အခန်း ၁၄၄
Vol. 15 Ch. 144
အခန်း (၁၄၄)
ကြီးမားသောအဖြစ်အပျက်
ကောင်းယွမ်သည် ဤနေရာကို ရွာတစ်ရွာကဲ့သို့သာ ဖြစ်လိမ့်မည်ဟု ကနဦးက ထင်မြင်ခဲ့မိလေသည်။
သို့သော် အနီးကပ် ကြည့်ရှုလိုက်သောအခါ ဤနေရာတွင် အမျိုးမျိုးသော စက်ကိရိယာများဖြင့် ပြည့် နှက်နေသည်ကို တွေ့လိုက်ရလေ၏။ သူသည် ပိုမိုရှင်းလင်းစွာ မြင်နိုင်ရန် ပတ်ဝန်းကျင်သို့ လှည့်ပတ် ကြည့်ရှုလိုက်လေသည်။
ထိုစဉ် လူငယ်တစ်ဦးသည် သူ၏အနားသို့ လျှောက်လှမ်းလာခဲ့ပေသည်။
"ဒါရိုက်တာကောင်း... မင်္ဂလာပါ... ကျွန်တော်က လူသားဖယ်ဒရေးရှင်းကပါ... ကျွန်တော့်နာမည်က လင်းရှောင်ပါ… သိပ္ပံအကယ်ဒမီရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သလို ကျောင်းအုပ်ကြီးကောင်းရဲ့ တပည့် လည်း ဖြစ်ပါတယ်..."
*ကောင်းကန့်ရဲ့ တပည့်လား…*
ကောင်းယွမ်သည် လက်ကမ်းနှုတ်ဆက်လိုက်၏။
"တွေ့ရတာဝမ်းသာပါတယ်... ပညာရှင်လင်း..."
"ဒါရိုက်တာကောင်းမှာ သိချင်တဲ့ မေးခွန်းတွေ အများကြီး ရှိနေမလား... ကျွန်တော် ဒီနယ်မြေမှာ အလုပ် လုပ်ခဲ့တာ အနှစ်နှစ်ဆယ် ရှိပါပြီ... ဒီနေရာကို ဘာမှမရှိတဲ့ အခြေအနေကနေ ကျွန်တော် ကိုယ်တိုင် တည်ဆောက်ခဲ့တာပါ... ဒါရိုက်တာက ကမ္ဘာတစ်ဝန်းမှာ ဒီလိုမျိုး နယ်မြေပေါင်း တစ်ရာလောက်ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်..."
"ဘာကြောင့်လဲ..."
ကောင်းယွမ်က မေးမြန်းလိုက်လေသည်။
*လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ကတည်းက... ကောင်းချိုးက အချိန်နဲ့အာကာသဆုံမှတ်တွေကို စီစဉ်ခဲ့ ပြီး… ကောင်းကန့်ကလည်း ဒီလိုအခြေချနေထိုင်ရာနယ်မြေတွေကို စတင်ပြင်ဆင်ခဲ့တာပေါ့။ ဒါဆို... သူတို့က အဲဒီအချိန်ကတည်းက မြို့တော်ကြီးရှစ်ခုကို မီးရှို့ဖျက်ဆီးဖို့ ကြံစည်နေခဲ့ကြတာလား...*
"ဒါတွေကို ကျွန်တော့်ကို ဘာလို့ လာပြောပြနေတာလဲ..."
ကောင်းယွမ်က မေးလိုက်၏။
လင်းရှောင်သည် သူတို့ရှေ့ရှိ အဆောက်အအုံတစ်ခုကို ညွှန်ပြလိုက်လေသည်။ ၎င်းမှာ ဤနယ်မြေ အတွင်းရှိ တစ်ခုတည်းသော အဆောက်အအုံ ဖြစ်ပေသည်။
"ဒါကတော့ အမှတ် (၀၂၁) ပတ်ဝန်းကျင် စောင့်ကြည့်ရေးစခန်းလေ... ဒါပေမဲ့ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနရဲ့ ဂေဟစနစ် ကင်းလှည့်အဖွဲ့နဲ့ မတူတာက ဒီစောင့်ကြည့်ရေးစခန်းဟာ လူသားဖယ်ဒရေးရှင်း ကောင်စီနဲ့ တိုက်ရိုက်သက်ဆိုင်တာပါပဲ... ဒါဟာ ကျွန်တော်တို့ရဲ့ စောင့်ကြည့် ရေးစခန်းပဲလေ... ဒါရိုက်တာကောင်း... ကျွန်တော်နဲ့အတူ အထဲကို ကြွပါဦး..."
