အခန်း (၂၅၆၃-၂၅၆၄)
Vol. 257 Ch. 2563-2564
အခန်း (၂၅၆၃) - ငါလည်း စားချင်တယ်
“သခင်လေး… ကျွန်မတို့ ဒီအဆင့် စမ်းသပ်ချက်ကို အောင်မြင်သွားပြီ ထင်တယ်၊ ဘာဖြစ်လို့ ဒီနေရာမှာပဲ ရှိနေသေးတာလဲဟင် ”
နတ်မိမယ်ယွီသည် ပတ်ဝန်းကျင် အရပ်ရပ်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး၊ မျက်ဝန်းထဲတွင် နိုးနိုးကြားကြားရှိလှသော အရိပ်အယောင်များဖြင့် -
“ဒါမှမဟုတ်… ဒီနေရာမှာ အန္တရာယ်တွေ ရှိနေသေးတာလား ”
ဖန့်ချန်က ခေတ္တမျှ တွေးတောဆင်ခြင်လိုက်ပြီးမှ -
“တကယ်လို့ အန္တရာယ် ရှိနေတယ်ဆိုရင်လည်း… အဲဒါက ဒီရေကန်ကြီးထဲမှာပဲ ပုန်းအောင်းနေလိမ့်မယ် ”
“ဟိုလေ… မင်းတို့ ချန်ရှုရှုတို့ အုပ်စုကို မြင်ကြသေးလား။ သူတို့ သုံးယောက်စလုံး ဘယ်ပျောက်သွားတာပါလိမ့် ”
ဖန်ရွှေက အလွန်တရာ ဝေခွဲမရဖြစ်နေသည့် မျက်နှာပေးဖြင့် အနားသို့ တိုးကပ်လာခဲ့သည်။
ထိုအခါမှသာ ကောင်းကင်အရှင် အမွေဆက်ခံသူများအားလုံးသည် အခြေအနေမှာ စောစောကနှင့် မတူဘဲ တစ်စုံတစ်ရာ ထူးဆန်းနေကြောင်းကို သတိပြုမိလိုက်ကြတော့သည်။
ချန်ရှုရှုသည် စောစောကတင် သူတို့နှင့် သေသေချာချာ စကားပြောဆိုနေခဲ့သည် မဟုတ်ပါလား၊ ဘယ်လိုဖြစ်လို့ မျက်စိတစ်မှိတ်အတွင်းမှာတင် ရုတ်တရက် ပျောက်ကွယ်သွားရတာနည်း။
“ဒီကောင်လေး အဆင့်အောင်မြင်သွားလို့… နောက်ထပ် ကန့်သတ်ချက်တောင်ဆီကို ပြေးသွားတာများလား ”
ဖန်ရွှေက ထိတ်လန့်ဒေါသထွက်စွာဖြင့် ရေရွတ်လိုက်သည်။
နောက်ထပ် ကမ္ဘာပျက်လုနီးပါး အချိန်အတွင်းမှာပင်၊ ပတ်ဝန်းကျင်ရှိ ရှုခင်းများသည် အလွှာလိုက် အလွှာလိုက် နောက်သို့ ဆုတ်ခွာကွယ်ပျောက်နေသည်ကို လူတိုင်း တွေ့ရှိလိုက်ရတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူတို့သည် လှေကားထစ်များပေါ်သို့ ထပ်မံ၍ ရောက်ရှိသွားခဲ့ပြန်ပြီ ဖြစ်ပြီး၊ ဘေးနားရှိ ကန့်သတ်ချက်တောင်မှာလည်း မည်သည့် သက်ရှိအသက်ဝိညာဉ်မျှ မရှိတော့ဘဲ ပြန်လည်အေးစက်ငြိမ်သက်သွားခဲ့ချေပြီ။
“ကြည့်ရတာ ငါတို့ ဒီအဆင့် စမ်းသပ်ချက်ကို တကယ်ပဲ အောင်မြင်သွားခဲ့ပြီပဲ၊ ဒါပေမဲ့ နောက်ပိုင်းကျရင်တော့… ငါတို့ ဖန့်ချန်နဲ့အတူ ဆက်ပြီး လျှောက်လှမ်းနိုင်ကြတော့မယ် မထင်ဘူး ”
ဖူယာယာက လျှို့ဝှက်စွာ သက်ပြင်းတစ်ချက် ချလိုက်သည်။
“ငါ့ရဲ့ ခန္ဓာကိုယ်ထဲကအတွင်းကမ္ဘာစွမ်းအင်တွေ သိပ်ပြီး မကျန်တော့ဘူး၊ အများဆုံး နောက်ထပ် ခြေလှမ်း အနည်းငယ်လောက်ပဲ စမ်းပြီး လျှောက်ကြည့်တော့မယ်၊ တကယ်လို့ ကန့်သတ်ချက်ကို ထပ်ပြီး မချိုးဖျက်နိုင်ရင်လည်း… ဒီအတိုင်းပဲ လက်လျှော့လိုက်တော့မယ် ”
ရှန်းရှိုယွမ်က မျက်လုံးများကို မှိတ်ကာ ခံစားသိရှိကြည့်ပြီးနောက်၊ ခါးသီးစွာ ပြုံးလျက် ဆိုလိုက်သည်။
“သခင်လေး… ကျွန်မရဲ့ အတွင်းကမ္ဘာစွမ်းအင်တွေလည်း ကုန်လုနီးပါး ဖြစ်နေပြီ ”
နတ်မိမယ်ယွီက အသံလှိုင်းဖြင့် လှမ်း၍ ပြောလိုက်သည်။
“ဒါကို တစ်လုံး စားလိုက်၊ အတွင်းကမ္ဘာစွမ်းအင်တွေကို ပြန်ပြီး ဖြည့်တင်းပေးနိုင်လိမ့်မယ် ”
ဖန့်ချန်သည် ထိုအခြေအနေကို မြင်လိုက်ရသောအခါ၊ ချက်ချင်းပင် စင်ကြယ်သော ဗောဓိသီးတစ်လုံးကို ထုတ်ယူ၍ နတ်မိမယ်ယွီထံသို့ ကမ်းပေးလိုက်သည်။
နတ်မိမယ်ယွီ၏ မျက်ဝန်းများမှာ ချက်ချင်းပင် အနည်းငယ် လင်းလက်သွားခဲ့ရတော့သည်။
ထို့နောက်တွင် ဖန့်ကျစ်ရွှယ်နှင့် အခြားသူများကိုလည်း တစ်ယောက်တစ်လုံးစီ အသီးသီး ခွဲဝေပေးလိုက်သည်။
မူလက မျှော်လင့်ချက် ကင်းမဲ့လုနီးပါး ဖြစ်နေခဲ့ကြသည့် ရှန်းရှိုယွမ်တို့ အုပ်စုသည်၊ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်းပင် အနားသို့ တိုးကပ်လာကြသည်။
“မိတ်ဆွေဖန့်ချန်… ငါလည်း စားချင်တယ် ”
လဲ့လဲ့ က လက်ကို ဆန့်ထုတ်ကာ တောင်းဆိုလိုက်သည်။
ဖန့်ချန်က ပြုံးလျက် သူမထံသို့ တစ်လုံး ကမ်းပေးလိုက်ရာ၊ လဲ့လဲ့သည် အလွန်အမင်း ဝမ်းမြောက်သွားခဲ့ရပြီး၊ ကမန်းကတန်းပင် စားသုံးလိုက်တော့သည်။
ဆွေ့ထျန်းဟွမ်နှင့် အခြားသူများမှာမူ ဤမြင်ကွင်းကို ကြည့်ရင်း၊ မသိစိတ်အရ တံတွေးကို ခိုးမြိုချလိုက်မိကြသည်။
