အခန်း (၂၅၆၇-၂၅၆၈)
Vol. 257 Ch. 2567-2568
အခန်း (၂၅၆၇) - ကော်ယန့်လီ၏ အသက်စွမ်းအင်
“မင်းတို့နှစ်ယောက် ဒီဘက်ကို လာခဲ့ကြ။”
ကျောင်းတော်အုပ်သစ်က လက်ဟန်ပြ၍ လှမ်းခေါ်လိုက်သည်။
ဖန့်ချန်နှင့် ဖန့်ကျစ်ရွှယ်တို့သည် ချက်ချင်းပင် ထိုလူနှစ်ဦး၏ ရှေ့မှောက်သို့ ရောက်ရှိလာကြပြီး၊ လက်သီးဆုပ်၍ ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။
“ငါ့နာမည်က ဇောင်ဟွမ် လို့ ခေါ်တယ်၊ သူမကတော့ ဇောင်ဟွေ လို့ ခေါ်တယ်၊ ငါ့ရဲ့ ညီမလေးပဲ။”
ဇောင်ကျောင်းတော်အုပ်ကြီး က ခပ်ဖွဖွ ပြုံးလျက် ဆိုလိုက်သည်။
“ကျောင်းတော်အုပ်ကြီး ဇောင်နဲ့ ကျောင်းအုပ် ဇောင်တို့ကို ဂါရဝပြုပါတယ် ခင်ဗျာ။”
ဖန့်ချန်တို့ နှစ်ဦးသည် ထပ်မံ၍ ဦးညွှတ်အရိုအသေပေးလိုက်ကြပြန်သည်။
“ဖန့်ကျစ်ရွှယ်… မင်းရဲ့ ဆရာ ထွက်မသွားခင်တုန်းက မင်းကို ကရုဏာတောင်ကုန်းထဲ ဝင်ဖို့အတွက် စီစဉ်ပေးခဲ့ချင်တာ။
ဒါပေမဲ့ သူက မင်းရဲ့ ကိုယ်ပိုင်ဆန္ဒအတိုင်းပဲ ဆုံးဖြတ်ပါစေလို့ ပြောသွားခဲ့တယ်၊ မင်း ဘယ်လိုထင်လဲ ”
ဇောင်ကျောင်းတော်အုပ်ကြီး က မေးလိုက်သည်။
ဖန့်ကျစ်ရွှယ်၏ မျက်ဝန်းထဲတွင် ဝမ်းမြောက်အံ့အားသင့်သည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့ရသည်။
“ဆရာက ကျွန်မကို ကရုဏာတောင်ကုန်းကို သွားဖို့ စီစဉ်ပေးခဲ့တာလား။ ဒါဆိုရင်တော့ သေချာပေါက် ရတာပေါ့။”
“ကြည့်ရတာ မင်းလည်း ဝမ်းမြောက်ဝမ်းသာ သွားချင်ပုံရတာပဲ၊ ခဏနေရင် ငါ ကျန်းတောက်ယွဲ့ ဆီကို သတင်းပို့ပြီး မင်းအတွက် အမည်စာရင်း သွင်းခိုင်းလိုက်မယ်။”
ဇောင်ကျောင်းတော်အုပ်ကြီး က ခပ်သာသာလေး ခေါင်းညိတ်လိုက်ပြီးနောက်၊ သူ၏ မျက်ဝန်းများသည် ဖန့်ချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
“သူငယ်နာလေး… ရှူဟောက်ရန် ထွက်သွားတဲ့အချိန်တုန်းက ငါတို့မောင်နှမနှစ်ယောက်ရဲ့ နောက်ကြောင်းရာဇဝင်ကို ပြောပြသွားခဲ့တယ် မဟုတ်လား ”
ဖန့်ချန်သည် ထိုအခြေအနေကို မြင်သောအခါ၊ ထပ်မံ၍ လက်သီးဆုပ်ကာ အလေးအနက် ဦးညွှတ်လိုက်သည်။
“ကရုဏာတောင်ကုန်းရဲ့ တပည့် ဖန့်ချန်က… ဘိုးဘေးနှစ်ပါးကို အရိုအသေပေးပါတယ် ခင်ဗျာ။”
ဇောင်ကျောင်းတော်အုပ်ကြီး နှင့် ဇောင်ကျောင်းအုပ် တို့သည် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ဖန့်ကျစ်ရွှယ်မှာမူ အနည်းငယ် အံ့အားသင့်သွားရသည်။
ဖန့်ချန်က ထိုအခြေအနေကို မြင်သဖြင့် တိုးတိုးလေး ရှင်းပြလိုက်ရာ၊ ထိုအခါမှသာ ဖန့်ကျစ်ရွှယ်သည် ကျောင်းတော်အုပ်ကြီး သစ်နှင့် ကျောင်းအုပ်သစ်တို့မှာ ကရုဏာတောင်ကုန်းက ဆင်းသက်လာသည့် ဘိုးဘေးများ ဖြစ်ကြကြောင်းကို ရုတ်တရက် သဘောပေါက်သွားတော့သည်။
“ဒီတစ်ကြိမ် မင်းတို့ ကန့်သတ်ချက်တောင်ကို သွားခဲ့တဲ့ ကိစ္စတွေကိုလည်း ငါတို့အားလုံး သိပြီးပါပြီ။”
ဇောင်ကျောင်းတော်အုပ်ကြီး က ဆိုလိုက်သည်
“ဒါပေမဲ့ ဒီခရီးစဉ်ရဲ့ ရလဒ်တွေကိုတော့ ငါတို့ ဝင်ပြီး မမေးမြန်းတော့ဘူး၊ တကယ်လို့ အခြားလူတွေက လာပြီး မေးမြန်းခဲ့ရင်တောင်… မင်းတို့အနေနဲ့ အမှန်အတိုင်း ထုတ်ဖော်မပြောရဘူး။”
ဇောင်ကျောင်းအုပ် ကလည်း ဆိုလိုက်သည်
“ဒီလိုကိစ္စမျိုးကို တစ်လောကလုံး ဟိုးဟိုးကျော်အောင် ဖြန့်ချီနေဖို့ မလိုပါဘူး၊ ကိုယ့်ဘာသာ သိနေရင် ရပါပြီ။
ကန့်သတ်ချက်တောင် ရှိနေခြင်းကိုလည်း သာမန်တပည့်တွေ သိနေဖို့ မလိုအပ်ပါဘူး။”
ဖန့်ချန်နှင့် ဖန့်ကျစ်ရွှယ်တို့သည် စိတ်ထဲတွင် နားလည်သဘောပေါက်သွားကြသဖြင့်၊ သေချာပေါက်ပင် ခေါင်းညိတ်၍ ဝန်ခံလိုက်ကြသည်။
“ပြီးတော့ စုံစမ်းစစ်ဆေးရေးဌာန ဘက်က စမ်းသပ်ချက်နဲ့ ပတ်သက်ပြီး၊ ငါ ဆွေ့ဟုန်ကျူ ဆီကနေ သတင်းရထားတယ်၊ အကြမ်းဖျင်းအားဖြင့် ဒီတစ်ကြိမ် ကောင်းကင်ငါးပါး စစ်မြေပြင် ပြီးဆုံးပြီးတဲ့နောက်မှာ စတင်လိမ့်မယ်။
အဲဒီအချိန်ကျရင် မင်းမှာလည်း အချိန်အတိအကျ ရှိသွားပြီပေါ့။”
ဇောင်ကျောင်းတော်အုပ်ကြီး က ဖန့်ချန်ကို လှည့်၍ ပြုံးပြလိုက်သည်။