ကောင်းယွမ်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရလေသည်။
*ဒီစောင့်ကြည့်ရေးစခန်းတွေကို လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က တည်ဆောက်ခဲ့တာဆိုရင်တော့ ဖွံ့ဖြိုး တိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနရဲ့ သဘောတူညီချက်က တော်တော် ထူးဆန်းနေပြီ… နောက်ပြီး ဒီနှစ်တွေအတွင်းမှာ သူတို့ဘက်က ဘာထိခိုက်မှုမှ မရှိခဲ့သလို၊ ပတ်ဝန်းကျင်မှာ ရေဒီယိုသတ္တိကြွ အကာ အရံတွေ တပ်ဆင်ထားတာမျိုးလည်း မတွေ့ရဘူး..."
ကောင်းယွမ်သည် သံသယများဖြင့် ပြည့်နှက်နေသော်လည်း လင်းရှောင်နောက်မှ လိုက်ပါ၍ စောင့် ကြည့်ရေးစခန်းဆီသို့ လျှောက်လှမ်းသွားခဲ့လေသည်။
စောင့်ကြည့်ရေးစခန်းမှာ အလွန်ကြီးမားပြီး မြင့်မားလှပေသည်။ အောက်ခြေမှ မော့ကြည့်လိုက်သော အခါ ကောင်းယွမ်၏ လည်ပင်းပင် နာသွားရလေသည်။
"အမြင့် (၅၁၂) မီတာ ရှိပါတယ်... လုံကျင်းမြို့မှာဆိုရင်တော့ ဒါဟာ သာမန် အဆောက်အအုံတစ်ခုပဲ ဖြစ်မှာပါ... ဒါပေမဲ့ ဒီနေရာကနေဆိုရင် ကီလိုမီတာ ရာနဲ့ချီတဲ့ မြင်ကွင်းကို ကြည့်နိုင်ပါတယ်..."
လင်းရှောင်သည် စကားပြောရင်း ကောင်းယွမ်ကို အတွင်းဘက်သို့ ခေါ်ဆောင်သွားခဲ့လေသည်။
အတွင်းသို့ ဝင်လိုက်သည်နှင့် ကောင်းယွမ်သည် ရှည်လျားသော စင်္ကြံတစ်ခုကို တွေ့လိုက်ရပြီး ဘေး တစ်ဖက်တစ်ချက်တွင် ပုံရိပ်ယောင် မြင်ကွင်းများ တရစပ် ပြသနေသည်ကို မြင်တွေ့လိုက်ရ၏။
"ဒီအခန်းကတော့ လူသားဖယ်ဒရေးရှင်း စတင်တည်ထောင်လာပုံ သမိုင်းကြောင်း ဖြစ်ပါတယ်..."