ဤစင်ကြယ်သော ဗောဓိသီးများသည် သူတို့ရရှိထားသည့် ဆုလာဘ်များ ဖြစ်သော်လည်း၊ သူတို့ ပထမဆုံးအဆင့် စမ်းသပ်ချက်ကို အောင်မြင်နိုင်ခဲ့ခြင်းမှာ မည်သည့်အကြောင်းရင်းကြောင့် ဖြစ်သည်ကိုမူ အကြမ်းဖျင်း ခန့်မှန်းမိကြပြီးသား ဖြစ်သည်။
ထို့အပြင် ဒါက သံသရာမသေမျိုးဂိုဏ်းက ပေးအပ်ထားသည့် ဆုလာဘ်တစ်ခု ဖြစ်နေပြန်ရာ၊ တစ်နည်းအားဖြင့် ပြောရလျှင် ဖန့်ချန်ကသာ သူတို့ကို မပေးခဲ့ဘူးဆိုလျှင်ပင်၊ သူတို့အနေဖြင့် မည်သည့် စကားတစ်ခွန်းမျှ ထွက်ရဲကြမည် မဟုတ်ချေ။
ဤအချိန်တွင် နတ်မိမယ်ယွီနှင့် အခြားသူများသည် ဗောဓိသီးကို စားသုံးလိုက်ကြပြီ ဖြစ်သောကြောင့်၊ စွမ်းအင်များ ပြန်လည်ပြည့်ဖြိုးလာခဲ့ပြီ ဖြစ်ရာ၊ သူတို့၏ အခြေအနေမှာ မူလ အကောင်းဆုံးအချိန်အတိုင်း ပြန်လည်ကောင်းမွန်လာခဲ့ချေပြီ။
စင်ကြယ်သော ဗောဓိသီးကို စွမ်းအင်များ ပြန်လည်ဖြည့်တင်းပေးသည့် ရတနာတစ်ခုအဖြစ် ရိုးရိုးရှင်းရှင်း စားသုံးပစ်လိုက်ခြင်းမှာ၊ တကယ့်ကို ကောင်းကင်ဘုံက ပေးတဲ့ ပစ္စည်းကို ဖြုန်းတီးပစ်လိုက်ခြင်းမျိုးပင် ဖြစ်သည်။
သို့သော်လည်း ယနေ့ ဤနေရာမျိုးတွင်မူ၊ သူတို့ကို အောက်သို့ ဆက်လက် လျှောက်လှမ်းနိုင်စေမည့် တစ်ခုတည်းသော နည်းလမ်းမှာလည်း ဤနည်းလမ်းတစ်ခုပဲ ရှိနေပုံရပေသည်။
“ဒီနေရာက သံသရာမသေမျိုးဂိုဏ်း ဖြစ်နေကတည်းက၊ ငါ့ကိုလည်း အိမ်ရှင် တစ်ဝက်လောက်လို့ သတ်မှတ်လို့ရပါတယ်။
မင်းတို့တွေ ကန့်သတ်ချက်ကို ထပ်ပြီး ချိုးဖျက်နိုင်မယ့် အခွင့်အရေး အနည်းငယ်လောက်ပဲ ရှိနေရင်တောင်… ငါ မင်းတို့ကို အစွမ်းကုန် ကူညီပေးပါ့မယ် ”
ဖန့်ချန်က ပြုံးလျက် လက်ကို ဝှေ့ယမ်းလိုက်ရာ၊ စင်ကြယ်သော ဗောဓိသီးများသည် ဖန်ရွှေနှင့် ဆွေ့ထျန်းဟွမ်တို့၏ လက်ထဲသို့ တစ်လုံးပြီးတစ်လုံး ကျရောက်သွားခဲ့တော့သည်။
သူတို့၏ စိတ်ထဲတွင်မူ အတိုင်းအဆမရှိ တုန်လှုပ်အံ့ဩခြင်းများနှင့်အတူ အလွန်တရာ ဆာဆာလောင်လောင် စိတ်လှုပ်ရှားသွားခဲ့ရချေပြီ။
“မိတ်ဆွေဖန့်ချန်… နှမြောစရာကောင်းတာက ဒီနေရာမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ငါတို့ မှတ်မိမှာ မဟုတ်ဘူး၊ အပြင်ကို ရောက်သွားတာနဲ့ အကုန်လုံး မေ့လျော့သွားကြလိမ့်မယ်။
တကယ်လို့ မင်းသာ မှတ်မိနေခဲ့မယ်ဆိုရင်… နောင်တစ်ချိန်မှာ ငါ မင်းအပေါ် တစ်စုံတစ်ရာ ပြစ်မှားမိတာမျိုး ရှိခဲ့ရင်လည်း… ရှေ့လျှောက် နားလည်ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ် ”
တန်ခယ်ရွှမ်သည် ဗောဓိသီးကို သောက်သုံးပြီးနောက်၊ အနည်းငယ် ရှက်ရွံ့အားနာနေသည့် မျက်နှာပေးဖြင့် ဆိုလိုက်သည်။
အတိတ်တုန်းက မိမိသည် ချီထျန်းမျိုးနွယ်စုရဲ့ ကောင်းကင်အရှင် အမွေဆက်ခံသူ ဆိုတဲ့ ဂုဏ်ပုဒ်ကို အသုံးချပြီး၊ ခုမှ ခုနစ်ပါးနေမင်းခန်းမကို စတင်ဝင်ရောက်လာခဲ့တဲ့ ဖန့်ချန်ကို ဖိနှိပ်ချင်ခဲ့တဲ့အချက်ကို ပြန်လည်တွေးတောမိတိုင်း၊ သူ၏ ပါးပြင်များမှာ ပူထူနီမြန်းလာခဲ့ရသည်။
“ဒါတွေ ဘာလို့ လာပြောနေတာလဲ၊ အားအင်တွေ ပြန်ပြည့်လာပြီဆိုရင်တော့… အပေါ်ကို ဆက်ပြီး လျှောက်ကြစို့ ”
ဖန့်ချန်က မိမိ၏နောက်ကွယ်က အဆုံးအစကိုပင် မမြင်နိုင်တော့သည့် လှေကားထစ်ကြီးများကို လှမ်းကြည့်လိုက်သည်။
“ငါ့ရဲ့ စင်ကြယ်သော ဗောဓိသီးတွေကိုတော့ အချို့အဝက် ချန်ထားရဦးမယ်၊ မင်းတို့တွေ အများဆုံး ဆယ်လုံးပဲ စားလို့ရလိမ့်မယ်၊ တကယ်လို့ ဆယ်လုံးစားပြီးတာတောင် ကန့်သတ်ချက်ကို ထပ်ပြီး မချိုးဖျက်နိုင်သေးဘူးဆိုရင်တော့… ဒီအတိုင်းပဲ လက်လျှော့လိုက်ကြတော့ ”
“ရပါတယ်… ကိစ္စမရှိဘူး ”
ဖန်ရွှေတို့ အုပ်စုက ကမန်းကတန်းပင် လက်သီးစုကာ အရိုအသေပေးလိုက်ကြသည်။
သူတို့ကို ဆယ်လုံးအထိ စားခွင့်ပေးခြင်းမှာပင် တကယ့်ကို အလွန်တရာ မွန်မြတ်လှသော စေတနာဖြစ်ကြောင်း သိရှိကြပေသည်။
သူတို့၏ စိတ်ထဲတွင်မူ ကျေးဇူးတင်ရှိခြင်း အရိပ်အယောင်များသာ ပြည့်နှက်နေခဲ့ပြီး၊ မည်သည့် မကျေနပ်ချက်မျှ လုံးဝ ရှိမနေခဲ့ချေ။
အနည်းငယ် နားနေပြီးနောက်၊ လူအုပ်ကြီးသည် ဆက်လက်၍ မြင့်မားသော အရပ်ဆီသို့ လျှောက်လှမ်းသွားကြတော့သည်။
ယခုတစ်ကြိမ်တွင်မူ ဖန့်ချန်ကိုယ်တိုင်ပင်လျှင် ဖိအားများ ပြင်းထန်လွန်းလှသဖြင့် လေးလံထိုင်းမှိုင်းခြင်းကို ခံစားနေရပြီ ဖြစ်ပြီး၊ ခန္ဓာကိုယ်ထဲက အတွင်းကမ္ဘာစွမ်းအင်များ၏ ကုန်ဆုံးမှုနှုန်းမှာ ပြန်လည်ဖြည့်တင်းမှုနှုန်းကို မမှီနိုင်တော့ဘဲ ဖြစ်လို့နေသည်။