“မင်းက အခု အသက်စွမ်းအင် နယ်ပယ်ကို ရောက်နေပြီ၊ အတိတ်က အတွေ့အကြုံတွေ ရှိခဲ့ဖူးတာကြောင့်… ဒီတစ်ကြိမ် နေမင်းခုနစ်ပါးခန်းမ က မင်းအတွက် စမ်းသပ်ချက်တွေကို စီစဉ်ပေးမှာ မဟုတ်တော့ဘူး၊ မင်းအနေနဲ့ နေမင်းခုနစ်ပါးခန်းမထဲက အသက်စွမ်းအင် သူတော်စင်အဆင့်ရှိတဲ့ ကျောင်းသားတွေကို တိုက်ရိုက် စိန်ခေါ်နိုင်တယ်။
ဘယ်နှစ်ယောက်မြောက် အဆင့်အထိ တိုက်နိုင်မလဲဆိုတာကတော့ မင်းကိုယ်တိုင်ပဲ သေသေချာချာ ထိန်းချုပ်ရလိမ့်မယ်။
တကယ်လို့ လက်ရှိကျင့်ကြံခြင်းက သိပ်ပြီး အခြေမခိုင်သေးဘူးလို့ ခံစားရရင်လည်း… ဒီတစ်ခေါက် မသွားဘဲ ကျန်ခဲ့လို့ရတယ်၊ နောက်ထပ် နှစ်တစ်ရာ နှစ်ရာလောက် စောင့်ဆိုင်းပြီးမှ သွားရင်လည်း ဘာမှမဖြစ်ပါဘူး။”
ဇောင်ကျောင်းအုပ် ကမူ ကွဲပြားခြားနားသည့် သဘောထားမျိုး ရှိနေခဲ့သည်၊ သူမက ခေတ္တမျှ တွေးတောဆင်ခြင်လိုက်ပြီးမှ -
“ငါ့အမြင်ကို ပြောရရင်တော့… စောင့်နေဖို့ မလိုပါဘူး၊ လက်ရှိ သူတော်စင်အဆင့်ရဲ့ နံပါတ်တစ် နေရာကို တတ်နိုင်သမျှ စောစောစီးစီး ရယူလိုက်တာက ပိုကောင်းတယ်။
ဖန့်ချန်က စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်တုန်းက နံပါတ်တစ် နေရာကို ရရှိခဲ့ဖူးတယ်။
တကယ်လို့ အသက်စွမ်းအင် သူတော်စင်အဆင့်မှာပါ နံပါတ်တစ် ရဦးမယ်ဆိုရင်…
ကမ္ဘာတည်ဆောက်ခြင်း သူတော်စင်အဆင့်ရဲ့ နံပါတ်တစ် နေရာပါ ပေါင်းစပ်လိုက်ရင်၊ သူက ထူးချွန်ကျောင်းသားအနေနဲ့ ကျောင်းဆင်းခွင့် ရရှိမှာဖြစ်ပြီး၊ နေမင်းခုနစ်ပါး အမှတ်အသားကိုလည်း ထာဝရ သိမ်းဆည်းခွင့် ရရှိလိမ့်မယ်။”
“ဒီလိုကိစ္စမျိုးကလည်း လောလို့မရပါဘူး၊ ဒီကောင်လေးရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုပဲ ကြည့်ရအောင်။”
ဇောင်ကျောင်းတော်အုပ်ကြီး က လွတ်လပ်စွာ ဆိုလိုက်သည်။
“ထူးချွန်ကျောင်းသားအနေနဲ့ ကျောင်းဆင်းနိုင်ရင်တော့ အကောင်းဆုံးပေါ့၊ မရလည်း ဘာမှမဖြစ်ပါဘူး၊ ငါတို့ ကရုဏာတောင်ကုန်းက ဒါတွေကို အလေးအနက်ကြီး သတ်မှတ်ထားတာမျိုး မရှိပါဘူး။”
ထို့နောက်တွင် သူတို့နှစ်ဦးသည် ဖန့်ချန်တို့နှင့် ခေတ္တမျှ ရိုးရိုးရှင်းရှင်း စကားစမြည် ပြောဆိုကြပြီးနောက်၊ သူတို့ကို မိမိဘာသာ ထွက်ခွာခွင့် ပြုလိုက်ကြတော့သည်။
ဖန့်ချန်သည် ဖန့်ကျစ်ရွှယ်ကို ခေါ်ဆောင်၍ ကရုဏာတောင်ကုန်းသို့ တစ်ခေါက် ပြန်သွားခဲ့ပြီး၊ အရင်ဦးဆုံး ကျန်းတောက်ယွဲ့ ထံတွင် ဖန့်ကျစ်ရွှယ်၏ အမည်စာရင်းကို သွင်းခိုင်းလိုက်ကာ၊ ထို့နောက်တွင် ဆရာတူညီအစ်ကိုများ အတူတကွ ခေတ္တမျှ ဆုံဆည်းကြပြီးမှ… မိမိ၏ ကျင့်ကြံခြင်းလိုဏ်ဂူဆီသို့ ပြန်လာခဲ့တော့သည်။
အတွင်းကမ္ဘာထဲတွင်။
လီဝူနှင့် ချီယန်သူတော်စင်တို့သည် တစ်ယောက်ပြီးတစ်ယောက် ဝိုင်းအုံ၍ ရောက်ရှိလာခဲ့ကြသည်။
ဒီတစ်ကြိမ် ဖန့်ချန်၏ အဆင့်တက်လှမ်းမှုကြောင့်၊ အတွင်းကမ္ဘာကြီးအတွင်း၌လည်း သိသာထင်ရှားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေခဲ့ပြီး၊ အခြေခံအုတ်မြစ်မှာ အတိတ်တုန်းကထက်စာလျှင် ဆယ်ဆမက ပိုမိုသန်မာတောင့်တင်းလို့နေခဲ့ပြီ ဖြစ်သည်။
“အရှင်… အရှင်က အသက်စွမ်းအင် သူတော်စင်အဆင့်ကို တက်လှမ်းသွားခဲ့ပြီလား ”
လီဝူသောက်၏ မျက်နှာထက်တွင် မျှော်လင့်ချက်ကြီးစွာဖြင့် မေးလိုက်သည်။
ချီယန်သူတော်စင်၏ မျက်ဝန်းထဲတွင်မူ သက်ပြင်းချသံများဖြင့် ပြည့်နှက်လို့နေခဲ့သည်။
သူသည် ဤပုဂ္ဂိုလ်က တစ်လှမ်းချင်းစီဖြင့် ယနေ့အထိ လျှောက်လှမ်းလာခဲ့သည်ကို ကိုယ်တိုင်ကိုယ်ကျ မျက်ဝန်းဖြင့် သက်သေမျက်မြင် တွေ့ရှိခဲ့ရသူ မဟုတ်ပါလော။
အသက်စွမ်းအင် သူတော်စင်အဆင့် ဟူသည်မှာ၊ သူ၏ အတိတ်တုန်းကဆိုလျှင် အိပ်မက်ပင် မမက်ရဲခဲ့သော အရာမျိုး ဖြစ်ပေသည်။
“သေချာပေါက် တက်လှမ်းသွားခဲ့ပါပြီ။”
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး၊ နတ်ဘုရားစွမ်းရည် အမှတ်အသား အသီးသီးတို့ကို အာရုံခံကြည့်လိုက်သည်။
၎င်းအပြင် အထွတ်ထိပ်တာအိုမြစ်ကြီးကိုလည်း အာရုံခံကြည့်လိုက်မိသည်။
