အခန်း ၃၀၀
Vol. 30 Ch. 300
အခန်း (၃၀၀) ရုပ်သွင်ကို အသုံးချခြင်း
အဘိုးအိုကျိုဟယ် အနေဖြင့် အစပိုင်းတွင် မောက်မာခဲ့သော်လည်း နောက်ပိုင်းတွင် ဖားယားသွားရခြင်းကို ရယ်စရာဟု လုံးဝ အပြစ်တင်၍ မရနိုင်ချေ။
သူတို့ နှစ်ယောက် ကြားရှိ ကွာဟချက်မှာ ကြီးမားလွန်းလှပြီး တူညီသော အတိုင်းအတာ တစ်ခုတည်းတွင် လုံးဝ ရှိမနေသောကြောင့် ပင်ဖြစ်သည်။
အကယ်၍ ကျန်းချဲ့သာ ဆန္ဒရှိပါက ကျိုဟယ် တစ်ယောက်တည်းသာမက ယွီလင်တောင် တစ်ခုလုံး ပေါင်းလိုက်လျှင်ပင် သူတစ်ယောက်တည်းကို သတ်ဖြတ်ရန် လုံလောက်မည် မဟုတ်ချေ။
အကယ်၍ သာမန် သိုင်းပညာရှင် တစ်ယောက်သာ လာရောက် ခိုးယူမည်ဆိုပါက သေခန်းပြတ် တိုက်ခိုက်ကြမည်မှာ အသေအချာပင်။
သို့သော် ကွာဟချက်က အရမ်း ကြီးမားလွန်းနေပါက လျင်မြန်စွာ အရှုံးပေးလိုက်ခြင်း ကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်လေသည်။
ဤသည်မှာ သိုင်းလောက ၏ ရှင်သန်ရေး လမ်းစဉ် ပင်ဖြစ်သည်။
သိုင်းလောကတွင် ကျင်လည်ချင်ပါက အချိန်မရွေး ဒူးထောက်ရန် အသင့်ရှိနေရမည် ပင်ဖြစ်သည်။
ထို့ကြောင့် ယခုအချိန်တွင် အဘိုးအိုကျိုဟယ် သည် အနည်းငယ်မျှ အရှက်ရသည်ဟု မခံစားရဘဲ တစ်ဖက်လူ ဒေါသထွက်မည်ကိုသာ ကြောက်ရွံ့ တုန်လှုပ် နေလေသည်။ သူ၏ ရတနာတိုက် အတွင်းရှိ အဖိုးတန် ပစ္စည်းများ အားလုံးကို ထုတ်ပေးရန်ပင် ဝန်မလေးတော့ချေ။
"မလိုတော့ဘူး... ယူသင့်တာတွေကို ကျုပ် ယူပြီးသွားပြီ... ကျန်တာတွေကို မင်းပဲ ဆက်သိမ်းထားလိုက်ပါ..."
ကျန်းချဲ့ က လက်ကာပြလိုက်လေသည်။
"စီနီယာ က အရမ်းကို သနားကြင်နာ တတ်တာပဲ... ဒီလူအိုကြီး က ယွီလင်တောင် တစ်ခုလုံး ကိုယ်စား စီနီယာ့ကို အရိုအသေ ပေးပါတယ်..."
အဘိုးအိုကျိုဟယ် သည် တစ်ဖန် ထပ်မံ၍ ခါးကိုင်းကာ အရိုအသေ ပေးလိုက်ပြန်လေသည်။
"မင်း က အခြေအနေကို ကောင်းကောင်း နားလည်တာပဲ... နောက်ပိုင်းမှာ အသက်ရှည်ရှည် နေရလောက်တယ်..."
ကျန်းချဲ့ က ပြုံးလိုက်ပြီး ခြေတစ်လှမ်း ရွှေ့လိုက်ရာ တစ်ဖက်လူ၏ ဘေးသို့ ချက်ချင်း ရောက်ရှိသွားလေသည်။ မြေပြင်ကို ကျုံ့ကာ ခြေလှမ်းလိုက်သကဲ့သို့ ပင်ဖြစ်ပြီး အဘိုးအိုကျိုဟယ် ၏ ပခုံးကို ပုတ်ကာ အားပေး စကားဆိုလိုက်လေသည်။
အမှန်တကယ်တော့ သူက ယွီလင်တောင် ကို သတ်ဖြတ် ဖျက်ဆီးပစ်ရန် လုံးဝ မတွေးတော ခဲ့ဖူးချေ။
မည်သို့ပင်ဆိုစေ သူက လူသတ်ခြင်းကို ပျော်ရွှင်မှု တစ်ခုအဖြစ် သတ်မှတ်ထားသူ မဟုတ်ချေ။ တစ်ဖက်လူက သူ့ကို မဆွ သရွေ့ သူကလည်း အလွယ်တကူ လှုပ်ရှားမည် မဟုတ်ချေ။ သို့သော် တစ်ဖက်လူထံတွင် သူ လိုအပ်သော ယဇ်ပူဇော်စရာ ပစ္စည်းများ ရှိနေပါက ယဇ်ပူဇော်ရန် အတွက် ရက်စက်သော နည်းလမ်းများကိုတော့ အသုံးပြုရမည် သာ ဖြစ်လေသည်။
"စီနီယာ့ ရဲ့ ကောင်းချီး စကားတွေ အတွက် ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်..."
"သွားပြီ..."
