← Chapters

အခန်း ၁၄၈

Vol. 15 Ch. 148

အခန်း ၁၄၈

Vol. 15 Ch. 148

အခန်း (၁၄၈)

ဝက်ဝံကြီးများ ရောက်ရှိလာခြင်း

ကောင်းယွမ်သည် နိုင်ငံတော်၏ အကူအညီကို လိုအပ်နေသေးသရွေ့ သူနှင့် ရှနိုင်ငံအစိုးရကြားတွင် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ရှိနေဆဲပင် ဖြစ်ပေသည်။

"ကောင်းယွမ်... မင်းအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကို ရအောင် ငါ အစွမ်းကုန် ကြိုးစားပေးမယ်... ပြီးတော့ မင်းကတိပေးထားတဲ့ အာကာသ ဘတ်စ်ကားကရော ဘယ်တော့လောက် ရမလဲ..."

"ခဏလောက်တော့ စောင့်ပေးပါဦး... ထုတ်လုပ်ပြီးတာနဲ့ ချက်ချင်း အကြောင်းကြားပါ့မယ်..."

"ကောင်းပြီ... မင်းအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကို အခုချက်ချင်း ပြင်ဆင်ပေးလိုက်မယ်... တခြား လိုအပ်တာရော ရှိသေးလား..."

ချင်ထျဲ့ကျွင်းသည် ကောင်းယွမ်ကို ဦးဦးဖျားဖျားပင် မေးမြန်းလိုက်လေသည်။

ကောင်းယွမ် ခဏမျှ တွေဝေသွားလေ၏။

အနာဂတ်ကမ္ဘာသည် ယခုအခါ အရေးကြီးသော အချိန်ကာလသို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။ ကမ္ဘာ မြေပေါ်ရှိ နေထိုင်သူများကို အမြန်ဆုံး ပြန်လည်နေရာချထားရန်နှင့် သူတို့၏ လူနေမှုဘဝကို တည်ငြိမ် အောင် ပြုလုပ်ရန်အတွက် စက်ရုပ်များကို ထုတ်လုပ်နေခြင်း ဖြစ်၏။

အခြေခံ လူနေမှုဘဝဟူသည်မှာ စားဝတ်နေရေးနှင့် သွားလာရေးပင် ဖြစ်ပေသည်။ အဝတ်အထည် အတွက်မူ သူတို့တွင် အပူချိန်ထိန်းအဝတ်အစားများ ရှိကြလေသည်။

အစားအစာအတွက်မူ အာဟာရအနှစ်များ ရှိကြပြီး၊ နေထိုင်ရန်အတွက် လေဖိအားသုံး တဲများ ရှိကြ သလို သွားလာရေးအတွက်လည်း ယာဉ်ပျံများ ရှိကြပေသည်။ ယခုအခါ သူတို့သည် ဒုက္ခသည်များ ဖြစ်နေကြသဖြင့် သွားလာရေးမှာမူ သူတို့အတွက် အလွန်အမင်း အရေးတကြီး လိုအပ်နေသည့် အရာ မဟုတ်ပေ။

ဤသို့ တွက်ချက်ကြည့်လိုက်သည့်အခါ သူသည် ကုန်ကြမ်းများကိုသာ ပံ့ပိုးပေးရန် လိုအပ်ပြီး၊ ပို၍ မြန်ဆန်စေရန်အတွက်မူ စက်ရုပ်များကို သူကိုယ်တိုင်လည်း ထုတ်လုပ်နိုင်ပေသည်။

"လောလောဆယ်တော့ မလိုသေးပါဘူး..."

"ကောင်းပြီ... တစ်ခုခု လိုအပ်တာရှိရင် အားမနာဘဲ ဆက်သွယ်လိုက်နော်... မှတ်ထားရမှာက နိုင်ငံတော် ဟာ မင်းရဲ့ဘက်မှာ အမြဲရှိနေတယ်ဆိုတာပဲ..."

"ကျေးဇူးတင်ပါတယ်..."

