အခန်း ၁၄၉
Vol. 15 Ch. 149
အခန်း (၁၄၉)
ကျွန်တော်တို့က ညီအစ်ကိုတွေပဲလေ
ကောင်းယွမ်သည် သူ၏ရုံးခန်းထဲတွင် ခဲ့လေ၏။
မကြာမီမှာပင် လူများ ရောက်ရှိလာကြလေသည်။
လူအများကြီးကို မြင်လိုက်ရသည့်အခါ ကောင်းယွမ်သည် ထရပ်လိုက်ပြီး ပြုံးလျက် လက်ကမ်းနှုတ် ဆက်လိုက်လေ၏။
"ခေါင်းဆောင်တွေ အခုလို နိမ့်ပါးတဲ့နေရာကို ရောက်လာကြတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ..."
"ဥက္ကဋ္ဌကောင်း... ဒီနေရာကသာ နိမ့်ပါးတဲ့နေရာဆိုရင် တစ်ကမ္ဘာလုံးကတော့ နေစရာမရှိတဲ့ တဲစုတ်တွေ ဖြစ်ကုန်မှာပဲလေ..."
လျူကျောက်သည် ရှေ့သို့ တိုးလာကာ ကောင်းယွမ်ကို လက်ဆွဲနှုတ်ဆက်လိုက်လေသည်။
"ဒန်းဒန်း... ခေါင်းဆောင်တွေအတွက် လက်ဖက်ရည် ပြင်လိုက်ပါဦး..."
ကောင်းယွမ်က ခေါ်လိုက်လေ၏။
စက်ရုပ်အလှလေးသည် ချက်ချင်းပင် ပြင်ဆင်ရန် ထွက်သွားခဲ့လေသည်။
"အားလုံးပဲ... အဆင်ပြေတဲ့နေရာမှာ ထိုင်ကြပါဦး..."
လျူကျောက်သည် မိမိကိုယ်ကိုယ် အရင်မိတ်ဆက်ပေးပြီးနောက် ကီနယ်လစ်စ်ကို မိတ်ဆက်ပေးလိုက် လေသည်။ ကီနယ်လစ်စ်၏ ဘေးတွင်မူ ရုရှားနွယ်ဖွား လှပသော အမျိုးသမီး ဘာသာပြန်တစ်ဦး ရှိနေခဲ့ ၏။ သူမ စကားပြောလိုက်သည်နှင့် ကောင်းယွမ် သည် ရယ်ချင်သွားမိလေသည်။ သူမထံတွင် အရှေ့ မြောက်ပိုင်း လေယူလေသိမ်း အပြင်းအထန် ပါနေသောကြောင့် ဖြစ်ပေသည်။
"နာတာလီ... ခင်ဗျားရဲ့ ရှေးဟောင်းတရုတ်စကားက တကယ်ကို ကောင်းတာပဲနော်..."
ကောင်းယွမ်က ချီးကျူးစကား ဆိုလိုက်လေ၏။
"ကျွန်မ ရှန်ကျင်းမြို့မှာ ငါးနှစ်လောက် ပညာသင်ခဲ့တာပါ၊ ဒါကြောင့် ကျွန်မရဲ့ အသံထွက်က သိပ်မ ကောင်းလှပါဘူး... ဥက္ကဋ္ဌကောင်းက ကျွန်မကို ရယ်မနေပါနဲ့ဦး..."
"တကယ်ကို အံ့ဩစရာပဲ..."
ဤလူများ အဘယ်ကြောင့် ဤနေရာသို့ ရောက်လာကြသနည်းဆိုသည်ကို ကောင်းယွမ် အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိလေ၏။ သို့သော်လည်း လျူကျောက်နှင့် ကျိုးဝူထိုင်တို့မှာ နိုင်ငံခြားရေးဌာနမှ လူများ ဖြစ်ကြသဖြင့် အဓိက ဇာတ်ဆောင်မှာ ကီနယ်လစ်စ်သာ ဖြစ်ရပေမည်။
"အားလုံးပဲ... ခင်ဗျားတို့လည်း အလုပ်များတဲ့သူတွေဆိုတော့ အချိန်မဖြုန်းဘဲ လိူရင်းကိုပဲ ပြောကြရ အောင်လေ..."
