အခန်း ၁၄၃
Vol. 15 Ch. 143
အခန်း (၁၄၃)
ငါးဆယ် ငါးဆယ်
"ဦးလေးကျိုးနဲ့ ဦးလေးကျန်းတို့ကတော့ အာကာသစခန်းကို ရောက်နေကြပါပြီ..."
ဆူးမူယန်က သက်ပြင်းချလိုက်လေ၏။ သူသည် ခေါင်းမော့ကာ ပြောလိုက်လေသည်။
"သွားကြစို့... အင်္ဂါဂြိုဟ်ကို သွားမယ်..."
...
ကောင်းယွမ်သည် လူပေါင်းဒါဇင်နှင့်ချီ၍ တင်ဆောင်ထားသော ယာဉ်ပျံပေါ်၌ ထိုင်နေခဲ့ပေသည်။ ထိုယာဉ်ပေါ်ရှိ သူအများစုမှာ ယခင်က ရာထူးကြီးပိုင်းများ ဖြစ်ကြပေ၏။
ထိုစဉ်မှာပင် ယာဉ်ပျံသည် ကာကွယ်ရေးအမိုးအကာကို ဖြတ်ကျော်ကာ အပြင်ဘက်သို့ ပျံသန်းထွက် ခွာသွားခဲ့လေသည်။
"ကျောင်းအုပ်ကြီးကောင်း... ကျွန်တော်တို့ ဘယ်ကို သွားနေကြတာလဲ..."
"လုံကျင်းမြို့ကနေ အရင်ဆုံး ထွက်သွားကြမယ်... မကြာခင်မှာ မီးတောက်တွေက လုံကျင်းမြို့ထဲကို ရောက်လာတော့မှာ..."
ထိုယာဉ်ပေါ်ရှိ လူအချို့မှာ အတွင်းရေးများကို သိရှိထားကြသော်လည်း အချို့မှာမူ မည်သည့်အရာကို မျှ သိရှိထားခြင်း မရှိကြပေ။
ကျိုးဝူကွမ်းသည်လည်း ယခင်က အာဏာရှိသူ သုံးဦးထဲမှ တစ်ဦးဖြစ်သလို ကျိုးကျန့်ယွင်၏ ဝမ်းကွဲ ညီအစ်ကိုလည်း ဖြစ်ပေသည်။ သူသည် အတွင်းရေးများကို သိရှိထားသူဖြစ်ရာ အပြင်ဘက်သို့ ရှုပ်ထွေး သော အကြည့်များဖြင့် ကြည့်နေခဲ့ပေ၏။
သူသည် ကောင်းယွမ်ကို တစ်ချက် ကြည့်လိုက်လေသည်။
*ကောင်းမိသားစုက တကယ်ကို ရက်စက်တာပဲ…*
ထိုစဉ်က ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာန၏ လက်ဝါးကြီးအုပ်မှုကို ဖြိုခွဲရန်အတွက် ကောင်းချိုးသည် ဂြိုဟ်သိမ်ဂြိုဟ်မွှား ဘေးအန္တရာယ်ကို ဖန်တီးခဲ့လေသည်။ ၎င်းမှာ လူသားသမိုင်းတွင် အကြီးမားဆုံးသော သတ္တုတွင်း မတော်တဆမှုကြီး ဖြစ်ခဲ့သော်လည်း အပြစ်အားလုံးကို ဖွံ့ဖြိုးတိုး တက်ရေး အထွေထွေအုပ်ချုပ်မှုဌာနအပေါ် ပုံချခဲ့ခြင်း ဖြစ်ပေ၏။
သို့သော် ကျိုးဝူကွမ်းကမူ ထိုအရာမှာ ကောင်းချိုး၏ လက်ချက်ဖြစ်ကြောင်း သိနေခဲ့သည်။ ရည်ရွယ် ချက်မှာ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနကို တိုက်ခိုက်ရန်နှင့် ဂြိုဟ်သိမ်ဂြိုဟ်မွှား ပတ်လမ်းစုတွင် မိမိလူများကို ထည့်သွင်းကာ သတ္တုတွင်းဧရိယာကို ထိန်းချုပ်ရန် ဖြစ်ပေသည်။
