အခန်း ၂၁၈
Vol. 15 Ch. 218
အခန်း ၂၁၈ ကြယ်တာရာပြာ၏ ပထမဆုံးသော ကမ္ဘာမြေနတ်ဘုရား၊ လူသားမျိုးနွယ်၏ ကံကြမ္မာဖြင့် ကောင်းကင်ဧကရာဇ်တံဆိပ်တော် ကို သန့်စင်ခြင်း
“မင်းက ငါ့ရဲ့ လက်အောက်ခံနတ်ဘုရား ဖြစ်ချင်တာလား...”
လီယွဲ့သည် မိမိရှေ့တွင် ဒူးတစ်ဖက်ထောက်ထားသော ကျောက်ကျိကျန်းကို ကြည့်ကာ အံ့အားသင့်စွာ မေးမြန်းလိုက်၏။
ကြယ်တာရာပြာ၏ နတ်ဘုရားများသည် သဘာဝကျစွာပင် အခြားနတ်ဘုရားများ၏ လက်အောက်ခံနတ်ဘုရား ဖြစ်ရန် ရွေးချယ်နိုင်ပေသည်။
သို့သော် ဤသည်က အရာများစွာ ဆုံးရှုံးသွားစေလိမ့်မည် ဖြစ်သည်။
ဥပမာအားဖြင့် ယုံကြည်သူများကို ကိုယ်တိုင် သီးခြားပျိုးထောင်ခြင်းနှင့် နတ်ဘုရားနောက်လိုက်များကို မွေးမြူနိုင်မည့် အခွင့်အရေးများ ဆုံးရှုံးသွားလိမ့်မည်။
ထို့ပြင် ၎င်းတို့သည် ကြယ်တာရာပြာ နတ်ဘုရားများညီလာခံနှင့် နတ်ဘုရားများအဆင့်သတ်မှတ်ချက်တွင် ပါဝင်ခွင့်ကိုလည်း ဆုံးရှုံးရပေလိမ့်မည်။
ထို့အတူ ဒေသတွင်းစကားပြောခန်း၊ ကိုယ်ပိုင်တာဝန်များ နှင့် နတ်ဘုရားများတိုက်ပွဲ တို့ကို ဖွင့်လှစ်နိုင်သည့် စွမ်းရည်လည်း ဆုံးရှုံးသွားပေမည်။
အခြေခံအားဖြင့်မူ ၎င်းတို့သည် ကြယ်တာရာပြာ၏ နတ်ဘုရားအဆင့်အတန်းကို စွန့်လွှတ်လိုက်ခြင်း ဖြစ်ပြီး မင်းဆက်၏ အမိန့်တော်အရ ခန့်အပ်ခံရသော ဌာနေနတ်ဘုရားများနှင့် ဆင်တူသွားပေသည်။ ထူးခြားသော စွမ်းရည်တစ်ခုသာ ကျန်ရှိတော့မည်ဖြစ်ရာ ၎င်းမှာ နတ်ဘုရားစွမ်းအင်ဖြင့် နတ်ဘုရားအဆင့်ကို မြှင့်တင်နိုင်ခြင်းနှင့် ဒေသတွင်းကုန်သွယ်မှုကို ဖွင့်လှစ်နိုင်ခြင်း ဖြစ်၏။
သို့သော် ယုံကြည်သူများကို ကိုယ်တိုင် သီးခြားမွေးမြူနိုင်စွမ်း မရှိတော့သဖြင့် နတ်ဘုရားစွမ်းအင်၏ အရင်းအမြစ်မှာ လွန်စွာ ကန့်သတ်ချက် ရှိသွားပေလိမ့်မည်။
“အရှင်လီယွဲ့... ကျွန်တော့်ရဲ့ တောင်းဆိုမှုကို ခွင့်ပြုပေးပါ”
