွန် ကံကောင်း လွန်းလှသည်ဟု ရင်ထဲတွင် တိတ်ဆိတ် ရေရွတ် လိုက်မိလေသည်... ယင်ယန် ဝိညာဉ်မီးတောက် ကို အသုံးပြု၍ ပြီးပြည့်စုံသော ရွှေအမြုတေ ကို တည်ဆောက် နိုင်ခဲ့ရုံ သာမက ထိုအရာကို အသုံးပြု၍ လုံးဝ လိမ္မာ ယဉ်ကျေး စွာဖြင့် မိမိ၏ ကိုယ်ပိုင် နည်းလမ်း တစ်ခု အဖြစ် အောင်မြင်စွာ သိမ်းပိုက် နိုင်ခဲ့ခြင်း က တကယ်ကို အခြား သူများကို အားကျ စေလောက်ပေသည်... ယခင်က သူ ဘာလို့များ ဒီလို ကံကောင်းမှု မျိုး မရခဲ့တာလဲ။
ထိုစကားကို ကြားသောအခါ ကျန်းချဲ့ ၏ မျက်ဝန်းများ လှုပ်ရှားသွားပြီး ယဇ်ပလ္လင်ကျောက်တိုင် ကို တွေးမိ သွားလေသည်... ယဇ်ပလ္လင်ကျောက်တိုင် ၏ ဝါးမျိုခြင်း ကို ခံလိုက်ရသောကြောင့်သာ ယင်ယန် ဝိညာဉ်မီးတောက် က သူ့အပေါ်တွင် ဤမျှလောက် လိမ္မာ ယဉ်ကျေး သွားပြီး အလွယ်တကူ ထိန်းချုပ် နိုင်ခဲ့ခြင်း ဖြစ်နိုင်လေသည်... နောက်ဆုံး အစီအမံ တစ်ခု ပိုမို ရရှိသွားသည်ဟု ဆိုနိုင်ပေသည်။
ဤအချိန်မှစ၍ သူ ကိုယ်တိုင် လှုပ်ရှားစရာပင် မလိုတော့ဘဲ ယင်ယန် မီးတောက် ကို ဖွင့်လှစ် လိုက်ရုံဖြင့် ရှန်ရှန်းအဆင့် အောက်တွင် ခံနိုင်ရည် ရှိမည့်သူ လုံးဝ မရှိသလောက် ပင်ဖြစ်လေတော့သည်။
ယခု လက်ရှိ သူ သည် ရှန်ရှန်းအဆင့် နှင့် ကွာဟချက် ရှိနေသေးသော်လည်း ရှန်ရှန်းအဆင့် ၏ နည်းလမ်း များကို ပိုင်ဆိုင် ထားပြီဟု အပြည့်အဝ ဆိုနိုင်လေပြီ။
"မင်းရဲ့ ဒီနည်းလမ်း က ဘာနာမည် ခေါ်လဲ..."
"ယင်ယန် မိစ္ဆာမီးတောက် လို့ပဲ ခေါ်လိုက်ပါမယ်..."
ကျန်းချဲ့ က အသက်ရှူကြိမ် အနည်းငယ်မျှ စဉ်းစား ပြီးနောက် ပြောလိုက်လေသည်။
"မင်းကို တကယ် ဂုဏ်ပြုပါတယ်ကွာ... ပြီးပြည့်စုံသော ရွှေအမြုတေ အောင်မြင်သွားပြီး သိုင်းသူတော်စင် မျိုးစေ့ ကို ပိုင်ဆိုင်သွားပြီ... အခု နတ်စွမ်းရည် တစ်ခုကိုပါ ထပ်ရလိုက်သေးတယ်... မင်းရဲ့ စွမ်းအား နဲ့ အစစ်အမှန် ရှန်ရှန်းအဆင့် မဟာသိုင်းသခင် ကို ရင်ဆိုင်ဖို့ အနည်းငယ် လိုအပ်နေသေးရင်တောင်... ရှန်ရှန်းအဆင့် ရဲ့ စွမ်းအား တချို့ကို ပိုင်ဆိုင်သွားပြီပဲ... ရှန်ရှန်းအဆင့် အောက်မှာတော့ ပြိုင်ဘက်ကင်း လို့တောင် ခေါ်လို့ ရနေပြီ... ငါ့အမြင် အရတော့ နတ်ဘုရား ဂိုဏ်း တချို့က အဓိက တပည့် တွေကလွဲရင် ရွှေအမြုတေ အဆင့် ထဲမှာ မင်းကို အနိုင်ယူနိုင်မယ့်သူ ဘယ်သူမှ မရှိတော့ဘူး..."