ကီနယ်လစ်စ်သည် နာတာလီကို ကြည့်လိုက်ပြီး သူမ၏ ဘာသာပြန်ဆိုမှုကို နားထောင်ကာ ခေါင်းညိတ် လိုက်လေသည်။
ထို့နောက် သူက စတင်ပြောဆိုတော့၏။
သူ စကားပြောနေစဉ်မှာပင် နာတာလီက ကောင်းယွမ်အတွက် ဘာသာပြန်ပေးနေခဲ့လေသည်။
"မစ္စတာ ကောင်းယွမ်... ခင်ဗျားနဲ့ တွေ့ရတာ ဝမ်းသာပါတယ်... ကျွန်တော်တို့ရဲ့ ခေါင်းဆောင် ပူတင် ကိုယ်စား နှုတ်ခွန်းဆက်သပါတယ်..."
"စစ်သေနာပတိချုပ် ပူတင်ကိုလည်း ကျွန်တော့်ကိုယ်စား နှုတ်ဆက်ပေးပါဦး..."
ကောင်းယွမ်သည် လက်ဖက်ရည်တစ်ငုံ သောက်ရင်း ပြောလိုက်လေသည်။
"ကျွန်တော်တို့က မစ္စတာ ကောင်းယွမ်အတွက် ကျွန်တော်တို့ ရုရှားက လက်ဆောင်တွေကို လာပေးတာ ပါ..."
မကြာမီမှာပင် ကောင်းယွမ်၏ ရှေ့တွင် သေတ္တာအချို့ကို ချထားလိုက်ကြလေသည်။
မမ်မုဆင်စွယ်ဖြင့် ပြုလုပ်ထားသော အလှပြ သေနတ်များ...။ ထို့ပြင် ဝင်ရိုးစွန်းဝက်ဝံသားရေ ဖျာနှင့် ပင်လယ်နက်မှ ထွက်ရှိသော ငါးဥအနှစ် အိုးကြီးတစ်လုံးလည်း ပါဝင်လေသည်။
ကောင်းယွမ်သည် လက်ဆောင်များကို ကြည့်ကာ ပြုံးလိုက်လေ၏။
"စစ်သေနာပတိချုပ် ပူတင်က အရမ်းကို အားနာစရာကောင်းတာပဲ... ကျွန်တော့်မှာ ပြန်ပေးစရာ
ဘာမှမရှိဘူး..."
"မစ္စတာ ကောင်းယွမ်... ကျွန်တော်တို့က ခင်ဗျားနဲ့ နိုင်ငံတကာ အခြေအနေတွေအကြောင်း ဆွေးနွေးဖို့ လာတာပါ... ကျွန်တော်တို့ ခေါင်းဆောင် ပူတင်က မစ္စတာကောင်းရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စစ် အင်အားကို အလွန်ပဲ အံ့ဩမိပါတယ်... မစ္စတာကောင်းဟာ ကမ္ဘာ့လူသားတွေအတွက် အားကိုးထိုက်တဲ့ မဏ္ဍိုင်ကြီးတစ်ခုပါပဲ..."
*နိုင်ငံတကာ အခြေအနေ ဟုတ်လား…*
ကောင်းယွမ် အကြမ်းဖျင်းအားဖြင့် နားလည်သွားခဲ့လေသည်။
ရုရှားဝက်ဝံကြီးမှာ ရည်မှန်းချက်တွေ ရှိနေခြင်း ဖြစ်ပေသည်။
နှစ်ပေါင်းများစွာတိုင်အောင် ရုရှားသည် အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။ အမေရိကန် က ဥရောပအပေါ် ထိန်းချုပ်မှု လျော့နည်းသွားမည့် အချိန်ကို စောင့်နေခဲ့ခြင်း ဖြစ်ပေသည်။
ထိုအချိန်ကျလျှင် ရုရှားသည် ဥရောပ၏ စစ်ရဲတပ်ဖွဲ့အဖြစ် တစ်ဖန် ပြန်လည်ရောက်ရှိလာကာ ဥရောပ ၏ နည်းပညာနှင့် ရန်ပုံငွေများကို ရုရှား၏ သယံဇာတနှင့် နယ်မြေများနှင့် ပေါင်းစပ်သွားပေလိမ့်မည်။ ထိုအခါ ဥရောပသမဂ္ဂ မဟာမိတ်အဖွဲ့သည် ကမ္ဘာ့အလယ်ဗဟို ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း ဤအရာမှာ ကောင်းယွမ်နှင့် ဘာများပတ်သက်နေပါသနည်း။
သူ ရှိနေသရွေ့ အမေရိကန်နှင့် ဥရောပ ပေါင်းစည်းရန်မှာ ဝေးစွ၊ တစ်ကမ္ဘာလုံး ပေါင်းစည်းလျှင်ပင် သူ့ အတွက်မူ အကြောင်းပြချက်တစ်ခု ပေးလိုက်သကဲ့သို့သာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ကောင်းယွမ်သည် ဂရုမစိုက်ပေ။
"အကြံပေးပုဂ္ဂိုလ်ကြီး... နိုင်ငံတကာ အခြေအနေက ဘာဖြစ်နေလို့လဲ... ကျွန်တော်ကတော့ အခု အား လုံး အဆင်ပြေနေတယ်လို့ ခံစားရတယ်လေ..."