ကောင်းယွမ်သည် သူ၏ဘယ်ဘက်ရှိ မြင်ကွင်းကို ကြည့်လိုက်လေသည်။
ခရစ်သက္ကရာဇ် ၂၀၃၀ ပြည့်နှစ်တွင် တတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားခဲ့သည်။ အနောက်အုပ်စုသည် ရုရှားနိုင်ငံ၏ အလယ်ဗဟိုဒေသများအထိ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့ကြ၏။ ထိုနှစ်၏ နှစ်လယ်ပိုင်း တွင် ရုရှားသည် အင်္ဂလန်နှင့် ပြင်သစ်တို့ကို နျူကလီးယားလက်နက်ဖြင့် ဖျက်ဆီးလိုက်လေသည်။
နျူကလီးယားစစ်ပွဲ၏ အစပျိုးမှုမှာ စတင်ခဲ့ပြီ ဖြစ်၏။
ထိုအချိန်တွင် ရှနိုင်ငံသည် ငြိမ်းချမ်းရေးကို ဆုပ်ကိုင်ထားပြီး တင်းကြပ်စွာ ကာကွယ်နေခဲ့သော်လည်း တောင်ဘက်အရပ်မှ အိန္ဒိယ၏ အက်တမ်ဗုံးဖြင့် ရုတ်တရက် တိုက်ခိုက်ခြင်းကို ခံခဲ့ရပေသည်။ ထို့ နောက်တွင် ရှနိုင်ငံသည် စစ်ပွဲထဲသို့ ပါဝင်လာခဲ့ပြီး အိန္ဒိယကို နျူကလီးယားလက်နက်ဖြင့် အမြစ်ပြတ် ချေမှုန်းလိုက်လေတော့သည်။ နျူကလီးယားစစ်ပွဲမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့၏။
ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုများ ရပ်ဆိုင်းသွားပြီး စားနပ်ရိက္ခာ ဈေးနှုန်းများ မြင့်တက်လာကာ စစ်ပွဲ၊ ကူးစက်ရောဂါနှင့် ငတ်မွတ်ခေါင်းပါးမှုများမှာ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။
စစ်ပွဲမှာ ဆယ်နှစ်ခန့် ကြာမြင့်ခဲ့ပြီး ထိုအတောအတွင်း နျူကလီးယားဗုံးပေါင်း (၃၀၀၀) ကျော် ပေါက် ကွဲခဲ့ကာ ကမ္ဘာမြေ၏ နေရာအတော်များများမှာ နျူကလီးယား ရေဒီယိုသတ္တိကြွမှု အရိပ်အောက်သို့ ကျရောက်သွားခဲ့ရပေသည်။
စစ်ပွဲအပြီးတွင် ကမ္ဘာ့လူဦးရေမှာ အလွန်အမင်း ကျဆင်းသွားခဲ့ရာ လူဦးရေ (၂) ဘီလီယံသာ ကျန်ရှိ တော့ပြီး ထိုအထဲမှ ၁ ဘီလီယံမှာ ရှနိုင်ငံသားများ ဖြစ်ကြသည်။ ရှနိုင်ငံအစိုးရသည် လူသားမျိုးနွယ် တစ်ခုလုံးအတွက် ဘုံအနာဂတ်အသိုက်အဝန်း တစ်ခု တည်ထောင်ရန် ရှေ့ထွက်၍ တောင်းဆိုခဲ့လေ သည်။
နောက်တစ်နှစ်တွင် လူသားမျိုးနွယ် ဘုံအနာဂတ်အသိုက်အဝန်းရုံးကို တည်ထောင်ခဲ့ပြီး ၎င်းမှာ လူသား ဖယ်ဒရေးရှင်း၏ ရှေ့ပြေးဖြစ်ပေသည်။
ရှနိုင်ငံသားများမှာ လူဦးရေအရ အပြတ်အသတ် သာလွန်နေသည့်အတွက် ဖြစ်၏။
လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်အတွင်း ရှဘာသာစကားနှင့် ရှယဉ်ကျေးမှုတို့မှာ အဓိက အခြေခံရေ စီးကြောင်းများ ဖြစ်လာခဲ့လေသည်။
ထိုစဉ်က လူသားတို့သည် နျူကလီးယား ရေဒီယိုသတ္တိကြွမှု မရှိသည့် နေရာအနည်းငယ်၌သာ စုပေါင်း နေထိုင်ခဲ့ကြရာမှ နောက်ဆုံးတွင် မြို့ပြဒေသ ကြီး ရှစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ၎င်းတို့မှာ မြို့တော်ကြီးရှစ်ခု၏ အခြေခံပင် ဖြစ်ပေသည်။