ချီရွှယ်မိစ္ဆာသခင် က သက်ပြင်းချကာ ပြောလိုက်လေသည်...
ကျန်းချဲ့ ၏ ကောင်းမွန်လှသော ကံကြမ္မာ ကို သူ ဝန်မခံဘဲ မနေနိုင်ချေ။
'ရှန်ရှန်းအဆင့် အောက်မှာ ပြိုင်ဘက်ကင်း ဟုတ်လား...'
ကျန်းချဲ့ က ဝိညာဉ်စင်မြင့် အတွင်း၌ တဟုန်းဟုန်း တောက်လောင် နေသော ယင်ယန် မိစ္ဆာမီးတောက် ကို ခံစားကြည့်ရင်း ဤ ဘွဲ့အမည် က အလွန် လွန်ကဲ လွန်းသည်ဟု မထင်မိချေ... မည်သို့ပင်ဆိုစေ ဤလောကကြီး တွင် ရွှေအမြုတေ အဆင့် ၌ ရှန်ရှန်းအဆင့် ၏ နည်းလမ်း များကို ပိုင်ဆိုင် ထားနိုင်သူ မည်မျှ ရှိမည်နည်း။
သူ မီးတောက်များကို အသုံးပြုရာတွင် ယင်ယန်အဘိုးအို ကို မယှဉ်နိုင်လျှင်တောင် နောင်တစ်ချိန် တွင်တော့ သေချာပေါက် ပြော၍ မရနိုင်ချေ... မည်သို့ပင်ဆိုစေ သူ က ယခု အချိန်တွင် ရွှေအမြုတေ အထွတ်အထိပ် အဆင့် သို့ မရောက်သေးချေ... ထို အချိန်သို့ ရောက်ရှိသွားပါက မိစ္ဆာမီးတောက် ထွက်ပေါ် လာသည်နှင့် သူက ရှန်ရှန်းအဆင့် တိုက်ခိုက်ရေး စွမ်းအား မဟုတ်ဘူး ဟု မည်သူ က ပြောရဲ မည်နည်း။
ဒြပ်စင်ငါးပါး အမှီအခိုကင်း သိုင်းသမားများ ပင်လျှင် ဒြပ်စင်ငါးပါး အစီအရင် ဖြင့် ရှန်ရှန်းအဆင့် မဟာသိုင်းသခင် ကို သတ်ဖြတ် နိုင်ခဲ့ရာ သူ က ပြီးပြည့်စုံသော ရွှေအမြုတေ နှင့် ယင်ယန် မိစ္ဆာမီးတောက် များကို ပိုင်ဆိုင် ထားသဖြင့် ထိုအဆင့် သို့ ရောက်ရှိအောင် မစွမ်းဆောင် နိုင်စရာ အကြောင်းမရှိချေ... ယခုမှသာ သူက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း အချို့ကို အမှန်တကယ် ပိုင်ဆိုင် သွားခဲ့ပြီ ပင်ဖြစ်လေသည်။
"ကောင်လေး... မင်း ဘယ်လိုလုပ်လိုက်တာလဲ ဆိုတာကို ငါ့ကို ရိုးရိုးသားသား ပြောပြစမ်း..."
ချီရွှယ်မိစ္ဆာသခင် ၏ ရင်ထဲတွင် သံသယများ ပြည့်နှက် နေသဖြင့် ချက်ချင်းပင် ဖွင့်ဟ မေးမြန်း လိုက်လေသည်။
"စီနီယာ က ဘာကို ဆိုလိုတာလဲ..."
ကျန်းချဲ့ ၏ မျက်နှာပေါ်တွင် သံသယ ဖြစ်ဖွယ် အမူအရာ ပေါ်လာလေသည်။
"ယင်ယန် ဝိညာဉ်မီးတောက် နဲ့ ရွှေအမြုတေ ကို သန့်စင်တဲ့ နည်းလမ်း ကို ပြောတာပေါ့..."
"ဒါက... ကံကောင်းသွားတာ နေမှာပါ..."