ကျောက်ကျိကျန်းက ရိုသေစွာ လျှောက်တင်လိုက်၏။
ကြယ်တာရာပြာ နတ်ဘုရားအဆင့်သတ်မှတ်ချက်၏ ထိပ်သီး တစ်ရာထဲမှ တစ်ဦးအနေဖြင့် သူသည် အမှန်တကယ်ပင် ရည်မှန်းချက်ကြီးမားခဲ့သူ ဖြစ်သည်။ သူသည် ယခင်က မိမိ၏စွမ်းအားမှာ မည်သည့်နတ်ဘုရားထက်မဆို မနိမ့်ပါးဟု ယုံကြည်ခဲ့ဖူးသည်။
ယခုအခါတွင်မူ ထိုသို့သော ခံစားချက်မှာ ပိုမိုပြင်းထန်လာခဲ့သည်။ မိမိထက် အဆင့်မြင့်မားသော ထိုနတ်ဘုရားများသည် ပိုမိုကောင်းမွန်သော အခွင့်အရေးများ ရရှိခဲ့ကြခြင်းမျှသာ ဖြစ်သည်ဟု ထင်မြင်ခဲ့သည်။
သို့သော် ယခုမူ… ကမ္ဘာမြေ၏ နံပါတ်တစ်နတ်ဘုရားဖြစ်သော လီယွဲ့၏ ထိတ်လန့်ဖွယ်ရာ စွမ်းအားကို မြင်တွေ့ပြီးနောက် သူသည် မျှော်လင့်ချက်မဲ့သွားခဲ့ရပြီး သဘောပေါက်သွားခဲ့သည်မှာ… ဤသည်မှာ မိမိအနေဖြင့် မည်သည့်အခါမျှ မမှီနိုင်မည့် အဆင့်အတန်းမျိုး ဖြစ်ပေသည်။
တစ်ဖက်လူ၏ ဓာတ်သဘာဝနတ်ဘုရားများသည်ပင် မိမိထက် သာလွန်အားကောင်းနေခဲ့သည်။ ယုံကြည်သူများမှာလည်း မိမိထက် ပိုမိုသာလွန်လှပေသည်။
တစ်ဖက်လူ၏ စွမ်းအားမှာ ထိတ်လန့်ဖွယ် ကောင်းလှပြီး မိမိထက် မည်မျှ သာလွန်နေသည်ကိုပင် မသိရှိနိုင်ချေ။
မိမိတို့ကဲ့သို့ လူပေါင်း တစ်သောင်းကို ပေါင်းစည်းထားလျှင်ပင် တစ်ဖက်လူ၏ လက်တစ်ဖက်တည်းဖြင့် ချေမှုန်းခြင်းကို ခံရပေလိမ့်မည်။
ထို့ကြောင့် သူသည် ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်၏။
ကမ္ဘာမြေ၏ နတ်ဘုရားအဆင့်အတန်းကို စွန့်လွှတ်ကာ တစ်ဖက်လူ၏ လက်အောက်ခံနတ်ဘုရား ဖြစ်ရန်ပင်။ ဤဆုံးဖြတ်ချက်မှာ မှန်ကန်ခြင်း၊ မှားယွင်းခြင်း ရှိမရှိကို သူ မသိရှိသော်လည်း မည်သည့်အခါမျှ နောင်တရလိမ့်မည် မဟုတ်ပေ။
“မင်း သေချာ စဉ်းစားပြီးပြီလား... တကယ်လို့ ငါ့ရဲ့ လက်အောက်ခံနတ်ဘုရား ဖြစ်လာရင် မင်း အရာများစွာ ဆုံးရှုံးရလိမ့်မယ်...”
