အခန်း ၁၄၅
Vol. 15 Ch. 145
အခန်း (၁၄၅)
ဘာလို့ဒီလိုဖြစ်ရတာလဲ
"ကျွန်တော်တို့ဆီက ကုန်ကြမ်းတွေ လိုနေသေးတာလား... "
"လိုတာပေါ့... ကျွန်တော် ပစ္စည်းကိရိယာ အစုံအလင် ကြိုတင်ပြင်ဆင်ထားပေမဲ့ ကုန်ကြမ်းတွေကတော့ ပြတ်လပ်နေတုန်းပဲ... အခုဆိုရင် လူသားတွေရဲ့ သတ္တုတွင်း အားလုံးက ကမ္ဘာမြေပြင်ရဲ့ အပြင်ဘက်မှာ ရှိနေတာလေ... ဒီကိစ္စတွေ ဖြစ်ပြီးရင်တော့ ရှုပ်ထွေးမှုတွေ အကြာကြီး ဖြစ်လာဦးမှာပဲ... သတ္တုတူးဖော် ရေး လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနကပဲ လက်ဝါးကြီးအုပ်ထားတာ၊ ပြီးတော့ ကျွန်တော်တို့ဆီမှာ အကြီးစား စက်ကိရိယာတွေလည်း မရှိဘူးလေ... "
"အချို့ သတ္တုတွေက တခြားစက်မှုလုပ်ငန်းတွေကနေ ဘေးထွက်ပစ္စည်းအဖြစ် ထွက်လာတာမျိုးလေ… စက်ရုပ်တစ်ရုပ် ထုတ်လုပ်ဖို့ဆိုရင် သတ္တုကုန်ကြမ်း ရာနဲ့ချီ လိုအပ်တာလေ... အခု ကမ္ဘာပေါ်မှာ သတ္တု တွင်းတွေ လိုက်ရှာပြီး တူးဖော်မယ်ဆိုရင်တောင် စနစ်တစ်ခုလုံး အချောသတ်ဖို့ နှစ်နှစ်၊ သုံးနှစ်လောက် အချိန်ယူရဦးမှာပဲ..."
"ကျွန်တော်တို့ အဲဒီလောက်အထိ မစောင့်နိုင်ဘူး... အဲဒီလိုသာ စောင့်နေမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနက ပြန်ရောက်လာမှာကို စိုးရိမ်ရတယ်..."
ကောင်းယွမ်သည် မိမိကိုယ်ကိုယ် ကောင်းချိုး၏ နယ်ရုပ်တစ်ခုအဖြစ် အစောကတည်းက သိရှိထား သော်လည်း ယခုအခါတွင်မူ သူနှင့် တိုင်ပင်ဆွေးနွေးခြင်း မရှိတော့ဘဲ ပြဿနာကို သူ၏ ရှေ့မှောက်သို့ တိုက်ရိုက် ချပြလာခဲ့လေသည်။
ဤသည်မှာ သူ့အား အကျပ်ကိုင်နေခြင်းပင် ဖြစ်၏။
ကောင်းယွမ်သည် အလွန်အမင်း ဒေါသထွက်လာခဲ့လေသည်။
သူသည် ကောင်းချိုးကို သွားရောက်တွေ့ဆုံရန် ဆုံးဖြတ်လိုက်လေတော့သည်။
*ငါက ကောင်းချိုး၏ သားအရင်းမှ ဟုတ်ရဲ့လား... ဒါမှမဟုတ် ကောင်းမိသားစုရဲ့ သွေးသားရော ဟုတ်ရဲ့ လားလို့တောင် သံသယဝင်မိတယ်… အဲဒီလိုသာ မဟုတ်ဘူးဆိုရင်... ငါ အသက်ရှင်နေတာကို ဘာ ဖြစ်လို့ ဒီလောက်အထိ လျစ်လျူရှုထားရတာလဲ...*