ထိုဖြစ်ရပ်ကြောင့်ပင် ကျိုးဝူကွမ်းသည် စက်ကိရိယာဌာန ညွှန်ကြားရေးမှူးရာထူးမှ ဆင်းပေးခဲ့ရပြီး သူ၏ ဝမ်းကွဲဖြစ်သူ ကျိုးကျန့်ယွင်က တက်ရောက်လာခဲ့ခြင်း ဖြစ်၏။ ယခုအခါ ကျိုးဝူကွမ်းမှာ ကျိုးမိသားစုတွင် ဘေးဖယ်ခံထားရသူ တစ်ဦးသာ ဖြစ်တော့သည်။
သူ၏ လက်ရှိ အခြေအနေမှာ ကောင်းချိုးကြောင့် ဖြစ်ရသည်ဟု ဆိုနိုင်ပေသည်။
ယခုအခါ ကောင်းချိုး၏မြေးဖြစ်သူ ကောင်းယွမ်သည် ကြည့်ရသည်မှာ အပြစ်ကင်းစင်ပုံ ပေါက်သော် လည်း တကယ်တမ်း၌မူ ကြီးမားသော ကိစ္စရပ်ကြီးကို လုပ်ဆောင်ခဲ့လေပြီဖြစ်လေ၏။
လုံကျင်းမြို့ကို မီးလောင်တိုက်သွင်းလိုက်ခြင်း... မဟုတ်သေး... မြို့တော်ကြီးရှစ်ခုလုံး မီးလောင်သွား ခြင်း ဖြစ်ရမည်ပင်။
ဤနည်းဖြင့်သာ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာန၏ လက်ဝါးကြီးအုပ်မှုကို အပြီးတိုင် ဖြိုဖျက်နိုင်မည် ဖြစ်ပေသည်။
*ဒါပေမဲ့ သူဘယ်လိုလုပ်ခဲ့တာလဲ…*
*ဒီလောက် ကြီးမားတဲ့ လှုပ်ရှားမှုကို ဘယ်သူမှ မရိပ်မိအောင် ဘယ်လို စီစဉ်ခဲ့တာလဲ…ဒီလောက်ကြီးမား တဲ့ မီးလောင်မှုကြီးအတွက် လောင်စာ ဘယ်လောက် လိုမလဲ… ကောင်းယွမ်က ဒီလောင်စာတွေကို ဘယုလို ရခဲ့တာလဲ…*
*ကောင်းမိသားစုဝင် အားလုံးက တကယ့်ကို ရက်စက်ကြတာပဲ…*
ဤမီးလောင်မှုကြီးသည် လူပေါင်းများစွာ၏ အသက်ကို နုတ်ယူသွားပေလိမ့်မည်။ သို့သော် အပြစ် အားလုံးမှာ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနအပေါ်သို့သာ ကျရောက်သွားမည် ဖြစ်ပေ သည်။
ကျိုးဝူကွမ်းသည် ရာထူးမှ ဆင်းပေးခဲ့ရပြီးဖြစ်၍ ဤကိစ္စမှာ သူနှင့် မသက်ဆိုင်တော့သဖြင့် စိတ်သက် သာရာ ရနေမိသော်လည်း ကျိုးကျန့်ယွင်အတွက်မူ အခြားတစ်မျိုး ဖြစ်ပေလိမ့်မည်။
ချင်ကန်းသည် ပြတင်းပေါက်အပြင်ဘက်မှ ပြင်းထန်စွာ လောင်ကျွမ်းနေသော မီးတောက်များကို နှမြောတသသော မျက်နှာထားဖြင့် ကြည့်နေခဲ့လေသည်။
"ဒီမီးလောင်မှုကြီးပြီးရင်တော့ လူတွေ အများကြီး သေကြရတော့မှာပဲ..."