ကောင်းယွမ်သည် ဖုန်းကို ချလိုက်လေသည်။

ယခုအချိန်သည် လူတို့၏ စိတ်နှလုံးကို သိမ်းပိုက်ရန် အကောင်းဆုံးအချိန် ဖြစ်သည်ဟု ကောင်းယွမ် ယုံကြည်နေမိ၏။ လူတိုင်းက ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာန၏ လှည့်ဖြားမှုအောက်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသည်ကို သိကြသော်လည်း၊ ကောင်းမိသားစု သို့မဟုတ် လူသားဖယ်ဒရေး ရှင်းသည်လည်း တစ်ဖက်သတ် ပါဝင်ပတ်သက်နေသည်ဟု လူအများက ထင်မြင်နေကြပေလိမ့်မည်။

ရည်မှန်းချက် မရှိသူများအတွက်မူ လူ့အဖွဲ့အစည်း၏ အောက်ခြေအလွှာတွင် ရှိနေသော်လည်း ပေါ့ပေါ့ ပါးပါးပင် နေထိုင်နိုင်ကြသဖြင့် ထိုသို့ ထင်မြင်ချင်မှ ထင်မြင်ကြပေလိမ့်မည်။

ဤသို့သော အခြေအနေမျိုးတွင် ကောင်းယွမ်သည် လက်ရှိကမ္ဘာမှ အစားအစာများကို ပံ့ပိုးပေးခြင်းဖြင့် သူတို့၏ ဗီဇစိတ်ထဲ၌ ရှိသော အရသာရှိသော အစားအစာများကို တမ်းတသည့် စိတ်ကို နိုးထစေကာ တိုက်ပွဲဝင်လိုစိတ်ကို လှုံ့ဆော်ပေးနိုင်လိမ့်မည်ဟု ယူဆလိုက်လေသည်။

ဤသို့ တွေးမိသည်နှင့် ကောင်းယွမ်သည် ကျန်းပိုင်ရီကို သွားရောက်ရှာဖွေလိုက်လေ၏။

အစားအစာ ပမာဏမှာ အလွန်များပြားရန် လိုအပ်သလို အရသာမှာလည်း ကောင်းမွန်ရန် လိုအပ်ပေ သည်။ လက်ရှိ ဈေးကွက်ထဲတွင်မူ အသင့်စား ခေါက်ဆွဲခြောက်များကသာ သူ၏ လိုအပ်ချက်ကို ဖြည့် ဆည်းပေးနိုင်မည် ဖြစ်ပေသည်။

"လောင်ကောင်း... ဘာဖြစ်လို့လဲ..."

ကျန်းပိုင်ရီက မေးလိုက်၏။

"ပြည်တွင်းက နာမည်ကြီး ခေါက်ဆွဲခြောက် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို ချက်ချင်း ဆက်သွယ်လိုက်... ငါ ခေါက်ဆွဲခြောက် အများကြီး ဝယ်ချင်လို့၊ သန်းပေါင်း ရာနဲ့ချီပြီး လိုချင်တာ..."

"ဒီလောက် အများကြီးကို ဘာလုပ်မလို့လဲ..."

"အဲဒါကိုတော့ ဂရုမစိုက်ပါနဲ့... သွားဝယ်လိုက်ပါ..."

"ဪ... ဒါနဲ့ သိပ္ပံအကယ်ဒမီက ငါတို့ကို စာရင်းပို့ထားတယ်... ပေါင်းစပ်စွမ်းအင် နည်းပညာက အခု ဆိုရင် လက်တွေ့အသုံးပြုနိုင်တဲ့ အဆင့်ကို ရောက်တော့မယ်... အစိုးရက လက်ရှိ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနေရာမှာ အစားထိုးဖို့အတွက် နိုင်ငံတစ်ဝန်းမှာ အကြီးစား ပေါင်းစပ် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၅၀) ကို တည်ဆောက်ဖို့ စီစဉ်နေတယ်... "

"အဲဒါအပြင် အစိုးရက နောက် (၅) နှစ်အတွင်းမှာ ဓာတ်ဆီသုံး မော်တော်ယာဉ်တွေ အသုံးပြုမှုကို အပြီး တိုင် ရပ်ဆိုင်းဖို့ စီမံကိန်းကိုလည်း ထုတ်ပြန်လိုက်ပြီ... စစ်တပ်ကလည်း ဓာတ်ဆီကနေ လျှပ်စစ်စွမ်းအင် ကို ကူးပြောင်းဖို့ စီမံကိန်းကို စတင်နေပြီပေါ့..."