ဖန့်ချန်သည် ထိုအခြေအနေကို မြင်လိုက်ရသောအခါ၊ ရုတ်တရက် အရှိန်အဟုန်ကို မြှင့်တင်ကာ အပေါ်သို့ အပြင်းအထန် အပြေးတက်လိုက်တော့သည်။
ခြေလှမ်းငါးလှမ်းကို သုံးလှမ်းတည်းနှင့် ဖြတ်သန်းသကဲ့သို့ ဖြစ်နေပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် လူအုပ်ကြီးနှင့် အတော်အတန် ကွာဝေးသွားခဲ့ရချေပြီ။
တန်ခယ်ရွှမ်သည် ဤအချိန်၌ မိမိ၏ ခြေသလုံးကို လက်ဖြင့် ပွေ့ချီကာ၊ နောက်ထပ် လှေကားထစ်တစ်ခုပေါ်သို့ ခြေလှမ်းလှမ်းရန် ကြိုးစားနေဆဲ ဖြစ်ရာ၊ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူနှင့် ကျန်ရှိနေသည့် အခြားသူများအားလုံးမှာ နေရာတွင်တင် ကြောင်အမ်းကာ မှင်တက်သွားခဲ့ရပြီး၊ မျက်နှာအမူအရာများမှာ ရှုပ်ထွေးပွေလီသွားခဲ့ရတော့သည်။
ယခုအချိန်ကျမှသာ၊ သူတို့သည် မိမိတို့နှင့် ဖန့်ချန်အကြားက ကွာခြားချက်မှာ မည်မျှအထိ ကြီးမားလှကြောင်းကို အစစ်အမှန် မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရခြင်း ဖြစ်ပေသည်။
“ဟို ဂိုဏ်းတပည့်တွေ ပြောခဲ့တဲ့ စကားတွေအရဆိုရင်တော့… မိတ်ဆွေဖန့်ချန်က သေချာပေါက် ဆန်းနယဲ့ သုံးဆင့်နယ်ပယ်ပဲ၊ ဒါတင်မကသေးဘူး… သူက လင်နယဲ့အဆင့်တင် မဟုတ်ဘဲ၊ ရွှန်နယဲ့ ဒါမှမဟုတ် ကျဲနယဲ့အဆင့် ဖြစ်နေရမယ် ”
“သူ့ကို သွားပြီး ဂရုမစိုက်နေနဲ့တော့၊ ငါတို့ ကိုယ့်ကိုယ်ကိုယ်ပဲ အရင် ဂရုစိုက်ကြရအောင်၊ ဒီတစ်ကြိမ်မှာသာ ကန့်သတ်ချက်ကို ထပ်ပြီး ချိုးဖျက်နိုင်မယ်ဆိုရင်… ငါတို့လည်း ဆန်းနယဲ့သုံးဆင့်နယ်ပယ်လို့ သတ်မှတ်လို့ရမလား မသိဘူးနော် ”
“ဒါလည်း ဟုတ်တာပဲ……”
……
……
ချွေးစက်များသည် ခန္ဓာကိုယ်ထဲကနေ အဆက်မပြတ် စီးကျလာခဲ့သည်။
ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း၊ မြေပြင်ပေါ်တွင် ရေစိုနေသည့် ခြေရာတစ်ခု ထင်ကျန်ရစ်ခဲ့စမြဲ ဖြစ်သည်။
ဖန့်ချန်သည် မိမိ၏ ခန္ဓာကိုယ်ကြီးတစ်ခုလုံးမှာ ခန်းခြောက်လုနီးပါး ဖြစ်အောင် ပြုတ်တိုက်ခံနေရသကဲ့သို့ ခံစားလိုက်ရသည်။
ယခုအချိန်၌ ခံစားနေရသည့် ဖိအားကြီးမှာ၊ အပူပေးပေါင်းအိုးကြီးတစ်ခုအလားပင် ဖြစ်နေတော့သည်။
သူ့ကို အဆက်မပြတ် မီးဖုတ်၍ စမ်းသပ်နေခဲ့သည်။
သူ့နောက်ကွယ်က နတ်မိမယ်ယွီတို့ အုပ်စုမှာမူ၊ လှေကားထစ် ပေါင်းရာချီမျှ နောက်ကျကျန်ရစ်ခဲ့ချေပြီ။
ဤအချိန်ကာလအတွင်းမှာပင်၊ သူတို့၏ နတ်ဘုရားစွမ်းအင်များ ကုန်ဆုံးလုနီးပါး ဖြစ်နေသည်ကို မြင်လိုက်ရတိုင်း၊ ဖန့်ချန်သည် စင်ကြယ်သော ဗောဓိသီးများကို လှမ်း၍ လွှင့်ပစ်ပေးခဲ့သည်။
မသိစိတ်အရ၊ သူတို့အတွက် သတ်မှတ်ထားသည့် ဆယ်လုံးသော စင်ကြယ်သာ ဗောဓိသီးများမှာလည်း အားလုံး ပြန်လည်ကုန်ဆုံးသွားခဲ့ရချေပြီ။
ဖန့်ချန်သည် ရုတ်တရက် အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်းကို ခံစားလိုက်ရပြီး၊ ခန္ဓာကိုယ်ထဲက နတ်ဘုရားစွမ်းအင်များမှာ ပြန်လည်ပြည့်ဖြိုးလာသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် ကုန်ဆုံးသွားခဲ့ရပြန်သည်။
သူ ခေတ္တမျှ တွေးတောလိုက်ပြီးနောက်၊ နေရာတွင်တင် ထိုင်ချလိုက်ပြီး၊ အနည်းငယ် နားနေရန် ဆုံးဖြတ်လိုက်တော့သည်။
သူ့ရဲ့ အောက်တည့်တည့်တွင်မူ၊ ဤနေရာက ပြင်းထန်လှသော ဖိအားများကို မခံမရပ်နိုင်တော့သည့် ကောင်းကင်အရှင် အမွေဆက်ခံသူများမှာ၊ တစ်ယောက်ပြီးတစ်ယောက် အရေးနိမ့်ကာ ကွင်းပြင်ထဲကနေ ပယ်ဖျက်ခံနေကြရပြီ ဖြစ်သည်။
တဖြည်းဖြည်းနှင့်၊ ဖန့်ချန် ရင်းနှီးကျွမ်းဝင်သည့် လူရိပ်အချို့သာ ကျန်ရစ်တော့သည်။
“ငါတော့ မတောင့်ခံနိုင်တော့ဘူး၊ အရင် သွားနှင့်တော့မယ် ”
ဖန်ရွှေက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ပြီးနောက်၊ သူ၏ ခန္ဓာကိုယ်ပုံရိပ်မှာ ချက်ချင်းပင် ပြိုကွဲပျက်သုဉ်းသွားခဲ့ရတော့သည်။
ဆွေ့ထျန်းဟွမ်နှင့် တန်ခယ်ရွှမ်တို့သည် ထိုအခြေအနေကို မြင်လိုက်ရသောအခါ၊ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြပြီးနောက်၊ မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ၊ မိမိတို့၏ အသက်ကိုပါ ရင်း၍ အပေါ်သို့ ခြေလှမ်းအနည်းငယ်မျှ ထပ်မံတက်လှမ်းနိုင်ရန် အသည်းအသန် ကြိုးစားလိုက်ကြတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ အလွန်တရာ ကြည်လင်အေးမြလှသော စွမ်းအင်အရှိန်အဝါတစ်ခုသည် သူတို့နှစ်ဦး၏ ခန္ဓာကိုယ်ပေါ်သို့ ဝုန်းခနဲ ကျရောက်သွားခဲ့ရချေပြီ။