ထို့နောက်တွင် လူသားမျိုးနွယ် ဘုံအနာဂတ်အသိုက်အဝန်း ဟူသော အယူအဆကို လူသားဖယ်ဒရေး ရှင်း အဖြစ် ပြန်လည် ဖွဲ့စည်းခဲ့လေသည်။
ထိုအချိန်တွင် လူသားတို့သည် နိုင်ငံ၊ လူမျိုး သို့မဟုတ် ဒေသစွဲ အာဃာတများကို အမှန်တကယ်ပင် ဘေးဖယ်ထားနိုင်ခဲ့ကြပြီး နည်းပညာသည်လည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့လေတော့သည်။
ဤသည်မှာ နှစ်ပေါင်းသုံးရာကြာ နည်းပညာ ပေါက်ကွဲမှုခေတ်သို့ ဦးတည်စေခဲ့ပေသည်။
ထိုကာလအတွင်း အခြေခံ ရူပဗေဒနှင့် အခြေခံ သင်္ချာပညာရပ်များမှာ သိသာစွာ တိုးတက်လာခဲ့ပေ၏။
အသုံးချ ရူပဗေဒနှင့် အသုံးချ ဓာတုဗေဒတို့မှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့လေသည်။
နျူကလီးယား ရေဒီယိုသတ္တိကြွမှုကြောင့် စိုက်ပျိုးမြေများ အဆမတန် ရှားပါးသွားသဖြင့် လူသားတို့မှာ ခါးပတ်ကို တင်းတင်းစည်းကာ အခက်ခဲဆုံး အချိန်များကို ဖြတ်သန်းခဲ့ရပေသည်။
နောက်ပိုင်းတွင် အာဟာရအနှစ်နှင့် အပူချိန်ထိန်းအဝတ်အစားများ ပေါ်ထွက်လာမှုကြောင့် လူဦးရေမှာ ပြန်လည် ပေါက်ကွဲတိုးပွားလာခဲ့လေသည်။
နှစ်ပေါင်းသုံးရာအတွင်း လူဦးရေမှာ ဆယ်ဆကျော် တိုးတက်လာခဲ့လေ၏။
...
ကောင်းယွမ်သည် သမိုင်းဝင် အဖြစ်အပျက်တစ်ခုချင်းစီကို ကြည့်ရှုရင်းမှ အနာဂတ်ကမ္ဘာတွင် လူဦးရေ အဘယ်ကြောင့် ဤမျှ များပြားနေရသည်ကိုလည်းကောင်း၊ ဤနေရာရှိ လူအားလုံးမှာ အဘယ်ကြောင့် ဟန်လူမျိုးများ ဖြစ်နေရသည်ကိုလည်းကောင်း နောက်ဆုံးတွင် နားလည်သွားခဲ့လေသည်။
"ဪ... ဒီလိုကိုး..."
*ဒါတွေက အရေးကြီးတာတော့ ဟုတ်ပါပြီ... ဒါပေမဲ့ အခု ဖြစ်ပျက်နေတဲ့ ကိစ္စနဲ့ ဘာဆိုင်လို့လဲ...*
ကောင်းယွမ် ခေါင်းမော့ကြည့်လိုက်လေ၏။
လင်းရှောင်သည် သူ၏အနားတွင် ရှိနေဆဲ ဖြစ်သည်။
"ဒါရိုက်တာကောင်း... ဘာများ တွေးနေတာလဲ..."
"အခုလို အခြေအနေမျိုး ရောက်လာဖို့ဆိုတာ မလွယ်ကူခဲ့ဘူးနော်..."
"ဟုတ်ပါတယ်... အစပိုင်းမှာတော့ အရာအားလုံးက ကောင်းမွန်ခဲ့တာပေါ့... လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာ လောက်မှာ လူသားထိပ်တန်း အသိုင်းအဝိုင်းကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်မလာခင်အထိ ပေါ့..."
"လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာက ဘာဖြစ်ခဲ့လို့လဲ..."
ကောင်းယွမ်က မေးလိုက်၏။
လင်းရှောင်က ခေါင်းခါပြလိုက်လေသည်။
"အသေးစိတ်ကိုတော့ ကျွန်တော်လည်း မသိပါဘူး... ကျောင်းအုပ်ကြီးကောင်းတော့ သိနိုင်လိမ့်မယ်..."
"ပညာရှင်လင်း... ကျွန်တော့်ကို ဒါတွေပြဖို့ပဲ ခေါ်လာတာလား..."
ကောင်းယွမ်က မေးမြန်းလိုက်လေသည်။
"မဟုတ်ပါဘူး... ဆက်သွားကြရအောင်..."