ကျန်းချဲ့ ၏ စကားသံ အဆုံးတွင် အခြား စကားများ ထပ်မပြောတော့ဘဲ မျက်တောင်တစ်ခတ် အတွင်းမှာပင် အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲကာ ပျောက်ကွယ် သွားလေတော့သည်။
အဘိုးအိုကျိုဟယ် တစ်ယောက်တည်းသာ နေရာတွင် ကျန်ရစ်ခဲ့ပြီး နဖူးပေါ်မှ ချွေးများကို သုတ်လိုက်လေသည်။ တစ်ဖက်လူ အမှန်တကယ် ထွက်ခွာသွားပြီ ဖြစ်ကြောင်း မြင်တွေ့လိုက်ရသောအခါ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိလေသည်။ ထို့နောက် တစ်စုံတစ်ရာကို သတိရသွားသည့်အလား ဂူ အတွင်းသို့ လျင်မြန်စွာ ပြေးဝင်သွားလေသည်။
ကျန်းချဲ့ က ဂူ အတွင်းရှိ မီးတောက် ရွှေမှို များ အားလုံးကို ယူဆောင် သွားလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း တကယ်တမ်းတွင် နှစ်တစ်ထောင် သက်တမ်းရှိ နှစ်ပွင့် ကိုသာ ယူဆောင်သွားပြီး ယွမ်ကျောက်တုံး အချို့ကိုပင် ချန်ထားရစ်ခဲ့ကြောင်း တွေ့ရှိလိုက်ရလေသည်။
ထို ယွမ်ကျောက်တုံး များက မီးတောက် ရွှေမှို နှစ်ပွင့် ၏ တန်ဖိုးကို မမီသော်လည်း တစ်ဖက်လူ၏ သဘောထား ကိုတော့ မြင်တွေ့လိုက်ရလေသည်။
အဘိုးအိုကျိုဟယ် မှာ အတော်လေး အံ့အားသင့် သွားပြီး သက်ပြင်းချကာ ရေရွတ်လိုက်မိလေသည်။
'ဒီလူက တော်တော်လေး သဘောကောင်းတာပဲ...'
သူ၏ တွေးထင်ထားမှု အရ ဆိုလျှင် တောင်ပိုင်းယွဲ့ မြို့တော် ကိုပင် ပြဿနာ ရှာရဲသော အစွမ်းထက် ပုဂ္ဂိုလ်ကြီး များမှာ သေချာပေါက် စိတ်သဘောထား ပြောင်းလဲလွယ်သော မိစ္ဆာ များသာ ဖြစ်ရမည် မဟုတ်ပါလော။ ထို့အပြင် ချီရွှယ်မိစ္ဆာသခင် လို လူမျိုးပင် ဘေးတွင် ပါလာသေးရာ သူတို့၏ စိတ်နေစိတ်ထား က မည်သို့ ရှိမည်ကို ခန့်မှန်း၍ ရနိုင်လေသည်။
သို့သော် ရလဒ်ကတော့ သူ မျှော်လင့်ထားသည်နှင့် အလွန် ကွာခြားနေခဲ့လေသည်။
ရှီဝမ်တာ့ရှန်း ဟူသော တောင်တန်းကြီးတစ်သောင်း ဆိုသည်မှာ အမှန်တကယ် တောင်တန်းပေါင်း တစ်သောင်း တိတိ ရှိနေခြင်းကို ဆိုလိုခြင်း မဟုတ်ဘဲ အားလုံးကို ခြုံငုံ ခေါ်ဝေါ်သော နာမည် တစ်ခုသာ ဖြစ်လေသည်။ အမှန်တကယ်တော့ ရှီဝမ်တာ့ရှန်း ဆိုသည်မှာ ဧရာမ တောင်စဉ်တောင်တန်း ကြီးများကို ခေါ်ဆိုခြင်း ဖြစ်ပြီး ထိုနေရာက ပိုင်ယွဲ့ နိုင်ငံများ အားလုံး၏ တားမြစ်နယ်မြေ ပင်ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် အလွန် အစွမ်းထက်သော အင်အားစု တစ်ခု ရှိနေသောကြောင့် ပင်ဖြစ်သည်။
စုန်းနတ်ဘုရား ကျောင်းတော် ပင်တကား။
ပိုင်ယွဲ့ နိုင်ငံများ အားလုံးတွင် အကြောက်မက်ဖွယ် အကောင်းဆုံး နှင့် လျှို့ဝှက်ဆန်းကြယ်ဆုံး အင်အားစု ကြီး တစ်ခု ဖြစ်ပြီး ပိုင်ယွဲ့ နိုင်ငံများ ၏ အထွတ်အထိပ် အရှင်သခင် လည်း ဖြစ်လေသည်။ အကယ်၍ စုန်းနတ်ဘုရား ကျောင်းတော် မှ တမန်တော်များ က အမိန့်ပေးလာပါက ပိုင်ယွဲ့ နိုင်ငံများ အနေဖြင့် အနည်းငယ်မျှပင် ဆန့်ကျင်ရဲမည် မဟုတ်ချေ။
အင်ပါယာ ၏ လက်အောက်ခံ နိုင်ငံများ အလား ပင်ဖြစ်လေသည်။
တောင်တန်းကြီး ၏ အစွန်အဖျား ဖြစ်လျှင်တောင် ပိုင်ယွဲ့ သိုင်းပညာရှင် များ အတွက်တော့ အလွန် အန္တရာယ်များသော တားမြစ်နယ်မြေ တစ်ခု ဖြစ်လေသည်။
ယခင်က ချီရွှယ်မိစ္ဆာသခင် လို ရိုင်းစိုင်း မောက်မာခဲ့သူ ပင်လျှင် ရှီဝမ်တာ့ရှန်း ၏ အနက်ရှိုင်းဆုံး နေရာသို့ ဝင်ရောက်ကာ လုယက် ဓားပြတိုက်ခြင်းကို လုံးဝ မလုပ်ရဲခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် သိုင်းသူတော်စင် အဆင့်ရှိ အစွမ်းထက် ပုဂ္ဂိုလ်ကြီး များ အမှန်တကယ် ရှိနေသောကြောင့် ပင်ဖြစ်သည်။