“ဒီကောင်နှစ်ယောက်ကတော့… ကံကောင်းလွန်းတာပဲ၊ တကယ်လို့ ဒီတစ်ကြိမ်မှာ ပထမဆုံးအဆင့် စမ်းသပ်ချက်ကို မအောင်မြင်ခဲ့ဘူးဆိုရင်၊ အဲဒီ စင်ကြယ်သော ဗောဓိသီးတွေသာ မရှိခဲ့ရင်… သူတို့ ဘယ်လိုလုပ်ပြီး ကန့်သတ်ချက်ကို ထပ်ပြီး ချိုးဖျက်နိုင်မယ့် အခွင့်အရေးမျိုး ရနိုင်ပါတော့မလဲ ”
ရှန်းရှိုယွမ်က အားကျစိတ်ပျက်နေသည့် မျက်နှာပေးဖြင့် ကြည့်နေမိသည်။
“ညီကိုရှန်း… သူတို့ကို သွားပြီး အားကျမနေပါနဲ့တော့၊ ငါတို့က ကန့်သတ်ချက်ကို တစ်ကြိမ် ချိုးဖျက်ဖူးပြီးသား ဖြစ်တဲ့အတွက်၊ ဒုတိယအကြိမ်မှာတော့ ခက်ခဲမှုအဆင့်က သေချာပေါက် ပိုပြီး မြင့်မားသွားမှာပဲ။
ဒီတစ်ကြိမ်မှာတော့… ငါတို့အတွက် ကြီးမားတဲ့ ရလဒ်ထွက်ပေါ်လာဖို့ဆိုတာ တကယ့်ကို မလွယ်ကူလှပါဘူး ”
ရင်တန့်က သက်ပြင်းတစ်ချက် ချလိုက်သည်။
ဖူယွမ်ဖေးက ရုတ်တရက် ဖူယာယာကို လှည့်ကြည့်လိုက်ရာ၊ သူမသည် လက်ရှိ ကျန်ရှိနေသည့် ကောင်းကင်အရှင် အမွေဆက်ခံသူများအားလုံးထဲတွင်၊ အမြန်ဆုံး လျှောက်လှမ်းနေနိုင်သူ ဖြစ်သည်။
သို့သော်လည်း သူမ၏ ခန္ဓာကိုယ်ပုံရိပ်မှာလည်း ယိမ်းထိုးလှုပ်ရှားလို့နေခဲ့ပြီ ဖြစ်ရာ၊ ကွင်းပြင်ထဲကနေ ပယ်ဖျက်ခံရဖို့ရန်အတွက် ခြေလှမ်းတစ်လှမ်းစာမျှသာ လိုအပ်တော့သည့် အခြေအနေသို့ ရောက်ရှိနေခဲ့ချေပြီ။
“ဖူယာယာက အတိတ်တုန်းက ကန့်သတ်ချက်ကို နှစ်ကြိမ်တိုင်တိုင် ချိုးဖျက်ဖူးပုံရတယ် ”
“သူမက စွမ်းအင်စုဆောင်းခြင်း အစောပိုင်းကာလ၊ အလယ်ပိုင်းကာလနဲ့ နောက်ဆုံးကာလတွေမှာ… တစ်ကြိမ်စီ ကန့်သတ်ချက်ကို ချိုးဖျက်ချင်နေတာ၊ အဲဒီနောက်မှပဲ စိတ်အေးလက်အေးနဲ့ နောက်ကို ဆက်သွားချင်တာနေမှာ ”
ဖူယွမ်ဖေးက အသံလှိုင်းဖြင့် လှမ်း၍ ပြောလိုက်သည်။
“ဒါက ပုံမှန်ပါပဲ၊ ခန့်မှန်းကြည့်ရင် သိနိုင်တာပဲ၊ ဒါပေမဲ့ သူမအနေနဲ့ စွမ်းအင်စုဆောင်းခြင်း နောက်ဆုံးကာလမှာမှ ကန့်သတ်ချက်ကို ထပ်ပြီး ချိုးဖျက်ချင်တာကတော့… အလွန်ကို ခက်ခဲလှပါတယ် ”
ရှန်းရှိုယွမ်က ခေါင်းကို ခပ်သာသာလေး ခါယမ်းလိုက်သည်။
ထိုအချိန်တွင်၊ လှေကားထစ်များပေါ်၌ ကျန်ရစ်နေသေးသည့် ကောင်းကင်အရှင် အမွေဆက်ခံသူများအားလုံးသည်၊ ရုတ်တရက် နတ်မိမယ်ယွီ၊ ဖန့်ကျစ်ရွှယ်၊ ဖန့်ရှောင်ပန်း၊ ဖန့်ရှောင်ထျန်း လေးယောက်စလုံးထံသို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြတော့သည်။
ဤလေးယောက်သည် မတူညီသော လှေကားထစ်များပေါ်တွင် ရှိနေကြသော်လည်း၊ အားလုံးနီးပါးသည် တစ်ချိန်တည်းမှာပင်၊ ကန့်သတ်ချက် ချိုးဖျက်တော့မည့် အရိပ်အယောင်များ ထင်ထင်ရှားရှား ပေါ်ထွက်လာခဲ့ကြချေပြီ။
ဖန့်ချန်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ၊ စိတ်သက်သာရာရစွာဖြင့် ပြုံးလိုက်မိပြီးနောက်၊ ခန္ဓာကိုယ်ကို မတ်တတ်ရပ်ကာ အပေါ်သို့ ဆက်လက် လျှောက်လှမ်းသွားခဲ့တော့သည်။
ဝေဝါးပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် မြင်ကွင်းထဲတွင်မူ၊ သူသည် တတိယမြောက် ကန့်သတ်ချက်ကျောက်တိုင်ကို လှမ်း၍ မြင်တွေ့လိုက်ရချေပြီ။
သို့သော်လည်း ထိုကန့်သတ်ချက်တောင်၏ ဘေးနားတွင်မူ၊ လူရိပ်တစ်ခု မတ်တတ်ရပ်နေပုံရပြီး၊ ထိုလူရိပ်သည် သူတို့အုပ်စုကို တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စိုက်ကြည့်နေခဲ့တော့သည်။
အခန်း (၂၅၆၄) - အသက်စွမ်းအင်
ဖန့်ချန်သည် ထိုလူရိပ်ကို စိုက်ကြည့်ရင်း တစ်ဖက်လူ၏ ရုပ်အဆင်းကို အသေအချာ မြင်ရအောင် ကြိုးစားလိုက်သော်လည်း၊ ဘယ်လိုမှ သဲသဲကွဲကွဲ မမြင်နိုင်ခဲ့ချေ။
တစ်ဖက်လူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရိပ်မည်းကြီးတစ်ခုအတွင်း၌ နစ်မြုပ်နေသကဲ့သို့ပင် ဖြစ်နေသည်။
သူ အများကြီး တွေးမနေတော့ဘဲ၊ ကန့်သတ်ချက်ကျောက်တိုင်ဆီသို့ ဆက်လက်၍ လျှောက်လှမ်းသွားလိုက်တော့သည်။
လျှောက်လှမ်းရင်းနှင့်ပင်၊ ရုတ်တရက် သူ၏ ခန္ဓာကိုယ်အတွင်း၌ တစ်စုံတစ်ရာသော အရာဝတ္ထုတစ်ခု လျော့ရဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