ကောင်းယွမ်လည်း တိတ်ဆိတ်သွားခဲ့လေ၏။ လူဦးရေမှာ အလွန်များပြားလှရာ အချို့သောသူများသည် ထွက်ပြေးလွတ်မြောက်နိုင်ကြမည် မဟုတ်ပေ။
ကောင်းယွမ်သည် ၎င်းတို့ကို သတ်ဖြတ်ရန် ရည်ရွယ်ချက် မရှိပေ။ သူသည် ယာဉ်ပျံများစွာကိုပင် ပြင်ဆင်ပေးခဲ့ပါသော်လည်း... သမုဒ္ဒရာထဲသို့ ရေတစ်စက် ချသကဲ့သို့သာ ရှိနေခဲ့သည်။ အကယ်၍ တစ်စုံတစ်ဦး သေဆုံးသွားခဲ့လျှင်ပင် ၎င်းမှာ သူ၏ လုပ်ဆောင်ချက်ကြောင့်သာ ဖြစ်ပြီး မီးရှို့ခဲ့သူမှာ လည်း သူပင် ဖြစ်ပေသည်။
သူ ဆုံးဖြတ်ချက်ကို ဝေခွဲမရ ဖြစ်နေစဉ်မှာပင် ဦးနှောက်ချက်ဆက်မှုကွန်ရက်မှ သတင်းအချက်အလက် အသစ်အချို့ ရောက်ရှိလာခဲ့လေသည်။
သူသည် သူ၏ စိတ်ထဲသို့ ရောက်ရှိလာသော သတင်းအချက်အလက်ကို စစ်ဆေးလိုက်ရာ ၎င်းမှာ ကောင်းယွမ်ယွမ်ကောင်းထံမှ ပေးပို့ခြင်း ဖြစ်နေပေသည်။
"ကောင်းယွမ်... လုံကျင်းမြို့ရဲ့ ကီလိုမီတာ (၁၀၀၀) ပတ်လည်မှာ အခြေစိုက်စခန်း ခြောက်ခု ရှိတယ်... အားလုံးကို အခု ဖွင့်ထားပြီးပြီ... လုံကျင်းမြို့က လူတွေကို အဲဒီနေရာ ခြောက်ခုဆီကို ယာယီ ရွှေ့ပြောင်း ပေးထားလိုက်..."
ကောင်းယွမ်သည် ကိုဩဒိနိတ် ခြောက်ခုကို မြင်တွေ့လိုက်ရလေသည်။
သူသည် ရုတ်တရက် သတိဝင်လာခဲ့လေ၏။ ကောင်းယွမ်ယွမ်ကောင်းသည် ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်ပေသည်။ ယခင်က ကမ္ဘာမြေပေါ်တွင် မြို့တော်ကြီးရှစ်ခုအပြင် အခြားသော အခြေစိုက်စခန်းငယ် အချို့ ရှိနေကြောင်းသာ သူ သိရှိခဲ့သော်လည်း ထိုနေရာများသို့ မရောက်ဖူးခဲ့သလို မည်သို့သော နေရာ မျိုးဖြစ်သည်ကိုလည်း မသိခဲ့ပေ။
ကောင်းယွမ်သည် ယာဉ်ပျံ၏ မြေပုံပေါ်တွင် ကိုဩဒိနိတ်များကို ချက်ချင်း ရိုက်ထည့်လိုက်ပြီး ပတ်ဝန်း ကျင်သို့ သတင်းအချက်အလက်များကို ထုတ်လွှင့်လိုက်လေသည်။
ထိုအချိန်တွင် ကောင်းကင်ယံ၌ ယာဉ်ပျံများဖြင့် ပြည့်နှက်နေခဲ့ပေသည်။ ကောင်းယွမ်၏ ယာဉ်ပျံမှ (၁၀) ကီလိုမီတာအတွင်း ရှိနေသော မည်သည့်ယာဉ်ပျံမဆို ထိုသတင်းအချက်အလက်ကို လက်ခံရရှိမည် ဖြစ်ချေ၏။
ကောင်းယွမ်သည် ကိုဩဒိနိတ်များနှင့် သတင်းများကို ဟွမ်ဖူရှန်းထံသို့လည်း ပေးပို့လိုက်ရာ သူမ ပြင်ဆင်ထားသော ယာဉ်ပျံများကို အကြောင်းကြားနိုင်ရန် ဖြစ်ပေသည်။