အတွင်းကမ္ဘာ၏ အခြေခံအုတ်မြစ် တိုးမြင့်လာခဲ့ခြင်းကြောင့်၊ ဤတည်ရှိမှုကြီးများသည်လည်း သဘာဝကျစွာပင် အဆင့်အတန်းမြင့်မားလာခဲ့ကြချေပြီ။
အထူးသဖြင့် ဤတစ်ကြိမ် စွမ်းအင်အဆင့် ကန့်သတ်ချက် ချိုးဖျက်ပြီးသည့်နောက်တွင်၊ အထွတ်ထိပ်တာအိုမြစ်ကြီး၏ ချုပ်နှောင်ခြင်း စွမ်းအားမှာ သိသာထင်ရှားစွာပင် အလွန်တရာ ကြီးမားသော တိုးတက်မှုကို ရရှိခဲ့သည်။
သို့သော်လည်း အထွပ်ထိပ်တာအို အထက်တန်းအဆင့်သို့ ရောက်ရှိရန်အတွက်မူ၊ နောက်ထပ် စွမ်းအင်အဆင့် ကန့်သတ်ချက် ချိုးဖျက်မှုတစ်ခု လိုအပ်ဦးမည်ဟု ထင်ရပေသည်။
“နောက်ထပ် အနည်းငယ်လောက် ထပ်လုပ်နိုင်ရင်တော့… ဖြစ်နိုင်တာက ကောင်းကင်အရှင် အဆင့်အထိ ဖြစ်သွားနိုင်တာပဲ၊ ဒါပေမဲ့ ဒီခရီးစဉ်ကနေ ငါ့ကို လျှို့ဝှက်ချက်များစွာကို သိရှိသွားစေခဲ့တယ်။
ကောင်းကင်အရှင်ရဲ့ အထက်မှာ သူတော်စင်ဧကရာဇ် ရှိသေးတယ်၊ ဒီအတွင်းကမ္ဘာရဲ့ အဆင့်အတန်းကလည်း… အထက်ဘက်ကို ထပ်ပြီး မြှင့်တင်ရဦးမယ် ထင်တယ်။
ပြီးတော့ သူတို့က ပါရမီရှင်တွေကို ခေါ်ဆိုတဲ့အသုံးအနှုန်းဖြစ်တဲ့ ဆန်းနယဲ့နယ်ပယ် ဆိုတာ…
လင်နယဲ့ ၊ ရွှန်နယဲ့ ၊ ကျဲနယဲ့… ငါက ဘယ်အဆင့်မျိုးမှာ ရှိနေလဲဆိုတာ မသိရဘူး၊ ရွှန်နယဲ့အဆင့်အထိ ရောက်နိုင်ပါ့မလား ”
“အရှင်… ဒါဆိုရင် အရှင်က အသက်စွမ်းအင် ဘယ်နှစ်ကိုယ်လောက်ကို ပုံဖော်ဖန်တီးနိုင်ခဲ့လို့လဲ ”
လီဝူက အနည်းငယ် ရင်ခုန်တုန်လှုပ်စွာဖြင့် မေးလိုက်သည်။
ဤအသက်စွမ်းအင် အရေအတွက် ဟူသည်မှာ၊ သူတော်စင်တစ်ယောက်၏ အခြေခံအုတ်မြစ် မည်မျှနက်ရှိုင်းကြောင်းကို တိုက်ရိုက်နှင့် အရှင်းလင်းဆုံး တိုင်းတာနိုင်သည့် စံနှုန်းတစ်ခု မဟုတ်ပါလော။
“ငါ ခဏလောက် တွက်ချက်ကြည့်ပါဦးမယ်။”
ဖန့်ချန်သည် မျက်လုံးများကို မှိတ်လိုက်ပြီး၊ ဝေဝါးလှသော ကောင်းကင်ဘုံအကြားရှိ အသက်စွမ်းအင်များနှင့် ဆက်သွယ်လိုက်တော့သည်။
“တစ်ရာ……”
“အသက်စွမ်းအင် တစ်ရာတောင်လား ”
လီဝူက အလန့်တကြား အော်ဟစ်မိတော့သည်။
ချီယန်သူတော်စင်က သူ့ကို တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။
“လီအိုကြီး… မင်းက ဘာတွေ အလန့်တကြား ဖြစ်နေရတာလဲ။ ဖန့်ငရဲမင်းကြီးရဲ့ ဒီလို နတ်ဘုရားစွမ်းရည်တွေနဲ့ဆိုရင်… အသက်စွမ်းအင် တစ်ရာလောက် ထွက်ပေါ်လာတာက ဘာပြဿနာ ရှိလို့လဲ ”
“နှစ်ရာ……”
“ဘာ ”
လီဝူသည် အလွန်တရာ တုန်လှုပ်ချောက်ချားစွာဖြင့် ဖန့်ချန်ကို စိုက်ကြည့်နေမိပြီး၊ ချီယန်သူတော်စင်၏ စကားများကိုမူ သူ၏ နားထဲသို့ တစ်လုံးမှ မဝင်တော့ချေ။
“သုံးရာ……”
“လေးရာ……”
“မင်းတို့တွေ ဆူမနေကြနဲ့ဦး၊ ငါ သေသေချာချာ ရေတွက်ပါဦးမယ်၊ ငါးရာ……”
“တစ်ထောင်……”
“တစ်ထောင်ရှစ်ရာ……”
“နှစ်ထောင်နှစ်ရာ……”
“နှစ်ထောင်ကိုးရာ……”
“နှစ်ထောင်ကိုးရာ ကိုးဆယ့်ကိုး……”
“သုံးထောင် ”
“အင်း… မရှိတော့ဘူး၊ အသက်စွမ်းအင် သုံးထောင်တိတိပဲ။”
ဖန့်ချန်သည် မျက်လုံးများကို ပြန်လည်ဖွင့်လိုက်သည့် အချိန်တွင်၊ အနည်းငယ် မောပန်းနွမ်းနယ်နေသည့် အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။
အချို့သော အသက်စွမ်းအင်များမှာ ယခုလက်ရှိ ကမ္ဘာမြေပေါ်တွင် ရှိမနေကြသဖြင့်၊ သူ ဆက်သွယ်ရသည်မှာ အလွန်တရာ ပင်ပန်းလှပြီး၊ လွဲမှားမှုမရှိစေဘဲ အတိအကျ ရေတွက်ရခြင်းက သူ၏ စိတ်စွမ်းအင်များစွာကို ကုန်ဆုံးစေခဲ့ရသည်။
လီဝူက စိုးရိမ်တကြီးဖြင့် ဆိုလိုက်သည်
“အရှင်… အရှင် ရေတွက်တာ မှားသွားတာ မဟုတ်ဘူးလားဟင်၊ ကမ္ဘာပေါ်မှာ အသက်စွမ်းအင် သုံးထောင်အထိ ရှိနေနိုင်တဲ့ တည်ရှိမှုမျိုး ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ၊ ဒါက မဖြစ်နိုင်တာကြီးပါ……”
ချီယန်သူတော်စင်သည် အသက်စွမ်းအင် သူတော်စင်အဆင့်အကြောင်းကို အလွန်အမင်း နားမလည်သော်လည်း၊ ဤအရေအတွက်ကြီးမှာ အလွန်တရာ ကြီးမားလွန်းနေသည်ဟု ခံစားရပေသည်။