ကောင်းယွမ်၏ အမူအရာကို မြင်လိုက်ရသည့်အခါ လင်းရှောင်သည် ကတ်ပြားတစ်ခုကို ကမ်းပေးလိုက် လေသည်။
ဤသည်မှာ 'သတင်းစကားပို့သည့် ကတ်ပြား' တစ်ခု ဖြစ်၏။
ကောင်းယွမ်သည် လက်ထဲမှ ပစ္စည်းကို ခေါက်လိုက်သည့်အခါ သူ၏ ရှေ့မှောက်တွင် ဗီဒီယိုတစ်ခု ပေါ်ထွက်လာခဲ့လေသည်။
ဗီဒီယိုထဲမှ လူမှာ ကောင်းကန့် ဖြစ်ပေသည်။
"ညီလေး ကောင်းယွမ်... အခုတော့ မင်းရဲ့ ပုခုံးပေါ်မှာ ကြီးမားတဲ့ တာဝန်တွေ ကျရောက်နေပြီ... မင်းမှာ မေးခွန်းတွေ အများကြီး ရှိနေမယ်ဆိုတာ ငါသိပါတယ်၊ အဲဒါတွေကို နောက်မှ ငါ ရှင်းပြပေးမယ်လေ... ဒါပေမဲ့ အခုအချိန်မှာတော့ ကမ္ဘာကြီးက မင်းကို လိုအပ်နေတာ... ဒါက ငါတို့ရဲ့ အိမ်ပဲ၊ ရှေ့မှာ ဘာတွေပဲ ရှိနေပါစေ ငါတို့ကတော့ ရှေ့ဆက်ရမှာပဲ..."
"မင်းက 'မြို့တော်ကြီးရှစ်ခုကို မီးရှို့ဖျက်ဆီးခြင်း' ဆိုတဲ့ စွမ်းဆောင်မှုကို လုပ်နိုင်ခဲ့တယ်ဆိုကတည်းက အဲဒီကမ္ဘာမှာ မင်းရဲ့ ဩဇာအာဏာက မသေးဘူးဆိုတာကို ပြနေတာပဲ... ဂုဏ်ယူပါတယ်ညီလေး... ဒါပေ မဲ့ ငါတို့ရဲ့ ရည်မှန်းချက်တွေက အခုမှ အစပဲ ရှိသေးတယ်... ငါတို့ အဖေက ဒီနေ့အတွက်ကို နှစ်ပေါင်း (၁၅၀) တောင် စောင့်ခဲ့ရတာ၊ ငါလည်း နှစ်ပေါင်း (၁၀၀) စောင့်ခဲ့ရတယ်..."
"ခေတ်သစ်တစ်ခု စတင်နေပြီ... အနာဂတ်က မင်းအတွက်၊ ငါ့အတွက်၊ ပြီးတော့ ကောင်းမိသားစုအ တွက်ပဲ... လူသားတွေဟာ အာကာသဟင်းလင်းပြင်ထဲကို ချဉ်းနင်းဝင်ရောက်ဖို့ ကံပါလာပြီးသားပါ... အစွမ်းကုန် ကြိုးစားစမ်းပါ ညီလေးရာ..."
ကောင်းယွမ်သည် ကြည့်ပြီးသည်နှင့် ကတ်ပြားကို ပစ်ချလိုက်လေသည်။ ဤကဲ့သို့သော ကတ်ပြားများ သည် တစ်ကြိမ်ကြည့်ပြီးသည်နှင့် အသုံးမဝင်တော့ပေ။
*ကောင်းကန့်က အခု ဘယ်နေရာမှာ ရှိနေတာလဲ…*
"ကျွန်တော်လည်း မသိဘူး... သူ မကြာသေးခင်ကမှ ကျွန်တော့်ဆီ လာပြီး ဒါကို ပေးသွားတာ... စောင့် ကြည့်ရေးစခန်းကို ကြည့်ပြီး ဒါရိုက်တာကောင်းရဲ့ အမူအရာက စိတ်ကျေနပ်မှု မရှိဘူးဆိုရင် ဒီကတ်ပြား ကို ပေးလိုက်ဖို့ သူ မှာထားခဲ့တာ..."