ကျန်းချဲ့ က ပြုံးလိုက်ပြီး အမှန်အတိုင်း ပြန်လည် မဖြေကြားခဲ့ချေ... နောက်နေတာလား... ဒီလို ကိစ္စမျိုးကို သူ ဘယ်လိုလုပ် ထုတ်ပြောလို့ ရနိုင်မှာလဲ... သူ သံသယ ရှိနေရင်လည်း ကြိုက်သလို ခန့်မှန်းခိုင်း ထားလိုက်မည် ပင်ဖြစ်သည်။
ချီရွှယ်မိစ္ဆာသခင် က ကျန်းချဲ့ ကို အသက်ရှူကြိမ် အနည်းငယ်မျှ စူးစိုက် ကြည့်နေပြီးနောက် ကံကောင်းခြင်း ဆိုသည်မှာ လုံးဝ မရှိနိုင်ဘဲ ကျန်းချဲ့ မပြောချင်၍သာ ဖြစ်ကြောင်း သိရှိသွားလေသည်... ဤအခြေအနေကို မြင်သောအခါ သူ လည်း ဆက်လက်၍ မမေးမြန်းတော့ဘဲ နှုတ်ခမ်းကို တွန့်လိုက်ကာ ပြောလိုက်လေသည်...
"မင်း ကောင်လေး... တော်တော် ကောက်ကျစ် တာပဲ..."
"စီနီယာ မြှောက်စားလွန်းပါပြီ..."
ကျန်းချဲ့ က လက်ကာပြလိုက်ပြီး နှိမ့်ချသော အမူအရာ ဖြင့် ပြောလိုက်လေသည်။
ချီရွှယ်မိစ္ဆာသခင်မှာ ဆွံ့အသွားလေသည်။
'သူက ကျန်းချဲ့ ကို ချီးကျူး နေတာများလား...'
သို့သော် တွေးသာ တွေးနေသော်လည်း နှုတ်မှ ထုတ်မပြောရဲချေ... ယခု အချိန်တွင် ကျန်းချဲ့ က သူနှင့် တန်းတူ ဆက်ဆံနိုင်သော အရည်အချင်း ကို ပိုင်ဆိုင် နေပြီ ဖြစ်လေသည်... ခေတ္တမျှ စဉ်းစား ပြီးနောက် သူ က လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
"ကျန်း ကောင်လေး... မင်း ငါ့ကို ဆရာ အဖြစ် ခံယူချင်လား... ငါ့ရဲ့ သွေးလမ်းစဉ် အမွေအနှစ် တွေက ထိပ်တန်း ဂိုဏ်းကြီး တွေထက် လုံးဝ မနိမ့်ကျဘူးနော်..."
"တကယ်လို့ ဆရာ အဖြစ် ခံယူရမယ် ဆိုရင်... စီနီယာ က သွေးပင်လယ် ပုလဲ ဒါမှမဟုတ် နဂါးကြော ကို တပည့်ခံလက်ဆောင် အနေနဲ့ ကျုပ်ကို ပေးနိုင်မလား..."
ကျန်းချဲ့ က မျက်ခုံး အနည်းငယ် ပင့်လိုက်ပြီး ပြုံးစိစိဖြင့် မေးလိုက်လေသည်။
"ကောင်လေး... တပည့်ခံလက်ဆောင် ဆိုတာ တပည့် က ဆရာ ကို ပေးရတာကွ... ဆရာ က တပည့် ကို ပြန်ပေးရတာ မဟုတ်ဘူး..."
ချီရွှယ်မိစ္ဆာသခင် က အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။
"ခင်ဗျား ပေးမလား မပေးဘူးလား သာ ပြောပါ... ပေးမယ် ဆိုရင် ကျုပ် အခု ချက်ချင်း ဂါရဝပြုမယ်..."
ချီရွှယ်မိစ္ဆာသခင် ဘက်မှ လုံလောက်သော တန်ဖိုး ကို ပေးနိုင်သရွေ့ ဆရာ တစ်ယောက် ပိုလာမည် ကို သူ လုံးဝ ကန့်ကွက်စရာ မရှိချေ... သေချာသည်ကတော့ တစ်ဖက်လူ ဘက်မှ မပေးနိုင်ပါက ဘာမှ ဆက်ပြောစရာ မလိုတော့ချေ... မည်သို့ပင်ဆိုစေ သူ က တစ်ဖက်လူ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေသည် မဟုတ်ပါလော။
"ထားလိုက်ပါတော့... မင်း မလုပ်ချင်ရင်လည်း ပြီးတာပါပဲ... ဒါပေမဲ့ ငါတို့ အပေးအယူ တစ်ခု ထပ်လုပ်ရအောင် ဘယ်လိုလဲ..."