"လက်ရှိမှာတော့ နိုင်ငံတော် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းနဲ့ ရှနိုင်ငံ တောင်ပိုင်း လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းတွေဟာ ပေါင်းစပ်စွမ်းအင်ကို အသုံးပြုနေကြတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေလေ... ပေါင်းစပ်စွမ်းအင် ကို လောလောဆယ်တော့ ပုဂ္ဂလိက လုပ်ငန်းတွေကို ခွင့်မပြုသေးဘူး... "

"ညွှန်ကြားရေးမှူးချင်က ငါ့ကို အထူးအကြောင်းကြားလာတာကတော့ ပေါင်းစပ်စွမ်းအင် နည်းပညာကို အသုံးပြုတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေမှာ ငါတို့က ရှယ်ယာ (၅) ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်ရှိမယ်တဲ့၊ အဲဒါက နည်းပညာအခြေခံ ရှယ်ယာရင်းနှီးမြှုပ်နှံမှုမျိုးပေါ့၊ တကယ့် ငွေသားပေးချေဖို့ မလိုဘူးလေ... "

"ပြီးတော့ ကတ်ဘက်ထရီအသစ်တွေလည်း ရှိသေးတယ်... ပြည်တွင်းက နာမည်ကြီး ဘက်ထရီ ထုတ် လုပ်သူတွေနဲ့ စမတ်ကိရိယာ ထုတ်လုပ်သူတွေကလည်း နည်းပညာသစ်ကို အသုံးပြုတော့မယ်လို့ ကြေညာထားကြတယ်... စုစုပေါင်း ကုမ္ပဏီ (၅၆) ခု ရှိတယ်... ငါ တွက်ကြည့်လိုက်တာတော့ ရန်ပုံငွေ ယွမ် (၂.၃) ထရီလီယံလောက် လိုအပ်လိမ့်မယ်..."

"ငါတို့မှာ ပိုက်ဆံအလုံအလောက် ရှိရဲ့လား..."

ကောင်းယွမ်က မေးလိုက်လေ၏။

"လောက်ပါတယ်... ပြီးခဲ့တဲ့ ကိုယ်စားလှယ်ညီလာခံတုန်းက ငါတို့ ပိုက်ဆံတွေ အများကြီး ရခဲ့တာပဲလေ ... မကြာသေးခင်ကလည်း အပူချိန်ထိန်းအဝတ်အစားနဲ့ လက်ပတ်ဖုန်းတွေက အရမ်းရောင်းကောင်း နေပြီး ငွေပေးချေမှုတွေ အများကြီး ရထားတယ်လေ... နိုင်ငံပိုင်လုပ်ငန်းတွေက ရန်ပုံငွေ မလိုအပ်တော့ ဘူးဆိုတော့ ငါတို့အတွက် အများကြီး သက်သာသွားတာပေါ့... အခု ငါ့ရဲ့ ဘဏ်အကောင့်ထဲမှာ ယွမ် တစ်ထရီလီယံ ကျော်နေပြီ..."

*တစ်ထရီလီယံ...*

ကောင်းယွမ် အတွေးနက်သွားခဲ့လေသည်။

ဤမျှလောက် များပြားသော ငွေကြေးများကိုမူ အသုံးချရန် လိုအပ်ပေသည်။

"ပိုက်ဆံတွေကို ဒီအတိုင်း မထားပါနဲ့... လိုအပ်တဲ့ ပစ္စည်းတွေနဲ့ သတ္တုကုန်ကြမ်းမျိုးစုံကို ဝယ်စုထား လိုက်... ပြီးတော့ တာချင်းတောင်မှာ ငါတို့ မြေကွက်အကျယ်ကြီး ရှိတယ် မဟုတ်လား... အဲဒီမှာ ဂိုဒေါင်ကြီးတွေနဲ့ ကုန်ပစ္စည်း ဖြန့်ဖြူးရေးစင်တာတစ်ခု တည်ဆောက်လိုက်ဦး..."

"ဆောက်လုပ်ရေးပိုးကောင်တွေ သုံးဦးမှာလား..."