သူတို့၏ရှေ့တွင် စတုရန်းမီတာ (၁၀၀၀) ကျော် ကျယ်ဝန်းပြီး အမြင့် (၂၀) မီတာကျော်ရှိသော ဘဲဥပုံ ခန်းမကြီး တစ်ခု ရှိနေခဲ့လေသည်။
ခန်းမအလယ်တွင် ကြီးမားသော အပ်ချောင်းကြီး တစ်ခု ရှိနေ၏။ ၎င်း၏ အောက်ခြေ အချင်းမှာ မီတာ နှစ်ဆယ်ကျော် ရှိပေသည်။
"ဒါက ဘာလဲ..."
"လက်ခံကိရိယာပါ..."
"ဘာကို လက်ခံဖို့လဲ..."
"နေအဖွဲ့အစည်းရဲ့ အပြင်ဘက်က လာတဲ့ အချက်ပြလှိုင်းတွေကို ဒီစက်တွေကနေ လက်ခံတာပါ... နေ အဖွဲ့အစည်း တစ်ခုလုံးမှာလည်း ဂြိုဟ်တု ထောက်လှမ်းရေးကိရိယာ ပေါင်း သောင်းနဲ့ချီ ရှိပါတယ်... အဲဒီ ထောက်လှမ်းရေး ကိရိယာတွေက ရလာတဲ့ ဒေတာ အချက်အလက် အားလုံးကို ကမ္ဘာမြေပေါ်မှာ စုစည်းပြီးမှ ခွဲခြမ်းစိတ်ဖြာတာ ဖြစ်ပါတယ်..."
ကောင်းယွမ်မှာ ယခုအခါ လုံးဝ ဇဝေဇဝါ ဖြစ်သွားခဲ့ရပြီ ဖြစ်ချေသည်။
ဤမျှ အဆင့်မြင့်သော နည်းပညာများ ရှိနေသည့် ကမ္ဘာတွင် အချက်ပြလှိုင်းများကို လက်ခံရန်အတွက် ဤမျှ ကြီးမားသော လက်ခံကိရိယာကြီးကို တည်ဆောက်ရန် အမှန်တကယ်ပင် လိုအပ်ပါသလော။
၎င်းမှာ အဓိပ္ပာယ် မရှိလှပေ။
အကယ်၍... တစ်ခုခုကို သူတို့ သိထားသည်ဆိုလျှင်...။
အဆင့်မြင့် နည်းပညာများ ရှိနေသည့် အနာဂတ်ကမ္ဘာသည် ဤမျှအထိ အားစိုက်ထုတ်ကာ စောင့်ကြည့် ခြင်းနှင့် အချက်ပြလှိုင်းများကို လက်ခံခြင်းများ ပြုလုပ်နေရသည်ဆိုလျှင် ၎င်းမှာ အဖြစ်အပျက်ကြီး တစ်ခုခု ဖြစ်နေသည်မှာ သေချာပေသည်။
လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာက သဘောထားကွဲလွဲမှုမှာ ဤအရာကြောင့် ဖြစ်နိုင်ပါသလော။
ကောင်းယွမ်သည် လင်းရှောင်ကို ကြည့်လိုက်၏။
"မင်း ဒီမှာ အနှစ်နှစ်ဆယ် ရှိနေပြီဆိုတော့ ဘာတွေ တွေ့ခဲ့ပြီလဲ..."
လင်းရှောင်က ခေါင်းခါလိုက်သည်။
"ဘာမှ မတွေ့ခဲ့ပါဘူး... အမှန်တော့ အစပိုင်း တစ်နှစ်လောက်မှာ ကျွန်တော်က အချိန်ဖြုန်းနေရသလို ခံစားရလို့ ပြန်သွားချင်ခဲ့တာ... အဲဒီတုန်းက ကျောင်းအုပ်ကြီးကောင်းက ကျွန်တော့်ကို ပြောခဲ့တယ်... ဘာမှ မတွေ့ခြင်းဟာ အကောင်းဆုံးသော တွေ့ရှိမှုပဲတဲ့... အကယ်၍ တစ်နေ့မှာ ကျွန်တော်တို့ရဲ့ အလုပ် က အကျိုးသက်ရောက်မှု ရှိလာခဲ့ရင် နေအဖွဲ့အစည်းဟာ ပျက်စီးခြင်းနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ပြောခဲ့ပါ တယ်..."