ကောင်းယွမ်သည် ယခင်ကထက် ပို၍ ဒေါသထွက်သွားခဲ့လေသည်။
ကောင်းကန့်ဆီမှ ဦးနှောက်ချိတ်ဆက်မှုကွန်ရက်မှတစ်ဆင့် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိထားသည် ကို သူ ရုတ်တရက် သတိရသွားခဲ့လေသည်။
ထို့ကြောင့် ကောင်းယွမ်သည် ချက်ချင်းပင် ဦးနှောက်ချိတ်ဆက်မှုကွန်ရက်သို့ ဝင်ရောက်ကာ ကောင်းကန့်ဆီသို့ မက်ဆေ့ချ် ပို့လိုက်လေသည်။
"ကောင်းကန့်... မင်း အခုချက်ချင်း ငါ့ကို ရှင်းပြချက် ပေးရမယ်..."
"စိတ်မရှိပါနဲ့... ငါ အခု ကမ္ဘာပေါ်မှာ မရှိဘူး... ပြန်ရောက်တာနဲ့ မင်းကို ချက်ချင်း ဆက်သွယ်လိုက် ပါ့မယ်..."
"ကောင်းကန့်... ဟန်ဆောင်မနေနဲ့တော့... မင်း ဒီမှာ ရှိနေတာကို ငါ သိတယ်..."
"စိတ်မရှိပါနဲ့... ငါ အခု ကမ္ဘာပေါ်မှာ မရှိဘူး... ပြန်ရောက်တာနဲ့ မင်းကို ချက်ချင်း ဆက်သွယ်လိုက် ပါ့မယ်..."
"မင်း ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင် ငါ အားလုံးကို လက်လွှတ်လိုက်တော့မယ်... ငါ အဲဒီကမ္ဘာကို ပြန် သွားဖို့ စိတ်မကူးတော့ဘူး၊ ပြီးတော့ ဒီကိုလည်း ဘယ်တော့မှ ပြန်မလာတော့ဘူး... ငါ့ဘာသာငါ ပေါ့ပေါ့ ပါးပါးပဲ နေထိုင်သွားတော့မယ်..."
"စိတ်မရှိပါနဲ့... ကျွန်တော်က ကျောင်းအုပ်ကြီးကောင်းရဲ့ စက်ရုပ်ပါ၊ သူ အခု ဒီမှာ မရှိပါဘူး..."
ကောင်းယွမ်သည် ဆွံ့အသွားခဲ့ရလေသည်။
*စက်ရုပ် ဟုတ်လား…*
ကောင်းယွမ်၏ မျက်နှာအမူအရာကို မြင်လိုက်ရသည့်အခါ လင်းရှောင်သည် တိတ်ဆိတ်စွာပင် ထွက်ခွာ သွားခဲ့လေသည်။
ကောင်းယွမ်သည် အခြေချဇုန်ထဲတွင် ကြောင်တောင်တောင်ဖြင့် ရပ်နေမိလေ၏။ ကောင်းကင်ယံတွင် ယာဉ်ပျံများ အသွားအလာ ပြုလုပ်နေကြပြီး အခြေချဇုန်သည်လည်း အပြင်ဘက်သို့ ဆက်လက်၍ ကျယ်ပြန့်လာနေခဲ့ပေသည်။
ကောင်းယွမ်သည် အချို့သောသူများ ငိုကြွေးနေကြပြီး အချို့မှာမူ ရယ်မောနေကြသည်ကို မြင်တွေ့ နေရလေသည်။
အချို့မှာမူ ဘာကိုမျှ မခံစားနိုင်တော့ဘဲ ထုံထိုင်းနေကြပေ၏။
သို့သော် လူအများစုမှာမူ တောရိုင်းထဲတွင် ကြောင်တောင်တောင်ဖြင့် ရပ်နေကြပြီး ပတ်ဝန်းကျင်မှ သစ်ပင်များ တောအုပ်များကို ရူးသွပ်နေသူများကဲ့သို့ စိုက်ကြည့်နေကြလေသည်။
အချို့သောသူများမှာ သစ်ပင်ပင်စည်ကို ဖက်ကာ ကိုက်ခဲနေကြပြီး သူတို့၏ ပါးစပ်ထဲတွင် သစ်သား စများ ပြည့်နှက်နေခဲ့သည်။