ကျန်းပိုင်ရီက မေးလိုက်လေ၏။

ကောင်းယွမ် ခဏမျှ တွေဝေသွားကာ...၊

"မသုံးတော့ဘူး... ဆောက်လုပ်ရေး ကုမ္ပဏီတွေကိုပဲ ရှာလိုက်၊ ပြီးတော့ အလုပ်သမားတွေရဲ့ လုပ်ခ လစာကို အနည်းဆုံး (၅၀) ရာခိုင်နှုန်းလောက် မြှင့်ပေးဖို့ သူတို့ကို တိုက်တွန်းလိုက်... အကောင်းဆုံး ကုန်ကြမ်းတွေကိုပဲ သုံး... ဆောက်လုပ်ရေးကာလကတော့ တိုတောင်းရမယ်... ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုတည်းနဲ့ မလောက်ရင် အများကြီး ရှာလိုက်ပေါ့..."

ကျန်းပိုင်ရီသည် အဘယ်ကြောင့် ဆောက်လုပ်ရေးပိုးကောင်များကို မသုံးရသနည်းဟု နားမလည်နိုင် ဖြစ်နေခဲ့လေသည်။

"လောင်ကျန်း... ငါတို့က လူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို အများကြီး သိမ်းပိုက်ခဲ့ ပြီးပြီလေ... အခုတော့ သူတို့ကို ပြန်ပေးဖို့ အချိန်တန်ပြီပေါ့..."

ကျန်းပိုင်ရီ ခေါင်းညိတ်လိုက်လေ၏။

သူသည် အသက်ဆက်ဆေးရည် ထုတ်လုပ်ရေးစက်ရုံကို သွားရောက်စစ်ဆေးရန် ပြင်ဆင်နေစဉ်မှာပင် အန်းကျို ဝင်လာခဲ့သည်။

"ဌာနမှူး... ဧည့်သည် ရောက်နေပါတယ်..."

"ဘယ်သူလဲ..."

"အမျိုးသား နိုင်ငံခြားရေးရုံးရဲ့ ညွှန်ကြားရေးမှူး လျူကျောက် ရယ်၊ ရုရှားခေါင်းဆောင်ရဲ့ ရုံးခန်းက နိုင်ငံ ရေးအကြံပေး ကီနယ်လစ်စ် ရယ်၊ ပြီးတော့ ရှန်းနန်ပြည်နယ် နိုင်ငံခြားရေးရုံးရဲ့ ညွှန်ကြားရေးမှူးတို့ အပြင်မှာ ရောက်နေကြပါတယ်..."

ကောင်းယွမ် အံ့ဩသွားခဲ့ရသည်။

*ဘာတွေ ဖြစ်နေတာလဲ…*

*အဘယ်ကြောင့် လူတွေ အများကြီး ရောက်လာကြတာလဲ…*

*ကြီးမားတဲ့ ကိစ္စတစ်ခုခုများ ဖြစ်တော့မှများလား။*

သူသည် မိမိ၏ လုံခြုံရေး အစီအမံများကို စစ်ဆေးလိုက်လေ၏။ သူ၏ လက်ပတ်တွင် ကာကွယ်ရေး စက်လုံးမှာ အကောင်းပကတိ ရှိနေသလို၊ ကိုယ်ပျောက် လက်နက်တပ်ဆင်ထားသော ကင်းထောက် ဒရုန်းသည်လည်း ပုံမှန်အတိုင်း အလုပ်လုပ်နေခဲ့ပေသည်။ သူ၏ ပတ်ဝန်းကျင်တွင်လည်း လုံခြုံရေး စက်ရုပ် လေးရုပ် ရှိနေခဲ့၏။

အားလုံးမှာ စိတ်ချရပေသည်။

နျူကလီးယားဗုံး တစ်လုံး ကျလာလျှင်ပင် ကောင်းယွမ်အနေဖြင့် လွတ်မြောက်ရန် အခွင့်အလမ်း (၉၀) ရာခိုင်နှုန်း ရှိပေသည်။

"သူတို့ကို ဝင်ခိုင်းလိုက်..."

အပြင်ဘက်တွင်မူ ကားတန်းကြီးသည် မုကျား သိပ္ပံဥယျာဉ်၏ အဝင်ဝတွင် ရပ်ထားလေသည်။

လျူကျောက်သည် မိမိရှေ့မှ အဆောက်အအုံကို ကြည့်ကာ မေးလိုက်လေ၏...။

"ဒါက ဆောက်လုပ်ရေးပိုးကောင်ကို သုံးပြီး တည်ဆောက်ထားတဲ့ အဆောက်အအုံလား..."