“ရေတွက်တာ မှားသွားတာမျိုးတော့ မဟုတ်ပါဘူး၊ ငါ့မှာ တကယ်ပဲ အသက်စွမ်းအင် သုံးထောင် ရှိနေတာပါ၊ ဒါပေမဲ့ ဒါက ငါ့ရဲ့ ကိုယ်ပိုင်အခြေခံအုတ်မြစ်နဲ့တော့ သက်ဆိုင်ပုံမရဘူး၊ အနည်းဆုံးတော့ ငါ့ရဲ့ လက်ရှိအခြေခံအုတ်မြစ်နဲ့ မဆိုင်ဘူး။”
ဖန့်ချန်က ဆိုလိုက်သည်။
သူသည် လွမ်းထျန်းရှင်းတို့၏ နှုတ်ထွက်စကားများမှတစ်ဆင့် အသက်စွမ်းအင် သူတော်စင်အဆင့်၏ အသေးစိတ်အချက်အလက်များကို နားလည်သဘောပေါက်ထားခဲ့ပြီး ဖြစ်သည်။
ဖန်ရွှေတို့လိုလူမျိုးများပင် အသက်စွမ်းအင် ခုနစ်ကိုယ်နှင့် ကိုးကိုယ်ကြားတွင်သာ ရှိနေကြရာ၊
သူ၏ အခြေခံအုတ်မြစ်မှာ သူတို့ထက်စာလျှင် တိုက်ရိုက်ကြီး ဆယ်ဆ၊ အဆပေါင်း ရာချီပြီး သန်မာနေနိုင်စရာ အကြောင်းမရှိပါချေ။
အဆပေါင်း ဆယ်ဂဏန်းလောက် ပိုပြီး သန်မာနိုင်တာကပဲ အထွတ်အထိပ် ဖြစ်လိမ့်မည်။
“ငါ့ရဲ့ ကျင့်ကြံခြင်းအရ ဆိုရင်တော့ အသက်စွမ်းအင် တစ်ရာလောက် ရှိတာက ပုံမှန်ပဲ၊ အသက်စွမ်းအင် သုံးထောင် ဆိုတာကတော့……
သေချာပေါက် ပုံမှန်မဟုတ်ဘူး၊ ဒါပေမဲ့ ဒီလို ဖြစ်လာတော့လည်း… ငါ့ရဲ့ လက်ရှိအခြေအနေက ပိုပြီးတော့ ဘေးကင်းလုံခြုံသွားတာပေါ့……”
ထိုအချက်ကို တွေးမိသောအခါ၊ ဖန့်ချန်က စိတ်အာရုံကို လှုပ်ရှားလိုက်ရာ၊ ကံကြမ္မာ ပိတ်ကာကြီးမှာ ချက်ချင်းပင် ဝုန်းခနဲ ကျရောက်လာခဲ့တော့သည်။
“ငါ ကော်ယန့်လီရဲ့ အသက်စွမ်းအင်တွေ ဘယ်နေရာမှာ ဝှက်ထားလဲဆိုတာကို… တစ်ချက်လောက် ကြည့်ရအောင်။”
သူက စူးစမ်းလိုစိတ်ကြီးစွာဖြင့် ပိတ်ကာကြီးဆီသို့ လှမ်းကြည့်လိုက်သည်။
ပိတ်ကာကြီးပေါ်ရှိ အရှိန်အဝါများ ပြောင်းလဲသွားခဲ့ပြီးနောက်၊ ပုံရိပ် ခုနစ်ခု ပေါ်ထွက်လာခဲ့သည်။
ထိုပုံရိပ်များထဲတွင်၊ တောင်တန်းများ ရှိနေသည်၊ သစ်ပင်များ ရှိနေသည်၊ အိမ်ဂေဟာများ ရှိနေသည်၊ မြွေများ ရှိနေသည်၊ ပိုးမွှားများ ရှိနေကြသည်……
“အရှင်… ဒါတွေက…”
ချီယန်သူတော်စင်၏ မျက်နှာထက်တွင် စူးစမ်းလိုစိတ်ကြီးစွာဖြင့် မေးလိုက်သည်။
ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်
“ရာခိုင်နှုန်း အတော်များများကတော့ ကော်ယန့်လီရဲ့ အသက်စွမ်းအင်တွေပဲ ဖြစ်လိမ့်မယ်၊ ငါ့ရဲ့ လက်ရှိကျင့်ကြံခြင်း အစွမ်းနဲ့ ဒီအသက်စွမ်းအင်တွေကို သွားရောက် ရှာဖွေမယ်ဆိုရင်… တစ်ကိုယ်ချင်းစီကို ဖျက်ဆီးပစ်နိုင်မလားဆိုတာ မသိရဘူး။”
ချီယန်သူတော်စင်၏ စိတ်ထဲတွင် အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။
လီဝူကလည်း အသက်ကို ပြင်းပြင်းရှူလိုက်မိသည်၊ ဤမျှလောက်အထိ လျှို့ဝှက်လွန်းလှသော အရာမျိုးကိုပင်… ထိုကဲ့သို့ တိုက်ရိုက် ထုတ်ဖော်ပြသနိုင်ခြင်းပါတကား။
“အရှင်… ဒီ ကော်ယန့်လီ က ကောင်းကင်နိမိတ်နယ်ပယ် သူတော်စင်တစ်ဦး ဖြစ်တာကြောင့်၊ သူရဲ့အသက်စွမ်းအင်ကလည်း သေချာပေါက် သာမန်ထက် ထူးခြားပါလိမ့်မယ်၊ အရှင်ရဲ့ လက်ရှိကျင့်ကြံခြင်းနဲ့ သွားရောက် ရင်ဆိုင်မယ်ဆိုရင်… ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး အန္တရာယ်ကြုံတွေ့ရမှာကို စိုးရိမ်ရပါတယ်။
ဒါထက်စာရင် နောင်တစ်ချိန် အရှင်ကိုယ်တိုင် ကောင်းကင်နိမိတ်နယ်ပယ်ကို တက်လှမ်းသွားနိုင်တဲ့ အချိန်ကျမှ… သူရဲ့ တံခါးဝအထိ လိုက်လံပြီး အသက်စွမ်းအင်တွေကို အမြစ်ပြတ် ချေမှုန်းပစ်လိုက်တာက ပိုကောင်းပါတယ်၊ အဲဒီအချိန်ကျရင် သူလည်း ဘာမှ တုံ့ပြန်နိုင်မှာ မဟုတ်တော့ဘူး။”
လီဝူက အကြံပြုလိုက်သည်။
“အဓိပ္ပာယ် ရှိပါတယ်။”
ဖန့်ချန်က စဉ်းစားဆင်ခြင်သကဲ့သို့ ခေါင်းညိတ်လိုက်ပြီးနောက်၊ စင်ကြယ်သော ဗောဓိသီး တစ်လုံးကို ထုတ်ယူကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီး၊ လက်ရှိကျင့်ကြံခြင်း အခြေခံကို စတင်၍ အခြေခိုင်အောင် လုပ်ဆောင်နေလိုက်တော့သည်။
နှစ်ပေါင်း အတန်ကြာပြီးသည့်နောက်တွင်မူ၊ တစ်စုံတစ်ယောက်က ကျင့်ကြံခြင်းလိုဏ်ဂူ၏ တံခါးဝသို့ လာရောက်၍ သတင်းပို့ခဲ့သည်၊ ကောင်းကင်ငါးပါး စစ်မြေပြင်ကြီးမှာ ထပ်မံ၍ ပွင့်လှစ်သွားခဲ့ချေပြီ။
အခန်း (၂၅၆၈) - မရပါဘူး
ကောင်းကင်ငါးပါး နန်းတော်ကြီး၏ အပြင်ဘက်တွင် လူရိပ်များ တစ်ဦးပြီးတစ်ဦး စုဝေးရောက်ရှိလာကြသည်။