လီယွဲ့သည် တည်ငြိမ်စွာ ပြောဆိုလိုက်၏။
သူသည် ကြယ်တာရာပြာ၏ နတ်ဘုရားကို လက်အောက်ခံနတ်ဘုရားအဖြစ် လက်ခံရန် စိတ်ပိုင်းဆိုင်ရာ အတားအဆီး မရှိပေ။ ကူးပြောင်းခြင်း မပြုမီက လူတိုင်းသည် ကမ္ဘာမြေပေါ်ရှိ သာမန်လူသားများသာ ဖြစ်ကြပြီး လူတိုင်း တန်းတူညီမျှ ခဲ့ကြသည်။
သို့သော် ကူးပြောင်းလာပြီးနောက်ပိုင်း၌မူ မတူညီသော နတ်ဘုရားအဆင့်အတန်းများသည် သဘာဝကျစွာပင် မတူညီသော အဆင့်အတန်းများကို ကိုယ်စားပြုနေခဲ့ပြီ ဖြစ်သည်။
ထို့ပြင်… နောင်အနာဂတ်တွင် သူ၏စီရင်ပိုင်ခွင့်နယ်မြေ ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ ကြယ်တာရာပြာ နတ်ဘုရားများစွာ၏ စီရင်ပိုင်ခွင့်နယ်မြေကိုလည်း လွှမ်းခြုံသွားပေလိမ့်မည်။
ထိုအချိန်ကျလျှင် ဤကြယ်တာရာပြာ နတ်ဘုရားများအတွက် ကျန်ရှိမည့် တစ်ခုတည်းသော လမ်းစဉ်မှာ သူ၏ လက်အောက်ခံနတ်ဘုရား ဖြစ်လာရန်သာ ရှိပေသည်။
“အရှင်လီယွဲ့... ကျွန်တော့်ရဲ့ တောင်းဆိုမှုကို ခွင့်ပြုပေးပါ”
ကျောက်ကျိကျန်းသည် လီယွဲ့အား ဦးညွှတ်လိုက်ပြီး သူ၏မျက်နှာတွင် ပြတ်သားမှုများ ရှိနေပေသည်။
“ဒါဆိုရင်လည်း… ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ လက်အောက်ခံနတ်ဘုရား ဖြစ်ပြီ... ငါ့ရဲ့ လက်အောက်မှာ ရှိတဲ့ ဌာနကြီးတစ်ဆယ့်နှစ်ခုထဲမှာ လျင်မြန်စွာအစီရင်ခံခြင်းဌာန ဆိုတာ ရှိတယ်... ငါ မင်းကို လျင်မြန်စွာအစီရင်ခံခြင်းဌာန ရဲ့ ဒုတိယအကြီးအကဲအဖြစ် ခန့်အပ်လိုက်တယ်... အကြောင်းအကျိုးနဲ့ ကံကြမ္မာတုံ့ပြန်မှုတွေကို တာဝန်ယူပြီး ဒီလောကကြီးရဲ့ ကောင်းမှု၊ မကောင်းမှုတွေအတွက် လျင်မြန်တဲ့ ကံတုံ့ပြန်မှုတွေကို ကြီးကြပ်ကွပ်ကဲရမယ်...”
လီယွဲ့သည် ပြောဆိုလိုက်၏။
သူ၏အသံမှာ စွမ်းအားပြည့်ဝပြီး ခန့်ညားထည်ဝါလှပေသည်။
ထိုအချိန်တွင် သူ၏လက်ထဲရှိ အဋ္ဌမအဆင့် နတ်ဘုရားစည်းမျဉ်းအပိုင်းအစ ယူနစ်နှစ်ရာသည် အနည်းငယ် တောက်ပသွားပြီး ကျောက်ကျိကျန်း၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားခဲ့သည်။
ရုတ်တရက်… ကျောက်ကျိကျန်း၏ ခန္ဓာကိုယ်အတွင်းရှိ တစ်ဝက်ခန့် ပျက်စီးနေသော နတ်ဘုရားနယ်မြေမှာ ဟိန်းဟောက်သွားပြီး အဋ္ဌမအဆင့် နတ်ဘုရားစည်းမျဉ်းအပိုင်းအစ ယူနစ်နှစ်ရာကို ဝါးမြိုပြီးနောက် လုံးဝ ပြန်လည်ကောင်းမွန်သွားခဲ့ပြီ ဖြစ်သည်။
ကောင်းကင်နှင့် မြေပြင်သည် တုန်လှုပ်သွားခဲ့သည်။
စီရင်ပိုင်ခွင့်နယ်မြေအတွင်းရှိ နတ်ဘုရားများအားလုံးသည် ခေါင်းကို အနည်းငယ် မော့လိုက်ကြပြီး အခြားသော နတ်ဘုရားတစ်ပါး ထပ်မံတိုးပွားလာကြောင်း သိရှိသွားကြ၏။
ထို့ပြင် ၎င်းမှာ ဌာနကြီးတစ်ဆယ့်နှစ်ခု၏ ဒုတိယအကြီးအကဲ အဆင့်ရှိသော နတ်ဘုရားတစ်ပါး ဖြစ်ပေသည်။