ကောင်းယွမ်သည် ဤလူများကို အခြေစိုက်စခန်းများသို့ အမြန်ဆုံး ပို့ဆောင်ပေးရမည်ဖြစ်ပြီး လုံကျင်း မြို့သို့ ပြန်လာကာ လူများကို ထပ်မံ ခေါ်ဆောင်ရမည် ဖြစ်၏။ တတ်နိုင်သမျှ လူအများအပြားကို ကယ်တင်ရန် သူ ကြိုးစားနေခဲ့ခြင်းဖြစ်ပေသည်။
ယာဉ်ပျံသည် လုံကျင်းမြို့ပတ်လည်ရှိ ရေဒီယိုသတ္တိကြွ ဇုန်အတွင်းမှ ပျံသန်းထွက်ခွာလာချိန်တွင် ကောင်းယွမ်သည် တစ်စုံတစ်ဦးအား ပြတင်းပေါက်များကို ဖွင့်ရန် ခိုင်းစေလိုက်လေ၏။
အမှန်တရားကို မသိရှိသေးသော အချို့သူများသည် ထိတ်လန့်နေခဲ့ကြလေသည်။
သို့သော် ကောင်းယွမ်သည် ရေဒီယိုသတ္တိကြွမှု တိုင်းတာရေး ကိရိယာကို ထုတ်လိုက်သောအခါ ပတ်ဝန်းကျင်တွင် ရေဒီယိုသတ္တိကြွမှုမှာ သုညနီးပါးသာ ရှိနေသည်ကို တွေ့ရှိလိုက်ရလေသည်။
ချင်ကန်းနှင့် ကျိုးဝူကွမ်းတို့သည် သက်ပြင်းချလိုက်ကြ၏။
သို့သော် အချို့သောသူများမှာမူ ဖြစ်ပျက်နေသည်ကို သဘောမပေါက်ကြသေးပေ။
"ဒီမှာ ရေဒီယိုသတ္တိကြွမှု မရှိဘူးလား..."
"ဒီမှာ ဘယ်တုန်းကမှ ရေဒီယိုသတ္တိကြွမှု မရှိခဲ့တာပါ..."
ဟု ကောင်းယွမ်က ပြောလိုက်လေသည်။
ယာဉ်ပေါ်တွင် ရုတ်တရက် တိတ်ဆိတ်သွားခဲ့ရလေသည်။ ဤယာဉ်ပေါ်ရှိ လူအားလုံးမှာ ထိပ်တန်း ပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။ ၎င်းတို့၏ ရာထူးအဆင့်အတန်းများ ကွဲပြားသော်လည်း ထိပ်တန်းပုဂ္ဂိုလ် များ၏ အတွေးအခေါ်မှာ သာမန်လူတန်းစားများထက် များစွာ ပို၍ နက်နဲလှပေသည်။
မကြာမီမှာပင် ဖြစ်ပျက်နေသမျှကို လူတိုင်း နားလည်သွားကြတော့သည်။
ယာဉ်အတွင်း၌ အသက်ရှူသံများကိုသာ ကြားရသော်လည်း ထိုအသံမှာ ထိတ်လန့်ဖွယ်ရာ ကောင်းလှ ၏။
"ဟင်း... ဟင်း..."
ကောင်းယွမ်သည် အခြေစိုက်စခန်းသို့ ရောက်ရှိလာခဲ့သည်အထိ စကားတစ်ခွန်းမျှ မပြောခဲ့ပေ။
စက်ရုပ်များသည် ထိုနေရာတွင် ခေါက်သိမ်းနိုင်သော တဲများကို ဖြန့်ဝေပေးနေကြလေသည်။ ထိုတဲ များကို ခေါက်သိမ်းထားလျှင် ဘတ်စကတ်ဘောလုံး တစ်လုံးစာမျှသာ ရှိသော်လည်း ဖြန့်လိုက်လျှင် စတုရန်းမီတာ (၃၀) ကျော် ကျယ်ဝန်းသဖြင့် လူပေါင်း (၁၀) ကျော်အထိ ဆံ့ပေသည်။
ယာဉ်ပေါ်မှ ဆင်းပြီးနောက် ကောင်းယွမ်သည် စက်ရုပ်များကို ယာဉ်ပျံမောင်းနှင်ခိုင်းကာ လုံကျင်းမြို့သို့ ပြန်သွားပြီး လူများကို ထပ်မံ ခေါ်ဆောင်ခိုင်းလိုက်လေသည်။
ချင်ကန်းသည် ကောင်းယွမ်ကို တဲတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားခဲ့လေ၏။
"ဥက္ကဋ္ဌချင်... တစ်ခုခု လိုအပ်လို့လား..."