ကောင်းယွမ်၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားခဲ့ရလေသည်။
*သူတို့မှာ ဒီလောက်အဆင့်မြင့်တဲ့ နည်းပညာတွေ ရှိနေပါရက်နဲ့... ဘာဖြစ်လို့ နေအဖွဲ့အစည်းရဲ့ အပြင် ဘက်ကို စူးစမ်းရှာဖွေရေးယာဉ် တစ်စင်းလေးတောင် မလွှတ်တင်ခဲ့ကြတာလဲ...*
အကယ်၍ ဤကိစ္စမှာ လူသားမျိုးနွယ် တစ်ခုလုံး၏ ရှင်သန်ရပ်တည်ရေးနှင့် သက်ဆိုင်နေပါက ဖွံ့ဖြိုး တိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနက အဘယ်ကြောင့် နှောင့်ယှက်ခြင်း မပြုသည်ကို နားလည်နိုင် ပေသည်။
"ပညာရှင်လင်း... ဒီနေရာမှာ လူဘယ်လောက်အထိ နေထိုင်နိုင်မလဲ..."
"အပူချိန်ထိန်းအဝတ်အစားတွေ ရှိရင်တော့ လူတွေဟာ တောထဲမှာ တိုက်ရိုက် နေထိုင်နိုင်ပါတယ်... ပြဿနာ တစ်ခုတည်းကတော့ အစားအသောက်ပါပဲ... ဒါပေမဲ့ ဒီနှစ်တွေအတွင်းမှာ ကျွန်တော်က လူဦး ရေ (၁) ဘီလီယံကို ခြောက်လစာ ကျွေးမွေးနိုင်မယ့် အာဟာရအနှစ်တွေကို စုဆောင်းထားပြီးသားပါ..."
*လူဦးရေ (၁) ဘီလီယံ…*
၎င်းမှာ လုံလောက်ပေသည်။
လင်းရှောင် ပြောခဲ့သလိုပင် ဤကဲ့သို့သော အခြေချ နယ်မြေပေါင်း တစ်ရာခန့် ရှိပေသည်။ အကယ်၍ နယ်မြေ အားလုံးမှာ ဤကဲ့သို့ပင် ဖြစ်နေခဲ့ပါက လူဦးရေ ဘီလီယံ တစ်ရာကို ခြောက်လစာ ကျွေးမွေးနိုင် မည် ဖြစ်ပေသည်။ လက်ရှိတွင် ကမ္ဘာပေါ်၌ လူဦးရေ ဘီလီယံ လေးရာခန့်သာ ရှိပြီး လူသားအားလုံးမှာ ဘီလီယံ ငါးရာခန့် ရှိသော်လည်း အများစုမှာ နေအဖွဲ့အစည်းအတွင်းရှိ အခြားဂြိုဟ်များတွင် ပျံ့နှံ့နေ ထိုင်ကြခြင်း ဖြစ်ပေသည်။
ဤတွက်ချက်မှုအရ အနည်းဆုံး တစ်နှစ်စာ စားနပ်ရိက္ခာ ထောက်ပံ့မှုအတွက် ပြဿနာ မရှိနိုင်ပေ။ အနာ ဂတ်ကမ္ဘာ၏ လုပ်ဆောင်နိုင်စွမ်းအရ တစ်နှစ်အတွင်း မြို့သစ်တစ်ခုကို တည်ဆောက်ပြီးစီးသွားနိုင်ပေ သည်။
ဤအချက်မှာ ကောင်းယွမ်ကို စိတ်သက်သာရာ ရစေခဲ့လေသည်။
"ဒါရိုက်တာကောင်း... ကျွန်တော့်အနေနဲ့ ဒါရိုက်တာ့ရဲ့ အကူအညီ လိုအပ်နေပါသေးတယ်..."
"ကျွန်တော်လား... ဘာကို ကူညီရမှာလဲ..."
"စက်ရုပ်တွေပါ..."
"..."
"ကျောင်းအုပ်ကြီးကောင်းက ကျွန်တော့်ကို ပြောထားပါတယ်... ကျွန်တော့်အနေနဲ့ စက်ရုပ်တွေနဲ့ ကုန်ကြမ်းတွေ လိုအပ်လာရင် ဒါရိုက်တာ့ကို ဆက်သွယ်ဖို့ပါပဲ..."