“အရှင်မြတ်အား ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ”
ကျောက်ကျိကျန်းက စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်၏။
နောက်ဆုံးတွင်မူ… သူ၏ တစ်ဝက်ခန့် ပျက်စီးနေသော နတ်ဘုရားနယ်မြေသည် အဆုံးစွန်၌ ပြန်လည်ကောင်းမွန်သွားခဲ့ပြီ ဖြစ်သည်။ ထို့ပြင် သူသည် မှန်ကန်စွာ လောင်းကြေးထပ်နိုင်ခဲ့သည်။
သူသည် အရှင်လီယွဲ့၏ လက်အောက်ရှိ ဌာနကြီးတစ်ဆယ့်နှစ်ခုထဲမှ တစ်ခု၏ ဒုတိယအကြီးအကဲ ဖြစ်လာခဲ့ချေပြီ။
နတ်ဘုရားတစ်ပါးအနေဖြင့် သူသည် ခရိုင်မြို့စောင့်နတ်၏ လက်အောက်ရှိ ဌာနကြီးတစ်ဆယ့်နှစ်ခု၏ ကြီးမားလှသော အရေးပါမှုကို သဘာဝကျစွာ နားလည်ပေသည်။
၎င်းမှာ မင်းဆက်တစ်ခု၏ နန်းတွင်းရှိ ဝန်ကြီးဌာနကြီး ခြောက်ခုနှင့် ဆင်တူလှပေသည်။ ဒုတိယအကြီးအကဲ တစ်ဦးအနေဖြင့်မူ သူသည် ဝန်ကြီးဌာနကြီး ခြောက်ခုထဲမှ တစ်ခု၏ ဒုတိယဝန်ကြီးနှင့် တူညီပေသည်။
“သွားတော့"
လီယွဲ့သည် လက်ကို ဝှေ့ယမ်းလိုက်၏။
သူ၏ရှေ့တွင် ရပ်နေသော ကျောက်ကျိကျန်းသည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ သူ ပြန်လည်ပေါ်လာသည့်ချိန်တွင်မူ မရဏကမ္ဘာ ခရိုင်မြို့စောင့်နတ်ဗိမာန် အတွင်းရှိ လျင်မြန်စွာအစီရင်ခံခြင်းဌာန သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သူ၏နတ်ဘုရားနယ်မြေသည် ချက်ချင်းပင် ပွင့်လန်းသွားပြီး ဗိမာန်ကြီးများထဲမှ တစ်ခုအတွင်းသို့ ပေါင်းစည်းသွားခဲ့သည်။ ထိုအချိန်မှစ၍… ဤဗိမာန်ကြီးသည် သူ၏နတ်ဘုရားနယ်မြေ ဖြစ်လာခဲ့ပေသည်။
“ငါ အစွမ်းကုန် ကြိုးစားရမယ်... နောင်အနာဂတ်မှာ လျင်မြန်စွာအစီရင်ခံခြင်းဌာန ရဲ့ အကြီးအကဲ ဖြစ်လာဖို့ ကြိုးပမ်းရမယ်... အဲဒီလိုဆိုရင်တော့… ငါက အရှင်လီယွဲ့ရဲ့ လက်အောက်ခံနတ်ဘုရား ဖြစ်နေပေမယ့် ငါ့ရဲ့စွမ်းအားက ကမ္ဘာမြေပေါ်က ဒုတိယအင်အားအကောင်းဆုံး နတ်ဘုရားထက်တောင် ပိုပြီး ကြီးမားလာနိုင်တယ်...”
ကျောက်ကျိကျန်းသည် မိမိကိုယ်ကိုယ် အားပေးရန် လက်သီးကို တင်းတင်းဆုပ်လိုက်မိ၏။
လျင်မြန်စွာအစီရင်ခံခြင်းဌာန သို့ သက်ဆိုင်သော ဝိညာဉ်သံတမန်များသည် မိမိတို့၏ လျင်မြန်စွာအစီရင်ခံခြင်းဌာန တွင် နောက်ဆုံး၌ ဒုတိယအကြီးအကဲ တစ်ဦး ရှိလာခဲ့ပြီဖြစ်ကြောင်း ချက်ချင်း သိရှိသွားကြ၏။
ထို့နောက် ချက်ချင်းပင်… ဝိညာဉ်သံတမန်များသည် အရပ်မျက်နှာအသီးသီးမှ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြပြီး ဗိမာန်ဝင်း၏ အပြင်ဘက်တွင် ရပ်လျက် ရိုသေစွာ ဦးညွှတ်လိုက်ကြပြီး
“လျင်မြန်စွာအစီရင်ခံခြင်းဌာန က ဝိညာဉ်သံတမန်က ဒုတိယအကြီးအကဲအား ဖူးမြော်ခွင့် တောင်းခံပါတယ်”
“ဝင်ခဲ့ကြ"
ကျောက်ကျိကျန်း၏ အခွင့်အာဏာပြည့်ဝသော အသံသည် ပဲ့တင်ထွက်ပေါ်လာခဲ့သည်။
...