ချီရွှယ်မိစ္ဆာသခင် က ဆရာ တပည့် အမည်ခံရုံ သက်သက်ဖြင့် နဂါးကြော နှင့် သွေးပင်လယ် ပုလဲ ကို လုံးဝ အပေးခံနိုင်မည် မဟုတ်ချေ... ကျန်းချဲ့ က နောင်တစ်ချိန်တွင် ဆရာကို သစ္စာဖောက်ပြီး သတ်ဖြတ်ပစ်မလား ဆိုတာ ဘယ်သူ က သိနိုင်မည်နည်း။
"စီနီယာ ပြောပါ..."
"ငါ က မင်းရဲ့ လမ်းစဉ်ကို အစွမ်းကုန် ကာကွယ်ပေးမယ်... သိုင်းသူတော်စင် ဖြစ်လာတဲ့ အထိတောင် ကူညီပေးမယ်... မင်း အဆင့်တက်လှမ်း ပြီးသွားရင် ငါ့ကို ပြန်ပြီး အစွမ်းကုန် ကူညီပေးပါ ဘယ်လိုလဲ..."
ချီရွှယ်မိစ္ဆာသခင် က လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
"သွေးကျိန်စာ ချုပ်ရမှာလား..."
"ဒါပေါ့..."
ကျန်းချဲ့ က ခေတ္တမျှ စဉ်းစား ပြီးနောက် ခေါင်းညိတ် လိုက်လေသည်...
"အပေးအယူ လုပ်တာ ရပါတယ်... ဒါပေမဲ့ ခင်ဗျား က ကျုပ်ရဲ့ တောင်းဆိုချက် တစ်ခုကိုတော့ သဘောတူပေးရမယ်..."
"ဘာလဲ..."
"ကျုပ်ရဲ့ ထျန်းယာ မဟာမိတ်အဖွဲ့ ရဲ့ ဒုတိယ အဖွဲ့ချုပ်ခေါင်းဆောင် အဖြစ် ဝင်ရမယ်..."
"အဲ့ဒါက ဘာကြီးလဲ..."
ချီရွှယ်မိစ္ဆာသခင် အနည်းငယ် ကြက်သေသေသွားပြီး သံသယ ဖြစ်သွားလေသည်... အကြောင်းမှာ သူ က ဤနာမည်ကို တစ်ခါမျှ မကြားဖူး ခဲ့သောကြောင့် ပင်ဖြစ်သည်။
"ဘာကြီးမှ မဟုတ်ပါဘူး... ဂျူနီယာ အရင်က တည်ထောင်ခဲ့တဲ့ သိုင်းလောက အင်အားစု တစ်ခုပါ... ဂျူနီယာ ရဲ့ စွမ်းအားတွေ တက်လာတာနဲ့ အမျှ ဂျူနီယာ ရဲ့ အရှိန်ကို မမီနိုင်တော့လို့ပါ... ဒါပေမဲ့... ကျုပ် က ဒါကို အခွင့်အရေးယူပြီး အစွမ်းထက် သိုင်းပညာရှင် တချို့ကို စုဆောင်းချင်သေးလို့ပါ..."
ကျန်းချဲ့ က ရှင်းပြလိုက်လေသည်။
"မင်း ကောင်လေး က ငါ့ကို မင်းရဲ့ အောက်မှာ နေစေချင်တာလား... မင်းရဲ့ လက်အောက်ငယ်သား အဖြစ် နေရမယ်ပေါ့..."
ချီရွှယ်မိစ္ဆာသခင် မျက်လုံးများ ပြူးကျယ်သွားပြီး အနည်းငယ် မကျေမနပ် ဖြစ်သွားလေသည်... သူ ချီရွှယ်မိစ္ဆာသခင် က ဘယ်တုန်းကများ ဒီလို အခြေအနေ မျိုးကို ကျရောက် သွားခဲ့ရတာလဲ။
ကျန်းချဲ့ က လက်ကာပြလိုက်ပြီး ဖွဖွ ရယ်မောလိုက်လေသည်...
"စီနီယာ အများကြီး တွေးနေပါပြီ... အဖွဲ့ချုပ်ခေါင်းဆောင် တွေ ဒုတိယ အဖွဲ့ချုပ်ခေါင်းဆောင် တွေ... လက်အောက်ငယ်သား တွေ အထက်လူကြီး တွေ ဆိုတာ ဘာမှ မဟုတ်ပါဘူး... နောက်ပိုင်း ကိစ္စတွေကို ကျွန်တော်တို့ တိုင်ပင်ပြီး လုပ်ကြတာပေါ့…”