သူ၏ အတွင်းရေးမှူးက ချက်ချင်းပင်...၊

"ညွှန်ကြားရေးမှူးလျူ... ဒီအဓိက အဆောက်အအုံ သုံးလုံးစလုံးကို ဆောက်လုပ်ရေးပိုးကောင်တွေနဲ့ တည်ဆောက်ထားတာပါ... အရမ်းကို မြန်မြန်ဆန်ဆန် တည်ဆောက်ထားတာ ဖြစ်သလို ကြံ့ခိုင်မှုက လည်း အလွန်မြင့်မားပါတယ်..."

"တာချင်းတောင်မှာ ကြယ်တာရာ စစ်သင်္ဘော ရှိတယ်ဆိုတာရော ဟုတ်ရဲ့လား..."

"ဟုတ်ပါတယ်... သိပ္ပံဥယျာဉ်ရဲ့ နောက်ဘက်မှာတင် ရှိတာပါ... အရာရှိကျိုးက လူတွေနဲ့ စောင့်ကြပ်နေ ပါတယ်..."

လျူကျောက်၏ မျက်နှာမှာ တည်ကြည်နေခဲ့ပေ၏။ ဤနေရာသည် နောင်တစ်ချိန်တွင် ကမ္ဘာ့အလယ် ဗဟို ဖြစ်လာနိုင်ပေသည်။

လျူကျောက်၏ နောက်က ကားထဲတွင်မူ ရှန်းနန်ပြည်နယ် နိုင်ငံခြားရေးရုံးမှ ညွှန်ကြားရေးမှူး ကျိုးဝူထိုင် ရှိနေခဲ့ပေသည်။ သူသည် မိမိရှေ့မှ မုကျား နည်းပညာစက်မှုဇုန်ကို ကြည့်ကာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့ပေ၏။

လွန်ခဲ့သော တစ်နှစ်ခန့်က ဤနေရာသည် လူသူကင်းမဲ့သော တောင်ခြေရွာလေးတစ်ရွာ ဖြစ်သည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။

နိုင်ငံခြားရေးရာကို တာဝန်ယူထားသော သူသည် တစ်နေ့တွင် ဤနေရာသို့ ရောက်ရှိလာလိမ့်မည်ဟု သူ တစ်ခါမှ အိပ်မက်ပင် မမက်ဖူးပေ။

မကြာမီမှာပင် ကားတန်းသည် စက်မှုဇုန်ထဲသို့ ဝင်ရောက်လာခဲ့ရာ ပတ်ဝန်းကျင်မှာ အလွန်ပင် တိတ် ဆိတ်နေခဲ့ပေသည်။ ဂိတ်စောင့်များမှာ ဒေသခံ သက်ကြီးရွယ်အိုများသာ ဖြစ်ကြ၏။ အဓိက အဆောက် အအုံသို့ ရောက်သည့်အခါမှသာ အမျိုးသမီးတစ်ဦးက သူတို့အား ကြိုဆိုရန် စောင့်နေသည်ကို တွေ့ လိုက်ရလေသည်။

ကျိုးဝူထိုင်၏ လက်ထောက်က မကျေမနပ်ဖြင့်...၊

"ညွှန်ကြားရေးမှူး... ဘာလို့ ကျွန်တော်တို့ကို ကြိုဆိုမယ့်သူ တစ်ယောက်မှ မရှိတာလဲ... ကောင်းယွမ် ကိုယ်တိုင် မလာနိုင်ရင်တောင် သူတို့ရဲ့ ဒုတိယဥက္ကဋ္ဌလောက်တော့ လာသင့်တာပေါ့..."

"အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့... ကောင်းယွမ်ဆိုတာ အခု ရှနိုင်ငံရဲ့ သူရဲကောင်းပဲလေ..."