အတွင်းကမ္ဘာစွမ်းအင်များ၏ ပြန်လည်ပြည့်ဖြိုးမှုနှုန်းမှာလည်း အဆက်မပြတ် မြန်ဆန်လာခဲ့ချေပြီ။
ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း၊ အတွင်းကမ္ဘာစွမ်းအင်များမှာ အဆင့်တစ်ခုစီ တိုးမြင့်လာခဲ့သည်။
သူ၏ ခြေလှမ်းများမှာလည်း တဖြည်းဖြည်း ပိုမိုပေါ့ပါးသွက်လက်လာခဲ့တော့သည်။
သူ၏ ကျောပြင်ပုံရိပ်မှာ မကြာမီမှာပင် ဆွေ့ထျန်းဟွမ်တို့၏ မျက်စိရှေ့မှောက်ကနေ ပျောက်ကွယ်သွားခဲ့ရချေပြီ။
“မိတ်ဆွေဖန့်ချန်က… ကန့်သတ်ချက်ကို ထပ်ပြီး ချိုးဖျက်သွားပြန်ပြီ၊ ဒါနဲ့ဆိုရင် သူ ကန့်သတ်ချက်ကို ဘယ်နှကြိမ်မြောက် ချိုးဖျက်တာလဲ မသိဘူးနော် ”
လူအုပ်ကြီးသည် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြပြီး၊ စိတ်ထဲတွင်မူ အလွန်အမင်း နက်နက်နဲနဲ မတွေးဝံ့ကြတော့ချေ။
ဖန့်ချန်ကိုယ်တိုင်လည်း မိမိအနေဖြင့် ကန့်သတ်ချက်ကို ထပ်မံချိုးဖျက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိပေသည်။
သူ၏ စိတ်ထဲတွင်မူ ထိုကိစ္စအပေါ် ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း အလျဉ်းမရှိဘဲ တည်ငြိမ်လို့နေသည်။
အတိတ်တုန်းက ကြုံတွေ့ခဲ့ရသည့် နှစ်ကြိမ်သော ကန့်သတ်ချက်ချိုးဖျက်ခြင်း အတွေ့အကြုံများက သက်သေပင် ဖြစ်သည်။
သူ၏ မူလဝိညာဉ်စွမ်းအင်မှာ၊ ကန့်သတ်ချက်ချိုးဖျက်ခြင်း အပိုင်းတွင် အားသာချက် အပြည့်အဝ ရှိနေခဲ့ချေပြီ။
မသိစိတ်အရ၊ သူသည် အတိတ်တုန်းက သုံးလောကတောင်တန်းတွင် ရှိနေခဲ့စဉ်အခါက အခြေအနေကို ရုတ်တရက် သတိရမိသွားသည်။
ဖန့်ချန်၏ ခြေလှမ်းများမှာ အနည်းငယ် တုံ့ဆိုင်းသွားခဲ့ရသည်။
အတိတ်တုန်းက မိမိနှင့် ပူပြင်းတဲ့နေမင်းထဲမှနတ်မိမယ်တို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေခဲ့ကြသည့် မြင်ကွင်းမှာ၊ ယခုအချိန်၌ အလွန်တရာ ဝေဝါးနေခဲ့ပြီ ဖြစ်ပုံရသည်။
ထိုမှတ်ဉာဏ်သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း၌ သေတ္တာအောက်ခြေတွင် အမြဲတမ်း ဖိနှိပ်သိမ်းဆည်းခံထားရသကဲ့သို့ပင် ဖြစ်နေပြီး၊ ကြာမြင့်လှသော အချိန်အထိ တစ်ကြိမ်တစ်ခါမျှ ပြန်လည်လှန်လှောမကြည့်ဖြစ်ခဲ့ချေ။
“တကယ်လို့ မူလဝိညာဉ်စွမ်းအင်က မိနစ်တိုင်း၊ စက္ကန့်တိုင်းမှာ ငါ့ကို သတိမပေးနေခဲ့ဘူးဆိုရင်… အဲဒီမှတ်ဉာဏ်က ပိုပြီးတော့ ဝေဝါးနေတဲ့ အိပ်မက်တစ်ခုလို ဖြစ်နေမှာပဲ ”
ဖန့်ချန်၏ စိတ်ထဲတွင် မိမိကိုယ်ကို လှောင်ပြောင်သရော်သည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့သည်။
နှစ်ပေါင်းထောင်ချီ ကြာမြင့်သွားခဲ့ပြီ ဖြစ်သော်လည်း၊ သူသည် ထိုပူပြင်းတဲ့နေမင်းထဲမှ နတ်မိမယ်၏ အငွေ့အသက် ခြေရာလက်ရာကို ယနေ့တိုင် ရှာမတွေ့သေးချေ။
တစ်ဖက်လူသည် ကမ္ဘာပေါ်တွင် တစ်ခါမျှ တည်ရှိမနေခဲ့ဖူးသကဲ့သို့ပင် ဖြစ်နေတော့သည်။
မသိစိတ်အရ၊ သူသည် တတိယမြောက် ကန့်သတ်ချက်ကျောက်တိုင်၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ချေပြီ။
ဤလုပ်ငန်းစဉ်အတွင်း၌၊ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ချွေးစက်များမှာပင် အကုန်လုံး ခန်းခြောက်သွားခဲ့ပြီ ဖြစ်သည်။
စောစောတုန်းက မိမိကို ခြေလှမ်းပင် မလှမ်းနိုင်အောင် ဖိနှိပ်ထားခဲ့သည့် ဖိအားကြီးမှာလည်း၊ ယခုအချိန်၌ မရှိသလောက်ပင် ဖြစ်သွားခဲ့ရတော့သည်။
ဖန့်ချန်က ပတ်ဝန်းကျင် အရပ်ရပ်သို့ ဝေ့ကြည့်လိုက်သော်လည်း၊ စောစောက မြင်တွေ့ခဲ့ရသည့် လူရိပ်ကိုမူ ထပ်မံမတွေ့ရတော့ချေ။
သူ အလွန်တရာ စိတ်ချလက်ချ ရှိနေသည်။
မိမိအနေဖြင့် မျက်စိပြာသွားခြင်း မဖြစ်နိုင်ချေ။
စောစောတုန်းက ထိုနေရာတွင် တစ်စုံတစ်ယောက်က မိမိကို စိုက်ကြည့်နေခဲ့သည်မှာ သေချာပေါက် မှန်ကန်ပေသည်။
သို့သော်လည်း ယခုအချိန်၌ ထိုတစ်ဖက်လူမှာ ပျောက်ကွယ်သွားခဲ့ချေပြီ။
သူလည်း အထူးတလည် ဂရုမစိုက်တော့ပေ။
ထို့ကြောင့် ခန္ဓာကိုယ်ကို လှည့်ကာ အောက်ဘက်သို့ လှမ်းကြည့်ရင်း၊ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စောင့်ဆိုင်းနေလိုက်တော့သည်။
တစ်ရက်၊ နှစ်ရက်၊ သုံးရက်……