ယခုတစ်ကြိမ် ကျင်းပမည့် ကောင်းကင်ငါးပါး စစ်မြေပြင်သည် ရွှေဟွေးကျောင်းတော်ကြီးအတွက်မူ ထူးခြားဆန်းပြားသည့် အဓိပ္ပာယ်များစွာ ရှိနေခဲ့ပေသည်။
အဘယ်ကြောင့်ဆိုသော် ဤကာလအတွင်း၌ ကျောင်းတော်ကြီး၏ ကျောင်းတော်အုပ်ချုပ်သူ လဲလှယ်ခြင်း ခံခဲ့ရသလို၊ ကျောင်းဆောင်အသီးသီးမှ ကျောင်းတော်အုပ်များနှင့် ကျောင်းအုပ် အရာရှိအမြောက်အမြားမှာလည်း ရာထူးမှ ဆင်းပေးခဲ့ရသူ ဆင်းပေးခဲ့ရပြီး၊ ရာထူးချပစ်ခြင်း ခံခဲ့ရသူ ခံခဲ့ရသောကြောင့် ဖြစ်သည်။
ရွှေဟွေးကျောင်းတော်ကြီးအတွက်မူ ဤသည်က အသွင်သဏ္ဌာန်သစ်တစ်ခု ဖြစ်ပေသည်။
ကျောင်းဆောင်အသီးသီး၏ အဆင့်မြင့် ရာထူးနေရာများတွင် အသစ်တက်လှမ်းလာကြသည့် ကျောင်းတော်အုပ်များနှင့် ကျောင်းအုပ်များအတွက်မူ... ဤသည်က မိမိတို့၏ စွမ်းဆောင်ရည်ကို သက်သေပြသနိုင်မည့် အလွန်တရာ အရေးကြီးသော အခွင့်အရေးတစ်ရပ် ဖြစ်နေပြန်သည်။
ထို့ကြောင့် ဤနှစ်ပိုင်းများအတွင်း၌ အတိတ်တုန်းက နောက်ကွယ်တွင် တိတ်တဆိတ် ဖိနှိပ်ခြင်း ခံထားခဲ့ရသော ကျောင်းသားအမြောက်အမြားမှာ အခြေအနေများ ပြောင်းလဲသွားပြီးသည့်နောက်တွင် ကျောင်းတော်၏ အားသွန်ခွန်စိုက် ပျိုးထောင်ပေးမှုများကို ရရှိလာခဲ့ကြသည်။
သူတို့အားလုံးသည် ကောင်းကင်ငါးပါး စစ်မြေပြင်တွင် ကောင်းမွန်လှပသော အောင်မြင်မှုများကို ဆွတ်ခူးပြသကာ မိမိတို့ကျောင်းဆောင်အတွက် ဂုဏ်ဆောင်နိုင်ရန် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
ဖန့်ချန် ကွင်းပြင်သို့ ရောက်ရှိလာသည်နှင့် ကရုဏာတောင်ကုန်း၏ တပည့်များမှာလည်း တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် ရောက်ရှိလာကြပြီး သိသာထင်ရှားလှသော အုပ်စုတစ်စုအသွင် ပုံပေါ်လာခဲ့တော့သည်။
သို့သော်လည်း ထိုနှစ်ပိုင်းများအတွင်း၌ ဖန့်ချန်နှင့် တောင်အသီးသီးက ထိပ်သီးတပည့်များအကြား ဆက်ဆံရေးမှာ အတော်အတန် ကောင်းမွန်နေခဲ့သည် မဟုတ်ပါလော။
ထို့ကြောင့် ရွှေရှင်း ကဲ့သို့သော လူမျိုးများသည်ပင် မိမိတို့လက်အောက်က ဆရာတူညီအစ်ကို၊ ညီမငယ်များကို ခေါ်ဆောင်၍ ရှေ့သို့ လှမ်းလာကာ နှုတ်ဆက်စကား ဆိုကြပေသည်။
ဟော်ဆွေ့မျိုးဆက်မှ ဆင်းသက်လာသူများနှင့် ဟော်ဆွေ့မျိုးဆက်နှင့် ရင်းနှီးကျွမ်းဝင်သည့် ကျောင်းသားများသာလျှင် ဝေးကွာလှသော နေရာတစ်ခုတွင် ရပ်တန့်ကာ အေးစက်စက် မျက်ဝန်းများဖြင့် လှမ်း၍ စောင့်ကြည့်နေကြတော့သည်။
“ဖန့်ချန်… နင့်ရဲ့ ခန္ဓာကိုယ်ပေါ်က အရှိန်အဝါက……”
ရွှန်ရှင်း ၏ မျက်နှာအမူအရာမှာ အနည်းငယ် လှုပ်ရှားသွားခဲ့ရသည်။
“နင်က အသက်စွမ်းအင် သူတော်စင်အဆင့်ကို တက်လှမ်းသွားခဲ့ပြီလား ”
“ဖန့်ချန် က အသက်စွမ်းအင် သူတော်စင်အဆင့်ကို တက်လှမ်းသွားခဲ့ပြီ ဟုတ်လား ”
အမှန်စင်စစ် ထိုနှစ်ပိုင်းများအတွင်း၌ ဖန့်ချန်သည် အသက်စွမ်းအင် သူတော်စင်အဆင့်သို့ တက်လှမ်းသွားခဲ့ပြီဖြစ်ကြောင်း ကောလာဟလများ ကြိုတင်ထွက်ပေါ်နေခဲ့ဖူးသည်။
ယနေ့တွင်မှ ရွှေရှင်း ၏ အတည်ပြုချက်ကို ကြားလိုက်ရသဖြင့် အရပ်ရပ်က ကျောင်းသားများသည် စိတ်ထဲတွင် အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားကြရတော့သည်။
ကျောင်းသား အများစုမှာ ဖန်ရွှေ သို့မဟုတ် ဆွေ့ထျန်းဟွမ် တို့ကဲ့သို့သော လူမျိုးများနှင့် မတူညီကြချေ။
သူတို့သည် သူတော်စင်အဆင့် ကန့်သတ်ချက် ချိုးဖျက်သည့် လမ်းကြောင်းသို့ လျှောက်လှမ်းရန် လုံးဝရည်ရွယ်ချက် မရှိကြချေ၊ အသက်စွမ်းအင်နယ်ပယ်သို့ မတက်လှမ်းမီ မိမိတို့၏ အခြေခံအုတ်မြစ်ကို တတ်နိုင်သမျှ မြှင့်တင်ရန်နှင့် မိမိတို့ကိုယ်ကို ကာကွယ်ရန်အတွက် အသက်စွမ်းအင် သုံးငါးကိုယ်လောက် ရှိလာအောင် တမင်တကာ ကြိုးစားအားထုတ်ကြမည် ဖြစ်သော်လည်း၊
အခြေခံအုတ်မြစ် ပြည့်စုံသွားသည်နှင့် တက်လှမ်းရန် အခွင့်အရေး ရှိလာလျှင်မူ သူတို့သည် အချိန်ဆွဲနေကြမည် မဟုတ်ချေ။