နတ်ဘုရားနယ်မြေအတွင်း၌။
လီယွဲ့သည် နတ်ဘုရားမီးလျှံဖြင့် လုံးလုံးလျားလျား ငြိမ်းသတ်ခြင်း ခံထားရသော မဟာချန်မင်းဆက်၏ ကံကြမ္မာစွမ်းအင်ကို ကြည့်ကာ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ရွှေရောင်တောက်ပလှသော မဟာချန်မင်းဆက်၏ ကံကြမ္မာစွမ်းအင်များသည် နတ်ဘုရားနယ်မြေအတွင်း တိတ်ဆိတ်စွာ ပျံနှံ့မျောပါနေကြပြီး သမုဒ္ဒရာကမ္ဘာထဲတွင် ကူးခတ်နေသော ရွှေငါးလေးများကဲ့သို့ သိပ်သည်းလှပေသည်။
“ကိုးသန်းနှစ်သိန်းနှစ်သောင်း ကံကြမ္မာယူနစ်တွေပါလား... နှစ်ပေါင်းထောင်ချီကြာ ပြန်လည်တည်ဆောက်ခဲ့ပြီး ကံကြမ္မာတွေကို ဆက်ခံစုဆောင်းထားတဲ့ မဟာချန်မင်းဆက် ဖြစ်ရကျိုးနပ်ပါတယ်... ဒါပေမဲ့ နှမြောစရာကောင်းတာကတော့… ငါ့လက်အောက်က ယုံကြည်သူတွေအားလုံးက မဟာကျိုးမင်းဆက်ရဲ့ ပြည်သူတွေ ဖြစ်နေကြတာပဲ... အဲ့ဒါကို မဟာချန်မင်းဆက်ရဲ့ ကံကြမ္မာက အသိအမှတ်မပြုသလို မဟာချန်မင်းဆက်ရဲ့ ကံကြမ္မာစွမ်းအားကိုလည်း မခံယူနိုင်ကြဘူး...”
လီယွဲ့သည် အနည်းငယ် နှမြောတသ ဖြစ်မိ၏။
သံသယဖြစ်ဖွယ်မရှိဘဲ ဤသည်မှာ အလွန်တရာ အားကောင်းလှသော ကံကြမ္မာစွမ်းအား ဖြစ်ပေသည်။ အကယ်၍ ၎င်းကို အသုံးချနိုင်ပါက… အဆင့် (၉) ယုံကြည်သူတစ်ဦးကိုပင် မွေးဖွားပေးနိုင်လုနီးပါး ဖြစ်၏။
သို့သော် ယုံကြည်သူကိုယ်တိုင်၌ လုံလောက်သော ပါရမီအရည်အသွေး ရှိရန် လိုအပ်ပေသည်။ သို့မဟုတ်ပါက အဆင့် (၉) ဘုရင်တစ်ပါး ဖြစ်လာရန် ခဲယဉ်းပေလိမ့်မည်။
“အကယ်၍ သက်ရှိတွေကို ပြန်သယ်လာလို့ မရတဲ့ အချက်သာ မရှိရင်... ငါ အရင်က မဟာချန်မင်းဆက်ကနေ အလားအလာရှိတဲ့ လူငယ်အချို့ကို ခေါ်ဆောင်လာခဲ့မှာ...”