အောက်ဘက်ရှိ လူရိပ်များသည် တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် ပျောက်ကွယ်သွားခဲ့ပြီး၊ အဆုံးမရှိ ရှည်လျားလှသော လှေကားထစ်ကြီးများပေါ်တွင် မည်သည့် အမည်းစက်ကလေးမျှ မရှိတော့သည့် အချိန်ကျမှသာ၊ ဖန့်ချန်သည် ကန့်သတ်ချက်ကျောက်တိုင်ဆီသို့ ခြေလှမ်းလှမ်းသွားပြီး၊ လက်ကို ဆန့်ထုတ်ကာ ထိတွေ့လိုက်တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူ၏ အရှိန်အဟုန် စွမ်းအင်များကို ဘယ်လိုမှ ဖိနှိပ်ထားနိုင်ခြင်း မရှိတော့ဘဲ၊ ရေတံခါးတစ်ခု ပွင့်သွားခဲ့သကဲ့သို့ အရူးအမူးပင် အပေါ်သို့ တိုးဝှေ့တက်လာခဲ့ချေပြီ။
ဤအချိန်ကာလအတွင်းမှာပင်၊ ဖန့်ချန်သည် မိမိနှင့် ဆင်တူလှသော မရေမတွက်နိုင်သည့် ပုံရိပ်ယောင်များကို တွေ့မြင်လိုက်ရသကဲ့သို့ ဖြစ်နေပြီး၊ ထိုပုံရိပ်ယောင်များသည် မိမိ၏ ခန္ဓာကိုယ်ထဲကနေ အဆက်မပြတ် ထွက်ခွာသွားနေကြသည်။
တစ်ကိုယ်၊ နှစ်ကိုယ်၊ သုံးကိုယ်……
ရေတွက်လို့ပင် မရနိုင်တော့ချေ။
တောင်ကုန်း၊ တောင်ပြင်တစ်ခုလုံးတွင် မိမိကိုယ်ပွားများဖြင့် ပြည့်နှက်နေသကဲ့သို့ပင် ဖြစ်နေတော့သည်။
ဤပုံရိပ်ယောင်များသည် အလွန်တရာ သဘောကောင်းပြီး ကြင်နာတတ်သော မျက်နှာပေးများဖြင့် မိမိကို စိုက်ကြည့်နေကြသည်။
မိမိကလည်း ထိုပုံရိပ်ယောင်များကို ပြန်လည်စိုက်ကြည့်နေမိသည်။
ခန္ဓာကိုယ်အတွင်းက စွမ်းအင်အရှိန်အဝါမှာမူ စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့် ၏ ပုလင်းဝကို အချိန်အတော်ကြာကတည်းက ကျော်ဖြတ်သွားခဲ့ချေပြီ။
မည်သူတစ်ဦးတစ်ယောက်မျှ သင်ကြားပြသပေးခြင်း မရှိသလို၊ ရှင်းလင်းပြောကြားပေးခြင်းလည်း မရှိချေ။
ဝေဝါးနေသည့် အခြေအနေအတွင်းမှာပင်၊ ဖန့်ချန်သည် တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားခဲ့ချေပြီ။
ထိုမရေမတွက်နိုင်အောင် များပြားလှသည့် ပုံရိပ်များမှာ၊ သူ၏ အသက်စွမ်းအင် များပင် ဖြစ်သည်။
အသက်စွမ်းအင်များ မပျက်သုဉ်းသရွေ့၊ သူသည် ဘယ်သောအခါမှ သေဆုံးမည်မဟုတ်ချေ။
နောက်ထပ် အချိန်အတန်ကြာတွင်၊ မရေမတွက်နိုင်သော အသက်တုများသည် ခပ်သာသာလေး ပြုံးလိုက်ကြပြီး၊ ဟင်းလင်းပြင်ထဲသို့ တိုးဝင်ကာ ကွယ်ပျောက်သွားကြတော့သည်။
ဆန်းကြယ်လှသော အခြေအနေတစ်ခုအတွင်း၌၊ ထိုအသက်စွမ်းအင် များနှင့် ဖန့်ချန်အကြားတွင် ဆက်နွှယ်မှု အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုအသက်စွမ်းမင်များ၏ အချို့အဝက်မှာ လက်ရှိမျက်မှောက်ကမ္ဘာတွင် ကျန်ရစ်ခဲ့သော်လည်း၊ အချို့အဝက်မှာမူ အတိတ်နှင့် အနာဂတ်ဆီသို့ ရောက်ရှိသွားခဲ့ကြချေပြီ။
“ဒါဆို ငါ အသက်စွမ်းအင် အစောပိုင်းကာလကို အောင်အောင်မြင်မြင် ချိုးဖျက်ဝင်ရောက်သွားခဲ့ပြီပေါ့……”
ဖန့်ချန်၏ စိတ်ထဲတွင် အနည်းငယ် သက်ပြင်းချမိသွားသည်။
သူသည် စွမ်းအင်စုစည်းခြင်း အဆင့်တွင် သုံးကြိမ်တိုင်တိုင် ကန့်သတ်ချက်ကို ချိုးဖျက်ခဲ့သည်။
အစောပိုင်းကာလတွင် တစ်ကြိမ်၊ အလယ်ပိုင်းကာလတွင် တစ်ကြိမ်၊ နောက်ဆုံးကာလတွင် တစ်ကြိမ် ဖြစ်သည်။
နောက်ဆုံးအကြိမ် ကန့်သတ်ချက်ချိုးဖျက်ပြီး မကြာမီမှာပင်၊ မသေမျိုး သူတော်စင် အများအပြား အိပ်မက်မက်ပြီး တောင့်တနေခဲ့ကြသည့် အသက်စွမ်းအင်နယ်ပယ်ဆီသို့ ချောချောမွေ့မွေ့ဖြင့် လျှောက်လှမ်းဝင်ရောက်နိုင်ခဲ့ချေပြီ။
တစ်ခွန်းတည်း ပြောရလျှင် ရိုးရှင်းသည်ဟု ပြောလျှင်လည်း ရိုးရှင်းပြီး၊ ခက်ခဲသည်ဟု ပြောလျှင်လည်း အလွန်တရာကို ခက်ခဲလှပေသည်။
ဤနယ်ပယ်သို့ ရောက်ရှိသွားသည့် အချိန်တွင်မူ၊ သူတော်စင်တစ်ဦး၏ အခြေခံအကျဆုံးသော စွမ်းရည်နှစ်ခုကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။
စွမ်းအင်စုစည်းခြင်း ဆိုသည်မှာ၊ အတွင်းကမ္ဘာထဲကနေ အတွင်းကမ္ဘာစွမ်းအင်များကို စုပ်ယူဖြည့်တင်းနိုင်ရန်အတွက် ဖြစ်သည်။
အသက်စွမ်းအင်ဆိုသည်မှာမူ၊ သူတော်စင်တစ်ဦးကို ပိုမိုများပြားလှသော ပြောင်းလဲမှုများနှင့် ဆုတ်ခွာစရာ လမ်းကြောင်းများကို ပေးစွမ်းနိုင်ရန်အတွက် ဖြစ်သည်။
ဤစွမ်းရည်နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်နိုင်မှသာ၊ ‘သူတော်စင်’ ဆိုသည့် စကားလုံးနှင့် မဆိုစလောက်မျှ ထိုက်တန်သွားမည် ဖြစ်ပေသည်။
“ရှေ့လျှောက် ကြုံတွေ့ရမယ့် နယ်ပယ်တိုင်းကလည်း… ဒီစကားလုံးကို ပိုပြီးတော့ ပြည့်စုံအောင် လုပ်ဆောင်သွားရမှာပဲ ထင်တယ် ”