ဖန့်ချန်နှင့် တစ်သုတ်တည်း ဝင်ရောက်လာခဲ့ကြသည့် လုကျိုဝမ်၊ ရွှမ်ပုထုံ နှင့် ချိုင်စစ်ရှုိ တို့ကဲ့သို့သော ကျောင်းသားအမြောက်အမြားမှာမူ ဖန့်ချန် အသက်စွမ်းအင်နယ်ပယ်သို့ တက်လှမ်းသွားခဲ့ကြောင်း သိရှိလိုက်ရသောအခါ သက်ပြင်းမချဘဲ မနေနိုင်ကြတော့ချေ။
“ငါက အခုထိ စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်မှာပဲ ရှိသေးတယ်၊ ဖန့်ချန်ကတော့ အသက်စွမ်းအင် အစောပိုင်းအဆင့်ကို ရောက်သွားပြီ၊ ဒီကျင့်ကြံခြင်း အရှိန်အဟုန်ကတော့… တော်တော်ကြီးကို ကွာခြားလွန်းလှတယ် အာ။”
“တကယ်လို့ အတိတ်တုန်းက တုန်းဖန်းဟို သာ အသက်ရှင်ကျန်ရစ်ဦးမယ်ဆိုရင်… ဖြစ်နိုင်တာက ဒီအပိုင်းမှာ ဖန့်ချန်ထက် နိမ့်ကျနေမှာ မဟုတ်ဘူး၊ နှမြောစရာကောင်းလှပါဘိ။”
“တစ်သုတ်တည်း ဝင်လာတဲ့ ကျောင်းသားတွေထဲမှာတော့… အခုအချိန်မှာ အခြေခံအုတ်မြစ်ဖြစ်စေ၊ ပါရမီအရဖြစ်စေ ဖန့်ချန်ကိုပဲ ထိပ်ဆုံးက ထားရလိမ့်မယ်၊ သူက တစ်ဦးတည်းသော အသက်စွမ်းအင် သူတော်စင်အဆင့်ကို တက်လှမ်းသွားတဲ့သူပဲ၊ ဒါပေမဲ့ သူ ဘယ်နှစ်ကိုယ်လောက် ရှိမလဲဆိုတာကိုတော့ မသိရဘူး။”
“ငါတို့လည်း ပိုပြီး ကြိုးစားအားထုတ်ရတော့မယ်၊ အသက်စွမ်းအင်နယ်ပယ်ကို ရောက်မှသာ အပြင်ဘက်ကို သွားပြီး လွတ်လပ်ပျော်ပါးနိုင်မှာ၊ အခုဆိုရင် အပြင်ကို တစ်ခေါက် ထွက်ဖို့တောင် ရင်တထိတ်ထိတ်နဲ့ နေနေရတယ်။”
“ကြိုးစားရမယ့်အချိန် ရောက်ပြီ။”
တိုးတိုးတိတ်တိတ် ရေရွတ်သံများမှာ အဆက်မပြတ် ထွက်ပေါ်လို့နေခဲ့သည်။
အချို့လူများက အားကျနေကြပြီး၊ အချို့လူများက မနာလိုဖြစ်နေကြသော်လည်း၊ ကျောင်းသားအများစုမှာမူ သွားကို ကြိတ်ကာ ထိုတစ်ကြိမ် ကောင်းကင်ငါးပါး စစ်မြေပြင်တွင် အစွမ်းကုန် ကြိုးစားအားထုတ်ရန် စိတ်ပိုင်းဖြတ်နေကြတော့သည်။
ထိုအချိန်တွင် ရုတ်တရက် လူရိပ်တစ်ခုက ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ဝုန်းခနဲ ရောက်ရှိလာခဲ့သည်။
“အဲဒါ ကြီးကြပ်ရေးအရာရှိ အောက်ဝူဖား မဟုတ်လား ”
“သူက ဒီကို ဘာလာလုပ်တာလဲ ”
“ဖြစ်နိုင်တာက ဖန့်တရားစီရင်ရေးအကြီးကဲကို လာရှာတာ ဖြစ်လိမ့်မယ်။”
လူတိုင်း မြင်တွေ့လိုက်ရသည့်အတိုင်းပင် အောက်ဝူဖား သည် ဖန့်ချန်၏ ရှေ့မှောက်သို့ တည်ငြိမ်စွာ ဆင်းသက်လာခဲ့ပြီး၊ ခပ်ဟဟ ရယ်မောလျက် ပုခုံးကို ပုတ်ကာ ဆိုလိုက်သည်။
“ဖန့်ချန်ညီလေး… မတွေ့ရတာ ကြာပြီ၊ နေကောင်းရဲ့လား ”
“အောက်အစ်ကိုကြီး… ကြည့်ရတာ မင်းမှာ ဝမ်းမြောက်စရာ သတင်းကောင်းတစ်ခုခု ရှိနေပုံပဲနော် ”
ဖန့်ချန်က ပြုံးလျက် လက်သီးဆုပ်ကာ ဆိုလိုက်သည်။
“ဟေး”
အောက်ဝူဖား က ရယ်မောသံကို မထိန်းနိုင်တော့ဘဲ ဆိုလိုက်သည်။
“မင်း တကယ်ပဲ ခန့်မှန်းမိသွားတာပဲ၊ ဒါကြောင့်လည်း ငါ မင်းကို တစ်ခေါက်လာပြီး တွေ့တာပေါ့၊ ဒီနေ့ တွေ့ဆုံပြီးသွားရင်တော့… နောင်တစ်ချိန် တွေ့ချင်ရင် မင်း ကောင်းကင်ငါးပါး စစ်မြေပြင်ထဲကိုလာပြီး ငါ့ကို ရှာရလိမ့်မယ်။”
“ဘာ ”
လူတိုင်းမှာ အနည်းငယ် အံ့အားသင့်သွားကြရပြီး၊ မယုံကြည်နိုင်သည့် မျက်ဝန်းများဖြင့် အောက်ဝူဖား ကို စိုက်ကြည့်လိုက်ကြမိသည်။
ရွှေရှင်း တို့အုပ်စုလည်း အလွန်တရာ တုန်လှုပ်သွားကြရသည်။
ကောင်းကင်ငါးပါး စစ်မြေပြင်ထဲကိုသွားပြီး သူ့ကို တွေ့ရမယ် ဟုတ်လား။ ဒါဆိုရင် ကြီးကြပ်ရေးရာရှိ အောက်ဝူဖား က ကောင်းကင်ငါးပါး ကြီးကြပ်ကွပ်ကဲရေးမှူး ရာထူးကို တက်လှမ်းသွားခဲ့ပြီလား။
ထိုသည်က သေးငယ်သော ကိစ္စရပ်တစ်ခု မဟုတ်ပါချေ။
ကောင်းကင်ငါးပါး ကြီးကြပ်ကွပ်ကဲရေးမှူး ဆိုသည်မှာ ကောင်းကင်နိမိတ်နယ်ပယ် ကျင့်ကြံသူများက တာဝန်ယူရခြင်း ဖြစ်သော်လည်း၊ ကြီးကြပ်ကွပ်ကဲရေးမှူး ရာထူးနှင့် ကြီးကြပ်ရေးအရာရှိ သည် မဟာမိတ်အဖွဲ့အစည်း စနစ်အတွင်း၌ အနည်းဆုံး သုံးလေးဆင့်ခန့် ကွာခြားလှပေသည်။
ကောင်းကင်ငါးပါး ကြီးကြပ်ကွပ်ကဲရေးမှူး ဆိုသည်မှာ ချင်မင်တမန်တော် များက ပူးတွဲတာဝန်ယူရခြင်း ဖြစ်ပြီး၊ ချင်မင်တမန်တော်များထဲက ထူးချွန်ထက်မြက်သူများသာလျှင် ဝင်ရောက်တာဝန်ထမ်းဆောင်ခွင့် ရရှိကြခြင်း ဖြစ်သည်။