"ဒီမီးကို မင်း ရှို့တာမလား..."
"ဥက္ကဋ္ဌချင်က ဘာလို့ အဲဒီလို မေးတာလဲ..."
"မင်းကလွဲလို့ ဒီလောက်ကြီးမားတဲ့ အကြံအစည်မျိုး ဘယ်သူမှ မရှိနိုင်ဘူးလေ... အဲဒီလူတွေက အရာ အားလုံး အစစ်အမှန်လို့ ထင်အောင် သဘာဝအရာဝတ္ထုအားလုံးကိုတောင် ထိန်းချုပ်ထားခဲ့ကြတာ... သူတို့ရဲ့ အကာအကွယ်မရှိရင် ကမ္ဘာမြေမှာ နေထိုင်လို့ မရဘူးလို့ လူတွေကို ယုံကြည်အောင် လုပ်ထား ခဲ့တာပေါ့..."
ကောင်းယွမ်သည် ဝန်ခံခြင်းလည်း မပြုသလို ငြင်းဆိုခြင်းလည်း မလုပ်ခဲ့ပေ။
"ကောင်းမိသားစုရဲ့ နောက်ထပ် အစီအစဉ်က ဘာလဲ..."
"ကျွန်တော် ဘာလုပ်သင့်တယ်လို့ ဥက္ကဋ္ဌချင် ထင်ပါသလဲ..."
"မြို့သစ်တစ်ခု တည်ဆောက်ပြီး ရေဒီယိုသတ္တိကြွ ဇုန်တွေကို အပြီးသတ် ရှင်းလင်းပစ်ရမယ်... တစ်ပြိုင် နက်တည်းမှာပဲ... စစ်ပွဲအတွက် ပြင်ဆင်ထားရမယ်..."
ဟု ချင်ကန်းက ပြောလိုက်လေသည်။
"စစ်ပွဲ တကယ် ဖြစ်လာလိမ့်မယ်လို့ ဥက္ကဋ္ဌချင် ယုံကြည်နေတာလား..."
ဟု ကောင်းယွမ်က ပြန်လည် မေးမြန်းလိုက်လေ၏။
"စစ်ပွဲ မဖြစ်လာဘူးလို့ မင်း ထင်နေတာလား..."
ဟု ချင်ကန်းက ပြန်လည် မေးခွန်းထုတ်လိုက်လေသည်။
"ကျွန်တော် မသိဘူး... ကျွန်တော်က စီးပွားရေးသမား တစ်ယောက်ပဲ ဖြစ်ချင်တာပါ... စစ်ရေးနဲ့ နိုင်ငံရေး ကိစ္စတွေမှာ ကျွန်တော် မပတ်သက်ချင်ဘူး..."
"ဟားဟား... ကောင်းယွမ်... မင်းက မင်းရဲ့ အဘိုး ကောင်းချိုးနဲ့ တော်တော်လေး တူတာပဲ... အဲဒါကို မင်း သိလား..."
ကောင်းယွမ်သည် သူ့တွင် အဘိုးမရှိကြောင်း ပြောချင်သော်လည်း "ကျွန်တော် တကယ် မသိပါဘူး..." ဟုသာ ပြောလိုက်လေ၏။
"မင်းတို့အားလုံးက တူတူပါပဲ... တကယ်တော့... ဟင်း... မင်းမှာလည်း ဒီလိုလုပ်ရတဲ့ အကြောင်းပြ ချက် ရှိမှာပေါ့လေ... သူတို့ကလည်း... လူဆိုးတွေတော့ မဟုတ်ကြပါဘူး... ကဲ... အခြေအနေတွေက ဒီအဆင့် အထိ ရောက်လာမှတော့ ငါလည်း ဘာမှ ထပ်မပြောတော့ပါဘူး..."
ချင်ကန်းကဲ့သို့သော မြေခွေးအိုကြီးသည် အတွင်းရေးများကို ပို၍ သိရှိထားမည်ဟု ကောင်းယွမ် ခံစား လိုက်ရလေသည်။
"သူတို့က လူဆိုးတွေ မဟုတ်ဘူးလို့ ဥက္ကဋ္ဌ ထင်နေတာလား..."