ထိုသို့ တွေးတောနေစဉ်အတွင်းမှာပင်၊ ပတ်ဝန်းကျင်ရှိ အခြေအနေများမှာ ပြောင်းလဲသွားခဲ့ပြီး၊ ဖန့်ချန်သည် ကန့်သတ်ချက်တောင်၏ ခြေရင်းသို့ ပြန်လည်ရောက်ရှိသွားခဲ့ချေပြီ။
“တကယ့်ကို မဆိုးဘူးပဲ၊ ဒီတစ်ကြိမ် ကန့်သတ်ချက်တောင် စမ်းသပ်ချက်က တကယ့်ကို မျက်စိပွင့်သွားစေတာပဲ၊ ဒီလောက်အများကြီးရှိတဲ့ တပည့်တွေကို ကန့်သတ်ချက် ချိုးဖျက်နိုင်အောင် လုပ်ပေးနိုင်ခဲ့တယ် ”
“ဟားဟားဟား… ဒီလို ဝမ်းသာစရာကိစ္စမျိုးကိုတော့… သေသေချာချာကို အောင်ပွဲခံရမယ် ”
“ဟော… ဖန့်ချန် ထွက်လာပြီ၊ ဒီကောင်လေးက နောက်ဆုံးမှ ထွက်လာတာဆိုတော့… သူလည်း ကန့်သတ်ချက် ချိုးဖျက်နိုင်ခဲ့တာ နေမှာပဲမလား ”
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ မျက်နှာထက်၌ ဝမ်းမြောက်ခြင်း အရိပ်အယောင်များ ပြည့်နှက်နေကြသည့် အရပ်ရပ်က ကောင်းကင်အရှင်များအားလုံးသည်၊ ဖန့်ချန်ထံသို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြတော့သည်။
မျက်နှာထက်၌ မာန်မာနများ ပြည့်နှက်နေသည့် ဖန်ရွှေတို့ အုပ်စုသည်လည်း၊ ဖန့်ချန်ထံသို့ စူးစမ်းလိုစိတ်အပြည့်ဖြင့် လှည့်ကြည့်လိုက်ကြသည်။
“ဖန့်ချန်… မင်း ကန့်သတ်ချက် ချိုးဖျက်နိုင်ခဲ့ရဲ့လား ”
လွမ်းထျန်းရှင်းက တည်ကြည်လေးနက်သော မျက်နှာပေးဖြင့် မေးလိုက်သည်။
ဆွေ့ကွမ်က စူးစမ်းလိုစိတ်ဖြင့် ရှေ့သို့ ခြေလှမ်းလှမ်းလိုက်သော်လည်း၊ နှစ်လှမ်းမျှ လှမ်းပြီးသည်နှင့် ချက်ချင်းပင် ရပ်တန့်သွားခဲ့သည်။
“ဒီကောင်လေး အဆင့်တက်သွားပြီ၊ အခု သူက အသက်စွမ်းအင် သူတော်စင်အဆင့် ရောက်နေပြီ ”
“အဆင့်တက်သွားပြီ ဟုတ်လား ”
ဖူယာယာတို့ အုပ်စုမှာ အနည်းငယ် ကြောင်အမ်းသွားခဲ့ကြရသည်။
“အစ်မယာယာ… သူက ဒီတစ်ကြိမ်မှာ အဆင့်တက်သွားပြီဆိုတော့…နေမင်း ခုနစ်ပါး ခန်းမထဲမှာ အစ်မရဲ့ စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့် ပထမဆုံးသူတော်စင် ဆိုတဲ့ ဘွဲ့နာမကို လာပြီး လုလို့ရတော့မှာ မဟုတ်ဘူးနော် ”
နတ်ဆေးစာမျိုးနွယ်စုက လဲ့လဲ့ က အသံလှိုင်းဖြင့် တိုးတိုးလေး လှမ်းပြောလိုက်သည်။
ဖူယာယာက မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိသည်၊ မိမိ၏ စွမ်းအင်စုစည်းခြင်း နောက်ဆုံးကာလ ပထမဆုံးသူတော်စင် ဆိုသည့် ဘွဲ့နာမမှာ ထိုမျှလောက်နှင့် အလွယ်တကူ လုယူခံရမည့်အရာမျိုး ဟုတ်ပါသလော။
“ဒါပေမဲ့… ဒီတစ်ကြိမ်မှာ ကန့်သတ်ချက်ကို အောင်အောင်မြင်မြင် ချိုးဖျက်နိုင်ခဲ့ပြီဆိုတော့၊ ငါလည်း စွမ်းအင်စုစည်းခြင်း နောက်ဆုံးကာလမှာ အကြာကြီး နေမှာ မဟုတ်တော့ဘူး၊ သူနဲ့အတူတူပဲ…အသက်စွမ်းအင် သူတော်စင်အဆင့်ကို တက်လှမ်းရမှာပဲ ”
ဖူယာယာက အသံလှိုင်းဖြင့် ပြန်လည်ပြောကြားလိုက်သည်။
“ဒါဆိုရင်တော့… အဲဒီ ပထမဆုံးသူတော်စင်ဘွဲ့ကို ငါပဲ ယူလိုက်တော့မယ် ”
လဲ့လဲ့၏ မျက်ဝန်းများမှာ လင်းလက်သွားခဲ့ရတော့သည်။
ဆွေ့ထျန်းဟွမ်၊ ရှန်းရှိုယွမ်၊ ဖူယွမ်ဖေး၊ ရင်တန့်၊ တန်ခယ်ရွှမ် နှင့် ရှောင်ရိချန် စသည့် ကောင်းကင်အရှင် အမွေဆက်ခံသူများအားလုံးသည်၊ ဖန့်ချန်ကို စိုက်ကြည့်နေကြပြီး၊ သူ တကယ်ပဲ ကန့်သတ်ချက် ချိုးဖျက်နိုင်ခဲ့ခြင်း ရှိ၊ မရှိကို သိရှိလိုနေကြသည်။
“အသက်စွမ်းအင် နယ်ပယ်ကို တက်လှမ်းသွားပြီဆိုရင်တော့… ကန့်သတ်ချက် ချိုးဖျက်နိုင်ခဲ့ခြင်း ရှိ၊ မရှိကို ခွဲခြားရတာ မလွယ်ကူတော့ဘူး……”
လွမ်းထျန်းရှင်းက မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီး -
“ဖန့်ချန်… မင်း ကန့်သတ်ချက်တောင်ထဲက ကိစ္စတွေကို မှတ်မိသေးရဲ့လား၊ ကန့်သတ်ချက်ကို ရော ချိုးဖျက်နိုင်ခဲ့ရဲ့လား ”
ဖန့်ချန်က ဝေဝါးနေသည့် မျက်နှာပေးဖြင့် -
“မမှတ်မိတော့ပါဘူး၊ ဒါပေမဲ့ ကြည့်ရတာတော့… ကန့်သတ်ချက်ကို မချိုးဖျက်နိုင်ခဲ့ဘူး ထင်တယ်ဗျ ”
“ကန့်သတ်ချက်ကို မချိုးဖျက်နိုင်ခဲ့ဘူး ဟုတ်လား ”
ကောင်းကင်အရှင် အမွေဆက်ခံသူ အတော်များများ၏ မျက်ဝန်းများမှာ ချက်ချင်းပင် အနည်းငယ် လင်းလက်သွားခဲ့ကြရသည်။
ရှောင်ရိချန်က နတ်မိမယ်ယွီထံသို့ တိုးတိုးလေး အသံလှိုင်းဖြင့် လှမ်း၍ ပြောလိုက်သည်။