"ရှနိုင်ငံနဲ့ ရုရှားဟာ ကျောချင်းကပ် ညီအစ်ကိုတွေပါ၊ ပြီးတော့ နှစ်ပေါင်းများစွာတိုင်အောင် ဩဇာ အာဏာ လွှမ်းမိုးမှုတွေကို ဆန့်ကျင်တိုက်ခိုက်ရင်းနဲ့ နက်ရှိုင်းတဲ့ ချစ်ကြည်ရေးတွေကို တည်ဆောက်ခဲ့ ကြတာလေ... ဒါပေမဲ့ ကမ္ဘာပေါ်မှာ ရှနိုင်ငံအပေါ် ရန်လိုနေတဲ့ အစိုးရတွေ အများကြီး ရှိနေသေးတာ ပေါ့လေ..."
ကောင်းယွမ် ခေါင်းညိတ်လိုက်ကာ...၊
"ဟုတ်ပါတယ်... ပြီးတော့ ဘာဖြစ်လဲ..."
ကီနယ်လစ်စ်က ဆက်ပြောလိုက်လေသည်။
"ကျွန်တော်တို့ ခေါင်းဆောင်က ကမ္ဘာပေါ်မှာ အခု အစိုးရတွေ အရမ်းများနေပြီး စီမံခန့်ခွဲဖို့ မလွယ်ဘူးလို့ ယူဆပါတယ်... အကယ်၍ ကမ္ဘာပေါ်မှာ ရုရှားဝက်ဝံကြီးနဲ့ ရှနိုင်ငံဆိုပြီး နှစ်နိုင်ငံတည်းပဲ ရှိမယ်ဆိုရင် ကျွန်တော်တို့ဟာ မျိုးဆက်အလိုက် ချစ်ကြည်ရင်းနှီးစွာ နေထိုင်သွားကြမှာဖြစ်ပြီး ကမ္ဘာကြီးကို ပိုပြီး သာယာဝပြောစေမှာ အသေအချာပါပဲ..."
သူတို့၏ ရည်ရွယ်ချက်မှာ ပေါ်လွင်သွားခဲ့လေပြီ။
ကောင်းယွမ်သည် ခဏမျှ အတွေးနက်နေဟန် ဆောင်လိုက်၏။
"အကြံပေးပုဂ္ဂိုလ်ကြီး ပြောတာလည်း မှန်တာပဲ၊ တကယ်ကို အရမ်းများနေတာပဲ..."