“အောက်အစ်ကိုကြီးက ကောင်းကင်ငါးပါး ကြီးကြပ်ကွပ်ကဲရေးမှူး ရာထူးကို တာဝန်ယူတော့မှာလား ”
ဖန့်ချန်၏ မျက်နှာအမူအရာမှာ အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
အောက်ဝူဖား က ပြုံးစိစိဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဖန့်ချန်ညီလေး ခန့်မှန်းတာ မှန်ပါတယ်၊ အစ်ကိုကြီး ငါက တကယ်ပဲ ကောင်းကင်ငါးပါး စစ်မြေပြင်ကိုသွားပြီး ကောင်းကင်ငါးပါး ကြီးကြပ်ကွပ်ကဲရေးမှူး ရာထူးကို တာဝန်ယူရတော့မှာ။
ပြီးတော့ ကျောင်းတော်အုပ်ချုပ်သူရဲ့ ထောက်ခံချက်ကြောင့်… ငါက အခု ချင်မင်တမန်တော် တစ်ဦး ဖြစ်လာခဲ့ပြီ၊ နောက်ထပ် နှစ်တစ်ရာကျရင် ကြီးကြပ်ကွပ်ကဲရေးမှူး ရာထူးကို ပူးတွဲထမ်းဆောင်နိုင်လိမ့်မယ်။
ဒီတစ်ကြိမ် တိုးတက်မှုက ငါ့ကိုတောင် အလွန်အမင်း ဝမ်းမြောက်ကြည်နူးစေခဲ့ရတယ်လို့ ပြောရမယ်၊ နောင်တစ်ချိန်ကျရင် အထွတ်ထိပ်တာအိုကို မျှော်လင့်နိုင်ပြီပေါ့။”
“ဒါဆိုရင်တော့ အစ်ကိုကြီးအတွက် တကယ်ကို ဝမ်းမြောက်ဂုဏ်ယူပါတယ်ဗျာ။”
ဖန့်ချန်က စိတ်အာရုံကို လှုပ်ရှားလိုက်ပြီး၊ ချက်ချင်းပင် စင်ကြယ်သော ဗောဓိသီး တစ်လုံးကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။
“ညီလေးမှာ အဖိုးတန်ပစ္စည်းကြီးကြီးမားမား မရှိပါဘူး၊ အတိတ်တုန်းက နေမင်းခုနစ်ပါးခန်းမက ရရှိခဲ့တဲ့ ဆုလာဘ်ထဲက စင်ကြယ်သော ဗောဓိသီး တစ်လုံး ကျန်ရှိနေသေးတာမို့… ဒါကို အစ်ကိုကြီးဆီ လက်ဆောင်အဖြစ် ပေးအပ်ပြီး အစ်ကိုကြီး ရာထူးတက်လှမ်းခြင်းအတွက် ဂုဏ်ပြုလိုက်ပါတယ်။”
“.....”
အောက်ဝူဖား မှာ ခေတ္တမျှ မှင်တက်သွားခဲ့ရပြီး၊ မသိစိတ်အရ တံတွေးကို တစ်ချက် မျိုချလိုက်မိသည်။ သူသည် မိသားစုအတွင်းရှိ မျိုးဆက်သစ်များ သုံးစွဲရန်အတွက် ဤစင်ကြယ်သော ဗောဓိသီးကို အလွန်အမင်း အလိုရှိနေခဲ့သော်လည်း၊ သူက စိတ်ထဲက လောဘဇောကို အတင်းအကျပ် ထိန်းချုပ်လိုက်ပြီး၊ ခါးသီးစွာ ပြုံးလျက် လက်ခါပြလိုက်သည်။
“ညီလေးကတော့ အားနာစရာတွေ လုပ်နေပြန်ပါပြီ၊ ဒီလောက် အဖိုးတန်လှတဲ့ အရာမျိုးကို ငါ့ကို ပေးစရာလား။ အလကားရတာမျိုးကို ငါ အလဟဿ မယူချင်ပါဘူး၊ အစ်ကိုကြီးက မင်းကို စိတ်မပူစေချင်လို့… နောင်တစ်ချိန် ငါ့ကို ရှာမတွေ့ဘဲ စိတ်ပူမနေအောင် လာပြီး အသိပေးတာပါ။”
စကားဆုံးသည်နှင့် သူက အနည်းငယ် သက်ပြင်းချလိုက်မိသည်။
“ညီလေးမှာ ဒီလို စေတနာမျိုး ရှိနေတာကိုပဲ အစ်ကိုကြီးက စိတ်ထဲမှာ အလွန်တရာ ကျေနပ်လှပါပြီ၊ နောင်တစ်ချိန်ကျရင် မင်းနဲ့အတူတူ မဟာမိတ်အဖွဲ့ထဲမှာ ရာထူးတူတူ ထမ်းဆောင်ပြီး တစ်လောကလုံးကို လှည့်လည်သွားလာနိုင်ဖို့ပဲ မျှော်လင့်ပါတယ်။”
ပြောပြီးသည်နှင့် သူက ဖန့်ချန်၏ ပုခုံးကို ခပ်ဖွဖွ ပုတ်လိုက်ပြီးနောက်၊ လှည့်ထွက်၍ လျင်မြန်စွာ ထွက်ခွာသွားခဲ့တော့သည်။
အောက်ဝူဖား သည် ကမန်းကတန်း ရောက်ရှိလာခဲ့ပြီး ကမန်းကတန်း ပြန်လည်ထွက်ခွာသွားခဲ့ကာ၊ ထိုအတောအတွင်း၌ စင်ကြယ်သော ဗောဓိသီးတစ်လုံးကိုပင် ငြင်းပယ်သွားခဲ့သဖြင့် ကွင်းပြင်ရှိ လူသားမျိုးနွယ်စု ကျောင်းသားများမှာ စိတ်ထဲတွင် အလွန်တရာ အံ့အားသင့်သွားကြရတော့သည်။
ဖန့်ကျစ်ရွှယ် က သက်ပြင်းချလျက် မချီးကျူးဘဲ မနေနိုင်တော့ချေ။
“ဖန့်အစ်ကိုကြီးရဲ့ ဒီသွေးသောက်အစ်ကိုကတော့… တကယ်ပဲ သာမန်ထက် ထူးခြားလှတာပဲ။”
လူတိုင်းက တိတ်ဆိတ်စွာဖြင့် ခေါင်းညိတ်လိုက်ကြမိသည်၊ တကယ်လို့ သူတို့သာ ဖြစ်ခဲ့မယ်ဆိုရင်... စင်ကြယ်သော ဗောဓိသီးတစ်လုံးရဲ့ ဆွဲဆောင်မှုကို ငြင်းပယ်နိုင်ရန် ခဲယဉ်းလှပေလိမ့်မည်။
ထိုသည်မှာ အောက်ဝူဖား အနေဖြင့် မျိုးဆက်သစ်များ၏ အကျိုးအမြတ်ကို အလကား မယူချင်သောကြောင့် ဖြစ်သည်။
ချင်းမင် ကောင်းကင်နိမိတ်််််် အဆင့် ကျင့်ကြံသူများထဲတွင် ထိုကဲ့သို့ ပြုလုပ်နိုင်သည့် လူမျိုးမှာ အလွန်တရာ ရှားပါးလှပေလိမ့်မည်။