သူသည် မိမိကိုယ်ကိုယ် ရေရွတ်လိုက်မိ၏။
ထိုဥမင်လမ်းကြောင်းမှာ သူသည် အမြွှာမိစ္ဆာဝိညာဉ်များကို အခြေခံအဖြစ် အသုံးပြု၍ ဖွင့်လှစ်ခဲ့သော ရုပ်ဝတ္ထုလမ်းကြောင်းတစ်ခု ဖြစ်သည်။ သက်ရှိများသည် အခြေခံအားဖြင့် ဖြတ်သန်းသွားလာနိုင်ခြင်း မရှိဘဲ ကောင်းကင်နှင့် မြေပြင်၏ စည်းမျဉ်းများဖြင့် ချေမှုန်းခြင်း ခံရပေလိမ့်မည်။
“ယခုမူ…”
သူသည် မိမိရှေ့ရှိ မဟာချန်မင်းဆက်၏ ကံကြမ္မာစွမ်းအားကို ကြည့်လျက် လက်ကို ဝှေ့ယမ်းကာ သူ၏ ဒုတိယမြောက် နတ်ဘုရားလက်နက်ဖြစ်သော… ကောင်းကင်ဧကရာဇ်တံဆိပ်တော်ကို ထုတ်ယူလိုက်၏။
ဝုန်း…
နတ်ဘုရားနယ်မြေ၏ ဟင်းလင်းပြင်သည် တုန်ခါသွားပုံရသည်။
တောင်တစ်လုံးကဲ့သို့ ကြီးမားလှသော ရွှေရောင်တံဆိပ်တော်ကြီးသည် ပျံသန်းဝင်ရောက်လာပြီး ဝေဟင်ထက်တွင် လွင့်မျောလျက် ထိတ်လန့်ဖွယ်ရာ နတ်ဘုရားစွမ်းအားများကို ဖြာထွက်နေစေခဲ့သည်။
ထိုနတ်ဘုရားစွမ်းအားအောက်တွင် ဟင်းလင်းပြင်ပင် အနည်းငယ် ပုံပျက်သွားခဲ့ရာ ခပ်သိမ်းသောအရာအားလုံးကို ဖိနှိပ်နိုင်ပြီး ခြိမ်းခြောက်နိုင်စွမ်းရှိလျက် ကောင်းကင်နှင့်မြေပြင်ကို ပိတ်ဆို့နိုင်ကာ ကောင်းကင်တောင်တန်းကဲ့သို့ လေးလံပြီး ဖျက်ဆီး၍မရနိုင်ပုံရပေသည်။
“ငါ့ရဲ့ အဆင့်တက်တာက မြန်လွန်းတယ်... ဒီနတ်ဘုရားလက်နက်က နောက်ကနေ မလိုက်နိုင်တော့ဘူး...”
လီယွဲ့သည် သက်ပြင်းချလိုက်မိ၏။
အဆုံးစွန်၌မူ အချိန်တိုအတွင်း၌ပင် သူသည် သတ္တမအဆင့်မြင့် နတ်ဘုရားတစ်ပါးအဖြစ်သို့ တက်လှမ်းနိုင်ခဲ့သည်။
ဤ ကောင်းကင်ဧကရာဇ်တံဆိပ်တော်မှာ သတ္တမအဆင့် တွင်သာ ရှိနေဆဲ ဖြစ်၏။ ထို့ကြောင့်… သူသည် ယခုအခါ မဟာချန်မင်းဆက်၏ ကံကြမ္မာစွမ်းအားကို အသုံးပြု၍ သူ၏ ကောင်းကင်ဧကရာဇ်တံဆိပ်တော် အဆင့်ကို မြှင့်တင်ရန် ရည်ရွယ်လိုက်သည်။
မင်းဆက်တစ်ခု၏ ကံကြမ္မာ။
ဤသည်က လူသားမျိုးနွယ်၏ ကံကြမ္မာစွမ်းအား တစ်မျိုးပင် ဖြစ်သည်။ နတ်ဘုရားလက်နက်များအနေဖြင့် ၎င်းတို့သည် မူလကတည်းက လူသားတို့၏ ကိစ္စရပ်များနှင့် နီးကပ်စွာ ဆက်စပ်နေခဲ့သည်။
အကယ်၍ ရေတွက်၍မရနိုင်သော လူသားတို့က နေ့ညမပြတ် ကိုးကွယ်ပူဇော်ကြမည်ဆိုပါက နှစ်ပေါင်းသောင်းချီ သို့မဟုတ် သိန်းချီကြာပြီးနောက်တွင်မူ...