ကီနယ်လစ်စ်သည် ထိုစကားကို ကြားလိုက်ရသည့်အခါ အလွန်ပင် ဝမ်းသာသွားခဲ့လေသည်။ အမှန်စင် စစ်အားဖြင့် မဟာအင်အားကြီး နှစ်နိုင်ငံသည် ကြီးမားသော ဖိအားများနှင့် ရင်ဆိုင်ရသည့် အချိန်တွင် သာ သူငယ်ချင်း ဖြစ်လာကြခြင်း ဖြစ်၏။ ပြင်ပအကြောင်းတရားများ မရှိလျှင်မူ မဟာအင်အားကြီး နှစ်နိုင်ငံသည် သဘာဝအတိုင်း တစ်ဖက်နှင့်တစ်ဖက် ဆန့်ကျင်ဘက် ဖြစ်နေကြပေလိမ့်မည်။
သို့သော်လည်း ရှနိုင်ငံတွင် ကောင်းယွမ် ရှိနေခဲ့ပေသည်။ အထူးသဖြင့် ရှနိုင်ငံ သိပ္ပံအကယ်ဒမီက ထိန်းချုပ်နိုင်သော ပေါင်းစပ်စွမ်းအင်ကို တရားဝင် စီးပွားဖြစ် အသုံးပြုနိုင်ပြီဖြစ်ကြောင်း ကြေညာ လိုက်ပြီးနောက် လျှပ်စစ်ဓာတ်အားပေးစက်ရုံများအားလုံး နျူကလီးယားစွမ်းအင်သို့ ပြောင်းလဲရ မည်ဖြစ်သလို၊ မော်တော်ယာဉ်များနှင့် စစ်လက်နက် ပစ္စည်းများမှာလည်း ဆီမှ လျှပ်စစ်သို့ ကူးပြောင်း ရတော့မည် ဖြစ်ပေသည်။
ရုရှားသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ အဓိက ထုတ်လုပ်သည့် နိုင်ငံဖြစ်၏။ ရှနိုင်ငံက ဤသို့ လုပ်ဆောင် လိုက်လျှင် သို့မဟုတ် ကမ္ဘာသို့ လျှပ်စစ်ဓာတ်အားများ တင်ပို့လိုက်လျှင် ရုရှားအတွက်မူ အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။
ထို့ကြောင့် ရုရှားခေါင်းဆောင်ပိုင်းမှာ အလွန်ပင် စိုးရိမ်ပူပန်နေကြခြင်း ဖြစ်ပေသည်။
မိမိတို့၏ အင်အားကို ထိန်းသိမ်းထားရန်နှင့် အချိန်စောင့်ရန်အတွက် ဥရောပကို သိမ်းပိုက်မည့် ခြေလှမ်း ကို အရှိန်မြှင့်ရပေမည်။ ဤသည်မှာ ဒုတိယကမ္ဘာစစ် နောက်ဆုံးအဆင့်တွင် အမေရိကန်က အက်တမ် ဗုံးကို ထုတ်လုပ်နိုင်ခဲ့စဉ်က အခြားနိုင်ငံများမှာ မိမိတို့ကိုယ်တိုင် အက်တမ်ဗုံး ထုတ်လုပ်နိုင်ပြီး ရင်ဘောင်တန်းနိုင်သည့် အချိန်အထိ နောက်ဆုတ်နေခဲ့ရသကဲ့သို့ပင် ဖြစ်ပေတော့သည်။
ယခုအခါ ကောင်းယွမ်တွင် ကြယ်တာရာ စစ်သင်္ဘောနှင့် ဆန့်ကျင်ဘက်ဒြပ်ထု ရှိနေသဖြင့် သူတို့မှာ လည်း ဆန့်ကျင်ဘက်ဒြပ်ထုနှင့် ကြယ်တာရာ စစ်သင်္ဘောများ ပိုင်ဆိုင်သည့် အချိန်အထိ ငြိမ်နေရပေ အုန်းမည်။
သို့သော်လည်း ရုရှားဝက်ဝံကြီးအနေဖြင့် ဤအရာကို မိမိဘာသာ လုပ်ဆောင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ မိမိကိုယ်ကိုယ် ဆုတ်ယုတ်လာသည်ကိုသာ ကြည့်နေရမည်ဖြစ်ပြီး အဆိုးရွားဆုံး အခြေအနေတွင်မူ ပြိုကွဲပျက်စီးသွားနိုင်ပေသည်။
ဥရောပသည် ကမ္ဘာ့သိပ္ပံနှင့် နည်းပညာ၏ အချက်အချာနေရာဟောင်း ဖြစ်သည်ဟု ဆိုနိုင်၏။ အကယ်၍ ရုရှားဝက်ဝံကြီးက ဥရောပနှင့် ပေါင်းစည်းကာ ၎င်း၏ နည်းပညာနှင့် ရန်ပုံငွေများကို စုပ်ယူနိုင်မည်ဆို လျှင် နှစ်အနည်းငယ်အတွင်း တစ်ဖန် ပြန်လည်ဦးမော့လာနိုင်ပေသည်။