ထိုသို့ ပြောခဲ့သော်လည်း ကျိုးဝူထိုင်သည် စိတ်ထဲတွင် အနည်းငယ်မျှ မကျေမနပ် ဖြစ်နေမိလေသည်။ သူသည် တစ်နည်းအားဖြင့် ကောင်းယွမ်၏ အထက်လူကြီး ဖြစ်နေသဖြင့် ကောင်းယွမ်သာ အနေအထိုင် တတ်မည်ဆိုလျှင် သူ ထွက်၍ ကြိုဆိုသင့်ပေသည်။ ထိုသို့ဆိုလျှင် သူ၏ အနာဂတ်အတွက်လည်း ပို၍ လွယ်ကူသွားပေလိမ့်မည်။

လျူကျောက်သည် အထဲသို့ ဝင်သွားခဲ့ပြီ ဖြစ်၏။

"ခင်ဗျားတို့ရဲ့ ဥက္ကဋ္ဌကောင်း ရှိလား..."

လျူကျောက်က ဝမ်ရွှီကို မေးလိုက်လေသည်။

"ဟုတ်ကဲ့... ဥက္ကဋ္ဌကောင်းက အပေါ်ထပ်မှာ စောင့်နေပါတယ်..."

"ဒါက တကယ်ကို အခက်တွေ့စေတာပဲ..."

လျူကျောက်သည် မည်သို့မျှ ဘဝင်မမြင့်ရဲပေ။ သူ အဘယ်ကြောင့် ယခုတစ်ခါ ရောက်လာရသနည်း။ အဘယ်ကြောင့်ဆိုသော် ရုရှားဘက်မှ လူတစ်ဦးသည် ကောင်းယွမ်ကို အထူးတလည် တွေ့ဆုံချင်နေ သောကြောင့် ဖြစ်ပေသည်။

ဤသည်မှာ ဘာကို ဆိုလိုသနည်း။ ဤသည်မှာ ကောင်းယွမ်၏ ခြေလှမ်းတိုင်းက တစ်ကမ္ဘာလုံးကို လွှမ်းမိုးနိုင်သည်ဟူသော အချက်ကို ပြသနေခြင်းပင် ဖြစ်ပေ၏။

မည်သို့ပင်ဆိုစေ နိုင်ငံတစ်ခုကို တစ်ချက်တည်းနှင့် ဖျက်ဆီးနိုင်သော တိုက်ခိုက်မှုမှာ နျူကလီးယားဗုံး ထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ထို့ပြင် ဂျပန်တွင် နျူကလီးယား လက်နက်များ ရှိနေလျှင်ပင် ကောင်းယွမ်အတွက်မူ အသုံးမဝင်ပေ။ ဂျပန်နှင့် ထိုင်ဝမ်တို့တွင်လည်း ဒုံးကျည် အမြောက် အမြား ရှိကြသော်လည်း တစ်စင်းမျှပင် ပစ်လွှတ်နိုင်ခြင်း မရှိခဲ့ဘဲ ကောင်းယွမ်၏ ကြားဖြတ်ဟန့်တား ခြင်းကိုသာ ခံခဲ့ရပေသည်။ ဒုံးကျည်များပင် မပစ်လွှတ်နိုင်လျှင် နျူကလီးယား ထိပ်ဖူးများက ဘာလုပ် နိုင်မည်နည်း။ မိမိကိုယ်ကိုယ် ဖောက်ခွဲပစ်ပြီးမှ ကောင်းယွမ်ကို လက်နက်ချမလားဟု မေးရမည်လား။

လျူကျောက်သည် ကီနယ်လစ်စ် ဘာကို ကြံစည်နေသည်ကို ခန့်မှန်းမိပုံရပေသည်။ အမေရိကန် မရှိ တော့သဖြင့် ဥရောပသည် လူတိုင်း စားချင်နေကြသော အသားတုံးကြီးသဖွယ် ဖြစ်နေခဲ့ပြီ ဖြစ်၏။

ရုရှားဝက်ဝံကြီးသည် ဥရောပကို မျက်စိကျနေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယခုအချိန်တွင်မူ ကောင်းယွမ်က သဘောမတူမှာကို စိုးရိမ်သဖြင့် ဘာမှမလုပ်ရဲဘဲ ရှိနေခြင်း ဖြစ်ပေသည်။

*ကောင်းယွမ်၏ သဘောထားကို စမ်းသပ်ကြည့်ကြရအောင်...*

All Chapters