အဆင့် (၉) နတ်ဘုရားလက်နက်တစ်ခုပင်လျှင် မယုံကြည်နိုင်ဖွယ်ရာ အဆင့်အတန်းအထိ မြင့်တက်သွားနိုင်သည့် အလားအလာ ရှိပေသည်တကား။
သေချာပေါက်ပင်… ၎င်းကို ရေတွက်၍မရသော လူတို့က ကိုးကွယ်ပူဇော်ကြခြင်း ဖြစ်သဖြင့် စစ်မှန်သော နတ်ဘုရားတစ်ပါးအဖြစ်သို့ ပြောင်းလဲသွားရန် ပိုမိုဖြစ်နိုင်ချေ ရှိပေသည်။ နတ်ဘုရားလက်နက်တစ်ခု၏ အဆင့်အတန်းဖြင့် နတ်ဘုရားတစ်ပါးအဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်၏။
ဤသည်မှာ နတ်ဘုရားများက အချိန်အမြောက်အမြား အသုံးပြုပြီး ရေတွက်၍မရသော နတ်ဘုရားစွမ်းအင်များကို သုံးစွဲကာ မိမိတို့၏ နတ်ဘုရားလက်နက်များကို မွေးမြူသည့် သဘောတရားနှင့် ဆင်တူပေသည်။ လူသားမျိုးနွယ်၏ ကံကြမ္မာသည် အနှစ်သာရအားဖြင့် ပိုမိုမြင့်မားသော စိတ်ဆန္ဒစွမ်းအား ပုံစံတစ်မျိုးနှင့် ဆင်တူလှ၏။
၎င်းတို့အားလုံးမှာ ခပ်သိမ်းသော သက်ရှိတို့၏ စွမ်းအားများ စုစည်းမှုပင် ဖြစ်သည်။
သို့သော် လူသားမျိုးနွယ်၏ ကံကြမ္မာတွင် လူသားမျိုးနွယ်၏ စည်းမျဉ်းများ ပါဝင်နေသဖြင့် နတ်ဘုရားစွမ်းအင်အဖြစ်သို့ ပြောင်းလဲနိုင်ခြင်း မရှိချေ။
သို့သော် ၎င်းသည် နတ်ဘုရားစွမ်းအင်ကို အစားထိုးနိုင်ပြီး နတ်ဘုရားလက်နက်တစ်ခုအား အချိန်တိုအတွင်း တိုးတက်စေနိုင်ပေသည်။ ဤသည်မှာ လီယွဲ့က သတ္တမအဆင့်မြင့်သို့ တက်လှမ်းပြီးနောက် သဘောပေါက်နားလည်ခဲ့သော လူသားမျိုးနွယ်၏ ကံကြမ္မာကို အသုံးချသည့် နည်းလမ်းတစ်ခု ဖြစ်သည်။
“သွားတော့... ကောင်းကင်ဧကရာဇ်တံဆိပ်တော်... မင်း ဘယ်လောက်အထိ တိုးတက်နိုင်မလဲဆိုတာ ငါ့ကို ပြသစမ်း...”
လီယွဲ့၏ မျက်လုံးများထဲတွင် အလင်းရောင် ဖြတ်ပြေးသွားခဲ့ပြီး သူသည် မဟာချန်မင်းဆက်၏ ကံကြမ္မာစွမ်းအား အားလုံးကို ကောင်းကင်ဧကရာဇ်တံဆိပ်တော်အတွင်းသို့ တိုက်ရိုက် စီးဝင်စေလိုက်၏။
ရုတ်တရက်… သူ၏နတ်ဘုရားနယ်မြေအတွင်း၌ ရွှေရောင်မြစ်တစ်စင်း ပေါ်ပေါက်လာခဲ့သည်။ ထိုကြီးမားလှသော ရွှေရောင်မြစ်သည် ကောင်းကင်ဧကရာဇ်တံဆိပ်တော် အတွင်းသို့ အဆက်မပြတ် စီးဝင်သွားခဲ့လျက် ကောင်းကင်ဧကရာဇ်တံဆိပ်တော်၏ အရှိန်အဝါသည်လည်း မြင့်တက်လာခဲ့သည်။