“ကြည့်ရတာ… ဒီဖန့်ချန်ကလည်း နာမည်ကြီးပြီး အချည်းနှီးဖြစ်နေတဲ့ လူတစ်ယောက်ပဲကိုး ”
နတ်မိမယ်ယွီက အသံလှိုင်းဖြင့် ပြန်လည်ပြောကြားလိုက်သည်။
“နင်ကိုယ်တိုင်လည်း ကန့်သတ်ချက်ကို မချိုးဖျက်နိုင်ခဲ့ဘဲနဲ့… သူတစ်ပါးအကြောင်းကို ဘာဖြစ်လို့ လာပြီး အတင်းပြောနေရတာလဲ ”
ရှောင်ရိချန်က အားနာစွာဖြင့် ခပ်ဟဟ ရယ်မောလိုက်ပြီး၊ မည်သည့် စကားတစ်ခွန်းမျှ ထပ်မံမပြောရဲတော့ချေ။
“ဒါဆိုရင်… မင်းက ဘယ်လိုဖြစ်ပြီး အသက်စွမ်းအင်သူတော်စင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်သွားတာလဲ ”
“ဒါလည်း မမှတ်မိတော့ပါဘူး ”
“ဒါဆိုရင်… မင်းမှာ အသက်စွမ်းအင် ဘယ်နှစ်ကိုယ် ရှိလဲဆိုတာကော မှတ်မိသေးလား ”
စကားပြောလိုက်သူမှာ လင်ယောင် မဟာမိတ်အဖွဲ့က ကောင်းကင်အရှင် ဖြစ်သည်။
လွမ်းထျန်းရှင်းနှင့် ဆွေ့ကွမ်တို့သည် ချက်ချင်းပင် ထိုသူ့ကို စိုက်ကြည့်လိုက်ကြပြီး -
“မင်းတို့နဲ့ ဘာဆိုင်လို့လဲ၊ ဒါကို ဘာဖြစ်လို့ လာပြီး မေးနေရတာလဲ၊ ဖန့်ချန်ကို ဆက်ပြီး အကွက်ဆင်ဖို့အတွက် ကြံစည်နေတာလား ”
“မေးကြည့်ရုံသက်သက်ပါပဲ၊ ဘာဖြစ်လို့ ဒီလောက်အထိ တုံ့ပြန်မှု ပြင်းထန်နေရတာလဲ ”
တစ်ဖက်လူက အထူးတလည် ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်သည်၊ မူလကတည်းကလည်း မည်သည့် အဖြေကိုမျှ ရရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
လွမ်းထျန်းရှင်းက ဖန့်ချန်ကို လှည့်ကြည့်လိုက်ပြီး၊ မှာကြားလိုက်သည်။
“မင်း အသက်စွမ်းအင် သူတော်စင်နယ်ပယ်ကို အဆင့်တက်သွားပြီဆိုတော့၊ မင်းမှာ အသက်စွမ်းအင် ဘယ်နှစ်ကိုယ် ရှိလဲဆိုတာက လျှို့ဝှက်ချက်တစ်ခုပဲ၊ သူတစ်ပါးကို စိတ်ကြိုက် လျှောက်မပြောရဘူး၊ ဒါပေမဲ့ မင်းနဲ့ ရင်းနှီးတဲ့လူတွေကိုတော့ ပြောပြလို့ရပါတယ်၊ အဲဒါက မင်းရဲ့ ကိုယ်ပိုင်သဘောထားပေါ်မှာပဲ မူတည်တယ် ”
“သူက ကန့်သတ်ချက်တောင်ထဲမှာတင် အသက်စွမ်းအင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ခဲ့တာဆိုတော့… ကြည့်ရတာ သူကိုယ်တိုင်လည်း မိမိမှာဘယ်နှစ်ကိုယ် ရှိလဲဆိုတာကို မှတ်မိမှာ မဟုတ်ဘူး ”
ဆွေ့ကွမ်းက တည်ကြည်လေးနက်သော မျက်နှာပေးဖြင့် ဆိုလိုက်သည်။
လွမ်းထျန်းရှင်းသည် ထိုစကားကို ကြားလိုက်ရသောအခါ၊ မျက်နှာအမူအရာမှာ အနည်းငယ် ဆိုးဝါးသွားခဲ့ရတော့သည်။
လင်ယောင်ဘက်က ကောင်းကင်အရှင် အမွေဆက်ခံသူများမှာမူ ချက်ချင်းပင် သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာအားရ ဖြစ်လို့နေကြတော့သည်။
“မိတ်ဆွေဖန့်ချန်အတွက်တော့ ဒုက္ခရောက်ပြီပဲ၊ သူ့မှာ အသက်စွမ်းအင် ဘယ်နှစ်ကိုယ် ရှိလဲဆိုတာကို မမှတ်မိဘူးဆိုရင်… နောင်တစ်ချိန် တိုက်ပွဲဖြစ်တဲ့အခါကျရင် စိတ်ထဲမှာ ရင်တထိတ်ထိတ်နဲ့ ဖြစ်မနေရော့ဘူးလား ”
ဖန်ရွှေက တိုးတိုးလေး အသံလှိုင်းဖြင့် လှမ်းပြောလိုက်သည်။
“တကယ်ပဲ အနည်းငယ် အခက်အခဲ ဖြစ်သွားပြီ ”
"အသက်တု ဆိုတာ၊ ဒီတစ်ကြိမ်မှာတော့ တကယ်ပဲ အသက်တုကြီး ဖြစ်သွားခဲ့ရပြီပဲ ”
အရပ်ရပ်က ကောင်းကင်အရှင် အမွေဆက်ခံသူများသည် ဖန့်ချန်ကို ရှုပ်ထွေးပွေလီလှသော မျက်နှာပေးများဖြင့် စိုက်ကြည့်နေကြတော့သည်။
ရှန်ကျောက်ကောင်းကင်အရှင်က တည်ငြိမ်အေးဆေးစွာဖြင့် ဆိုလိုက်သည်။
“မမှတ်မိရင်လည်း မမှတ်မိရုံပေါ့၊ သူရရှိထားတဲ့ ပါရမီအရဆိုရင်တော့… အသက်စွမ်းအင် အရေအတွက်ကလည်း နည်းပါးတဲ့ အခြေအနေမျိုးမှာ ရှိနေမှာ မဟုတ်ပါဘူး ”
ဒါက အမှန်တရားပင် ဖြစ်သည်။
ကွင်းပြင်ထဲရှိ ကောင်းကင်အရှင်များအားလုံးသည် စိတ်ထဲတွင် တိတ်ဆိတ်စွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
“စီနီယာကို မေးပါရစေ၊ အသက်စွမ်းအင် အရေအတွက်နဲ့ ပတ်သက်ပြီး ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုချက်မျိုး ရှိပါသလဲခင်ဗျာ ”
ဖန့်ချန်က လက်သီးဆုပ်ကာ အရိုအသေပေးလျက် မေးလိုက်သည်။
“ကျွန်တော် တကယ်ပဲ ဘယ်နှစ်ကိုယ် ရှိလဲဆိုတာကို မမှတ်မိတော့လို့ပါ……”
တောင်ကုန်း၊ တောင်ပြင်တစ်ခုလုံးမှာ မိမိကိုယ်ပွားတွေချည်းပဲ ပြည့်နှက်နေခဲ့တာ ဖြစ်ရာ၊ သူကိုယ်တိုင်လည်း သေသေချာချာ မရေတွက်မိခဲ့ချေ၊ ပြန်ရောက်တဲ့အချိန်ကျမှပဲ စိတ်အေးလက်အေးနဲ့ သေသေချာချာ ပြန်ပြီး အာရုံခံကြည့်ရပေလိမ့်မည်။