တစ်ယောက်ယောက်ကမူ မြေကြီးကို တစ်ဆုပ်စာခန့် တူးလိုက်ပြီးနောက် ရယ်ရမလို ငိုရမလိုဖြင့် ဘာပြောရမှန်းမသိ ဖြစ်နေခဲ့လေသည်။
ကောင်းယွမ်သည် သစ်ပင်ကြီးတစ်ပင်အောက်တွင် ထိုင်နေသော ချင်းမူကုထန်းကို မြင်လိုက်ရလေ သည်။ သူ၏ လက်ထဲတွင် မီးခြစ်တစ်ခုကို ကိုင်ထားကာ တောက်ခနဲ ညှိလိုက်ပြီးနောက် မီးတောက်ကို လက်ချောင်းဖြင့် ဖိငြိမ်းလိုက်လေသည်။
သူသည် အမူအရာ ကင်းမဲ့နေပြီး ဘာ တွေးနေသည်ကို မသိနိုင်ပေ။
ကောင်းယွမ်သည် ဤကမ္ဘာသို့ ပထမဆုံး စတင်ရောက်ရှိခဲ့စဉ်က ချင်းမူကုထန်းနှင့် စတင်တွေ့ဆုံခဲ့ပုံကို ပြန်လည်အမှတ်ရသွားခဲ့၏။ ထိုစဉ်က ချင်းမူကုထန်းသည် သူ့အား အနာဂတ်ကမ္ဘာသို့ ခေါ်ဆောင်ပေးခဲ့ သူ ဖြစ်ပေသည်။
ကောင်းယွမ်သည် လျှောက်သွားလိုက်ကာ...၊
"အစ်ကိုချင်း..."
ချင်းမူကုထန်းသည် လန့်သွားကာ ရုတ်တရက် လှည့်ကြည့်လိုက်လေ၏။
"မစ္စတာကောင်း..."
"ကျွန်တော့်ကို ကောင်းယွမ်လို့ပဲ ခေါ်ပါ... ဘာလို့ ဒီမှာ တစ်ယောက်တည်း ထိုင်နေတာလဲ..."
"ကျွန်တော်က... ဒီသစ်ပင်က တစ်ပင်တည်း ရှိတာလေ... လုံကျင်းမြို့မှာဆိုရင် ဒါက တန်ဖိုးဖြတ်လို့ မရဘူး... ဒီမြက်ခင်းက မြက်တစ်ပင်တောင်မှ အပူချိန်ထိန်းအဝတ်အစား ကားတစ်စီးစာနဲ့ လဲလို့ရတာ... အခုတော့... ကျွန်တော် လက်နဲ့ တစ်ဆုပ်စာလောက်တောင် ဆွဲယူလို့ ရနေပြီ..."
ချင်းမူကုထန်းသည် မြက်ပင်တစ်ဆုပ်ကို ဆွဲနုတ်လိုက်ရာ မြက်ရည်များ ထွက်ပေါ်လာခဲ့လေသည်။
"မစ္စတာကောင်း... ကျွန်တော့်ကို ပြောပြပါဦး... ခင်ဗျား ဘာကြောင့် ဒါကို လုပ်ခဲ့တာလဲ..."
ချင်းမူကုထန်း၏ အကြည့်များသည် ရှုပ်ထွေးနေခဲ့ပေ၏။ သို့သော် သူသည် ကောင်းယွမ်အပေါ် အလေး အနက်ထား လေးစားနေဆဲပင် ဖြစ်သည်။
ကောင်းယွမ်က ခေါင်းခါလိုက်လေ၏။
"ဒါက ကျွန်တော်တို့ လုပ်တာ မဟုတ်ဘူး… သူတို့ လုပ်တာ..."
ချင်းမူကုထန်းသည် ရုတ်တရက် ထရပ်လိုက်လေသည်။
"ဘယ်သူလဲ..."
"ခင်ဗျား (၂၀၂၄) ကလပ်မှာ ဒီလောက်ကြာအောင် နေလာတာပဲ၊ ကမ္ဘာမြေကို ဘယ်သူတွေ ထိန်းချုပ် ထားလဲဆိုတာ မသိဘူးလား..."
ချင်းမူကုထန်း၏ မျက်နှာမှာ ရှုပ်ထွေးသွားခဲ့လေသည်။
"ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာန..."
"ဒါပေမဲ့... ဘာဖြစ်လို့လဲ..."