ပူတင်သည် ဥရောပကို သိမ်းပိုက်ရန် ဆုံးဖြတ်လိုက်လေပြီ။
သို့သော်လည်း ဂျပန်၏ ဖြစ်ရပ်ကို နမူနာယူကာ သူတို့သည် ကောင်းယွမ်ကို စိတ်အနှောင့်အယှက် ဖြစ် မှာ စိုးရိမ်သဖြင့် ဦးစွာ လာရောက်စမ်းသပ်ကြည့်ခြင်း ဖြစ်ပေတော့သည်။
အမေရိကန် မရှိတော့လျှင် ပြိုကွဲနေသော ဥရောပသည် ရုရှားဝက်ဝံကြီးကို တားဆီးနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် တစ်ခုတည်းသော အပြောင်းအလဲမှာ ကောင်းယွမ်ပင် ဖြစ်၏။ လက်ရှိ အမေရိကန်၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် အထက်တန်းလွှာ စီးပွားရေးလုပ်ငန်းစုကြီးများသည် ကောင်းယွမ်အပေါ် မကောင်းသည့်စကား တစ်ခွန်းပင် မပြောရဲကြပေ။
ဤအချက်က ပူတင်ကို များစွာ စိုးရိမ်စေခဲ့ခြင်း ဖြစ်ပေသည်။
ယခုတစ်ခါ ကောင်းယွမ်ဆီသို့ အထူးလာရောက်ခြင်းမှာ အစပျိုးခြင်းသာ ဖြစ်၏။
ဖြစ်နိုင်လျှင်မူ သူကိုယ်တိုင် လူကိုယ်တိုင် လာရောက်တွေ့ဆုံချင်နေခဲ့ခြင်း ဖြစ်ပေသည်။
"မစ္စတာ ကောင်းယွမ်... ဒါကတော့ ကျွန်တော်တို့ ခေါင်းဆောင် ပူတင်ရဲ့ စီမံကိန်းပါ..."
ကောင်းယွမ်သည် လက်ဝှေ့ယမ်းကာ ကီနယ်လစ်စ် ဆက်ပြောမည့် စကားကို တားလိုက်လေသည်။
"အကြံပေးပုဂ္ဂိုလ်ကြီး... ခင်ဗျား တကယ်တမ်း ဘာပြောချင်တာလဲ... ကျွန်တော်က စီးပွားရေးသမား တစ်ယောက်သက်သက်ပါ..."
"ဟို..."
ကီနယ်လစ်စ် ဆွံ့အသွားခဲ့ရ၏။ ကောင်းယွမ် ပြောသည်မှာ မှန်သော်လည်း ဤစီးပွားရေးသမားမှာ နိုင်ငံ တစ်ခုကို ဖျက်ဆီးနိုင်သည့် စွမ်းအား ရှိနေသည် မဟုတ်ပါလား။ ထို့ပြင် သူသည် ကမ္ဘာပေါ်တွင် တစ်ဦး တည်းသောသူ ဖြစ်နေခဲ့ပေသည်။
"ဒါဆို ခင်ဗျား ဘာကို ဆိုလိုတာလဲ..."
"ခင်ဗျားတို့ ဘာလုပ်လုပ် အဲဒါ ခင်ဗျားတို့ရဲ့ အခွင့်အရေးပဲလေ... ကျွန်တော်ကတော့ စီးပွားရေးပဲ လုပ် မှာပါ... ဟုတ်တယ် မဟုတ်လား... ကျွန်တော်က ဈေးကွက်ကိုပဲ လိုချင်တာပါ... တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ကျွန်တော် ဘယ်တော့မှ ဝင်မစွက်ဖက်ပါဘူး..."
ကီနယ်လစ်စ် စိတ်ထဲမှ တွေးလိုက်မိသည်မှာ... ၊
*သူက တကယ်ကို ဝင်မစွက်ဖက်ပါဘူး၊ သူနဲ့ သဘောထား မတိုက်ဆိုင်ရင် နိုင်ငံတစ်ခုလုံးကို ဖျက်ဆီး ပစ်ရု့ပဲလေ...*
အမေရိကန်ဆိုလျှင်လည်း ထိုမျှအထိ မဆိုးရွားသော်လည်း စစ်မဲ့ဇုန်အဖြစ် ပြောင်းလဲသွားခဲ့ရသည်မှာ ကံကောင်းသည်ဟု ဆိုရပေမည်။
"မစ္စတာ ကောင်းယွမ်... ကျွန်တော်တို့ ခေါင်းဆောင်က ခင်ဗျားဆီ လာရောက်လည်ပတ်ပြီး လူသား မျိုးနွယ်တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ အရေးကြီးကိစ္စတစ်ခုကို ဆွေးနွေးချင်နေပါတယ်..."