ယွီလင်တောင် မှ ထွက်ခွာလာပြီးနောက် ကျန်းချဲ့ သည် တောင်ဘက်သို့ ဆက်တိုက် ခရီးဆက်လာခဲ့လေသည်။ လမ်းခရီး တစ်လျှောက်တွင် အလယ်ပိုင်းဒေသ နှင့် လုံးဝ ကွဲပြား ခြားနားသော ဓလေ့ထုံးစံ များ... ဝတ်စားဆင်ယင်မှု များ နှင့် သိုင်းပညာ များကိုပင် မြင်တွေ့ခဲ့ရလေသည်။
မှော်လမ်းစဉ်... ဂူကောင် လမ်းစဉ်... မိစ္ဆာ လမ်းစဉ် များနှင့် အခြားသော လမ်းစဉ် အသွယ်သွယ် တို့မှာ ဤနယ်မြေတွင် အလွန် ခေတ်စား နေကြလေသည်။
အချို့သော နည်းလမ်းများ က ကျန်းချဲ့ ကိုပင် အံ့အားသင့် သွားစေခဲ့လေသည်။
မှော်လမ်းစဉ် ဆိုပါက ကျိန်စာတိုက် နိုင်ရုံ သာမက ဗေဒင် တွက်ချက်ခြင်း၊ အစီအရင် များ ချမှတ်ခြင်း များကိုပါ ပြုလုပ်နိုင်ပြီး သိုင်းပညာ လမ်းစဉ် အတွက် အလွန် ကြီးမားသော အထောက်အကူ ဖြစ်စေလေသည်။ ထို့ထက်ပို၍ ဂူကောင် လမ်းစဉ် ကတော့ ပိုမို အံ့မခန်း ဖြစ်လေသည်။
ဂူကောင် လမ်းစဉ် ကျင့်ကြံသူ များသည် ဂူကောင်များကို လေ့ကျင့် မွေးမြူကြလေသည်။
ဂူကောင် များကို အသားစိုင် များ ကြားတွင် ဝှက်ထားလေ့ ရှိကြပြီး ပါရမီကို ပြောင်းလဲပေးနိုင်သော ဂူကောင်များ... တိုက်ခိုက်ရေး တွင် အသုံးပြုနိုင်သော ဂူကောင်များ နှင့် အခြားသော လျှို့ဝှက်ဆန်းကြယ်သည့် ဂူကောင် အမျိုးမျိုး ရှိကြလေသည်။ သူတို့၏ စွမ်းအား တိုးတက်မှု နှုန်းမှာ အလွန် မြန်ဆန်လှပေသည်။
အကယ်၍ ဂူကောင် ဘုရင် တစ်ကောင် ကိုသာ အောင်မြင်စွာ မွေးမြူနိုင်ပါက ရှန်ရှန်းအဆင့် တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်သွားသည်နှင့် အတူတူပင် ဖြစ်လေသည်။
ယခင်က ချီရွှယ်မိစ္ဆာသခင် ပင်လျှင် ဤလမ်းစဉ် ၏ နည်းလမ်းများ ကြောင့် အထိနာ ခဲ့ဖူးကြောင်း ပြောပြခဲ့လေသည်။ ထို့ကြောင့် အနည်းငယ်မျှ ပေါ့ဆ၍ မဖြစ်ကြောင်း သတိပေးခဲ့လေသည်။ အကယ်၍ နောင်တစ်ချိန်တွင် ဂူကောင် ကျင့်ကြံသူ နှင့် ကြုံတွေ့ရပါက အလွန် သတိထား ရမည် ပင်ဖြစ်သည်။
ဤကိစ္စများ နှင့် ပတ်သက်၍ ကျန်းချဲ့ အလွန် စိတ်ဝင်စား နေလေသည်။ ချီရွှယ်မိစ္ဆာသခင် ထံမှ အသိအမြင် ဗဟုသုတ များကို အဆက်မပြတ် စုပ်ယူကာ သူ၏ အတွေ့အကြုံ များကို တိုးချဲ့ နေလေသည်။
ချင်းဖုန်းတောင် သို့ သွားရာ လမ်းခရီးတွင် ပစ်မှတ် နှင့် တဖြည်းဖြည်း နီးကပ်လာသောကြောင့် ဖြစ်မည်... သို့မဟုတ် ချီရွှယ်မိစ္ဆာသခင် အနေဖြင့် ဆက်လက်၍ မမျိုသိပ်ထားနိုင်တော့၍ ဖြစ်မည်... နောက်ဆုံးတွင်တော့ သူ၏ အတိတ် ဇာတ်လမ်း ကို ကျန်းချဲ့ အား ဖွင့်ဟ ပြောပြ လာခဲ့လေတော့သည်။
လွန်ခဲ့သော နှစ်ပေါင်း တစ်ရာ့လေးဆယ် ငါးဆယ် ခန့်က ဖြစ်လေသည်။ ထိုအချိန်က သူ၏ ကျင့်ကြံမှု မှာ ရှန်ရှန်းအဆင့် အထွတ်အထိပ် သို့ မရောက်သေးသော်လည်း သူ၏ နည်းလမ်းများ က အလွန် အစွမ်းထက်နေပြီ ဖြစ်ပြီး သူကိုယ်သူ အလွန် အထင်ကြီး နေခဲ့လေသည်။
ပိုင်ယွဲ့ နိုင်ငံ မှ သိုင်းပညာရှင် များကို မျက်လုံးထဲပင် မထည့်ခဲ့ချေ။
အကြိမ်အနည်းငယ်မျှ လုယက် ဓားပြတိုက် ပြီးနောက် စွမ်းအားများ မြင့်တက်လာသောအခါ ပို၍ပင် မောက်မာ ဝင့်ကြွား လာခဲ့လေသည်။
သို့သော် မကြာမီမှာပင် သူ က ကြီးမားသော အခက်အခဲ များနှင့် ကြုံတွေ့ ခဲ့ရလေသည်။ ပိုင်ယွဲ့ နိုင်ငံ မှ အင်အားကြီး ဂိုဏ်း တစ်ခု ၏ လိုက်လံ သတ်ဖြတ်ခြင်း ကို ခံခဲ့ရပြီး ထွက်ပြေးစရာ မြေမရှိ၊ ပုန်းအောင်းစရာ နေရာမရှိ အခြေအနေ သို့ ရောက်ရှိသွားခဲ့လေသည်။ ထို အရေးကြီးသော အချိန်တွင် တိုက်ဆိုင်စွာဖြင့် စုန်းနတ်ဘုရား ကျောင်းတော် မှ တမန်တော် တစ်ဦး နှင့် သိကျွမ်း ခဲ့ရလေသည်။