"သူတို့မှာလည်း သူတို့ အကြောင်းပြချက်နဲ့ သူတို့ ရှိကြတာပေါ့... တကယ်တော့ လူသားတွေ ပိုမို အား ကောင်းလာတာက သူတို့အတွက် ကောင်းတဲ့အရာ မဟုတ်ဘူးလား... သူတို့ ဘာကြောင့် ဒီလမ်းစဉ်ကို ရွေးချယ်ခဲ့ကြတာလဲ..."
ကောင်းယွမ် ထိုအရာကို တစ်ခါမျှ မတွေးတောခဲ့ဖူးပေ။
သူသည် ကောင်းကန့်ကို ယခင်က မေးမြန်းဖူးသော်လည်း သူကမူ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေ အုပ်ချုပ်မှုဌာနသည် လူသားများကို ထာဝရ ထိန်းချုပ်ထားလိုသောကြောင့်ဟုသာ ပြောဆိုခဲ့ လေသည်။
သို့သော် ချင်ကန်း၏ ပြောကြားချက်မှာလည်း မှန်ကန်နေပေသည်။ လူသားများ နယ်မြေချဲ့ထွင်ခြင်းမှ ရရှိလာသော အောင်မြင်မှု ခံစားချက်သည် ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနအပေါ် ထောက်ခံမှုနှုန်းကို တိုးပွားစေမည် ဖြစ်ရာ အဘယ်ကြောင့် ၎င်းတို့က ဤနည်းလမ်းကို ရွေးချယ်ခဲ့ကြ သနည်း။
ဤအရာမှာ တစ်ခုခု မှားယွင်းနေသကဲ့သို့ ရှိပေသည်။
ကောင်းကန့်သည် သူ သိရှိထားသမျှကို သူ့အား အကုန်အစင် ပြောကြားခဲ့ခြင်း မရှိသေးပေ။
ချင်ကန်းပင် အချို့သော အတွင်းရေးများကို သိရှိနေပါက ကောင်းကန့်နှင့် ကောင်းချိုးတို့မှာမူ ပို၍ သိရှိ ထားကြပေလိမ့်မည်။
ကောင်းယွမ်သည် ရုတ်တရက် ထိတ်လန့်သွားခဲ့ရလေသည်။
သူသည် ကောင်းကန့်ကို ချက်ချင်း ဆက်သွယ်ချင်သော်လည်း ခဏမျှ တွေဝေပြီးနောက် လက်လျှော့ လိုက်လေ၏။
"ဥက္ကဋ္ဌချင်... စစ်ပွဲဖြစ်လာလိမ့်မယ်လို့ ခုနက ပြောခဲ့တယ်နော်... ဘယ်ဘက်က နိုင်မယ်လို့ ဥက္ကဋ္ဌ ထင် လဲ..."
ချင်ကန်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေသည်။
"အရင်ကဆိုရင် မင်းတို့ နိုင်ဖို့ အခွင့်အရေး မရှိခဲ့ဘူး... ဒါပေမဲ့ အခုတော့ ငါးဆယ် ငါးဆယ်ပဲ... ဒါဟာ လမ်းစဉ် မတူညီတဲ့ ကိစ္စရပ်တစ်ခုပါ... ဒီလောက်အထိ လုပ်စရာ မလိုခဲ့ပါဘူး..."
ထို့နောက်တွင်မူ ကောင်းယွမ် မည်သို့ပင် မေးမြန်းစေကာမူ ထိုမြေခွေးအိုကြီးမှာ လိမ္မာပါးနပ်စွာဖြင့်သာ ပြန်လည် ဖြေကြားခဲ့ရာ သူ၏ထံမှ မည်သည့် သတင်းအချက်အလက်ကိုမျှ ထပ်မံ မရရှိနိုင်တော့ ကြောင်း ကောင်းယွမ် သိရှိလိုက်လေသည်။
သူသည် တဲအပြင်ဘက်သို့ ထွက်လာကာ အခြေစိုက်စခန်းကို လေ့လာကြည့်ရှုလိုက်တော့သည်။
ဤအခြေစိုက်စခန်းမှာ ကောင်းယွမ် စိတ်ကူးထားသည်ထက် များစွာ ပို၍ ရှုပ်ထွေးလှပေသည်...။