"မလိုပါဘူး... ကျွန်တော်တို့က ညီအစ်ကိုတွေပဲ မဟုတ်လား..."
"ဟုတ်ပါတယ်..."
ကောင်းယွမ် ဘာကို ကြံစည်နေသည်ကို ကီနယ်လစ်စ် လုံးဝ မသိနိုင်ပေ။
"ညီအစ်ကိုတွေအနေနဲ့ ကျွန်တော် လက်ဆောင်တစ်ခု ပေးလိုက်ပါ့မယ်... အစ်ကိုတို့ဆီမှာ ဆေးဝါးကုသ မှုပိုင်းက သိပ်ပြီး အဆင့်မမြင့်သေးဘူးဆိုတာ ကျွန်တော် သိပါတယ်၊ တောင်ပိုင်းမင်းဆက်နိုင်ငံ အကြောင်း သိလား... သူတို့ဆီမှာ မကြာသေးခင်ကမှ အသက်ဆက်ဆေးရည် ထွက်ထားတာလေ..."
ထိုအချိန်တွင် နာတာလီ၏ မျက်လုံးများ ပြူးသွားကာ...၊
"ဘုရားသခင်... အဲဒီ အသက်ဆက်ဆေးရည်ကလည်း ရှင့်ရဲ့ ငါးရံ့နက် နည်းပညာကပဲလား..."
"ဟုတ်ပါတယ်... အဲဒါ ကျွန်တော့်ရဲ့ ပစ္စည်းပါ... ကျွန်တော် အဲဒါကို ရုရှားတွေဆီ အရင်းဈေးနဲ့ပဲ ပံ့ပိုးပေး ဖို့ ပြင်ထားပါတယ်... တစ်ချိန်တည်းမှာပဲ လက်ဆောင်ကြီးတစ်ခုလည်း ပေးဦးမှာပါ... ရုရှားက ထွက် သမျှ သတ္တုကုန်ကြမ်းမျိုးစုံကို ကျွန်တော် အစွမ်းကုန် ဝယ်ယူသွားပါ့မယ်... ဝယ်ယူမယ့် အရေအတွက် ကိုလည်း ကန့်သတ်ထားမှာ မဟုတ်ပါဘူး..."
ထိုအချိန်တွင် ကီနယ်လစ်စ်မှာ ဝမ်းသာလွန်းသဖြင့် ငိုပင်ငိုချင်သွားခဲ့ရ၏။ ကောင်းယွမ်သည် တကယ်ကို လူကောင်းတစ်ယောက် ဖြစ်ပေသည်။ သူ အလကား စိုးရိမ်နေခဲ့ခြင်း ဖြစ်ပေ၏။ သူသည် ရုရှားတွေအ ပေါ် ဤမျှအထိ ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ကျေးဇူးတင်ပါတယ် မစ္စတာကောင်း... အကယ်၍ ခင်ဗျား ရုရှားကို လာရောက်လည်ပတ်ဖို့ အခွင့် အရေး ရမယ်ဆိုရင် ကျွန်တော်တို့ ခေါင်းဆောင်က ခင်ဗျားကို အကောင်းဆုံး ဧည့်ခံပေးပါလိမ့်မယ်..."
"ဟားဟား... သေချာတာပေါ့... သေချာတာပေါ့..."
ဤအထိ ဆွေးနွေးပြီးသည့်နောက်တွင်မူ ကီနယ်လစ်စ်သည် အခြေအနေကို ကောင်းကောင်း နားလည် သွားခဲ့လေပြီ။
မကြာမီမှာပင် ထိုလူစု ထွက်ခွာသွားခဲ့ကြလေသည်။
ကောင်းယွမ်သည် မြေပုံကို ကြည့်ရင်း အမေရိကမှ အန်းနီကို ဖုန်းခေါ်လိုက်လေသည်။
"အန်းနီ... ရုရှားတွေက ဥရောပကို အရေးယူတော့မယ်... ဥရောပကို ကူညီပေးလိုက်ပါ..."