ထိုသူမှာ စုန်းနတ်ဘုရား ကျောင်းတော် ၏ နတ်ဘုရားမ ဖြစ်ပြီး နာမည်မှာ ချင်းဖုန်း ဟု ခေါ်ကာ ပိုင်ယွဲ့ နိုင်ငံ များကို လှည့်လည် စစ်ဆေးရန် တာဝန်ပေး ခံထားရသူ ဖြစ်လေသည်။
သူတို့ နှစ်ဦး က တိုက်ဆိုင်စွာ သိကျွမ်း ခဲ့ရခြင်း ဖြစ်သည်။ ချီရွှယ်မိစ္ဆာသခင် က သူ၏ အမှတ်အသား အမှန် ကို ဖုံးကွယ် ထားခဲ့သလို ချင်းဖုန်း မှာလည်း သိုင်းလောက သို့ စတင် ဝင်ရောက်ခါစ ဖြစ်သဖြင့် အလွန် ရိုးသား ဖြူစင် နေခဲ့လေသည်။ ချီရွှယ်မိစ္ဆာသခင် ကို လုံးဝ ယုံကြည်သွားပြီး အကျိုးအကြောင်း မမေးမြန်းတော့ဘဲ သူ၏ စကားများကို အကုန် ယုံကြည် ခဲ့လေသည်။
သူမ က သူ့ကို လိုက်လံ သတ်ဖြတ်နေသူ များကို ကူညီ ရှင်းလင်း ပေးခဲ့လေသည်။
ချီရွှယ်မိစ္ဆာသခင် က သူမကို အသုံးချစရာ ကိရိယာ တစ်ခု အဖြစ် သတ်မှတ်ကာ အဆက်မပြတ် အကူအညီ တောင်းခံ ခဲ့လေသည်။
ထို လုပ်ငန်းစဉ်များ အတွင်း သူတို့ နှစ်ဦး ကြားရှိ သံယောဇဉ် ကလည်း တဖြည်းဖြည်း နက်ရှိုင်း လာခဲ့လေသည်။ ထိုအချိန်ကျမှ ချီရွှယ်မိစ္ဆာသခင် လည်း ချင်းဖုန်း မှာ စုန်းနတ်ဘုရား ကျောင်းတော် ၏ နတ်ဘုရားမ တစ်ပါး ဖြစ်ကြောင်း အတိအကျ သိရှိသွားခဲ့လေသည်။
သူမ က သူ့ကို ရှီဝမ်တာ့ရှန်း သို့ ခေါ်ဆောင်သွားပြီး လက်ထပ်ကာ တာအိုလက်တွဲဖော် များ အဖြစ် နေထိုင်ရန် ဆန္ဒရှိခဲ့လေသည်။
သို့သော် ပိုင်ယွဲ့ နိုင်ငံများ တွင် ရက်စက် ကြမ်းကြုတ်မှု မျိုးစုံ လုပ်ဆောင်ထားသော ချီရွှယ်မိစ္ဆာသခင် က ရှီဝမ်တာ့ရှန်း သို့ လိုက်သွားရန် ဘယ်လိုလုပ် သတ္တိ ရှိမည်နည်း။
ဤ ကိစ္စများ ကြောင့် သူတို့ နှစ်ဦး ကြားတွင် အငြင်းပွားမှု များ ဖြစ်ပေါ် ခဲ့လေသည်။
သို့သော် ချင်းဖုန်း က သူ့အပေါ်တွင် လုံးဝ သစ္စာ မဖောက်ခဲ့ချေ။ ပို၍ပင် စွဲလမ်းလာခဲ့ပြီး သူ့ကို ထွက်ပြေးသွားမည် စိုးသဖြင့် တိတ်တဆိတ် ဂူကောင် ပင် ထည့်သွင်း ထားခဲ့လေသည်။ အလွန် အလေးအနက် ထားသော စုန်းနတ်ဘုရား ကျောင်းတော် မှ နတ်ဘုရားမ ကို မြင်တွေ့ လိုက်ရသောအခါ...
ချီရွှယ်မိစ္ဆာသခင် အလွန် ထိတ်လန့် သွားပြီး ချင်းဖုန်း အပေါ်တွင် ကြောက်ရွံ့မှု များပင် ဖြစ်ပေါ် လာခဲ့လေသည်။
ထို့နောက်တွင်တော့ သူ က နှုတ်ဆက်ခြင်း မရှိဘဲ ပိုင်ယွဲ့ နယ်မြေ အတွင်းမှ အဝေးသို့ ထွက်ပြေး လွတ်မြောက် သွားခဲ့လေတော့သည်။
နောက်ပိုင်းတွင် နတ်ဘုရားမ ချင်းဖုန်း နှင့် သူ၏ ပတ်သက်မှု များကို စုန်းနတ်ဘုရား ကျောင်းတော် မှ လူများ သိရှိသွားသောအခါ သူမ ကို စုန်းနတ်ဘုရား ကျောင်းတော် မှ နှင်ထုတ် လိုက်ကြလေသည်။ ထိုအချိန်မှစ၍ သူမ က ရှီဝမ်တာ့ရှန်း ၏ အစွန်အဖျား တွင် နေထိုင်ကာ လောကီ ကိစ္စ များကို လုံးဝ ဝင်ရောက် စွက်ဖက်ခြင်း မပြုတော့ချေ။
ဤသည်မှာ ချီရွှယ်မိစ္ဆာသခင် ၏ ပြောပြချက် သာ ဖြစ်လေသည်။ သို့သော် ကျန်းချဲ့ ကတော့ လုံးဝ မယုံကြည်ချေ။ ဤ အဘိုးကြီး က သူ့ကိုယ်သူ လှပအောင် ပြင်ဆင် ပြောပြနေသည် ဟုသာ ခံစား နေရလေသည်။ ချစ်ခြင်းမေတ္တာ တစ်ခုတည်း ကြောင့် နတ်ဘုရားမ ချင်းဖုန်း ကို စုန်းနတ်ဘုရား ကျောင်းတော် မှ နှင်ထုတ် လိုက်မည် တဲ့လား။
'စီနီယာ... စီနီယာ ပြောတာတွေက တကယ် အမှန်တွေချည်းပဲလား...'
ကျန်းချဲ့ က သံသယ ဖြစ်ဖွယ် မျက်နှာထား ဖြင့် မေးလိုက်လေသည်။
'ဒါပေါ့... ဒီလူအိုကြီး က မင်းကို လိမ်ပြောစရာ အကြောင်း ရှိလို့လား...'