ချင်းမူကုထန်းသည် နားမလည်နိုင် ဖြစ်နေခဲ့ပေသည်။
သူတို့အား ဤကဲ့သို့ လှောင်အိမ်ထဲတွင် မွေးမြူထားရခြင်းမှ မည်ကဲ့သို့သော အကျိုးအမြတ်မျိုး ရနိုင်ပါမည်နည်း။
ပို၍ အရေးကြီးသည်မှာ သူတို့ကို လှောင်ပိတ်မွေးမြူထားရုံသက်သက်ဆိုလျှင် သူတို့အား လှည့်ဖြားရန် သို့မဟုတ် နျူကလီးယား ရေဒီယိုသတ္တိကြွမှုတွေနှင့် ပတ်သက်ရန် မလိုအပ်ပေ။
ကောင်းယွမ်လည်း ရှင်းမပြနိုင်ခဲ့ပေ။
"ဒါက ရာထူးကြီးတဲ့သူတွေရဲ့ အခွင့်ထူးခံမှုကို ပြသဖို့သက်သက်ပဲလား..."
ချင်းမူကုထန်းသည် နားမလည်နိုင် ဖြစ်နေခဲ့သည်။
"အစ်ကိုချင်း... ကျွန်တော်လည်း အမှန်တရားကို ခင်ဗျားထက် ရက်အနည်းငယ်ပဲ စောပြီး သိခဲ့ရတာပါ... ဒါကြောင့် ကျွန်တော်လည်း ဝေခွဲမရ ဖြစ်နေတုန်းပဲ..."
ချင်းမူကုထန်းသည် ထိုစကားကို မယုံကြည်ပေ။ ကောင်းယွမ်သည် ကောင်းချိုး၏ မြေး မဟုတ်ပါလား။
ထိုအချိန်တွင် လဲ့ချင်းမေ ရောက်ရှိလာခဲ့လေသည်။
သူတို့အားလုံးမှာ ကောင်းယွမ်၏ အစောပိုင်း ကာလက လက်တွဲဖော်များ ဖြစ်ကြ၏။
"ကောင်းယွမ်က တကယ်ပဲ မသိခဲ့တာပါ..."
"မင်းက ဘယ်လိုလုပ် သိတာလဲ..."
လဲ့ချင်းမေသည် လန်းဆန်းသော လေထုကို အငမ်းမရ ရှူရှိုက်လိုက်လေသည်။
"ဒီလန်းဆန်းတဲ့ ရနံ့က တကယ်ကို စွဲမက်ဖို့ကောင်းတာပဲ... အဲဒီတုန်းက စစ်သေနာပတိချုပ် ကောင်းချိုး ဟာ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနကို ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး အဲဒီအချိန်တွေတုန်းက ခေါင်းဆောင်သုံးဦးထဲက တစ်ဦးဖြစ်တဲ့ ကျိုးဝူကွမ်းကိုတောင် ရာထူးကနေ နုတ်ထွက်သွားအောင် လုပ် နိုင်ခဲ့တာလေ... ကောင်းမိသားစုဆိုတာ သူတို့ရဲ့ ရန်သူပဲလေ... "
"စစ်သေနာပတိချုပ် ကောင်းချိုးကတော့ အမှန်တရားကို သိတာပေါ့၊ ဒါပေမဲ့ ဒီလျှို့ဝှက်ချက်ကို အဲဒီအ ချိန်မှာသာ ထုတ်ပြောလိုက်ရင် မမျှော်လင့်ထားတဲ့ ကိစ္စတွေ မကြာခင် ဖြစ်လာနိုင်တယ်ဆိုတာကို သူ သိထားတယ်... ကောင်းယွမ်က နောက်ကျမှ မွေးလာတာလေ၊ အဲဒီအချိန်မှာ စစ်သေနာပတိချုပ် ကောင်းချိုးရဲ့ ဂုဏ်သတင်းတွေကလည်း မှေးမှိန်လုနီးပါး ဖြစ်နေပြီ..."
ချင်းမူကုထန်းကမူ နားမလည်နိုင်သေးပေ။
"ဒါပေမဲ့... ကောင်းယွမ်က အဲဒီပစ္စည်းတွေကို ဘယ်ကနေ ရခဲ့တာလဲ..."