ထိုအချိန်တွင် ကရုဏာတောင်ကုန်း၏ လူအုပ်ကြီးသည် လူသားမျိုးနွယ်စု ကျောင်းသားများ၏ မျက်ဝန်းများမှာ ဖန့်ချန်၏ လက်ထဲရှိ စင်ကြယ်သော ဗောဓိသီးပေါ်သို့ ပြိုင်တူ ကျရောက်နေသည်ကို သတိပြုမိလိုက်ကြသည်။
ထိုကဲ့သို့ စားတော့ဝါးတော့မည့် စူးစူးစိုက်စိုက် မျက်ဝန်းများမှာ… အပျိုစင်လေးတစ်ဦးက ဓားပြဂိုဏ်းထဲသို့ ရောက်ရှိသွားသည့် အလား ဖြစ်နေခဲ့ချေပြီ။
“ဖန့်အစ်ကိုကြီး… ရနိုင်မလားဟင်……”
တစ်ပိုင်းသူတော်စင် ကျောင်းသားတစ်ဦးက သတ္တိမွေး၍ လှမ်းမေးလိုက်သည်။
“မရပါဘူး။”
ဖန့်ချန်က စင်ကြယ်သော ဗောဓိသီးကို ပြန်လည်သိမ်းဆည်းလိုက်ပြီးနောက်၊ ရွှေရှင်း တို့နှင့်အတူ ဆက်လက်၍ ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေလိုက်တော့သည်။
ထိုတစ်ပိုင်းသူတော်စင် ကျောင်းသားမှာမူ အရှက်ရစွာဖြင့် ငြိမ်သက်သွားခဲ့ရသည်။
သို့သော်လည်း သူ၏ နှုတ်ထွက်စကားကြောင့် အခြားသော တစ်ပိုင်းသူတော်စင် ကျောင်းသားအမြောက်အမြားမှာမူ သူ့ကို လေးစားသွားကြရသည်။
သူတို့ လိုချင်သည့် ရလဒ်ကို မရရှိခဲ့သော်လည်း၊ အနည်းဆုံးတော့ ထိုသူက စကားလှမ်းပြောရဲသည့် သတ္တိ ရှိခဲ့သည် မဟုတ်ပါလော၊ သူတို့မှာမူ စကားလှမ်းပြောရန် သတ္တိပင် မရှိကြချေ။
မကြာမီမှာပင် ကောင်းကင်ငါးပါး နန်းတော်ကြီး၏ တံခါးမကြီးမှာ ဖြည်းညှင်းစွာ ပွင့်လှစ်သွားခဲ့သည်။
ဖန့်ချန်က ထိုအခြေအနေကို မြင်သောအခါ၊ ကရုဏာတောင်ကုန်း၏ သူတော်စင်အသီးသီးတို့ကို ဦးဆောင်၍ ကောင်းကင်ငါးပါး နန်းတော်ကြီးအတွင်းသို့ ဝင်ရောက်သွားခဲ့တော့သည်။
……
……
နေမင်းခုနစ်ပါးခန်းမ၏ အတိုင်းအဆမရှိ ကျယ်ပြောလှသော ကွင်းပြင်ကျယ်ကြီးပေါ်တွင် လူရိပ်အမြောက်အမြား တစ်ဦးပြီးတစ်ဦး ဆက်တိုက် ထွက်ပေါ်လာခဲ့ကြသည်။
၎င်းတို့အထဲတွင် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်၊ အလယ်အလတ်အဆင့် နှင့် နောက်ဆုံးအဆင့် ကျောင်းသားများ ပါဝင်နေကြသည်။
ကျောင်းသားတစ်ဦးချင်းစီ၏ မျက်နှာထက်တွင် စမ်းသပ်လိုစိတ် ပြင်းပြနေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်လို့နေခဲ့သည်။
ပိုမိုဝေးကွာလှသော နေရာတစ်ခုတွင်မူ ကျောင်းသားအုပ်စုတစ်စုမှာ အနည်းငယ် ပျင်းရိငြီးငွေ့စွာဖြင့် ရှိနေကြပြီး၊ သူတို့ ရောက်ရှိလာပြီးသည့်နောက်တွင်လည်း လွတ်လပ်စွာပင် စကားစမြည် ပြောဆိုနေကြကာ၊ ရံဖန်ရံခါတွင် စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့် ရှိရာဘက်သို့ လှမ်းကြည့်လျက် လက်ညှိုးထိုး ဝေဖန်နေကြသည်။
ဖန့်ချန် ထွက်ပေါ်လာသည့် အချိန်အထိ၊ ထိုကျောင်းသားများမှာမှ ပါးစပ်ကို ပိတ်လိုက်ကြပြီး၊ သံသယစိတ်ကြီးစွာဖြင့် ဖန့်ချန်ကို စူးစမ်းစွာ ကြည့်ရှုလိုက်ကြတော့သည်။
“လူသားမျိုးနွယ်စုက ဖန့်ချန်လား မင်းက အသက်စွမ်းအင် သူတော်စင်အဆင့်ကို တက်လှမ်းသွားခဲ့တာလား ”
“တကယ်ပဲ သူပဲ၊ သူက သူတော်စင်အဆင့် ကန့်သတ်ချက် ချိုးဖျက်တဲ့ လမ်းကြောင်းကို မလျှောက်လှမ်းတော့ဘူးလား။ ဒါပေမဲ့ သူ ဒိန်းရွှမ်းသီး တွေ အများကြီး ဝယ်ယူခဲ့တယ်လို့ ငါ ဘာဖြစ်လို့ ကြားထားရတာလဲ ”
“ဒါက နှစ်ပေါင်း အနည်းငယ်အတွင်းမှာတင်… ငါတို့ဆီကိုလာပြီး အဆင့်နေရာ လုတော့မှာလား။ မဟုတ်သေးပါဘူး၊ သူက ဘာဖြစ်လို့ စမ်းသပ်ချက်တွေ မရှိရတာလဲ ”
သူတို့က ဖန့်ချန်ကို စူးစမ်းကြည့်ရှုနေကြသည့် အချိန်တွင်၊ ဖန့်ချန်ကလည်း သူတို့ကို ပြန်လည်၍ စူးစမ်းကြည့်ရှုနေခဲ့သည်။
သူ အပါအဝင် ဤနေရာတွင် စုစုပေါင်း အသက်စွမ်းအင် အစောပိုင်းအဆင့် ကျောင်းသား တစ်ရာ့တစ်ဦး ရှိနေခဲ့သည်။
ထိုအသက်စွမ်းအင် အစောပိုင်းအဆင့် အုပ်စုအတွင်း၌ သူတစ်ဦးတည်းသာ လူသားမျိုးနွယ်စု ဖြစ်နေခဲ့သည်။
ကျန်ရှိနေသည့် လူများမှာမူ ကောင်းကင်ငါးပါး စစ်မြေပြင်၏ အင်အားကြီးမျိုးနွယ်စုများနှင့် မျိုးနွယ်စုကြီးများမှ ဖြစ်ကြသည်။
သို့သော်လည်း ၎င်းတို့အထဲတွင် အချို့သော ကျောင်းသားအနည်းငယ်မှာမူ… လူသားမျိုးနွယ်စုထက်ပင် ပိုမိုအားနည်းလွန်းလှသော မျိုးနွယ်စုများမှ ဆင်းသက်လာကြပုံ ရပေသည်။