ထိုအချိန်တွင် ကျန်းချဲ့ နှင့် ချီရွှယ်မိစ္ဆာသခင် တို့ ချင်းဖုန်းတောင် သို့ ရောက်ရှိရန် နီးကပ် နေချိန်တွင် အခြား တစ်ဖက်၌ တောင်ပိုင်းယွဲ့ ၏ ဘိုးဘေးကြီး ချီဖျင်တောက် သည်လည်း ပိုင်ယွဲ့ နိုင်ငံများ ၏ အနက်ရှိုင်းဆုံး နေရာရှိ တောင်တန်း တစ်ခု ပေါ်သို့ ရောက်ရှိ နေခဲ့လေပြီ။
ဤတစ်ကြိမ် သူ က အကူအညီ တောင်းခံရန် လာရောက်ခြင်း ပင်ဖြစ်သည်။
ပိုင်ယွဲ့ နိုင်ငံများ ၏ နယ်မြေ မှာ အလွန် ကြီးမား ကျယ်ပြန့်လှပေသည်။ အလယ်ပိုင်းဒေသ ၏ ပြည်နယ် အနည်းငယ် နှင့် ညီမျှပြီး အလွန် ကျယ်ဝန်းလှပေသည်။ ထိုနယ်မြေ အတွင်း၌ နိုင်ငံငယ်လေး များ... လူမျိုးစု အဖွဲ့အစည်း အမျိုးမျိုး ပေါင်း တစ်ရာ နီးပါးခန့် ရှိလေသည်။
ဤမျှလောက် ရှုပ်ထွေးပြီး ကျယ်ပြန့်သော နယ်မြေ ကြီး အတွင်း၌ ချီရွှယ်မိစ္ဆာသခင် နှင့် ကျန်းချဲ့ တို့ကို ရှာဖွေရန် ဆိုသည်မှာ ပင်လယ် ထဲတွင် အပ်ကျသလို ရှာဖွေရ ခက်ခဲလွန်းလှပေသည်။
သွေးကျိန်စာ ကဲ့သို့သော နည်းလမ်းများ က သွေးလမ်းစဉ် ကို ကျင့်ကြံသော ချီရွှယ်မိစ္ဆာသခင် အပေါ်တွင် လုံးဝ အသုံးမဝင်ချေ။ ထို့အပြင် မည်သည့် ရှန်ရှန်းအဆင့် မဟာသိုင်းသခင် ကမှ ချီရွှယ်မိစ္ဆာသခင် နှင့် အသက်ချင်း လဲလှယ်ရန် သတ္တိ ရှိမည် မဟုတ်ချေ။
ထို့ကြောင့် ဤနည်းလမ်း က အလုပ်မဖြစ်ချေ။
ချီဖျင်တောက် စဉ်းစား ထားသော နည်းလမ်း မှာ ကျိန်စာတိုက်ခြင်း မဟုတ်ဘဲ ဗေဒင် တွက်ချက်ခြင်း နည်းလမ်း ကို အသုံးပြုကာ ချီရွှယ်မိစ္ဆာသခင် ၏ လက်ရှိ ခြေရာ ကို အတည်ပြုရန် ပင်ဖြစ်သည်။ သူတို့ ပိုင်ယွဲ့ နိုင်ငံများ အတွင်း၌ ရှိနေသရွေ့ လုံလောက်ပြီ ပင်ဖြစ်သည်။
သူ့အနေဖြင့် ချီရွှယ်မိစ္ဆာသခင် ဆိုသူကို လွယ်ကူစွာ ဖိနှိပ် နိုင်မည်ဟု ယုံကြည်ချက် အပြည့်အဝ ရှိလေသည်။
သူ ရွေးချယ် ထားသော လူမှာ ပိုင်ယွဲ့ နိုင်ငံများ အတွင်း၌ လေးစားမှု အခံရဆုံးသော ဘုန်းတော်ကြီး တစ်ပါး ဖြစ်လေသည်။ ထိုသူ ၏ လူမျိုးစု မှာ ဗေဒင် တွက်ချက်ခြင်း နည်းလမ်း များကို အထူး ကျွမ်းကျင် ကြပြီး လုံးဝ အမှားအယွင်း မရှိဖူးချေ။
ရှန်ရှန်းအဆင့် မဟာသိုင်းသခင် များကို သာမက သိုင်းသူတော်စင် အဆင့်ရှိ အစွမ်းထက် ပုဂ္ဂိုလ်ကြီး များကိုပင် တွက်ချက် နိုင်စွမ်း ရှိကြလေသည်။
သို့သော် ဤသို့ လုပ်ဆောင်ခြင်း အတွက် ကြီးမားသော တန်ဖိုး ကိုတော့ ပေးဆပ် ခဲ့ရလေသည်။ သူ၏ သက်တမ်း မှာ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်ရာ လွန်ခဲ့သော ဆယ်နှစ်ကျော် ကတည်းက လောကီ ကိစ္စ များကို လုံးဝ ဝင်ရောက် စွက်ဖက်ခြင်း မပြုတော့ချေ။
သို့သော် ချီဖျင်တောက် ကတော့ ရောက်လာခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ စုန်းနတ်ဘုရား ကျောင်းတော် မှလွဲ၍ သူ တွေးတော နိုင်သော အကောင်းဆုံး နည်းလမ်း ဖြစ်သောကြောင့် ပင်ဖြစ်သည်။ ချီရွှယ်မိစ္ဆာသခင် ၏ ခြေရာ ကို အမြန်ဆုံး ရှာဖွေနိုင်မှသာ နဂါးကြော ကို ပြန်လည် ရယူ နိုင်မည် မဟုတ်ပါလော။
ဤကိစ္စတွင် အမှားအယွင်း လုံးဝ အဖြစ်ခံ၍ မရနိုင်ချေ။
"မိတ်ဆွေ... ကျေးဇူးပြုပြီး ကျုပ်ကို ကူညီပါဦး..."
ရိုးရှင်းသော ကျောက်ဂူလေး အတွင်း၌ ချီဖျင်တောက် က သက်တမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေသော ခြောက်သွေ့နေသည့် အဘိုးအို ကို ကြည့်ကာ လက်ယှက်၍ အလွန် ရိုသေ လေးစားစွာ တောင်းဆို လိုက်လေသည်။
"အဟွတ်... အဟွတ်... ဒီလူအိုကြီး ရဲ့ သက်တမ်း က ကုန်တော့မယ်... လောကီ ကိစ္စတွေကို ဝင်မစွက်ဖက်တာ ကြာပါပြီ... မိတ်ဆွေချီ လူရှာ မှားနေပြီ ထင်တယ်... ပြန်ပါတော့..."