ထိုပစ္စည်းများမှာ အပြင်လောကတွင်သာ ရှိနေသည်မှာ ထင်ရှားလှပေသည်။
လဲ့ချင်းမေသည် ကောင်းယွမ်ကို တစ်ချက် ကြည့်လိုက်လေ၏။
"ဒါကိုတော့ ကျောင်းအုပ်ကြီးကောင်းပဲ သိပါလိမ့်မယ်... ဒီနေရာမှာ လူမရောက်တာ နှစ်ပေါင်း ရာနဲ့ချီနေ ပြီလေ... နေရာတိုင်းမှာ မြင့်မားတဲ့ သစ်ပင်ကြီးတွေပဲ ရှိနေတာ၊ သစ်ပင်အငယ်လေးတစ်ပင် ရှာဖို့တောင် မလွယ်ဘူး... ပြီးတော့ တိရစ္ဆာန်တွေ ရှားပါးသွားတဲ့အတွက် ဒီအပင်တွေက အဆမတန် ကြီးထွားလာ ကြတာ၊ အသီးသီးတဲ့ အပင်တစ်ပင်ကို ရှာဖို့ဆိုတာ... တကယ်ကို ခက်ခဲတဲ့ ကိစ္စပဲ..."
လဲ့ချင်းမေသည် သာမန်အမျိုးသမီးတစ်ဦး မဟုတ်ပေ။
သူမ တစ်ခုခုကို သိထားပုံရသည်။ သူမသည် ယခင်က ချင်းမိသားစုထဲသို့ ဝင်ရောက်ပြီး လူသားဖယ်ဒ ရေးရှင်း၏ အထွေထွေအတွင်းရေးမှူးချုပ်နှင့် လက်ထပ်ရန်ပင် နီးစပ်ခဲ့သူ ဖြစ်ပေသည်။
"သူဌေးမလဲ့က အများကြီး သိထားတာပဲ... ပြောပါဦး... ဒီမီးလောင်တဲ့ ကိစ္စက ဘယ်လိုဖြစ်တာလဲ..."
လဲ့ချင်းမေသည် တခိခိ ရယ်မောလိုက်လေသည်။
"အဲဒါကိုတော့ ကျွန်မ မပြောရဲဘူး..."
"ဟားဟား..."
ကောင်းယွမ်သည်လည်း လိုက်၍ ရယ်မောလိုက်၏။
"သူဌေးမလဲ့ ကြောက်တတ်တဲ့ အရာ ရှိလို့လား..."
"ရှိတာပေါ့... ရှင်တို့ ကောင်းမိသားစုက လူတွေအားလုံးက ရက်စက်ပြီး ရည်မှန်းချက် ကြီးကြတာကိုး..."
ဤအမျိုးသမီးကို အရှင်မထားသင့်ပေ။
ကောင်းယွမ်သည် လဲ့ချင်းမေကို ကြည့်လိုက်ရာ သူမသည် သူ့ကို သတိမထားမိဟန်ဖြင့် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ပန်းကလေးတစ်ပွင့်ကို ခူးနေသည်ကို မြင်လိုက်ရလေသည်။
သူမက ကျောခိုင်းထားသဖြင့်... သူမ၏ ပြည့်စုံလှပသော ခါးနှင့် တင်ပါး အလှတရားများက ထင်ရှား နေခဲ့ပေ၏။
"အစ်ကိုချင်း... အခုအချိန်မှာ ဘာက အတန်ဖိုးရှိဆုံးလဲဆိုတာ ခင်ဗျား သိလား..."
ချင်းမူကုထန်းသည် အံ့အားသင့်သွားခဲ့သည်။
*ဘာလို့ စကားဝိုင်းက ငါ့ဘက်သို့ ရုတ်တရက် ရောက်လာရတာလဲ… ဘာက အတန်ဖိုးရှိဆုံး ဖြစ်မလဲ…*
ဤကဲ့သို့ အခြေအနေမျိုးတွင်မူ...၊
"အစားအစာ ဖြစ်မှာပေါ့..."
လဲ့ချင်းမေသည် ခေါင်းခါလိုက်လေ၏။
"ရေပဲ ဖြစ်ရမယ်... မယုံရင် ကျောင်းအုပ်ကြီးကောင်းကို မေးကြည့်လိုက်လေ..."