ခြောက်သွေ့နေသော အဘိုးအို က ခေါင်းယမ်း ကာ တစ်ဖက်လူ၏ တောင်းဆိုချက် ကို ငြင်းပယ် လိုက်လေသည်။
"မိတ်ဆွေ... ချက်ချင်းကြီး မငြင်းပါနဲ့ဦး... မိတ်ဆွေ ရဲ့ သက်တမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေတာကို ကျုပ် သိလို့ သက်တမ်းတိုး ဝိညာဉ်ပစ္စည်း ကို ယူဆောင် လာခဲ့ပါတယ်... ဒါကို အလဲအလှယ် အနေနဲ့ မိတ်ဆွေ တစ်ကြိမ်လောက် ကူညီပေးပါ... မိတ်ဆွေ စိတ်ချပါ... ကျုပ် က မိတ်ဆွေ ကို ကျိန်စာတိုက် ခိုင်းတာ မဟုတ်သလို... သွားပြီး အသေအလဲ တိုက်ခိုက် ခိုင်းတာလည်း မဟုတ်ပါဘူး... မိတ်ဆွေ အနေနဲ့ ဒီလူရဲ့ ခြေရာကို အတည်ပြု ပေးရုံ သက်သက်ပါပဲ... ဒါဆို လုံလောက်ပါပြီ..."
ချီဖျင်တောက် က နှစ်တစ်ထောင် သက်တမ်းရှိ သက်တမ်းတိုး ဆေးဖက်ဝင် ရတနာ တစ်ခုကို ချက်ချင်း ထုတ်ယူ ပြသလိုက်လေသည်။
တစ်ဖက်လူ အနေဖြင့် သေချာပေါက် စိတ်ဝင်စား သွားလိမ့်မည်ဟု သူ ယုံကြည် ထားလေသည်။ အဘယ်ကြောင့်ဆိုသော် ဤ အဘိုးအို က လွန်ခဲ့သော ဆယ်နှစ်ကျော် ကတည်းက သက်တမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့သော်လည်း ယခု အချိန်အထိ အသက်ရှင် နေသေးသည် မဟုတ်ပါလော။ ဆိုလိုသည်မှာ သူ၏ ခန္ဓာကိုယ် အတွင်း၌ သက်စွမ်းအင် အချို့ ကျန်ရှိ နေသေးကြောင်း အလွန် ထင်ရှားလှပေသည်။ ဆယ်နှစ် ဆယ်မိုး ခန့် ဆက်လက် အသက်ရှင်ရန် ပြဿနာ မရှိနိုင်ချေ။
ထင်သည့်အတိုင်းပင် ချီဖျင်တောက် က သက်တမ်းတိုး ဝိညာဉ်ပစ္စည်း ကို ထုတ်ပြလိုက်သည့် အချိန်တွင် ခြောက်သွေ့နေသော အဘိုးအို ၏ မျက်ဝန်းများ ထဲ၌ အလင်းတန်း တစ်ချက် တောက်ပသွားပြီး စိတ်ဓာတ်များ ပြန်လည် နိုးကြား လာသကဲ့သို့ ပင်ဖြစ်လေသည်။ အသက်ရှူကြိမ် အနည်းငယ်မျှ ကြာပြီးနောက် ချောင်း နှစ်ချက် ဟန့်ကာ မေးလိုက်လေသည်။
"မင်း ဘယ်သူ့ကို ရှာချင်တာလဲ..."
"လွန်ခဲ့တဲ့ နှစ်တစ်ရာ က ချီရွှယ်မိစ္ဆာသခင် ပါ... အခုတလော အဲ့ဒီ မိစ္ဆာကောင် က ပြန်ပေါ်လာတယ်... အလယ်ပိုင်းဒေသ က အစွမ်းထက် သိုင်းပညာရှင် တွေရဲ့ သတ်ဖြတ်တာကို မခံရတဲ့ အပြင်... ကျုပ်တို့ တောင်ပိုင်းယွဲ့ ရဲ့ ရတနာတိုက် ကိုတောင် လုယက်ပြီး မြို့တော် ကို အကြီးအကျယ် ဖျက်ဆီး သွားသေးတယ်... ဒီလူကိုသာ မသတ်ရရင်... ဒီလူအိုကြီး လုံးဝ မကျေနပ်နိုင်ဘူး... အလယ်ပိုင်းဒေသ က လူတစ်ယောက် က ကျုပ်တို့ ပိုင်ယွဲ့ နယ်မြေ ထဲမှာ ဒီလောက်တောင် ထင်တိုင်းကြဲ နေတာ... ဒီလူ သေချာပေါက် သေရမယ်... မသေရင် ပြည်သူတွေရဲ့ ဒေါသ ကို ပြေပျောက်စေမှာ မဟုတ်ဘူး..."
ချီဖျင်တောက် ၏ မျက်ဝန်း အောက်ခြေ တွင် သတ်ဖြတ်လိုစိတ် များ ပြည့်နှက် နေလေသည်။
"ချီရွှယ်မိစ္ဆာသခင်... အဟွတ်... အဟွတ်... ဒီလူ မသေသေးဘူးပဲ..."
"ဟုတ်ပါတယ်... အဲ့ဒီ မိစ္ဆာကောင် က အရင်တုန်းက မိတ်ဆွေ ရဲ့ လူမျိုးစု ကိုလည်း ဓားပြတိုက် ခဲ့ဖူးတယ်လို့ ကျုပ် ကြားဖူးတယ်... ဒါပေမဲ့ အောင်မြင်မှု မရခဲ့ဘူးလေ... ဒီလူ ကျုပ်တို့ ပိုင်ယွဲ့ လူမျိုးတွေရဲ့ လက်ချက်နဲ့ သေသွားတာကို မိတ်ဆွေ မမြင်ချင်ဘူးလား..."
"ကြည့်ရတာ ဒီလူ က တောင်ပိုင်းယွဲ့ ရတနာတိုက် ထဲကနေ အရမ်း အဖိုးတန်တဲ့ ပစ္စည်းတစ်ခုခု ကို လုယူသွားတဲ့ပုံပဲ..."
ခြောက်သွေ့နေသော အဘိုးအို က ချီဖျင်တောက် ကို စူးစိုက် ကြည့်လိုက်လေသည်။
"ဒါကိုတော့ ကျုပ် မငြင်းပါဘူး..."
"ပစ္စည်း ယူလာခဲ့လား..."
ခြောက်သွေ့နေသော အဘိုးအို က ထပ်မံ မေးမြန်း လိုက်လေသည်။ လေဟာနယ် ထဲမှနေ၍ လူတစ်ယောက်၏ ခြေရာကို အလွတ် ရှာဖွေရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။ တစ်ဖက်လူ၏ အရှိန်အဝါ များ ကပ်ငြိနေသော ပစ္စည်း တစ်ခုခု ရှိရန် လိုအပ်လေသည်။ မဟုတ်ပါက သူ ကိုယ်တိုင်လည်း လုပ်ဆောင်နိုင်မည် မဟုတ်ချေ။
ချီဖျင်တောက် က လက်ဝါးကို ဖြန့်လိုက်ရာ သွေးများ စွန်းထင်း နေသော မြေကြီး တစ်ပုံ ထွက်ပေါ် လာလေသည်။
"အဲ့ဒီ မိစ္ဆာကောင် က တောင်ပိုင်းယွဲ့ နန်းတော် ထဲမှာ အစီအရင် တစ်ခု လုပ်သွားခဲ့တယ်... ဒါက သူ့ရဲ့ အရှိန်အဝါ တွေ ကပ်ငြိနေတဲ့ မြေကြီး တွေပဲ..."
"စောင့်နေ..."
ခြောက်သွေ့နေသော အဘိုးအို က မတ်တပ် ထရပ်လိုက်ပြီး ငွေရောင် ဇလုံ တစ်ခုကို ယူကာ မြေကြီး များကို ထည့်သွင်း လိုက်လေသည်။ ထို့နောက် သက်တမ်းတိုး ဝိညာဉ်ပစ္စည်း ကို ယူဆောင် ကာ လျှို့ဝှက်ခန်း တစ်ခု အတွင်းသို့ တုန်တုန်ယင်ယင် ဖြင့် ဝင်ရောက် သွားလေသည်။
အချိန် နာရီဝက်ခန့် ကြာပြီးနောက် အဘိုးအို သည် လက်ဖဝါး အရွယ်အစားခန့် ရှိသော သစ်သား သံလိုက်အိမ်မြှောင် တစ်ခုကို ယူဆောင် လာပြီး ချီဖျင်တောက် ကို ပေးအပ် လိုက်လေသည်။
"ဒီပစ္စည်း က နှစ်ဆယ့်လေးနာရီ အထိ ခံနိုင်ရည် ရှိတယ်... မိစ္ဆာကောင် ရဲ့ ခြေရာကို ရှာတွေ့ဖို့ လုံလောက်ပါတယ်..."
"ဘယ်လို သုံးရမှာလဲ..."
ချီဖျင်တောက် ၏ မျက်နှာပေါ်တွင် ဝမ်းသာ ပျော်ရွှင် နေသော အမူအရာ များ ပေါ်လွင် လာလေသည်။ ဤတစ်ကြိမ် သူ လာရောက် ခဲ့ရသည်မှာ အမှန်တကယ်ပင် တန်သွားခဲ့ပြီ ပင်ဖြစ်သည်။
ခြေရာကို ရှာတွေ့နိုင် သရွေ့ တစ်ဖက်လူ လုံးဝ ထွက်ပြေး လွတ်မြောက်နိုင်မည် မဟုတ်ချေ။
"သွေးတစ်စက် ချလိုက်ရုံပါပဲ..."
"အဲ့ဒီ မိစ္ဆာကောင် မရိပ်မိလောက်ဘူး မဟုတ်လား..."
ချီဖျင်တောက် သွေးချရန် ပြင်လိုက်သော်လည်း ရုတ်တရက် ရပ်တန့် သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ချီရွှယ်မိစ္ဆာသခင် မည်မျှလောက် ရင်ဆိုင်ရ ခက်ခဲကြောင်း သူ ကောင်းစွာ သိရှိထားသောကြောင့် ပင်ဖြစ်သည်။ မဟုတ်ပါက ထိုမျှလောက် အချိန် အကြာကြီး လွတ်လပ်စွာ ထင်တိုင်းကြဲ နိုင်မည် မဟုတ်ချေ။ သေချာပေါက် ကာကွယ် ထားရမည် ပင်ဖြစ်သည်။
"ဒါက ဒီလူအိုကြီး ဆယ်နှစ် ဆယ်မိုး ကြာအောင် အချိန်ယူ သုတေသန လုပ်ပြီး ဖန်တီးထားတဲ့ ပစ္စည်းပဲ... အဲ့ဒီ မိစ္ဆာကောင် က ကံကြမ္မာ အကြောင်းတရား တွေကို နားလည်တဲ့ အဆင့် အထိ မရောက်သေးဘူး ဆိုတော့... တစ်ယောက်ယောက် က သူ့ကို စောင့်ကြည့် နေတယ် ဆိုတာကို သိနိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့... စိတ်ထဲမှာတော့ ကြိုတင် ခံစားမိတာမျိုး ရှိနိုင်တယ်..."
ခြောက်သွေ့နေသော အဘိုးအို က အကျဉ်းရုံး ရှင်းပြလိုက်ပြီး အခြား စကားများ ဆက်မပြောတော့ချေ။
ထိုအခါမှသာ ချီဖျင်တောက် လည်း သက်ပြင်း တစ်ချက် ချလိုက်နိုင်ပြီး သူ၏ အမြုတေသွေး တစ်စက်ကို ဖိညှစ် ထုတ်ယူကာ သစ်သား သံလိုက်အိမ်မြှောင် ပေါ်သို့ ချလိုက်လေသည်။ ထင်သည့် အတိုင်းပင် အသက်ရှူကြိမ် အနည်းငယ် ကြာပြီးနောက် သံလိုက်အိမ်မြှောင် စတင် လည်ပတ် လာပြီး နေရာ တစ်ခု သို့ ဦးတည် ညွှန်ပြ လေတော့သည်။
တစ်ချိန်တည်းမှာပင် သူ က တစ်ဖက်လူ၏ ခန့်မှန်းခြေ တည်နေရာ ကိုလည်း ဝေဝါးစွာ အာရုံခံ မိလိုက်လေသည်။
သူ၏ ရင်ထဲတွင် အတွေးတစ်ခု ပေါ်လာလေသည်။
'အဲ့ဒီ မိစ္ဆာကောင် က သေလမ်း ရှာနေတာပဲ... ရှီဝမ်တာ့ရှန်း ဘက်ကိုတောင် ထွက်ပြေး သွားသေးတယ်...'
သို့သော် သူ မည်သို့ပင် တွေးတော နေစေကာမူ ယခု အချိန်တွင် အချိန်ဆွဲ နေ၍ မရတော့ချေ။ ခြောက်သွေ့နေသော အဘိုးအို ကို ချက်ချင်း နှုတ်ဆက် လိုက်ပြီး လှည့်ထွက် ကာ ရှီဝမ်တာ့ရှန်း ရှိရာ အရပ်သို့ သံလိုက်အိမ်မြှောင် ၏ ညွှန်ပြမှု အတိုင်း လိုက်လံ ဖမ်းဆီး ရန် ပြင်ဆင် လိုက်လေတော့သည်။
ဤတစ်ကြိမ် တွင်တော့ ချီရွှယ်မိစ္ဆာသခင် သေချာပေါက် သေဆုံး ရမည်ဟု သူ ယုံကြည် ထားလေသည်။
တောင်ပိုင်းယွဲ့ နိုင်ငံ ၏ နဂါးကြော ကိုသာ ပြန်လည် ရယူ နိုင်မည် ဆိုပါက အလွန် အဖိုးတန်သော သက်တမ်းတိုး ဝိညာဉ်ပစ္စည်း တစ်ခု ပေးလိုက် ရသည်မှာလည်း အလွန် တန်လှပေသည်။
'ဒီနေရာ က ရှီဝမ်တာ့ရှန်း ပေါ့လေ...'
မြေပြန့် တစ်နေရာ တွင် ရပ်နေရင်း ကျန်းချဲ့ သည် အဆုံးအစ မရှိသော တောင်တန်းကြီး များကို လှမ်းကြည့် လိုက်လေသည်။ လေထုထဲတွင် သန့်စင်သော ဝိညာဉ် စွမ်းအင်များ ပြည့်နှက် နေကြောင်းကိုပါ ခံစား သိရှိ လိုက်ရသဖြင့် ရင်ထဲတွင် အလွန် အံ့အားသင့် သွားမိလေသည်။ သို့သော် အများကြီးတော့ သက်ပြင်း မချမိချေ။
ခေတ္တမျှ ရပ်တန့် ပြီးနောက် ဆက်လက်၍ ခရီးဆက် ခဲ့လေသည်။
ဤနေရာ က ချင်းဖုန်းတောင် နှင့် အလွန် နီးကပ် နေပြီ ဖြစ်လေသည်။
ထိုအချိန် ကျရောက် ပါက အမှန်တရား ပေါ်ထွက် လာမည်ဟု သူ ခန့်မှန်း ထားလေသည်။
သူ၏ သုံးသပ်ချက် အရ ဆိုလျှင် ချင်းဖုန်း သည် ချီရွှယ်မိစ္ဆာသခင် ကို မည်မျှပင် မုန်းတီး နေစေကာမူ အနည်းဆုံးတော့ အလွန်အမင်း ချစ်ခင် ခဲ့ဖူးသူ ဖြစ်လေသည်။ အချစ်လွန် သွားခဲ့ခြင်း သက်သက်သာ ဖြစ်လေသည်။ ဤကဲ့သို့သော အချစ် ရူးသွပ် နေသည့် မိန်းမ မျိုးကို ရင်ဆိုင် ရာတွင် ချီရွှယ်မိစ္ဆာသခင် အနေဖြင့် ရုပ်သွင်ကို အနည်းငယ် အသုံးချ လိုက်ရုံဖြင့် ယဇ်ပူဇော်စရာ ပစ္စည်းများကို အလွယ်တကူ ရရှိနိုင်မည် ဟု ထင်မြင် မိလေသည်။
သေချာသည်ကတော့ သူ က အခြားသော ဖြစ်နိုင်ခြေ များကိုပါ ထည့်သွင်း စဉ်းစား ထားလေသည်။
သူတို့၏ စွမ်းအား ဖြင့် ချင်းဖုန်း ကို မယှဉ်နိုင်လျှင်တောင် အမှန်တကယ် ဆုတ်ခွာ ရမည် ဆိုပါက ပြဿနာ ရှိမည် မဟုတ်ချေ။ နတ်မှော်အဆောင် ကိုယ်ပွား ဖြင့် နောက်ချန် ကာကွယ် ထားနိုင်ပြီး ချီရွှယ်မိစ္ဆာသခင် ၏ လျှို့ဝှက် နည်းလမ်းများ ဖြင့် ခြေရာ ဖျောက်ကာ ထွက်ပြေး နိုင်လေသည်။
ချင်းဖုန်း အနေဖြင့် သေချာပေါက် လိုက်မီမည် မဟုတ်ချေ။
ထို့အပြင် ယခု အချိန်တွင် စုန်းနတ်ဘုရား ကျောင်းတော် မှ နတ်ဘုရားမ ဆိုသူ၏ ရုပ်ရည်သွင်ပြင် မှာ မည်သို့ ရှိမည်နည်း ဆိုသည်ကို သူ အနည်းငယ် မြင်တွေ့ လိုနေမိလေသည်။
နောက်ထပ် နှစ်နာရီခန့် ကြာပြီးနောက် နောက်ဆုံးတွင် ချီရွှယ်မိစ္ဆာသခင် ၏ သတိပေးမှု ဖြင့် သူတို့ သည် ချင်းဖုန်းတောင် သို့ ရောက်ရှိ လာခဲ့ကြလေသည်။
အရှေ့ဘက်ရှိ ပေရာပေါင်းများစွာ မြင့်မားသော တောင်ထွတ် ကို ကြည့်ရင်း ကျန်းချဲ့ တစ်ယောက် မည်သို့ နှုတ်ဆက် ရမည်နည်း ဟု တွေးတော နေချိန်တွင် ရုတ်တရက် လေဟာနယ် အတွင်း၌ ဖီးနစ် ငှက် တစ်ကောင် ၏ အော်ဟစ်သံ ကြီး ထွက်ပေါ် လာပြီးနောက် အစိမ်းရောင် အတောင်ပံ များဖြင့် ချင်းနျောင် ငှက် တစ်ကောင် က လေပေါ်သို့ ပျံတက် လာကာ သူတို့၏ ဦးခေါင်းထက် တွင် ဝဲပျံ နေလေတော့သည်။
အစိမ်းရောင် နတ်ငှက် ၏ ကျောပေါ်တွင် အဖြူရောင် ဝတ်စုံ ဝတ်ဆင် ထားသော ပုံရိပ် တစ်ခု ရှိနေကြောင်းကို ကျန်းချဲ့ ဝေဝါးစွာ မြင်တွေ့ လိုက်ရလေသည်။
ထို့နောက် အေးစက်သော အသံ တစ်သံ က ပတ်လည် ပေထောင်ချီ အထိ ပဲ့တင်ထပ် သွားလေတော့သည်။
"ချီရွှယ်... နင် လို သစ္စာဖောက် ယောကျ်ား က ငါ့ကို လာတွေ့ရဲ သေးတယ်ပေါ့လေ…”